Skip to content
Hanky-Panky
6 May 2010
ဆီအလူးကောင်းသူများ
၂၀၁၀ ပြည့် မတ်လ ၁၆ ရက် နေ့တုန်းကတော့ သူတစ်ပါး ကြုံနေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရဖူးပါသည်။ ထိုမှ ၁၅ ရက်အကြာ မတ်လ  ၃၁ ရက်နေ့မှာတော့ ကိုယ်တိုင် ကြုံလိုက်ရသည်။
မျက်ဝါးထင်ထင် မြင်လိုက်ရသောအဖြစ်ကို အရင်ဆုံး ပြန်ပြောပြပါမည်။ ထိုနေ့က စင်ကာပူနိုင်ငံသို့ သုံးညအိပ် သွားရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကျွန်တော် ရောက်နေသည်။ ကျွန်တော်စီးမည့် လေကြောင်းက ”ပိုးသားလေကြောင်း” အမည်ရှိ စင်ကာပူလေကြောင်း ဖြစ်သည်။ ကျွန်တော့်လက်မှတ်က “အီး” လက်မှတ်။ ဘ၀၏ ပထမဆုံး အီးလက်မှတ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။
အီးလက်မှတ်ဟူသည်ကား အင်တာနက်မှ မှာယူကာ အင်တာနက်မှပင် ငွေချေလိုက်ပြီးသကာလ ခေတ်ပေါ်လေယာဉ်လက်မှတ် ၀ယ်ယူနည်းပင်ဖြစ်သည်။ ထိုနည်းအရ ခရီးသွားမည့်သူသည် လက်မှတ်တည်းဟူသော စက္ကူတစ်ရွက်ကို ကိုင်ထားရန် မလိုတော့ချေ။ လေဆိပ်ရောက်သည်နှင့် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ထုတ်ပေးသည့် သက်ဆိုင်ရာ လေကြောင်းလိုင်းစားပွဲမှာ မိမိမည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (နိုင်ငံကူးလက်မှတ်)ကို ထုတ်ပေးလိုက်သည်နှင့် တာဝန်ခံက ကျွန်တော့်နာမည်နှင့် နိုင်ငံကူးလက်မှတ်အမှတ်ကို ဖြည့်သွင်းလိုက်ရုံမျှဖြင့် သူ့ကွန်ပျူတာထဲမှာ ဘယ်နေ့ဘယ်ရက်အတွက် ကျွန်တော် ငွေချေ ၀ယ်ယူပြီး ဖြစ်ကြောင်း ပေါ်လာပါလိမ့်မည်။ ထိုအခါ သူက ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ကတ်ပြားလေး ထုတ်ပေးလိုက်ရုံသာ။
အလွန် လွယ်ကူ အဆင်ပြေသော နည်းပညာပင်ဖြစ်သည်။
သို့သော် ထိုသို့ ၀ယ်ယူနိုင်ဖို့အတွက်မူ နိုင်ငံတကာသုံး ဘဏ်စနစ် ကတ်ပြားတစ်ခုခု ကိုယ့်မှာ ရှိထားဖို့တော့ လိုသည်။ ဒါမှလည်း သက်ဆိုင်ရာလေကြောင်းလိုင်းက ဆိုင်ရာအခကြေးငွေကို ထိုဘဏ်မှတစ်ဆင့် အပြည့်အ၀ ရရှိတော့မည်သာဖြစ်သည်။
ကျွန်တော့်မှာ နိုင်ငံတကာ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်ထားနိုင်လောက်အောင် မကြွယ်ဝပါ။ ကြွယ်ဝသည်ဆိုဦးတော့ မြန်မာနိုင်ငံတွင် နေထိုင်သူတစ်ယောက်ကို နိုင်ငံခြားဘဏ်တွေက စာရင်းဖွင့်ခွင့် မပေးကြတာလည်း လတ်တလောမှာ ခေတ်စားနေပါသည်။ သို့သော် လူမတတ်သော်လည်း လက်ဖက်ထုတ်ကျေးဇူးကြောင့် ကျွန်တော့်လက်မှတ်မှာ အီးလက်မှတ် ဖြစ်နေပါသည်။ ဟိုနိုင်ငံက ဖိတ်ကြားတာ ဖြစ်သဖြင့် ဟိုနိုင်ငံရှိကုမ္ပဏီက သူတို့ပိုက်ဆံနှင့် ကျွန်တော့်အတွက် လေယာဉ် လက်မှတ်ကို ၀ယ်ပေးတာဖြစ်နေသဖြင့် နိုင်ငံတကာ အဆင့်မမီလှသော ကျွန်တော်တစ်ကောင်မှာ ယောင်ကြောင်ပေါင်ကြောင်နှင့် အီးလက်မှတ် ကိုင်ဆောင်သူ ဖြစ်နေပါပေတော့သည်။
ဘယ်နိုင်ငံရှိ လေကြောင်းလိုင်း လက်မှတ်ထုတ်ပေးသူကမှ နိုင်ငံကူးလက်မှတ်ပေါ်မှ ကျွန်တော့်နာမည်နှင့် ဓာတ်ပုံပါ စာမျက်နှာက လွဲပြီး ကျန်တာကို လှန်မကြည့်ခဲ့ကြပါ။ နာမည်နှင့် ဓာတ်ပုံကို ကြည့်ပြီးသည်နှင့် ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ရှောရှောရှူရှူ ထုတ်ပေးခဲ့ကြသည်ချည်းသာ ဖြစ်ပါသည် . . .
ကျွန်တော်တောသားမှန်း ဖိတ်ကြားသူများက သိထားဟန် တူသည်။ သို့တည်းမဟုတ် ပိုးသားလေကြောင်း၏ ရန်ကုန်ရုံးခွဲက သူတို့အကြောင်း သူတို့သိဟန်တူသည်။ အဆိုပါ အီးလက်မှတ် ၀ယ်ယူထားမှုကို ဖော်ပြထားသော ပုံနှိပ်စာရွက်လေးတစ်ရွက်ကို အထောက်အထားအဖြစ် ကျွန်တော် ရလာပါသည်။ အမှန်တော့ သူတို့ လေကြောင်းလိုင်း တံဆိပ်ပါ လျောက်လွှာ စာရွက်တို တစ်ခုသာ ဖြစ်သည်။ ကြွေစက္ကူတစ်ရွက်ဖြစ်နေတာသာ သာမန်စာရွက်ထက် နည်းနည်းပိုထူးသည်။ ထိုစာရွက်လွတ်ပေါ်မှာ ကွန်ပျူတာပေါ်က ဟာတွေကို ကွန်ပျူတာသုံး ပုံနှိပ်စက်ငယ်ဖြင့် ရိုက်နှိပ်ပေးလိုက်ခြင်းသာ ဖြစ်လေသည်။
မင်္ဂလာဒုံလေဆိပ်က လေကြောင်းလိုင်းစားပွဲသို့ ရောက်သောအခါ ထိုပုံနှိပ်စာရွက်ကိုတောင်းသဖြင့် ထုတ်ပြလိုက်ရချေသေးသည်။ အဲတော့မှ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ကို ရလာပါသည်။ ထိုမှ သုံးရက်အကြာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာတော့ အဲဒီ့ ပုံနှိပ်စာရွက်ကို ဘယ်သူကမှ အဖက်လုပ်ပြီး မတောင်းပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို ထုတ်ပြလိုက်ပြီး တစ်မိနစ်ခန့်အကြာတွင် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်က ကျွန်တော့်လက်ထဲကို ရွှတ်ခနဲ ရောက်လာခဲ့ပါသည်။
အင်း… မြန်မာပြည်က ၀န်ထမ်းတွေက ပိုပြီး တိကျ သေချာကြပေတာပဲဟု ကြံဖန်ချီးကျူးရတော့မလား၊ ဒါမှမဟုတ် အီးခေတ်ကြီးမှာ ရှေးခေတ်က စက္ကူကို မစွန့်လွှတ်နိုင်ကြသေးသည့် သူတို့အမူအကျင့်အတွက် သနားရတော့မည်လား မပြောတတ်တော့ပါပေ။
ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ထုတ်ယူရန် တန်းစီနေခိုက်မှာ မိန်းကလေးငယ်တစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ သူ့ကို ကျွန်တော် ရင်းရင်းနှီးနှီး မြင်ဖူးနေသဖြင့် ပြုံးပြလိုက်သည်။ ဘယ်သူဘယ်ဝါမှန်းတော့ ကျွန်တော် မသိတော့ချေ။ သူ့မျက်နှာလေးက ပူပုံပွားနေသည်။
အကျိုးအကြောင်း မေးကြည့်တော့ သူ့မှာ စင်ကာပူ ပြည်ဝင်ခွင့် မပါသဖြင့် လေကြောင်းလိုင်းစားပွဲမှ တာဝန်ခံက သူ့အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်မပေးပါတဲ့။ သူက စင်ကာပူမှတစ်ဆင့် အင်ဒိုနီးရှားကို သွားမည့်သူ၊ အင်ဒိုနီးရှားပြည်ဝင်ခွင့်တော့ သူ့မှာ ပါသည်။ ဒါကို လေကြောင်းစားပွဲတာဝန်ခံက စင်ကာပူပြည်ဝင်ခွင့် မပါသဖြင့် လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်မပေးဟု ဆိုသောအခါ ကျွန်တော် နားမလည်မိတော့ပါ။
ပြည်ဝင်ခွင့်မှာ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ လူဝင်မှုကြီးကြပ်ရေးဌာနများ၏ တာဝန်သာဖြစ်သည်။ ဘယ်လေကြောင်းလိုင်းကမှ ထိုကိစ္စအတွက် တာဝန်မရှိချေ။ လေကြောင်းလိုင်း၏ တာဝန်မှာ လေယာဉ်လက်မှတ် ရောင်းချရန်၊ ၀ယ်ယူထားသော လေယာဉ်လက်မှတ် မှန်ကန်လျှင်၊ ၀ယ်ယူသူလည်းမှန်နေလျှင် လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်ပေးကာ ထိုသူအား လေယာဉ်ဖြင့် သက်ဆိုင်ရာ ခရီးဆုံးအထိ တင်ခေါ်သွားရန်သာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ၀န်ထမ်းများအနေဖြင့် လေယာဉ်လက်မှတ် ၀ယ်ယူထားသူ၏ နိုင်ငံကူးလက်မှတ်ကို ယူကြည့်ခြင်းမှာ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားအဖြစ် တိုက်ဆိုင်စစ်ဆေးရန်သာ ဖြစ်ပါသည်။ထိုသူ့မှာ ပြည်ဝင်ခွင့်ဗီဇာ ပါခြင်း မပါခြင်းသည် ထိုသူ၏ ပြဿနာသာဖြစ်ပြီး လေကြောင်းလိုင်း၏ ပြဿနာ မဟုတ်သလို လေကြောင်းလိုင်းမှ လက်မှတ်ထုတ်ပေးသော လက်မှတ်စစ် ၀န်ထမ်း၏ အပူလည်း နှစ်ပြားဖိုးမှ မပါချေ။ ပြည်ဝင်ခွင့် မရလို့ နစ်နာလျှင်၊ အခက်တွေ့လျှင် သွားမည့် ခရီးသည်ကသာ ရင်ဆိုင်ရမည်ဖြစ်သည်။ ဒါကလည်း ခရီးဆုံး လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနှင့် ဖြေရှင်းရေးသာ ဖြစ်သည်။ လေကြောင်းလိုင်းဟူသည်ကား ပိုက်ဆံပေးသူမှန်သမျှအား လက်မှတ် ရောင်းချပေးပြီး သူ့လေယာဉ်ပေါ် ကောက်တင်သွားရန်သာ တာဝန်ရှိပေသည်။
ဒါကိုပဲ စင်ကာပူ ပြည်ဝင်ခွင့် မပါသဖြင့် လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်မပေးလေသော အနှီဝန်ထမ်းကို ကျွန်တော်ဘယ်လို နားလည်ရမည်မှန်း မသိတော့ပါ။ တော်ပါသေးရဲ့။ ဟိုကလေးမလေးကလည်း လွယ်လွယ်နှင့် အလျှော့မပေးဘဲ သူ့ကြီးကြပ်ရေးမှူးနှင့် တွေ့ဆုံ ပြောဆိုလိုက်တော့လည်း အဆင်ပြေသွားကာ ကျွန်တော်နှင့် လေယာဉ်တစ်စီးတည်း လိုက်ပါလာနိုင်ခဲ့ပါသည်။
နောက်တစ်ပတ်အကြာတွင် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းရုံး တစ်ရုံးသို့ အကြောင်းတစ်ခုဖြင့် ရောက်သွားတော့ ထိုကလေးမကို ပြန်တွေ့ရသည်။ အဲတော့မှ သူ့ကို ဘယ်မှာ မြင်ဖူးထားမှန်း ကျွန်တော်သိတော့သည်။
ထိုနေ့က အဖြစ်ကို ပြန်မေးတော့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးကလည်း အဆင်ပြေစွာပင် သူ့ကို ပြည်ဝင်ခွင့်ပေးခဲ့ပါသတဲ့။ အေးလေ… ပေးခဲ့လို့ပဲ သူလည်း အင်ဒိုနီးရှားက ပြန်လာကာ မြန်မာပြည်မှာ ကျွန်တော်နှင့်တောင် ပြန်ဆုံနေပြီပဲ။
ကြားထဲက အခြောက်တိုက် ခလောက်ဆန်သူမှာ အနှီလေကြောင်းလိုင်းစားပွဲမှ လက်မှတ်ထုတ်ပေးသူ တာဝန်ခံသာ ဖြစ်နေလေတော့သည်။
ဒါက မျက်ဝါးထင်ထင် မြင်ဖူးတာ။
နောက် ၁၅ ရက်တိတိ အကြာမှာ ကိုယ်တိုင်ကြုံရသည်။ သည်တစ်ခါက ကျွန်တော့်ဇနီးရယ်၊ ကျွန်တော့်သားရယ် ပါပါသည်။ သူတို့နှင့်အတူ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်သွားဖို့ ထွက်လာကြခြင်း ဖြစ်သည်။
သည်တစ်ခါ လေကြောင်းက အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း။ လေကြောင်းလိုင်းစားပွဲမှာ လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ထုတ်တော့ သက်ဆိုင်ရာ ၀န်ထမ်းလေးနှင့် ကွန်ပျူတာ လုံးချာပတ်ချာ လိုက်နေပုံမှာ သိသိသာသာ ဖြစ်နေသည်။ သုံးမိနစ်ခန့်နှင့် ပြီးရမည့်အလုပ်မှာ သူ့ မကျွမ်းကျင်မှုကြောင့် ဆယ်မိနစ်နီးပါး ကြာနေပါသည်။
ထိုအတောအတွင်းမှာ ထိုဝန်ထမ်းဘေးမှာ ရပ်နေသည့် ရှိုးကောင်းကောင်းဝန်ထမ်း မိန်းမငယ်က ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်၏ နိုင်ငံကူး လက်မှတ်များကို လှန်လှော ကြည့်ရှုတော်မူပါပေသည်။ ထို့နောက်…
“စိတ်တော့ မရှိနဲ့နော်။ သည်လိုပါ၊ အန်ကယ်ကတော့ သွားနေကျဆိုတော့ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က အခုမှ ပထမဆုံး စသွားမှာဆိုတော့ ဟိုနိုင်ငံကျရင် စစ်ကြ မေးကြလိမ့်မယ်။ အဲဒီ့ အခါကျရင် သူတို့ကိုပြဖို့ ငွေ လုံလုံလောက်လောက်ရော ပါရဲ့လား”တဲ့။
ထိုသနားကမား မိန်းမငယ်ကို “ဒန်တံဆိပ်” ပေးချင်စိတ်က ချက်ချင်း ပေါက်သွားသည်။ အကြောင်းကား အဲဒါ သူ့အလုပ် လုံးဝ မဟုတ်ချေ။ သူ့အလုပ်မှာ ကျွန်တော်တို့ နာမည်များနှင့် လက်မှတ် ၀ယ်ယူထားခြင်း ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေးပြီး လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ထုတ်ပေးရန်သာ ဖြစ်သည်။
နေရာဌာန ကွာခြားသည့်တိုင် သူတို့ ယူထားရသော တာဝန်သည် ဘောလုံးကွင်း၊ သို့မဟုတ် ဘိုင်စကုပ်ရုံလို နေရာမျိုး၏ ၀င်ပေါက်မှ လက်မှတ်သိမ်း၏ တာဝန်မျိုးသာ ဖြစ်သည်။ လေယာဉ်လက်မှတ် ရောင်းချသူကမှ ငွေသိမ်းရသဖြင့် သူတို့ထက် တာဝန် ပိုကြီးချင် ကြီးပေလိမ့်ဦးမည်။ သူတို့မှာ လက်မှတ် ရောင်းသူနှယ် ငွေကိုင်ရသော တာဝန်မျိုးပင် ယူစရာ မလိုအောင် ပေါ့ပါးပါသည်။ ခရီးသည်၏ လက်မှတ်ကို စစ်၊ ၀န်စည်စလည်ကို ကြည့်၊ ပေါင်ပိုနေလျှင် လိုအပ်တာ လုပ်၊ ပြီးလျှင် လေယာဉ်ပေါ် တက်ခွင့် လက်မှတ် ထုတ်ပေးရသော ၀န်ထမ်းများသာ ဖြစ်ပေသည်။
နောက်တစ်ခုက သူ့အမြင်အရ အခုမှ အသစ်စက်စက်ကြီး ဖြစ်နေသော ကျွန်တော့်ဇနီးနှင့် သားတို့၏ နိုင်ငံကူးလက်မှတ်ပေါ်မှ ပြည်ဝင်ခွင့်များသည် မည်သည့် အမျိုးအစားများမှန်း သူမသိရှာပါ။ ကမ္ဘောဒီးယားနိုင်ငံသို့ ၀င်ခွင့်မှာ ခရီးသွားအဖြစ် ၀င်ခွင့်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ ၀င်ရာတွင်မူ ခရီးတစ်ထောက်နားသည့် ကြားစခန်းအဖြစ် နှစ်ကြိမ် ပြန်ဝင်နိုင်သည့် ပြည်ဝင်ခွင့် ဖြစ်ပါသည်။ ထိုသို့ တစ်ထောက်နား ပြည်ဝင်ခွင့်အတွက်ဖြစ်လျှင် မည်သည့် ပိုက်ဆံကိုမှ ပြရန် မလိုမှန်းလည်း သူ မသိရှာပါ။
ဒါကိုပဲ ခပ်တည်တည်နှင့် ကျွန်တော်တို့မှာ ပိုက်ဆံ လုံလုံလောက်လောက် ပါရဲ့လားတွေ ဘာတွေနှင့် အရစ်ရှည်နေလေသော ထိုမချောကို ကျွန်တော် ဒန်တံဆိပ်ကြီးပင် ဆုချလိုက်ချင်သွားသည်မှာ လွန်အံ့ မထင်ပါချေ။
ဟိုနိုင်ငံတွေ ရောက်တော့လည်း ဘယ်လူဝင်မှုကြီးကြပ်ရေးကမှ သူေ ပြာသလို ပိုက်ဆံပါလားလို့ မေးမည်၊ ပါသည့်ပိုက်ဆံ ထုတ်ပြခိုင်းမည် မဟုတ်လေမှန်း ကျွန်တော် အသိဆုံး ဖြစ်ပါသည်။ တကယ့် လက်တွေ့မှာလည်း  ကျွန်တော့်ဇနီးကိုရော၊ သားကိုပါ ဘယ်လူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်းကမှ သူ ပြောသလို မမေးခဲ့ကြပါ။
အဲဒါကိုပဲ မဆီမဆိုင်စကားတွေ အခြောက်တိုက် ပြောလာသူ ထိုသူငယ်မနှင့် အချင်းမများ လိုသဖြင့် ကျွန်တော်လည်း သူ့ကို စိတ်ပျက်လက်ပျက်နှင့် ခေါင်းသာ ညိတ်ပြလိုက်မိရပါသည်။ အမှန်ကတော့  “မပါရင် ညည်းက စိုက်ပေးမလို့လားကွဲ့”ဟုဖြစ်စေ၊  “ညည်းကိုယ်တိုင် အဲဒါမျိုး ကြုံခဲ့ဖူးလို့လားကွဲ့”ဟုဖြစ်စေ ငေါ့မေးလေး မေးဖြစ်ခဲ့ဖို့ ကောင်းပါသေးသည်။
နိုင်ငံပေါင်းများစွာသို့ ရောက်ခဲ့ဖူးသည်ဟု မဆိုဝံ့သည့်တိုင် အာရှပစိဖိတ်ဒေသအတွင်းမှ နိုင်ငံ တော်တော်စုံစုံကို ကျွန်တော်ရောက်ဖူးပါသည်။ သွားတိုင်းလည်း လေကြောင်းမှ သွားရသဖြင့် ထိုနိုင်ငံများမှ လေကြောင်းစားပွဲများကို အကြိမ် ကြိမ်ဖြတ်သန်းဖူးပါသည်။ ဘယ်နိုင်ငံရှိ လေကြောင်းလိုင်း လက်မှတ်ထုတ်ပေးသူကမှ နိုင်ငံကူးလက်မှတ်ပေါ်မှ ကျွန်တော့်နာမည်နှင့် ဓာတ်ပုံပါ စာမျက်နှာက လွဲပြီး ကျန်တာကို လှန် မကြည့်ခဲ့ကြပါ။ နာမည်နှင့် ဓာတ်ပုံကို ကြည့်ပြီးသည်နှင့် ကျွန်တော့်အတွက် လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ရှောရှောရှူရှူ ထုတ်ပေးခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေကြောင်းလိုင်းစားပွဲများမှ ၀န်ထမ်းများကတော့ ထိုသို့ မဟုတ်ပါချေ။ သူတို့လက်ထဲ ရောက်လာသော နိုင်ငံကူးလက်မှတ်များကို အမြီးပြန်ခေါင်းပြန် လှန်ကြည့်ဖို့လည်း တစ်စက်မှ ၀န်မလေးကြသလို သူတို့နှင့် မဆိုင်သော အလုပ်တွေ လုပ်ဖို့၊ မဆိုင်သော စကားတွေ ပြောဖို့လည်း မတုံ့ဆိုင်းကြတာ တစ်ကြိမ်က မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီး နောက်တစ်ကြိမ်မှာ ကိုယ်တွေ့ကြုံလိုက်ရပါသည်။
ထိုရောအခါ “အားအားယားယား”ဆိုသော ဝေါဟာရ၏ အနက်ကို ဖွင့်ဆိုကြည့်ချင်လာမိရသလို “မယောင်ရာ ဆီလူး”ဆိုသော ဆိုရိုးကလည်း ပိုလို့ ပြက်ပြက်ထင်ထင် ပီပြင်လာရပါလေတော့သည်။
အင်း…ပြောပြန်လျှင်လည်း ဆူဒိုနင် လွန်ရာကျပေဦးတော့မည်။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။
ဆူဒိုနင်
(၀၈၀၄၁၀ – ခေတ္တ ငွေမိုးဟိုတယ်၊ မော်လမြိုင်မြို့)
၂၀၁၀ ပြည့်နှစ် မေလ ၆ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။
http://www.news-eleven.com/index.php?option=com_content&view=article&id=2907:2010-05-05-09-06-16&catid=78:2009-11-13-06-25-17&Itemid=135 မှာ ပေးသွားတဲ့ ကွန်မန့်များ
Comments
#2 yooyoogyi 2010-05-06 09:18
မှန်ပါ့ … ကိုယ့်အလုပ်ကို… ကိုယ်ဘာကို သေသေချာချာ လုပ်ရမယ်ဆိုတာ… မသိတဲ့… အလုပ်သမားတွေပဲ…
#1 ဧကရီ 2010-05-06 08:04
ကျမလည်း အလားတူကိစ္စမျိုး ကြုံခဲ့ဖူးပါတယ် ။ ဖိလစ်ပိုင်ကို သွားတုန်းကပါ။ ရန်ကုန်လေဆိပ်က ကိုကို မမများကို ထိုင်းခရီး တထောက်နား ဗီဇာရော ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ရော ထုတ်ပြပါတယ်။ အဲဒါကို သူတို့က ဘန်ကောက်-မနီလာ လက်မှတ်ပါ ပြပါတဲ့။ ကျမက “လက်မှတ်က၀ယ်ပြီးသားပါ။ ပရင့် မထုတ်ရသေးတာ တစ်ခုပါပဲ ထိုင်းမှာ ၂ ပတ် နေဦးမှာမို့ ဟိုဘက် ဆက်ခါနီးမှ ပရင့်ထုတ်ပါ့မယ်”ဆိုတာလည်း မရဘူး။ “ဟိုဘက် ဆက်ကူးမယ့် လက်မှတ် မပြနိုင်ရင် ဘန်ကောက်က အ၀င်ခံမှာ မဟုတ်” လို့ သွားခွင့် မပြုနိုင်ပါဘူးတဲ့။ ခက်ရော။ တော်သေးတာပေါ့။ ကျမ လက်ပ်တော့ထဲမှာ အဲဒီ ဘန်ကောက်-မနီလာလက်မှတ်ကို သိမ်းထားမှန်း သတိရမိပြီး ကွန်ပျူတာ ဖွင့်ပြလိုက်တော့မှပဲ အဆင်ပြေသွားပါတယ်။ သူတို့ လုပ်တာနဲ့ လေယာဉ်ပေါ် အတက်နောက်ကျသွားတာတော့ အမှန်ပါပဲ။ ကျမလည်း ဘန်ကောက် ရောက်တော့ ဟိုက ဆရာတွေကများ မနီလာဘက် ဆက်မယ့် လက်မှတ် ပြခိုင်းမလားလို့ လက်ပ်တော့လေး ကိုင်ပြီး အဆင်သင့်ပေါ့။ ဟိုက မေးတောင် မမေးပါဘူး။ ကောင်းရော။ လက်ပ်တော့သာ မပါရင်၊ လက်ပ်တော့ထဲမှာလည်း လက်မှတ်ကို သိမ်းမထားမိရင် ရန်ကုန်ကနေကို ထွက်ရမှာ မဟုတ်ဘူး။ မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်
Advertisements
10 Comments leave one →
  1. ဒီနှလုံး permalink
    6 May 2010 3:30 pm
    သက်ဆိုင်ရာ အလုပ်သမားများဘက်က ပြန်လည်ချေပထားတာလေးများ ရှိရင် တင်ပေပါအုံး ဆရာရေ့……….. 😛
    ခုလောက်ဆို သက်ဆိုင်သူများလဲ သိရောပေါ့ ….
    • lettwebaw permalink
      8 May 2010 9:36 pm
      ဟုတ်ကဲ့ခင်ဗျာ… ပြန်လည်ချေပထားတာများကို ကျကျနန တင်ထားပါကြောင်း။ တစ်ပျော်ကြီးပါလားကွယ်ရို့မှာ ရှုတော်မူပါခင်ဗျား။
  2. ဝေေ၀ permalink
    7 May 2010 5:13 pm
    လေဆိပ်မှာ လက်မှတ်သိမ်းဆိုတော့ နည်းနည်းဖင်ခေါင်း Star ချင်တာဖြစ်မယ် ဘကြီးး)
  3. zarni lwin permalink
    8 May 2010 8:59 pm
    လေဆိပ်က ၀န်ထမ်းတွေ ခရီးသည်တွေကို မချေမငံ ဆက်ဆံတာ ကျွန်မလည်း ခဏခဏ မြင်ရတယ်။ အထူးသဖြင့် တစ်ခါမှ ပြည်ပ မထွက်ဖူးသူများကို လေဆိပ်က ၀န်ထမ်းတွေက ပောာက်လိုက် ပိာန်းလိုက်နဲ့ မလေးမစား ဆက်ဆံပါတယ်။ ခရီးသည်တွေဘက်ကလဲ လိုအပ်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ လေကြောင်းလိုင်းဆိုတာ ၀န်ဆောင်မှု လုပ်ငန်းပါ။ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို ၀န်ဆောင်မှု ပေးရမှာ သူတို့ တာဝန်ပါ။ ဒါပေမဲ့ လေဆိပ်က ၀န်ထမ်းတွေက ပောာက်လိုက် ပိာန်းလိုက်နဲ့ မလေးမစား ဆက်ဆံတာ ခဏခဏ မြင်ရတယ်။ ကျွန်မလည်း ကိုယ်တွေ့မကြုံသေးလို့ ငြိမ်နေရတာ။
    နောက်တစ်ခုကတော့ လေကြောင်းလိုင်းနဲ့တော့ မသက်ဆိုင်ပါဘူး။ လေဆိပ်မှာ ကြုံရတဲ့ အခက်အခဲလေးကို ပြောပြချင်လို့ပါ။ ကျွန်မက ဆရာမပါ။ ကျောင်းပိတ်တိုင်း ရန်ကုန်ကို ပြန်ပါတယ်။ ကျောင်းဆိုတာလဲ သိတဲ့အတိုင်း ပိတ်ရက်များပါတယ်။ အောက်တိုဘာမှာ တစ်ပတ်… ဒီဇင်ဘာမှာ တစ်လ… ဧပြီမှာ နှစ်ပတ်… နဲ့ ဇွန်၊ ဇူလိုင် နှစ်လ။ ကျောင်းပိတ်လို့ ပြန်လာတိုင်း ရန်ကုန် ပြည်ဝင်ခွင့်က အခွန်ဆောင်တဲ့ စာရွက်နဲ့ ခွင့်စာ ပါလားလို့ အမြဲမေးတယ်။ အခွန်က တစ်နှစ်စာ ကြိုဆောင်ပြီးသား… copy လည်း ပါလာတယ်။ ဒါပေမဲ့ ကျောင်းပိတ်လို့ ခွင့်ယူစရာ မလိုတာ ရှင်းပြပေမဲ့လည်း ထုံးစံအရ ခွင့်စာ ယူလာရမယ်တဲ့… အဲဒါမှ D-form လုပ်စရာ မလိုဘဲ ပြန်လို့ ရမယ်တဲ့။ ကျွန်မလည်း ပြေပြေလည်လည် ရှင်းပြတာ လက်မခံတာနဲ့ ခပ်ငေါ့ငေါ့ ပြန်မေးလိုက်တယ်။
    ခွင့်ယူစရာ မလိုတာကို ခွင့်စာယူလာရမယ်ဆိုတော့ ကိုယ်ပာာကိုယ် ခွင့်စာ ရေးခိုင်းတာလားဆိုတော့ ပာုတ်ပါတယ်တဲ့။ ကျွန်မလည်း တစ်ဆင့်တက်ပြီး ဒါဆိုရင် ဦးတို့က အမှန်အတိုင်း ပြောပြတာ လက်မခံဘဲ ကိုယ်ပာာကိုယ် ခွင့်စာ ရေးပြီး ညာမှ ချောချောမောမော ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောလားလို့ မေးလိုက်တယ်။ အဲဒီကျမှ ထုံးစံအရတောင်းရတာပါ ဆိုပြီး ဘာမှ ထပ်မပြောတော့ဘဲ လုပ်ပေးတယ်။ ကျွန်မ ရန်ကုန် ပြန်လာတိုင်း အဲဒီလိုပဲ ကြုံရတယ်။
    ကျွန်မကလည်း ခေါင်းမာတယ်။ ကိုယ်ပာာကိုယ် ခွင့်စာရေးရင် ၅မိနစ်တောင် မကြာပါဘူး။ ဒါပေမဲ့ ထုံးစံအရ ဆိုပြီး ရစ်နေတာကို လက်မခံလို့ တမင်ကို ခွင့်စာယူမလာဘဲ ပြန်လာတိုင်း အချေအတင် ပြောပြီး လုပ်ပေးတဲ့အထိ ပြန်စွာရတယ်။ ကျွန်မ သိတဲ့ တချို့သူများကတော့ စကားမများချင်တာနဲ့ပဲ ခွင့်စာမပါလို့ တစ်လအတွင်း ပြန်တာတောင် D-form ပြန်လုပ်ရတယ်တဲ့။ လွယ်တာကို မခက်ခက်အောင် လုပ်နေသူများကြောင့် အလုပ် မကြန့်ကြာသင့်ဘဲ ကြန့်ကြာမူများ ဖြစ်နေတာတွေ ပြောပြလိုက်တာပါ။
    • ကိုစိုးလ် permalink
      10 May 2010 9:02 am
      @ Ma Zarni Lwin,
      ဒီကိစ္စကတော့ကျနော်တို. မြန်မာ လဝက နဲ့ဆိုင်တာလေ။ အမသိချင်လဲ သိမယ် မသိချင်လဲမသိဘူးပေါ့ဗျာ။ ကျနော်ဆိုဘာစာရွက်မှမယူဘူး။ ကျနော်စာအုပ်ထဲမှာတစ်ခုခုညှပ်ထဲ့ပေးလိုက်တယ်။ဒါဆိုအားလုံးအစဉ်ပြေ တယ်ဗျ။
  4. သီဟသစ် permalink
    9 May 2010 12:42 am
    ဆရာအတ္တကျော်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ ပြောစရာနှစ်ခု ရှိလာပါတယ်။ ကျွန်တော်မြင်မိတာကို ဆွေးနွေးတဲ့သဘောပါ။ဒိုင်လူကြီးလဲ မဟုတ်သလို ကစားသမားလဲ မဟုတ်ပါဘူး ပွဲကြည့်ပရိတ်သတ်ဖြစ်တဲ့အတွက် အားလုံးကို မြင်ရပါတယ်။ပထမအချက်က လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ကျွန်တော်တို့ဆီမှာ Public Information အရမ်းအားနည်းတာကို တွေ့ရပါတယ်။လေကြောင်းနဲ့ ခရီးသွားလာနေကြတဲ့ ခရီးသည်အများစုဟာ သူတို့လိုက်နာရမယ့် စည်းကမ်းကျင့်ဝတ်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို မသိကြဘူးဆိုတာတွေ့ရပါတယ်။တစ်ချို့သိတဲ့လူတွေကြတော့လည်း ပူးပေါင်းလိုက်နာဖို့ အားနည်းတာကို တွေ့ရပါတယ်။ ကုန်ကုန်ပြောရရင် သူတို့သွားရမယ့် ခရီးစဉ်အတွက် ဘာစာရွက်စာတမ်း လိုတယ်၊ ဘယ်လိုဖြည့်ရမယ်ဆိုတာတောင် မသိကြပါဘူး။ ဒီကြားထဲ ဟောက်စားလုပ်တဲ့ ၀န်ထမ်းနဲ့တိုးရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြရော။ အဲဒါဘာဖြစ်လို့လဲဆိုတော့ Information အားနည်းလို့ပါ။ ခရီးသည်တွေအတွက်ဆောင်ရန်/ရှောင်ရန်သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ကြေငြာတာဟာလည်း လေကြောင်းလိုင်းတွေရဲ့အရေးပါတဲ့ customer service တစ်ခုဘဲ ဖြစ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ပြသနာတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာကို သွားမယ့် ခရီးသည်တွေကလည်း မိမိရဲ့ အမူအကျင့်တွေကို standard ရှိအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားကို ခဏခဏသွားတဲ့လူ ဆိုရင် အဲလိုခဏခဏသွားတာနဲ့အမျှ အတွေးအမြင်တွေပါ တိုးတက်လာရပါမယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ပိုပြီး သိလာသင့်ပါတယ်။ ဒါပေမယ့်တစ်ချို့ကတော့ အမြင်မကျယ်လာဘဲ လူလည်ပိုကျလာတာကို တွေ့နေရပါတယ်။ Hand-carry ကို တစ်လုံးသာ သယ်ခွင့်ရှိမှန်းသိသိနဲ့ သုံးလေးလုံးသယ်၊ boarding gate မှာ တားတဲ့ဝန်ထမ်းနဲ့တွေ့တော့ အဲဒီဝန်ထမ်းကို လူကြားသူကြားမှာ အော်ကြီးဟစ်ကျယ် ပြောဆို ရန်တွေ့ပြီး heroလုပ်တဲ့ လူတွေ ကျွန်တော် နိုင်ငံခြားသွားရင် ခဏခဏ တွေ့တွေ့နေရပါတယ်။တစ်ချို့နိုင်ငံခြားသားတွေက အဲလိုခရီးသည်တွေကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်သွားကြတာကိုလည်း သတိထားမိပါတယ်
    နောက် လေကြောင်းလိုင်းဝန်ထမ်းတွေ သတိထားသင့်တဲ့အချက်ကတော့ ပြသနာတစ်ခုကို ချဉ်းကပ်တဲ့ နည်းလမ်းပါ။ နေ့စဉ် နိုင်ငံပေါင်းစုံ၊ ဒေသပေါင်းစုံ၊လူမျိုးပေါင်းစုံ၊အဆင့်အတန်းပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံရှိတဲ့ ခရီးသည်တွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ လေဆိပ်/လေကြောင်းလိုင်း ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းလည်းစာ၊ လေးလည်းလေးစားပါတယ်။ လူလူချင်းဆက်ဆံ ဖြေရှင်းရတဲ့ အလုပ်က အရမ်းကို ခက်ပါတယ်။ နိုင်ငံတကာ လေကြောင်းအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ၊ မိမိလေကြောင်းလိုင်းရဲ့ စံချိန်စံညွှန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေရယ် ခရီးသည်တွေရဲ့လိုလားချက်တွေ၊ လိုအပ်ချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်ရတာဟာ လေကြောင်းလိုင်းဝန်ထမ်းတွေအတွက် ဘယ်လောက် အခက်တွေ့စေမလဲဆိုတာ ခန့်မှန်းမိပါတယ် အဲဒီတော့လေကြောင်းလိုင်းတွေရဲ့ဝန်ဆောင်မှုဆိုတာဘာလဲ? ပြုံးပြနေရုံဘဲလား?ဆရာအတ္တကျော်ပြောသလို လက်မှတ်စစ်ပြီး လေယာဉ်ပေါ်တင်ပေးလိုက်ရုံဘဲလား? အဲဒီလောက်လွယ်ရဲ့လား ကျွန်တော်စဉ်းစားကြည့်မိတယ်။ အဲဒီတော့ လေကြောင်းလိုင်း ၀န်ထမ်းတွေအနေနဲ့ ပြသနာတစ်ခုခုကို ဖြေရှင်းရာမှာဘဲဖြစ်ဖြစ်၊ ၀န်ဆောင်မှုပေးရာမှာဘဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကိုတော့ မေ့ပစ်လို့မရပါဘူး။အဲဒီစံနှုန်းတွေထက် ကျော်လွန်မပြုလုပ်သင့်သလို လျော့ပေါ့ပြီးလည်း မပြုလုပ်သင့်ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်သိသလောက် ဒီစံနှုန်းတွေဆိုတာကျွန်တော်တို့ခရီးသည်တွေရဲ့ အန္တရာယ်ကင်းရှင်းအတွက် ဖြစ်လို့ပါဘဲ။ ဒါကြောင့်လေကြောင်းလိုင်းဝန်ထမ်းတွေအနေနဲ့ဒီ standard regulations ဘောင်ထဲကနေဘဲ မိမိခရီးသည်ကိုဘယ်လို အကောင်းဆုံးဝန်ဆောင်မှုပေးမယ်၊ လိုက်လျောရမယ်ဆိုတာ စဉ်စားသင့်ပါတယ်လို့ ပြောချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ပြောချင်တာကတော့ ကျွန်တော်ဟာ နိုင်ငံတကာလေကြောင်းလိုင်းမှာ အလုပ်မလုပ်ဘူးပေမယ့် နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့အတွက် International Standard တွေ၊ Rules and Regulations တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုတော့ ကောင်းကောင်းသိပါတယ်။နောက်ပြီး အဲဒီလိုနိုင်ငံတကာနဲ့ဆက်ဆံရတဲ့အဖွဲ့အစည်းတွေမှာ လုပ်ရတဲ့ဝန်ထမ်းတွေဟာ တွေ့ကရာလူတွေ ခန့်လို့ မရသလို၊ သူတို့စိတ်ထဲရှိသလို ကောင်းနိုးရာရာလုပ်လို့လည်း မရပါဘူး။လိုအပ်တဲ့သင်တန်းတွေကို အမြဲတက်နေရသလို စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ကြရပါတယ်။ အဲဒီလိုဆောင်ရွက်နေတာကို International Audit နိုင်ငံတကာအရည်အသွေးစစ်ဆေးရေးအဖွဲ့တွေကလည်း အမြဲတမ်း စစ်ဆေးနေပြန်ပါတယ်။ ဒါကြောင့်လေကြောင်းလိုင်းဝန်ထမ်းတွေဟာ သူတို့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ဒါမှမဟုတ် တာဝန်ဝတ္တရားရှိလို့ ဆရာအတ္တကျော်ကို မေးမြန်းကြတာဘဲ ဖြစ်မယ်လို့ထင်ပါတယ်။ တစ်နည်းအားဖြင့်လည်း
    သူတို့ကို အခုလိုအပုပ်ချမယ့် ကလောင်စွမ်းထက်တဲ့ စာရေးဆရာမှန်းမသိလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီဆောင်းပါးက တော်တော်တာ သွားပါတယ်။ ဆရာ့စာတွေကို အမြဲတမ်းစောင့်ဖတ်ခဲ့သမျှ ဒီတစ်ခါတော့ကျွန်တော့်ကိုစိတ်ပျက်ခဲ့စေပါတယ်။ ဖြစ်ရပ်ကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက ဆရာ့ရဲ့အမြင်ကိုပါ။ ဆရာ့လိုနာမည်ကြီးစာရေးဆရာတစ်ယောက်အနေနဲ့ နိုင်ငံတကာအမြင်ရှိပြီးသားလို့ ယုံကြည်ပါတယ် (ဆရာ့စာထဲမှာလည်းန နိုင်ငံခြား ခဏခဏ သွားတယ်လို့ ပြောထားတယ်မလား)။ အဲဒီလို ယုံကြည်လို့လည်း ပိုပြီး
    စိတ်ပျက်ရပါတယ်။ ဆရာ့ရဲ့စာထဲမှာ အရောင်တွေကိုကျွန်တော်မြင်ရလို့ပါဘဲ။နိုင်ငံကျော်စာရေးဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်တစ်ခုကို ရှုမြင်ပုံက အရမ်း ကလေးကလား ဆန်နေပါတယ်။ ပုဂ္ဂိုလ်ရေးခံစားချက်အတွက် ရှုထောင့်တစ်ခုထဲကနေ ဖန်တီးထားတဲ့ ဆရာ့ဆောင်းပါးမှာ ဒေါသရိပ် တွေလွှမ်းနေပါတယ်။ဆောင်းပါး ပြီးသွားပေမယ့် ဆရာဘာပြောချင်မှန်း နားမလည်ပါဘူး။ လေကြောင်းလိုင်းတွေကို ကောင်းစေချင်တာလား၊ ခရီးသည်တွေကို သိစေချင်တာလား ဘာမှန်းကို မသိတော့ပါဘူး။ နားလည်လိုက်တာကတော့ ဆရာဆောင်းပါးရေးပြီး ရန်တွေ့တယ် ဆိုတာပါဘဲ။ ကျွန်တော်တို့သာ ဆရာရဲ့ မယောင်ရာဆီလူး ဆောင်းပါးကိုဖတ်ရင်း ဆရာ့ရဲ့မယောင်ဆီလူးစိတ်ထားကိုနားလည်လိုက်ပါတော့တယ်။
    သီဟသစ်
  5. MND permalink
    9 May 2010 4:25 am
    ဆရာ ဆူဒိုနင် ရေးထားတာ ရှင်းပါတယ်။
    ဆရာရေးထားတာကို အတိုခြုံးလိုက်ရင် ခုလို သဘောပေါက်ပါတယ်။
    လေကြောင်းလိုင်းဝန်ထမ်းက သူနဲ့ဆိုင်တဲ့ တာဝန်ကိုသာ ထမ်းဆောင်ရမယ်။ တခြားအပိုတွေကို သူလုပ်စရာမလိုဘူး။
    အပိုဆာဒါးတွေ စစ်တာ ဆေးတာ မေးတာမြန်းတာ သူ့ကိစ္စမဟုတ်ဘူး။
    အဲဒီလိုတွေ လုပ်နေကြလို့ ခရီးသည်တွေ အခက်အခဲ မဖြစ်သင့်ဘဲ ဖြစ်ရတာကို ဆရာက သူများကြုံရတာရော သူ့ကိုယ်တွေ့နဲ့ပါ ယှဉ်ပြီး ထောက်ပြထားတယ်။
    အဲဒီလို လုပ်နေတဲ့သူတွေဟာ မရောင်ရာ ဆီလူးနေကြသလိုပဲလို့ ဆိုလိုက်တယ်။
    ဆရာရေးထားတာ ရှင်းရှင်းလေးပဲ။ ဒါကို သီဟသစ်က နားမလည်တာ အံ့သြမိတယ်။
    ဆူဒိုနင် ထုံးစံ ထေ့လုံးငေါ့လုံးလေးတွေ သုံးထားတာမှ တပါး ဒေါသထွက်နေတဲ့ အရိပ်အရောင်ကို စာထဲ မမြင်မိပါဘူး။
    ထားပါတော့ … ။
    ဘယ်အလုပ်မှာ မဆို တာဝန်နဲ့ ၀တ္တရား (duties and responsibilities) ဆိုပြီး သတ်မှတ်ထားပြီးသားပါ။
    လေကြောင်းလိုင်း ၀န်ထမ်းက ခရီးသည်မှာ ပိုက်ဆံပါမပါ မေးဖို့တာဝန်နဲ့ ၀တ္တရားရှိတယ်လို့ မကြားဖူးပါဘူး။
    သီဟသစ်ပြောသလို လိုအပ်လို့ မေးတယ်ပဲ ဆိုပါစို့။ မြန်မာပြည်က ၀န်ထမ်းတွေကသာ ဒီလိုမျိုး မေးမြန်ပြီး နိုင်ငံတကာမှာတော့ ဒါမျိုးမေးမြန်းတာ မရှိပါပဲလား။
    နိုင်ငံတကာ လေကြောင်းဝန်ထမ်းတွေက တာဝန်မကျေကြတာလား။ စဉ်းစားရ ခက်လှပါဘိတော့။
    တကယ်တော့ ဆရာ့စာထဲမှာလဲ တခြားနိုင်ငံနဲ့ ယှဉ်ပြီး ဖော်ပြထားပြီးသားပါပဲ။
    ဒီလုပ်ငန်းစဉ်တွေဟာ တခြားနိုင်ငံတွေမှာ ရှောရှောရှူရှူ ဖြစ်ပေမဲ့ ကိုယ့် မြန်မာနိုင်ငံထဲမှာ ဒါမျိုးကြုံရလို့ အံ့သြစွာ ဒီစာကို ရေးတာလို့ ယူဆမိပါတယ်။
    ဒါနဲ့ပဲ လေကြောင်းလိုင်းက gate agent တွေရဲ့ တာဝန်က ဘာတွေများလဲ သိချင်လို့ စပ်စုတော့ ၀ီကီက ခုလိုဖြေပါတယ်။
    “Gate agents work at the boarding gates of airports where passengers board their flights and arriving planes drop off passengers. Shifts vary with the particular airline’s flight schedule, and, like ticket agents, gate agents must wear uniforms and put on a pleasant face for the public. Agents have a variety of duties depending on the size of the airline, including making boarding announcements, assigning seats, handling standby passengers, monitoring jet way doors during deplaning and enplaning, and assisting in customer service duties.”
    Airline ground attendance ကရော … လို့ ထပ်မေးတော့ … ခုလို တွေ့တယ်။
    “Airlines not only need Air Crews, but could not function properly without the help of the workers on the ground. The job of the ground staff is to assist the passengers in various ways for example with lost luggage, general enquiries and helping disabled customers.”
    ခြုံပြောရရင်တော့ သူတို့တာဝန်က ခရီးသည်တွေကို ကူညီဖို့ပါပဲ။ ခရီးသည်ဆိုတာက ကိုယ့် customer မဟုတ်လား။
    ခရီးသည်တွေ လုံခြုံချောမွေ့ အဆင်ပြေပြေသွားလာနိုင်အောင် ကူညီပေးဖို့က သူတို့ အဓိကတာဝန်ပေါ့။
    တဘက်မှာလဲ ၀တ္တရားအရ လိုအပ်တဲ့ စစ်ဆေးမှုတော့ လုပ်ရပါမယ်။
    လူအများနဲ့ ဆက်ဆံရတာမို့ အနည်းနဲ့ အများ အဆင်မပြေမှုတွေတော့ ရှိမှာပါပဲ။
    တခုရှိတာက သူတို့ သတိထားရမှာ ကိုယ်က လူတကာနဲ့ ဆက်ဆံရတာမို့ စိတ်ရှည် သည်းခံဖို့ကိုပါ။
    ခရီးသည်ဆိုတာက ခရီးသွားချင်တာပဲ သိတယ်။ ဒီခရီးမှာ အဆင်ပြေချင်တယ်။ အထစ်အငေါ့ မဖြစ်ချင်ဘူး။
    မြန်ဆန်ချင်တယ်။
    ဒီအချိန်မှာ မလိုအပ်ဘဲ နှေးနေရင် ထစ်ငေါ့နေရင် ၀န်ထမ်းတွေကို ငြူစူကြမှာပဲ။ complaint တက်ကြမှာပဲ။
    ဒါကို အပြစ်ပြောလို့မှ မဖြစ်တာ။ ခရီးသည်ဆိုတာက ပိုက်ဆံတွေလဲ အများကြီးပေးပြီး သူတို့လေကြောင်းလိုင်းကို အားပေးထားတဲ့ သူမဟုတ်လား။
    ကိုယ်က ခရီးတခုကို ချောချောမွေ့မွေ့သွားချင်နေချိန်မှာ တစုံတခု အထစ်အငေါ့ဖြစ်ရင် … ဘယ်ကျေနပ်ကြမလဲ။
    စာမရေးတတ်တဲ့သူကတော့ မကျေနပ်တာရင် အချင်းချင်း ပြောဆို ရင်ဖွင့်ကြမယ်။
    အင်တာနက် ထဲမှာ ဖေ့စ်ဘုတ် သုံးတဲ့သူဆိုရင်တော့ ဖေ့စ်ဘုတ်ကနေ ကိုယ့်အဖြစ်အပျက်ကလေးကို ကိုယ်သူငယ်ချင်းတွေ သိအောင် ပြောပြကြမယ်။
    ဘလော့ရေးတဲ့သူတွေ ဆိုရင်တော့ ဘလော့ပေါ်ကနေ ကိုယ့်မကျေနပ်ချက်ကို အများသိအောင် ရေးကြမယ်။
    စာရေးတတ်တဲ့သူ (စာရေးဆရာ) တွေကတော့ ကိုယ့်ကလောင်စွမ်းနဲ့ စာမျက်နှာပေါ် တင်ပြကြမယ်။
    ဘ၀တူ ကြုံရဖူးတဲ့သူတွေက ထောက်ခံကြမယ်။
    အမြင်ဆိုတာက တဘက်နဲ့ တဘက် ထပ်တူ ထပ်မျှ ညီမျှခြင်းချဖို့ အင်မတန် ခက်ပါတယ်။
    ညီမျှခြင်း ချချင်ရင် “နားလည်မှု” လေး တဘက် တချက်စီခံပြီး ချရင်တော့ ညီကောင်း ညီနိုင်ပါလိမ့်မယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ပြုပြင်စရာရှိတာ ပြုပြင်လိုက်ကြရင် အကောင်းဆုံးပါပဲ။
    မှားနေရင် ပြင်လိုက်ပေါ့။
    လွဲနေရင် တည့်လိုက်ပေါ့။
    ခြောက်ပစ်ကင်းကတော့ ဘယ်သူမှ မရှိပါဘူး။
    ဒါပါပဲ။
  6. မိုးသူ permalink
    10 May 2010 9:01 am
    ဆောင်းပါးကို သေသေချာချာ မဖတ်မှတော့ ပြီးသွားသည့်တိုင် စာရေးဆရာဟာ ဘာ message ကို ပေးထားတာလဲ ဘယ်သိပါ့မလဲ။ ဒါကတော့ ရေးသူအမှားမဟုတ်၊ ဖတ်သူရဲ့ ဦးနှောက်မရှိမှုသာဖြစ်ပါတယ်။
  7. Maung Pay Seeh permalink
    13 May 2010 1:50 pm
    ဒီဆောင်းပါး ရေးတဲ့သူကို ကြိုဆိုပါတယ်။ ဒီလို အစ ဆွဲထုတ်တဲ့သူ ရှိမှ ဟိုဘက် Airline ဘက်ကလဲ လူတော်တော်များများ ဘာကို နားမလည်ဘူးလဲ၊ မိမိတို့ဘက်က ဘာတွေလုပ်ဖို့ လိုလဲဆိုတာ သိနိုင်တာပေါ့ဗျာ။ ဟုတ်ဘူးလား။ ဒီတစ်ယောက်က ရေးရဲလို့သာ သိရတာ။ သူ့လို မရေးကြတဲ့သူတွေ စိတ်ထဲ ဘာ မကျေနပ်လဲ၊ ဘာ နားမလည်လဲ ဘယ်သိနိုင်မလဲ။ သူ စပေးလိုက်တော့ နောက်က ပါလာတာတွေ ကြည့်ပါလား။ airline တို့၊ လေဆိပ်တို့နဲ့ ပတ်သက်ရင် အများအားဖြင့် မသိကြတာ များတယ်နော်။ ခရီးသည်တစ်ယောက်ရဲ့ ခံစားချက်လို့ သဘောပေါက်ပေးပြီး ခရီးသည်တွေ နားမလည်တဲ့အပိုင်းကို တနည်းနည်းနဲ့ အသိပေးနိုင်ရင် ကောင်းမယ်။
    ခရီးသည်ခံစားချက်ကို ဒေါသတွေနဲ့ တုံ့ပြန်ရင်တော့ ဘယ်သူမှ အကျိုး မရှိပါဘူး။
    ဒါနဲ့ Airline ဘက် ရပ်တည်တဲ့သူတွေက ဟိုဆရာ ရေးထားတာတွေကို ယေဘုယျ သဘောပဲ ပြန်ရှင်းထားတာ တွေ့ရတယ်။ ဟိုဆရာ ရေးထားတဲ့ တစ်ချက်ခြင်းအတွက် တိကျဂနတဲ့ အဖြေမျိုး မတွေ့ရသလိုပဲ။
  8. 29 May 2010 1:25 am
    Just want to say what a great blog you got here!
    I’ve been around for quite a lot of time, but finally decided to show my appreciation of your work!
    Thumbs up, and keep it going!
    Cheers
    Christian, iwspo.net
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: