In Memory of Saya Thagadoe

ကနေ့ မနက်မှာ စာရေးဆရာ၊ သတင်းစာဆရာ သာဂဒိုး ကွယ်လွန်သွားကြောင်း Facebook မှာ တင်ထားကြလို့ စောစောက သိလိုက်ရပါတယ်။ ဆရာ သာဂဒိုးနဲ့ အနည်းအပါး ပတ်သက်လို့ လျှပ်တစ်ပြက်ဂျာနယ်မှာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလအတွင်းက ကျွန်တော် ရေးခဲ့ဖူးတာလေးကို ဆရာ ကွယ်လွန်ခြင်း အမှတ်တရအဖြစ် ဖော်ပြလိုက်ချင်ပါတယ်။ ဆရာသာဂဒိုး ကောင်းရာ သုဂတိ လားပါစေ။

လောက်မင်း၊ ဆရာသာဂဒိုး၊ ရိုက်ချက်ပြင်းသူများနှင့်

ကျွန်တော့် မျက်ခြယ် ဒေါ်လက်လွယ်

၂၀ဝ၄ခုနှစ်မှာ ဇစ်ပိုမီးခြစ်ကို ဆီဖြည့်ရင်းက ကျွန်တော့်ဘယ်ဘက် လက်ခလယ်နှင့် လက်သူကြွယ်ကို မီးစွဲလောင်သည်။ မီးလောင်ဒဏ်ရာ ပျောက်သွားသော်လည်း အသားအရေမှာ ဖြူပြီး ကျန်ရစ်သည်။ ထို့နောက်တွင် ညာဘက် လက်ခလယ် ဒုတိယလက်ဆစ်နေရာများမှ စတင်ကာ အဖြူကွက်ငယ်လေးများ စတင်ပေါ်ပေါက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ယခု ၂၀ဝ၆ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်သောအခါ ကျွန်တော့်တစ်ကိုယ်လုံးမှာ အဖြူကွက်တွေ ပွနေသည်။ လက်နှင့်ခြေမှာက အဆိုးဆုံး။

ခရုသင်းလား၊ သမင်ဖြူလား မသိ။ သို့သော် သိတာ တစ်ခုတော့ ရှိပါသည်။ ထိုပြဿနာကို အနောက်တိုင်းဆေးက ပျောက်ကင်းအောင် မကုနိုင်မှန်းကိုဖြစ်သည်။ သို့တိုင်အောင် အမြင်မတော်သူများက ကျွန်တော့်ကို ဇွတ်ပြောကာ ဆေးခန်းခေါ်သွားသဖြင့် အရေပြားအထူးကုနှင့် နှစ်ကြိမ် ပြရဖူးသည်။ အဆင်မပြေပါ။ တစ်ဦးပေးသော ဆေးကို လူးအပြီးမှာ ယားယံလာကာ ပူစပ်ပူလောင်တွေဖြစ်သည်။ အဖြူကွက်တွေက နီပြီး တအားယားလာသည်။ ကျွန်တော် မခံနိုင်။ ကျန်တစ်ဦးကတော့ သူ ကုမပေးနိုင်ဟု ပြတ်ပြတ်သားသားပင် ပြောပါသည်။

ကူးစက်ရောဂါလည်းမဟုတ်၊ ရုပ်ပျက်ဆင်းပျက် ဖြစ်တာတစ်ခုသာ ရှိသဖြင့် ပေါ့ပေါ့တန်တန်ပဲ သဘောထားလိုက်ပါသည်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်သော သဘောကို ဆင်ခြင်မိနေသည်မှာ ကြာပြီ။ အသက်ရှင်နေသေးသည်ကိုပဲ ကျေးဇူးတင်လိုက်သည်။ ကျန်တာတော့ ဖြစ်ချင်တာဖြစ်စေတော့ဟု နှလုံးသွင်းလိုက်သည်။


ထိုအချိန်မှာ ဆရာ သာဂဒိုးက ဈေးကွက်ဂျာနယ်တွင် ထိုအဖြူကွက်ကို သုံးရက်နှင့် ပျောက်သည့် ဆေးမြီးတိုအကြောင်းကို ရေးလာပါသည်။ ကျွန်တော့်အိမ်က ဖတ်မိကြသည်။ ကျွန်တော်လည်း ဖတ်လိုက်သည်။ “လောက်မင်းပင်”ဆိုပဲ။ ကံအားလျော်စွာပင် လျှပ်တစ်ပြက်ဂျာနယ်၏ မြို့မေတ္တာခံယူပွဲ၌ ဆရာသာဂဒိုးကို ဆုံရသည်။ ထိုအခါ ဆရာ့ဖုန်းနံပါတ်ကို တောင်းထားလိုက်ရပါတော့သည်။


ကျွန်တော် မေ့မေ့ပျောက်ပျောက်နေသော်လည်း ကျွန်တော့်အိမ်သူက မမေ့ပျောက်နိုင်ပါ။ ဆရာ့ထံ ဖုန်းဆက်ရန် သူပင် လောဆော်သည်။ ကျွန်တော်လည်း ဆက်လိုက်သည်။ ဆရာကလည်း ဖော်ဖော်ရွေရွေ၊ အားတက်သရောပင်၊ နှုတ်၏ စောင်မခြင်းအမှုကို ပြုပါသည်။ ဘယ်နေရာသို့ သွားရမည်ကို အတိအကျ လမ်းညွှန်သည်။

ကော့မှူးမြို့နယ်ထဲမှ ရွာတစ်ရွာသို့ဖြစ်ပါသည်။ ထိုရွာမှ ဘုန်းကြီးကျောင်းတိုက်တစ်တိုက်၏ အမည်ကို ဆရာဒိုးက ပြောပြသည်။ ဘုန်းကြီး၏ ဘွဲ့တော်ကိုလည်း ဆရာဒိုးက သေချာပေးသည်။ စာဖြင့် ရေးမှတ်ထားလိုက်သည်။

ကျွန်တော့်အိမ်သူက အငှားယာဉ်တစ်စီးဖြင့် အစောကြီး တစ်မနက်တွင် ထိုရွာသို့ ချီတက်သည်။ ဘုန်းကြီးကျောင်းကို တွေ့သည်။ သို့သော် ဆရာဒိုး ပြောသော ဘွဲ့အမည်နှင့် ဘုန်းကြီးဟူသည်ကိုကား မတွေ့ခဲ့ရ။ ထိုအမည်နှင့် ဘုန်းကြီးလည်း ထိုကျောင်းတိုက်မှာ လုံးလုံး မရှိ။ ဦးဇင်းတစ်ပါးနှင့်မူ တွေ့ရသည်ဟု ဆိုသည်။
ဦးဇင်းဆီမှာ အနှီလောက်မင်းမြစ်များ ရှိခဲ့ဖူးသော်လည်း ယခုမူ လက်ကျန် ပြတ်နေသတဲ့။ လက်ကျန်ထဲမှ အမြစ်နှစ်မြစ်ခန့်ကို ထုတ်ပြသည်။

ဆရာသာဂဒိုးရေးထားသည်က ဥလေးတွေလို အသီးအသီးလေးတွေနှင့် အမြစ်ဖြစ်သည်။ ယခု ကျွန်တော့်အိမ်သူ တွေ့ရသော အမြစ်က ဘာဥလေးတွေမှ မပါ။ ပြောင်ချောအမြစ်တွေ ဖြစ်နေသည်။

ဦးဇင်းက မှော်ဘီနားက တောင်တစ်တောင်ပေါ်တွင်မှသာ ထိုအမြစ်များကို ရနိုင်မည်ဟု ဆိုသည်။ ထိုနေရာသို့မူ ကျွန်တော့်အိမ်သူ သွားနိုင်မည် မဟုတ်ပေ။ သို့အတွက် ဦးဇင်းက သွားပေးမည်ဟုဆိုသည်။ သူ့ကိုမူ စရိတ် ပေးရမည်ဟုလည်း ပြောသည်။


သို့ဖြင့် ကျွန်တော့်မယားမျက်ခြယ် “ဒေါ်လက်လွယ်”က ဦးဇင်းလက်ထဲသို့ ငွေ ရှစ်ထောင်ကျပ် ထည့်ခဲ့သည်ဟူသတတ်။ ဦးဇင်းကလည်း နောက်တစ်ပတ်ကို ချိန်းလိုက်သည်ဟူသတတ်။

သည်ကြားထဲမှာ ဇာတ်လမ်းက ပိုရှည်လာသည်။ ဆရာသာဂဒိုး ရေးထားသည်က ထိုလောက်မင်းအမြစ်ကလေးတွေကို ပေါင်းခံကာ ပေါင်းချွေးဖြင့် အဖြူကွက်လေးများပေါ်သို့ တို့ပေးရန်သာ ဖြစ်သည်။ ကျွန်တော့်အိမ်သူနှင့် ဆုံခဲ့သော ဦးဇင်းကမူ ထိုသို့မဟုတ်။ ဆေးဖော်ရဦးမည်။ စိန်နှယ် တန်ဖိုးကြီး ပရဆေးတွေလည်း ထည့်ရဦးမည်။ ပိုက်ဆံတွေ အများကြီးလည်း ကုန်ရဦးမည်ဟု ဆိုလိုက်ပြန်ပါသတဲ့။

သို့ဖြင့် ဆရာသာဂဒိုးထံ ထပ်မံဖုန်းဆက်ရပြန်သည်။ ဆရာပြောသလို ဥလေးတွေနှင့် အမြစ်မဟုတ်ကြောင်း ဆရာဒိုးကို ပြောပြရသည်။ ဆရာဒိုးကလည်း ရှင်းပါသည်။ ထိုအမြစ်ကို ဆရာကိုယ်တိုင် မမြင်ဖူးဘူးဟု ပြောပြသည်။ သို့သော် ထိုအမြစ်သက်သက်ကို ပေါင်းချွေးခံကာ လိမ်းရုံမျှသာဟုကား အခိုင်အမာ ဆိုပါသည်။ ဟိုဟာသည်ဟာတွေနှင့် ဇာချဲ့ရန် မလိုဘူးပေါ့။


ဤသို့ဖြင့် ၂၀ဝ၆ခုနှစ်၏ ခရစ္စမတ်နေ့၊ ကျွန်တော် အိပ်ရာမှ မထခင်မှာပင် ဇနီးမျက်ခြယ် ဒေါ်လက်လွယ်တစ်ယောက် ကော့မှူးနယ်ဘက် ခရီးဆက်ပြန်လေတော့သည်။  ကျွန်တော်အိပ်ရာက ထတော့ မနက် ၈ နာရီခွဲ။ သူ မရှိတော့။ အပူချိန်ကို ကြည့်လိုက်တော့ ၂၁ ဒီဂရီ စင်တီဂရိတ်။ သည်နှစ် ရန်ကုန် အတော် အေးလှသည်။ ကျွန်တော့်နည်းတူ အလွန် အအိပ်မက်သော ကျွန်တော့်ဇနီးသည် ချမ်းချမ်းစီးစီးထဲတွင် လင့်အတွက် လောက်မင်းမြစ် အရှာထွက်သည်ကို တွေးကာ အားနာမိပါသည်။ ကျေးဇူးလည်းတင်ရပါသည်။

မွန်းတည့်ချိန်တွင် သူပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အထုပ် တစ်ထုပ်။ ဖြေကြည့်လိုက်သောအခါ အထဲမှာ သစ်မြစ်တွေ။ အမြစ်တွေမှာ ဘာဥမှလည်း မပါပါ။ ကျွန်တော့်မျက်လုံးထဲတွင်မူ ပဲစိမ်းစားဥက အမြစ်တွေထက် နည်းနည်းပါးပါး ပိုတုတ်တာပဲ ရှိသည်။

ခရီးရောက်မဆိုက်မှာပင် သူက ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို ရှင်းပြသည်။ ဦးဇင်းက မှော်ဘီမြို့နယ်အထိ သွားခဲ့သေးသည်ဟု မိန့်တော်မူလေသတဲ့။ သို့သော် ထိုလောက်မင်းပင် ရှိသော တောင်သည် တပ်မြေထဲတွင် ရှိနေလေရကား ဝင်ခွင့်မရခဲ့ပါဟုလည်း ဆိုသည်။ ဘေးမှ ဦးဇင်းတစ်ပါးကလည်း ထို ဦးဇင်း အမှန်တကယ် သွားခဲ့ကြောင်း ထောက်ခံအတည်ပြုပေးပါသေးတဲ့။


ထိုအချိန်မှာ နောက်ထပ် ဇာတ်လိုက် ဦးဇင်းတစ်ပါးက ဝင်လာသည်။  ဟိုတစ်ပတ်ကတည်းက သူ ကြားဝင်ချင်သော်လည်း မဝင်ကောင်းသဖြင့် အသာ နောက်ဆုတ်နေခဲ့သည်ဟုလည်း ဆိုသည်။ ယခုမူ ပထမဦးဇင်းက ဆောင်ကြဉ်း မလာနိုင်သည့်အတူတူ သူ ဝင်တော့မည်ဟု ပိုင်းဖြတ်လျက် မိန့်မြွက်ပါလေတော့၏။ ထိုလောက်မင်းအမြစ်မှာ သူတို့ရွာထဲက သူ့တပည့်ထံတွင်ပင် ရှိသည်ဆိုပဲ။


သို့ဖြင့် ဒေါ်လက်လွယ်သည် ထိုရွာထဲမှ အိမ်တစ်ဆောင်သို့ ရောက်သွားပြန်လေတော့၏။ ထိုအိမ်က ဆေးဆရာ မောင်နှံ၏အိမ်ပါတဲ့။ ထိုအိမ်မှာ ထိုအမြစ်များ အမှန်ပင်ရှိသည်။ သို့သော် ထိုအမြစ်ကို သည်အတိုင်း သုံးလို့ မရ၊ ဆေးဖော်မှ ရမည်ဟုလည်း ထိုအိမ်မှာ တွေ့ရသူ အမျိုးသမီးကြီးက ပြောပြန်သည်။ အဲ… ဆေးတစ်ဖုံကို ကျပ်လေးသောင်းခန့် ကျမည်ဟုလည်း ဈေးစကားဆိုသည်။ လျှော့လျှော့ပေါ့ပေါ့၊ သုံးသောင်းခွဲနှင့် လုပ်ပေးမည်ဟုလည်း ကမ်းလှမ်းသည်။
ဒေါ်လက်လွယ်က ဆရာဒိုး၏ စကားကို မှတ်သားပြီးသား။ ဘာဆေးမှ ဖော်စရာမလို၊ အမြစ်က ထွက်သော ပေါင်းချွေးနှင့်ပင် ပြီးသည်ဟု ဆရာဒိုးက သေချာ မှာကြားပြီးသား။ သို့ဖြစ်သဖြင့် အမြစ်ကိုသာ အပါသယ်ဖို့ စိတ်ကူးသည်။ ဟိုအမျိုးသမီးကြီးက ဆေးမဖော်ဘဲနှင့်ဖြင့် မပျောက်နိုင်ဟု အတန်တန်ဆိုသည်။ သို့တိုင်အောင် ဒေါ်လက်လွယ်က မလျှော့တော့။ အမြစ်ကိုသာ တောင်းဆိုသည်။


ထိုရောအခါ အမြစ်တွေကလည်း ဈေးကြီးသည်၊ ကျပ်နှစ်သောင်းရမှ ပေးနိုင်မည်ဟု အမျိုးသမီးကြီးက အပြတ်ပြောသည်။

ဒေါ်လက်လွယ်ပါဆိုမှ ဘာလုပ်မည် ထင်ပါသနည်း။ ပေးခဲ့သည်ပေါ့။ ပြီးတော့ အမြစ်ကလေး လက်တစ်ဆုပ်လောက်ကို ယူခဲ့သည်ပေါ့။

အကြောင်းစုံ သိရသောအခါ ကျွန်တော့်ယမ်းပုံပေါ် မီးကျသွားရပါသည်။ ဟုတ်ပ။ ငွေနှစ်သောင်းဆိုတာ နည်းမှတ်လို့။ ကျွန်တော့်မှာ စာမူ တစ်ပုဒ် တစ်သောင်းရသော စာရေးသူမျိုးမဟုတ်မူပါ။ ကျွန်တော် ဂျီကျလွန်းသဖြင့် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ရေးနေခဲ့သော မဂ္ဂဇင်းကြီး တစ်စောင်က တစ်ပုဒ်ကို တစ်သောင်းပေးဖော်ရလာသည်မှာ နှစ်လမျှသာ ရှိသေးသည်။ ကျန်မဂ္ဂဇင်းတွေကမူ ခုနစ်ထောင့်ငါးရာတို့၊ ငါးထောင်တို့၊ လေးထောင်တို့သာ (လည်သလို) ပေးနေကြဆဲ။

ဂျာနယ်မှာ ကျွန်တော် သိပ်မရေးဖြစ်တော့။ ကျွန်တော် ပုံမှန်ရေးပေး နေခဲ့ဖူးသော ဂျာနယ်တစ်စောင်ဆို စာမူခ အနည်းဆုံးဖြစ်သည်။ တစ်ပုဒ်မှ ၂၅၀ဝ။ လျှပ်တစ်ပြက်က ဘယ်လောက်ပေးမှန်း မသိသေး။ ကျွန်တော့်စာမူ အရှည်ကြီးတစ်ပုဒ် ပါသွားသော်လည်း မျက်နှာဝက်လောက်ရေးသူနှင့် တန်းတူပေးမည့် သဘောရှိသည်။


ထားပါ။ တစ်ပုဒ်ပျမ်းမျှ ငါးထောင်ရသည်ပဲ ထားဦး၊ ဒေါ်လက်လွယ် ပေးခဲ့သော ငွေပမာဏသည် စာမူ လေးပုဒ်စာ။ အံမယ်မင်း… တစ်လ တစ်လ အသေအကြေ ရေးနိုင်မှ ကျွန်တော့်ခမျာလေးမှာ ၆ ပုဒ်၊ ၇ ပုဒ်ပင် အနိုင်နိုင်။ သည်တော့လည်း ငွေနှစ်သောင်းကို ကျွန်တော် နှမျောလှပါသည်။

သည်မှာတင် ခရီးရောက်မဆိုက်၊ ဒေါ်လက်လွယ်ပင် ဖင်ချမထိုင်ရသေးခင်မှာ ကျွန်တော့် စိတ်က တိုသွားရပါတော့သည်။ အထူးသဖြင့် သူ ပြောပြပုံအရ ထိုအရပ်မှ ပုဂ္ဂိုလ်အထွေထွေ၏ လုပ်ပေါက်ကိုပင် ဖြစ်သည်။

သည်အမြစ်ကလေးတွေ ရဖို့အရေး စုစုပေါင်း ငွေနှစ်သောင်းရှစ်ထောင် ကုန်ခဲ့ရသည်ကား သေချာသည်။ ရန်ကုန်မှ ကော့မှူးအသွားအပြန် အငှားယာဉ်ခ နှစ်ခေါက်စာပါ ထည့်တွက်လျှင် စုစုပေါင်း ခြောက်သောင်းလောက် ဖြစ်နေလေပြီ။ ယင်းပမာဏမှာ ကျွန်တော့်ကို သင်္ဂြိုဟ်လျှင် ကုန်ကျရမည့် စရိတ်နီးပါးပင် ဖြစ်နေလေရကား ရောဂါ မပျောက်လျှင်လည်း နေစေတော့၊ သေပဲ သေပေးလိုက်ချင်စိတ်က ပေါက်သွားသည်။

တကယ်ဆိုလျှင် ထိုရွာထဲတွင်ပင် လွယ်လင့်တကူ ရှိနေသော အမြစ်ကို ပထမတစ်ခေါက်ကတည်းက လွယ်လွယ်ရအောင် ကူပံ့ပေးခဲ့ကြမည်ဆိုလျှင် စရိတ်က ခေါက်ချိုး သက်သာသွားလောက်သည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့ပါ။ လူတစ်ယောက်ကို နှစ်ခေါက် ညှဉ်းပမ်းလိုသော စေတနာအရင်းခံမျိုး သူတို့တွေမှာ မရှိလောက်သည်ကို မှန်းဆနိုင်သော်လည်း အငှားယာဉ်နှင့် လာသော အနှီမိန်းမသည် သည်လောက်ငွေမျှတော့ မမှုလောက်ဟု တွေးကောင်း တွေးနေကြမည်ကား အမှန်ပင်ဖြစ်သည်။

ထို့ပြင်တဝ ဒါက ကျန်းမာရေးကိစ္စဖြစ်နေသည်။ ကျန်းမာရေးကိစ္စကြောင့် ထိတ်ပျာနေသူများအား ဆည်ဝမှ ဗျိုင်းစောင့်သလို စောင့်ကာ အရိုး၊ အသား၊ အရေပြား ရတတ်သမျှ ဖဲ့ယူရန် ပြင်ဆင်ထားကြသည်မှာလည်း သေချာသလောက်ပင်ဖြစ်သည်။ ဒါက သူတို့လို ကျေးလက်က လူတွေပင် မဟုတ်၊ မြို့ကြီးတွေပေါ်မှ အခန်းခန်း အထွေထွေနှင့် အဆောက်အအုံကြီးတွေ၊ လူပုဂ္ဂိုလ်ကြီးတွေမှာလည်း ထို့အတူပင်ဖြစ်သည်။

လူတစ်ယောက် သေကောင်ပေါင်းလဲများ ဖြစ်လို့ကတော့ တချို့သော သူများအတွက် “အကွက်ကောင်း”ဖြစ်နေတတ်သည်။ အခု ကျွန်တော့်ဟာက သေကောင်ပေါင်းလဲ မဟုတ်သေး။ အအိပ်အစားလည်း မပျက်၊ အလုပ်အကိုင်လည်းမပျက်၊ ရုပ်မှာတောင် မျက်ခွက်မှာ မပျက်သေး၊ လက်တွေ ခြေတွေမှာပဲ ပျက်နေသည့် အပျက်။


ဒါကလေးကိုပင် သောင်းနှင့်ချီကာ တောင်းရက်လေသည့် ထိုသူများ၏ ဗြဟ္မစိုရ်တရားကို များစွာ ဩချမိရလေတော့သည်။


လောလောဆယ်မှာတော့ ဒေါ်လက်လွယ်နှင့် ကျွန်တော်တို့ ခွန်းကြီး ခွန်းငယ်ဖြစ်ကြသည်။ အော်ကြဟစ်ကြသည်။


ဒေါ်လက်လွယ်ဘက်ကလည်း တရားသည်။ သူ့စေတနာက ဝေဒနာ ဖြစ်သွားလေပြီ မဟုတ်တုံလော။ ခရီးရောက်မဆိုက် “မင့်နှယ်ကွာ… ပိုက်ဆံများ အလကားရတာ အောက်မေ့လို့၊ အဲသလောက်တောင် ပေးခဲ့ရသလားကွ”ဟု ဆီးပြောသော ကျွန်တော့်ကို သူ ဘယ်လိုမှ သည်းခံနိုင်မည် မဟုတ်ပါ။

ကျွန်တော့်ဘက်ကလည်း ရှင်းသည်။ ငွေနှစ်သောင်းဆိုတာ ကျွန်တော့်အတွက် သိပ်တော့လည်း မှုစရာ မဟုတ်ပါ။ စာမူခတွေ ဘာတွေက တော်တော်မှ တော်တော်ကြီးကို ဈေးနှိမ်လွန်းသည်ဟု ယူဆသဖြင့် စကားလမ်းသင့်တုန်း လျှောက်ရေးလိုက်ခြင်းသာဖြစ်သည်။ အပေါင်းအသင်း တစ်ယောက်လောက်၊ နှစ်ယောက်လောက်နှင့် ဘီယာဆိုင်လေး ထိုင်လိုက်လျှင်ပင် ထို ငွေနှစ်သောင်းလောက်မှာ အိတ်ကပ်ထဲက ဖုတ်ခနဲ ခုန်ခုန် ထွက်သွားနေကျဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတုန်းက ထိုငွေနှစ်သောင်းနှင့် ရေကျော်မှ ပျဉ်ထောင်အိမ်လေးတစ်လုံးလောက်ကို ကောင်းစွာ ဝယ်ယူနိုင်ခဲ့မည်မှန်သော်လည်း ယနေ့ကာလတွင်မူ ထိုငွေနှစ်သောင်းသည် ရေကျော်ရှိ ရှစ်လွှာအမြင့်လောက်မှ တိုက်ခန်းကျဉ်းလေးတစ်ခန်း၏ တစ်လစာ ငှားရမ်းခပင် မပြည့်မီတော့သည်လည်း အမှန်ပင်။

သို့ဖြစ်လေရာ ထိုပမာဏမှာ ကျွန်တော့်အတွက် မထောင်းတာလှပါ။ သို့သော် ဟိုလူတွေ၏ လုပ်ပေါက်ကို ကြားရသောအခါ ကျွန်တော့်စိတ်က ဟိုလူတွေကို အလွန်အမင်း စိတ်ချဉ်ပေါက်သွားရသည်။ သို့သော် ထိုဒေသအထိ ကျွန်တော်ကိုယ်တိုင်သွားပြီး ဟိုလူတွေကို ပြောမည်ဆိုက နောက်ထပ် စရိတ်ကုန်ဖို့သာ သေချာနေသည်။ သို့ဖြစ်ပေရာ နီးရာလူ ဖြစ်သော ဒေါ်လက်လွယ်အပေါ်မှာ ကျွန်တော့်အချဉ်ပေါက်မှုများအားလုံးကို ပုံချလိုက်ခြင်းသာ ဖြစ်ရလေတော့သည်။


အင်း…

စာဖတ်သူ လူကြီးမင်းများထဲတွင်လည်း ကျွန်တော့်နှယ်ပင် ထိုရောဂါ ခံစားနေရသူများပါနိုင်သလို ဒေါ်လက်လွယ်နှယ်ပင် ထိုရောဂါဝေဒနာရှင်နှင့် နီးကပ်စွာ ဆက်ဆံပေါင်းသင်းနေသူများ ရှိနေတန်ကောင်းပါသည်။ အကြင်သူများအနေဖြင့် ဆရာသာဂဒိုး၏ စာကို ဖတ်ထားပြီးနောက် ဒေါ်လက်လွယ်နှယ် ထိုဒေသသို့ သွားရောက်ကာ ထိုသစ်မြစ်များကို ဖွေရှာရန်  စိုင်းပြင်းနေသည်ဆိုပါက ကျွန်တော့် နတ်သံနှောချက်များက တစ်နည်းတစ်ဖုံ အထောက်အပံ့ရတန်ကောင်းသည်ဟု မျှော်လင့်ကာ သည်စာကို ရေးလိုက်ရခြင်းလည်းဖြစ်ပါလေတော့သည်။

အဲ… ထိုအမြစ်များကို ကျွန်တော် လိမ်းရချေဦးမည်။ မလိမ်းလျှင်လည်း ထိုနယ်အထိ အပင်ပန်းခံကာ သွားပြီးသကာလ ထိုမျှသောပမာဏကို ပေးကာ ထိုအမြစ်များကို ရယူခဲ့လေသည့် ဒေါ်လက်လွယ်တစ်ယောက်က သည်အတိုင်း ငြိမ်နေမည်မဟုတ်သည်လည်း သေချာလှပါသည်။ သည်တော့ သူ့စေတနာကို လေးစားသောအားဖြင့် (အနက်ပွား = သူ့ကို ကြောက်သောအားဖြင့်) ကျွန်တော် လိမ်းရပါလိမ့်မည်။

လိမ်းပြီးနောက် တိုးတက်မှုအခြေအနေ၊ ဆုတ်ယုတ်မှုအခြေအနေများ ပေါ်ပေါက်လာခဲ့ပါကလည်း စာဖတ်သူအပေါင်းထံ ဆက်ဆက်ကြီး အစီရင်ခံမည်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ဝန်ခံကတိပြုလိုက်ရပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(၂၄၁၂၀၆)

Encounter with those who want auspicious start

မင်္ဂလာကို လိုချင်ကြသူများနှင့် တွေ့ဆုံခြင်း

အိမ်ထောင်သက် ၁၆ နှစ်နဲ့ ခုနစ်ရက် တင်းတင်းပြည့်တဲ့ ၂၀ဝ၄ ခုနှစ်၊ မေလ ၂၄ ရက်မှာ ကျွန်တော်တို့ လင်မယား ကွာရှင်းပြတ်စဲလိုက်ကြပါတယ်။ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ တစ်ချိန်ချိန်မှာ စာဖတ်ပရိသတ်ကို နတ်သံနှောပြီး ပြောပြဖို့ စိတ်ကူးရှိတယ်။ ခေါင်းစဉ်တောင် ရွေးပြီးနေပါပြီ။  ကျွန်တော့် မူရင်းခေါင်းစဉ်က “ချစ်သူသတ်လို့ သေတဲ့ မသာ”လို့ ဖြစ်ပေမယ့် စကားလုံးကြမ်းလွန်းတာကြောင့် နည်းနည်းလျှော့လိုက်ပြီး “ချစ်သူသတ်လို့ သေတဲ့သူ”လို့ အကြမ်းဖျဉ်း ရွေးထားဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ ချစ်သူသတ်လို့ သေခဲ့ရဖူးသူ ဒါရိုက်တာတစ်ယောက်က ဇာတ်ညွှန်းအနေနဲ့ ရေးပေးစမ်းပါဗျာလို့ ပြောတော့ ကျွန်တော်နည်းနည်း စိတ်ဝင်စားသွားတယ်။ လက်တွေ့မှာ ဘယ်ပုံသဏ္ဍာန်နဲ့ ရေးဖြစ်မယ်မသိဘူး။ ခေါင်းစဉ်ကတော့ ဘယ်ပုံနဲ့ ရေးရေး၊ အဲဒီ့ ခေါင်းစဉ်နဲ့ပဲ ဖြစ်မယ်ဆိုတာတော့ ကြိုပြီး ကြော်ငြာထိုးထားလိုက်ပါရစေနော်။


ထားပါတော့။ လောလောဆယ် ကျွန်တော် ရေးပြချင်တာက ကျွန်တော်တို့ ကွာရှင်းပြတ်စဲတဲ့နေ့က ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အဲဒါလေးက ငိုအားထက် ရယ်အားသန်လို့ပဲ ဆိုရမလား၊ ထူးပေဆန်းပေသည်လို့ပဲ ညည်းရမလားတော့ မသိပါဘူး။


လောကတံထွာ လူ့ဓမ္မတာအရ လူရယ်လို့ ဖြစ်လာကြရင် အိမ်ရာ ထူထောင်ဖြစ်တတ်ကြတယ်။ ခြွင်းချက်တွေရှိပေမယ့်လည်း အများစုကတော့ အိမ်ထောင်ပြုကြတယ်။ မင်္ဂလာဆောင်ကြတယ်။ အကျဉ်းခြုံ့ရင် ခြုံ့ချင်သလောက် ခြုံ့လိုက်လို့ရသလို အကျယ်ချဲ့ချင်သပဆိုလည်း မိုးမဆုံး မြေမဆုံး ချဲ့လို့ ရပါတယ်။ ဒါတွေက မဆန်းပါဘူး
သို့သော် ကျွန်တော်တို့လို ကွာရှင်းပြတ်စဲကြရတဲ့ အဖြစ်မျိုးကတော့ နည်းပါတယ်။ နည်းရတဲ့အထဲ ကျွန်တော်က ပိုထူးခြားပါတယ်။  ထူးဆို အိမ်ထောင်ရေး စာတစ်အုပ်ကို ရေးထုတ်ထားတဲ့အပြင် လူတကာရဲ့ အိမ်ထောင်ရေးပြဿနာကို နားစိုက်ပေးတဲ့ အလုပ်ကိုပါ စေတနာ့ဝန်ထမ်း လုပ်ပေးနေတဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေး ပြိုကွဲခြင်းဖြစ်တာမို့ပါ။ ဆရာ သာဓုကတော့ ပြောဖူးတယ်။ ဘယ်ဆံသဆရာမှ ကိုယ့်ခေါင်းကိုယ် ပြန်ညှပ်လို့ မရဘူးလို့ အနက်ထွက်တဲ့ စကားမျိုးပါ။


ဟုတ်ကဲ့၊ ကျွန်တော်လည်း ဆံသသမားပါပဲ။ ဒါမှမဟုတ်ရင်လည်း ခွဲစိတ်ကု ဆရာဝန်နဲ့ ပုံခိုင်းနိုင်ပါတယ်။ ကိုယ့်ဗိုက်၊ ကိုယ့်ရင် ကိုယ်ပြန်ခွဲနိုင်တဲ့ ဆရာဝန်ရယ်လို့ မရှိသလိုပေါ့။ ကပ်ဖဲ့ပြောချင်သူများအတွက် သည်နေရာမှာ  မလိုဘဲ အပိုစကား ထပ်ထည့်ပေးဖို့ လိုပါလိမ့်မယ်။ သူများတကာကို ခွဲသလို မေ့ဆေးတွေ ဘာတွေ ပေးပြီး တကယ့် နှလုံးတို့၊ အူတို့၊ ကျောက်ကပ်တို့နဲ့ ပတ်သက်ပြီး ခွဲတာမျိုးကို ပြောတာနော်။ ခြေသလုံးက သွေးစုနာလောက်တော့ ခွဲစိတ်ဆရာဝန်လည်း ကိုယ့်ဘာသာ ကိုယ်ခွဲချင်ခွဲနိုင်ပါလိမ့်မယ်။

ကျွန်တော်လည်း သွေးစုနာလောက်တော့ ဘာသာခွဲခဲ့တာချည်းပါပဲ။ အခုဟာကတော့ ကိုယ့်ဟာကိုယ် မခွဲနိုင်တဲ့ အနာမျိုးမို့ ဖြစ်ကုန်တာလို့ပဲ တိုတို ဆိုပါစို့ရဲ့။

ကျွန်တော်တို့ ကွာရှင်းပြတ်စဲကြတဲ့နေ့က တနင်္လာနေ့ပါ။ အမှန်က စနေနေ့ကတည်းက ကွာချင်တာ။ တရားဝင်အောင်လို့ တရားရုံးတော်နဲ့ အသိသက်သေများ ရှေ့မှောက်မှာ ကွာချင်တာမို့ တနင်္လာနေ့ ရောက်အောင် စောင့်နေရတယ်။

ကျွန်တော်က အလုပ်တစ်ခုလုပ်မယ်လို့ ပိုင်းဖြတ်ပြီးရင် ဆိုင်းမထားချင်ဘူး။ ကိစ္စ မြန်မြန်ဖြတ်ချင်တဲ့ စိတ်မျိုးက ကျွန်တော့်မှာ ရှိတယ်။


အဲဒီ့နေ့ မတိုင်ခင်ကတည်းက လိုအပ်တဲ့ စာချုပ်စာတမ်းကို ဝယ်ယူ ပြင်ဆင်ပြီးပြီ။ ဆိုတော့ အဲဒီ့တနင်္လာမနက်မှာ အဆင်သင့် ဖြစ်နေပါပြီ။


တရားရုံးကို ရွေးချယ်ရာမှာ ကားရပ်နားစရာနေရာလည်းခက်ခဲ၊ လူသူ လည်း ထူထပ်တဲ့ မြို့လယ်က တရားရုံးကို မရွေးတော့ဘဲ ကားရပ်စရာနေရာလည်း ပေါ၊ လူသူလည်း သိပ်မထူထပ်လှတဲ့ ခရိုင်ရုံးလေး တစ်ရုံးကို ရွေးလိုက် ပါတယ်။ ဒါလည်း ကြိုတင်စိတ်ကူးထားတဲ့အတိုင်းပါ။

မနက် ဆယ်နာရီထိုးကို အဲဒီ့ရုံး အရောက်လာဖို့လည်း ကျွန်တော့်ချစ်သူကို မှာကြားချိန်းဆိုပြီးပါပြီ။ တကယ်လည်း ဆယ်နာရီ မထိုးခင် ဆယ်မိနစ်လောက်မှာ အဲဒီ့ရုံးကို ရောက်သွားပါတယ်။ နောက် ငါးမိနစ်လောက်နေတော့ ကျွန်တော့်ချစ်သူလည်း ရောက်လာပါတယ်။

ကျွန်တော်က တရားရုံးချုပ်ရှေ့နေ လိုင်စင်ကို ကိုင်ဆောင်ထားသူဖြစ်လင့်ကစား သည်လောကနဲ့ ဝေးနေခဲ့တာ နှစ်ပေါင်း ၂၀လောက်ရှိခဲ့ပြီမို့ ရုံးပရဝုဏ်အတွင်းက လက်နှိပ်စက်ဆရာတစ်ယောက်ကို ကျွန်တော်တို့ရဲ့ ကိစ္စမှာ လိုသလို စီစဉ်ပေးဖို့ အကူအညီတောင်းရပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ကလည်း လိုလိုချင်ချင်ပဲ ကူညီပေးပါတယ်။


ကျွန်တော့်နိုင်ငံသားလက်မှတ်ထဲ က အလုပ်အကိုင်နေရာမှာ “စာရေး ဆရာ”လို့ ရေးထားတာကိုတွေ့တော့ သူက ကျွန်တော့် ကလောင်နာမည်ကို မေးရှာတယ်။ အရေးထဲမှာ။ ကျွန်တော်လည်း လွယ်လွယ်ကူကူ “မြတ်ခိုင်”လို့ ဖြေလိုက်တယ်။ သူက အံ့ဩတကြီးနဲ့၊ ဟင်… ဆရာမြတ်ခိုင်က ဓာတ်ပုံထဲမှာ ပိုချောတယ်နော်တဲ့ဗျ။ အလကား လျှောက်ပြောတာပါ။ အဟုတ်မှတ်မနေကြနဲ့ဦးနော်။ ကျွန်တော် တကယ်ဖြေလိုက်တာက ဟာ၊ အရေးထဲမှာဗျာ၊ အဲဒါကို သိချင်မနေပါနဲ့တော့ ဟူလို။
သို့ကလို သူက တက်တက်ကြွကြွနဲ့ လိုလိုချင်ချင် ကူညီရှာပေမယ့် ကျွန်တော်တို့ အဖြစ်က အဆင်မပြေဘူး။


ဇာတ်ပေါင်းရင်ဗျာ။ ကျွန်တော်တို့က ဆယ်နာရီ မထိုးခင်ကတည်းက ကြိုရောက်တဲ့အပြင် လိုအပ်တဲ့ စာရွက်စာတမ်းများလည်း အဆင်သင့် ပါသွားပါလျက်ကနဲ့ ကျွန်တော်တို့ရဲ့ ကွာရှင်းပြတ်စဲခြင်း စာချုပ်ကို မွန်းတည့် ၁၂ နာရီခွဲ ကျော်ကာမှ အောင်မြင်စွာ ချုပ်ဆိုနိုင်သွားပါတော့တယ်။

နောက်တစ်ချက်က မူလ ရည်ရွယ်သလို မြို့နယ်အဆင့် တရားရုံးမှာ လက်မှတ်ရေးထိုး ချုပ်ဆိုဖြစ်ခဲ့တာမဟုတ်တော့ဘဲ မြို့နယ်ထက် တစ်ဆင့်မြင့်တဲ့ ခရိုင်တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ငိုအားထက် ရယ်အားသန်ဆိုတာ အဲဒီ့အဖြစ်ကြောင့် ပြောတာပါ။

ဖြစ်ပုံက သည်လိုပါ ခင်ဗျ။

ကျွန်တော်တို့က အဲဒီ့ရုံးနဲ့ စိမ်းလေတော့ကာ စောစောက ပြောတဲ့ အဲဒီ့ရုံး ပရဝုဏ်ထဲက လက်နှိပ်စက်ဆရာက တစ်ဆင့် ဆိုင်ရာမြို့နယ်တရားရုံးရဲ့ ရှေ့ဖတ်စာရေးကြီးဆီကို ကျွန်တော်တို့ရဲ့ အမှုသွားတင်ပါတယ် ခင်ဗျ။


သည်အခါမှာ ရှေ့ဖတ်စာရေးက ဘာပြောလွှတ်သလဲဆိုတော့ “ဟာ၊ မနက် စောစောစီးစီး မင်္ဂလာ မရှိတဲ့ ကိစ္စကြီးနဲ့ စလိုက်လို့ ဘယ်ဖြစ်မလဲ”လို့ ပြောသတဲ့ခင်ဗျ။ ပြီးတော့ နေ့ကလည်း တနင်္လာနေ့ ဖြစ်နေလေတော့ကာ ရက်သတ္တ တစ်ပတ်စာ ရုံးဖွင့်ရက်များရဲ့ အစအဦး နေ့လည်း ဖြစ်နေတဲ့အတွက် သည်လို မင်္ဂလာ မရှိတဲ့ အမှုနဲ့သာ ဖွင့်မယ်ဆိုရင် သူတို့အတွက် လပ်မကောင်းနိုင်ဘူးလို့ အယူရှိတော်မူတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အမှုတစ်ခုခုကို အရင်စစ်ဦးမယ်။ အဲဒါပြီးတော့မှ ကျွန်တော်တို့ ကိစ္စကို ဆောင်ရွက်ပေးနိုင်မယ်၊ စောင့်ပါဦးလို့လည်း ပြောပါသဗျ။

ကျွန်တော် မျက်ဖြူလန်မတတ် ဖြစ်သွားတယ်။ ဘုရား၊ ဘုရား၊ မစည်ကားအပ်တဲ့အရပ်လို့ သတ်မှတ်ကြတဲ့အထဲမှာ တရားရုံးတော်ဆိုတာလည်း တစ်ခု အပါအဝင်ပါ။ လင်မယားကွာရှင်းတဲ့ကိစ္စက မင်္ဂလာမရှိသေးလို့ ရှေ့က အမှုတစ်ခုခု အရင်စစ်ပါရစေဦးဆိုတော့ အဲဒီ့အမှုကကျတော့ မင်္ဂလာရှိသတဲ့လား။ ကျွန်တော် တော်တော့်ကို နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ ဘယ့်နှယ့်ကွယ်၊ သူ့လိုသာဆို လပ်ကောင်းဖို့အတွက် တနင်္လာနေ့တိုင်း ထိမ်းမြားလက်ထပ်တဲ့ စုံတွဲ တစ်တွဲကို အပတ်စဉ် ရှာကြံ ဖြည့်တင်းထားရမလို ဖြစ်နေပြီ။


အခု အဲသလိုလည်းမဟုတ်ဘူး။ ကျွန်တော်တို့ ကိစ္စကို အသာထားပြီး အမှုတစ်မှုမှုကို အရင်စစ်မယ်ဆိုပဲ။ အမှုဆိုကတည်းက တရားလိုရယ်၊ တရား ပြိုင်/တရားခံရယ် ပါလာပြီ။ ဘက်နှစ်ဖက် ငြင်းကြခုန်ကြ၊ လျှောက်လဲကြပြီ။ ဒါတွေဟာ မင်္ဂလာတဲ့လားကွယ်။


အောင်မယ်မင်း… လောက၌ ကျွန်တော်ဉာဏ်မမီနိုင်သော ခြင်းရာများကား များလင့်တည်းဟု ညည်းတွားရမလိုတောင် ဖြစ်သွားသဗျ။


အေးလေ၊ စောင့်ဆိုတော့လည်း စောင့်ရုံပေါ့လို့ အောက်မေ့ပြီး ရုံးပရဝုဏ်ထဲက လက်ဖက်ရည်ဆိုင်လေးမှာ ငုတ်တုတ်ထိုင်ရပါတော့တယ်။ ကျွန်တော့်ကို ကူညီတဲ့ လက်နှိပ်စက်ဆရာက ဘေးမှာ လာထိုင်ရင်း သူ့ရုံး အကြောင်းကို ပြောပြနေသေးတယ်။ အဲဒီ့ရုံးက မြို့နယ် တရားသူကြီးတွေထဲက တစ်ယောက်ကဆို လင်မယား ကွာရှင်းတဲ့ကိစ္စကို လုံးလုံး လုပ်ကိုင် ဆောင်ရွက်မပေးဘူးတဲ့ဗျား။


တကယ့် အံ့ဘွယ်သုတပါပဲ။ ဒါမျိုးတွေ ရှိမှန်း အဲတော့မှ ကျွန်တော့် ခမျာလေးမှာ မှတ်သားရပါတော့တယ်။ ဘယ့်နှယ့်ကွယ်၊ ဘယ်အမှုဆိုရင်ဖြင့် လက်မခံဘူး၊ ဘယ်အမှုမျိုးမှ လက်ခံမယ်လို့ တရားသူကြီးတွေမှာ ရွေးချယ်ခွင့်ရှိနေလေမှန်း အဲတော့မှ ကျွန်တော့်ခမျာလေးမှာ သဘောပေါက်သွားတယ်။


ကံက ဆိုးချင်တော့ အဲဒီ့နေ့က ကျွန်တော်တို့ ကွာရှင်းရေးကိစ္စအတွက် ၁၁ နာရီခွဲတဲ့အထိ လက်ခံဆောင်ရွက်ပေးမယ့် တရားသူကြီးကို ရှာလို့ကို မတွေ့နိုင်သေးဘူး။ ဒါနဲ့ လက်နှိပ်စက်ဆရာက ခရိုင်ရုံးဘက်ကို ခြေဦးလှည့်ပေးရှာတယ်။ ခက်တာက ခရိုင်တရားသူကြီးကလည်း သင်တန်းတစ်ခု သွားတက်နေရသေးတာမို့ ရုံးကို ရောက်မလာသေးဘူး။ လာခါတော့ နီးပြီလို့ ဆိုတာနဲ့ ကျွန်တော်တို့မှာလည်း စောင့်ပေါ့။


အရေးထဲ မိကျောင်းသား လက်နှိပ်စက်ဆရာက “ဆရာတို့ နှစ်ယောက် က ကွဲဖို့ ကံမပါလို့နဲ့တူတယ်ဗျ။ မကြုံစဖူး ထူးထူးကဲကဲကို အဆင်မပြေတာတွေ ဆက်တိုက်ကြုံနေရတာ”လို့ ဆိုနေသေးတယ်။ ကျွန်တော့်မှာ သူ့ကို မချိပြုံးလေးပဲ ပြုံးပြရတော့တယ်။

၁၂ နာရီ စွန်းစွန်းမှာမှ ခရိုင်တရားသူကြီး ရောက်လာတယ်။ သူ မရောက်လာခင်မှာ မြို့နယ်ဘက်က အဆင်ပြေပလားလို့ လက်နှိပ်စက်ဆရာခမျာ ပြေးပြေး ကြည့်ပေးရှာသေးတယ်။ သို့သော်လည်း မြို့နယ်ရုံးအဖြေက တစသမတ်တည်းပဲ၊ မင်္ဂလာမရှိတဲ့ကိစ္စမို့ စောင့်ဦး။ ဒါပဲ။

ခရိုင်တရားသူကြီးကတော့ သိပ်ကို အဆင်ပြေပါတယ်။ ရောက်လာလို့ ကျွန်တော့် လက်နှိပ်စက်ဆရာက သွားပြောတော့ ကျွန်တော်တို့ စုံတွဲကို ချက်ချင်းခေါ်၊ မေးစရာ ရှိတာ မေးပြီးတဲ့နောက် သူ့ရှေ့မှောက်မှာ လက်မှတ် ထိုးခိုင်းပြီး လိုအပ်တာများကို ချောချောမောမောဖြစ်အောင် ဆောင်ရွက်ပေးပါတော့တယ်။

ကျွန်တော့်မှာလည်း သက်ပြင်းကို အဲတော့မှ ဟင်းခနဲ ချနိုင်တော့တယ်။

အဲ… ပြောချင်တာက အကြင်သူသည် တရားရုံးတော်သို့ သွားရောက်ပြီးသကာလ လင်မယား ကွာရှင်းပြတ်စဲ လိုသည်ဆိုငြားအံ့။ ထိုသူသည် တနင်္လာနေ့ကိုလည်းကောင်း၊ မနက် ရုံးဖွင့်ဖွင့်ချင်းကာလကိုလည်းကောင်း ဝေရာမဏိ ဝေးစွာ ရှောင်ကြဉ်အပ်ပေ၏ ဆိုတဲ့ နီတိတစ်ခုကို ရပ်သိရွာသိ ထုတ်ထားသင့်၊ မသင့် ဆွေးနွေးကြည့်ချင်တာပါပဲ။

ပြောမယ့်သာ ပြောရတယ်။ သည်စာမူကိုလည်း “ကောင်းသတင်း”ဂျာနယ်ကို ပို့မှာ။ သူတို့ကလည်း မင်္ဂလာမရှိတဲ့ကိစ္စကို ရေးရမလားဆိုပြီး ပယ်လိုက်မှဖြင့် အခက်။ ဟက်… ဟက်… ဟက်
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်

(၁၂၀၆၀၄)

(၂၀၀၄ ခုနှစ် ဇွန်လထဲမှာ ထုတ်ဝေထားတဲ့ ကောင်းသတင်း ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

Dirty Conscious

ညစ်ကျုလိပ်ပြာ

၁။
တစ်နေ့နေ့ကျလျှင်တော့ ဆပ်ပြာမှုန့်ကောင်းကောင်း၊ ချေးချွတ်ဆေး ကောင်းကောင်းနှင့် လိပ်ပြာလေးတွေကို လျှော်ဖွပ်နိုင်ဖို့ ကြိုးစားရပေဦးမည်။

၂။
ပြောရလျှင် ကျွန်တော် အလွန်တရာ အအိပ်မက်ခြင်းက စရပါမည်။


ကျွန်တော်သည် အလွန်အပျင်းကြီးသူတစ်ယောက်ဖြစ်သည်ကို ဂုဏ်ယူစွာ ဝန်ခံလိုက်ချင်ပါသည်။ မတ်တတ်ရပ်နေတာထက် ထိုင်နေတာက သက်သာ၏။ ထိုင်နေတာထက် လဲလျောင်းနေတာက သက်သာ၏။ လဲလျောင်းနေတာထက် အိပ်စက်နေသည်က သက်သာ၏။ အဲသလို ကျွန်တော်က ယူဆ ယုံကြည်သည်။

ကွယ်လွန်သူ မိတ်ဆွေကြီး ရာမ(ဘူမိဗေဒ)က အိပ်လွန်းသည့် ကျွန်တော့်ကို သည်လို ပြောဖူးသည်။

“မောင်ရင်လေးက တော်တော် အအိပ်မက်တာပဲ။ တကယ်က မောင်ရင် သေချာစဉ်းစားကြည့်စမ်း… တစ်နေ့မှာ ရှစ်နာရီအိပ်တယ်ဆိုရင် တစ်နေ့ရဲ့ သုံးပုံ နှစ်ပုံကိုပဲ မောင်ရင် လူအဖြစ် နေခွင့်ရတယ်။ အဲဒီတော့ မောင်ရင် လူ့ဘဝမှာ အသက် ၆ဝ နေတယ်သာ ဆိုတယ်။ အိပ်နေတာက အနှစ် ၂ဝ၊ နိုးပြီး တကယ်တမ်း နေခွင့်ရလိုက်တာက အနှစ် ၄ဝ တည်းရယ်။ ဘယ့်လောက် နှမျောစရာ ကောင်းသလဲ၊ သိပ် မအိပ်စမ်းပါနဲ့ကွာ…”တဲ့။

သူ ပြောတာ ဟုတ်သလိုလိုတော့ အရှိသား။ သို့သော် ကျွန်တော် မလုပ်နိုင်။ ဘယ့်နှယ်ကွယ်… အိပ်နေတာက အရာရာကို မျက်စိ အနောက် သက်သာသည်။ ခေါင်းအခြောက် သက်သာသည်။

နိုးနေတဲ့ ဘဝမှာတော့ စိတ်တိုင်းမကျစရာ တစ်မျိုးပြီး တစ်မျိုးနှင့် နပန်းသတ်ရင်း လောကကြီးကို အလကားနေရင်းကို တံတောင်နှင့် တွက်ချင် နေတတ်မြဲ။ အိပ်ပျော်နေတဲ့ ဘဝမှာတော့ အရာရာက ကိုယ်နှင့် သိပ်မဆိုင်တော့။ စိတ်တိုင်းမကျစရာ နည်းသွားသလို စိတ်တိုင်းမကျတောင်မှ လောကကြီးကို သိပ် မထိခိုက်။

သည်တော့ ကျွန်တော့်လမ်းစဉ်သည် အိပ်ရေး အဓိက။

၃။
အအိပ်မက်သောသူအတွက် အိပ်မက်တွေ ထပ်တတ်သည်လားတော့ ကျွန်တော် မပြောတတ်နိုင်ပေ။ သေချာသည်ကတော့ အိပ်မက်တစ်ခုကို အထပ်ထပ်၊ အကြိမ်ကြိမ် ကျွန်တော် မက်နေမိသည်သာ ဖြစ်ပါသည်။

ထိုအိပ်မက်ကို ကျွန်တော် အလွန် မုန်းမိပါသည်။ သို့သော် ထိုအိပ်မက်က ကျွန်တော့်ကို အမြဲလိုလို နှိပ်စက်တတ်၏။

ကြာတော့ အအိပ်မက်သော ကျွန်တော်တစ်ယောက် အိပ်ရမှာကို ကြောက်လာခဲ့ပါပြီ။ အိပ်မက်ကို မမက်အောင် ဘယ်လိုကမှ တားဆီး ကာကွယ်လို့ မရနိုင်တော့သည့်အဆုံး မအိပ်ဘဲနေဖို့သာ အတတ်နိုင်ဆုံး ကြိုးစားယူရတော့မည့် ကျွန်တော့် အဖြစ်ပါ။

“သုတ္တောစ အိပ်ပျော်သော်လည်း၊ ကိဉ္စိ တစ်စုံတစ်ခုသော၊ ပါပံ မကောင်းသော အိပ်မက်ကို၊ နပဿတိ မမြင်မက်”ဟု မွှမ်းထားသော မေတ္တသုတ်တော်ကို ယုံကြည်စွာ အဖန်ဖန် ရွတ်ဆိုပြီး အိပ်လည်းမအောင်မြင်။ မေတ္တသုတ်က မစွမ်းဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော့် အိပ်မက်ကလည်း ကောင်းသော အိပ်မက်မဟုတ်သည့်တိုင် မကောင်းသော အိပ်မက် (ဝါ) အိပ်မက်ဆိုး မဟုတ်သောကြောင့် မေတ္တသုတ်ပါ “ပါပံ – မကောင်းသောအိပ်မက်” စာရင်းတွင် ဝင်ဟန်မတူပါ။

“ရန္တုန္တိ မိတ္တံ အဝမင်္ဂလင်္စ”နှင့်လည်း စာရင်းဝင်ဟန် မတူပါ။

နှစ်မျိုးစလုံး စုံရွတ်၍လည်းကောင်း၊ တစ်မျိုးစီ ရွတ်ဆို၍လည်းကောင်း အိပ်ကြည့်သည့်တိုင် ကျွန်တော့် အိပ်မက်က ကျွန်တော့်ကို ကောင်းကောင်းကြီး နှိပ်စက်မြဲမို့ ကျွန်တော့် ခမျာလေးမှာ မအိပ်ရဲရှာတော့ပါ။

၎။
ဟုတ်ကဲ့…

ကျွန်တော့်အိပ်မက်က သည်လိုပါ ခင်ဗျာ၊ စင်းစင်းလေးပါ…။

ကျွန်တော်သည် သိပ္ပံဘွဲ့ နောက်ဆုံးနှစ် စာမေးပွဲကို အကြိမ်ကြိမ် ကျရှုံးလျက် တက္ကသိုလ်တက်နေရသည်ဟုချည်း မြင်မက်ခြင်းသာ ဖြစ်ပါသည်။

၅။
ဘုရားစူး ကျိန်ပြောပါ့မည်။

ကျွန်တော် ဘွဲ့ရတစ်ယောက်ပါ ခင်ဗျား…။

ဟုတ်ပ… ၁၉၇၉ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရူပဗေဒ ဘာသာ အဓိကနှင့် “ဘက်ချလာရော့ဖှ် ဆိုင်းယင့်စ်”ဟု မည်တွင်တော်မူပါပေထသော၊ ‘ဘီအက်စီဘွဲ့’ဟု ခေါ်ပါပေထသော၊ သိပ္ပံဘွဲ့ကို လက်ဝယ် ပိုင်ပိုင် ဆုပ်ကိုင်ထားပါ၏။

သို့ရာတွင်…

၆။
ဟုတ်ကဲ့…

သို့ရာတွင် ကျွန်တော့်မှာ ဘွဲ့နှင့်ပတ်သက်နေလေသော စိတ္တဇ ဝေဒနာ တစ်နာ ဖြစ်နေပါသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျွန်တော်သည် အိပ်မက်ထဲတွင် ဘယ်သောအခါမှ ဘွဲ့မရသူ ဖြစ်လို့ချည်းနေပါသည်။

တကယ်က ၁၉၇၉ ခုနှစ်တွင် ကျောင်းပြီးကာ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ဝတ်ရုံကြီး ဝတ်လျက် ပါမောက္ခချုပ်ကိုယ်တိုင် ချီးမြှင့်ပေးသနားသော ဘွဲ့လက်မှတ်ကြီး ကျွန်တော်မျိုး “ငရေချမ်း” လက်ထဲ ရောက်နေသည်မှာ ၁၃-၄ နှစ် ရှိနေပါပြီ။

သို့သော်… ထို ၁၃-၄ နှစ်အတွင်းတွင် ထိုအိပ်မက်က ကျွန်တော့်ကို အကြိမ်တစ်ရာမက နှိပ်စက်ပြီးနေပါပြီ။

၇။
စတင်မြင်မက်စ လေး၊ ငါး၊ ဆယ်ခါတုန်းကတော့ သိပ်မထောင်းတာလှ…။ သာမာန်အိပ်မက် ကယောက်ကယက်ဟုသာ ခပ်ပေါ့ပေါ့ တွေးထင်ခဲ့မိသည်။ အထပ်ထပ်၊ အဖန်ဖန် ပြန် ပြန်မက်လေတော့မှ တစ်စ၊ တစ်စ မအီမလည် ဖြစ်လာရချေသည်။

တစ်ညများဆိုလျှင် အိပ်ချင်မူးတူးနှင့် ဖိုင်တွဲတစ်တွဲတွင် ချောင်ထိုးထားမိသော ဘွဲ့လက်မှတ်ကြီးကို ထုတ်ကြည့်ကာ ကျွန်တော့်နာမည်နှင့် ဟုတ်၊ မဟုတ် ထကြည့်မိရသည်အထိ ကယောင်ကတမ်းတွေ ဖြစ်ယူရသည်။

ဆိုးပါ့ကွယ်…

၈။
စိတ်ရောဂါ အထူးကုဆရာဝန်တစ်ဦးဦးထံ သွားပြလိုစိတ်ပင် ပေါက်လာသည်။ ခက်နေသည်က ကျွန်တော်တို့ဆီမှာ စိတ်ကုဆရာဝန်ဆီ ပုထုဇဉ်တွေ သွားသည့် ဓလေ့က မရှိ။ စိတ်ကုဆရာဝန်တွေကလည်း ဟိုနိုင်ငံတွေမှာ လို မပေါ…။

ကိုယ့်ပြဿနာကိုယ်တော့ စိတ်ရောဂါ မှန်းသိနေပြီ။ အိုး… အနာ သိမှတော့ ဆေးရှိရပေမပေါ့…။

ကိုယ့်ဘာသာ ကိုယ်ကုယူမည်။ ရေချမ်းပဲ၊ ပေါ့ရွှတ်ရွှတ်မှ မဟုတ်တာ၊ ဘာရမလဲ၊ ငါကွ… ဟု ကိုယ့်ကိုယ်ကိုယ် မောင်းတင်လိုက်သည်။

၉။
တက္ကသိုလ်ကျောင်းသားဘဝကို အစအဆုံး အနုလုံပဋိလုံကြည့်သည်။ ဒါက ကုထုံးသဘောလေ၊ ဟဲ… ဟဲ…

စာမေးပွဲဖြေခဲ့ပုံတွေ အသေးစိတ် ပြန်စဉ်းစားကြည့်သည်။

မှန်းစမ်း…

၁ဝ။

အာရုံမှာ ထင်လင်းစွာ ဦးဦးဖျားဖျား ပေါ်လာလေသည်က ကျွန်တော် ပထမနှစ် သိပ္ပံလက်တွေ့ စာမေးပွဲ ဖြေခဲ့ပုံကလေး…။

တစ်နှစ်အတွက် ရူပဗေဒ လက်တွေ့သင်ခန်းစာ ၁၄ ခု လုပ်ရသည်ကို မှတ်မိနေသေးသည်။ စာမေးပွဲတွင် ထို ၁၄ ခုအနက်မှ တစ်ခုကို ဖြေရမည်။
ကျွန်တော်ရွှေဉာဏ်ရှင် ရေချမ်း(မဟာသောက်ပျင်း)က အဲဒါကို ခုနစ် ခုပဲ ကြိုကြည့်သွားသည်။ ၁၄ ခုထဲက ခုနစ်ခုလောက်သာ ကြည့်လိုက်လျှင် လုံလောက်ပြီဟု ကိုယ့်အတွေးနှင့်ကိုယ် ပိုင်းဖြတ်ချလိုက်သည်။

အဲ… တကယ်တမ်း စာဖြေခန်းထဲလည်း ရောက်လို့ မဲလည်း နှိုက်ချလိုက်ပါရော၊ ခွက်ခွက်လည်း လန်ပါလေရော ခင်ဗျား…။

ကံကြမ္မာကား တော်တော်ကြီးကို စုတ်ပဲ့ပုံရလေသည်။ ကျွန်တော် လုံးဝကြည့်မထားခဲ့သော ကျန်ခုနစ်ခုထဲမှ တစ်ခုကို ဖြေရမည်ဖြစ်လေ၏။ “အားလည်ကိန်း”ဆိုပဲ။ သေဟဲ့ နန္ဒိယဟု ကျဆင်းစွာ ဥဒါန်းကျူးရုံမှတပါး ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ (ဗန်းမော်တင်အောင်၏ ထင်ရှားလှသော အသုံးအနှုန်းကို ဗြောင်ခိုးထားခြင်း ဖြစ်ပါသည်။ စာပေ ဆားပုလင်းများ ဝမ်းသာကြစေကုန်သတည်း။)

အားလည်ကိန်းဆိုတော့ သူ့ပုံသေနည်းကို ဆယ်တန်းတုန်းက အသေ ကျက်ခဲ့ဖူးသဖြင့် ရေးနိုင်သည်။ သို့သော် ယင်းမှ ဆက်မလုပ်တတ်တော့။
တစ်ယောက်တစ်မျိုးစီ ဖြေကြရသည်မို့ ဘေးဘီ၊ ဝဲယာမှ သူငယ်ချင်း အတန်းဖော်တွေကို အားကိုးလို့ကလည်း မရနိုင်တော့သည်မှာ သေချာနေသည်။

ထိုအခါ ကျွန်တော်သည် အဖြေလွှာနှင့် မေးခွန်းလွှာကို ရှေ့တွင်ချကာ ကျက်သရေအပြည့်၊ ဣနြေ္ဒအတိ၊ သိက္ခာအစုံနှင့် ငုတ်တုတ်ကြီး ထိုင်နေမိရလေတော့သည်။

ကွမ်းတစ်ယာကိုဝါးပြီး ကွမ်းသွေးနှစ်ခါလောက် ထွေးပြီးချိန်ခန့်အကြာတွင် ထိုင်ကိုယ်တော် ကျွန်တော့်အပါးသို့ စာမေးပွဲခန်းစောင့်သူ သရုပ်ပြ ဆရာလေး ရောက်လာပါသည်။

“ဖြေလေကွာ…”

“မဖြေတတ်လို့ပါ ဆရာ…”

“မင်း စာမကြည့်ခဲ့ဘူးလား…”

“ကြည့်ခဲ့ပါတယ် ဆရာ။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ဘာသာ ရွေးကြည့်လာတော့ မကြည့်တဲ့ထဲကဟာ ဖြစ်နေလို့ပါ…”

“မင်းကွာ၊ တော်တော်ဟုတ်တဲ့ကောင်…”ဟုပြောကာ ဆရာ ကျွန်တော့်အပါးမှ ခွာသွားပါသည်။

ကျွန်တော်ကား ငုတ်တုတ်…။ ကျွန်တော့်ရှေ့စားပွဲမှ အတန်းဖော် မိန်းကလေး စာငုံ့ဖြေရင်း ပေါ်နေသည့် ခါးသားဖြူဖြူလေးကို ကသိုင်းရှုနေမိသည်။

ကွမ်းတစ်ယာ အသေအချာ ညက်သွား၍ မျိုချလိုက်ပြီးချိန်လောက်အကြာတွင် စောစောက ဆရာလေး ရောက်လို့လာပြန်သည်။

“ဟေ့ကောင်… ဖြေလေကွာ…”

“မရလို့ပါဆိုမှ ဆရာရယ်…”

“မဖြေရင် ကျလိမ့်မယ်ကွ…”

“သိပ်ကို သေချာတာပေါ့ ဆရာရယ်။ ဒါပေမယ့် မဖြေနိုင်မှတော့ ဘယ်တတ်နိုင်ပါ့မလဲ…”

“ခက်တဲ့ကောင်ကွာ…” ဟု ညည်းရင်း ဆရာ ထွက်သွားပြန်သည်။

ကျွန်တော်ကတော့ တစ်စက်ကမှ စိတ်မပူတော့။ ကိုယ့်အပြစ်နှင့် ကိုယ်။ ထင်ရာ လုပ်ချလာခဲ့ပြီးမှ ဖြစ်လာသော အကျိုးဆက်ကို ရဲရဲခံယူလိုက်ရုံသာ ရှိသည်။

နောင်တတွေ၊ ဘာတွေလည်း မရချင်။ ကိုယ်ဖြစ် ကိုယ်ခံ။ သည်အချိန်ကျမှ နောင်တတွေ ရနေလို့လည်း မရသောစာက ရတော့မည် မဟုတ်။ အဲတော့လည်း စိတ်အေးလက်အေးနှင့် တောင်တွေး၊ မြောက်တွေး။

ကွမ်းနောက်တစ်ယာ ထပ်ဝါးပြီး ညက်လုလုလောက်အကြာတွင် ဆရာလေး ရောက်လို့လာပြန်သည်။ သည်တစ်ခါ သူက ကျွန်တော့်ကို ခပ်တိုးတိုး ကပ်မေးသည်။

“မင့်ကို ဆယ်မိနစ် အချိန်ပေးမယ်၊ မင်းအပြင်မှာ စာသွားဖတ်ရင် ဖြေနိုင်မလား…”

“ဟား… သိပ်ရတာပေါ့ဆရာ၊ ဆယ်မိနစ်တောင် မလိုဘူး။ ငါးမိနစ်ဆိုရင်ကို ရတယ်ဆရာ…”

“ဒါဆို သွားဖတ်ချေကွာ…”

ကျွန်တော့်ဉာဏ်က အထူးဆင့်မှာ ရှိသည်။ လျှောက်လွှာစာရွက်နှင့် တစ်မျက်နှာခွဲသာသာ ရှိသည့် စာတစ်ပုဒ်ကို ငါမိနစ်အတွင်း ကြောင်ပုစွန် စားသလို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ရသွားသည်။

သည်လိုနှင့် ပထမနှစ်စာမေးပွဲကို ကျွန်တော်တစ်ကောင် ယောင်တောင်ပေါင်တောင် အောင်မြင်ခဲ့လေ၏။

၁၁။
ဒုတိယနှစ်၊ တတိယနှစ် စာဖြေပွဲတွေမှာတော့ အလားတူတွေ ထပ်မဖြစ်တော့။ နီးမှ ကပ်တွန်းသွားသည့်တိုင် အောင်ရုံလောက်ကတော့ ဟန်မပျက် ဖြေနိုင်ခဲ့သည်ချည်းသာ။

အဲ… နောက်ဆုံးနှစ် စာဖြေပွဲရောက်တော့မှ တစ်ဘာသာမှာ ဗရချာ ရမ်းနေလေတော့သည်။ နျူကလီယာဘာသာ…။

ကျွန်တော် တစ်ပုဒ်သာ ဖြေနိုင်သည်။ ဖြေရမှာက ခြောက်ပုဒ်…။ တစ်ပုဒ်နှင့်တော့ အောင်မှတ်မရနိုင်သည်ကို ကျွန်တော် ကောင်းကောင်းကြီးကို သိနေသည်။

ပေးထားတာက ရှစ်ပုဒ်။ ဖြေထားတာက တစ်ပုဒ်။ ကျန် ခုနစ်ပုဒ်ထဲမှ တစ်ပုဒ်ကမှ ကျွန်တော် မဖြေတတ်တော့…။ ဘာတတ်နိုင်မှာလဲ။

စတုတ္ထနှစ် တစ်နှစ်လုံး လက်တွေ့တန်းများက လွဲလျှင် မည်သည့် ပို့ချချက်တန်းကိုမှ မလိုက်ခဲ့။ အတန်းထဲသို့ပင်လျှင် ကျွန်တော် မရောက်ဖူး။ သည်တော့လည်း ကျွန်တော် မဖြေနိုင်သည်မှာ အဆန်း မဟုတ်လှပေ။

ဆိုခဲ့သည့်အတိုင်း ကျွန်တော်သည် ကိုယ်လုပ်လိုက်သည့်အတွက် ဖြစ်ပေါ်လာသော အကျိုးဆက်ကို အပြုံးမပျက် လက်ခံနိုင်သူဖြစ်ပေရာ ယခုလည်း ဘာကိုမှ ဆက်မကြိုးစားတော့ဘဲ အချိန်စေ့သည်အထိ သည်အတိုင်း ငုတ်တုတ် ထိုင်နေလိုက်သည်။

စာမေးပွဲခန်းတို့၏ စည်းမျဉ်းများအရ ဖြေဆိုချိန် သုံးနာရီအတွက် အနည်းဆုံး တစ်နာရီ မပြည့်ဘဲ ထွက်ခွာခွင့် မရှိသည်ကို ကျွန်တော် သိသဖြင့် တစ်နာရီ ပြည့်အောင် ထိုင်စောင့်နေရခြင်း ဖြစ်သည်။

တစ်နာရီလည်း တင်းတင်းစေ့ရော ကျွန်တော် နေရာမှ ထ ရပ်လိုက်သည်။ စာမေးပွဲခန်းစောင့်ဆရာ ကျွန်တော့်အနားသို့ ရောက်လာသည်။ အဖြေလွှာကို ထိုးအပ်လိုက်ချိန်တွင် ဆရာက မေးသည်။

“ပြီးပြီလားကွ…”

“ဟုတ်ကဲ့ဆရာ”ဟု ကျွန်တော်ဖြေခိုက်တွင် ဆရာက ကျွန်တော့် အဖြေစာအုပ်ကို လှပ်ကြည့်သည်။

“ဟင်… မင့်ဟာက တစ်ပုဒ်တည်း…”

“ဟုတ်တယ် ဆရာ၊ အဲဒါပဲ ရလို့…”

“မဟုတ်သေးပါဘူး။ ထိုင်စမ်းပါဦး…”

ကျွန်တော် နာခံစွာ ထိုင်အချတွင် ဆရာက မေးခွန်း စာရွက်ကို ယူကြည့်ပါသည်။ မေးခွန်းကို အစအဆုံးဖတ်ကြည့်ပြီးသွားသောအခါ ဆရာက “သည်တစ်ပုဒ် ဖြေလေ…”ဟု မေးခွန်းတစ်ပုဒ်ကို လက်ညှိုးနှင့် ထောက်ပြပါသည်။

ကျွန်တော် မေးခွန်းကို ဖတ်ကြည့်ပြီး ခေါင်းရမ်းကာ…

“မဖြေတတ်ဘူး ဆရာ…”

“မဟုတ်သေးပါဘူးကွာ…။ သည်အပုဒ်ကတော့ မင့်မှာ ရှိတဲ့ ဆယ်တန်း ဗဟုသုတလောက်နဲ့တင် လျှောက်ရေးလို့ ရပါတယ်ကွာ။ ရေးစမ်း။ မင့် လက်ရေးနဲ့ဆို တစ်မျက်နှာခွဲလောက် ပြည့်အောင် ရေးလိုက်၊ အဲဒါပြီးရင် သွားကွာ။ စာပါရင် ပြီးရော။ ရေး…”

ကျွန်တော် သက်ပြင်းမောတစ်ချက် ချလိုက်ကာ ဆရာ ခိုင်းသည့်အတိုင်း ဆယ်တန်းအသိဖြင့် စတုတ္ထနှစ် သိပ္ပံဘွဲ့ စာမေးပွဲကို ဖြေချလိုက်ပါသည်။
(စာဖြေခန်းထဲက ထွက်ပြီး အတန်းဖော်တွေနှင့် ပြန်ဆုံမှ သိရသည်မှာ ထိုအခန်းစောင့်ဆရာသည် ကျွန်တော်တို့အတန်းအား နျူကလီယာ ဘာသာရပ်ကို ပို့ချပေးသည့် ကထိက ဖြစ်မှန်းသိရလေ၏။ ဆိုးလိုက်သည့်အဖြစ်ကား ကိုယ့်ဆရာကိုယ် မမြင်ဖူးသဖြင့် ဆရာမှန်း မသိသော အဖြစ်ပေတည်း။)

မည်သို့ပင်ဖြစ်စေ၊ ဆရာက ကျွန်တော့်ကို အထက်ကနှယ် အဖြေခိုင်းသဖြင့်၊ ကျွန်တော်ကလည်း နာခံစွာဖြေချခဲ့သဖြင့် ကျွန်တော်သည် အနှီ နောက်ဆုံးနှစ် စာမေးပွဲကိုလည်း ဘာသာစုံ ဂရိတ် သရီးဖြင့် ယောင်တောင်ပေါင်တောင် အောင်မြင်ခဲ့ပြန်လေသည်တမုံ့။

၁၂။
ကံကောင်းချင်တော့ ကျွန်တော်တို့သည် တားမ်ပေပါ (ခေါ်) ဘွဲ့ယူစာတမ်းကို ရေးစရာ မလိုခဲ့ပေ…။ သည်လိုနှင့် ကျွန်တော် မဟာသောက်ပျင်းဘွဲ့ခံ မောင်ရေချမ်းသည် ၁၉၇၉ တွင် ကျောင်းပြီးကာ ၁၉၈၁ တွင် ဘွဲ့ယူခဲ့ပါသည်။

သို့သော်…

ဟုတ်ကဲ့… သို့သော်… တကယ်တမ်းတွင် ကျွန်တော် ရူပဗေဒကို မတတ်မှန်း ကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးဖြစ်လေသည်။

ရူပဗေဒ ဝေးစွ…။ ရူပဗေဒ ကျောင်းသားတို့ တတ်အပ်သော အဋ္ဌာရသများတွင် ပါဝင်သည့် အသုံးချသင်္ချာကိုပင် ကျွန်တော် လုံးဝ (လုံးဝ) မတွက်တတ်ပါပေ။

၁၃။
လား… လား…

သည်တော့ အိပ်မက်ထဲတွင် ကျွန်တော် ကြိမ်ဖန်များစွာ ဒုက္ခနဲ့ လှလှ တွေ့နေရသည်မှာ မဆန်းလှပြန်ပေ။ ကိုယ့်လိပ်ပြာကိုယ်၌က မသန့်မှတော့ ထိုမသန့်သော လိပ်ပြာကလေးက မသိစိတ်ဖြင့် မြင်မက်နေသော အိပ်မက်ထဲတွင် ပျော်ရွှင်မြူးတူး လွတ်လပ်စွာ ဝဲပျံခုန်က စိုးမိုးပြလေမည်သာတည်း။

၁၄။
သည်လို စိတ်ကို သရုပ်ခွဲပြီးသကာလ ကိုယ့်ကိုယ်ကိုယ် ပြန်ကုရန် နည်းလမ်းကို ထပ်ဆင့် ဖွေရှာသည်။

တွေ့ပြီ။

ကိုယ့်ကိုယ်ကိုယ်တော့ သည်ဘွဲ့ကို ကိုယ်နှင့် မထိုက်တန်မှန်း သိသည်။ သို့သော် ထိုက်ထိုက်၊ မထိုက်ထိုက်၊ တန်တန်၊ မတန်တန်၊ ထိုဘွဲ့လက်မှတ်ကြီးသည် ကျွန်တော့်လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် ရောက်ရှိနေသည်။ သည်အချိန်ကျမှတော့ ဘယ်သူမှ ပြန်ယူလို့ မရနိုင်ပါလေတော့။ ဘယ်သူကကော ပြန်တောင်းနေပါလိမ့်မလဲ…။

ဒါဆို ကိုယ့်ဘာသာ စိတ်အေးလက်အေး နေလိုက်ရုံပေါ့ကွယ်…။ ဒါလေးများ…။

ခက်တာက သည်ရွှေလိပ်ပြာ၊ တော်တော်လည်း ကူလီကူမာနိုင်သည်။ ဟုတ်ပရော…။ စိတ်ထဲတွင် စနိုးစနောင့်ကတော့ နိုင်လို့ နေတုန်း…။

ဟေ့ကောင်…ဖြေတွေး တွေးကြည့်စမ်း…

တွေးစမ်း… ဖြေပြီး တွေးစမ်း…

အမယ်… အဲလို တွေးတော့ အလာကြီးပဲ…။

ဟုတ်ပ…

တကယ်တော့ သည်လောကကြီးမှာ အဲသလိုမျိုးတွေ ဖြစ်နေသူက ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ…

ဒါနဲ့များ… ဒါနဲ့များ…

၁၅။

တစ်နေ့နေ့ကျလျှင်တော့ ဆပ်ပြာမှုန့်ကောင်းကောင်း၊ ချေးချွတ်ဆေး ကောင်းကောင်းနှင့် လိပ်ပြာလေးတွေကို လျှော်ဖွပ်နိုင်ဖို့ကြိုးစားရပေဦးမည်။


၁၉၉၅ခုနှစ် မတ်လ ၃ ရက်မှာ ရေးသားပြီးစီးခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃ (၁၁)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)”စာအုပ်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆိုက်လိုက်တာပါ။

A little I have just learned about Singapore

မကြာသေးခင် မတ်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်အထိ ကျွန်တော် စင်္ကာပူကို ရောက်ခဲ့ပါတယ်။ အဲဒီ့ ခရီးစဉ်အတွေ့အကြုံကို “စ မလုံးချင်ဘု လုံးလုံးကြီး စိတ်နာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ မှတ်တမ်းတစ်ပုဒ် ရေးနေပါတယ်။ အဲသလို ရေးရာမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားများကို Encyclopedia Britannica ရယ်http://www.cia.gov/library/publications/the-world-factbook/geos/ နဲ့ http://en.wikipedia.org/ တို့မှာရယ် မွှေနှောက်ဖတ်လိုက်တဲ့အခါ ကျွန်တော် လုံးလုံး သိမထားခဲ့တာတွေ သိလာရပါတယ်။ ကျွန်တော့်လိုပဲ မသိသေးသူတွေများ သိများ သိချင်မလားဆိုတဲ့ အတွေးနဲ့ မျှဝေပေးလိုက်ချင်ပါတယ်။ ကျွန်တော့် ရေးလက်စတွေထဲက ကောက်နုတ် ဖော်ပြလိုက်တာလည်းပဲ ဖြစ်ကြောင်းပါခင်ဗျား။

စင်္ကာပူရသားတွေ ပါးနပ်ပုံများ

စင်္ကာပူဟာ ဟိုးပဝေသဏီ မူလတုန်းက တံငါသည်များနဲ့ ပင်လယ်ဓားပြများ နေထိုင်ရာ ကျွန်းကလေးသာ ဖြစ်ပါတယ်။ မူလ နာမည်က တူမာဆစ်(ခ်)၊ ဒါမှမဟုတ် တီမာဆစ်(ခ်)တဲ့။ ဂျာဗှားဘာသာစကားနဲ့ တာဆစ်(ခ်)ဆိုတာ ပင်လယ်ကို ခေါ်တာပါ။ ၁၄ရာစု အဆုံးမှာတော့ တရုတ်တွေရဲ့ မှတ်တမ်းမှတ်ရာများ ရှိလာပြီမို့ တရုတ်တွေ စင်္ကာပူကို ရောက်နေတာ နှစ်ပေါင်း ၆၀ဝ ကျော် ၇၀ဝ နီးပါး သက်တမ်း ရှိနေပါပြီ။

အဲဒီ့ ၁၄ ရာစုနှစ် ကုန်လုလုမှာ ဘုရင် ရာဟိန္ဒြာက သည်ကျွန်းကို “စင်္ကပူရ”လို့ အမည်ပေးခဲ့ပါတယ်။ ပါဠိလိုဆိုရင်တော့ “သီဟပူရ”လို့ ခေါ်မလား မသိဘူး။ ဘာသာပြန်ရင်တော့ “ခြင်္သေ့ဌာနေ”လို့ အတိအကျ ရနေသပေါ့ဗျာ။ ဒါ့ကြောင့် စင်္ကာပူရဲ့ အမှတ်အသားဟာ ယနေ့ထက်တိုင် ခြင်္သေ့ဖြစ်နေတော့တာပါပဲ။
ရယ်တော့လည်း အရယ်ရသား။ မလေးမှတ်တမ်းတစ်စောင်မှာကျတော့  စင်္ကပူရကို ထူထောင်သူ မင်းသား ရှရီ တြိ ဘွာနာက ကျားတစ်ကောင်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်တာတဲ့။ အဲဒါကို သူက ကျားလို့ မမြင်ဘဲ ခြင်္သေ့လို့ အမြင်မှားသွားတဲ့အတွက် စင်္ကပူရဖြစ်သွားတယ်လို့လည်း ဆိုပြန်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခု ၂၁ ရာစုထဲမှာတော့ အဲဒီ့ ခြင်္သေ့ဌာနေဟာ အာရှ ကျားတစ်ကောင်အဖြစ်နဲ့ တွင်ကျယ်နေတာလည်း အများအသိပါပဲ။ နယ်မြေ အကျယ်အဝန်းအားဖြင့် ကျွန်းသေးကျွန်းမွှား ၆၀ လောက်ကို ထည့်ပေါင်းရင်တောင် စုစုပေါင်းမှ စတုရန်းမိုင်ပေါင်း ၂၄၀ လောက်သာ ရှိတဲ့ ကျွန်းမြို့ကလေးက နိုင်ငံဖြစ်နေရှာတာပါ။

နယ်မြေအကျယ်အဝန်းကို အဆနဲ့ ပြောရင် ကျွန်တော်တို့ ရွှေနိုင်ငံကြီးရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်သာ ရှိတဲ့ နိုင်ငံပိစိညှောက်တောက်လေးပါပဲ။ ဘာ သယံဇာတမှလည်း မရှိ၊ ရေတောင်မှ သူများနိုင်ငံက တင်သွင်းပြီးမှ သောက်ရတဲ့ နိုင်ငံ၊ စားသောက်ကုန်ဆိုလည်း ထို့အတူ၊ သမိုင်းအစဉ်အလာဆိုလို့လည်း ဘာမှ လက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူး။ သို့ပေမယ့် သူ့ရဲ့ ပထဝီအနေအထားအရ ကုန်သင်္ဘောတွေ ဆိုက်ကပ် ရပ်နားလို့ရတဲ့ နေရာဖြစ်နေတယ်။ အဲဒီ့အပေါ်မှာ အမြတ်ထုတ်နိုင်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ မှာ စင်္ကာပူဟာ သီးခြား ကိုလိုနီတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ရွေးချယ်ခံကိုယ်စားလှယ်များက စင်္ကာပူ အစိုးရ တာဝန်ကို ရယူခဲ့ပါတယ်။ သို့တိုင်အောင် ဗြိတိသျှကတော့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကိုင်တွယ်ပေးခဲ့ကြသေးတယ်။ အဲဒါက စင်္ကာပူကို မလေးရှား ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုအဖြစ် ပူးပေါင်းလိုက်တဲ့ ၁၉၆၃ ခုနှစ်တိုင်အောင် ဖြစ်ပါတယ်။

သည်နေရာမှာ အာရှသားတွေ ဦးနှောက်ရှိရဲ့လားဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ တခြား အာရှသားတွေထက် စင်္ကပူရသားတွေက ဦးနှောက်ပိုရှိတယ်လို့ သုံးသပ်နိုင်မယ် ထင်ပါတယ်။ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာ ၁၉၅၅ လောက်မှသာ ဖြစ်တယ်။ သို့သော် သူတို့ကိုယ် သူတို့သိတယ်၊ တစ်ကမ္ဘာလုံးနဲ့ ရင်ပေါင် တန်းနိုင်လောက်အောင် သူတို့မှာ အရည်အချင်း မရှိသေးဘူး။ သည်အတွက် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမှာ နိုင်ငံတကာဝါး ကောင်းကောင်းဝနေတဲ့ ဗြိတိသျှတွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ တစ်နည်းပြောရရင် ဗြိတိသျှတို့ရဲ့ လက်ကိုတွဲပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သင်ခဲ့တာပါ။

သည်နေရာမှာ မလေးရှားနိုင်ငံသားတွေကလည်း ဦးနှောက်ရှိနေပြန်တယ်။ ၁၉၆၅ခုနှစ်မှာ စင်္ကာပူကို သူ့ပြည်ထောင်စုထဲက ခွဲထွက်ဖို့ သူကပဲ စတင် ကမ်းလှမ်းလိုက်တယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကြားက နိုင်ငံရေး တင်းမာမှုတွေက မနိုင်ရင်ကာ ဖြစ်လာနေတာကိုး။ အဲတော့ မလေးတွေက လူလည်ကျလိုက်တယ်။ စင်္ကာပူကို သူတို့ပြည်ထောင်စုထဲကနေ ထွက်ချင်ထွက်ပေရော့လို့ ကမ်းလှမ်းလိုက်ပါတယ်။ စင်္ကပူရက မောင်တွေကလည်း အခွင့်အရေးကို လက်လွတ်မခံဘူး။ အရအမိ ယူလိုက်တယ်။ ခွဲထွက်လိုက်ပါတော့တယ်။

၁၉၆၈ ခုနှစ် ဇန်နဝါရီလမှာ ဟောင်ကောင်မှတစ်ပါး တခြား အရှေ့နဲ့ အရှေ့တောင်အာရှက ဗြိတိသျှကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးကို ၁၉၇၁ခုနှစ် နောက်ဆုံးထားပြီး ရုတ်သိမ်းတော့မယ်လို့ ဗြိတိသျှ အစိုးရက ကြေညာလိုက်ပါတယ်။ ဧပြီလမှာကျတော့ စင်္ကာပူမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ ဖြစ်ချင်တော့  တကယ် ရွေးကောက်ပွဲ ကျင်းပဖို့ သတ်မှတ်ထားတဲ့ရက်ထက် ခုနစ်လ စောနေတယ်။ သည်မှာတင် အဓိက အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့က ရွေးကောက်ပွဲ ဝင်ဖို့ အသင့်မဖြစ်သေးဘူး။ အဲတော့ သူတို့က သည်ရွေးကောက်ပွဲကို သပိတ်မှောက်ကြပြီး ဝင်မပြိုင်ကြတော့ဘူး။

ဝင်မပြိုင်တော့ လီကွမ်ယုရဲ့ “လူထုလှုပ်ရှားမှု ပါတီ”ကသာ လွှတ်တော်က နေရာအားလုံးကို ရသွားပါတော့တယ်။ သည်ပါတီကလည်း ဦးနှောက်ရှိတယ်။ ဗြိတိသျှ တပ်တွေ ဆုတ်ပြီဆိုတာနဲ့ နိုင်ငံရဲ့ စီးပွားရေးက မလွဲမသွေ ထိခိုက်တော့မယ်။ အဲဒါကို ကြိုပြီး ကန်ထားမှဖြစ်မယ်ဆိုတာကို တွက်ချက်ပြီး ကြိုတင် ပြင်စရာ ရှိတာတွေကို ပြင်ထားတဲ့ ပါတီကိုး။

၁၉၇၁ ခုနှစ် အောက်တိုဘာလမှာတော့ ဗြိတိသျှတို့ဟာ မူလက ကြေညာထားခဲ့တဲ့အတိုင်း စင်္ကာပူက သူ့ရဲ့ တပ်တွေကို အပြီးအပိုင် ဆုတ်ခွာပေးခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ စင်္ကာပူဟာ ပို့ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးကို အားပြုပြီး အကြီးအကျယ် လုပ်ပါတော့တယ်။ ဒါ့အပြင် ဒေသတွင်း သံတမန်ရေးရာပိုင်းမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ ၁၉၆၇ခုနှစ် မှာ အာဆီယံအဖွဲ့ကို စတင်ဖွဲ့စည်းရာမှာလည်း စင်္ကာပူဟာ အဲဒီ့အဖွဲ့ကို တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။

သည်နေရာမှာ လူသိပ်မသိလှပေမယ့် မှန်ကန်တဲ့ အချက်အလက်တစ်ခုကိုလည်း ပြောပြပါရစေဦး။ အဲဒါကတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနဲ့ စက်မှုနိုင်ငံအဖြစ် နိုင်ငံတော်က ဦးဆောင်ပြီး ပြောင်းလဲယူရာမှာ စက်မှုလုပ်ငန်း၊ ပညာရေးနဲ့ မြို့ပြစီမံကိန်းများအပေါ် အထူးအလေးထားတဲ့ ခေတ်မီ စီးပွားရေးတစ်ရပ်ကို စင်္ကပူရသားများ ထူထောင်နိုင်ခဲ့ကြပါတယ်။ အဲသလို ထူထောင်ရာမှာ ဒတ်(ခ်ျ) စီးပွားရေးပညာရှင် Albert Winsemius
ရေးဆွဲပေးတဲ့ အစီအစဉ်များအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သည်နေရာမှာလည်း သူတို့တွေဟာ နိုင်ငံထူထောင်ဖို့အတွက် ခေတ်မီ စီးပွားရေးပညာ မတတ်ကျွမ်းတာကို ကိုယ့်ဘာသာ အသိအမှတ်ပြုပြီး ကျွမ်းကျင်သူ ပညာရှင်ရဲ့ အကူအညီကို ပေါ်ပေါ်တင်တင်ပဲ ရယူခဲ့ကြပြန်တယ်။

အကျိုးဆက်အဖြစ်တော့ ကနေ့အခါမှာ အဲဒီ့နိုင်ငံ ပိစိညှောက်တောက်လေးဟာ ကမ္ဘာ့ ပဉ္စမ အချမ်းသာဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ၂၀ဝ၉ခုနှစ် ဇူလိုင်လမှာဆိုရင် စင်္ကာပူနိုင်ငံရဲ့ တရားဝင် ခြေစောင့်လက်စောင့်ထားတဲ့ ငွေပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ၁၇၀.၃ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ (မြန်မာလို ပြောရင်တော့ အမေရိကန် ဒေါ်လာ ၁၇၀၃ ကုဋေပေါ့။)

စင်္ကာပူ မိုးပျံရဟတ်ကြီးရဲ့ ရာဇ၀င်

“စင်္ကာပူ မိုးပျံ” (Singapore Flyer) ဆိုတာ ဘာမှန်း မသိဘူး။ စင်္ကာပူကို အစကတည်းက နည်းနည်းလေးမှ စိတ်ဝင်စားခဲ့တာ မဟုတ်တော့ ဘာမှလည်း ကြိုဖတ်ထားတာမျိုး မရှိဘူး။


အနားရောက်တော့မှ ဧရာမ ချားရဟတ်ကြီးဖြစ်နေတာ တွေ့ရပါတယ်။ တကယ့် ဧရာမပါပဲ။ သို့ပေမယ့် နှယ်နှယ်တော့ မဟုတ်ဘူးခင်ဗျ။ ကမ္ဘာ့အမြင့်ဆုံး ရဟတ်ကြီးဖြစ်ပါတယ်။ အထပ်ပေါင်း ၄၂ ထပ်ရှိတဲ့ တိုက်လောက်ကို မြင့်ပါတယ်။ ၁၆၅ မီတာ (၅၄၁ ပေ) မြင့်သတဲ့ခင်ဗျ။

အဲဒီ့ရဟတ်ကြီးရဲ့ အချင်းကိုက ၁၅၀ မီတာ (၄၉၂ပေ) ရှိပါတယ်။ အဲလောက်ကြီးတဲ့ ရဟတ်ကြီးကိုမှ သုံးထပ်အဆောက်အအုံကြီးပေါ်မှာ တည်ထားတာပါ။ အဲဒီ့ သုံးထပ် အဆောက်အအုံကြီးပေါ်မှာလည်း ဆိုင်တွေ၊ အရက် ဘားတွေ၊ စားသောက်ဆိုင်တွေ အပြည့်နဲ့ပါ။

၂၀ဝ၈ ခုနှစ် မတ်လ ၁ ရက်နေ့ကမှ တရားဝင် စဖွင့်ခဲ့တာဖြစ်ပြီး တကယ့် အခမ်းအနားနဲ့ ဖွင့်ခဲ့တာကကျတော့ ၂၀ဝ၈ ဧပြီလ ၁၅ ရက်နေ့မှာမှ ဖြစ်ပါ တယ်။ အဲဒီ့ရဟတ်ကြီးမှာ လူလိုက်စီးဖို့အတွက် ဖန်လုံအိမ်ကလေးတွေ ပါပါ တယ်။ အိမ်ကလေးတွေဆိုလို့လည်း ပေါ့သေးသေးတော့ မမှတ်ပါနဲ့ဦး။ တစ်အိမ် ကို လူ ၂၈ ယောက် စီးလို့ ရပါသဗျား။ ပြီးတော့ အလုံပိတ်၊ လေအေးစက်လည်း တပ်ဆင်ထားပါသေးတယ်။

အဲဒါကြီး တစ်ပတ်ပြည့်အောင် လည်ဖို့က သုံးဆယ်နဲ့မှ ခုနစ်မိနစ်နီးပါး ကြာပါတယ်။ စလည်တုံးကတော့ စင်္ကာပူ မြေဘက်က ကြည့်ရင် နာရီလက်တံ ပြောင်းပြန်လည်တဲ့ ဦးတည်ရာနဲ့ လည်ခဲ့တာ ဖြစ်ပေမယ့် ၂၀ဝ၈ ခုနှစ် ဩဂုတ်လ  ၄ ရက်နေ့ကစပြီး ဖုန်းရွှေဆရာများရဲ့ ညွှန်ကြားချက်အရ နာရီလက်တံအတိုင်းပဲ လှည့်ပေးပါသတဲ့။


အဲဒါကြီးကို တည်ဆောက်ဖို့အတွက် ကုန်ကျခဲ့တဲ့ စရိတ်ကတော့ စင်္ကာပူ ဒေါ်လာ သန်းပေါင်း ၂၄၀ (အမေ ရိကန် ဒေါ်လာ သန်းပေါင်း ၁၈၀) ပါတဲ့ ခင်ဗျား။

အဲဒီ့ပေါ်က ကြည့်ရင် ဘေးပတ်ဝန်းကျင် ၄၅ ကီလိုမီတာ (၂၈ မိုင်) လောက်အထိ လှမ်း မြင်ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက ကျွန်းတွေကိုတောင် လှမ်းမြင်ရဆိုပဲ။ ဒါက အခု သည်စာရေးတော့မှ စာဖတ်ပြီး ပြောတာ။ တကယ်တမ်း အဲဒါကြီးပေါ်တုန်းက မသိခဲ့တော့ ကိုယ်မြင်သလောက်ပဲ လှမ်းကြည့်၊ ဓာတ်ပုံတွေ ရိုက်ပေါ့ဗျာ။


စိတ်ထဲမှာတော့ စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို တွေးပြီး ပြုံးနေမိတယ်။ ပြောခဲ့တဲ့အတိုင်း သူတို့မှာက နိုင်ငံဆိုလို့လည်း တခြား ပြစရာ မရှိဘူး။ သည်မြို့ ကျဉ်းကျဉ်းကလေးက နိုင်ငံဖြစ်နေတာ။ လက်ညိုးထိုး ပြစရာ သမိုင်းအမွေအနှစ်တွေ၊ ဘာတွေလည်း မည်မည်ရရက မရှိဘူး။

သည်မောင်တွေက ပါးတယ်၊ နပ်တယ်။ စင်္ကပူရ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးဖြစ်နေတာဆိုတော့ သူတို့က နိုင်ငံခြားသားတွေကို “ငွေတွင်း”တွေ အဖြစ်သာ မြင်ထားတယ်။ သူတို့ နိုင်ငံထဲကို နိုင်ငံခြားသား များများဝင်လေ၊ နိုင်ငံခြားငွေ ပိုရနိုင်လေဆိုတဲ့ အကွက်ကိုလည်း ချောင်းတယ်။

နိုင်ငံခြားသား၊ အထူးသဖြင့် အနောက်နိုင်ငံက လူတွေကမှ အားအားယားယား ကမ္ဘာလှည့်ပြီး ခရီးသွားသန်ကြတာ။ ပိုက်ဆံရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ဘူး။ ပိုက်ဆံ မရှိတဲ့ အနောက်တိုင်းသားကလည်း ကျောပိုးအိတ် တစ်လုံးလွယ်ပြီး ကစုတ်ကဖတ်နဲ့ ကမ္ဘာပတ်ချင် ပတ်နေတဲ့သူတွေ။ အဲဒီ့လို ကမ္ဘာလှည့်တွေကို မြှူဆွယ်စရာက စင်္ကပူရမှာ ဘာမှ သိပ်ရှိလှတာမဟုတ်ဘူး။ ဘန်ကောက်တို့၊ ကမ္ဘောဒီးယားတို့၊ မြန်မာတို့မှာက ရှေးဟောင်းအမွေအနှစ်တွေ ရှိသလို သွားကြည့်စရာ တခြား နေရာတွေကလည်း အများသား။ စင်္ကပူရမှာတော့ အဲဒါမျိုး ဘာဆို ဘာတစ်ခုမှ မရှိဘူး။

မရှိ ဘာဖြစ်တုံး။ ကိုယ့်ဟာကိုယ် ဖန်တီးယူမှာပေါ့ဆိုတဲ့ စိတ်နဲ့ သည်မောင်တွေက စင်္ကာပူဒေါ်လာ သန်း ၂၄၀ တန် သည်ချားရဟတ်ကြီးကို ဆောက်ချလိုက်တာပ။ အကြံကတော့ အတော်ကြီးကြပေတာပဲ။

အကြံကြီးတာကတော့ မပြောနဲ့၊ အဲဒီ့ ရဟတ်စီးရင်း ညစာ စားမယ်ဆိုလည်း စားလို့ရသဗျ။ ဈေးကတော့ ခေါင်ကို ခိုက်လို့။ စုံတွဲ တစ်တွဲအတွက်ဆို စင်္ကာပူဒေါ်လာ ၃၆၀၊ မြန်မာငွေနဲ့ဆို နှစ်သိန်းခွဲလောက် ကျမှာပါခင်ဗျ။ ညစာစားရင်တော့ နာရီဝက်လောက်နဲ့ မပြီးတာမို့ ရဟတ်ကို နှစ်ပတ် စီးရတယ်လို့ သိရပါတယ်။

ဆယ်(န်)ထိုဇာ ရာဇ၀င်အူပေါက်

“ဆယ်(န်)ထိုဇာ”ဆိုတာက မလေးစကားနဲ့ ငြိမ်းချမ်းငြိမ်သက်မှုတဲ့။ အဲဒီ့ ကျွန်းကလေးမှာ အပန်းဖြေရာနေရာအဖြစ် စင်္ကပူရသားတွေက ဖန်တီးထားလိုက်ကြပြန်တာပါ။ နှစ်ကီလိုမီတာလောက် ရှည်လျားတဲ့ ကမ်းခြေ ရှိတယ်။ ဂေါက်ကွင်း နှစ်ကွင်းရှိတယ်။ ကြယ်ငါးပွင့်ဟိုတယ် နှစ်လုံး ရှိတယ်။ ပြီးတော့ “အပန်းဖြေကမ္ဘာ ဆယ်(န်)ထိုဇာ”ဆိုတာ ရှိပါတယ်။

စကားစပ်လို့ ပြောရရင် အဲဒီ့ ဆယ်(န်)ထိုဇာလို့ နာမည်ပေးတာက ၁၉၇၂ ခုနှစ်ကျမှ ဖြစ်ပါတယ်။ မူလက ဗြိတိသျှတို့ရဲ့ ခံတပ်ရှိတဲ့ ကျွန်း၊ နောက်တော့ ဂျပန်က မဟာမိတ် စစ်သုံ့ပန်းတွေကို ထားတဲ့ ကျွန်း။ ဒုတိယကမ္ဘာစစ်ပြီးတော့  ဗြိတိသျှ စစ်စခန်း။ ၁၉၆၇ ခုနှစ်ကျမှ လွတ်လပ်ရေးရခါစ စင်္ကာပူ အစိုးရလက်ထဲကို ဗြိတိသျှက ပြန်လွှဲပေးတာ။ အဲတော့ စင်္ကာပူ ရေတပ်စခန်းကို အဲဒီ့မှာ ဖွင့်ခဲ့သေးတယ်။ နောက် ရေကြောင်းပညာသင်ကျောင်း ဖွင့်တယ်။

၁၉၇၀ပြည့်လွန်နှစ်လောက်ကျတော့ စင်္ကာပူသားတွေအတွက်ရော ကမ္ဘာလှည့်ခရီးသွားတွေအတွက်ပါ အဲဒီ့ကျွန်းကလေးကို အားလပ်ရက် အပန်းဖြေ စခန်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ စင်္ကပူရသားတွေ လျင်ပုံကို ပြောပါတယ်။

Liver? Transplanted

အသည်းလား၊ လဲထားတယ်

စင်္ကာပူနိုင်ငံ Parkway ကျန်းမာရေး လုပ်ငန်းကုမ္ပဏီက ဖိတ်ကြားလို့ အဲဒီ့ကုမ္ပဏီလက်အောက်ခံ ဆေးရုံနှစ်ရုံဖြစ်တဲ့ Glenegales နဲ့ Mt. Elizabeth ဆေးရုံကြီးနှစ်ရုံကို သွားရောက် ကြည့်ရှုခွင့်ရခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စီးပွားရေး လုပ်ငန်းတစ်ရပ် အသွင်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြပြီမို့ သည်ပုဂ္ဂလိက ဆေးရုံကြီးများကိုလည်း ဆေးရုံဆိုတဲ့ အသွင်အပြင်ထက် ဟိုတယ်နဲ့ ပိုတူတဲ့ အသွင်အပြင်မျိုးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးရာမှာလည်း စင်္ကာပူနိုင်ငံက အတွေ့အကြုံ ရင့်ကျက်သူ ထိတ်ထိတ်ကျဲ ပါရဂူဆရာဝန်များကို ခန့်ထားတာ တွေ့ရသလို ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းများသုံးစွဲရာမှာလည်း နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းများကို တပ်ဆင်သုံးစွဲထားတဲ့အကြောင်း သိရပါတယ်။ သည်နေရာမှာ ကျွန်တော်တို့နဲ့ တွေ့ခဲ့ရတဲ့ အသည်း အထူးကုဆရာဝန်ကြီးကတော့ “စက်တွေက အဓိက မကျပါဘူး။ ကုတဲ့သူက ပိုပြီး ပဓာနကျပါတယ်”ဆိုတဲ့ စကားကို နှစ်ကြိမ်သုံးကြိမ် ပြောခဲ့တာလေးကို သတိတရ မှတ်သားလာခဲ့မိတယ်။

စီးပွားရေးလုပ်ငန်းကို စီးပွားရေးလို လုပ်နေကြတာမို့ ဈေးကွက်မြှင့်တင်ရေးက ဝန်ထမ်းပေါင်းစုံနဲ့ အများဆုံး ထိတွေ့ဆက်ဆံရတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံများက စာနယ်ဇင်းဆရာများကိုပါ တစ်ပါတည်း ဖိတ်ကြားပြီး သူတို့ရဲ့ ဈေးကွက်မြှင့်တင်ရေးကို ဆောင်ရွက်ကြတာပါ။

ဈေးကွက်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေဖြစ်တာမို့ အဲဒီ့ဌာနခွဲရဲ့ ဝန်ထမ်းတိုင်းဟာ ညက်နေတယ်။ ချေငံဖွယ်ရာနေတယ်။ ကျွန်တော်တို့တွေ လိုလေသေး မရှိအောင် ဖြည့်ဆည်းပေးကြတယ်။ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာအဖြစ် တာဝန်ယူထားပြီး ကျွန်တော်တို့ စင်္ကာပူကို ရောက်ကတည်းက အစစ တာဝန်ယူ ဆောင်ရွက်ပေးတဲ့ စင်္ကာပူနိုင်ငံသူ တရုတ် အမျိုးသမီးငယ်လေးဆိုရင် မျက်နှာလေးက ပြုံးပြီး ချိုနေတယ်။ သို့ပေမယ့် အဲဒီ့နေ့က သူ့အဘွားဆုံးတာ သုံးရက်မြောက်တဲ့နေ့မှန်း အမှတ်မထင် သိခွင့်ရတော့ မချီးကျူးဘဲ မနေနိုင်ဘူး။ အဘွားအကြောင်း မေးတဲ့အခါ သူ့မျက်လုံးတွေ လှစ်ခနဲ တစ်ချက် ဝေသီသွားခဲ့တာကလွဲရင် ခရီးစဉ် အစမှ အဆုံးတိုင် သူ့မျက်နှာပေါ်က အပြုံးချိုချိုလေးက အမြဲရှိနေခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း သူက ဓာတ်ချောစာကတစ်ဆင့် ကျွန်တော့်ကို ဆက်သွယ်တယ်။ ကျွန်တော်နဲ့ ဆက်ဆံရေးကို အရှည်သဖြင့် ဆက်လက်ထိန်း သိမ်းထားချင်တဲ့ သူ့ရည်ရွယ်ချက်လေးကို ရိပ်မိလိုက်တယ်။ ဈေးကွက် မြှင့်တင်သူတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို သူလုပ်နေတာပါ။

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ ဂုဏ်သတင်းကောင်းက သိပ်အရေးကြီးတယ်။ နာမည်တစ်လုံးရအောင် အချိန်ယူပြီး တည်ဆောက်ရသလောက် အဲဒီ့ရထားတဲ့ နာမည်တစ်လုံး ပျက်သွားဖို့ကျတော့ မိနစ်ပိုင်းကလေးပဲ ကြာတာ။ ဒါကို ဈေးကွက်သမားတွေက နားလည်ကြတယ်။ သူတို့လုပ်ငန်းအတွက် သူတို့ကိုယ်သူတို့ ချရောင်းနေကြတယ်။ သည် ကလေးမလေးတင် မဟုတ်ဘူး၊ ကျွန်တော် ဆက်ဆံခဲ့ရလေသမျှ ဈေးကွက် မြှင့်တင်ရေးဌာနက ကျား-မ ဝန်ထမ်းမှန်သမျှရဲ့ မျက်နှာတွေက ချိုနေပါတယ်။

ဒါတင် ဘယ်ဟုတ်ဦးမလဲ၊ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ၊ ဆေးရုံဝန်ထမ်းတွေ အားလုံးရဲ့ မျက်နှာတွေက ချိုကြတယ်။ ဆက်ဆံရေး ပြေပြစ်ချေငံကြတာကို မှတ်မှတ်ထင်ထင် သတိထားမိနေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမယ်။ အဲဒီ့ Parkway ကျန်းမာရေး လုပ်ငန်းရဲ့ Glenegales ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးခံနေတဲ့ မြန်မာပြည်က အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

သူက အသက် ၆၀ အရွယ် ဦးမြင့်ကြိုင်ပဲ ဖြစ်ပါတယ်။ သူက ၂၀ဝ၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့က အဲဒီ့ဆေးရုံမှာ အသည်းအစားထိုး ကုသမှု ခံယူထားသူဖြစ်နေတာမို့ သူ့ကို စိတ်ဝင်တစားနဲ့ တွေ့ဆုံ မေးမြန်းဖြစ်သွားပါတော့တယ်။ သူ့အသည်းက ကင်ဆာဖြစ်သွားလို့ အသည်းတစ်ခုလုံးကို အစားထိုး ကုသထားတာဆိုပဲ။

“ကျွန်တော်က နေရတာ ဖားကန့်က မှော်ထဲမှာ နေတာ။ ဖားကန့်ကတော့ အသည်းဖြစ်တဲ့သူ များပါတယ်။ ၁၉၉၉ ခုနှစ်မှာ မှော်ထဲက ပြန်ဆင်းလာတာ။ မှော်ထဲမှာက အရက် တအားသောက်တာဆိုတော့ မျက်နှာတွေ အမ်းလာရော။ ဒါနဲ့ ဆရာဝန်သွားပြတော့ အသည်းဖြစ်ဖို့ များတယ်ဆိုတာနဲ့ ရန်ကုန်ဆင်းပြီး ရန်ကုန်က အသည်းဆရာဝန်ကြီးနဲ့ ပြတာ။ ဆရာဝန်ကြီးက ခင်ဗျာ့အသည်း ခြောက်နေပြီလို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ကြောက်ပြီး တစ်ခါတည်း စင်ကာပူ ရောက်ခဲ့တာ။ ၁၉၉၉ ခုနှစ်မှာပေါ့။ စင်ကာပူမှာ လာစစ်တဲ့အချိန်မှာ အသည်းခြောက်တာ စဖြစ်ဖြစ်ချင်းဆိုတော့ အချိန်မီသွားတာပေါ့”လို့ ဦးမြင့်ကြိုင်က ပြောပြပါ တယ်။

အသည်းရောဂါ ဝေဒနာရှင်တွေက ကျွန်တော့် ပတ်ဝန်းကျင်မှာ များလှပါတယ်။ ကျွန်တော့် ဇနီးရဲ့ အစ်ကိုတစ်ယောက်လည်းပဲ အသည်းနဲ့ပဲ ကွယ်လွန်သွားတာ တစ်နှစ်တောင် ပြည့်ခါနီးနေပြီ။ နောက် ကျွန်တော်တို့ အိမ်နားက တစ်ယောက်။ သူ ကွယ်လွန်သွားတာလည်း မကြာသေး။

နောက်တစ်ယောက်ကတော့ မမြင်လိုက်ရဘူး။ သူ့ကိုလည်း လူကိုယ်တိုင် တစ်ခါမှ မဆုံဖူးလိုက်ဘူး။ သူကလည်း အခု ဦးမြင့်ကြိုင်လိုပဲ ကျောက်သမား၊ ကျိကျိတက် ချမ်းသာတဲ့သူပါ။ သူကိုင်ခဲ့တဲ့ အဖိုးတန် ပါလေရာ တယ်လီဖုန်းကို သူ့ဇနီးက ကျွန်တော့်ကို စွန့်ကျဲလိုက်တဲ့အတွက် ကျွန်တော် အခု အဲဒီ့ ဖုန်းကလေးကို ကိုင်နေပါတယ်။

အဲဒီ့လူကျတော့ အသည်း အစားထိုးပေးမယ့် အလှူရှင် နှစ်ယောက်တောင် ရှိတယ်။ ငွေကြေးလည်း တတ်နိုင်တယ်။ သို့ပေမယ့် သူ့ကိုယ်ခန္ဓာက အသည်းအစားထိုးတာကို လက်မခံတော့ဘူး။ ထိုင်း၊ အိန္ဒိယ၊ တရုတ် နိုင်ငံများက ဆေးရုံပေါင်းစုံမှာ အလီလီကြိုးစားပေမယ့် မရတော့ဘဲ နောက်ဆုံးတော့ မန္တလေးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်တော့ အသက် ၄၀ ကျော်ရုံလေးပဲ ရှိသေးတယ်။

နောက်ဆုံးတွေ့ခဲ့ရတဲ့ တစ်ယောက်ကတော့ စင်္ကာပူကို မလာခင် တစ်ရက်၊ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့ညမှာ တွေ့ခဲ့ရတဲ့ ဝတ္ထုတို ဆရာ၊ ဆရာမာန်မြင့်။ အဲဒီ့နေ့က ဆရာ့သားကြီးဆီကနေ တယ်လီဖုန်း စာတန်းသတင်း ဝင်လာတယ်။ သူ့အဖေကို ဆေးရုံတင်ထားရတယ်ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ခရီးသွားမယ့်ဆဲဆဲမှာပဲ ပန်းလှိုင်ဆေးရုံကို အပြေးအလွှား သွားခဲ့ပါသေးတယ်။

ဆရာမာန်မြင့်ကို မြင်ရတော့ အဆမတန် ဖောင်းအစ်နေတဲ့ ဆရာ့ဗိုက်ကြီးကို ကြည့်ပြီး ကျွန်တော်တို့ ဇနီးမောင်နှံမှာ ဝမ်းနည်းပက်လက်။ ဗိုက်ထဲက ရေတွေကို စုတ်ထုတ်နေကြောင်းပြောတော့ ဆရာက “ဗိုက် သုံးခါ ဖောက်ပြီးရင် ရှောတာပဲဗျ”လို့ ပြောလိုက်ပါသေးတယ်။ ဆရာ့သားက ဆရာ့ကို စင်္ကာပူ ခေါ်သွားမယ့်အကြောင်း ပြောနေပါတယ်။ နောက် သုံးရက်နေရင် စင်္ကာပူရောက်ပြီပေါ့။ အကောင်းဆုံးကို မျှော်လင့်ရင်း၊ ဆရာ ကျန်းမာပါစေလို့ ကျိတ်ဆုတောင်းရင်း ကျွန်တော်တို့လည်း ဆေးရုံ က ပြန်လာခဲ့ကြပါတယ်။


ဆရာ့ဗိုက်ကြီးကို မြင်တော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဆုံးသွားတဲ့ မိတ်ဆွေကို သတိရမိရပြန်တယ်။ အဲဒီ့မိတ်ဆွေကတော့ အသည်းမကောင်းတဲ့ကြားကကို အရက်ကို ဖိသောက်သွားတဲ့သူပါပဲ။ ဗိုက်ကြီး အဆမတန် ပူလာတော့မှ ဆေးရုံတက်ပါတယ်။ ဆေးရုံကျတော့လည်း အရက်ခိုးသောက်ဖို့ ကြံပါသေးတယ်။ မအောင်မြင်ခဲ့ပါဘူး။ အစာကတော့ နဂိုကတည်းက သိပ်မစားတဲ့သူမို့ သူ့အခြေအနေကို ကျွန်တော်တို့ မမှန်းဆမိတတ်ခဲ့ဘူး။

မကြာဘူး။ အဲဒီ့လူ ဆေးရုံရောက်ပြီး ဆယ်ရက်မပြည့်ခင်မှာ တိမ်းပါးသွားတယ်။ အသည်းနဲ့ ပတ်သက်လို့ ကွယ်လွန်သူကို ပထမဆုံး ကြုံဖူးလိုက်ခြင်းပါပဲ။
အခု ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ ဦးမြင့်ကြိုင်ကတော့ စိုစိုပြည်ပြည်။ ပိန်ပိန်ပါးပါး။ လူကောင်း ပကတိတစ်ယောက်လို ကျန်းမာနေတဲ့ပုံမျိုးနဲ့။ သို့ပေမယ့် သူ့အသည်းက အစားထိုးထားတာတဲ့။

“အဲလိုနဲ့ ၁၉၉၉ က စပြီး ကုရင်း ကုလာလိုက်တာ ၂၀ဝ၆ကျတော့ အခြေအနေက တော်တော်လေး ဆိုးလာတာနဲ့ အသည်း လဲရတော့တာပါ။ အလှူရှင့်ဆီက အသည်းတစ်ခြမ်းကို  ကျွန်တော့် အသည်းတစ်ခုလုံးနဲ့ လဲထည့်လိုက်တယ်။ အလှူရှင်ရဲ့ အသည်းက သုံးလနေရင် သူ့နဂိုအတိုင်း ပြန်ဖြစ်သွားတယ်ဆိုပဲ။ လုပ်ဆောင်ချက်လည်း နဂိုအတိုင်းဖြစ်တာပဲတဲ့။ ကျွန်တော့်ကျတော့ တစ်နှစ်လောက်နေမှ နဂိုအတိုင်း ပြန်ကြီးလာတာပါ။ လူတစ်ယောက်မှာ အသည်းက နှစ်ခြမ်းရှိတာလေ။ လဲတုန်းက တစ်ခြမ်းပဲ ရှိနေရာကနေ နောက်ပိုင်းကျ နှစ်ခြမ်းပြန်ဖြစ်သွားတာ။ အရွယ်အစားကတော့ အခုဆို ပုံမှန်အတိုင်း ပြန်ကြီးလာပြီ။ လုပ်ဆောင်ချက်ကတော့ အတူတူပါပဲ”လို့ ဦးမြင့်ကြိုင်က ဆက်ရှင်းပြပါတယ်။

“အစက ရန်ကုန်မှာ CT Scan ရိုက်ကြည့်တော့ အသည်းမှာ အဖုကလေးတစ်ခု တွေ့တယ်။ ဝ.၅ စင်တီမီတာလောက် ရှိမယ်။ အဲဒါလေး ပေါ်လာတော့ ကျွန်တော်လည်း ကြောက်ပြီး စင်ကာပူ လာပြီး စစ်တာ။ အဲဒီ့ကြားထဲမှာ နှစ်လလောက် ကြာသွားတော့ ဝ.၅ စင်တီပဲ ရှိတဲ့ အဖုက တစ်လက်မ ဖြစ်လာရော။ ကြီးလာတာပေါ့။ ဆရာဝန်ကတော့ ရောက်ရောက်ချင်း လဲစရာတော့ မလိုသေးဘူးဆိုပြီး ကီမိုထိုးပေးပါတယ်။ ကင်ဆာဆေးပေါ့။ ထိုးပြီး တစ်လလောက် ကြာတဲ့အခါမှာ ပြန်စစ်တော့ ပျောက်သွားပြီ၊ မရှိတော့ဘူး”

“မရှိတော့ဘူးဆိုတော့ ကျွန်တော်လည်း ဆေးထိုးပြီးတော့ ပြန်သွားတာ။ သုံးလကျမှပြန်လာတော့ နည်းနည်းလေးတော့ ထွက်လာပြီ၊ သိပ် မများသေးဘူး။ နောက် ခြောက်လလာတဲ့အခါကျတော့ မရတော့ဘူး၊ အကြီးကြီးဖြစ်ကုန်ပြီ၊ အဖုကြီးတွေ ဖြစ်ကုန်ပြီ၊ အကြီးကြီးဖြစ်တဲ့အခါကျတော့ အသည်း မလဲရင် မရတော့ဘူးတဲ့။ ဆေးတစ်ချောင်း ထိုးလိုက်ရင်တော့ တစ်လလောက် ခံတယ်။ တစ်လနောက်ပိုင်းမှ လဲလို့ရမယ်ဆိုတော့ ကျွန်တော်လည်း မြန်မာပြည် ပြန်သွားပြီးမှ အလှူရှင် ရှာရတာပါ”

ဦးမြင့်ကြိုင်က စိတ်ပါလက်ပါ ရှင်းပြပေးပါတယ်။ ကျွန်တော် ကံကောင်းတယ်လို့ ဆိုရမယ်။ စင်္ကာပူနိုင်ငံမှာ အခြေစိုက်တဲ့ ကျန်းမာရေး လုပ်ငန်းက ဖိတ်လို့ ရောက်လာတာ။ အဲဒီ့က ဆေးရုံမှာမှ အသည်းလဲထားသူ မြန်မာနိုင်ငံသားတစ်ယောက်ကို အပ်ကျမတ်ကျ တွေ့တာကိုက အဆင်ပြေလွန်းနေပြီ။ သည်ကြားထဲ ဖြေကြားပေးတဲ့ ဦးမြင့်ကြိုင်ကလည်း လိုလိုလားလား လှိုက်လှိုက်လှဲလှဲ ရှိနေတာမို့ အတော်လေး အားရစရာ ကောင်းနေပါတယ်။

အလှူရှင်ရလာတဲ့အခါမှတော့ အလှူရှင်ကိုရော၊ ဝေဒနာရှင်ကိုပါ အသေးစိတ် ပြန်စစ်ဆေးတယ်။ ဒါ့အပြင် စင်္ကာပူတရားရုံးကပါ ဥပဒေနဲ့ အညီ စုံစမ်းမေးမြန်းပြီး အလှူရှင်ဆီက သဘောတူညီချက်ကို တရားဝင် ရယူပြီးခါမှ လဲလှယ်ခွင့်ရတယ်လို့ ဦးမြင့်ကြိုင်ဆီကပဲ သိရပါတယ်။ “ခွဲစိတ် ခန်းထဲကို မနက်အစောကြီး ဝင်သွားတာ။ ခြောက်နာရီမှာ စပြီး တွန်းလှည်းနဲ့ ဝင်သွားတာ ည ခြောက်နာရီမှ ပြန်ထွက်လာရတယ်။ စုစုပေါင်း ၁၂ နာရီလောက် ခွဲစိတ်ရတာပေါ့။”

“ကျွန်တော့်အသည်းထုတ်ပြီးတော့ ကျွန်တာ့် အမျိုးသမီးကို လာပြပေးသေးသတဲ့။ ဇလုံကြီးနဲ့ လာပြပေးသေးတယ်”လို့လည်း ပြောပါတယ်။

ဦးမြင့်ကြိုင်နဲ့ အတူပါလာတဲ့ သူ့အမျိုးသမီးက အဲတုန်းက အဲဒီ့ ဦးမြင့်ကြိုင်ရဲ့ အသည်းကို လက်နဲ့ ထိုးကြည့်ခိုင်းတဲ့အကြောင်း၊ သူက မထိုးရဲတော့ သူနာပြုဆရာမက အသည်းကို နှိပ်ပြတဲ့အကြောင်း၊ အသည်းက မာတောင့်တောင့်ကြီး ဖြစ်နေတဲ့အကြောင်းတွေ ဝင်ပြောပြပါသေးတယ်။

“အဲဒီ့နောက် အထူး ကြပ်မတ်ကုသခန်းမှာ တစ်ပတ်နေပြီးတော့မှ အပြင်ဆောင် ပြန်ရောက်လာတာ။ အပြင်ဆောင်မှာ သုံးပတ်ပေါ့၊ စုစုပေါင်း အားလုံး တစ်လပေါ့။ တစ်လဆိုတော့ အားလုံးအပြီး စင်ကာပူ ဒေါ်လာ ၂ သိန်း ၈ သောင်း ကုန်ကျပါတယ်။ မြန်မာငွေနဲ့ဆိုရင်  သိန်းနှစ်ထောင်ကျော်လောက်ရှိမှာပေါ့”တဲ့။

ကျွန်တော်သာဆိုရင်တော့ သိန်းနှစ်ထောင်ကျော် မတတ်နိုင်တာနဲ့ပဲ သေမှာဆိုတဲ့အတွေးက ခေါင်းထဲ ဖျတ်ခနဲ ဝင်လာပါတယ်။ အင်း… ငွေ၊ ငွေ။ ငွေရှိရင် အသည်းတောင် လဲလို့ ရပါကလားဆိုတာကြီးကလည်း ခေါင်းထဲ ဝင်လာပြန်သေးတယ်။ သို့ပေမယ့် ကျွန်တော်ကိုင်နေတဲ့ ပါလေရာဖုန်းလေးရဲ့ မူလပိုင်ရှင်ကျတော့လည်း ငွေတတ်နိုင်ပေမယ့် လဲလို့ မရလို့ အသက်ပေးသွားခဲ့တာလည်း တစ်နှစ်ကျော်၊ နှစ်နှစ်ပဲ ရှိပါသေးတယ်။ အဲဒါကိုလည်း ဦးမြင့်ကြိုင်ကပဲ ရှင်းပြပေးပြန်တယ်။

“ကင်ဆာသာ ဖြစ်နေတာ၊ မသိဘူး။ သူတို့ ပြောပြတာကတော့ သည်လို ကင်ဆာဖြစ်တဲ့သူတွေက များသောအားဖြင့် သိပ်ခံစားချက် မရှိဘူး။ ဘာဝေဒနာမှ သိသိသာသာ မခံစားရဘူးပေါ့။ ဝေဒနာ တစ်ခုခု ခံစားလာရပြီဆိုရင်တော့ အခြေအနေ အတော်ဆိုးနေပြီ။ မျက်နှာလည်း ခြောက်လာပြီ။ နားရွက်လည်း ခြောက်လာ၊ မဲလာပြီဆို တော်တော် အခြေအနေ ဆိုးပြီ။ ကင်ဆာလည်း ပြန့်ပြီ။ ကုသဖို့ ခက်သွားပြီ။ ကင်ဆာပြန့်ပြီဆို မရတော့ဘူး။ ကျွန်တော်တို့လာတော့ အရင်စမ်းကြည့်တယ်၊ ကင်ဆာ ပြန့်မပြန့်။ ကင်ဆာပြန့်ပြီဆို အသည်းလဲလို့ မရတော့ဘူး။ ကျွန်တော်တို့ မြန်မာတွေမှာ များသောအားဖြင့် ဖြစ်တတ်တာက အသည်းဖြစ်နေမှန်း စသိတာနဲ့ နှောင်းသွားပြီ။ စပြီး လက္ခဏာ ပထမဆုံးအကြိမ် ပြကတည်းကကို စောသေးတယ်။ ခြေထောက်ယောင်၊ မျက်နှာအမ်း၊ ရေဖျဉ်းဖြစ်ပြီဆို ဆိုးပြီ။ လဲတဲ့အဆင့် မရှိတော့ဘူး”လို့ ဦးမြင့်ကြိုင်က ဆက်ပြောပြပါတယ်။

ကျွန်တော့်စိတ်က ဆရာမာန်မြင့်ဆီ ရောက်သွားပြန်တယ်။ ဒါဆို ဆရာ့အခြေအနေလည်း ဆိုးနေရှာပြီပေါ့။ (တကယ်လည်း ကျွန်တော် စင်္ကာပူက ပြန်ရောက်ပြီး နှစ်ရက်မြောက်တဲ့ ၂၁-ဝ၃-၁၀ မှာ ဆရာမာန်မြင့်လည်း စင်္ကာပူမှာပဲ တိမ်းပါးသွားပါတော့တယ်။ ဆရာပြောခဲ့သလို သူ့ဗိုက်ထဲက ရေတွေ သုံးခါ ဖောက်လိုက်အပြီးမှာပဲလားတော့ မသိပါ။)

အခု ဦးမြင့်ကြိုင်ကလည်းပဲ ဆရာမာန်မြင့်လိုပဲ အသည်းရောင် အသားဝါ စီပိုးကြောင့် ကင်ဆာဖြစ်စပြုချိန်မှာ ၂၀ဝ၆မှာ အသည်း လဲလိုက်ရာက အခုအချိန်အထိ ထူထူထောင်ထောင်ကြီး ဖြစ်နေတာ ကျွန်တော့်မျက်မြင်ပါပဲ။ သူကတော့ အသိစောသွားတယ်ပေါ့။

ဆေးပညာရဲ့ စွမ်းပကားတော့ အံ့မခန်းပါပဲ။ လူ့ကိုယ်ခန္ဓာကို မော်တော်ယဉ်တစ်ခုလိုပဲ မကောင်းတာ ဖြုတ်လဲလို့ ရတဲ့ ခေတ်တစ်ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြပါတယ်။ ဆေးရုံဆေးခန်းဆိုတာတွေကလည်း အဲဒီ့ခေတ်နဲ့အပြိုင် ဝန်ဆောင်မှုပေးတဲ့ ဧရာမ စီးပွားရေး လုပ်ငန်းကြီးများအဖြစ် အပြိုင်းအရိုင်း ပေါ်ထွန်းနေပါပြီ။

တတ်နိုင်သူတွေက တတ်နိုင်သလို ဇာချဲ့နိုင်အောင်လည်း အဲဒီ့ ဆေးရုံကြီးတွေရဲ့ ဝန်ဆောင်မှုပေးပုံတွေက ထူးခြားတယ်။ အဲဒီ့ Parkway ကျန်းမာရေး လုပ်ငန်းရဲ့ ဆေးရုံမှာဆိုရင် “တော်ဝင်ခန်းဆောင်” (Royal Suite)ဆိုတာတောင် ရှိသတဲ့။ ဆေးဖိုးဝါးခ၊ ကုသစရိတ်မပါသေးဘဲ တစ်ညကို စင်္ကာပူဒေါ်လာ ၄၀ဝ၀ ကျော်ပေးရင် နေလို့ ရတယ်ဆိုပဲ။ ကျွန်တော်တို့ ရောက်နေချိန်မှာ အဲဒီ့အခန်းမှာ လူနာ ရှိနေလို့ ဝင်ကြည့်ခွင့် မရခဲ့ကြပါဘူး။ အဲဒီ့အခန်းမှာဆိုရင် ဘဏ္ဍာစိုး (butler) တောင် ထားပေးပြီး အစားအသောက်ကို ကြိုက်သလို မှာယူ စားသောက်လို့ ရပါသတဲ့။ ဒါ့အပြင် ကိုယ်ရံတော်များအပါအဝင် နောက်တော်ပါများ အိပ်ဖို့၊ နားဖို့ ခန်းဆောင် အပိုသတ်သတ်တောင် ပါသေးဆိုပဲ။

သူတို့ကတော့ ပိုက်ဆံတွေလည်း နင့်နေအောင် ယူတယ်၊ ယူတဲ့ ပိုက်ဆံနဲ့ ထိုက်တန်အောင်လည်း ဝန်ဆောင်မှုကို ကောင်းကောင်းမွန်မွန် ပေးနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားနေကြတာကို မြင်ခဲ့ရတာပါပဲ။  အဲလို မကြိုးစားလို့လည်း မဖြစ်ဘူးလေ။ အပြိုင်အဆိုင်တွေ ပေါများလှတဲ့ ဈေးကွက်ကြီးပေပဲကိုး။
ဘန်ကောက်မှာလည်း ပုဂ္ဂလိက ဆေးရုံတွေ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စတာတွေမှာလည်း ပုဂ္ဂလိက ဆေးရုံတွေ အပြိုင်းအရိုင်း ပေါ်ထွန်းနေတာမို့ ဘက်ပေါင်းစုံက ကြိုးပမ်းနိုင်မှ တန်ကာကျမယ့်သဘောကို သူတို့က ဘဝပေးအသိအဖြစ် သိနေနှင့်ကြပုံပါပဲ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၉ဝ၃၁၀)

၂၀၁၀ပြည့်နှစ် ဧပြီ ၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြပါရှိခဲ့တာလေးကို ပြန်လည်တင်ဆက်ထားတာပါ။