Skip to content

True Love As I Have Learnt

2 May 2010

ကျွန်တော် နားလည်တဲ့ “အချစ် (အစစ်)”

“အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့  မေးခွန်းကို လူအတော်များများ မေးဖူးကြမယ်၊ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်ဘဝမှာလည်း သည်မေးခွန်းကို မကြာခဏ အမေးခံရဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း သည်မေးခွန်းကို မေးမိခဲ့ဖူးတယ်။


အသက် တော်တော်ရတဲ့အထိ  အချစ်ကို ကျွန်တော် နားမလည်ခဲ့ရိုး အမှန်ပါ။ ဘဝမှာ မိန်းကလေး အတော်များများနဲ့ ရည်ငံဖူးတယ်၊ အတော် များများကိုလည်း စွဲလမ်းဖူးတယ်၊ မစားနိုင်၊ မအိပ်နိုင်၊ တမှိုင်မှိုင်၊ တတွေတွေနဲ့ ကြွေခဲ့ဖူး၊ ဝေခဲ့ဖူး၊ လေခဲ့ဖူးပါတယ်။


အဲဒါတွေကိုပဲ “အချစ်”လို့ ယုံမှတ်မှားနေခဲ့တာ အသက် ၃၀ ကျော်တဲ့ အထိပါပဲ။ ဒါတောင် ကျွန်တော်က စာတွေ အတော်ဖတ်ထားခဲ့တဲ့အတွက် ချစ်ခြင်း မေတ္တာဆိုတာနဲ့ နှစ်သက် စွဲလမ်းမှုတို့ ကွာခြားတဲ့ အကြောင်းကို “စာသိ” သိထားခဲ့တာပါ။ အဲသလို သိပင်သိငြားသော်လည်း တကယ်တမ်း ကိုယ်တွေ့ ကြုံရချိန်တိုင်းမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ထင်မြင် ယုံမှားတာကတော့ လျော့မသွားခဲ့ဘူး။

အသက် ၃၅ နှစ်လောက် ရောက်တဲ့အခါမှ ကျွန်တော့်ဘဝမှာ အချစ်ဆိုတာကို ဘွားခနဲ တွေ့သွားတယ်လို့ ဆိုနိုင်ပါတယ်။

တလောဆီက မိတ်ဆွေလေးတစ်ယောက်က “အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ အပ်ကြောင်းထပ် မေးခွန်းကို မေးနေတာ နားစွန်နားဖျား ကြားလိုက်ရတယ်။ ကျွန်တော့်ကို တည်ပြီး မေးတာမဟုတ်ပေမယ့် ဖြေကြည့်ချင်စိတ်တွေ ပေါက်လာခဲ့မိရပါတယ်။ စိတ်နာနာနဲ့ကို ဖြေလိုက်စမ်းချင်တာပါ။

“စိတ်နာနာနဲ့”လို့ ပြောရတာလည်း အကြောင်းရှိပါတယ်။ ကျွန်တော့်ဘဝမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ယုံမှားပြီး လွဲခဲ့တဲ့အဖြစ်တွေအပေါ် စိတ်နာတာက တစ်ကြောင်းပါ။ နောက်တစ်ကြောင်းက ကျွန်တော့်နောက်က မျိုးဆက်သစ်တွေမှာလည်း  အဲဒီ့နှစ်သက်စွဲလမ်းမှုကိုပဲ အချစ်လို့ ထင်မြင် ယုံမှားပြီး ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်မိကြရာက မထွေးနိုင်၊ မအံနိုင်တွေ ဖြစ်ကုန်ကြတာကို မြင်နေ၊ ကြားနေ၊ တွေ့နေရတာလည်း ပါပြန်ပါသေးတယ်။
ဒါနဲ့ပဲ ကျွန်တော် နားလည်ထားတဲ့ အချစ်အကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ ဝိတ္တာရချဲ့ဖို့ စိတ်ကူးက ပေါ်လာရပါတော့တယ်။

နှစ်သက် စွဲလမ်းမှု သို့မဟုတ် မွှန်စိတ်

သိုးဆောင်းဘာသာစကားမှာတော့ နှစ်သက်စွဲလမ်းမှုကို INFATUATION လို့ ခေါ်ပါတယ်။ အချစ်ဆိုတဲ့ LOVE  နဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စပါ။ အရပ်သုံးစကားနဲ့ အလွယ်ပြောရမယ် ဆိုရင်တော့ “မွှန်စိတ်”လို့ ခေါ်ရမယ် ထင်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတစ်ခုခုအပေါ်မှာ နှစ်သက်စွဲလမ်းစိတ်က အချိန်မရွေး ပေါ်လာနိုင်ပါတယ်။ “ဘကြီးအောင် ညာတယ်”ဆိုတဲ့ နာမည်ကျော်ဝတ္ထုထဲက ကလေးလေးရဲ့ ဘကြီးအောင် ထုဆစ်နေတဲ့ ယမင်းရုပ်ကလေးအပေါ် နှစ်သက်စွဲလမ်းမှုမျိုးဟာ လူတို့ရဲ့ ဘဝမှာ အချိန်အခါမရွေး၊ အသက်အရွယ်မရွေး၊ ဉာဏ်ပညာမရွေးဘဲကို ပေါ်လာနိုင်တဲ့ စိတ်မျိုးပါ။

နှုတ်ခမ်းနီလေး တစ်တောင့်၊ ပိတ်စလေး တစ်စမှသည် ကားတစ်စင်း၊ အိမ်တစ်လုံးအထိလည်း နှစ်သက်စွဲလမ်းမှုဆိုတာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါက သက်မဲ့ အရာဝတ္ထုတွေအပေါ်  စွဲလမ်းနှစ်သက်တာမျိုးပါ။ အဲဒီ့ကမှ တစ်ဆင့် ပန်းချီကားတစ်ကား၊ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ တေးသွားတစ်စကို နှစ်သက်စွဲလမ်းတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ ဒါမျိုးကျတော့ အနုပညာရဲ့ ဖမ်းစားမှု “မှော်”က ပါလာပြီ။ အဲဒီ့က တစ်ဆင့် အဆိုတော်တစ်ဦး၊ ရုပ်ရှင်သရုပ်ဆောင်တစ်လက်ကို နှစ်သက်စွဲလမ်းမှုမျိုးလည်း ရှိနေပြန်တယ်။ သည်အခါကျပြန်တော့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းမှုက အနည်းနဲ့အများ ကဲလာပါပြီ။

တရားသဘောနဲ့ ကြည့်ရင်တော့ တပ်မက်ခြင်းဆိုတဲ့ တဏှာက သက်ရှိကိုပဲ စွဲလမ်း၊ စွဲလမ်း၊ သက်မဲ့ကိုပဲ တွယ်ငြိ၊ တွယ်ငြိ၊ အတူတူပါပဲ။ လောကီ သုံးစကားဖြစ်တဲ့ တဏှာပေမကတော့ သက်မဲ့တွေနဲ့ မသက်ဆိုင်လှဘဲ သက်ရှိများအပေါ် စွဲလမ်းတပ်မက်စိတ်ကိုသာ တံဆိပ်ကပ်ပေးကြရိုးပါ။

မစားနိုင် မအိပ်နိုင်၊ တမှိုင်မှိုင် တတွေတွေ၊ တခွေခွေ တတမ်းတမ်း၊ တနွမ်းနွမ်း တအိအိ ဖြစ်မိကြရတာဟာ အဲဒီ့စွဲလမ်းတပ်မက်စိတ်ကြောင့်ပါ။ အရူးအမူးဖြစ်ကြရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုကြောင့်ပဲ ဖြစ်ပါ တယ်။

လူပျိုပေါက်အရွယ်က “ဂစ်တာ” တစ်လုံးကို အရူးအမူး ရယူ ပိုင်ဆိုင်ချင်ခဲ့ဖူးပါတယ်။ စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်နဲ့ နေဖြစ်ခဲ့ဖူးတယ်။ ရှစ်နှစ်ရွယ် ကျွန်တော့်သမီးလေးက လက်ပတ်နာရီကိုပဲ တပူဆာဆာ လုပ်ခဲ့ဖူးတယ်၊ ခြောက်နှစ်ရွယ် သားတော်မောင်ကျပြန်တော့ သေနတ်၊ သေနတ်နဲ့၊ ဘာလိုချင်လဲလို့ မေးမိတိုင်း သေနတ်နေခဲ့တာမျိုးလည်း ကြုံဖူးတယ်။

ဒါတွေက အချိန်တန်ရင်၊ ဒါမှမဟုတ် စိတ်ဝင်စားမှု ပြောင်းသွားရင်၊ ဒါမှမဟုတ်လည်း လိုချင်တာ ရပြီး ရိုးအီသွားရင် အလိုလို ပျောက်သွားတတ်တဲ့ စွဲလမ်းတပ်မက်မှုမျိုးပါ။

သက်ရှိဖြစ်တဲ့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းတပ်မက်မှုကတော့ တော်တော်နဲ့ မပျောက်တတ်ဘူး။ ဆိုကြပါစို့၊ လူပျိုဖော် မဝင့်တဝင်ကတည်းက ကျွန်တော်ဟာ “ခင်သန်းနု”ကို အရမ်းစွဲလမ်းတာ။ ခင်သန်းနုမှ ခင်သန်းနုပဲ၊ ဘယ်မင်းသမီးကိုမှ ကြည့်လို့ မရဘူး။ အိပ်မက်ထဲတောင် ခင်သန်းနုကို ထည့်မက်တဲ့အထိ စွဲတာပါ။
ချိုပြုံးပေါ်လာတော့ ချိုပြုံးကိုလည်း ကျွန်တော် တော်တော် ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက ခင်သန်းနုကို စွဲသလောက်တော့ မစွဲဘူး။ အိပ်မက်ထဲလည်း ချိုပြုံးကို မမက်မိဘူး။ ကြိုက်တာတော့ တော်တော့်ကို ကြိုက်တယ်၊ တပ်မက်တယ်၊ ဒါပေမယ့် မစွဲလမ်းတာလို့ ပြောရမယ် ထင်ပါတယ်။

ဒါက ကိုယ်နဲ့ ဘယ်လိုမှ နီးစပ်စရာ၊ ပတ်သက်စရာ လမ်းမရှိတဲ့ ဆန့်ကျင်ဘက်လိင်အပေါ် နှစ်သက်စွဲလမ်းတာ၊ တပ်မက်တာကို ဥပမာပေးလိုက်တာပါ။

အဲဒီ့ကမှတစ်ဆင့် ကိုယ်နဲ့ နီးစပ်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက် စွဲလမ်းရတာမျိုးကလည်း ရှိလာပါတယ်။ အဓိကကတော့ ကိုယ့်မျက်စိထဲမှာ လှတယ်လို့ ထင်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက်စွဲလမ်းတာပါ။

အဲဒါကျတော့ “ဂစ်တာ”ကို စွဲလမ်းတာမျိုး၊ ရုပ်ရှင်သရုပ်ဆောင်ကို စွဲတာမျိုးထက် ပိုသွားပါပြီ။ အဲဒီ့စိတ်ရဲ့တပ်မက်မှု အတိုင်းအဆက ပိုလို့ ကြီးပါတယ်။ ရယူပိုင်ဆိုင်ချင်စိတ်တွေကလည်း နီးစပ်ရင် နီးစပ်သလောက်ကို ဆီးမနိုင်၊ တားမရ ဖြစ်တတ်ပါတယ်။

မျက်နှာလေးကို မြင်နေရတာနဲ့ ထမင်းမေ့၊ ဟင်းမေ့ဖြစ်ရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုပါပဲ။ ပင်လယ်ကိုပဲ ကူးရ ကူးရ၊ တောင်တွေကိုပဲ ကျော်ရ ကျော်ရ၊ ဆူးပုံကိုပဲ နင်းရ နင်းရ၊ ဘာကိုမဆို ကျော်လွှား ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတာဟာ အဲဒီ့ “တပ်မက်စိတ်”ကြောင့်ပါပဲ။ တစ်နည်းပြောရရင် စွဲလမ်းတပ်မက်မှုဟာ လူကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေတတ်ပါတယ်။ “မွှန်စိတ်”ဆိုတာ အဲဒီ့မှာ ပေါ်လာတော့တာပါပဲ။

အဲဒါကိုပဲ အချစ်လို့ ထင်မိ၊ ယုံမိတတ်ကြတာလည်း လူတိုင်းလောက် နီးနီးပါပဲ။ သည်နေရာမှာ လူပျိုအပျိုဖော်ဝင်ခါစမို့လို့၊ ငယ်သေးလို့၊ နုသေးလို့ အဲသလိုဖြစ်ရတာလို့ ထင်စရာ ရှိပါတယ်။ အမှန်တော့ အဲဒီ့“မွှန်စိတ်”ဟာ အရွယ်မရွေးပါဘူး၊  ကျောင်းသင်ပညာတွေနဲ့လည်း သိပ်မဆိုင်ပါဘူး။ စွဲလမ်းမှုအတိုင်းအဆ ကြီးရင်ကြီးသလို အချိန်အရွယ်မရွေးဘဲ ပေါ်လာတတ်တဲ့ စိတ်မျိုးပါ။ အဲဒါကို သတိတွေ၊ ဉာဏ်တွေနဲ့ ထိန်းချုပ် ကွပ်ကဲမှု မပြုနိုင်ဘူးဆိုရင်တော့ ဘဝလှေပါ စုံးစုံးနစ်သွားရတတ်တယ်။

ပိုဆိုးတာက အဲဒီ့ “မွှန်စိတ်”ကိုပဲ “အချစ်”လို့ ခမ်းနားတဲ့ တံဆိပ်တစ်ခု ကပ်လိုက်တာနဲ့တင် ထင်ရာစိုင်းလိုက်ချင်စရာ ပိုကောင်းသွားပါတယ်။ ဝတ္ထုတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကလည်း ချစ်ပြီးရင်း ချစ်ပြနေလေတော့ကာ နဂိုကမှ လူတွေမှာ ဂယောင်ပြနေတဲ့ကြားထဲ မီးလောင်ရာ လေပင့်သလိုတွေ ဖြစ်ကုန်ပါရောလား။

တကယ်တော့ အချစ်တွေကို ဖွဲ့ဆိုသီကုံးတင်ဆက်နေကြတဲ့ အနုပညာသည် အများစုကိုယ်တိုင်က မွှန်စိတ်နဲ့ အချစ်နဲ့ မခွဲတတ်ရှာကြတာကို ဘယ်သူမှ သတိမထားမိဘူးလို့ ထင်ပါတယ်။

“အချစ်အတွက်ဖြင့် အသက်ပင် သေသေ”တို့ခေတ်မှသည် “ကိုယ် ကြေကွဲနေပြီ”လို့ အက်ကွဲတုန်ယင်စွာ အော်ကြတဲ့ခေတ်အထိ အချစ်ဖွဲ့ အများစုကို မွှန်နေချိန်မှာ ရေးခဲ့၊ သီခဲ့တာမျိုးတွေသာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ တွေးနေမိရတယ်။

အဲသလို မွှန်လို့ကောင်းနေချိန်က ယူတတ်ရင် တယ် အရသာရှိတာမျိုးကလား။ လမင်းကြီးကို ကြည့်ပြီးလည်း လွမ်းလို့ ရတယ်၊ သီချင်းလေးတွေ နားထောင်ရင်းနဲ့လည်း တမ်းတလို့ ရတယ်၊ သစ်ရွက်ကလေးတွေ လှုပ်တာကို ကြည့်ပြီးလည်း မျက်ရည်စို့လို့ ရတယ်၊ ယုတ်စွအဆုံး ဟိုဘက်အိမ်က ကလေး ငိုရင်တောင် အလိုလို ဆို့ချင်ဆို့နေနိုင်သေးတဲ့အဖြစ်။

ဒါပေမယ့် အဲဒီ့“မွှန်စိတ်”က အချိန်တစ်ချိန်မှာ အတောသတ်သွားတတ်စမြဲပါပဲ။ အထက်မှာပြောခဲ့သလို ရိုးသွား၊ အီသွားချိန်မှာ အချစ်လို့ ထင်တာတွေ အားလုံးကို ပြည်ဖုံးကားချလိုက်ချင်လာကြတာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။

လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် မဆုပ်ကိုင်မိသေးခင်၊ အငွေ့လောက်နဲ့ ကျေနပ် တင်းတိမ်နေရချိန်မျိုးမှာတော့ အဲဒီ့မွှန်စိတ်ကိုပဲ အချစ်လို့ “အမှတ်မှား”နေခဲ့ရာက တကယ်လည်း လက်ဝယ်ပိုင်ပိုင်၊ ဆုပ်ကိုင်ခွင့်တွေရ၊ ပိုင်ဆိုင်ခွင့်တွေရ၊ စားသုံးခွင့်တွေရပြီဆိုတာနဲ့ ရိုးအီမှုက တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတော့တယ်။
သည်အခါမှာ တခြားတစ်ပါးသူဘက် ခြေဦးလှည့်ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ သည်ကိစ္စဟာ ယောက်ျားတွေမှာတော့ အလွန် သိသာ ထင်ရှားတဲ့ ကိစ္စပါ။ မိန်းမသားတွေမှာကျတော့ အရှက်တရားရယ်၊ အစဉ်အဆက် စောင့်ထိန်းခဲ့ကြရတဲ့ ကျင့်ဝတ်များကြောင့်ရယ်ကြောင့် သည်ကိစ္စမှာ ယောက်ျားသားများလောက် မစွန့်စားရဲရှာကြဘူး၊ စွန့်စားဖို့နေနေသာသာ၊ စိတ်ကူးထဲတောင် မထည့်ရဲရှာကြဘူး။

(ကျွန်တော်ပြောချင်တာက လူဆိုတဲ့သတ္တဝါတွေမှာ ဖြစ်တတ်မြဲ  မွှန်စိတ်ဆိုတာကိုပါ။ ဒါပေမယ့် လူ့ဘောင်မှာ ကျားမ ကွဲပြားမှုကြောင့် အနေအထားတွေလည်း မတူ ခြားနားပါတယ်။ ဒါကြောင့် မွှန်စိတ်ကို ချဆွေးနွေးရာမှာ မိန်းမသားတွေဘက်က စောဒကတက်စရာ အချက်အလက်များ ပါရှိနေခဲ့မယ်ဆိုရင် ယေဘုယျသဘောလို့ မှတ်ယူပြီး ဆင်ခြင်ပေးကြပါလို့ စကားချပ်အနေနဲ့ မေတ္တာရပ်ခံထားချင်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ်၊ လူ့အကြိုက်ဆိုတာ ပြောင်းနေတတ်စမြဲမို့ အကြိုက်ကို အခြေခံထားတဲ့ “မွှန်စိတ်”ဟာ တည်ရိုး၊ မြဲရိုး ထုံးစံမရှိပါဘူး။

ဒါကို နားမလည်တတ်တဲ့ မိန်းမသားများဟာ အဲဒီ့ “ချစ်လှချေရဲ့၊ မရရင် သေရပါတော့မယ်”ဆိုတဲ့ ယောကျာ်းသားများ အချိန်တန်လို့ ဖောက်ပြားကုန်တဲ့အခါ ဘယ်လိုမှကို နားလည်မပေးနိုင်တော့ဘဲ ဆွေ့ဆွေ့တွေ ခုန်ကုန်ရတတ်ပါတယ်။ ထိုနည်းလည်းကောင်း ညားခါစကာလအထိ ချစ်မဆုံး၊ ကြိုက်မဆုံး ဖြစ်ခဲ့ရတဲ့ ကိုယ့်ချစ်သူ(လို့ထင်မှတ်ထားသူ)ဟာ အိမ်ထောင်သက်တွေ ကြာလာလေလေ၊ စိတ်ပျက်စရာကောင်းလေလေလို့ ခံစားလာရတာမျိုးဟာလည်း အဲဒီ့ “မွှန်စိတ်ကို အခြေခံတဲ့ ဆက်ဆံရေး”ကို အဟုတ်မှတ်မှုရဲ့ ရလာဒ်ပါပဲ။

အချစ်ဆိုတဲ့ ဝေါဟာရ

အချစ်ဆိုတာ တမင် ဖန်တီးယူလို့လည်း မရ၊ ဇွတ်အတင်း ဖျောက်ဖျက်ပစ်လို့လည်း မရစကောင်းတဲ့အရာလို့ ပထမဆုံး ဖွင့်ဆိုလိုက်ချင်ပါတယ်။

ဒါဖြင့် စောစောကပြောနေတဲ့ “မွှန်စိတ်”ဆိုတာကရော တမင် ဖန်တီး ယူလို့ ရနိုင်သလားလို့ မေးစရာ ရှိပါတယ်။ ကြိုက်တယ်ဆိုတဲ့အထိက တမင် ဖန်တီးလို့ မရပါဘူး။ ကြိုက်တဲ့အဆင့်ကနေ စွဲလမ်းနှစ်သက်တာ၊ စုံမက်လာတာကိုလည်း တမင် ဖန်တီးလို့ မရဘဲ သူ့အလိုလို ဖြစ်ပေါ်လာတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကိုပဲ “အချစ်”ဆိုတဲ့ တံဆိပ် ကပ်ပေးလိုက်မိချိန်မှာတော့ “မွှန်စိတ်”ကို “သတိမဲ့” ပျိုးယူလိုက်ရာ ရောက်သွားပါတယ်။ အဲဒီ့မှာတင် အယူအကောက်တွေ အကုန်လွဲပြီး ထိန်းမနိုင်၊ တားမရတဲ့ ဇာတ်လမ်းစုံ ပေါ်လာရတော့တာပါပဲ။

“အချစ်”ဆိုတာကျတော့ မွှန်စိတ်လို ရုတ်ချည်း ဖြစ်ပေါ်ခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့် “ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့”လို့  ကုန်းအော်မိရလောက်အောင် “အချစ်(အစစ်)”က မနုံခြာလှပါဘူး။

“မြင်မြင်ချင်း ချစ်တယ်”တို့၊ “ရေစက်ဟောင်း”တို့ဆိုတာက သီချင်းထဲ၊ ဝတ္ထုထဲက စကားလုံးသက်သက်တွေပါ။ တကယ်က အချစ်က မျက်စိ မရှိတဲ့အတွက် မမြင်နိုင်ပါဘူး။

“မြင်တယ်”ဆိုတာ အာရုံပါ။ အဲဒီ့ အာရုံက ဦးနှောက်ကို စေ့ဆော်လိုက်တဲ့အခါ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ ဖြစ်ပေါ်လာတတ်စမြဲပါပဲ။ အဲဒါကိုပဲ မြင်မြင်ချင်း ချစ်သွားတယ်လို့ ပြောရင် အမှားကြီး မှားပါလိမ့်မယ်။ အမှန်က ကြိုက်မိတာကို သက်သက်မဲ့ “လုံးချ”ချင်ဇောနဲ့ “မြင်မြင်ချင်းပင် ဘာကြောင့်များချစ်ချင်တယ်”တွေ၊ ဘာတွေဆိုပြီး စွတ်တင်ကြတော့တာပါပဲ။

အချစ်က မျက်စိ မရှိပါဘူး။ “မြင်ပြီးမှ ချစ်တယ်”ဆိုတဲ့ စကားထဲက “ချစ်”ဟာ တကယ်တော့ “ချစ်ခြင်း(အစစ်)”ရဲ့ အနက်နဲ့ မသက်ဆိုင်ပါဘူး။ အဲဒီ့“ချစ်”က “ချစ်စရာကောင်းတယ်”ဆိုတဲ့ အသုံးအနှုန်းထဲက “ချစ်”မျိုး၊ ခပ်ပေါ့ပေါ့ပဲဖြစ်ပါတယ်။ လမ်းမှာ ဖျတ်ခနဲ တွေ့လိုက်တဲ့ ကလေးငယ်တစ်ယောက်ကို “သည်ကလေးလေးက သိပ်ချစ်စရာကောင်းတာပဲ”ဆိုတဲ့ စကားမျိုးမှာဖြစ်စေ၊ “သည်ထဘီဆင်လေးက ချစ်စရာလေးနော်”ဆိုတဲ့ စကားမျိုးမှာ ဖြစ်စေပါဝင်တဲ့ “ချစ်”ဆိုတဲ့ ဝေါဟာရရဲ့လေးပင်မှုလောက်နဲ့ သုံးမိတဲ့ “ချစ်”စကားဟာ မွှန်စိတ်နဲ့ ယှဉ်နေတတ်ပါတယ်။

“အချစ်ယောင်”ကတော့ တစ်မျိုးပါ။ အဲဒီ့အချစ်မျိုးကိုတော့ “ကုန်းအော်ချစ်”လို့တောင် ခေါ်နိုင်ပြန်သေးတယ်။

ဘာလို့လဲဆိုတော့ “ချစ်တယ်၊ ချစ်တယ်”လို့ တစ်ချိန်လုံး အော်ဟစ် မြည်တမ်းနေပြီး ကိုယ့်ကို ပြန်မချစ်တော့ဘူးဆိုတာနဲ့  စိတ်ချဉ်ပေါက်သွားတတ်တဲ့ အချစ်မျိုးပါ။
တစ်နည်းအားဖြင့် “အတ္တဗဟိုပြုအချစ်”လို့လည်း ခေါ်မယ်ဆို ခေါ်နိုင်ပါသေးတယ်။ ငါ့ကို ပြန်ချစ်ရင်ချစ်၊ မချစ်ရင် နင့်ကို ငါ ဆက်မချစ်နိုင်တော့ဘူးဆိုတာမျိုးဟာ တကယ်တော့ “အချစ်ယောင်”ပါ။

တစ်ခါတစ်ရံမှာ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်ကိုဖြစ်စေ ချစ်လှပါချေရဲ့တွေ ဖြစ်နေပြီး ဂရုတွေ လွှတ်စိုက်နေမိတတ်ပါတယ်။ ဒါပေမယ့် အချစ်ခံလူ၊ ဒါမှမဟုတ် သတ္တဝါဆီက တုံ့ပြန်ဂရုစိုက်မှုကို ပြန်မရတဲ့အချိန်မှာ စိတ်ချဉ်တွေ ပေါက်လာပြီး “သင်းတော့လား၊ နေနှင့်ဦးပေါ့။ ငါမရှိမှ ငါ့တန်ဖိုးကို သိမယ်။ ငါက စေတနာ ထားရသလောက်၊ ချစ်ရသလောက်  သင်းကဖြင့် ငါ့တစ်ဝက်လောက်တောင် ငါ့အပေါ် သိတတ်မှု မရှိဘူး”စသဖြင့် ဘာဘာညာညာတွေ တွေးမိ၊ ရွတ်မိ ကုန်တဲ့အချစ်မျိုးက “ချစ်တယ်”လို့ ကြွေးကြော်ရင်းနဲ့ “အချစ်ခံချင်တယ်”ဆိုတဲ့ အတိတ်စိမ်းကို ပေးနေတဲ့ “အချစ်ယောင်”ပါ။

တပ်မက်မှုကို အခြေခံနေတဲ့ “ရမ္မက်”ကြောင့် အချစ်ယောင်ဖြစ်လာရတာပါ။ ဒါကိုတော့ အင်္ဂလိပ်လို PASSION လို့ ခေါ်ကြပါတယ်။

အချစ် (အစစ်)

တကယ့်အချစ် (အစစ်)၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာက အဲဒါတွေလောက် မပေါ့ပါဘူး။ အဲဒီ့ “အချစ်(အစစ်)”က သိပ်ပါးရည်နပ်ရည်ရှိတယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့  သူက အချိန် ယူတာကိုး။

အချစ်တစ်ခု ဖြစ်လာဖို့အတွက်က ပယောဂတွေ အများကြီး လိုတယ်။ အဲဒီ့ ပယောဂတွေထဲမှာ “လှပတင့်တယ်မှု”ဟာ သိပ်နေရာမရတတ်ဘူး။ အချစ်က မျက်စိ မပါတဲ့အတွက် “ရုပ်”ကိစ္စဟာ အချစ်မှာ အဓိက ဇာတ်လိုက် မဟုတ်ဘူး။ ဇာတ်ပို့ဆိုရင်တောင် “ဖြတ်လျှောက်”လောက် ရိပ်ခနဲသာ ပါဝင်ခွင့်ရတဲ့ အနုဉာတ ဇာတ်ပို့မျှသာ ဖြစ်ပါတယ်။

“အချစ်(အစစ်)”ရဲ့အဓိက ဇာတ်လိုက်ကျော်က “နီးစပ်မှု” (familiarity) ပါ။ ဒါဖြင့် နီးစပ်တိုင်း ချစ်ကြသလားကွာလို့ မေးစရာ ရှိလာရပြန်တယ်။ အဲသလိုဆိုရင်တော့ အဖြေရ ကsပ်ချင်ချင်ပါ။ ဒါပေမယ့် သေချာတာက နီးစပ်ခြင်းဟာ ချစ်ခြင်းရဲ့ အမြုတေ ဖြစ်နေတာပါပဲ။ သည်နေရာမှာ “အမြုတေ” (catalyst)လို့ ဆိုလိုက်တာကို ဂရုစိုက်စေချင်ပါတယ်။ အဲဒီ့ အမြုတေ ပေါ်မှာမှ အခြား၊ အခြားသော ပယောဂ ပေါင်းစုံ ပူးလာဖို့ လိုပါသေးတယ်။

နီးစပ်မှုကြောင့် ရင်းနှီးကျွမ်းဝင်မှု (friendliness) ပေါ်လာရပါတယ်၊ ရင်းနှီးကျွမ်းဝင်မှုနောက်မှာ နှစ်လိုခြင်း (admiration) ဆိုတာ ပေါ်လာပါ မယ်။ “နှစ်လိုခြင်း”ဟာ “နှစ်သက်ခြင်း (like)”ဆိုတာနဲ့ မတူတာကိုလည်း သတိထားရပါဦးမယ်။ နှစ်သက်တယ်ဆိုတာက ကြိုက်တဲ့အဆင့်မှာတင် ရပ်နေပါတယ်။ “နှစ်လို”တဲ့အခါမှာတော့ နှစ်သက်ရုံမက လိုလားတာတွေပါ ပါလာတယ်။ လိုလားရာမှာလည်း မိမိအတွက်တင်မက တစ်ဖက်သားအတွက်ပါ ကိုယ်က လိုလိုလားလား ရှိလာတာကိုမှ နှစ်လိုတာလို့ ပြောလိုက်ချင်ပါတယ်။


အဲသလိုနဲ့ တစ်ဖက်သားအပေါ် တန်ဖိုးထားနိုင်လာတယ် (appreciation)၊ သံယောဇဉ်ကြီးစွာ တွယ်တာလာနိုင်တယ် (attachment)၊ မြတ်နိုးလို့ လာနိုင်ပါတယ် (affection)။ အဲဒီ့ကမှ နောက်ဆုံး အဆင့်အနေနဲ့ ကရုဏာစိတ် (compassion)ကလည်း ဆီးမနိုင်၊ တားမရအောင် ပွားလာပါတော့တယ်။

အဲသလိုနဲ့ နီးစပ်မှုကို အခြေခံပြီး တငွေ့ငွေ့ ဖွဲ့တည်လာတဲ့ အချစ် (အစစ်)ဟာ လူတစ်ယောက်ရဲ့ဘဝထဲကို ရောက်လာတတ်ပါတယ်။ အချစ်ဆိုတဲ့စိတ် ဖြစ်လာတဲ့ အခိုက်အတန့်ကို အဲဒီ့လူကိုယ်တိုင်က သတိမထားမိလိုက်နိုင်ပါဘူး။ တစ်နည်းပြောရရင် တစ်ဖက်သားအပေါ် ဘယ်အချိန်၊ ဘယ်ကာလက စပြီး ချစ်မိသွားတယ်ဆိုတာကို တိတိပပ အပြောရ ခက်နေတတ်ပါတယ်။

အဲဒါဟာ အချစ်ပါလို့ နှုတ်နဲ့ ကြွေးကြော် မြည်တမ်းလိုက်ဖို့လည်း အလွန် ဝန်လေးနေရတတ်ပါတယ်။ ရင်ထဲမှာ ထုနဲ့ ထည်နဲ့၊ အုံနဲ့ ကျင်းနဲ့ ခမ်းခမ်းနားနားကြီး တည်နေတဲ့ ခံစားချက်တစ်ရပ်ကို “အချစ်”ရယ်လို့ ခပ်နုတ်နုတ် အမည်ပေးလိုက်ရမှာကိုတောင် မဝံ့မရဲ ဖြစ်နေရတတ်ပါတယ်။

ကျွန်တော့် ပုဂ္ဂလိက အတွေ့အကြုံနဲ့ အတွေးအမြင်အရ အဲဒါဟာ “အချစ် (အစစ်)” ဖြစ်နေပါတယ်။

အချစ်(အစစ်)ရဲ့ ဝိသေသလက္ခဏာများ

အချစ်(အစစ်)မှာ ကိုယ့်ကို ပြန်ချစ်ခြင်း၊ မချစ်ခြင်းဟာ အရေးမကြီးတော့ပါဘူး။ ထိုနည်းတူ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနား (physical considerations) တွေလည်း သိပ်ကိစ္စမရှိတော့ဘူး။ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနားဆိုတာက အလှအပတွေ၊ ပိန်တာ၊ ဝတာတွေအပြင် ကိုယ်လက်နှီးနှောခြင်းဆိုတဲ့ ဒွါရခံစားမှုများပါ ပါဝင်လာပါတယ်။ ဒါတွေ အားလုံးဟာ အချစ်(အစစ်)မှာ သိပ် အဓိက မကျတော့ပါဘူး။

တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ငြိတွယ်မှု (mental attachment) သဘော ပိုဆောင်လာပါတယ်။

ထို့အတူ စွန့်လွှတ်ဖို့၊ အနစ်နာခံပေးဖို့လည်းဝန်မလေးတော့ဘူး။ အချစ် (အစစ်) ရင်မှာဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်ချစ်တဲ့သူရဲ့ စိတ်လက် ချမ်းသာမှုနဲ့ လိုအင်ဆန္ဒများကိုသာ ဦးစားပေးမိလာတတ်ပါတော့တယ်။ စေတနာ နိုးနေတယ်လို့ ပြောလို့ရပါလိမ့်မယ်။


အချစ်(အစစ်)မှာ “ကိုယ့်အတွက်”ဆိုတာ ပါးရှားသွားပြီး “သူ့အတွက်”ကသာ များများလာတယ်၊ “ကိုယ့်လိုဘ”ထက် “သူ့လိုဘ”ကို ပိုတွက်လာတယ်။ “ကိုယ့်ဆန္ဒ”ထက် “သူ့အကြိုက်”ကို ပိုလိုက်မိနေတတ်ပါတယ်။

အဲဒီ့ အချစ်(အစစ်)ဆိုတာ ဖိုနဲ့မ၊ တစ်မိသားနဲ့ တစ်မိသား၊ ဆန့်ကျင်ဘက် လိင်ချင်း ချစ်ဖြစ်ကြတဲ့ “ကိလေသာချစ်”မှာလည်း ရှိနိုင်ပါတယ်၊ “၅၂၈ချစ်”လို့ ခေါ်ကြတဲ့ မိဘနဲ့ သားသမီးအချစ်မှာလည်း ရှိနိုင်ပါတယ်၊ မောင်ချစ်၊ နှမချစ်၊ သူငယ်ချင်းချင်း ချစ်ကြတဲ့အချစ်တွေမှာလည်း တကယ့် အချစ်(အစစ်)ဆိုတာ ရှိနိုင်ပါတယ်။ (အဲ… သို့သော်လည်း နည်းနည်းတော့ ရှားတတ်ပါတယ်။)


တကယ် အချစ်(အစစ်)နဲ့ ချစ်လာရင် သားသမီးကိုပဲ ဖြစ်ဖြစ်၊ မိဘကိုပဲဖြစ်ဖြစ်၊ လင်သားကိုဖြစ်ဖြစ်၊ ဇနီးသည်ကိုဖြစ်ဖြစ်၊ မောင်နှမကို ဖြစ်ဖြစ်၊ သူငယ်ချင်းကိုဖြစ်ဖြစ် “ချစ်လှချေရဲ့”လို့ ပြောဖြစ်ချင်မှ ပြောဖြစ်မှာ ဖြစ်ပေမယ့် အဲဒီ့ကိုယ့်ချစ်သူရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းရာ ကောင်းကြောင်း၊ စိတ်ချမ်းသာရာ ချမ်းသာကြောင်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တဲ့စိတ်တွေ ပေါ်ပေါက်နေတတ်တယ်။ ဒါပေမယ့် အဲသလို ကိုယ့်ချစ်သူ တိုးတက်စေဖို့၊ ကောင်းစေဖို့၊ စိတ်ချမ်းသာစေဖို့ အရေးတွေမှာ ကိုယ်ဖြစ်စေချင်တာ တစ်ခုတည်းကို ပဓာန ထားပြီး ဇွတ်အတင်းလုပ်ယူတဲ့ နည်းမျိုးတွေကိုတော့ အလိုလို ရှောင်တတ်သွားတယ်။
တစ်နည်းအားဖြင့် ကိုယ်ချစ်ရတဲ့သူရဲ့ ပကတိအနေအထားကို လက်ခံနိုင်လာတယ်၊ ကိုယ်လိုချင်တဲ့ ပုံစံကိုရောက်အောင် သိမ်းသွင်းယူဖို့၊ ပြုပြင်ယူဖို့ အားမထုတ်တော့ဘူး။ အဲဒါဟာ အချစ်(အစစ်)ရဲ့ အထူးခြားဆုံး ဝိသေသလက္ခဏာပဲ ဖြစ်ပါတယ်။

စဉ်းစားစရာ

ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို ချစ်တယ်လို့ အဖေတို့၊ အမေတို့ကလည်း ပြောကြဖူးတယ်၊ သားတွေ၊ သမီးတွေကလည်း ပြောကြတယ်၊ မိန်းကလေး တချို့ကလည်း ပြောဖူးတယ်၊ ကျွန်တော့်အိမ်သူသက်ထားကလည်း ပြောတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့တွေကို ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့လို့ ပြောခဲ့၊ ပြောဆဲပါ။

ထို့အတူ တိုင်းပြည်နဲ့လူမျိုးကိုလည်း တော်တော်ချစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ ရှိပါသေးတယ်။

ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချစ်ကြရာမှာ ကိုယ်ချစ်တဲ့ အရာဝတ္ထု၊ လူပုဂ္ဂိုလ်တို့ရဲ့ ရှိရင်းစွဲ ပကတိ အခြေအနေကို လက်ခံဖို့ ထက် ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လိုချင်တဲ့ ပုံစံတွေ မဝင်၊ ဝင်အောင် ဇွတ်အတင်း သွတ်သွင်းယူတဲ့အလုပ်ကို ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတာ၊ သူတစ်ပါးအပေါ်မှာလည်း လုပ်မိသွားတတ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။

သည်အခါများမှာ ကိုယ့်ကိုယ်ကိုယ်ဆိုရင် တစ်ကွက်ချန်၊ တစ်ပတ်လျှော့ တွေးတတ်ကြတဲ့ ပုထုဇဉ်တို့ ဓမ္မတာအတိုင်း “အချစ်”ဆိုတဲ့ ဝေါဟာရကို အကာအကွယ် ယူတတ်ခဲ့မိတာတွေကို ပြန်ဆင်ခြင်မိလာတယ်။ အဲသလို ဆင်ခြင်မိလာခြင်းနဲ့အတူ အဲဒီ့“အချစ်”ဆိုတဲ့ “အလွယ်သုံး ဝေါဟာရ”ကို ဖြည်းဖြည်းချင်း သံသယ ဖြစ်လာရပါတော့တယ်။

ဖြစ်ချင်တော့ အသက် ၃၅ နှစ်ကျော်လောက်မှာမှ “အချစ်(အစစ်)”ဆိုတာ နဲ့ ခလုတ်တိုက်မိပြီး ဘွားခနဲ သွားတွေ့လိုက်ပါတယ်။ အဲဒီ့မှာတင် “အချစ်”လို့ ထင်ယောင်မှားမှု (အချစ်ယောင်) တွေကိုပါ သတိထားမိလာခဲ့ရတယ်။

အဲဒီ့မှာတင် ကျွန်တော့်အတွက် အချစ်(အစစ်)ရဲ့သေချာတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုပါ တွေ့လာရပါတယ်။

အမှန်က “အချစ် (အစစ်)”ဆိုတာ “တစ်ဖက်သားဆီက တုံ့ပြန်ချစ်ကို လုံးဝ ထည့်တွက်မနေတော့ဘဲ ကိုယ့်ဖို့၊ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုဘဆိုတာတွေ ကင်းစင်ပြီး သူ့ရဲ့ ပကတိ အနေအထားကို လိုလိုချင်ချင် လက်ခံနိုင်စွမ်း ရှိတဲ့၊ သူ့အတွက် သက်သက်ကိုသာ ခပ်ရဲရဲ စဉ်းစားပေးနိုင်စွမ်းတဲ့ စိတ်ခံစားမှု”သာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ကောက်ချက် ဆွဲလိုက်မိသွားပါပြီ။

စာဖတ်သူများလည်း စဉ်းစားကြည့်ပါဦးလား။

(၁၉၉၈ မတ်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ တွေးတောဆင်ခြင်မှု အနုပညာ စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာလေးကို တင်ဆက်လိုက်တာပါ။ ပထမအကြိမ်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။)
Advertisements
23 Comments leave one →
  1. ဒီနှလုံး permalink
    2 May 2010 4:09 pm

    တိုက်တိုက်ဆိုင်ဆိုင် – ခေါင်းစဉ်ပါ အကြောင်းအရာအတွက် ဆန်းစစ်မှုတွေ လုပ်နေချိန်မှာ ဓါတ်ချောစာ(ဆရာ့စကားငှားပြောတာပါ) သတိပေးခေါင်းလောင်းသံလေးက မြည်လာပါတယ် .. ဓါတ်ချောစာ အသစ်ရောက်နေကြောင်းပါ။

    ဒါကြောင့်တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဆရာ – စားသုံးကြည့်လိုက်ပါအုံးမယ်

    ဒီနှလုံး

  2. Sint permalink
    3 May 2010 3:40 am

    Thank you for sharing your thoughts about “true love”.

  3. ဝေေ၀ permalink
    3 May 2010 12:58 pm

    ဘကြီးရေ …ခုမှပဲ အချစ်(အစစ်)အကြောင်းကို သေချာသိတော့တယ်း)

  4. pyaesone permalink
    3 May 2010 9:09 pm

    မူးသွားပြီဆရာရေ အချစ်…အချစ်

  5. Hector Lynn permalink
    21 September 2011 9:02 am

    It is really NICE …. It reveals which one is true love or not !!! I love it !!!

  6. htoohtoo permalink
    21 September 2011 10:03 am

    ရှယ်သွားပါတယ်… တွေးတောဆင်ခြင်ပေးတဲ့အတွက်ကျေးဇူးပါ

  7. 21 September 2011 10:35 am

    ခံစားမိပါရဲ့ 

  8. sweet permalink
    21 September 2011 10:55 am

    ဆရာ နီးစပ်မှုက အချစ်စစ်ရဲ့ အမြုတေဆိုရင် တယောက်နဲ့ တယောက် ဝေးကွာသွားခဲ့ရင် အမြုတေ မတည်နိုင်တော့ဘူးလားဆရာ…. ဒါဆို အချစ်ပေါ့သွားမှာလားဆရာ။ နောက်ဆုံး အချစ် ပျက်သွားမှာလားဆရာ။

    • lettwebaw permalink*
      21 September 2011 11:14 am

      သိပ်ချစ်တဲ့သူတွေ သေသွားတဲ့အခါ ကျန်ရစ်သူတွေ ဘယ်လို နေလဲဆိုတာနဲ့ ဆင်ခြင်ကြည့်ပါလေ။ သေခါစ တစ်ပတ်၊ အဲဒီ့နောက် တစ်လ၊ အဲဒီ့နောက် တစ်နှစ်၊ အဲဒီ့နောက် သုံးနှစ်၊ အဲဒီ့နောက် ဆယ်နှစ်… စသဖြင့်ပေါ့။ ဒါဆို အဲဒီ့မေးခွန်းအတွက် အဖြေ ထွက်လာပါလိမ့်မယ်။

  9. Michael Wily permalink
    21 September 2011 12:07 pm

    I accept this absolutely…..

  10. su lai permalink
    21 September 2011 1:07 pm

    ဒါပေမယ့် အချစ်ခံလူ၊ ဒါမှမဟုတ် သတ္တဝါဆီက တုံ့ပြန်ဂရုစိုက်မှုကို ပြန်မရတဲ့အချိန်မှာ စိတ်ချဉ်တွေ ပေါက်လာပြီး “သင်းတော့လား၊ နေနှင့်ဦးပေါ့။ ငါမရှိမှ ငါ့တန်ဖိုးကို သိမယ်။ ငါက စေတနာ ထားရသလောက်၊ ချစ်ရသလောက် သင်းကဖြင့် ငါ့တစ်ဝက်လောက်တောင် ငါ့အပေါ် သိတတ်မှု မရှိဘူး”စသဖြင့် ဘာဘာညာညာတွေ တွေးမိ၊ ရွတ်မိ ကုန်တဲ့အချစ်မျိုးက “ချစ်တယ်”လို့ ကြွေးကြော်ရင်းနဲ့ “အချစ်ခံချင်တယ်”ဆိုတဲ့ အတိတ်စိမ်းကို ပေးနေတဲ့ “အချစ်ယောင်”ပါ။ << ဒီစကားကို ယောက်ျားက အမြဲပြောပါတယ် …. အချစ်ယောင်ကြီးပေါ့ 😀

    • lettwebaw permalink*
      21 September 2011 1:31 pm

      တူ့ခညာ တနားပါဒယ်နော်… အချစ်ခံချင်နေရှာတာ… တူ့ကို အစွမ်းကုန် ချစ်လိုက်စမ်းပါ၊ ဂရုစိုက်လိုက်စမ်းပါ၊ ယုယလိုက်စမ်းပါ မမရယ်… ကုသိုလ်ရပါတယ်နော့… 😉

      • Ying permalink
        21 September 2011 4:23 pm

        ဆရာ့စာတွေဖတ်ပြီးသွားတိုင်း စဉ်းစားစရာအမြဲကျန်ခဲ့တယ်..
        အရင်ကဖတ်ဖူးပြီးသားစာတောင် ခုလိုအချိန်အပိုင်းအခြားတစ်ခုမှာ ထပ်ဖတ်လိုက်ရတော့ အရင်က စဉ်းစားဖူးတာနဲ့တောင်မတူတော့ပြန်ဘူး..
        ကျေးဇူးပါဆရာ..

  11. shin maeko permalink
    23 September 2011 9:14 pm

    You should tell the details how did you find and know yourself true love at your age 35…

  12. lettwebaw permalink*
    26 September 2011 12:07 am

    သည်ပို့(စ်)ကို တချို့တွေက Facebook မှာ လက်ဆင့်ကမ်းကြပါတယ်။ အဲသလို ကမ်းလိုက်တဲ့အထဲမှာ အလွန်အင်မတန် အံ့သြစရာ ကောင်းတဲ့ မှတ်ချက်တစ်ခုကို အောက်ပါအတိုင်း ရေးထားတာ တွေ့ရပါတယ်။

    “ဖတ်၇င်းနဲ့ မျက်စိကို လည်နေတာပဲ။ စိတ်မရှည်လို့ ဆက်မဖတ်တော့ဘူး။ နင် မြို့ကို ပြန်လာတော့မှဘဲ ရှင်းပြပေတော့…”တဲ့ဗျား။

  13. 29 September 2011 3:48 pm

    ဆရာရေးသလိုပဲ မွှန်တဲ့အချိန်ကျရက် အရသာ တော်တော်ယူလို့ကောင်းတယ် ကိုယ်တွေ့ ဆိုတော့

    Share လိုက်ပီ ဆရာရေ ဒီ post လေးကို

  14. rashliko permalink
    30 September 2011 2:56 am

    ဆရား ကျနော်က ဖေ့ဘွတ်က တစ်ယောက်ပါ..
    အချစ်ကြောင့်အသဲကွဲနေတဲ့ လူတစ်ယောက်ပေါ့..
    ဖြစ်နိုင်မယ်ဆိုရင်.. ဆရာ ကျနော်ကို အီမေးလ် လိပ်စာပေးပါ့လား
    ဆရာ ကို တိုင်ပင် ဖွင့်ပြောစရာ.. စာရေးစရာတွေ အများကြီးရှိနေလို့ပါ..
    ကျေးဇူးတင်ပါတယ်. ကျနော် မေးလ် က Rashliko@gmail.com

  15. 30 September 2011 3:09 pm

    အမြဲအားပေးနေတဲ့..ပရိသတ်တစ်ယောက်အနေနဲ့ …share ခွင့်ပြုပေးပါ…”အချစ်(အစစ်)” နဲ့ တွေ့ နိုင်ကြပါစေ..အချစ်(အစစ်)နဲ့ ချစ်နိုင်ကြပါစေ…လို့ …

  16. mayzin permalink
    1 October 2011 2:03 pm

    ဆရာကို့တိုင်ပင်စရာရှိပါသမီးမေးကိုပြန်ပေးပါနော်

  17. thawtar permalink
    9 October 2011 1:06 pm

    နားမလည်တာတွေလည်းပါတယ်ဆရာ။ သေသေချာချာပြန်ဖတ်ပြီးတွေးကြည့်ပါဦးမယ်။ကျေးဇူးပါဆရာ။

  18. အချစ်ရူး permalink
    4 May 2012 5:34 am

    အခုမှဖတ်မိလို့ကိုယ့်ကိုကိုယ်တောင်စိတ်ဆိုးတယ်…..

  19. ကိုပြည့်စုံ permalink
    12 May 2012 3:00 pm

    ဒီဘ၀ ချစ်တတ်ပါဦးမလား …

  20. မန္တလေးသူ permalink
    30 May 2012 7:13 pm

    ကျွန်တော့်မှာ အဲလို သိတ်ချစ်ရသူ တစ်ယောက် ရှိခဲ့ဘူးပါတယ်။ ဘာပဲ လုပ်လုပ် သူ့အတွက် စဉ်းစားလုပ်ခဲ့တာပါ။ ငွေ၊ လုပ်အား၊ အတတ်ပညာ၊ အချိန် တွေအားလုံး ကို သူ့အတွက် ပုံပေးခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူဖြစ်ပြီး ၃နှစ်လောက် အကြာမှာ သိလိုက်ရတာက သူ့မှာ ကျွန်တော့်လို လူ ၃၊ ၄ ယောက် မက ရှိနေတယ် ဆိုတာပါ။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ ဒါတွေကိုလည်း ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို ခွင့်လွှတ်ရင် သူက နားလည်မဲ့လူ မဟုတ်ဘူး။ ယောင်္ကျားတန်မဲ့ ပိုင်းလုံးဘဝကို ဆက်လျှောက်ပြီး သူ့ဘဝ ပျက်မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: