In Memory of Saya Thagadoe

ကနေ့ မနက်မှာ စာရေးဆရာ၊ သတင်းစာဆရာ သာဂဒိုး ကွယ်လွန်သွားကြောင်း Facebook မှာ တင်ထားကြလို့ စောစောက သိလိုက်ရပါတယ်။ ဆရာ သာဂဒိုးနဲ့ အနည်းအပါး ပတ်သက်လို့ လျှပ်တစ်ပြက်ဂျာနယ်မှာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလအတွင်းက ကျွန်တော် ရေးခဲ့ဖူးတာလေးကို ဆရာ ကွယ်လွန်ခြင်း အမှတ်တရအဖြစ် ဖော်ပြလိုက်ချင်ပါတယ်။ ဆရာသာဂဒိုး ကောင်းရာ သုဂတိ လားပါစေ။

လောက်မင်း၊ ဆရာသာဂဒိုး၊ ရိုက်ချက်ပြင်းသူများနှင့်

ကျွန်တော့် မျက်ခြယ် ဒေါ်လက်လွယ်

၂၀ဝ၄ခုနှစ်မှာ ဇစ်ပိုမီးခြစ်ကို ဆီဖြည့်ရင်းက ကျွန်တော့်ဘယ်ဘက် လက်ခလယ်နှင့် လက်သူကြွယ်ကို မီးစွဲလောင်သည်။ မီးလောင်ဒဏ်ရာ ပျောက်သွားသော်လည်း အသားအရေမှာ ဖြူပြီး ကျန်ရစ်သည်။ ထို့နောက်တွင် ညာဘက် လက်ခလယ် ဒုတိယလက်ဆစ်နေရာများမှ စတင်ကာ အဖြူကွက်ငယ်လေးများ စတင်ပေါ်ပေါက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ယခု ၂၀ဝ၆ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်သောအခါ ကျွန်တော့်တစ်ကိုယ်လုံးမှာ အဖြူကွက်တွေ ပွနေသည်။ လက်နှင့်ခြေမှာက အဆိုးဆုံး။

ခရုသင်းလား၊ သမင်ဖြူလား မသိ။ သို့သော် သိတာ တစ်ခုတော့ ရှိပါသည်။ ထိုပြဿနာကို အနောက်တိုင်းဆေးက ပျောက်ကင်းအောင် မကုနိုင်မှန်းကိုဖြစ်သည်။ သို့တိုင်အောင် အမြင်မတော်သူများက ကျွန်တော့်ကို ဇွတ်ပြောကာ ဆေးခန်းခေါ်သွားသဖြင့် အရေပြားအထူးကုနှင့် နှစ်ကြိမ် ပြရဖူးသည်။ အဆင်မပြေပါ။ တစ်ဦးပေးသော ဆေးကို လူးအပြီးမှာ ယားယံလာကာ ပူစပ်ပူလောင်တွေဖြစ်သည်။ အဖြူကွက်တွေက နီပြီး တအားယားလာသည်။ ကျွန်တော် မခံနိုင်။ ကျန်တစ်ဦးကတော့ သူ ကုမပေးနိုင်ဟု ပြတ်ပြတ်သားသားပင် ပြောပါသည်။

ကူးစက်ရောဂါလည်းမဟုတ်၊ ရုပ်ပျက်ဆင်းပျက် ဖြစ်တာတစ်ခုသာ ရှိသဖြင့် ပေါ့ပေါ့တန်တန်ပဲ သဘောထားလိုက်ပါသည်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်သော သဘောကို ဆင်ခြင်မိနေသည်မှာ ကြာပြီ။ အသက်ရှင်နေသေးသည်ကိုပဲ ကျေးဇူးတင်လိုက်သည်။ ကျန်တာတော့ ဖြစ်ချင်တာဖြစ်စေတော့ဟု နှလုံးသွင်းလိုက်သည်။


ထိုအချိန်မှာ ဆရာ သာဂဒိုးက ဈေးကွက်ဂျာနယ်တွင် ထိုအဖြူကွက်ကို သုံးရက်နှင့် ပျောက်သည့် ဆေးမြီးတိုအကြောင်းကို ရေးလာပါသည်။ ကျွန်တော့်အိမ်က ဖတ်မိကြသည်။ ကျွန်တော်လည်း ဖတ်လိုက်သည်။ “လောက်မင်းပင်”ဆိုပဲ။ ကံအားလျော်စွာပင် လျှပ်တစ်ပြက်ဂျာနယ်၏ မြို့မေတ္တာခံယူပွဲ၌ ဆရာသာဂဒိုးကို ဆုံရသည်။ ထိုအခါ ဆရာ့ဖုန်းနံပါတ်ကို တောင်းထားလိုက်ရပါတော့သည်။


ကျွန်တော် မေ့မေ့ပျောက်ပျောက်နေသော်လည်း ကျွန်တော့်အိမ်သူက မမေ့ပျောက်နိုင်ပါ။ ဆရာ့ထံ ဖုန်းဆက်ရန် သူပင် လောဆော်သည်။ ကျွန်တော်လည်း ဆက်လိုက်သည်။ ဆရာကလည်း ဖော်ဖော်ရွေရွေ၊ အားတက်သရောပင်၊ နှုတ်၏ စောင်မခြင်းအမှုကို ပြုပါသည်။ ဘယ်နေရာသို့ သွားရမည်ကို အတိအကျ လမ်းညွှန်သည်။

ကော့မှူးမြို့နယ်ထဲမှ ရွာတစ်ရွာသို့ဖြစ်ပါသည်။ ထိုရွာမှ ဘုန်းကြီးကျောင်းတိုက်တစ်တိုက်၏ အမည်ကို ဆရာဒိုးက ပြောပြသည်။ ဘုန်းကြီး၏ ဘွဲ့တော်ကိုလည်း ဆရာဒိုးက သေချာပေးသည်။ စာဖြင့် ရေးမှတ်ထားလိုက်သည်။

ကျွန်တော့်အိမ်သူက အငှားယာဉ်တစ်စီးဖြင့် အစောကြီး တစ်မနက်တွင် ထိုရွာသို့ ချီတက်သည်။ ဘုန်းကြီးကျောင်းကို တွေ့သည်။ သို့သော် ဆရာဒိုး ပြောသော ဘွဲ့အမည်နှင့် ဘုန်းကြီးဟူသည်ကိုကား မတွေ့ခဲ့ရ။ ထိုအမည်နှင့် ဘုန်းကြီးလည်း ထိုကျောင်းတိုက်မှာ လုံးလုံး မရှိ။ ဦးဇင်းတစ်ပါးနှင့်မူ တွေ့ရသည်ဟု ဆိုသည်။
ဦးဇင်းဆီမှာ အနှီလောက်မင်းမြစ်များ ရှိခဲ့ဖူးသော်လည်း ယခုမူ လက်ကျန် ပြတ်နေသတဲ့။ လက်ကျန်ထဲမှ အမြစ်နှစ်မြစ်ခန့်ကို ထုတ်ပြသည်။

ဆရာသာဂဒိုးရေးထားသည်က ဥလေးတွေလို အသီးအသီးလေးတွေနှင့် အမြစ်ဖြစ်သည်။ ယခု ကျွန်တော့်အိမ်သူ တွေ့ရသော အမြစ်က ဘာဥလေးတွေမှ မပါ။ ပြောင်ချောအမြစ်တွေ ဖြစ်နေသည်။

ဦးဇင်းက မှော်ဘီနားက တောင်တစ်တောင်ပေါ်တွင်မှသာ ထိုအမြစ်များကို ရနိုင်မည်ဟု ဆိုသည်။ ထိုနေရာသို့မူ ကျွန်တော့်အိမ်သူ သွားနိုင်မည် မဟုတ်ပေ။ သို့အတွက် ဦးဇင်းက သွားပေးမည်ဟုဆိုသည်။ သူ့ကိုမူ စရိတ် ပေးရမည်ဟုလည်း ပြောသည်။


သို့ဖြင့် ကျွန်တော့်မယားမျက်ခြယ် “ဒေါ်လက်လွယ်”က ဦးဇင်းလက်ထဲသို့ ငွေ ရှစ်ထောင်ကျပ် ထည့်ခဲ့သည်ဟူသတတ်။ ဦးဇင်းကလည်း နောက်တစ်ပတ်ကို ချိန်းလိုက်သည်ဟူသတတ်။

သည်ကြားထဲမှာ ဇာတ်လမ်းက ပိုရှည်လာသည်။ ဆရာသာဂဒိုး ရေးထားသည်က ထိုလောက်မင်းအမြစ်ကလေးတွေကို ပေါင်းခံကာ ပေါင်းချွေးဖြင့် အဖြူကွက်လေးများပေါ်သို့ တို့ပေးရန်သာ ဖြစ်သည်။ ကျွန်တော့်အိမ်သူနှင့် ဆုံခဲ့သော ဦးဇင်းကမူ ထိုသို့မဟုတ်။ ဆေးဖော်ရဦးမည်။ စိန်နှယ် တန်ဖိုးကြီး ပရဆေးတွေလည်း ထည့်ရဦးမည်။ ပိုက်ဆံတွေ အများကြီးလည်း ကုန်ရဦးမည်ဟု ဆိုလိုက်ပြန်ပါသတဲ့။

သို့ဖြင့် ဆရာသာဂဒိုးထံ ထပ်မံဖုန်းဆက်ရပြန်သည်။ ဆရာပြောသလို ဥလေးတွေနှင့် အမြစ်မဟုတ်ကြောင်း ဆရာဒိုးကို ပြောပြရသည်။ ဆရာဒိုးကလည်း ရှင်းပါသည်။ ထိုအမြစ်ကို ဆရာကိုယ်တိုင် မမြင်ဖူးဘူးဟု ပြောပြသည်။ သို့သော် ထိုအမြစ်သက်သက်ကို ပေါင်းချွေးခံကာ လိမ်းရုံမျှသာဟုကား အခိုင်အမာ ဆိုပါသည်။ ဟိုဟာသည်ဟာတွေနှင့် ဇာချဲ့ရန် မလိုဘူးပေါ့။


ဤသို့ဖြင့် ၂၀ဝ၆ခုနှစ်၏ ခရစ္စမတ်နေ့၊ ကျွန်တော် အိပ်ရာမှ မထခင်မှာပင် ဇနီးမျက်ခြယ် ဒေါ်လက်လွယ်တစ်ယောက် ကော့မှူးနယ်ဘက် ခရီးဆက်ပြန်လေတော့သည်။  ကျွန်တော်အိပ်ရာက ထတော့ မနက် ၈ နာရီခွဲ။ သူ မရှိတော့။ အပူချိန်ကို ကြည့်လိုက်တော့ ၂၁ ဒီဂရီ စင်တီဂရိတ်။ သည်နှစ် ရန်ကုန် အတော် အေးလှသည်။ ကျွန်တော့်နည်းတူ အလွန် အအိပ်မက်သော ကျွန်တော့်ဇနီးသည် ချမ်းချမ်းစီးစီးထဲတွင် လင့်အတွက် လောက်မင်းမြစ် အရှာထွက်သည်ကို တွေးကာ အားနာမိပါသည်။ ကျေးဇူးလည်းတင်ရပါသည်။

မွန်းတည့်ချိန်တွင် သူပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အထုပ် တစ်ထုပ်။ ဖြေကြည့်လိုက်သောအခါ အထဲမှာ သစ်မြစ်တွေ။ အမြစ်တွေမှာ ဘာဥမှလည်း မပါပါ။ ကျွန်တော့်မျက်လုံးထဲတွင်မူ ပဲစိမ်းစားဥက အမြစ်တွေထက် နည်းနည်းပါးပါး ပိုတုတ်တာပဲ ရှိသည်။

ခရီးရောက်မဆိုက်မှာပင် သူက ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို ရှင်းပြသည်။ ဦးဇင်းက မှော်ဘီမြို့နယ်အထိ သွားခဲ့သေးသည်ဟု မိန့်တော်မူလေသတဲ့။ သို့သော် ထိုလောက်မင်းပင် ရှိသော တောင်သည် တပ်မြေထဲတွင် ရှိနေလေရကား ဝင်ခွင့်မရခဲ့ပါဟုလည်း ဆိုသည်။ ဘေးမှ ဦးဇင်းတစ်ပါးကလည်း ထို ဦးဇင်း အမှန်တကယ် သွားခဲ့ကြောင်း ထောက်ခံအတည်ပြုပေးပါသေးတဲ့။


ထိုအချိန်မှာ နောက်ထပ် ဇာတ်လိုက် ဦးဇင်းတစ်ပါးက ဝင်လာသည်။  ဟိုတစ်ပတ်ကတည်းက သူ ကြားဝင်ချင်သော်လည်း မဝင်ကောင်းသဖြင့် အသာ နောက်ဆုတ်နေခဲ့သည်ဟုလည်း ဆိုသည်။ ယခုမူ ပထမဦးဇင်းက ဆောင်ကြဉ်း မလာနိုင်သည့်အတူတူ သူ ဝင်တော့မည်ဟု ပိုင်းဖြတ်လျက် မိန့်မြွက်ပါလေတော့၏။ ထိုလောက်မင်းအမြစ်မှာ သူတို့ရွာထဲက သူ့တပည့်ထံတွင်ပင် ရှိသည်ဆိုပဲ။


သို့ဖြင့် ဒေါ်လက်လွယ်သည် ထိုရွာထဲမှ အိမ်တစ်ဆောင်သို့ ရောက်သွားပြန်လေတော့၏။ ထိုအိမ်က ဆေးဆရာ မောင်နှံ၏အိမ်ပါတဲ့။ ထိုအိမ်မှာ ထိုအမြစ်များ အမှန်ပင်ရှိသည်။ သို့သော် ထိုအမြစ်ကို သည်အတိုင်း သုံးလို့ မရ၊ ဆေးဖော်မှ ရမည်ဟုလည်း ထိုအိမ်မှာ တွေ့ရသူ အမျိုးသမီးကြီးက ပြောပြန်သည်။ အဲ… ဆေးတစ်ဖုံကို ကျပ်လေးသောင်းခန့် ကျမည်ဟုလည်း ဈေးစကားဆိုသည်။ လျှော့လျှော့ပေါ့ပေါ့၊ သုံးသောင်းခွဲနှင့် လုပ်ပေးမည်ဟုလည်း ကမ်းလှမ်းသည်။
ဒေါ်လက်လွယ်က ဆရာဒိုး၏ စကားကို မှတ်သားပြီးသား။ ဘာဆေးမှ ဖော်စရာမလို၊ အမြစ်က ထွက်သော ပေါင်းချွေးနှင့်ပင် ပြီးသည်ဟု ဆရာဒိုးက သေချာ မှာကြားပြီးသား။ သို့ဖြစ်သဖြင့် အမြစ်ကိုသာ အပါသယ်ဖို့ စိတ်ကူးသည်။ ဟိုအမျိုးသမီးကြီးက ဆေးမဖော်ဘဲနှင့်ဖြင့် မပျောက်နိုင်ဟု အတန်တန်ဆိုသည်။ သို့တိုင်အောင် ဒေါ်လက်လွယ်က မလျှော့တော့။ အမြစ်ကိုသာ တောင်းဆိုသည်။


ထိုရောအခါ အမြစ်တွေကလည်း ဈေးကြီးသည်၊ ကျပ်နှစ်သောင်းရမှ ပေးနိုင်မည်ဟု အမျိုးသမီးကြီးက အပြတ်ပြောသည်။

ဒေါ်လက်လွယ်ပါဆိုမှ ဘာလုပ်မည် ထင်ပါသနည်း။ ပေးခဲ့သည်ပေါ့။ ပြီးတော့ အမြစ်ကလေး လက်တစ်ဆုပ်လောက်ကို ယူခဲ့သည်ပေါ့။

အကြောင်းစုံ သိရသောအခါ ကျွန်တော့်ယမ်းပုံပေါ် မီးကျသွားရပါသည်။ ဟုတ်ပ။ ငွေနှစ်သောင်းဆိုတာ နည်းမှတ်လို့။ ကျွန်တော့်မှာ စာမူ တစ်ပုဒ် တစ်သောင်းရသော စာရေးသူမျိုးမဟုတ်မူပါ။ ကျွန်တော် ဂျီကျလွန်းသဖြင့် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ရေးနေခဲ့သော မဂ္ဂဇင်းကြီး တစ်စောင်က တစ်ပုဒ်ကို တစ်သောင်းပေးဖော်ရလာသည်မှာ နှစ်လမျှသာ ရှိသေးသည်။ ကျန်မဂ္ဂဇင်းတွေကမူ ခုနစ်ထောင့်ငါးရာတို့၊ ငါးထောင်တို့၊ လေးထောင်တို့သာ (လည်သလို) ပေးနေကြဆဲ။

ဂျာနယ်မှာ ကျွန်တော် သိပ်မရေးဖြစ်တော့။ ကျွန်တော် ပုံမှန်ရေးပေး နေခဲ့ဖူးသော ဂျာနယ်တစ်စောင်ဆို စာမူခ အနည်းဆုံးဖြစ်သည်။ တစ်ပုဒ်မှ ၂၅၀ဝ။ လျှပ်တစ်ပြက်က ဘယ်လောက်ပေးမှန်း မသိသေး။ ကျွန်တော့်စာမူ အရှည်ကြီးတစ်ပုဒ် ပါသွားသော်လည်း မျက်နှာဝက်လောက်ရေးသူနှင့် တန်းတူပေးမည့် သဘောရှိသည်။


ထားပါ။ တစ်ပုဒ်ပျမ်းမျှ ငါးထောင်ရသည်ပဲ ထားဦး၊ ဒေါ်လက်လွယ် ပေးခဲ့သော ငွေပမာဏသည် စာမူ လေးပုဒ်စာ။ အံမယ်မင်း… တစ်လ တစ်လ အသေအကြေ ရေးနိုင်မှ ကျွန်တော့်ခမျာလေးမှာ ၆ ပုဒ်၊ ၇ ပုဒ်ပင် အနိုင်နိုင်။ သည်တော့လည်း ငွေနှစ်သောင်းကို ကျွန်တော် နှမျောလှပါသည်။

သည်မှာတင် ခရီးရောက်မဆိုက်၊ ဒေါ်လက်လွယ်ပင် ဖင်ချမထိုင်ရသေးခင်မှာ ကျွန်တော့် စိတ်က တိုသွားရပါတော့သည်။ အထူးသဖြင့် သူ ပြောပြပုံအရ ထိုအရပ်မှ ပုဂ္ဂိုလ်အထွေထွေ၏ လုပ်ပေါက်ကိုပင် ဖြစ်သည်။

သည်အမြစ်ကလေးတွေ ရဖို့အရေး စုစုပေါင်း ငွေနှစ်သောင်းရှစ်ထောင် ကုန်ခဲ့ရသည်ကား သေချာသည်။ ရန်ကုန်မှ ကော့မှူးအသွားအပြန် အငှားယာဉ်ခ နှစ်ခေါက်စာပါ ထည့်တွက်လျှင် စုစုပေါင်း ခြောက်သောင်းလောက် ဖြစ်နေလေပြီ။ ယင်းပမာဏမှာ ကျွန်တော့်ကို သင်္ဂြိုဟ်လျှင် ကုန်ကျရမည့် စရိတ်နီးပါးပင် ဖြစ်နေလေရကား ရောဂါ မပျောက်လျှင်လည်း နေစေတော့၊ သေပဲ သေပေးလိုက်ချင်စိတ်က ပေါက်သွားသည်။

တကယ်ဆိုလျှင် ထိုရွာထဲတွင်ပင် လွယ်လင့်တကူ ရှိနေသော အမြစ်ကို ပထမတစ်ခေါက်ကတည်းက လွယ်လွယ်ရအောင် ကူပံ့ပေးခဲ့ကြမည်ဆိုလျှင် စရိတ်က ခေါက်ချိုး သက်သာသွားလောက်သည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့ပါ။ လူတစ်ယောက်ကို နှစ်ခေါက် ညှဉ်းပမ်းလိုသော စေတနာအရင်းခံမျိုး သူတို့တွေမှာ မရှိလောက်သည်ကို မှန်းဆနိုင်သော်လည်း အငှားယာဉ်နှင့် လာသော အနှီမိန်းမသည် သည်လောက်ငွေမျှတော့ မမှုလောက်ဟု တွေးကောင်း တွေးနေကြမည်ကား အမှန်ပင်ဖြစ်သည်။

ထို့ပြင်တဝ ဒါက ကျန်းမာရေးကိစ္စဖြစ်နေသည်။ ကျန်းမာရေးကိစ္စကြောင့် ထိတ်ပျာနေသူများအား ဆည်ဝမှ ဗျိုင်းစောင့်သလို စောင့်ကာ အရိုး၊ အသား၊ အရေပြား ရတတ်သမျှ ဖဲ့ယူရန် ပြင်ဆင်ထားကြသည်မှာလည်း သေချာသလောက်ပင်ဖြစ်သည်။ ဒါက သူတို့လို ကျေးလက်က လူတွေပင် မဟုတ်၊ မြို့ကြီးတွေပေါ်မှ အခန်းခန်း အထွေထွေနှင့် အဆောက်အအုံကြီးတွေ၊ လူပုဂ္ဂိုလ်ကြီးတွေမှာလည်း ထို့အတူပင်ဖြစ်သည်။

လူတစ်ယောက် သေကောင်ပေါင်းလဲများ ဖြစ်လို့ကတော့ တချို့သော သူများအတွက် “အကွက်ကောင်း”ဖြစ်နေတတ်သည်။ အခု ကျွန်တော့်ဟာက သေကောင်ပေါင်းလဲ မဟုတ်သေး။ အအိပ်အစားလည်း မပျက်၊ အလုပ်အကိုင်လည်းမပျက်၊ ရုပ်မှာတောင် မျက်ခွက်မှာ မပျက်သေး၊ လက်တွေ ခြေတွေမှာပဲ ပျက်နေသည့် အပျက်။


ဒါကလေးကိုပင် သောင်းနှင့်ချီကာ တောင်းရက်လေသည့် ထိုသူများ၏ ဗြဟ္မစိုရ်တရားကို များစွာ ဩချမိရလေတော့သည်။


လောလောဆယ်မှာတော့ ဒေါ်လက်လွယ်နှင့် ကျွန်တော်တို့ ခွန်းကြီး ခွန်းငယ်ဖြစ်ကြသည်။ အော်ကြဟစ်ကြသည်။


ဒေါ်လက်လွယ်ဘက်ကလည်း တရားသည်။ သူ့စေတနာက ဝေဒနာ ဖြစ်သွားလေပြီ မဟုတ်တုံလော။ ခရီးရောက်မဆိုက် “မင့်နှယ်ကွာ… ပိုက်ဆံများ အလကားရတာ အောက်မေ့လို့၊ အဲသလောက်တောင် ပေးခဲ့ရသလားကွ”ဟု ဆီးပြောသော ကျွန်တော့်ကို သူ ဘယ်လိုမှ သည်းခံနိုင်မည် မဟုတ်ပါ။

ကျွန်တော့်ဘက်ကလည်း ရှင်းသည်။ ငွေနှစ်သောင်းဆိုတာ ကျွန်တော့်အတွက် သိပ်တော့လည်း မှုစရာ မဟုတ်ပါ။ စာမူခတွေ ဘာတွေက တော်တော်မှ တော်တော်ကြီးကို ဈေးနှိမ်လွန်းသည်ဟု ယူဆသဖြင့် စကားလမ်းသင့်တုန်း လျှောက်ရေးလိုက်ခြင်းသာဖြစ်သည်။ အပေါင်းအသင်း တစ်ယောက်လောက်၊ နှစ်ယောက်လောက်နှင့် ဘီယာဆိုင်လေး ထိုင်လိုက်လျှင်ပင် ထို ငွေနှစ်သောင်းလောက်မှာ အိတ်ကပ်ထဲက ဖုတ်ခနဲ ခုန်ခုန် ထွက်သွားနေကျဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတုန်းက ထိုငွေနှစ်သောင်းနှင့် ရေကျော်မှ ပျဉ်ထောင်အိမ်လေးတစ်လုံးလောက်ကို ကောင်းစွာ ဝယ်ယူနိုင်ခဲ့မည်မှန်သော်လည်း ယနေ့ကာလတွင်မူ ထိုငွေနှစ်သောင်းသည် ရေကျော်ရှိ ရှစ်လွှာအမြင့်လောက်မှ တိုက်ခန်းကျဉ်းလေးတစ်ခန်း၏ တစ်လစာ ငှားရမ်းခပင် မပြည့်မီတော့သည်လည်း အမှန်ပင်။

သို့ဖြစ်လေရာ ထိုပမာဏမှာ ကျွန်တော့်အတွက် မထောင်းတာလှပါ။ သို့သော် ဟိုလူတွေ၏ လုပ်ပေါက်ကို ကြားရသောအခါ ကျွန်တော့်စိတ်က ဟိုလူတွေကို အလွန်အမင်း စိတ်ချဉ်ပေါက်သွားရသည်။ သို့သော် ထိုဒေသအထိ ကျွန်တော်ကိုယ်တိုင်သွားပြီး ဟိုလူတွေကို ပြောမည်ဆိုက နောက်ထပ် စရိတ်ကုန်ဖို့သာ သေချာနေသည်။ သို့ဖြစ်ပေရာ နီးရာလူ ဖြစ်သော ဒေါ်လက်လွယ်အပေါ်မှာ ကျွန်တော့်အချဉ်ပေါက်မှုများအားလုံးကို ပုံချလိုက်ခြင်းသာ ဖြစ်ရလေတော့သည်။


အင်း…

စာဖတ်သူ လူကြီးမင်းများထဲတွင်လည်း ကျွန်တော့်နှယ်ပင် ထိုရောဂါ ခံစားနေရသူများပါနိုင်သလို ဒေါ်လက်လွယ်နှယ်ပင် ထိုရောဂါဝေဒနာရှင်နှင့် နီးကပ်စွာ ဆက်ဆံပေါင်းသင်းနေသူများ ရှိနေတန်ကောင်းပါသည်။ အကြင်သူများအနေဖြင့် ဆရာသာဂဒိုး၏ စာကို ဖတ်ထားပြီးနောက် ဒေါ်လက်လွယ်နှယ် ထိုဒေသသို့ သွားရောက်ကာ ထိုသစ်မြစ်များကို ဖွေရှာရန်  စိုင်းပြင်းနေသည်ဆိုပါက ကျွန်တော့် နတ်သံနှောချက်များက တစ်နည်းတစ်ဖုံ အထောက်အပံ့ရတန်ကောင်းသည်ဟု မျှော်လင့်ကာ သည်စာကို ရေးလိုက်ရခြင်းလည်းဖြစ်ပါလေတော့သည်။

အဲ… ထိုအမြစ်များကို ကျွန်တော် လိမ်းရချေဦးမည်။ မလိမ်းလျှင်လည်း ထိုနယ်အထိ အပင်ပန်းခံကာ သွားပြီးသကာလ ထိုမျှသောပမာဏကို ပေးကာ ထိုအမြစ်များကို ရယူခဲ့လေသည့် ဒေါ်လက်လွယ်တစ်ယောက်က သည်အတိုင်း ငြိမ်နေမည်မဟုတ်သည်လည်း သေချာလှပါသည်။ သည်တော့ သူ့စေတနာကို လေးစားသောအားဖြင့် (အနက်ပွား = သူ့ကို ကြောက်သောအားဖြင့်) ကျွန်တော် လိမ်းရပါလိမ့်မည်။

လိမ်းပြီးနောက် တိုးတက်မှုအခြေအနေ၊ ဆုတ်ယုတ်မှုအခြေအနေများ ပေါ်ပေါက်လာခဲ့ပါကလည်း စာဖတ်သူအပေါင်းထံ ဆက်ဆက်ကြီး အစီရင်ခံမည်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ဝန်ခံကတိပြုလိုက်ရပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(၂၄၁၂၀၆)

Advertisements

5 thoughts on “In Memory of Saya Thagadoe

  1. တောကလူတွေ ရိုးတယ် အ-တယ်ဆိုပြီးသာ ပြောနေကြတာ။ အဲဒီလို လုပ်စားတာတွေ တပုံကြီးနော်။
    ကျမတို့လဲ ခရီးသွားတုန်းက တခါကြုံရဖူးတယ်။
    လူတိုင်းတော့ မဟုတ်ဘူးပေါ့လေ … တချို့တလေကို ပြောတာပါ။ (ကြောက်လို့ ပြန်လျှောချခြင်း)

    ဒါနဲ့ လိမ်းပြီး ပျောက်သွားရောလားဟင်။ တိုးတက်မှု ဆုတ်ယုတ်မှုလေး သိပါရစေဦး။

  2. လူတွေကလဲညှင်းတယ်နော်ဆရာ။

    စေတနာကနေ ဝေဒနာဖြစ်ရတာ ဆရာ့ဇနီးရော၊ ဆရာသာဂဒိုးရော ၂ယောက်လုံးဖြစ်နေတာပေါ့။ ဆရာ့သုံးခဲ့တဲ့ဆေးမြီးတိုနဲ့ရော ဘယ်လိုဆက်ဖြစ်သွားလဲ။

    • ဘယ်လို ဆက်ဖြစ်လဲဆိုတော့ ကျွန်တော်က ဆေးလိမ်းရတာ ပျင်းသဗျ။ လိမ်းပေးမယ့်သူရှိရင် အသာငြိမ်ခံလိုက်တယ်။ မလိမ်းပေးရင်လည်း ဘာမှ မဖြစ်သလို နေလိုက်တယ်။ အဲတော့ အဲဒီ့လောက်မင်းကို သုံးခါလား လိမ်းလိုက်မိပါတယ်။ ဘာမှ မထူးဘူးခင်ဗျ။

      နောက်ဆုံးမှာ ရန်ကုန် ၃၂ လမ်း အထက်လမ်းက Leomax ဆိုတဲ့ ကုလားပြည်က MD ဘွဲ့ရလာသူတစ်ယောက်ရဲ့ ဆေးခန်း သွားတွေ့တယ်။ သူက သောက်ဆေးရော၊ လိမ်းဆေးရောပေးတယ်။ အမှန်ကတော့ သူ့ဆေးက စွမ်းပုံပဲ။ မပွားတော့ဘူး။ လက်မောင်းနှစ်ဖက်က ကျပ်ပြားဝိုင်းလောက် အဖြူကွက်တွေလည်း မူလ အသားအရေ ပြန်ဖြစ်လာ တယ်။ သို့သော် ကျွန်တော်က မလိမ္မာဘူး။ ဆရာဝန့်စကားကို သိပ်နားမထောင်ဘူး။ ရှောင်ရတာက နို့ထွက်ပစ္စည်း၊ ပုစွန်၊ ပင်လယ်စာ၊ ချဉ်ဖတ်၊ အရက်၊ ဘီယာ။ ကျန်တာတွေ အကုန်ရှောင်နိုင်တယ်။ ဘီယာရယ်၊ ချဉ်ဖတ်ရယ်က မြင်ရင် မနေနိုင်တဲ့အထဲမှာ ပါတယ်။ ဆေးကလည်း မှန်မှန် မသောက်ဖြစ်တဲ့ရက်တွေ များတယ်။ လိမ်းဆေးကတော့ ဟဲ… ဟဲ… မလိမ်းဖြစ်တာချည်းပဲ ခင်ဗျ။ ကျွန်တော့်နောက်မှ သောက်တဲ့သူတွေ ပျောက်ကုန်ပေမယ့် ကျွန်တော်ကတော့ ဒုံရင်းပါပဲဗျို့။

    • Well, there are a lot of instances where so-called Buddhist monks in yellow robes bully people. Actually they are still human-beings and many have come into monkhood for various reasons. Some of them just wear yellow robes to take advantage of the dress. And Saya Thein Pe Myint’s “Tet Pone Gyee” kind of monks are still around.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s