Skip to content

May All Forms of Discrimination Be Eliminated!

8 March 2010

လူအချင်းချင်း နှိမ့်ချခြင်း ကင်းဝေးကြပါစေ

Discrimination  ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုး၊ ဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချဆက်ဆံတာကို Discrimination  လို့ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးကွာဆိုတာမျိုးဟာ ခွဲခြားဆက်ဆံတာပါ။ ဘာသာရေး ယုံကြည်မှု၊ ရိုးရာ အစွဲအလမ်း၊ ဗေဒင်ယုံတာများကို အကြောင်းပြုပြီးလည်း ကျွန်တော်တို့တွေဟာ လူလူချင်းတစ်ယောက်ကို တစ်ယောက် လှောင်ချင်ပြောင်ချင်၊ ကလိချင် ရိချင်နေတတ်ကြပါတယ်။ ဒါဟာလည်း ခွဲခြားဆက်ဆံမှုပါပဲ။
အမှန်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ စရိုက်တွေ မတူကြပါဘူး။ ကျွန်တော် ပြောလေ့ရှိသလို ကျွန်တော်က ငါးပိရည်ဆို အနံ့တောင် ခံလို့မရပေမယ့် ကြိုက်တဲ့သူတွေကတော့ အလွန်ကို ကြိုက်ကြပါတယ်။ ပုရစ်ဆိုရင်လည်း ကျွန်တော်အလွန်စားပေမယ့် မစားတဲ့သူကလည်း လုံးလုံးကို မစားပါဘူး။ ဒါဟာ လူချင်းတူပေမယ့် အကြိုက်ချင်းမတူတဲ့ အထင်ရှားဆုံး ဥပမာပါပဲ။


တချို့က ရိုးရာယုံကြည်မှု အစွဲအလန်းကြောင့် အမဲသား ၀က်သား ရှောင်ကြတယ်။ တချို့က သတ်သတ်လွတ်စားတယ်။ တချို့က အဲဒီ့ရိုးရာ ယုံကြည်မှုကြောင့် ငါးရံ့တောင် မစားပါဘူး။
တကယ်တော့ လူတွေမှာ မိမိတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်တွေ အမျိုးမျိုး ကွဲပြားနေကြတယ်။ ဇာတိအခြေခံတွေလည်း ကွဲပြားကြတယ်။ အဲဒါတွေက ဆင့်ပွားလာတဲ့ သက်ဝင် ယုံကြည်မှုတွေ၊ အစွဲအလန်းတွေ၊ ခံယူချက်တွေ၊ ရှုမြင်ပုံတွေလည်း ကွဲပြားနေတာဟာလည်း တကယ်တော့ သဘာဝကျပါတယ်။ ကိုယ်သက်ဝင်ယုံကြည်တာ၊ ကိုယ်စွဲလန်းတာ၊ ကိုယ်မြင်တာနဲ့ မတူတိုင်း တစ်ဖက်သားကို မှားနေတယ်၊ လွဲနေတယ်လို့ ထင်မိတတ်ကြတာလည်း အင်း … တကယ်တော့ လူ့သဘာဝပါပဲ။ စိတ်ထဲ ထင်ရုံထင်တာကတော့ ဘာမှအကြောင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ ဘယ်သူမှ ၀င်ကြည့်လို့ မရတာမို့ ပြဿနာလည်း မရှိပါဘူး။ အဲ… အဲဒါကိုမှ နှုတ်က ထုတ်ဟပြီး ကဲ့ရဲ့တာ၊ လှောင်တာ၊ တစ်ဖက်စောင်းနင်း ပုတ်ခတ် ပြောဆိုတာများကကျတော့ တစ်ဖက်သားအပေါ် မလေးစားရာ ရောက်သွားပါပြီ။


ဆိုကြပါစို့ဗျာ… ငါးပိရည် မကြိုက်တဲ့ ကျွန်တော်က ငါးပိရည်နဲ့ မြိန်ရည်ယှက်ရည် လွေးနေတဲ့ ကျွန်တော့်အိမ်သူကို ”မင့်နှယ်ကွာ၊ အပုပ်အစပ်တွေ တော်တော်ကြိုက်”လို့ ပြောလိုက်တာမျိုးဟာ သူ့ကို ထိပါးလိုက်တာ၊ စော်ကားလိုက်တာ ဖြစ်သလို သူ မက်မက်စက်စက်စားနေတဲ့ အစာကိုလည်း ”အပုပ်အစပ်တွေ”ပဲ ရယ်လို့ တံဆိပ်ကပ်လိုက်တာပါ။ တစ်နည်းအားဖြင့် သူဟာ လူတစ်ယောက်ဖြစ်တယ်၊ သည်အတွက် သူ့မှာ သူ့ကိုယ်ပိုင် အကြိုက်တွေ ရှိတယ်ဆိုတာကို မလေးစားတဲ့ စိတ်နဲ့ ပြောချလိုက်တဲ့ စကားမျိုးပါပဲ။

ဒါမှမဟုတ် သူငယ်ချင်းချင်းပေါ့။ ကျွန်တော်က ပုရစ်ကြော်တွေ အားရပါးရတုပ်နေတယ်။ ကျွန်တော့် သူငယ်ချင်းကိုလည်း စားစေချင်တယ်။ ဟေ့ကောင်… စားကွာလို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းက ”ငါ ဒါမျိုးတွေ မစားဘူးကွ၊ လူစားတဲ့ အစာပဲ စားတာ”လို့ ပြောလိုက်မယ်ဆိုရင်လည်း အဲဒါသူ ကျွန်တော့်ကို ထိပါးစော်ကားတာဖြစ်သလို ကျွန်တော့်ရဲ့ ကြိုက်လိုရာ ကြိုက်ပိုင်ခွင့်ကို မလေးစားပြန်တာပါပဲ။


အဓိကကတော့ ကိုယ်ချင်းစာစိတ်ပါ။ ကိုယ်နှစ်နှစ်သက်သက် စားနေတဲ့ အစာတစ်ခုခုကို တစ်ယောက်ယောက်က ရှုတ်ချပြီး ပြောတဲ့အခါ ကိုယ်ကြိုက်နိုင်မလား။ ဘယ်လိုမှ ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ သည်အခါ သူများ စားနေတာကိုလည်း ဘာမှ သွားပြီး ကဲ့ရဲ့ပုတ်ခတ်နေစရာ အကြောင်းမရှိတော့ပါဘူး။ သည်ကမှ တစ်ဆင့် တက်လိုက်မယ်ဆိုရင် ကိုယ့်ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာကို ဘာသာခြားတစ်ယောက်က ပုတ်ခတ်တာ၊ ကဲ့ရဲ့တာ၊ သရော်တာမျိုးကို ကိုယ်ကိုယ်တိုင်က မကြိုက်ဘူးဆိုရင် ကိုယ်နဲ့အယူမတူ ဇာတ်ခြားလေတဲ့ တခြားဘာသာဝင်တွေကိုလည်း ပုတ်ခတ်ကဲ့ရဲ့ သရော် လှောင်ပြောင်တာမျိုးကို ရှောင်ကြဉ်အပ်ပါတယ်။


သည်လောက်ဆိုရင် ခွဲခြားဆက်ဆံမှုဆိုတာကို စာဖတ်သူ လူကြီးမင်းအပေါင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်လောက်ကြပြီဖြစ်သလို လူချင်းအတူတူ အသက်ရှူချင်း ကွဲတယ်ဆိုသလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ၊ ခံယူချက်တွေ၊ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေကြတာဟာ သဘာဝပဲဆိုတဲ့ အချက်ကိုလည်း သဘောပေါက် လက်ခံနိုင်လောက်ကြပြီလို့ ယူဆ ထင်မြင်မိပါတယ်။


ခွဲခြား နှိမ်ချလိုမှုမှာ အဓိကကျတဲ့ အကြောင်းရင်းခံတစ်ရပ် ရှိပါတယ်။ အဲဒါကတော့ အများစု လက်ခံ ကျင့်သုံးနေတာကို စံသတ်မှတ်ချက်တစ်ခုလို့ ယူဆလိုက်ကြပြီးသကာလ အဲဒီ့အများစုလုပ်နေတဲ့ ပုံစံက သွေဖီနေသူများကို မူမမှန်သူများ၊ စံလွဲနေသူများလို့ ယူဆကာ ခွဲခြားချင်၊ နှိမ့်ချချင်၊ သရော်ကမော် စကားတင်းဆိုချင်၊ နှိပ်ကွပ်ချင်တတ်ကြတဲ့ စရိုက်ဆိုးတွေဟာ ရှက်စရာ ကောင်းလောက်အောင် ကျွန်တော်တို့ လူ့ဘောင်ကြီးမှာ တွင်ကျယ်ပြန့်နှံ့လို့ နေပါတယ်။


နမူနာပြောရမယ်ဆိုရင် အများစုက အိမ်ရာထူထောင်ကြတယ်၊ လင်ယူသားမွေးကြတယ်။ သည်အခါမှာ အပူမရှာချင်လို့ ကိုယ့်ဘာသာ အဖော်မရှာဘဲ တစ်ကိုယ်တည်း အေးအေး နေချင်ကြသူ လူပျိုကြီး၊ အပျိုကြီးများကို အလကားနေရင်း တောင်ပြောမြောက်ပြော ပြောချင်တတ်တာမျိုးပေါ့ ခင်ဗျာ။ ကျွန်တော်တောင် အဲဒီ့ထဲမှာ အတော်ကြီး ပါခဲ့ဖူးပါတယ်။


ရှိပါသေးတယ်။ ၀လွန်းသူတွေ၊ ပိန်လွန်းသူတွေကိုလည်း ကျွန်တော်တို့တွေဟာ သရော်တဲ့စကား၊ ကဲ့ရဲ့တဲ့စကားတွေ အမှတ်တမဲ့ ပြောဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့တွေ နေရာမှာ ကျွန်တော်တို့ နေမကြည့်တတ်ကြတာ၊ တစ်နည်းပြောရင် ကိုယ်ချင်းမစာတတ်ကြတာပါပဲ။ အိမ်ထောင်မပြုဘဲနေတဲ့ လူပျိုကြီး၊ အပျိုကြီးနေရာမှာဖြစ်စေ၊ ၀လွန်းသူ၊ ပိန်လွန်းသူရဲ့ နေရာမှာဖြစ်စေ ကိုယ်ကိုယ်တိုင်သာ နေကြည့်မယ်ဆိုရင် ကိုယ့်ကို အဲလိုစကားနဲ့ ရိ၊ မထိတထိ ကလိလာတာမျိုးကို ခံချင်ပါ့မလား။သို့ပေမယ့် ကျွန်တော်အပါအ၀င် လူအတော်များများဟာ အဲဒီ့အချက်ကို သတိလစ်ပြီး အဲဒီ့ တစ်ဖက်သားတွေကို အများနဲ့ မညီတဲ့အတွက် ပက်ပက်စက်စက်ကြီး မဟုတ်တောင် တစ်ချက်တစ်ချက်မှာ ထိုးနှက်ရာရောက်တဲ့ စကားများကို ပြောဖြစ်တတ်ကြပါတယ်။


အဆိုးဆုံးကတော့ မိန်းမလျာ၊ ယောက်ျားလျာများအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ဆက်ဆံပုံပဲ ဖြစ်ပါတယ်။ အဲဒါကတော့ တော်တော့်ကို ဆိုးတဲ့ ကိုယ်ချင်းမစာမှုပဲခင်ဗျ။ လိင်တူချင်း ကြိုက်တာ၊ လိင်ကွဲကိုမှ စုံမက်တာများကို အင်္ဂလိပ်ဘာသာနဲ့ sexual orientation  လို့ခေါ်ပါ တယ်။ မြန်မာလိုဆိုရင်တော့ လိင်စိတ်ကိုင်းညွှတ်မှုပေါ့ခင်ဗျာ။ ဒါဟာ မူမမှန်တာလည်း မဟုတ်၊ စံလွဲတာလည်းမဟုတ်ကြောင်း တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေရော၊ စိတ်ပညာရှင်တွေကပါ ခိုင်ခိုင်မာမာ လက်ခံထားကြပါပြီ။ သိပ္ပံနည်းအရ ပြောရင်တော့ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ ဗီဇဆောင်မျှင်တွေထဲမှာ ပါရှိတဲ့ ဖိုဗီဇ၊ မဗီဇအချိုးအစားများအရ အဲဒီ့ လိင်စိတ် ကိုင်းညွှတ်မှု ဖြစ်ပေါ်လာတာပါ။ အဲဒီ့အချိုးအစားကို ဘယ်သူကမှ ခြယ်လှယ်လို့ မရပါဘူး။ သဘာဝက လူတစ်ဦးချင်းစီအတွက် ပြဋ္ဌာန်းလိုက်တာပါ။ ဗုဒ္ဓဘာသာတရားနဲ့ ဆိုရင်တော့ ဘ၀ကံ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။


လူယောက်ျားချင်းတူပေမယ့် ဖြူဖြူချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးကိုမှ တပ်မက်စွဲလန်းတတ်သူမျိုး ရှိသလို ညိုညို သွယ်သွယ်၊ မော်ဒယ်လို ကိုယ်လုံး လှပ်လှပ်ကိုမှ ကြိုက်တတ်သူ ဖိုသတ္တ၀ါများလည်း ရှိနေတာ အထင်အရှားပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ်၊ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း လူရယ်လို့ ဖြစ်လာမှတော့ ကိုယ်သန်ရာ ကိုယ်ကြိုက်ပိုင်ခွင့် ရှိသူချည်းပါပဲ။ အဲဒါကိုပဲ အများစုက ဆန့်ကျင်ဘက်လိင်ကိုမှ တပ်မက် စွဲလန်းရိုး ရှိတာကို စံတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီး လိင်တူချင်း တပ်မက် စွဲလန်းသူများကိုပဲ မူပဲ မမှန်သလို၊ စံပဲ လွဲနေသလို၊ စိတ်ဝေဒနာပဲ ခံစားနေရသူများလို အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အပြောတွေနဲ့ ဆက်ဆံခြင်း၊ နှိပ်ကွပ်ခြင်းဟာ ဆင်ခြင်တုံတရား နုံ့နဲ့လွန်းရာကျလှပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့ပါတယ်။ ပုထုဇနော ဥမ္မတ္တကောတဲ့။ ဟုတ်ကဲ့ခင်ဗျာ၊ ပုထုဇဉ်ဆိုတဲ့ လူသားမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ရူးနေကြသူချည်းပါပဲလို့ အလုံးစုံကို ထိုးထွင်း သိမြင်တော်မူတဲ့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တာပါ။။ ပညာကိုမှ အရူးအမူး ကိုးကွယ်တဲ့သူ၊ ပိုက်ဆံကို အရူးအမူး တပ်မက်တဲ့သူ၊ သြဇာအာဏာကို အရူးအမူး တောင့်တသူများကတော့ အနည်းအပါး မြင်သာ င်သာ ရှိပါတယ်။ သည်အထဲကမှ မယားတရူးတို့၊ လင်တရူးတို့ဆိုတာတွေလည်း ရှိသေးတယ်။ သူများကို ပြောဖို့တော့ သိပ်လွယ်ပါတယ်။ ပြောသူကိုယ်တိုင်လည်း တစ်ခုမဟုတ် တစ်ခုကို တရားလွန် စွဲလမ်းယုံကြည်နေတာလည်း ရူးသွပ်မှုတစ်မျိုးပဲ ဆိုတာကိုကျတော့ ကျွန်တော်တို့တွေဟာ မေ့လျော့နေမိတတ်ကြပါတယ်။


အဓိက ဆွေးနွေးချင်တာကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ စရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေ မတူကြဘူး၊ အမြဲတစေ ကွဲလွဲနေတယ်ဆိုတာဟာ သဘာဝပါ။ ဒါကြောင့် ကိုယ်နဲ့ မတူတိုင်း တစ်ဖက်သားကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားတင်း ဆိုခြင်းဟာ အဲဒီ့တစ်ဖက်သား အပေါ်မှာ လေးစားရာ ရောက် မရောက်၊ ကိုယ်ချင်းစာစိတ် ရှိရာ ရောက် မရောက် မိမိတို့ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်ကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆမိရလို့ပါပဲ။


ကျွန်တော် ပြောတာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံကြဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းနိုင်သလို တိုက်လည်း မတိုက်တွန်းဝံ့ပါဘူး။ စာဖတ်သူ လူကြီးမင်းများမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသက ရှိကြသူချည်းမို့ ကျွန်တော် ပြောတာ သင့်မသင့်၊ လျော်မလျော်ကို ချင့်ချိန် ဆုံးဖြတ်နိုင်မယ့်သူချည်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ဆွေးနွေးချက်လေးကို တစ်ဆိတ်လေး အချိန်ယူ စဉ်းစားပေးကြမယ်ဆိုရင်ပဲ ကျွန်တော်ကဖြင့် ကျေးဇူးတင်နေတော့မှာပါ။ အဲသလို စဉ်းစားပြီးတဲ့နောက် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လူကြီးမင်းကို ကျွန်တော် လေးစားပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးခွင့်က ကျွန်တော့်မှာသာ ရှိနေတာ မဟုတ်ဘဲ လူကြီးမင်းမှာလည်း ရှိနေတာပဲ မဟုတ်ပါလား ခင်ဗျာ။ အလားတူပဲ၊ တွေးပုံမြင်ပုံ သက်ဝင် ယုံကြည်ပုံတွေ ကွဲလွဲနေတတ်တာကိုက ချစ်စရာကောင်းတဲ့ လူ့ဘောင်လောကကြီးရဲ့ သဘာဝပေပဲလို့ နှစ်နှစ်ကာကာ လေးလေးနက်နက် ယုံကြည်မိတဲ့အတွက်လည်း သည်စကားကို ပြောလိုက်ရတာ ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော်
(၂၂၀၁၁၀)

ဝန်ခံချက်  ၁၇-၀၁-၁၀ နေ့ ညနေ ၆း၃၀တွင် ”မန္တလေး FM ”ရေဒီယို အသံလွင့်ဌာနမှ ထုတ်လွှင့်ခဲ့တဲ့ ကျွန်တော့်အသံလွှင့် ဆွေးနွေးချက်ကို အကျဉ်းချုပ် ပြန်လည်တင်ဆက် လိုက်တာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာလေးကို http://www.first-11.com/index.php?option=com_content&view=article&id=2151:2010-03-04-07-49-34&catid=78:2009-11-13-06-25-17&Itemid=135 ကနေ ကူးယူပြီး ပြန်လည်တင်ဆက်လိုက်တာပါ။

Advertisements
8 Comments leave one →
  1. smms permalink
    9 March 2010 9:47 am

    😀

  2. smms permalink
    9 March 2010 9:55 am

    “တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူလောက် သည်လောကမှာ ဆင်ခြင်ဥာဏ် ကင်းမဲ့သူ ရှိမှာ မဟုတ်ဘူး”
    ဆိုပြီး ပြီးခဲ့တဲ့ဆောင်းပါးတစ်ခုထဲက ပြန်စာတစ်ခုမှာ ဆရာရေးခဲ့တာအတွက် (အကြိုက်တွေစရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေမတူ အမြဲတစေ ကွဲလွဲနေတဲ့) ကိုယ်နဲ့မတူတဲ့ တစ်ဖက်သား(တွေ)ကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားဆိုခြင်းလို့ သမီးကပြောခဲ့တယ်ဆရာလက်ခံတယ်ပေါ့နော်။ 😀 no offence နော်ဆရာ။ ဒီစာလေးဖတ်ပြီး ကိုယ်လိုရာဆွဲပြောလိုက်ရတာ ၀မ်းသာတယ်။ 😀

    • lettwebaw permalink
      9 March 2010 5:58 pm

      ကျုပ်ကလည်း သည် comment ရေးသွားတဲ့အတွက် အလွန်ဝမ်းသာပါ၏။ “တစ်ယောက်တည်းကိုပဲ ချစ်ဖူးပြီး တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူ… ဘာညာ” ကိစ္စနဲ့ ပတ်သက်လို့ မကျေလည်တာကိုလည်း အလွန်ဝမ်းသာပါ၏။

      လွန်ခဲ့တဲ့ ငါးရက်လောက်ကပဲ အမျိုးသမီးတစ်ယောက် ဖုန်းဆက်ပါတယ်။ ၂၀၀၃ ခုနှစ်၊ လွန်ခဲ့တဲ့ ခုနစ်နှစ်က ကျုပ် အဲဒါမျိုး ရေးခဲ့တာကို သူ မကျေလည်ခဲ့ဘူး။ ခြေကန်ပြီး ညင်းခဲ့တယ်၊ သူ့ကိုယ်သူ အယုံကြီး ယုံခဲ့တယ်။ ကျုပ် ရေးတာ မှားတယ်၊ လွန်တယ်၊ တစ်ဖက်စောင်းနင်း ပြောတယ်လို့လည်း အားပါးတရ ချေပခဲ့ဖူးပါတယ်။ အခု ခုနစ်နှစ်အကြာမှာ အဲသလို ပြောမိခဲ့တာ သူ မှားပါကြောင်း၊ ကျုပ်အဆိုတွေ သွေးထွက်အောင် မှန်လှပါကြောင်း ၀န်ခံရင်း လွန်ခဲ့တဲ့ ခုနစ်နှစ်က သူ့စကားများအတွက် တောင်းပန်သွားတာပါ။

      မီးဆိုတာ ပူတယ်လို့ ပြောရင် မီးကို တစ်ခါမှ လက်နဲ့ မတို့ဖူးသေးသူ စကားတောင်မှ မတတ်ရှာသေးတဲ့ ကလေးပေါက်စနလေးက ဘယ်ယုံမှာတုံး။ စကားမတတ်သေးလို့သာ ပြန်မပြောနိုင်တာပါ။ သူ့ကလည်း လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားဆိုတာလို့ပဲ သတ်မှတ်ချင်ပါလိမ့်မယ်။ မီးကို တကယ်ကိုင်ဖူးသွားတော့လည်း ကျုပ်ဆီ ဖုန်းဆက်လေသူ လေးဆယ်ကျော် အမျိုးသမီးလို ၀န်ခံတာတွေ ပေါ်လာတတ်ပါတယ်။ (အဲသလို ၀န်ခံအသိပေးသွားတဲ့ အမျိုးသမီးကိုလည်း အထူး ကျေးဇူးတင်ပါတယ်။)

      အဓိကကတော့ level of being ပါ။ လိပ်ပြာလေးက ပန်းရောင်စုံလေးတွေ လှလိုက်တာလို့ ပြောရင် တီကောင်လေးက ဘယ်သဘောပေါက်မှာလဲလေ။ 😀 No offense နော် SMMS. ညည်းအတွက်လည်း အချိန်တစ်ခုက လိုဦးမှာပါ။ Time will definitely tell you and I hope you have no regrets then. 😦

      • smms permalink
        10 March 2010 11:04 am

        Well … I do hope that you will live until I prove you wrong.
        One day, I do wanna say that “Sir, you were wrong … well at least for me.”

        ဒါပေမယ့် တစ်ခုရှိတာက …. သမီးက တစ်ယောက်တည်းထက်ပိုချစ်ခဲ့ဖူးပါတယ်။
        so, I wasn’t defending for myself unlike the woman who called you a few days ago.

        ဆရာပြောတာ အရမ်း subjective ဖြစ်တယ်လို့ပဲပြောချင်တာ … မှားတယ်လို့ပြောချင်တာမှမဟုတ်တာ။

        တစ်ယောက်တည်းကို (ဘယ်အချိန်လေးလောက်ပဲ သိပြီးမှ) လက်တွဲဖို့စဉ်းစားတာလဲ …. အချိန်ပေါ်မှာ … လေ့လာတဲ့နေရာမှာ .. ရင်းနှီးကျွမ်းဝင်မှုနေရာမှာ အရမ်းကွာနိုင်ပါတယ်။

        တစ်ယောက်တည်းကို ၂ လလောက်ကြိုက်ပြီးယူတာနဲ့ …. ၂ နှစ်လောက်ကြိုက်ပြီး ယူတာနဲ့ …. ၁၀ နှစ်လောက်ကြိုက်ပြီးယူတာ ကွာတာပေါ့ဆရာ။

        ငယ်ငယ်ကတည်းက အိမ်နီးချင်း၊ ၁၀ တန်းလောက်မှာ စ ကြိုက်ပြီး အသက် ၃၀ကျတော့ ယူတဲ့အတွဲတွေ (တစ်ယောက်တည်းကြိုက်ခဲ့တာမျိုးတွေကျတော့) ဆရာက စဉ်းစားဆင်ခြင်ဥာဏ်မဲ့တယ်လို့ ပြောဦးမှာပဲလား။ ရွေးခြယ်ခွင့်ရှိရဲ့သားနဲ့ မရွေးခြယ်တော့တာ သူတို့ဆုံးဖြတ်ချက်ပါ။ (same thing like some people choose to be gay while we choose to be straight) And do you still want to look down upon them, say that they are stupid, just because they chose not to have ‘options in life’.

        ထားပါလေ … ဒီနေရာမှာ မငြင်းတော့ပါဘူး။ ဘီယာသောက်ရင်း ငြင်းခုန်ဖို့ မျှော်နေပါ့မယ်။
        ဟုတ်ပါတယ် … No offence taken ပါ ဆရာ .. 😀

      • lettwebaw permalink
        14 March 2010 10:12 am

        You are confusing “choices” with “preferences.” Being a gay or straight is not a matter of choice, but a preference, somewhat like left or right handedness. In general, they don’t make choices but it’s what they prefer. In Burmese it’s သန်ရာ သန်ရာ။ I agree with “Options in life,” and yet some people, if not all, are too stupid to be aware that there are plenty of options in their lives. That’s what I have always been trying to emphasise. Hope to see you soon!

  3. Aung Aung permalink
    14 March 2010 9:52 am

    Not related to your original article but to the comments. Myanmar people do not have the practise of “dating”. Most couple do not want to hang out with each other before declaring “I love you” (unless they are already close friends before). So, we need to become sweethearts (yee-sar) before hanging out together and learn about each other. Should we advocate the western practise of dating – so that a guy and a girl can spend some times together and check each other without requiring to be yee-sars? If you have time, I would like to request you to write an article on this. Thank you.

    • lettwebaw permalink
      14 March 2010 10:04 am

      A good point,of course, and thanks for the advice. I will try my best to discuss it some time in future.

  4. lettwebaw permalink
    26 August 2010 11:20 pm

    Found the following 2 comments on this article on Weekly Eleven website:
    http://www.first-11.com/index.php?option=com_content&view=article&id=2151:2010-03-04-07-49-34&catid=78:2009-11-13-06-25-17&Itemid=135

    0 #2 aungkyawswar 2010-03-18 14:20
    Really appreciate this article and make me think wider in positive way.
    Thank you very much to Atta Kyaw.

    0 #1 messi 2010-03-17 07:50
    very touching and realistic article…thanks writer Atta Kyaw for this superb article…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: