Skip to content

Dream of Teens 1

3 May 2010

တန်ဖိုးထားမှု လူ့ဝါသနာ

အစ

ဆယ်ကျော်သက် မဂ္ဂဇင်းသစ် တစ်စောင်ကို စတင်စီစဉ်ကတည်းက ဆရာ ဦးဝင်းငြိမ်းသည် ကျွန်တော့်အား ပါးစပ် စရံသတ်ခဲ့လေသည်။ ကျွန်တော်က မိသားစုအရေးကိစ္စများကို စိတ်ဝင်တစားနှင့် ဖတ်မှတ်ဖြစ်၊ ရေးသားဖြစ်နေသည့်အတွက် ကျွန်တော့်ကို စိတ်ကူးထဲ ထည့်လိုက်ခြင်းပင်ဖြစ်ဟန်တူပါသည်။ ကျွန်တော်ကလည်း ဝမ်းသာအားရပင်၊ ရေးပေးမည်ဟု ကတိကဝတ်ပြုခဲ့ပါသည်။

သို့ရာတွင် မဂ္ဂဇင်းသစ်တစ်စောင်၏ ထုံးစံအတိုင်း စတင်ထွက်ရှိမည့် အချိန်က နောက်သို့ ရွေ့ရွေ့နေရာ၊ ကျွန်တော်လည်း အေးအေးလူလူပင် ရှိနေခဲ့သည်။
ယခုတော့ အေးနေလို့ မရတော့ပါ။ ဦးဝင်းငြိမ်းက စက်တင်ဘာလတွင် ထွက်ရှိရန် စီစဉ်နေပါပြီ။ ကျွန်တော့်ကိုလည်း လောဆော်လာပါပြီ။

ကျွန်တော် ဘာရေးရမည်နည်းဟု စဉ်းစားလိုက်သောအခါ ဆယ်ကျော်သက် ရင်ခုန်သံက ခေါင်းထဲဝင်လာသည်။

အပျိုး

လတ်တလော ဆယ်ကျော်သက်တစ်ဦးဦး၏ ရင်ခုန်သံတစ်ခုခုကို ရေးပြချင်သည်။ သည်အတွက်က တကယ့်တကယ် သိပ်မခက်လှပါ။

ကျွန်တော့်အိမ်မှာတင် ဆယ်ကျော်သက်အရွယ်ထဲ ချင်းနင်းဝင်ရောက်စ၊ သမီးမ တစ်ယောက်လုံး ငုတ်တုတ်ကြီး ရှိနေသည်ပဲ။

သူကား တစ်ဆယ့်သုံးနှစ်ထဲမှာ။ သိုးဆောင်းဘာသာစကားနှင့်ဆိုရင်တော့ သူ့အသက်သည် thirteen ဖြစ်သဖြင့် teenager ဖြစ်နေသည်ကား အမှန်။ ထို့ထက် ကျွန်တော့်သမီးသည် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းအရပါ ဖွံ့ဖြိုးလွန်းသူဖြစ်ပါသည်။ ဆယ်နှစ်ပြည့်လုနီးမှာ အပျိုဖော် စဝင်ခဲ့သလို၊ သူ့ကိုယ်လုံးကိုယ်ထည် အရလည်း သူ့ကို တစ်ဆယ့်သုံးနှစ်အရွယ်မျှသာဟု ပြောလျှင် တော်ရုံလူ မယုံနိုင်အောင် တအံ့တဩဖြစ်ရသည်အထိ သူက ထွားကြိုင်းလှပါသည်။

သမီးနေသည်က ဗဟန်း အထက (၂)မှာ။ အတန်းက ခုနစ်တန်း။  ထိုသမီးသည် ဟင်းလျာဝယ်ရန် ဈေးသို့ ကိုယ်တိုင်သွားသည့်အခါ သွားတတ်သည်။ တစ်နေ့တစ်နေ့ ဟင်းအစပ်အဟပ်ကိုလည်း သူပင် စီစဉ်သည်။ ထို့အပြင် ဆစ်ထီးမာ့(ထ်)လို ကုန်တိုက်ကိုလည်း သူ့ဘာသာပင် သွားချင် ထသွားသည်။ သူလိုချင်တာ ဝယ်လာတတ်သည်။ ဆိုလိုသည်မှာ သူကား အိမ်တွင်းပုန်းလေး မဟုတ်မူဘဲ ခေတ်ထဲမှာ ပီပီပြင်ပြင် ရောက်ရှိနေသည့် ဆယ်ကျော်သက်တစ်ဦးပင်ဖြစ်သည်။

သို့နှင့် ကိုယ့်သမီးကိုယ် အင်တာဗျူးခွင့် တောင်းရသည်။ အမှန်တော့ သူ့ရင်ခုန်သံကို သူ့ကိုပင် ရေးခိုင်းချင်သည်။ သို့သော် ကျွန်တော့်သမီးသည် စာရေးရန် ဝါသနာမပါချေ။ အင်တာဗျူးခွင့်တောင်းသောအခါ ဘာလုပ်ဖို့လဲဟု မေးပါသည်။ အကျိုးအကြောင်းပြောသောအခါ သူက ဗျူးခွင့်ပေးပါသည်။

အမေး အဖြေ

ယခုခေတ်အင်တာဗျူးများတွင် ခေတ်အစားဆုံး မေးခွန်းနှင့် စဖွင့်လိုက်ပါသည်။

“သမီး အကြိုက်ဆုံး မင်းသားတွေ ပြောပြစမ်းပါ”

“နိုင်ငံခြား မင်းသားဆိုရင်တော့ Alec Baldwin ၊ မြန်မာဆိုရင် ဟက်ကက်၊ ညီညီတာ၊ သူထူးစံ”

“ဘာလို့ သူတို့ကို ကြိုက်တာတုံး…”

“ချောလို့…”

“မင်းသမီးထဲကရော…”

“ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ Sandra Bullock…”

“ဘာလို့ကြိုက်…”

“ချစ်လို့…”

“ထက်ထက်မိုးဦးကို မကြိုက်ဘူးလား?”

“ဟင့်အင်း…”

“ဘာလို့တုံး… အရင်က သမီး သူ့ကို ကြိုက်ပါတယ်”

“ဟုတ်တယ်၊ အဲဒါ အရင်က၊ အခုတော့ ရိုးသွားပြီလေ…”

“ဒွေးတို့၊ လူမင်းတို့ရော မကြိုက်ဘူးလား?”

“ဟင့်အင်း…”

“ဘာလို့တုံး?”

“မချောလို့…”

“ဒါဖြင့် ရန်အောင်တို့၊ လွင်မိုးတို့ဆိုရင်ရော…”

“အရင်ကတော့ ကြိုက်ပါတယ်၊  အခုတော့ သူတို့လည်း ရိုးသွားပြီ…”

သမီးအဖြေကို အထိုက်အလျောက် သဘောကျသွားသည်။ သူတို့အရွယ်က အသစ်ကို လိုချင်သည်မှာသဘာဝကျသည်။ ရိုးအီလွယ်သည်မှာလည်း သည်အရွယ်၏ သဘာဝပင် ဖြစ်ပါလိမ့်မည်။


သီချင်းတွေအကြောင်း ဆက်မေးသည်။


“Westlife, Backstreet Boys, Britney Spears, M2M, B4Boyz, ရိုဇန်၊ ချောကလက်၊ ကွတ်ခ်၊ မီးမီးခဲ၊ ကဗျာဘွဲ့မှူး”တို့ကို ကြိုက်သည်ဟု သူဖြေသည်။ သမီးသည် တစ်ချိန်လုံး သီချင်းနားထောင်နေတတ်သူဖြစ်သည်။ ကျွန်တော့် Walkman ကို သူ အပိုင်စီးထားသည်။

စာအုပ်အကြောင်း မေးမိပြန်သည်။

“စာရေးဆရာထဲမှာရော ဘယ်သူ့ကို ကြိုက်သလဲ?”

“မစန္ဒာ၊ သာဓု၊ ဂျာနယ်ကျော်မမလေး…”

သမီးသည် စာရေးခြင်းကို ဝါသနာမပါသော်လည်း သီချင်း နားထောင်ခြင်းနှင့် စာဖတ်ခြင်းကိုတော့ စူးစူးနစ်နစ်လုပ်တတ်သူဖြစ်ပါသည်။ ကျွန်တော့် အိမ်မှာ အပေါများဆုံးနှင့် အကြွယ်ဝဆုံးမှာ စာအုပ်များပင်ဖြစ်ပေရာ သမီးနှင့် သားမှာလည်း စာအုပ်ကို ခုံခုံမင်မင် ဖတ်တတ်နေကြပါသည်။ စာအုပ်ဆိုင်များသို့ ရောက်လျှင်လည်း သူတို့နှစ်သက်ရာ ရွေးချယ်တတ်ကြသည်။ မစန္ဒာနှင့် ဂျာနယ်ကျော်မမလေးတို့၏ စာအုပ်များမှာ အခုတလောတွင် ပုံနှိပ်မူ အသစ်များဖြင့် ပြန်ထွက်နေရာ သူတို့က တွေ့တိုင်း ဝယ်ချင်တတ်သလို ကျွန်တော်တို့ကလည်း ဝယ်ပေးဖြစ်နေသည်။

“ဒါဖြင့် သမီးအကြိုက်ဆုံး စာအုပ်က ဘာလဲ?”

“အတာ…”

ဒါကိုတော့ ဆရာသုမောင်ကို ကျေးဇူးတင်ရပါမည်။ ထိုစာအုပ်ကို ဆရာသုမောင်ထံမှ ခဏ ငှားရမ်းခွင့်ရခဲ့ဖူးရာ သမီးက အရင်ဆုံး လုဖတ်သွားသော စာအုပ်အဖြစ် ကျွန်တော်မှတ်မိနေပါသေးသည်။

သည်လောက်ဆိုလျှင် သမီး၏အခြေခံကို စာဖတ်သူများ အကဲခတ်နိုင်လောက်ပြီဟု ယူဆပါသည်။

ကျွန်တော် မေးခွန်းပြောင်းရပါတော့သည်။

“သမီးမှာ အခု သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?”

“အိုး… အများကြီးပေါ့။ တစ်တန်းလုံး သူငယ်ချင်းပဲဟာ…”

“မဟုတ်ဘူးလေ၊ သမီးနဲ့ အတွဲဖြစ်ဆုံးကို မေးတာ…”

“အမ်… အဲဒါဆိုရင်တော့ လေးယောက်ရှိတယ်”

“ဟုတ်ပြီ။ သူတို့နဲ့ ရင်းနှီးတယ်ဆိုတော့ သူတို့ ကြီးလာရင် ဘာလုပ် မယ်ဆိုတာ သမီးသိမှာပေါ့…”

“အင်း… သိတယ်”

“ဘာဖြစ်ချင်ကြသတဲ့လဲ?”

“နှစ်ယောက်က စီးပွားရေးလုပ်မယ်တဲ့…”

“ဘာစီးပွားရေးလုပ်မယ်လို့ အတိအကျ ပြောသလား?”

“ဟင့်အင်း… စီးပွားရေးလုပ်မယ်လို့ပဲ ပြောတာ…”

“ကျန်တဲ့သူတွေကရော…”

“နောက်တစ်ယောက်က ဆရာဝန်၊ ရုပ်ရှင်မင်းသမီးတဲ့။ နောက် တစ် ယောက်ကတော့ အမေရိကားမှာ စာသွားသင်မယ်တဲ့…”

“ဘာသွားသင်မှာတဲ့လဲ။ အတိအကျ ပြောပြလား?”

“ဟင့်အင်း… စာသွားသင်မယ်ပဲ ပြောတာ…”

“ဟုတ်ပါပြီလေ…၊ သမီးကရော… ဘာဖြစ်ချင်လဲ?”

“ဆရာဝန်…”

“သေချာလား…”

ချက်ချင်းပြန်မဖြေ။ ခပ်ဆိုင်းဆိုင်းလုပ်နေပြီးမှ “ဟင့်အင်း… သေတော့ မသေချာဘူး”ဟု ပြောသည်။

“ဒါဖြင့် သမီးရဲ့ ဒုတိယ ဦးစားပေးက ဘာလဲ?”

“စီးပွားရေးလုပ်ချင်တာ…”

“ဘယ်လို စီးပွားရေးမျိုးလုပ်ချင်တာလဲ?”

“ဆူပါ မားခစ်(ထ်) ထောင်ချင်တာ…”

ကျွန်တော် စဉ်းစားသည့်အလှည့်။ ဘာဆက်မေးလျှင် ကောင်းမည်လဲ။

“သမီး ကျောင်းနေတာ ဘာကြောင့်လဲ?”

“လိုအပ်တယ် ထင်လို့…”

“တရုတ်စာ သင်နေတာကရော…”

“အဲဒါလည်း ဘဝမှာ တစ်ခုခု အသုံးတည့်မယ် ထင်လို့…”

“သမီး ဘာဝါသနာပါလဲ?”

“စာဖတ်တာနဲ့ သီချင်းနားထောင်တာ…”

“မဟုတ်ဘူး၊ အဲဒါမဟုတ်ဘူး၊ သမီးကိုယ်တိုင်လုပ်ရမယ်ဆိုရင် သမီး ဘယ်လိုဟာမျိုးကို လုပ်ချင်တဲ့ဝါသနာရှိလဲလို့ မေးတာ…”

“အမ်… ဒါဆိုရင်တော့ ဆရာမ လုပ်ရတာ ဝါသနာပါတယ်”

“ဒါဖြင့် ဆရာမ အလုပ်နဲ့တော့ အသက်မမွေးချင်ဘူးလား?”

“ဟင့်အင်း… မွေးချင်ပေါင်…”

“ဘာလို့တုံး?”

“အိုး… ပိုက်ဆံမှ သိပ်မရတာ…”

“ဒါဖြင့် သမီး ဘာကို တန်ဖိုးအထားဆုံးလဲ?”

“ပိုက်ဆံပေါ့…”

ကျွန်တော် သွေးပျက်တက်တက်ဖြစ်သွားသည်။ သို့သော်လည်း  အပြုံး မပျက်အောင် ဣနြေ္ဒဆည်ကာ ဆက်မေးရသည်။

“သူငယ်ချင်းတွေက သမီးအတွက် တန်ဖိုးမရှိဘူးလား?”

“မရှိပါဘူး”

ကျွန်တော်တို့ဘက်က တစ်ခုခု တအားမှားသွားခဲ့ပြီမှန်း သတိထားမိသွားရပြန်သည်။ မေးခွန်းပြောင်းကြည့်သည်။

“သမီးတို့ သူငယ်ချင်း ငါးယောက်စလုံး ကြီးလာရင် အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားလား?”

“နှစ်ယောက်ကတော့ စိတ်ကူးထားတယ်တဲ့။ ကျန်တဲ့နှစ်ယောက်ကတော့ စိတ်မကူးဘူးတဲ့…”

“သမီးကရော…”

“လုံးလုံး စိတ်မကူးဘူး”

“ဘာဖြစ်လို့လဲ?”

“မေမေ့လို ဖြစ်မှာစိုးလို့…”

“ဘာကို မေမေ့လို ဖြစ်မှာစိုးလို့လဲ?”

သမီး နှုတ်ဆွံ့သွားသည်။ မျက်နှာထားလည်း တစ်မျိုးဖြစ်သွားသည်မို့ ကျွန်တော် အားပေးရသည်။

“ပြောပါ။ အားမနာပါနဲ့၊ ပါပါးကို သမီးကြိုက်တာ ပြောလို့ရမှန်း သမီးသိသားနဲ့…”

“ပါးပါးကို ယူထားတာ မေမေ့အတွက် သိပ်နစ်နာတယ်”

“ဗျာ…၊ ရှင်းစမ်းပါဦး… ဘယ်နေရာတွေမှာလဲ?”

“ပါပါးနဲ့ ဟိုဟာမနဲ့ဖြစ်နေတုန်းက မေမေ ဘယ်လောက် ခံစားရလဲ”

“ဟုတ်ပါပြီ၊ ဒါပဲလား?”

“ကျန်သေးတယ်။ မေမေက ပါပါးရဲ့ ဝေယျာဝစ္စတွေ အကုန်လုံး ပျာပျာသလဲ လုပ်ပေးနေတာမျိုးလည်း သမီး မကြိုက်ဘူး”

ကျွန်တော် ဘာမှ ဆက်မေးစရာ မကျန်တော့ပါ။ သမီးနှင့်အင်တာဗျူး ထိုနေရာတွင်ပင် ပြီးဆုံးသွားပါသည်။

“ပြီးပြီလား”ဟု သမီးက မေးသောအခါ ကျွန်တော်လည်း ခေါင်းညိတ် ပြလိုက်ရပါတော့သည်။

အတွေး

သမီးနှင့် အမေးအဖြေ မလုပ်ဖြစ်ခင် နှစ်ရက်စောပြီး နောက်ထပ် ဆယ်ကျော်သက်လေးတစ်ဦးကို ကျွန်တော် မေးခဲ့ဖူးသေးသည်။

မိတ်ဆွေတစ်ဦး၏ သမီးလေး။ အသက်က ၁၆ နှစ်၊ ဆယ်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးစ မိန်းကလေး။

သူ့တုန်းက သမီးကို မေးသလောက် မေးခွန်း မများပေမင့် သူ့အနာဂတ်နှင့်ပတ်သက်ပြီးမူ တော်တော် မေးဖြစ်သည်။

သူလည်း သူဘာဖြစ်ချင်မှန်း မရေရာ။ ကွန်ပျူတာတက္ကသိုလ် တက်မည်ဟုတော့ ပြောသည်။ သို့သော် Microsoft ကိုသော်လည်းကောင်း၊ Bill Gates ကိုသော်လည်းကောင်း ကြားပင် မကြားဖူးတဲ့။

တကယ်က ဘာဖြစ်ချင်တာတုံးဟု တည့်တည့်မေးသောအခါ ပိုက်ဆံ ချမ်းသာချင်သည်ဟူပြီးသာ ဖျန်းဖြေသည်။


ထိုမိန်းကလေးနှင့် စကားပြောပြီးကတည်းက သမီးကိုလည်း မေးကြည့်ရဦးမည်ဟု တေးထားကာ ယခု မေးမိခြင်း ဖြစ်သည်။

မိတ်ဆွေ၏သမီးလေးက ပြဿနာမရှိ။ သူ့ဖခင်သည် ဘွဲ့ရတစ်ဦးပင် ဖြစ်လင့်ကစား အလုပ်ရုံတစ်ခုကို စီမံကွပ်ကဲသည့် စီးပွားရေးသမားစစ်စစ် ဖြစ်နေသည့်အတွက် သမီးလုပ်သူလည်း ပိုက်ဆံချမ်းသာချင်စိတ် ပေါက်နေတာကို ဖော့တွေးပေးလို့ ရချင်ရနိုင်သေးသည်။

ကျွန်တော်ကား စီးပွားရေးသမားမဟုတ်။ ပညာနှင့် လူတန်းစေ့နေနိုင်အောင် ရုန်းကန်နေသူတစ်ဦးသာ ဖြစ်သည်။ သမီးနှင့်သားကို လူတန်း တော်တော်လေး စေ့အောင် ထားနိုင်လင့်ကစား သူတို့၏ လိုအင်ကို အပြည့်အဝ ဖြည့်ဆီးနိုင်သည်ဟုကား မဆိုနိုင်သေး။ ထိုအခါ သူတို့သည် ကျွန်တော့်ကို ကြည့်ပြီး ပညာ၏တန်ဖိုးကို လျှော့ပေါ့တွက်လေသလား၊ ကျွန်တော် စဉ်းစားနေမိသည်။

သားကိုလည်း နောက်တစ်နှစ်၊ နှစ်နှစ်နေလျှင် မေးကြည့်ရပါလိမ့်ဦး မည်။

သို့သော် သမီး၏သူငယ်ချင်းတွေအကြောင်းကို သမီး ပြန်ပြောပြတော့လည်း တစ်ယောက်နှင့်တစ်ယောက်က သိပ်အကွာကြီးမဟုတ်။ ပညာကို တန်ဖိုးထားသူဆို၍ နိုင်ငံရပ်ခြားတွင် စာသွားသင်မည်ဟု ကြွေးကြော်သူလေး တစ်ယောက်သာ ပါသည်။ ဆရာဝန်လုပ်မည့်သူကလည်း ရုပ်ရှင်မင်းသမီး ဆိုတာကြီးကို တွဲထည့်ထားတာ တွေ့ရသည်။ သမီးကတော့ ဆရာဝန် လုပ်မည်ဟု ဆိုသေးသော်လည်း သေချာလားဟု ထပ်မေးသောအခါ ဝေ၀ါးသွားပြန်သည်။ ကျန်နှစ်ယောက်က စီးပွားရေး လုပ်မည်ဟု ကြွေးကြော်နေ ကြပြီ။

ဘာစီးပွားရေးလုပ်မလဲဟု မေးပြန်သောအခါ သမီးကတော့ ကုန်တိုက်ကြီးကို လက်ညိုးထိုးသည်။ ကျန်နှစ်ယောက်ကတော့ ဘာမှ ခြေခြေမြစ်မြစ် မပြောသေး(ဟု သမီးထံမှ သိရသည်)။ အလားတူပင်၊  နိုင်ငံခြား စာသွားသင်မည့်သူမှာလည်း ဘာကို သင်ယူလေ့လာမည်ဟု  ရှင်းရှင်းပြတ်ပြတ် ပိုင်းဖြတ်ထားခြင်း မရှိသေး။

ပျောက်ဆုံးနေသည်ကား ဝါသနာ၏အခန်းကဏ္ဌ ဖြစ်လေသည်။

ကိုယ်ကိုယ်တိုင် ၁၃-၄နှစ်အရွယ်ကို ပြန်ပြောင်းစဉ်းစားကြည့်သည်။

ဆယ်နှစ်သားလောက်အထိကတော့ ဆရာဝန်ဖြစ်ချင်သလိုလို၊ ဘာလိုလို စိတ်ကူးက ရှိခဲ့ဖူးပါသည်။ ၁၃-၄နှစ်လောက်ရောက်တော့ ဆရာဝန် ဖြစ်ချင်စိတ်က သိပ်မရှိတော့ပါ။ ကျွန်တော်တို့ လူဖြစ်နေဆဲ ကာလများတွင် ဆရာဝန်က လျှမ်းလျှမ်းတောက်မို့ လူတိုင်း ဆရာဝန်ဖြစ်ချင်နေကြသည်။ ကျွန်တော်ကား ဖြစ်ချင်သလိုလိုတော့ အရှိသားလောက်တွင်သာ ရပ်နေသည်။ တချို့က အင်ဂျင်နီယာဖြစ်ချင်ကြသည်။ အဲဒီ့အထဲမှာလည်း ကျွန်တော် ပြတ်ပြတ်သားသား မပါခဲ့ပါ။ တချို့ကကျတော့ တပ်မတော်သားဖြစ်ချင်သည်။ ၁၃နှစ်သားတွင် မျက်မှန်ထူထူနှင့် စတင် မိတ်ဖွဲ့ရပြီဖြစ်သဖြင့် မျက်မှန်တပ်ဆင်သူများ လျှောက်ထားရန် မလိုသော ထိုအလုပ်ကိုလည်း စိတ်မကူးနိုင်တော့ပါ။

ကျွန်တော်ဖြစ်ချင်သည်ကား ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ ဖြစ်သည်။ သို့သော် ပညာကိုလည်း လူတန်းစေ့တော့ တတ်ထားချင်စိတ်ကလေးကလည်း ရှိသည်။ အထူးသဖြင့် အင်္ဂလိပ်လို မွှတ်ချင်သည်။ စာဖတ် ဝါသနာကြီးလှသူ ကျွန်တော့်အတွက် အင်္ဂလိပ်စာအုပ်တွေကို သိပ်ဖတ်တတ်ချင်လွန်းခဲ့သည်။


မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့် အနာဂတ်စိတ်ကူးကို ပြောပါဆိုလျှင် ထိုအရွယ်မှာ မင်းသား၊ အဆိုတော်၊ စာရေးဆရာဟု တန်းပြောနိုင်ပါသည်။

ယနေ့ အနှစ်၃၀ကျော်ကြာသောအခါ အတိတ်နှင့် ပစ္စုပ္ပန်ကို ယှဉ်ကြည့်မိ သည်။ ဆရာဝန် လုပ်ချင်သော အတန်းဖော် အတော်များများ ဆရာဝန်ဖြစ်သွားကြပါသည်။ တချို့က နိုင်ငံရပ်ခြားကို အပြီးအပိုင် ထွက်ခွာသွားကြပြီ။ တချို့က နယ်တွေမှာ။ ဆေးခန်းတွေ ထိုင်နေကြသော အသပြာဆရာဝန်တွေက ခပ်များများ။

အင်ဂျင်နီယာဖြစ်ချင်သူတွေလည်း အင်ဂျင်နီယာဘွဲ့တွေတော့ ရလိုက်ကြသေးသည်သာ။ ယနေ့အခါမှာတော့ အင်ဂျင်နီယာ ဆက်လုပ်နေသည့်သူတွေ သိပ်မတွေ့မိ။ တပ်မတော်သား ဖြစ်သွားသူတွေလည်း ပါသည်။ ကျွန်တော်နှင့် ရွယ်တူတွေမှာ ယခုအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ များသည်။

သို့သော် တချို့တွေကတော့ တပ်မတော်သား မဟုတ်ကြတော့။ အရပ်ဘက်မှ အရာရှိကြီးတွေ ဖြစ်နေကြလေပြီ။

ကျွန်တော်ကရော၊ ရုပ်ရှင်မင်းသားလည်းမဖြစ်၊ အဆိုတော်လည်း ဖြစ်မလာတာက သေချာပါသည်။ စာရေးသူတစ်ယောက် ဖြစ်လာသည့်အတွက် ကျွန်တော့် ရည်မှန်းချက် ၃၅ရာခိုင်နှုန်းလောက်တော့ အထမြောက်ပါသေးသည်ဟု မိမိကိုယ်ကို ချွေးသိပ်နိုင်ရုံတော့ ရှိပေသေးသည်။

သို့ရာတွင် ကျွန်တော်သည် စာရေးခြင်းဖြင့် အသက်မွေးသူကား ဖြစ်မလာခဲ့ပါ။ ရွယ်တူတွေထက် အင်္ဂလိပ်စာလေး အနည်းအပါး ပိုတတ်တာကို အကြောင်းပြုပြီး လခကောင်းကောင်း စားနေသော ဝန်ထမ်းမျှသာ ဖြစ်လေသည်။

ကျွန်တော့်မှာလည်း အနာဂတ် စိတ်ကူးအိပ်မက်တွေ မပြီးဆုံးသေး။ တစ်ချိန်တွင် ဝန်ထမ်းဘဝကို အပြီးအပိုင် စွန့်လွှတ်လိုက်ချင်သည်။ ဘယ်သူ့မျက်နှာမှ ထောက်ထားနေစရာ မလိုသော ကိုယ်ပိုင် အလုပ်တစ်ခုခုကို ထူထောင်ချင်သည်။ ဘာကို ထူထောင်မည်ဆိုခြင်းကိုလည်း  ရေရေရာရာ တွေးတောကာ ပြင်ဆင်ပြီးသားလည်း ဖြစ်သည်။


သို့သော် ကျွန်တော် မဝံ့ရဲသေးပါ။ အိပ်မက် မက်နေဆဲသာ ဖြစ်ပါသည်။

ထိုကျွန်တော်က ၁၃-၄နှစ်တွေ၏ အိပ်မက်တွေကို မေးစမ်းကြည့်မိသောအခါ သူတို့တွေ မရရာလှတာကို အားမရသလို ဖြစ်နေခြင်းကား ငိုအားထက် ရယ်အားသန်ဟု ဆိုရမလိုပင်။


နောက်တစ်ချက်မှာ “တန်ဖိုး”ကိစ္စပင် ဖြစ်သည်။ ယနေ့ကမ္ဘာကြီးမှာက လိုချင် မက်မောစရာတွေ ပေါများလှသော ကမ္ဘာကြီးဖြစ်သည်။ ခေတ်မီ သက်သာ လူ့တန်ဆာပလာတွေရော၊ ဇိမ်ခံပစ္စည်းတွေပါ နေ့စဉ်နှင့်အမျှ တိုးပွားပေါ်ပေါက်နေသည်။


ထိုအခါ ပိုက်ဆံက အတော် စကားပြောလာသည်။ ထိုအခါ ဆယ်ကျော်သက်တို့အတွက် ပိုက်ဆံသည် တန်ဖိုးထားအပ်သော အရာ၊ မက်မော တောင့်တအပ်သော အရာဖြစ်သည်။ ကျွန်တော်တို့တုန်းက ဘာဖြစ်ချင်သည် ဆိုတာသာ ရှိသည်။ ပိုက်ဆံချမ်းသာချင်သည်ဟု သိပ်မပြောဖြစ်ကြပေ။


သမီးတို့ခေတ်မှာတော့ ငွေစကားက ပိုများပြောဖြစ်နေသလား၊ ကျွန်တော် တနုံ့နုံ့ စဉ်းစားနေမိရပြန်သည်။

အမှား

နောက်တစ်ချက်မှာ လူမှုဆက်ဆံရေးကိစ္စဖြစ်သည်။ သမီးက သူငယ်ချင်းတွေကို တန်ဖိုးထားရကောင်းမှန်း မသိရှာသေးပေ။ အလားတူပင်၊ မိဘအပေါ်တွင်လည်းကောင်း၊ သူ၏တစ်ဦးတည်းသော မောင်ငယ်အပေါ်တွင်လည်းကောင်း သိပ်တန်ဖိုးမထားလှပေ။

ထိုအချက်မှာတော့ ကျွန်တော်တို့ မိဘများဘက်က ချို့ယွင်းချက်သာ ဖြစ်နေဖို့ အကြောင်းများလှပါသည်။ သမီးငယ်နုစဉ်က အိုးအိမ်အတည်တကျ မရှိဘဲ ကျွန်တော်က ကျွန်တော့်အမေအိမ် တစ်လှည့်၊ သမီးနှင့်ဇနီး ရှိရာ ယောက္ခမအိမ် တစ်လှည့်နေခဲ့ရတာ၊ အိမ်ဖော်တွေ ခဏခဏ ပြောင်းတာ၊ လင်မယား ခဏ ခဏ ရန်ဖြစ်တာများသည် သမီး၏ ရင်တွင် စိတ်အမာရွတ် ထင်စေခဲ့ပြီမှန်း ကျွန်တော် သတိထားမိနေခဲ့သည်မှာ ကြာပါပြီ။

ကလေးငယ်တစ်ယောက်၏ စိတ်မှာ အနာတရ ဖြစ်ရုံတင်မက တစ်သက်စာ အမာရွတ်ထင်ကျန်အောင် လုပ်နိုင်သူမှာ လက်ဦးဆရာဟု ခေါ်တွင်အပ်သော ကျွန်တော်တို့ မိဘများ ကိုယ်တိုင်ဖြစ်နေတတ်ကြောင်း သမီးငါးနှစ်ကျော်မှ ကျွန်တော်သိလိုက်ပါသည်။ တချို့သူများ မြေးရသည်အထိပင် သတိ မဝင်နိုင်သေးတာနှင့် နှိုင်းစာလျှင် မဆိုးဟု ဆိုပင် ဆိုနိုင်ငြားသော်လည်း မှားတာကတော့ မှားသွားခဲ့ပါပြီ။ လွန်လည်း လွန်သွားခဲ့ပါပြီ။

ထိုမျှမကသေး ကျွန်တော်၏ ငါတကောကောမှု၊ ဘဝင်လေဟပ်မှု၊ အနေအထိုင် လော်လီမှုတို့ကြောင့် ဆင်ဆိုသည်မှာ နံရံကြီးပါတကားဟု ဟစ်ကြွေးသူ မျက်မမြင် ပုဏ္ဏားကြီးနှယ် သမီးငယ်ကလည်း ကျားဆိုသည်မှာ မြွေပွေးပါတကားဟု မှတ်သားလိုက်ပြီ ဆိုခြင်းကိုလည်း ကျွန်တော် သတိထားလိုက်မိပါသည်။

ထိုအတွက်တော့ဖြင့် ကျွန်တော် သိပ်ဝမ်းမနည်းမိသည့်အပြင် သမီးရှင် ဖခင်တစ်ယောက်အနေဖြင့် တရားမဲ့စွာ ပြောရလျှင် ဝမ်းတောင် သာမိရပါသေးသည်။

အချုပ်

လူမှန်လျှင် ရည်မှန်းချက်နှင့် ဝါသနာဆိုတာလေး နှစ်ခုတော့ ရှိအပ်သည်ဟု နားလည်ခံယူထားပါသည်။

ဆယ်ကျော်သက်လေးများသည်လည်း လူကလေးများပင် ဖြစ်ထသောကြောင့် သူတို့လေးတွေမှာလည်း ရည်မှန်းချက်နှင့် ဝါသနာလေးတွေ တိတိပပ ရှိနေစေချင်လှပါသည်။

သို့ရာတွင်…

(၂၀ဝ၂ခုနှစ် အောက်တိုဘာလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၃၄/၂၀၀၄(၂) ဖြင့် လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေထားတဲ့ “သက်ငယ်စကား”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်ထားတာပါ။)
Advertisements
5 Comments leave one →
  1. 3 May 2010 11:36 am

    ကျေးဇူးပါဆရာ။ သမီးက ဆယ်ကျော်သက် (အမြှောက် ၃ ) ဖြစ်နေပေမယ့် ဒီဆောင်းပါးကို ဖတ်လို့ ကြိုက်ပါတယ်ဆရာ။
    🙂

    (ရည်မှန်းချက်နဲ့ ၀ါသနာ နှစ်ခုထက်ပိုများနေလို့ ဒုက္ခဖြစ်နေသူကြီးတစ်ဦး)

  2. ဝေေ၀ permalink
    3 May 2010 3:08 pm

    ကလေးရှေ့မှာ ရန်မဖြစ်ဖို့ သတိထားပေမယ့် သည်းမခံနိုင်ရင်ဖြစ်မိတာပဲ.. ဘကြီး ကလေးက ငယ်နေသေးလို့သာ တော်တော့တယ်

    • lettwebaw permalink
      3 May 2010 5:21 pm

      ငယ်သေးလို့ တော်တယ်လို့ မအောက်မေ့စေချင်ဘူး ငါ့သမီး။ ငယ်လေ ဒဏ်ပြင်းလေဆိုတာကိုလည်း မမေ့ပါနဲ့။ အဲဒီ့အကျိုးဆက်တွေကို ဆရာက လက်တွေ့ခံစားနေရသူမို့ သတိ ကျပ်ကျပ်ထားပါလို့ မှာပါရစေ။ ဖြစ်ချင်ရင်တောင် အောင့်ထားပြီး ကလေးကွယ်ရာမှာ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားစေချင်ပါတယ် ငါ့သမီး။

  3. pyaesone permalink
    3 May 2010 9:01 pm

    ဆရာ ရည်မှန်းချက်တွေလည်း ရှိလာပါရဲ့ ဖြစ်ချင်တာတွေလည်းရှိလာပါရဲ့
    ဖြစ်သင့်တာတွေကို ဦးစားပေးရမလား ဖြစ်နိုင်တာတွေပဲလုပ်ရမလား
    ဘာမှန်းကိုမသိတော့ဘူး။ ရင်ထဲမှာလည်း မွန်းကြပ်လိုက်တာ

  4. 6 January 2011 6:44 pm

    ဒီဟာကိုစာအုပ်မှာဖတ်ဖူးပါတယ်..အိမ်မှာဝယ်ထားပါတယ်..
    အရမ်းသဘောကျတယ်..ဒီလိုဆယ်ကျော်သက်နဲ့ဆိုင်တာလေးတွေထပ်ထုတ်ပါဦးလို့
    ကျေးဇူးလဲအများကြီးတင်ပါတယ် ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: