Hanky-Panky

ဆီအလူးကောင်းသူများ

၂၀၁၀ ပြည့် မတ်လ ၁၆ ရက် နေ့တုန်းကတော့ သူတစ်ပါး ကြုံနေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရဖူးပါသည်။ ထိုမှ ၁၅ ရက်အကြာ မတ်လ  ၃၁ ရက်နေ့မှာတော့ ကိုယ်တိုင် ကြုံလိုက်ရသည်။

မျက်ဝါးထင်ထင် မြင်လိုက်ရသောအဖြစ်ကို အရင်ဆုံး ပြန်ပြောပြပါမည်။ ထိုနေ့က စင်ကာပူနိုင်ငံသို့ သုံးညအိပ် သွားရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကျွန်တော် ရောက်နေသည်။ ကျွန်တော်စီးမည့် လေကြောင်းက ”ပိုးသားလေကြောင်း” အမည်ရှိ စင်ကာပူလေကြောင်း ဖြစ်သည်။ ကျွန်တော့်လက်မှတ်က “အီး” လက်မှတ်။ ဘ၀၏ ပထမဆုံး အီးလက်မှတ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

အီးလက်မှတ်ဟူသည်ကား အင်တာနက်မှ မှာယူကာ အင်တာနက်မှပင် ငွေချေလိုက်ပြီးသကာလ ခေတ်ပေါ်လေယာဉ်လက်မှတ် ၀ယ်ယူနည်းပင်ဖြစ်သည်။ ထိုနည်းအရ ခရီးသွားမည့်သူသည် လက်မှတ်တည်းဟူသော စက္ကူတစ်ရွက်ကို ကိုင်ထားရန် မလိုတော့ချေ။ လေဆိပ်ရောက်သည်နှင့် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ထုတ်ပေးသည့် သက်ဆိုင်ရာ လေကြောင်းလိုင်းစားပွဲမှာ မိမိမည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (နိုင်ငံကူးလက်မှတ်)ကို ထုတ်ပေးလိုက်သည်နှင့် တာဝန်ခံက ကျွန်တော့်နာမည်နှင့် နိုင်ငံကူးလက်မှတ်အမှတ်ကို ဖြည့်သွင်းလိုက်ရုံမျှဖြင့် သူ့ကွန်ပျူတာထဲမှာ ဘယ်နေ့ဘယ်ရက်အတွက် ကျွန်တော် ငွေချေ ၀ယ်ယူပြီး ဖြစ်ကြောင်း ပေါ်လာပါလိမ့်မည်။ ထိုအခါ သူက ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ကတ်ပြားလေး ထုတ်ပေးလိုက်ရုံသာ။

အလွန် လွယ်ကူ အဆင်ပြေသော နည်းပညာပင်ဖြစ်သည်။

သို့သော် ထိုသို့ ၀ယ်ယူနိုင်ဖို့အတွက်မူ နိုင်ငံတကာသုံး ဘဏ်စနစ် ကတ်ပြားတစ်ခုခု ကိုယ့်မှာ ရှိထားဖို့တော့ လိုသည်။ ဒါမှလည်း သက်ဆိုင်ရာလေကြောင်းလိုင်းက ဆိုင်ရာအခကြေးငွေကို ထိုဘဏ်မှတစ်ဆင့် အပြည့်အ၀ ရရှိတော့မည်သာဖြစ်သည်။

ကျွန်တော့်မှာ နိုင်ငံတကာ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်ထားနိုင်လောက်အောင် မကြွယ်ဝပါ။ ကြွယ်ဝသည်ဆိုဦးတော့ မြန်မာနိုင်ငံတွင် နေထိုင်သူတစ်ယောက်ကို နိုင်ငံခြားဘဏ်တွေက စာရင်းဖွင့်ခွင့် မပေးကြတာလည်း လတ်တလောမှာ ခေတ်စားနေပါသည်။ သို့သော် လူမတတ်သော်လည်း လက်ဖက်ထုတ်ကျေးဇူးကြောင့် ကျွန်တော့်လက်မှတ်မှာ အီးလက်မှတ် ဖြစ်နေပါသည်။ ဟိုနိုင်ငံက ဖိတ်ကြားတာ ဖြစ်သဖြင့် ဟိုနိုင်ငံရှိကုမ္ပဏီက သူတို့ပိုက်ဆံနှင့် ကျွန်တော့်အတွက် လေယာဉ် လက်မှတ်ကို ၀ယ်ပေးတာဖြစ်နေသဖြင့် နိုင်ငံတကာ အဆင့်မမီလှသော ကျွန်တော်တစ်ကောင်မှာ ယောင်ကြောင်ပေါင်ကြောင်နှင့် အီးလက်မှတ် ကိုင်ဆောင်သူ ဖြစ်နေပါပေတော့သည်။


ဘယ်နိုင်ငံရှိ လေကြောင်းလိုင်း လက်မှတ်ထုတ်ပေးသူကမှ နိုင်ငံကူးလက်မှတ်ပေါ်မှ ကျွန်တော့်နာမည်နှင့် ဓာတ်ပုံပါ စာမျက်နှာက လွဲပြီး ကျန်တာကို လှန်မကြည့်ခဲ့ကြပါ။ နာမည်နှင့် ဓာတ်ပုံကို ကြည့်ပြီးသည်နှင့် ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ရှောရှောရှူရှူ ထုတ်ပေးခဲ့ကြသည်ချည်းသာ ဖြစ်ပါသည် . . .

 


ကျွန်တော်တောသားမှန်း ဖိတ်ကြားသူများက သိထားဟန် တူသည်။ သို့တည်းမဟုတ် ပိုးသားလေကြောင်း၏ ရန်ကုန်ရုံးခွဲက သူတို့အကြောင်း သူတို့သိဟန်တူသည်။ အဆိုပါ အီးလက်မှတ် ၀ယ်ယူထားမှုကို ဖော်ပြထားသော ပုံနှိပ်စာရွက်လေးတစ်ရွက်ကို အထောက်အထားအဖြစ် ကျွန်တော် ရလာပါသည်။ အမှန်တော့ သူတို့ လေကြောင်းလိုင်း တံဆိပ်ပါ လျောက်လွှာ စာရွက်တို တစ်ခုသာ ဖြစ်သည်။ ကြွေစက္ကူတစ်ရွက်ဖြစ်နေတာသာ သာမန်စာရွက်ထက် နည်းနည်းပိုထူးသည်။ ထိုစာရွက်လွတ်ပေါ်မှာ ကွန်ပျူတာပေါ်က ဟာတွေကို ကွန်ပျူတာသုံး ပုံနှိပ်စက်ငယ်ဖြင့် ရိုက်နှိပ်ပေးလိုက်ခြင်းသာ ဖြစ်လေသည်။

 

မင်္ဂလာဒုံလေဆိပ်က လေကြောင်းလိုင်းစားပွဲသို့ ရောက်သောအခါ ထိုပုံနှိပ်စာရွက်ကိုတောင်းသဖြင့် ထုတ်ပြလိုက်ရချေသေးသည်။ အဲတော့မှ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ကို ရလာပါသည်။ ထိုမှ သုံးရက်အကြာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာတော့ အဲဒီ့ ပုံနှိပ်စာရွက်ကို ဘယ်သူကမှ အဖက်လုပ်ပြီး မတောင်းပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို ထုတ်ပြလိုက်ပြီး တစ်မိနစ်ခန့်အကြာတွင် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်က ကျွန်တော့်လက်ထဲကို ရွှတ်ခနဲ ရောက်လာခဲ့ပါသည်။

အင်း… မြန်မာပြည်က ၀န်ထမ်းတွေက ပိုပြီး တိကျ သေချာကြပေတာပဲဟု ကြံဖန်ချီးကျူးရတော့မလား၊ ဒါမှမဟုတ် အီးခေတ်ကြီးမှာ ရှေးခေတ်က စက္ကူကို မစွန့်လွှတ်နိုင်ကြသေးသည့် သူတို့အမူအကျင့်အတွက် သနားရတော့မည်လား မပြောတတ်တော့ပါပေ။

ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ထုတ်ယူရန် တန်းစီနေခိုက်မှာ မိန်းကလေးငယ်တစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ သူ့ကို ကျွန်တော် ရင်းရင်းနှီးနှီး မြင်ဖူးနေသဖြင့် ပြုံးပြလိုက်သည်။ ဘယ်သူဘယ်ဝါမှန်းတော့ ကျွန်တော် မသိတော့ချေ။ သူ့မျက်နှာလေးက ပူပုံပွားနေသည်။

အကျိုးအကြောင်း မေးကြည့်တော့ သူ့မှာ စင်ကာပူ ပြည်ဝင်ခွင့် မပါသဖြင့် လေကြောင်းလိုင်းစားပွဲမှ တာဝန်ခံက သူ့အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်မပေးပါတဲ့။ သူက စင်ကာပူမှတစ်ဆင့် အင်ဒိုနီးရှားကို သွားမည့်သူ၊ အင်ဒိုနီးရှားပြည်ဝင်ခွင့်တော့ သူ့မှာ ပါသည်။ ဒါကို လေကြောင်းစားပွဲတာဝန်ခံက စင်ကာပူပြည်ဝင်ခွင့် မပါသဖြင့် လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်မပေးဟု ဆိုသောအခါ ကျွန်တော် နားမလည်မိတော့ပါ။

ပြည်ဝင်ခွင့်မှာ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ လူဝင်မှုကြီးကြပ်ရေးဌာနများ၏ တာဝန်သာဖြစ်သည်။ ဘယ်လေကြောင်းလိုင်းကမှ ထိုကိစ္စအတွက် တာဝန်မရှိချေ။ လေကြောင်းလိုင်း၏ တာဝန်မှာ လေယာဉ်လက်မှတ် ရောင်းချရန်၊ ၀ယ်ယူထားသော လေယာဉ်လက်မှတ် မှန်ကန်လျှင်၊ ၀ယ်ယူသူလည်းမှန်နေလျှင် လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်ပေးကာ ထိုသူအား လေယာဉ်ဖြင့် သက်ဆိုင်ရာ ခရီးဆုံးအထိ တင်ခေါ်သွားရန်သာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ၀န်ထမ်းများအနေဖြင့် လေယာဉ်လက်မှတ် ၀ယ်ယူထားသူ၏ နိုင်ငံကူးလက်မှတ်ကို ယူကြည့်ခြင်းမှာ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားအဖြစ် တိုက်ဆိုင်စစ်ဆေးရန်သာ ဖြစ်ပါသည်။ထိုသူ့မှာ ပြည်ဝင်ခွင့်ဗီဇာ ပါခြင်း မပါခြင်းသည် ထိုသူ၏ ပြဿနာသာဖြစ်ပြီး လေကြောင်းလိုင်း၏ ပြဿနာ မဟုတ်သလို လေကြောင်းလိုင်းမှ လက်မှတ်ထုတ်ပေးသော လက်မှတ်စစ် ၀န်ထမ်း၏ အပူလည်း နှစ်ပြားဖိုးမှ မပါချေ။ ပြည်ဝင်ခွင့် မရလို့ နစ်နာလျှင်၊ အခက်တွေ့လျှင် သွားမည့် ခရီးသည်ကသာ ရင်ဆိုင်ရမည်ဖြစ်သည်။ ဒါကလည်း ခရီးဆုံး လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနှင့် ဖြေရှင်းရေးသာ ဖြစ်သည်။ လေကြောင်းလိုင်းဟူသည်ကား ပိုက်ဆံပေးသူမှန်သမျှအား လက်မှတ် ရောင်းချပေးပြီး သူ့လေယာဉ်ပေါ် ကောက်တင်သွားရန်သာ တာဝန်ရှိပေသည်။

ဒါကိုပဲ စင်ကာပူ ပြည်ဝင်ခွင့် မပါသဖြင့် လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်မပေးလေသော အနှီဝန်ထမ်းကို ကျွန်တော်ဘယ်လို နားလည်ရမည်မှန်း မသိတော့ပါ။ တော်ပါသေးရဲ့။ ဟိုကလေးမလေးကလည်း လွယ်လွယ်နှင့် အလျှော့မပေးဘဲ သူ့ကြီးကြပ်ရေးမှူးနှင့် တွေ့ဆုံ ပြောဆိုလိုက်တော့လည်း အဆင်ပြေသွားကာ ကျွန်တော်နှင့် လေယာဉ်တစ်စီးတည်း လိုက်ပါလာနိုင်ခဲ့ပါသည်။

နောက်တစ်ပတ်အကြာတွင် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းရုံး တစ်ရုံးသို့ အကြောင်းတစ်ခုဖြင့် ရောက်သွားတော့ ထိုကလေးမကို ပြန်တွေ့ရသည်။ အဲတော့မှ သူ့ကို ဘယ်မှာ မြင်ဖူးထားမှန်း ကျွန်တော်သိတော့သည်။

ထိုနေ့က အဖြစ်ကို ပြန်မေးတော့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးကလည်း အဆင်ပြေစွာပင် သူ့ကို ပြည်ဝင်ခွင့်ပေးခဲ့ပါသတဲ့။ အေးလေ… ပေးခဲ့လို့ပဲ သူလည်း အင်ဒိုနီးရှားက ပြန်လာကာ မြန်မာပြည်မှာ ကျွန်တော်နှင့်တောင် ပြန်ဆုံနေပြီပဲ။

ကြားထဲက အခြောက်တိုက် ခလောက်ဆန်သူမှာ အနှီလေကြောင်းလိုင်းစားပွဲမှ လက်မှတ်ထုတ်ပေးသူ တာဝန်ခံသာ ဖြစ်နေလေတော့သည်။

ဒါက မျက်ဝါးထင်ထင် မြင်ဖူးတာ။

နောက် ၁၅ ရက်တိတိ အကြာမှာ ကိုယ်တိုင်ကြုံရသည်။ သည်တစ်ခါက ကျွန်တော့်ဇနီးရယ်၊ ကျွန်တော့်သားရယ် ပါပါသည်။ သူတို့နှင့်အတူ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်သွားဖို့ ထွက်လာကြခြင်း ဖြစ်သည်။
သည်တစ်ခါ လေကြောင်းက အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း။ လေကြောင်းလိုင်းစားပွဲမှာ လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်တော့ သက်ဆိုင်ရာ ၀န်ထမ်းလေးနှင့် ကွန်ပျူတာ လုံးချာပတ်ချာ လိုက်နေပုံမှာ သိသိသာသာ ဖြစ်နေသည်။ သုံးမိနစ်ခန့်နှင့် ပြီးရမည့်အလုပ်မှာ သူ့ မကျွမ်းကျင်မှုကြောင့် ဆယ်မိနစ်နီးပါး ကြာနေပါသည်။

ထိုအတောအတွင်းမှာ ထိုဝန်ထမ်းဘေးမှာ ရပ်နေသည့် ရှိုးကောင်းကောင်းဝန်ထမ်း မိန်းမငယ်က ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်၏ နိုင်ငံကူး လက်မှတ်များကို လှန်လှော ကြည့်ရှုတော်မူပါပေသည်။ ထို့နောက်…

“စိတ်တော့ မရှိနဲ့နော်။ သည်လိုပါ၊ အန်ကယ်ကတော့ သွားနေကျဆိုတော့ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က အခုမှ ပထမဆုံး စသွားမှာဆိုတော့ ဟိုနိုင်ငံကျရင် စစ်ကြ မေးကြလိမ့်မယ်။ အဲဒီ့ အခါကျရင် သူတို့ကိုပြဖို့ ငွေ လုံလုံလောက်လောက်ရော ပါရဲ့လား”တဲ့။

ထိုသနားကမား မိန်းမငယ်ကို “ဒန်တံဆိပ်” ပေးချင်စိတ်က ချက်ချင်း ပေါက်သွားသည်။ အကြောင်းကား အဲဒါ သူ့အလုပ် လုံးဝ မဟုတ်ချေ။ သူ့အလုပ်မှာ ကျွန်တော်တို့ နာမည်များနှင့် လက်မှတ် ၀ယ်ယူထားခြင်း ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေးပြီး လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်ပေးရန်သာ ဖြစ်သည်။

နေရာဌာန ကွာခြားသည့်တိုင် သူတို့ ယူထားရသော တာဝန်သည် ဘောလုံးကွင်း၊ သို့မဟုတ် ဘိုင်စကုပ်ရုံလို နေရာမျိုး၏ ၀င်ပေါက်မှ လက်မှတ်သိမ်း၏ တာဝန်မျိုးသာ ဖြစ်သည်။ လေယာဉ်လက်မှတ် ရောင်းချသူကမှ ငွေသိမ်းရသဖြင့် သူတို့ထက် တာဝန် ပိုကြီးချင် ကြီးပေလိမ့်ဦးမည်။ သူတို့မှာ လက်မှတ် ရောင်းသူနှယ် ငွေကိုင်ရသော တာဝန်မျိုးပင် ယူစရာ မလိုအောင် ပေါ့ပါးပါသည်။ ခရီးသည်၏ လက်မှတ်ကို စစ်၊ ၀န်စည်စလည်ကို ကြည့်၊ ပေါင်ပိုနေလျှင် လိုအပ်တာ လုပ်၊ ပြီးလျှင် လေယာဉ်ပေါ် တက်ခွင့် လက်မှတ် ထုတ်ပေးရသော ၀န်ထမ်းများသာ ဖြစ်ပေသည်။

နောက်တစ်ခုက သူ့အမြင်အရ အခုမှ အသစ်စက်စက်ကြီး ဖြစ်နေသော ကျွန်တော့်ဇနီးနှင့် သားတို့၏ နိုင်ငံကူးလက်မှတ်ပေါ်မှ ပြည်ဝင်ခွင့်များသည် မည်သည့် အမျိုးအစားများမှန်း သူမသိရှာပါ။ ကမ္ဘောဒီးယားနိုင်ငံသို့ ၀င်ခွင့်မှာ ခရီးသွားအဖြစ် ၀င်ခွင့်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ ၀င်ရာတွင်မူ ခရီးတစ်ထောက်နားသည့် ကြားစခန်းအဖြစ် နှစ်ကြိမ် ပြန်ဝင်နိုင်သည့် ပြည်ဝင်ခွင့် ဖြစ်ပါသည်။ ထိုသို့ တစ်ထောက်နား ပြည်ဝင်ခွင့်အတွက်ဖြစ်လျှင် မည်သည့် ပိုက်ဆံကိုမှ ပြရန် မလိုမှန်းလည်း သူ မသိရှာပါ။

ဒါကိုပဲ ခပ်တည်တည်နှင့် ကျွန်တော်တို့မှာ ပိုက်ဆံ လုံလုံလောက်လောက် ပါရဲ့လားတွေ ဘာတွေနှင့် အရစ်ရှည်နေလေသော ထိုမချောကို ကျွန်တော် ဒန်တံဆိပ်ကြီးပင် ဆုချလိုက်ချင်သွားသည်မှာ လွန်အံ့ မထင်ပါချေ။

ဟိုနိုင်ငံတွေ ရောက်တော့လည်း ဘယ်လူဝင်မှုကြီးကြပ်ရေးကမှ သူေ ပြာသလို ပိုက်ဆံပါလားလို့ မေးမည်၊ ပါသည့်ပိုက်ဆံ ထုတ်ပြခိုင်းမည် မဟုတ်လေမှန်း ကျွန်တော် အသိဆုံး ဖြစ်ပါသည်။ တကယ့် လက်တွေ့မှာလည်း  ကျွန်တော့်ဇနီးကိုရော၊ သားကိုပါ ဘယ်လူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်းကမှ သူ ပြောသလို မမေးခဲ့ကြပါ။

အဲဒါကိုပဲ မဆီမဆိုင်စကားတွေ အခြောက်တိုက် ပြောလာသူ ထိုသူငယ်မနှင့် အချင်းမများ လိုသဖြင့် ကျွန်တော်လည်း သူ့ကို စိတ်ပျက်လက်ပျက်နှင့် ခေါင်းသာ ညိတ်ပြလိုက်မိရပါသည်။ အမှန်ကတော့  “မပါရင် ညည်းက စိုက်ပေးမလို့လားကွဲ့”ဟုဖြစ်စေ၊  “ညည်းကိုယ်တိုင် အဲဒါမျိုး ကြုံခဲ့ဖူးလို့လားကွဲ့”ဟုဖြစ်စေ ငေါ့မေးလေး မေးဖြစ်ခဲ့ဖို့ ကောင်းပါသေးသည်။

နိုင်ငံပေါင်းများစွာသို့ ရောက်ခဲ့ဖူးသည်ဟု မဆိုဝံ့သည့်တိုင် အာရှပစိဖိတ်ဒေသအတွင်းမှ နိုင်ငံ တော်တော်စုံစုံကို ကျွန်တော်ရောက်ဖူးပါသည်။ သွားတိုင်းလည်း လေကြောင်းမှ သွားရသဖြင့် ထိုနိုင်ငံများမှ လေကြောင်းစားပွဲများကို အကြိမ် ကြိမ်ဖြတ်သန်းဖူးပါသည်။ ဘယ်နိုင်ငံရှိ လေကြောင်းလိုင်း လက်မှတ်ထုတ်ပေးသူကမှ နိုင်ငံကူးလက်မှတ်ပေါ်မှ ကျွန်တော့်နာမည်နှင့် ဓာတ်ပုံပါ စာမျက်နှာက လွဲပြီး ကျန်တာကို လှန် မကြည့်ခဲ့ကြပါ။ နာမည်နှင့် ဓာတ်ပုံကို ကြည့်ပြီးသည်နှင့် ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ရှောရှောရှူရှူ ထုတ်ပေးခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေကြောင်းလိုင်းစားပွဲများမှ ၀န်ထမ်းများကတော့ ထိုသို့ မဟုတ်ပါချေ။ သူတို့လက်ထဲ ရောက်လာသော နိုင်ငံကူးလက်မှတ်များကို အမြီးပြန်ခေါင်းပြန် လှန်ကြည့်ဖို့လည်း တစ်စက်မှ ၀န်မလေးကြသလို သူတို့နှင့် မဆိုင်သော အလုပ်တွေ လုပ်ဖို့၊ မဆိုင်သော စကားတွေ ပြောဖို့လည်း မတုံ့ဆိုင်းကြတာ တစ်ကြိမ်က မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီး နောက်တစ်ကြိမ်မှာ ကိုယ်တွေ့ကြုံလိုက်ရပါသည်။

ထိုရောအခါ “အားအားယားယား”ဆိုသော ဝေါဟာရ၏ အနက်ကို ဖွင့်ဆိုကြည့်ချင်လာမိရသလို “မယောင်ရာ ဆီလူး”ဆိုသော ဆိုရိုးကလည်း ပိုလို့ ပြက်ပြက်ထင်ထင် ပီပြင်လာရပါလေတော့သည်။

အင်း…ပြောပြန်လျှင်လည်း ဆူဒိုနင် လွန်ရာကျပေဦးတော့မည်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

ဆူဒိုနင်

(၀၈၀၄၁၀ – ခေတ္တ ငွေမိုးဟိုတယ်၊ မော်လမြိုင်မြို့)

၂၀၁၀ ပြည့်နှစ် မေလ ၆ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=2907:2010-05-05-09-06-16&catid=78:2009-11-13-06-25-17&Itemid=135 မှာ ပေးသွားတဲ့ ကွန်မန့်များ

Comments

#2 yooyoogyi 2010-05-06 09:18

မှန်ပါ့ … ကိုယ့်အလုပ်ကို… ကိုယ်ဘာကို သေသေချာချာ လုပ်ရမယ်ဆိုတာ… မသိတဲ့… အလုပ်သမားတွေပဲ…
#1 ဧကရီ 2010-05-06 08:04
ကျမလည်း အလားတူကိစ္စမျိုး ကြုံခဲ့ဖူးပါတယ် ။ ဖိလစ်ပိုင်ကို သွားတုန်းကပါ။ ရန်ကုန်လေဆိပ်က ကိုကို မမများကို ထိုင်းခရီး တထောက်နား ဗီဇာရော ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ရော ထုတ်ပြပါတယ်။ အဲဒါကို သူတို့က ဘန်ကောက်-မနီလာ လက်မှတ်ပါ ပြပါတဲ့။ ကျမက “လက်မှတ်က၀ယ်ပြီးသားပါ။ ပရင့် မထုတ်ရသေးတာ တစ်ခုပါပဲ ထိုင်းမှာ ၂ ပတ် နေဦးမှာမို့ ဟိုဘက် ဆက်ခါနီးမှ ပရင့်ထုတ်ပါ့မယ်”ဆိုတာလည်း မရဘူး။ “ဟိုဘက် ဆက်ကူးမယ့် လက်မှတ် မပြနိုင်ရင် ဘန်ကောက်က အ၀င်ခံမှာ မဟုတ်” လို့ သွားခွင့် မပြုနိုင်ပါဘူးတဲ့။ ခက်ရော။ တော်သေးတာပေါ့။ ကျမ လက်ပ်တော့ထဲမှာ အဲဒီ ဘန်ကောက်-မနီလာလက်မှတ်ကို သိမ်းထားမှန်း သတိရမိပြီး ကွန်ပျူတာ ဖွင့်ပြလိုက်တော့မှပဲ အဆင်ပြေသွားပါတယ်။ သူတို့ လုပ်တာနဲ့ လေယာဉ်ပေါ် အတက်နောက်ကျသွားတာတော့ အမှန်ပါပဲ။ ကျမလည်း ဘန်ကောက် ရောက်တော့ ဟိုက ဆရာတွေကများ မနီလာဘက် ဆက်မယ့် လက်မှတ် ပြခိုင်းမလားလို့ လက်ပ်တော့လေး ကိုင်ပြီး အဆင်သင့်ပေါ့။ ဟိုက မေးတောင် မမေးပါဘူး။ ကောင်းရော။ လက်ပ်တော့သာ မပါရင်၊ လက်ပ်တော့ထဲမှာလည်း လက်မှတ်ကို သိမ်းမထားမိရင် ရန်ကုန်ကနေကို ထွက်ရမှာ မဟုတ်ဘူး။ မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်

Qualifications Necessary for A Nice Partner

ချစ်သူကောင်းဖြစ်ရန် လိုအပ်သော အရည်အချင်း

ချစ်သူကောင်းဆိုတာ ဘာလဲ ?

တစ်ယောက်ယောက်ကို လက်ထပ်လိုက်တာနဲ့၊ ဒါမှမဟုတ် ကိုယ်လက် နှီးနှောလိုက်တာနဲ့ ချစ်သူဖြစ်သွားရောတဲ့လား။ ဘယ်ဟုတ်ပါ့မလဲ။ ကမ္ဘာနဲ့ ချီပြီး ပြောရရင် အိမ်ထောင်သည်တွေ ကုဋေချီပြီး ရှိသလို ကိုယ်လက်နှီးနှောနေသူတွေလည်း သန်းနဲ့ ချီပြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ့အထဲက အနည်းအပါးကသာ “တကယ့်ချစ်သူစစ်စစ်”တွေပါ။

  • ချစ်သူစစ်စစ်ဖြစ်ဖို့အတွက် ကိုယ့်လက်တွဲဖော်နဲ့ စည်းဝါးညီညီ၊ အပေးအယူမျှမျှနဲ့ ထာဝရ ဆက်ဆံနိုင်ဖို့ စိတ်ရောကိုယ်ပါ နှစ်ပြီး ဆောင်ရွက်နိုင်ရပါမယ်။
  • ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်အတွက် ဆုလာဘ်တစ်ခုလို့ ယုံယုံကြည်ကြည် ရှိနေပြီး အဲဒီ့ဆုလာဘ်ကလေးကို နေ့စဉ်နဲ့အမျှ ယုယမြတ်နိုး တန်ဖိုးထားတတ်မှ ချစ်သူကောင်းဖြစ်ပါမယ်။
  • ကိုယ့်လက်တွဲဖော်ကို ကိုယ်မပိုင်ဘူး၊ ဩကာသလောကကြီးက ကိုယ့်အတွက် သူ့ကို ခဏလေး ငှားထားတာလို့ နှလုံးသွင်းနိုင်မယ်ဆိုရင် အဲဒါ ချစ်သူကောင်းပါ။
  • ကိုယ်တို့နှစ်ယောက်ကြားမှာ ဖြစ်ဖြစ်သမျှ ကိစ္စတိုင်းဟာ ဘယ်လောက်ပဲ သေးငယ်သည် ဖြစ်နေပါစေ၊ နှစ်ယောက်စလုံးအတွက် အင်မတန်ကို
    အရေးပါကြောင်း၊ ကိုယ် သူ့ကိုပြောလိုက်သမျှ စကားလုံးတိုင်း၊ ဝါကျတိုင်းဟာ သူ့ကို ကြည်နူးစေ၊ ကြေကွဲစေနိုင်ကြောင်း၊ ကိုယ်ပြုသမျှ အရာတိုင်းဟာ ကိုယ်တို့ နှစ်ဦးကြားက သံယောဇဉ်ကို ပိုလို့ ခိုင်မာလာစေနိုင်သလို၊ လျော့တိလျော့ရဲလည်း ဖြစ်သွားစေနိုင်ကြောင်းများကို သတိထားမိပြီဆိုမှ ချစ်သူကောင်းဖြစ်ပါမယ်။
  • သည်အချက်တွေ အားလုံးကို နားလည်သဘောပေါက်ခဲ့ပြီမို့ မနက်လင်းလို့ မျက်စိနှစ်လုံး ပွင့်တာနဲ့တစ်ပြိုင်နက် သည်ကနေ့ တစ်နေ့တာဟာလည်း ကိုယ့်လက်တွဲဖော်နဲ့ ပျော်ပျော်ရွှင်ရွှင် နှစ်ကိုယ်ကြင်ရဦးမယ်ဆိုတာကို တွေးမိပြီး ကြည်ကြည်နူးနူးလေး ရှိနေမှ ချစ်သူကောင်း ဖြစ်ပါမယ်။

ဘဝမှာ ချစ်သူကောင်းတစ်ယောက်ရှိပြီဆိုတာနဲ့ အလွန့်အလွန် နေပျော်လှပါတယ်။

  • ကိုယ့်ဘေးနားမှာ ကိုယ်နဲ့မှ အတူ လျှောက်လှမ်းဖို့ ရွေးချယ်ထားသူ၊
  • ကိုယ့်ရဲ့နေ့တွေ၊ ညတွေ၊ ဖဲစက်ရာတွေနဲ့တကွ ကိုယ့်ဝန်ထုပ်ဝန်ပိုးတွေကိုပါ မျှဝေခံစားဖို့ အဆင်သင့်ဖြစ်နေသူ၊
  • ဘယ်သူမှ မမြင်နိုင် မသိနိုင်တဲ့ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို မိမိရရ အတွင်းကျကျ သိထားသူ၊
  • ကိုယ်ပုန်းအောင်းနေရင် မတွေ့တွေ့အောင် လိုက်ရှာပြီး လုံလုံခြုံခြုံနားခိုရာအဖြစ် သူ့ရင်ခွင်ကို ကြင်ကြင်နာနာ ဖွင့်ပေးတတ်သူ

အဲသလို “သူ”မှ ချစ်သူကောင်းပါ။

  • ချစ်သူကောင်းဟာ ကိုယ့်အတွက် ကံကောင်းခြင်းတွေကို နေ့စဉ် ကမ်း လှမ်း ပေးအပ်နေသူလည်း ဖြစ်ပါတယ်။
  • သူ့အြုပံး၊ သူ့အသံ၊ သူ့ကိုယ်နံ့၊ သူ့လှုပ်ရှားပုံလေးတွေနဲ့ ကိုယ့်ကို ကြည်နူးပီတိဖြစ်အောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်ပါတယ်။
  • ကိုယ့်ရဲ့အထီးကျန်ခံစားမှုကို စုပ်စမြုပ်စပျောက်သွားအောင် ဖန်တီးနိုင် သူလည်းဖြစ်ပါတယ်။

ကဲ… ချစ်စွာသော စာဖတ်သူ၊

လူကြီးမင်းဟာ ချစ်သူကောင်းတစ်ယောက် ဟုတ်ကဲ့လား။

ဒါမှမဟုတ် လူကြီးမင်းမှာ ချစ်သူကောင်းတစ်ယောက် ရှိရဲ့လား။

လူကြီးမင်းဟာ ချစ်သူကောင်းဆိုရင် ခင်ဗျာ့လက်တွဲဖော်လောက် ကံကောင်းသူ သည်မဟာဘဒ္ဒကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။

လူကြီးမင်းမှာသာ ချစ်သူကောင်း ရထားရင်လည်း ခင်ဗျားလောက် ကံကောင်းတဲ့သူ သည်ဇမ္ဗူမှာ မရှိဘူးဆိုတာ ယုံလိုက်ပါတော့ဗျို့…

(ဗျာ… ကျွန်တော်လား… ဟုတ်ကဲ့… ကျွန်တော်လည်း သိပ် ကံကောင်းတယ်၊ ကျွန်တော့်ချစ်သူလည်း အရမ်းကံကောင်းတယ်လို့ ပြော လိုက်ရင် ကြွားတယ်များ မှတ်ကုန်မလား မသိဘူး။ ဒါပေမယ့် အဲဒါ တကယ်ဗျ၊ ဟဲ… ဟဲ..)

(၁၆-၁၀-ဝ၁ နေ့ထုတ် သက်တံရောင်စဉ်ဂျာနယ် အမှတ် ၄မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၇၅/၂၀၀၃ (၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဇူလိုင်လမှာ ထုတ်ဝေထားတဲ့ “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း” စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ် တင်ဆက်လိုက်တာပါ။)