Mandalay FM Broadcast 2

ချစ်သော စာဖတ်သူများ ခင်ဗျား

ကျွန်တော့် ဘလော့(ဂ်)မှာ အသစ် မတင်နိုင်ခဲ့တာ အတော်လေး ကြာသွားခဲ့ပါပြီ။ အတော်ကြီးကို အလုပ်များနေတဲ့အတွက်ပါ။ ဘယ့်လောက်အထိများလဲဆိုရင် ၁၂နှစ်ခွဲလုံးလုံး တစ်လမှ မပျက်ကွက်ဖူးတဲ့ “သရဖူမဂ္ဂဇင်း”ကို ၂၀၁၀ ဧပြီလထုတ် အတွက် စာမူ ရေးမပေးနိုင်ခဲ့သလို တစ်ခါမှ မပျက်ကွက်ဖူးတဲ့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းအတွက်လည်း အဲဒီ့လအတွက် ပျက်ကွက်ခဲ့ရပါတယ်။ ရေးလက်စ Beauty Max မဂ္ဂဇင်းအတွက်ဆိုလည်း ပျက်ကွက်တာ နှစ်လကြီးများတောင် ရှိသွားပါပြီ။ စာမူခ ကြိုယူထားမိတဲ့ Idea မဂ္ဂဇင်းအတွက် စာမူကိုဆိုရင် ၂၀၁၀ မတ်လ ၁၆ ရက်နေ့က ရန်ကုန်က စင်္ကာပူအသွား လေယာဉ်ပေါ်မှာ ကမန်းကတန်းရေးသွားရတာပါ။ စင်္ကာပူရောက်တော့မှ လှမ်းပို့ပေးရပါတယ်။ တစ်ခါမှ မလုပ်ခဲ့ဖူးတာတွေ လုပ်နေရတာပါပဲ။
အရှုပ်တွေ လုပ်နေတာမဟုတ်ဘဲ အမှန်တကယ် အလုပ်ရှုပ်နေတဲ့ကြားထဲ ကျန်းမာရေးက မထင်မှတ်ဘဲ ထဖောက်လိုက်ပါသေးတယ်။ ကိုက်တာ၊ ခဲတာ သက်သက်ပါ။ သို့ပေမယ့် လက်ကို ဆန့်လို့မရတာမျိုး ဖြစ်သွားလိုက်သေးတာမို့  စာရေးဖို့ အတော်ခဲယဉ်းသွားခဲ့ပါတယ်။ နှုတ်တိုက်ချပြီးလည်း ရေးမပေးတတ်တာမို့ တော်တော် အခက်ကြုံလိုက်ရပါသေးတယ်။
အခုလည်း အလုပ်တွေပိနေဆဲ၊ ခရီးယာယီသွားပြန်ဦးတော့မယ့်ဆဲဆဲမှာ ဘလော့(ဂ်)ပေါ်က ချစ်မိတ်ဆွေများအတွက် စာမူလေးကို မရအရ ဖြည့်စွက်တင်ဆက်ပေးလိုက် ပါတယ်ခင်ဗျား။ ၂၀၀၉ခုနှစ် အောက်တိုဘာလထဲမှာ Mandalay FM ရေဒီယိုကနေ လွှင့်ခဲ့တဲ့ ကျွန်တော့်အသံလွှင့်ချက်လေးပါ။ ခံစား ဖတ်ရှုပြီး ၀ါသနာပါရင် ဝေဖန်မှတ်ချက်လေးပါ ပေးတော်မူကြပါဦးခင်ဗျား။

ဘဝအမောပြေဖို့ အဖြေရှာစို့ (၂)

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ “ဘဝ အမောပြေဖို့ အဖြေရှာစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေဒီယို အသံလွှင့်အစီအစဉ်လေးတစ်ခုကို တင်ဆက်သွားချင်ပါတယ်။ သည်အစီအစဉ်မှာ အနယ်နယ်အရပ်ရပ်ရှိ ကျွန်တော့်စာဖတ်ပရိသတ်များက ကျွန်တော့်ဆီ စာနဲ့ တစ်လီ၊ တယ်လီဖုန်းနဲ့တစ်နည်း၊ အီးမေး(လ်)ဆိုတဲ့ ဓာတ်ချောစာနဲ့တစ်မျိုး မေးမြန်းလာကြလေတဲ့ ဘဝထဲက ကိစ္စအသွယ်သွယ်ကို ပြန်လည် ဆွေးနွေးတင်ပြသွားမှာပါ။ မေးသမျှ ဖြေမယ်ဆိုတာမျိုးထက် တစ်ဦးချင်းစီရဲ့ ဘဝအမောတွေဟာ အခြား အခြားသောသူများလည်း ခံစားတွေ့ကြုံရတတ်မြဲ အမောတွေမျိုး ဖြစ်နေတယ်လို့ ယူဆရင် အဲဒီ့အမောလေးတွေရဲ့ အဖြေကို အများသိအောင် လက်ဆင့်ကမ်း ဆွေးနွေးတင်ပြပေးသွားပေးချင်ပါတယ်။ တစ်နည်းပြောရရင် အများအတွက် အကျိုးရှိမယ်လို့ ကျွန်တော်ကိုယ်တိုင်ယူဆ ယုံကြည်တဲ့ အကြောင်း အရာများကို ဇောင်းပေးတင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။


သည်တစ်ခါ တင်ပြမယ့် အကြောင်းအရာကတော့ ၂၀ဝ၅ခုနှစ်အတိုင်းက အိုင်ဒီယာ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်သလို ကျွန်တော့်ရဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ပုံနှိပ်ဖော်ပြခဲ့ပြီး အကြောင်းအရာဖြစ်ပါတယ်။ သို့ပေမယ့် စာအုပ်ကို မဖတ်ဖြစ်လိုက်သူများ များစွာရှိနေနိုင်တဲ့အပြင် သည်အကြောင်းအရာလေးကလည်း အများနဲ့ သက်ဆိုင်နေပြန်တာမို့ ပြန်လည် တင်ဆက်လိုက်ပါရစေလားခင်ဗျာ။

ဒါကတော့ ကျွန်တော့်ဆီကို စာတိုက်က တစ်ဆင့် ရောက်လာတဲ့ စာလေးပါ။ စာလေးကို ရေးသားလိုက်သူက နယ်မြို့ကြီး တစ်မြို့က ဖြစ်ပါတယ်။ သူ့စာကို ဦးစွာ နားဆင်တော်မူပေးကြစေလိုပါတယ်ခင်ဗျား။

ဆရာ့ကို ကိစ္စလေးတစ်ခု မေးချင်လို့ သည်စာကို ရေးလိုက်တာပါ ခင်ဗျာ။

“လက်ရေး”ဆိုတာနဲ့ ပတ်သက်ပြီး မေးစရာ ပေါ်လာလို့ပါ။

သည်လိုပါဆရာ၊ မနေ့က စာရေးစားပွဲမှာ ကျွန်တော် စာရေးနေတုန်း အိမ်ဘေးမှာ နေတဲ့ ဦးလေးတစ်ယောက်က ကျွန်တော့် လက်ရေးကို ကြည့်ပြီး “မင့်လက်ရေးကြီးက အခြောက်လက်ရေးကြီး”လို့ ပြောပါတယ်။

ကျွန်တော် တော်တော် အံ့ဩသွားတယ်။ လက်ရေးနဲ့ ပတ်သက်လို့ မိန်းကလေးလက်ရေး၊ ယောက်ျားလေးလက်ရေးလို့ ကြားဖူးပေမယ့် “အခြောက်လက်ရေး” ဆိုတာကြီးကို အခုမှ ကြားဖူးပါတယ်။

ဒါကြောင့် ကျွန်တော်လည်း အဲဒီ့ဦးလေးကြီးကို “လက်ရေးကို ကြည့်ပြီး ဘယ်လို ဆုံးဖြတ်တာလဲ၊ အခြောက်လက်ရေး ဆိုတာ ရှိလို့လား”လို့ ပြန်မေးလိုက်မိပါတယ်။ ဒါပေမယ့် သူ့ဆီက ကျေနပ်လောက်တဲ့ အဖြေကို ပြန်မရဘူး။ “ရှိတာပေါ့ကွ”ဆိုတဲ့ မရေမရာ အဖြေကိုပဲ ရပါတယ်။

လက်ရေးကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပြောတာတော့ ကြားဖူးတယ်။ ဘာကို ကြည့်ပြီး ဘယ်လို ပြောတယ် ဆိုတာတော့ မသိဘူး။ မှန်၊ မမှန်လည်း မသိဘူး။ ဒါ့ကြောင့် အခု ဆရာ့ဆီရောက်နေတဲ့ ကျွန်တော့်လက်ရေးကို ဘယ်လို သုံးသပ်မလဲဆိုတာ သိပါရစေ။

မလှတာကိုတော့ ထည့်မပြောပါနဲ့နော်။ သိပြီးသား ဖြစ်နေလို့ပါ။

ပြီးတော့ လက်ရေးနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ အယူအဆကိုလည်း သိပါရစေ။

အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလို့ စကားဦးသန်းခဲ့တာကို နားသောတဆင်နေသူ လူကြီးမင်းများမှတ်မိကြမှာပါခင်ဗျာ။

ကျွန်တော့်ဆီ အဲဒီ့စာ ရေးလာတဲ့သူစာ အသက်၂၀ကျော် လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ အဲဒီ့လူငယ်လေးခမျာ သူ့ လက်ရေးကို “အခြောက်လက်ရေး”လို့ တံဆိပ်အကပ်ခံ၊ အဝေဖန်ခံလိုက်ရတဲ့အခါမှာ အတော်လေး ကသိကအောင့် ဖြစ်သွားရှာမှာ မလွဲပါဘူး။

သူ့ကို အဲသလို ပြောလိုက်သူကလည်း “ဦးလေးကြီး”လို့ ဆိုထားတာမို့ အရွယ် ကောင်းကောင်းရောက်နေတဲ့ ယောကျာ်းသားတစ်ယောက်ဖြစ်နေမှာလည်း သေချာပါတယ်။ အဲလို အရွယ်ရောက်သူ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ရဲ့ စိတ်ကို လန်းစွင့်လာအောင် အားပေးရာရောက်တဲ့ စကားမျိုး ပြောရမယ့်အစား ချိုးဖဲ့ရာ၊ နှိပ်ကွပ်ရာ ရောက်တဲ့ စကားမျိုး ပြောသွာ တာက တော်တော်လေးတော့ အံ့အားသင့်စရာ ကောင်းလှပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက “ကောင်းစေချင်တဲ့ စေတနာ”ဆိုတဲ့ စကားအလှ သကာဖုံးပြီး လူငယ်လူရွယ်တွေကို နှိပ်ကွပ်ချင်တတ်သူတွေ ရှိနေတတ်တာကို နားသောဆင်တော်မူနေကြသူ လူကြီးမင်းအပေါင်းလည်း သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ လူငယ်လူရွယ်တွေကို အဲသလို အသားလွတ် ချိုးဖဲ့နှိပ်ကွပ်လိုသူ အများစုဟာလည်း အတောင် နှစ်ဆယ်ဝတ် မင်းယောက်ျားတွေ ဖြစ်နေတာက ပိုလို့တောင် အံ့ဩစရာ ကောင်းလှပါသေးတယ်။

သူ့စာနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင်တော့ အဲ… “လက်ရေး”နဲ့ ပတ်သက်လို့ မေးထားတာတော့ ကျွန်တော် သိပ် မဖြေတတ်ဘူးဗျ။

ဖြေတတ်တာတစ်ခုတော့ ရှိတယ်။ အဲဒီ့လူငယ်လေးရဲ့ အိမ်ဘေးမှာ နေတဲ့ “ဦးလေးကြီး”ဆိုသူက ဘယ်အရွယ်လဲတော့ မသိဘူး၊ သို့သော် အဲဒီ့“ဦးလေးကြီး”ဟာ အရာရာကို ပုံသေ သတ်မှတ်ထားတဲ့ စိတ်အခံနဲ့ လူလုပ်နေတာပဲ။ ယောက်ျားဆိုရင် ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုရင် ဘယ်လိုဖြစ်ရမယ်၊ အခြောက်ဆိုရင် ဘယ်လိုဖြစ်ရမယ် စသဖြင့် သတ်မှတ်ချက်တွေဟာ တကယ့်လက်တွေ့လူ့လောကမှာ အသုံး မတည့်လှတာတော့ အမှန်ပါပဲခင်ဗျာ။

လေးလုံးခြောက်ဖက်ကြီး၊ ဗလကြီးကြီးနဲ့ ကျားကျားလျားလျား ယောက်ျားကြီးလို့ အများအမြင်မှာ ထယ်နေပေမယ့် လူကွယ်ရာမှာ ခြောက်နေတဲ့ ယောက်ျားသားတွေ သူ့ခမျာ မမြင်ဖူးရှာဘူးလား မသိဘူး။ အလားတူပဲ၊ မိန်းကလေးတန်မယ့်နဲ့ ယောက်ျားသားတွေထက်တောင် မာကျော ပြတ်သားတဲ့၊ တည်ကြည်ခိုင်မာတဲ့ မိန်းကလေးတွေလည်း သည်လောကမှာ အများကြီးရှိတာကို နားသောဆင်နေကြသူ လူကြီးမင်းအပေါင်းလည်း ကြုံဖူး တွေ့ဖူးကြပါလိမ့်မယ်။

လက်ရေးကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို “လက်ရေးပါရဂူ”တွေက ပြောနိုင်တတ်ကြပါတယ်။ ကျွန်တော့် ဆီကို ရောက်လာတဲ့ စာထဲက လူငယ်လေးရဲ့ လက်ရေးကို ကြည့်ပြီး ကျွန်တော် မြင်တာ ပြောရရင်တော့ သူဟာ ရှင်းရှင်းလင်းလင်းသမားတစ်ယောက်ပဲ။ ဘာကိုမဆို ရှင်းရှင်းလင်းလင်း၊ ဘွင်းဘွင်းပဲ ပြောတတ်၊ နေတတ်တယ်။ ရှုပ်ရှုပ်ရှက်ရှက်တွေ တစ်စက်မှ မကြိုက်ဘူး။ အဲ… ဒါပေမယ့် တစ်ခါတရံကျတော့ သိပ်စိတ်မရှည်ချင်ဘူး။ အဲလိုအခါမျိုးမှာ ပြီးပြီးရောဆိုပြီး ထင်သလို ထလုပ်ချင်တဲ့ စိတ်မျိုးလည်း ရှိမယ်ထင်တယ်။ ပြီးတော့ ပြတ်သားတယ်။ ဘယ်တော့မှ၊ ဘာကိစ္စ အတွက်မှ မတွေဝေတတ်ဘူး။ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုတဲ့ လူစားမျိုးဖြစ်နိုင်တယ်။

သူရေးထားပုံက လက်ရေး မလှသော်လည်း ဖတ်ရတာ ရှင်းလင်းနေတဲ့အပေါ်မှာ ကြည့်ပြီး ပြောလိုက်တာဖြစ်သလို အသတ် သတ်ပုံ၊ ဝစ္စနှစ်လုံးပေါက် ချပုံ၊ ပုဒ်ထီး၊ ပုဒ်မ ချပုံများပေါ်မှာ အခြေခံပြီး ကျွန်တော် မြင်သလောက် ပြောကြည့်လိုက်တာ ပါ။

ကျွန်တော့်ဆီစာရေးလာသူ လူငယ်လေးရဲ့ လက်ရေးကို “အခြောက်လက်ရေး”လို့ သတ်မှတ်ရမယ်ဆိုရင် ကျွန်တော့်သားရဲ့ လက်ရေးလည်း သူ့လက်ရေးနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် သားလက်ရေးကို အခြောက်လက်ရေးလို့ တစ်ခါမှ မအောက်မေ့မိဖူးဘူး။ နောက်တစ်ယောက် ရှိသေးတယ်။ တစ်ချိန်က ကျွန်တော့် စာအုပ်လုပ်ငန်းမှာ အလုပ်လုပ်သွားတဲ့လူငယ်လေးတစ်ယောက်။ သူ့လက်ရေးလည်း ကျွန်တော့်ဆီ စာရေးလာသူ လူငယ်လေးရဲ့ လက်ရေးနဲ့ ခပ်ဆင်ဆင်ပဲ။ ကျွန်တော့်စိတ်ထဲမှာ အဲဒီ့ လူငယ်ရဲ့ လက်ရေးကိုလည်း အခြောက်လက်ရေးလို့ မမြင်မိဘူး။

သည်နေရာမှာ တစ်ခုကြားဖြတ် အစီရင်ခံချင်ပါတယ်။ အဲဒီ့စကားက ကျွန်တော့်စကားမဟုတ်ပါဘူး။ ပျဉ်းမနား မဟာမြိုင် တောရဆရာတော် ဦးဇောတိကရဲ့ စကားပါ။

“သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာပဲ နစ်မွမ်းသွားလိမ့်မယ်” တဲ့။

လူတစ်ယောက်ရဲ့ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်၊ ဆံပင်အရောင်၊ အရပ်အမောင်း၊ အသံ၊ ဉာဏ်၊ ကံ စတာ တွေဟာ အဲဒီ့လူ တစ်ဦး တစ်ယောက်တည်းရဲ့ မူပိုင်ပါ။ အဲသလိုပဲ လူတစ်ယောက်ရဲ့ လက်ရေးကလည်း အဲဒီ့လူတစ်ယောက်ရဲ့ မူပိုင်ပါပဲ။ ဘယ်သူက ဘယ်လောက်တူအောင် တုတု၊ တုလို့ကို မရနိုင်ပါဘူး။

ဆိုကြပါစို့ဗျာ၊ လူငယ်လေးတစ်ယောက်ရဲ့ ရုပ်ရည်က မိန်းမချော ချောနေတယ်ဆိုပါစို့။ အဲဒါကြောင့် အဲဒီ့ လူငယ်လေးရဲ့ အိမ်ဘေးနားက “ဦးလေးကြီး”က “မင်းကွာ ချောလိုက်တာ၊ ငါ ဖက်နမ်းမိမယ်”လို့ ပြောတာနဲ့ အဲဒီ့လူငယ်လေးခမျာ သူ့မျက်နှာကို ဓားနဲ့ လှီးပစ်ရမှာလား။

ဒါမှမဟုတ် အဲဒီ့လူငယ်လေးက ငါးပေမပြည့်တဲ့ လူပုလေးဖြစ်နေတယ်ဆိုပါစို့၊ အိမ်ဘေးက “ဦးလေးကြီး”က “မင့်ကွာ၊ ပု လိုက်တာ၊ ငါ မင့်ထိပ်ကို တွေ့တိုင်းထုမယ်”လို့ ပြောတာနဲ့ အဲဒီ့လူငယ်လေးက ခံနေရမှာလား။ ဒါမှမဟုတ် အရပ်ပုတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာလား။

လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကိုယ်ပိုင်အနေအထားကို အသာတကြည် လက်ခံသင့်ပါတယ်။ သည်လောကမှာ တချို့လူတွေက ပါးစပ် ဆိုတာ အဲသလို တွေ့ကရာရှစ်သောင်း လျှောက်ပြောတဲ့နေရာမှာသာ သုံးရမယ်လို့ မှတ်နေတတ်ကြတယ်။ အဲသလို လူမျိုးနဲ့ ဆုံတဲ့အခါ ပါးစပ်ကို နေရာတကျ မသုံးတတ်ရှာတဲ့ သူတို့ကို သနားတတ်ဖို့ လိုပါတယ်။ မသနားတတ်ဘဲ သူတို့ ပြောသမျှ ဆိုသမျှ လိုက်ခံစားနေမယ် ဆိုရင်တော့ ဘဝကြီးဟာ မောစရာ သိပ်ကောင်းနေတော့မှာပါ။

အမှန်တော့ “လက်ရေး”ထက် လူတစ်ဖက်သားကို အလွယ်တကူ ဝေဖန်ချင်တဲ့အကျင့်၊ တံဆိပ်ကပ်ချင်သည့်အကျင့်ကြောင့် သည်လို ပြဿနာမျိုးတွေ တက်ရတာပါ။

ကျွန်တော် အစီရင်ခံခဲ့တဲ့အတိုင်း လူတစ်ဦးစီ တစ်ဦးစီမှာ တခြားသူတွေနဲ့မတူ တစ်မူကွဲပြားသော စရိုက်လက္ဓဏာတွေ သီးခြားစီရှိကြတာချည်းပါပဲ။ တစ်မိတည်းပေါက်ချင်း အတူတူပေမယ့် မတူဘဲ ကွဲပြားနေတတ်တာကို လူတိုင်း သိကြပါတယ်။ သိပင်သိလင့်ကစား ကိုယ့်မျက်စိထဲမှာ ကြည့်ရတာ အဆင်မပြေတိုင်း၊ ကိုယ့်သဘောနဲ့ မညီတိုင်း တစ်ဖက်သားကို ပက်ခနဲ ပြောတတ်သော အကျင့်က ကျွန်တော့်မှာလည်း သိပ်မကြာသေးခင်အထိ စွဲစွဲမြဲမြဲ ရှိခဲ့ဖူးပါတယ်။ အခု ကျွန်တော့်ရေဒီယို အစီအစဉ်ကို နားသောတဆင်နေတော်မူကြသူ လူကြီးမင်းတွေထဲမှာလည်း သည်လို ဝသီစရိုက်မျိုး ရှိကောင်းရှိနေနိုင်ပါတယ်။

ဒါပေမယ့် လူငယ်လေးတွေ၊ ကလေးသူငယ်လေးတွေရဲ့ဘဝကို ကိုယ့်နှုတ်ကြောင့် သေစေနိုင်လောက်မှန်း ဆင်ခြင်မိကြမယ် ဆိုရင်တော့ အဲဒီ့နှုတ်ကို ဆင်ခြင်စောင့်စည်းအပ်ပါတယ်။ ပင်ကိုဗီဇအရ အင်မတန်မှ ပြောလွယ်ဆိုလွယ်တဲ့ ကျွန်တော် တစ်ယောက်တောင် သည်အချက်ကို သဘောပေါက်နေတာ ကြာလှပါပြီ။ ဒါ့ကြောင့်လည်း ကျွန်တော် ဘယ်လောက် ပြောလွယ်ဆိုလွယ်သည်ဖြစ်စေ၊ ကလေးသူငယ်လေးများ၊ လူငယ်လူရွယ်လေးများနဲ့ ပတ်သက်လာရင်တော့ ကျွန်တော့်နှုတ်ကို ကျပ်ကျပ် စောင့်စည်းနေပါတယ်။

အခု ကျွန်တော့်ရဲ့ ဘဝအမောပြေဖို့ အဖြေရှာစို့ ဆိုတဲ့ အစီအစဉ်လေးကို နားဆင်တော်မူနေကြသူ လူကြီးမင်းများအတွက်လည်း သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးကို ကြုံဆုံဖူးခဲ့တန်ကောင်းတဲ့အကြောင်းအရာလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာကို တတ်အားသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။