Skip to content

Science of Love

22 May 2010

ချစ်ရေးချစ်မှု အနုသိပ္ပံ

နိဒါန်း

အခုစာမူကို စာဖတ်သူတွေ ဖတ်နေရတဲ့ အချိန်လောက်မှာ ကျွန်တော်တို့ အိမ်ထောင်သက် ဆယ့်တစ်နှစ်တင်းတင်း ပြည့်ပါတော့မယ်။


ကျွန်တော်တို့ လက်ထပ်တော့မယ်ဆိုတော့ ကျွန်တော့်အိမ်သူဘက်က အမျိုးသမီးတချို့ဟာ သူတို့ထုံးစံအတိုင်း ဟူးရားအထွေထွေ၊ ဆရာအဆူဆူဆီကို စစ်မေးခိုင်းခဲ့သေးပုံပါပဲ။ ကျွန်တော်တို့ အိမ်ထောင် မမြဲဘူး၊ ကလေး တစ်ယောက် ရပြီးတာနဲ့ ကွဲမယ်လို့ အတတ်ဟောခဲ့တာတွေ ကြားခဲ့ဖူးတယ်။

ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း နိမိတ်ထွန်းသလိုပဲ၊ တရားဝင် လက်မှတ် ရေးထိုး လက်ထပ်စာချုပ် ချုပ်ဆိုပြီး လေးရက်အကြာ (၁၉၈၈ခုနှစ် မေလ ၂၁ ရက်နေ့) မင်္ဂလာဦးဆွမ်းကပ်ပွဲ လုပ်ဖို့အပြင်မှာ ကျွန်တော့်စာရေးစားပွဲပေါ်မှာ ခင်းထားတဲ့ မှန်ချပ်ကြီးက ထက်ခြမ်းကွဲသွားတယ်။ ဒါတင်မကသေးဘူး၊ အိမ်ထောင်သက်မှ ခြောက်လ မပြည့်ခင်ကာလမှာ တခြား မင်္ဂလာပွဲ တစ်ပွဲ သွားဖို့ ပြင်ဆင်နေတုန်း ကျွန်တော့်အိမ်သူ ရေအိမ်အဝင်မှာ ဥရောပဟန် အိမ်သာကြွေအိုး ကွဲထွက်သွားပြီး ကျွန်တော့်အိမ်သူရဲ့ပေါင်မှာ အချက်၂၀ကျော် ချုပ်လိုက်ရတဲ့အထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။


အိမ်ထောင်ဦးမှသည် လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိက ကျွန်တော်တို့ အိမ်ထောင်ရေးဟာ တခြိမ်းခြိမ်း တဂွဲဂွဲနဲ့ သည်းသည်းမည်းမည်း ရန်ဖြစ်လို့ ကောင်းနေတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်နေခဲ့တယ်။ ကျွန်တော်ကလည်း မွေးချင်း အလျဉ်းမရှိတဲ့ တစ်ဦးတည်းသောသားအစစ်ဆိုတော့ ဝေတာ၊ မျှတာ၊ ငဲ့တာ၊ ညှာတာတွေကို စာလုံးတွေအဖြစ်လောက်ပဲ သိတာ။ ကျွန်တော့်အိမ်သူကလည်း မောင်နှမ ခုနစ်ယောက်အနက်မှာ အထွေးဆုံးသမီးဆိုတော့ ပစားအပေးခံရတယ်ဆိုတာ သူ့ရဲ့ မွေးရာပါ အခွင့်အရေးလို့  နားလည် ယုံမှတ်ထားတဲ့သူ။


အဲတော့ ကျွန်တော်တို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီဆိုတာနဲ့ ရန်ပွဲက အများနဲ့ မတူ၊ တစ်မူထူးကဲနေတတ်ပါတော့တယ်။

အဲသလို လုံးလည်လိုက်နေကြတဲ့ကာလမှာ ကျွန်တော့်အိမ်သူဘက်က အပြတ်ပဲ၊ အကွဲပဲဆိုတဲ့ စကားတွေလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တစ်သီကြီး ပြောခဲ့ဖူးသလို ကျွန်တော်ကလည်း “သည်မိန်းမနဲ့တော့ ရေရှည် စခန်းသွားလို့ မဖြစ်ပါဘူးလေ”လို့ တွေးမိခဲ့တဲ့ အကြိမ်တွေလည်း ကုဋေနဲ့ ချီခဲ့ဖူးပါတယ်။

ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်းပါပဲ။ အခုဆို အိမ်ထောင်သက် ဆယ့်တစ်နှစ် ပြည့်တော့မယ်။ အခုချိန်မှာတော့ ကျွန်တော်တို့မှာ သာယာတဲ့ အိမ်ထောင်ရေးလေး တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရလာခဲ့ကြပါပြီ။ ရိုးရိုး သာယာတဲ့ အိမ်ထောင်ရေးမျိုးမဟုတ်ဘဲ တစ်ခေတ်ဆီက ပေါ်ခဲ့ဖူးတဲ့ နတ်သမီး ယမ်းမီးခြစ်ကြော်ငြာလို ဥတုသုံးပါးခံတဲ့ အိမ်ထောင်ရေးမျိုးပါ။ အကြမ်းခံ၊ ရေစိမ်ခံတဲ့ ဒေါင်ဒေါင်မြည် အိမ်ထောင်ရေးလို့တောင် ပိုပိုသာသာလေး တင်စား ဝါကြွားလိုက်ချင်မိအောင်ကို ကျွန်တော်တို့ အိမ်ထောင်ရေးလေးက ခိုင်မာနေခဲ့ပါပြီ။

အိမ်ထောင်ရေးပြင်ပအရေးအခင်းလို့ဆိုတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျွန်တော် ငမိုက်သားဟာ နှစ်ကြိမ်နှစ်ခါတိတိ၊ ဗြောင်ကျကျ ကျူးလွန်ခဲ့ပြီးသည့်တိုင် ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ဖေးဖေးမမလေး ရှိနေပါသေးတယ်လို့ပြောရင် ယုံတမ်းစကားလို့ မအောက်မေ့ကြပါနဲ့။ တကယ့် ဖြစ်ရပ်စစ်စစ်ပါ။

ကျွန်တော့်အိမ်သူကို သူ့ကိုယ်နံ့လေးကအစ ချစ်တာလို့ ပြောမိတဲ့အခါမျိုးတွေမှာ ကြားရသူအပေါင်းက အကဲပိုရန်ကောဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်တတ်တာကြောင့် အဲဒီ့စကားကို ထုတ်မပြောဖြစ်တာတောင် ကြာပါပြီ။ ဒါပေမယ့် အဲဒါ မှန်သောစကားပါ။

ကျွန်တော့်အိမ်သူက စက်စက်ယိုအောင် လှတဲ့ မိန်းမချောစာရင်းမှာ မပါဘူး။ သူ့ကို ပထမဆုံး စတွေ့ဖူးတဲ့နေ့ကဆို တော်တော့်ကို အရုပ်ဆိုးပါလားလို့တောင် တွေးခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုနေအခါမှာတော့ သူ မလှတာကို ကျွန်တော် အသာတကြည် လက်ခံနိုင်ခဲ့ပြီဖြစ်သလို သူ့အလှတွေကိုလည်း ကတ်ကတ်သတ်သတ် မြင်တတ်လာခဲ့ပြီ။ ဘယ်နေရာကို ဘယ်လိုလေး ပြုပြင်လိုက်ရင် ဘယ်လိုလေး ကြည့်ကောင်းသွားမယ်ဆိုတာကိုလည်း အကြံပေးတတ်လာခဲ့ပြီ။

အလားတူပဲ၊ အိမ်ထောင်သက် အတော်ကြီးကို ကြာတောင့်ကြာခါမှ သူ့ကို ချစ်ရကောင်းမှန်းလည်း ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။ ခိုင်မာ မြဲမြံတဲ့ အိမ်ထောင်ရေးလေး တစ်ခုကို ထိန်းသိမ်းသွားဖို့လည်း ကျွန်တော့်ဘက်ကရော၊ သူ့ဘက်ကပါ ပိုင်းဖြတ်ထားမိနေကြပြီလို့ ဆိုနိုင်ပါလိမ့်မယ်။

တစ်ခုတော့ ရှိသပေါ့၊ လူတစ်ယောက်ရဲ့ သမိုင်းကို သေမှ ရေးတာ ကောင်းသလို အိမ်ထောင်ရေးတစ်ခုရဲ့သမိုင်းကိုလည်း လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် တစ်ယောက်ယောက် တိမ်းပါးတဲ့အခါကျမှ အပြတ်ပြောလို့ ရမှာပါ။ အခုမှ အိမ်ထောင်သက် ဆယ့်တစ်နှစ်သာ ရှိသေးတဲ့ ကျွန်တော်တို့ အိမ်ထောင်ရေးကိုလည်း ခိုင်လှပြီ၊ မြဲလှပြီလို့ အခုအချိန်မှာ အောက်မေ့နေမိပေမယ့် နောက် လေး ငါး ဆယ်နှစ်ကြာချိန်မှာ လွဲချင်လည်း လွဲနေနိုင်တဲ့ သဘောတွေ ရှိသေးတာမို့ အပြတ်တော့ မပြောရဲသေးတာလည်း အမှန်ပါ။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ကျွန်တော်တို့ အိမ်ထောင်ရေးဟာ သိပ်ကို သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးတစ်ရပ် ဖြစ်လာခဲ့တာတော့အမှန်ပါပဲ။ သည်လိုဖြစ်လာဖို့အတွက် ဘာတွေက ပံ့ပိုးပေးခဲ့သလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါ အချက်အလက်တွေက အများကြီးပါပဲ။
အဲသလိုအချိန်မှာ “ရွှေအမြုတေ”မဂ္ဂဇင်းရဲ့စာတည်းချုပ် ဦးဝင်းငြိမ်းက ကျွန်တော့်ကို ဆောင်းပါးတစ်ပုဒ် ပေးလာပါတယ်။ အဲဒါလေး ဖတ်ပြီး ရေးစမ်းပါဗျာလို့လည်း ခိုင်းလာပါတယ်။


ဆောင်းပါးလေးက ကမ္ဘာကျော် “ဘဝ” မဂ္ဂဇင်းထဲကပါ။ သုတေသီများက လူသားချင်း ဘယ်လို ချစ်သွားကြတယ်၊ ဘယ်လိုကြောင့် ဆက် ချစ်ဖြစ်နေကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှာဖွေတွေ့ရှိထားသမျှကို အခြေခံပြီး ရေးထားတဲ့ “ချစ်ရေးချစ်မှု အနုသိပံ္ပ”(Science of Love) ဆိုတဲ့ဆောင်းပါးပဲ ဖြစ်ပါတယ်။

“မြင်မြင်ချင်း ချစ်တယ်”ဆိုတဲ့စကားက သုံးဖန်များလွန်းလို့ ရိုးတောင်နေပါပြီ။ ဒါပေမယ့် သုတေသီများကတော့ ကိုယ်နဲ့ တကယ်တမ်း အဆင်ပြေနိုင်တဲ့သူ တစ်ယောက်ကို တစ်ကြည့်လောက် မြင်လိုက်ရတာနဲ့တင် ကိုယ်ခန္ဓာမှာ ရှိနေတဲ့ ဓာတ်သဘောတွေ ဘယ်လို တုံ့ပြန်ပြောင်းလဲတယ်ဆိုတာကို လောကဓာတ် သိပ္ပံပညာနဲ့ ချိန်ထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့နောက်မှာ ဘာတွေ ဆက်ဖြစ်သွားတတ်သလဲ။ တချို့အိမ်ထောင်တွေက အရှည် တည်တံ့နေပြီး တချို့အိမ်ထောင်တွေကျတော့ လမ်းခုလတ်မှာ ကျဆုံးသွားကြရတာ ဘာကြောင့်လဲ။ အဲဒါကျတော့ သိပ္ပံ လောကဓာတ်ပညာက အခုချိန်အထိ တိကျတဲ့ အဖြေမျိုး ပေးနိုင်ပုံ မရသေးပါဘူး။ အိမ်ထောင်တစ်ခုကို ကာလတောင်တာ ကြာရှည်ကြာမျော ဖြတ်ကျော်နိုင်ဖို့၊ ဒေါင်ဒေါင်မြည် အိမ်ထောင်တစ်ခု ဖြစ်လာဖို့ ဘာတွေက ပံ့ပိုး ပေးနေသလဲ။ ဒါတွေဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှတဲ့ မေးခွန်းတွေပါ။

စီးပွားရေး အဆင်မပြေမှုတွေ၊ အကျပ်အတည်းတွေ၊ ကလေး တစ်ယောက်ယောက် တိမ်းပါးသွားတာတွေ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်မှာ မွန်းကျပ်မှုတွေ၊ အိမ်ထောင်ဖက် တစ်ဦးဦးမှာ နာတာရှည်ဝေဒနာ၊ သေကောင် ပေါင်းလဲ ဝေဒနာ ရင်ဆိုင်ခံစားနေရတာတွေ၊ အဲဒါတွေဟာ အိမ်ထောင်ရေးရဲ့ မှတ်ကျောက်တွေပါပဲ။
တချို့အိမ်ထောင်ရေးတွေမှာ ဒါမျိုးတွေနဲ့ ကြုံရချိန်မှာ ထွက်ပြေးတတ်တဲ့ အိမ်ထောင်ဖက်မျိုးကြောင့် အဲဒီ့အိမ်ထောင်ရေးလေး ပြိုကွဲ ပျက်စီးသွားတတ်ပါတယ်။ တချို့အိမ်ထောင်တွေမှာကျတော့ ဒါမျိုးတွေကို ကြုံရတဲ့အခါကျမှ လင်မယားနှစ်ယောက်ရဲ့ သက်လုံက ပိုကောင်းလာတတ်သလို အိမ်ထောင်ရေးကလည်း ပိုမိုခိုင်မာလာတာကို သတိထားကြည့်ရင် မြင်ရပါလိမ့်မယ်။

အေးအတူ၊ ပူအမျှဆိုတာ အင်မတန် ရွတ်လို့ ဆိုလို့ ကောင်းတဲ့စကား၊ ကြွေးကြော်လို့ ကောင်းတဲ့စကားပေမယ့် တစ်မိသားနဲ့ တစ်မိသား၊ အတူ ယှဉ်တွဲ နေထိုင် ပေါင်းဖက်ကြရတဲ့ အိမ်ထောင်တစ်ခုထဲက ဆက်ဆံရေးမှာတော့ အေးရင်သာ အတူနေမယ်၊ ပူရင်တော့ မင့်ထိုက်နဲ့ မင်းကံ၊ မင်း တစ်ယောက်တည်းသာ ခံပေရော့လို့ ပြောချင်တတ်တဲ့လူစားတွေကလည်း လောကမှာ ရှိနေတတ်သေးတော့ အိမ်ထောင်ရေးတစ်ရပ် အရှည်တည်တံ့ဖို့ ဆိုတာ ဘက်ပေါင်းစုံက ကြိုးပမ်းယူရတဲ့ ဧရာမကိစ္စကြီးတစ်ခု ဖြစ်လာရပါတော့တယ်။

“ကယ်ရိုးလ် အိုကော်နော်ရ်”ဆိုတဲ့ တစ်လင် တစ်မယားတည်းကို ၄၇နှစ် (လေးဆယ့်ခုနစ်နှစ်တိတိ)ပေါင်းခဲ့သူ မင်းသားကြီးကတော့ ပြောပါတယ်။ “အိမ်ထောင်ရေး တစ်ရပ်ကို အရှည် တည်တံ့နေအောင် ဖန်တီးပေးနိုင်တာကတော့ လိုအင်ပါပဲ။ လိုအင်ဆိုတာသာ တန့်သွားရင် အဲဒီ့ အိမ်ထောင်ရေးလည်း တန့်သွားမှာပါပဲ”တဲ့။

ထားပါတော့လေ…။

အခု ကျွန်တော် ပြောပြချင်တာက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲက ချစ်ရေးချစ်မှု အနုသိပ္ပံအကြောင်းပါ။

ပီယဆေး

ကျွန်တော်တို့ဆီမှာ “ပီယဆေး”ဆိုတဲ့ စကားလုံး ရှိပါတယ်။

သိပ္ပံပညာနယ်ပယ်မှာလည်း ပီယဆေးလို ကိုယ့်ကို ဆန့်ကျင်ဘက် လိင်တွေ ကျလာနိုင်စေတဲ့ ဆေးဝါးကို တွေ့ထားပါပြီ။ “ချစ်ကြွေ”လို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး၊ အဲဒီ့ ဆေးရည်နာမည်က Falling in Love တဲ့ခင်ဗျ။ ဈေးတော့ နည်းနည်းကြီးတယ်။ တစ်အောင်စရဲ့ ဆယ်ပုံ တစ်ပုံလောက်လေးကို ဒေါ်လာ ခြောက်ဆယ် ပေးရပါတယ်။

“ဒဿနိက အလှကုန်လုပ်ငန်း” (Philosophy Cosmetics) က ထုတ်လုပ်တဲ့ ရေမွှေးတစ်မျိုးပါ။ အဲဒီ့လုပ်ငန်းရဲ့ အဆိုအရ အဲဒီ့ ဓာတု ရေမွှေးကို အမျိုးသမီးများရဲ့ ခန္ဓာကိုယ်က ချွေးမှာ ရှိတတ်မြဲ “ဖှီရိုမုန်းန်” (pheromones) မော်လီကျူးလေးများနဲ့ ဖော်စပ်ထားတာပါတဲ့။ အဲဒီ့ ဖှီရိုမုန်းန်မော်လီကျူးလေးတွေက အနံ့ မရှိဘူး။ လေထဲမှာ အလိုလို ပေါ်လာတတ်ပြီး အဲဒီ့မော်လီကျူးလေးတွေ ထွက်လာတာနဲ့  ဆွဲဆောင်မှုအားကို ကောင်းကောင်း တိုးလာစေတယ်လို့ ဆိုပါတယ်။

အသက်၃၁နှစ်အရွယ်ရှိတဲ့အပျိုကြီး “ဒါနာ ကော်မန်ဒါထော်ရ်”က သူဟာ သာမန်ရွက်ကြမ်းရေကျိုပါ၊ တော်ရုံယောက်ျားတွေ သူ့ဆို နှစ်ခါပြန် ဘယ်တော့မှ မကြည့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ “ချစ်ကြွေ” ရေမွှေးကို ဆွတ်မိတဲ့ ညနေမှာတော့ ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတာကို လက်တွေ့ကြုံဖူးတယ်လို့ ပြောပြတယ်။ အဲဒီ့ညနေက သူ့အနားမှာ ဝိုင်းလာတဲ့ အမျိုးသားတွေအနက်က သူနဲ့ ရေရှည်လက်တွဲဖို့ထိ ရည်မှန်းဖြစ်သွားတဲ့ နယူးယော့ခ်မြို့က စီမံ ခန့်ခွဲရေးမှူးကတော့ အဲဒီ့ “ချစ်ကြွေ” ရေမွှေးကို ကျေးဇူးတင်လို့ မဆုံးအောင် ဖြစ်သွားတော့တာလည်း အမှန်ပါပဲ။

(မြန်မာပြည်က အပျိုကြီးများအတွက် အားတက်စရာပါ။ နိုင်ငံခြားမှာ အသိမိတ်ဆွေရှိရင် ဒေါ်လာ ခြောက်ဆယ်လောက် ထည့်ပေးပြီး အဲဒီ့ ရေမွှေးကို မှာယူ စမ်းသပ်နိုင်ကြမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း အလှကုန်ဆိုင်ကြီးတွေက ဆိုင်ရှင်တွေနဲ့ ခင်ရင်လည်း တင်သွင်းဖို့ အကြံပေးလိုက်နိုင်ပါလိမ့်မယ်။ အမျိုးသားတွေတော့ ယောင်တောင်ပေါင်တောင်နဲ့ ဝင်မစမ်းသင့်ဘူး ထင်ပါတယ်။ တော်ကြာ၊ အဲသည့်ရေမွှေးသုံးမိလို့ ကိုယ့်ကို ကြွေလာတဲ့သူက မျှော်လင့်ထားသလို ဗျာဆံဝိုက် ဗျာဆံခါတွေ မဟုတ်ဘဲ အစ်ကို ကာလသားတွေသာ ဖြစ်နေခဲ့ရင် တော်တော် ကိစ္စများနိုင်လို့ပါ။)

ယုံချင်ယုံ မယုံချင်နေပါ။

သေချာတာတစ်ခုကတော့ အချစ်ဆိုတဲ့ ကဗျာဆရာတွေရဲ့အမြုတေ၊ ဒဿနပညာရှင်တို့ရဲ့ စူးစမ်းရာ၊ လက်ကိုင်ပုဝါ ငါးထည်ဆောင်ပြီး ကြည့်ရမယ့် ရုပ်ရှင်ကားတွေရဲ့ ကျောရိုးအဖြစ် ဖန်တစ်ကုဋေ တေခဲ့ပြီးဖြစ်တဲ့ စိတ်ခံစားမှု တစ်ခုဟာ ရင်ဘတ်ထဲက ခံစားချက်တင်မကဘဲ မော်လီကျူးဆိုတဲ့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ ဓာတ်သဘောတွေကပါ ထိန်းချုပ် ခြယ်လှယ် နေတယ်ဆိုတာကို သုတေသနများက ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ တစ်မိသားနဲ့ တစ်မိသား ချစ်ကျွမ်းဝင်ဖို့၊ လက်ထပ်ဖြစ်ဖို့၊ တစ်သက်လုံး လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းဖြစ်သွားဖို့အတွက် စိတ်ခံစားမှု တစ်ခုတည်းက ထိန်းသိမ်းပေးနေတာ မဟုတ်ဘဲ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်တွေနဲ့ ဟိုမုန်းတွေကလည်း ဘဝရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေကို ချဖြစ်စေဖို့ ပံ့ပိုးပေးနေတယ်လို့ ကနေ့သိပ္ပံပညာရှင်များက ယုံကြည်နေကြပါပြီ။


သုတေသီများရဲ့အဆိုအရ အဲဒီ့ ခန္ဓာကိုယ်ထဲက ဓာတ်တစ်မျိုးဟာ အချစ်ရဲ့ အနက်ဖွင့်လို့ မရတဲ့ လျှို့ဝှက်ချက် အတော်များများကို ဘာက ဘာကြောင့် ဘယ်လို ဖြစ်နေတယ်ဆိုတာ ကျနသေချာ ရှင်းပြနိုင်တော့မယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဘက်လိင်အချင်းချင်း ဘာကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားကုန်ကြတာလဲ၊ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ မြင်သာလှတဲ့ “ဘဲဥကို ကျီးချီသလို၊” “မင်းကုသနဲ့ ပပဝတီလို”အတွဲမျိုးတွေကို ဘာကြောင့် တွေ့နေရတာလဲ၊ အခြေအနေဆိုး အမျိုးမျိုးကို ကျော်ဖြတ်ပြီး အိမ်ထောင်ရေးတွေဟာ ဘာကြောင့် တည်တံ့ ခိုင်မာနေရတာလဲဆိုတဲ့ မေးခွန်းတွေဟာ ကျွန်တော်တို့တွေအတွက်တော့ ကြံတစ်ချောင်း နှစ်ပြား၊ ကံအကြောင်းတရားလို့ အောက်မေ့ ယုံမှတ်ထားခဲ့ကြတာပါ။ သိပ္ပံပညာရပ် နယ်မှာတော့ အဲဒါကိုပဲ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ဓာတုဇီဝ ဓာတ်ပြောင်းလဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းတရားတွေအဖြစ် သုံးသပ်ရှုမြင်နေကြပါပြီ။

ထရီဇာခရယ်န်ရှောဆိုတဲ့ ဆရာဝန်တစ်ဦးကတော့ ပြောပါတယ်။

“လူတစ်ယောက်ရဲ့စိတ်မှာ ချစ်ခြင်းမေတ္တာဖြစ်စေ၊ တပ်မက်မှုဖြစ်စေ ပေါ်ပေါက်လာရတာဟာ ခံစားမှုသက်သက်တင် မကပါဘူး၊ အဲဒီ့လူရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေကလည်း တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ ဖြစ်လာရတတ်စမြဲပါ”တဲ့။

ဆံပင်ရှည်ရှည် ကလေးမလေးတွေကို ကြိုက်တတ်တဲ့ ယောကျာ်းလေးတွေဟာ ဆံရှည်မလေးတွေတိုင်းကို ကြိုက်မိတတ်တာမျိုး၊ အသံဩဇာ ကောင်းတဲ့ ယောက်ျားကို ကြွေတတ်တဲ့ မိန်းကလေးတွေက အသံကောင်းတဲ့ ယောက်ျားတိုင်းကို စိတ်ဝင်တစား ဖြစ်သွားရတတ်တာမျိုးတွေ ရှိတတ်တာကိုလည်း ထည့်မစဉ်းစားလို့တော့ မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ယောက်က တစ်ယောက်ကို လိုချင်တပ်မက်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ် ဖြစ်လာဖို့အတွက်ကျတော့ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဓာတ်သဘော အခြေခံက လှုံ့ဆော်နေတယ်ဆိုတာကို ဆရာဝန်များက တွေ့ထားခဲ့တာ ကြာလှပါပြီ။ လူယောက်ျား၊ လူမိန်းမတို့မှာ ရှိတဲ့ “ထက်စထိုစထရုန်းန်”လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တွေက အဲဒီ့ ကျား၊ မတို့မှာ လိင်စိတ်ဆိုတဲ့ တပ်မက်မှုများ ဖြစ်ပေါ်လာအောင် အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေတာပါ။

အခုတော့ သုတေသီတွေက အချစ်နဲ့ ခန္ဓာကိုယ်ထဲက ဓာတ်သဘောတွေ ဘယ်လို ဆက်နွယ်နေသလဲဆိုတာကို ကျကျနန အာရုံစိုက်ပြီး စူးစမ်းနေကြပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း တွေ့ရှိချက်များအရဆိုရင် တစ်ချိန်က ထိန်းလို့ချုပ်လို့ ဘယ်လိုမှမရဘူးလို့ ယူဆခဲ့ကြတဲ့ “အချစ်”ဆိုတဲ့ ခံစားမှုကို အာရုံကြော သိပ္ပံပညာနဲ့ ထိန်းချုပ် ကွပ်ကဲနိုင်တဲ့အဆင့်ထိ ရောက်အောင် မကြာခင်ကာလမှာ ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဆယ်နှစ်၊ ဒါမှမဟုတ်ရင် ဆယ်နှစ် မတိုင်ခင် ကာလမှာ စုံတွဲတွေကြား အချစ်ကို ပွားလာစေနိုင်တဲ့ ရှူဆေးတစ်မျိုး ပေါ်ပေါက်လာနိုင်လောက်ပြီလို့တောင် ခယ်လစ်ဖှိုးနစ်ယား ဆေးတက္ကသိုလ်၊ ခန္ဓာဗေဒနဲ့ အာရုံကြော ဇီဝ သိပ္ပံ ပါမောက္ခ ဂျိမ်းမ်စ်၊ အိပ်ခ်ျ၊ ဖှယ်လော်န်က ဆိုပါတယ်။ သူ့အလိုအရဆိုရင် နောက် ဆယ်နှစ်လောက်နေရင် အသည်းကွဲတဲ့သူတွေ၊ အချစ်ကြောင့် ထိခိုက်နာကျင်ရသူတွေ ပပျောက်သွားမယ့် သဘောပါပဲ။ သူက ဆက်ပြောပါသေးတယ်၊ “ဒါ ယုံတမ်းစကား မဟုတ်ဘူးဗျ။ အင်မတန် ဖြစ်နိုင်တဲ့အချက်အလက်တွေပေါ်မှာ အခြေခံပြီးပြောတဲ့ မှန်သောစကားပါ”တဲ့…။

စက္ခုရူပေန သံဝါသရာမှ

ယောက်ျားတိုင်းလိုလိုဟာ ကျွန်တော်တို့ အခေါ်အရ အမျိုးသမီးများရဲ့ “ရှိုက်ကြီးဖိုငယ် အသွယ်သွယ်”ကို စုံမက်တတ်ပါတယ်။ ကိုယ်လုံးကြီးကြီး ကြိုက်တတ်သူတွေ ရှိသလို၊ ခပ်လှပ်လှပ် ငါးရံ့ကိုယ်လေးတွေကို ကြိုက်တတ်သူတွေ ရှိတာမှန်ပေမယ့် ယောက်ျားတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာ ကောက်ကြောင်းလေးတွေ ရှိနေမှ သဘောကျတတ်တာမျိုးပါ။

သုတေသနအရဆိုရင်တော့ အမျိုးသမီးတစ်ယောက်ရဲ့ခါးဟာ သူ့တင်ရဲ့ ၆၀ က ၈၀ ရာခိုင်နှုန်းလောက် သေးကျဉ်နေပါမှ ကိုကိုတို့က သဘောကျတတ်သတဲ့ခင်ဗျ။ (အဲဒီ့စာ ဖတ်ပြီးမှ ကျွန်တော့်ခမျာလေးလည်း ကိုယ့်ကိုယ်ကိုယ် မနည်း ပြန်စဉ်းစားရတယ်။ ဟုတ်သဗျို့…) အမှန်ကတော့ ယောက်ျားတွေရဲ့ အငုံ့စိတ်မှာ ကပ်ငြိနေမြဲဖြစ်တဲ့ သားကောင်းမိခင် ပီပီသသလေး ရလိုမှုကို အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ အကဲဖြတ်တာလို့ သုတေသီများက ဆိုပါတယ်။

အမျိုးသမီးတွေကကျတော့ နွေးနွေးထွေးထွေး၊ နူးနူးညံ့ညံ့၊ ကြင်ကြင်နာနာနဲ့ ယုံချင်စရာကောင်းတဲ့ ဥပဓိရုပ်မျိုးနဲ့၊ မဆိုစလောက်ကလေး မိန်းမချော ချောတဲ့ ပုရိသများကိုဆို နှစ်သက်တတ်ပြန်သတဲ့။ တိုက်တဲနစ်(ခ်) မင်းသား “လီယိုနာဒို ဒီ ကာပရီယို”လို ရုပ်မျိုးပေါ့ဗျာ။

ဆိုတော့ ကျားနဲ့မတို့ တစ်နေရာရာမှာ ဆုံကြပြီဆိုတာနဲ့ ပထမအဆင့်အနေနဲ့က တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည် ရူပကာယကို  အပြန်အလှန် အကဲခတ်ကြတာ ဓမ္မတာပါပဲ။ တက္ကဆက်စ် တက္ကသိုလ်က စိတ်ပညာ ပါမောက္ခ “ဒစ်ဗှန်ဒရာ ဆင်းဂ်”ကတော့ ရုပ်ရည်ကို အကဲခတ်တာဟာ တကယ့်ကို လေးနက်တဲ့ ဖြစ်တည်မှု သဘာဝပါပဲ၊ ဆန့်ကျင်ဘက်လိင်ရဲ့ ရုပ်ရည်ကို အကဲခတ်တဲ့အခါ ကိုယ်မွေးလာတဲ့ သားသမီးမှာ သူ့သွေး ပါသင့်၊ မပါသင့် ဆန်းစစ်တဲ့သဘောကလည်း အလိုလိုပါပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကျတော့ ကျွန်တော်တို့ လူပြိန်းတွေအတွက် နည်းနည်းလေး ဝေးတဲ့ အဆိုပါပဲ။ ကျွန်တော့်လိုဆို ဘယ့်နှယ့်လုပ်မလဲ၊ အခုအရွယ်ကြီးအထိ ချောချောမြင်ရင် ငမ်းမိနေတုန်းပဲ။ သူ ပြောသလိုသာဆို ငမ်းတိုင်း အဲဒီ့ အငမ်းခံရသူ မိန်းမသားကို စိတ်ထဲက ခဏလောက် အိမ်ထောင်ကျကြည့်တဲ့ သဘောတွေ ပါနေတယ်။ သိပ်တော့ မနိပ်သေးဘူးဗျ။ ထားပါတော့လေ၊ သူများ ဆောင်းပါးကို ဖတ်ပြီး ပြန်ရေးပြတဲ့အထဲမှာ ကျွန်တော်ဆေးရိုးသည်က ဝင်ကန့်လန့် ခံမိနေတာ နည်းနည်း များနေပြီ။

အဲ… သိပ္ပံပညာရှင်များရဲ့အလိုအရ ကျားန မတို့ စက္ခုရူပေန သံဝါသ ဆိုတဲ့ မျက်လုံးချင်း စကားပြောပြီး ငြိသွားတဲ့အချိန်မှာ ဦးနှောက်ရဲ့အလယ်မှာ ရှိတဲ့ သဒ္ဒါရုံနဲ့ ရူပါရုံအပေါ် တုံ့ပြန်တဲ့ အစိတ်အပိုင်းကနေ အာရုံကြောကို လှုံ့ဆော်ပေးတဲ့ “ဒိုဖှမင်းန်”ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပါတော့တယ်။ အဲဒီ့ဓာတ်က လူယောက်ျားနဲ့ လူမိန်းမတို့ အကြည့်ချင်းဆုံ၊ ရင်ခုန်ရာကနေ စကားလေးတွေ စပြောဖြစ်အောင် လှုံ့ဆော်ပေးတဲ့ ဓာတ်ပါပဲ။ အဲသလို စကားပြောနိုင်လောက်အောင် တစ်ယောက်နဲ့ တစ်ယောက် အလှမ်း သိပ်မဝေးတော့ဘူးဆိုတာနဲ့ ယောကျာ်းဆီမှာရှိတဲ့ “ဖှီရိုမုန်း”ဆိုတဲ့ ဟော်မုန်းဓာတ်က မိန်းမဆီမှာ ရှိနေတဲ့ “ဟိုက်ပိုသာလာမတ်စ်”ဆိုတဲ့ ဓာတ်ကို သွား ထိခတ်ပါတယ်။ အဲဒီ့အခါ အမျိုးသမီးမှာလည်း “လာပါ အစ်ကို၊ ကျွန်မ လှရဲ့လား”ဆိုတဲ့ ညုတုတုအကြည့်လေးတွေ အလိုလို ပေါ်ပေါက်လာသတဲ့။

အဲဒါ ဘာကြောင်ြ့ဖစ်သလဲဆိုတာ အခုအချိန်အထိ တိတိကျကျ မပြောနိုင်သေးပေမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဘားန်တက္ကသိုလ်က လေ့လာ စူးစမ်းချက်တစ်ရပ်အရတော့ သည်အချိန်မှာ ကျားနဲ့ မတို့ဟာ တစ်ယောက်ရဲ့ အနံ့ကို တစ်ယောက်က ရပြီး ပိုလို့ ရင်ခုန်လာကြတယ်လို့ သုံးသပ်ထားပါတယ်။

ဟုတ်ကောင်းပါတယ်။ လူဆိုတာ အာရုံတွေကို စွဲလန်းတတ်တဲ့အမျိုး ဆိုတော့ အာရုံငါးပါးနဲ့ ခံစားလို့ရတဲ့အရာတွေက ကောင်းနေရင် တပ်မက်မိမှာ ဓမ္မတာပါပဲ။ နိဒါန်းမှာလည်း ရေးခဲ့ပြီးပါပြီ။ ကျွန်တော့်အိမ်သူကိုဆို သူ့ကိုယ်နံ့လေးကအစ ချစ်လှပါတယ်ဆိုတဲ့အကြောင်း…။

သည်နေရာမှာ အလျဉ်းသင့်လို့ ကိုယ်နံ့မကောင်းသူ မမများကို အကြံပေးချင်ပါတယ်။ ပထမဆုံးအချက်က ချွေးနံ့ဆိုတာတော့ လူတိုင်းမှာ ရှိပါတယ်။ တချို့ လူတွေမှာကျတော့ ချိုင်းက ထွက်တဲ့ချွေးနံ့က အလွန် ဆိုးတတ်တယ်။ အဲဒါကို ဖျောက်ချင်ရင် ရေမှန်မှန်ချိုးပြီး ကျောက်ချဉ် အရည်ကျဲလေး သွေးလိမ်းပေးရပါတယ်။ နောက်တစ်ခုက မိန်းကလေးများအနေနဲ့ သနပ်ခါးကို ငယ်ငယ်ကတည်းက နေ့စဉ် မပျင်းမရိ ခြေဆုံးခေါင်းဆုံး လိမ်းကျင့် ရှိနေရင်လည်း ကြာတဲ့အခါ သဘာဝ သနပ်ခါးနံ့က ကိုယ်ထဲမှာ စိမ့်ဝင်နေပြီး အမြဲလို မွှေးမြနေတယ်လို့ ကျွန်တော်တော့ ယုံပါတယ်။

ကျွန်တော့်မိတ်ဆွေကြီး ဦးကတုံးကတော့ ပြောဖူးတယ်။ တချို့လူတွေက ချွေးစော်နံတယ်တဲ့၊ တချို့လူတွေက ရေချိုးလွန်းလို့ ရေစော်နံသတဲ့၊ တချို့ကျတော့ ဘာနံ့မှ မနံဘူးတဲ့။ အဲဒီ့အထဲမှာ လူတချို့ကို ပထမ စာရင်းမှာ နမူနာပြတယ်။ ကျွန်တော့်အိမ်သူနဲ့ သူ့အိမ်သူကိုတော့ ဒုတိယ စာရင်းမှာထည့်ပြီး သူကိုယ်တိုင်နဲ့ ကျွန်တော်ကတော့ တတိယ စာရင်းဝင်တွေလို့ ပြောသွားဖူးပါတယ်။ ကျွန်တော် ရယ်နေလိုက်ခဲ့ဖူးတယ်။

တကယ်တော့ လူတိုင်းမှာ သူ့အနံ့နဲ့သူ ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က မေမေ ခရီးသွားရင် မေမေ ဝတ်သွားတဲ့ အင်္ကျီလေးကို မျက်နှာအပ် အနံ့ခံရင်း အိပ်တတ်သလို ကျွန်တော့်အိမ်သူ အိမ်မှာ မရှိလို့ လွမ်းလာရင်းလည်း သူ့အင်္ကျီလေးကို ကောက်နမ်းတဲ့ အကျင့် ရှိပါတယ်။

အလားတူပဲ၊ ကျွန်တော့်ကိုယ်မှာ တခြားမိန်းမတစ်ယောက်ရဲ့ အနံ့ ကပ်ပါလာတော့လည်း ကျွန်တော့်အိမ်သူ ချက်ချင်းသိသွားလို့ ပြဿနာတွေ အပြွတ်လိုက် တက်ခဲ့ဖူးတယ်။ ပြောချင်တာက လူတစ်ဦးစီမှာ သူ့မူပိုင် အနံ့လေးတွေ ကိုယ်စီရှိတာကိုပါ။

အဲတော့လည်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားတယ်ဆိုတဲ့ အနံ့နဲ့ ပတ်သက်တဲ့ အချက်ကိုလည်း လျှော့တွက်လို့ မရပါဘူး။

စောစောက အဆင့်ကို ပြန်ဆက်ရရင် အဲသလို အမျိုးသမီးဘက်က ညုတုတုတစ်ကြည့်လောက် ရပြီဆိုတာနဲ့ ယောက်ျားရဲ့ ဟိုက်ပိုသာလာမတ်စ် ဓာတ်ကလည်း ချက်ချင်း တုံ့ပြန်ပါတော့တယ်။ အဲဒီ့ ဟိုက်ပိုသာလာမတ်စ်ကြောင့် ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ ခံစားချက်က မျက်လုံးတွေကို အရည်လည်လာစေတယ်၊ ရင်ခုန်လာစေတယ်။ အဲဒီ့ ရင်ခုန်မှုကြောင့် မျက်နှာကလည်း မဆိုစလောက်ကလေး ရဲတက်လာတယ်၊ ချွေးလေးကလည်း မသိမသာလေး ထွက်လာပြီး ကိုယ်ရောင် ကိုယ်ဝါကလည်း မသိမသာ တောက်ပလာတယ်။ ဦးခွံထဲမှာရှိတဲ့ ဂလဲန်းဒ်များကလည်း ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ငေးလာစေလောက်တဲ့ အရောင်တွေ အလိုလို လက်လာအောင် ဖန်တီးပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲလိုကနေ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းသွားတဲ့အခါ စိတ်အာရုံမှာ ပေါ်ပေါက်နေတဲ့ စွဲလန်းမှုက ယောက်ျားမှာ ရှိတဲ့ ဒိုဖှမင်းန် ဟော်မုန်းတွေကို အလိုလို ပွားများစေပြန်ပြီး နောက်တစ်ကြိမ် တွေ့ဆုံဖြစ်အောင် အားထုတ်ဖြစ်စေပါတော့တယ်။

နောက်တစ်ကြိမ်ပြန်ဆုံတဲ့အခါ အဲဒီ့ အမျိုးသမီးကို မြင်ရရုံနဲ့တင် ယောက်ျားရဲ့ ရင်ထဲမှာ ဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ်၊ ဒိန်းတပ်တပ်နဲ့ တဆတ်ဆတ် ခါနေတော့တာလည်း အမှန်ပါ။ အဲဒီ့အချိန်မှာ သူ့မျက်နှာ၊ သူ့မျက်လုံး၊ သူ့အပြုံးတွေက မျက်လုံးထဲက မထွက်နိုင်အောင် ဖမ်းစားလိုက်ပြီး ဖြစ်သလို တစ်ချိန်တည်းမှာပဲ ဒိုဖှမင်းန်ဓာတ်တွေက ထပ်ထပ်ထွက်လာ၊ ဒိုဖှမင်းန်တင်မကတော့ဘဲ “နိုရီပိုင်းန်ဖှရီးန်”လို့ခေါ်တဲ့ အာရုံကြောလှုံ့ဆော်မှု ဓာတ် နောက်တစ်မျိုးရယ်၊ ပီအီးအေလို့ခေါ်တဲ့ “ဖှီနိုင်းလ် အီသိုလ်လာမင်းန်” ဓာတ်ရယ်ကပါ ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာပါသတဲ့။

အဲဒီ့ဓာတ် သုံးမျိုးစပ်လိုက်တဲ့အခါ ပုရိသရဲ့ရင်မှာ ချောကလက်တွေ နင်းကန်စားထားမိသလို မအီမလည်လေး ဖြစ်လာပါတော့တယ်။ အဲဒီ့အခါ ခံစားချက်တွေကလည်း မနိုင်ရင်ကာ ဖြစ်လာပြီး စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ်ဆိုတဲ့ စွဲလန်းမှုကလည်း ဖြစ်ပေါ်လာပါတော့တယ်။

မှုခင်းဗေဒ ပါမောက္ခတစ်ဦးကတော့ အဲဒီ့ခံစားချက်ကို “အလိုလိုကို ကောင်းနေတဲ့ ခံစားချက်”လို့ အမည်တပ်ပါတယ်။ “မျက်လုံးတွေ ဝင်းဝင်း တောက်လာမယ်၊ ရင်ခုန်တာ မြန်လာမယ်၊ ချွေးပျံလာမယ်။ ဘာနဲ့တူသလဲ ဆိုတော့ ကြောက်နေတဲ့အခါ၊ ဒါမှမဟုတ် စိတ်ဆိုးနေတဲ့အခါ ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ တုံ့ပြန်မှုတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ တစ်ခုပဲ၊ အဲဒီ့အချိန်မှာ စိတ်ဆိုးနေ၊ ထိတ်လန့်နေချိန်မှာလို တိုက်ခိုက်ချင်စိတ်တွေ၊ အလွတ်ရုန်းချင်စိတ်တွေတော့ ပေါ်မလာတတ်ဘူး”လို့ သူက ဆိုပါတယ်။

အဲသလိုအနေအထားကတဆင့် တစ်ယောက်နဲ့ တစ်ယောက် ယဉ်ပါးတဲ့ အဆင့်ကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ယောက်ျားဆီမှာ “အော့ခ်ဆီ တော့ခ်ဆင်န်”ဆိုတဲ့ ဓာတ်တစ်မျိုးက ဆက်လက် ဖြစ်ပေါ်လာပြန်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကတော့ အဲဒီ့ အော့ခ်ဆီတော့ခ်ဆင်န်ကို အမျိုးသမီးတွေမှာသာ တွေ့ရတဲ့ ဟော်မုန်းလို့ ထင်ခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်လွန် နှစ်များမှာတော့ အဲဒီ့ဟော်မုန်းကို ကျား၊ မ မဟူ လူတိုင်းရဲ့ ဟိုက်ပိ သာလာမတ်စ်ကနေ ထုတ်ပေးတဲ့ ဟော်မုန်းအဖြစ် စူးစမ်းတွေ့ရှိခဲ့ကြပါပြီ။ အဲဒီ့ဟော်မုန်းဓာတ်က နွေးထွေးမှုနဲ့ ကြင်နာမှုတွေကိုဖြစ်ပေါ်စေတဲ့ ဓာတ်အဖြစ်လည်း လက်ခံထားကြပါပြီ။

မိခင်နို့ကို တိုက်ကျွေးနေတဲ့ အချိန်မှာလည်း အဲဒီ့ အော့ခ်ဆီ တော့ခ်ဆင်န်ဓာတ်က မိခင်မှာရော၊ ကလေးမှာပါ ဖြစ်ပေါ်လာတဲ့အတွက်  မအေနဲ့ သားကြားမှာ မွေးကင်းစကတည်းက စည်းနှောင်မှု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာတယ်လို့ ပညာရှင်များက သုံးသပ်ထားပါတယ်။

ချစ်ရေးချစ်မှုအနုသိပ္ပံဘက်ကို ပြန်သွားရရင်တော့ အဲဒီ့ အော့ခ်ဆီ တော့ခ်ဆင်န် ဓာတ်ဟာ တစ်ယောက်ကို တစ်ယောက် စုံစုံမက်မက် ရှိနေတဲ့ ဆန့်ကျင်ဘက် လိင်နှစ်ဦးဆီမှာလည်း အလိုလို ပေါ်ထွက်လာပါတယ်။ သည်မှာတင် နှစ်ယောက်ကြားမှာလည်း စည်းနှောင်မှုတစ်ခု ဖြစ်ပေါ်လာတော့တာပါ။

သိပ္ပံပညာရှင်များက အခုဆိုရင် အဲဒီ့ အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်ဟာ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းလေးတွေကို အားဖြည့်ပေးတယ်လို့ ယူဆလာကြပါပြီ။ အော့ခ်ဆီတော့ခ်ဆင်န်ဟာ ဆန့်ကျင်ဘက်လိင်တို့ တစ်ဦးနဲ့တစ်ဦး ထွေးပွေ့တဲ့အခါမှာဖြစ်ဖြစ်၊ ထိမိတဲ့အခါမှာဖြစ်ဖြစ်၊ ပွတ်သပ်မိတဲ့အခါမှာပဲ ဖြစ်ဖြစ် ပိုလို့ ပွားများလာပါသတဲ့။ အဲဒီ့ဓာတ်ကပဲ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတဲ့အခါ သတိတရရ၊ တတမ်းတတဖြစ်နေစေဖို့ လှုံ့ဆော်ပေးနိုင်ပြန်ပါသေးတယ်။

ကွယ်ရာမှာ ခြေများတတ်သူများနဲ့ သစ္စာရှင်များ

တစ်ယောက်နဲ့ တစ်ယောက် ချစ်သွားပြီးတဲ့နောက်၊ လက်ထပ်ဖြစ်၊ ပျားရည်တွေ ဘာတွေ ဆမ်းဖြစ်ပြီးတဲ့နောက် ၁၈ လ အကြာကို ခုန်ပျံ ကျော်လွှား ကြည့်မယ်ဆိုရင်တော့ နည်းနည်း ထူးလာပါတယ်။

သိပ္ပံပညာရဲ့အလိုအရ တစ်ယောက်ကိုတစ်ယောက် စွဲလန်းနှစ်သက်မှု (ဝါ) မွှန်စိတ် ပထမဆုံး စတင်ဖြစ်ပေါ်ချိန်ကနေ စတင်ရေတွက်ရင် ၁၈ လ ကနေ သုံးနှစ်အတွင်းမှာ စိတ်ထဲမှာ ဘာမှ မခံစားရတော့သလို တစ်ယောက်ယောက်မှာ ဖြစ်သွားတတ်တာ သဘာဝပဲတဲ့။ ဆိုလိုတာက ၁၈ လ ကျော်ပြီဆိုတာနဲ့ အိမ်ထောင်တစ်ခုမှာ “မင့်ကိုမှ မရရင် သေရပါတော့မယ်” အဆင့်ကနေ “သည်မိန်းမနှယ်၊ အပေါက်အစ များရန်ကော”လို့ တွေးတဲ့ အဆင့်မျိုးကို မသိမသာ ရောက်သွားတတ်တာ သဘာဝပါ။

အမှန်ကတော့ ဒါက ဓာတ်သဘော (ဝါ) ဓာတုဗေဒ သဘောအရ ဖြစ်ပေါ်တာပါ။ ဒိုဖှမင်းန်ရယ်၊ နိုရီပိုင်းန်ဖှရီးန်ရယ်၊ ပီအီးအေရယ် ရောနေတဲ့ ဟိုမုန်းဒြပ်နှောဟာ ဆေးဝါးနဲ့ တူပါတယ်။ ဆေးဝါးတစ်ခုကိုလည်း သုံးရင်း၊ သုံးရင်းနဲ့ တစ်ပြားက နှစ်ပြား၊ နှစ်ပြားက သုံးပြား၊ တိုး တိုး စားသွားမှ ဆေးတိုးတော့တာမျိုး ရှိသလို အဲဒီ့ ဒြပ်နှောကလည်း တစ်ယောက်နဲ့ တစ်ယောက် အတူနေတာ ကြာလာရင် ဆေးမတိုးတော့ပါဘူး။

ဆိုလိုတာက လူတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်လိင်တစ်ဦးနဲ့ အတူနေတာ ကြာလာတာနဲ့အမျှ သူ့ဦးနှောက်ထဲက ဟိုမုန်းဓာတ်တွေကလည်း ရိုးအီသွားပြီး အရင်ကလို အားတိုင်း ထွက်မလာတော့ဘူး။ အဲသလိုနဲ့ တချို့ အိမ်ထောင်တွေမှာ ရေရှည်စခန်းသွားလို့ မရတာတွေ၊ ရင်ခုန်စရာ အသစ်လေးတွေ ဖွေရှာတာမျိုးတွေ၊ ငွေကြေး ပြဿနာ၊ အနိုင်ကျင့်လွန်းတာ၊ ဒါမှမဟုတ် ညှိလို့ မရတဲ့ စရိုက်မတူမှုစတဲ့ တစ်ခုခုသောအကြောင်းကို အခြေခံပြီး ညောင်ညိုပင်စခန်းအထိ ရောက်ကုန်တာတွေ ဖြစ်ရပါတော့တယ်။

ဒါကို သိပ္ပံပညာကတော့ ပီအီးအေတွေကို ကိုယ်ခန္ဓာရဲ့ခံနိုင်မှုစွမ်းရည် လျော့ကျသွားတာကြောင့် ဖြစ်ရတာလို့ သုံးသပ်ပါတယ်။

တစ်ဖက်ကနေပြီး သေတပန်သက်တစ်ဆုံး ခိုင်မာမြဲမြံနေတဲ့ အိမ်ထောင်ရေးတွေကို ကြည့်မယ်ဆိုပြန်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် လိင်စိတ်ကြောင့် မဟုတ်ဘဲ ကိုယ်ခန္ဓာချင်း အဆက်မပြတ် တွေ့ထိနေတာ၊ ဥပမာ လက်ချင်း ဆုပ်ထားတာမျိုး၊ ပခုံးကို မှီတာမျိုး၊ ပွေ့ပိုက်ထားတာမျိုးတွေက ဦးနှောက်ထဲက နောက်ထပ်ဓာတ်တစ်မျိုးဖြစ်တဲ့ အယ်န်ဒိုဖှင်န်ကို ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ အဲလို လိင်စိတ်မပါတဲ့တွေ့ထိမှုဟာ အထက်မှာ ရေးခဲ့တဲ့ အော့ခ်ဆီတော့ခ်ဆင်န် ဓာတ်ကိုလည်း အမြောက်အမြား ဆက်ထုတ်ပေးတာ တွေ့ရပါသတဲ့။

အယ်န်ဒိုဖှင်န်က စိတ်ကို တည်ငြိမ်စေပြီး  ဆန္ဒစောမှုကို ရှင်းထုတ်ပစ်နိုင်ပါတယ်။ အဲဒီ့ဓာတ် နှစ်မျိုးစလုံးက အိမ်ထောင်ရေးကို တည်ငြိမ် ခိုင်မြဲစေပြီး တစ်ယောက်ကို တစ်ယောက် “စွဲငြိ”နေစေနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

တိရစ္ဆာန်တွေမှာလည်း တချို့သတ္တဝါတွေက တစ်လင်တစ်မယား စနစ်ကို သစ္စာရှိရှိ ကျင့်သုံးတာ တွေ့ထားကြတယ်။ အသိဉာဏ် မရှိတဲ့ အဟိတ် တိရစ္ဆာန်လောကမှာတောင် အဲသလို တစ်လင်တစ်မယားကို သေတစ်ပန် သက်တစ်ဆုံး သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းတာကို တွေ့ရလို့ သုတေသီများက စစ်ဆေးကြည့်လိုက်တဲ့အခါ အော့ခ်ဆီတော့ခ်ဆင်န်ကို ကောင်းကောင်း ခံစားနိုင်တဲ့ သတ္တဝါတွေ ဖြစ်တာကို တွေ့ရပါသတဲ့။ အဲဒီ့ အော့ခ် ဆီတော့ခ်ဆင်န်ကို လက်ခံတဲ့ ဦးနှောက်ထဲက ဆဲလ်တွေကို ပိတ်ဆို့ကြည့်လိုက်တဲ့အခါမှာတော့ တစ်သက်လုံး သစ္စာရှိတဲ့ အဲဒီ့သတ္တဝါတွေလည်း ခြေများချင်တဲ့ အရိပ်အရောင်တွေ ပြလာတာကိုပါ ထပ်တွေ့ရတယ်လို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ သိပ္ပံပညာနယ်ပယ်ဟာ အင်မတန် ကျယ်ပြန့် နက်နဲလှသလို ပညာရှင်တွေ လက်လှမ်းမမီသေးတာတွေလည်း အများကြီးပါပဲ။ တစ်ချိန်ချိန်မှာတော့ အချစ်နဲ့ ပတ်သက်တဲ့ အရှုပ်အထွေးများကို သည်သိပ္ပံပညာက ဖြေရှင်းပြသွားနိုင်မယ်လို့ ပညာရှင်များက မမှိတ်မသုံ ယုံကြည်နေကြပါတယ်။

နိဂုံး

၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် “ဘ၀”မဂ္ဂဇင်းထဲက “ချစ်ရေး ချစ်မှု အနုသိပ္ပံ”ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး ပြန်ရေးပြလိုက်တာပါ။

အဲဒီ့ဆောင်းပါးအရဆိုရင်တော့ ကျွန်တော်တို့အိမ်ထောင်ရေးလေး သာယာနေတာလည်း အော့ခ်ဆီတော့ခ်ဆင်န်နဲ့ အင်ဒိုဖှင်န်တွေကို ထုတ်ပေးစေတဲ့၊ တစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်မပါဘဲ ဖက်လှဲတကင်း တရင်းတနှီးနေမှုကြောင့်ပဲဆိုတာ ဖြစ်နိုင်နေပါတယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံ ဟိုဟိုသည်သည် သွားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း ဆုပ်ထားတဲ့ အကျင့်ရှိသလို ကားမောင်းနေရင်း တန်းလန်းကနေ သူ့လက်ကို လှမ်းဆုပ်တာမျိုး၊ သူ့ပါးကို လှမ်းပွတ်တာမျိုးတွေ ကျွန်တော် လုပ်တတ်ပါတယ်။ သူကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာက တစ်ရေးနိုးရင်တောင် ကျွန်တော့် လက်မောင်းကို ရင်မှာ အပ်ပြီး အိပ်တတ်တဲ့သူပါ။

အလားတူပဲ၊ ရုပ်မြင်သံကြား ထိုင်ကြည့်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်း ထိထားတတ်ကြသလို တစ်ခါတလေ လက်ချင်း ဆုပ်ထားဖြစ်ပါတယ်။ အတွေ့အထိဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးကို ပိုလို့ ခိုင်မာမြဲမြံစေတယ်ဆိုတဲ့အချက်ကို ကျွန်တော်က အူလှိုက်သည်းလှိုက် ယုံကြည်ပါတယ်။

ကျွန်တော့်အိမ်သူကိုတင်မက သားသမီးများကိုလည်း ကျွန်တော်က ဖက်လှဲတကင်း၊ ပွေ့ပွေ့ပိုက်ပိုက် နေတတ်သလို သူငယ်ချင်းချင်းလည်း ပခုံးဖက်လိုက်၊ ခါးဖက်လိုက် လုပ်တတ်ပါတယ်။ အဲသလို နေတဲ့အတွက် လူသားတစ်ဦးနဲ့ တစ်ဦးကြား စည်းနှောင်အားက ပိုလို့ ခိုင်မာလာတတ်တယ်ဆိုတာ ကျွန်တော့်ကိုယ်တွေ့မို့ သည်စာကို ဖတ်သူများလည်း ကိုယ့်သူငယ်ချင်းကို ဖြစ်စေ၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ချင်းဖြစ်စေ တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး တို့ကာ၊ ပုတ်ကာ ဆက်ဆံတာမျိုးနဲ့ မိမိတို့ရဲ့ ခင်မင်တွယ်တာမှု အဆများကို ပွားသထက်ပွား၊ များသထက် များလာအောင် ပျိုးထောင်ယူနိုင်ကြမယ်လို့ မျှော်လင့်နေပါတယ်။

ချစ်စကို ရှည်စေတယ်ဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့ အလုပ်မျိုးမို့ အချစ်အကြောင်းကို ထက်ထက်သန်သန် ရေးသားတင်ဆက်လိုက်တာလည်းပဲ ဖြစ်ပါတယ်ခင်ဗျား။


(တစ်ခုတော့ ခြွင်းချက် ရှိသပေါ့ဗျာ။ တချို့ ယောက်ျားသားများဟာ အခြောက်တိုက် လက်အရသာ ခံချင်တဲ့သဘောနဲ့ ကိုယ်နဲ့လည်း သွေးမတော်၊ သားမစပ်၊ လိုလည်း မလိုအပ်လှဘဲ မိန်းမသားတွေကို ဟိုပုတ် သည်တို့ လုပ်တတ်တဲ့ ဝါသနာလေးတွေ ရှိတတ်ကြတယ်။ အဲသလို လူတွေက သည်ဆောင်းပါးကို အကာအကွယ် ယူပြီး အကဲပါမယ့် အန္တရာယ်လည်း ရှိနေတာမို့ မေတ္တာနဲ့ မဟုတ်ဘဲ ရာဂနဲ့ တို့ပုတ် ထိပါးလာမယ်ဆိုရင်တော့ မမများဘက်က ပြတ်ပြတ်သားသား ပြောပြီး ကြည့်ရှောင်ကြဖို့လည်း တစ်ပါတည်း သတိပေးလိုက်ချင်ပါသေးတယ်ခင်ဗျား။)

(၁၉၉၉ ခုနှစ် မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်း၊ အမှတ် ၁၁၃ မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၇၅/၂၀၀၃(၂)နဲ့ ၂၀၀၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်းဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ကျွန်တော်တို့ အိမ်ထောင်သက် ၂၂ နှစ်ပြည့် အမှတ်တရအဖြစ် တင်ဆက်လိုက်ကြောင်းပါခင်ဗျား
)
Advertisements
6 Comments leave one →
  1. 22 May 2010 8:03 pm

    ဆောင်းပါးအတွက် ကျေးဇူးပါဆရာ။ ခုတလော ဖတ်မိတဲ့ သတင်းဆောင်းပါးတိုလေးတစ်ခုကိုလည်း ဝေမျှခြင်ပါတယ်။

    Here’s why powerful men cheat

    http://timesofindia.indiatimes.com/life/relationships/man-woman/Heres-why-powerful-men-cheat/articleshow/5410022.cms

    • lettwebaw permalink
      22 May 2010 8:27 pm

      ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ဆရာမ။ ဖတ်လည်း ပြီးသွားပါပြီ။ မိတ်ဆွေတစ်ယောက်ကတော့ ပြောဖူးတယ်၊ ယောက်ျားတွေက ငွေရေးကြေးရေး အဆင်ပြေတဲ့အခါ အိမ်ထောင်ရေး ဖောက်ပြန်တတ်ပြီး မိန်းမတွေကျတော့ ငွေကြေးအဆင်မပြေချိန်မှာ ဖောက်ပြန်တတ်သတဲ့။ သူ့စကားကို စဉ်းစားကြည့်ဖူးတယ်။ ဖြစ်နိုင်ချေတော့ အတော်များသား။ ယောက်ျားတွေ ပြေလည်ချိန်မှာ ဖောက်ပြန်တာက ဆရာမရဲ့ လင်(ခ်)ထဲကအတိုင်း From an evolutionary perspective, men are here to sow their seeds—they desire more sexual partners and even lower their standards when it comes to one-night stands. ရယ်၊ Guys would naturally be more promiscuous if given the opportunity. ရယ်ကြောင့်ဖြစ်မယ် ထင်တယ်။ ရိုးရိုးပြောရင်တော့ ထကို ထချင်လို့ဖြစ်ပါလိမ့်မယ်။ မိန်းမတွေ မပြေလည်ချိန်မှာ ဖောက်ပြန်တာကတော့ အားကိုးရှာတဲ့ သဘောများလား မသိဘူး။ သုတေသနတွေ လုပ်နိုင်ရင်တော့ ကောင်းမယ်ဗျ။ လောလောဆယ်တော့ ဆရာမရဲ့ လင့်(ခ်)ကို Facebook မှာ တင်လိုက်တော့မယ်ဗျာ။ ကျေးဇူးအထူးပါခင်ဗျား။

      • 22 May 2010 9:11 pm

        တစ်ခုလောက် စဉ်းစားကြည့်ပါတယ် ဆရာ။ ဆရာကတော့ ရုပ်ပိုင်းဆိုင်ရာအချက်တွေ အတော်များများ ညွှန်းဆိုလေ့ရှိပါတယ်။ အချစ်ဆိုတာ မဟုတ်ဘူး ဆန်ဆန် ပြောတာမျိုးလည်း သတိထားမိပါတယ်။ ဒါကို ငြင်းချက်ထုတ်တာတော့မဟုတ်ပါ။ ဒါပေမယ့် တချို့တွေက နောက်တစ်ယောက်နဲ့ စကားပြောဆိုရတာ ပိုပြီး ဓာတ်တည့်သွားလို့၊ သူ့ကို နားလည်နိုင်လို့၊ ဘာသာစကားတူသွားကြလို့၊ ဒါမှမဟုတ်လည်း ငယ်ငယ်ကထားခဲ့တဲ့ စိတ်ကူးစံတွေနဲ့ ကိုက်ညီသူကို အခုမှတွေ့ပြီ ထင်မှတ်သွားလို့ စတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်တွေကို အဓိကထားပြီး ငြိတွယ်သွားတတ်တာကို ကြားဖူးပါတယ်။ အဲဒီဖြစ်ရပ်မျိုး တွေ့ဖူးခဲ့ပါသလား။ ဒါမျိုးအတွက် ဆရာ့ထင်မြင်ချက်ကိုလည်း သိချင်ပါတယ်။ ဆရာပြောပြီးသားကို မဖတ်မိပဲ မျက်စိချော်သွားမိလို့ဆိုရင်လည်း ပြောခဲ့တာတွေကို ပြန်ညွှန်းပေးပါဦး။

    • lettwebaw permalink
      22 May 2010 9:46 pm

      အဲဗျ… အမျိုးသမီးတွေနဲ့ ပတ်သက်လို့တော့ မပြောတတ်ဘူး။ ယောက်ျားတစ်ယောက်အနေနဲ့ဆိုရင်တော့ အဲဒါမျိုး ကိုယ်တွေ့ ကြုံဖူးတယ်လို့ ရှက်ရှက်နဲ့ပဲ ဖြေရပါလိမ့်မယ်။ ဆရာမ ပြောသလို “နောက်တစ်ယောက်နဲ့ စကားပြောဆိုရတာ ပိုပြီး ဓာတ်တည့်သွားလို့၊ သူ့ကို နားလည်နိုင်လို့၊ ဘာသာစကား တူသွားကြလို့၊ ဒါမှမဟုတ်လည်း ငယ်ငယ်ကထားခဲ့တဲ့ စိတ်ကူးစံတွေနဲ့ ကိုက်ညီသူကို အခုမှတွေ့ပြီ ထင်မှတ်သွားလို့စတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်တွေ”ကြောင့် ငြိတွယ်ချင်စရာ ဖြစ်ရပ်မျိုး ကြုံခဲ့ဖူးပါတယ်။ ဟိုတစ်ဖက်အတွက်လည်း ကျွန်တော်ဟာ အဲလို “စိတ်ပိုင်းဆိုင်ရာ အချက်တွေကြောင့်” ငြိတွယ်ချင်စရာ “နောက်တစ်ယောက်” ဖြစ်ခဲ့ပါတယ်။ အတော်လေး ခရီးပေါက်လုနီးကျတော့မှ သတိတမံ ဉာဏ်မြေကတုတ်နဲ့ ကျွန်တော့်ဘက်က ချွန်းအုပ်ခဲ့ဖူးပါတယ်။ ကျွန်တော် ရှေ့မှာ တင်ခဲ့တဲ့ ပို့(စ်)ထဲကအတိုင်း လူဆိုတာ မတ်တတ်ရပ်နေတဲ့ သတ္တ၀ါဖြစ်တာမို့ ဦးနှောက်နဲ့ပဲ ရပ်တန်းက ရပ်လိုက်တာပါ။ သည်အတွက် နှလုံးသားကတော့ အလူးအလိမ့် ခံရတာပေါ့ဗျာ။ သို့ပေမယ့် အချိန်ဆိုတဲ့ သမားကျော်က ကုစားပေးလိုက်တာမို့ “အခုတော့ ပါးစပ် ရာဇ၀င်လေး တစ်ခု ဖြစ်ခဲ့ပြီ”ပေါ့ ဆရာမရေ။

      • 22 May 2010 10:28 pm

        အဖြေအတွက် ကျေးဇူးပါဆရာ။ ဦးနှောက်နဲ့ ချွန်းအုပ်ချင်သူအတွက် “အချိန်ဆိုတာ အကောင်းဆုံးသမားတော်” ဆိုတာပဲ တစ်ခုတည်းသော အဖြေဖြစ်မှာပါ။ တကယ်လို့ ကိုယ့်ရဲ့လက်တွဲဖော်က သိသွားပြီး ဒီသဘာဝတွေကို နားမလည်သည်းမခံနိုင်ပဲ အကြမ်းကိုင်ခဲ့တော့မှ အချိန်တိုမှာ ရုပ်ပိုင်းအထိ တွန်းပို့သလိုဖြစ်သွားတဲ့ ဖြစ်ရပ်တွေလည်း မြင်ဖူးပါတယ်။ မိသားစုမပြိုကွဲဖို့ဟာ ရည်ရွယ်ချက်ဖြစ်ခဲ့မယ်၊ ဒီကိစ္စတွေဟာလည်း ကုစားနိုင်တဲ့ ယာယီသဘောမျှသာ ဖြစ်ခဲ့မယ် ဆိုရင် ဒီလို “စိတ်ပိုင်းဆိုင်ရာ” ငြိတွယ်တဲ့ ဖြစ်ရပ်တွေမှာ လက်တွဲဖော်က ဘယ်လိုကိုင်တွယ်သင့်ကြောင်းကို ဇောင်းပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်လောက် ရေးပါလားဆရာ။

    • lettwebaw permalink
      22 May 2010 11:02 pm

      ဟုတ်ကဲ့ပါ။ စိတ်ကူးတော့ ရှိပါတယ်။ လက်က မရောက်နိုင်သေးတာပါ။ တစ်ချိန်ချိန်မှာတော့ ရေးဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ပိုရေးသင့်တယ် ထင်တယ်။ ကျွန်တော့် အိမ်သူဘက်က သိပ်အနေတတ်ခဲ့လို့သာ ကျွန်တော်တစ်ယောက် ချောက်ထဲကို စောက်ထိုးကျခါနီး တဲတဲကလေးအလိုမှာ ကိုယ်ရှိန် သတ်နိုင်ခဲ့တာကိုး။ သူသာ အကိုင်အတွယ် ကြမ်းခဲ့မယ်ဆိုရင် အခုလောက်ရှိ ကျွန်တော် ကောင်းကောင်း အမြီးပေါက်နေလောက်ပြီလေ။ သူ့ဘက်က အကိုင်မကြမ်းတာအပြင် နောက်တစ်ချက်က အိမ် “သာ”တာလည်း ပါမယ် ထင်တယ်။ ကျွန်တော့်အိမ်က သိပ်သာယာတယ်။ ပူညံပူညံ မရှိဘူး။ နေချင်စဖွယ်ကောင်းတယ်။ မိသားစုဘ၀လေးကလည်း ပျော်စရာကောင်းတယ်။ ကျွန်တော်က အဲသလို ခြေများစရာ အမှု မရှိရင် အိမ်ထဲက အိမ်ပြင် မထွက်ချင်တတ်သလို ဘီယာဆိုင်သွားတာမျိုးကအစ သူ့ကို အဖော်လုပ်လို့ရတယ်။ အိမ်မှာလည်း ကြိုက်သလို နေလို့ ရတယ်။ အဲဒါကလည်း အိမ်ထောင်ရေးဘ၀မှာ အရေးကြီးမယ် ထင်တယ်။ ကျွန်တော်ကိုယ်တိုင်က ယနေ့ထက်တိုင် လက်ဖက်ရည်ဆိုင်တောင် မထိုင်တတ်တဲ့ ရှားပါး မြန်မာယောက်ျားထဲမှာ ပါနေလို့လားတော့ မသိဘူးခင်ဗျ။ ကျွန်တော့်အဖေကလည်း အလွန်အိမ်မြဲတဲ့သူဆိုတော့ အတုမြင် အတတ်သင်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ အခု ပို့(စ်)မှာ ပါသလို ကယုကယင် နေတတ်ကြတာတွေကလည်း အချက်တစ်ချက်ဖြစ်နေဦးမှာပဲလေ။ အရေးကြီးဆုံးကတော့ “တန်ဖိုးထားမှုတွေ (values)” ဖြစ်ပါလိမ့်မယ်။ အခု လက်တန်း ရေးရင်းနဲ့တောင် ထည့်စဉ်းစားစရာတွေက တစ်သီကြီးပေါ်နေတယ်။ တော်တော်တော့ ရေးယူရမှာခင်ဗျ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: