Power of Words

စကားဇာတိ ကြားသာ၏

အမျိုးသမီးမိတ်ဆွေတစ်ဦးဆီက ပြန်ကြားရတယ်။ ကျွန်တော်နဲ့ ပတ်သက်လို့ သူ့ကို ပြောတဲ့ စကားအထွေထွေ။

အကောင်း ပြောတဲ့သူလည်း ရှိ၊ မကောင်း ပြောတဲ့သူလည်း ရှိနေတာ သဘာဝပါ။ တစ်ခုပါပဲ။ ကျွန်တော့်အကြောင်းကို ကျွန်တော့်ကွယ်ရာမှာ ပြောသူတွေက မဟာပုရိသ ယောက်ျားသားတွေ ဖြစ်နေတာ တစ်ခုကတော့ တော်တော်လေး ပြုံးချင်စရာ ကောင်းနေတယ်။ သည်ထက်ပို ပြုံးချင်စရာ ကောင်းနေပြန်တာက အဲသလို ပြောသူတွေဟာ ပညာတတ်တွေ၊ ဂုဏ်ဓနရှင်တွေ ဖြစ်နေပြန်တာပဲ။

ကျွန်တော့်မိတ်ဆွေသစ်ကလည်း ပြန်လှန် မေးခွန်းထုတ်တဲ့ နေရာမှာ သွက်လက်တော့ ကျွန်တော့်အကြောင်း မကောင်းပြောသူတွေကို ပြန်မေးသတဲ့။ ကျွန်တော်နဲ့ တော်တော် ခင်သလားလို့ပေါ့။

အဲတော့ ဘာဖြေကြတယ် မှတ်သလဲ။

“ဟင့်အင်း တစ်ခါမှ မဆုံဖူးသေးဘူး”ဆိုပဲ။


အတော့်ကို ဩချစရာကောင်းတဲ့ ပုဂ္ဂိုလ်ကျော်တွေပါပဲ။ ကျွန်တော့် မိတ်ဆွေက ကျွန်တော်နဲ့ တော်တော် ရင်းနှီးခင်မင်ကြောင်း၊ ကျွန်တော့်ရဲ့ ဆောင်ရွက်ချက်တွေ၊ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို ကိုယ်တွေ့ သိရတဲ့အတွက် သူတို့အမြင် မမှန်ကြောင်း ရှင်းပြတာတောင် ဘာ ဆက်ပြောသေးတယ်မှတ်သလဲ၊ “သတိတော့ ထားပေါ့၊ သည်လူက နည်းနည်းမှ ကောင်းတဲ့သူ မဟုတ်ဘူး၊ မပေါင်းအပ်တဲ့အထဲမှာ ပါတယ်”တဲ့။

ကျွန်တော့်မှာ ပြုံးမိသွားရပါတော့တယ်။

(၁)    လူတစ်ယောက် အကြောင်းကို ကွယ်ရာကနေ သွားပုပ်လေလွင့် ပြောရဲတဲ့ သတ္တိ။
(၂)    အဲဒီ့ လူနဲ့လည်း တကယ် မမြင်ဖူး မဆုံဖူး မသိကျွမ်းဖူးဘဲ လေသံကြားနဲ့ အတတ်စွဲလွယ်တဲ့ စိတ်အခံနဲ့
(၃)    ကိုယ့်စကား ဘယ်အထိ ရောက်သွားသလဲ ဆိုတာကို တွေးနိုင်စွမ်း ကင်းမဲ့သွားတဲ့ ဆင်ခြင်ဉာဏ်နုံနဲ့မှုတို့ဟာ ကျွန်တော့်ကို ရယ်မောစေပါတယ်။

ကျွန်တော် အခု ရေးမှာက ကျွန်တော့်ကို ပြောလို့၊ ကျွန်တော့် ထိခိုက်လာလို့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို တည့်တည့် ပြောလာသူတွေကိုတောင် ချေချေငံငံ ရင်ဆိုင်နိုင်ပါတယ်။ ကွယ်ရာကနေ ပြောတာတော့ တရားကို မဝင်တဲ့အတွက် စိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ လူ့မနောပေပဲလို့ တွေးရင်း ပြုံးမိတာလောက်ပဲ ရှိပါတယ်။
ပုဂ္ဂလိက ကိစ္စလေးပေမယ့် လူအများ ဆန့်ထုတ်စဉ်းစားစရာ အချက်အလက်လေးတွေ ပါလာလို့သာ ချရေးတာပါ။

ပထမဆုံး အချက်က ကွယ်ရာက ပြောတဲ့ အကျင့်ပါ။

သည်အကျင့်က ကျွန်တော့်မှာလည်း စွဲစွဲမြဲမြဲ မဟုတ်တောင် တစ်ချိန်က အနည်းအပါး ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ဘဝမှာ ကိုယ် ဘာကို လိုချင်မှန်း တိတိကျကျ မသိဘဲ ယောင်နန ဖြစ်နေခဲ့ချိန်မှာပါ။

ကိုယ့်လိုအင် တိကျလာချိန်မှာတော့ သည်အကျင့်က တမင် ဖျောက်စရာမလိုဘဲ အလိုလို ပျောက်သွားပါတော့တယ်။ သည်အချိန် မတိုင်ခင်ကတော့ ကိုယ့်ထက်သာ မနာလိုစိတ်နဲ့ သူများအကြောင်းကို ပါးစပ်နဲ့ တစ်လုံး ပြောဖို့ ကျွန်တော်ကိုယ်တိုင် ဝန်မလေးတတ်ခဲ့ဘူး။ အတိအကျ ပြောရရင် သူတစ်ပါးအကြောင်း စကားတင်း ဆိုသူများဟာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူတွေ လုပ်တဲ့အလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သွားရင် သူတစ်ပါးအကြောင်း သိပ်မပြောဖြစ်တော့ပါဘူး။

နောက်တစ်ချက်ကတော့ လေသံကြားနဲ့ အတတ်စွဲတော့တာ၊ ဒါလည်း လူ့သဘာဝပါပဲ။ ဒါပေမယ့် ကောင်းတဲ့ သဘာဝတော့ မဟုတ်ဘူး၊ ပူတင်းရဲ့ အရသာကို စားတော့မှ သိမယ်ဆိုတဲ့ သိုးဆောင်း ဆိုရိုးလိုပဲ အပွေးကို မမြင်ဖူးဘဲနဲ့ အပင်ကို သိပါတယ်ဆိုတာမျိုးဟာ တော်တော့်ကို အခြေအမြစ် မရှိတဲ့ ဓိဋ္ဌိအမြင်ပါ။
ကျွန်တော်သာ ဆိုရင်တော့…


“သည်လူနဲ့တော့ တစ်ခါမှ မဆုံဖူးလို့ ဟုတ်၊ မဟုတ်တော့မသိဘူးဗျာ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ ကျွန်တော် ကြားဖူးထားသမျှကတော့ တစ်စက်မှ အကောင်း မရှိဘူး။ အဲတော့ သူနဲ့ ဆက်ဆံတဲ့အခါ သတိတော့ထားပေါ့”ဆိုတဲ့ စကားမျိုးသာ ပြောဖြစ်မှာပါ။ ဒါကလည်း မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ ပြောသင့် ပြောထိုက်တဲ့ စကားမျိုးမို့ ကန့်ကွက်စရာ မရှိပါဘူး။

သည်ကမှ တစ်ဖက်သားက ဘယ်လိုဟာမျိုးတွေ ကြားဖူးတာလဲလို့ မေးလာတဲ့အခါ ကိုယ်ကြားဖူးထားတဲ့ ဇာတ်လမ်းလေးတွေကို အရင်းအတိုင်း ပြန်ပြောလိုက်ပါဦး။ ဒါလည်း မိတ်ဆွေကောင်းအနေနဲ့ ပြောကောင်းတဲ့ စကားပါ။


ကိုယ့် ဆုံးဖြတ်ချက်၊ သုံးသပ်ချက် မပါဘဲ ကိုယ်ကြားဖူးတဲ့အတိုင်း ပြောနိုင်မယ်ဆိုရင် ကိုယ်ဟာ လေသံကြားနဲ့ ဖမ်းတရားနာပြီး အတတ်စွဲတတ်တဲ့ အတွေးတိမ်သူ မဟုတ်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ ကိုယ့်စကားကို နာကြားနေသူ တစ်ဖက်သားရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ သုံးသပ်ခွင့်ကို လေးစားရာလည်း ရောက်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်စကား ဘယ်အထိ ရောက်သွားသလဲ ဆိုတာကို မစဉ်းစားနိုင်အောင် ဆင်ခြင်ဉာဏ် နုံနဲ့မှုပါ။

ခဏခဏ ကြုံရတယ်။ ကျွန်တော့်ဆီ လာလာနေတတ်တဲ့ လူငယ်လေးတစ်ယောက်။ အသက် သုံးဆယ်ကျော်ပေါ့။ သည်လူငယ်လေး နှုတ်ကနေ သူတစ်ပါးအကြောင်း ပြောရတော့မယ်ဆိုရင် ပါးစပ်နဲ့တစ်လုံး ထွက်ထွက် လာတတ်တယ်။ ယုတ်စွအဆုံး သူ့အမေ၊ သူ့နှမ၊ သူ့ဇနီးတို့ရဲ့အကြောင်းက အစ သူ မထင်ရင် မထင်သလို အားပါးတရ ပြောတတ်လေတော့ ငြိမ်နားထောင်နေမိရင်းက ကျွန်တော့်အကြောင်းကိုလည်း ကျွန်တော့် ကွယ်ရာကျရင် တစ်တစ်ခွခွပြောဖို့ သူ ဝန်လေးမှာ မဟုတ်ဘူးဆိုတာ တွေးမိနေရပါ တယ်။ အဲဒါ သူစကားက ဖော်ထုတ်လိုက်တဲ့ အမူအကျင့်(ဝါ) သူ့စကားရဲ့ တာသွားပုံပါ။


ကိုယ်သုံးတဲ့ စကားလုံးက ရုန့်ရင်းကြမ်းတမ်းရင် ကိုယ့်စိတ်ဓာတ် အဆင့်အတန်းကို အလိုလို ဖော်ပြပြီး ဖြစ်နေတတ်သလို တစ်ယောက်ယောက် ကို မှိုချိုးမျှစ်ချိုးပြောတယ်ဆိုရင်လည်း ကိုယ့်ရဲ့သေးသိမ်မှုကို ဖွင့်ထုတ်ရာ ရောက်တတ်တာမို့ စကားပြောရာ၊ စာရေးရာမှာ လူတိုင်းသတိထား သင့်ပါတယ်။

နိဂုံးချုပ် ဖြည့်စွက်ချင်တာကလေးတစ်ခု ကျန်နေပါတယ်။


အဲဒါကတော့ ကျွန်တော့်မို့ ကြုံရတာလားတော့ မသိပါဘူး၊ ကျွန်တော့်မှာ အမျိုးသားမိတ်ဆွေ အမျိုးသမီးမိတ်ဆွေ အရေအတွက်ချင်း မျှနေအောင် အသိအကျွမ်း ပေါလှပါတယ်။ သည်အထဲကမှ ကျွန်တော့်အကြောင်း ကျွန်တော့်ကွယ်ရာမှာ စကားတင်း ဆိုကြသူများထဲမှာ အမျိုးသမီးဦးရေက လက်ချိုး ရေလို့ရအောင် နည်းပါးပြီး အမျိုးသားဦးရေကကျ အဆမတန်များ ပြားနေတာကျတော့လည်း တစ်မျိုးကြီးပါပဲ။

အမှန်တော့ ကျားရယ် မရယ် မဟုတ်ပါဘူး။ လူတွေ ဖြစ်ကြတဲ့အတွက် ပါးစပ်တွေ ပါကြသလို စကားတွေလည်း ပြောကြမှာပါ။ စကားတွေ ပြောရင်းက ဇာတိတွေ ပြလာတဲ့အခါမှာလည်း ကျားကျား မမ ကွဲပြားမနေတော့ဘူး။ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ ဆင်ခြင်တုံတရား၊ အသိဉာဏ် စတာတို့အပေါ်မှာသာ မူတည်နေပါတော့တယ်။


အဲတော့ စကားတစ်ခွန်း၊ စာတစ်လုံးက ပြတတ်တဲ့ဇာတိလေးတွေကို သတိထားနိုင်ကြမယ်ဆိုရင်ဖြင့် လူတစ်ဦးစီရဲ့ စိတ်ဓာတ်နဲ့ ဆင်ခြင်ဉာဏ်များ မြင့်သထက် မြင့်လာ၊ ကောင်းသထက် ကောင်းလာနိုင်တာကို တွေးမိရခြင်းနဲ့အတူ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၀ဝ၁ ဩဂုတ် ၂၈ ထုတ် သတင်းစုံဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ” စာအုပ်ထဲက စာတစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။)

Science of Love

ချစ်ရေးချစ်မှု အနုသိပ္ပံ

နိဒါန်း

အခုစာမူကို စာဖတ်သူတွေ ဖတ်နေရတဲ့ အချိန်လောက်မှာ ကျွန်တော်တို့ အိမ်ထောင်သက် ဆယ့်တစ်နှစ်တင်းတင်း ပြည့်ပါတော့မယ်။


ကျွန်တော်တို့ လက်ထပ်တော့မယ်ဆိုတော့ ကျွန်တော့်အိမ်သူဘက်က အမျိုးသမီးတချို့ဟာ သူတို့ထုံးစံအတိုင်း ဟူးရားအထွေထွေ၊ ဆရာအဆူဆူဆီကို စစ်မေးခိုင်းခဲ့သေးပုံပါပဲ။ ကျွန်တော်တို့ အိမ်ထောင် မမြဲဘူး၊ ကလေး တစ်ယောက် ရပြီးတာနဲ့ ကွဲမယ်လို့ အတတ်ဟောခဲ့တာတွေ ကြားခဲ့ဖူးတယ်။

ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း နိမိတ်ထွန်းသလိုပဲ၊ တရားဝင် လက်မှတ် ရေးထိုး လက်ထပ်စာချုပ် ချုပ်ဆိုပြီး လေးရက်အကြာ (၁၉၈၈ခုနှစ် မေလ ၂၁ ရက်နေ့) မင်္ဂလာဦးဆွမ်းကပ်ပွဲ လုပ်ဖို့အပြင်မှာ ကျွန်တော့်စာရေးစားပွဲပေါ်မှာ ခင်းထားတဲ့ မှန်ချပ်ကြီးက ထက်ခြမ်းကွဲသွားတယ်။ ဒါတင်မကသေးဘူး၊ အိမ်ထောင်သက်မှ ခြောက်လ မပြည့်ခင်ကာလမှာ တခြား မင်္ဂလာပွဲ တစ်ပွဲ သွားဖို့ ပြင်ဆင်နေတုန်း ကျွန်တော့်အိမ်သူ ရေအိမ်အဝင်မှာ ဥရောပဟန် အိမ်သာကြွေအိုး ကွဲထွက်သွားပြီး ကျွန်တော့်အိမ်သူရဲ့ပေါင်မှာ အချက်၂၀ကျော် ချုပ်လိုက်ရတဲ့အထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။


အိမ်ထောင်ဦးမှသည် လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိက ကျွန်တော်တို့ အိမ်ထောင်ရေးဟာ တခြိမ်းခြိမ်း တဂွဲဂွဲနဲ့ သည်းသည်းမည်းမည်း ရန်ဖြစ်လို့ ကောင်းနေတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်နေခဲ့တယ်။ ကျွန်တော်ကလည်း မွေးချင်း အလျဉ်းမရှိတဲ့ တစ်ဦးတည်းသောသားအစစ်ဆိုတော့ ဝေတာ၊ မျှတာ၊ ငဲ့တာ၊ ညှာတာတွေကို စာလုံးတွေအဖြစ်လောက်ပဲ သိတာ။ ကျွန်တော့်အိမ်သူကလည်း မောင်နှမ ခုနစ်ယောက်အနက်မှာ အထွေးဆုံးသမီးဆိုတော့ ပစားအပေးခံရတယ်ဆိုတာ သူ့ရဲ့ မွေးရာပါ အခွင့်အရေးလို့  နားလည် ယုံမှတ်ထားတဲ့သူ။


အဲတော့ ကျွန်တော်တို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီဆိုတာနဲ့ ရန်ပွဲက အများနဲ့ မတူ၊ တစ်မူထူးကဲနေတတ်ပါတော့တယ်။

အဲသလို လုံးလည်လိုက်နေကြတဲ့ကာလမှာ ကျွန်တော့်အိမ်သူဘက်က အပြတ်ပဲ၊ အကွဲပဲဆိုတဲ့ စကားတွေလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တစ်သီကြီး ပြောခဲ့ဖူးသလို ကျွန်တော်ကလည်း “သည်မိန်းမနဲ့တော့ ရေရှည် စခန်းသွားလို့ မဖြစ်ပါဘူးလေ”လို့ တွေးမိခဲ့တဲ့ အကြိမ်တွေလည်း ကုဋေနဲ့ ချီခဲ့ဖူးပါတယ်။

ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်းပါပဲ။ အခုဆို အိမ်ထောင်သက် ဆယ့်တစ်နှစ် ပြည့်တော့မယ်။ အခုချိန်မှာတော့ ကျွန်တော်တို့မှာ သာယာတဲ့ အိမ်ထောင်ရေးလေး တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရလာခဲ့ကြပါပြီ။ ရိုးရိုး သာယာတဲ့ အိမ်ထောင်ရေးမျိုးမဟုတ်ဘဲ တစ်ခေတ်ဆီက ပေါ်ခဲ့ဖူးတဲ့ နတ်သမီး ယမ်းမီးခြစ်ကြော်ငြာလို ဥတုသုံးပါးခံတဲ့ အိမ်ထောင်ရေးမျိုးပါ။ အကြမ်းခံ၊ ရေစိမ်ခံတဲ့ ဒေါင်ဒေါင်မြည် အိမ်ထောင်ရေးလို့တောင် ပိုပိုသာသာလေး တင်စား ဝါကြွားလိုက်ချင်မိအောင်ကို ကျွန်တော်တို့ အိမ်ထောင်ရေးလေးက ခိုင်မာနေခဲ့ပါပြီ။

အိမ်ထောင်ရေးပြင်ပအရေးအခင်းလို့ဆိုတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျွန်တော် ငမိုက်သားဟာ နှစ်ကြိမ်နှစ်ခါတိတိ၊ ဗြောင်ကျကျ ကျူးလွန်ခဲ့ပြီးသည့်တိုင် ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ဖေးဖေးမမလေး ရှိနေပါသေးတယ်လို့ပြောရင် ယုံတမ်းစကားလို့ မအောက်မေ့ကြပါနဲ့။ တကယ့် ဖြစ်ရပ်စစ်စစ်ပါ။

ကျွန်တော့်အိမ်သူကို သူ့ကိုယ်နံ့လေးကအစ ချစ်တာလို့ ပြောမိတဲ့အခါမျိုးတွေမှာ ကြားရသူအပေါင်းက အကဲပိုရန်ကောဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်တတ်တာကြောင့် အဲဒီ့စကားကို ထုတ်မပြောဖြစ်တာတောင် ကြာပါပြီ။ ဒါပေမယ့် အဲဒါ မှန်သောစကားပါ။

ကျွန်တော့်အိမ်သူက စက်စက်ယိုအောင် လှတဲ့ မိန်းမချောစာရင်းမှာ မပါဘူး။ သူ့ကို ပထမဆုံး စတွေ့ဖူးတဲ့နေ့ကဆို တော်တော့်ကို အရုပ်ဆိုးပါလားလို့တောင် တွေးခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုနေအခါမှာတော့ သူ မလှတာကို ကျွန်တော် အသာတကြည် လက်ခံနိုင်ခဲ့ပြီဖြစ်သလို သူ့အလှတွေကိုလည်း ကတ်ကတ်သတ်သတ် မြင်တတ်လာခဲ့ပြီ။ ဘယ်နေရာကို ဘယ်လိုလေး ပြုပြင်လိုက်ရင် ဘယ်လိုလေး ကြည့်ကောင်းသွားမယ်ဆိုတာကိုလည်း အကြံပေးတတ်လာခဲ့ပြီ။

အလားတူပဲ၊ အိမ်ထောင်သက် အတော်ကြီးကို ကြာတောင့်ကြာခါမှ သူ့ကို ချစ်ရကောင်းမှန်းလည်း ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။ ခိုင်မာ မြဲမြံတဲ့ အိမ်ထောင်ရေးလေး တစ်ခုကို ထိန်းသိမ်းသွားဖို့လည်း ကျွန်တော့်ဘက်ကရော၊ သူ့ဘက်ကပါ ပိုင်းဖြတ်ထားမိနေကြပြီလို့ ဆိုနိုင်ပါလိမ့်မယ်။

တစ်ခုတော့ ရှိသပေါ့၊ လူတစ်ယောက်ရဲ့ သမိုင်းကို သေမှ ရေးတာ ကောင်းသလို အိမ်ထောင်ရေးတစ်ခုရဲ့သမိုင်းကိုလည်း လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် တစ်ယောက်ယောက် တိမ်းပါးတဲ့အခါကျမှ အပြတ်ပြောလို့ ရမှာပါ။ အခုမှ အိမ်ထောင်သက် ဆယ့်တစ်နှစ်သာ ရှိသေးတဲ့ ကျွန်တော်တို့ အိမ်ထောင်ရေးကိုလည်း ခိုင်လှပြီ၊ မြဲလှပြီလို့ အခုအချိန်မှာ အောက်မေ့နေမိပေမယ့် နောက် လေး ငါး ဆယ်နှစ်ကြာချိန်မှာ လွဲချင်လည်း လွဲနေနိုင်တဲ့ သဘောတွေ ရှိသေးတာမို့ အပြတ်တော့ မပြောရဲသေးတာလည်း အမှန်ပါ။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ကျွန်တော်တို့ အိမ်ထောင်ရေးဟာ သိပ်ကို သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးတစ်ရပ် ဖြစ်လာခဲ့တာတော့အမှန်ပါပဲ။ သည်လိုဖြစ်လာဖို့အတွက် ဘာတွေက ပံ့ပိုးပေးခဲ့သလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါ အချက်အလက်တွေက အများကြီးပါပဲ။
အဲသလိုအချိန်မှာ “ရွှေအမြုတေ”မဂ္ဂဇင်းရဲ့စာတည်းချုပ် ဦးဝင်းငြိမ်းက ကျွန်တော့်ကို ဆောင်းပါးတစ်ပုဒ် ပေးလာပါတယ်။ အဲဒါလေး ဖတ်ပြီး ရေးစမ်းပါဗျာလို့လည်း ခိုင်းလာပါတယ်။


ဆောင်းပါးလေးက ကမ္ဘာကျော် “ဘဝ” မဂ္ဂဇင်းထဲကပါ။ သုတေသီများက လူသားချင်း ဘယ်လို ချစ်သွားကြတယ်၊ ဘယ်လိုကြောင့် ဆက် ချစ်ဖြစ်နေကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှာဖွေတွေ့ရှိထားသမျှကို အခြေခံပြီး ရေးထားတဲ့ “ချစ်ရေးချစ်မှု အနုသိပံ္ပ”(Science of Love) ဆိုတဲ့ဆောင်းပါးပဲ ဖြစ်ပါတယ်။

“မြင်မြင်ချင်း ချစ်တယ်”ဆိုတဲ့စကားက သုံးဖန်များလွန်းလို့ ရိုးတောင်နေပါပြီ။ ဒါပေမယ့် သုတေသီများကတော့ ကိုယ်နဲ့ တကယ်တမ်း အဆင်ပြေနိုင်တဲ့သူ တစ်ယောက်ကို တစ်ကြည့်လောက် မြင်လိုက်ရတာနဲ့တင် ကိုယ်ခန္ဓာမှာ ရှိနေတဲ့ ဓာတ်သဘောတွေ ဘယ်လို တုံ့ပြန်ပြောင်းလဲတယ်ဆိုတာကို လောကဓာတ် သိပ္ပံပညာနဲ့ ချိန်ထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့နောက်မှာ ဘာတွေ ဆက်ဖြစ်သွားတတ်သလဲ။ တချို့အိမ်ထောင်တွေက အရှည် တည်တံ့နေပြီး တချို့အိမ်ထောင်တွေကျတော့ လမ်းခုလတ်မှာ ကျဆုံးသွားကြရတာ ဘာကြောင့်လဲ။ အဲဒါကျတော့ သိပ္ပံ လောကဓာတ်ပညာက အခုချိန်အထိ တိကျတဲ့ အဖြေမျိုး ပေးနိုင်ပုံ မရသေးပါဘူး။ အိမ်ထောင်တစ်ခုကို ကာလတောင်တာ ကြာရှည်ကြာမျော ဖြတ်ကျော်နိုင်ဖို့၊ ဒေါင်ဒေါင်မြည် အိမ်ထောင်တစ်ခု ဖြစ်လာဖို့ ဘာတွေက ပံ့ပိုး ပေးနေသလဲ။ ဒါတွေဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှတဲ့ မေးခွန်းတွေပါ။

စီးပွားရေး အဆင်မပြေမှုတွေ၊ အကျပ်အတည်းတွေ၊ ကလေး တစ်ယောက်ယောက် တိမ်းပါးသွားတာတွေ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်မှာ မွန်းကျပ်မှုတွေ၊ အိမ်ထောင်ဖက် တစ်ဦးဦးမှာ နာတာရှည်ဝေဒနာ၊ သေကောင် ပေါင်းလဲ ဝေဒနာ ရင်ဆိုင်ခံစားနေရတာတွေ၊ အဲဒါတွေဟာ အိမ်ထောင်ရေးရဲ့ မှတ်ကျောက်တွေပါပဲ။
တချို့အိမ်ထောင်ရေးတွေမှာ ဒါမျိုးတွေနဲ့ ကြုံရချိန်မှာ ထွက်ပြေးတတ်တဲ့ အိမ်ထောင်ဖက်မျိုးကြောင့် အဲဒီ့အိမ်ထောင်ရေးလေး ပြိုကွဲ ပျက်စီးသွားတတ်ပါတယ်။ တချို့အိမ်ထောင်တွေမှာကျတော့ ဒါမျိုးတွေကို ကြုံရတဲ့အခါကျမှ လင်မယားနှစ်ယောက်ရဲ့ သက်လုံက ပိုကောင်းလာတတ်သလို အိမ်ထောင်ရေးကလည်း ပိုမိုခိုင်မာလာတာကို သတိထားကြည့်ရင် မြင်ရပါလိမ့်မယ်။

အေးအတူ၊ ပူအမျှဆိုတာ အင်မတန် ရွတ်လို့ ဆိုလို့ ကောင်းတဲ့စကား၊ ကြွေးကြော်လို့ ကောင်းတဲ့စကားပေမယ့် တစ်မိသားနဲ့ တစ်မိသား၊ အတူ ယှဉ်တွဲ နေထိုင် ပေါင်းဖက်ကြရတဲ့ အိမ်ထောင်တစ်ခုထဲက ဆက်ဆံရေးမှာတော့ အေးရင်သာ အတူနေမယ်၊ ပူရင်တော့ မင့်ထိုက်နဲ့ မင်းကံ၊ မင်း တစ်ယောက်တည်းသာ ခံပေရော့လို့ ပြောချင်တတ်တဲ့လူစားတွေကလည်း လောကမှာ ရှိနေတတ်သေးတော့ အိမ်ထောင်ရေးတစ်ရပ် အရှည်တည်တံ့ဖို့ ဆိုတာ ဘက်ပေါင်းစုံက ကြိုးပမ်းယူရတဲ့ ဧရာမကိစ္စကြီးတစ်ခု ဖြစ်လာရပါတော့တယ်။

“ကယ်ရိုးလ် အိုကော်နော်ရ်”ဆိုတဲ့ တစ်လင် တစ်မယားတည်းကို ၄၇နှစ် (လေးဆယ့်ခုနစ်နှစ်တိတိ)ပေါင်းခဲ့သူ မင်းသားကြီးကတော့ ပြောပါတယ်။ “အိမ်ထောင်ရေး တစ်ရပ်ကို အရှည် တည်တံ့နေအောင် ဖန်တီးပေးနိုင်တာကတော့ လိုအင်ပါပဲ။ လိုအင်ဆိုတာသာ တန့်သွားရင် အဲဒီ့ အိမ်ထောင်ရေးလည်း တန့်သွားမှာပါပဲ”တဲ့။

ထားပါတော့လေ…။

အခု ကျွန်တော် ပြောပြချင်တာက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲက ချစ်ရေးချစ်မှု အနုသိပ္ပံအကြောင်းပါ။

ပီယဆေး

ကျွန်တော်တို့ဆီမှာ “ပီယဆေး”ဆိုတဲ့ စကားလုံး ရှိပါတယ်။

သိပ္ပံပညာနယ်ပယ်မှာလည်း ပီယဆေးလို ကိုယ့်ကို ဆန့်ကျင်ဘက် လိင်တွေ ကျလာနိုင်စေတဲ့ ဆေးဝါးကို တွေ့ထားပါပြီ။ “ချစ်ကြွေ”လို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး၊ အဲဒီ့ ဆေးရည်နာမည်က Falling in Love တဲ့ခင်ဗျ။ ဈေးတော့ နည်းနည်းကြီးတယ်။ တစ်အောင်စရဲ့ ဆယ်ပုံ တစ်ပုံလောက်လေးကို ဒေါ်လာ ခြောက်ဆယ် ပေးရပါတယ်။

“ဒဿနိက အလှကုန်လုပ်ငန်း” (Philosophy Cosmetics) က ထုတ်လုပ်တဲ့ ရေမွှေးတစ်မျိုးပါ။ အဲဒီ့လုပ်ငန်းရဲ့ အဆိုအရ အဲဒီ့ ဓာတု ရေမွှေးကို အမျိုးသမီးများရဲ့ ခန္ဓာကိုယ်က ချွေးမှာ ရှိတတ်မြဲ “ဖှီရိုမုန်းန်” (pheromones) မော်လီကျူးလေးများနဲ့ ဖော်စပ်ထားတာပါတဲ့။ အဲဒီ့ ဖှီရိုမုန်းန်မော်လီကျူးလေးတွေက အနံ့ မရှိဘူး။ လေထဲမှာ အလိုလို ပေါ်လာတတ်ပြီး အဲဒီ့မော်လီကျူးလေးတွေ ထွက်လာတာနဲ့  ဆွဲဆောင်မှုအားကို ကောင်းကောင်း တိုးလာစေတယ်လို့ ဆိုပါတယ်။

အသက်၃၁နှစ်အရွယ်ရှိတဲ့အပျိုကြီး “ဒါနာ ကော်မန်ဒါထော်ရ်”က သူဟာ သာမန်ရွက်ကြမ်းရေကျိုပါ၊ တော်ရုံယောက်ျားတွေ သူ့ဆို နှစ်ခါပြန် ဘယ်တော့မှ မကြည့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ “ချစ်ကြွေ” ရေမွှေးကို ဆွတ်မိတဲ့ ညနေမှာတော့ ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတာကို လက်တွေ့ကြုံဖူးတယ်လို့ ပြောပြတယ်။ အဲဒီ့ညနေက သူ့အနားမှာ ဝိုင်းလာတဲ့ အမျိုးသားတွေအနက်က သူနဲ့ ရေရှည်လက်တွဲဖို့ထိ ရည်မှန်းဖြစ်သွားတဲ့ နယူးယော့ခ်မြို့က စီမံ ခန့်ခွဲရေးမှူးကတော့ အဲဒီ့ “ချစ်ကြွေ” ရေမွှေးကို ကျေးဇူးတင်လို့ မဆုံးအောင် ဖြစ်သွားတော့တာလည်း အမှန်ပါပဲ။

(မြန်မာပြည်က အပျိုကြီးများအတွက် အားတက်စရာပါ။ နိုင်ငံခြားမှာ အသိမိတ်ဆွေရှိရင် ဒေါ်လာ ခြောက်ဆယ်လောက် ထည့်ပေးပြီး အဲဒီ့ ရေမွှေးကို မှာယူ စမ်းသပ်နိုင်ကြမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း အလှကုန်ဆိုင်ကြီးတွေက ဆိုင်ရှင်တွေနဲ့ ခင်ရင်လည်း တင်သွင်းဖို့ အကြံပေးလိုက်နိုင်ပါလိမ့်မယ်။ အမျိုးသားတွေတော့ ယောင်တောင်ပေါင်တောင်နဲ့ ဝင်မစမ်းသင့်ဘူး ထင်ပါတယ်။ တော်ကြာ၊ အဲသည့်ရေမွှေးသုံးမိလို့ ကိုယ့်ကို ကြွေလာတဲ့သူက မျှော်လင့်ထားသလို ဗျာဆံဝိုက် ဗျာဆံခါတွေ မဟုတ်ဘဲ အစ်ကို ကာလသားတွေသာ ဖြစ်နေခဲ့ရင် တော်တော် ကိစ္စများနိုင်လို့ပါ။)

ယုံချင်ယုံ မယုံချင်နေပါ။

သေချာတာတစ်ခုကတော့ အချစ်ဆိုတဲ့ ကဗျာဆရာတွေရဲ့အမြုတေ၊ ဒဿနပညာရှင်တို့ရဲ့ စူးစမ်းရာ၊ လက်ကိုင်ပုဝါ ငါးထည်ဆောင်ပြီး ကြည့်ရမယ့် ရုပ်ရှင်ကားတွေရဲ့ ကျောရိုးအဖြစ် ဖန်တစ်ကုဋေ တေခဲ့ပြီးဖြစ်တဲ့ စိတ်ခံစားမှု တစ်ခုဟာ ရင်ဘတ်ထဲက ခံစားချက်တင်မကဘဲ မော်လီကျူးဆိုတဲ့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ ဓာတ်သဘောတွေကပါ ထိန်းချုပ် ခြယ်လှယ် နေတယ်ဆိုတာကို သုတေသနများက ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ တစ်မိသားနဲ့ တစ်မိသား ချစ်ကျွမ်းဝင်ဖို့၊ လက်ထပ်ဖြစ်ဖို့၊ တစ်သက်လုံး လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းဖြစ်သွားဖို့အတွက် စိတ်ခံစားမှု တစ်ခုတည်းက ထိန်းသိမ်းပေးနေတာ မဟုတ်ဘဲ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်တွေနဲ့ ဟိုမုန်းတွေကလည်း ဘဝရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေကို ချဖြစ်စေဖို့ ပံ့ပိုးပေးနေတယ်လို့ ကနေ့သိပ္ပံပညာရှင်များက ယုံကြည်နေကြပါပြီ။


သုတေသီများရဲ့အဆိုအရ အဲဒီ့ ခန္ဓာကိုယ်ထဲက ဓာတ်တစ်မျိုးဟာ အချစ်ရဲ့ အနက်ဖွင့်လို့ မရတဲ့ လျှို့ဝှက်ချက် အတော်များများကို ဘာက ဘာကြောင့် ဘယ်လို ဖြစ်နေတယ်ဆိုတာ ကျနသေချာ ရှင်းပြနိုင်တော့မယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဘက်လိင်အချင်းချင်း ဘာကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားကုန်ကြတာလဲ၊ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ မြင်သာလှတဲ့ “ဘဲဥကို ကျီးချီသလို၊” “မင်းကုသနဲ့ ပပဝတီလို”အတွဲမျိုးတွေကို ဘာကြောင့် တွေ့နေရတာလဲ၊ အခြေအနေဆိုး အမျိုးမျိုးကို ကျော်ဖြတ်ပြီး အိမ်ထောင်ရေးတွေဟာ ဘာကြောင့် တည်တံ့ ခိုင်မာနေရတာလဲဆိုတဲ့ မေးခွန်းတွေဟာ ကျွန်တော်တို့တွေအတွက်တော့ ကြံတစ်ချောင်း နှစ်ပြား၊ ကံအကြောင်းတရားလို့ အောက်မေ့ ယုံမှတ်ထားခဲ့ကြတာပါ။ သိပ္ပံပညာရပ် နယ်မှာတော့ အဲဒါကိုပဲ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ဓာတုဇီဝ ဓာတ်ပြောင်းလဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းတရားတွေအဖြစ် သုံးသပ်ရှုမြင်နေကြပါပြီ။

ထရီဇာခရယ်န်ရှောဆိုတဲ့ ဆရာဝန်တစ်ဦးကတော့ ပြောပါတယ်။

“လူတစ်ယောက်ရဲ့စိတ်မှာ ချစ်ခြင်းမေတ္တာဖြစ်စေ၊ တပ်မက်မှုဖြစ်စေ ပေါ်ပေါက်လာရတာဟာ ခံစားမှုသက်သက်တင် မကပါဘူး၊ အဲဒီ့လူရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေကလည်း တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ ဖြစ်လာရတတ်စမြဲပါ”တဲ့။

ဆံပင်ရှည်ရှည် ကလေးမလေးတွေကို ကြိုက်တတ်တဲ့ ယောကျာ်းလေးတွေဟာ ဆံရှည်မလေးတွေတိုင်းကို ကြိုက်မိတတ်တာမျိုး၊ အသံဩဇာ ကောင်းတဲ့ ယောက်ျားကို ကြွေတတ်တဲ့ မိန်းကလေးတွေက အသံကောင်းတဲ့ ယောက်ျားတိုင်းကို စိတ်ဝင်တစား ဖြစ်သွားရတတ်တာမျိုးတွေ ရှိတတ်တာကိုလည်း ထည့်မစဉ်းစားလို့တော့ မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ယောက်က တစ်ယောက်ကို လိုချင်တပ်မက်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ် ဖြစ်လာဖို့အတွက်ကျတော့ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဓာတ်သဘော အခြေခံက လှုံ့ဆော်နေတယ်ဆိုတာကို ဆရာဝန်များက တွေ့ထားခဲ့တာ ကြာလှပါပြီ။ လူယောက်ျား၊ လူမိန်းမတို့မှာ ရှိတဲ့ “ထက်စထိုစထရုန်းန်”လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တွေက အဲဒီ့ ကျား၊ မတို့မှာ လိင်စိတ်ဆိုတဲ့ တပ်မက်မှုများ ဖြစ်ပေါ်လာအောင် အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေတာပါ။

အခုတော့ သုတေသီတွေက အချစ်နဲ့ ခန္ဓာကိုယ်ထဲက ဓာတ်သဘောတွေ ဘယ်လို ဆက်နွယ်နေသလဲဆိုတာကို ကျကျနန အာရုံစိုက်ပြီး စူးစမ်းနေကြပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း တွေ့ရှိချက်များအရဆိုရင် တစ်ချိန်က ထိန်းလို့ချုပ်လို့ ဘယ်လိုမှမရဘူးလို့ ယူဆခဲ့ကြတဲ့ “အချစ်”ဆိုတဲ့ ခံစားမှုကို အာရုံကြော သိပ္ပံပညာနဲ့ ထိန်းချုပ် ကွပ်ကဲနိုင်တဲ့အဆင့်ထိ ရောက်အောင် မကြာခင်ကာလမှာ ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဆယ်နှစ်၊ ဒါမှမဟုတ်ရင် ဆယ်နှစ် မတိုင်ခင် ကာလမှာ စုံတွဲတွေကြား အချစ်ကို ပွားလာစေနိုင်တဲ့ ရှူဆေးတစ်မျိုး ပေါ်ပေါက်လာနိုင်လောက်ပြီလို့တောင် ခယ်လစ်ဖှိုးနစ်ယား ဆေးတက္ကသိုလ်၊ ခန္ဓာဗေဒနဲ့ အာရုံကြော ဇီဝ သိပ္ပံ ပါမောက္ခ ဂျိမ်းမ်စ်၊ အိပ်ခ်ျ၊ ဖှယ်လော်န်က ဆိုပါတယ်။ သူ့အလိုအရဆိုရင် နောက် ဆယ်နှစ်လောက်နေရင် အသည်းကွဲတဲ့သူတွေ၊ အချစ်ကြောင့် ထိခိုက်နာကျင်ရသူတွေ ပပျောက်သွားမယ့် သဘောပါပဲ။ သူက ဆက်ပြောပါသေးတယ်၊ “ဒါ ယုံတမ်းစကား မဟုတ်ဘူးဗျ။ အင်မတန် ဖြစ်နိုင်တဲ့အချက်အလက်တွေပေါ်မှာ အခြေခံပြီးပြောတဲ့ မှန်သောစကားပါ”တဲ့…။

စက္ခုရူပေန သံဝါသရာမှ

ယောက်ျားတိုင်းလိုလိုဟာ ကျွန်တော်တို့ အခေါ်အရ အမျိုးသမီးများရဲ့ “ရှိုက်ကြီးဖိုငယ် အသွယ်သွယ်”ကို စုံမက်တတ်ပါတယ်။ ကိုယ်လုံးကြီးကြီး ကြိုက်တတ်သူတွေ ရှိသလို၊ ခပ်လှပ်လှပ် ငါးရံ့ကိုယ်လေးတွေကို ကြိုက်တတ်သူတွေ ရှိတာမှန်ပေမယ့် ယောက်ျားတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာ ကောက်ကြောင်းလေးတွေ ရှိနေမှ သဘောကျတတ်တာမျိုးပါ။

သုတေသနအရဆိုရင်တော့ အမျိုးသမီးတစ်ယောက်ရဲ့ခါးဟာ သူ့တင်ရဲ့ ၆၀ က ၈၀ ရာခိုင်နှုန်းလောက် သေးကျဉ်နေပါမှ ကိုကိုတို့က သဘောကျတတ်သတဲ့ခင်ဗျ။ (အဲဒီ့စာ ဖတ်ပြီးမှ ကျွန်တော့်ခမျာလေးလည်း ကိုယ့်ကိုယ်ကိုယ် မနည်း ပြန်စဉ်းစားရတယ်။ ဟုတ်သဗျို့…) အမှန်ကတော့ ယောက်ျားတွေရဲ့ အငုံ့စိတ်မှာ ကပ်ငြိနေမြဲဖြစ်တဲ့ သားကောင်းမိခင် ပီပီသသလေး ရလိုမှုကို အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ အကဲဖြတ်တာလို့ သုတေသီများက ဆိုပါတယ်။

အမျိုးသမီးတွေကကျတော့ နွေးနွေးထွေးထွေး၊ နူးနူးညံ့ညံ့၊ ကြင်ကြင်နာနာနဲ့ ယုံချင်စရာကောင်းတဲ့ ဥပဓိရုပ်မျိုးနဲ့၊ မဆိုစလောက်ကလေး မိန်းမချော ချောတဲ့ ပုရိသများကိုဆို နှစ်သက်တတ်ပြန်သတဲ့။ တိုက်တဲနစ်(ခ်) မင်းသား “လီယိုနာဒို ဒီ ကာပရီယို”လို ရုပ်မျိုးပေါ့ဗျာ။

ဆိုတော့ ကျားနဲ့မတို့ တစ်နေရာရာမှာ ဆုံကြပြီဆိုတာနဲ့ ပထမအဆင့်အနေနဲ့က တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည် ရူပကာယကို  အပြန်အလှန် အကဲခတ်ကြတာ ဓမ္မတာပါပဲ။ တက္ကဆက်စ် တက္ကသိုလ်က စိတ်ပညာ ပါမောက္ခ “ဒစ်ဗှန်ဒရာ ဆင်းဂ်”ကတော့ ရုပ်ရည်ကို အကဲခတ်တာဟာ တကယ့်ကို လေးနက်တဲ့ ဖြစ်တည်မှု သဘာဝပါပဲ၊ ဆန့်ကျင်ဘက်လိင်ရဲ့ ရုပ်ရည်ကို အကဲခတ်တဲ့အခါ ကိုယ်မွေးလာတဲ့ သားသမီးမှာ သူ့သွေး ပါသင့်၊ မပါသင့် ဆန်းစစ်တဲ့သဘောကလည်း အလိုလိုပါပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကျတော့ ကျွန်တော်တို့ လူပြိန်းတွေအတွက် နည်းနည်းလေး ဝေးတဲ့ အဆိုပါပဲ။ ကျွန်တော့်လိုဆို ဘယ့်နှယ့်လုပ်မလဲ၊ အခုအရွယ်ကြီးအထိ ချောချောမြင်ရင် ငမ်းမိနေတုန်းပဲ။ သူ ပြောသလိုသာဆို ငမ်းတိုင်း အဲဒီ့ အငမ်းခံရသူ မိန်းမသားကို စိတ်ထဲက ခဏလောက် အိမ်ထောင်ကျကြည့်တဲ့ သဘောတွေ ပါနေတယ်။ သိပ်တော့ မနိပ်သေးဘူးဗျ။ ထားပါတော့လေ၊ သူများ ဆောင်းပါးကို ဖတ်ပြီး ပြန်ရေးပြတဲ့အထဲမှာ ကျွန်တော်ဆေးရိုးသည်က ဝင်ကန့်လန့် ခံမိနေတာ နည်းနည်း များနေပြီ။

အဲ… သိပ္ပံပညာရှင်များရဲ့အလိုအရ ကျားန မတို့ စက္ခုရူပေန သံဝါသ ဆိုတဲ့ မျက်လုံးချင်း စကားပြောပြီး ငြိသွားတဲ့အချိန်မှာ ဦးနှောက်ရဲ့အလယ်မှာ ရှိတဲ့ သဒ္ဒါရုံနဲ့ ရူပါရုံအပေါ် တုံ့ပြန်တဲ့ အစိတ်အပိုင်းကနေ အာရုံကြောကို လှုံ့ဆော်ပေးတဲ့ “ဒိုဖှမင်းန်”ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပါတော့တယ်။ အဲဒီ့ဓာတ်က လူယောက်ျားနဲ့ လူမိန်းမတို့ အကြည့်ချင်းဆုံ၊ ရင်ခုန်ရာကနေ စကားလေးတွေ စပြောဖြစ်အောင် လှုံ့ဆော်ပေးတဲ့ ဓာတ်ပါပဲ။ အဲသလို စကားပြောနိုင်လောက်အောင် တစ်ယောက်နဲ့ တစ်ယောက် အလှမ်း သိပ်မဝေးတော့ဘူးဆိုတာနဲ့ ယောကျာ်းဆီမှာရှိတဲ့ “ဖှီရိုမုန်း”ဆိုတဲ့ ဟော်မုန်းဓာတ်က မိန်းမဆီမှာ ရှိနေတဲ့ “ဟိုက်ပိုသာလာမတ်စ်”ဆိုတဲ့ ဓာတ်ကို သွား ထိခတ်ပါတယ်။ အဲဒီ့အခါ အမျိုးသမီးမှာလည်း “လာပါ အစ်ကို၊ ကျွန်မ လှရဲ့လား”ဆိုတဲ့ ညုတုတုအကြည့်လေးတွေ အလိုလို ပေါ်ပေါက်လာသတဲ့။

အဲဒါ ဘာကြောင်ြ့ဖစ်သလဲဆိုတာ အခုအချိန်အထိ တိတိကျကျ မပြောနိုင်သေးပေမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဘားန်တက္ကသိုလ်က လေ့လာ စူးစမ်းချက်တစ်ရပ်အရတော့ သည်အချိန်မှာ ကျားနဲ့ မတို့ဟာ တစ်ယောက်ရဲ့ အနံ့ကို တစ်ယောက်က ရပြီး ပိုလို့ ရင်ခုန်လာကြတယ်လို့ သုံးသပ်ထားပါတယ်။

ဟုတ်ကောင်းပါတယ်။ လူဆိုတာ အာရုံတွေကို စွဲလန်းတတ်တဲ့အမျိုး ဆိုတော့ အာရုံငါးပါးနဲ့ ခံစားလို့ရတဲ့အရာတွေက ကောင်းနေရင် တပ်မက်မိမှာ ဓမ္မတာပါပဲ။ နိဒါန်းမှာလည်း ရေးခဲ့ပြီးပါပြီ။ ကျွန်တော့်အိမ်သူကိုဆို သူ့ကိုယ်နံ့လေးကအစ ချစ်လှပါတယ်ဆိုတဲ့အကြောင်း…။

သည်နေရာမှာ အလျဉ်းသင့်လို့ ကိုယ်နံ့မကောင်းသူ မမများကို အကြံပေးချင်ပါတယ်။ ပထမဆုံးအချက်က ချွေးနံ့ဆိုတာတော့ လူတိုင်းမှာ ရှိပါတယ်။ တချို့ လူတွေမှာကျတော့ ချိုင်းက ထွက်တဲ့ချွေးနံ့က အလွန် ဆိုးတတ်တယ်။ အဲဒါကို ဖျောက်ချင်ရင် ရေမှန်မှန်ချိုးပြီး ကျောက်ချဉ် အရည်ကျဲလေး သွေးလိမ်းပေးရပါတယ်။ နောက်တစ်ခုက မိန်းကလေးများအနေနဲ့ သနပ်ခါးကို ငယ်ငယ်ကတည်းက နေ့စဉ် မပျင်းမရိ ခြေဆုံးခေါင်းဆုံး လိမ်းကျင့် ရှိနေရင်လည်း ကြာတဲ့အခါ သဘာဝ သနပ်ခါးနံ့က ကိုယ်ထဲမှာ စိမ့်ဝင်နေပြီး အမြဲလို မွှေးမြနေတယ်လို့ ကျွန်တော်တော့ ယုံပါတယ်။

ကျွန်တော့်မိတ်ဆွေကြီး ဦးကတုံးကတော့ ပြောဖူးတယ်။ တချို့လူတွေက ချွေးစော်နံတယ်တဲ့၊ တချို့လူတွေက ရေချိုးလွန်းလို့ ရေစော်နံသတဲ့၊ တချို့ကျတော့ ဘာနံ့မှ မနံဘူးတဲ့။ အဲဒီ့အထဲမှာ လူတချို့ကို ပထမ စာရင်းမှာ နမူနာပြတယ်။ ကျွန်တော့်အိမ်သူနဲ့ သူ့အိမ်သူကိုတော့ ဒုတိယ စာရင်းမှာထည့်ပြီး သူကိုယ်တိုင်နဲ့ ကျွန်တော်ကတော့ တတိယ စာရင်းဝင်တွေလို့ ပြောသွားဖူးပါတယ်။ ကျွန်တော် ရယ်နေလိုက်ခဲ့ဖူးတယ်။

တကယ်တော့ လူတိုင်းမှာ သူ့အနံ့နဲ့သူ ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က မေမေ ခရီးသွားရင် မေမေ ဝတ်သွားတဲ့ အင်္ကျီလေးကို မျက်နှာအပ် အနံ့ခံရင်း အိပ်တတ်သလို ကျွန်တော့်အိမ်သူ အိမ်မှာ မရှိလို့ လွမ်းလာရင်းလည်း သူ့အင်္ကျီလေးကို ကောက်နမ်းတဲ့ အကျင့် ရှိပါတယ်။

အလားတူပဲ၊ ကျွန်တော့်ကိုယ်မှာ တခြားမိန်းမတစ်ယောက်ရဲ့ အနံ့ ကပ်ပါလာတော့လည်း ကျွန်တော့်အိမ်သူ ချက်ချင်းသိသွားလို့ ပြဿနာတွေ အပြွတ်လိုက် တက်ခဲ့ဖူးတယ်။ ပြောချင်တာက လူတစ်ဦးစီမှာ သူ့မူပိုင် အနံ့လေးတွေ ကိုယ်စီရှိတာကိုပါ။

အဲတော့လည်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားတယ်ဆိုတဲ့ အနံ့နဲ့ ပတ်သက်တဲ့ အချက်ကိုလည်း လျှော့တွက်လို့ မရပါဘူး။

စောစောက အဆင့်ကို ပြန်ဆက်ရရင် အဲသလို အမျိုးသမီးဘက်က ညုတုတုတစ်ကြည့်လောက် ရပြီဆိုတာနဲ့ ယောက်ျားရဲ့ ဟိုက်ပိုသာလာမတ်စ် ဓာတ်ကလည်း ချက်ချင်း တုံ့ပြန်ပါတော့တယ်။ အဲဒီ့ ဟိုက်ပိုသာလာမတ်စ်ကြောင့် ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ ခံစားချက်က မျက်လုံးတွေကို အရည်လည်လာစေတယ်၊ ရင်ခုန်လာစေတယ်။ အဲဒီ့ ရင်ခုန်မှုကြောင့် မျက်နှာကလည်း မဆိုစလောက်ကလေး ရဲတက်လာတယ်၊ ချွေးလေးကလည်း မသိမသာလေး ထွက်လာပြီး ကိုယ်ရောင် ကိုယ်ဝါကလည်း မသိမသာ တောက်ပလာတယ်။ ဦးခွံထဲမှာရှိတဲ့ ဂလဲန်းဒ်များကလည်း ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ငေးလာစေလောက်တဲ့ အရောင်တွေ အလိုလို လက်လာအောင် ဖန်တီးပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲလိုကနေ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းသွားတဲ့အခါ စိတ်အာရုံမှာ ပေါ်ပေါက်နေတဲ့ စွဲလန်းမှုက ယောက်ျားမှာ ရှိတဲ့ ဒိုဖှမင်းန် ဟော်မုန်းတွေကို အလိုလို ပွားများစေပြန်ပြီး နောက်တစ်ကြိမ် တွေ့ဆုံဖြစ်အောင် အားထုတ်ဖြစ်စေပါတော့တယ်။

နောက်တစ်ကြိမ်ပြန်ဆုံတဲ့အခါ အဲဒီ့ အမျိုးသမီးကို မြင်ရရုံနဲ့တင် ယောက်ျားရဲ့ ရင်ထဲမှာ ဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ်၊ ဒိန်းတပ်တပ်နဲ့ တဆတ်ဆတ် ခါနေတော့တာလည်း အမှန်ပါ။ အဲဒီ့အချိန်မှာ သူ့မျက်နှာ၊ သူ့မျက်လုံး၊ သူ့အပြုံးတွေက မျက်လုံးထဲက မထွက်နိုင်အောင် ဖမ်းစားလိုက်ပြီး ဖြစ်သလို တစ်ချိန်တည်းမှာပဲ ဒိုဖှမင်းန်ဓာတ်တွေက ထပ်ထပ်ထွက်လာ၊ ဒိုဖှမင်းန်တင်မကတော့ဘဲ “နိုရီပိုင်းန်ဖှရီးန်”လို့ခေါ်တဲ့ အာရုံကြောလှုံ့ဆော်မှု ဓာတ် နောက်တစ်မျိုးရယ်၊ ပီအီးအေလို့ခေါ်တဲ့ “ဖှီနိုင်းလ် အီသိုလ်လာမင်းန်” ဓာတ်ရယ်ကပါ ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာပါသတဲ့။

အဲဒီ့ဓာတ် သုံးမျိုးစပ်လိုက်တဲ့အခါ ပုရိသရဲ့ရင်မှာ ချောကလက်တွေ နင်းကန်စားထားမိသလို မအီမလည်လေး ဖြစ်လာပါတော့တယ်။ အဲဒီ့အခါ ခံစားချက်တွေကလည်း မနိုင်ရင်ကာ ဖြစ်လာပြီး စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ်ဆိုတဲ့ စွဲလန်းမှုကလည်း ဖြစ်ပေါ်လာပါတော့တယ်။

မှုခင်းဗေဒ ပါမောက္ခတစ်ဦးကတော့ အဲဒီ့ခံစားချက်ကို “အလိုလိုကို ကောင်းနေတဲ့ ခံစားချက်”လို့ အမည်တပ်ပါတယ်။ “မျက်လုံးတွေ ဝင်းဝင်း တောက်လာမယ်၊ ရင်ခုန်တာ မြန်လာမယ်၊ ချွေးပျံလာမယ်။ ဘာနဲ့တူသလဲ ဆိုတော့ ကြောက်နေတဲ့အခါ၊ ဒါမှမဟုတ် စိတ်ဆိုးနေတဲ့အခါ ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ တုံ့ပြန်မှုတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ တစ်ခုပဲ၊ အဲဒီ့အချိန်မှာ စိတ်ဆိုးနေ၊ ထိတ်လန့်နေချိန်မှာလို တိုက်ခိုက်ချင်စိတ်တွေ၊ အလွတ်ရုန်းချင်စိတ်တွေတော့ ပေါ်မလာတတ်ဘူး”လို့ သူက ဆိုပါတယ်။

အဲသလိုအနေအထားကတဆင့် တစ်ယောက်နဲ့ တစ်ယောက် ယဉ်ပါးတဲ့ အဆင့်ကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ယောက်ျားဆီမှာ “အော့ခ်ဆီ တော့ခ်ဆင်န်”ဆိုတဲ့ ဓာတ်တစ်မျိုးက ဆက်လက် ဖြစ်ပေါ်လာပြန်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကတော့ အဲဒီ့ အော့ခ်ဆီတော့ခ်ဆင်န်ကို အမျိုးသမီးတွေမှာသာ တွေ့ရတဲ့ ဟော်မုန်းလို့ ထင်ခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်လွန် နှစ်များမှာတော့ အဲဒီ့ဟော်မုန်းကို ကျား၊ မ မဟူ လူတိုင်းရဲ့ ဟိုက်ပိ သာလာမတ်စ်ကနေ ထုတ်ပေးတဲ့ ဟော်မုန်းအဖြစ် စူးစမ်းတွေ့ရှိခဲ့ကြပါပြီ။ အဲဒီ့ဟော်မုန်းဓာတ်က နွေးထွေးမှုနဲ့ ကြင်နာမှုတွေကိုဖြစ်ပေါ်စေတဲ့ ဓာတ်အဖြစ်လည်း လက်ခံထားကြပါပြီ။

မိခင်နို့ကို တိုက်ကျွေးနေတဲ့ အချိန်မှာလည်း အဲဒီ့ အော့ခ်ဆီ တော့ခ်ဆင်န်ဓာတ်က မိခင်မှာရော၊ ကလေးမှာပါ ဖြစ်ပေါ်လာတဲ့အတွက်  မအေနဲ့ သားကြားမှာ မွေးကင်းစကတည်းက စည်းနှောင်မှု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာတယ်လို့ ပညာရှင်များက သုံးသပ်ထားပါတယ်။

ချစ်ရေးချစ်မှုအနုသိပ္ပံဘက်ကို ပြန်သွားရရင်တော့ အဲဒီ့ အော့ခ်ဆီ တော့ခ်ဆင်န် ဓာတ်ဟာ တစ်ယောက်ကို တစ်ယောက် စုံစုံမက်မက် ရှိနေတဲ့ ဆန့်ကျင်ဘက် လိင်နှစ်ဦးဆီမှာလည်း အလိုလို ပေါ်ထွက်လာပါတယ်။ သည်မှာတင် နှစ်ယောက်ကြားမှာလည်း စည်းနှောင်မှုတစ်ခု ဖြစ်ပေါ်လာတော့တာပါ။

သိပ္ပံပညာရှင်များက အခုဆိုရင် အဲဒီ့ အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်ဟာ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းလေးတွေကို အားဖြည့်ပေးတယ်လို့ ယူဆလာကြပါပြီ။ အော့ခ်ဆီတော့ခ်ဆင်န်ဟာ ဆန့်ကျင်ဘက်လိင်တို့ တစ်ဦးနဲ့တစ်ဦး ထွေးပွေ့တဲ့အခါမှာဖြစ်ဖြစ်၊ ထိမိတဲ့အခါမှာဖြစ်ဖြစ်၊ ပွတ်သပ်မိတဲ့အခါမှာပဲ ဖြစ်ဖြစ် ပိုလို့ ပွားများလာပါသတဲ့။ အဲဒီ့ဓာတ်ကပဲ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတဲ့အခါ သတိတရရ၊ တတမ်းတတဖြစ်နေစေဖို့ လှုံ့ဆော်ပေးနိုင်ပြန်ပါသေးတယ်။

ကွယ်ရာမှာ ခြေများတတ်သူများနဲ့ သစ္စာရှင်များ

တစ်ယောက်နဲ့ တစ်ယောက် ချစ်သွားပြီးတဲ့နောက်၊ လက်ထပ်ဖြစ်၊ ပျားရည်တွေ ဘာတွေ ဆမ်းဖြစ်ပြီးတဲ့နောက် ၁၈ လ အကြာကို ခုန်ပျံ ကျော်လွှား ကြည့်မယ်ဆိုရင်တော့ နည်းနည်း ထူးလာပါတယ်။

သိပ္ပံပညာရဲ့အလိုအရ တစ်ယောက်ကိုတစ်ယောက် စွဲလန်းနှစ်သက်မှု (ဝါ) မွှန်စိတ် ပထမဆုံး စတင်ဖြစ်ပေါ်ချိန်ကနေ စတင်ရေတွက်ရင် ၁၈ လ ကနေ သုံးနှစ်အတွင်းမှာ စိတ်ထဲမှာ ဘာမှ မခံစားရတော့သလို တစ်ယောက်ယောက်မှာ ဖြစ်သွားတတ်တာ သဘာဝပဲတဲ့။ ဆိုလိုတာက ၁၈ လ ကျော်ပြီဆိုတာနဲ့ အိမ်ထောင်တစ်ခုမှာ “မင့်ကိုမှ မရရင် သေရပါတော့မယ်” အဆင့်ကနေ “သည်မိန်းမနှယ်၊ အပေါက်အစ များရန်ကော”လို့ တွေးတဲ့ အဆင့်မျိုးကို မသိမသာ ရောက်သွားတတ်တာ သဘာဝပါ။

အမှန်ကတော့ ဒါက ဓာတ်သဘော (ဝါ) ဓာတုဗေဒ သဘောအရ ဖြစ်ပေါ်တာပါ။ ဒိုဖှမင်းန်ရယ်၊ နိုရီပိုင်းန်ဖှရီးန်ရယ်၊ ပီအီးအေရယ် ရောနေတဲ့ ဟိုမုန်းဒြပ်နှောဟာ ဆေးဝါးနဲ့ တူပါတယ်။ ဆေးဝါးတစ်ခုကိုလည်း သုံးရင်း၊ သုံးရင်းနဲ့ တစ်ပြားက နှစ်ပြား၊ နှစ်ပြားက သုံးပြား၊ တိုး တိုး စားသွားမှ ဆေးတိုးတော့တာမျိုး ရှိသလို အဲဒီ့ ဒြပ်နှောကလည်း တစ်ယောက်နဲ့ တစ်ယောက် အတူနေတာ ကြာလာရင် ဆေးမတိုးတော့ပါဘူး။

ဆိုလိုတာက လူတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်လိင်တစ်ဦးနဲ့ အတူနေတာ ကြာလာတာနဲ့အမျှ သူ့ဦးနှောက်ထဲက ဟိုမုန်းဓာတ်တွေကလည်း ရိုးအီသွားပြီး အရင်ကလို အားတိုင်း ထွက်မလာတော့ဘူး။ အဲသလိုနဲ့ တချို့ အိမ်ထောင်တွေမှာ ရေရှည်စခန်းသွားလို့ မရတာတွေ၊ ရင်ခုန်စရာ အသစ်လေးတွေ ဖွေရှာတာမျိုးတွေ၊ ငွေကြေး ပြဿနာ၊ အနိုင်ကျင့်လွန်းတာ၊ ဒါမှမဟုတ် ညှိလို့ မရတဲ့ စရိုက်မတူမှုစတဲ့ တစ်ခုခုသောအကြောင်းကို အခြေခံပြီး ညောင်ညိုပင်စခန်းအထိ ရောက်ကုန်တာတွေ ဖြစ်ရပါတော့တယ်။

ဒါကို သိပ္ပံပညာကတော့ ပီအီးအေတွေကို ကိုယ်ခန္ဓာရဲ့ခံနိုင်မှုစွမ်းရည် လျော့ကျသွားတာကြောင့် ဖြစ်ရတာလို့ သုံးသပ်ပါတယ်။

တစ်ဖက်ကနေပြီး သေတပန်သက်တစ်ဆုံး ခိုင်မာမြဲမြံနေတဲ့ အိမ်ထောင်ရေးတွေကို ကြည့်မယ်ဆိုပြန်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် လိင်စိတ်ကြောင့် မဟုတ်ဘဲ ကိုယ်ခန္ဓာချင်း အဆက်မပြတ် တွေ့ထိနေတာ၊ ဥပမာ လက်ချင်း ဆုပ်ထားတာမျိုး၊ ပခုံးကို မှီတာမျိုး၊ ပွေ့ပိုက်ထားတာမျိုးတွေက ဦးနှောက်ထဲက နောက်ထပ်ဓာတ်တစ်မျိုးဖြစ်တဲ့ အယ်န်ဒိုဖှင်န်ကို ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ အဲလို လိင်စိတ်မပါတဲ့တွေ့ထိမှုဟာ အထက်မှာ ရေးခဲ့တဲ့ အော့ခ်ဆီတော့ခ်ဆင်န် ဓာတ်ကိုလည်း အမြောက်အမြား ဆက်ထုတ်ပေးတာ တွေ့ရပါသတဲ့။

အယ်န်ဒိုဖှင်န်က စိတ်ကို တည်ငြိမ်စေပြီး  ဆန္ဒစောမှုကို ရှင်းထုတ်ပစ်နိုင်ပါတယ်။ အဲဒီ့ဓာတ် နှစ်မျိုးစလုံးက အိမ်ထောင်ရေးကို တည်ငြိမ် ခိုင်မြဲစေပြီး တစ်ယောက်ကို တစ်ယောက် “စွဲငြိ”နေစေနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

တိရစ္ဆာန်တွေမှာလည်း တချို့သတ္တဝါတွေက တစ်လင်တစ်မယား စနစ်ကို သစ္စာရှိရှိ ကျင့်သုံးတာ တွေ့ထားကြတယ်။ အသိဉာဏ် မရှိတဲ့ အဟိတ် တိရစ္ဆာန်လောကမှာတောင် အဲသလို တစ်လင်တစ်မယားကို သေတစ်ပန် သက်တစ်ဆုံး သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းတာကို တွေ့ရလို့ သုတေသီများက စစ်ဆေးကြည့်လိုက်တဲ့အခါ အော့ခ်ဆီတော့ခ်ဆင်န်ကို ကောင်းကောင်း ခံစားနိုင်တဲ့ သတ္တဝါတွေ ဖြစ်တာကို တွေ့ရပါသတဲ့။ အဲဒီ့ အော့ခ် ဆီတော့ခ်ဆင်န်ကို လက်ခံတဲ့ ဦးနှောက်ထဲက ဆဲလ်တွေကို ပိတ်ဆို့ကြည့်လိုက်တဲ့အခါမှာတော့ တစ်သက်လုံး သစ္စာရှိတဲ့ အဲဒီ့သတ္တဝါတွေလည်း ခြေများချင်တဲ့ အရိပ်အရောင်တွေ ပြလာတာကိုပါ ထပ်တွေ့ရတယ်လို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ သိပ္ပံပညာနယ်ပယ်ဟာ အင်မတန် ကျယ်ပြန့် နက်နဲလှသလို ပညာရှင်တွေ လက်လှမ်းမမီသေးတာတွေလည်း အများကြီးပါပဲ။ တစ်ချိန်ချိန်မှာတော့ အချစ်နဲ့ ပတ်သက်တဲ့ အရှုပ်အထွေးများကို သည်သိပ္ပံပညာက ဖြေရှင်းပြသွားနိုင်မယ်လို့ ပညာရှင်များက မမှိတ်မသုံ ယုံကြည်နေကြပါတယ်။

နိဂုံး

၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် “ဘ၀”မဂ္ဂဇင်းထဲက “ချစ်ရေး ချစ်မှု အနုသိပ္ပံ”ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး ပြန်ရေးပြလိုက်တာပါ။

အဲဒီ့ဆောင်းပါးအရဆိုရင်တော့ ကျွန်တော်တို့အိမ်ထောင်ရေးလေး သာယာနေတာလည်း အော့ခ်ဆီတော့ခ်ဆင်န်နဲ့ အင်ဒိုဖှင်န်တွေကို ထုတ်ပေးစေတဲ့၊ တစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်မပါဘဲ ဖက်လှဲတကင်း တရင်းတနှီးနေမှုကြောင့်ပဲဆိုတာ ဖြစ်နိုင်နေပါတယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံ ဟိုဟိုသည်သည် သွားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း ဆုပ်ထားတဲ့ အကျင့်ရှိသလို ကားမောင်းနေရင်း တန်းလန်းကနေ သူ့လက်ကို လှမ်းဆုပ်တာမျိုး၊ သူ့ပါးကို လှမ်းပွတ်တာမျိုးတွေ ကျွန်တော် လုပ်တတ်ပါတယ်။ သူကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာက တစ်ရေးနိုးရင်တောင် ကျွန်တော့် လက်မောင်းကို ရင်မှာ အပ်ပြီး အိပ်တတ်တဲ့သူပါ။

အလားတူပဲ၊ ရုပ်မြင်သံကြား ထိုင်ကြည့်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်း ထိထားတတ်ကြသလို တစ်ခါတလေ လက်ချင်း ဆုပ်ထားဖြစ်ပါတယ်။ အတွေ့အထိဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးကို ပိုလို့ ခိုင်မာမြဲမြံစေတယ်ဆိုတဲ့အချက်ကို ကျွန်တော်က အူလှိုက်သည်းလှိုက် ယုံကြည်ပါတယ်။

ကျွန်တော့်အိမ်သူကိုတင်မက သားသမီးများကိုလည်း ကျွန်တော်က ဖက်လှဲတကင်း၊ ပွေ့ပွေ့ပိုက်ပိုက် နေတတ်သလို သူငယ်ချင်းချင်းလည်း ပခုံးဖက်လိုက်၊ ခါးဖက်လိုက် လုပ်တတ်ပါတယ်။ အဲသလို နေတဲ့အတွက် လူသားတစ်ဦးနဲ့ တစ်ဦးကြား စည်းနှောင်အားက ပိုလို့ ခိုင်မာလာတတ်တယ်ဆိုတာ ကျွန်တော့်ကိုယ်တွေ့မို့ သည်စာကို ဖတ်သူများလည်း ကိုယ့်သူငယ်ချင်းကို ဖြစ်စေ၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ချင်းဖြစ်စေ တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး တို့ကာ၊ ပုတ်ကာ ဆက်ဆံတာမျိုးနဲ့ မိမိတို့ရဲ့ ခင်မင်တွယ်တာမှု အဆများကို ပွားသထက်ပွား၊ များသထက် များလာအောင် ပျိုးထောင်ယူနိုင်ကြမယ်လို့ မျှော်လင့်နေပါတယ်။

ချစ်စကို ရှည်စေတယ်ဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့ အလုပ်မျိုးမို့ အချစ်အကြောင်းကို ထက်ထက်သန်သန် ရေးသားတင်ဆက်လိုက်တာလည်းပဲ ဖြစ်ပါတယ်ခင်ဗျား။


(တစ်ခုတော့ ခြွင်းချက် ရှိသပေါ့ဗျာ။ တချို့ ယောက်ျားသားများဟာ အခြောက်တိုက် လက်အရသာ ခံချင်တဲ့သဘောနဲ့ ကိုယ်နဲ့လည်း သွေးမတော်၊ သားမစပ်၊ လိုလည်း မလိုအပ်လှဘဲ မိန်းမသားတွေကို ဟိုပုတ် သည်တို့ လုပ်တတ်တဲ့ ဝါသနာလေးတွေ ရှိတတ်ကြတယ်။ အဲသလို လူတွေက သည်ဆောင်းပါးကို အကာအကွယ် ယူပြီး အကဲပါမယ့် အန္တရာယ်လည်း ရှိနေတာမို့ မေတ္တာနဲ့ မဟုတ်ဘဲ ရာဂနဲ့ တို့ပုတ် ထိပါးလာမယ်ဆိုရင်တော့ မမများဘက်က ပြတ်ပြတ်သားသား ပြောပြီး ကြည့်ရှောင်ကြဖို့လည်း တစ်ပါတည်း သတိပေးလိုက်ချင်ပါသေးတယ်ခင်ဗျား။)

(၁၉၉၉ ခုနှစ် မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်း၊ အမှတ် ၁၁၃ မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၇၅/၂၀၀၃(၂)နဲ့ ၂၀၀၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်းဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ကျွန်တော်တို့ အိမ်ထောင်သက် ၂၂ နှစ်ပြည့် အမှတ်တရအဖြစ် တင်ဆက်လိုက်ကြောင်းပါခင်ဗျား
)

How to Love Somebody Thoughtfully

ဦးနှောက်သုံးပြီး ချစ်တဲ့နည်း

ကျွန်တော့်အချစ်

ငယ်ငယ်တုန်းက ရေးဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်ကိုးကားချင်ပါတယ်။

ချစ်တတ်သောစိတ်
ရှိသည်ဆိုပါလျှင်
ချစ်သူဟူ၍လည်း ရှိလိမ့်မည်ပင်…

ချစ်တတ်သောစိတ်
ကင်းမဲ့နေသည်ဆိုပါလျှင်
ချစ်သူဟူ၍လည်း ရှိလိမ့်မည်မထင်…

ကိုယ့်တွင်
ချစ်တတ်သောစိတ်
များစွာရှိသည်ပင်…

သို့လျှင်
ချစ်သူလည်း များမည်ပင်

ခွင့်လွှတ်ပါခင်…။        ။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်၊ ကျွန်တော့် အသက် ၂၀ မပြည့် တပြည့်လောက်မှာ ရေးဖြစ်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်က “အယူခံ”တဲ့။
အဲတုန်းကတည်းက ကျွန်တော့်မှာ အသည်းတွေ ကွဲခဲ့၊ ကြေခဲ့၊ မွခဲ့တာတွေ ပြောမကောင်းအောင် များလှပါတယ်။

အခု နှစ်နှစ်ဆယ်ကျော်အကြာမှာ ကိုယ်လျှောက်ခဲ့ဖူးတဲ့ အချစ်လမ်းကြောင်းကို ပြန်စောင်းကြည့်တော့ ငယ်ဘဝကို လွမ်းမိသေးတော့တယ်။ ခုချိန်ထိလည်း ကျွန်တော်ကတော့ ချစ်တတ်နေတုန်းပါပဲ။ လူကသာ အလိုက်အထိုက် အိုသွားတယ်၊ ကျွန်တော့်ရင်ထဲက အချစ်ကတော့ ၁၆ နှစ်သားလို နုပျိုနေဆဲဆိုတာကို မရှက်မကြောက် ဝန်ခံလိုက်ချင်ပါသေးတယ်။

လူနဲ့ အချစ်

လူတစ်ယောက်တည်းကို တစ်သက်လုံး ချစ်နေတယ်ဆိုတာ ဖယောင်းတိုင် တစ်တိုင်တည်းက တစ်သက်တာ ထာဝရ တောက်လောင်နေမယ်လို့ ပြောတာနဲ့ အတူတူပါပဲလို့ ရှိတ်စပီးယားက ပြောဖူးပါတယ်။ ဆိုလိုတာက လူသားတစ်ယောက်ဟာ သူ့ဘဝမှာ တစ်ယောက်တည်းကိုပဲ ချစ်နိုင်ဖို့ဆိုတာ အင်မတန် ဖြစ်တောင့်ဖြစ်ခဲကိစ္စပဲဆိုတဲ့ သဘောပါ။

ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲသလို အချစ်သမားနုနုလေးတွေနဲ့ မကြာခဏ ကြုံရတယ်။ သည်တစ်ယောက်တည်းကိုပဲ ချစ်ပါတယ်ဆိုတဲ့ လူသားတွေပေါ့။ သူတို့တွေရဲ့ အချစ်ဋီကာ အဖြာဖြာကို နားထောင်ရင်း ကျွန်တော် ပြုံးနေမိတယ်။

ကျွန်တော်ကတော့ လူတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင် တစ်ယောက်မကကို ချစ်ချင်လည်း ချစ်နေနိုင်တယ်ဆိုတဲ့ အသိတရားမျိုး ရခဲ့တာ ကြာပါပြီ။
နုစဉ်အခါ မလိမ်မိုး မလိမ္မာတုန်းကတော့ သစ္စာရှင်ကြီး လုပ်နေရတာကိုပဲ ဂုဏ်ယူရမလိုလိုပါ။ ဒါပေမယ့်လည်း အသည်းတွေ တဖြန်းဖြန်းကွဲ၊ အလွဲတွေ တစ်သီကြီးဖြစ်၊ အသစ်တွေ အထပ်ထပ်ပေါ်၊ အဖော်တွေ ခဏ ခဏ ပြောင်းသွားတဲ့နောက်မှာတော့ အဟောင်းတွေ အသစ်ဖြစ်တတ်တဲ့ သံသရာမှာ တစ်မိသားနဲ့ တစ်မိသားကြားက သစ္စာဆိုတာ ပညတ်တစ်ခုရယ်လို့ပဲ သတိထားမိလာရပါတယ်။

ပိုဆိုးတာက လူတွေဟာ မိမိကိုယ်မိမိ ကြံဖန်လှည့်ဖျားတတ်တဲ့သဘော သဘာဝကို ရိပ်စားမိလာတာပါပဲ။ သည်အခါ တစ်ဖက်သားရဲ့အချစ်ကို သဘောပေါက်လာသလို ကိုယ့်အချစ်ကိုလည်း ကိုယ်ပြန်သဘောပေါက်သွားပါတယ်။

လူတွေဟာ သည်တစ်ယောက်ကိုပဲ ချစ်လှပါချေရဲ့၊ ကြင်နာလှပါချေရဲ့၊ မြတ်နိုးလှပါချေရဲ့လို့ အစ ကနဦးတုန်းက ယုံကြည် စွဲမြဲနေတတ်ခဲ့တယ်။ ဒါပေမယ့် အနှေးနဲ့ အမြန်ဆိုသလို အဲဒီ့တစ်ယောက်တည်းကိုပဲ ချစ်တဲ့စိတ်က အနိစ္စသဘောထဲ ပါသွားတဲ့အခါ အဲဒါကို ဝန်ခံရမှာ လိပ်ပြာက မလုံချင်ဘူး။ မျက်နှာများတဲ့သူ၊ သစ္စာမဲ့တဲ့ သူရယ်လို့လည်း ဘယ်သူကမှ အသတ်မှတ် မခံချင်ဘူး။ ကိုဖိုးစွံ၊ မဝိုင်းဝိုင်းလည်တွေလည်း အတူတူပဲ။ ကိုယ့်ကို လူကြိုက်များလို့ ဂုဏ်ယူချင်တာက တစ်ဖက်။ မျက်နှာများ၊ သစ္စာမဲ့သူလို့ အပြောမခံချင်တာက တစ်ပိုင်း။ သတ်သတ်စီ ဖြစ်နေတတ်တယ်။

ဒါနဲ့ပဲ၊ ထွေးပြီးသား တံတွေး ပြန်မျိုဖို့ ခက်တာမို့ မွှန်မွှန်ထွန်ထွန်နဲ့ အလွန်အကျွံ ပြောမိခဲ့သမျှ အဖတ်ကလေး ဆည်၊ အိနြေ္ဒလေးလုပ်ရင်း သည် တစ်ယောက်တည်းကိုပဲ ချစ်နေဆဲ၊ ချစ်နေမြဲ၊ ဘာ၊ ညာ လျှောက်ပြောရော။ လူဆိုတဲ့သဘောကလည်း အဲလိုသာ စိတ်ပါလက်ပါ အထပ်ထပ်ပြော၊ ကိုယ့်အပြောကို ကိုယ့်ဘာသာ အဟုတ်မှတ်လာ။ သည်မှာတင် အများကိုလည်း လှည့်စားဖြစ်၊ ကိုယ့်ကိုယ်ကိုယ်လည်း လီဆယ်ဖြစ်နေတော့တယ်။

အခုလို ပြောလိုက်တော့ ဆယ်ကျော်သက်တွေ၊ ၃၀ မပြည့်သေးခင် တဖျစ်ဖျစ်နဲ့ ချစ်လို့ကောင်းနေသူတွေ ကျေလည်ကြမယ် မထင်ဘူး။

ကျွန်တော်ပြောတာ အမှန်ချည်းပဲ၊ ဒါကြောင့် အားလုံး လက်ခံကြစတမ်းဆိုတဲ့သဘောနဲ့ တင်ပြနေတာမဟုတ်ပါဘူး။ ကျွန်တော့် အတွေ့အကြုံ၊ ကျွန်တော့် ပတ်ဝန်းကျင်က လူအသီးသီးရဲ့ခံစားပုံတွေအပေါ် ကျွန်တော်ရှုမြင် သုံးသပ်မိလေသမျှ စာဖတ်သူအများ စဉ်းစား ကြံဆနိုင်အောင် တစ်ထောင့် တစ်နေရာက ဆွေးနွေးသွားချင်တာပဲ ဖြစ်ပါတယ်။

ရင်ခုန်ချစ်

တစ်ခါလည်း ရေးပြခဲ့ဖူးတယ်။ အဲတုန်းကတော့ “မွှန်စိတ်”လို့ သညာ ပေးခဲ့ဖူးပါတယ်။ အခုတော့ လူငယ်တွေရဲ့ရင်ထဲမှာ ကိန်းတတ်မြဲ စိတ်အခြေအနေမို့ လှလှပပလေး ဖြစ်သွားအောင် “ရင်ခုန်ချစ်”လို့ ခေါ်လိုက်ရပြန်ပါ တယ်။ အမှန်တော့ အတူတူပါပဲ။ သိုးဆောင်း ဘာသာစကားနဲ့တော့ infatuation တဲ့။
ပုထုဇဉ်မှန်သမျှ တစ်ဘဝမှာ အနည်းဆုံး တစ်ခါတော့ ဖြစ်လေ့ရှိတဲ့ စိတ်ပါပဲ။ ကံကောင်းတဲ့သူတွေကျတော့လည်း တစ်ခါမက ဖြစ်ရတတ်ပါတယ်။ သည်ကိစ္စဟာ အသက် အရွယ်နဲ့သော်လည်းကောင်း၊ အသိပညာနဲ့သော်လည်းကောင်း လုံးလုံးမသက်ဆိုင်ပါဘူး။ ယုတ်စွအဆုံး ဆင်ခြင်ဉာဏ်နဲ့တောင် မဆိုင်လှပါဘူး။


ဘုရင်ကြီး ရူးသွားတာ၊ ရသေ့ကြီး ဈာန်လျှောတာဆိုတာမျိုးတွေ ကျွန်တော်တို့ ဖတ်ခဲ့၊ နာခဲ့ဖူးတယ်။ ထိုနည်းတူပဲ၊ သူဌေးသမီး၊ ပညာတတ်မနဲ့ အိမ်က ယာဉ်မောင်းနဲ့ ဇာတ်လမ်း၊ လူရေတတ် သူကြွယ့်သားနဲ့ ဆင်းရဲသူမ ဇာတ်လမ်း၊  မမကြီးနဲ့ မောင်လေးနဲ့ ဇာတ်လမ်း၊ ဦးနဲ့ သမီး ဇာတ်လမ်းတွေကိုလည်း ကျွန်တော်တို့ ဖတ်ဖူး ကြားဖူးနေသလို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ကြုံရပြန်တယ်။ ဒါတင်မကသေးဘူး၊ မယားကြီး ငုတ်တုတ်နဲ့ မယားငယ်နောက် ကောက်ကောက်ပါအောင် လိုက်သွားသူတွေ၊ လင်ကြီး ရှိလျက်နဲ့ မျောက်မ ထားသူ မိန်းမသားတွေကိုလည်း ကြားဖူး၊ မြင်ဖူးကြဦးမှာပဲ။


အဲဒီ့လူတွေအားလုံး တညီတညွတ်တည်း ပြောကြတဲ့စကားမှာလည်း “အချစ်”ဆိုတာကြီးနဲ့ပါ။ အချစ်၊ အချစ်ဆိုပြီး အဲသလို အသည်းအသန် ဖြစ်ပြီဆိုတာနဲ့ အဲဒါ အချစ်မဟုတ်ဘူးလို့ သတိထားမိသူလည်း ခပ်ရှားရှား။


သည်နေရာမှာ ကျွန်တော့်အတွေ့အကြုံအရ ကောက်ချက်တစ်ခုတောင် ထုတ်ပြလိုက်ချင်ပါသေးတယ်။ အချစ်၊ အချစ်လို့ ကိုယ်က ထင်နေပြီး ဆန့်ကျင်ဖက်လိင်အပေါ် စွဲစွဲလမ်းလမ်းနဲ့ စားလည်း သူ့စိတ်၊ အိပ်လည်း သူ့တွေး၊ ဝေးရင် သေမတတ် ခံစားနေရပြီ၊ ရင်ဘတ်ထဲမှာ ဆို့တို့တို့၊ နာတာတာ၊ အောင့်တောင့်တောင့် ဖြစ်လာပြီဆိုတာနဲ့ အဲဒါ အချစ်စစ် မဟုတ်ဘူးလို့ ယုံလိုက်ကြစေချင်ပါတယ်။ အချစ်စစ်က အဲသလို ဣနြေ္ဒ မမဲ့ဘူး၊ အသည်းအသန် မဖြစ်ဘူး။ ရင်ခုန်ချစ်က နေမင်းနဲ့တူရင် အချစ်စစ်က လမင်းနဲ့ တူတယ်။ ရင်ခုန်ချစ်က မီးလျှံဆိုရင် အချစ်စစ်က စမ်းရေပါ။ ရင်ခုန်ချစ်မှာ အတ္တ ရှိတယ်၊ အချစ်စစ်က အနတ္တ။ ဆိုလိုတာက ရင်ခုန်ချစ်က ကိုယ်တွက်ကို တွက်နေမိတတ်သလောက် အချစ်စစ်က ကိုယ့်တွက် လုံးလုံးမပါဘူး။ ချစ်နေရတဲ့ ခံစားမှု သက်သက်ကြောင့် တသိမ့်သိမ့်နဲ့ ငြိမ့်ငြိမ့် အေးအေးလေးရယ်။

ဒါပေမယ့် အဲသလို အချစ်စစ်မျိုးကိုကျတော့ ပုထုဇဉ်တိုင်း ခံစားခွင့် ရဖို့ သိပ်ခဲယဉ်းတယ်။ လူတစ်ရာမှာ ၂၀၊ အစိတ်တောင် ခံစားဖူးချင်မှ ခံစားဖူးမှာပါ။ များရာစုကတော့ ရင်ခုန်ချစ်ကိုပဲ အချစ်စစ်လို့ ထင်မိယောင်မှား သွားတတ်ကြတယ်။ တချို့ကျတော့လည်း “အချစ်ဆိုတာ ငယ်တုန်း ရူးတာ သက်သက်ပါကွာ” ဆိုတဲ့ အထင်နဲ့ သေသာ သွားတယ်၊ အချစ်စစ်ကို မတွေ့လိုက်ရဘူး။ တချို့ကျတော့လည်း လွတ်တဲ့ ငါးက စွတ်ကြီးနေတာကိုပဲ အချစ်စစ်လို့ ထင်ပြီး သည်တစ်ယောက်ကို မရတာနဲ့ တစ်သက်လုံး ငှက်ပျောတုံး ဖက်သွားတာမျိုးလည်း ရှိတယ်။

ထားပါတော့၊ အချစ်စစ်အကြောင်းကို စီကာပတ်ကုံး ရေးပြခဲ့ပြီးပြီမို့ ဒါကို ထပ်ပြောမနေတော့ပါဘူး။ “ရင်ခုန်ချစ်”ကိုပဲ ဆက်ပြောပါရစေ။

ရင်ခုန်ချစ်ကတော့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းတဲ့စိတ်မှာ အခြေတည်ပါတယ်။ အာရုံငါးပါးနဲ့ ခံစားလို့ရတဲ့ အရာတစ်ခုခုကို စွဲလမ်းတာမျိုး ပါ။ ဆိုကြပါစို့၊ ရုပ်ရည် တင့်တယ်လှပမှုကိုဖြစ်ဖြစ်၊ အသံသာတာကိုဖြစ်ဖြစ်၊ အမူအရာကိုဖြစ်ဖြစ် စွဲလမ်းတတ်တာက များပါတယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကလည်း ရှိထားတဲ့အတွက် အဓိကအားဖြင့် မျက်စိနဲ့ မြင်ရတဲ့ ရုပ်ရည်ရူပကာယ၊ ဣနြေ္ဒ၊ မှင်မောင်း၊ ခြေဟန်လက်ဟန် အစရှိတာတို့ကို အကြောင်းပြုပြီး ကျားနဲ့ မတို့ ငြိတွယ်သွားတတ်ကြတယ်။


အဲဒါကို စွဲလမ်းရာကနေ သူ့ကို ချစ်တယ်လို့ ထင်လာတယ်။ အဲဒီ့အထင်ကို ကိုယ့်ဘာသာ အဆိုသွင်း၊ ကိုယ့်ဘာသာ အတည်ပြုလိုက်တဲ့အခါမှာတော့ ခိုင်ခိုင်မာမာကြီးကို ချစ်သလို ခံစားလာရတယ်။

စိတ်ရဲ့သဘာဝကိုက မိမိကိုယ်ကို အမိန့်ပေးသလို အထပ်ထပ် ပြောတာ နဲ့ အဟုတ်ထင်တတ်တဲ့ သဘော ရှိတတ်စမြဲပါ။ အဲတော့လည်း ချစ်တယ်လို့ ထင်ရာကနေ ချစ်တဲ့စိတ် ရှိသလိုလို ဖြစ်လာတာက ပထမ။

အဲဒီ့နောက်မှာ နီးစပ်ခွင့်၊ ပိုင်ဆိုင်ခွင့် မရသေးဘူးဆိုရင် ထင်တစ်လုံးနဲ့ ရှိနေတတ်ပြန်ရော။ ဒါကလည်း လူ့သဘာဝပဲ။ မရသေးတာ တစ်ခုခုကိုများ လိုချင်မိပြီဆိုရင် အငမ်းမရ။ ကလေးတွေပဲကြည့်။ ကစားစရာလေးတစ်ခုကို လိုချင်တဲ့အခါ အဲဒါလေးပဲ မျက်စိထဲ မြင်နေတော့တယ်။ မအေ မိဘက ဝယ်လည်း ပေးရော ပျော်သွားတယ်။ ပထမတော့ အဲဒါလေးနဲ့ပဲ ကစားနေသေးတာပဲ။ အဲ… ကာလ ရွေ့လျောသွားတော့လည်း တစ်ချိန်က တမက်တမော လိုချင်ဖူးတဲ့ ကစားစရာဟာ ချောင်ထဲ ရောက်သွားရော။

ကျွန်တော့်တုန်းကဆို ပိုဆိုးသေးတယ်။ ကျွန်တော့်ကို မိဘတွေ ဝယ်ပေးတဲ့ ကစားစရာတွေထဲမှာ ဖော့သေနတ်လေးတစ်လက် ရှိဖူးတယ်။ သူ့ ခေတ်နဲ့သူ အတော် ဈေးကြီး ပေးရတဲ့ ဖော့သေနတ် သပ်သပ်ရပ်ရပ်ကလေး။ ရိုးကုမ္ပဏီက ဆိုလား၊ ဝယ်လာပေးတာ။ ကျွန်တော် လေး၊ ငါးနှစ်သားမှာ ထင်ရဲ့။

အဲဒါလေးရတော့ ကျွန်တော် ပျော်သလား၊ မပျော်သလား မမှတ်မိတော့ပါဘူး။ မှတ်မိနေတာတစ်ခုက အဲဒီ့သေနတ်ကလေးနဲ့ ဆော့လို့မှ မဝသေးခင်၊ သေနတ်ကလေး လက်ထဲရောက်လို့ သုံးရက် မပြည့်ခင်မှာ အဖေနဲ့ အမေတို့ သတ်ကြရာမှာ သေနတ်က ဓားစာခံဖြစ်ပြီး ထက်ပိုင်းကျိုးသွားခဲ့တာကိုပါပဲ။

အဖေတို့ ကျွန်တော့်ကို ဝယ်ပေးခဲ့တဲ့ ကစားစရာတွေ  အများကြီးရှိတဲ့ အထဲကမှ အဲဒီ့သေနတ်ကလေးကို အခု နှစ်ပေါင်းများစွာကြာတဲ့အထိ မျက်စိထဲမှာ မြင်ယောင်နေမိတုန်း။ စွဲလမ်းတတ်ပုံများ ပြောပါတယ်။

ဆိုလိုချင်တာက ရည်းစားဦးတော့ မြေးရတာတောင် မမေ့ဘူးဆိုတာလည်း ကျွန်တော်နဲ့ ဖော့သေနတ်လို လူ့သဘာဝစစ်စစ်ပါပဲ။ ကိုယ့်လက်ထဲမှာ ကြာကြာမျောမျော၊ ပိုင်ပိုင်နိုင်နိုင် မရလိုက်ဘူးဆိုရင် အဲဒါမျိုးကို လူ့သဘာဝက ခိုင်ခိုင်မာမာ စွဲနေတတ်တယ်၊ နှစ်များစွာ ကြာသည့်တိုင် မမေ့နိုင်အောင် ဖြစ်နေတတ်ပါတယ်။

ရင်ခုန်ချစ်ဟာ အဲသလိုပါ။ စွဲလမ်းတာကို အချစ်ဆိုတဲ့ တံဆိပ်လေး ခပ်တည်တည် ကပ်ပေးရင်းက မပြီးနိုင်၊ မစီးနိုင်ဖြစ်တတ်တဲ့ သဘာဝ ရှိပါတယ်။
အဲဒါကို အယုံလွယ်တဲ့ မိန်းမသား၊ ယောက်ျားသားတွေကတော့ မွှန်မွှန်ထွန်ထွန်နဲ့ အိမ်ရာထူထောင်လိုက်ကြပါရော။ ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ်လည်း မှားမှန်းသိ၊ သည်အခြေကျတော့မှလည်း ပြင်မရတော့လို့ ဇွတ်မှိတ် ပေါင်းသင်းရင်းကနေ သေတစ်ပန် သက်တစ်ဆုံး လက်တွဲသွားရသူတွေ ရှိသလို တချို့ကျပြန်တော့လည်း ကွဲကြ၊ ကွာကြရတာတွေရှိတယ်။ တချို့ကျတော့ တစ်အိမ်တည်းနေပြီး စိတ်ချင်း ကွဲနေတဲ့ လင်မယားတွေလည်း ရှိတတ်သေးတယ်။ ဒါမှမဟုတ်ရင်လည်း အငယ်အနှောင်း ထားတဲ့သူက ထား၊ အိမ်ထောင်ရေး ပြင်ပမှာ ဇာတ်လမ်းစုံ ရှာသူကရှာ၊ ပျော်စရာ လိုက်စား သူက လိုက်စားသွားတာမျိုးတွေလည်း ရှိတတ်တယ်။
အဲသလို အချိန်မှာ သွားမေးကြည့်ပါ၊ ဟိုတုန်းကတော့ ချစ်ခဲ့တာပါလို့ ပြောမယ့်သူရှိသလို ချစ်တယ်လို့ ထင်မိခဲ့တာပါလို့ ဝန်ခံမယ့်သူတွေလည်း ရှိပါလိမ့်မယ်။ တချို့ကျတော့လည်း အကြီးကိုလည်း ချစ်ပါတယ်၊ အငယ်ကိုလည်း ချစ်တာပါပဲလို့ ဝန်ခံရဲတဲ့သတ္တိမျိုးတွေ ရှိနေပါလိမ့်မယ်။

အဲဒါ ရင်ခုန်ချစ်ရဲ့ သဘာဝပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ရင်ခုန်ချစ်ဖြစ်ဖြစ်၊ အချစ်စစ်ပဲဖြစ်ဖြစ် တစ်ယောက်မကကို ချစ်လို့ရတဲ့ သဘောကလည်း အတိအလင်း ရှိနေပါသေးတယ်။

သာဓက

တစ်ယောက်မကကို ချစ်လို့ရတဲ့ သာဓကလေး အရင်ပြလိုက်ပါဦးမယ်။

ကျွန်တော်တို့ လူသားတိုင်းမှာ အဖေနဲ့ အမေဆိုတာ ရှိတယ်။ အဖေ့ကို ပိုချစ်တဲ့သူ၊ အမေ့ကို ပိုချစ်တဲ့သူဆိုတာတွေလည်း ရှိတယ်။ ဒါပေမယ့် အဖေ့ကို ပိုချစ်လို့ အမေ့ကို လုံးလုံး မချစ်ဘူးလို့ ပြောလို့ ရနိုင်ပါ့မလား။ အလားတူပဲ၊ အမေ့ကို သိပ်ချစ်တာမို့ အဖေ့ကို မချစ်ဘူးလို့ ယတိပြတ် ပြောရင် မှန်ပါ့မလား။

စဉ်းစားကြည့်ကြစမ်းပါ။

အဲဒါဆိုရင် လူတစ်ယောက်မကကို ချစ်လို့ရတယ်ဆိုတဲ့ သာဓကက ခိုင်လုံစ ပြုလာပါပြီ။

သားသမီးရှိတဲ့သူတွေဆိုရင်လည်း ကိုယ်တွေ့သိမှာပါ။ သားကို အချစ် ပိုမိလို့ သမီးကို မချစ်တဲ့ မိဘ၊ အကြီးဆုံး၊ ဒါမှမဟုတ် အထွေးဆုံးကို အချစ် ပိုမိလို့ တခြား သားသမီးတွေကို မချစ်ဘူးဆိုတဲ့ မိဘများ လောကမှာ ရှိမယ်ထင်သလား။ ဆယ်ယောက်ရှိရင် ဆယ်ယောက်စလုံးကို ချစ်တဲ့ မိဘချည်းပါပဲ။

နောက်တစ်ဆင့် ထပ်တိုးရင် မောင်နှမသားချင်းကိစ္စ။ မောင်နှမသားချင်းထဲမှာလည်း ပိုချစ်တဲ့သူတွေ၊ ကိုယ်နဲ့ ပိုနီးစပ်သူတွေရှိနေသေးတာပါပဲ။ အဲသလို ပိုချစ်သူတွေကြောင့် တခြားမောင်နှမတွေကို မချစ်တော့ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ တစ်ယောက်ကို ပိုချင်ပိုမှာပေမယ့် တခြား မောင်နှမတွေကို ချစ်တာလည်း ချစ်တာပါပဲ။


သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာရော အချစ်ဆုံး၊ အခင်ဆုံး သူငယ်ချင်းဆိုတာ မရှိဘဲ နေပါ့မလား။ ဒါပေမယ့် အဲလို အချစ်ဆုံး၊ အခင်ဆုံးကြောင့် တခြားသူငယ်ချင်းတွေကို မချစ်ဘဲ၊ မခင်ဘဲနေတော့တာမှ မဟုတ်ဘဲ။


သည်မှာတင် ရှင်းပါတယ်။ ဆန့်ကျင်ဘက်လိင်ကိုလည်း ဘယ်လူသား မဆို တစ်ယောက်မက ချစ်နေနိုင်ပါတယ်။ ပိုတာနဲ့ လျော့တာသာ ကွာပါမယ်၊ ချစ်ချင်ရင် ဆယ်ယောက်လောက်တောင် ချစ်လိုက်လို့ ရသေးတယ်။

အဲ… တစ်ခုတော့ ရှိတယ်။ လူ့ဘောင်မှာ စည်းကမ်း သတ်မှတ်ချက်တွေ ရှိတယ်၊ ကျင့်ဝတ်တွေ ရှိတယ်။ အဲဒါတွေကြောင့် အဘွားကို အဘိုးက လှိမ့်ခဲ့တယ်၊ အမေ့ကို အဖေက လှည့်ခဲ့တယ်။ သည်အစဉ်အလာကြောင့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့အိမ်ထောင်ဖက်တွေကို လှည့်ဖို့ ပတ်ဖို့ အလွယ်တကူဖြစ်နေတတ်ကြတယ်။ မင်းက လွဲရင် ဖွဲနဲ့ဆန်ကွဲပါလို့ ပြောတာလည်း အစဉ်အလာအရ နှုတ်ကျိုးနေလို့ ပြောဖြစ်နေတဲ့စကားပါ။

အဲဒါကို ယုံရင် ယုံတဲ့သူက မိုက်ရာကျပါတယ်။ သူ့ရင်၊ ကိုယ့်ရင်ထဲ ဘယ့်သူ ဘယ်သူမှ ဝင်ကြည့်လို့မရလေတော့ လျှာမှာ အရိုးမပါတိုင်း နှုတ်ဖျားနဲ့ ပြောလေသမျှ အဟောဝတ ကောင်းပေစွလို့ အောက်မေ့မိရင် အောက်မေ့သူရဲ့အမှားပါ။

အမှန်က ရင်ခုန်ချစ်နဲ့ပဲဖြစ်ဖြစ်၊ တကယ့်အချစ်စစ်နဲ့ဖြစ်ဖြစ် ချစ်မိလေသမျှမှာ တစ်ယောက်မကကို ချစ်နေမိတတ်တာ သဘာဝပါ။ မတွေ့သေးလို့ မမြင်ဖူး၊ မူးကို မြစ်ထင်နေတာမျိုးဖြစ်စေ၊ တွေ့ပြီးသော်လည်း ဝန်မခံချင်၊ ဝန်မခံရဲတာပဲဖြစ်စေ ဖြစ်နေနိုင်ပါတယ်၊ မဟုတ်လို့ကတော့ လူမှန်ရင် အချစ်ရှိသလို အချစ်ရှိတိုင်းလည်း တစ်ယောက်မကကို ချစ်လို့ရနိုင်သူချည်းပါပဲ။

 

ဆင်ခြေ

သည်နေရာမှာ ဆင်ခြေတက်လိုသူများအတွက် ဆင်ခြေကန်ပေးပါရစေဦး။

ကျွန်တော်အခုပြောနေတာ ယေဘုယျသဘောပါ။ ဆိုလိုတာက လူ တစ်ရာမှာ ၉၉ ယောက်လောက်မှာ ရှိတတ်မြဲ စိတ်အနေ၊ ပေါ်တတ်မြဲ အချစ်နဲ့ ပတ်သက်လို့ ဆွေးနွေးနေတာပဲဖြစ်ပါတယ်။ ခြွင်းချက်ထဲက လူတွေ မပါ ပါဘူး။

တစ်ယောက်တည်းကို တစ်သက်စာချစ်ပြီး တစ်သက်လုံး ပေါင်းသွားတာဖြစ်ဖြစ်၊ တစ်သက်လုံး တရရနဲ့ တမ်းတနေတာမျိုးဖြစ်ဖြစ်လည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒါက တစ်ရာ တစ်ယောက်၊ တစ်ထောင် တစ်ယောက်၊ တစ်သောင်း တစ်ယောက်လောက်မှာသာ ရှိတတ်တဲ့ စိတ်တွေပါ။ အများစု (အထူးသဖြင့် လူ့ဘောင်မှာ ဘာလုပ်လုပ် တင့်တယ်တယ်ဆိုတဲ့ လိုင်စင်ကြီးတွေ ကိုင်ထားတဲ့ ယောက်ျားအများစု)ကတော့ အထက်မှာ ရေးခဲ့သလို ဝန်ခံရဲသူနဲ့ ဝန်မခံရဲသူသာ ကွာပါလိမ့်မယ်၊ ရင်ထဲမှာ တစ်ချစ်မက ရှိနေနိုင်သူချည်းပါပဲ။

ကျွန်တော့်အဆိုကို ဆင်ခြေကန်ချင်သူတွေထဲမှာ အသက် ၄၀ အောက်တွေများ ပါနေတယ်ဆိုရင်တော့ ကျွန်တော်က ခံမငြင်းချင်ပါဘူး၊ ကျွန်တော့်ကို ဆင်ခြေတက်ဖို့အတွက် အနည်းဆုံး အသက် ၄၀ ပြည့်အောင် စောင့်ပါဦးလို့ပဲ ပြောလိုက်ချင်ပါတယ်။ အဲဒီ့အခါကျမှ အချစ်ဆိုတာကို တုတ်ထမ်းပြီး ငြင်းကြရအောင်ပါ။

သည်ဆောင်းပါးရဲ့ ရည်ရွယ်ချက်

အခုတလောမှာ ဘာဖြစ်နေတယ် မသိဘူး။ ကျွန်တော့်ပတ်ဝန်းကျင်မှာ “ကိုချစ်ကြွေ”တွေ၊ “မချစ်ကြွေ”တွေနဲ့ချည်း ကြုံနေရတယ်။ ရွှေမြင့်မိုရ် တစ်တောင်လုံး တုံးမှတ်လို့ ခုန်ဖို့ ပြင်နေကြသူတွေ၊ ခုန်ဖြစ်သွားကြသူတွေကို ကြည့်ပြီး ကြားထဲက ရင်မောနေမိတယ်။

လောကမှာ ချစ်ရတာ၊ အိမ်ထောင်ပြုရတာ လွယ်ကူလှသလောက် တစ်သက်တာ ထာဝရ ကြည်ကြည်ဖြူဖြူ လက်တွဲသွားဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ကြည်ကြည်ဖြူဖြူ ဆိုတဲ့ ကြိယာဝိသေသနကို ထင်းထင်းကြီး ရေးထားတာ သတိထားကြစေလိုပါတယ်။

လူငယ်တွေက အချစ်ကို သိပ်ကိုးကွယ်တတ်ကြတယ်၊ သိပ်လည်း အထင်ကြီးတတ်ကြတယ်။ အဲဒီ့ရွှေအချစ်ကို ရွှေအထင်တွေ စွတ်ကြီးပြီး ရွှေအမှားတွေ ကျူးလွန်ဖို့လည်း ဝန်မလေးတတ်တာ လုလင်ပျို၊ လုံမပျိုတိုင်းရဲ့ သဘာဝပါ။

နောက်တစ်ချက်က တစ်သက်လုံး လက်တွဲဖို့ဆိုတဲ့ကိစ္စအတွက် မနေ့တစ်နေ့ကမှ တွေ့တဲ့သူကိုဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်အတွင်းမှာ စုစုပေါင်းမှ လွန်ရော ကျွံရော၊ နာရီပေါင်း သုံး၊ လေးရာလောက်သာ ရင်းရင်းနှီးနှီး ဆက်ဆံဖူး၊ စကားပြောဖူးသူကိုဖြစ်ဖြစ် သတ်မှတ် ဆုံးဖြတ်လိုက်တာမျိုးဟာ အင်မတန် ထိတ်ပျာစရာ ကောင်းလှပါတယ်။ မသေမချင်း ပေါင်းရမယ့် သူကို ဘာမှ အကောင်အထည် ပြလို့မရတဲ့ “ရွှေအချစ်”ဆိုတာကြီးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ရင် အမှားကြီး မှားပြီး အလွဲကြီး လွဲတော့မှာပါ။ အဲလို လုပ်ခဲ့ပြီး ကံစွပ်လို့ အဆင်ပြေသွားတဲ့သူဆိုတာကလည်း အိမ်ထောင်ပေါင်း တစ်ထောင်မှာ တစ်အိမ်ထောင်လောက်ပဲ ရှိပါတယ်။

ဒါပေမယ့်လည်း လူအတော်များများဟာ၊ အထူးသဖြင့် ငယ်နုသူ အတော်များများဟာ အဲဒီ့ရွှေအချစ်ဆိုတာကြီးကို ယုံစားပြီး ဘဝကြီး တစ်ခုလုံးကို စွန့်လွှတ်လိုက်ဖို့ ဝန်မလေးပါဘူး။ ပြီးတော့မှ “ကျွန်တော်၊ ကျွန်မတို့ဖြင့် အိမ်ထောင်ရေး ကံမကောင်းဘူး”လို့ အကောင်အထည် ပြလို့ မရတဲ့ “ရွှေကံ”ကို ယမယ်ချဖြစ်သွားပါရောလား။
ကျွန်တော်ကတော့ ပွဲထဲက လူရွှင်တော်တွေပြောသလို ရှင်ကြီးဝမ်းရော၊ ရှင်ငယ့်ဝမ်းရော ဝင်ပြီးပြီမို့ အနံ့စုံလည်း ခံပြီးပြီ။ ကိုယ်တိုင်ကလည်း အိမ်ထောင်သည်၊ စာအစမှာ ဆိုခဲ့သလို အင်မတန် ချစ်တတ်တဲ့စိတ်ကလေးနဲ့လည်း ဖြစ်နေ၊ တခြားသူတွေရဲ့ ချစ်ပြဿနာအထွေထွေကိုလည်း မျှဝေ ခံစားပေးလိုက်၊ အတိုင်ပင်ခံလိုက်၊ ဖြေရှင်းပေးလိုက်လုပ်နေတာမို့ အချစ်၊ အချစ်လို့ အော်ရင်း ကျဆုံးသွားတဲ့ အချစ်သူရဲကောင်း အမြောက်အမြားကို မြင်ပြီးတဲ့သူ။ အဲတော့ လူငယ်လေးတွေ အချစ်ကြောင့် ခံစားနေရတာတွေ၊ မိုက်မှားနေကြတာတွေကို ကြည့်ပြီး အတော့်ကို မချိတင်ကဲ ဖြစ်ရပါတယ်။

ဒါကြောင့် သည်ဆောင်းပါးကို ရေးတာပါ။

 

လူဆိုတာ မတ်တတ်ရပ်နေတဲ့ သတ္တဝါ

အများသိတဲ့အတိုင်းပါပဲ၊ လူဟာ “လေးဘက်သွား” သတ္တဝါ မဟုတ်ပါဘူး။ မတ်တတ်ရပ်တဲ့ သတ္တဝါပါ။

ဒါကြောင့် အစီအစဉ်အတိုင်း ပြောမယ်ဆိုရင် ဦးနှောက်က ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံးရဲ့ အထက်မှာ ရှိပါတယ်။ တိရစ္ဆာန်တွေကတော့ လေးဘက်သွားတာမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ ဦးနှောက်နဲ့က ယေဘုယျအားဖြင့် တစ်တန်းတည်းပါ။

ဒါကြောင့် လူမှန်ရင် အရာရာမှာ ဦးနှောက်ကသာ ရှေ့ဆောင်နေသင့်ပါတယ်။ “အူမတောင့်မှ၊ သီလစောင့်မယ်”ဆိုတဲ့ အတွေးအမြင်မျိုးဟာ လူနဲ့ မထိုက်တန်ပါဘူး။ အူမဆိုတာ ဦးနှောက်ရဲ့ အောက်၊ ဟိုးအဝေးကြီးမှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ သီလစောင့်တဲ့အလုပ်က အသိဉာဏ်နဲ့ လုပ်ရတဲ့ အလုပ်၊ ဦးနှောက်နဲ့ လုပ်တဲ့အလုပ်။ အဲတော့ အူမရဲ့အလိုကိုပဲ ဦးဆောင်ခိုင်းပြီး ဦးနှောက်ထဲကအသိကို ဘေးဖယ်လိုက်မယ်ဆိုရင် မတ်တတ်ရပ်နေတဲ့ သတ္တဝါ မပီသနိုင်တော့ပါဘူး။ မတ်တတ်ရပ်နေတဲ့ သတ္တဝါ ပီသဖို့အတွက် ဦးနှောက်က အားလုံးရဲ့အထက်က နေရပါလိမ့်မယ်။

အလားတူပဲ၊ အတွေ့အထိသာယာမှုကို ဦးစားပေးမိမယ်ဆိုရင်လည်း အဲဒါ မတ်တတ်ရပ်နေတဲ့ သတ္တဝါ မပီသတဲ့အမှုကို ပြုလိုက်တာပဲ။ အခု ဆွေးနွေးနေတဲ့ ချစ်ကိစ္စမှာလည်း နှလုံးသားကိစ္စပါ။ ရင်ထဲမှာ နင့်တင့်တင့်၊ ဆို့တို့တို့ဖြစ်အောင် ခံစားရတဲ့ ခံစားချက်ကို ရှေ့တန်းတင်ပြီး ဆင်ခြင်ဉာဏ်ကို ပေယျာလကံ ထားလိုက်မယ်ဆိုရင် လေးဘက်သွားတဲ့ သတ္တဝါနဲ့ ဘာမှ သိပ်ခြားနားတော့မှာ မဟုတ်ဘူးဆိုတာ သတိထားမိဖို့ လိုပါတယ်။

ချစ်တာတော့ ချစ်တာပါပဲ။ ဒါပေမယ့် အနိစ္စတရားထဲမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတာလည်း ပါဝင်နေတာမို့ အချစ်လည်း မမြဲ၊ အမုန်းလည်း မမြဲပါဘူး။ ဒါ့အပြင် အထက်မှာ ဆွေးနွေးခဲ့သလို ချစ်တယ်ဆိုတာမှာလည်း တစ်ယောက်မကကို ချစ်လို့ ရပါတယ်။ ချစ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ချစ်တိုင်း လိုက်ညားကြစတမ်းဆိုပြန်ရင် မတ်တတ်ရပ်နေတဲ့ သတ္တဝါ မဖြစ်နိုင်တော့တာမို့ လူအသီးသီးဟာ တစ်လင်တစ်မယားစနစ်ကို ကျေကျေနပ်နပ် လက်ခံ ကျင့်သုံး ဖြစ်နေကြတာပါ။

အဲဒါကို သတိထားမိပြီဆိုရင် ငယ်တုန်း၊ နုတုန်းအခိုက်မှာဖြစ်ဖြစ်၊ မွှန်ထူနေချိန်မှာဖြစ်ဖြစ် ကမူးရှူးထိုးနဲ့ ဆင်ကန်းတောတိုး လျှောက်လုပ်ကြမယ့်အစား ဆင်ခြင်တုံတရားလေးတွေကို ရှေ့တန်းတင်မယ်ဆိုရင်တော့ မတ်တတ်ရပ်နေတဲ့ သတ္တဝါ ပီသလာပါလိမ့်မယ်။

တစ်ခုတော့ သတိထားပါ။ ခံစားချက်ဆိုတာက လူကို အင်မတန် ဒုက္ခပေးပါတယ်။ လှိုက်လှိုက်သည်းသည်း ခံစားနေရတဲ့အချိန်မှာ ဦးနှောက်က မျှမျှတတ၊ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားနိုင်စွမ်းတွေ လျော့ကျသွားတတ်တာကို သတိထားမိဖို့လိုပါတယ်။ “အချစ်နဲ့ စစ်မှာ အားလုံး တရားတယ်”ဆိုတဲ့ စကားဟာ မွှန်နေတဲ့လူတွေရဲ့ လက်သုံးစကားပါ။ ချစ်နေတုန်းတော့ တရားသလိုလိုဖြစ်နေပြီး အဲဒီ့အချစ်ရောဂါလည်း ငြိမ်ကျသွားရော “မှားပါပေါ့လား”လို့ တနုံ့နုံ့ ဖြစ်ရပုံကိုကျ အဲဒီ့အဆိုကို ရွတ်ခဲ့တဲ့သူတွေက ရှက်ရှက်နဲ့ မျိုသိပ်ထားခဲ့ကြတာချည်းပါပဲ။


လူငယ်တွေအနေနဲ့ အချစ်နဲ့ ပတ်သက်လာရင် မူလက ဆင်ခြင်ဉာဏ်လေး ရှိနေဦးတောင် အမှားမှားအယွင်းယွင်းတွေ ဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့် မတ်တတ်ရပ်နေတဲ့ သတ္တဝါပီသချင်ကြတယ်ဆိုရင်ဖြင့် မစားနိုင်၊ မအိပ်နိုင်၊ တမှိုင်မှိုင်၊ တတွေတွေဖြစ်နေပြီဆိုတာနဲ့ အဲဒီ့ချစ်စိတ်ကို ကျကျနနလေး ပြန်သုံးသပ်ကြစေချင်ပါတယ်။ မိမိကိုယ်မိမိသေချာအောင် အရင်ဆုံး လုပ်ပါ။ တစ်မိသားနဲ့ တစ်မိသား စုလျားရစ်ပတ်လက်ထပ်တယ်ဆိုတာ အင်မတန် လွယ်ကူပါတယ်။ ဒါပေမယ့် အဲဒီ့တစ်မိသားနဲ့ တစ်မိသား တစ်သက်လုံး အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်၊ ကြည်ကြည်ဖြူဖြူ လက်တွဲသွားနိုင်ဖို့ဆိုတာကျတော့ အဲသလောက် မလွယ်တော့ပါဘူး။

ဒါကြောင့် ချစ်တာကို ကြိုက်သလောက်ချစ်ပါ။ သေလုမျောပါး ချစ်ချင်သပဆိုလည်း ချစ်လိုက်ပါဦး။ ဒါပေမယ့် နှစ်ပါးစုံ ပေါင်းဖက်ဖို့ အရေးကျတော့ ဘဝကြီးတစ်ခုလုံးနဲ့ ဆိုင်နေတာမို့ အလောသုံးဆယ် မဆုံးဖြတ်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။

မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်ကိုမှ မရရင် သေမတတ် ခံစားနေရပါပြီ၊ ကိုယ့်မျက်နှာကိုမှ တစ်နေ့ မမြင်ရရင် ရေသောက်တာတောင် နင်နေပါတယ်ဆိုတဲ့ သူမျိုးများ တွေ့လာရင် အလွယ်တကူ မယုံစားစေချင်ပါ ဘူး။ အဲဒါ မွှန်နေလို့ပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ အဲလိုစကားမျိုးတွေကို ကိုယ့်အဘွား၊ ကိုယ့်အမေ၊ ကိုယ့်အစ်မတွေလည်း တွင်တွင် ကြားခဲ့ပြီး နောက်ကျမှ အိမ်ပြင်ကို ထွက်ဖို့ တိတ်တိတ်ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ၊ တစ်ချိန်လုံး  ခြေလှမ်းပြင်နေတဲ့ ယောက်ျားနဲ့ လက်တွဲနေကြရတာမျိုးကို သတိရလိုက်စေချင်ပါတယ်။


အချုပ်အနေနဲ့ကတော့ စာအစမှာ ဆိုခဲ့တဲ့အတိုင်း အချစ်ဆိုတာ တစ်ယောက်မကကို ချစ်ချင်လည်း ချစ်လို့ ရတတ်တဲ့သဘော၊ ထာဝရ တည်တံ့ ခိုင်မာနေတာမျိုး မဟုတ်ဘဲ ကုန်ခန်းချင်လည်း ကုန်ခန်းသွားတတ်တဲ့ သဘောတွေကို နှလုံးသွင်းပြီး သတိလေးနဲ့ ချစ်တတ်ကြစေချင်တာပါပဲ။

(၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ်ထုတ်ဝေထားတဲ့ “တွေးတော ဆင်ခြင်မှု အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို တင်ဆက်ထားတာပါ။)

More Comments on Hanky-Panky

မပြီးသေးသော ဆီအလူးကောင်းသူများ

ကျွန်တော့်ရဲ့ “ဆီအလူးကောင်းသူများ”နဲ့ ပတ်သက်ပြီး Eleven Media ရဲ့ Website မှာ comment တွေ ထပ်တက်နေတာ တွေ့ရပါတယ်။ ကွန်မန့် အမှတ်စဉ် ၃၆ က အရင်ကွန်မန့်ဟောင်းတွေ ဘယ်ပျောက်ကုန်ပါလိမ့်ဆိုပြီး အင်္ဂလိပ်လို ၀ါကျတစ်ကြောင်းတည်းနဲ့ မေးထားတာဖြစ်တာမို့ ချန်လှပ်ခဲ့သလို ကွန်မန့်အမှတ်စဉ် ၃၇ က Payseeh ဆိုသူ ရေးသွားတဲ့ ကွန်မန့်ရယ်၊ အမှတ်စဉ် ၁၉ မှ ၂၅ အထိ Thiha Thit ဆိုသူ ရေးသွားတဲ့ ကွန်မန့်များရယ်ကတော့ ကျွန်တော့်ရဲ့ သည်ဘလော့(ဂ်)က “ဆီအလူးကောင်းသူများ”ဆောင်းပါးအဆုံးမှာ သည်၏မလွဲ လာရေးသွားပြီးဖြစ်တာမို့ ချန်လှပ်ထားခဲ့ပါတယ်။

ကွန်မန့်တွေ များလာတဲ့အခါမှာတော့ သည်ဆောင်းပါးနဲ့ ပတ်သက်တဲ့ ရုပ်လုံးက အတော်လေး ပီပြင်လာပါတယ်။ ကျွန်တော် သည်လို ရေးဖို့ လို မလိုဆိုတာလည်း သည်ကွန်မန့်တွေနဲ့တင် ထင်ရှားလို့နေပါတယ်။

ကျွန်တော့်ဘလော့(ဂ်)မှာ လာရေးသွားတာ မဟုတ်လင့်ကစား ကွန်မန့်ရေးကြသူများ အားလုံးကို ကျေးဇူးအထူး တင်ကြောင်း ထပ်လောင်း အစီရင်ခံပါရစေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

၂၀၁၀ပြည့်နှစ် မေလ ၁၄ ရက်

(သတိထားပေးတော်မူကြရန် – သည်စာအတွက်လည်းကောင်း၊ ဆီအလူးကောင်းသူများအတွက်လည်းကောင်း လက်မှတ်ရေးထိုးသလို အဆုံးသတ်မှာ ကျွန်တော့် အမည်ကို ရေးသားရာမှာ “ဆူဒိုနင်”လို့သာ ရေးသားတာကို သတိချပ်စေလိုပါတယ်။  အတ္တကျော်နဲ့ ဆူဒိုနင်ဟာ တစ်ယောက်တည်းဖြစ်လင့်ကစား စရိုက်ချင်း မတူပါဘူး။ ကွဲပြားပုံကို သိလိုပါက သည်ဘလော့(ခ်)ထဲကပဲ “ဆူဒိုနင်အလိုရှိသည်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာမင်းလူ ရေးသားထားတဲ့ စာလေးကို ဖတ်ရှုတော်မူကြပါခင်ဗျား။)

#26 lau lau 2010-05-09 09:51

in fact, immigration officer can not demand the passenger to show the money but for myanmar travelers are exceptional case bcoz of country back ground. agreed with MAI staff’s overriding or unprofessional act as I also stepped in at YGN airport bet 1 primary student and MAI counter staff abt 1hr dispute. finally he could board on plane and reached Changi without rejection frm SG immigration.

#27 SOL15 2010-05-10 07:54

[quote name=”pseudonym”]ကွန်မန့်ပေးကြသူများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ။ သို့သော် ကွန်မန့်ရေးသူများ မျက်စိလျှမ်းသွားတာလား၊ မသိချင်ယောင်ဆောင်လိုက်ကြတာလားတော့ မသိဘူးခင်ဗျ။ ကျွန်တော့် မူရင်းဆောင်းပါးထဲမှာ ခရီးတစ်ထောက်နား (transit) ပြည်ဝင်ခွင့်လည်း ပါနေပါတယ်၊ အဲဒီ့အတွက် ဘာ ပိုက်ဆံမှ ပြစရာ မလိုဘူးဆိုတဲ့ အချက်ကလေးကိုကျတော့ ဘာဖြစ်လို့ ထည့်မရေးကြတာလဲ မသိဘူးနော်။ )))))

ဒီ transit visa ကိစ္စမှာတော့ MAI ဝန်ထမ်းရဲ့ လုပ်ငန်း မကျွမ်းကျင်မှုပါ။ တစ်ခါတစ်ရံမှာတော့ ချက်ကင်ကောင်တာမှာ သွားရောက်မယ့် နိုင်ငံပေါ် မူတည်ပြီးတော့ လိုအပ်ခဲ့ရင် show money တောင်းရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် transit သွားမယ့် ခရီးသည်ကိုတော့ မေးရိုးမေးစဉ် မရှိပါဘူး။  ကျနော်တို့ passport ကိုတော့ တချို့နိုင်ငံတွေရဲU (လဝက)က show money တောင်းပြီး ကြည့်တာ တွေ့ဖူးပါတယ်။

#28 SOL15 2010-05-10 08:03

ဆရာ့ရဲ့ဆောင်းပါးအရ စာအုပ်ကို လှန်ကြည့်တဲ့ကိစ္စမှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာအနေနဲ့ မြန်မာ passport တွေကိုသာ အများဆုံး ကြည့်ရတဲ့အတွက် တကယ်ဆိုရင် ဗီဇာက လွဲပြီး ကျန်စာမျက်နာတွေကို လှန်စရာ အကြောင်းမရှိပါဘူး။

ကျနော့်အတွေ့အကြုံမှာတော့ passport ပေါ် မူတည်ပြီး လိုအပ်ခဲ့ရင် စာအုပ်ထဲမှာပါတဲ့ တံဆိပ်တုံးတွေကို ကြည့်ဖို့အတွက်နဲ့ အဝင်အထွက် ရှိဘူးလားဆိုတာကို ကြည့်ဖို့ လှန်ကြည့်လေ့ ရှိပါတယ်။

ရန်ကုန်က လေကြောင်းဝန်ထမ်းတွေအကြောင်းတော့ ကျနော့်  Facebook ပေါ်မှာ ဒီနေ့ အားရင် ရေးပါအုံးမယ်။

#29 lwaneainthu 2010-05-10 16:06

ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီး နာမည်လေးတစ်ခုတော့ ပေးချင်ပါတယ်။ အစ ဆွဲထုတ်သူများလို့ နာမည်ပေးချင်ပါတယ်…

အားလုံး ကောင်းပါတယ်။ ဆူဒိုနင်ကလည်း သူသိတာပဲ သူပြောတာလေ။ လူဆိုတာက ကိုယ်သိတာပဲ ကိုယ်ပြောတာပဲ။ ဆူဒိုနင်ကတော့ ဒီမှာ ဇာတ်လိုက်ပေါ့။ အစ ဆွဲထုတ်လိုက်တာပဲ။ ဆူဒိုနင်က အမှား ရေးလိုက်ခဲ့တယ်ဆိုရင် အမှန်ဆိုတာကတော့  ပေါ်ပေါက်လာတာပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ Rules and Regulations, Carrier service မှာလည်း Terms and Conditions ဆိုတာ ရှိတာပါပဲ။

ဒါပေမယ့် Airlines မှာလည်း လိုအပ်ချက်၊ အားနည်းချက်တွေတော့ရှိကြပါတယ်။

ဒီလို သတင်းလွတ်လပ်ခွင့် ချေပခွင့်လေး ရှိတာပဲ တော်တော်လေး ကျေနပ်ဖို့ ကောင်းပါတယ်။

#30 ttcg 2010-05-10 23:13

ကျွန်တော့်ကိုယ်တွေ့ အဆင်မပြေတာလေးတွေ တင်ပြပါမယ်။ ဒီပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် သိတဲ့လူတွေ ရှိတော့ ရှင်းပြလို့ ရရင် ရှင်းပြပေးပါလား… ကျေးဇူးတင်ပါတယ်

#31 ttcg 2010-05-10 23:14

၁။ ၂၀၀၇ ဇူလိုင်တုန်းက ကျွန်တော် စင်ကာပူကို ပထမဦးဆုံးအကြိမ် ကျောင်းသွားတက်ရပါတယ်။ IPA Letter ရပြီးရင် စင်ကာပူကို ဗီဇာဝင်စရာ မလိုဘဲ သွားလို့ ရပါတယ်။ ဒါပေမယ့် ပထမဆုံး အခေါက်ဆိုတော့လည်း ရစ်မှာ ကြောက်တာနဲ့ စင်ကာပူသံရုံးမာ သွားလျှောက်တော့ Student Visa ရခဲ့ပါတယ်။ သို့ပေမယ့်လည်း ထင်ထားသလိုပါပဲ၊ လေယာဉ်ကွင်းရောက်တော့ အရစ်ခံရတော့တာပေါ့။ ရန်ကုန်လေယာဉ်ကွင်း အထဲကို ၀င်သွားရင် အောက်ထပ်နဲ့ အပေါ်ထပ် ဆိုပြီးတော့ နှစ်ခုရှိပါတယ်။ ဘယ်ဟာကို ဘယ်လို ခေါ်လဲတော့ ကျွန်တော်လည်း မသိဘူး။ အောက်ထပ်က အိတ်ချိန်တဲ့နေရာမှာ ပြဿနာတက်တာပါ။ ဗီဇာကြီး တစ်ခုလုံး ပါတဲ့ဟာကို ဘာလို့သွားမှာလဲတဲ့။ (Student Visa ပါဆို စာပဲ မဖတ်တတ်တာလား မသိဘူး) ကျောင်းသွားတက်မှာလို့ ပြောတော့ ဘယ်ကျောင်း သွားတက်မှာလဲတဲ့။ NUS ဆိုတော့ ကျောင်းခေါ်စာပြပါတဲ့။ ဘယ့်နှယ့်ဗျာ၊ စလုံးသံရုံးက ခွင့်ပြုလို့ Student Visa တောင် ရပြီးပြီ။ သူတို့က စလုံး Immigration ကျနေတာပဲ။ ဒါနဲ့ IPA Letter ထုတ်ပြလိုက်ပါတယ်။ အဲ့ဒီတော့ ဟုတ်ပြီ ဟုတ်ပြီ၊ သူတို့ကို မိတ်တူပေးခဲ့ပါတဲ့။ ဘာလုပ်ဖို့လဲဗျာ IPA Letter only နဲ့တင် စလုံးကို သွားလို့ရပါတယ်။ အဲ့ဒါနဲ့သွားလို့ အဲ့ဒီလိုတောင်းရင် လက်ခံလို့ရပါသေးတယ်…

#32 ttcg 2010-05-10 23:14

ကံကောင်းချင်တော့  ကျွန်တော်ကလည်း အပိုဆွဲသွားပေလို့ပဲ။ အဲ့ဒါ ပေးခဲ့မှပဲ အဆင်ပြေသွားတော့တယ်။ ဒီကြားထဲ ဘေးက ဘာတွေမှန်းမသိတဲ့  လူတွေကလည်း ညီလေး အစ်ကိုကြီး ကူပေးရမလားက တစ်မျိုး။ အဆင်မပြေတာ ရှိရင် ပြောနော် အစ်ကို ကူညီပေးမယ်ဆိုတာက တစ်ဖုံ၊ ကျွန်တော်ပဲ ကံဆိုးတာလား။ သူတို့ အချင်းချင်း လက်ဝါးရိုက်ထားသလားတောင် သံသယ ၀င်မိတယ်။ ဒီထဲက လူတွေ ပြောသလို ကျွန်တော်ပဲ လေကြောင်းဝန်ထမ်းတွေရဲ့ Procedures တွေကို နားမလည်တာလားဆိုတာ ဒီထဲက တတ်သိနားလည်တဲ့လူတွေ ရှင်းပြပေးစေလိုပါတယ်။

#33 ttcg 2010-05-10 23:15

၂။ ၂၀၀၉ သြဂုတ်လထဲမှာ မြန်မာကနေ စလုံးကို ပြန်ထွက်တော့ အရစ်ခံရတာပါ။ ဒီတစ်ခါက အပေါ်ကကောင်တာမှာ ဖြစ်တာပါ။ ပါ့စ်ပို့ကို ဟိုကြည့်ဒီကြည့် နဲ့ PR card ပေးပါဆိုတော့ ဒီမှာ ဆိုပြီးတော့ ပြလိုက်တော့ ok ok ဆိုပြီးတော့ ပြန်ထွက်ခါနီးကျမှ နောက်က UK Student Visa ကို တွေ့သွားပြီးတော့ ဒီဗီဇာက ဘယ်တုန်းက ရထားတာလဲတဲ့… (Date ကြီးပါနေတဲ့ဟာကို)။ UK ကို သွားတဲ့ လေယာဉ်လက်မှတ်ရောတဲ့။ ကျွန်တော် မ၀ယ်ရသေးဘူး၊ စလုံးရောက်မှ ၀ယ်မှာလို့ (အမှန်က Eticket ၀ယ်ပြီးပါပြီ… ဇယားရှုပ်လို့ အဲ့ဒီလိုဖြေလိုက်တာ) UK Student Visa နဲ့ပတ်သက်တဲ့ ဟာတွေပြပါတဲ့။ ဘာဆိုင်လို့လဲဗျာ… အမှန်တကယ်လည်း ကျွန်တော်နဲ့ အတူတူ မပါလာဘူး။ စလုံးက အိမ်မှာ အကုန်ထားခဲ့တာ။ အဲ့ဒါ မပါဘူး အခုသွားမှာက စလုံးလေလို့။ ဒီမှာက PR Card စလုံးကို အချိန်မရွေး ၀င်လို့ရတယ်။ UK သွားမှာမှ မဟုတ်တာ။ အဲ့ဒါတွေလိုလို့လားဆိုပြီး ပြန်မေးတော့မှ အစ်မတို့က ထုံးစံအရ မေးတာပါတဲ့။ ရပြီ၊ ရပြီ၊ သွားတော့ ဆိုပြီးတော့ လွှတ်လိုက်တော့တယ်။ အဲ့ဒီထုံးစံကိုလည်း ရှင်းပြပေးကြပါဦး။

#34 SOL15 2010-05-11 06:43

@ ttcg
ကျနော်က ဘယ်လေကြောင်းနဲ့မှ မပတ်သက်ပါဘူး။ ဒါပေမယ့် မေးထားတဲ့ မေးခွန်းအတွက် ကျနော် သိသလောက် ဖြေ တာပါ။

၂၀၀၇ ကိစ္စမှာတော့ လေဆိပ်ဝန်ထမ်းနားမလည်တာလို့ ထင်ပါတယ်။ ဒီစာရွက်တွေနဲ့ ပတ်သတ်လို့ အတွေ့အကြုံ မရှိတာ (သို့) ရန်ကုန် Airport က Station ကိုက ဒီလို လုပ်ရမယ်လို့ ညွှန်ကြားချက် ရှိလို့ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ဟန် တူပါတယ်။

တကယ်တန်းဆိုရင်တော့ဗီဇာနဲ့ IPA Letter ရှိရင် one way ticket နဲ့တင် ဝင်လို့ ရပါတယ် ခင်ဗျာ။ စာရွက်စာတမ်းတွေဆိုရင်တော့ မိတ္တူ ယူထားလေ့ ရှိပါတယ်။

ရန်ကုန်လေဆိပ်ရဲ့ အပေါ်ထပ်ကတော့ မြန်မာလဝကများ ကောင်တာပါ။ တကယ်တန်းဆိုရင်တော့ စလုံး IC ကို သူတို့ တောင်းစစ်စရာ မလိုပါဘူး။ ဗီဇာကိုလည်း သူတို့ ကြည့်စရာ မလိုပါဘူး။

သို့သော် ဒါက မြန်မာပြည်ထုံးစံ ဖြစ်နေတော့ သူတို့တောင်းသမျှ ပေး၊ မေးသမျှ ဖြေလိုက်တာ အကောင်းဆုံးပါ ။ မြန်မာလဝကက မေးရင် ပြောပါတယ်။ ကျနော့်တုံးက ဆိုလည်း ကြုံဖူးပါတယ် ။ အဲ့ဒီ့လို အမေးအမြန်းနဲ့ စာအုပ်တစ်ခုလုံး စစ်ဆေးတာတွေ…

+3 #35 humanity 2010-05-11 14:01

ဆောင်းပါးတစ်ပုဒ်ကို အကောင်းဘက်က ရေးသားတာမျိုးက ပိုသင့်တော်ပါတယ် ဆရာဆူဒိုနင်။ မဟုတ်ရင်တော့ ဆရာကိုယ်တိုင်လဲ ၊ ဆီလူးသလိုများ၊ ဖြစ်နေမလားလို့ပဲ။

#38 mtk20100 2010-05-14 00:56

ဆောင်းပါးရှင် ရေးထားတာတွေ၊ comments တွေ ဖတ်ပြီး ကျနော့်စိတ်ထဲမှာ ဖြစ်လာတာတွေကို လေကြောင်းလိုင်းက ၀န်ထမ်းတွေကို မေးချင်ပါတယ်။

(၁) show money ပါလားလို့ မေးရအောင် ကျနော်တို့ ရန်ကုန်လေဆိပ်ကနေ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်၊ သယ်ဆောင်ခွင့် ရှိလို့လား?

(၂) ပြည်ဝင်ခွင့် (visa) ဆိုတာကို ရရှိဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ immigration တွေ၊ သံရုံးတွေမှာ လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက် အပြည့်အစုံကို စုံလင်စွာ တင်ပြပြီးမှ ရခဲ့တာမို့ Visa ရရှိပြီးသားသူတွေကို စာရွက်စာတမ်း အချက်အလက်တွေ ထပ်မံ တောင်းဆိုဖို့ လိုအပ်သလား?

(၃) visa ရရှိပြီးသား ခရီးသည်တစ်ယောက်ကို check-in လုပ်တဲ့အချိန်မှာ visa နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မတင်ပြနိုင်ရုံနဲ့ လေကြောင်းလိုင်းက ၀န်ထမ်းက လေယာဉ်စီးဖို့ တာ:ပိုင်ခွင့် ရှိမရှိ? (visa apply လုပ်တဲ့ အချိန်မှာ လိုအပ်တဲ့ စာရွက်စာတမ်း တင်ပြထားပြီးသား) လိုအပ်သလို မေးမြန်းခွင့် ရှိတာ နားလည်ပါတယ်။ လေယာဉ်စီးဖို့ တားဆီးခွင့် ရှိမရှိဆိုတာကို မေးတာပါ ။

#39 mtk20100 2010-05-14 00:58

(၄) လုံလောက်တဲ့ အကြောင်းခိုင်လုံမှု မရှိဘဲ လေယာဉ်စီးဖို့ တားဆီးခြင်း ခံရတဲ့ ခရီးသည်အနေနဲ့ နစ်နာဆုံရှုံးမှုတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာကို တိုင်ကြား နိုင်မနိုင်၊ တရားစွဲဆိုခွင့် ရှိမရှိ? (အထက်ပါ နံပါတ် ၄ မေးခွန်းကို မဖြေချင်ရင်လည်း ရပါတယ်၊)

(၅) ခရီးသည်တစ်ယောက်ကို မစစ်ဆေးဘဲ တင်ပေးလိုက်လို့ ပြည်ဝင်ခွင့် ငြင်းဆန်ခံရရင် လေကြောင်းလိုင်းက အလျော်အစား ပြဿနာ ရှိတယ်လို့ Comment တစ်ခုမှာ ဖတ်လိုက်ရတယ်။ တကယ်လို့ Visa ရရှိပြီးသား ဖြစ်လို့ တင်ပေးလိုက်တဲ့ ခရီးသည် ငြင်းဆန်ခံရရင်ကော? အလျော်အစားဆိုတာ ရှိလား?

(၆) နောက်တစ်ခုက လေယာဉ်စီးတဲ့ ခရီးသည်တွေကို ပညာပေးတဲ့အပိုင်းပါ။ လေကြောင်းလိုင်း company တွေအနေနဲ့ ခရီးသည်တစ်ယောက် လေယာဉ်မစီးခင် လေယာဉ်လက်မှတ် ၀ယ်ကတည်းက ဘာတွေ လိုအပ်တယ်၊ ဘာတွေ လုပ်ဆောင်လာရမယ် ဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လေယာဉ်လက်မှတ် ၀ယ်ကတည်းက ခရီးသည်များကို ကြိုကြိုတင်တင် အသိပေးမှုတွေ လုပ်ပေးခဲ့သလား? သိသင့်တဲ့ အချက်အလက် (information) တွေကို ဘယ် websites၊ ဘယ် လေဆိပ် ကောင်တာ၊ ဘယ် travel company၊ ဘယ် ticketing agent တွေဆီမှာ ရနိုင်မလဲ?

#40 mtk20100 2010-05-14 01:09

နောက်ဆုံးပြောချင်တာကတော့ air line လုပ်ငန်းဆိုတာ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။ အဲဒီမှာ လုပ်ကိုင်နေကြတဲ့ ကြီးကြီးငယ်ငယ် ၀န်ထမ်းအားလုံး customer တွေရဲ့ အသံကို နားထောင်တတ်ရတယ်။ ဆောင်းပါးရှင်အနေနဲ့ အကောင်းဘက်က ရေးရေး၊ အဆိုးဘက်က ရေးရေး… ရေးတဲ့ အကြောင်းအရာကို လူတွေ ဖတ်ကြတယ်။ ဖတ်မှ သိမှာ။ သိမှ ဘာတွေ လိုအပ်လဲဆိုတာ ဆောင်ရွက်နိုင်မှာ။ အဲဒီအတွက် ဆောင်းပါးရှင်ကို ကျေးဇူးတင်ပါတယ် ။

ကျနော်တို့ ခရီးသည်တွေဘက်ကလည်း လိုအပ်တာ ပြင်ဆင်လာဖို့ ကြိုးစားရမှာ ဖြစ်သလို၊ ၀န်ဆောင်မှု ပေးတဲ့သူတွေဘက်ကလည်း လိုအပ်တာတွေ ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။

#41 ttcg 2010-05-14 04:14

@ SOL15

အခုလို ပြန်ရှင်းပြတဲ့အတွက် ကျေးဇူးပါ… အစ်ကိုပြောတဲ့အတိုင်းပဲဗျာ… သူတို့က မဆိုင်ဘဲနဲ့ အရမ်းရစ်ကြတာပဲ…
မြန်မာနိုင်ငံက အစိုးရရုံး တော်တော်များများမှာလည်း ဒီအတိုင်းပါပဲ… အဲ့ဒီ စစ်စတမ်ကြီးကို ပြင်နိုင်ရင်ကောင်းမယ်ဗျာ

The Day I Became a Mom

ကျွန်မ မေမေဖြစ်တဲ့ နေ့

ကျွန်မ မေမေဖြစ်တဲ့နေ့က သမီးကို မွေးတဲ့နေ့ မဟုတ်ဘဲ သမီးကို မွေးပြီး ခုနစ်နှစ်ကြာတော့မှသာ ဖြစ်ပါတယ်။ အဲဒီ့နေ့ မတိုင်ခင်အထိကတော့ မတရား အနှိပ်စက်ခံနေရတဲ့ အိမ်ထောင်ရေးမှာ ကြံ့ကြံခံနိုင်အောင် အားထုတ်ရင်းနဲ့ ကျွန်မတစ်ယောက် ဗျာများနေခဲ့ပါတယ်။ ကျွန်မမှာ ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်း မှန်သမျှကို စိုက်ထုတ်ပြီး “ခြောက်ပြစ်ကင်း”တဲ့ အိမ်ကလေး တစ်ဆောင် ဖြစ်နေအောင် ကြိုးစားရပါတယ်။ မကြိုးစားလို့လည်း မရပါဘူး။ ကျွန်မခင်ပွန်းက ညနေတိုင်း တစ်အိမ်လုံးကို ကျကျနန စစ်ဆေး ကြည့်ရှုတတ်တာကိုး။ သည်တော့ကာ ကျွန်မသမီးလေး တော့တီးတော့တ မတ်တတ်စမ်းတာကိုတောင် သတိမထားမိလိုက်တော့ဘူး။

ဘယ်တော့မှ မကျေနပ်နိုင်တတ်သူ တစ်ယောက် ကျေနပ်အောင် မနေမနား အားထုတ် ကြိုးပမ်းနေရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာကို ရုတ်တရက် သတိထားမိလာပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ဘယ်လိုမှ ပြန်မရနိုင်တာကိုလည်း သတိထားမိသွားတယ်။

အဲ… ဒါပေမယ့် ပုံမှန် “မိခင်”တစ်ယောက် လုပ်တဲ့ အလုပ်တွေကိုတော့ ကျွန်မ လုပ်ခဲ့ပါတယ်။ သမီးရဲ့ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးခဲ့တာမျိုး၊ ကျောင်းကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက်တက် ရောက်ခဲ့တာမျိုး၊ မိဘဆရာအသင်း ဆွေးနွေးပွဲတွေ တက်တာမျိုးတွေပေါ့။ အဲဒါတွေလည်း ကျွန်မတစ်ယောက်တည်းပဲ လုပ်ခဲ့ရတာပါ။


ထမင်းစား စားပွဲမှာ တစ်ခုခု ဖိတ်သွားတဲ့အခါ ဒေါသူပုန် ထတတ်တဲ့ ကျွန်မခင်ပွန်းကြောင့် သမီးလေး စိတ်ငယ်သွားရင်လည်း သမီးကို ကျွန်မ ဖျောင့်ဖျပေးရပါတယ်။ “ဘာမှ မဖြစ်ဘူး သမီး၊ သမီးဖေဖေက သမီးကို ချစ်ပါတယ်ကွယ်။ ရုတ်တရက်မို့ ရိုက်လိုက်၊ ငေါက်လိုက်တာပါ”ဆိုတာမျိုးတွေ ပြောပေးတာမျိုးပေါ့။ ညဘက်မှာ ကျွန်မယောက်ျား မူးမူးနဲ့ ပြန်လာတဲ့အခါ အော်ဟစ်၊ ဆဲဆို၊ စွပ်စွဲတာတွေ အားလုံးကိုလည်း သမီးလေး မကြားရလေအောင် ကျွန်မ တတ်အားသမျှ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမီးနဲ့ ကျွန်မတို့အတွက် အကောင်းဆုံးလမ်းကို ကျွန်မ ရွေးလိုက်ရပါတယ်။ ကျွန်မတို့အတွက် နားခိုစရာအရပ်တစ်ခု မဟုတ်တဲ့ ကျွန်မယောက်ျားရဲ့ အရိပ်အောက်ကနေ အပြီးအပိုင် ထွက်လိုက်တာပါပဲ။

အဲဒီ့နေ့ကျတော့မှ ကျွန်မဟာ တကယ့်မေမေဘဝကို ရောက်တာပါ။

အဲဒီ့နေ့ညနေက ကျွန်မတို့ သားအမိနှစ်ယောက်ဟာ ကျွန်မတို့ရဲ့ အိုးသစ်အိမ်သစ်လေးမှာ ညစာ ထိုင်စားနေကြပါတယ်။ သမီးကို ကျွန်မ အဖြစ်စေချင်ဆုံး အနေအထားနဲ့ ညစာ ကျွေးခွင့်ရတဲ့ ပထမဆုံး ညခင်းပေါ့ရှင်။ ညစာကို အေးအေးဆေးဆေးနဲ့ ဘာ စိတ်အနှောင့်အယှက်မှ မဖြစ်ဘဲ သမီးလေး စားစေချင်ခဲ့တာ ဟိုအိမ်မှာ နေခဲ့စဉ် ကာလတစ်လျှောက်လုံးပါ။


သားအမိနှစ်ယောက်ဟာ တစ်နေ့တာအတွင်း ကျောင်းမှာ သမီးကြုံခဲ့ရသမျှကို ပြောဆိုနေကြပါတယ်။ သည်အချိန်မှာ သမီးရဲ့ ထမင်းပန်းကန် ဘေးမှာ ချထားတဲ့ ချောကလက် နွားနို့ဖန်ခွက်ကို သမီးရဲ့ လက်ကလေးနဲ့ တိုက်မိပြီး မှောက်ကျသွားပါလေရော။ စားပွဲခင်း ဖြူဖြူလေးမှာရော၊ ဆေးဖြူဖြူ သုတ်ထားတဲ့ နံရံမှာပါ ညိုညစ်ညစ်ဖြစ်သွားတာကို ကြည့်ရင်းကနေ သမီးရဲ့ မျက်နှာငယ်ငယ်လေးကိုလည်း ကျွန်မ လှမ်းကြည့်လိုက်မိပါတယ်။

သမီးရဲ့ မျက်ဝန်းထဲမှာ စိုးရွံ့မှုတွေ။

လွန်ခဲ့တဲ့ တစ်ပတ်၊ သူ့ဖအေရဲ့ အိမ်မှာ ရှိနေတုန်းက သူ့အဖေရဲ့ မျက်စိအောက်မှာသာ ဒါမျိုးဖြစ်ရင် ဘယ်လောက်အထိ အခြေအနေဆိုးသွားမယ် ဆိုတာကို သိနေတဲ့ မျက်လုံးလေးတွေပါ။

သမီးရဲ့ အဲဒီ့ မျက်နှာလေးကို တစ်လှည့်၊ နံရံဖြူဖြူပေါ်မှာ စီးကျနေဆဲ ချောကလက်နို့ရည် ညိုညစ်ညစ်တွေကို တစ်လှည့် ကြည့်ရင်းက ကျွန်မ ရယ်ချလိုက်မိပါတယ်။ သမီးကတော့ ကျွန်မတော့ ရူးသွားပြီလို့ မှတ်မှာပဲ။

“အနားမှာ ညည်းအဖေ ရှိမနေတာ မကောင်းဘူးလား သမီးရဲ့”လို့ ကျွန်မက အတောမသတ် ရယ်ရင်း ပြောလိုက်တဲ့အခါမှာတော့ သမီးကလည်း တသိမ့်သိမ့် ရယ်ပါတော့တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် မတိုင်ပင်ဘဲနဲ့ ရယ်နေမိကြတာများ မျက်ရည်တောင် ထွက်တဲ့အထိပဲ။

ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ရှေ့ခရီးဟာ စိုစိုပြေပြေ ဖြောင့်ဖြောင့် ဖြူးဖြူးရှိတော့မယ်ဆိုတာကို အဲဒီ့အချိန်လေးမှာတင်ပဲ နှစ်ယောက်စလုံး သိလိုက်ကြပါတယ်။
သားအမိနှစ်ယောက်ထဲက တစ်ယောက်ယောက်ကြောင့် တစ်ခုခု ဖိတ်စင် ကုန်တဲ့အခါတိုင်းမှာ သမီးက “သမီး ချောကလက် နွားနို့တွေ မှောက်ချ လိုက်တဲ့နေ့ကို မှတ်မိသေးလား မေမေ။ အဲဒီ့နေ့ဟာ သမီးတို့ သားအမိအတွက် တော်တည့် မှန်ကန်တဲ့အလုပ်ကို မေမေ လုပ်လိုက်တဲ့နေ့ပဲ မေမေရဲ့။ အဲဒီ့နေ့ကို သမီး ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”လို့ ပြောတတ်တာ ကနေ့ သမီးအသက် နှစ်ဆယ့်လေးနှစ်ပြည့်ပြီးချိန်၊ အဲဒီ့နေ့က စတင် ရေတွက်ရင် ဆယ့်ခုနစ်နှစ်တောင် ကြာခဲ့ပြီးချိန် အထိပါပဲ။

အဲဒီ့နေ့ဟာ ကျွန်မ မေမေဖြစ်တဲ့နေ့ပေါ့။ မေမေတစ်ယောက် ဖြစ်လာဖို့အတွက် သမီးရဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးတာမျိုး၊ ကျောင်း ကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက် တက်ရောက်တာမျိုးနဲ့ မပြီးပါဘူး။ အိမ်ကို သန့်ရှင်း ပြောင်လက်နေအောင် လှဲကျင်း သုတ်သင်ထားပြီး အရသာရှိတဲ့ ဟင်းကောင်း ကျွေးကောင်းတွေကို ချက်ကျွေးနေရုံနဲ့လည်း မအေပီသမှာ မဟုတ်ပါဘူး။ အခြေအနေ မကောင်းတာကို သမီး မသိအောင် ဖုံးထား၊ ဖိထားရင်း ကောင်းချင်ယောင်ဆောင်နေတာကြောင့်လည်း မအေဖြစ်လာမှာ မဟုတ်ဘူး။

ကျွန်မအတွက်ကတော့ ဖိတ်သွားတဲ့ နွားနို့အပေါ်မှာ ရယ်နိုင်တဲ့ နေ့မှာမှ တကယ့် မေမေအစစ်ဖြစ်တဲ့နေ့လို့ ယူဆပါတယ်ရှင်။

Linda Jones ရေးတဲ့ The Day I Became a Mom ကို ပြန်ဆို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝထဲမှာ ကလေးတွေ မျက်နှာကိုထောက် ပြီး အောင့်ခံနေပါတယ်ဆိုသူများအတွက် စဉ်းစားကြည့်ချင်စရာ ကိုယ်တွေ့ ဖြစ်ရပ်ကလေးတစ်ခု ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝမှာ ကလေးတွေလည်း ရင်နဲ့ မဆံ့အောင် ခံစားရတတ်တာလည်း အမှန်ပါပဲ။ ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ၊ အစွမ်းအစတွေ ကျဆင်းသွားအောင် အနှိပ်စက်ခံ အိမ်ထောင်ရေးက ကောင်းကောင်းကြီး လုပ်ပေးတတ်ပါတယ်။

အဲသလို အိမ်ထောင်ရေးဘဝထဲကို ရောက်နေတဲ့ မအေတစ်ယောက်ရဲ့ တာဝန်ကို မီးမောင်းထိုးပြလိုက်တဲ့ စာတစ်ပုဒ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

စာဖတ်သူလူကြီးမင်းများ ဘယ်လို သဘောရပါသလဲခင်ဗျာ။

[၂၀ဝ၃ခုနှစ်  ဇူလိုင်လ ၂၈ ရက်နေ့ထုတ် “အတွေးသစ်”ဂျာနယ်  အတွဲ ၃၊ အမှတ် ၁၄၃ မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃ (၁၁) နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေထားတဲ့ “ဘ၀တူရိယာ” (မောဟပြေ ပုံတိုပတ်စများ – ၂) စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။]

Great fun, huh?

 

တစ်ပျော်ကြီးပါလားကွယ်ရို့

Bi Weekly Eleven ဂျာနယ်ပါ ကျွန်တော့်ရဲ့ “ဆီအလူးကောင်းသူများ” ဆောင်းပါးနဲ့ ပတ်သက်လို့ http://www.news-eleven.com က ကျွန်တော့်ဆောင်းပါး အဆုံးမှာ ကွန်မန့်တွေ ထပ်တက်နေတာ တွေ့လိုက်ရပါတယ်။ နောက်ထပ် ၁၃ ခု တောင်မှပါ။ (ပထမ နှစ်ခုကိုတော့ သည် ဘလော့ဂ်က အဲဒီ့ဆောင်းပါး အောက်ခြေမှာ ဖော်ပြပြီးခဲ့ပါပြီ။)

မှတ်တမ်းတင်သင့်တာ တစ်ချက်က အဲဒီ့ ၁၃ ခုမှာ mimimi ဆိုသူ တစ်ဦးတည်းကပဲ ကွန်မန့် ခုနစ်ခု ရေးပါတယ်။ SOL15 ဆိုသူကလည်း သုံးခု ရေးပါတယ်။ glance ဆိုသူက နှစ်ခု ရေးပါတယ်။ သူတို့ သုံးဦးနဲ့တင်ပဲ ၁၂ ခု ဖြစ်နေတာတစ်ခုက ပျော်စရာကောင်းနေသလိုပါပဲ။

အဲဒီ့ကွန်မန့်များအရ လေကြောင်းလိုင်းက လက်မှတ်စစ်တဲ့ သူများဟာ ပြည်ဝင်ခွင့်နဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် တာဝန်ရှိတယ်၊ မေးသင့်တာတွေလည်း မေးရမယ်လို့ နားလည်လာရပါတယ်။ ကျွန်တော် လုံးလုံး မသိထားတဲ့ အချက်အလက်တွေပဲပေါ့။ သည်အတွက် ကွန်မန့်ရေးသူများကို ကျေးဇူးတင်ပါတယ်။ သို့သော် ကွန်မန့်ရေးသူများ မျက်စိလျှမ်းသွားတာလား၊ မသိချင်ယောင်ဆောင်လိုက်ကြတာလားတော့ မသိဘူးခင်ဗျ။ ကျွန်တော့် မူရင်းဆောင်းပါးထဲမှာ ခရီးတစ်ထောက်နား (transit) ပြည်ဝင်ခွင့်လည်း ပါနေပါတယ်၊ အဲဒီ့အတွက် ဘာ ပိုက်ဆံမှ ပြစရာ မလိုဘူးဆိုတဲ့ အချက်ကလေးကိုကျတော့ ဘာဖြစ်လို့ ထည့်မရေးကြတာလဲ မသိဘူးနော်။ စစ်ရမယ့် တာဝန်ရှိတာကို ကွန်မန့်များအရ လက်ခံပါတယ်။ လုပ်ငန်းသဘာဝကို မသိဘဲ ရေးမိခဲ့တယ်ဆိုတာလည်း လှိုက်လှိုက်လှဲလှဲ ၀န်ခံပါတယ်။ သို့သော် စစ်ပြီဆိုမှတော့ ရေရေရာရာ စစ်ပေတော့ပေါ့ဗျာ။ အလည်အပတ် ၀င်ခွင့်၊ တစ်ထောက်နား ၀င်ခွင့်ဆိုတာလေးကိုပါ ကြည့်လိုက်မယ်ဆိုရင် သူလည်း အချိန်ကုန်သက်သာ၊ လေလည်း မကုန် ကျွန်တော်တို့လည်း စိတ်အနှောင့်အယှက် မဖြစ်ရပေဘူးပေါ့ဗျာ။
သည်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်က လေကြောင်းလိုင်းရဲ့လုပ်ငန်းသဘာဝကို မသိဘဲ ရေးမိတဲ့အကြောင်း ၀န်ခံတဲ့ဆောင်းပါးနောက်တစ်စောင် ထပ်ရေးပေးဖို့ စိတ်ကူးရှိပါတယ်။ Bi Weekly မှာပဲ ပြန်ရေးမှာပါ။ (သူတို့က ထည့်ပေးမယ်ဆိုရင်ပေါ့ဗျာ။)
အဲလို ရေးတဲ့အခါ SOL15 ရဲ့ http://www.facebook.com/notes/jonathan-hein-oo/-airlines-industry-/387051038607 ကိုလည်း ကိုးကားပါရစေလို့ တစ်လက်စတည်း ခွင့်တောင်းလိုက်ပါတယ်။

အကောင်းဘက်က မြင်တတ်မယ်ဆိုရင်တော့ ကျွန်တော် အခုလို ရေးလိုက်တဲ့အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်း ၀န်ထမ်းများဘက်ကလည်း ရှင်းခွင့်ရသွားတယ်၊ ကျွန်တော်ကလည်း မုချမသွေ ကျွန်တော့်ဘက်က အမှားကို ၀န်ခံရင်းနဲ့ ပြန်ရေးပြလိုက်နိုင်တဲ့အခါ ကျွန်တော့်လိုပဲ လေကြောင်းလိုင်းက လက်မှတ်စစ်တဲ့ စားပွဲမှာ စိတ်လက်မအီမသာဖြစ်နေရတဲ့ ခရီးသည်များလည်း တစ်ဖက်ကို နားလည်ပေးနိုင်သွားပါလိမ့်မယ်ဆိုတာ မြင်သာကြလိမ့်မယ် ထင်ပါတယ်။

သြော်… တစ်ခုဗျာ… ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ အထင်အရှားပါ။ Account တစ်ခုကို နာမည်ဝှက်နဲ့ ဖွင့်ထားသူလည်း မဟုတ်ပါဘူး။ ကျွန်တော့် ဓာတ်ပုံတွေ၊ နေရပ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေလည်း အခိုင်အမာ ရှိပါတယ်။ ဘာကိုမဆို ကျွန်တော် ဗြောင်ပဲ ရေးပါတယ်။ မှားရင်လည်း ၀န်ခံဖို့  ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး။ ကိုယ်ရေးတဲ့စာအတွက် ကိုယ်တာဝန်ယူတယ်ဆိုတာ ပြောချင်တာပါ။
အားလုံးကို တလေးတစား ကျေးဇူးတင်ပါတယ်
ဆူဒိုနင်
ကိုင်း… သူတို့ရဲ့ ကွန်မန့်လေးတွေကို ဖတ်ရှုအားပေးလိုက်ကြပါဦးခင်ဗျား။

#3 mimimi 2010-05-07 11:50
ဒီစာကို‌ရေးသားသူ‌ရော၊ကွန်မန့်ပေးသူများကိုပါ သိနားလည်သ‌လောက် ရှင်းပြ‌ပေးချင်ပါတယ်။ ဒို့ လဲ Airline Industry မှာ အလုပ်လုပ်‌နေသူ ၁‌ယောက်ပါ။ ခရီးသည် ၀န်‌ဆောင်မှု ဌာနမှာ မဟုတ်တဲ့အတွက် အ‌သေးစိတ်‌တော့ မသိ နားမလည်ပါဘူး။ “Check In counter” မှာ ခရီးသည် ၁‌ယောက်ရဲ့ ပတ်စပို့၊ ‌လေယာဉ်လတ်မှတ်၊ ပြည်ဝင်ခွင့်နှင့် အခြားသက်ဆိုင်ရာ ‌ထောက်ခံချက်များ လိုအပ်‌ကောင်း လိုအပ်ပါလိမ့်မယ်။ မ‌မေးမဖြစ်‌ မေးရမဲ့ တာဝန်‌တွေ ရှိပါတယ်။
#4 mimimi 2010-05-07 11:50 

စာရွက်စာတမ်း မပြည့်စုံ၍‌သော်လည်း‌ကောင်း၊ ၄င်းခရီးကို သွားဖို့ အခြားလိုအပ်ချက်များ ရှိ‌နေလျင် သော်လည်‌ကောင်း သက်ဆိုင်ရာ ‌လေ‌ကြောင်းလိုင်းဝန်ထမ်းမှ လိုအပ်သလို စီစဉ်‌ဆောင်ရွက် ‌မေးမြန်းရမဲ့ တာဝန်ရှိပါသည်။ ထိုခရီးသည် သည်အ‌ကြောင်း‌ကြောင်း‌ကြောင့် ပြည်ဝင်ခွင့် ငြင်းဆန်ခံရခြင်းနှင့် အခြားပြသနာများ ‌ပေါ်‌ပေါက်လာပါက Check In counter မှ ၀န်ထမ်းနှင့် ၄င်း‌လေ‌ကြောင်းလိုင်းတွင် ပြသနာများစွာ ရှိလာပြီး အ‌လျော်အစား ပြသနာပါ ရှိလာနိုင်ပါသည်။ “ဘာ‌ကြောင့် ဒီခရီးသည်ကို တင်‌ပေးလိုက်တာလဲ” ဆိုတာမျိုး‌တွေ ရှိပါတယ် ။ ဦးဆူဒိုနင် ‌ပြောသလို ၀န်ထမ်း‌တွေ ကျွမ်းကျင်မှု လိုအပ်ချက်‌ကြောင့် ဆိုတာက‌တော့ အသစ်အသစ်‌သော ၀န်ထမ်းများကို‌ လေ့ကျင့်‌ပေး‌နေချိန်တွင် ထိုကဲ့သို့ အိုးနင်းခွက်နင်းများ ဖြစ်ရသည်ဟု ထင်မြင်ပါသည်။
#5 mimimi 2010-05-07 11:51 

“ခရီးသည်ကလဲ သူ့ အမြင် သူ့ ဖီလင်နဲ့ သူ” “၀န်ထမ်းကလဲ သူ့တာဝန် သူ့အလုပ် သူလုပ်ရတာပါ” ။ ‌နောက်၁ခုက ၀န်ထမ်းများမှာလဲ လိုအပ်ချက်‌တွေ ‌သောက်တလွဲ မ‌ယောင်ရာဆီလူးတာ‌တွေ ရှိတယ်ဆိုတာကိုတော့ သ‌ဘောတူပါတယ်။အဲဒါမျိုးက‌တော့ ဘယ်မှာမဆို ဖြစ်နိုင်ပါတယ်။ မြန်မာ အချင်းချင်းမို့  နှိမ်ချ‌ ပြောတာမျိုး မဖြစ်‌စေချင်ပါဘူး။ ခရီးသည်ကို ‌ရောက်ချင်ရာ‌ရောက် ဖြစ်ချင်ရာဖြစ် တင်‌ပေးလိုက်လို့ က‌တော့ ဘာ‌ပြော‌ကောင်းမလဲ….။ ရစ်တာ‌တော့ မဟုတ်နိုင်ပါဘူး။ အမှန်အကန် သွားသူ ဗီဇာအစစ်နဲ့ သွားသူ‌တွေ ရှိသလို အကြံအဖန်‌တွေလည်း ရှိတာမို့ ‌သေချာစိစစ်ရ‌ကြောင်း…… ကိုယ့်ဘက် သူ့ဘက်၂ ဘက်မျှ တွေးနိုင်ပါ‌စေ‌ကြောင်း…….. ဒီ‌လောက်ပါပဲ။ ကျန်တဲ့အချက်အလက်‌တွေကို မ‌ပြော‌တော့ပါဘူး။ လုပ်ငန်းခွင်ချင်း မတူလျှင် ဘယ်နည်းနဲ မှ နားလည်မှု‌ပေးနိုင်မှာ မဟုတ်လို့ … အပြစ်မမြင်‌စေလို‌ကြောင်း ‌မေတ္တာရပ်ခံအပ်ပါသည်။
#6 mimimi 2010-05-07 12:03 

အားအားယားယား အ‌တွေးပွားခြင်းမှ ကင်း‌ဝေးကြပါ‌စေ။
#7 mimimi 2010-05-07 12:04 

စထွက်တဲ့ Origin နိုင်ငံသည် ပို၍ တာဝန်ကြီး‌လေးပါကြောင်း။
#8 mimimi 2010-05-07 12:14 

အချင်းချင်း အမျက်အသို မရှိ ပကတိ မျက်စိနဲ့ ကြည့်ရင် အစစ အဆင်ပြေကြမည်။
#10 SOL15 2010-05-07 14:16 

စာရေးဆရာဟာ လေကြောင်းလိုင်းဝန်ထမ်းအနေဖြင့် ပြည်ဝင်ခွင့် ပေးမပေး လုံးဝ မသက်ဆိုင်ကြောင်း ရေးထားပါတယ်။ ဒါကတော့ သူများအလုပ်ကို သူမသိပဲ ထင်ရာ မြင်ရာတွေ ရေးထားတာပါ။ နိုင်ငံတကာလေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်းကြီးကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအရ လေကြောင်း ဝန်ထမ်းအနေနဲ့ သက်ဆိုင်ရာ ပြည်ဝင်ခွင့်များအတွက် စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ရေးထားပါတယ်။ 

အကယ်၍ ခရီးသည်သွားတဲ့နိုင်ငံကနေ ပြည်ဝင်ခွင့်မပေးပဲနဲ့ ပြန်ပို့ခဲ့ရင်၊ အဲ့ဒီနို င်ငံလူဝင်မှုကြီးကြပ်ရေးကနေ လေကြောင်းလိုင်းကို
ဒဏ်ငွေ ရိုက်ပါတယ်။ ဒါ့အပြင် ခရီးသည် လာရာနိုင်ငံ/မြို့ကို ပြန်ခေါ်သွားဖို့ တာဝန်ယူရပါတယ်။

ဒီထက်မက ပိုမိုသေခြာအောင် ထပ်ပြီး ပြောရမယ်ဆိုရင် စင်္ကာပူ ICA (လူဝင်မှုကြီးကြပ်ရေး)ရဲ့ e-visa မှာ “ you are required to bring this paper e-Visa with you as the airlines requires you to produce it for verification when you check in” လို့ ICA လို့ ဖော်ပြထားတဲ့အတွက် Airline အနေနဲ့ ပြည်ဝင်ခွင့်နဲ့ ပတ်သတ်ပြီး တာဝန်ရှိမရှိ အရှင်းကြီးပါ။ ဆရာ ပြောတဲ့အတိုင်း ပြောရရင်တော့ ICA က အားအားယားယား မယောင်ရာဆီလူး လုပ်တာတော့ မဟုတ်နိုင် ကောင်းပါဘူးဗျာ။

 

#11 SOL15 2010-05-07 14:53 

ဆရာ ဆူနိုဒင်ဟာ ခရီးသည်ဖက်ကပဲ တစ်ဖက်သတ် ရေးသွားတာကို တွေ့ရတော့ အတော်လေး စိတ်မကောင်းမိပါဘူး။ စာရေးဆရာဟာ လေကြောင်းလိုင်း ဝန်ထမ်းအနေဖြင့် ပြည်ဝင်ခွင့် ပေးမပေး လုံးဝ မသက်ဆိုင်ကြောင်း ရေးထားပါတယ်။ ဒါကတော့ သူများအလုပ်ကို သူမသိပဲ ထင်ရာ မြင်ရာတွေ ရေးထားတာပါ။ နိုင်ငံတကာ လေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်းကြီးကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအရ လေကြောင်းဝန်ထမ်းအနေနဲ့ သက်ဆိုင်ရာ ပြည်ဝင်ခွင့်များအတွက် စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ရေးထားပါတယ်။ အကယ်၍ ခရီးသည်သွားတဲ့နိုင်ငံကနေ ပြည်ဝင်ခွင့်မပေးပဲနဲ့ ပြန်ပို့ခဲ့ရင် အဲ့ဒီနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးကနေ လေကြောင်းလိုင်းကို ဒဏ်ငွေ ရိုက်ပါတယ်။ ဒါ့အပြင် ခရီးသည် လာရာ နိုင်ငံ/မြို့ကို ပြန်ခေါ်သွားဖို့ တာဝန်ယူရပါတယ်။
#12 SOL15 2010-05-07 15:05 

ကျနော်ရဲ့ facebook စာမျက်နာကို ရည်ညွှန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သို့သော် လေကြောင်းဝေါဟာရများစွာနဲ့ english ကို ကြားညှပ်သုံးထားတဲ့အတွက်နဲ့ သိပ်ပြီး ဖတ်ရတာ အစဉ်ချောမှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။
Professional စာရေးသမားတစ်ယောက် မဟုတ်တဲ့အတွက် public တစ်ခုလုံးကို ကျနော်စာမျက်နာကို ကြည့်ဖို့ ရည်ညွှန်းတာ သိပ်မကောင်းဘူးလှဘူးဗျ။
#13 glance 2010-05-07 16:10 

ဆူဒိုနင် ‌ရေးသားတဲ့ “မ‌ယောင်ရာဆီလူး” ဆိုတဲ့‌ ဆောင်းပါးကို ကန့်ကွက်ပါတယ်။ ‌လေ‌ကြောင်းလိုင်း၏ လုပ်ငန်းသ‌ဘောသဘာဝကို ‌လေ့လာသိရှိခြင်းမရှိပဲ ခံစားချက်ကို‌ ရှေ့တန်းတင်‌ ရေးသားထား‌သော ယင်း‌ဆောင်းပါးသည် သတင်းအချက်အလက်များ မှားယွင်းကာ ပုတ်ခတ်‌စော်ကား‌သော အဆင့်အတန်း မရှိ‌သော ‌ဆောင်းပါး ၁ခုမျှသာ ဖြစ်ပါသည် ။ ဆူဒိုနင်၏ စာများစွာကို ဖတ်ဖူးပါသည်။ အ‌ရေးအသား‌ ကောင်း‌ပြီး လူစိတ်ဝင်စားတတ်တဲ့ အချက်အလက်များကို ‌ရေးနိုင်သူ ၁ဦးဟု မှတ်ယူထားပါသည်။ ‌လေ‌ကြောင်းလိုင်း ၁ခုကို နာမည်နှင့်တကွ ပုတ်ခတ်‌ရေးသားမည်ဆိုလျှင် ‌သေချာစွာ လုပ်ငန်း သ‌ဘောသဘာဝကို ‌လေ့လာပီးမှ ‌ရေးသားသင့်ပါသည်။
#14 glance 2010-05-07 17:04 

they don’t understand what the airline’ procedures and they will never try to know ,,,,so just forgive them
#15 thinking 2010-05-08 02:42 

အခု ကိစ္စမှာတော့ လေဆိပ်ဝန်ထမ်းတစ်ဦးရဲ့ လုပ်ဆောင်ရမဲ့ တာဝန်ကို အကုန် မသိတဲ့အတွက် မပြောလိုပါဘူး။ ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံမှာ နေရာတိုင်းမှာ ခဏခဏ ကြုံရတဲ့ ပြဿနာကတော့ အစိုးရ၀န်ထမ်ရော ပုဂ္ဂလိက ၀န်ထမ်းတွေပါ မိမိရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ထက် ကျော်ပြီး မရောင်ရာ ဆီလူး လုပ်တက်တဲ့အကျင့်နဲ့  လုပ်ပိုင်ခွင့်အာဏာကို တလွဲ ပါဝါပြမှုပါဘဲ.. တာဝန်အရ လုပ်ဆောင ရသည့်တိုင် မေးစရာ လုပ်စရာ ရှိသည်ကို လုပ်ဆောင်ရာတွင် ကတ်စတန်မာများ သာမန်ပြည်သူများကို လိုအပ်၍ မေးမြန်းရတာဖြစ်ကြောင်း အသိပေး၍ မေးမြန်း လုပ်ဆောင်သင့်သည်လို့ ယူဆမိပါတယ်.. လူ့အဆင့်အတန်း တိုးတက်သော မြန်မာပြည်သူများ ဖြစ်စေရန် ရည်သန်လျက်

For Those Who Are In Love

ချစ်သူတွေ ဖတ်ကြဖို့ပါ

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဖတ်မိတာလေးတွေကို ပြန်ပြောပြချင်တယ်။

ပထမဆုံးကတော့ အိမ်ထောင်ပြုမယ်လို့ ကြံတဲ့အခါ ရတာယူမယ့်အစား လိုချင်တာကို မရရအောင် စောင့်တာ အကောင်းဆုံးဆိုတာပါပဲ။

ဟုတ်ကဲ့လား…

ယထာဘူတကျကျ ပြန်စဉ်းစားရအောင်နော်…။ ရတာယူတဲ့အခါကျတော့ တစ်ဖက်သားရဲ့ အနာအဆာတွေဟာ ကိုယ့်အတွက် သိပ်သိသာ နေတတ်တယ်။ သူ့ကို ခွင့်လွှတ်ဖို့လည်း ခက်နေတတ်တယ်။ လိုချင်တာကို ရတဲ့အခါကျတော့ အဲဒီ့အနာအဆာတွေ၊ ချို့ယွင်းချက်တွေကို မေတ္တာနဲ့ ယှဉ်ပြီး ခွင့်လွှတ် ကျော်လွှားသွားနိုင်တတ်တယ်။ ဒါကြောင့် ရတာယူမယ့်အစား လိုချင်တာကို ရတဲ့အထိ စောင့်တာ အကောင်းဆုံး ဆိုတဲ့စကားဟာ မမှားတန်ကောင်းပါဘူး၊ နော့…။

ဒုတိယအချက်ကတော့ ကိုယ့်အနားမှာ ဝဲနေသူအစား ကိုယ်မေတ္တာရှိတဲ့ သူကို ရအောင် စောင့်ယူတာလည်း အကောင်းဆုံးပဲတဲ့။

ဒါလည်း မမှားတန်ဘူး။ ကိုယ်က မေတ္တာ ရှိနေရင် သဒ္ဓါတာတွေ၊ ကြည်ဖြူတာတွေက အလိုလို ပါလာမှာမို့ သည်အပိုင်းကို အထူး ပြောစရာ မလိုဘူး ထင်ပါတယ်။ ကိုယ့်အနားမှာ ရှိတဲ့သူဆိုတာကတော့ မရှောင်သာလို့သာ ပေါင်းချင် ပေါင်းလိုက်ရမယ်၊ ကြည်ဖြူဖို့ကျတော့ ခက်ခဲနေတတ်ပါတယ်။

တတိယအချက်ကတော့ ကိုယ့်အတွက် အသင့်တော်ဆုံးလူကို စောင့်ဆိုင်းသင့်ပါသတဲ့။ ဘာလို့လဲဆိုရင် တစ်ယောက်တည်းအပေါ်မှာ အချိန်ဖြုန်းလိုက်မယ်ဆို ဘဝဟာ နှမျောစရာတွေ ဖြစ်ကုန်မှာမို့ပါတဲ့။

ဟုတ်ပါရဲ့…။ မြန်မာစကားမှာလည်း အရှိသားပဲ၊ ရည်းစား တစ်ထောင်၊ လင်ကောင် တစ်ယောက်တဲ့။ ဆိုရိုးစကားဆိုတာ အလကားမှ မဟုတ်တာ။ တစ်ယောက်တည်းကို တွေ့၊ သည်တစ်ယောက်ကိုပဲ ချစ်၊ သည်တစ်ယောက်နဲ့ပဲ ပေါင်းလိုက်တဲ့အခါ လူတွေမှာ ရှိတဲ့ ဦးနှောက်နဲ့ ပိုင်းဖြတ်ရွေးချယ်ခွင့်တွေ အလိုလို ဆုံးရှုံးကုန်တာပေါ့။ လောကမှာ ဘယ်အရာဖြစ်ဖြစ်၊ တခြားအရာတွေနဲ့ ယှဉ်ကြည့်နိုင်မှ အကောင်း အဆိုး ဝေဖန် ပိုင်းခြားနိုင်တာပါ။ အိမ်ထောင်ရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ များများ မြင်ဖူး တွေ့ဖူးထားလေ၊ ရွေးချယ်ခွင့်တွေ ပိုများလာလေ၊ ဘဝအတွက်လည်း ပိုရေရာလေပါပဲ။

စတုတ္ထအချက်ကတော့ အာဖရိက စကားပုံလေးတစ်ခုပါ။ လက်မထပ်ခင်မှာ မျက်စိနှစ်လုံးစလုံးကို ဖွင့်ထားပါ၊ လက်ထပ်ပြီးသွားရင် တစ်ဖက်ကို မှိတ်လိုက်ပါတဲ့။
စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုကတော့ မိန်းကလေးတွေအနေနဲ့ ချစ်သူကို လရောင်အောက်မှာ ရှာနိုင်တယ်၊ လက်ထပ်ရမယ့်သူကိုကျတော့ နေရောင်အောက်မှာပဲ ရှာသင့်တယ်လို့ ရေးခဲ့ဖူးပါတယ်။

ကျွန်တော်ကတော့ ကျား၊ မ မခွဲခြားဘဲ အကြံပေးချင်တယ်။ ချစ်သူကို လရောင်အောက်မှာ ရှာလို့ ဘာမှ မဖြစ်ဘူး။ လက်ထပ်ရမယ့်သူကိုကျတော့ နေရောင်အောက်မှာ မျက်စိနှစ်လုံး စလုံးဖွင့်၊ ပြူးဖြဲပြီး အညာသား နွားဝယ်သလို ချိုကြည့်၊ ခွာကြည့်၊ သားရေကြည့်၊ စရိုက်ကြည့်၊ အလုံးစုံကို သေချာကြည့်ပြီး ရှာ။ အဲ… တွေ့ပြီ၊ သေချာပြီ လက်ထပ်လိုက်ပြီဆိုတာနဲ့ မျက်စိတစ်ဖက်ကို ပြန်မှိတ်ထားလိုက်ပါတော့လို့…။

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ဖြစ်သွားတတ်တာက ကမူးရှူးထိုးနဲ့ လက်ထပ်ဖြစ်တာပဲ။ ရမ္မက်ကြောင့်ဖြစ်စေ၊ တစ်ကိုယ်တည်း အထီးကျန် ဆန်နေတဲ့ဘဝမှာ အနေကြာလာလို့ ဆောက်တည်ရာ မရတော့တာကြောင့်ဖြစ်စေ၊ မရင့်ကျက်သေးလို့ဖြစ်စေ၊ ပေါ့ဆလို့ဖြစ်စေ၊ တခြားသူတွေက ဖိအားပေးလို့ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်က စိတ်ဓာတ်ကျနေလို့ဖြစ်စေ မွှန်ထူပြီး သူနဲ့ ကိုယ်နဲ့ ပေါင်းစပ်ရင် အဆင်မပြေနိုင်ဘူးဆိုတာကို ပြဆိုနေတဲ့ သတိပေး လက္ခဏာတွေကို မမြင်လောက်အောင် ကန်းနေတတ်ပါတယ်။

ဒါကြောင့် မျက်စိ နှစ်လုံးစလုံးကို စုံဖွင့်ထားဖို့ အကြံပေးတာပါ။ တစ်ဆက်တည်းမှာပဲ ကိုယ်နဲ့အတူနေတဲ့အခါကျ တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်၊ ကိုယ်တွေ့နေရတဲ့ သူ့အနာအဆာတွေကလည်း သိပ်တော့ အရေးမကြီးလှပါဘူးဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မလှည့်စားသင့်ဘူး။
ဖြစ်တတ်တယ်နော်…။ အထူးသဖြင့် မိန်းကလေးတွေ…။ ကိုယ့်လက်ထဲရောက်လာတဲ့အခါကျ၊ ကိုယ်နဲ့ညားတဲ့အခါကျတော့မှ ကိုယ်လိုချင်သလို ပုံသွင်းယူလို့ ရမယ်လို့ ထင်မှတ်မှားတတ်တာ၊ အင်မတန် ဖြစ်တတ်တယ်။

ယောက်ျားလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဆိုကြပါစို့…၊ ကိုယ်နဲ့ လက်ထပ်မယ့်သူက အနေအထိုင် သိပ်ဣနြေ္ဒမရဘူး၊ ကလက်လွန်းတယ်။ ဒါပေမယ့် ကိုယ်က သူ့အလှအပကို သိပ်မက်မောနေတယ်၊ သူ့အညုအတာမှာ မွှန်နေတယ်။ ကိုယ်နဲ့ ညားပြီးတဲ့အခါကျရင်တော့ သူ့အကျင့်ကို ပြင်မှာပါလို့ တွေးပြီး သူနဲ့ပဲ အိမ်ထောင်ပြုလိုက်တယ်။ အိမ်ထောင်သက် သိပ်မရခင်မှာ တင် အထင်နဲ့အမြင် ပါစင်အောင်လွဲနေပြီဆိုတာ သိလာရချိန်မှာ အားလုံးက လက်လွန်ကုန်ပြီ။

နောက်တစ်ခုက ဒါတွေက သိပ်အရေးမကြီးပါဘူးဆိုပြီး စုံလုံးကန်းလိုက်မိတာ။ နှစ်ယောက်တစ်ဘဝ အတူတည်ဆောက်ပြီး မိုးလင်းက မိုးချုပ် မြင်တွေ့ ဆက်ဆံနေရတဲ့ ကာလတောင်တာ ရှည်ကြာလာတဲ့အခါမှာတော့ တစ်ဖက်သားရဲ့ အနာအဆာတွေ၊ အကဲဆတ်တာတွေ၊ စိတ်ပျက်စရာကောင်းတာတွေ၊ ကိုယ်နဲ့ မတိုက်ဆိုင်တာတွေဟာ ပိုလို့ ပိုလို့ ထင်ရှားလာတတ်စမြဲပါပဲ။

ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ကြံတာနဲ့ နေရောင်အောက်မှာ မျက်စိနှစ်လုံးစလုံး စုံဖွင့်ပြီး စူးစမ်းဖို့ အကြံပေးရတာပါ။

ဆက်ရအောင်…

သူနဲ့ပဲ တစ်သက်တာထာဝရ လက်တွဲတော့မယ်လို့ ဆုံးဖြတ်လို့လည်း ပြီးပြီ၊ သူ့ကိုလည်း ကိုယ်က နှစ်နှစ်ကာကာ မေတ္တာရှိတယ်၊ သူနဲ့ ကိုယ်နဲ့ အိမ်ထောင်ရေးကိုလည်း အဆင်ပြေစေချင်၊ တည်တံ့ခိုင်မြဲစေချင်တယ်ဆိုရင်တော့ အိမ်ထောင်မကျခင်တုန်းက စုံဖွင့်ထားတဲ့ မျက်စိကို တစ်ဖက် မှိတ်ထားတတ်ဖို့ အရေးတကြီး လိုအပ်လာပါပြီ။ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကြောင့် ကိုယ့်စိတ်ကို အနှောင့်အယှက် အဖြစ်မခံဖို့လည်း လိုပါပြီ။

ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်ကြားမှာ မျှော်လင့်ချက်တွေ၊ ခံစားချက်တွေ၊ လိုအင်တွေ၊ တန်ဖိုးထားပုံတွေ၊ အိပ်မက်တွေ၊ အားနည်းချက်တွေနဲ့ အရည်အချင်းတွေ မတူကြပါဘူး။

သူက ကိုယ့်ဆီက ကြင်နာမှုကို မျှော်လင့်ထားမယ်၊ ကိုယ်က သူ့ဆီက သာယာမှုကို မျှော်လင့်ထားမယ်ဆိုရင် ဒါ မျှော်လင့်ချက်ချင်း ခြားနားနေတာပေါ့။ သူက ထိခိုက်ခံစားလွယ်တယ်၊ ကိုယ်က အရာရာကို လိုက်ခံစားမနေဘူး၊ ဘာသိဘာသာ နေတတ်တယ်။ အဲဒါ ခံစားချက်ချင်း မတူတာပေါ့။ သူက တာဝန်ကျေချင်တယ်၊ ကိုယ်က အယုယခံချင်တယ်၊ ချွဲချင်၊ နွဲ့ချင်တယ်။ ဒါ လိုအင်တွေ မတူတာပေါ့။

သူ့အတွက် ငွေသည် ပထမ၊ ဂုဏ်သိက္ခာသည် ဒုတိယ၊ အလုပ်သည် တတိယ၊ မိသားစုသည် စတုတ္ထနဲ့ အချစ်က နောက်ဆုံး။ ကိုယ့်အဖို့မှာကတော့ အချစ်က ပထမ၊ မိသားစုက ဒုတိယဖြစ်ပြီး ငွေက နောက်ဆုံး ဖြစ်နေရင် အဲဒါ တန်ဖိုးထားပုံချင်း မတူတာပေါ့။ သူက ခြံဝင်းမြက်ခင်းနဲ့၊ နောက်ဆုံးပေါ် ကားသစ်ကြီးနဲ့ နေချင်တယ်။ ကိုယ့်အတွက်က အဲဒါတွေ အရေးမကြီးဘူး။ တဲအိုပျက်မှာပဲ နေရနေရ၊ ချမ်းမြေ့သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ချင်တယ်။ အဲဒါ အိပ်မက်တွေ ခြားနားနေတာပေါ့။ သူက ဒေါသကြီးတယ်၊ ကိုယ်က မျက်ရည်လွယ်တယ်၊ ဒါဆိုရင် အားနည်းချက်တွေ ကွဲနေတာပေါ့။ သူက စေ့စပ်သေချာတယ်၊ ကိုယ်က ထက်မြက်တယ်။ အရည်အချင်းချင်း ခြားနားတဲ့ သဘော။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ သူနဲ့ရဲ့ အိမ်ထောင်ရေး အဆင်ပြေချင်ရင်၊ အောင်မြင်ချင်ရင်တော့ သူရော ကိုယ်ရော နှစ်ယောက်စလုံးဟာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာကို မမေ့သင့်ဘူး။ တစ်ခု ရှိတာပါပဲ၊ သူ့အတွက် ကိုယ်က ခြောက်ပြစ်ကင်း၊ ကိုယ့်အတွက် သူဟာ သဲလဲစင်နေဖို့ အတတ်နိုင်ဆုံး အားထုတ်နိုင်ဖို့တော့ လိုပါတယ်။

အဲသလိုဖြစ်ဖို့အတွက် တစ်ယောက်ကို တစ်ယောက် အကောင်းဆုံးတွေ လုပ်ပေးနိုင်အောင် အပြန်အလှန် ကြိုးစားရတော့မယ်။ တစ်ယောက်ရဲ့ ကောင်းကွက်လေးတွေကို တစ်ယောက်က အသိအမှတ်ြုပပေး၊ ချီးကျူးပေးရမယ်၊ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းနိုင်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်နေမယ်၊ ကျုပ်တုန်းကတော့ ဘယ်ကဲ့သို့၊ ခင်ဗျာ့ကျတော့မှ ဘယ်ချမ်းသာဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်း ယှဉ်နေမယ်၊ တစ်ယောက်ကို တစ်ယောက် ထိန်းချုပ်နိုင်အောင် အားထုတ်နေမယ်ဆိုရင်တော့ အဲဒီ့အိမ်ထောင်ရေးဟာ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။

အိမ်ထောင်ရေးဘဝထဲကို ဘာတွေ သယ်လာသလဲဆိုတာကလည်း အိမ်ထောင်သာယာမှုအတွက် အရေးကြီးပြန်တယ်။

အတိတ်က ဇာတ်လမ်းတွေ၊ မညားခင်တုန်းက သူနဲ့ မဟုတ်ဘဲ တခြား သူနဲ့ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေကို သယ်လာတာမျိုး၊ အတိတ်က သူနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တခြားသူတစ်ဦးဦးအတွက်ဖြစ်ဖြစ် နာကျင်ခံစားမှုတွေ သယ်လာတာမျိုး၊ အတိတ်က မယုံကြည်မှုတွေ၊ သံသယတွေကို သယ်လာတာမျိုးတွေဟာ အိမ်ထောင်ရေးရဲ့ အန္တရာယ်တွေပါ။

နောက်တစ်ချက်က ကိုယ့်ကို ချစ်လာအောင် ဇွတ်လုပ်ယူလို့ မရသလို ကိုယ့်နားမှာ အမြဲရှိနေအောင်လည်း အတင်းလုပ်လို့ မရဘူးဆိုတာကို သတိထားမိဖို့ပါပဲ။
ခြယ်လှယ်တာ၊ ထိန်းချုပ်တာ၊ မနာလိုဝန်တိုတာ၊ လောဘကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာများဟာ တာရှည်ခံမယ့် အိမ်ထောင်ရေးတစ်ရပ်၊ ခိုင်ခံ့မြဲမြံတဲ့ အိမ်ထောင်ရေးတစ်ရပ်ကို မထူထောင်နိုင်ပါဘူး။

ထိုနည်းလည်းကောင်းပဲ၊ ဂုဏ်အတွက်၊ သာယာမှုအတွက်၊ ဘဝလုံခြုံမှုအတွက် ရည်ရွယ် လက်ထပ်ခဲ့မယ်ဆိုရင်လည်း အဲဒါဟာ ခိုင်ခံ့တဲ့ အိမ်ထောင်ရေးတစ်ရပ် ဖြစ်မလာနိုင်ပါဘူး။ ခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ အတွက်…

  • ဆက်သွယ်ရေးကောင်းနေရမယ်၊
  • ရင်းနှီးမှုရှိရမယ်၊
  • ဟာသဓာတ်ခံလေးတွေ ရှိရမယ်၊ (ဆိုလိုတာက ကျဉ်းထဲကျပ်ထဲမှာ ရယ်ပွဲ မဖွဲ့နိုင်ဦးတောင် နှစ်ယောက်အတူ ရယ်မော ပျော်ရွှင်နိုင်ရပါမယ်။)
  • အိမ်အလုပ်တွေကို ကူညီ လုပ်ကိုင်ပေးတတ်ရမယ်၊
  • (ကလေးတွေ၊ အလုပ်တွေ မပါဘဲ) နှစ်ယောက်တည်း သီးခြား အတူနေတဲ့ အချိန်လေးတွေ ရှိနေတာ၊ ထမင်းလက်ဆုံစားတာလို၊ ကာယ လေ့ကျင့်ခန်း အတူလုပ်တာလို၊ ပွေ့ပွေ့ပိုက်ပိုက်နေတာလို၊ လက်ချင်းဆုပ်ထားတာလို၊ စာတိုလေးတွေ အပြန်အလှန် ရေးတာလို တစ်ယောက်နဲ့တစ်ယောက် နေ့စဉ် ထိတွေ့နေတတ်ရမယ်၊
  • နှစ်ဦးသဘောမျှတဲ့ ရည်မှန်းချက်တွေ၊ စိတ်ဝင်စားမှုတွေကို မျှဝေတတ်ရမယ်၊
  • မလုံခြုံတဲ့ စိတ်ခံစားမှုကို မဖြစ်စေဘဲ သူ့ဘာသာ သီးခြား ရပ်တည်ခွင့်ပေးတတ်ရမယ်၊
  • သူ့ရဲ့ပိုင်ဆိုင်ခွင့်တွေနဲ့ တာဝန်တွေကို သီးခြားပေးထားတတ်ရပါလိမ့်မယ်။


သည်အချက်တွေ မပါဘူးဆိုရင်တော့ အိမ်ထောင်ရေးဟာ နာကျည်းစရာကောင်းလာမယ်၊ စိတ်ပျက်စရာကောင်းလာမယ်၊ ရုန့်ရင်းကြမ်းတမ်းလာမယ်၊ လျစ်လျူရှုတာတွေ များလာမယ်၊ သစ္စာမဲ့တာတွေ ပေါ်လာမယ်၊ ချစ်ခင် စုံမက်မှု နေရာမှာ နာကျင်မှုက အစားထိုး ဝင်ရောက်လာပါတော့မယ်။

“ကျွန်တော်တို့မှာ အမှတ်ရစရာလေးတွေ ရှိနေသမျှ မနေ့က ဆိုတာလည်း တင်ကျန်ရစ်နေဦးမှာပါ။ မျှော်လင့်ချက်တွေရှိနေသမျှ နက်ဖြန်တွေကလည်း စောင့်ကြိုနေဦးမှာ။ အဲ… ချစ်ခင်ရင်းနှီးမှုတွေ ရှိနေသမျှ ကနေ့ဟာလည်း လှပနေဦးမှာပါပဲ…”

ချစ်ခြင်းမေတ္တာဆိုတာဟာ ခံစားချက်တွေ၊ စုံမက်မှုတွေ၊ စွဲလန်းမှုတွေကို ဖယ်ထုတ်လိုက်ဦးတောင်မှ တစ်ဖက်သားအပေါ်ဂရုတစိုက်ရှိနေသေးတဲ့ အနေအထားကို ခေါ်တာပါ။

ချစ်ခြင်းမေတ္တာဆိုတာဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်း မဆုံမိသည့်တိုင် အချင်းချင်း လက်တွဲပြီး လျှောက်လှမ်းနိုင်သေးတဲ့ အနေအထားကို ခေါ်တာပါ။
ကြိုးစားချင်တဲ့ စိတ်ရှိနေသေးလျက်ကနဲ့ နှုတ်ဆက်စကားကို မဆိုဖြစ်ပါစေနဲ့။ ကိုယ်လုပ်နိုင်နေမှန်း သိလျက်နဲ့လည်း အလွယ်တကူ အလျှော့မပေး၊ အရှုံးမပေးပါနဲ့။ တကယ်လည်း ခွဲနိုင်တာ မဟုတ်ဘဲနဲ့ မချစ်တော့ဘူးလို့ တစ်ဖက်သားကို လွယ်လွယ် မပြောဖြစ်ပါစေနဲ့။

တကယ်လို့များ တစ်ယောက်ယောက်ကို ချစ်နေတယ်ဆိုရင် ဖွင့်ပြောလိုက်စမ်းပါဗျာ။ မပြောဖြစ်လိုက်တဲ့ စကားတွေကြောင့် ကြေ မွကုန်ရတဲ့ အသည်းတွေလည်း သည်လောကကြီးမှာ မနည်းဘူးနော…

(၃၁-ဝ၇-ဝ၁ နေ့ထုတ် အတွေးသစ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၇ မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၇၅/ ၂၀၀၃ (၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း” စာအုပ်ထဲက အဖွင့် တစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။)