Various Kinds of People I Have Encountered

ကြုံဖူးတဲ့ လူအမျိုးမျိုး အထွေထွေ

ကျွန်တော့်ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်ပြီး မကျေလည်သူတစ်ဦးက ကျွန်တော့်ရုံးကို လှမ်းဖုန်းဆက်ပြီး ချဲဖူးပါတယ်။


ကျွန်တော်လည်း ဖုန်းကိုင်လိုက်ရော သူ ပြောချင်တဲ့စကားတွေ တရစပ် ပြောပါတော့တယ်။ သူ ဘယ်သူလဲလို့ မေးတဲ့အခါမှာတော့ စာဖတ်သူတစ်ဦးလို့ပဲ မရေမရာ ပြန်ဖြေတယ်။ ခက်တာက သာမန် စာဖတ်သူတစ်ဦးအနေနဲ့ ကျွန်တော့်ရုံး ဖုန်းနံပါတ်ကို မသိနိုင်တာကို သူ သတိလစ်သွားရှာတယ်။ အဲဒါကိုလည်း ထောက်ပြလိုက်ရော၊ ဒရောသောပါးနဲ့ ဖုန်းချသွားလေရဲ့။

သည်ဘက်က ပြုံးနေတဲ့ ကျွန်တော့်မျက်နှာကိုသာ သူ မြင်ရရင် စောစောကထက် ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေနဲ့ ကျွန်တော့်ကို တိုင်းထွာနေတော့မှာ ကြားယောင်နေမိသေးတော့တယ်။ ကိုယ်ဘယ်သူဘယ်ဝါ၊ ဘယ်က ဆိုတာတောင် ထုတ်မပြောရဲသူ တစ်ယောက်က ပြောလာတဲ့ စကားကို တစ်ဖက်သားက အလေးထားဖို့ အတော်ဝေးနေတာကို သတိမမူမိလောက်အောင် ဆင်ခြင်တုံတရား နည်းပါးလှတဲ့ သူ့ကို သနားမိခဲ့ဖူးပါတယ်။

တစ်ဆက်တည်းမှာပဲ “ယဉ်ကျေးမှု”ဆိုတဲ့ ဝေါဟာရကို စဉ်းစားနေမိ တယ်။ ကျွန်တော်ပြောတဲ့ ယဉ်ကျေးမှုက culture မဟုတ်ပါဘူး၊ civilisation ပါ။ ကျွန်တော့်သဘောအရတော့ အဲဒီ့ဝေါဟာရဟာ တောကျတာရဲ့ ပြောင်းပြန် “မြို့ကျမှု”ပါပဲ။

ကျောက်ခေတ်တုန်းက ခုတ်ထစ်ဖို့၊ လှီးဖြတ်ဖို့၊ တိုက်ခိုက်ဖို့အတွက် ကျောက်ခဲတွေကို သုံးခဲ့ရပါတယ်။ အခုတော့ သံမဏိဓားတွေ၊ လွှတွေ၊ သေနတ်တွေ၊ လေဆာရောင်ခြည်တွေစသဖြင့် အဆင့်ဆင့် သုံးနိုင်လာတာဟာ “မြို့ကျ”လာတာပါ။ ပြဿနာတစ်ခုခု ဖြစ်လာရင် တုတ်ဆွဲ၊ ဓားဆွဲ လုပ်ပြီး ဖြေရှင်းတာဟာ တောကျတဲ့ ဖြေရှင်းနည်းပါ။ နှစ်ဖက် သဘောတူနိုင်တဲ့ ကြားနည်းကို တိုင်ပင် ညှိနှိုင်းပြီး ဖွေရှာတာဟာ မြို့ကျတဲ့ ဖြေရှင်းနည်းပါပဲ။

အလားတူပဲ၊ ကော်ဆဲတာဟာ တောကျတဲ့ အပြုအမူပါ။ မိမိ မကျေလည်တာ၊ မကျေနပ်တာကို အရင်းအတိုင်းပြောပြပြီး တစ်ဖက်သားဆီက ဖြေရှင်းချက်ကို တောင်းယူတာဟာ “မြို့ကျတဲ့” အပြုအမူပဲဖြစ်ပါတယ်။

တစ်ယောက်ယောက်ဆီ တယ်လီဖုန်းဆက်တဲ့အခါမှာ တစ်ဖက်က ကိုင်ကိုင်ချင်း “အခု ပြောတာ ဘယ်သူလဲ”လို့ လှမ်းမေးတာမျိုးဟာလည်း တောကျတာပါ။ အဲဒီ့အစား “ကျွန်တော် ဘယ်သူပါ”ဆိုပြီး မိမိကိုယ်ကို စတင်မိတ်ဆက်ပြီး ပြောတာမျိုးက မြို့ကျတာလို့ ဆိုလို့ရသွားပါပြီ။

ကျွန်တော့်အိမ်ဖုန်းနံပါတ်ကို အရောင်းသွက် မဂ္ဂဇင်းတစ်စောင်မှာ အတိအလင်း ဖော်ပြပေးနေတဲ့အတွက် စာဖတ်သူအတော်များများကလည်း ကျွန်တော့်ဆီကို ဆက်သွယ်နေကြပါတယ်။ ယုတ်စွအဆုံး နိုင်ငံရပ်ခြားက လှမ်းဆက်တဲ့သူတောင် ပါပါသေးတယ်။ အဲဒီ့အခါမှာ သူတို့ကိုယ်သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ အရင်ဆုံး မိတ်ဆက်ပြီးမှ ဘာကိစ္စနဲ့ ဆက်တယ်ဆိုတာကို ပြောပြသူချည်းပါပဲ။ သည်အထဲမှာမှ ဆောင်းပါးအစမှာ ရေးခဲ့တဲ့ အမည် မခံဝံ့ရှာသူ ပုဂ္ဂိုလ်လို မိမိကိုယ်ကို ဘယ်သူဘယ်ဝါဆိုပြီး  အမည်မဖော်ဝံ့သူ တစ်ယောက်က လှမ်းဆက်ပြီး မဖွယ်မရာတွေ ပြောသွားတာနဲ့လည်း တစ်ခါ ကြုံလိုက်ရပြန်သေးတယ်။

သူတို့လုပ်ရပ်တွေက ရယ်စရာကောင်းနေတာကို သတိထားရကောင်းမှန်း မသိရှာတဲ့ တောကျသူတွေပါပဲ။

တောကျနေတဲ့ကြားထဲမှာမှ လူရည်မလည်သူတွေကလည်း ရှိပါသေးတယ်။

အဲဒါကတော့ ကျွန်တော်က ယေဘုယျသဘောနဲ့ ပုဂ္ဂိုလ်တစ်ဦး၊ တိုက်တစ်တိုက်၊ လုပ်ငန်းတစ်ခုလို့ ဆောင်းပါးထဲမှာ ရည်ညွှန်းလိုက်တဲ့အခါမှာ မအူမလည်နဲ့ “သူ ပြောတာ ကျွန်တော်ပါခင်ဗျ၊ ကျွန်တော့်တိုက်ပါခင်ဗျ၊ ကျွန်တော့် လုပ်ငန်းပါခင်ဗျ”ဆိုပြီး ထအော်တဲ့ လုပ်ရပ်တွေပါ။

ပထမဆုံး စကြုံရသူဆို၊ ငိုအားထက်ရယ်အားသန်ပါ။ အဲလို မအူမလည်နဲ့ “သူ ကျွန်တော့်ကို ပြောလိုက်တာပါခင်ဗျ”ဆိုပြီး ထအော်သူဟာ အနုဉာတတစ်ဦး မဟုတ်မူဘဲ စာဖတ်ပရိသတ်ကို ထူးခြားဆန်းပြားတဲ့ ပဉ္စလက် နည်းပေါင်းစုံနဲ့ ဖမ်းစားဖို့ အားထုတ်နေတဲ့ အထင်ကရ စာရေးသူတစ်ဦးဖြစ်နေတဲ့အတွက် ကျွန်တော့်မှာ ငိုအားထက် ရယ်အားတွေ တအားသန်ခဲ့ရဖူးပါတယ်။ အော်… ကိုယ့်လူနှယ်၊ သည်လောက်မှ လူရည်မလည်လေခြင်းပေါ့။

အဲလိုပါပဲ၊ ကျွန်တော်က ယေဘုယျသဘောနဲ့ အမည်နာမ တိတိပပ မတပ်ဘဲ ရေးစရာရှိတာကို ရေးထည့်လိုက်တဲ့စာတချို့နဲ့ ပတ်သက်ပြီး ဆွေ့ဆွေ့တွေ ထခုန်ကုန်ကြပြီး သင်္ကာတွေ ရှင်းကြပြန်တဲ့အခါ ဝန်ခံရာ လုံးလုံး ရောက်သွားတော့တာကို မမြင်တတ်ကြပြန်ဘူး။ အဲလို လူရည်မလည်တဲ့သူတွေဟာ သူ့နယ်ပယ်နဲ့သူ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ၊ အသိရှင်တွေ၊ အတတ်ရှင်တွေ၊ ဂုဏ်မြင့်သူတွေဖြစ်နေတဲ့အခါမှာတော့  ကျွန်တော့်မှာ အံ့ဩလို့မဆုံးအောင် ဖြစ်ဖြစ်သွားရပါတယ်။

စာရေးသူဆိုတာကတော့ အမြင်မတော်တာ၊ အကြားမလျော်တာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒီ့ အမြင်အကြား မတော်မလျော်တာတွေဟာ လူအများနဲ့သက်ဆိုင်ပြီလို့ ယူဆလိုက်တာနဲ့တစ်ပြိုင်နက် ချရေးဖြစ်သွားတတ်ကြပါတယ်။ သည်အခါမှာ အရေးခံရသူဘက်က အနေတတ်ဖို့ သိပ်လိုပါတယ်။

အနေမတတ်ဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ကြုံတိုင်း သင်္ကာရှင်းနေမယ်ဆိုရင်တော့ အများအလယ်မှာ ရှက်စဖွယ်ဖြစ်သွားတတ်တာကို လူတိုင်း သတိချပ်သင့်တယ်လို့ ထင်ပါတယ်။

နောက်တစ်ချက်က လမ်းဘေးမှာ စိတ်မနှံ့သူတစ်ယောက်ကို တွေ့လိုက်တဲ့ကလေးတွေက “ဟာ… အရူးကြီးဟေ့၊ အရူးကြီး”လို့ ပြောလိုက်တာကိုပဲ မဆီမဆိုင် ဘေးလူတစ်ယောက်က ဝင်တဲ့ပြီး “မင်းတို့ ငါ့ကို စောင်းပြောတာလားကွ”ဆိုပြီး ရန်ဝင်လုပ်တာမျိုးလည်း ကြုံဖူးပါတယ်။ အဲဒါကျတော့ ဘယ်လို ခေါင်းစဉ် တပ်ရမယ်မှန်းတောင် ရုတ်တရက် မစဉ်းစားတတ်ဘူး။ နောက်ဆုံးကျတော့မှ အော်… ဒါဟာ စိတ်ဓာတ်မလုံခြုံမှု တစ်မျိုးပါလားလို့ တွေးမိသွားရပါတယ်။

စာဖတ်သူ လူကြီးမင်းကရော၊ ဘယ်လိုလူစားမျိုးပါလဲ၊ မြို့ကျသူလား၊ လူရည်လည်သူလား၊ စိတ်ဓာတ်လုံခြုံသူလား။

ဘယ်လိုလူမျိုးပဲဖြစ်နေစေကာမူ၊ မိမိရဲ့စရိုက်ကို မိမိကိုယ်တိုင်မှတစ်ပါး အခြားသူက ဖော်ဆောင်ပေးနိုင်စွမ်း၊ တံဆိပ်ကပ်နိုင်စွမ်း မရှိတာတော့ သေချာနေပါတယ်လေ…။

၂၀ဝ၁ ဇူလိုင် ၉ ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ “ဖြေတွေးလေးများ” စာအုပ်ထဲက စာတစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။