The Day I Became a Mom

ကျွန်မ မေမေဖြစ်တဲ့ နေ့

ကျွန်မ မေမေဖြစ်တဲ့နေ့က သမီးကို မွေးတဲ့နေ့ မဟုတ်ဘဲ သမီးကို မွေးပြီး ခုနစ်နှစ်ကြာတော့မှသာ ဖြစ်ပါတယ်။ အဲဒီ့နေ့ မတိုင်ခင်အထိကတော့ မတရား အနှိပ်စက်ခံနေရတဲ့ အိမ်ထောင်ရေးမှာ ကြံ့ကြံခံနိုင်အောင် အားထုတ်ရင်းနဲ့ ကျွန်မတစ်ယောက် ဗျာများနေခဲ့ပါတယ်။ ကျွန်မမှာ ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်း မှန်သမျှကို စိုက်ထုတ်ပြီး “ခြောက်ပြစ်ကင်း”တဲ့ အိမ်ကလေး တစ်ဆောင် ဖြစ်နေအောင် ကြိုးစားရပါတယ်။ မကြိုးစားလို့လည်း မရပါဘူး။ ကျွန်မခင်ပွန်းက ညနေတိုင်း တစ်အိမ်လုံးကို ကျကျနန စစ်ဆေး ကြည့်ရှုတတ်တာကိုး။ သည်တော့ကာ ကျွန်မသမီးလေး တော့တီးတော့တ မတ်တတ်စမ်းတာကိုတောင် သတိမထားမိလိုက်တော့ဘူး။

ဘယ်တော့မှ မကျေနပ်နိုင်တတ်သူ တစ်ယောက် ကျေနပ်အောင် မနေမနား အားထုတ် ကြိုးပမ်းနေရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာကို ရုတ်တရက် သတိထားမိလာပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ဘယ်လိုမှ ပြန်မရနိုင်တာကိုလည်း သတိထားမိသွားတယ်။

အဲ… ဒါပေမယ့် ပုံမှန် “မိခင်”တစ်ယောက် လုပ်တဲ့ အလုပ်တွေကိုတော့ ကျွန်မ လုပ်ခဲ့ပါတယ်။ သမီးရဲ့ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးခဲ့တာမျိုး၊ ကျောင်းကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက်တက် ရောက်ခဲ့တာမျိုး၊ မိဘဆရာအသင်း ဆွေးနွေးပွဲတွေ တက်တာမျိုးတွေပေါ့။ အဲဒါတွေလည်း ကျွန်မတစ်ယောက်တည်းပဲ လုပ်ခဲ့ရတာပါ။


ထမင်းစား စားပွဲမှာ တစ်ခုခု ဖိတ်သွားတဲ့အခါ ဒေါသူပုန် ထတတ်တဲ့ ကျွန်မခင်ပွန်းကြောင့် သမီးလေး စိတ်ငယ်သွားရင်လည်း သမီးကို ကျွန်မ ဖျောင့်ဖျပေးရပါတယ်။ “ဘာမှ မဖြစ်ဘူး သမီး၊ သမီးဖေဖေက သမီးကို ချစ်ပါတယ်ကွယ်။ ရုတ်တရက်မို့ ရိုက်လိုက်၊ ငေါက်လိုက်တာပါ”ဆိုတာမျိုးတွေ ပြောပေးတာမျိုးပေါ့။ ညဘက်မှာ ကျွန်မယောက်ျား မူးမူးနဲ့ ပြန်လာတဲ့အခါ အော်ဟစ်၊ ဆဲဆို၊ စွပ်စွဲတာတွေ အားလုံးကိုလည်း သမီးလေး မကြားရလေအောင် ကျွန်မ တတ်အားသမျှ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမီးနဲ့ ကျွန်မတို့အတွက် အကောင်းဆုံးလမ်းကို ကျွန်မ ရွေးလိုက်ရပါတယ်။ ကျွန်မတို့အတွက် နားခိုစရာအရပ်တစ်ခု မဟုတ်တဲ့ ကျွန်မယောက်ျားရဲ့ အရိပ်အောက်ကနေ အပြီးအပိုင် ထွက်လိုက်တာပါပဲ။

အဲဒီ့နေ့ကျတော့မှ ကျွန်မဟာ တကယ့်မေမေဘဝကို ရောက်တာပါ။

အဲဒီ့နေ့ညနေက ကျွန်မတို့ သားအမိနှစ်ယောက်ဟာ ကျွန်မတို့ရဲ့ အိုးသစ်အိမ်သစ်လေးမှာ ညစာ ထိုင်စားနေကြပါတယ်။ သမီးကို ကျွန်မ အဖြစ်စေချင်ဆုံး အနေအထားနဲ့ ညစာ ကျွေးခွင့်ရတဲ့ ပထမဆုံး ညခင်းပေါ့ရှင်။ ညစာကို အေးအေးဆေးဆေးနဲ့ ဘာ စိတ်အနှောင့်အယှက်မှ မဖြစ်ဘဲ သမီးလေး စားစေချင်ခဲ့တာ ဟိုအိမ်မှာ နေခဲ့စဉ် ကာလတစ်လျှောက်လုံးပါ။


သားအမိနှစ်ယောက်ဟာ တစ်နေ့တာအတွင်း ကျောင်းမှာ သမီးကြုံခဲ့ရသမျှကို ပြောဆိုနေကြပါတယ်။ သည်အချိန်မှာ သမီးရဲ့ ထမင်းပန်းကန် ဘေးမှာ ချထားတဲ့ ချောကလက် နွားနို့ဖန်ခွက်ကို သမီးရဲ့ လက်ကလေးနဲ့ တိုက်မိပြီး မှောက်ကျသွားပါလေရော။ စားပွဲခင်း ဖြူဖြူလေးမှာရော၊ ဆေးဖြူဖြူ သုတ်ထားတဲ့ နံရံမှာပါ ညိုညစ်ညစ်ဖြစ်သွားတာကို ကြည့်ရင်းကနေ သမီးရဲ့ မျက်နှာငယ်ငယ်လေးကိုလည်း ကျွန်မ လှမ်းကြည့်လိုက်မိပါတယ်။

သမီးရဲ့ မျက်ဝန်းထဲမှာ စိုးရွံ့မှုတွေ။

လွန်ခဲ့တဲ့ တစ်ပတ်၊ သူ့ဖအေရဲ့ အိမ်မှာ ရှိနေတုန်းက သူ့အဖေရဲ့ မျက်စိအောက်မှာသာ ဒါမျိုးဖြစ်ရင် ဘယ်လောက်အထိ အခြေအနေဆိုးသွားမယ် ဆိုတာကို သိနေတဲ့ မျက်လုံးလေးတွေပါ။

သမီးရဲ့ အဲဒီ့ မျက်နှာလေးကို တစ်လှည့်၊ နံရံဖြူဖြူပေါ်မှာ စီးကျနေဆဲ ချောကလက်နို့ရည် ညိုညစ်ညစ်တွေကို တစ်လှည့် ကြည့်ရင်းက ကျွန်မ ရယ်ချလိုက်မိပါတယ်။ သမီးကတော့ ကျွန်မတော့ ရူးသွားပြီလို့ မှတ်မှာပဲ။

“အနားမှာ ညည်းအဖေ ရှိမနေတာ မကောင်းဘူးလား သမီးရဲ့”လို့ ကျွန်မက အတောမသတ် ရယ်ရင်း ပြောလိုက်တဲ့အခါမှာတော့ သမီးကလည်း တသိမ့်သိမ့် ရယ်ပါတော့တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် မတိုင်ပင်ဘဲနဲ့ ရယ်နေမိကြတာများ မျက်ရည်တောင် ထွက်တဲ့အထိပဲ။

ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ရှေ့ခရီးဟာ စိုစိုပြေပြေ ဖြောင့်ဖြောင့် ဖြူးဖြူးရှိတော့မယ်ဆိုတာကို အဲဒီ့အချိန်လေးမှာတင်ပဲ နှစ်ယောက်စလုံး သိလိုက်ကြပါတယ်။
သားအမိနှစ်ယောက်ထဲက တစ်ယောက်ယောက်ကြောင့် တစ်ခုခု ဖိတ်စင် ကုန်တဲ့အခါတိုင်းမှာ သမီးက “သမီး ချောကလက် နွားနို့တွေ မှောက်ချ လိုက်တဲ့နေ့ကို မှတ်မိသေးလား မေမေ။ အဲဒီ့နေ့ဟာ သမီးတို့ သားအမိအတွက် တော်တည့် မှန်ကန်တဲ့အလုပ်ကို မေမေ လုပ်လိုက်တဲ့နေ့ပဲ မေမေရဲ့။ အဲဒီ့နေ့ကို သမီး ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”လို့ ပြောတတ်တာ ကနေ့ သမီးအသက် နှစ်ဆယ့်လေးနှစ်ပြည့်ပြီးချိန်၊ အဲဒီ့နေ့က စတင် ရေတွက်ရင် ဆယ့်ခုနစ်နှစ်တောင် ကြာခဲ့ပြီးချိန် အထိပါပဲ။

အဲဒီ့နေ့ဟာ ကျွန်မ မေမေဖြစ်တဲ့နေ့ပေါ့။ မေမေတစ်ယောက် ဖြစ်လာဖို့အတွက် သမီးရဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးတာမျိုး၊ ကျောင်း ကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက် တက်ရောက်တာမျိုးနဲ့ မပြီးပါဘူး။ အိမ်ကို သန့်ရှင်း ပြောင်လက်နေအောင် လှဲကျင်း သုတ်သင်ထားပြီး အရသာရှိတဲ့ ဟင်းကောင်း ကျွေးကောင်းတွေကို ချက်ကျွေးနေရုံနဲ့လည်း မအေပီသမှာ မဟုတ်ပါဘူး။ အခြေအနေ မကောင်းတာကို သမီး မသိအောင် ဖုံးထား၊ ဖိထားရင်း ကောင်းချင်ယောင်ဆောင်နေတာကြောင့်လည်း မအေဖြစ်လာမှာ မဟုတ်ဘူး။

ကျွန်မအတွက်ကတော့ ဖိတ်သွားတဲ့ နွားနို့အပေါ်မှာ ရယ်နိုင်တဲ့ နေ့မှာမှ တကယ့် မေမေအစစ်ဖြစ်တဲ့နေ့လို့ ယူဆပါတယ်ရှင်။

Linda Jones ရေးတဲ့ The Day I Became a Mom ကို ပြန်ဆို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝထဲမှာ ကလေးတွေ မျက်နှာကိုထောက် ပြီး အောင့်ခံနေပါတယ်ဆိုသူများအတွက် စဉ်းစားကြည့်ချင်စရာ ကိုယ်တွေ့ ဖြစ်ရပ်ကလေးတစ်ခု ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝမှာ ကလေးတွေလည်း ရင်နဲ့ မဆံ့အောင် ခံစားရတတ်တာလည်း အမှန်ပါပဲ။ ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ၊ အစွမ်းအစတွေ ကျဆင်းသွားအောင် အနှိပ်စက်ခံ အိမ်ထောင်ရေးက ကောင်းကောင်းကြီး လုပ်ပေးတတ်ပါတယ်။

အဲသလို အိမ်ထောင်ရေးဘဝထဲကို ရောက်နေတဲ့ မအေတစ်ယောက်ရဲ့ တာဝန်ကို မီးမောင်းထိုးပြလိုက်တဲ့ စာတစ်ပုဒ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

စာဖတ်သူလူကြီးမင်းများ ဘယ်လို သဘောရပါသလဲခင်ဗျာ။

[၂၀ဝ၃ခုနှစ်  ဇူလိုင်လ ၂၈ ရက်နေ့ထုတ် “အတွေးသစ်”ဂျာနယ်  အတွဲ ၃၊ အမှတ် ၁၄၃ မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃ (၁၁) နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေထားတဲ့ “ဘ၀တူရိယာ” (မောဟပြေ ပုံတိုပတ်စများ – ၂) စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။]