What Others Say

၂၀၁၀ ပြည့်နှစ် မေလထုတ် သရဖူမဂ္ဂဇင်းထဲက “မေနှင်းကို မေးပါ”ကဏ္ဍမှာ

ကျွန်တော်နဲ့ ပတ်သက်ပြီး ပြောထားဆိုထားကြတာလေးတွေကို ဖောက်သည်ချပေးလိုက်ပါတယ်။

ဖရက်ဒီဆိုသူ လူငယ်လေးရဲ့ အမေး

သား မနေ့က ဆရာအတ္တကျော်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့”ကို ဖတ်မိတယ်။ တချို့အချက်လေးတွေကို သား သိပ်မရှင်းလို့ပါ။ ဆရာက ယောက်ျားလေး ၉၀ % က မယုံကြည်ထိုက်ဘူးလို့ ဆိုထားပါတယ်။ သူ့အတွေ့အကြုံအရ ပြောတာဆိုပေမယ့် သိပ်လက်မခံချင်ပါဘူးဗျ။ သားလည်း ယောက်ျားလေးတစ်ယောက်လေ။ ချစ်တာနဲ့ လိင်ကိစ္စက မတူဘူးလို့ သားထင်ပါတယ်။ သွယ်ဝိုက်ပြီး ပတ်သက်နိုင်ပေမယ့် အချစ် = ကာမလိုအင်လို့ ဆိုထားတော့ ယောက်ျားလေးတွေရဲ့ အချစ်ကို အထင်သေးလွန်းရာ ရောက်ပါတယ်ဗျာ။

သားတို့ကလည်း မြတ်မြတ်နိုးနိုးချစ်တတ်ပါတယ်ခင်ဗျာ။ တိရစ္ဆာန်တွေမဟုတ်ပါဘူး။ နောက်ပြီးသူက ဆိုထားသေးတယ်ဗျ၊ ယောက်ျားလေးတွေရဲ့ အချစ်ကို လုံးဝ မယုံပါနဲ့တဲ့။ အမှားကြီး မှားနိုင်တယ်တဲ့။

မေနှင်းရေ၊ ခေါင်းမူးသွားပြီလား မသိဘူး။ မေနှင်းက အချစ်ကို တန်ဖိုးထားစေချင်တယ်။ ဆရာက လုံးဝ မယုံဖို့ ပြောနေတယ်လေ။ ဒါ့ကြောင့်မေးကြည့်တာပါ။ မေနှင်းရဲ့ အမြင်လေးကို သိချင်ပါတယ်။

နှစ်ယောက်စလုံးက သား လေးစားရတဲ့ ဆရာ၊ ဆရာမတွေဖြစ်နေလို့ပါ။ ဘယ်သူ့စကားကို အတည်ယူရမလဲဗျ။ ရန်တိုက်ပေးတာ မဟုတ်ရပါ။ ဖြေပေးပါနော်။

ပြီးတော့ သားမှာ အခုမှ တက္ကသိုလ်တက်နေတဲ့ နှမလေး နှစ်ယောက်ရှိပါတယ်။ သူတို့က မြစ်ကြီးနားမှာပါ။ သားက မကွေးမှာ ဆေးကျောင်းနောက်ဆုံးနှစ်ပါ။ သူတို့ကို ဆရာ့ရဲ့ စာအုပ်လေးတွေ ဖတ်စေချင်ပါတယ်။ ယောက်ျားလေးတွေအကြောင်းကို သိစေချင်ပါတယ်။ မနူးမနပ်တွေ မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် စွန်းရောက်သွားမှာ စိုးရိမ်တယ်ခင်ဗျ။

သားက အချစ်ကို တန်ဖိုးထားပါတယ်။ သူတို့ကိုလည်း ဦးနှောက်နဲ့ ယှဉ်ပြီး ချစ်စေချင်ပါတယ်။ အစ်ကိုဆိုတော့ ပွင့်ပွင့်လင်းလင်း အကြံပေးဖို့ ခက်နေပြန်ရော။

မေနှင်းရေ၊ ကူညီပေးပါဦးနော်။

ဆရာမ မေနှင်းရဲ့ အဖြေ

အင်း… ရန်တိုက်ပေးတာတော့ မဟုတ်ဘူးဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် စကားစစ်ထိုး ပြောကြဖို့ အကြံပေးတဲ့သူတွေတောင် ရှိခဲ့တယ်။ အတ္တကျော်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် စာမျက်နှာပေါ်မှာ မဟုတ်ဘူး၊ ရုံသွင်းရမှာတဲ့။ ရုံဝင်ခယူမှာပေါ့။ တစ်ပွဲလောက်တော့ နွှဲရမယ် ထင်တယ်။ ပရိသတ်က သိပ်တောင်းဆိုနေတာကိုး။

ဒါပေမယ့် အတ္တကျော်ကို မေနှင်းက အရှုံးပေးပြီးသားပါ။ သူက လည်တယ်ကွဲ့။ ဒေါ်နန်းအိအိဇာ မွေးနေ့ပွဲတုန်းက သူက အခမ်းအနားမှူးလုပ်ရတယ်။ အခမ်းအနား အပြီး စန္ဒယားတင်ဝင်းလှိုင်ဝိုင်းနဲ့ သီချင်းဆိုကြမယ်ဆိုတော့ မေနှင်းကလည်း စာရင်းပေးထားတယ်။ သူက အခုချိန်ကစပြီး သီချင်းဆိုနိုင်ကြပါပြီလို့ ပြောပြီး ကျွန်တော်ပဲ အရင်ဆုံး စဆိုပါမယ် လုပ်တော့တာ။ လူလည်သိလား။

ခက်တာက သူက အဆိုကောင်းတယ်။ “အိပ်မပျော်သော ညများ”ကိုဆိုသွားတာ၊ စန္ဒယားလှထွတ် အသံအတိုင်းပဲ။ သူကတောင် ပိုကောင်းသလား ထင်မိတယ်။ မေနှင်းကျတော့ ၁၀ ယောက်လောက် ဆိုပြီးတဲ့အထိ သူ မခေါ်ဘူး။ ဧည့်သည်တွေက ပြန်ကြပြီ။ အင်းလျား စိမ်းလန်းစိုပြည်မှာပေါ့။ သည်တော့ ကိုယ်က ဘယ်သူ့ကို ဆိုပြရမှာလဲ။ လူကြီးဖြစ်ပြီမို့ စိတ်မကောက် ကောင်းပါဘူးလေလို့ အောင့်ပါသေးတယ်။ နောက် ငိုချင်လာရော။

ဒါနဲ့ ပြန်တော့မယ်လုပ်မှ သူ ပြေးလာပြီး မနန်းရေ… သည်မှာ မနှင်း စိတ်ကောက်သွားပြီ ဆိုပြီး ပျာယာခတ်တော့တာ။ ကိုယ်လည်း စိတ်ညစ်နေလို့ စာသားတွေတောင် မေ့ကုန်တယ်။ (မောင်ဝံသက ဓာတ်ပုံ ထရိုက်တယ်။ သီချင်းဆိုတာ ကောင်းလိုက်တာတဲ့။)

ဘာပဲဖြစ်ဖြစ် အတ္တကျော်ကို မေနှင်းက ကြောက်ပြီးသားဆိုတာ သာဓက ပြတာပါ။ ကြောက်ပေမယ့် နှစ်ယောက်သား ခင်ကြပါတယ်။ အခု မေနှင်းရေးနေတဲ့ A4 စာရွက်တွေဟာ သူ ပေးခဲ့တာတွေပါ။  မနှစ်က သင်္ကြန်မကျခင် မဒမ်ဆူဒိုနင် သယ်လာပေးတာ။ အခု ကုန်တော့မယ်။ ပေးဦးနော်။

ကဲ… ဖရက်ဒီရေ ပျော်စရာ မကောင်းဘူးလား။

သည်ကိစ္စမှာ သူပြောတာလည်း မှန်တယ်။

မေနှင်းက တကယ့်အချစ်ကို တန်ဖိုးထားတယ် ပြောတာ။ ခက်တာက အဲဒီ့ တကယ့်အချစ်ဆိုတာကို သိဖို့ တိုင်းနိုင်တဲ့ ပြဒါးတိုင်က ခက်လို့ပါ။

မေ ၂၀၁၀ သရဖူ မဂ္ဂဇင်း စာမျက်နှာ ၂၉

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

4 thoughts on “What Others Say”

  1. အချိန်က ပြဒါးတိုင်ပဲထင်တာပဲ။ အခုချစ်နေပေမယ့် … နောင် နှစ်ပေါင်း ၂၀၊ ၃၀ ကျရင် ဘယ်လိုနေမလဲဆိုတာ အချိန်ကြာမှပဲသိမှာပဲ။

    1. ကိုယ်ပိုင်အတွေ့အကြုံအရ အချိန်တင် မကပါဘူး။ ဘ၀ရဲ့ အနိမ့် အမြင့် အတက် အကျတွေကလည်း ပြဒါးတိုင်တွေပါပဲ။ ဆရာတို့ လင်မယား ကွာရှင်းပြတ်စဲခဲကြတဲ့ ဖြစ်ရပ်ကို ရှေ့က ပို့(စ်)မှာ တင်ခဲ့ပါတယ်။ ပြောနေကျစကားနဲ့ ပြောရင် ကံဆိုးမိုးမှောင်အကျဆုံး အခိုက်အတန့်ပေါ့။ ဘယ်လိုမှ မလွှဲသာတော့တာမို့ တရားဝင် ကွာရှင်း ပြတ်စဲရတဲ့ အဖြစ်ပါ။ အဲဒီ့အချိန်မှာ ဆရာ သူ့ကို တော်တော်ချစ်မှန်း သိသွားတယ်။ ကွာရှင်းထားပေမယ့် ဆရာတို့ အဆက်အသွယ် မပြတ်ခဲ့ကြဘူး။ အပြန်အလှန် ဖေးမခဲ့ကြတယ်။ နားလည်နိုင်ကြတယ်။ ခွင့်လည်း ခွင့်လွှတ်နိုင်ခဲ့ကြပါတယ်။ သည်လိုနဲ့ အခြေအနေတွေ တည်ငြိမ်သွားချိန်မှာ ပြန်ပေါင်းခဲ့ကြပါတယ်။ သမီးရည်းစားဘ၀ သက်တမ်း နှစ်နှစ်အတွင်းမှာလည်း ပြတ်သွားတာက ၃-၄ ကြိမ် ရှိခဲ့တယ်။ အိမ်ထောင်ကျပြီးတော့လည်း တစ်ဦးတည်းသား ဆရာ့ရဲ့ တစ်ဦးတည်းသော အမေမုဆိုးမနဲ့ ပြဿနာတွေ တခြိမ်းခြိမ်းဖြစ်ခဲ့ကြရတယ်။ သားကောင်းတစ်ယောက်ဘ၀နဲ့ လင်ကောင်းတစ်ယောက်ဘ၀ ဘယ်သင်းကို ရွေးရမလဲဆိုတဲ့ ဖြစ်ရပ်တွေ ပေါ်ခဲ့ဖူးတယ်။ အဲဒါတွေကလည်း ပြဒါးတိုင်တွေပါပဲ။

  2. မေနှင်းက ဘကြီး လည် ကြောင်းကို ကြေငြာထားတာပဲ (လူရည်လည်တာ ကိုပြောတာဖြစ်မှာပါနော်):P

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s