Limp wristed

မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်

ကျွန်တော်သည် စာမတော်လှသော်လည်း စာညံ့သည့်အထဲတွင်တော့ ဘယ်သောအခါမှ မပါခဲ့ဖူးပါ။ ထို့ကြောင့် တန်းစဉ် တစ်လျှောက်လုံး၌ အေတန်း (ခေါ်) စာတော်သူ ကျောင်းသားများ စုဝေးရာ တန်းခွဲ(က)တွင်သာ အစဉ်တစိုက် နေခဲ့ရပါသည်။ ကျွန်တော်တို့ အတန်းမှ မြန်မာပြည်တစ်ပြည်လုံး ပထမရသူအထိ ထွက်ပါသည်။ ဘယ်နှထပ်ကွမ်းမှန်း မသိသော လူရည်ချွန်လည်း ကျွန်တော်တို့ အတန်းမှပင် ထွက်ပါသည်။

ကျွန်တော်တို့ ကျောင်းက ယောကျာ်းလေးများချည်းသာ ထားသော ကျောင်းဖြစ်သည်ကိုလည်း ဤနေရာတွင် ထည့်ပြောချင်ပါသေးသည်။

မှတ်မှတ်ရရ ခုနစ်တန်းနှစ်အတွင်း တစ်ရက်တွင် ကျွန်တော် နေမကောင်း၍ ကျောင်းပျက်ပါသည်။ ကျောင်းပြန်တက်သောအခါ သင်္ချာ သင်ခန်းစာတစ်ခုကို မလိုက်နိုင်တော့ပါ။ ထို့ကြောင့် အတန်းထဲမှ အတော်ဆုံး ပုဂ္ဂိုလ်ထံ ချဉ်းကပ်လိုက်ပြီး စာမေးပါသည်။

သူ ဘာဖြေသည် ထင်ပါသနည်း?

“ငါလည်း မတွက်တတ်ဘူးကွ”ဟူသတည်း။ မျက်နှာသေနှင့် သူ့မျက်ခွက်ကို ပိတ်ထိုးလိုက်ချင်စိတ် ပေါက်သွားခဲ့ဖူးပါသည်။ သူသည် ထိုအချိန်တွင် ခုနစ်တန်း သင်္ချာတင်မက တက္ကသိုလ်အဆင့်များ သုံးနေသည့် “ကဲကုလ”သင်္ချာကို တွက်နိုင်နေပြီဖြစ်ကြောင်း တစ်ကျောင်းလုံးသိပါသည်။ သင်္ချာအရာတွင် ပါရမီထူးသူအဖြစ် သူ့ကို ဆရာများအားလုံးရော၊ ကျောင်းသားများ အားလုံးပါ နားလည်လက်ခံထားကြသည်။ ထိုပုဂ္ဂိုလ်က “ငါလည်း မတွက်တတ်ဘူးကွ”ဟုဆိုသောအခါ ကျွန်တော် သူ့ကို ထိုးချင်သွားသည်မှာ မလွန်ဘူးထင်ပါသည်။ သူက ဆက်ပြောလိုက်ပါသေးသည်။ “မောင်မောင်ဇော်က ငါ့ထက် တော်တယ်၊ သူ့သွား မေးပါလားကွ”တဲ့။

ကျွန်တော်ကလည်း မအူမလည်နှင့် သူ လက်ညိုးထိုးသော မောင်မောင်ဇော်ဆိုသူထံ ရောက်သွားရပြန်သည်။ မောင်မောင်ဇော်ဆိုတာကလည်း ကျွန်တော်တို့အတန်းမှာ စောစောက ပုဂ္ဂိုလ်နှင့် ပထမနေရာ လုနေသူပင်ဖြစ်သည်။ သူကလည်း ထူးချွန်ကျောင်းသား။

တကယ်တမ်း သွားမေးသောအခါတွင် အနှီ မောင်မောင်ဇော်ကလည်း ငါ မတွက်တတ်ဘူးဟု ပြောလွှတ်ပြန်သည်။ ကျွန်တော် အတော် စိတ်နာလာသည်။ သူက နောက်တစ်ယောက်ကို လက်ညိုးထိုးပြန်သည်။ သည်လိုနှင့် ကျွန်တော့်အတန်းထဲမှာပင် တောင်ပြေးမြောက်ပြေး၊ ရွာဆော်ကြီးခွေးဘဝသို့ ရောက်နေခဲ့ပါသည်။

နောက်ဆုံးတွင် ဝင်းနိုင်ဆိုသည့် အတန်းထဲမှာ အလယ်အလတ်ဆင့်သာ ရှိသည့် သူငယ်ချင်းက ကျွန်တော့်ကို ကူညီပါသည်။ သေချာ တွက်ပြပေးပါသည်။

ကျွန်တော်ကား ဘယ်တုန်းကမှ အမှတ်သည်းချေ ရှိသူမျိုးမဟုတ်ပါ။ ထို့ကြောင့် နောင်နှစ်၊ နောင်နှစ်များတွင်လည်း စာနှင့်ပတ်သက်လာလျှင် ထိုအချွန်စားများကို တစ်ခါ၊ နှစ်ခါလောက်တော့ သွားသွား ဆရာတင်မိသည်။ ဘယ်တော့ပဲဖြစ်ဖြစ်၊ သူတို့၏ အဖြေကား တစ်သမတ်တည်းသာ ဖြစ်သည်။ သူတို့ မကူညီနိုင်၊ တခြားတစ်ယောက်ကို လက်ညိုးထိုးမည်။ ယင်းသည်သာ သူတို့၏ အဖြေဖြစ်သည်။

တက္ကသိုလ်ရောက်တော့ အဲသလို မဟုတ်တော့။

တက္ကသိုလ်မှာလည်း ကျွန်တော်သည် တန်းခွဲ(၁)တွင်ပင် တက်ရသည်။ ကျွန်တော်တို့အတန်းထဲတွင် သိပ္ပံပညာချွန်ဆုရသူတွေပင်ရှိသည်။ သို့သော် ထိုအတော်စား အားလုံးက မိန်းကလေးတွေချည်း ဖြစ်နေသည်။

ကျွန်တော်ကား တက္ကသိုလ်ကျောင်းသား တစ်ပိုင်း၊ အငှားယာဉ်သမား တစ်ပိုင်းမို့ ကျောင်းစာမှာ အတော်လစ်ဟင်းသည်။ ထိုအခါ အမှတ်သည်းချေ မရှိလှသော ကျွန်တော်က ထိုထူးချွန်မိန်းကလေးများကို ချဉ်းကပ်မိရပြန်သည်။ သူတို့နှင့် ကျွန်တော်နှင့်က နင်တစ်ခွန်း ငါတစ်ခွန်း ခင်မင်ရင်းနှီးသည့် အတွက်လားတော့ မပြောတတ်ပါ။ ကျွန်တော့်အတွက် အပင်ပန်းခံကာ စာလည်း ကူးပေးရှာကြသည်။ စာလည်း ပြန်ပြပေးတတ်ကြသည်မှာ ကံ့ကော်မြေတွင် နေခဲ့သည့် လေးနှစ်တာလုံးလုံး ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းတက်သောအခါတွင်မူ ကျွန်တော်က အတန်းထဲမှ လူတော် စာရင်းတွင် ဘယ်က ဘယ်လို ဝင်သွားမှန်းမသိ။ သေချာသည်ကတော့ အတန်းထဲမှာ စာတော်သည်ဟု အသတ်မှတ်ခံရသူများ အားလုံးမှာ ယောက်ျားလေးတွေချည်း ဖြစ်နေခြင်းပင်။

ပညာသင်နှစ် ကုန်လုနီးတွင် လူတစ်ယောက် ကျွန်တော့်ထံ ရောက်လာသည်။ ထိုသူကို ကျွန်တော် မမြင်ဖူး။ သူက ကျွန်တော်တို့အတန်းထဲမှ ခုံနံပါတ်တစ် ဖြစ်နေပြီး အူရောင်ငန်းဖျားရောဂါကြောင့် ကျောင်းပျက်ခဲ့ရသည်ဟု ဆိုပါသည်။ သူ့ကို စာပြန်ပြပေးရန် ကျွန်တော့်ကို ပြောလာခြင်း ဖြစ်သည်။

ကျွန်တော်က အလွယ်တကူ ခေါင်းညိတ်လိုက်သောအခါ ထိုပုဂ္ဂိုလ်မှာ ထခုန်မတတ် ဝမ်းသာသွားသည်။ တစ်ဆက်တည်းမှာပင် ခင်ဗျားက ဘာလို့ ဘောလီဘော မပုတ်တာလဲဟု မေးပါသည်။ ကျွန်တော် နားမလည်ပါ။ အဲတော့မှ သူက ရှင်းပြသည်။ ကျွန်တော့်ဆီ သူ မရောက်ခင်မှာ အတန်းထဲမှ စာတော်သည်ဟု နာမည်ကြီးသူ သုံး၊ လေးဦးထံ သူရောက်ခဲ့ပြီးပြီ။ တစ်ဆင့်ပြီး တစ်ဆင့် ဘောလီဘော ပုတ်လွှတ်လိုက်ကြရင်းမှ ကျွန်တော့်ထံ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ရှေ့က လူများနှယ် နောက်တစ်ယောက်ထံ နတ်လမ်းညွှန်လိမ့်ဦးမည်ဟု တွက်ထားခဲ့သည်ဟု ဆိုပါသည်။

အဲတော့မှ သဘောပေါက်သွားသည်။ အတော်စားတွေက သူများတကာအပေါ်မှာ စေတနာ မထားနိုင်အားကြသော သဘောကိုဖြစ်သည်။ သူတို့မှာက လူတိုင်းကို ပြိုင်ဖက်လို သဘောထားနေကြသည်။ ကိုယ့်ထက် သာသွားမှာ၊ ကြောသွားမှာကို ပူပန်ကြသည်။ ထိုအခါ သူတို့တွေမှာ စိတ်ကောင်း မမွေးနိုင်ရှာကြတော့။
လွဲချက်က ကမ်းကုန်ပင်ဖြစ်ပါသည်။

ကျွန်တော် နားလည်သည်ကတော့ ပြိုင်ဖက်ရှိလျှင် တိုးတက်သည်။ သို့သော် ထိုပြိုင်ဖက်ထက် သာရန်အတွက် မိမိကိုယ်မိမိသာလျှင် တစ်နေ့တခြား ပိုမိုတော်လာရန် အားထုတ်ရမည်သာ ဖြစ်သည်ဟုပင်။ ပြိုင်ဖက်ကို  နှိပ်ကွပ်ခြင်းဖြင့် အနိုင်ရခြင်းမှာ ဘယ်လိုနည်းနှင့်မှ အရသာ မရှိသော အောင်နိုင်မှုပင်ဖြစ်သည်။

သို့တိုင်အောင် ယနေ့ လူကြီးဖြစ်လာသော လက်တွေ့ဘဝတွင်လည်း ပြိုင်ဖက်ထက် အရည်အချင်းအရာတွင် သာအောင် အားထုတ်ပြီး ကျော်လွှားရန် စိတ်မကူးကြဘဲ ပြိုင်ဖက်ကို ခြေထိုးကာ ကျဆုံးအောင် လုပ်ယူချင်သူများနှင့် အကြိမ်ကြိမ်ဆုံခဲ့ရ၊ ဆုံနေရဆဲဖြစ်ပါသည်။ ထိုသို့ ကြုံနေရသူမှာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်သည်ကို တွေ့ရသောအခါ လောကတံထွာ လူ့ဓမ္မတာဟုပင် ရံခါ ထင်မြင်မိသည်။

တစ်ဖက်တွင်လည်း တက္ကသိုလ်မှာတုန်းက အတန်း၏ ထိပ်ဆုံးမှ မိန်းကလေးတွေက ကျွန်တော့်ကို လိုလိုချင်ချင် ကူညီခဲ့ကြသည်ကို အမှတ်ရသွားသောအခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။

ဘဝင်မကျလှသဖြင့် စာတော်သူ ကျွန်တော့်သမီးကို မေးကြည့်မိရသည်။ သမီးကား နှစ်စဉ် ပညာချွန်ဆု တစ်ခုမဟုတ် တစ်ခု ရနေသူ ဖြစ်သည်။ အတန်းထဲမှာလည်း ပထမ ခဏခဏ ရသူဖြစ်သည်။ သူ့ သူငယ်ချင်းလေးတွေမှာလည်း အတော်စားလေးတွေချည်း ဖြစ်သည်ဟု သိထားသည်။ ထို့ကြောင့် မေးမိရပါသည်။

ဟုတ်ကဲ့…

သမီးသည်လည်း ထိုသို့ မဟုတ်ပါ။ သူ့သူငယ်ချင်း၊ သူ့ပြိုင်ဖက် မိန်းကလေးများသည်လည်း ထိုသို့ မဟုတ်ပါဟု သိရပါသည်။ အဲ… သူတို့ ပြိုင်ဖက် ယောက်ျားလေးတွေကတော့ စာနှင့် ပတ်သက်လာလျှင် နည်းနည်း လျှိုချင်သည်ဟု ပြောပါသည်။

ဘုရား… ဘုရား….

ကျွန်တော်တို့ ယောက်ျားလေးတွေကပဲ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရာတွင် မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ယူလိုစိတ်တွေ များနေကြသလားဟု တွေးမိသွားသောအခါ ဆတ်ခနဲ ဖြစ်သွားပါသည်။ လက်သီးချင်း ယှဉ်ထိုးနေရင်းမှ မနိုင် နိုင်သဖြင့် ပြိုင်ဖက်၏ နားရွက်ကို ကိုက်ဖြတ်ခဲ့ဖူးသူ ဟဲဗီးဝိတ်လက်ဝှေ့သမား မိုက်(ခ်)တိုက်ဆင်(န်)မှာ မိန်းမတစ်ယောက် မဟုတ်တာကတော့ သေချာပါသည်။ ထို့အတူ “ခါးပတ်အောက် ထိုးသည်” ဟူသော သိုးဆောင်းဆိုရိုးမှာလည်း ယောက်ျားသားများ ကြီးစိုးရာ လက်ဝှေ့ဝိုင်းမှ လာသော စကားဖြစ်နေပါသည်။

ဒါဖြင့်ရင် စိတ်သဘောထား သေးနုပ် သိမ်ဖျင်းသည့်အရာမှာ အတောင် နှစ်ဆယ်ဝတ်ဆိုသည့် မင်းယောက်ျားတွေက ပိုများ သာနေသလားဟု တွေးစရာ ဖြစ်လာပါသည်။

အားလုံး မဟုတ်တောင် စာတော်သည့် ယောကျာ်းသားတွေ စိတ်သဘောထား သေးနုပ်တာကိုတော့ ကိုယ်တွေ့ကြုံခဲ့ဖူးပါသည်။

ဟင်… ဒါတင် ဘယ်ကလို့တုန်း…

ဘဝတစ်လျှောက်တွင် ကျွန်တော့်ကို ခြေထိုးခဲ့သူ၊ ချောက်တွန်းခဲ့သူ၊ အမနာပပြောခဲ့သူ၊ ကွယ်ရာကနေ အပုပ်ချခဲ့သူ အားလုံးကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း သုံးတောင်ဝတ်တွေ တစ်ယောက်မှ မပါဘဲ ယောကျာ်းတွေထဲကသာ ဖြစ်နေသည်ကို ဆင်ခြင်မိသောအခါ…

ဟုတ်ကဲ့…

ကြက်သီးဖျန်းဖျန်း ထသွားရကြောင်းပါ ခင်ဗျား။    ။

 

(၂၀ဝ၃ ဇူလိုင် ၂၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်ထားတာပါ။)

 

Demands of the Burmese Society on Burmese Women

မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့ တောင်းဆိုမှု

“မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု”ရယ်လို့ ခေါင်းတပ်လိုက်တဲ့အခါ တော်တော့်ကို ကြီးကျယ်သွားလေသယောင် ထင်ရပါတယ်။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတစေ ကြုံတွေ့နေရတဲ့ ကိစ္စသေးသေးလေးများသာ ဖြစ်ပါတယ်။

ပုံစံ (၁)

ကျွန်တော်က အလွန်ခရီးသွားတဲ့သူပါ။ ခြေထောက်မှာ ဗွေပါတယ်လို့တောင် ထင်ရလောက်အောင် ခရီးယာယီ အလွန်များပါတယ်။ ဒါပေမယ့် အကျင့် တစ်ခု လုပ်ထားတယ်၊ ဘယ်မြို့ကိုရောက်ရောက်၊ ဆွေမျိုးမိတ်သင်္ဂဟများ အိမ်မှာ ဘယ်သောအခါမှ မတည်းပါဘူး။

အကြောင်းရှိပါတယ်။ သူများအိမ် တည်းတယ်ဆိုတာ သူများအတွက် ဒုက္ခဖြစ်သလို၊ ကိုယ့်အတွက်လည်း ဒုက္ခဖြစ်နိုင်တယ်။ “အိမ်တည်းဧည့်” မရှိခိုက်မှာ အိမ်သားတွေ ဖြစ်သလို စား၊ ဖြစ်သလို နေချင်နေကြမှာမျိုးပေမယ့် ဧည့်သည်ရှိလာတာနဲ့ဟင်းကောင်း၊ ကျွေးကောင်းချက်ရပါတော့မယ်။ ပြီးတော့ ဧည့်သည်ကို အိမ်ဦးခန်းမှာ အိပ်ရာအိပ်ခင်းကောင်းကောင်းနဲ့ ထားရပါမယ်။ ဧည့်သည် လိုအပ်မယ် ထင်တာကို အကုန်ဆောင်ရွက်ပေးပါမယ်။ ဒါ ချစ်စရာကောင်းတဲ့ မြန်မာ့စရိုက်ပါ။

ဧည့်သည်အနေနဲ့ကျပြန်တော့လည်း အဲဒီ့အိမ်ရဲ့ စည်းကမ်းများကို အတတ်နိုင်ဆုံး လိုက်နာဖို့ ကြိုးပမ်းရပါတယ်။ အိမ်ရှင်အိပ်မယ်လို့ ယူဆချိန် မှာ ဝင်အိပ်၊ ထမယ်လို့ ယူဆချိန်မှာ ကြိုထ၊ ကျွေးတဲ့အချိန်မှာစား၊ အိမ်အတွက် လိုအပ်မယ် ထင်တာတွေ ဝယ်ခြမ်းပေး၊ ဝင်လုပ်ပေးစသဖြင့်ပါ။

အတိုပြောရရင်တော့ အိမ်ရှင်ရော ဧည့်သည်ပါ နှစ်ဦးနှစ်ဖက် တော်တော့်ကို အနေကျုံ့တဲ့ကိစ္စပါ။ ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် “အားနာ” နေရတာကြီးကိုက ဟန်မကျသလိုပါပဲ။

သည်တော့ ဘယ်နေရာကိုသွားသွား၊ တည်းခိုခန်းတစ်ခုခုမှာပဲ တည်းလေ့ရှိပါတယ်။ မန္တလေးလို ကျွန်တော့်ဆွေမျိုးရင်းချာတွေရှိတဲ့ အရပ်မှာတောင် အမျိုးအိမ်မှာ မတည်းတာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ အချိန်ကတည်းကပါ။

တစ်ချီမှာတော့ ကျွန်တော့်အိမ်သူ တစ်ယောက်တည်း ခရီးသွားဖို့ အကြောင်းပေါ်လာပါတယ်။ မန္တလေး၊ မုံရွာခရီးပါပဲ။ သမီးက ကျောင်းတစ်ဖက်နဲ့မို့ သမီးကို ကျွန်တော်နဲ့ ထားခဲ့ပြီး သားငယ်ကို ခေါ်သွားမှာပါ။

ပြဿနာက မန္တလေးမှာ တည်းခိုဖို့ ကိစ္စဖြစ်လာပါတယ်။ ကျွန်တော့် အိမ်သူက တခြားနေရာတွေမှာ ဇီဇာမကြောင်လှပေမယ့် ရေအိမ်ကိစ္စမှာတော့ အလွန်ဇီဇာကြောင်ပါတယ်။ (ကျွန်တော်လည်း အတူတူပါပဲလေ။) မန္တလေးမှာ သူဝင်တည်းနိုင်တဲ့ သူ့အမျိုးအိမ်၊ ကျွန်တော့်အမျိုးအိမ်တွေမှာက ရေလောင်း အိမ်သာများနဲ့ပေမယ်လို့ သိပ်သပ်သပ်ရပ်ရပ် မရှိလှဘူး။ ကျယ်ကျယ်လွင့်လွင့်လည်း တယ်မရှိချင်ဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ လင်မယားရဲ့စံနဲ့ မကိုက်၊ မမီတဲ့ ရေအိမ်များလို့ ဆိုရမယ်။

ကျွန်တော့်အမျိုးအိမ်က မြို့စွန်မှာမို့ သွားရေးလာရေး ခက်တယ်၊ သူ့အမျိုးအိမ်က မြို့လယ်မှာပေမယ့် အိမ်နဲ့ လုပ်ငန်း တွဲထားတာက တစ်ကြောင်း၊ အိမ်မှာ လူများတာက တစ်ကြောင်းတို့ကြောင့် အဲဒီ့မှာလည်း သူ မတည်းချင်ဖြစ်နေတယ်။

ဒါနဲ့ “ကျွန်တော်က မန္တလေးဟိုတယ်မှာ တည်းပေါ့”လို့ ပြောလိုက်မိသွားတယ်။ အပြင်ဟိုတယ်ထက်စာရင် နိုင်ငံပိုင် ဟိုတယ်က ပိုဣနြေ္ဒရမယ်လို့ ယူဆလို့ပါ။ အဲဒီ့အချိန်၊ ၁၉၉၂ ခုနှစ်တုန်းက မန္တလေးဟိုတယ်ဟာ နိုင်ငံခြား ဟိုတယ်နဲ့ ဖက်စပ်မဟုတ်သေးဘူး။

ကျွန်တော့်မိန်းမက မတည်းရဲဘူးလို့ ဆိုပါတယ်။

“ဟ… ဘာဖြစ်လို့တုံး…”

“ရှင့်နှယ်၊ မိန်းမတစ်ယောက်တည်း ဟိုတယ်မှာတည်းလို့ ဘယ်ဖြစ်ပါ့မလဲတော်…”

“သားသား ပါသားပဲကွာ…”

“သားသား ပါပေမယ့် မတည်းရဲဘူး ရှင်ရဲ့…”

အခြေအနေကို နားလည်ယူလိုက်ပါတယ်။ ဒါ ကျွန်တော် ဆွေးနွေးနေတဲ့ မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စတစ်ခုပါ။

ကျွန်တော်တို့ အသေးစိတ် ပြန်ကြည့်ရအောင်…။

မြန်မာအမျိုးသမီးများ၊ အထူးသဖြင့်အမျိုးသမီးငယ်များ၊ လူလတ်ပိုင်း အမျိုးသမီးများအနေနဲ့ တစ်ယောက်တည်း ခရီးထွက်ဖို့ မြန်မာ့လူ့ဘောင်က စာနဲ့ အတိအကျ ရေးမထားပေမယ့် ခွင့်မြုပပါဘူး။ မြန်မာအမျိုးသမီးများ ခရီးထွက်ရင် အဖော်ပါဖို့ လိုကိုလိုပါတယ်။ အသက်ကြီးသူ ကြီးတော်များ၊ ဒေါ်လေးများပါရင် ပိုသင့်တော်ပါတယ်။ ရေးမထားပေမယ့် ကျွန်တော်တို့ရဲ့ လူ့ဘောင်က အဲသလို သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သည်နေရာမှာ ခြွင်းချက်က ရှိနေတယ်။ သွားတော့ရော ဘာဖြစ်သလဲလို့ မေးစရာရှိပါတယ်။ အဲ… အဖော်မပါသူမိန်းမရွယ်၊ မိန်းမငယ်တစ်ယောက်ကို ခရီးဖော် မဟာပုရိသများက ထိကပါး၊ ရိကပါး လုပ်ဖို့ အခွင့်အလမ်းတွေ များနေပါတယ်။ ကာယကံ၊ ဝစီကံနဲ့ မထိပါးရင်တောင် အဲသလို တစ်ကိုယ်တော်ခရီးသွားသူ မိန်းမရွယ်၊ မိန်းမငယ်များကို မျက်လုံးတွေနဲ့၊ အကြည့်တွေနဲ့ အထင်သေးပြတတ်ကြပါတယ်။ ဒါဟာ မြေကြီး လက်ခတ်မလွဲပါ။

မိန်းမရွယ်၊ မိန်းမငယ်များအနေနဲ့ အဖော်ပါသည့်တိုင် ပါတဲ့ အဖော်က ငယ်ရွယ်သူမိန်းမသားတစ်ဦးသာ ဖြစ်နေခဲ့ရင် တစ်ယောက်ချင်းသော်လည်းကောင်း၊ နှစ်ယောက်ချင်းသော်လည်းကောင်း ဟိုတယ်တို့၊ တည်းခိုခန်းတို့ကို ဝင်တည်းဖို့ မြန်မာ့လူ့ဘောင်က (အတိအကျရေးမထားပေမယ့်) ခွင့်မပြုပြန်ပါဘူး။ တည်းခိုခန်းမှာ ယောကျာ်းဖော်၊ လူကြီးဖော်မပါဘဲ မိန်းမကောင်းတွေ တည်းခိုလေ့မရှိဘူးလို့ ရေးမထားပေမယ့် ကျွန်တော်တို့မြန်မာ့လူ့ဘောင်က အတိအလင်းကို သတ်မှတ်ထားလို့ပါပဲ။

လွန်ခဲ့တဲ့နှစ်၂၀ကျော် အထက်ကာရီက မိန်းမသားတွေ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ဝန်လေးခဲ့ကြသလိုပါပဲ။ အခုခေတ်မှာတော့ မိန်းမတစ်ယောက် လက်ဖက်ရည်ဆိုင် ဝင်ထိုင်လို့ ဘာမှမဖြစ်တော့ပါဘူး။ ဒါတောင် တစ်ယောက်တည်း ဝင်ထိုင်ရဲသူတွေ နည်းလှပါသေးတယ်။ အုပ်စုလိုက်ဖြစ်စေ၊ အဖော်နဲ့ဖြစ်စေသာ ဝင်ထိုင်ရဲတဲ့ အနေအထားပါ။

စောစောက တည်းခိုခန်းတည်းတဲ့ကိစ္စကိုပဲ ပြန်ဆက်ပါ့မယ်။ သည်လို နဲ့ ၁၉၉၂ ခုမှာ ကျွန်တော့်အိမ်သူဟာ တစ်ယောက်တည်း ခရီးသွားတော့ တည်းခိုခန်းမှာ မတည်းရဲခဲ့လို့ မတည်းချင်လှတဲ့ အမျိုးအိမ်မှာ ခိုခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ထဲမှာ ကျွန်တော်တို့ သားအမိ၊ သားအဖ လေးယောက် မန္တလေး၊ မုံရွာခရီး သွားဖြစ်ပြန်ပါတယ်၊ မန္တလေးကို ရောက်တော့ ဟိုတယ် တစ်ခုမှာ စ တည်းပါတယ်။ နောက် အဲဒီ့ဟိုတယ်ရဲ့ မြောက်နားက ဟိုတယ်တစ်ခုကို ပြောင်းပါတယ်။ ပြောင်းရတဲ့ အကြောင်းရင်းက မူလဟိုတယ်ရဲ့ အခန်းအနေအထားကို မကြိုက်လှတာရယ်၊ ဈေးကြီးပေးရသော်လည်းပဲ မီးပျက်နေတဲ့အချိန်မှာ မီးစက်ကို ချွေတာလွန်းနေတာကြောင့် အလုံပိတ် အခန်းထဲမှာ အိုက်လှောင် မွန်းကြပ်နေတာရယ်တို့ကြောင့်ပါ။

ပြောင်းပြီး နောက်တစ်ရက်မှာ ကျွန်တော်တစ်ယောက်တည်း ယာဉ်တိုက်မှုဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပထမမှာ မန္တလေး ဆေးရုံကြီး၊ နောက်တော့ “အေးသီရိ” အပြင်ဆေးရုံစတာတို့မှာ တစ်ပတ်လောက် နေရပါတယ်။ သည်အတောအတွင်းမှာ ကျွန်တော့်အိမ်သူက ငါးနှစ် ရွယ်သမီး၊ သုံးနှစ်ရွယ်သားတို့နဲ့အတူ မြို့လယ်က ဟိုတယ်တစ်ခုကို ရွှေ့နေပါတယ်။

သည်တစ်ချီမှာတော့ အဖော်မပါဘဲ လူမမည် ကလေးငယ်များနဲ့ သူ တစ်ယောက်တည်း ဟိုတယ်များမှာ တည်းရဲသွားပါပြီ။ (မတည်းရဲဘူး၊ တည်းရဲတယ်လို့ တွေးဖို့ အချိန်မရလောက်အောင် ကျွန်တော့်ဒဏ်ရာ အခြေအနေက သူ့ကို ဖိစီးလိုက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။) ဒါပေမယ့် မန္တလေးသူ ကျွန်တော့်ကြီးတော်တစ်ယောက်ကတော့ ဟိုတယ်ကို လိုက်အိပ်ပေးရှာတယ်။ (သဘောပေါက်တယ်နော်)

နောင်အခါ ကျွန်တော့် မရီးတော်တစ်ယောက် ရန်ကုန်က လိုက်လာမှ၊ အဲဒီ့ မရီးတော်ကလည်း တည်းခိုခန်းမှာ ကျွန်တော့်အိမ်သူနဲ့အတူအိပ်ပါမှ ကျွန်တော့်ကြီးတော်လည်း သူ့အိမ်သူ ပြန်အိပ်တော့တယ်။

ကြည့်စမ်း၊ ဘယ့်ကလောက်များလဲလို့။ ကာယကံရှင်လုပ်တဲ့ ကျွန်တော့် အိမ်သူကိုယ်တိုင်က တည်းခိုခန်းမှာ သူ့သားသမီးများနဲ့ အိပ်ရဲနေပြီဖြစ်တဲ့တိုင် ကျွန်တော်တို့ ပတ်ဝန်းကျင် (လူ့ဘောင်)က သူ့ကို ခွင့်မပေးဘူး။ (ပြောမရလို့သာ သူတို့အိမ်တွေကို ကျွန်တော့်ဇနီးမယား၊ သမီးသားတို့ ပြောင်းမနေခဲ့ရတာပါ။ နှစ်ဘက် အမျိုးတွေက သူတို့အိမ်တွေမှာ လာနေဖို့ အကြိမ်ကြိမ် ပြောကြပါသေးတယ်။)

တကယ်တော့ ဘာဖြစ်သလဲဗျာ။ တည်းခိုခန်းတို့၊ ဟိုတယ်တို့မှာ တည်းတာဟာ မိန်းမတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို ဘယ်လိုများ ထိခိုက်နေလို့လဲ။ အဲလိုတည်းလိုက်တာနဲ့ပဲ အဲဒီ့မိန်းမဟာ လျှပ်ပေါ်လော်လီရာ ရောက်သွားမတဲ့လား၊ ကျွန်တော်တော့ ဘဝင်မကျလှဘူး။

ဒါက ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းများထဲက တစ်ခုကို ကောက်ယူဆွေးနွေးကြည့်တာပါ။ သည်လို စည်းမျဉ်းများကြောင့် ကျွန်တော်တို့ရဲ့ နှမတွေ၊ အစ်မတွေ၊ အဒေါ်တွေ၊ အမေတွေ၊ ဇနီးမယားတွေခမျာမှာ ဘယ့်ကလောက် အနေကျုံ့နေရှာကြမလဲဆိုတာ တွေးသာကြည့်ကြစေချင်ပါ တယ်။

ပုံစံ (၂)

နောက်ထပ် ဥပမာတစ်ခု ကောက်ယူပြပါမယ်။ ဒါလည်း ကျွန်တော့် အိမ်သူနဲ့ ကျွန်တော်တို့ ကြုံဖူးတာမျိုးပါ။

ကျွန်တော့် အိမ်ထောင်ရေး ခံယူချက်က ရှင်းပါတယ်။ ကျွန်တော် အိမ်ထောင်ြုပထားတယ်ဆိုတာ ဘဝတစ်သက်တာအတွက် အဖော် (lifetime companion) ရှာတာပါ။ ဒါကြောင့်မို့ ကျွန်တော့်အိမ်သူကို ဘယ်တုန်းကမှ “တစ်ဆင့်နိမ့်လူသား”(secondary human-being) အနေနဲ့ မသတ်မှတ်ပါဘူး။ ကျွန်တော်က ယောက်ျား၊ ကျွန်တော်က အိမ်ထောင်ဦးစီး၊ ကျွန်တော်က ထမင်းရှင်ဆိုတဲ့ အပေါက်မျိုးနဲ့ အိမ်တွင်းမှာ ခြယ်လှယ် စိုးမိုးမှုမျိုးကိုလည်း မလုပ်ချင်ပါဘူး။ မိသားစုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကိုလည်း ကျွန်တော်တစ်ဦးတည်း ချမှတ်လေ့ မရှိဘူး။

ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။ သည်တော့ ကျွန်တော့်ကို အလုံးစုံ အားကိုးတယ်၊ တာဝန်မယူရဲဘူး။ သည်အကျင့်ကြီးကိုလည်း မကြိုက်လှဘူး၊ သူ့ကိုယ်ရည်ကိုယ်သွေးကို တက်သည်ထက် တက်လာအောင် ကျွန်တော်ကိုယ်တိုင်က အားပေးတယ်၊ သွေးထိုးတယ်။ သူ့မှာ လည်း“ပိုင်ခွင့်”တွေ ရှိနေကြောင်း သူသိအောင် လုပ်လုပ်ပေးတယ်။

ထားပါ။

ပြောချင်တာက ကျွန်တော့်အိမ်သူကို ကျွန်တော်နဲ့ တစ်ပြေးညီ အလျားလိုက် ဆက်ဆံတဲ့အကြောင်း၊ (အထက်-အောက်၊ ကြောက်နေရတဲ့ ဆက်ဆံရေးကို ထောင်လိုက် ဆက်ဆံရေး၊ သူငယ်ချင်းချင်း ပေါင်းသလို ရင်းနှီးပွင့် လင်းတဲ့ဆက်ဆံရေးကို အလျားလိုက်ဆက်ဆံရေးလို့ ဆိုလိုတာပါ။)

သည်တော့ ကျွန်တော် ဘာလုပ်လုပ်၊ ဘယ်သွားသွား ကျွန်တော့်အိမ်သူကို အသိပေးတယ်၊ အတတ်နိုင်ဆုံး ခေါ်သွားတယ်။

တစ်ခါ၊ ကျွန်တော့်မိန်းမက စီးကရက် သောက်တတ်တယ်။ ကျွန်တော်နဲ့ မညားခင်ကတော့ သောက်တတ်ဟန် မတူပါဘူး။ ကျွန်တော်နဲ့ညားတော့ ကျွန်တော်က ဆေးလိပ်ဂျိုး(ချိုး)။ ကျွန်တော်ကိုယ်တိုင်က သောက်နေမှတော့ ကျွန်တော့်မိန်းမ ကျွန်တော့်ဆေးလိပ် ယူယူ ဖွာတာကိုလည်း မပြောဘူး။

သည်တော့ အိမ်ထောင်သက် တစ်နှစ်သာသာလောက်မှာ ကျွန်တော့် မိန်းမလည်း စီးကရက် စွဲတော့တာပါပဲ။ (မကောင်းမှုများ အဲသလို၊ သိပ် သင်စရာ မလိုဘူး။)
နောက်ကျတော့ ကျွန်တော်က တစ်ဆင့် တိုးတယ်၊ မိန်းမကို အမျိုးသမီးသောက်တဲ့ အရက်ချိုများပါ တိုက်တယ်။

ကျွန်တော်ကလည်း အရက်ဆိုရင် အမျိုးအမည် စုံအောင်ကို ဝါသနာပါတဲ့သူ၊ နည်းစုံနဲ့ သောက်သုံးတဲ့သူ၊ အခြေအနေကလည်း ပေးလေတော့ အရက်ပေါင်းစုံနဲ့ ရင်းနှီးတဲ့သူ။ သည်တော့ ကျွန်တော့်အိမ်သူကို မိန်းမတွေ သောက်ဖို့ ထုတ်လုပ်တဲ့ အပျော့စား ဘီယာ၊ ဘီယာကို သံပုရာရည်လေး နဲ့ရောတဲ့ “ရှန်ဒီ”စသဖြင့် တိုက်တိုက်ပေးရင်း စည်းရုံးရပါတယ်။

အရက်သောက်တဲ့နေရာမှာ အဖော်လိုတယ်။ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်းနဲ့ သောက်ရင် ကျွန်တော်လို စိတ်နုသူ၊ အားနာတတ်သူအနေနဲ့ များများ သွားတာက ဆိုးတယ်။ ကိုယ့်မိန်းမကိုယ် အဖော်လုပ်တော့ ကိစ္စပြတ်ရော။ မိန်းမကလည်း သူ့မျက်စိအောက်တင်ဆိုတော့ စိတ်မပူရဘူး။ ကျွန်တော် သိပ်များသွားလို့ ကားမမောင်းနိုင်လည်း သူ တက်မောင်းရုံပဲ။ ကျွန်တော်ကလည်း သူပါနေတော့ အရက်သောက်ပြီး အပေါင်းအသင်းစုံရင် ဟေးလားဝါးလားနဲ့ ဆင့်လုပ်ဖြစ်လေ့ရှိတဲ့ နောက်ထပ် မကောင်းမှုတွေလည်း မလုပ်ဖြစ်တော့ဘူး။

သည်တော့ ကျွန်တော်က မိန်းမကို အရက်သောက် သင်ပေးထားတယ်။ တမင့်ကို သင်ထားတာ။ မိန်းမဆိုတာကတော့ သူတို့အရှက်နဲ့ သိက္ခာကို လွှတ် တန်ဖိုးထားတာဆိုတော့ သောက်တတ်နေဦးတောင်မှ ကျွန်တော်တို့ ယောက်ျားတွေလို မူးပြီး ရမ်းတာတို့၊ အော်ဟစ် သောင်းကျန်းတာတို့ ဘယ် ရှိမလဲ။ တစ်ခါလောက် မူးအောင် တိုက်လိုက်တယ်ဆိုရင်ပဲ နောက်ပိုင်း သူ့ဘာသာသူ ဆင်ခြင်တတ်သွားတာပေါ့။

သည်လိုနဲ့ ကျွန်တော်သွားလေရာမှာ (အလုပ်သွားတာကလွဲရင်) ကျွန်တော့်အိမ်သူက အမြဲပါတယ်။ အထူးသဖြင့် တစ်ခါတစ်ရံ သောက်စားရာများမှာ ကျွန်တော့်အိမ်သူ မပါတာ မရှိသလောက်ပဲ။

ပြဿနာ မရှိဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ကျွန်တော်တို့သွားတဲ့နေရာတွေကလည်း ဗရုတ်သုတ်ခများ အသွားအလာ နည်းတဲ့၊ အဆိုဝါသနာရှင်များ၊ အစားဝါသနာရှင်များ၊ အသောက်ဝါသနာရှင်များသာ အေးအေး ချမ်းချမ်း စုဝေးတဲ့ အရပ်မျိုးတွေ။

ကျွန်တော်ကပဲ အမှတ်တမဲ့ နေခဲ့လို့လားတော့မသိဘူး၊ အဲသလို နေရာတွေမှာ စီးကရက်တကားကားနဲ့ ဗျစ်ရည်ခွက် ရှေ့ချထားတဲ့ ကျွန်တော့် အိမ်သူအတွက် ပတ်ဝန်းကျင်က ပြဿနာ မရှိဘူး။ ဘယ်သူကမှလည်း ကွက်ကြည့်၊ ကွက်ကြည့် မလုပ်ကြဘူး။

ဟော… တစ်ရက်မှာ မြို့ထဲက သူငယ်ချင်းတစ်ယောက်နဲ့ ဆုံကြတော့ ကျွန်တော်တို့တွေ သိပ်ဝေးဝေးလံလံ မသွားချင်တော့တာက တစ်ကြောင်း၊ နန်းသီတာကို မရောက်တာ ကြာပြီမို့ တစ်ကြောင်းကြောင့် နန်းသီတာမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို တက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ ကျွန်တော့်အိမ်သူ၊ ကျွန်တော့်သူငယ်ချင်းဆိုတာကလည်း ကျွန်တော်တို့ မညားခင်ကတည်းက ကျွန်တော့်အိမ်သူနဲ့ ရင်းနှီးပြီးဖြစ်သလို အိမ်မှာပဲ စားသောက်၊ အိပ်နေတဲ့ သူငယ်ချင်း။

သည်တော့ သုံးယောက်သား ဗျစ်ရည်တွေမှာ၊ အမြည်းတွေ မှာလို့ စားကြသောက်ကြတယ်။ ရေငတ်နေခိုက်မှာ ဗျစ်ရည်အေးအေးကို အားပါးတရ မော့ချလိုက်ရတာ အရသာကောင်းတစ်ခုမို့ ပထမတစ်ခွက်ကို ကမူးရှူးထိုး မော့ချအပြီးမှာမှပဲ ဘေးဘီဝဲယာကို ကြည့်မိပါတယ်။

လား… လား…

ကျွန်တော့်အိမ်သူကို တစ်ဖက်ဝိုင်းက ယောက်ျားသားများ လှမ်းကြည့်နေတဲ့ မျက်လုံးတွေက တစ်မျိုးကြီးတွေပါလား။ ကျွန်တော့်မိန်းမ ဝတ်စား ထားပုံကလည်း လျှပ်ပေါ်လော်လီမှု မပါပါဘူး။ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အဆင်အပြင်ကလည်း လော်လီ မနေပါဘူး။ သို့သော် သူ့လက်ထဲက စီးကရက်၊ သူ့ရှေ့က ဗျစ်ရည်ဖန်ခွက် စတာတို့ကြောင့်လည်းကောင်း၊ ယောက်ျားနှစ်ယောက်ကြားမှာ မိန်းမဖော်မပါဘဲ ထီးတည်း ပါလာတာမို့ လည်းကောင်း တစ်ဖက်ဝိုင်းက ယောက်ျားသားများရဲ့ မျက်လုံးရိုင်းတွေကို မြင်လိုက်ရတာပါ။

ကြည့်စမ်း…

ကျွန်တော် ပြောနေတဲ့၊ ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းတွေ။ ဗျစ်ရည်မသောက်ဘူးပဲထား၊ အရက်သောက်နေတဲ့ ယောက်ျားသား နှစ်ယောက်ကြားမှာ ထိုင်နေမိတာတစ်ခု၊ စီးကရက် သောက်မိတာတစ်ခုနဲ့တင်ကို လူတွေရဲ့ မျက်လုံးတွေမှာ အရောင်တွေ တွဲကပ်ပါနေတာ။ အထူးသဖြင့် နန်းသီတာလို နေရာမျိုး၊ မြို့လယ်ကောင်၊ အနည်းငယ် ဈေးသက်သာပြီး လူပေါင်းစုံ လာနိုင်တဲ့နေရာမျိုးမှာ ပြဿနာမျက်လုံးတွေကို ကျွန်တော် မြင် လိုက်ရတယ်။

ပုံစံ (၃)

အိမ်ထောင်ရေးမှာ စဉ်းစားကြည့်ရအောင်…။


ယောက်ျားလေးတော်တော်များများဟာ သူတို့ရဲ့လူပျိုဘဝကို မိန်းမပျက်တွေရဲ့ရင်ခွင်မှာ အဆုံးရှုံးခံတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့က သူတို့ချစ်သူရည်းစား၊ မိန်းမပျိုလေးများကို ကျူးလွန်ချင်လည်း ကျူးလွန်လိုက်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်ထပ်ကြတဲ့ အခါမှာတော့ သူတို့ယူတဲ့ မိန်းကလေးကို (သူတို့ ကျူးလွန်ခဲ့သူသာ မဟုတ်ခဲ့ရင်) အပျိုစစ်စစ် ဖြစ်နေစေလိုတဲ့ဆန္ဒမျိုးနဲ့ ယောက်ျားသားမျိုးက ၁၀ဝမှာ ၉၀လောက်ပါ။

ယောက်ျားလေးတစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ဖူးရင် “စွံတယ်”လို့ သူ့ပတ်ဝန်းကျင်က ထောမနာပြုတတ်ပါတယ်။ မိန်းကလေး တစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ရင် “မျက်နှာများတယ်”လို့ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ပါတယ်။

ဒါက သမီးရည်းစားကိစ္စမှာပါ။

အိမ်ထောင်ရေးမှာကျတော့ ပိုဆိုးလာပါတယ်။ ယောက်ျားတစ်ယောက် ဖောက်ပြန်တာ ဘာမှ မဖြစ်ပေမယ့် မိန်းမတစ်ယောက် ဖောက်ပြန်ရင် ပတ်ဝန်းကျင်က မေးငေါ့ဖို့ အဆင်သင့်ပါပဲ။ အိမ်ထောင်ရေးပြစ်မှု ဖြစ်တဲ့ မယားငယ်နေတာတို့၊ အမြှောင်ထားတာတို့၊ မိမိအိမ်သူမဟုတ်တဲ့ တခြားတစ်ပါးသောမိန်းမ (မိန်းမပျက်ပင်ဖြစ်စေ)နဲ့ ဖောက်ပြားတာတို့ကို အချို့သော ယောက်ျားများက ထမင်းစားရေသောက်သဖွယ် ကျူးလွန် ဖောက်ပြန်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့ယောက်ျားတွေပဲ၊ သူတို့မယားတွေ တခြား တစ်ပါးသော ယောက်ျားနဲ့ လက်ပွန်းတတီးနေရင်ကို ဆွေ့ဆွေ့ခုန်နေပါပြီ။

မိန်းမတွေ ဖောက်ပြန်မိလို့ကတော့ ပတ်ဝန်းကျင်ကလည်း “အရပ်ပျက်မ”လောက်နီးနီး ပြောဆို မေးငေါ့တော့မှာပါ။ သည်ကြားထဲမှာ “မယားခိုးမှု”ဆိုတာနဲ့ ကျူးကျော်သူ ယောက်ျားကိုလည်း ဒဏ်ခတ်နိုင်နေပြန်ပါသေးတယ်။ အဲသလို ယောက်ျားက နောက်မယားယူရင်တော့ မယားကြီးခမျာ “လင်ခိုးမှု”လည်း စွဲလို့မရ၊ မိမိလင်ကို လာပြီး “ဒုဿနသော”လေတဲ့ မိန်းမကိုလည်း ဘာမှ မလုပ်နိုင်ဘဲ သည်အတိုင်း လက်ပိုက် ကြည့်နေရ။ အစစမှာ ယောက်ျားတွေဘက်က အသာချည်းပါပဲ။

အမှန်က တရားအရကြည့်ရင် သူတစ်ပါးရဲ့မယားကို ကြာခိုတာလည်း ဒုဿနသော၊ သူများလင်ကို ကြောင်တောင်နှိုက်တာလည်း ဒုဿနသောပါ၊ ဘယ်ဟာမှ မကင်းလွတ်ပါဘူး။ ဒါပေမယ့် လက်တွေ့လူ့ဘောင်ဘဝမှာတော့ ယောက်ျားဖြစ်တာနဲ့ “ထင်ရာစိုင်းခွင့်”လိုင်စင်ကို ရယူနိုင်ပြီး မိန်းမဖြစ်တာနဲ့ အနှောင်အဖွဲ့၊ အဆီးအတားတွေနဲ့ ခံစားရတော့တာပါပဲ။

တစ်ခါ၊ တစ်ခုလပ်နဲ့ မုဆိုးမကိစ္စ။

အဲဒါကလည်း ရယ်စရာ ကောင်းလှတယ်၊ ယောက်ျားတစ်ယောက် တစ်ခုလပ်သော်လည်းကောင်း၊ မုဆိုးဖိုသော်လည်းကောင်း ဖြစ်သွားလို့ မိန်းမပျို၊ မိန်းမအို (လင်ရှိမယား)တွေက အချောင်နှိုက်ဖို့ မကြံကြပါဘူး။ ငွေကြေး ချမ်းသာသူ မုဆိုးဖို၊ တစ်ခုလပ်များကို ဆိုရင်တော့လည်း သမီးရှင်တွေ၊ အချို့သော မိန်းမငယ်တွေ၊ တစ်ခုလပ်၊ တစ်လင်ကွာ အမျိုးသမီးတွေက ငွေတစ်မျက်နှာနဲ့ အပိုင်ကြံကောင်း ကြံကြပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ အဲသလို မုဆိုးဖိုတို့၊ တစ်ခုလပ်တို့ကို ဘယ်မိန်းမကမှ အလကား ရမလားဆိုပြီး အပျော်မကြံပါဘူး။

အဲ… အရွယ်ကောင်း မိန်းမတစ်ယောက် တစ်ခုပဲလပ်လပ်၊ တစ်လင်ပဲကွာကွာ၊ မုဆိုးမပဲဖြစ်သွားသွား၊ အနီးအနားက လူပျို၊ လူအို၊ လူငယ်၊ လူရွယ်၊ လူကြီးပေါင်းစုံက “သည်မိန်းမတော့ ရနိုင်တယ်”ဆိုတဲ့ သေးသိမ် ယုတ်ညံ့စိတ်နဲ့ ကြံတော့တာပါပဲ။ အဲသလို ကြံကြတဲ့အထဲမှာလည်း အများစုက အပျော်ကြံပြပါလိမ့်မယ်။ တကယ့်ကို အတည်ယူရဲတဲ့ ယောက်ျား လူပျိုဆိုတာက အတော်ရှားပါမယ်။ ယူတယ်ပဲထား၊ အတည်ပဲထား၊ အဲလို ယောက်ျားကို သူ့ပတ်ဝန်းကျင်က ကောင်းကောင်း ရှုတ်ချပြပါတော့မယ်။ သူ့မိဘအသိုင်းအဝိုင်းကဆို သဘောမတူဘူး၊ ဘာဘူးနဲ့ အပြင်းအထန် ကန့်ကွက်ပါတော့မယ်။

မုဆိုးဖို၊ တစ်ခုလပ် အမျိုးသားတစ်ယောက်ကို မိန်းမပျိုလေးတစ်ယောက်က လက်ထပ်ယူမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက အနည်းနဲ့ အများတော့ ဆန့်ကျင်ကြမှာ မှန်ပေမယ့် မုဆိုးမ၊ တစ်လင်ကွာမကို ယောက်ျားတစ်ယောက်က လက်ဆက်တဲ့အခါ သူ့အသိုင်းအဝိုင်းက ဆန့်ကျင်မယ့် အတိုင်းအဆနဲ့ နှိုင်းယှဉ်ရင်တော့ ကွာခြားနေမှာ အမှန်ပါပဲ။

စဉ်းစားစရာပါလေ။

တကယ်တမ်း ပြန်ဆန်းစစ်မယ်ဆိုရင် ကျွန်တော်တို့ မဟာပုရိသများက မိန်းမသားတွေကို လူအဖြစ် သတ်မှတ်ပါတယ်ဆိုရင်တောင် သူတို့ကို ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် တကယ် သတ်မှတ်ရဲ့လား ဆိုတာ သံသယပွားစရာပါ။

ကျွန်တော်တို့ ယောက်ျားတွေ လက်မခံနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ မလိုက်လျောနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ ဦးဆောင်တဲ့ လူ့ဘောင်က တောင်းဆိုနေတာများ အားလုံးနဲ့ ချိန်ထိုးလိုက်ရင် မိန်းမသားများကို လူအဖြစ်သတ်မှတ်ပါတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း တန်းတူကျင့်သုံး ခံစားခွင့်ရှိတဲ့၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူထဲက သာမန်လူသား တစ်ယောက်အဖြစ် မရှုမြင်ကြဘဲ ယောက်ျားထုက ချမှတ်ထားတဲ့ (ရေးမထားတဲ့) ဥပဒေဿများ၊ ယောက်ျားထု မှန်းဆမျှော်လင့်ထားတဲ့ အကျင့်စရိုက် အနေအထိုင်များနဲ့သာ ကျဉ်းကျဉ်းကျုတ်ကျုတ်၊ ကတ်ကတ်သတ်သတ် ကျင့်ကြံနေထိုင်ရသော ဒုတိယတန်းစား လူသားများအနေနဲ့သာ နေရာပေးနေကြတာကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ ယောက်ျားတွေ တရားလိုက်ပုံကတော့ ပါးစပ်က ဖွင့် မကြေညာပေမယ့်လည်း စိတ်ထဲကနေ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တော့ “ပထမတန်းစား လူသား”များအဖြစ် ရှေ့တန်းက ခပ်ကြွားကြွားလေး နေရာယူနေကြတာကြီးလေ။

ရေးမထားတဲ့ အူကြောင်ကြောင် စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကို ချည်နှောင်ထားခဲ့တာ၊ အဲဒီ့ စည်းမျဉ်းတွေထဲက တစ်ခုခုမှာ ကျိုးပေါက်သွားတဲ့ မိန်းမတွေကို တန်ဖိုးတွေ လျှော့ချခဲ့ကြတာ၊ ကျွန်တော်တို့တွေ မှန်းဆ မျှော်လင့်ထားတဲ့ ကိုယ်ကျင့်များအတိုင်း တသမတ်တည်းသာ နေစေလိုတာတို့ဟာ မိန်းမတွေထက် ပိုသဘောထားကြီးတယ်၊ ပိုလို့သဘောထား ပြည့်ဝတယ်လို့ မိမိတို့ကိုယ်မိမိတို့ ထင်တစ်လုံးနဲ့ ရှိနေလေတဲ့ ကျွန်တော်တို့ မဟာပုရိသများရဲ့ အရိုးစွဲ သဘောထား သေးသိမ်မှုများသာ ဖြစ်ပါတယ်ဆိုရင် အဲဒီ့သဘောထားကြီးလှပါတယ်ဆိုတဲ့ ယောက်ျားတွေ ဆွေ့ဆွေ့များ ခုန်ကုန်ကြလေမလား မသိ၊ မသိ…။

(၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀ဝ၁ စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ပထမအကြိမ်၊ ၂၀ဝ၆ ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက် ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတော ဆင်ခြင်မှု အနုပညာ” စာအုပ်ထဲမှာ ဖော်ြ0ထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။)

About Diamond Earrings, Fakes, and Cheeks

စိန်နားကပ်၊ စိန်အတုနဲ့ ပါးများအကြောင်း


ဘဝမှာ တချို့လူတွေက “စိန်နားကပ်” ဖြစ်လာကြတယ်၊ တချို့တွေကကျတော့ “စိန်အတု”၊ အဲ… တချို့ကကျတော့ “ပါး”တွေ ဖြစ်ကုန်ကြပါတယ်။


နေ့စဉ်လူမှုဘဝကို တစေ့တစောင်း ကြည့်မိတော့ အဲဒီ့အတိုင်းပဲ တွေ့နေရတယ်။ သည်အခါ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်တုလား၊ ပါးလားပေါ့။


နာမည်ကျော်ရင်၊ ဩဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲသလို လူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ အဲဒါက လူကြီးတွေတင်လား ဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးတာ။

အတန်းထဲမှာဆို စာတော်တဲ့ ကျောင်းသားတွေ ရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားဆိုတာတွေလည်း ရှိတယ်။ အဲသလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါ ရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနားမှာတော့ ဝိုင်းဝိုင်းကို လည်လို့။ လူမှန်းသူမှန်း မသိတသိ၊ ကလေးဘဝကတည်းက “မျက်နှာကြီးဆာတယ်”ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကျွန်တော်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့် လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့တယ်။ အဝိုင်းခံရသူအပေါ်မှာ မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်တည်းကပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ့ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီ့မှာ ဘာသွားတွေ့သလဲဆိုတော့ “ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်း ရှိနေဖို့ လိုပါတယ်။ ပြောင်းပြန် ပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကို အရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင် အားထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက “သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ”ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွားတတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့ အရိပ်ကို ခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက် ဆက်နေရတဲ့ဘဝကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကကျတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့အရိပ်ကို ခိုတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီ့လူရဲ့အရောင်အဝါကို မီပြီး မိမိ ထွန်းလင်း တောက်ပလာဖို့အတွက် လုံးဝ အားမထုတ်ဘူး။ မိမိရဲ့ပင်ကို အရည်အချင်းအစွမ်းအစကို ချွန်မြလာအောင် အဲဒီ့လူရဲ့အရိပ်ကိုခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။

တစ်ချိန်မှာ အဲဒီ့အရောင်အဝါရှိသူရဲ့အရိပ်အောက်က လွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင် အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်တတ်ကြတယ်။ မိမိ ခိုလှုံခဲ့သူရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ် လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင် ရပ်တည်တဲ့အခါမှာ အမှားနည်းအောင် လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါးမဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာကပဲ။

အဲ… တချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့အထဲလည်း မပါဘူး။ သူ့ဘာသူ ရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်း တော်တာပါပဲ။ အဲ… တချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်း မပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ်အတုတွေ ဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင် “ဒုတိယဖိုးစိန်”တွေပေါ့။

စိန်တစ်လုံးဆိုတဲ့ နာမည်နဲ့ မုန့်ဟင်းခါးဆိုင်က အလုပ်ဖြစ်နေရင် ကိုယ်က တစ်လုံးစိန်ဆိုတဲ့ နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘ ဆိုတဲ့သူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန်အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသား နာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း ပရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်တုတွေပေါ့။

အဲတော့ အစမှာဆိုခဲ့သလို တချို့လူတွေက စိန်နားကပ်တွေ ဖြစ်နေကြသလို၊ တချို့က စိန်တု၊ တချို့ကကျတော့ ပါးတွေဖြစ်နေကြပါတော့တယ်။ အမှန်ကတော့ ဒါတွေ အားလုံးဟာ လူ့စရိုက်၊ လူ့သဘာဝတွေ ဖြစ်သလို၊ သူ့ဘဝနဲ့သူ၊ သူ့ကုသိုလ်နဲ့သူ၊ သူ့အကုသိုလ်နဲ့သူသာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော့် သားတွေ၊ သမီးတွေအပါအဝင် လူငယ်လေးတွေကိုတော့ သည်အကြောင်းလေးကို ပြောပြချင်နေမိတယ်။

ဘဝမှာ စိန်နားကပ် ဖြစ်ချင်သလား၊ စိန်တု ဖြစ်ချင်လား၊ ပါးဖြစ်ချင်သလားဆိုတာ သူတို့တွေ ရေလည်အောင် ခွဲခြမ်းစိတ်ဖြာ ရှင်းပြချင်မိပါတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာ မဟုတ်လား။

စာဖတ်သူလူကြီးမင်းကရော စိန်နားကပ်လား၊ စိန်တုလား၊ ပါးလား ဆိုတာ စာစောင်လေး ဘေးချပြီး ခဏလောက် စဉ်းစားကြည့်လိုက်ပါလား။

ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူး ထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါ ရှိသူတွေနား ပြေးပြေး ကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူအတော်များများပါပဲလေ။

(၂၀ဝ၁ အောက်တိုဘာ ၁ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ ဖြေတွေးလေးများ စာအုပ်ထဲက စာတစ်ပုဒ်ကို ဖော်ပြလိုက်တာပါ။)

 

Reminiscence

ကဲချင်ဦးလေ မှတ်ပလား

အချီ

သည်စာကို သည်တစ်ကြိမ် ရေးရပေဦးမည်။


ငါးခေါက်မြောက် ရေးခြင်း…။ ရေးလိုက်၊ မကြိုက်လိုက်၊ ပြင်လိုက်၊ ပြန်ရေးလိုက်၊ မကြိုက်လိုက်။

ယခု နောက်ဆုံး ဒဿမအကြိမ် ရေးပါဦးမည်။ သည်တစ်ချီတော့ ပြန်ပြင်ရန် စိတ်မကူးတော့ပါ။ စာမူပိတ်ရက်က အလွန်အင်မတန် နီးကပ်နေပြီလေ။ ဇာတ်အလိုကို ခပ်တိုတို ရှိစေဖို့ စာဖွဲ့ပြီး ဇာမချဲ့လိုတော့ပါ…။

အဖွင့်

ကျွန်တော် မောင်ရေချမ်းကား ပထမနှစ် သိပ္ပံဘာသာတွဲ တက်နေသော တက္ကသိုလ်ကျောင်းသား အကောင်းစားလေး ဖြစ်တော်မူသည်။ အမည်ရင်း မောင်ရေချမ်းမှန်လည်း ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက်ကျော် ကိုပြာလောင်နှင့် ဆင်သဖြင့်ကျောင်းတွင် “ရေပြာလောင်ချမ်း”ဟု တွင်သတတ်။

မည်သို့ပင်လောင်လောင်၊ လောင်လောင့်မှာလည်း အသည်းနဲ့ပါ။

ထို့ပြင်တဝ တက္ကသိုလ်ရောက်သည်ဆိုလျှင်ပဲ အတွဲလေး တစ်ယောက်လောက် လိုချင်သော သဘောသဘာဝကို မလွန်ဆန်နိုင်သော အသည်းနဲ့ လောင်လောင့်မှာ ရည်းစား ရှာမိပါ၏။ မာမီ့ကို အားမကိုးဘဲ သားသား ကိုယ်တိုင် ရှာခြင်းဖြစ်လေသည်။

စုံနံ့သာမြိုင် ရှာပုံမဖွင့်ဘဲ ကျွန်တော့်အတန်းတွင်း၌ ရှာပုံဖွင့်သော် အတန်းမှ အလှစာရင်းဝင် “လူစီလူး”အား တွေ့လေသည်။ နွားကြိုက်မှတော့ ရှမ်းချောမြဲမို့ လူစီလူး လှ/မလှ အဆွေစာဖတ်သူ ခန့်မှန်းနိုင်မည်ပဲ။

လိုရင်းကို အပိုကင်းအောင် ဆိုရရင်တော့ ကျွန်တော်နဲ့ လူစီလူးတို့ “ကြည်”သွားကြပါသည်။

သိတယ်မှုတ်လား…၊ ကျွန်တော်က “ရွှီး”ကောင်းတယ်လေ။ ပြီးတော့ အရပ်ကလေး နည်းနည်း နိမ့်တာက လွဲလို့၊ အသားကလေး နည်းနည်း မည်းတာက လွဲလို့၊ ပါးစပ်ကလေး နည်းနည်းပြဲတာက လွဲလို့ ကျွန်တော် မောင်ရေချမ်းက ချစ်စရာလေး။

ကိုင်း… ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်ကောင်း ဖြစ်ချေရော့မည်။

ထားဦးစို့…

သဘောတရား

သကြားလုံး…

“သကြားလုံး”ဆိုတာက… အဲ… တင်စားခြင်းပါ။

သကြားလုံးကားချို၏၊ မွှေး၏၊ အရသာ ပြည့်ဘိ၏၊ ငုံပြီး စုပ်ရ၏ဟု (ဥတုဘောဇနကျမ်းမဟုတ်သော)“အုဒုဗောဇဏ”ကျမ်းက ဆိုသည်။ ထို့နှယ် ချိုသော၊ မွှေးသော၊ အရသာ ပြည့်သော၊ ငုံပြီး စုပ်ရသောအရာကို သကြားလုံးဟု ကင်ပွန်းတပ်ခြင်းပါ။

အတွဲလေး ရှိလာသည်ဆိုလျှင်ပဲ တစ်ခုခုတော့ လုပ်ချင်သည်ပေါ့…။ အဲ… မျက်နှာချည်း ထိုင်ကြည့်နေလို့ ဘယ် ဖီလင်လာမလဲ၊ လက်ကလေးတော့ ကိုင်ချင်သည်ပေါ့။ အဲ… လက်ကလေးချည်း ကိုင်လို့ ဘယ် ဖီလင်လာမလဲ၊ ပါးကလေးတော့ နမ်းချင်သည်ပေါ့။ အဲ… ပါးကလေးချည်း နမ်းနေလို့ ဘယ်ဖီလင်လာမလဲ၊ သကြားလုံးလေးတော့ စားချင်သည်ပေါ့။

သည်တော့… အတွဲရှိလျှင် “ဆိတ်ကွယ်ရာ” ရှာရစမြဲ။

သို့သော်…

ဆိတ်ကွယ်ရာတို့မှာ ဆိတ်ကိုသာ ကွယ်နိုင်ပုံရသည်။ လူ မကွယ်ချေ။ လူတွေကလည်း ကြည့်တော့သာ ရိုးပုံရိုးပန်း၊ အချောင်းအမြောင်းတော့  ငတက်ဖျား ရှုံးလိမ့်မည်။

ထို့ကြောင့် ချစ်သူစုံတွဲများသည် ဆိတ်ကွယ်ရာ၊ အဲ… လူကွယ်ရာ ရှာရတတ်ပါသတည်း။

သဟာက သဘောတရား…။

ဖြစ်စဉ် (၁)

ဆိုတော့…

ကျွန်တော်နဲ့ လူစီလည်း လူကွယ်ရာ ရှာကြပါသည်။

ပြောရတာ ရှက်လိုက်ပါဘိ…။

တက္ကသိုလ် ပရဝုဏ် ကျယ်လှသလို။ အဆောက်အအုံလည်း ပေါပါ သည်။ သို့ပေတည့် “လူကွယ်ရာ”ကား ရှားပါးသည်။ ရှိသည့်နေရာများမှာလည်း အတွဲဦးရေနှင့် မမျှတသဖြင့် လူကွယ်ရာ ရှားပါးခြင်းကား ကမ္ဘာ့လောင်စာ ရှားပါးခြင်းနှယ်တည့်…။

သကြားလုံး၏ အရသာကို ကောင်းစွာ သိပြီးဖြစ်ရကား အရူး အမဲသား စားမိသလို ဖြစ်နေတော့၏။ သို့ဖြစ်၍ လူကွယ်ရာ ရှာခြင်းအလုပ်ကို ကျွန်တော်တို့ ကြိုးစား၍ လုပ်လေသည်။

တစ်ညနေ…

ထုံးစံအတိုင်း လူကွယ်ရာ ရှာကြပါသည်။ ရှာလျှင် မောတတ်သည်မို့ စာကြည့်တိုက်အနီးမှ ဖျော်ရည်တစ်ခွက်စီ ကြိုတင်၍ သောက်ဖြစ်ကြသည်။ ထို့နောက် လူကွယ်ရာ ရှာဖို့ ခြေလှမ်း စပါသည်။

စာကြည့်တိုက်အနီးမှ ထွက်ခဲ့ကြသည်မို့ နီးရာ ရုက္ခဗေဒဌာန အဆောက်အအုံသို့ လျှောက်ခဲ့ပါသည်။ ပြီး… လှေကားအတိုင်း အပေါ်ဆုံးသုံးထပ်သို့ တက်ခဲ့ကြ၏။ ဝိဇ္ဇာဌာန အပေါ်ဆုံးထပ်များတွင် လူကွယ်ရာ အခန်းလွတ်များ ရှိတတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ သိပ္ပံဌာနဘက်တွင်လည်း ရှိလေမည်လားဟု တွေးပြီး တက်ခဲ့ခြင်းပါ။

အပေါ်ဆုံးသို့ ရောက်သော် စင်္ကြံအတိုင်း အရှေ့ဘက်သို့ လှမ်းခဲ့ကြပါ သည်။ အခန်းလွတ်များ ရှိသည်ဖြစ်လည်း လူတစ်စု၊ လူနှစ်ဦးစသဖြင့် နေရာယူပြီး ဖြစ်နေ၍ ဆက်လျှောက်ခဲ့ပါ၏။ သတ္တဗေဒဌာနနှင့် ဆက်သွယ်သော တံခါးသို့အရောက်တွင် အဘယ်အရပ်သို့ ဆက်ချီရမည်ကို ရုတ်တရက် စဉ်းစား၍ မရသဖြင့် ဟို သည် လှည့်ပတ် ကြည့်မိပါသည်။

ထိုအခါ…

မြောက်အရပ်၌ စင်္ကြံတစ်ခုကို တွေ့ရပါသည်။ ကျွန်တော်တို့ နှစ်ယောက် ယင်းစင်္ကြံဘက် ခြေဦးလှည့်ခဲ့ကြပါသည်။ ထိုစင်္ကြံကား သတ္တ၊ ရုက္ခ ဌာနများနှင့် ဓာတုဗေဒဌာနတို့ကို ဆက်သွယ်သော စင်္ကြံဖြစ်သည်။ တစ်ဖန် ယင်းစင်္ကြံသည် ငွေသွင်းဌာန၏ အထက်ထပ်ရှိ သိပ္ပံခန်းမ(S.A.)၏ အမိုးသို့လည်း ပေါက်လေသည်။
သိပ္ပံခန်းမ၏ အမိုးမှာ အကာအရံများနှင့် ပြန့်ပြူးသော နေရာပင်။ လူသွား လူလာဟူ၍ ကျွန်တော် မောင်ရေချမ်းနှင့်လူစီလူးတို့သာ ရှိလေရာ “လူကွယ်ရာ”ပင် ဖြစ်ချေပြီ။

ရှက်ရှက်နဲ့ပဲ ပြောရတော့မည်။

သို့ကလိုနဲ့… ထိုအရပ်မှာ ကျွန်တော်နှင့် လူစီလူးတို့ နှစ်ပါးကြည်ကြပါလေသတည်း။

ပျော်လိုက်သည့် ဖြစ်ခြင်း၊ ရေနံဆီ ထုတ်ဖို့ စာအုပ် ထပ်ရန်ပင် မေ့သွားသတတ်… အဟတ်… အဟတ်…

အဟော…

တစ်ခု ကျန်ခဲ့ပါသည်။

ထိုအချိန်ကား ညနေ သုံးနာရီ ဆယ့်ငါးမိနစ်…

ဖြစ်စဉ် (၂)

သုံးနာရီ လေးဆယ်…

အမှန်အချိန်လင့်၍ ပြန်ချိန်သင့်ပြီမို့ သကြားလုံးစားခြင်းကို မဝတဝ၊ ဆန့်တငံ့ငံ့နှင့် ရပ်လိုက်ရသည်။ အဝတ်အစားများ သေသပ်အောင်ပြုပြင်ပြီး နှစ်ယောက်သား လက်တွဲ၍ ပီတိ ဗရပွ၊ ကြည်နူးမှု ကိုယ်ငှနှင့် လာရာလမ်းအတိုင်း ပြန်ခဲ့သည်။

အဲ… ဝင်ခဲ့သော အပေါက်သို့ ရောက်လတ်သော် တံခါးက ပိတ်လျက်သား။ ယင်းတံခါးမှာ သတ္တ၊ ရုက္ခဌာနများဘက်တွင်ဖြစ်၏။ ဝင်ခဲ့စဉ်က ဖွင့်ထားသည်ဖြစ်လည်း ယခုမူ ပိတ်ချေပြီ။ တံခါးကိုဆွဲကြည့်သော် သော့ခတ်သွားမှန်း သိလိုက်ရသည်။

ဓာတုဗေဒဌာနဘက် အပေါက်သို့ သွားကြည့်သော်လည်း ထိုနှယ်ပင် သော့နှင့်…။

သကြားလုံး အရသာတွေ ဘယ် ချောင်ဂလောင်သို့ ရောက်သွားမှန်းပင် မသိ။

ကျွန်တော်တို့ ထွက်စရာ မသက်သာလေတော့ပြီ။

လူစီကတော့ ပိုက်လုံးမှ တွယ်ဆင်းရန် အဆိုပြုသည်။ တောင်စွယ် နေကွယ်သည်နှင့် သူ ဆင်းမည်တဲ့။ ယောက်ျားလေး ကျွန်တော်ကတော့ တွေးပင် မတွေးရဲ။ ပြုတ်ကျလျှင် တော်သေး။ တစ်ခုခုနဲ့ ငြိပြီး တန်းလန်းကြီး ဖြစ်နေမှ အခက်။ သူ ဆင်းမည်ဆိုလျှင်ပင် မကြည့်ရဲပေါင်။

သို့နှင့် ကျွန်တော်တို့နှစ်ယောက် ဇီဝဌာနဘက် တံခါးကြားမှ ချောင်းကြည့်သော် လူရိပ်လူရောင် မတွေ့ရချေ။ “လူကွယ်ရာ”ကား လူကွယ်လွန်း၍ ထင့်။ အတန်ကြာ စောင့်သော်လည်း လူရိပ် မမြင်ရတော့ဘဲ ညရိပ်သာ ကဲလာသည်။

မြေကြီးပေါ်တွင် လူအချို့ ရှိလေမည် ထင်၏။ သူတို့ကို ဟစ်အော် အကူအညီ တောင်းရ ကောင်းမလား စဉ်းစားပြန်၏။ အော်လိုက်က ရပ်ကျော် ရွာကျော် ဖြစ်သွားနိုင်သည့်ကိန်းကြီးက အလိန်းလိန်းနှင့်မို့ မအော်ရဲ။

ထို့ကြောင့် ဓာတုဗေဒဌာနဘက် တံခါးသို့ လျှောက်ခဲ့ပြန်သည်။

ဖြစ်စဉ် (၃)

အဆိုပါတံခါးကြားမှ ချောင်းကြည့်ကြပြန်သည်။ လူရိပ် မတွေ့ရပြန်။ ထို့ကြောင့် ခါးလည်လောက်ဆီထိ စိတ်ဓာတ်ကျသွားသည်။

စင်္ကြံဝရံတာမှ ကြည့်သော် ဓာတုဗေဒဌာန အလယ်ထပ်တွင် ဆရာမတစ်ဦး ရှိနေ၏။ သူကား ပြန်ရန် ပြင်ဆင်နေဟန်တူသည်။ ခြင်းတောင်းကို ဝရံတာဘောင်၌ တင်ကာ ထဘီ ပြင်ဝတ်နေလေ၏။ အနှီ ဆရာမသည် ကျွန်တော်တို့ အတွက်မူ မေခလာတည့်။ ထို့ကြောင့်…

“ဆရာမ……ဆရာမ”

အသံလာရာ ကျွန်တော့်ထံ ဆရာမ၏ မျက်လုံးများ ရောက်လာသည်။ ကျွန်တော်က…

“ကျွန်တော်တို့ သည်အပေါ်ထပ်မှာ ပိတ်မိနေလို့။ အဲဒါ… ဆရာမ ကူညီပါလား…”

ကျွန်တော် ပြောနေခိုက်မှာတော့ ဟန်နှင့် ပန်နှင့် နားထောင်သော်လည်း စကားဆုံးသော် သူနှင့် မဆိုင်သလို၊ သူ မသိသလို၊ သူ့ကို ပြောလိုက်တာပဲ မဟုတ်သလို၊ ဘာလို၊ ခပ်တည်တည်နှင့်၊ ခြင်းလေးဆွဲလျက် ကော့ကော့ ကော့ကော့နှင့် ထွက်သွားလေသည်။ (ကျွန်တော်တို့ကို တစ္ဆေဟု ထင်သွားသလား မသိ…။)

ဟင်း… ဆရာမမို့လို့… နို့မဟုတ်ရင်…

ဖြစ်စဉ် (၄)

သုံးနာရီ ငါးဆယ်…

ဓာတုဗေဒဌာနဘက် တံခါးကြားမှ ချောင်းကြည့်မိရပြန်သည်။

လားလား… ဘောင်းဘီဝတ် လူတစ်ယောက် ကျွန်တော်တို့ ရှိရာ ဘက်သို့ လျှောက်လာသည်ကို တွေ့ရပြန်သည်။

ကျွန်တော်နှင့် လက်တစ်ကမ်းခန့်သို့ သူ ရောက်လာသည်နှင့်…

“သည်မယ်… နောင်ကြီး”

သူ ဟိုဟိုသည်သည် ကြည့်သည်။ ကျီးကြည့်ကြောင်ကြည့်…။ အသံသာ ကြားရပြီး လူကို မမြင်ရတော့ သူ သွေးပျက်သွားပုံရသည်။

“သည်မှာ… ခင်ဗျား ရှေ့တည့်တည့်က တံခါးကြားထဲမှာ။ သည်မှာဗျ… သည်မှာ… သည်မှာ…”

ထပ်ခေါ်တော့မှ သူ ကျွန်တော့်ကို တွေ့သွားသည်။

“ကျွန်တော့်ကို ခေါ်တာလား…”

“ဟုတ်ပါတယ်… ကျွန်တော်တို့ကို တဆိတ် ကူညီပါလား”

“ဪ်… ပြောပါ”

“ကျွန်တော်တို့ သည်မှာ ပိတ်မိနေလို့…။ အဲဒါ သည်တံခါးသော့လေး ရှာပေးပါလား…”

“ခင်ဗျား တစ်ယောက်တည်းလား…”

“ဟင့်အင်း… ကျွန်တော့်အမျိုးသမီးပါ ပါတယ်”

“ကောင်းပြီလေ… ကျွန်တော် သွားမေးကြည့်ပေးမယ်”

“ဟုတ်ကဲ့ဗျာ… ကျေးဇူးမမေ့ပါဘူး”

သူ ဆင်းသွားသည်။

ကွမ်းတစ်ယာညက်ခန့်အကြာတွင် သူပြန်ရောက်လာသည်။

“ဝမ်းနည်းပါတယ်။ သည်တံခါးက… အသုံးမလိုတော့လို့ အသေ ပိတ်ထားတာတဲ့၊ သော့လည်း ပျောက်သွားပြီတဲ့။ တခြားတစ်ဖက်က ကြိုးစားကြည့်ဦးပေါ့ဗျာ…”

“ဪ… ကျေးဇူးပဲဗျာ”

မတင်ချင်ပဲနဲ့ တင်လိုက်ရသည်။ ကျေးဇူးကို ပြောပါသည်။

ဖြစ်စဉ် (၅)

ဓာတုဘက်က လမ်းဆုံးသွားပြီမို့ ဇီဝဘက် တံခါးကို လှမ်းခဲ့ရပြန်သည်။ တံခါးပေါက်မှ ချောင်းကြည့်သော် သတ္တဗေဒဌာန သံဘာဂျာတံခါးကို ပိတ်နေသော သော့ကိုင် ပုဂ္ဂိုလ်တစ်ဦးအား တွေ့ရပြန်သည်။ သူ့မှာ ရှိသော သော့တွေထဲတွင် ဤတံခါးသော့လည်း ပါတန်ကောင်းသည်မို့ အားက နည်းနည်း ပြန်တက်လာ၏။

ရင်ခေါင်းလောက်ထိ…။

ဆိုတော့ တံခါးကို တဝုန်းဝုန်း ထုရင်း ပါးစပ်က အော်ခေါ်ရလေသည်။ သူ ရောက်လာ၏။

“ကျွန်တော်တို့ သည်ပေါ်မှာ ပိတ်မိနေလို့ဗျာ။ အဲဒါ သည်တံခါးသော့များ မရှိဘူးလား…”

“ခင်ဗျားတို့ ဘယ်က ဝင်ခဲ့ကြသလဲ”

“သည်အပေါက်ကပဲ…”

“သည်နေရာက မဝင်ရဘူးဗျ…”

“ကျွန်တော်တို့မှ မသိဘဲလေ…”

“အင်း… သည်သော့ကိုင်တဲ့ ဆရာက ခုလောက်ဆို သူ့အိမ် ပြန်ရောက်နေပြီ…”

“သူ ဘယ်မှာနေလဲဟင်…”

“အင်းစိန်မှာလို့ ကြားဖူးတာပဲ…”

“နောင်ကြီး မကူညီနိုင်ဘူးလားဗျာ…”

“အား… ဘယ်တတ်နိုင်မလဲဗျ။ ခင်ဗျားတို့ သည်ညတော့ သည်မှာပဲ အိပ်ကြပေတော့။ မနက်ဖန်မှ ထွက်လို့ရမယ်။ အဲ… တစ်ခုတော့ ရှိတယ်။ မနက်ဖန်ကျရင်တော့ ခင်ဗျားတို့ အရေးယူခံရလိမ့်မယ်။ သည်အခန်းက စာပေးစာယူသင်တန်းက ပစ္စည်းထားတဲ့ စတိုခန်းဗျ။ မဝင်ရတဲ့ အခန်း…”

ပြောပြောဆိုဆို သူ ထွက်သွားသည်။ ကျွန်တော် ဆုတောင်းလိုက်၏။ သည်လူ သေခါနီးဆဲဆဲမှာ “ခင်ဗျားသေမှာ အသေအချာပဲ။ ခင်ဗျား သေရင် ခေါင်းလှလှလေးနဲ့ ထည့်ပေးမယ်။ ဒါပေမယ့် မြေကြီးထဲ ရောက်ရင်တော့ တီတွေက ခင်ဗျားကို ပွဲတော်တည်ကြမှာပဲ…”စသဖြင့် အားပေးသူ ပေါ်လာပါစေလို့…။

ဖြစ်စဉ် (၆)

လေးနာရီ ဆယ်မိနစ်…

စိတ်ဓာတ်ကတော့ ဒူးဆစ်အထိ ကျနေပေပြီ။ သည်ပုံအတိုင်းသာဆိုလျှင် ကျွန်တော်နှင့်လူစီ သည်ည သည်မှာ အိပ်ဖြစ်ချေရော့မည်။

မအိပ်ဖြစ်ပါစေနဲ့။

အဘယ့်ကြောင့်နည်း။

ကုန်ဈေးနှုန်းတွေက ကြီးလို့ပါပဲ၊ ပြီး… ဘွဲ့ရလျှင် အလုပ်ကလည်း လက်မဲ့ဖြစ်မည် အသေအချာ၊ ဘာနဲ့ သွားစားကြရမှာတဲ့လဲ။

ကျွန်တော် ရေရေလည်လည် ဆွေးသတည်း။

မိလူစီကလည်း မိန်းမသားတို့ သဘာဝအတိုင်း ပွစိပွစိနှင့်၊ သခွတ်ပင်က မီးတကျီကျီ…။ ကျွန်တော့်မှာ စိတ်ပိန်နေရသည့်အထဲ…။ လမ်းကလည်း ဆုံးနေပေပြီ။ ရှိသည့် အပေါက် နှစ်ပေါက်ကလည်း သော့မရှိသော သော့ခလောက်များနှင့်…။

ကျွန်တော်တို့နှစ်ဦး စောစောက ချစ်ရည်လူးခဲ့ကြသော အရပ်သို့ ပြန်လျှောက်ခဲ့ကြပြန်သည်။ ထိုနေရာမှ ကြည့်သော် သိပ္ပံခန်းမ၏ မြောက်ဘက် ဝရံတာကို မြင်ရလေသည်။ တစ်အော်လောက် အကွာတွင် ရူပဗေဒဌာန ရှိလေသည်။ ထိုနေရာတွင်လည်း တံခါးများကား ပိတ်… လျက်…။

လူစီက အကြံသစ်တစ်ခု ပြုပြန်သည်။ သိပ္ပံခန်းမ ဝရံတာသို့ ခုန်ချမလို့တဲ့။ ဟင်း… မိလူစီ၊ ကျုပ်တို့က ဝတ္ထုတွေထဲက ဇာတ်လိုက်တွေ မဟုတ်ဘူးဗျို့…။ ခင်ဗျား တွေးလိုက်သမျှတော့ ရင်မသည်းဖိုစရာတွေ…။ နည်းတဲ့အမြင့်မှ မဟုတ်ဘဲ…။

ဟိုး… အောက်ဆုံးထပ် ထောင့်ရှိ ရေဘုံဘိုင်တွင် လူတစ်ယောက် ဆောင့်ကြောင့်လေး ထိုင်၍ ချိုင့်ဆေးနေသည်။

ထိုစဉ်…

သိပ္ပံခန်းမ ဝရံတာသို့ လူတစ်ယောက် ရောက်လာသည်။ သူကား ကျွန်တော်တို့အတန်းမှ အတန်းကိုယ်စားလှယ် ဖြစ်နေသည်ကို အံ့ဩ ဝမ်းမြောက်ဖွယ် တွေ့ရလေသည်။ နောက်ဆုံး ကောက်ရိုးမျှင်လေးပင်။

“ဟေ့ကောင်… အီးစီ”

သည်ကောင် ခေါင်းမော့လာသည်။

“အော… ပြာလောင်။ အဲလေ… ရေချမ်း…”

“တိုးတိုးကွ… သည်နားလာဦး…”

“တံတွေးတော့ ထွေးမချနဲ့နော်…”

“ဟာ… အရေးထဲ ရှီးတဲ့မှပဲ။ လာပါကွ…”

“ဟား… ပြာလောင်တို့ မြာထောင်ကျနေတာကိုးကွ”

“ဘယ်ကလာ… သည်မှာ ခွေးဖြစ်နေတာကွ”

“အေး… ငါတို့လဲ မင်းလိုဆို ဖြစ်ချင်စမ်းပါဘိကွာ…”

သည်ကောင် အောက်တည့်တည့် ရောက်လာသည်။

“ငါတို့ သည်ပေါ်မှာ ပိတ်မိနေလို့ကွ…”

“ဟင်… မင်းတို့ ဝင်ခဲ့တဲ့ အပေါက်ကကော…”

“ပိတ်သွားပြီကွ။ သော့ခတ်သွားပြီ…”

“သော့ကကော…”

“သော့ကိုင်တဲ့သူ ပြန်သွားပြီတဲ့…”

“ဘယ်မှာ နေသတဲ့လဲ… ငါ့မှာ ကားပါတယ်၊ ငါ သွားယူပေးမယ်”

“အား… ဘယ်သိမလဲ”

“သွားမေးမယ်လေ…”

“ဟေ့ကောင်… လုပ်မနေနဲ့။ မလွယ်ဘူး…”

“ဘယ်လို လုပ်ရင် ကောင်းမလဲ…”

“ငါတို့ကို ကြိုးတစ်ချောင်း ရှာပေးပါလား…”

“အေး… ငါ့ကားထဲမှာ အုန်းဆံကြိုးတစ်ခွေတော့ ပါတယ်။ နေဦး… သွားယူပေးမယ်”

သည်ကောင် ထွက်သွားလေသည်။ ပင့်သက် သုံးခါရှိုက်ခန့်အကြာမှာ သူ ပြန်ရောက်လာသည်။ လက်ထဲတွင် ကြိုးခွေတစ်ခွေနှင့်…။

“မိအောင်ဖမ်းနော်…”

“အေးပါ…”

သူ လှမ်းပစ်သည်။ မရောက်ချေ။    နောက်ထပ် ပစ်၏။ ကျွန်တော် မိလုမိခင်တွင် ပြန်ကျသွားပြန်သည်။

“မင်းကလည်း ညံ့ပါ့…”

ကျွန်တော့်ကို ပြောသည်။ ဘယ်ခံချင်မလဲ…။

“မင်းပဲ ရောက်အောင် ပစ်ပါဦး…”

အားနှင့် မာန်နှင့် ထပ်ပစ်သည်။ ကြိုးက ကျွန်တော်ရှိရာသို့ မရောက်၊ ကျွန်တော်ရှိရာ အမြင့်ထက်ကျော်ကာ ဟိုးမြေကြီးသို့ ကျသွားသတည်း။

“တော်လိုက်တဲ့ကောင်ကွာ… သွားကောက်”

သည်ကောင် တစ်ခေါက်ဆင်းရပြန်သည်။ ကြိုးကောက်၍ ပြန်တက်လာသည်။ တစ်ခါထပ်ပစ်၏။ မရောက်ပြန်၊ စိတ်က သိပ် မရှည်ချင်တော့၊ သည်လိုကောင်မျိုးကို မျက်စိလည် လမ်းမှားပြီး အီးစီ ခန့်ထားမိတာ အမှားပဲ။

သို့ပေတည့် သူ့ကျေဇူးက ရှိနေသည်။ သည်အကောင် ဇွဲတော့ရှိသည်။ ထပ်၍ ပစ်သည်။

သည်တစ်ချီတော့ ရလိုက်သည်။

သို့နှင့်…

ကျွန်တော်တို့ ရှိနေရာတွင် ချည်စရာ နေရာ ရှာသည်။ သံတစ်ချောင်း၊ ငုတ်တစ်ချောင်းပင် မရှိချေ။ ယင်းကြိုးနှင့် အရှည်တူနေရာလောက်တွင်မှ သံလှေကားတစ်ခုသာ ချည်စရာရယ်လို့ ရှိသည်။ ထိုနေရာတွင် ချည်မှတော့ ကြိုးသည် အောက်သို့ ရောက်စရာ လမ်းမမြင်…။

ထို့ကြောင့် ကြိုးသည် ကျွန်တော်တို့အတွက် ဘာမှ အဖိုးမတန်တော့။

“ဟေ့ကောင်… ချည်စရာ နေရာ မရှိဘူးကွ…”

“ဟေ… အဲဒါမှ ဆွေးပဲ…”

“ရော့… မင့်ကြိုး…”

သည်ကောင် ကြိုးကို ပြန်ခွေလိုက်ရင်း…

“ဒါဖြင့် ဘယ်လို လုပ်ကြမလဲ…”

“ငါလည်း မပြောတတ်တော့ဘူး…”

ကျွန်တော့်စိတ်ဓာတ်ကား ခြေမျက်စိအောက် အနုတ်လက္ခဏာအထိ ကျနေပြီ။ စိတ်ပျက်သွားပြီကား အလွန်အမင်း…။ ရေချမ်းတော့ အခုတစ်ချီမှာ “ရေလောင်” ဖြစ်နေပြီ။ ပညတ်သွားရာ ဝက်သက်ပါရော့ထင့်…။

ဖြစ်စဉ် (၇)

လေးနာရီခွဲ…


အီးစီလည်း အကြံထုတ်နေဆဲ။ လူစီဆိုသော မိန်းမကတော့ ပွစိပွစိ။ ကျွန်တော် ကဲ၍ ဖြစ်ရသည်တဲ့လေ။ သူကျတော့ မကဲတာ ကျနေတာပဲ၊ ဟင်း… ပြော မပြောချင်ဘူး။

ကျွန်တော်တို့ ရောက်နေရာနှင့် အောက်ဆုံး တည့်တည့်ရှိ၊ စောစောက ဖော်ပြခဲ့သော ရေဘုံဘိုင်တွင် နောက်လူတစ်ဦး ချိုင့်ဆေးနေပြန်သည်။ သူက ချိုင့်ဆေးနေရင်း ကျွန်တော်တို့ကို လှမ်းကြည့်နေ၏။

ကျွန်တော်က သူ့ကို ဂရုမစိုက်အား…။ ရုတ်တရက် ပေါ်လာသော စိတ်ကူးကို အီးစီအား အဆိုသွင်းသည်။

“ဟေ့ကောင်… လှေကားတစ်စင်းလောက် မရနိုင်ဘူးလား…”

“အာ… ဘယ်မှာ သွားရှာရမလဲကွ…”

“ရအောင် ရှာပေါ့… တစ်နေရာရာမှာ ရှိမပေါ့…”

“ဟ… ဒါတော့ နင်ပြောမှလား ရေပြာလောင်ရ…”

“ဆရာတို့ ဘာဖြစ်နေလို့ လှေကား လိုချင်တာလဲ…”

ရေဘုံဘိုင်မှ ပုဂ္ဂိုလ်ဆီက နောက်ဆုံးအမေးကို မေးသံ ကြား၍ သူ့ကို ကျွန်တော် လှမ်းဖြေလိုက်သည်။

“ဪ်… ကျွန်တော်တို့ သည်မှာ ပိတ်မိနေပြီး ဆင်းလို့ မရတော့လို့…”

“ဆရာတစ်ယောက်တည်းလား…”

“ဘယ်က ဆရာ ရမလဲ။ ကျောင်းသားဗျ… ကျောင်းသား…”

“အဲ… ခင်ဗျား တစ်ယောက်ထဲလား…”

အရေးထဲ… ရှေ့နေမင်းနှင့် ကြုံရပြန်ပြီ။

“စကစ်လည်း ပါတယ်ဗျို့…”

“သြော်… ဒါဆို ရပါတယ်၊ အောက်မှာ လှေကား ရှိတယ်…”

အင်း… “စကစ်”သာ မပါရင် မရတော့မယ့် ပုံမျိုး…။

ကျွန်တော်က အီးစီကို ညွှန်ကြားရပြန်သည်။

“ဟေ့ကောင်… သွားသယ်ချေကွာ…”

ကွေးသောလက် မဆန့်မီ သူပြန်ရောက်လာသည်။ သူနှင့်အတူ လူနှစ်ဦးက ဝါးလှေကားတစ်စင်းကို သယ်လာသည်။ မဆီမဆိုင် ဇော်ဝမ်းနှင့် ချိုပြုံးတို့ ပါဝင်သော “ရွှေလှေကားနဲ့ တက်ခဲ့ပါ” ရုပ်ရှင်ကို သတိရမိသေး၏။ ကျွန်တော် မောင်ရေချမ်းနှင့် လူစီလူးတို့လည်း “ဝါးလှေကားနဲ့ ဆင်းခဲ့ပါ”ဟု အမည်တပ်၍ ဇာတ်ကား တစ်ကား ရိုက်လျှင် သင့်မည် ထင်မိသေး၏။

လှေကားကို ထောင်သော် ကျွန်တော်တို့ ရှိရာသို့ မီရန် လူတစ်ရပ်ခွဲလောက် လိုနေပြန်သေး၏။ လှေကားသို့ ခြေချရန် မလွယ်ချေတကား။

ကျွန်တော့် စိတ်ဓာတ်ကား ခြေမျက်စိအောက် အဝီစိအထိ စောက်ထိုးကြီး ကျသွားလေပြီတည်း။

“ကိုင်း… ဘယ်လိုလုပ်ကြမလဲ”

ကျွန်တော် ညည်းလိုက်မိတော့သည်။

အီးစီက သူ့မေးစေ့ကို ပွတ်ရင်း စုံထောက်ဦးစံရှား စတိုင်ဖြင့် စဉ်းစားနေရင်း လက်ဖျစ် တစ်ချက်တီးကာ…

“အား… သိပ္ပံခန်းမထဲမှာ ခုံတွေ ရှိသားပဲ။ ခုံခုရင် ရမှာပေါ့…”

သည်တစ်ခါတော့“မဟာအီးစီပညာကျော်”ကို စိတ်ထဲက ချီးကျူးလိုက်မိသည်။ အီးစီရာထူးနှင့် ထိုက်တန်ပါပေ၏။ ကျွန်တော်သာ ရှင်ဘုရင် ဖြစ်လျှင် သူ့အား ပညာရှိခန့်ရန်ပင် စိတ်ကူးလိုက်မိသေး…။

ကွမ်းတစ်ယာ မညက်တညက်တွင် ခုံတွေ ဆင့်၍ လှေကားကို ကျွန်တော်တို့ ရှိရာသို့ မီအောင် သူတို့ လုပ်လိုက်ကြသည်။ ကိုင်း…

“လူစီ အရင်ဆင်း…”

ကျွန်တော်က ကျွန်တော့် ဖိနပ်၊ လူစီ့ဖိနပ်နှင့် လွယ်အိတ်စသည့် ပရိက္ခရာတို့ကို ပစ်ချလိုက်သည်။ ပြီးမှ လူစီ့အား ဖေးမ၍ ဆင်းစေသည်။

လူစီ ဆင်းသည်ပေါ့။ အီးစီက လှေကားကို အောက်က ထိန်းထား၏။

သို့သော်    လှေကားတစ်ဝက်ခန့်အရောက်တွင် မရွှေလူစီက အောက်က အီးစီကို…

“မကြည့်နဲ့နော်…”တဲ့။

စိုးရိမ်တကြီး မော်ကြည့်နေရှာသော အီးစီ၏ မော့နေသော ခေါင်းလည်း ကမန်းကတန်း ငုံ့သွားပြီးသကာလ “ဟာ… အရေးထဲ၊ မကြည့်ပါဘူး”ဟု ပလုံးပထွေး ပြောသံ ကြားရလေသည်။

လူစီလူး အောက်ရောက်ပြီးသော် ကျွန်တော် မောင်ရေချမ်း ဆင်းတော်မူပြီ။

အင်း… ခုမှပဲ စိတ်ဓာတ် နေရာမှန်ပြန်ရောက်သတည်း။

ဟိုး… ဇာတ်လမ်း မဆုံးသေးပါခင်ဗျား။

ဖြစ်စဉ် (၈)

လှေကားနှင့် ခုံများကို နေသားတကျဖြစ်အောင် ကျွန်တော်ပါ ဝင်ကာ ပို့ရ သယ်ရပါသည်။ ထို့နောက် ကယ်ဆယ်ရေး ကော်မတီအား ကျေးဇူးတင် စကား ပြောကြားရသည်။ ပြီးသော် ကယ်ဆယ်ရေး ကော်မတီဝင် ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော့်အား… “ခင်ဗျားတို့ အခန်းထဲက ဆရာနဲ့ ဝင်တွေ့ လိုက်ပါဦး”ဟု ဆိုကာ အခန်းတစ်ခုသို့ ညွှန်ပါသည်။ အခန်းတွင်း၌ လူကြီးတစ်ယောက် ရှိလေသည်။ အခန်း၏ အသွင်အပြင်၊ လူကြီး၏ ပုံသဏ္ဌာန်အရ ကျောင်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးက ကျွန်တော်တို့အား ဩဝါဒစကား ပြောပြီး ကျွန်တော်တို့၏ အမည်၊ ခုံအမှတ်၊ အတန်း၊ အဓိကဘာသာ စသည်များကို ရေးမှတ်ထားလိုက်တော့သည်။

အချ

အထင်ကရ တင်ပြခဲ့သမျှမှာ ကျွန်တော် မောင်ရေချမ်း နုစဉ်အခါက ကြုံခဲ့ တွေ့ခဲ့ရသော အဖြစ်အပျက်ကလေးပါ။ သည်အဖြစ်အပျက်ကို ပြန်ပြောင်း ပြောမိသော် နောင်တော့် နောင်တော်များက ကျွန်တော့်အား သတိချပ်ဖွယ်များကို ထပ်ပြောပါသည်။

ကျွန်တော့်အနေနှင့် သည်လိုအဖြစ်အပျက်မျိုးကို ဘယ်သူမှ မကြုံစေချင်ပါ။ ကျွန်တော်တို့သာ ကံကောင်းလွန်း၍ အခြေအနေဆိုးမှ လွန်မြောက်နိုင်ခဲ့ပါသည်။
အကယ်၍သာ ထိုနေ့က အသင်းအမှုဆောင် အစည်းအဝေး မရှိ၍ ကျွန်တော်တို့ အတန်းကိုယ်စားလှယ် သိပ္ပံခန်းမသို့ ရောက်မလာခဲ့လျှင် ကျွန်တော်တို့နှစ်ဦး၏ ကံကြမ္မာသည် တစ်မျိုးတစ်ဖုံ ဖြစ်ချေရော့မည်။

နောင်တော့် နောင်တော်များက ဆိုပါသည်။ တစ်ခါက ယခုကဲ့သို့ပင် အခန်း တစ်ခု၌ စုံတွဲတစ်တွဲ ပိတ်မိခံရဖူးကြောင်း၊ သူတို့မှာမူ အခန်းအောင်းခဲ့ရပြီး နောက်တစ်နေ့တွင်မှ ထွက်ခွင့်ရခဲ့ကြောင်း၊ ယင်းပြစ်မှုကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း စသည်ဖြင့် သိရလေသည်။

ထို့ကြောင့်…

နောင်လာ နောက်သားများနှင့် နောင်လာ နောက်သမီးများ၊ ယခုလက်ရှိ ချစ်သူစုံတွဲများ ကျွန်တော်တို့ကဲ့သို့ အဖြစ်မဆိုးရလေအောင် ကျွန်တော်တို့အဖြစ်ကို နမူနာ ယူနိုင်ကြစေဖို့ သည်အကြောင်းကို ရှက်ရှက်နဲ့ပဲ… (အင်းလေ… ခုမှတော့ မရှက်တော့ပါဘူး) ဖွင့်ချလိုက်ပါသည်။

နောက်ဆုံး… ကျွန်တော် မောင်ရေချမ်း ဆုတောင်းလိုက်ပါသည်။

“ချစ်သူများ ကံကောင်းပါစေသတည်း”

ထို့ထက်…

“ချစ်သူများ ကျွန်တော်တို့လို ပိတ်မိခံရသောဒေသသို့ မရောက်ကြပါဘဲ ချစ်သူများ ကောင်းရာ သုဂတိလားစေသောဝ်…”

သည်ဝတ္ထုကို “၁၉၇၆-၇၇ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း”တွင် တစ်ကြိမ်၊ ၁၉၉၅ခုနှစ်၊ ဇန်နဝါရီလ၌ တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်အဖြစ် ထုတ်ဝေသော “ရှေ့ပြေးမဂ္ဂဇင်း”တွင်  တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ပုံနှိပ်ဖော်ပြခဲ့ဖူးပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃(၁၁)ဖြင့် လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက်လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” စာအုပ်မှာ ဖော်ပြထားပါတယ်။ ၁၉၇၆ ခုနှစ်၊ လွန်ခဲ့တဲ့ ၃၄ နှစ်က ငယ်မူလက်ရာလေးပါပဲ။

He who fights and runs away, lives to fight another day.

ညောင်ညိုပင် စခန်းများရဲ့ နိဂုံး

သဘောထား ကွဲလွဲတယ်၊ ပြဿနာတက်ကြတယ်၊ ငြင်းကြ၊ ခုံကြတယ်၊ ရန်ဖြစ်တယ်၊ ကတောက်ကဆဖြစ်ကြတယ်အစရှိတာများနဲ့ ပတ်သက်လို့ အခုတလောမှာ အတော်လေး စဉ်းစားမိနေပါတယ်။


သည်အခါမှာ ကျွန်တော်တို့တွေ တွေးမြင်ပုံ၊ ဆင်ခြင်ပုံတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ချင်စရာလေးတွေ တွေ့လာရတယ်။

သဘောထားကွဲလွဲတယ်ဆိုတာ

ပထမတစ်ခုက ကွဲလွဲမှုဆိုတာကို စဉ်းစားရမှာပါ။ ကွဲလွဲတယ်ဆိုတာ မတူတာပေါ့။ လူရယ်လို့ ဖြစ်လာမှတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ တစ်ထပ်တည်း မတူနိုင်ပါဘူး။ တစ်မိတစ်ဘတည်းက ပေါက်ဖွားလာတဲ့ မွေးချင်းအချင်းချင်းပဲ ဖြစ်နေပါစေ၊ အမြွှာပူးပဲဖြစ်နေပါစေ၊ တစ်ယောက်နဲ့ တစ်ယောက် ရှုမြင်ပုံချင်း၊ အတွေးအခေါ် အယူအဆချင်း တစ်ထပ်တည်း ရှိနေဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

အဲဒီ့ကမှ တစ်ဆင့်တက်လို့ အသက်အရွယ်တွေ၊ မွေးဖွားကြီးပြင်းပုံတွေ၊ ပတ်ဝန်းကျင်တွေ၊ အထီး/အမတွေ ကွဲလာပြီဆိုတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကွဲလွဲစရာ၊ ကွာဟစရာ အကြောင်းတွေက ပိုလို့၊ ပိုလို့ များလာမှာပါ။

ဆိုတော့ကာ ကျွန်တော်တို့တွေ ပထမဆုံး နှလုံးသွင်းအပ်တာကတော့ လူမှန်ရင် သဘောထား ကွဲလွဲရမယ် ဆိုတာကိုပါပဲ။ အပြန်အလှန်အားဖြင့် သဘောထား ကွဲလွဲကြတယ်ဆိုတာ လူသားဆန်တဲ့ အလုပ်ပဲလို့ နှလုံးသွင်းနိုင်ဖို့ပါပဲ။

ကွဲလွဲမှုရဲ့ အစ

သည်လိုဖြင့် သဘောထား ကွဲလွဲတဲ့အပေါ်မှာ ဘယ်လို ဆက်စခန်းသွားမလဲဆိုတာက ဆက်စဉ်းစားရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။

သည်နေရာမှာ ကွဲလွဲမှု ပေါ်ပေါက်လာရခြင်း အကြောင်းရင်းကို စေ့ငု ကြည့်ဖို့ လိုပါလိမ့်မယ်။ ကွဲလွဲမှုဆိုတာက နဂိုကတည်းက ရှိနေမြဲ တရားကိုယ်။ ဒါပေမယ့် တစ်ဖက်ဖက်က ဖော်ထုတ် လှစ်ဟခြင်း မရှိခဲ့ရင် အဲဒီ့ ကွဲလွဲမှုဟာ လူသိရှင်ကြား ဖြစ်လာစရာ အကြောင်းမရှိဘူး၊ သူ့ဟာလေးနဲ့သူ မြုပ်နေမှာရယ်။

တစ်ဖက်ဖက်က ဖော်ထုတ် လှစ်ဟလိုက်ပြီဆိုတာနဲ့ ကျန်တစ်ဖက်ကလည်း သဘောတူခြင်း၊ မတူခြင်းကို ပြောစရာတွေ ပေါ်လာရပါတော့မယ်။ အဲဒီတော့မှ သဘောထားကွဲလွဲတယ်ဆိုတာဟာလည်း ငေါငေါကြီး ပေါ်လာရတော့တာပါ။

သည်အခါမှာ ထည့်စဉ်းစားဖို့ ကောင်းတဲ့အချက်က အကြောင်းအရာတစ်ရပ်ကို ဖြစ်စေ၊ ဝိဝါဒကွဲစရာ တစ်ခုခုကိုဖြစ်စေ  စတင်ဖော်ထုတ်လှစ်ဟ သူကို အဲသလို ဖော်ထုတ် လှစ်ဟဖြစ်ခဲ့စေဖို့ စေ့ဆော်တဲ့အကြောင်းတရားကိုပဲ ဖြစ်ပါတယ်။ ပြဿနာ ရှာချင်လို့ တမင့်ကို နှောက်တာ၊ မွှေတာလား၊ဒါမှမဟုတ် စေတနာနိုးမှု တစ်ခုခုကြောင့်လားဆိုတာကို ထည့်စဉ်းစားဖို့ လိုလာပါလိမ့်မယ်။

တမင်နှောက်တာ၊ မွှေတာမျိုး မဟုတ်ဘဲ စေတနာနိုးမှုတစ်ခုခုကြောင့် အကြောင်းအရာတစ်ရပ်၊ ဝိဝါဒကွဲစရာတစ်ခုကို တင်လာတာ ဖြစ်နေခဲ့ရင် အဲဒီ့ စေတနာကို အသိအမှတ်ပြုပေးဖို့တော့ ပြန်လှန် ပြောဆိုမယ့်သူတွေမှာ တာဝန်ရှိပါတယ်။ မိမိ သဘောတူနိုင်ခြင်း၊ မတူခြင်းက သတ်သတ်၊ စေတနာကို အသိအမှတ်ပြုခြင်းက သတ်သတ်ဆိုပြီး ကံ၊ ကတ္တား ကွဲဖို့ လိုပါလိမ့်မယ်။

အဲဒါဆိုရင် လွတ်လပ်စွာ သဘောကွဲလွဲခြင်းရဲ့ အနှစ်သာရဖြစ်တဲ့ “အပြုသဘော”ကို အလိုလို ရောက်လာတော့မှာပါ။ တစ်ဖက်က ဖော်ထုတ် လှစ်ဟလိုက်တာနဲ့ ပတ်သက်လို့ သဘောမတူရင် မတူတဲ့အကြောင်းကို အားပါးတရ၊ အာဘောင် အာရင်းသန်သန်နဲ့ ပြန်လှန် ငြင်းဆိုရာမှာလည်း အဲသလို တစ်ဖက်သားရဲ့စေတနာကို နားလည်မှု ပေးထားနိုင်ခဲ့ရင် ငြင်းရ၊ ခုံရတဲ့အဆင့် ရောက်လာတဲ့တိုင် သိပ် ရုပ်ပျက်ဆင်းပျက် မဖြစ်နိုင်တော့ပါဘူး။

ကွဲလွဲမှုရဲ့ အလယ်

အဲလို သဘောထားကွဲလွဲရာက အစပြုပြီး ငြင်းခုံတဲ့အဆင့်၊ ငြင်းခုံရာက ကတောက်ကဆ၊ ကတောက်ကဆကနေ ရန်ဖြစ်တဲ့အဆင့်တွေအထိ ရောက်ကုန်တာမျိုးကျတော့ နှစ်ဖက်စလုံးရဲ့ ညံ့ဖျင်းသေးသိမ်မှုကြောင့်သာ ဖြစ်နိုင်ပါတော့တယ်။

ကွဲလွဲတယ်ဆိုတာ လူပီသတဲ့ အလုပ်လို့ နားလည်ထားမယ်၊ ကွဲလွဲလာခဲ့ရတာမှာလည်း စေတနာနိုးမှုတစ်ခုခု ပါနေမယ်ဆိုရင် အဲဒီ့ကွဲလွဲမှုနဲ့ ပတ်သက်လို့ တစ်ဆင့်တက်ရပါတော့မယ်။ အဲဒါကတော့ ကွဲလွဲမှုကြောင့် ပေါ်ပေါက်လာရတဲ့ အငြင်းအခုံကတစ်ဆင့် ဘယ်လို အကျိုးအမြတ်ထွက်နိုင်သလဲဆိုတာကို တွေးတောကြည့်ဖို့ လိုလာတာပါပဲ။ အငြင်းအခုံကနေ ကတောက်ကဆ၊ ကတောက်ကဆကနေ ရန်ဖြစ်ကြရတဲ့ အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတတ်တာကလည်း သဘာဝပဲဆိုတာကို နားလည်ထားရင် အဲသလို တစ်ဆင့်စီ ထပ်တက်မလာခင်မှာ ကွဲလွဲခြင်းကို ကွဲလွဲခြင်းအဆင့်မှာတင် ကျေကျေနပ်နပ်ကြီး ရပ်ထားလိုက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အငြင်းအခုံကနေ ရရှိလာတဲ့ ရန်ဖြစ်ခြင်းဟာ ကွဲလွဲ ကွာဟမှုကို အကွဲအပြဲဆီ ရောက်သည်အထိ ဦးတည်သွားတော့မှာမို့ပါပဲ။

ညောင်ညိုပင်စခန်းများရဲ့ ကဏ္ဍ

သည်အခါမှာ ညောင်ညိုပင်စခန်းမှန်သမျှ ဘယ်ညောင်ညိုပင်စခန်းမှ မကောင်းဘူးဆိုတာ  ဒုတိယအဆင့်အနေနဲ့ နှလုံးသွင်းတတ်ဖို့ လိုလာပါပြီ။ လင်မယားချင်း ကွဲကြတာလည်း မကောင်း၊ မိတ်ဆွေချင်း ကွဲကြတာလည်း မကောင်း၊ မိသားစုဝင်ချင်း ကွဲကြတာလည်း မကောင်း၊ လူဆိုတာ တစ်ဦး တစ်ယောက်တည်း နေလို့ မရတာမို့ ဘယ်သူနဲ့ ဘယ်သူ ကွဲတာမျိုးမှ မကောင်းဘူးဆိုတဲ့ အခြေခံစိတ်ထားမျိုး ထားဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့် ကနေ့ကာလလို “ကမ္ဘာကြီးဆိုတာ ရွာလေးတစ်ရွာ”လို့သာ စဉ်းစားအပ်တော့တဲ့ ကာလမျိုးမှာ လူနဲ့ လူချင်း မရိုင်းပင်းလို့ မဖြစ်တော့ပါဘူး။ နင့်ကျောလည်း ငါကုတ်ပေး၊ ငါ့ကျောလည်း နင်ပြန်ကုတ်ပေးဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် မတည့် တည့်အောင် နေနိုင်မှ အလုပ်ဖြစ်တော့မှာပါ။

ဆိုတော့ကာ ညောင်ညိုပင်စခန်းဆီကို ဦးတည်စေမယ့် ဘယ်လို ကတောက်ကဆမျိုးကိုမဆို ဝေရာမဏိရမယ်ဆိုတဲ့ အခြေခံ အတွေးတစ်ရပ်ကို တွေးဖို့ မလွဲမသွေ လိုလာပါတယ်။

ကြားလူတစ်ယောက်ယောက်က “နင်တန်၊ နင်တန်”ဆိုပြီး ဝင်ဖျန်ဖြေရတဲ့အဆင့်ထိ ရောက်သွားရတယ်ဆိုတာလည်း တွေးကြည့်ရင် တော်တော် မနိပ်တဲ့ကိစ္စ။ ကြားလူ ဝင်ဖျဉ်ပေးရတယ်ဆိုတာ မယဉ်ကျေးတဲ့ အရိုင်းအစိုင်းတွေ၊ တစ်နည်းအားဖြင့် အဟိတ်တိရစ္ဆာန်တွေအတွက်သာ လိုအပ်တာပါ။ စိတ်ဓာတ်ရေးရာ တိုးတက်ဖွံ့ဖြိုးပြီး ယဉ်ကျေးတဲ့(တောမကျတဲ့) လူသားတွေအတွက် သူတစ်ပါး ကြားဝင်ဖျန်ဖြေစရာမလိုဘဲ ဘယ်အချိန်မှာ တော်ရမယ်၊ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ အလိုလို သိလာတန်ကောင်းတဲ့ ကိစ္စပါ။

ဘယ်သူ့ဘယ်သူမှ ဝင်ဖျန်ဖြေစရာမလိုဘဲ အငြင်းအခုံကနေ အကွဲအပြဲကို ဦးတည်တော့မယ်လို့ မြင်လာတာနဲ့ ငြင်းခုံနေတဲ့ ဘက်နှစ်ဘက်မှာ အဲသလို မြင်လာတဲ့ တစ်ဖက်ဖက်က ချက်ချင်း ရပ်ချလိုက်ရပါလိမ့်မယ်။ အဲသလို ရပ်ချလိုက်ခြင်းနဲ့အတူ ကွဲလွဲမှုကိုလည်း ဖြစ်မြဲသဘာဝတစ်ရပ် အဖြစ်သာ နှလုံးသွင်းထားလိုက်ရင် ကတောက်ကဆအဆင့်၊ ရန်ဖြစ်တဲ့ အဆင့်တွေအထိ တက်သွားစရာ အကြောင်းမရှိတော့ပါဘူး။

အရှုံး အနိုင်

အဲဒီ့နေရာမှာ စဉ်းစားရမှာက ငြင်းခုံခြင်း၊ ကတောက်ကဆနဲ့ ရန်စောင်ခြင်းတို့မှာ အနိုင်လိုချင်မှုဆိုတာ ပါ၊ မပါလည်း နှစ်ဖက်စလုံးက ကျနသေချာ ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်လို အငြင်းအခုံ၊ ဘယ်ပုံ ပဋိပက္ခ၊ ဘယ်နှယ် ကတောက်ကဆမှာမဆို “အနိုင်ရလိုမှုဆိုတဲ့ဇော”က နှစ်ဖက်စလုံးမှာ ပူးကပ်နေတတ်စမြဲပါပဲ။ ဒါလည်း ပြောမယ်ဆိုရင်တော့ “လူဆန်တဲ့”အလုပ်ပါ။

ဒါပေမယ့် ကျွန်တော်တို့အားလုံး မေ့လျော့နေမိတဲ့ အချက်တစ်ချက်က တစ်ဖက်သားကို အနိုင်ယူလိုက်တဲ့အတွက် ဘာအကြောင်းထူးသွားသလဲ ဆိုတာကိုပါပဲ။ “အနိုင်အရှုံးသည် သာမည၊ ယှဉ်ပြိုင်ခြင်းသာ အဓိက”လို့ တွေးရအောင်ကလည်း ငြင်းခုံတယ်ဆိုတာ အားကစားလုပ်နေတာမှ မဟုတ်တာပဲ။

ပိုဆိုးတာက သဘောထားကွဲလွဲမှုတစ်ရပ်အတွက် ငြင်းခုံရာမှာ ဘက် နှစ်ဖက် ရှိနေတဲ့အတွက် အမှန်တရားဆိုတာကလည်း တစ်ခုမက ရှိနေနိုင်ပြန်တာပါ။ သူလည်း မှန်တယ်၊ ကိုယ်လည်း မမှားဘူး၊ ကိုယ်လည်း မှန်တယ်၊ သူလည်း မမှားဘူးဆိုတဲ့ ကွဲလွဲမှုရဲ့အနားသတ်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုဘဝထဲမှာ ကြုံရမြဲ၊ ကြားရမြဲ တရားကိုယ်တွေပါပဲ။

သည်အခါမှာ အရှုံး၊ အနိုင်ကို ဘာနဲ့ မှတ်ကျောက် တင်မလဲဆိုတဲ့ ပြဿနာက နောက်က ကပ်လိုက်လာပါတော့တယ်။ ထို့အတူ အနိုင်ရလိုက်တဲ့အတွက် မိမိစိတ်မှာ ခဏပန်း ကျေနပ်သွားတာ တစ်ခုက လွဲလို့ ငြင်းခုံခြင်းမှာ အနိုင်ရလိုက်တာက ဘာအကျိုးထူးကိုမှ မပေးပါဘူး။ အဆင်မသင့်ရင် အနိုင်တော့ ရလိုက်ပါရဲ့၊ ကွဲတာ ပြဲတာက အဖတ်တင်ပြီး ကျန်ရစ်ဦးမှာပါ။

ဆိုတော့ အငြင်းအခုံတစ်ရပ်မှာ အရှုံး၊ အနိုင်ဟာ ပဓာန မဟုတ်ပါဘူး။ အမြတ်ထုတ်တတ်မယ်ဆိုရင်တော့ ငြင်းခုံရာက တစ်ဖက်သားရဲ့အမြင်တွေ၊ အသိတွေကို နှိုက်ယူလိုက်နိုင်ပါတယ်။ ထို့အတူ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကိုလည်း တစ်ဖက်သား သိသွားအောင် လုပ်ပေးလိုက်နိုင်တာပါပဲ။

အရှုံးအနိုင်ဆိုတဲ့ ပန်းတိုင် လုံးဝမထားဘဲ ပျော်ရွှင် ကျေနပ်စွာ ငြင်းခုံတတ်မယ်ဆိုရင်တော့ အဲဒီ့အတိုင်း အမြတ်တွေ အများကြီး ထွက်လာမှာပါ။

အရှုံးအနိုင်ကိုသာ အဓိက ထားလိုက်မိမယ်ဆိုရင်တော့ ငြင်းခုံနေတဲ့ အကြောင်းအရာပေါ်က သွေဖီသွားပြီး “မနိုင်၊ နိုင်ရာကိုင်”တဲ့ တိုက်ကွက်တွေနဲ့ အငြင်းအခုံကတဆင့် ပဋိပက္ခလမ်းကြောင်းပေါ်ကို မသိမသာကနေ သိသိသာသာ ပြောင်းသွားနိုင်ပါတယ်။

ဒါဟာ အငြင်းအခုံတိုင်းရဲ့ ဇာတ်ရှိန်တက်မှု သဘောတရားပါပဲ။ အဲသလို ဇာတ်ရှိန်တက်တာဟာ ကောင်းသော ဇာတ်ရှိန်တက်ခြင်းမျိုးတော့ မဟုတ်ဘူး။ ဇာတ်ပျက်ဖို့အတွက် တက်သွားတဲ့ အရှိန်မျိုးသာ ဖြစ်ပါတယ်။

ပျက်လည်း ဘာဖြစ်သေးလဲကွာ၊ နိုင်ရပြီးတာပဲဆိုတဲ့ ရမ်းကားတဲ့ စိတ်မျိုးဟာ ယဉ်ကျေးတဲ့ (တောမကျတဲ့) လူသားတွေ ထားအပ်တဲ့စိတ်ထားမျိုး မဟုတ်ပါဘူး။ [သည်နေရာမှာ “ယဉ်ကျေးတဲ့ (တောမကျတဲ့)”ဆိုတဲ့ စကားလုံးကို ဒုတိယအကြိမ် သုံးမိသွားပြန်ပါပြီ။ သိုးဆောင်းဘာသာစကားနဲ့ civilisation ဆိုတဲ့ လူ့ယဉ်ကျေးမှုကို ပြောလိုရင်းပါ။]

ဆိုတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲခြင်း၊ တစ်နည်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် ငြင်းကြ၊ ခုံကြခြင်းဟာ ကွဲလွဲနေတဲ့ သဘောထား၊ ငြင်းခုံနေတဲ့ အကြောင်းအရာအပေါ်မှာသာ ခိုင်မာမြဲမြံစွာ ရပ်တည်ပြီး ပြောဆို ငြင်းခုံနိုင်ပါမှ အထမြောက်မှာပါ။ အနိုင်လိုချင်မှုကို ကွဲလွဲမှုနဲ့ ရောကြိတ်လိုက်မယ်ဆိုရင်တော့ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်းရဲ့အနှစ်သာရ ဖြစ်တဲ့ ပျော်ပျော်ရွှင်ရွှင် ငြင်းခုံခြင်းဆီကို မရောက်နိုင်တော့ဘဲ အကွဲအပြဲဆီကိုသာ ဦးတည်သွားတော့မှာကို ကျွန်တော်တို့တွေ ဆင်ခြင်ကြဖို့ ကောင်းလာပါတယ်။

ကွဲလွဲမှုရဲ့ အနားသတ်

အကွဲအပြဲဆီကို ဦးမတည်ချင်ဘူးဆိုရင် ကျွန်တော်တို့ လိုချင်တာက “ပြေလည်မှု”ဆိုတာ အလိုလို သေချာ သွားပါလိမ့်မယ်။ လူယဉ်ကျေးများ၊ တောမကျတဲ့လူများဟာ အကွဲအပြဲကို မလိုလားအပ်ဘူး၊ ပြေလည်မှုကိုသာ ဝါယမ စိုက်အပ်တယ်ဆိုတဲ့ အခြေခံအတွေးမျိုး ရှိမယ်ဆိုရင် ငြင်းခုံနေတဲ့ ဘက် နှစ်ဖက်မှာ အဲသလို အတွေးမျိုး ရှိတဲ့ဘက်က ပြေလည်မှုလမ်းစကို ဇွဲနဘဲနဲ့ ရှာဖွေရပါတော့မယ်။

ပြေလည်မှုကို ရှာချင်ရင် ပထမဆုံး လုပ်ရမယ့်အလုပ်က ငြင်းခုံနေတာကို ရုတ်ချည်း ရပ်ချလိုက်ရပါမယ်။ ဒါ ပထမ အဆင့်ပါ။

ပြီးရင် ကွဲလွဲမှုကို ကွဲလွဲမှုအတိုင်း ထားလိုက်ရပါလိမ့်မယ်။ တစ်နည်းအားဖြင့် “ကွဲလွဲတယ်ဆိုတာ သဘာဝပါပဲလေ”ဆိုတဲ့ မူလက နှလုံးသွင်းမှုကို ပိုမို ခိုင်မာလာအောင် အားထုတ်ရပါလိမ့်မယ်။

တတိယနဲ့ နောက်ဆုံးအဆင့်ကတော့ ကွဲလွဲနေတဲ့ကြားထဲက တူညီနေတာတွေကို ရှာဖွေဆွဲထုတ်၊ ကောက်နုတ်ရမှာပါ။ ကိုယ်အနိုင်ရချင်သလို၊ သူလည်း အရှုံးပေးချင်မှာ မဟုတ်ဘူးဆိုတာလည်း တူညီမှုပါပဲ။ ဘယ်လိုပဲ ကွဲလွဲနေပစေ ကိုယ်လည်း လူဆက်လုပ်ဦးမှာ ဖြစ်သလို၊ သူလည်း လူဆက်လုပ်နေဦးမှာပဲ ဆိုတာလည်း တူညီတာပါပဲ။ သည်ကမှ သူနဲ့ ကိုယ်နဲ့ရဲ့ ဆက်ဆံရေးကိုပါ ထည့်စဉ်းစားရင် အကျိုးတူ ကိစ္စတွေအတွက် တူညီနေတာတွေ အများကြီး ထွက်လာနိုင်ပါသေးတယ်။

ဆိုကြပါစို့၊ အိမ်ထောင်ရေးတစ်ခုက လင်နဲ့မယားနဲ့ သဘောထား ကွဲလွဲကြတဲ့အခါမျိုးမှာ တူညီမှုကို စဉ်းစားရင် လင်လုပ်သူရော၊ မယားလုပ်သူပါ သည်အိမ်ထောင်ရဲ့ အခြေအနေကို မကောင်း ကောင်းအောင် အားထုတ်ချင်တဲ့ ဆန္ဒစေတနာမျိုးကို အရင်ဆုံး ထည့်တွေးရမှာပါ။

ညီအစ်ကို မောင်နှမချင်း သဘောထားကွဲလွဲကြရာမှာလည်း အဲသလိုမျိုးပဲ၊ ကောင်းစေ့ချင်တဲ့ စေတနာ တစ်စုံတစ်ရာကတော့ မတွက်ချင်လည်း ထည့်တွက်ရမယ့် တူညီမှုတစ်ခု ဖြစ်လာမှာပါပဲ။

သူငယ်ချင်း မိတ်ဆွေအချင်းချင်းမှာလည်း ထို့အတူပါပဲ၊ ရည်ရွယ်ချက်ချင်း တူနေပေမယ့် ချဉ်းကပ်ပုံချင်း မတူတဲ့အတွက် အချင်းချင်း သဘော ကွဲလွဲနေရတာမျိုးတွေ ရှိလာရတာပါ။ ဆိုတော့ မတူတာတွေကို မစဉ်းစားတော့ဘဲ တူတာတွေကို တွေးမြင် ပုံဖော်ယူမယ်ဆိုရင် ကွဲလွဲမှုအပေါ်မှာ အခြေခံထားတဲ့ ပဋိပက္ခတစ်ခုဟာ ပြေလည်မှု လမ်းစပေါ်ကို ခပ်ရေးရေးလေး ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

ပြေလည်မှုကို ရှာတဲ့သူ

အနိုင်အရှုံးကို ထည့်တွက်တွက်၊ မတွက်တွက်၊ ပြေလည်မှုကို စတင် ရှာဖွေသူ၊ ဒါမှမဟုတ် ကမ်းလှမ်းသူဟာ စိတ်ထားမြင့်မြတ်သူ၊ သဘောထားကြီးသူအဖြစ် ကွဲလွဲမှု ပဋိပက္ခရဲ့ သားကောင်ဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်သူသာ ဖြစ်ပါလိမ့်မယ်။

တစ်နည်းအားဖြင့် ပြေလည်မှုကို ရှာဖွေ ကမ်းလှမ်းတဲ့အတွက် အရှုံးသမားလို့ အမနာပ ပြောလို့ မရနိုင်ပါဘူး။

ဒါဖြင့် ဘယ်လိုလူမျိုးက စတင်ပြီး ပြေလည်မှုကို ရှာဖွေ ကမ်းလှမ်းသင့်သလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ သာမန်အားဖြင့်တော့ ပဋိပက္ခ ကို စိတ်ရော ကိုယ်ပါ မလိုလားသူက စတင် ကမ်းလှမ်းရမှာပါ။ သည် နေရာမှာ “စိတ်ရော ကိုယ်ပါ မလိုလားသူ”ဆိုတဲ့ စကားက နည်းနည်း အရေးကြီးပါတယ်။

ပဋိပက္ခကို မလိုလားဘူးဆိုတာ နှုတ်နဲ့ အလွယ် ပြောလို့ ကောင်းတဲ့ စကားပါ။ “ငါ ရန်မဖြစ်ချင်ဘူးနော်”လို့ ကြွေးကြော်လိုက်တာဟာ ရန်ဖြစ်ချင်လာပြီဆိုတဲ့ နိမိတ်မျိုးနဲ့ အလွယ်တကူ ပြောဖြစ်သွားတတ်တဲ့ စကားမျိုးပါ။

နှုတ်နဲ့ အော်ဟစ်ပြီး ကြွေးကြော်တာမျိုးထက် တကယ့်ကို ရင်ထဲ အသည်းထဲက လှဲလှဲလှိုက်လှိုက်ရှိတဲ့ “ပဋိပက္ခ စိတ်ကုန်မှု”မျိုး ရှိတဲ့သူမျိုးကသာ ပြေလည်မှုကို တောင့်တ တပ်မက်တတ်စမြဲပါ။ အဲသလို မလိုလားတော့သူ ကိုယ်တိုင်က အဲဒီ့ ကွဲလွဲမှု ပဋိပက္ခကို စတင်မိခဲ့သည်ပင် ဖြစ်လင့်ကစား ပဋိပက္ခကို တကယ် မလိုလားတော့ဘူးဆိုတာနဲ့ ပြေလည်မှုအတွက် စတင် ကြံဆ ကမ်းလှမ်းနိုင်ပါတယ်။

နောက်တစ်ခုက ကွဲလွဲမှုတစ်ရပ်၊ ပဋိပက္ခတစ်ခုမှာ ဘယ်သူက တောင့်ခံနေသလဲဆိုတာကို စဉ်းစားရပါလိမ့်မယ်။ တစ်နည်းအားဖြင့် ဘယ်သူက မာကျောနေသလဲ၊ မလျှော့နိုင်လောက်အောင် တင်းနေသလဲဆိုတာကို ထည့်စဉ်းစားရပါမယ်။ လင်မယားကြားမှာဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေကြားမှာဖြစ်ဖြစ်၊ မိသားစုဝင် အချင်းချင်းကြားမှာဖြစ်ဖြစ်၊ တခြားဆက်ဆံရေးတစ်ခုခုမှာဖြစ်ဖြစ် ပဋိပက္ခတစ်ခုဖြစ်ကြတဲ့ ဘက်နှစ်ဘက်မှာ တစ်ဖက်ဖက်ကတော့ “ပြောအားတွေရှိ၊” “မာရည်ကျောရည်နိုင်”နေမှာ အသေအချာပါ။

အဲလို ပြောအားရှိပြီး မာရည်ကျောရည်နိုင်တဲ့ ဘက်တစ်ဖက်ကတော့ ဘယ်လိုနည်းနဲ့မှ ပြေလည်မှုကို စတင် ဖွေရှာမှာ မဟုတ်ပါဘူး။ မပြေလည်မှုကြောင့် ရရှိနိုင်တဲ့ အကျိုးဆက်က သူ့ကို ထိခိုက်စေနိုင်နေတဲ့တိုင် မာန်မာနဆိုတဲ့ မောဟ ဖုံးနေတဲ့အတွက်ကြောင့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ထားမျိုးတွေနဲ့ မာမြဲ မာ၊ တင်းမြဲ တင်းခံနေမှာပါ။

သည်အချိန်မှာ ပဋိပက္ခကို ငြီးစော်နံခြင်းမက နံမှန်းသိလာသူ၊ တစ်နည်းအားဖြင့် စိတ်ဓာတ်မူမှန်သူဘက်ကသာ ပြေလည်မှုကို စတင်ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

အလျှော့ပေးတာ

အဲသလို ပြေလည်မှုကို လိုချင်သူက ပဋိပက္ခကို ရပ်ဆိုင်းမယ်၊ ကွဲလွဲမှုကို ကွဲလွဲမှုအတိုင်း အသာလေး ထားလိုက်ပြီး ညှိယူမယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က အလျှော့ပေးတဲ့ အလုပ်ပါ။

တချို့က အလျှော့ပေးတာကို အရှုံးပေးတာနဲ့ရောထွေးနေတတ်ပါတယ်။ လက်တွေ့မှာ အလျှော့ပေးတာဟာ အရှုံးပေးတာ လုံးဝမဟုတ်မှန်း အလျှော့ ပေးတတ်သူတိုင်း သိပါတယ်။ အမှန်က တစ်ခါတလေများမှာ အလျှော့ပေးခြင်းဟာ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ ပြေလည်မှုလိုချင်သူများ မမေ့အပ်တဲ့ ကြားနေကျစကား တစ်ခွန်းလည်း ရှိပါသေးတယ်။ “လူ့အောက်ကျို့လို့ လူပိပြီး မသေနိုင်ပါဘူး”ဆိုတဲ့စကားပါ။ မိမိက ပြေလည်မှုကို လိုချင်ရိုးမှန်ရင် အလျှော့ပေးရုံမကဘဲ အောက်ကျို့တန်ကျို့ရဦးမှာကို မြင်ထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ပုဂ္ဂလိက မာန်မာနတွေကို ချရမှာပါ။

သည်နေရာမှာလည်း အထက်မှာ ရေလဲ သုံးဖြစ်ခဲ့တဲ့ “ယဉ်ကျေးမှု (တောမကျမှု)”က တော်တော် စကားပြောပါတယ်။ မာန်မာနထားတယ်ဆိုတာ အင်မတန် တောကျတဲ့ စိတ်ဓာတ် (very uncivilised attitude) မျိုးပါ။ တောမကျတဲ့ လူ့ဘောင်ဘဝ (civilised society) မှာ မာန်မာနက ပြုတ်စား၊ ကြော်စားလို့ မရတာမို့ မေ့ထားရမှာသာ ဖြစ်ပါတယ်။

အဲဒါကို မေ့လိုက်နိုင်ပြီဆိုရင် အလျှော့ပေးတာတို့၊ အောက်ကျို့တာတို့ အတွက် ဘာမှကို ရေးကြီးခွင့်ကျယ် ဖြစ်မနေတော့ဘဲ ပဋိပက္ခကို ရုတ်ချည်း ရပ်ချလိုက်ပြီး ပြေလည်မှု လမ်းပေါ်ကို စွေ့ခနဲ ခုန်တက်သွားနိုင်တော့မှာပါ။

နိဂုံး

ကျွန်တော် စဉ်းစားနေမိတဲ့ အတွေးစတွေကို စာလုံးတွေအဖြစ် ချရေးလိုက်တာပါ။

ပဋိပက္ခတွေ၊ ကတောက်ကဆတွေ၊ ပြဿနာတွေကို ငြီးငွေ့လာတာက စတယ်လို့ ဆိုရပါလိမ့်မယ်။

အဟုတ်ပါ။ တော်တော့်ကို ငြီးငွေ့လှပါပြီ။ ကမ္ဘာကြီးကလည်း ပြဿနာ လမ်းမပေါ်ကနေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို သိမ်သိမ်မွေ့မွေ့နဲ့ ကူးပြောင်းလို့ နေပါတယ်။ ကျွန်တော်တို့တွေကလည်း “ညီညွတ်ရေး”တို့၊ “ပူးပေါင်းဆောင်ရွက်ရေး”တို့ကို အသံကောင်း ဟစ်ရာမှာ သုံးစွဲတဲ့ စကားလုံးများလောက်သာ ယုံမှတ် အောက်မေ့ပြီး ပါးစပ်နဲ့ပဲ ရွတ်ဖြစ်နေကြတာက များနေပါသေးတယ်။

လက်တွေ့မှာတော့ အိမ်ထဲမှာလည်းကိုယ့် မိသားစုဝင်အချင်းချင်းက စောင်ချင် စောင်နေ၊ လမ်းပေါ်ကျတော့လည်း ဟိုဘက်အိမ်ကလူကို အမနာပ ပြောရင်ပြောဖြစ်နေ၊ မိမိ ကျင်လည် ကျက်စားဖြစ်နေရာ နယ်ပယ်မှာလည်း အချင်းချင်း မသင့်မတင့်ဖြစ်နေတာတွေနဲ့ အချိန်တွေ ကုန်ကုန်နေကြတာကို မြင်နေရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်း ဆိုတာကို သရုပ်ခွဲကြည့်မိသလို ပြေလည်မှုဆိုတာကိုလည်း စဉ်းစားကြည့်မိရပါတယ်။

တကယ်တော့ ပဋိပက္ခဖြစ်တယ်၊ ရန်ဖြစ်တယ်ဆိုတာဟာ ဖြစ်သူ နှစ်ဖက်စလုံးအတွက် ဘယ်သူ့ဘယ်သူမှ အကျိုးမရှိပါဘူး။ အချိန်ကုန်တာ၊ လူပန်းတာသက်သက်ပဲ ကျန်တတ်ပါတယ်။

သည်ကမှ တစ်ဆင့်တက်ပြီး ပဋိပက္ခကို အကွဲအပြဲအထိ သယ်ဆောင်သွားမိခဲ့ပြီဆိုရင်တော့ နှစ်ဘက်စလုံး ရှုံးသွားပါတော့တယ်။ တစ်ယောက်တည်း ဝါယမ စိုက်တာထက် နှစ်ယောက်ပေါင်း အားထုတ်တာက ပိုပြီး ထိရောက်တယ်ဆိုတာ ကလေးကအစ နားလည်နိုင်တဲ့ကိစ္စပါ။ ဘက်ပဲ့သွားတဲ့အခါ အဲသလို ထိထိရောက်ရောက် စွမ်းဆောင်နိုင်တဲ့ အားက အလိုလို လျော့သွားမှာမို့ ဘက်ပဲ့တဲ့ အခြေအနေမျိုးအထိ ရောက်မသွားရလေအောင် အကွဲအပြဲဆိုတာကို ရှောင်ရမှာပါ။ ညောင်ညိုပင် စခန်းဆိုရင် စက်ဆုပ်မုန်း တီးရကောင်းမှန်း သိတဲ့စိတ်နဲ့ အဝေးကြီးက ရှောင်ရမှာ ဖြစ်ပါတယ်။

ဆိုတော့ အကွဲအပြဲဆီအထိ ရောက်မလာအောင် ကွဲလွဲမှုက ငြင်းခုံမှု၊ ငြင်းခုံမှုကနေ ပဋိပက္ခအဆင့်လောက်မှာသာ ရပ်သင့်တယ်လို့ တွေးနေမိပါတယ်။ အမှန်ကတော့ ငြင်းခုံတဲ့ အဆင့်မှာ ရပ်နိုင်ရင် အကောင်းဆုံးပါပဲ။

အထက်မှာဆိုခဲ့သလို ပျော်ပျော်ရွှင်ရွှင်၊ ကြည်ကြည်သာသာ ငြင်းခုံခြင်းကတော့ အကျိုးရှိနိုင်သေးတာမို့ ငြင်းခုံတာမှာ အနိုင်ရလိုမှုကို ထည့်မစဉ်းစားဘဲ ငြင်းခုံနိုင်ဖို့ လိုပါတယ်။ ငြင်းခုံခြင်းကနေ ရှုထောင့်သစ်တွေ၊ အတွေးအမြင်သစ်တွေကို အမြတ်အဖြစ် ထုတ်ယူတတ်မယ်ဆိုရင် ငြင်းခုံခြင်းကနေ ပဋိပက္ခအဆင့်အထိ တက်သွားစရာ အကြောင်းမရှိတော့ဘူးလို့ တွေးမိနေရပါတယ်။

တကယ်တော့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ သဘောထားတွေ၊ လူမျိုးတွေ၊ ဘာသာအယူဝါဒတွေ၊ အသားအရောင်တွေ ဘယ်လိုကွဲနေကွဲနေ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့၊ ပါးစပ်က အစာစား၊ စကားပြောပြီး နှာခေါင်းနဲ့ အသက်ရှူကြတဲ့လူသားတွေချည်းပါပဲဆိုတဲ့ အခြေခံတူညီမှုလေးတွေလောက်ကို ခေါင်းထဲ ထည့်နိုင်ကြမယ်ဆိုရင် ညောင်ညိုပင်စခန်းတွေ အလိုလို ပျောက်ကုန်နိုင်တယ်လို့ ယုံကြည်နေမိပါတယ်။


ညောင်ညိုပင်စခန်းတွေက တချို့သော ဒေသတွေမှာ ကွယ်ပျောက်ကုန်ပါပြီ။ လောကကြီးတစ်ခုလုံးမှာ ညောင်ညိုပင်စခန်းတွေ လုံးလုံး ကွယ်ပျောက်သွားတဲ့ တစ်နေ့မှာ ကျွန်တော်တို့ အားလုံးလည်း အိပ်ကောင်းခြင်း အိပ်ရ၊ စားကောင်းခြင်း စားရ၊ နေကောင်းခြင်း နေရတဲ့ ဘဝမျိုးကို ရောက်သွားနိုင်မှာ သေချာနေတာမို့ ညောင်ညိုပင်စခန်းဟူသမျှ ဘယ်စခန်းမျိုးကိုမှ မလိုလားအပ်ဘူးဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

(၁၉၉၇ ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတောဆင်ခြင်မှု အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်တာပါ။)

The Real Heredity

ဝစီစရိုက် မျိုးရိုးလိုက်မှု

ကျွန်တော်တို့တွေက မွေးလာတဲ့ ကလေးလေးတွေမှာ ကျွန်တော်တို့ လက်မခံနိုင်တဲ့၊ လက်မခံချင်လှတဲ့ အမူအကျင့်တွေ၊ အပြောအဆိုတွေ တွေ့နေရပြီဆိုရင် အဲဒါတွေရဲ့အဓိက လက်သည်ကို အရင်ဆုံး မြင်ဖို့ လိုပါတယ်။


“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဘ”ဆိုတဲ့ စကားဟာ သေချာ စဉ်းစားလေလေ၊ သွေးထွက်အောင် မှန်လေလေပါ။ ကလေးတွေရဲ့ အကျင့်စရိုက် အတော်များများဟာ မိဘတွေဆီက အမွေဆက်ခံ ရရှိခဲ့တာသာ ဖြစ်ပါတယ်။ အထူးသဖြင့် ဝစီစရိုက်လို့ဆိုကြတဲ့ နှုတ်ချိုခြင်း၊ နှုတ်ကြမ်းခြင်း၊ ဆဲတတ်ခြင်း၊ ယဉ်ကျေး ပျူငှာခြင်း၊ တိုးတိုးသက်သာ ပြောတတ်ခြင်း၊ အော်ကြီး ဟစ်ကျယ် လုပ်တတ်ခြင်းအစရှိတဲ့ “နှုတ်မှုအကျင့်”ဟူသမျှဟာ မိဘဆီက အပြည့်အဝ အမွေ ဆက်ခံရတတ်စမြဲ (ဝါ) မျိုးရိုးလိုက်တတ်မြဲ ဖြစ်ပါတယ်။

မိဘလုပ်တဲ့သူကတော့ “ရော့… အင့်… ယူလဟဲ့။ မှတ်လဟဲ့”လို့ အတိအကျကြီး ပေးလိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှန်းမသိခင် အကလေးဘဝကတည်းက မြင်နေ၊ ကြားနေရတော့ မသင်ဘဲနဲ့ အလိုလို တတ်လာတဲ့သဘောပါ။

သည်နှုတ်မှုစရိုက်တွေအားလုံး မိဘတွေဆီက အမွေရလိုက်တယ်ဆိုတာအတွက် ဘယ်သူမှ မငြင်းသာတဲ့ အထင်ရှားဆုံး ဥပမာကို ပြရမယ်ဆိုရင် ဘာသာစကား တတ်မြောက်မှုပါပဲ။ မြန်မာကလေးတွေဟာ မြန်မာစကားကို သင်စရာ မလိုဘဲ တတ်လာသလို  တရုတ်ကလေးတွေ၊ ကုလားလေးတွေ၊ တခြား ဘာသာစကား ပြောတဲ့ လူမျိုးအသီးသီးရဲ့ ကလေးတွေဟာလည်း သက်ဆိုင်ရာ ဘာသာစကားအသီးသီးကို မသင်ဘဲ တတ်လာခဲ့တာဟာ မိဘဆီက နှုတ်မှုစရိုက်ကို အပြည့်အဝ အမွေဆက်ခံတဲ့ သဘောပါပဲ။

ကလေးငယ် စကား မတတ်ခင်ကတည်းက သူ့နားထဲကို ဝင်နေတဲ့ ဘာသာစကားတွေကို သူ့ဦးနှောက်ကလေးနဲ့ လိုက်မှတ်ထားပြီး ဖြစ်ပါတယ်။ သူလည်း စကား ပြောတတ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲလို မှတ်သားထားတဲ့ စကားလုံးတွေကို ချပြောကြည့်တော့တာပါ။ ပြောတတ်စမှာ နေ့စဉ်နဲ့ အမျှ အသစ်တိုးနေတဲ့ ဝေါဟာရတွေ၊ ဝါကျတွေကိုလည်း မှတ်နေတုန်းပါပဲ။ မှတ်ရုံတင်မကဘဲ အလျဉ်းသင့်ရင် သင့်သလို သူပြောတဲ့အခါမှာလည်း ထည့်သုံးနေတတ်ပါတယ်။
အဲဒီ့ကမှတစ်ဆင့် ကျောင်းနေတဲ့အခါ၊ အိမ်ထက် ပိုမိုကျယ်ဝန်းတဲ့ လူ့လောကထဲကို ရောက်လာတဲ့အခါ၊ စာအုပ်တွေ ဖတ်လာတဲ့အခါ၊ ရုပ်ရှင် ဗီဒီယိုတွေ ကြည့်လာတဲ့အခါများမှာ မိမိ နှစ်သက် သဘောကျတဲ့ စကားလုံးလေးတွေ၊ ဝါကျလေးတွေ၊ စာတန်းလေးတွေကို တမင် ကျက်နေစရာ မလိုဘဲ မှတ် မှတ်နေတော့တာများ သေတဲ့အထိကို မှတ်လို့ မဆုံးနိုင်အောင်ပါပဲ။

ဒါပေမယ့် ကြီးမှ ဘယ်လို မှတ်မှတ်၊ တကယ့် အခြေခံဖြစ်တဲ့ မိခင် ဘာသာစကား တတ်မြောက်မှုကျတော့ မိဘတွေဆီက ပြည့်ပြည့်ဝ၀ အမွေရခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မိဘတွေဆီက မဟုတ်ရင်တောင် မွေးစကတည်းက ကလေးနဲ့ လက်ပွန်းတတီးနေခဲ့ရတဲ့ အဘိုးအဘွားတွေ၊ အဒေါ်တွေ၊ သားချင်းတွေ၊ ကလေးထိန်းတွေဆီက ဘာသာစကား တတ်လာရတာ အသေအချာပါ။

မိဘအများ စဉ်းစားစရာ

ဘာသာစကားဆိုတဲ့ လူ့ဘဝရဲ့အခြေခံ ကိရိယာတစ်ရပ်လို ကြီးမား ကျယ်ပြန့်လှတဲ့ စွမ်းရည်တစ်ရပ်ကိုတောင် မိဘဆီက အမွေဆက်ခံ ရရှိခဲ့သေးတာ။ အဲဒီ့ ဘာသာစကားကို သုံးစွဲတဲ့ လေယူလေသိမ်း၊ စကားလုံး ရွေးချယ်မှု၊ အသံ အတိုးအကျယ်စတဲ့ ဘာသာ စကားသုံးစွဲမှုကို ပံ့ပိုးနေတဲ့ အခြားအင်္ဂါရပ်တွေမှာလည်း ကလေးတွေဟာ မိဘတွေ၊ ဒါမှမဟုတ် သူတို့နဲ့ လက်ပွန်းတတီးနေကြသူတွေဆီက ပုံတူကူးချ ရရှိလိုက်တယ်ဆိုတာဟာလည်း ဘယ်လိုမှ အငြင်းမပွားနိုင်တဲ့ အချက်ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ မိဘလုပ်တဲ့သူတွေက သည်အချက်ကို မသိချင်ယောင်ဆောင်မိနေတတ်ကြပါတယ်။ တကယ် မသိတာလည်း ဖြစ်နိုင်သလို မိမိကိုယ်ကိုကျ အမြဲတစေ တစ်ကွက်ချန် တွေးတတ်တဲ့ လူ့သဘာဝကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တစ်ယောက်က လူပုံအလယ်မှာ မဖွယ်ရာတဲ့ စကားတစ်ခွန်းကို ပြောချလိုက်တဲ့အခါ မိဘလုပ်တဲ့သူတွေက ခပ်ရှက်ရှက်နဲ့ “အို… သည်ကလေး ဒါတွေကို ဘယ်က တတ်လာတယ် မသိဘူး”လို့  ညည်းချင်း ချတတ်ပါတယ်။ အမှန်က မိဘတွေကိုယ်တိုင်ဆီက၊ ဒါမှမဟုတ်ရင်လည်း ကလေးနဲ့ လက်ပွန်းတတီး နေတဲ့ ပတ်ဝန်းကျင်က ရလာတာဟာ အင်မတန်ကို သေချာတဲ့အချက်ပါ။

ဒါကြောင့် မိမိတို့ရဲ့ကလေးတွေ ဘယ်အရွယ်ကို ရောက်နေပါစေ။ ကလေးတွေမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အမူအကျင့်၊ အပြောအဆို တစ်ခုခုကို တွေ့လိုက်ရပြီဆိုတာနဲ့ မိဘတွေဘက်က ပထမဆုံး စဉ်းစားသင့်တဲ့အချက်က အဲဒီ့အပြုအမူ၊ အပြောအဆိုကို ကိုယ်ကိုယ်တိုင်ကရော ကျူးလွန်တတ်သလား ဆိုတာကိုပါ။

ကိုယ့်မှာ အဲလို အကျင့်ရှိမှန်း သေချာသွားရင် ဒုတိယ ဆက်စဉ်းစားဖို့ ကောင်းတာက အဲဒီ့အကျင့်ကို ဘယ်က ရခဲ့သလဲဆိုတာကိုပဲ ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင်လည်း အဲလို အကျင့်ကို ကိုယ့်မိဘတွေဆီက ရခဲ့တာဖြစ်ဖို့က ရာခိုင်နှုန်း အတော်များများ သေချာနေပါတယ်။

ရောဂါရဲ့ဇစ်မြစ်ကို အသေအချာသိပြီဆိုရင် ကုဖို့ လွယ်တတ်သလိုပါပဲ။ အခုလို ကိစ္စမျိုးတွေမှာလည်း ကိုယ့်ဆီမှာ ရှိတဲ့ အကျင့်ဆိုးတွေကို သတိထားကြည့်လို့ မြင်လိုက်ပြီဆိုတာနဲ့ ကိုယ့်သားသမီးကို ပြုပြင်ဖို့ထက် မိမိကိုယ်ကို ပြင်ဖို့ အရင်ဦးဆုံး အားထုတ်နိုင်ပါလိမ့်မယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ သားသမီးကိုလည်း ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို သေချာဃန ချပြပြီး ဆွေးနွေး ညှိနှိုင်းယူခြင်းအားဖြင့် ပြုပြင်ဖို့ ကြိုးစားနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ “ငါပြောသလို လုပ်။ ငါလုပ်သလို လိုက်မလုပ်နဲ့”တို့၊ “ငါတို့ကတော့ သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေပြီမို့ ပြင်လို့ မလွယ်တော့ဘူး၊ မင်းတို့သာ လူ့ဘဝမှာ လူဆက်လုပ်ရဦးမှာမို့ ပြင်ခိုင်းနေရတာ”တို့ဟာ တော်တော် လက်လွတ်စပယ်နိုင်တဲ့ ဆုံးမနည်းမျိုးပါ။ ကိုယ် ကိုယ်တိုင် မလိုက်နာနိုင်တဲ့၊ မကျင့်သုံးနိုင်တဲ့ စည်းကမ်း တစ်ရပ်၊ ကျင့်စဉ် တစ်ခုကို ချမှတ်တယ်ဆိုတာဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ လူ့အန္ဓများသာ ကျူးလွန်တတ်မြဲ ဖြစ်ပါတယ်။

စိတ်မှတ်မဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးလိုက်ခြင်းသဘော

လူတိုင်းမှာ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိပါတယ်။ မြင်သာ ထင်သာအောင် ပြောရရင် နှာချေတဲ့အခါ၊ ယားတတ်သူရဲ့ ခါးကို တို့လိုက်တဲ့အခါမျိုးတွေမှာ နှုတ်က အမှတ်တမဲ့ ထွက်လာတတ်တဲ့ စကားလုံးတွေဟာ အထင်ရှားဆုံး စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေပါပဲ။ ထိုနည်းလည်းကောင်းပဲ၊ တစ်စုံတစ်ခု လွတ်ကျသွားတဲ့အခါ၊ ရုတ်တရက် ထိတ်လန့်စရာ တစ်ခုခု၊ နာကျင်မှု တစ်ခုခု၊ ရယ်စရာတစ်ခုခု ကြံရတဲ့အခါ၊ အံ့ဩသွားတဲ့အခါမျိုးတွေမှာလည်း စိတ်မှတ်မဲ့ တုံ့ပြန်တတ်ကြစမြဲပါပဲ။ အဲဒီ့ကမှ တစ်ဆင့်တက်ပြီး စိတ်တိုတဲ့အခါ၊ ဝမ်းသာတဲ့အခါ၊ ဝမ်းနည်းတဲ့အခါမျိုးတွေမှာလည်း လူတို့ဟာ ဖြစ်လာတဲ့ ခံစားမှုကို စိတ်မှတ်မဲ့နည်း တစ်မျိုးမျိုးနဲ့ ထွက်ပေါက်ပေးကာ တုံ့ပြန်တတ်ကြပါသေးတယ်။

“ဟတ်ချိုး ဆိတ်ဖွား၊ အသက်တစ်ရာ၊ အနာမရှိ၊” “ဟတ်ချိုး ဘုရား၊” “ဟဲ့… သောက်ပလုတ်တုတ်၊” “အာယိုယို၊” “သေလိုက်ပါလား၊” “အမေ့၊” “Whoops a daisy!” “Oh, my god!” “Bless you!” “What the hell!” တို့မှအစ အယုတ္တ အနတ္တ ဆဲသံမျိုးစုံအဆုံး လူအားလုံးဟာ ရုတ်တရက် ကြုံတွေ့ ရင်ဆိုင်ရတဲ့ ကိစ္စ တစ်ရပ်ရပ်အပေါ်မှာ တစ်နည်းနည်းနဲ့ တုံ့ပြန်ပြတတ်ကြပါတယ်။

တချို့ကျတော့ အသံနဲ့တင် မကပါဘူး၊ ကိုယ်အမူအရာနဲ့ပါ တုံ့ပြန်တတ် ပါသေးတယ်။ မိန်းကလေး အတော်များများဆို သူတို့မခံချင်တာ တစ်ခုခုကို ပြောရင် ပြောသူကို လှမ်းပြီး ပုတ်တာမျိုး၊ တချို့ယောက်ျားလေးတွေက လက်သီးနဲ့ ရွယ်လိုက်တာမျိုးတွေလည်း ရှိပါတယ်။ အလွယ် ပြောရင်တော့ “ယောင်”ပြီး လုပ်မိတဲ့ ကယောင်ကတမ်း တုံ့ပြန်မှုကို စိတ်မှတ်မဲ့တုံ့ပြန်မှု (reflex) လို့ ဆိုလိုတာပါ။

အဲလို စိတ်မှတ်မဲ့ တုံ့ပြန်ကြရာမှာ ရေရွတ်ကြတဲ့ စကားလုံးတွေ၊ လှုပ်ရှားကြတဲ့ ကိုယ်အမူအရာတွေ အတော်များများဟာလည်း အတုမြင်၊ အတတ်သင် ဆိုသလို လူတစ်ယောက်ရဲ့စိတ်အာရုံမှာ စွဲမြဲ ထင်ဟပ် ကပ်ငြိနေတဲ့ နမူနာ တစ်ခုခုအပေါ်မှာ အခြေခံပါတယ်။

များသောအားဖြင့် မိခင်ရဲ့နမူနာကို လူအတော်များများက အတုခိုးဖြစ်သွားတတ်ကြပါတယ်။ မိခင်က “ပလုတ်တုတ်”လို့ ယောင်တတ်ရင် သားသမီးတွေလည်း လိုက်ပြီး “ပလုတ်တုတ်”ချင်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သည်အချက်ဟာ အပြည့်အဝမှန်တယ်လို့တော့ အပြောရ ခက်ပါလိမ့်မယ်။ တချို့ ကလေးငယ်လေးတွေမှာ မိခင်၊ ဖခင်တို့ ယောင်ယမ်းလေ့ မရှိတဲ့ ဝေါဟာရမျိုးနဲ့ ယောင်တတ်ကြတာကို တွေ့ရလို့ပါပဲ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ကလေးတို့ဘဝမှာ နီးစပ်ရာ လူတစ်ဦးဦးရဲ့ ယောင်တတ်ပုံကို သံယောင်လိုက်ရာက စတင်တယ်ဆိုတာပါပဲ၊ မိခင်၊ ဖခင် မဟုတ်တောင် အဘိုး၊ အဘွား၊ အဒေါ်၊ ဦးလေး၊ ကလေးထိန်း စသူများရဲ့ ယောင်ပုံလေးတွေကို တမင်ကလာမဟုတ်ဘဲ အလိုလို အတုခိုးမိရာက လူတစ်ယောက်ရဲ့ယောင်တတ်မှု (ဝါ) စိတ်မှတ်မဲ့ တုံ့ပြန်မှုအသီးသီးကို ရရှိလာပါတယ်။


အဲဒီ့ကမှတစ်ဆင့် မိသားစုဘဝထက် ပိုမိုကျယ်ဝန်းတဲ့လူ့ဘောင် ဘဝထဲကို ရောက်လာတဲ့အခါ ကျောင်းက၊ အရပ်ထဲက လူတစ်ဦးဦးရဲ့ တုံ့ပြန်ပုံကို အမှတ်တမဲ့ ပုံတူကူးဖြစ်သွားတတ်ပြန်ပါတယ်။ လူဆိုတာက ပတ်ဝန်းကျင်ကိုလိုက်ပြီး တုံ့ပြန်တတ်ကြစမြဲဖြစ်လေတော့ကာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်ဖြစ်နေအောင် လူ့ရဲ့ မွေးရာပါ အငုံ့စိတ်က အလိုလိုလိုက်ပြီး ပြုပြင်နေထိုင်သွားတတ်တာမျိုးပါ။

နှုတ်ကြမ်း အာကြမ်းနဲ့ ပါးစပ်သရမ်းတဲ့ ဝန်းကျင်မှာ ကျင်လည်နေဖြစ်ရင်လည်း အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်၊ ကိုယ်တိုင်လည်း နှုတ်သရမ်း၊ အာကြမ်းလာတော့မှာ အသေအချာပါပဲ။

ဒါက ယောင်တာ၊ ဆဲတာ အစရှိတဲ့ စိတ်မှတ်မဲ့တုံ့ပြန်ပုံ အနုစားလေးတွေနဲ့ ပတ်သက်လို့ ကူးစက်ပုံပါ။

ခံစားမှုများကို တုံ့ပြန်ပုံများ မျိုးရိုးလိုက်မှုသဘော

အဲဒီ့ကမှတစ်ဆင့်တက်ပြီး စိတ်ခံစားမှုများအပေါ် တုံ့ပြန်ပုံတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ။ ဒါပေမယ့် အဲသလို စိတ်ခံစားမှု အသီးသီးကို တုံ့ပြန်ရာမှာကျတော့ ယောင်ယမ်းတာလိုကြီးမှာလိုမျိုး မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး အတုမြင်အတတ်သင်ယူတာမျိုး နည်းပါးတတ်ပါတယ်။

စိတ်ခံစားမှုကို တုံ့ပြန်ကြရာမှာတော့ ယောင်ယမ်းတာထက် အများကြီး ပိုလို့ အချိန်ယူပြီး ကူးယူ၊ ပွားယူထားတဲ့ “စရိုက်”ဆိုတာက အဓိက အခန်းကဏ္ဌမှာ ပါဝင်နေပါတယ်။  လူတစ်ယောက်ရဲ့ငယ်ဘဝ၊ အထူးသဖြင့် မွေးစမှသည် ငါးနှစ်ရွယ် အတောအတွင်းမှာ နီးစပ်ပတ်သက်ရတဲ့ ပတ်ဝန်းကျင်က အဲဒီ့လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် တုံ့ပြန်ပုံအမျိုးမျိုးကို ပုံသွင်းယူလိုက်ပါတယ်။

တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ပထမ ငါးနှစ်တာကာလအတွင်းမှာ နီးစပ်ရတဲ့ မိခင်၊ ဖခင်တို့ရဲ့စရိုက်၊ အတူနေသူ ဆွေမျိုး ဉာတကာများရဲ့ စရိုက်၊ ကလေးထိန်းများရဲ့စရိုက်တွေဟာ အဲဒီ့လူဆီမှာ စွဲမြဲလာလေမယ့် တုံ့ပြန်ပုံအလုံးစုံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားတတ်စမြဲပါပဲ။

ဒါကြောင့် စိတ်တို၊ စိတ်ဆတ်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက်ဟာ စိတ်ရှည်သူ ဖြစ်လာဖို့ အင်မတိ အင်မတန် ခဲယဉ်းလှသလို သဘောမနော ကောင်းတဲ့ မိသားစုက ဆင်းသက်လာတဲ့ ကလေးငယ် တစ်ယောက်မှာလည်း ဆိုးရွားတဲ့ သဘောထားတွေ ပါလာဖို့ ဖြစ်နိုင်ချေ အင်မတန် နည်းပါတယ်။

“အဖေ၊ အမေလည်း သည်လောက် သဘောမဆိုးပဲနဲ့ သည်ကလေးကျမှ ဘယ်လိုလုပ်ပြီး အကျင့်တန်နေသလဲ မသိဘူး”ဆိုတဲ့ စကားမျိုးကို မိသားစုတချို့မှာ ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့မှာ အဖေ အမေ ကိုယ်တိုင်က အဟုတ် မဟုတ်လို့သာ ကလေးတွေလည်း မူမမှန်တာကိုပဲ တွေ့ရပါတယ်။ လူဆိုတာက မိမိကိုယ်ကိုကျတော့ အမြဲ ဖော့တွေးတတ်နေလေတော့ တစ်ခုခုဆို ကလေးကိုပဲ အပြစ်တင်ဖို့ အားထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်တော့ လူဆိုးစာရင်းထဲ သွင်းဖို့ စဉ်းတောင် မစဉ်းစားမိတတ်ကြပါဘူး။

နမူနာတွေ

သိမ်မွေ့ယဉ်ကျေးတဲ့ မိဘတွေကမွေးဖွားလာရင် ကလေးတွေလည်း သိမ်မွေ့ ယဉ်ကျေးတာကို တွေ့နိုင်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝ ပတ်ဝန်းကျင်မှာ တစေ့တစောင်း သတိထားကြည့်ရင် မြင်သာမှာပါ။ ထို့အတူ “အမိယုတ် နှုတ်ကြမ်း၊ အဘယုတ် လက်ကြမ်း” ဆိုတဲ့ ဆိုရိုးဟာလည်း အမှန်ပါပဲ။

နမူနာပြရပြန်ရင် ကျွန်တော်ဟာ အင်မတန် စိတ်မြန်တယ်၊ စိတ်တိုတယ်၊ ဒေါသကြီးတယ်။

စိတ်တိုရင် အော်ကြဟစ်ကြ၊ ဆဲကြဆိုကြ၊ ရိုက်ကြ နှက်ကြတဲ့ မိသားစုမှာ ကျွန်တော် ပေါက်ဖွားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း စိတ်တိုတဲ့အခါ အော်ဟစ်ဖို့၊ ဆဲဆိုဖို့၊ ရိုက်နှက်ဖို့ အခါခပ်သိမ်း အားထုတ်နေမိတတ်ပါတယ်။ ကျွန်တော်တင်လားဆိုတော့ မဟုတ်ဘူး၊ ကျွန်တော်က မွေးထားတဲ့၊ လက်တောက်လောက်ပဲ ရှိရှာကြသေးတဲ့ သားနဲ့ သမီးကလည်း စိတ်တိုရင် အော်ဟစ်နေတတ်ကြပြီ။ မျိုးရိုးလိုက်တယ်ဆိုတာ အဲလို အတုမြင်အတတ်သင်ရင်းက အကျင့်ဆိုးတွေ ကူးစက်ကုန်တာကို ခေါ်တာပါ။

ကျွန်တော် အရမ်း ဒေါသဖြစ်လာတဲ့အခါတွေမှာ ရိုက်ချင် ပုတ်ချင်တဲ့ စရိုက်ကြမ်းကြီးနဲ့ ဖြစ်နေတာကိုသတိထားမိပါတယ်။ ဒေါသက ငယ်ထိပ်ကို ရောက်သွားတဲ့အခါမျိုးမှာတော့ ဘာကိုမှ မမြင်မိတော့အောင် ဖြစ်နေပါတယ်။ ကားမောင်းနေခိုက်မှာများ ဒေါသဖြစ်လို့ကတော့ တွေ့ကရာ အကုန် မဲတတ်ပါတော့တယ်။ သာမန်အချိန်မှာ စည်းကမ်း လိုက်နာဖို့ အမြဲတစေ သတိထားတတ်ပေမယ့် ဒေါသ ထွက်နေတဲ့အခါမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းတွေကိုလည်း ဖောက်ချင် ဖောက်မိတတ်တယ်။

ကားမောင်းကြမ်းတာကတော့ ကျွန်တော့်ရဲ့ မူပိုင် စရိုက်လို့တောင် ဆိုနိုင်ပါတယ်။ ဒေါသထွက်ရင်တော့  ကြမ်းတဲ့အဆင့်ကနေ ရမ်းတဲ့အဆင့်အထိ တက်သွားတတ်တယ်။

သေချာ စဉ်းစားကြည့်တော့ အဲဒီ့စရိုက်က ကျွန်တော့်အဖေရဲ့စရိုက်။ အဖေ စိတ်တိုရင်လည်း ကျွန်တော့်လိုပဲ၊ ကားမောင်းတာ တအားကြမ်းလာ၊ ရမ်းလာတတ်တယ်။
ကျွန်တော့်ကို ကားမောင်းသင်ပေးသူက ကျွန်တော့်အဖေ၊ အဲတော့ စိတ်တိုရင်လည်း ကားကို ခပ်ရမ်းရမ်း၊ ခပ်ကြမ်းကြမ်း မောင်းခြင်းဖြင့် ကိုယ့်စိတ်ကို ထွက်ပေါက် ပေးရမယ်လို့ အဖေက အထူး မသွန်သင်ဘဲနဲ့ ကျွန်တော့်မှာ အလိုလိုတတ်လာတာလည်း သဘာဝကျပါတယ်။

အလားတူပဲ၊ စိတ်တိုလာရင် ကိုယ်အမူအရာပါ ကြမ်းတမ်းလာတာလည်း အဖေ့စရိုက်ပါပဲ။ ရိုက်မယ် နှက်မယ်၊ အော်မယ် ဆဲမယ်ဆိုတာလည်း အဖေ့ဆီက ရတဲ့ အမွေလို့ အတိအကျ ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်က ကျွန်တော့်အိမ်သူနဲ့ အကြီးအကျယ် ရန်ဖြစ်တဲ့အခိုက်မှာ အဲဒါကို ကျွန်တော် သွားတွေ့တာပါ။ ဆန်းတော့ တော်တော်ဆန်းပါတယ်။ ရန်ဖြစ်နေတုန်းမှာပဲ ကျွန်တော်ဟာ မိမိကိုယ်ရဲ့ အပြင်ဘက်ကို လွင့်ထွက်သွားသလို ဖြစ်သွားပါတယ်။ ပြီးတော့ ဒေါသ အပြည့်နဲ့ မာန်ဖီနေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ထင်းထင်းကြီး မြင်လိုက်မိသလို ဖြစ်သွားပါတယ်။ ကျွန်တော့် မျက်နှာထား၊ ကျွန်တော့် ခြေဟန် လက်ဟန်၊ ကျွန်တော့်နှုတ်က ထွက်နေတဲ့ အသံနဲ့ စကားလုံးတွေ၊ အလုံးစုံဟာ ကျွန်တော် မဟုတ်ဘဲ ကျွန်တော့်ကိုယ်နဲ့ အဖေ့ရုပ်ကြီး ဖြစ်နေတာကို အလန့်တကြား တွေ့လိုက်ရတာပါ။

ဘဝမှာ အဲသလောက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ် ရွံရှာ မုန်းတီးတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အဲလိုလည်း ပြန်မြင်လိုက်မိရော တော်တော့်ကို စိတ်ပျက်သွားခဲ့ပါတယ်။ သည်မှာတင် အဲသည့်နေ့က စပြီး လင်မယားရန်ဖြစ်တဲ့အခါ လက်မပါမိတော့အောင် အောင်အောင် မြင်မြင် ဆင်ခြင်သွားနိုင်ခဲ့ပါတော့တယ်။ (ယနေ့ ဒုတိယအကြိမ် ထုတ်ဖို့ အတွက် ပြင်ဆင်ရေးသားနေချိန်ဖြစ်တဲ့ ၂၀ဝ၃ခုနှစ် နှစ်ဦးကာလမှာဆိုရင် အဲလို အောင်မြင်စွာ ဆင်ခြင်နိုင်ခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ရုံမက ကိုးနှစ်တာအတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။)

ကျွန်တော့်နည်းတူပဲ အင်မတန် စိတ်မြန်ပြီး စိတ်တိုလွယ်တဲ့ မိတ်ဆွေရင်း တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူစိတ်တိုရင် မျက်နှာထားပဲ ပြောင်းသွားပြီး စကားသံ မထွက်တော့တာကို ကောင်းကောင်း သတိထားမိနေတယ်။

ဒါနဲ့ တစ်ခါကျတော့ ကျွန်တော် သူ့ကို မေးကြည့်မိတယ်။ “ခင်ဗျား အဖေရော စိတ်တိုရင် ဘာလုပ်တတ်သလဲ“လို့။ “အဖေ စိတ်တိုရင် စကား မပြောတော့ဘူးဗျ။ စိတ်တိုသွားပြီဆိုတာနဲ့ အဖေက သူ့ဘာသာ တစ်ယောက်တည်း နေနေတော့တာပဲ။ အဲဒီ့ထက် ပိုပြီး စိတ်တိုလာရင်တော့ အဖေက ပတ္တလား တီးနေတတ်တယ်။ အဖေ့ ပတ္တလားသံ ကြားရုံနဲ့ တစ်အိမ်လုံးကလည်း အဖေ စိတ်တိုနေပြီဆိုတာကို သိကြတယ်”လို့ သူ ပြန်ဖြေပါတယ်။

ကောင်းလိုက်တာ၊ သူတို့ မိသားစုဘဝလေးကို အားကျလိုက်တာ။

အိမ်ထောင်ရေး မျိုးရိုးလိုက်မှု

အိမ်ထောင်ရေး မျိုးရိုးလိုက်မှုကလည်း ကြောက်စရာ ကောင်းအောင် ခိုင်ခိုင်မာမာ ရှိနေတာကို တွေ့ရပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေရင် အဲဒီ့မိဘမျိုးက ပေါက် ဖွားလာတဲ့ သားသမီးရဲ့အိမ်ထောင်ရေးလည်း အဆင်မပြေတတ်တာကို သတိထားကြည့်ရင် မြင်နိုင်ပါသေးတယ်။ အဖေလုပ်တဲ့သူက အိမ်ထောင် တစ်ဆက်မက ထူမယ်ဆိုရင်လည်း သားလုပ်တဲ့သူဟာ တစ်လင် တစ်မယား စနစ်ကို လိုလိုချင်ချင် လက်ခံ ကျင့်သုံးဖို့ ခဲယဉ်းနေတတ်ပြန်တယ်။

အလားတူပဲ မိခင်လုပ်သူက အိမ်ထောင်ရေးမှာ သစ္စာမဲ့ခဲ့ဖူးရင် သူက မွေးလာတဲ့သမီးမှာလည်း အိမ်ထောင်ရေးသစ္စာ ချို့ယွင်းဖို့ ရာခိုင်နှုန်း များနေတတ်တယ်။
ချွင်းချက်တော့ ရှိပါတယ်။ ဖောက်ပြန်သူက ယောက်ျားသားဖြစ်ပြီး သားလုပ်သူက မိခင်ကို အလွန်ချစ်တဲ့ သားမျိုးဖြစ်နေခဲ့ရင်တော့ သူယူတဲ့ မိန်းမအပေါ် စာနာစိတ်နဲ့ ဆင်ခြင်သွားနိုင်သလို ဖောက်ပြန်သူက မိန်းမသားဖြစ်ပြီး သမီးလုပ်သူက ဖခင်ရဲ့ခံစားချက်တွေကို စာနာ သနားနေမိခဲ့ပြန်ရင်လည်း အဲလို မျိုးရိုးလိုက်ချင်တဲ့ စရိုက်မျိုး ပျက်ကောင်း ပျက်သွားနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် သမီးက မိခင်ကို၊ သားက ဖခင်ကို စံပြအဖြစ် အတုယူ အားကျတဲ့စိတ်က သိပ်ကြီးမားနေခဲ့မယ်ဆိုရင်တော့ မိခင်၊ ဖခင်တို့က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ကျူးလွန်ရင် သူတို့လည်း ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။

နောက်တစ်ချက်က နောင်တစ်ချိန် လူကြီးဖြစ်လာမယ့် ကလေးတွေရဲ့ စိတ်မှာ အိမ်ထောင် တစ်ဆက်မက ထူတာဟာ ဘာမှ မထူးဆန်းဘူးလို့ တွေးလိုက်မိသွားအောင် မိဘတွေဘက်က အမှတ်တမဲ့ ရိုက်သွင်းပေးလိုက်သလိုလည်း ဖြစ်သွားတတ်ပါသေးတယ်။

အဲဒါလည်း အတွေ့အကြုံအရ ပြောတာပါ။ ကျွန်တော့် ဆွေနီးမျိုးစပ်ထဲမှာ အဲသလို အဖြစ်မျိုး ရှိနေတယ်။ အဘိုးလုပ်သူက ပထမ အိမ်ထောင်နဲ့ သားတစ်ယောက်၊ သမီး တစ်ယောက် ရတယ်။ ပထမအိမ်ထောင် တိမ်းပါးသွားတော့ အိမ်ထောင်သစ် ထူပါတယ်။ သမီး လုပ်တဲ့သူကတော့ အဒေါ် အပျိုကြီးတွေရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာမို့ အပျိုကြီးဘဝနဲ့ အရိုးထုတ်သွားပါပြီ။

သားလုပ်တဲ့သူက အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးတယ်။ သမီးလေး အပျို မဖြစ်တဖြစ်မှာ ပထမ အိမ်ထောင် ဆုံးသွားပြန်တော့ နောက် အိမ်ထောင်ထူတယ်။ မကြာပါဘူး၊ သမီးလုပ်သူလည်း အရွယ်မတိုင်ခင် အိမ်ထောင်ကျသွားတယ်။

သမီးက အဲဒီ့အိမ်ထောင်နဲ့ လေး-ငါး-ခြောက်နှစ် ပေါင်းပြီး ကလေး နှစ်ယောက်အရမှာ ကွဲသွားတယ်။ နောက်အိမ်ထောင် ထပ်ပြုတယ်။ ကလေး တစ်ယောက် ထပ်ရတယ်။ မကြာပါဘူး၊ နောက်အိမ်ထောင်ရဲ့လက်ထဲကနေ တခြား ယောက်ျားတစ်ယောက်နောက်ကို လိုက်ပြေးပြန်တဲ့ သတင်း ကြားလိုက်ရပြန်တယ်။

အဘိုးကတည်းက စလာလိုက်တဲ့ ဇာတ်လမ်း၊ မြေးအထိ အခန်းဆက်နဲ့ သွားလို့ ကောင်းနေတုန်း။ ဒါနဲ့ ကျွန်တော်လည်း သတိရလို့ သိမီသူတွေကို ပြန်မေးကြည့်တော့ အဘိုးတောင် မကဘူး၊ အဘိုးရဲ့ အဖေ၊ လင် သုံး ယောက်ယူတဲ့ မိန်းကလေးရဲ့ “ဘေး”တော်ကြီး ကိုယ်တိုင်ကလည်း အိမ်ထောင် နှစ်ဆက် ရှိခဲ့ပါသတဲ့ခင်ဗျ။

အောင်မလေး… အိမ်ထောင်ရေး မျိုးရိုးလိုက်တတ်ပုံများ၊ ကြောက်စရာ ကောင်း ကောင်းသေးတော့။

 

မျိုးရိုးလိုက်ခြင်းကို ပြင်လို့ ရနိုင်၊ မရနိုင်

သာမန်အားဖြင့်တော့ ပြင်လို့ မရဘူးလို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ တကယ် ပြင်ချင်စိတ်ရှိရင် ပြင်လို့ ရတာကို တွေ့ရပါတယ်။ ကျွန်တော့် ကိုယ်တွေ့ကို အခြေခံပြီး ပြောတာပါ။

ကျွန်တော့်အဖေဘက်က မျိုးရိုးဟာ အရိုက်အနှက်ကို အလွန် ဝါသနာ ထုံကြတဲ့အမျိုးပါ။ သားသမီးတင်မကဘဲ ဇနီး မယားကိုပါ ရိုက်နှက်ကြတဲ့ အထိပါ။ အဖေ့ဘက်က မျိုးရိုးလိုက်ပြီး ကျွန်တော်လည်း အကြမ်းဖက်တဲ့ နည်းနဲ့ ဒေါသတွေကို အထုပ်ဖြည်တဲ့ အလုပ်ကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ဖူးကြောင်း အဖန်ဖန် ဝန်ခံခဲ့ပြီးပါပြီ။ ဒါပေမယ့် အမေ့ကို အဖေ ရိုက်နှက် နှိပ်စက်ခဲ့စဉ်က အဖေ့ လုပ်ရပ်အပေါ် သိပ်ကို ရွံမုန်း စက်ဆုပ်ခဲ့ဖူးပါတယ်။ အဲလို ရွံရှာ စက်ဆုပ်ဖူးတဲ့အမှုကိုပဲ ကိုယ်တိုင် ကျူးလွန်မိနေမှန်း သတိထားမိလာတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်း ဆုံးမလိုက်နိုင်ပြီး ဇနီး မယား၊ သမီးသားတွေကို ရိုက်နှက်ဆုံးမတဲ့ အလုပ်ကို တစ်သက်စာ စွန့်လွှတ်နိုင်ခဲ့ပါတယ်။

အဲဒီ့ သာဓကအရ တကယ် ပြင်ချင်စိတ်သာ ပြင်းပြင်းထန်ထန် ရှိရိုးမှန်ရင် မျိုးရိုးလိုက်တယ်လို့ သတ်မှတ်ထားကြတဲ့ “အကျင့်ဆိုး ကူးစက်မှု”ကို မိမိတို့အလှည့်မှာ အဆုံးသတ်လိုက်နိုင်ပါတယ်။

 

အကျင့်ရဲ့ သဘာဝ

လေး-ငါး-ခြောက်နှစ်သားလေးကိုပဲဖြစ်ဖြစ်။ ဆယ်ကျော်သက်ရွယ် သားသမီးကိုပဲဖြစ်ဖြစ် အမူအကျင့်နဲ့ပတ်သက်လို့ ပြုပြင်ချင်ကြပါတယ်ဆိုရင် အဲဒီ့ အမူအကျင့်ရဲ့ အရင်းအမြစ်ကို အရင်ဆုံး ပြန်စဉ်းစားရပါလိမ့်မယ်။ တစ်ခါတလေမှာ မိဘဆီက မဟုတ်ဘဲ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ရနေသူ တစ်ဦးဦးဆီက ကူးစက်လာတာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဥပမာဆောင်ရရင် ကျွန်တော့်ရဲ့ ရှစ်နှစ်သမီးလေးမှာ အပျိုပေါက်လေး တစ်ယောက်လို “ပဲများ”တဲ့ သွင်ပြင်ဟန်ပန်လေးတွေ တွေ့လိုက်ရတဲ့အခါ တော်တော် မျက်စိနောက်သွားပါတယ်။ သူ့အရွယ်နဲ့ သူဖြစ်တာကို လက်ခံနိုင်ပေမယ့် အရွယ်မတိုင်ခင်မှာ ဖြစ်နေတာမျိုးကျတော့ စိုးရိမ်စရာကောင်းပါတယ်။

အကြောင်းရင်းကို စေ့ငုလိုက်တဲ့အခါ အဲဒီ့တလောက ကလေးတွေကို သူတို့ရဲ့သားချင်းတစ်ယောက် အိမ်မှာ လေး-ငါး-ဆယ်ရက် ထားလိုက်မိသွားတာက စတာပါ။ အဲဒီ့အိမ်က သူတို့ရဲ့ အစ်မဝမ်းကွဲလေးက ၁၄-၅-၆ နှစ်အရွယ် အပျိုပေါက်လေးပါ။ ကလေးတွေကိုလည်း အတော် ချစ်သလို ကလေးတွေကလည်း သူ့ကိုချစ်ပါတယ်။
အပျိုပေါက်ကလေးမှာ အပျိုပေါက်ဟန်ပန် အမူအရာတွေ ရှိနေတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ရှစ်နှစ်သမီးမှာ အဲဒီ့ဟန်ပန်တွေ ကူးလာတာကျတော့ ခိုးလို့ခုလုနိုင်နေပါတယ်။

အဲဒီ့ပြဿနာကို ရှင်းတဲ့နည်းကလည်း သိပ်အခက်ကြီး မဟုတ်ပါ ဘူး။ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ကို အသာလေး ရုပ်သိမ်းလိုက်တာနဲ့တင် ပြီးပါတယ်။ တစ်နည်းအားဖြင့် နေကုန်နေခမ်း အတူ နေဖြစ်နေအောင် ဖန်တီးပေးတာကို လျှော့ချလိုက်တာပါ။ တစ်ခါတလေ သွားလည်တာ၊ ပြုတာလောက်က ဘာမှ မဖြစ်နိုင်ပေမယ့် ညအိပ်ညနေ၊ ရက်ရှည်လများ ထားမိမယ်ဆိုရင်တော့ တစ်ခုမဟုတ် တစ်ခုဟာ အထူးသင်စရာမလိုဘဲ ကူးလာမှာ သဘာဝပါပဲ။

အလားတူပဲ၊ ကလေးနဲ့ လက်ပွန်းတတီးနေတဲ့ ကလေးထိန်းတွေ၊ ဆွေမျိုးဉာတကာတွေကြောင့် ကိုယ့်ကလေးမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အကျင့်စရိုက် တစ်ခုခုကိုများ တွေ့လာရပြီဆိုရင် အဲသလို အတူမနေဖြစ်အောင် နည်းလမ်းများ ရှာကြံနိုင်ဖို့ လိုပါလိမ့်မယ်။

ဘယ်သူနဲ့မှလည်း အတူမနေဘူး၊ ကလေးကိုလည်း ဘယ်ကိုမှ ညအိပ် ညနေ ပို့မထားဘူးဆိုတဲ့ကြားက ကလေးမှာ ကိုယ်မနှစ်မြို့လှတဲ့ အကျင့်စရိုက်ကို တွေ့နေရတယ်ဆိုရင်တော့ အဲဒီ့ အကျင့်စရိုက်ဟာ ကိုယ်၊ သို့မဟုတ် ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကျင့်စရိုက်ပဲဆိုတာ သေချာနေပါပြီ။ အဲလိုသာဆိုရင်တော့ မိမိကိုယ်နဲ့ မိမိအိမ်ထောင်ဖက်ကို ပြုပြင်ဖို့ လိုအပ်လာပါတော့မယ်။

သည်နေရာမှာလည်း “ရွှေကျင့်”ဆိုတာက အလွန် ဆိုးရွားလှပါတယ်။ လင်ရယ်၊ မယားရယ်ဖြစ်လာပြီး အတူနေတာ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာလည်း တစ်ယောက်အကျင့်က တစ်ယောက်ဆီကို အလွယ်တကူ ကူးသွားတတ်ပါသေးတယ်။ မိမိကိုယ်တိုင်ကိုပဲဖြစ်စေ၊ မိမိပတ်ဝန်းကျင်ကိုပဲဖြစ်စေ သတိထားကြည့်မယ်ဆိုရင် လင်မယားချင်း အကျင့်တွေ ကူးကုန်တတ်တဲ့ သာဓကတွေကို မြင်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် အကျင့်ဆိုးဟာ အကျင့်ကောင်းထက် ပိုမို ကူးစက်လွယ်တာကို သတိထားသင့်ပါတယ်။

ပြုပြင်ရေးအစ ကိုယ်တိုင်က

ကျွန်တော်တို့ လူသားတွေ အားလုံးဟာ ကောင်းတာကို ကောင်းမှန်း သိကြသလို မကောင်းတာကိုလည်း မကောင်းမှန်း သိကြသူချည်းပါပဲ။ ဒါပေမယ့် မကောင်းတာကို လုပ်ဖို့ လွယ်ကြသလောက် ကောင်းတာကို လိုက်နာ ကျင့်သုံးဖို့ကျတော ခက်နေတတ်တာလည်း လူ့သဘာဝပါပဲ။ သူများအပြစ်ကို မြင်ဖို့ လွယ်သလောက် ကိုယ့်အပြစ် ကိုယ်မြင်ခဲတာလည်း လူဆန်တဲ့၊ လူပီသလှတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

ဒါပေမယ့် ကိုယ်က မွေးလာတဲ့ သားသမီးကိုကျတော့ အကောင်းဆုံး၊ အတော်ဆုံး၊ အတတ်ဆုံး၊ အလိမ်မာဆုံးလေးတွေ ဖြစ်နေစေ့ချင်တာလည်း အဲလို လူထဲက လူတွေကပဲ ဖြစ်လာကြတဲ့ မိဘဆိုသူတိုင်းရဲ့ စေတနာတွေ ပါပဲ။

အဲဒီ့ စေတနာတွေကို အထမြောက် အောင်မြင်စေ့ချင်ရင်၊ ခရီးရောက်စေ့ချင်ရင်တော့ သွန်သင်နေရုံ၊ ဆုံးမနေရုံနဲ့ မပြီးပါဘူး။ ဟောရင်းသာ ပျံတော်မူသွားတယ်၊ နာသူမှာတော့ ဘာမှ မရလိုက်ဘူးဆိုတာ ဟောသူကိုယ်၌က နည်းလမ်းမကျလို့ ဖြစ်ရတာပါ။ သားသမီးနဲ့ မိဘပဲဖြစ်ဖြစ်၊ ဆရာနဲ့ တပည့်ပဲဖြစ်ဖြစ်၊ လူကြီးသူမနဲ့ လူငယ်လူရွယ်ပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမားပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံပဲဖြစ်ဖြစ်၊ တစ်ဦးက တစ်ဦးအပေါ် ဩဇာညောင်းချင်တယ်ဆိုရင် ကောင်းတာတွေ၊ မြတ်တာတွေကို ချပြ၊ ဖိသင်၊ နှိပ်ကွပ်၊ ကြပ်မတ်နေလို့ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ အဲလို ဖြစ်စေချင်သူဖက်ကသာ ကောင်းတာတွေ၊ မြတ်တာတွေကို စံနမူနာအဖြစ် အတုယူချင်စရာ ကောင်းလာအောင် နေပြ၊ ကျင့်ကြံပြ၊ အားထုတ်ပြနိုင်မှသာ ထိရောက်မှာပါ။


ယောင်တတ်တာပဲဖြစ်ဖြစ်၊ ဆဲတတ်တာပဲဖြစ်ဖြစ်၊ ဒေါသကြီးတာပဲဖြစ်ဖြစ် မှားတယ်ဆိုတဲ့အသိကို ရဖို့က ပြုပြင်ချင်စိတ်ပေါက်လာရေးအတွက် ပထမဆုံး လိုအပ်ချက်ပါပဲ။ အထက်မှာ ဆိုခဲ့သလို လူဆိုတာ ကိုယ့်အတွက် တစ်ကွက်ချန် စဉ်းစားတတ်မြဲဖြစ်နေတော့ ဘာပဲ လုပ်မိ လုပ်မိ တရားတယ်လို့ချည်း တွေးနေရင် မှားမှန်း သိဖို့ မလွယ်ပါဘူး။ မှားမှန်း မသိသေးရင် ပြင်ဖို့လည်း ခက်ပါလိမ့်မယ်။

ကျွန်တော့်ကိုယ် ကျွန်တော် မှားမှန်း သိဖို့ အနှစ် ၃၀ ကျော် ကြာခဲ့ပါတယ်။ အဲတော့ ပထမဆုံးအချက်က မိမိ ကျူးလွန်မိတဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေ မှားမှန်း သိနိုင်ဖို့ ပထမဆုံး လိုအပ်ပါတယ်။

မှားမှန်း အသေအချာ သိရင် ပြင်ချင်တဲ့ ဆန္ဒဆိုတာလည်း အလိုလို ပေါ်ပေါက်လာမှာပါ။ ဆန္ဒရှိလာတဲ့အခါ နည်းလမ်းက ရှိလာမှာပါ။


အမှားကို ပြင်ချင်တဲ့ စိတ်သာ ရှိရိုးမှန်ရင်တော့ လူဆိုတာ သူသူ ကိုယ်ကိုယ် ကောင်းချင်တဲ့ဇောကလေးတွေနဲ့မို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစား ပြင်ဆင်သွားကြမယ့်သူချည်းပဲလို့ ကျွန်တော်ကတော့ စိတ်ချလက်ချ ယုံနေမိရပါတယ်။

အကျင့်ဆိုတာကို လေ့ကျင့်ပျိုးထောင်ယူလို့လည်း ရပြန်ပါတယ်။ “မျက်စိအကျင့်၊ ဝမ်းအချင့်”ဆိုသလိုပါပဲ။ ဘယ်လို အကျင့်မျိုးကိုမဆို နေ့စဉ် သတိထားပြီး လေ့ကျင့်ယူမယ်ဆိုရင် အကျင့်ကောင်းဘက်ကို ပြောင်းယူလို့ ရပါတယ်။

စုတ်စုတ်ပဲ့ပဲ့ ယောင်တတ်သူကလည်း ယောင်တဲ့အချိန်မှာ ကောင်းတဲ့နည်းနဲ့ ယောင်တတ်အောင် ကျင့်လို့ရပါတယ်။ တခြား စိတ်မှတ်မဲ့ တုံ့ပြန်မှု အရင့်စားဆိုတဲ့ စရိုက်များနဲ့ မျိုးရိုးလိုက်မှုတွေကိုလည်း သတိလေးနဲ့ထိန်းပြီး ကျင့်ယူသွားမယ်ဆိုရင် ပြုပြင်နိုင်ပါလိမ့်မယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း စိတ်တိုရင် လက်ပါတတ်တဲ့အကျင့်ကို ကျွန်တော်ဖျောက်နိုင်ခဲ့တာ အဲဒီ့သတိပါ။

အဲတော့ လူ့ဘဝမှာ လူတွေအဖြစ် ရပ်တည်ရှင်သန်နေကြရာမှာ အကျင့်ဆိုးတွေ၊ အကျင့်ကောင်းတွေနဲ့ နေနေကြပေမယ့် တကယ်တမ်းမှာ အဲဒီ့ အကျင့်တွေအားလုံးကို ပျောက်သွားအောင် ဖျောက်ချင်ရင်လည်း အကျင့်ပါ အောင် လုပ်ယူပြီး ဖျောက်နိုင်တယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီး ကောင်းမွန်လာအောင် ကျွန်တော်တို့ပဲ လုပ်ကြရမှာပါ။ ဘယ်သူ့ ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ သိကြားမင်းကြီးကလည်း ဆင်းပြီး လုပ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ တစ်ဦးချင်းစီ၊ တစ်မိသားစုချင်းစီ ကောင်းနေမှ ကျွန်တော်တို့နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းနေမှာပါ။

ကောင်းတာကိုတော့ လိုချင်တယ်၊ ကောင်းတာကိုလည်း မြင်ချင်၊ ကြားချင်၊ ကြုံချင်၊ ခံစားချင်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ကောင်းတာကို လုပ်ဖို့၊ ကျင့်ကြံဖို့ ခက်နေသေးတယ်ဆိုရင်တော့ လောကကြီးကို၊ ပတ်ဝန်းကျင်ကို အပြစ်မတင်ကြေးပါ။

ကျွန်တော်တို့မှာက မိဘ၊ ဆရာသမားဆိုရင် ဝေဖန်ဖို့၊ စေ့ငုဖို့ ခက်ခဲ နေတတ်စမြဲပါ။ မိဘ မှားခဲ့လို့ ငါလည်း မှားနေတာပဲလို့ ရဲရဲပြောဝံ့သူ အင်မတန် ရှားပါတယ်။ အဲဒီ့အစဉ်အလာကြီးကြောင့် ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါမှာလည်း ထပ်ဆင့်အမှားတွေကို ကျူးလွန်ဖြစ်နေတတ်ကြပြီး မိမိကိုယ်ကိုလည်း မိဘနေရာက လုပ်တာမို့ အမှန်ချည်းပဲလို့ တွေးနေမိတတ်ပါတယ်။

ကောင်းအောင် ကြိုးပမ်းကြရာမှာ အစဉ်အလာ အတွေးတွေထဲက လွတ်အောင် ရုန်းထွက်နိုင်ကြမှ တကယ် ကောင်းတာကို ရမှာပါ။ အစဉ်အလာ အရိုးစွဲ အတွေးတွေက ကောင်းတယ်လို့ သတ်မှတ်ထားတာကို တကယ်ရော ကောင်းရဲ့လားလို့ ဆန်းစစ်နိုင်မှ တကယ့်အကောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။

အဘိုးထက် အဖေက တော်ရမယ်၊ အဖေ့ထက် သားက တော်ရမယ်၊ သားထက်မြေးက တော်ရမယ်ဆိုပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အဆင့်ဆင့် မြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ နောက်ကြောင်းကို အဂတိကင်းကင်းနဲ့ သုံးသပ်ရဲဖို့ လိုပါလိမ့်မယ်။

လူတစ်ယောက်အနေနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းစေချင်ရင်၊ မိမိရဲ့ မိသားစုကိုကောင်းစေချင်ရင်၊ ပြုပြင်စေချင်ရင် မိမိကိုယ်ကို အရင်ဆုံးပြုပြင်ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီးမှ သူတစ်ပါးကို ပြုပြင်ဖို့ အားထုတ်မယ်ဆိုရင် ပြင်ရတာလည်း လွယ်တယ်၊ အပြင်ခံရသူမှာလည်း လိုက်နာချင်စဖွယ် ဖြစ်နေပါလိမ့်မယ်။

(၂၀၀၀ ပြည့်နှစ် မတိုင်မီ မမှတ်မိတော့တဲ့ သရဖူမဂ္ဂဇင်းတစ်စောင်မှာ “ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဝေါဟာခေါ်ရိုး မော်ကွန်းထိုးခဲ့” ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြင်ဆင် တည်းဖြတ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်ထားတာပါ။)

Distress in the Convocation Hall

ဘွဲ့နှင်းသဘင်ခန်းမထဲက အလွမ်း

အပျိုး

၁၉၉၅ခုနှစ်၊ တက္ကသိုလ်စိန်ရတုသဘင်…။


စာရေးဆရာဖြစ်ဖို့ အဖ အညိုအညင်၊ အမိ အဆိုအပြော၊ အားလုံးသော လူတို့ရဲ့ အငေါ့အထေ့ ခံပြီး မရကုပ်ကပ် ကြိုးစားလာခဲ့တဲ့ ကျွန်တော်။ တက္ကသိုလ် ရောက်ကတည်းက စာတိုပေစ ရေးသားရင်း ကျောင်းမဂ္ဂဇင်းမှာ သုံး-လေးခါ ပါဖူးလိုက်တာနဲ့တင် ကိုယ့်ကိုယ်ကိုယ် စာရေးဆရာအဖြစ် ခပ်တည်တည် သတ်မှတ်လိုက်ပြီးသကာလ ဖနောင့် သံစူးတဲ့လူလို ကြွတ၊ မြောက်တ ဖြစ်ခဲ့သော ကျွန်တော်…။

ထိုကျွန်တော်သည် ယခုနှယ် တက္ကသိုလ် စိန်ရတုကာလသို့ ရောက်လာသောအခါ တစ်ပုဒ်တစ်လေမှ မရေးရလျှင် စားလို့လည်း ကောင်းကောင်း မဝင်၊ အိပ်လျှင်လည်း ကောင်းကောင်း မရ၊ ထိုင်ချလည်း တစ်ခုခုက တင်ပါးအောက်မှာ ခုနေသလို၊ ဟိုဟိုသည်သည် တောင်တောင်အီကာ ယောင်ချာလည်နေပါတော့တယ်။

ဒါနဲ့… မရေးရ မနေနိုင်အောင် ရောဂါသည်းနေတဲ့အတူတူ၊ မထူးပါဘူး၊ ရေးဖြစ်အောင်တော့ ရေးကို ရေးလိုက်ဦးမယ်။ ပြီးကာမှ မဂ္ဂဇင်း တစ်ခုခုကို ပို့တော့မယ်လို့ ဆုံးဖြတ်ပြီး ကလောင်ပြင်တယ်။


သိတယ်မဟုတ်လား၊ တက္ကသိုလ်ဆိုတာ အင်မတန် လွမ်းစရာ ကောင်းတဲ့ ကိစ္စ။ ကျွန်တော်က အဲဒီ့ တက္ကသိုလ်ကြီးကို အင်မတိ အင်မတန့်ကို ချစ်တာ…။ အလယ်တန်း ကျောင်းသားဘဝလောက်ကတည်းက အဲဒီ့ တက္ကသိုလ်ကြီးကို စိတ်ကူးနဲ့ ရူးခဲ့တာ။

ဒါကြောင့် ဆယ်တန်းအောင်တော့တောင် ကံ့ကော်တောနဲ့ ဝေးမှာ စိုးလို့ အမှတ်ကောင်းကောင်း ရအောင် မဖြေခဲ့တာသာ ကြည့်…။ တော်ကြာ… အမှတ်တွေ စွတ်ကောင်းနေပြီး ဆေးတို့၊ စက်မှုတို့၊ သွားတို့၊ တိ-ကုတို့ ဝင်ကုန်ရင် ကျွန်တော်အနှစ်နှစ် အလလက အိပ်မက် မက်ခဲ့ရတဲ့ ကံ့ကော် ရွှေပြည်နဲ့ ဝေးမှာ စိုးလို့ ဆယ်တန်းကို သူလိုငါလိုလောက် အောင်ရုံ လုပ်ခဲ့တာပ။ (အမှန်ကတော့ ကိုယ့်ဟာကိုယ် သောက်ဖျင်းနိုင်တာကို ကြံဖန် ကြွားကြည့်တာနော်… ဟီး… ဟီး။ ဤကား စကားညှပ်။)

ကျောင်းပြီးသွားတာတောင် သံယောဇဉ် မကုန်နိုင်ဘဲ ကျောင်းထဲ ခဏ၊ ခဏ သွားပြီး စိတ်ကစားရတာလည်း အမော။ အခုဆို ကျောင်းနဲ့ ဝေးခဲ့တာ ၁၆ နှစ် ရှိကပြီ။ ဒါလည်း ကျောင်းနားက ဖြတ်မိ ဖြတ်မိ၊ ကျောင်းထဲ အကြောင်းသင့်လို့ ရောက် ရောက်၊ ကိုယ့်ဇာတိ ပြန်ရောက်သလို အူရွလို့ ကောင်းနေတုန်း။


အဲသလောက်ကို သံယောဇဉ် ရှိလှပါတဲ့ ကျောင်းတော်မဟာကြီး စိန်ရတု ဆင်တဲ့ကာလမှာ မှတ်မှတ်ရရလေး တစ်ခုခုမှ မရေးရရင် သေတာတောင် ဖြောင့်ချင်မှ ဖြောင့်တော့မှာမို့ တစ်ခုခု ရေးလိုက်စမ်းမယ်၊ ကိုင်း… ရွာစားရေ၊ အဲလေ… အယ်ဒီတာရေ… ထည့်လို့သာ ပေးလိုက်ပ… (ခင်ဗျာ့ မဂ္ဂဇင်းထဲကို… ပြောတာနော်) ကျွန်တော်မျိုးရဲ့ တက္ကသိုလ် အလွမ်း… အမ်း… ဟမ်း… ဟမ်း…

 

အတော

အမှန်ကတော့ ကျွန်တော့်ဇာတ်လိုက်ကျော် “ရေပြာလောင်ချမ်း”ရဲ့ ဇာတ်လမ်းလေးပါပဲ။ စာဖတ်သူတွေ မှတ်မိကြဦးမလားတော့ မသိဘူး။ ရှေ့ပြေး မဂ္ဂဇင်း ဇန်နဝါရီလထုတ်မှာပါတဲ့ “ကဲချင်ဦးလေ… မှတ်ပလား” ဇာတ် လမ်းထဲက “ရေပြာလောင်ချမ်း”ကိုလေ။ နာမည်ရင်းက ရေချမ်း၊ ဒါပေသည့် ကာတွန်းတင်အောင်နီရဲ့ ဇာတ်လိုက်ကျော် “ပြာလောင်”နဲ့ ခပ်ဆင်ဆင်ရယ်မို့ သူ့ကို ရေပြာလောင်ချမ်းလို့ အားလုံးက ခေါ်ကြသဗျ။

အဲဒီ့ ရေချမ်းက ကျောင်းသာ ပြီးသွားတယ်။ ကျွန်တော်နဲ့က အဆက်အသွယ် တယ်… မပြတ်လှပါဘူး။ သည်မောင်က ချစ်စရာတော့ အတော်လေး ကောင်းသဗျ…။ ကောင်းဆို ကျောင်းတုန်းက ကျွန်တော့်ကို သူနဲ့ လူစီလူးနဲ့ ဇာတ်လေး ပြောပြလိုက်လို့ ကျွန်တော် ဖိုးရေးချင်ကလည်း ကောက်ရေးလိုက်တယ်။ ကျောင်းမဂ္ဂဇင်းလည်း ထွက်ရော လူစီလူးလည်း ဒေါသူပုန်တွေ ထတော့တာပဲပေါ့။ ဘယ့်နှယ်… သူနဲ့ ရေချမ်းနဲ့ နှစ်ယောက်ချင်းသာ သိသင့်တဲ့ ဇာတ်ကို ရေချမ်းက ဟောင်ဖွာ လိုက်တာနဲ့ ကျွန်တော်က ကောက်ရေးလိုက်တော့ တစ်ကျောင်းလုံး ဟိုးလေးတကျော်တွေ ဖြစ်၊ လူစီလူးမှာ အရှက်ကြီး ရှက်ရပါတယ်ဆိုပြီး ရေချမ်းကို ပါးရိုက်လို့ ဖြတ်သွားပါရောလား…။


အဲဒါနဲ့ ရေချမ်း အဲတုန်းက ကျွန်တော့်ဆီ ရောက်လာသေးတယ်။ အသည်းကွဲ ဇာတ်လမ်းလေး လာပြောတာ။ အရက်ကလေး လက်နှစ်လုံးလောက်ကို ရေတစ်ပုံးလောက် ရောသောက်ပြီး သူက ပြောပြတာပေါ့။ သူ့ အလွမ်းဝေဒနာကိုလေ။ ပြောပုံကိုလည်း ကြည့်ဦး…။ တဟီးဟီးနဲ့… ငိုတာ မဟုတ်ဘူး၊ ရယ်ပြီးပြောတာ…။ အဲသလိုကို ချစ်စရာ ကောင်းလှတဲ့ ကောင်…။

ကျွန်တော်လည်း သူ ပြောတဲ့ ဇာတ်လမ်းလေးတွေ ကြိုးကြား ရေးလာရင်း နေလာလိုက်တာ အခုလို တက္ကသိုလ် စိန်ရတုအတွက် စာရေးမယ်လည်း ကြံမိရော… ဇာတ်လမ်းတွေ ပေါလွန်းတဲ့ သင်းဆီ ပြေးကပ်မိရတော့တာပဲ။

တကယ်တော့ သူ့ဘဝကိုက အင်မတန် ဇာတ်ပေါတာကလား…။ တက္ကသိုလ်တုန်းကလည်း နေရာတကာ စပ်စပ်စပ်စပ်နဲ့ နေခဲ့တဲ့ ကောင်မျိုးဆိုတော့ သူ့မှာ တက္ကသိုလ် ဇာတ်တစ်ခုခုတော့ ကျန်တန်ကောင်းရဲ့လို့ တွေးပြီး သူ့ဆီ ပြေးလိုက်တာ…။

ထင်တဲ့အတိုင်းပါပဲဗျား…။ မောင်မင်းကြီးသားက ကျွန်တော့်ကို ဇာတ် ပြောပြတယ်။ ကျွန်တော်ကလည်း အကြံနဲ့ သွားတဲ့သူဆိုတော့ အသင့်ပါသွားတဲ့ ကက်ဆက်နဲ့ ဖမ်းထားလိုက်တာပေါ့၊ ပြီးတော့… သူပြောတဲ့စကားအတိုင်း ပြန်ချရေးလိုက်တော့ ကျွန်တော့် တက္ကသိုလ်အလွမ်းဇာတ်ကို ဟောသလို ရလာတာပေါ့…။

အတိုင်

ကျွန်တော် အဲတုန်းက ဒုတိယနှစ် ကျောင်းသားဗျ။ မန္တလေးဆောင်မှာ တက်ရတာ။

ခက်တာက ကျွန်တော်က တက္ကသိုလ်ကျောင်းသားစင်စစ် ဖြစ်ပါလျက်ကနဲ့ အဆောင်နေ ကျောင်းသားမဟုတ်ရင် တက္ကသိုလ်ဘဝ အရသာကို ပြည့်ပြည့်ဝ၀ ခံစားရတယ်လို့ တယ် မထင်ဘူး။ ကျွန်တော်ကလည်း ရန်ကုန်လိပ်စာနဲ့ တက်တဲ့ကောင်ဆိုတော့ အဆောင်နေခွင့်တော့ ဘယ်ရပါ့မလဲလေ။
ဒါပေမယ့် လူကြံရင် ထရံတောင် ပြက္ခဒိန် ချိတ်လို့ ရသေးတာပဲ၊ ကျွန်တော်လည်း ဘယ်နေမလဲ။ ဒုတိယနှစ်ကျတော့ ကျွန်တော်တို့ အတန်းထဲကို မော်လမြိုင် ကောလိပ်တို့၊ ပုသိမ် ကောလိပ်တို့က ပြောင်းလာတဲ့ ကျောင်းသူ၊ ကျောင်းသားအသစ်တွေ ရောက်လာတယ်။

အဲသလို ပြောင်းလာတဲ့အထဲက မြင့်ဆွေဆိုတဲ့ မြိတ်သားတစ်ယောက်လည်း ပါတယ်။ ဆိုင်းဘာဘာဆံပင်နဲ့၊ အမြဲတန်းလို ကျော့နေတဲ့ကောင်။ အဲဒီ့ကောင်နဲ့ ကျွန်တော်နဲ့ ခင်သွားတယ်။ အဲဒီ့မှာတင် ကျွန်တော်လည်း ရေငတ်တုန်း ရေတွင်းထဲ အတောင့်လိုက် ကျသွားတော့တာပါပဲ။

ကျဆို မြင့်ဆွေ (ဘိတ်စုတ်)က ပဲခူးဆောင်ကနေ ကျောင်းတက်ရတဲ့ အဆောင်နေ ကျောင်းသားလေ။ သူက နယ်က ကျောင်းလာတက်တာဆိုတော့ အဆောင်ရတာပေါ့။ သည်မှာတင် အဆောင်ကျောင်းသား အရသာ ခံစားချင်တဲ့ ကျွန်တော်လည်း အဆင်ပြေသွားတာပဲ။

အားအားရှိ မြင့်ဆွေ့အခန်း သွားနေတော့တာပေါ့၊ အိမ်ကိုလည်း ပြန်ချင်မှ ပြန်ဖြစ်တယ်။ ပဲခူးဆောင်မှာပဲ အိပ်ချင်အိပ်တယ်။ အဲသလို နေခဲ့တာ၊

ဇာတ်လမ်းက ဘိတ်စုတ်ရဲ့ အခန်းဖော်က စတာ။ အဲဒီ့ကောင့် နာမည်ရင်းတော့ မမှတ်မိတော့ဘူး။ နာမည်ပြောင်ကတော့ “ခပတ-တုတ်” တဲ့…။

ဟုတ်တယ်…

ဘယ်သူက ဘယ်လို စလိုက်မှန်းတော့ ကျွန်တော်လည်း အသေအချာတော့ မသိဘူး။ အဲဒီ့ကောင့်အရပ်က တော်တော်လေး ပျပ်ပြီး အလုံးအဖန်က သေးတော့ ခွေးပစ်တဲ့တုတ်လို့ ခေါ်ကြရင်း အတို ခေါက်လိုက်တဲ့အခါ “ခပတ-တုတ်”လို့ တွင်သွားတော့တာပဲ။

ဇာတ်လမ်းကို ခပတ-တုတ်က စတာ…။ သူက ကျွန်တော်တို့လို သိပ္ပံကျောင်းသား မဟုတ်ဘူး။ ဒဿနိကဗေဒ ကျောင်းသား…။ ဘိတ်စုတ်ရဲ့ အခန်းဖော်ဆိုတော့ ကျွန်တော်နဲ့လည်း ရင်းနှီးသွားတော့တာပေါ့။ သူတော်ချင်းချင်း သတင်းလွေ့လွေ့လေ…။

အဲဒါ… တစ်နေ့တော့ ခပတ-တုတ်က ကျွန်တော့်ကို ပြောတယ်။

“ရေပြာလောင်ချမ်း၊ မင်း မနက်ဖန်ကျရင် ငါတို့ ဌာနမှူးနဲ့ လိုက်တွေ့ ပေးစမ်းပါကွာ…”

“ဘာလုပ်ဖို့တုံး…”

“ဒီလိုကွ… ငါတို့ ဌာနမှူးက ငါ့ကို ခိုင်းထားတာ တစ်ခု ရှိလို့။ ပွဲ တစ်ပွဲမှာကွာ ဌာနမှူးက အားကစားယိမ်းတစ်ခု တင်ချင်တယ်။ အဲဒါ ငါ့ကို သီချင်း ရှာခိုင်းတယ်ကွာ၊ ငါကလည်း ဂစ်တာသာ မတောက်တခေါက် တီးတတ်တာ၊ မင်းလို မနှံ့စပ်လှဘူး။ မင်းကတော့ ဘိ(တ်)တွေ၊ တိုင်မင်ဂ်တွေ၊ တယ်မ်ပိုတွေ နားလည်တယ်ဆိုတော့ အဆင်ပြေမယ်လေ…”

ဟား… ကျွန်တော့်ဘဝင် လေဟပ်သွားတော့တာပေါ့။ ခပတ-တုတ် ဆိုတဲ့ကောင်က ကျွန်တော့်ကို အဲသလို ဆရာတင်လာတော့ ကျွန်တော်လည်း အကြီးအကျယ် မြောက်သွားတယ်။ “ဘာရမလဲ၊ ငါကွ”လို့ ဥဒါန်းကျူးချင်စိတ်ကို မနည်း ဘရိတ်အုပ်ရင်း ခပ်အင်အင် ဟန်ပန်နဲ့ “လိုက်ဆိုလည်း လိုက်တာပေါ့ကွာ…”လို့ ပြောလိုက်တယ်။ အမှန်ကတော့ ကျွန်တော့်မှာ ဟိုသင်းနဲ့နှလုံး တွေ့နေပြီ။

တိုတိုပြောရရင်တော့ဗျာ၊ နောက်တစ်ရက်မှာ သူတို့ ဌာနမှူး ဆရာမကြီးကို ဆုံရတယ်။ ဆရာမကြီးက ချောချာခန့်ခန့်ကြီးဗျ။ ဒူးယား စီးကရက်ကို သောက်တာကလည်း ဘာလှသလဲ မမေးနဲ့။ တစ်ခေတ်တစ်ခါဆီက တင်တင်မူ ဆေးလိပ်သောက်တာထက်တောင် လှသေး။ (အိမ်ရောက်လို့ အမေ့ပြန်ပြောပြတော့မှ အဲဒီ့ဆရာမကြီးက ရွှေမန်းမယ် ရဖူးသူ ဖြစ်ကြောင်း၊ အထင်ကရ ဓာတ်ပုံဆရာကြီးတစ်ဦးကဆို အဲဒီ့ဆရာမကြီးနဲ့ တင်တင်မူသာ ဆေးလိပ်သောက်တဲ့နေရာမှာ အလှဆုံး မိန်းမများဖြစ်တယ်လို့ ရေးဖူးကြောင်း သိရပါတယ်။)

ဆရာမကြီးက အားကစားယိမ်းတစ်ခု လုပ်ချင်နေတဲ့အကြောင်း၊ အဲဒီ့ ယိမ်းအတွက် နရီကတော့ သုံးချက်စည်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်ကပဲ သင့်တင့်မယ့် တေးသွားမျိုးကို ကြံဆပေးဖို့အကြောင်း စတာတွေကို ပြောလာပါတယ်။ ကျွန်တော်လည်း အာမဘန္တေ ခံလိုက်တယ်။

ဒါလေးများ…

အဲတုန်းက ၁၉၇၇ခုနှစ်လောက်ဆိုတော့ အခု အေရိုးဗစ်လို့ ခေတ်စား နေတဲ့ (အရိုးဗစ်ခ်စ်) ကာယလေ့ကျင့်ခန်းတွေ မပေါ်သေးဘူး။ ဆရာမကြီးက ခေတ်မီသူဆိုတော့ သူ့ကျောင်းသူတွေနဲ့ အားကစားလှုပ်ရှားမှု ယိမ်းအက တစ်ခုကို ထွင်တဲ့သဘော။ ကျွန်တော်က မဆီမဆိုင်လှပါဘဲ ခပတ-တုတ်ရဲ့ ကျေးဇူးကြောင့် အဲဒီ့အစီအစဉ်အတွက် တေးသွား ရှာတဲ့ အလုပ်ကို စေတနာ့ဝန်ထမ်း လုပ်ပေးရတာ…။

သုံးချက်စည်းဆိုတော့ နိုင်ငံတကာ တေးသွားသဘောအရ ဝေါ့လ်တ်ဇ် (Waltz)။ ဆိုတော့… ကျွန်တော့်စိတ်ထဲမှာ ဒေါက်တာဇီဗားဂိုးဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းက အလွယ်တကူ ဝင်လာတယ်။ နောက်တစ်ပုဒ်ကျပြန်တော့ ပြင်သစ်လို မင်းကို ကိုယ်ချစ်တယ် (Je t’aime)၊ အင်္ဂလိပ်လို မြင်မြင်ချင်း ချစ်တယ် (Love at First Sight) ဆိုတဲ့ သီချင်းလေးလည်း ခေါင်းထဲ ဝင်လာတယ်။

ဒါနဲ့ ကျွန်တော်လည်း အဲဒီ့ သီချင်းလေးနှစ်ပုဒ်ကို ဂစ်တာလေးနဲ့ တီးပြီး ဆရာမကြီးကို ဆိုပြလိုက်တယ်။ ဆရာမကြီးက နားထောင်ကြည့်ပြီး သူ့ကျောင်းသူမတွေနဲ့ တိုက်ကြည့်ခိုင်းတယ်။ သူ့ကျောင်းသူမတွေရဲ့ ကိုယ် လက် လှုပ်ရှားမှုတွေနဲ့ ကျွန်တော့်တေးသွား စီးချက် အံဝင်/မဝင် ကိုက်ကြည့်တာ။ အံဝင်သွားတော့ ဆရာမကြီးက နေ့တိုင်း လာတိုက်ပေးဖို့ ကျွန်တော့်ကို ပြောရော။ ကျွန်တော်ကလည်း အားနေတဲ့ကောင်ပီပီ လုပ်ပေးပါ့မယ်ပေါ့…။

ဒါပေမယ့် ခက်တာက သီချင်းတွေက အင်္ဂလိပ်သီချင်းတွေ။ ဒုတိယအပုဒ်ဆို အင်္ဂလိပ်စာသားကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ သည်တော့ နေ့စဉ် တိုက်တဲ့အခါ ဒါဒါဒါ… ဒီဒီဒီ… ဆိုပြီး ပါးစပ်နဲ့ တေးသွားကို ဆိုညည်းရင်း အကတိုက်ရတာ တယ်ဟန်မကျချင်တော့ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင်ရင်းတောင် နားညည်းလာတယ်။ တကယ်…


ဒါနဲ့… ဘာရမလဲ၊ ရေပြာလောင်ချမ်းပဲ။ နာမည် လေးလုံးနဲ့နေတာ၊ ကဗျာရူး၊ စာရူး၊ သီချင်းရူး၊ စွယ်စုံရူးပဲ။ အဲဒီ့ တေးသွားတွေထဲ ဆရာမကြီးတို့ အစီအစဉ်နဲ့ လိုက်ဖက်တဲ့ စာသားတွေ ထည့်ချပြီး သီချင်း တိုက်ရာမှာ စာသား အဆိုနဲ့ တိုက်ပေးတာပေါ့…။

ဆရာမကြီးက နေ့တိုင်းပဲ သူကိုယ်တိုင် ကြီးကြပ်ပြီး အက တိုက်ပေးတာ။ အဲလိုနဲ့ ကျွန်တော် စာသားထည့် ဆိုပေးနေတာ နှစ်ရက်လောက် ရှိတော့ ဆရာမကြီးက ကျွန်တော့်ကို ပြောတယ်။

“မောင်ရေချမ်း၊ မင်းလည်း အသံ ကောင်းသားပဲ။ သီချင်း စာသားလေးတွေကလည်း တို့လုပ်ထားတဲ့ အကြောင်းအရာနဲ့ ဆီလျော်နေတော့ တကယ့်ပွဲကျရင် မင်းကိုယ်တိုင်ပဲ စင်ပေါ်တက်ဆိုရင်း တို့အစီအစဉ်ကို ဝေဝေဆာဆာလေး လုပ်လိုက်ရအောင်…”

ကျွန်တော့်လို ဖိုးဆိုချင်အတွက် ဒါဟာ မဟာ့မဟာ အခွင့်အရေး တစ်ရပ်ပဲလေ။ သည်ယုံမြင်လို့ သည်လှောင်အိမ် ဆောက်ခဲ့တာ မဟုတ်ပေမယ်လို့ ရလာတဲ့ အခွင့်အရေးကိုတော့ ဘယ် လက်လွတ်ခံချင်တော့မလဲ။ မူတောင် မမူနိုင်တော့ပါဘူးဗျာ။ တစ်ခါတည်း တန်းပြီး ဟုတ်ကဲ့… ကောင်းပါတယ် ခင်ဗျာ လိုက်တာပေါ့။

အဆို

တိုတိုပြောရရင်တော အဲသလိုနဲ့ တီးဝိုင်းတွေ ဘာတွေနဲ့ စနစ်တကျ တိုက်ဖြစ်သွားပြီး တကယ်ဆိုရမယ့်နေ့ ရောက်လာတော့တာပါပဲ။ နေရာက ဘွဲ့နှင်းသဘင်ခန်းမကြီးထဲမယ်။ ဒုတိယနှစ် ကျောင်းသားဘဝကတည်းက ရေချမ်းတို့က ဘွဲ့နှင်းသဘင် စင်မြင့်ပေါ် တက်လာခဲ့ဖူးတာ၊ ပေါ့ရွှတ်ရွှတ် မှတ်လို့…
တိုက်တဲ့အခါတွေမှာတော့ ဘယ်… ဘွဲ့နှင်းသဘင်ခန်းမထဲ ဝင်ကျဲလို့ ရမလဲ၊ တကယ့် ပွဲနေ့ကျမှ စင်ပေါ်ရောက်တာပေါ့။ ဝတ်စုံပြည့် အစမ်း လေ့ကျင့်တာလည်း အပြင်မှာ ကျင့်ထားတာ။ ကျွန်တော်ကတော့ ဝတ်စုံ မလိုလှပါဘူး။ သီချင်းနှစ်ပုဒ်၊ အကနှစ်ချိုးဆိုတော့ ဘောင်းဘီရှည်နဲ့ တစ်ခါ၊ ပုဆိုးနဲ့ တစ်ခါပေါ့။ ကိုယ်ဝတ်ချင်သလို ဝတ်ရုံပဲလေ။

တကယ်ဆိုတဲ့အခါကျတော့ ကျွန်တော့်မှာ ဇာတ်ခုံ အတွေ့အကြုံက နည်းတော့ ဒူးတွေ တုန်ချင်သလိုလိုကြီးရယ်…။ ဒါပေမယ့် ရေချမ်းပဲ၊ “ရဲချမ်း”လို့တောင် ပြောင်းလိုက်ဖို့ ကောင်းအောင် ရဲတဲ့နေရာ (သောက်ရှက် မရှိတဲ့ နေရာ)မှာ ထိပ်ဆုံးက ကျွန်တော်လေ။

ဆိုချလိုက်တာပေါ့၊ ခပ်တည်တည်ပဲ။ အကအဖွဲ့က စင်အပြည့် နေရာယူထားတော့ ကျွန်တော်က စင်ရဲ့ ယာဘက်ထေါင့် ယွန်းယွန်းကလေးကနေ မှင်မောင်းအပြည့်နဲ့ ဆိုတာ။ ဝဲလက်တွင် ဓာတ်ခွက် မိုက်ခရိုဖုန်း၊ ယာလက်တွင် သီချင်းစာရွက် ကိုင်လျက် အိုက်တင်အပြည့်ပေါ့ခင်ဗျ…။

အမှန်ကတော့ ကိုယ်တိုင် ရေးထားတဲ့ သီချင်း စာသားလည်း ဖြစ်၊ အထပ်ထပ်လည်း ဆိုဖူးနေခဲ့ပြီမို့ အလွတ်ရနေတဲ့ စာသားတွေပဲ၊ သီချင်း စာရွက် မလိုပါဘူး။ ဒါပေမယ့် ပုံပေးချင်တာက တစ်ကြောင်း၊ ပရိသတ်ကို မကြည့်ရဲတဲ့ အတူတူ၊ မျက်လုံး ထားစရာ နေရာ ရှိနေဖို့ အကြံအဖန်လုပ်တဲ့ သဘောအနေနဲ့ တစ်ကြောင်း၊ ပေါင်း နှစ်ကြောင်းကြောင့် သီချင်းစာရွက်ကို ကိုင်ချလိုက်တာပါ။

ပထမတစ်ပုဒ်၊ ပထမအချိုးမှာ ပုဆိုးနဲ့ တိုက်ပုံနဲ့ အကျအန ဆိုချလိုက်ပြီးတော့ အဆင်ပြေတယ်။ ပရိသတ်က အားနာပါးနာ လက်ခုပ်တီးပေးတာကလည်း သောသောကို ညံလို့…။ ကောင်မလေးတွေ ဘောင်းဘီတိုလေးတွေနဲ့ ကတာကို အားပေးတယ်လို့ကို မထင်ဘူး။ ကျွန်တော့် အဆို ကောင်းလွန်းလို့ လက်ခုပ်တွေ တီးကြပေတာပဲလို့ မှတ်တယ်။

ဘောင်းဘီရှည်၊ ဘွတ်ဖိနပ်၊ ခွေးလည်ပတ် စတာတွေကို အကျအန ဝင်လဲတယ်။ ကောင်မလေးတွေဆီက မှန်နဲ့ ဘီးကို ငှားလို့ ကျွန်တော့် ကေသာကို မလိုအပ်လှဘဲ ထပ်ဖြီးတယ်။

ယိမ်းထဲက ကောင်မလေးတွေက “ကိုရေပြာလောင်က ခုလိုတော့လည်း သမိစ်ပဲ”တဲ့…။ တစ်ယောက်ကတော့ “စောစောက မြန်မာဝတ်စုံနဲ့တုန်းကလည်း ကိုရေပြာလောင်ချမ်းတို့က ခံကြော၊ အဲလေ… ခန့်ချောကြီးပါကွာ”တဲ့…။ ကျွန်တော့်မှာ သွား အချောင်း ၃၀ လောက် ပေါ်အောင် ဖြီးတီးတီးကြီးကို ဖြစ်လို့။ ပီတိတွေ ဖြာလိုက်တာများ၊ ရှူရှူးတွေတောင် ပါမတတ်ပဲ။

ဆရာမကြီးက တစ်အောင့်လောက်နေတော့ ကျွန်တော်တို့ အဖွဲ့ကို အချိန်ကျတဲ့အကြောင်း လာပြောတာနဲ့ ကျွန်တော်တို့လည်း စင်ပေါ်တက်၊ ကန့်လန့်ကာနောက်မှာ နေရာယူလိုက်တယ်။ တီးဝိုင်းက အတော တီးလုံးကို စ အတီးမှာ ကန့်လန့်ကာ ပွင့်သွားတယ်။ ကန့်လန့်ကာလည်း ပြည့်ပြည့်ဝ၀ ပွင့်သွားရော၊ ကျွန်တော်လည်း စ ဟဲရတော့တာပဲ။

အငို

ဒုတိယအကြိမ်မှာလည်း ပထမအကြိမ်တုန်းကလိုပဲ။ ဓာတ်ခွက် တစ်ဖက်၊ စာရွက်တစ်ဖက်။ ပိုရဲနေပြီလေ၊ သည်ပရိသတ်နဲ့ကလည်း ရင်းနှီးသွားသလို ရှိနေတော့ ကျွန်တော်လည်း အိုက်တင်အမျိုးမျိုး၊ ပို့စ်အမျိုးမျိုးနဲ့ ရှိုးတော့တာပေါ့။

ပရိသတ်ကြီးကလည်း ငြိမ်လို့။ (အားပေးတာ… အားပေးတာ။)

ကျွန်တော်လည်း စောစောက အပုဒ်တုန်းကလို စင်ထောင့်မှာ ကုပ်ချောင်းချောင်းလေး မဟုတ်တော့ဘူး။ ခြေလေး ရသလောက် လှမ်းလို့။ အငြိမ်မနေတော့ဘူး။ အားပါးတရဆိုလို့ကလည်း၊ ဘာကောင်းသလဲ မမေးနဲ့။ လမိုင်းကလည်း ခုမှ ပိုကပ်လာသလိုလို။

သီချင်းဆုံးတဲ့အထိ ဖြောင့်လို့။ ပရိသတ် လက်ခုပ်သံအကြားမှာ ဦးညွှတ်လို့ ပရိသတ်ကို ကျွန်တော် ဂါရဝပြုလိုက်တယ်။ အဲသလို ယဉ်ကျေးတာ။ သည်သူငယ် တယ်တော်ပါကလားလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်မိရသေး…။

ဦးညွှတ်ပြီး ခေါင်း ပြန်အမတ်မှာ ကျွန်တော့်ယာဘက်က တစ်စုံတစ်ရာ ရိပ်ခနဲ ပြေးဝင်လာတယ်။

မည်းမည်းကြီး…

ရုတ်တရက်မို့ ဘာမှန်း ညာမှန်း စဉ်းစားချိန် မရလိုက်ဘဲ ကျွန်တော် အလန့်တကြား ခုန်ရှောင်လိုက်တယ်။ သတိရလိုက်တဲ့အချိန်မှာ ကျွန်တော့် ညာဘက်က ရိပ်ခနဲ ဝင်လာတဲ့ မည်းမည်းကြီးက ကန့်လန့်ကာကြီးဆိုတာ  သိလိုက်တယ်။

မြတ်စွာဘုရား…

ပရိသတ်က အုံးခနဲ ရယ်လိုက်တယ်။ ဟာ… သွားပြီ…။ ကျွန်တော် ခုန်ရှောင်လိုက်တာက နောက်ကို မဟုတ်ဘဲ ရှေ့ကို ခုန်ရှောင်မိတာဆိုတော့ ကန့်လန့်ကာအပြင်ကို ရောက်သွားတာ…။

အက တစ်ဖွဲ့လုံးက ကန့်လန့်ကာ နောက်မှာ…၊ ကျွန်တော် တစ်ကောင်တည်း ကန့်လန့်ကာ အပြင်ဘက်မှာ အတောင့်လိုက်ကြီး…။ ပရိသတ်ရဲ့ ရယ်သံကြောင့် ကျွန်တော် ၁၅ ပြားဖိုးလောက် (ခု ကာလတန်ဖိုးနဲ့ဆို ကျပ် ၃၀၀ ဖိုးလောက်) ရှက်သွားတယ်။

ဒါပေမယ့် ရေပြာလောင်ချမ်းလေ… သိတယ်မဟုတ်လား၊ မျက်နှာကို “ဘရာဆို” ကြေးဝါချေးချွတ်ဆေး တိုက်ထားတာ…။ ရေချမ်းတို့ မျက်နှာက သည်လောက်နဲ့တော့ ပြောင်ရုံမကဘူး။ လက်လက်ကို ထလို့…

အလွမ်း

ရုတ်ချည်းစဉ်းစားမိတာက ကန့်လန့်ကာရဲ့ သဘောထားအမှန်…။

သည် ကန့်လန့်ကာက ဘေးတိုက် နှစ်ခြမ်းစေ့လာတဲ့ ကန့်လန့်ကာမျိုး။ အထက်ကနေ အောက်ကိုချတဲ့ ဇာတ်ပွဲထဲက ကန့်လန့်ကာ ကားလိပ်ကြီးမျိုး မဟုတ်တော့ အလယ်ကောင် နှစ်ခြမ်းစေ့တဲ့ နေရာကနေ ကန့်လန့်ကာ နောက်ကို ပြန်ဝင်လို့ ရမှာပဲ။

ဟုတ်ကပြီ။ ဒါလေးများ…

ပရိသတ်ကြီးရဲ့ရယ်သံ နည်းနည်း လှပ်သွားခိုက်မှာ ကျွန်တော် မောင်ရေချမ်းသည် စင်ထောင့်မှနေ စင်အလယ် ကန့်လန့်ကာ နှစ်ခြမ်း စေ့ရာသို့ ခပ်မှန်မှန် ခြေလှမ်း၊ ခပ်လျှမ်းလျှမ်း မျက်နှာထားနှင့် ခပ်ကြွားကြွား သွားရပါတော့သည်။ ဝဲလက်တွင် ဓာတ်ခွက်၊ ယာလက်တွင် စာရွက်နှင့်၊ မာန် ပါပါ၊ ဟန်ခါခါ၊ ဈာန်သာသာ ကြွလိုက်သည်တွင်…

ကန့်လန့်ကာ နှစ်ခုကြားအစေ့သို့ ရောက်ရန် ခြေသုံးလှမ်းမျှသာ အလိုမှာ လက်ထဲက ဓာတ်ခွက်ကြိုးက ကျွန်တော့်ကို တုန့်ခနဲ ဆောင့်ဆွဲ ထားလိုက်ပြန်ပါတော့တယ်။
ဓာတ်ကြိုးက တိုလေတော့ကာ စင်အလယ်ထိ မရောက်။ ဆိုတော့… ဓာတ်ခွက် ကိုင်ထားသူ ကျွန်တော့်ခမြာလေးမှာလည်း ဟန်အတိ၊ မာန်အပြည့်နှင့် လျှောက်လာရာက လမ်းခွတ်လတ်တွင် ဟတ်ကော့ (half caught) ကြီးနှင့် ဆတ်ခနဲ ရပ်လို့သွား… ပရိသတ်ကြီးက တဝါးဝါး။

အံမယ်မင်းတဲ့… မင်း… ဇာတ်ဆရာ ]စိန်ရေပြာလောင်ချမ်း}တို့အဖြစ်များ ငိုချင်းသာ ချလိုက်ချင်စမ်းတော့တယ်။

အချ

ကန့်လန့်ကာ နောက်ဘက်ဆီက အသံတစ်သံက ပေါ်လာတယ်။


“ပေး… ပေး… မိုက်ခရိုဖုန်းကို ကားလိပ်အောက်ကနေ လှမ်းလှိမ့်လိုက်…”

ပရိသတ်ကြီးက တဝါးဝါး သဘောကျနေတုန်းမှာ ကျွန်တော်လည်း ဇာတ်စင်ကြမ်းပြင်ပေါ် ဒူးထောက်လို့ ဓာတ်ခွက်ကို အသံရှင် ပြောတဲ့အတိုင်း ကန့်လန့်ကာ အောက်ကနေ ထိုးထည့်လိုက်တယ်။

ပြီးတော့လား… ပြီးတော့ ခပ်တည်တည်ပဲပေါ့။ ပြောင်ရုံမက လက်လက်ထ တောက်ပတဲ့ မျက်နှာပိုင်ရှင် ရေပြာလောင်ချမ်းပဲ၊ ဘာရမလဲ။ ရယ်နေတဲ့ ပရိသတ်ကို စပ်ဖြဲဖြဲ မျက်ခွက်နဲ့ ဦးသုံးကြိမ်ညွှတ်ပြီး စင်ရှေ့အစွန်မှာ ရှိတဲ့ လှေကားအတိုင်းပဲ ဆင်းချလိုက်တာပေါ့။

ဘယ့်နှယ့်လဲ… စာရေးဆရာ၊ ကျွန်တော့် ဇာတ်လမ်းလေးက လွမ်းစရာ မကောင်းပေဘူးလား။ ကျွန်တော်တော့ ဘွဲ့နှင်းသဘင်ခန်းမကြီးကို မြင်တိုင်း သည်အကြောင်းကို တွေးမိပြီး တစ်ယောက်တည်း ပြုံးနေမိတာ သည်နေ့အထိပါပဲ စာရေးဆရာရယ်… ခွစ်… ခွစ်… ခွစ်…

(၁၉၉၅ ခုနှစ်က မဟေသီမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃(၁၁)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” စာအုပ်မှာ ဖော်ပြထားတာလေး တစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။)