A Way of Thinking

တွေးပေါက်

၁၆နှစ်သားလေးတစ်ယောက် ကျွန်တော့်ထံ ဖုန်းဆက်သည်။ သူ့အသက်က လာမည့်လတွင် ၁၆နှစ်ပြည့်တော့မည်ဟုဆိုသည်။ ကျွန်တော့် စာဖတ်ပရိသတ်ဟုလည်း ဆိုပါသည်။ ဆယ်တန်းဖြေထားသည်တဲ့။ သူ့နေရပ်၊ သူ့အမည်ကို မေးတော့လည်း ဖြေပါသည်။


သို့ဖြင့် သူမေးချင်တာမေးရန် လမ်းဖွင့်ပေးလိုက်သောအခါ သူကြိုက်နေသော ကောင်မလေး တစ်ယောက်ရှိနေကြောင်းနှင့် ထိုကလေးမလေး သူ့ကို ပြန်ကြိုက်လာစေရန် မည်သို့ ချဉ်းကပ်ရမည်နည်းဟု မေးပါသည်။


သည်မေးခွန်းက ကျွန်တော့်အတွက် ရိုးတာနေသော မေးခွန်းပင်ဖြစ် သည်။ ခဏခဏအမေးခံရဖန်များသဖြင့် “ဖူးငုံ”ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ပင် “ဂေါ်ဖတ်စာ”ဟု အခန်းဆက်ရေးခဲ့ဖူးသည်မှာ တစ်နှစ်လောက်ပင် ရှိပါသေးသည်။ “ကျွန်တော့်စာဖတ်ပရိသတ်”ဟုဆိုထားသော လူငယ်လေးမှာ ထိုစာကို ဖတ်ဖူးထားဟန်မတူချေ။ ကျွန်တော် ရေးပြီးသားကိုပင် တခုတ်တရ မေးနေပြန်တော့သည်။


ကျွန်တော်လည်း ဖြေပေးလိုက်ပါသည်။ သည်မေးခွန်းက သူလို လူပျိုပေါက်စတွေသာမက တက္ကသိုလ် တတိယနှစ်ကျောင်းသားတွေ မေးတာကိုပင် လွန်ခဲ့သည့်လကမှ ကြုံခဲ့ပြီးဖြစ်သည်။ ကျွန်တော့်အတွက် အပန်းမကြီးလှပါ။ ဖြေပေးလိုက်ပါသည်။

သူက နောက်တစ်ခု မေးစရာ ရှိသေးတယ်ဟု ဆိုပါသည်။ “ကဲ… မေး”ဟု ဆိုသောအခါ သူက သင်္ကြန်မှာ ရေကစားချင်တယ်၊ သို့သော် သူ့မှာ ပိုက်ဆံ မရှိသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု မေးပြန်ပါသည်။

သူ ဖုန်းဆက်သောအချိန်သည် မတ်လ နောက်ဆုံးပတ် ဖြစ်သည်။ သင်္ကြန်က ဧပြီလလယ်။ သူက ရေကစားဖို့ ပိုက်ဆံလိုသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု ကျွန်တော့်ကို မေးပြီ။ မေးသမျှ ဖြေပေးနေသူ ကျွန်တော့်မှာ စိတ်ပိန်သွားရပါသည်။

“နေပါဦးကွ… သား အမေမိဘတွေက ဘာအလုပ်လုပ်ကြသလဲ…”

“အဲ… သားအမေက ဆုံးသွားတာ နှစ်ရက်ပဲ ရှိပါသေးတယ်…”

ကျွန်တော် စိတ်ပိန်ရာမှ စိတ်လေသွားပါတော့သည်။ အမေ ဆုံးတာမှ နှစ်ရက်ရှိသေး၊ သူက ရည်းစားထားရေးကိစ္စကို အရေးတကြီး မေးနေသလို သင်္ကြန်ပျော်ဖို့အတွက်လည်း တွက်ချက်ပူပင်နေလေသည်။ ဟုတ်… ဟုတ်သေးတော့ဟု တွေးမိနေရသည်။

အလုပ်ရှာပေးသော လုပ်ငန်းတစ်ခုအမည်နှင့် လိပ်စာကို ပြောပြပေးလိုက်အပြီးတွင် သူဖုန်းချသွားသည်။ သူကသာ ဖုန်းချသွားသည်၊ ကျွန်တော်ကတော့ သူ့စကားများကြောင့် အူချာချာ ကျန်ရစ်ပါသည်။

ကျွန်တော့်သားသမီးတွေလည်း သူ့လိုပင် ဖြစ်နေကြမည်လားဟု တွေးမိသောအခါ အလန့်တကြား ဖြစ်သွားပါသည်။ စိတ်ကူးထဲတွင် ကျွန်တော် သေကြည့်မိရပြန်သည်။ (အခုတလော ကျွန်တော် ခဏခဏ သေကြည့်မိနေသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ကျွန်တော့်ထက် ငယ်သူတွေ၊ မတိမ်းမယိမ်းတွေ၏ နာရေးကိစ္စနှင့် ကြုံရလေတိုင်း ကျွန်တော် သေကြည့်မိနေသဖြင့် “သေကြည့်မိရပြန်သည်”ဟု ရေးလိုက်ခြင်းပင် ဖြစ်ပါသည်။)

ကျွန်တော့် သမီးနှင့်သားရော ထိုသူငယ်လေးလို သူတို့ ရည်းစားကိစ္စ၊ သူတို့အပျော်အပါးကိစ္စကိုသာ ဇန်းတင်နေကြမည်လားဟု တွေးကြည့်လိုက်မိသောအခါ ထိတ်ပျာလာသလိုလို။

မဟုတ်သေးပါဘူး…

ထို “မဟုတ်သေးပါဘူး”က ကျွန်တော့်ကို လာနှောင့်သည်။ ကျွန်တော် ကိုယ်တိုင်လည်း ၁၉နှစ်သားအရွယ်တွင် ဖခင် ပျောက်ဆုံးသွားတာကို ကြုံ ခဲ့ရဖူးသည်။ ကျွန်တော့်အဖေက သေသွားတာ မဟုတ်၊ ပျောက်သွားတာ ဖြစ်သည်။

၁၉၇၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် နယ်သို့ အော်ဒါရသည်ဟု ဆိုကာ ကားဖြင့် အိမ်မှ ထွက်သွားသည်။ သုံး-လေးရက်အကြာမှာ မန္တလေး ဟံသာဝတီနေ့စဉ်ထဲမှာ ထိုကားကို ပိုင်ရှင်မဲ့အဖြစ်တွေ့ရှိသဖြင့် ရဲက သိမ်းဆည်းထားကြောင်း သတင်းပါလာသည်။ ကားနံပါတ်ကို သိနေသော မန္တလေးသား သူငယ်ချင်းတစ်ဦးက အိမ်ကို လှမ်းဖုန်းဆက်တော့မှ ကျွန်တော်တို့ သားအမိ မန္တလေးကို အူယားဖားယား လိုက်သွားရသည်။

ကားက မေမေ့နာမည်နှင့်ဖြစ်သဖြင့် ပြန်ရလာသည်။ အဖေ့ကိုမူ မတွေ့ရတော့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရေတာရှည်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးတစ်ဦး အိမ်သို့ ရောက်လာကာ အဖေ ပျောက်သွားသည့်ရက်ပိုင်းအတွင်းက သူ့အပိုင်ထဲမှ ရန်ကုန်-မန္တလေး ကားလမ်းဘေး ရေမြောင်းထဲတွင် အလောင်းတစ်လောင်း ပေါ်ခဲ့ကြောင်း လာရောက် အကြောင်းကြားပါသည်။ သူအကြောင်းကြားချိန်၌ အလောင်းကို မြှုပ်နှံပြီးခဲ့သည်မှာ တစ်နှစ်ပင်ကျော်ပြီမို့ ကျွန်တော်တို့လည်း ဖော်ကြည့်မနေတော့ပါ။

သူ သိမ်းဆည်းထားသော လက်ပတ်နာရီ၊ ပုဆိုးစ၊ အင်္ကျီစ စသည်များအရ အဖေ ဝတ်ဆင်ထားသော အဝတ်အစားများ ဖြစ်ငြားလည်း ကျွန်တော်တို့ ဖော်ပြသော ပုံပန်းနှင့် အဖေ့ပုံပန်း ကွဲလွဲနေသည်ဟု စခန်းမှူးက ဆိုသည်။ အလောင်းကို စခန်းမှူးနှင့်အတူ စစ်ခဲ့သည်ဆိုသော မြို့နယ် ဆရာဝန်ကြီးကို သွားမေးပြန်တော့ ကျွန်တော်တို့ ပြောသော ပုံပန်းနှင့် အလောင်းပုံပန်းက သိပ်မကွာဟု ဆိုပြန်သည်။

သေချာ မေးကြည့်တော့ နှစ်ဦးစလုံးက အလောင်းကို တော်တော် လှမ်းလှမ်းမှ စစ်ဆေးခဲ့ကြခြင်းသာဖြစ်သည်။ ထိုနေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာနေသည်။ အလောင်းကလည်း နံစော် ပုပ်ပွနေသဖြင့် အနားသို့ မကပ်ခဲ့ကြဟု သိရပါသည်။

သို့ဖြင့် ကျွန်တော့်မှာ ယနေ့ထက်တိုင် အဖေ့အတွက် ဆွမ်းလည်း မသွပ်ရ၊ အဖေ့ပင်စင်လည်း မထုတ်ရတော့ပါ။ အဖေက တရားဝင် သေသွားတာမှ မဟုတ်တာလေ။

ထားပါတော့… မူလ စကားစပ်နှင့် ပြန်ချိတ်ရလျှင် ထိုစဉ်က အသက် ၁၉နှစ်သာ ရှိသေးသော ကျွန်တော်သည် အဖေပျောက်သွားသဖြင့် ဘယ်လို မှ မဘယ်လိုခဲ့ပါ။ မှန်ရာကို ဝန်ခံရလျှင် အမေ့ကိုရော ကျွန်တော့်ကိုပါ ရိုက်နှက်ဆုံးမတတ်သော ကျွန်တော်တုန်နေအောင် ကြောက်ရသူ မရှိတော့ သည့်အတွက် ဝမ်းတောင်သာနေခဲ့ပါသေးသည်။

မန္တလေးမှ ကျွန်တော့်ထက် အသက်၂၀မျှ ကြီးသော ကျွန်တော့်အစ်မ နှစ်ဝမ်းကွဲကဆိုလျှင် “ဟဲ့ကောင်လေး… မင့်အဖေက ပျောက်နေတာနော်။ ပါးစပ်ကြီး နားရွက်ချိတ်မတတ် အူမြူးမနေနဲ့။ မင့်အဖေ မင်္ဂလာဆောင် မဟုတ်ဘူး”ဟု ကျွန်တော့်ကို မာန်ခဲ့ရသည်အထိပင်။

ထိုဖြစ်ရပ်ကို ပြန်လည် ဆင်ခြင်မိသောအခါ ကျွန်တော့်ထံ ဖုန်းဆက် သူ ၁၆ နှစ်သားလေးကို အပြစ် မမြင်ရက်တော့သလို ဖြစ်လာရပါသည်။ သူလည်း သူ့အကြောင်းနှင့်သူ ရှိမှာပေါ့လေဟု စတွေးမိသွားပါသည်။

တစ်ဆက်တည်းမှာပင် လွန်ခဲ့သည့် တစ်လ မပြည့်ခင်အချိန်မှာ ကျွန်တော်တို့ ဇနီးမောင်နှံ အသုဘအိမ်သို့ သွားခဲ့သည်ကို သတိရသည်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက်၏ ခင်ပွန်း တိမ်းပါးသွားသည်ဟု သိလိုက်ရသည်။ ထိုပုဂ္ဂိုလ်၏အရွယ်က အရွယ်ကောင်း၊ ၄၁နှစ်သာ ရှိသေးသည်။
သာရေးကို မသွားလို့ကောင်းပေမင့် နာရေးကျတော့ သွားရမည်ဟူသော အသိဖြင့် သတင်းမေးသွားခဲ့ပါသည်။

အမျိုးသမီးက တော်သည်။ ပူဆွေးမနေချေ။ သူ့အကြောင်းပြကလည်း ရှင်းသည်။ သူ့မိသားစုမှာ သူက ပူဆွေးနေလျှင် လူလားမမြောက်သေးသော သူ့သားသမီးတွေက သည်ကိစ္စဝိစ္စတွေကို စီမံခန့်ခွဲနိုင်တော့မည် မဟုတ်ချေ။ တစ်အိမ်တည်းနေ သူ့အမေကလည်း ရောဂါသည်၊ သူ့အစ်မကလည်း ရောဂါသည်၊ သူတစ်ဦးတည်းသာ ကျန်းကျန်းမာမာဆိုတော့လည်း သူကသာ အရာရာကို စီမံရတော့မည် ဖြစ်ပေရာ သူ့မှာ ကြေကွဲခွင့် မရတော့ပါဟု ဆိုပါသည်။

ကျွန်တော်က ထိုအမျိုးသမီး၏ အားမာန်သတ္တိကို ကျိတ်ချီးကျူးနေမိသည်။ တစ်ခုပဲ ဘဝင်မကျ၊ ဘယ်တော့ တွေ့တွေ့၊ ရှိုးအပြည့်နှင့် သပ်ရပ် ကျော့မော့နေတတ်သော ထိုအမျိုးသမီးမှာ ယခုအခါ မျက်နှာပြောင်နှင့်၊ ကစုပ်ကဖတ်။ တစ်စက်မှ မြင်မကောင်းချေ။

ထို့ကြောင့် အသုဘ အိမ်မှ အပြန်မှာ အတူပါသည့် ကျွန်တော့်အိမ်သူကို ပြောမိသည်။

“ကိုယ်သေသွားလို့ အသုဘကိစ္စ မပြီးသေးချိန်မှာ အဲလို မနေနဲ့နော်။ လှလှပပ၊ ကျော့ကျော့မော့မော့ ဖြီးလိမ်း ပြင်ဆင်ပြီး ဧည့်ခံ။ ငိုလည်း မနေနဲ့”

“အဲလိုကျ လူတွေက ကျွန်မကို မေးငေါ့ကြမှာပေါ့ရှင့်…”

“အေး… မေးမငေါ့အောင် ကိုယ်က အဲလို မှာသွားကြောင်း စာနဲ့ပေနဲ့ အတိအလင်း ရပ်ကျော်ရွာကျော် ရေးပေးထားခဲ့မယ်”

ကျွန်တော် အဲသလို ပြောခဲ့ဖူးပါသည်။

အဖေ ပျောက်သွားတုန်းက ကြောက်ရမည့်သူ မရှိတော့သည်မို့ ကိုယ့်ဖို့ ကိုယ်တွက်ကာ ကျိတ်ဝမ်းသာခဲ့ဖူးသော ကျွန်တော်၊ သူများအသုဘ သွားမေးသောအခါ ပူဆွေး ငိုကြွေး မနေဘဲ လုပ်သင့်တာတွေကို အားမာန် အပြည့်နှင့် ဇယ်ဆက်သလို လုပ်နေသည့် ကျန်ရစ်သူ ဇနီးသည်အား ကျိတ် ချီးမွမ်းဖူးသည့် ကျွန်တော်၊ ကျွန်တော် သေလျှင် ကျွန်တော့်ဇနီးမယား၊ သမီးသားများကိုလည်း အနေအစား မပျက်၊ ပုံမပျက်ပန်းမပျက်နှင့် မပူမဆွေးဘဲ နေကြရန် ခဏခဏ မှာတတ်ဖူးသော ကျွန်တော်…

ထိုကျွန်တော်က ယခု ၁၆ နှစ်သားလေးက သူ့မိခင် ကွယ်လွန်ပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ ကိစ္စတွေ မေးချလိုက်သောအခါ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားမိသည့်အပြင် ကျွန်တော်သေရင်ရော ကျွန်တော့်သားသမီးတွေပါ ထိုသို့ ဖြစ်ကုန်ကြမည်လားဟု တွေးနေမိခြင်းမှာ တော်တော်တော့ အမြီးအမောက် မတည့်လှပါချေ။

အမှန်တော့ ကျွန်တော် မှားနေခြင်းသာ ဖြစ်သည်။ ထို၁၆နှစ်သားလေး မှန်သည်ဟု တစ်ချက်မှာ ထက်ခနဲ တွေးမိသွားရသည်။

ကျွန်တော်က ကျွန်တော့်ဇနီးနှယ်ပင် “လူတွေ”မည်သော ပတ်ဝန်းကျင်ကို ထည့်သွင်း စဉ်းစားနေမိခြင်းသာဖြစ်သည်။ လူတွေကို စဉ်းစားသောအခါ တရားကိုယ်ကို မမြင်မိတော့ပါ။

တရားကိုယ်မှာ အရှင်းကြီးပင်။ ထိုကလေး ရည်းစားကိစ္စကို အာရုံ မထား၊ သင်္ကြန်ပျော်ဖို့လည်း စိတ်မအားဘဲ လွန်ခဲ့သည့် နှစ်ရက်က တိမ်းပါးသွားသော သူ့မိခင်ကိုသာ တသပြီး ပူဆွေးကြေကွဲနေလို့လည်း သူ့မိခင်ကတော့ ပြန်ရှင်လာမည်မဟုတ်သည်မှာ သေချာလှသော တရားကိုယ်ပင် ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က ကျွန်တော် ဝမ်းသာခဲ့သည်ဖြစ်စေ၊ ကျွန်တော် ဝမ်းနည်းခဲ့သည်ဖြစ်စေ ကျွန်တော့်ဖခင်သည်လည်း ကွယ်ပျောက်သွားရာမှ ပြန်ပေါ်မလာတော့သည်မှာလည်း တရားကိုယ်ပင်။

တစ်နည်းပြောရလျှင် သေသူက သေသွားပါပြီ။ အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားပါပြီ။ ဘာမှ မသိနိုင်တော့ပါ။

ကျန်ရစ်သည့် ရှင်နေသူတွေအတွက် အရေးကြီးသည်မှာ ဆက်ရှင်နေနိုင်ဖို့ပဲ ဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်ဘဝတွေရှိသည်၊ ကိုယ်ပိုင်ဗျာပါဒတွေ ရှိသည်၊ ကိုယ်ပိုင်သောကတွေ ရှိသည်၊ ကိုယ်ပိုင်ရည်မှန်းချက်၊ မျှော်လင့်ချက်၊ လိုအင်များလည်း အသကအသက ရှိကြပါသည်။ သည်တော့ သူတို့ ဆက်ရှင်နေကြရပါလိမ့်ဦးမည်။

ပူဆွေး ကြေကွဲနေခြင်းအားဖြင့် သေသူကလည်း ပြန်ရှင်မလာနိုင်ပါ။ သို့သော် ရှင်သူအတွက်တော့ ထိုသို့ ပူဆွေးကြေကွဲနေမည်ဆိုပါက အလုပ် ပျက်တော့မည်လည်း အမှန်ပင်ဖြစ်ပါသည်။ ကျန်ရစ်သူသည်လည်း ဘဝမှာ နောက်ထပ် ဘယ်နှရက်၊ ဘယ်နှလ၊ ဘယ်နှနှစ် ဆက်ရှင်နေဦးမည်ကို ကြိုမသိနိုင်ချေ။ သို့ဖြစ်ရာ သူ့အတွက် တစ်ရက်၊ တစ်နာရီက တန်ဖိုးရှိ နေမည်သာ ဖြစ်ပါသည်။

ကျွန်တော် သေပြီး နာရီပိုင်းအတွင်းမှာ ကျွန်တော့်သား ရည်းစားနှင့် ဖုန်းမပြောဘဲ နေနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ကျွန်တော့်သမီး ကျောင်းအပျက်ခံလိုက်လို့လည်း ကျွန်တော် ပြန်ရှင် လာတော့မည် မဟုတ်ပါ။ ကျွန်တော့်ဇနီး သနပ်ခါးမလူးဘဲ အပူရုပ်နှင့် တရှုပ်ရှုပ် ငိုနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ဒါက အင်မတန် သေချာပါသည်။

အဲတော့ ရှင်သည့်ဘဝမှာ ရှင်သူလို ဆက်နေကြမည်မှာလည်း အမှန်တော့ ဓမ္မတာ။

ထိုအချက်ကို တွေးမိသောအခါ မအေသေပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ကိစ္စအတွက် ကြောင့်ကြစိုက်နေသော ထို လူငယ်လေးမှာ ချစ်စရာကောင်းလို့ လာပါသည်။

အဓိကကတော့ တွေးပေါက်သာ ဖြစ်ကြောင်း ကျွန်တော် စဉ်းစားမိသွားရပါသည်။

ဟုတ်ကဲ့… “တွေးပေါက်”က အတော်စကားပြောပါသည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၄၀၄၀၈)

၂၀၀၈ခုနှစ် ဧပြီလ နောက်ဆုံးပတ်ထုတ် အတွေးသစ်ဂျာနယ်ထဲမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။
Advertisements

8 thoughts on “A Way of Thinking

    • ဘာသာပြန်ကြည့်တယ်။ “အဲဒါအကြောင်း စဉ်းစားရင်း ဘာဇာတ်ကောင်/ဘာစရိုက်လဲ”လို့ အနက်ထွက်လာပါတယ်။ နားမလည်ပါ။ ဘာကို ပြောချင်မှန်းလည်း မသိပါ။ မြန်မာလိုလေး ရေးပေးသွားရင် သိပ်ကောင်းမှာပဲနော်။

      • Saya, Just my humble opinion. I think there is a sarcasm in your feedback to his/her comment. It may be more positive to reply him/her like: “I don’t understand what you mean. Pls rephrase your comment or write it in Myanmar”.

      • Thank you very much indeed, Saya Aung Aung, for your valuable advice. They say “sarcasm is the lowest form of wit” and I have to admit I have that habit of badmouthing. I will take a serious note of your kind comment and behave myself in future responses. And I have also rephrased my comment.

  1. ဟုတ်တယ် ဆရာရေ … သေတဲ့လူက ပြန်ရှင်လာမှမဟုတ်တာ။ ငိုနေလဲ အပိုပါပဲ။
    အဖိုး (အမေ့အဖေ) သေတုန်းက အမေက လူမြင်သူမြင် ငိုပြမနေဘူး။ လုပ်စရာရှိတာ အကုန်စီမံပြီး လုပ်သွားတယ်။
    အမေ့အမကြီးကတော့ လှလှပပလေး ပြင်ဆင်ပြီး ပြောငိုကလေး ငိုတာ။ ငိုရင်းနဲ့ သူ့ကို ဘယ်သူတွေ ကြည့်နေလဲဆိုတာ ချောင်းပြီး အကဲခတ်သေးတယ်။ မသိတဲ့ လူတွေကတော့ သူ့ကို ၀ိုင်းသနားလို့။
    နောက် အဖိုး (အဖေ့အဖေ) သေတုန်းကလဲ အဒေါ်ဖြစ်သူက ဓာတ်ပုံထဲမှာ သူငိုတာပါအောင် ချိန်ပြီးငိုတာ မြင်ဖူးသေးတယ်။
    အဲဒီလိုတွေ မြင်ရတော့ ကျမစိတ်ထဲ ကလိကလိဖြစ်ပြီး စာတပုဒ် ရေးခဲ့ဖူးတယ်။ (လွန်ခဲ့တဲ့ ၁၉ နှစ် အနှစ် ၂၀ လောက်ကပါ)
    ဘယ်သူ့အတွက်လဲ ဆိုတဲ့ ခေါင်းစဉ်နဲ့။
    မိဘ ဘိုးဘွားတွေ ဇနီး ခင်ပွန်းတွေ သေလို့ ငိုကြ ယိုကြတာဟာ သေသူအတွက်လား၊ ရှင်သူအတွက်လား စဉ်းစားမိလို့ပါ။
    တကယ်တော့ သေတဲ့လူက သေပြီပဲ။ သေမှ ငိုနေတာထက် မသေခင် ချစ်ချစ်ခင်ခင် နေကြဖို့က အရေးကြီးပါတယ်။

    အဖေက ကျမတို့ ငယ်ငယ်ထဲက နိပါတ်တော်ထဲက ပုံပြင်လေးပြောပြပြီးမှာထားတယ်။
    မိသားစုတစုမှာ မိသားစုဝင်တယောက် သေတာကို ပူဆွေးငိုကြွေးမနေဘဲ အလောင်းကို မီးရှို့နေလို့ သိကြားမင်းက လာမေးတယ်ဆိုတဲ့ အကြောင်းလေ။ ဆရာသိမှာပါ။ အဲဒါကိုပြောပြီးတော့ အဖေသေရင် မငိုနဲ့လို့ မှာထားတယ်။
    အမေကတော့ ငါသေရင် အလုပ်ရှုပ်တာတွေ လုပ်မနေနဲ့တဲ့။ အသုဘချက်ချင်းသာချလိုက်လို့ ပြောတယ်။
    မသေခင်မှာ ဒါန သီလ ဘာဝနာ ကောင်းမှုတွေ ပြည့်စုံပြီးသားဆိုရင် သေသွားလဲ သေသူအတွက် ၀မ်းနည်းဖို့ မလိုပါဘူး … လို့ ကျမကတော့ ထင်မိပါတယ်။
    ကုသိုလ်ကောင်းမှု မပြည့်မစုံဘဲ သေသွားခဲ့ရင်လဲ ကျန်ရစ်သူတွေက သေသူအတွက် ရည်စူးပြီး ကောင်းမှုတွေပြု အမျှဝေပေးဖို့ပါပဲ။ ပူဆွေးသောက ရောက်နေတာက အလကား အကျိုးမရှိဘူးလို့ ကျမလဲ မြင်မိပါကြောင်း ဆရာရေ …။ (မမန့်တာကြာလို့ ရှည်လျားစွာ မန့်သွားပါတယ်။ သည်းခံပါနော်)

  2. ဘကြီး….ကောင်းလိုက်တဲ့တွေးပေါက်…ဒါပေမဲ့ ယောကျာ်းနာရေးမှာ ပြင်ပြင်ဆင်ဆင် နေတော့ အသက်ပြန်မရှင်လာနိုင်ပေမဲ့ ပတ်ဝန်းကျင် အပြောခံ ရမှာတော့ သေချာတယ်…တူမကြားဖူးတာက နာရေးအိမ်က လူတွေ သနပ်ခါး တောင် မလိမ်းရဘူးဆိုပဲ။ ပြင်ပြင်ဆင်ဆင်နေတာတို့ သနပ်ခါး လိမ်းတာ တို့လုပ်ရင် အဲ့ဒီလူသေတာကို ပျော်နေတယ် လို့ယူဆကြတယ် လို့ဆိုပဲ .. .. တူမသဘောကလဲ ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်သူ့ကို ဂရုစိုက်ဖို့လိုမလဲနော်…

  3. စိတ်တော့မရှိနဲ့နော်..
    ကျွန်မကတော့အားရပါးရငိုလိုက်ရမှရင်ထဲပေါ့သွားတော့တယ်.. မြင်နေကျပြုစုနေကျ ဘိုးဘွား မရှိတော့ဘူးဆိုတဲ့အသိကရင်ကိုဆို့လာတယ်..
ဲမြို့ကိုပြန်ရောက်တိုင်းသုသာန်မှာဘိုးဘွားဂူကိုသွားကန်တော့ရင်းသန့်ရှင်းရေးလုပ်
    တယ်..လွတ်လပ်စွာစွဲလမ်းပိုင်ခွင့်ရှိတယ်မဟုတ်လား..

    • စိတ်မရှိပါဘူးဗျာ။ ငိုတာလည်း အရသာတစ်ခုပါပဲ။ ကျွန်တော်လည်း ငိုဖူးပါတယ်။ မေမေ ဆုံးတုံးက ချက်ချင်း မငိုမိသေးဘူး။ အစစ ဟန်မပျက် လုပ်နိုင်နေခဲ့ပါတယ်။ ညဘက် တစ်ယောက်တည်း ရှိတဲ့အချိန်ကျမှ ခြုံးချပြီး ငိုလိုက်တာပါ။ ယနေ့ထက်တိုင်လည်း မေမေနဲ့ ပတ်သက်လို့ တွေးမိတိုင်း မျက်ရည်ဝိုင်းဆဲပါ။ လူမြင်ကောင်းအောင် ဟန်များပြီး သည်းပြနေတာကိုသာ ကျွန်တော် ပြောနေတာပါ။ ခံစားချက်ကတော့ သူသူကိုယ်ကိုယ် ရင်ထဲမှာ ရှိကြမှာပေါ့။ ခံစားချက်အမှန်နဲ့ သူ့အလိုလိုဖြစ်သွားသမျှလည်း နားလည်ပေးနိုင်ကြမှာပါ။

      ကျွန်တော်က ကြောင်သေတာတောင် ငိုဖူးတဲ့သူခင်ဗျ။ ကျွန်တော့်ကြောင်လေးက Romeo တဲ့။ သူသေတော့ ခရစ်ယာန်သင်္ချိုင်းမှာ သွားမြှုပ်တယ်။ မော်တော်ဆိုင်ကယ်နဲ့။ မြို့ထဲကနေ ကန်တော်ကြီးစောင်း ခရစ်ယာန်သင်္ချိုင်းကို သယ်သွားရင်း အသွားရော အပြန်ရော မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ဖူးပါတယ်။ နေ့ခင်းကြောင်တောင်ကြီးဗျို့။ မမ၀၀ ပြောတဲ့ လွတ်လပ်စွာ စွဲလန်းပိုင်ခွင့်ဆိုတာထက် လွတ်လပ်စွာ လှစ်ဟထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ဖြစ်မယ်ထင်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s