Skip to content

Mandalay FM Broadcast 3

27 March 2010

ဘ၀အမောပြေဖို့ အဖြေရှာစို့ (၃)

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။


အခုတစ်ပတ် စာတိုက်ကနေ ကျွန်တော့်ဆီ ရောက်လာတဲ့ စာကတော့ သိပ်ကို ရှည်လျားလွန်းပါတယ်။ ရင်ဖွင့်စာလို့ပဲ ဆိုကြပါစို့ရဲ့။ ရှည်လွန်းတဲ့ သူ့စာကို ပြန်ဖတ်ပြနေရင် အချိန်တွေ အရမ်းယူရမှာမို့ သည်တစ်ပတ်မှာတော့ ခါတိုင်းလို စာကို အသေးစိတ်ပြန်မဖတ်ပြတော့ပါဘူး။


သူတင်လားဆိုတော့ မဟုတ်ပြန်ဘူး။ သူ ရင်ဖွင့်လာ၊ ဆွေးနွေးလာတဲ့အကြောင်းအရာက အိမ်ထောင်ရှင် အမျိုးသမီး၊ အမျိုးသား ကြီးငယ်မဟူ ရင်ဆိုင် ကြုံတွေ့ရတတ်မြဲ ပြဿနာတစ်ရပ်ဖြစ်နေတာမို့ သည်တစ်ပတ်မှာတော့ အဲဒီ့အကြောင်းအရာကို ဇောင်းပေးဆွေးနွေး တင်ပြသွားချင်ပါတယ်။

ဟုတ်ကဲ့ခင်ဗျာ။ အိမ်ထောင်သည်များရဲ့ ဘဝအမောတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက်ကို အကြောင်းဆက် ပေါင်းဖက်လိုက်ရာက တစ်နွယ်ငင် တစ်စင်ပါလာတဲ့ ယောက္ခမတွေ၊ မရီးတွေ၊ မတ်တွေ၊ ယောင်းမတွေ၊ ယောက်ဖတွေ၊ ခယ်မတွေနဲ့ အတူနေရလို့ပဲ ဖြစ်ဖြစ်၊ အတူမနေပေမယ့် မိမိတို့ရဲ့ အိမ်ထောင်ရေးဘဝထဲမှာ တစ်နည်းနည်းနဲ့ ဝင်ရောက်လာလို့ပဲဖြစ်ဖြစ် ပေါ်ပေါက်လာရတဲ့ ဘဝအမောကလည်း အင်း… ပြောရရင် အတော့်ကို မသက်မသာ ရှိလှပေတာလားခင်ဗျာ။

တစ်မိသားနဲ့ တစ်မိသား ချစ်ခင်စုံမက်လို့ ထိမ်းမြားပေါင်းဖက်ဖို့ စိတ်ကူးလိုက်ကြတဲ့အချိန်မှာတုန်းကတော့ ကြည်နူး ပျော်ရွှင်ဖွယ်ရာ သာယာတဲ့ ပန်းခင်းလမ်းလေးရယ်လို့ သူသူကိုယ်ကိုယ် ထင်မှတ်နေမိတတ်ကြပါတယ်။ အဲ… တကယ်လည်း လက်ထပ်ကြဖို့ ပြင်ဆင်ကြပြီဆိုကတည်းက နှစ်ဖက် မိဘ၊ မောင်နှမသားချင်းတွေရဲ့ ဝင်ရောက်စွက်ဖက်မှု အမျိုးစုံဟာ ချစ်ကြရှာသူ နှစ်ဦးအတွက် စိတ်ပျက်စရာ၊ စိတ်ညစ်စရာ၊ ဟီးချငိုလိုက်ချင်စရာ ကောင်းကုန်တတ်ပါတော့တယ်။ ဒါတင်မက စိတ်ဝမ်းကွဲချင်စရာတောင် ဖြစ်ချင်ဖြစ်ကုန်ကြတယ်။

ကျွန်တော်ဆို ကြုံဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းကပေါ့ဗျာ။ တက္ကသိုလ် ပထနှစ် တက်နေစဉ် အချိန်မှာပါ။ အဲတုန်းက ကျွန်တော့်ချစ်သူရည်းစားလေးနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက် ကြီးတဲ့ မိတ်ဆွေတစ်ဦးရဲ့မင်္ဂလာဆောင်မှာ လူပျိုရံ၊ အပျိုရံအဖြစ် ကူညီ ဆောင်ရွက်ပေးခဲ့ကြဖူးပါတယ်။ အဲဒီ့အချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ ဟိုတယ်ကြီးမှာ နှစ်ဖက် မိဘ အစုံအညီနဲ့ ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြတဲ့ မင်္ဂလာပွဲကြီးက မောင်နှံစုံဟာ နှစ်ဖက်သော ဆွေမျိုးမိဘများရဲ့ ကောင်းမှုကြောင့် တစ်ညတာတောင် မပေါင်းလိုက်ကြရဘဲ ဧည့်ခံပွဲ ကျင်းပတဲ့ ညမှာပဲ ကွဲသွားကြပါတော့တယ်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲတယ်ဆိုတာ အဲဒါမျိုးပဲ ဖြစ်ပါလိမ့်မယ်။


ဒါ တကယ့်အဖြစ်အပျက်ပါ။ အဲဒီ့ မောင်နှံစုံဟာ ယနေ့ထက်တိုင် သက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ကျွန်တော့် မိတ်ဆွေကြီးဆိုရင်လည်း ယနေ့အခါမှာ နောက်တစ်ယောက်နဲ့ ညားပြီးသကာလ သားသမီးတွေ ပွားစည်း စည်ပင်နေပါပြီ။ အဲ… ကျွန်တော်တို့ ချစ်သူနှစ်ဦးရဲ့မှာလည်း ပြောစမှတ်တစ်ခုတော့ ကျန်ခဲ့ပါတယ်။ အဲဒီ့မင်္ဂလာပွဲပြီးလို့ ဘာမှသိပ်မကြာခင် လပိုင်း အတွင်းမှာပဲ ကျွန်တော်နဲ့ အဲဒီ့ချစ်သူလေးနဲ့လည်း ကွဲကြပါလေရောလားဗျာ။ ဟီး… ပြောရင်းတောင် နည်းနည်းလွမ်းသွားတယ်။ သက်ဆိုင်သူရေ… မောင့်အသံအား မှတ်မိပါရဲ့လားလေ… ဘာညာဆိုပြီး ကြုံတုန်း ကြွိုင်ကြည့်လိုက်ဦးမယ်။

သည်းခံပါ နားသောတဆင်နေကြသူ ချစ်မိတ်ဆွေများခင်ဗျား။ အသက်ကလေး နည်းနည်းရလာတော့ အဲလို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောရင် ဟိုလွမ်းသည်လွမ်းနဲ့ ခဏခဏ ဖြစ်တတ်တာကို မိတ်ဆွေများ အရွယ်ညောင်းလာတဲ့အခါ ကိုယ်ချင်းစာနိုင်လာကြပါလိမ့်မယ်။ အဲ… ပြောလက်စ ပြန်ကောက်ရရင်တော့ ကွဲမယ့် စုံတွဲကိုမှ ရွေးပြီး အရံ လုပ်ခိုင်းမိသွားလို့ သူတို့မောင်နှံမှာလည်း တစ်ညတောင် မပေါင်းလိုက်ရဘဲ ဖင်မမည်းခင် ကွဲကြရလေတယ်လို့ ဓာတ်သိတွေက ကျွန်တော်တို့ကို ထောမနာပြုခဲ့ကြဖူးပါတယ်။

ပြောချင်တာက အိမ်ရာတစ်ခု ထူထောင်မယ်ဟေ့လို့ ကြံစည်လိုက်ချိန်မှ စတင်ကာ ကျွန်တော်တို့ လူသားများရဲ့ ဘဝတွေမှာ တစ်နွယ်ငင် တစ်စင်ပါလာတဲ့ နှစ်ဖက်မိဘ၊ မောင်နှမ သားချင်းများကြောင့် စိတ်နောက်စရာ ကြုံရချက်တွေက မသက်သာ လှတဲ့အကြောင်းပါခင်ဗျား။

အဲဒီ့အဆင့်ကို ကျော်လိုက်ပြီးသကာလ အိမ်ထောင်သည်ဘဝ ရောက်သွားတော့လည်း သည်ပြဿနာက အေးမသွား၊ လျော့မသွားတဲ့အပြင် ဘိုးဘိုးအောင် တန်ခိုးနဲ့ အဆများစွာ တိုးပြီး မရိုးနိုင်သော လင်မယားကြားက ရန်ပွဲများဟာ တိုးတိုးတစ်သွယ်၊ ကျယ်ကျယ်တစ်ဝ၊ ငိုချင်းချတဲ့သူက ချနေရတဲ့အထိ မချိတရိနဲ့ တအိအိ လှိုက်စားနေတတ်ပါတယ်။

အဲတော့ အဲဒီ့ပြဿနာတွေကို ရင်ဆိုင်ကိုင်တွယ်မယ်ဆိုရင် ပထမဆုံးအချက်ကတော့ လင်ရယ်၊ မယားရယ်ဖြစ်လာကြပြီဆိုတာနဲ့ မိမိတို့ဘာသာ တစ်အိုးတစ်အိမ် သတ်သတ် ခွဲနေနိုင်တာ အကောင်းဆုံးပါပဲ။ အများစုရဲ့ စီးပွားရေး အခြေအနေ အထွေထွေအရ အဲသလို အိမ်ခွဲနေဖို့ဆိုတာကလည်း လူတိုင်းအတွက် မလွယ်လှဘူးမှန်း နားလည်ပေးလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်အိမ်သူ နုစဉ်အခါက ပြောနေကျ စကားလေးကို ငှားသုံးရရင်တော့ ကြမ်းခုနစ်ချောင်းလေးပဲ ပါတဲ့ အိမ်လေးပဲ ဖြစ်စေဦးတော့ ကိုယ့်အိမ်လေးနဲ့ကိုယ်၊ ကိုယ့်မိသားစုလေးနဲ့ ကိုယ် နေနိုင်အောင် ကြိုးစားပြင်ဆင်ပြီးမှ လင်ယူ မယားယူမယ် ဆိုရင်တော့ တစ်နွယ်ငင်တစ်စင်ပါတွေရဲ့ အနီးကပ် ရန်ကို ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်အိမ်နဲ့ ကိုယ်ဆိုရင်တော့ နှစ်ယောက်တစ်ဘဝ ဆောက်ကြတဲ့ အိမ်ထောင်ရေးဘဝထဲကို အပြင်လူများ ဝင်ရောက်စွက်ဖက်နိုင်မယ့် အချိန်ကာလကလည်း လျော့နည်းနေတော့မှာ အမှန်ပါ။

သို့သော် မခေါ်ချင်နေလို့ရတယ်၊ မတော်ချင်နေလို့ မရတဲ့ ဆွေမျိုး မိဘမောင်နှမတွေ၊ အသားဖြတ်ပေမယ့် အရိုးမပြတ်နိုင်တဲ့ အရင်းအချာတွေကတော့ ကိုယ်ချစ်လို့ ကိုယ့်မြတ်နိုးလို့ ယူထားတဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ အပိုဆုအဖြစ် မလွဲမသွေ ပါနေမှာကလည်း ရှောင်လွှဲလို့ မရနိုင်တဲ့ ဓမ္မတာတစ်ရပ်ပါ။ အတူမနေလို့၊ ကိုယ့်အိုးကိုယ့်အိမ်နဲ့ သတ်သတ် ခွဲနေနေလို့ သူတို့တွေရဲ့ စွက်ဖက်မှု စက်ကွင်းက လွတ်ပြီလို့ မဆိုနိုင်ပါဘူး။

တကယ် အရင်းစစ်လိုက်ရင်တော့ ချစ်ခြင်းမေတ္တာနဲ့ စွက်ဖက်မှုဟာ ဘယ် ညာ ယှဉ်တွဲပြီး ခွဲမရအောင် ပူးကပ်နေတာမျိုးပါ။ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပေါ့ဗျာ။ တစ်ဖက်က ချစ်ခြင်းမေတ္တာ၊ တစ်ဖက်က စွက်ဖက်မှု၊ ထိုနှစ်ခုက ကျောချင်း ကပ်နေတယ်၊ တစ်သားတည်း ဖြစ်နေတယ်။ ခွာလို့ မရဘူးခင်ဗျ။

မတ်တတ်ပြေး ကလေးလေးတစ်ယောက်နဲ့ သူ့မိဘကိုပဲ စဉ်းစားကြည့်ရအောင်ပါဗျာ။ ကလေးလေးက မတ်တတ်ပြေးစ၊ သူ့ကိုယ်သူ မထိန်းနိုင်သေးဘူး။ အဲဒီ့အချိန်မှာ တအားပြေးတော့ မိဘက ပူတယ်။ “ဟဲ့… သား တအား မပြေးနဲ့”လို့ ပြောလိုက်တယ်။ ဒါဟာ ကလေးလေးရဲ့ စမ်း လုပ်ကြည့်ပိုင်ခွင့်ကို စွက်ဖက်လိုက်တာပဲ မဟုတ်ပါလားခင်ဗျာ။ သို့သော် ဘယ် မိဘကမှ အဲဒါကို စွက်ဖက်တယ်လို့ မမြင်မိပါဘူး။ ကိုယ့်သားကိုယ် ချစ်လို့၊ ကလေးထိခိုက်မှာ ပူပန်လို့သာ သည်စကား ပြောလိုက်တာမှန်း လူတိုင်း သိကြပါတယ်။ အဲဒါဟာ ချစ်ခြင်းနဲ့ စွက်ဖက်ခြင်းတို့ရဲ့ အဆက်အစပ်ပါပဲ။

“မောင်ရယ် ဆေးလိပ်တွေ အရမ်းမသောက်ပါနဲ့ကွယ်”ဆိုတဲ့ ချစ်သူကရော သူ့ချစ်သူရဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပိုင်ခွင့်ကို စွက်ဖက်လိုက်တာပဲ မဟုတ်ပါလား။ သို့သော် အဲဒါ မောင့်ကို ချစ်လို့၊ မောင့်မှာ အနာရောဂါ ကင်းရှင်းစေချင်လို့ဆိုတဲ့ ချစ်စေတနာလေးလည်း ပါနေတာကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

သားအမိ သားအဖချင်း၊ မောင်နှမချင်း၊ သူငယ်ချင်း အရင်းအချာချင်း၊ အိမ်ထောင်ဖက်ချင်းလို ရင်းနှီးချစ်ခင်ကြသူတွေရဲ့ ကြားမှာ အဲဒီ့ချစ်ခြင်းနဲ့ စွက်ဖက်ခြင်းဟာ အမြဲတစေ ရောယှက်နေတတ်ပါတယ်။ ကိုယ့်သားသမီးက ချိန်တန်ရွယ်ရောက် လူလားမြောက်ပြီး အိမ်ထောင်သည်ဖြစ်သွားပေမယ့် ကိုယ့်သားသမီးဘဝကနေ သူစိမ်းဘဝကို ပြောင်းသွားတာမှ မဟုတ်တာမို့ မိဘတွေဟာ အိမ်ထောင်သည် သားသမီးတွေကို ချစ်ခင်စိတ်နဲ့ ပြောမိ၊ ဆိုမိ၊ အကြုံပမိကြရင်းကနေ သူတို့ဘဝထဲကို ဝင် ဝင် စွက်ဖက်ရာ ရောက်သွားတတ်ကြပါတယ်။ အလားတူပဲ၊ ကိုယ့်မောင်၊ ကိုယ့်နှမ၊ ကိုယ့်အစ်ကို၊ ကိုယ့်အစ်မက အိမ်ထောင်ရက်သား ကျသွားပေမယ့်လည်း သူတို့တွေဟာ ကိုယ့်အရင်းအချာ ညီအစ်ကို မောင်နှမဘဝက ပြောင်းသွားတာ မဟုတ်တဲ့အတွက် အိမ်ထောင်မကျခင်တုန်းကလိုပဲ ပြောမိ၊ ဆိုမိ၊ အကြံပြုမိ၊ ဆိုးနွဲ့မိရာကနေ အိမ်ထောင်သည်ဖြစ်သွားသူရဲ့ ဘဝထဲကို ဝင်ပြီး စွက်ဖက်မိသလိုလည်း ဖြစ်ကုန်တတ်ပါတယ်။


သည်အခါမှာ လူတိုင်း သတိထားအပ်တဲ့အချက်က ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမဟာ အိမ်ထောင်သည်ဖြစ်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်နဲ့ ဆိုင်သာ ဆိုင်တော့တယ်၊ အရင်လို မပိုင်နိုင်တော့ဘူးဆိုတဲ့ အသိလေးကို မဖြစ်မနေ မွေးမိကြမယ်ဆိုရင်တော့ အိမ်ထောင်သည်တွေလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း အဲဒီ့အိမ်ထောင်ရှင် ဇနီးမောင်နှံနဲ့ ပြေပြေပြစ်ပြစ် ကျေကျေလည်လည် ရှိနေမှာ မလွဲပါဘူး။


ပြောမယ့်သာ ပြောရတာ တော်ရုံလူအတွက်က အဲလို စိတ်မျိုး မွေးနိုင်ဖို့ဆိုတာ အခက်သားကလား။ အဲတော့ အိမ်ထောင်ရှင်တွေဘက်က လုပ်နိုင်တဲ့ နည်းလမ်းကို ပြန်ကြည့်ရအောင်ပါ။

အိမ်ထောင်ပြုပြီဆိုတာနဲ့ ကိုယ်ဘယ်လမ်းကို ရွေးလိုက်တာလဲဆိုတာ မမေ့ရင် အကောင်းဆုံးပါပဲ။ သားကောင်းတစ်ယောက်၊ သမီးကောင်းတစ်ယောက် ဖြစ်ချင်ရင် နဂိုကတည်းက အိမ်ထောင် မပြုသင့်ဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်။ အိမ်ထောင်သည် ဖြစ်လာပြီဆိုကတည်းက ခင်ပွန်းကောင်းဘဝ၊ ဇနီးကောင်းဘဝကို မလွဲမသွေ ရွေးထိုက်ပါပြီ။ သားကောင်း သမီးကောင်းဟာ ဘယ်တော့မှ ခင်ပွန်းကောင်း၊ ဇနီးကောင်းဘဝကို မရနိုင်သလို ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်နေသူဟာ လည်းပဲ သားကောင်း သမီးကောင်းအဖြစ် အများအမြင်မှာ တင့်တယ်နေမှာ မဟုတ်တာကို အိမ်ထောင်ရှင်တိုင်း သတိထားသင့်လှပါတယ်။

လှေနံနှစ်ဖက် နင်းလို့ မရသလို အိမ်ထောင်ရေးဘဝမှာ စိတ်မညစ်ချင်ရင်လည်း ခြံစည်းရိုးပေါ် ခွထိုင်နေလို့ မဖြစ်ပါဘူး။ အမေ့ကိုလည်း စိတ်ချမ်းသာစေချင်၊ ကိုယ့်ဇနီးကိုလည်း စိတ်ချမ်းသာစေချင်တာတော့ လင်သားတိုင်းပါပဲ။ သို့ပေမယ့် အရေးဟဲ့၊ အကြောင်းဟဲ့ဆိုရင် အမေ့ဘက်လိုက်ရ ကောင်းနိုးနိုး၊ မယားဘက် လိုက်ရကောင်းနိုးနိုးနဲ့ ဗျာများရတာကလည်း ကျွန်တော်တို့ ယောက်ျားသားတွေရဲ့ မဟာ့မဟာပြဿနာဖြစ်နေတတ်ပြန်ပါတယ်။ ရှိသေးတယ်၊ မအေဆိုတာ အစားမရနိုင်ဘူး ဆိုတဲ့ စကားနဲ့ မယားကို ရန်လုပ်သူတွေလည်း သည်လောကမှာ မနည်းဘူး ခင်ဗျ။ ကျွန်တော်က အဲလိုလူတွေကိုဆို သိပ် မေးချင်တာပဲ။ ဒါဆို သူ့ဘဝလေးနဲ့သူ အေးအေးချမ်းချမ်း နေနေခဲ့တဲ့ သူများ သားသမီးကို ဘာဖြစ်လို့များ မယားအဖြစ် ယူခဲ့သေးတုံးဗျာလို့။

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်ယူထားတဲ့ ဇနီးမယားရဲ့ စိတ်ချမ်းသာမှုဟာ ကိုယ့်တာဝန်ဖြစ်လာပါပြီ။ မိန်းမတွေအတွက်လည်း အတူတူပါပဲ။ အိမ်ထောင်ပြုပြီဆိုတာနဲ့ ကိုယ့်ခင်ပွန်း စိတ်ချမ်းသာအောင် ဆောင်ရွက်ရေးဟာ ကိုယ့်ရဲ့ အဓိက ဦးစားပေးကိစ္စပါ။ ကိုယ့်မောင်ကို ဦးစားပေးချင်၊ ကိုယ့်အဖေကို ဦးစားပေးချင်၊ ကိုယ့်အမေကို ဦးစားပေးချင်ရင် အစောကြီးကတည်းက အိမ်ထောင်ပြုဖို့ မစဉ်းစားပါနဲ့လားလို့သာ ကျွန်တော်ကတော့ မညှာမတာ ပြောလိုက်ချင်ပါတယ်။

သည်လိုကျတော့ တချို့က မေးချင်ပေလိမ့်မယ်။ ခင်ဗျားတုန်းကရော ဘယ်လို နေခဲ့တုံးလို့။ ကျွန်တော်ဟာ ကိုယ်ကိုယ်တိုင် မလုပ်နိုင်ဘဲ သူများကို လုပ်ပါလို့ တိုက်တွန်းတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ အမေ့မှာ တခြား သားထောက်သမီးခံ မရှိပါဘူး။ သို့ပေမယ့် အိမ်ထောင် ပြုလိုက်တဲ့အချိန်က စပြီး ကျွန်တော်ဟာ လင်ကောင်းတစ်ယောက်ဘဝကို သိသိသာသာ ဘက်လိုက် ရွေးချယ်ခဲ့တာ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး အသိပါ။ အမေအိုကြီးကို တစ်ယောက်တည်း ပစ်ထားတဲ့ သားမိုက်အဖြစ် ကျွန်တော့်ကို အများက သတ်မှတ်ထားကြပါတယ်။


ကျွန်တော့်ဘဝ ကျွန်တော် လျှောက်ရမှာပါ။ ကျွန်တော့်ဇနီး၊ ကျွန်တော့်သမီးနဲ့ သားတို့ပါဝင်တဲ့ ကျွန်တော်တို့ မိသားစုဘဝဟာ ကျွန်တော့်အတွက်တော့ နံပါတ်တစ်ပါပဲ။ အဲဒီ့နေရာမှာ ဘယ်သူ့ကိုမှ မပေးနိုင်တော့ပါဘူး။ မိခင်မေတ္တာ ကြီးမားတာ၊ မိခင် နေရာမှာ ဘယ်သူ့ကိုမှ အစားထိုးလို့မှ မရတာများကို ကျွန်တော် အပြည့်အဝ လက်ခံပါတယ်။ နားလည်ပါတယ်။ သို့ပေမယ့် မေမေ့ကို ချစ်တာ၊ ဦးထိပ်ထားတာက တခြား၊ ကျွန်တော့်မိသားစုဘဝကို ဦးစားပေးတာက တခြားလို့သာ ခံယူထားပါတယ်။


ဒါ့ကြောင့် ကျွန်တော့် မိသားစုဘဝထဲ မေမေ့ကို လုံးဝ အဝင်မခံခဲ့ပါဘူး။ လာတယ်၊ သွားတယ်၊ စားတယ်၊ သောက်တယ်၊ ဒါက ပြဿနာမရှိဘူး။ သို့သော် မေမေ့မှာ ကျွန်တော့်အိမ်ထောင်ရေး၊ ကျွန်တော့်မိသားစုအရေးထဲမှာ ဝင်ရောက် ဆုံးဖြတ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော့် စိတ်နေစိတ်ထား၊ ကျွန်တော့်အရေးအသား၊ ကျွန်တော့်အပြောအဆို၊ ကျွန်တော့်အနေအထိုင်ကို ပြောဆို ဝေဖန်ပိုင်ခွင့် မေမေ့မှာ သေသည်အထိ အပြည့်ရှိသွားပါတယ်။ ကျွန်တော်က အိမ်ထောင်သည် ဖြစ်နေပေမယ့် မေမေ့သားပဲလေ။ ဒါပေမယ့် ကျွန်တော့်ဇနီး၊ သားသမီးတွေနဲ့ ပတ်သက်လာရင်တော့ မေမေ့မှာ ပြောဆို ဝေဖန်ပိုင်ခွင့်ရှိနေသေးသည့်တိုင် အဲဒါကျတော့ အတိုင်းအတာတစ်ခုအထိသာ ကျွန်တော် လက်ခံခဲ့ပါတယ်။ လိုအပ်ရင် ဒါတော့ မပြောပါနဲ့ မေမေလို့ ကျွန်တော် တားခဲ့ဖူးပါတယ်။

အိမ်ထောင်ရှင်တွေဖြစ်လာရင် ဘက်နှစ်ဖက်မှာ ဘယ်ဘက်က လိုက်မလဲဆိုတဲ့ ပြဿနာက တက်လာစမြဲပါ။ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာဆိုတဲ့ အခြေအနေမျိုးဟာ သစ်ပင်မှ ဖြစ်မှာပါ။ လူဆိုတာက သစ်ပင် မဟုတ်ပါဘူး။ ရှဥ့်ကို လျှောက်စေချင်ရင် ပျားအုံကို တုတ်နဲ့ ထိုးချင် ထိုးရပါမယ်၊ ပျားအုံကို စွဲစေချင်ရင် ရှဥ့်လျှောက်လို့ မရတော့တာကို မသိချင်ယောင် ဆောင်နေတတ်ရပါမယ်။ အလားတူပဲ၊ မေမေ့ကို စိတ်ချမ်းသာစေချင်၊ မောင်ကို စိတ်ချမ်းသာစေချင်၊ အစ်မကို စိတ်ချမ်းသာစေချင်ရင် ကိုယ့်လင်၊ ကိုယ့်မယားသာမက ကိုယ့်သားသမီးတွေပါ စိတ်ညစ်ချင် ညစ်ရနိုင်တာကို ထည့်တွက်ဖို့ လိုပါတယ်။

အိမ်ထောင်ရှင်ဖြစ်လာမှတော့ ဘယ်သူ့ကို ဦးစားပေးသင့်လဲဆိုတာကို ကျွန်တော် အထူးပြောစရာ မလိုပါဘူး။

နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများ ခင်ဗျား။ အခုတစ်ပတ် ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်မှာ အကြောင်းအရာ နှစ်ရပ်ပါပါတယ်။
ပထမတစ်ရပ်က ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမဟာ အိမ်ထောင်သည် ဖြစ်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်နဲ့ ဆိုင်သာ ဆိုင်တော့တယ်၊ မပိုင်နိုင်တော့ဘူးဆိုတဲ့ အသိလေး မွေးသင့် မမွေးသင့်ဆိုတဲ့ အကြောင်းအရာပါ။

ဒုတိယတစ်ရပ်ကတော့ အိမ်ထောင်ရှင် ဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ့်မိသားစုဘဝကိုသာ ဦးစားပေးသင့် မပေးသင့် စဉ်းစားကြဖို့ပါပဲ။
သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးတွေဟာ အခု နားသောတဆင်နေကြတဲ့ ပရိသတ်ကြီးရဲ့ ရင်ထဲမှာလည်း အုံနဲ့ ကျင်းနဲ့ တွယ်ငြိနေတန်ကောင်းတဲ့ အကြောင်းအရာတွေလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာကို တတ်စွမ်းသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

Advertisements
7 Comments leave one →
  1. ဇင်ယော် permalink
    27 March 2010 5:24 pm

    saya
    i don’t do this post so much coz this is so boring.this is not active and most of the youths might not be interested.

    • lettwebaw permalink
      27 March 2010 7:39 pm

      ဆရာ ဇင်ယော် ခင်ဗျား။ Comment အတွက် ကျေးဇူးတင်ပါတယ်။ သို့သော် အပန်းမကြီးဘူးဆိုရင် မြန်မာလို ရေးစေချင်ပါတယ်။ I don’t do this post ဆိုတာ ဘာကို ပြောချင်မှန်း ကျွန်တော် မသိပါ။ cos this is so boring ဆိုတာကတော့ အလွန် ပျင်းစရာကောင်းတယ်လို့ အတင်း နားလည်ယူလိုက်ပါတယ်။ this is not active ဆိုတာလည်း နားမလည်ပြန်ပါ။ the youths might not be interested ဆိုတာကတော့ လူငယ်တွေ စိတ်ဝင်စားချင်မှ စိတ်ဝင်စားလိမ့်မယ် (စိတ်ဝင်စားချင်လည်း စိတ်ဝင်စားနိုင်တယ်)ဆိုတဲ့ အနက်မျိုး ထွက်နေပါတယ်။ သို့ဖြစ်သဖြင့် မြန်မာလိုလေးသာ ရေးမည်ဆိုလျှင် ဆရာ ဇင်ယော် ဘာပြောချင်မှန်း ကျွန်တော် ကွက်ကွက်ကွင်းကွင်း သိနိုင်မှာမို့ မြန်မာလိုလေး ရေးပေးရန် လေးစားစွာ ပန်ကြားပါရစေလားခင်ဗျား။

  2. လင်းယုန် permalink
    27 March 2010 10:53 pm

    သို့
    ဇင်ယော်
    မှ
    လင်းယုန်

    အိုးးး..လူထဲမှာနေလို့ လူမူ့ရေးပြဿနာတွေကို ဖတ်ရတာ သိရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ့်နဲ့ အကြောင်းတိုက်ဆိုင်လာတဲ့ အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာ သိသွားတာပေါ့။
    ကိုဇင်ယော်လည်း မိန်းမဘက်က အမျိုးဒဏ် တသက်လုံး မခံရတော့ဘူးလို့ ဘယ်အတတ်ပြောနိုင်ဦးမလဲ…. နော်..။ မိန်းမက တဖက် အမေကတဖက် ကြားမှာ ဗျာတွေများလာတဲ့ တနေ့တော့ စိတ်ဝင်စားလာမှာပါ…။

    သင့်
    လင်းယုန်

  3. smms permalink
    28 March 2010 12:34 pm

    ကျေးဇူးတင်ပါတယ်ဆရာ။ သက်ဆိုင်သူ တစ်ဦးတည်းသေားသား ကိုလည်း ပေးဖတ်လိုက်ဦးမယ် 😀
    လွန်ခဲ့တဲ့ ၂ ရက်က အလည်လွန်နေလို့ ဆရာ့post ကိုတော်တော်နဲ့ comment မလုပ်နိုင်ဘူး။

  4. ဝေေ၀ permalink
    29 March 2010 5:32 pm

    အရမ်းကို ကောင်းတဲ့ပို့စ်ပါ ..ဘကြီး…အမေအစားမရဘူး။ မိန်းမက ထပ်ယူရင်ရတယ်ဆိုတဲ့အမျိုးသားကို ဖတ်ခိုင်းရမယ်။ ဒီပို့စ်အတွက် အရမ်း ကျေးဇူးတင်တယ်။ မီးက ပျက်လိုက်လာလိုက်နဲ့ဆိုတော့ FM က နားမထောင်ဖြစ်ဘူး။ ခုလိုတင်ပေးတာ ကျေးဇူးအနန္တပါနော်း)

  5. မိုးသူ permalink
    14 April 2010 8:49 am

    FM နားထောင်လို့ မရတဲ့ ဒေသမှာမို့  အင်တာနက်ကနေ ဒီပိုစ့်လေးဖတ်ခွင့်ရတဲ့အတွက် ထိုင်တောင်ရှိခိုးချင်မိပါတယ် ဆရာ။

  6. myo min permalink
    5 August 2011 8:06 am

    ဆရာ
    ကျွန်တော်က မျက်စိလည်ပြီး ဆရာ့BLOG ကိုရောက်ခဲ့တာပါ။ပြန်မထွက်ဖြစ်တော့ဘူးဆရာ။အသိနောက်ကျသွားတယ်။ခုနိုင်ငံခြားရောက်မှပဲ သိတော့တယ်။ဖတ်တာမကုန်သေးဘူးဆရာ။
    နေ့တိုင်းဝင်ဖတ်ဖြစ်နေပါတယ်။အမျိုးစပ်ရရင်ကျွန်တော်လည်း ရန်ကုန်က သြစီ သံရုံးမှာ ၂၀၀၅ ကနေ ၂၀၀၉ အကုန်ထိ ဝန်ထမ်းလုပ်ခဲ့ပါတယ်ဆရာ။ဆရာ အလုပ်ဝင်ခဲ့ဖူးတာလည်း ကြားခဲ့ပါတယ်။
    ဒီပို့စ်ကတော့ ကျွန်တော် လက်ရှိဖြစ်နေတဲ့ ပြဿနာပါပဲဆရာ။အကြံပေးချက်တွေအတွက် ကျေးဇူးအထူးတင်ပါတယ်။မိန်းမကို ဆရာ့ အကြံပေးချက်ပြောပြရင် သူလည်း ဝမ်းသာသွားမှာပါ။သူလည်း ဆရာ့ပရိသတ်ပါပဲဆရာ။ကျေးဇူးတင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: