Skip to content

Demands of the Burmese Society on Burmese Women

17 June 2010

မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့ တောင်းဆိုမှု

“မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု”ရယ်လို့ ခေါင်းတပ်လိုက်တဲ့အခါ တော်တော့်ကို ကြီးကျယ်သွားလေသယောင် ထင်ရပါတယ်။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတစေ ကြုံတွေ့နေရတဲ့ ကိစ္စသေးသေးလေးများသာ ဖြစ်ပါတယ်။

ပုံစံ (၁)

ကျွန်တော်က အလွန်ခရီးသွားတဲ့သူပါ။ ခြေထောက်မှာ ဗွေပါတယ်လို့တောင် ထင်ရလောက်အောင် ခရီးယာယီ အလွန်များပါတယ်။ ဒါပေမယ့် အကျင့် တစ်ခု လုပ်ထားတယ်၊ ဘယ်မြို့ကိုရောက်ရောက်၊ ဆွေမျိုးမိတ်သင်္ဂဟများ အိမ်မှာ ဘယ်သောအခါမှ မတည်းပါဘူး။

အကြောင်းရှိပါတယ်။ သူများအိမ် တည်းတယ်ဆိုတာ သူများအတွက် ဒုက္ခဖြစ်သလို၊ ကိုယ့်အတွက်လည်း ဒုက္ခဖြစ်နိုင်တယ်။ “အိမ်တည်းဧည့်” မရှိခိုက်မှာ အိမ်သားတွေ ဖြစ်သလို စား၊ ဖြစ်သလို နေချင်နေကြမှာမျိုးပေမယ့် ဧည့်သည်ရှိလာတာနဲ့ဟင်းကောင်း၊ ကျွေးကောင်းချက်ရပါတော့မယ်။ ပြီးတော့ ဧည့်သည်ကို အိမ်ဦးခန်းမှာ အိပ်ရာအိပ်ခင်းကောင်းကောင်းနဲ့ ထားရပါမယ်။ ဧည့်သည် လိုအပ်မယ် ထင်တာကို အကုန်ဆောင်ရွက်ပေးပါမယ်။ ဒါ ချစ်စရာကောင်းတဲ့ မြန်မာ့စရိုက်ပါ။

ဧည့်သည်အနေနဲ့ကျပြန်တော့လည်း အဲဒီ့အိမ်ရဲ့ စည်းကမ်းများကို အတတ်နိုင်ဆုံး လိုက်နာဖို့ ကြိုးပမ်းရပါတယ်။ အိမ်ရှင်အိပ်မယ်လို့ ယူဆချိန် မှာ ဝင်အိပ်၊ ထမယ်လို့ ယူဆချိန်မှာ ကြိုထ၊ ကျွေးတဲ့အချိန်မှာစား၊ အိမ်အတွက် လိုအပ်မယ် ထင်တာတွေ ဝယ်ခြမ်းပေး၊ ဝင်လုပ်ပေးစသဖြင့်ပါ။

အတိုပြောရရင်တော့ အိမ်ရှင်ရော ဧည့်သည်ပါ နှစ်ဦးနှစ်ဖက် တော်တော့်ကို အနေကျုံ့တဲ့ကိစ္စပါ။ ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် “အားနာ” နေရတာကြီးကိုက ဟန်မကျသလိုပါပဲ။

သည်တော့ ဘယ်နေရာကိုသွားသွား၊ တည်းခိုခန်းတစ်ခုခုမှာပဲ တည်းလေ့ရှိပါတယ်။ မန္တလေးလို ကျွန်တော့်ဆွေမျိုးရင်းချာတွေရှိတဲ့ အရပ်မှာတောင် အမျိုးအိမ်မှာ မတည်းတာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ အချိန်ကတည်းကပါ။

တစ်ချီမှာတော့ ကျွန်တော့်အိမ်သူ တစ်ယောက်တည်း ခရီးသွားဖို့ အကြောင်းပေါ်လာပါတယ်။ မန္တလေး၊ မုံရွာခရီးပါပဲ။ သမီးက ကျောင်းတစ်ဖက်နဲ့မို့ သမီးကို ကျွန်တော်နဲ့ ထားခဲ့ပြီး သားငယ်ကို ခေါ်သွားမှာပါ။

ပြဿနာက မန္တလေးမှာ တည်းခိုဖို့ ကိစ္စဖြစ်လာပါတယ်။ ကျွန်တော့် အိမ်သူက တခြားနေရာတွေမှာ ဇီဇာမကြောင်လှပေမယ့် ရေအိမ်ကိစ္စမှာတော့ အလွန်ဇီဇာကြောင်ပါတယ်။ (ကျွန်တော်လည်း အတူတူပါပဲလေ။) မန္တလေးမှာ သူဝင်တည်းနိုင်တဲ့ သူ့အမျိုးအိမ်၊ ကျွန်တော့်အမျိုးအိမ်တွေမှာက ရေလောင်း အိမ်သာများနဲ့ပေမယ်လို့ သိပ်သပ်သပ်ရပ်ရပ် မရှိလှဘူး။ ကျယ်ကျယ်လွင့်လွင့်လည်း တယ်မရှိချင်ဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ လင်မယားရဲ့စံနဲ့ မကိုက်၊ မမီတဲ့ ရေအိမ်များလို့ ဆိုရမယ်။

ကျွန်တော့်အမျိုးအိမ်က မြို့စွန်မှာမို့ သွားရေးလာရေး ခက်တယ်၊ သူ့အမျိုးအိမ်က မြို့လယ်မှာပေမယ့် အိမ်နဲ့ လုပ်ငန်း တွဲထားတာက တစ်ကြောင်း၊ အိမ်မှာ လူများတာက တစ်ကြောင်းတို့ကြောင့် အဲဒီ့မှာလည်း သူ မတည်းချင်ဖြစ်နေတယ်။

ဒါနဲ့ “ကျွန်တော်က မန္တလေးဟိုတယ်မှာ တည်းပေါ့”လို့ ပြောလိုက်မိသွားတယ်။ အပြင်ဟိုတယ်ထက်စာရင် နိုင်ငံပိုင် ဟိုတယ်က ပိုဣနြေ္ဒရမယ်လို့ ယူဆလို့ပါ။ အဲဒီ့အချိန်၊ ၁၉၉၂ ခုနှစ်တုန်းက မန္တလေးဟိုတယ်ဟာ နိုင်ငံခြား ဟိုတယ်နဲ့ ဖက်စပ်မဟုတ်သေးဘူး။

ကျွန်တော့်မိန်းမက မတည်းရဲဘူးလို့ ဆိုပါတယ်။

“ဟ… ဘာဖြစ်လို့တုံး…”

“ရှင့်နှယ်၊ မိန်းမတစ်ယောက်တည်း ဟိုတယ်မှာတည်းလို့ ဘယ်ဖြစ်ပါ့မလဲတော်…”

“သားသား ပါသားပဲကွာ…”

“သားသား ပါပေမယ့် မတည်းရဲဘူး ရှင်ရဲ့…”

အခြေအနေကို နားလည်ယူလိုက်ပါတယ်။ ဒါ ကျွန်တော် ဆွေးနွေးနေတဲ့ မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စတစ်ခုပါ။

ကျွန်တော်တို့ အသေးစိတ် ပြန်ကြည့်ရအောင်…။

မြန်မာအမျိုးသမီးများ၊ အထူးသဖြင့်အမျိုးသမီးငယ်များ၊ လူလတ်ပိုင်း အမျိုးသမီးများအနေနဲ့ တစ်ယောက်တည်း ခရီးထွက်ဖို့ မြန်မာ့လူ့ဘောင်က စာနဲ့ အတိအကျ ရေးမထားပေမယ့် ခွင့်မြုပပါဘူး။ မြန်မာအမျိုးသမီးများ ခရီးထွက်ရင် အဖော်ပါဖို့ လိုကိုလိုပါတယ်။ အသက်ကြီးသူ ကြီးတော်များ၊ ဒေါ်လေးများပါရင် ပိုသင့်တော်ပါတယ်။ ရေးမထားပေမယ့် ကျွန်တော်တို့ရဲ့ လူ့ဘောင်က အဲသလို သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သည်နေရာမှာ ခြွင်းချက်က ရှိနေတယ်။ သွားတော့ရော ဘာဖြစ်သလဲလို့ မေးစရာရှိပါတယ်။ အဲ… အဖော်မပါသူမိန်းမရွယ်၊ မိန်းမငယ်တစ်ယောက်ကို ခရီးဖော် မဟာပုရိသများက ထိကပါး၊ ရိကပါး လုပ်ဖို့ အခွင့်အလမ်းတွေ များနေပါတယ်။ ကာယကံ၊ ဝစီကံနဲ့ မထိပါးရင်တောင် အဲသလို တစ်ကိုယ်တော်ခရီးသွားသူ မိန်းမရွယ်၊ မိန်းမငယ်များကို မျက်လုံးတွေနဲ့၊ အကြည့်တွေနဲ့ အထင်သေးပြတတ်ကြပါတယ်။ ဒါဟာ မြေကြီး လက်ခတ်မလွဲပါ။

မိန်းမရွယ်၊ မိန်းမငယ်များအနေနဲ့ အဖော်ပါသည့်တိုင် ပါတဲ့ အဖော်က ငယ်ရွယ်သူမိန်းမသားတစ်ဦးသာ ဖြစ်နေခဲ့ရင် တစ်ယောက်ချင်းသော်လည်းကောင်း၊ နှစ်ယောက်ချင်းသော်လည်းကောင်း ဟိုတယ်တို့၊ တည်းခိုခန်းတို့ကို ဝင်တည်းဖို့ မြန်မာ့လူ့ဘောင်က (အတိအကျရေးမထားပေမယ့်) ခွင့်မပြုပြန်ပါဘူး။ တည်းခိုခန်းမှာ ယောကျာ်းဖော်၊ လူကြီးဖော်မပါဘဲ မိန်းမကောင်းတွေ တည်းခိုလေ့မရှိဘူးလို့ ရေးမထားပေမယ့် ကျွန်တော်တို့မြန်မာ့လူ့ဘောင်က အတိအလင်းကို သတ်မှတ်ထားလို့ပါပဲ။

လွန်ခဲ့တဲ့နှစ်၂၀ကျော် အထက်ကာရီက မိန်းမသားတွေ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ဝန်လေးခဲ့ကြသလိုပါပဲ။ အခုခေတ်မှာတော့ မိန်းမတစ်ယောက် လက်ဖက်ရည်ဆိုင် ဝင်ထိုင်လို့ ဘာမှမဖြစ်တော့ပါဘူး။ ဒါတောင် တစ်ယောက်တည်း ဝင်ထိုင်ရဲသူတွေ နည်းလှပါသေးတယ်။ အုပ်စုလိုက်ဖြစ်စေ၊ အဖော်နဲ့ဖြစ်စေသာ ဝင်ထိုင်ရဲတဲ့ အနေအထားပါ။

စောစောက တည်းခိုခန်းတည်းတဲ့ကိစ္စကိုပဲ ပြန်ဆက်ပါ့မယ်။ သည်လို နဲ့ ၁၉၉၂ ခုမှာ ကျွန်တော့်အိမ်သူဟာ တစ်ယောက်တည်း ခရီးသွားတော့ တည်းခိုခန်းမှာ မတည်းရဲခဲ့လို့ မတည်းချင်လှတဲ့ အမျိုးအိမ်မှာ ခိုခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ထဲမှာ ကျွန်တော်တို့ သားအမိ၊ သားအဖ လေးယောက် မန္တလေး၊ မုံရွာခရီး သွားဖြစ်ပြန်ပါတယ်၊ မန္တလေးကို ရောက်တော့ ဟိုတယ် တစ်ခုမှာ စ တည်းပါတယ်။ နောက် အဲဒီ့ဟိုတယ်ရဲ့ မြောက်နားက ဟိုတယ်တစ်ခုကို ပြောင်းပါတယ်။ ပြောင်းရတဲ့ အကြောင်းရင်းက မူလဟိုတယ်ရဲ့ အခန်းအနေအထားကို မကြိုက်လှတာရယ်၊ ဈေးကြီးပေးရသော်လည်းပဲ မီးပျက်နေတဲ့အချိန်မှာ မီးစက်ကို ချွေတာလွန်းနေတာကြောင့် အလုံပိတ် အခန်းထဲမှာ အိုက်လှောင် မွန်းကြပ်နေတာရယ်တို့ကြောင့်ပါ။

ပြောင်းပြီး နောက်တစ်ရက်မှာ ကျွန်တော်တစ်ယောက်တည်း ယာဉ်တိုက်မှုဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပထမမှာ မန္တလေး ဆေးရုံကြီး၊ နောက်တော့ “အေးသီရိ” အပြင်ဆေးရုံစတာတို့မှာ တစ်ပတ်လောက် နေရပါတယ်။ သည်အတောအတွင်းမှာ ကျွန်တော့်အိမ်သူက ငါးနှစ် ရွယ်သမီး၊ သုံးနှစ်ရွယ်သားတို့နဲ့အတူ မြို့လယ်က ဟိုတယ်တစ်ခုကို ရွှေ့နေပါတယ်။

သည်တစ်ချီမှာတော့ အဖော်မပါဘဲ လူမမည် ကလေးငယ်များနဲ့ သူ တစ်ယောက်တည်း ဟိုတယ်များမှာ တည်းရဲသွားပါပြီ။ (မတည်းရဲဘူး၊ တည်းရဲတယ်လို့ တွေးဖို့ အချိန်မရလောက်အောင် ကျွန်တော့်ဒဏ်ရာ အခြေအနေက သူ့ကို ဖိစီးလိုက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။) ဒါပေမယ့် မန္တလေးသူ ကျွန်တော့်ကြီးတော်တစ်ယောက်ကတော့ ဟိုတယ်ကို လိုက်အိပ်ပေးရှာတယ်။ (သဘောပေါက်တယ်နော်)

နောင်အခါ ကျွန်တော့် မရီးတော်တစ်ယောက် ရန်ကုန်က လိုက်လာမှ၊ အဲဒီ့ မရီးတော်ကလည်း တည်းခိုခန်းမှာ ကျွန်တော့်အိမ်သူနဲ့အတူအိပ်ပါမှ ကျွန်တော့်ကြီးတော်လည်း သူ့အိမ်သူ ပြန်အိပ်တော့တယ်။

ကြည့်စမ်း၊ ဘယ့်ကလောက်များလဲလို့။ ကာယကံရှင်လုပ်တဲ့ ကျွန်တော့် အိမ်သူကိုယ်တိုင်က တည်းခိုခန်းမှာ သူ့သားသမီးများနဲ့ အိပ်ရဲနေပြီဖြစ်တဲ့တိုင် ကျွန်တော်တို့ ပတ်ဝန်းကျင် (လူ့ဘောင်)က သူ့ကို ခွင့်မပေးဘူး။ (ပြောမရလို့သာ သူတို့အိမ်တွေကို ကျွန်တော့်ဇနီးမယား၊ သမီးသားတို့ ပြောင်းမနေခဲ့ရတာပါ။ နှစ်ဘက် အမျိုးတွေက သူတို့အိမ်တွေမှာ လာနေဖို့ အကြိမ်ကြိမ် ပြောကြပါသေးတယ်။)

တကယ်တော့ ဘာဖြစ်သလဲဗျာ။ တည်းခိုခန်းတို့၊ ဟိုတယ်တို့မှာ တည်းတာဟာ မိန်းမတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို ဘယ်လိုများ ထိခိုက်နေလို့လဲ။ အဲလိုတည်းလိုက်တာနဲ့ပဲ အဲဒီ့မိန်းမဟာ လျှပ်ပေါ်လော်လီရာ ရောက်သွားမတဲ့လား၊ ကျွန်တော်တော့ ဘဝင်မကျလှဘူး။

ဒါက ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းများထဲက တစ်ခုကို ကောက်ယူဆွေးနွေးကြည့်တာပါ။ သည်လို စည်းမျဉ်းများကြောင့် ကျွန်တော်တို့ရဲ့ နှမတွေ၊ အစ်မတွေ၊ အဒေါ်တွေ၊ အမေတွေ၊ ဇနီးမယားတွေခမျာမှာ ဘယ့်ကလောက် အနေကျုံ့နေရှာကြမလဲဆိုတာ တွေးသာကြည့်ကြစေချင်ပါ တယ်။

ပုံစံ (၂)

နောက်ထပ် ဥပမာတစ်ခု ကောက်ယူပြပါမယ်။ ဒါလည်း ကျွန်တော့် အိမ်သူနဲ့ ကျွန်တော်တို့ ကြုံဖူးတာမျိုးပါ။

ကျွန်တော့် အိမ်ထောင်ရေး ခံယူချက်က ရှင်းပါတယ်။ ကျွန်တော် အိမ်ထောင်ြုပထားတယ်ဆိုတာ ဘဝတစ်သက်တာအတွက် အဖော် (lifetime companion) ရှာတာပါ။ ဒါကြောင့်မို့ ကျွန်တော့်အိမ်သူကို ဘယ်တုန်းကမှ “တစ်ဆင့်နိမ့်လူသား”(secondary human-being) အနေနဲ့ မသတ်မှတ်ပါဘူး။ ကျွန်တော်က ယောက်ျား၊ ကျွန်တော်က အိမ်ထောင်ဦးစီး၊ ကျွန်တော်က ထမင်းရှင်ဆိုတဲ့ အပေါက်မျိုးနဲ့ အိမ်တွင်းမှာ ခြယ်လှယ် စိုးမိုးမှုမျိုးကိုလည်း မလုပ်ချင်ပါဘူး။ မိသားစုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကိုလည်း ကျွန်တော်တစ်ဦးတည်း ချမှတ်လေ့ မရှိဘူး။

ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။ သည်တော့ ကျွန်တော့်ကို အလုံးစုံ အားကိုးတယ်၊ တာဝန်မယူရဲဘူး။ သည်အကျင့်ကြီးကိုလည်း မကြိုက်လှဘူး၊ သူ့ကိုယ်ရည်ကိုယ်သွေးကို တက်သည်ထက် တက်လာအောင် ကျွန်တော်ကိုယ်တိုင်က အားပေးတယ်၊ သွေးထိုးတယ်။ သူ့မှာ လည်း“ပိုင်ခွင့်”တွေ ရှိနေကြောင်း သူသိအောင် လုပ်လုပ်ပေးတယ်။

ထားပါ။

ပြောချင်တာက ကျွန်တော့်အိမ်သူကို ကျွန်တော်နဲ့ တစ်ပြေးညီ အလျားလိုက် ဆက်ဆံတဲ့အကြောင်း၊ (အထက်-အောက်၊ ကြောက်နေရတဲ့ ဆက်ဆံရေးကို ထောင်လိုက် ဆက်ဆံရေး၊ သူငယ်ချင်းချင်း ပေါင်းသလို ရင်းနှီးပွင့် လင်းတဲ့ဆက်ဆံရေးကို အလျားလိုက်ဆက်ဆံရေးလို့ ဆိုလိုတာပါ။)

သည်တော့ ကျွန်တော် ဘာလုပ်လုပ်၊ ဘယ်သွားသွား ကျွန်တော့်အိမ်သူကို အသိပေးတယ်၊ အတတ်နိုင်ဆုံး ခေါ်သွားတယ်။

တစ်ခါ၊ ကျွန်တော့်မိန်းမက စီးကရက် သောက်တတ်တယ်။ ကျွန်တော်နဲ့ မညားခင်ကတော့ သောက်တတ်ဟန် မတူပါဘူး။ ကျွန်တော်နဲ့ညားတော့ ကျွန်တော်က ဆေးလိပ်ဂျိုး(ချိုး)။ ကျွန်တော်ကိုယ်တိုင်က သောက်နေမှတော့ ကျွန်တော့်မိန်းမ ကျွန်တော့်ဆေးလိပ် ယူယူ ဖွာတာကိုလည်း မပြောဘူး။

သည်တော့ အိမ်ထောင်သက် တစ်နှစ်သာသာလောက်မှာ ကျွန်တော့် မိန်းမလည်း စီးကရက် စွဲတော့တာပါပဲ။ (မကောင်းမှုများ အဲသလို၊ သိပ် သင်စရာ မလိုဘူး။)
နောက်ကျတော့ ကျွန်တော်က တစ်ဆင့် တိုးတယ်၊ မိန်းမကို အမျိုးသမီးသောက်တဲ့ အရက်ချိုများပါ တိုက်တယ်။

ကျွန်တော်ကလည်း အရက်ဆိုရင် အမျိုးအမည် စုံအောင်ကို ဝါသနာပါတဲ့သူ၊ နည်းစုံနဲ့ သောက်သုံးတဲ့သူ၊ အခြေအနေကလည်း ပေးလေတော့ အရက်ပေါင်းစုံနဲ့ ရင်းနှီးတဲ့သူ။ သည်တော့ ကျွန်တော့်အိမ်သူကို မိန်းမတွေ သောက်ဖို့ ထုတ်လုပ်တဲ့ အပျော့စား ဘီယာ၊ ဘီယာကို သံပုရာရည်လေး နဲ့ရောတဲ့ “ရှန်ဒီ”စသဖြင့် တိုက်တိုက်ပေးရင်း စည်းရုံးရပါတယ်။

အရက်သောက်တဲ့နေရာမှာ အဖော်လိုတယ်။ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်းနဲ့ သောက်ရင် ကျွန်တော်လို စိတ်နုသူ၊ အားနာတတ်သူအနေနဲ့ များများ သွားတာက ဆိုးတယ်။ ကိုယ့်မိန်းမကိုယ် အဖော်လုပ်တော့ ကိစ္စပြတ်ရော။ မိန်းမကလည်း သူ့မျက်စိအောက်တင်ဆိုတော့ စိတ်မပူရဘူး။ ကျွန်တော် သိပ်များသွားလို့ ကားမမောင်းနိုင်လည်း သူ တက်မောင်းရုံပဲ။ ကျွန်တော်ကလည်း သူပါနေတော့ အရက်သောက်ပြီး အပေါင်းအသင်းစုံရင် ဟေးလားဝါးလားနဲ့ ဆင့်လုပ်ဖြစ်လေ့ရှိတဲ့ နောက်ထပ် မကောင်းမှုတွေလည်း မလုပ်ဖြစ်တော့ဘူး။

သည်တော့ ကျွန်တော်က မိန်းမကို အရက်သောက် သင်ပေးထားတယ်။ တမင့်ကို သင်ထားတာ။ မိန်းမဆိုတာကတော့ သူတို့အရှက်နဲ့ သိက္ခာကို လွှတ် တန်ဖိုးထားတာဆိုတော့ သောက်တတ်နေဦးတောင်မှ ကျွန်တော်တို့ ယောက်ျားတွေလို မူးပြီး ရမ်းတာတို့၊ အော်ဟစ် သောင်းကျန်းတာတို့ ဘယ် ရှိမလဲ။ တစ်ခါလောက် မူးအောင် တိုက်လိုက်တယ်ဆိုရင်ပဲ နောက်ပိုင်း သူ့ဘာသာသူ ဆင်ခြင်တတ်သွားတာပေါ့။

သည်လိုနဲ့ ကျွန်တော်သွားလေရာမှာ (အလုပ်သွားတာကလွဲရင်) ကျွန်တော့်အိမ်သူက အမြဲပါတယ်။ အထူးသဖြင့် တစ်ခါတစ်ရံ သောက်စားရာများမှာ ကျွန်တော့်အိမ်သူ မပါတာ မရှိသလောက်ပဲ။

ပြဿနာ မရှိဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ကျွန်တော်တို့သွားတဲ့နေရာတွေကလည်း ဗရုတ်သုတ်ခများ အသွားအလာ နည်းတဲ့၊ အဆိုဝါသနာရှင်များ၊ အစားဝါသနာရှင်များ၊ အသောက်ဝါသနာရှင်များသာ အေးအေး ချမ်းချမ်း စုဝေးတဲ့ အရပ်မျိုးတွေ။

ကျွန်တော်ကပဲ အမှတ်တမဲ့ နေခဲ့လို့လားတော့မသိဘူး၊ အဲသလို နေရာတွေမှာ စီးကရက်တကားကားနဲ့ ဗျစ်ရည်ခွက် ရှေ့ချထားတဲ့ ကျွန်တော့် အိမ်သူအတွက် ပတ်ဝန်းကျင်က ပြဿနာ မရှိဘူး။ ဘယ်သူကမှလည်း ကွက်ကြည့်၊ ကွက်ကြည့် မလုပ်ကြဘူး။

ဟော… တစ်ရက်မှာ မြို့ထဲက သူငယ်ချင်းတစ်ယောက်နဲ့ ဆုံကြတော့ ကျွန်တော်တို့တွေ သိပ်ဝေးဝေးလံလံ မသွားချင်တော့တာက တစ်ကြောင်း၊ နန်းသီတာကို မရောက်တာ ကြာပြီမို့ တစ်ကြောင်းကြောင့် နန်းသီတာမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို တက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ ကျွန်တော့်အိမ်သူ၊ ကျွန်တော့်သူငယ်ချင်းဆိုတာကလည်း ကျွန်တော်တို့ မညားခင်ကတည်းက ကျွန်တော့်အိမ်သူနဲ့ ရင်းနှီးပြီးဖြစ်သလို အိမ်မှာပဲ စားသောက်၊ အိပ်နေတဲ့ သူငယ်ချင်း။

သည်တော့ သုံးယောက်သား ဗျစ်ရည်တွေမှာ၊ အမြည်းတွေ မှာလို့ စားကြသောက်ကြတယ်။ ရေငတ်နေခိုက်မှာ ဗျစ်ရည်အေးအေးကို အားပါးတရ မော့ချလိုက်ရတာ အရသာကောင်းတစ်ခုမို့ ပထမတစ်ခွက်ကို ကမူးရှူးထိုး မော့ချအပြီးမှာမှပဲ ဘေးဘီဝဲယာကို ကြည့်မိပါတယ်။

လား… လား…

ကျွန်တော့်အိမ်သူကို တစ်ဖက်ဝိုင်းက ယောက်ျားသားများ လှမ်းကြည့်နေတဲ့ မျက်လုံးတွေက တစ်မျိုးကြီးတွေပါလား။ ကျွန်တော့်မိန်းမ ဝတ်စား ထားပုံကလည်း လျှပ်ပေါ်လော်လီမှု မပါပါဘူး။ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အဆင်အပြင်ကလည်း လော်လီ မနေပါဘူး။ သို့သော် သူ့လက်ထဲက စီးကရက်၊ သူ့ရှေ့က ဗျစ်ရည်ဖန်ခွက် စတာတို့ကြောင့်လည်းကောင်း၊ ယောက်ျားနှစ်ယောက်ကြားမှာ မိန်းမဖော်မပါဘဲ ထီးတည်း ပါလာတာမို့ လည်းကောင်း တစ်ဖက်ဝိုင်းက ယောက်ျားသားများရဲ့ မျက်လုံးရိုင်းတွေကို မြင်လိုက်ရတာပါ။

ကြည့်စမ်း…

ကျွန်တော် ပြောနေတဲ့၊ ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းတွေ။ ဗျစ်ရည်မသောက်ဘူးပဲထား၊ အရက်သောက်နေတဲ့ ယောက်ျားသား နှစ်ယောက်ကြားမှာ ထိုင်နေမိတာတစ်ခု၊ စီးကရက် သောက်မိတာတစ်ခုနဲ့တင်ကို လူတွေရဲ့ မျက်လုံးတွေမှာ အရောင်တွေ တွဲကပ်ပါနေတာ။ အထူးသဖြင့် နန်းသီတာလို နေရာမျိုး၊ မြို့လယ်ကောင်၊ အနည်းငယ် ဈေးသက်သာပြီး လူပေါင်းစုံ လာနိုင်တဲ့နေရာမျိုးမှာ ပြဿနာမျက်လုံးတွေကို ကျွန်တော် မြင် လိုက်ရတယ်။

ပုံစံ (၃)

အိမ်ထောင်ရေးမှာ စဉ်းစားကြည့်ရအောင်…။


ယောက်ျားလေးတော်တော်များများဟာ သူတို့ရဲ့လူပျိုဘဝကို မိန်းမပျက်တွေရဲ့ရင်ခွင်မှာ အဆုံးရှုံးခံတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့က သူတို့ချစ်သူရည်းစား၊ မိန်းမပျိုလေးများကို ကျူးလွန်ချင်လည်း ကျူးလွန်လိုက်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်ထပ်ကြတဲ့ အခါမှာတော့ သူတို့ယူတဲ့ မိန်းကလေးကို (သူတို့ ကျူးလွန်ခဲ့သူသာ မဟုတ်ခဲ့ရင်) အပျိုစစ်စစ် ဖြစ်နေစေလိုတဲ့ဆန္ဒမျိုးနဲ့ ယောက်ျားသားမျိုးက ၁၀ဝမှာ ၉၀လောက်ပါ။

ယောက်ျားလေးတစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ဖူးရင် “စွံတယ်”လို့ သူ့ပတ်ဝန်းကျင်က ထောမနာပြုတတ်ပါတယ်။ မိန်းကလေး တစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ရင် “မျက်နှာများတယ်”လို့ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ပါတယ်။

ဒါက သမီးရည်းစားကိစ္စမှာပါ။

အိမ်ထောင်ရေးမှာကျတော့ ပိုဆိုးလာပါတယ်။ ယောက်ျားတစ်ယောက် ဖောက်ပြန်တာ ဘာမှ မဖြစ်ပေမယ့် မိန်းမတစ်ယောက် ဖောက်ပြန်ရင် ပတ်ဝန်းကျင်က မေးငေါ့ဖို့ အဆင်သင့်ပါပဲ။ အိမ်ထောင်ရေးပြစ်မှု ဖြစ်တဲ့ မယားငယ်နေတာတို့၊ အမြှောင်ထားတာတို့၊ မိမိအိမ်သူမဟုတ်တဲ့ တခြားတစ်ပါးသောမိန်းမ (မိန်းမပျက်ပင်ဖြစ်စေ)နဲ့ ဖောက်ပြားတာတို့ကို အချို့သော ယောက်ျားများက ထမင်းစားရေသောက်သဖွယ် ကျူးလွန် ဖောက်ပြန်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့ယောက်ျားတွေပဲ၊ သူတို့မယားတွေ တခြား တစ်ပါးသော ယောက်ျားနဲ့ လက်ပွန်းတတီးနေရင်ကို ဆွေ့ဆွေ့ခုန်နေပါပြီ။

မိန်းမတွေ ဖောက်ပြန်မိလို့ကတော့ ပတ်ဝန်းကျင်ကလည်း “အရပ်ပျက်မ”လောက်နီးနီး ပြောဆို မေးငေါ့တော့မှာပါ။ သည်ကြားထဲမှာ “မယားခိုးမှု”ဆိုတာနဲ့ ကျူးကျော်သူ ယောက်ျားကိုလည်း ဒဏ်ခတ်နိုင်နေပြန်ပါသေးတယ်။ အဲသလို ယောက်ျားက နောက်မယားယူရင်တော့ မယားကြီးခမျာ “လင်ခိုးမှု”လည်း စွဲလို့မရ၊ မိမိလင်ကို လာပြီး “ဒုဿနသော”လေတဲ့ မိန်းမကိုလည်း ဘာမှ မလုပ်နိုင်ဘဲ သည်အတိုင်း လက်ပိုက် ကြည့်နေရ။ အစစမှာ ယောက်ျားတွေဘက်က အသာချည်းပါပဲ။

အမှန်က တရားအရကြည့်ရင် သူတစ်ပါးရဲ့မယားကို ကြာခိုတာလည်း ဒုဿနသော၊ သူများလင်ကို ကြောင်တောင်နှိုက်တာလည်း ဒုဿနသောပါ၊ ဘယ်ဟာမှ မကင်းလွတ်ပါဘူး။ ဒါပေမယ့် လက်တွေ့လူ့ဘောင်ဘဝမှာတော့ ယောက်ျားဖြစ်တာနဲ့ “ထင်ရာစိုင်းခွင့်”လိုင်စင်ကို ရယူနိုင်ပြီး မိန်းမဖြစ်တာနဲ့ အနှောင်အဖွဲ့၊ အဆီးအတားတွေနဲ့ ခံစားရတော့တာပါပဲ။

တစ်ခါ၊ တစ်ခုလပ်နဲ့ မုဆိုးမကိစ္စ။

အဲဒါကလည်း ရယ်စရာ ကောင်းလှတယ်၊ ယောက်ျားတစ်ယောက် တစ်ခုလပ်သော်လည်းကောင်း၊ မုဆိုးဖိုသော်လည်းကောင်း ဖြစ်သွားလို့ မိန်းမပျို၊ မိန်းမအို (လင်ရှိမယား)တွေက အချောင်နှိုက်ဖို့ မကြံကြပါဘူး။ ငွေကြေး ချမ်းသာသူ မုဆိုးဖို၊ တစ်ခုလပ်များကို ဆိုရင်တော့လည်း သမီးရှင်တွေ၊ အချို့သော မိန်းမငယ်တွေ၊ တစ်ခုလပ်၊ တစ်လင်ကွာ အမျိုးသမီးတွေက ငွေတစ်မျက်နှာနဲ့ အပိုင်ကြံကောင်း ကြံကြပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ အဲသလို မုဆိုးဖိုတို့၊ တစ်ခုလပ်တို့ကို ဘယ်မိန်းမကမှ အလကား ရမလားဆိုပြီး အပျော်မကြံပါဘူး။

အဲ… အရွယ်ကောင်း မိန်းမတစ်ယောက် တစ်ခုပဲလပ်လပ်၊ တစ်လင်ပဲကွာကွာ၊ မုဆိုးမပဲဖြစ်သွားသွား၊ အနီးအနားက လူပျို၊ လူအို၊ လူငယ်၊ လူရွယ်၊ လူကြီးပေါင်းစုံက “သည်မိန်းမတော့ ရနိုင်တယ်”ဆိုတဲ့ သေးသိမ် ယုတ်ညံ့စိတ်နဲ့ ကြံတော့တာပါပဲ။ အဲသလို ကြံကြတဲ့အထဲမှာလည်း အများစုက အပျော်ကြံပြပါလိမ့်မယ်။ တကယ့်ကို အတည်ယူရဲတဲ့ ယောက်ျား လူပျိုဆိုတာက အတော်ရှားပါမယ်။ ယူတယ်ပဲထား၊ အတည်ပဲထား၊ အဲလို ယောက်ျားကို သူ့ပတ်ဝန်းကျင်က ကောင်းကောင်း ရှုတ်ချပြပါတော့မယ်။ သူ့မိဘအသိုင်းအဝိုင်းကဆို သဘောမတူဘူး၊ ဘာဘူးနဲ့ အပြင်းအထန် ကန့်ကွက်ပါတော့မယ်။

မုဆိုးဖို၊ တစ်ခုလပ် အမျိုးသားတစ်ယောက်ကို မိန်းမပျိုလေးတစ်ယောက်က လက်ထပ်ယူမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက အနည်းနဲ့ အများတော့ ဆန့်ကျင်ကြမှာ မှန်ပေမယ့် မုဆိုးမ၊ တစ်လင်ကွာမကို ယောက်ျားတစ်ယောက်က လက်ဆက်တဲ့အခါ သူ့အသိုင်းအဝိုင်းက ဆန့်ကျင်မယ့် အတိုင်းအဆနဲ့ နှိုင်းယှဉ်ရင်တော့ ကွာခြားနေမှာ အမှန်ပါပဲ။

စဉ်းစားစရာပါလေ။

တကယ်တမ်း ပြန်ဆန်းစစ်မယ်ဆိုရင် ကျွန်တော်တို့ မဟာပုရိသများက မိန်းမသားတွေကို လူအဖြစ် သတ်မှတ်ပါတယ်ဆိုရင်တောင် သူတို့ကို ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် တကယ် သတ်မှတ်ရဲ့လား ဆိုတာ သံသယပွားစရာပါ။

ကျွန်တော်တို့ ယောက်ျားတွေ လက်မခံနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ မလိုက်လျောနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ ဦးဆောင်တဲ့ လူ့ဘောင်က တောင်းဆိုနေတာများ အားလုံးနဲ့ ချိန်ထိုးလိုက်ရင် မိန်းမသားများကို လူအဖြစ်သတ်မှတ်ပါတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း တန်းတူကျင့်သုံး ခံစားခွင့်ရှိတဲ့၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူထဲက သာမန်လူသား တစ်ယောက်အဖြစ် မရှုမြင်ကြဘဲ ယောက်ျားထုက ချမှတ်ထားတဲ့ (ရေးမထားတဲ့) ဥပဒေဿများ၊ ယောက်ျားထု မှန်းဆမျှော်လင့်ထားတဲ့ အကျင့်စရိုက် အနေအထိုင်များနဲ့သာ ကျဉ်းကျဉ်းကျုတ်ကျုတ်၊ ကတ်ကတ်သတ်သတ် ကျင့်ကြံနေထိုင်ရသော ဒုတိယတန်းစား လူသားများအနေနဲ့သာ နေရာပေးနေကြတာကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ ယောက်ျားတွေ တရားလိုက်ပုံကတော့ ပါးစပ်က ဖွင့် မကြေညာပေမယ့်လည်း စိတ်ထဲကနေ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တော့ “ပထမတန်းစား လူသား”များအဖြစ် ရှေ့တန်းက ခပ်ကြွားကြွားလေး နေရာယူနေကြတာကြီးလေ။

ရေးမထားတဲ့ အူကြောင်ကြောင် စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကို ချည်နှောင်ထားခဲ့တာ၊ အဲဒီ့ စည်းမျဉ်းတွေထဲက တစ်ခုခုမှာ ကျိုးပေါက်သွားတဲ့ မိန်းမတွေကို တန်ဖိုးတွေ လျှော့ချခဲ့ကြတာ၊ ကျွန်တော်တို့တွေ မှန်းဆ မျှော်လင့်ထားတဲ့ ကိုယ်ကျင့်များအတိုင်း တသမတ်တည်းသာ နေစေလိုတာတို့ဟာ မိန်းမတွေထက် ပိုသဘောထားကြီးတယ်၊ ပိုလို့သဘောထား ပြည့်ဝတယ်လို့ မိမိတို့ကိုယ်မိမိတို့ ထင်တစ်လုံးနဲ့ ရှိနေလေတဲ့ ကျွန်တော်တို့ မဟာပုရိသများရဲ့ အရိုးစွဲ သဘောထား သေးသိမ်မှုများသာ ဖြစ်ပါတယ်ဆိုရင် အဲဒီ့သဘောထားကြီးလှပါတယ်ဆိုတဲ့ ယောက်ျားတွေ ဆွေ့ဆွေ့များ ခုန်ကုန်ကြလေမလား မသိ၊ မသိ…။

(၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀ဝ၁ စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ပထမအကြိမ်၊ ၂၀ဝ၆ ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက် ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတော ဆင်ခြင်မှု အနုပညာ” စာအုပ်ထဲမှာ ဖော်ြ0ထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။)
Advertisements
13 Comments leave one →
  1. Sint permalink
    17 June 2010 11:12 pm

    I do not like when people say “girl shouldn’t do this and that”. So I always try to break those “so called” Burmese social rules. I stayed in the hotel with my husband during my visit to YGN. Hotel security guy thought I am one of those girls. When they see a girl with foreigner immediately think “ call girl”.

    When my sister came and look for me, he told my sis “no wonder I look older”. My poor American husband learns to call me wife in Burmese in public since then.

  2. Aung permalink
    18 June 2010 4:54 am

    Good article. I guess you should write more about us.
    I think most of us, Burmese men are wimps as I have
    observed they will abuse when they can, for example,
    there will be heroes come out when a theif is captured
    but not so many will have balls to chase a theif alone.
    I studied at a university, lived in a dorm, I despised
    a lot of hostel students will rush back to friends if
    they got insulted (most of the time, they are not that
    innocent). Most of university student I met there were
    Daddy’s and Mommy’s little boys but when they arrived
    the university, they will act as machos but the univ.
    I mentioned has 80% boys (I dont use the words young
    men because I see most of my classmates as boys and
    Burmese universities need reforms). Cheers!

  3. khinkhin permalink
    18 June 2010 6:41 am

    ဆရာ့ဆောင်းပါးကို အရမ်းသဘောကျမိတယ်။
    အဲဒါ discrimination ပဲ ဆရာ။ အဲဒီလိုမျိုးကို အလွန်မုန်းတီးပါတယ်။
    ကျွန်မကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကိုးတန်းကျောင်းသူဘ၀ကတည်းက လ္ဘက်ရည်ဆိုင် တယောက်ထဲ ထိုင်တယ်။
    တက္ကသိုလ်ရောက်ချိန်မှာ ဘီယာ စီးကရက် သောက်တတ်နေပြီ။
    ကျွန်မချစ်သူနဲ့ အတူ ဘီယာဆိုင်ထိုင်တယ်၊ စီးကရက်သောက်တယ်၊ ကျွန်မကတော့ ပတ်ဝန်းကျင်က မျက်စိတွေကို ဂရုမစိုက်ဖူးဆရာ။
    လူမြင်ကွင်းမှာ ဗြောင်ကျကျလုပ်တာပဲ။ ကွယ်ရာမှာ ကုတ်ကမြင်းနေတာ မဟုတ်တဲ့အတွက် ကိုယ့်ကိုကိုယ်လဲ လိပ်ပြာလုံတယ်။
    အခု ပြည်ပရောက်လာတော့ မိန်းကလေးငယ်တွေ ဆေးလိပ်တို့ ဘီယာ အရက်တို့ သောက်နေကြတာတွေ မြင်တွေ့နေရတာပဲ။
    ကိုယ်သောက်လဲ ဘယ်မျက်လုံးနဲ့မှ ကဲ့ရဲ့ ကြည့်ကြမှာ မဟုတ်ဘူးလို့ သိတယ်။
    ဒါပေမဲ့ ကျွန်မက အသက်ကြီးလာပြီမို့ ဒါတွေ မလုပ်ချင်တော့ဘူး။ ငယ်တုန်းက ကောင်းမယ်ထင်လို့ စမ်းသပ် လုပ်မိခဲ့တာတွေ ခုအချိန်မှာ ဆက်မလုပ်ဖြစ်တော့ဘူး။
    ငယ်ငယ်ကသာ မလုပ်ဖူးရင် အခု လုပ်ချင်လုပ်နေမိဦးမှာ။

    နောက်တခုရှိသေးတာက ယောက်ျားတွေက အဲဒီလို မိန်းကလေးတွေကို ရှုံ့ချတာ ကြည့်တာ ထားပါတော့ မိန်းမချင်း အတင်းပြော အပုပ်ချနေတာတွေကို ပိုပြီး မုန်းတီးမိတယ်။
    ယောက်ျားတွေသာ အရက်သောက် စီးကရက်သောက်ခွင့် လိုင်စင်ရထားသလိုပဲ။ ခွင့်လွှတ်နိုင်ကြတယ်။ မိန်းမချင်းကြတော့ ခွင့်လွှတ်ဖို့ မပြောနဲ့ ပိုတောင် ကဲ့ရဲ့လိမ့်မယ်မှတ်။

    တခါတလေကျတော့လဲ ယဉ်ကျေးမှုတို့ ထုံးတမ်းစဉ်လာတို့က discrimination ကို အားပေးနေသလိုပဲ ဆရာရေ။
    ဒီဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။

  4. smms permalink
    18 June 2010 3:24 pm

    big round of applause for this article =)

  5. အိအိ permalink
    19 June 2010 3:45 am

    အရက်လည်း သောက်တတ်၊ ဆေးလိပ်လည်း သောက်ခဲ့ဖူး၊ တယောက်ထဲလည်း ခရီးသွား.. ဟိုတယ်မှာလည်း တည်းခိုခဲ့ဖူးတယ်၊ ရည်းစားတွေလည်း များခဲ့ဖူးတယ်.. ဒါတွေ အားလုံးကို နိုင်ငံခြားရောက်မှ လုပ်ဖြစ်ခဲ့တာပါ.. ရွှေပြည်မှာနေတုန်းက လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းကို စောင့်နေတုန်း၊ ကန်တော်ကြီးပတ်လမ်းမှာ လိုင်းကားစောင့်နေတုန်း.. ကွက်ကြည့်ကွက်ကြည့် တယောက်မှ မကြည့်ကြဘူး.. ကားရပ်ပြီးတော့ ပြီတီတီနဲ့ ဘယ်သွားမလို့လဲ ညီမလေးလို့ မေးတာတောင် မခံခဲ့ရဖူးဘူး..။ (နိုင်ငံခြားမှာလည်း ဒါမျိုး ပြီတီတီ မေးတာတွေတော့ ရှိတယ်.. ဒါပေမဲ့ ခပ်တည်တည် မျက်နှာတင်းပြီး ခပ်ပြတ်ပြတ် ငြင်းလိုက်ရင် သူတို့ကတောင် ပြန်တောင်းပန်သွားတာမျိုး… ဆိုတော့ကာ…)

  6. 19 June 2010 12:27 pm

    good article !
    Thanks Saya

  7. ဝေေ၀ permalink
    21 June 2010 1:58 pm

    ဟုတ်တယ်ဘကြီးရေ….တူမလဲအဲ့ဒါကိုသဘောမကျဘူး..ယောက်ျားနဲ့မိန်းမတန်းတူဖြစ်သင့်တာပေါ့နော်…ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့ဆိုတာမျိုးတွေကြုံရဖူးတယ်

  8. mamawawa permalink
    22 June 2010 10:35 am

    စာရေးဆရာက..ဘီယာဆိုင်မှာသူ့မိန်းမ စီးကရက်သောက်လို့ဘေးဝိုင်းကဘဲတွေ ၀ိုင်းကြည့်ကြတာ ခံနိုင်ရည်မရှိပုံကို(မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့ တောင်းဆိုမှု) ဆိုပြီး ခေါင်းစဉ်ကြီးကြီးတပ်လိုက်တော့ ပြုံးမိတယ်ကွယ်…

    • lettwebaw permalink
      22 June 2010 3:58 pm

      အေးဗျာ… ပြောရတာတော့ အားနာတယ်။ သည် ကော်မန့်လေးကို ဖတ်ပြီးတော့ ဆိုရိုးစကားတစ်ခု သွားသတိရတယ်။ ဘာတဲ့ “လမင်းကို လက်ညှိုးထိုးပြတဲ့အခါ ဦးနှောက်မပါတဲ့သူတွေက လက်ညှိုးကိုပဲ မဲကြည့်တတ်ကြတယ်”တဲ့ခင်ဗျ။ ထာဝရပြုံးနိုင်ပါစေနော်။

      • kohtoon permalink
        19 November 2011 2:24 am

        “လမင်းကို လက်ညှိုးထိုးပြတဲ့အခါ ဦးနှောက်မပါတဲ့သူတွေက လက်ညှိုးကိုပဲ မဲကြည့်တတ်ကြတယ်” မှတ်သားလောက်ပါပေတယ်ဆရာရေ……

  9. 22 June 2010 9:26 pm

    ဖတ်ပြီး ကျွန်တော်ရေးချင်တာလေးတွေပေါ့…..။
    တကယ်တော့ မိန်းမက မိန်းမ၊ ယောက်ျားက ယောက်ျားပဲ။ သူ့နေရာနဲ့ သူပဲလေ။ မတူတာတွေကို တော့ မတု တာပဲ ကောင်းပါတယ်။ နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှူနဲ့ သူ ရှိကြတာပဲ။ ရောမ မှာတော့ ရောမ လို ကျင့်သင့်တာပေါ့။ မိန်းမတွေ အရက်သောက်၊ ဆေးလိပ်သောက်၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ အစကတည်းကရှိခဲ့ရင်၊ အစကတည်းက အများစုသာ လုပ်ခဲ့ရင် ဘာမ ပြောကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်နဲ့ နေတော့ ပတ်ဝန်းကျင်ရဲ့ ဆိုးဒဏ် ကောင်းဒဏ်လေးတွေ ခံရမှာပေါ့။ လူရဲ့ သဘာဝ ဆိုတာ ကလည်း ချီးမွမ်းဖို့တာ ခက်တာ ကဲ့ရဲ့ဖို့ဆို အခု ချက်ခြင်းပဲ။ ပတ်ဝန်းကျင်ကတော့ အမြင်အမျိုးမျိုးနဲ့ပြောနေကြမှာပဲ။ ကိုယ့်ဘာသာ သူများပြောတာ ဂရုစိုက်မလား၊ ဂရုမစိုက်ဘူးလား ဒါပဲ ရှိတယ်။
    “ကျွန်တော်က ယောက်ျား၊ ကျွန်တော်က အိမ်ထောင်ဦးစီး၊ ကျွန်တော်က ထမင်းရှင်ဆိုတဲ့ အပေါက်မျိုးနဲ့ အိမ်တွင်းမှာ ခြယ်လှယ် စိုးမိုးမှုမျိုးကိုလည်း မလုပ်ချင်ပါဘူး။ မိသားစုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကိုလည်း ကျွန်တော်တစ်ဦးတည်း ချမှတ်လေ့ မရှိဘူး။” ဒီ အချက်လေးကို အရမ်း ကြိုက်ပါတယ်။ ဟုတ်တယ်ဗျ အိမ်ထောင်ဆိုတဲ့ မိသားစုလေး ဖြစ်လာရင် အိမ်ထောင်ဦးစီးကလည်း အိမ်ရှင်မကို မကျောသင့်ဘူး၊ ဆရာ မလုပ်သင့်ဘူး။ အိမ်ရှင်မ ကလည်း အသက် ကြီးသည် ငယ်သည်ဖြစ်စေ ကိုယ့် အိမ်ထောင်ဦးစီး အပေါ်ကို မလေး မစားမဆက်ဆံသင့်ဘူး။
    ကြိုက်ပါတယ် ဒီလို ဆောင်းပါးလေးတွေကိုလည်း နောက်များ ဖတ်ချင်ပါသေးတယ်။

  10. khayaynyo permalink
    23 June 2010 2:49 pm

    ဆရာ့ရဲ့ ဆောင်းပါးတွေက အမြဲတမ်းမှတ်သားစရာတွေနဲ့ပြည့်နှက်နေတာပဲ။ ဟုတ်တယ်နော်
    လူလူချင်းပဲ ဒါပေမဲ့အခွင့်အရေးရတာကြတော့မတူဘူး။ ဆိုကြပါစို့ လူခွဲမရှိတဲ့ လင်မယား ပေါ့။
    လင်ရောမယားပါ နှစ်ယောက်လုံး အလုပ်လုပ်ကြတယ် ဒါပေမဲ့ အလုပ်ပြန်လာတော့
    မိန်းမလုပ်တဲ့သူက ထမင်း ဟင်းချက်ရသေးတယ်။ ကဲကြည့်ပါအုန်း ကွာခြားလိုက်တဲ့ အခွင့်အရေး။

  11. chanchan permalink
    26 June 2010 10:15 am

    ဆရာ့ဆောင်းပါးတွေကို မဂ္ဂဇင်းတွေကရော ခု web စာမျက်နှာတွေပေါ်ကပါ အမြဲတမ်းဖတ်လာပြီးအားပေးနေတဲ့ ဆရာ့သမီးတယောက်ပါဆရာ
    ဆရာ့ကိုလဲအမြဲတမ်းမေးလ်တွေပို့နေတဲ့သူတယောက်ပေါ့ ဆရာ့ရေးထားတာတွေသိပ်ဗဟုသုတရတာပါပဲ သမီးကတော့ပတ်ဝန်းကျင်က မိန်းကလေးတယောက်မို့လို့ဆိုတဲ့
    ပုံစံမျိုးနဲ့လာတိုင်းလှောင်ပြုံးပြုံးပြလိုက်တာပါပဲ ဘာလို့လဲဆိုတော့ ကိုယ်ကအလုပ်လုပ်နေလို့နေရာစုံရောက်နေတာကို မျက်မှန်မည်းတပ်ပြီးတော့ကိုပြောဆိုနေလို့ပါ
    ယောက်ျားလေးအတော်များများ ဆရာပြောသလိုပေါ့လေ ထိကပါးရိကပါးဖြစ်လာရင်လဲ ဆရာရေးထားတာတွေကိုတွေးပြီးမြင်ကြည့်လိုက်တာနဲ့ကို လူကအလိုလိုရှောင်တတ်တိမ်းတတ်သွားပါတယ်ဆရာ
    အဟီး အဲဒါကြောင့်ခုထိရည်းစားမရသေးဘူးဆရာ တချိန်ချိန်ကျရင်စဉ်းစားရမယ့်ကိစ္စလို့သိပေမယ့် ခုထိတော့ ကိုယ့်ကိုယ်ကိုယ်ချစ်လို့မ၀သေးဘူးရယ်
    ဘယ်လိုပဲပြောပြောဆရာ့တပည့်တယောက်အနေနဲ့ ဆရာ့မျက်နှာအိုးမည်းသုတ်တဲ့အဖြစ်မျိုးဘယ်တော့မှမရှိစေရဘူးလို့ ကတိပေးပါတယ်
    အောင်မြင်အောင် အစဉ်အမြဲကြိုးစားလျက် ချမ်းချမ်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: