Skip to content
Limp wristed
28 June 2010
မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်
ကျွန်တော်သည် စာမတော်လှသော်လည်း စာညံ့သည့်အထဲတွင်တော့ ဘယ်သောအခါမှ မပါခဲ့ဖူးပါ။ ထို့ကြောင့် တန်းစဉ် တစ်လျှောက်လုံး၌ အေတန်း (ခေါ်) စာတော်သူ ကျောင်းသားများ စုဝေးရာ တန်းခွဲ(က)တွင်သာ အစဉ်တစိုက် နေခဲ့ရပါသည်။ ကျွန်တော်တို့ အတန်းမှ မြန်မာပြည်တစ်ပြည်လုံး ပထမရသူအထိ ထွက်ပါသည်။ ဘယ်နှထပ်ကွမ်းမှန်း မသိသော လူရည်ချွန်လည်း ကျွန်တော်တို့ အတန်းမှပင် ထွက်ပါသည်။
ကျွန်တော်တို့ ကျောင်းက ယောကျာ်းလေးများချည်းသာ ထားသော ကျောင်းဖြစ်သည်ကိုလည်း ဤနေရာတွင် ထည့်ပြောချင်ပါသေးသည်။
မှတ်မှတ်ရရ ခုနစ်တန်းနှစ်အတွင်း တစ်ရက်တွင် ကျွန်တော် နေမကောင်း၍ ကျောင်းပျက်ပါသည်။ ကျောင်းပြန်တက်သောအခါ သင်္ချာ သင်ခန်းစာတစ်ခုကို မလိုက်နိုင်တော့ပါ။ ထို့ကြောင့် အတန်းထဲမှ အတော်ဆုံး ပုဂ္ဂိုလ်ထံ ချဉ်းကပ်လိုက်ပြီး စာမေးပါသည်။
သူ ဘာဖြေသည် ထင်ပါသနည်း?
“ငါလည်း မတွက်တတ်ဘူးကွ”ဟူသတည်း။ မျက်နှာသေနှင့် သူ့မျက်ခွက်ကို ပိတ်ထိုးလိုက်ချင်စိတ် ပေါက်သွားခဲ့ဖူးပါသည်။ သူသည် ထိုအချိန်တွင် ခုနစ်တန်း သင်္ချာတင်မက တက္ကသိုလ်အဆင့်များ သုံးနေသည့် “ကဲကုလ”သင်္ချာကို တွက်နိုင်နေပြီဖြစ်ကြောင်း တစ်ကျောင်းလုံးသိပါသည်။ သင်္ချာအရာတွင် ပါရမီထူးသူအဖြစ် သူ့ကို ဆရာများအားလုံးရော၊ ကျောင်းသားများ အားလုံးပါ နားလည်လက်ခံထားကြသည်။ ထိုပုဂ္ဂိုလ်က “ငါလည်း မတွက်တတ်ဘူးကွ”ဟုဆိုသောအခါ ကျွန်တော် သူ့ကို ထိုးချင်သွားသည်မှာ မလွန်ဘူးထင်ပါသည်။ သူက ဆက်ပြောလိုက်ပါသေးသည်။ “မောင်မောင်ဇော်က ငါ့ထက် တော်တယ်၊ သူ့သွား မေးပါလားကွ”တဲ့။
ကျွန်တော်ကလည်း မအူမလည်နှင့် သူ လက်ညိုးထိုးသော မောင်မောင်ဇော်ဆိုသူထံ ရောက်သွားရပြန်သည်။ မောင်မောင်ဇော်ဆိုတာကလည်း ကျွန်တော်တို့အတန်းမှာ စောစောက ပုဂ္ဂိုလ်နှင့် ပထမနေရာ လုနေသူပင်ဖြစ်သည်။ သူကလည်း ထူးချွန်ကျောင်းသား။
တကယ်တမ်း သွားမေးသောအခါတွင် အနှီ မောင်မောင်ဇော်ကလည်း ငါ မတွက်တတ်ဘူးဟု ပြောလွှတ်ပြန်သည်။ ကျွန်တော် အတော် စိတ်နာလာသည်။ သူက နောက်တစ်ယောက်ကို လက်ညိုးထိုးပြန်သည်။ သည်လိုနှင့် ကျွန်တော့်အတန်းထဲမှာပင် တောင်ပြေးမြောက်ပြေး၊ ရွာဆော်ကြီးခွေးဘဝသို့ ရောက်နေခဲ့ပါသည်။
နောက်ဆုံးတွင် ဝင်းနိုင်ဆိုသည့် အတန်းထဲမှာ အလယ်အလတ်ဆင့်သာ ရှိသည့် သူငယ်ချင်းက ကျွန်တော့်ကို ကူညီပါသည်။ သေချာ တွက်ပြပေးပါသည်။
ကျွန်တော်ကား ဘယ်တုန်းကမှ အမှတ်သည်းချေ ရှိသူမျိုးမဟုတ်ပါ။ ထို့ကြောင့် နောင်နှစ်၊ နောင်နှစ်များတွင်လည်း စာနှင့်ပတ်သက်လာလျှင် ထိုအချွန်စားများကို တစ်ခါ၊ နှစ်ခါလောက်တော့ သွားသွား ဆရာတင်မိသည်။ ဘယ်တော့ပဲဖြစ်ဖြစ်၊ သူတို့၏ အဖြေကား တစ်သမတ်တည်းသာ ဖြစ်သည်။ သူတို့ မကူညီနိုင်၊ တခြားတစ်ယောက်ကို လက်ညိုးထိုးမည်။ ယင်းသည်သာ သူတို့၏ အဖြေဖြစ်သည်။
တက္ကသိုလ်ရောက်တော့ အဲသလို မဟုတ်တော့။
တက္ကသိုလ်မှာလည်း ကျွန်တော်သည် တန်းခွဲ(၁)တွင်ပင် တက်ရသည်။ ကျွန်တော်တို့အတန်းထဲတွင် သိပ္ပံပညာချွန်ဆုရသူတွေပင်ရှိသည်။ သို့သော် ထိုအတော်စား အားလုံးက မိန်းကလေးတွေချည်း ဖြစ်နေသည်။
ကျွန်တော်ကား တက္ကသိုလ်ကျောင်းသား တစ်ပိုင်း၊ အငှားယာဉ်သမား တစ်ပိုင်းမို့ ကျောင်းစာမှာ အတော်လစ်ဟင်းသည်။ ထိုအခါ အမှတ်သည်းချေ မရှိလှသော ကျွန်တော်က ထိုထူးချွန်မိန်းကလေးများကို ချဉ်းကပ်မိရပြန်သည်။ သူတို့နှင့် ကျွန်တော်နှင့်က နင်တစ်ခွန်း ငါတစ်ခွန်း ခင်မင်ရင်းနှီးသည့် အတွက်လားတော့ မပြောတတ်ပါ။ ကျွန်တော့်အတွက် အပင်ပန်းခံကာ စာလည်း ကူးပေးရှာကြသည်။ စာလည်း ပြန်ပြပေးတတ်ကြသည်မှာ ကံ့ကော်မြေတွင် နေခဲ့သည့် လေးနှစ်တာလုံးလုံး ဖြစ်ပါသည်။
ဘွဲ့လွန်သင်တန်းတက်သောအခါတွင်မူ ကျွန်တော်က အတန်းထဲမှ လူတော် စာရင်းတွင် ဘယ်က ဘယ်လို ဝင်သွားမှန်းမသိ။ သေချာသည်ကတော့ အတန်းထဲမှာ စာတော်သည်ဟု အသတ်မှတ်ခံရသူများ အားလုံးမှာ ယောက်ျားလေးတွေချည်း ဖြစ်နေခြင်းပင်။
ပညာသင်နှစ် ကုန်လုနီးတွင် လူတစ်ယောက် ကျွန်တော့်ထံ ရောက်လာသည်။ ထိုသူကို ကျွန်တော် မမြင်ဖူး။ သူက ကျွန်တော်တို့အတန်းထဲမှ ခုံနံပါတ်တစ် ဖြစ်နေပြီး အူရောင်ငန်းဖျားရောဂါကြောင့် ကျောင်းပျက်ခဲ့ရသည်ဟု ဆိုပါသည်။ သူ့ကို စာပြန်ပြပေးရန် ကျွန်တော့်ကို ပြောလာခြင်း ဖြစ်သည်။
ကျွန်တော်က အလွယ်တကူ ခေါင်းညိတ်လိုက်သောအခါ ထိုပုဂ္ဂိုလ်မှာ ထခုန်မတတ် ဝမ်းသာသွားသည်။ တစ်ဆက်တည်းမှာပင် ခင်ဗျားက ဘာလို့ ဘောလီဘော မပုတ်တာလဲဟု မေးပါသည်။ ကျွန်တော် နားမလည်ပါ။ အဲတော့မှ သူက ရှင်းပြသည်။ ကျွန်တော့်ဆီ သူ မရောက်ခင်မှာ အတန်းထဲမှ စာတော်သည်ဟု နာမည်ကြီးသူ သုံး၊ လေးဦးထံ သူရောက်ခဲ့ပြီးပြီ။ တစ်ဆင့်ပြီး တစ်ဆင့် ဘောလီဘော ပုတ်လွှတ်လိုက်ကြရင်းမှ ကျွန်တော့်ထံ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ရှေ့က လူများနှယ် နောက်တစ်ယောက်ထံ နတ်လမ်းညွှန်လိမ့်ဦးမည်ဟု တွက်ထားခဲ့သည်ဟု ဆိုပါသည်။
အဲတော့မှ သဘောပေါက်သွားသည်။ အတော်စားတွေက သူများတကာအပေါ်မှာ စေတနာ မထားနိုင်အားကြသော သဘောကိုဖြစ်သည်။ သူတို့မှာက လူတိုင်းကို ပြိုင်ဖက်လို သဘောထားနေကြသည်။ ကိုယ့်ထက် သာသွားမှာ၊ ကြောသွားမှာကို ပူပန်ကြသည်။ ထိုအခါ သူတို့တွေမှာ စိတ်ကောင်း မမွေးနိုင်ရှာကြတော့။
လွဲချက်က ကမ်းကုန်ပင်ဖြစ်ပါသည်။
ကျွန်တော် နားလည်သည်ကတော့ ပြိုင်ဖက်ရှိလျှင် တိုးတက်သည်။ သို့သော် ထိုပြိုင်ဖက်ထက် သာရန်အတွက် မိမိကိုယ်မိမိသာလျှင် တစ်နေ့တခြား ပိုမိုတော်လာရန် အားထုတ်ရမည်သာ ဖြစ်သည်ဟုပင်။ ပြိုင်ဖက်ကို  နှိပ်ကွပ်ခြင်းဖြင့် အနိုင်ရခြင်းမှာ ဘယ်လိုနည်းနှင့်မှ အရသာ မရှိသော အောင်နိုင်မှုပင်ဖြစ်သည်။
သို့တိုင်အောင် ယနေ့ လူကြီးဖြစ်လာသော လက်တွေ့ဘဝတွင်လည်း ပြိုင်ဖက်ထက် အရည်အချင်းအရာတွင် သာအောင် အားထုတ်ပြီး ကျော်လွှားရန် စိတ်မကူးကြဘဲ ပြိုင်ဖက်ကို ခြေထိုးကာ ကျဆုံးအောင် လုပ်ယူချင်သူများနှင့် အကြိမ်ကြိမ်ဆုံခဲ့ရ၊ ဆုံနေရဆဲဖြစ်ပါသည်။ ထိုသို့ ကြုံနေရသူမှာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်သည်ကို တွေ့ရသောအခါ လောကတံထွာ လူ့ဓမ္မတာဟုပင် ရံခါ ထင်မြင်မိသည်။
တစ်ဖက်တွင်လည်း တက္ကသိုလ်မှာတုန်းက အတန်း၏ ထိပ်ဆုံးမှ မိန်းကလေးတွေက ကျွန်တော့်ကို လိုလိုချင်ချင် ကူညီခဲ့ကြသည်ကို အမှတ်ရသွားသောအခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။
ဘဝင်မကျလှသဖြင့် စာတော်သူ ကျွန်တော့်သမီးကို မေးကြည့်မိရသည်။ သမီးကား နှစ်စဉ် ပညာချွန်ဆု တစ်ခုမဟုတ် တစ်ခု ရနေသူ ဖြစ်သည်။ အတန်းထဲမှာလည်း ပထမ ခဏခဏ ရသူဖြစ်သည်။ သူ့ သူငယ်ချင်းလေးတွေမှာလည်း အတော်စားလေးတွေချည်း ဖြစ်သည်ဟု သိထားသည်။ ထို့ကြောင့် မေးမိရပါသည်။
ဟုတ်ကဲ့…
သမီးသည်လည်း ထိုသို့ မဟုတ်ပါ။ သူ့သူငယ်ချင်း၊ သူ့ပြိုင်ဖက် မိန်းကလေးများသည်လည်း ထိုသို့ မဟုတ်ပါဟု သိရပါသည်။ အဲ… သူတို့ ပြိုင်ဖက် ယောက်ျားလေးတွေကတော့ စာနှင့် ပတ်သက်လာလျှင် နည်းနည်း လျှိုချင်သည်ဟု ပြောပါသည်။
ဘုရား… ဘုရား….
ကျွန်တော်တို့ ယောက်ျားလေးတွေကပဲ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရာတွင် မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ယူလိုစိတ်တွေ များနေကြသလားဟု တွေးမိသွားသောအခါ ဆတ်ခနဲ ဖြစ်သွားပါသည်။ လက်သီးချင်း ယှဉ်ထိုးနေရင်းမှ မနိုင် နိုင်သဖြင့် ပြိုင်ဖက်၏ နားရွက်ကို ကိုက်ဖြတ်ခဲ့ဖူးသူ ဟဲဗီးဝိတ်လက်ဝှေ့သမား မိုက်(ခ်)တိုက်ဆင်(န်)မှာ မိန်းမတစ်ယောက် မဟုတ်တာကတော့ သေချာပါသည်။ ထို့အတူ “ခါးပတ်အောက် ထိုးသည်” ဟူသော သိုးဆောင်းဆိုရိုးမှာလည်း ယောက်ျားသားများ ကြီးစိုးရာ လက်ဝှေ့ဝိုင်းမှ လာသော စကားဖြစ်နေပါသည်။
ဒါဖြင့်ရင် စိတ်သဘောထား သေးနုပ် သိမ်ဖျင်းသည့်အရာမှာ အတောင် နှစ်ဆယ်ဝတ်ဆိုသည့် မင်းယောက်ျားတွေက ပိုများ သာနေသလားဟု တွေးစရာ ဖြစ်လာပါသည်။
အားလုံး မဟုတ်တောင် စာတော်သည့် ယောကျာ်းသားတွေ စိတ်သဘောထား သေးနုပ်တာကိုတော့ ကိုယ်တွေ့ကြုံခဲ့ဖူးပါသည်။
ဟင်… ဒါတင် ဘယ်ကလို့တုန်း…
ဘဝတစ်လျှောက်တွင် ကျွန်တော့်ကို ခြေထိုးခဲ့သူ၊ ချောက်တွန်းခဲ့သူ၊ အမနာပပြောခဲ့သူ၊ ကွယ်ရာကနေ အပုပ်ချခဲ့သူ အားလုံးကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း သုံးတောင်ဝတ်တွေ တစ်ယောက်မှ မပါဘဲ ယောကျာ်းတွေထဲကသာ ဖြစ်နေသည်ကို ဆင်ခြင်မိသောအခါ…
ဟုတ်ကဲ့…
ကြက်သီးဖျန်းဖျန်း ထသွားရကြောင်းပါ ခင်ဗျား။    ။
(၂၀ဝ၃ ဇူလိုင် ၂၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်ထားတာပါ။)
Advertisements
11 Comments leave one →
  1. hana permalink
    28 June 2010 4:01 pm
    သမီးမေးချင်တဲ့မေးခွန်းကို ဆရာ မေးသွားတာပဲ။
    သမီးကိုလည်း ကျောင်းစာနဲ့ တခြားပညာရပ်တွေမှာ နောက်ကျောဓားထိုး၊ ပြိုင်ဘက်လို သဘောထား၊ မကောင်းကြံ၊ မကောင်းပြောသူတွေက ယောကျာ်းတွေဖြစ်နေပြီး မိန်းကလေးချင်းချင်းကတော့ အမြဲပြေလည်လို့ သမီးကိုယ်သမီးတောင် ဟုတ်မှ ဟုတ်သေးရဲ့လား…ဟိုမိုများဖြစ်နေလို့လား ယောက်ျားတွေက သမီးကို မကြိုက်ဘဲ မိန်းကလေးတွေက ခင်ကြတာလို့ ထင်မိတာ ဆရာ့ ဆောင်းပါးဖတ်ပြီးမှပဲ သဘောပေါက်သွားတော့တာ။
  2. 29 June 2010 9:46 am
    fantastic, Nice article
  3. 30 June 2010 6:15 pm
    အေးဗျာ…….
    ဟုတ်တော့လည်း ဟုတ်မှာ…… ကျွန်တော် ကျောင်းသား ဘ၀ကလည်း ဒီလို အလားတူလေး ကြုံဘူးတယ်…။ စိတ်တွေ၊ ခံယူချက်တွေ….ရှိကြမှာ ပေါ့ဗျာ…။ ဒီလို လုပ်ခဲ့ သူတွေ ဒီဆောင်းပါးကို ဖတ်ရရင် ဘယ်လိုနေ မလဲ သိဘူးနော….။
  4. MDW permalink
    2 July 2010 5:17 am
    အဲဒါ တခါတင်ပြီးသားကြီးမဟုတ်လား။ ဖတ်ဖူးနေတယ်။ ဆားချက်နေတာလား ဆရာသမား။ 🙂
    ဘာပဲဖြစ်ဖြစ် ထပ်တင်တော့လဲ ထပ်ဖတ်သွားပါတယ်။
    • lettwebaw permalink
      2 July 2010 6:16 am
      ဆားချက်တာ မဟုတ်ပါ။ တစ်ခါက တင်ပြီးသားဆိုတာ မှန်ပါတယ်။ နာရီပိုင်းပဲ တင်လိုက်ပြီး ပြန်ဖြုတ်ထားလိုက်တာပါ။ သည် ဘလော့ စခါစတုန်းကပေါ့။
  5. ATW permalink
    10 July 2010 10:45 pm
    ကျွန်တော်ကတော့ မှတ်မိသလောက် အထက်တန်းကျောင်းသား ဘ၀လောက်ထိ အဲ့ဒီလို သူများတွေက စာလာမေးရင် ဘောလီဘော ပုတ်တတ်တဲ့ အစားမျိုးမှာ ပါဝင်ခဲ့ပါတယ်။ စာမတော်တဲ့သူဆိုရင် မပေါင်းချင်ခဲ့ပါဘူး… စာတော်တဲ့သူဆိုပြန်ရင်လည်း ပြိုင်ဘက်လို့ သဘောထားပြီး မပေါင်းချင်ပြန်ပါဘူး။ အဲဒီတော့ ပေါင်းလို့ ရတဲ့ သူငယ်ချင်းဆိုတာလည်း နည်းပါးခဲ့ပါတယ်။
    ဒါပေမဲ့ အံသြစရာ ကောင်းတာက နောက်ပိုင်း တက္ကသိုလ်တန်းတွေ ရောက်တဲ့အခါမှာ သိသိသာသာ ပြောင်းလဲသွားပါတယ်… သူငယ်ချင်းတွေ ရလာပြီး လူတွေနဲ့ သဟဇာတ ဖြစ်လာခဲ့တာပါပဲ… ဖြစ်နိုင်တာက ကျွန်တော် ဆယ်တန်းမှာ အထိနာခဲ့ပြီး ရိုးရိုး ၀ိဇ္ဖာ သိပ္ပံ တက္ကသိုလ်ကို ရောက်တာလည်း ဖြစ်နိုင်ပါတယ်…
    အခု ဆရာရဲ့ စာကို ဖတ်ပြီး ငယ်စဉ် ကျောင်းသားဘ၀အကြောင်းကို စဉ်းစားမိရင် …. ကြည်နူးစရာ နည်းပါးနေတာကို သတိထားမိပါတယ်။
    ကျွန်တော် တစ်ခု မေးချင်တာက ဘာလို့ ကျွန်တော်တို့ ယောက်ျားတွေ အဲဒီလို ဖြစ်ရတာလဲ ဆရာ…
    • lettwebaw permalink
      10 July 2010 11:12 pm
      ဖြစ်နိုင်တာက ယောက်ျားတို့ရဲ့ သဘာဝက ခံစားမှု၊ ငဲ့ညာမှုဆိုတာထက် အောင်မြင်ထွန်းပေါက်မှု၊ အရည်အချင်းရှိမှုတွေနဲ့သာ ယောက်ျားတွေရဲ့ တန်ဖိုးကို သတ်မှတ်ပေးတယ်လို့ နားလည်ခံယူထားကြလို့ ဖြစ်ပါလိမ့်မယ်။ မိန်းကလေးတွေကတော့ ခံစားမှုနဲ့ ငဲ့ညှာမှုက သူတို့ရဲ့ မွေးရာပါ အရည်အသွေးနဲ့ အရည်အချင်းပဲ။ အဲဒီ့နှစ်ခုကြားမှာ ကွာခြားတယ်လို့ ကျွန်တော် ထင်ပါတယ်။
      နောက်တစ်ချက်က မိဘတွေ။ မိဘတွေကလည်း သားနဲ့ သမီးကို တွန်းအားပေးပုံချင်း မတူဘူး။ မိန်းကလေးတစ်ယောက် ခံစားတာကို အသိအမှတ်ပြုတယ်၊ ငဲ့ညှာတာကိုလည်း အားပေးတယ်။ ဒါပေမယ့် ယောက်ျားလေး ခံစားရင်၊ ငဲ့ညှာနေရင်… “ယောက်ျားပဲကွ… ပျော့ညံ့လှချေလား”ဆိုတာမျိုးတွေနဲ့ လူမှန်းသိကတည်းက ပုံသွင်းခံခဲ့ကြရလေတော့ ခံစားငဲ့ညှာမှု၊ ထောက်ထားမှုကို ရှောင်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
  6. 20 February 2011 1:01 am
    ဆရာပြောမှဘဲ စဉ်းစားစရာတွေပေါ်လာတယ်။ သမီးချစ်သူဟာစာတော်တော်ကို တော်တဲ့ အထဲမှာ ပါတယ်။ သူလဲအဲလိုဘဲ အရမ်း စိတ်ပုတ်တဲ့ အထဲမှာ ပါတယ်ဆရာ။ သမီးကတော့ ယောက်ျားရင့်မကြီး ဖြစ်ပြီး အဲလောက်စိတ်ပုတ်ရလား ဆိုပြီး မကြာ ခဏ အပြစ်ပြောမိလို့ သူက လည်း ကျွန်မက သူ့ရည်းစားလား တစ်ခြားသူရဲ့ ရည်းစားလား ဆိုပြီး ပြဿနာ ပြန်ရှာနဲ့ မကြာခဏ ရန်ဖြစ်ခဲ့ဖူးတယ်။ သမီးကတော့ ကိုယ့်ချစ်သူ ကို ယောက်ျားပီပီသသ စိတ်ရင်းကောင်းကောင်းလေး ဖြစ်စေချင်တာ။ သူကတော့ သူ့စိတ်ထားကို သမီးကို ပြောပြတာ သမီးက သူ့လုပ်ရပ်ကို ထောက်ခံစေချင်တာ ကန့်ကွက်ဖို့ပြောပြတာ မဟုတ်ဘူးလို့ပြောတတ်တယ်။ ဆရာပြောမှဘဲ သမီးသတ်မှတ်ထားတဲ့ စိတ်ရင်းကောင်းတယ် ဆိုတဲ့ စံက ယောက်ျားလေးတေါ အတွက်မဟုတ်ဘဲ မိန်းကလေးတွေ ရဲ့ ပေတံနဲ့ တိုင်းထားတဲ့ စံသီးသန့် တစ်ခုများလားလို့ စဉ်းစားစရာဖြစ်သွားတယ်။
    • lettwebaw permalink*
      20 February 2011 1:07 am
      နိုး… နိုး… နိုး…
      စိတ်ရင်းကောင်းတယ်ဆိုတာ မိန်းကလေးစံ၊ ယောက်ျားလေးစံ မရှိပါဘူး။ “လူ့စံ”သာ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က စိတ်ပုပ်တယ်လို့ သတ်မှတ် သတ်မှတ်၊ ယောက်ျားတစ်ယောက်က စိတ်ပုပ်တယ်လို့ သတ်မှတ် သတ်မှတ်၊ ပုပ်တာဟာ ပုပ်တာပါပဲ။ အဲဒါ “လူ့စံ”ပါပဲ။
      ပြောရတာ အားနာပါတယ်။ ဒါပေမယ့် သည်လို ယောက်ျားတစ်ယောက်နဲ့ တစ်သက်တာ လက်တွဲသွားမယ်ဆိုရင် စိတ်ချမ်းသာနိုင်ချေနဲ့ စိတ်ညစ်ရနိုင်ချေများကို ကျကျနန ချိန်ဆဖို့ လိုပါတယ်။ အဆိုးဆုံးက အဲဒီ့ ပုပ်နေတဲ့ သဘောထားတွေက သူနဲ့ ကိုယ်က မွေးလာတဲ့ သားသမီးတွေဆီမှာပါ တစ်နည်းနည်းနဲ့ အမွေပါသွားမယ်ဆိုရင်… ဘုရား… ဘုရား…
  7. စွ​မ်း​ထ​က်ေ​အာ​င် permalink
    24 February 2011 1:06 am
    ကျွ​န်ေ​တာ်​မှတ်သား​ဖူး​တာ​ေ​လး​ကေ​တာ့
    အဲ​ဒီ့​လို သူမ်ား​က ကို​ယ​့္​ထက္သာ​သြား​မွာ စိုး​လို​႔ ေ​ၿ​ခ​ထိုး​ခံ​ၿ​ပီး​အႏ​ိုင္ယူ​တတ္တဲ့ လူ​ေ​တာ​္​လု​ိ​႔ သတ္မွတ္ခံ​ထား​ရ​တဲ့ လူ​ေ​တြ​က တ​က​ယ​္ေ​တာ့ အရံႈ​း​သမား​စစ္စ​စ​္ေ​တြ​ပါ။
ေ​နာ​က်ြ​ပီး ဖတ်ဖူး​တာ​တစ်ခု​က
ေ​တာ်​တဲ့​သူ​ထ​က် ၊ြ​ကင်နာ​တတ်သူ​က ပို​သာ​တ​ယ် ၊ြ​ကင်နာ​တတ်သူ​ထ​က် ပျော်​ရွှင်တတ်သူ​က ပို​သာ​တ​ယ်..
    ကိုယ်လု​ပ်ေ​န​တဲ့​အလုပ်တို​င်း​မှာ ပျော်ေ​မွ့ြ​ပီးေ​န​တတ်မယ်ဆို​ရ​င် ၊ ကို​ယ့်​ထက်သူများ​က ကျော်​သွား​တာ​ကို​လ​ည်း မြ​မ​င်ေ​တာ့​ဘူး. ကို​ယ့်ေ​နာက်မှာ ကျန်ခဲ့​တာ​ကို​လ​ည်း မြ​မ​င်ေ​တာ့​ဘူး.. ဘာ​လို့​​လဲ​ဆို ကိုယ်တို​င်ပျော်ေ​နရ​တာ​နဲ့​​တ​င် အချိန်မေ​လာက်လို့​​ပါ…
  8. Evelynn permalink
    15 June 2011 7:53 am
    ဆရာရေ သမီးကတော့ မိန်းကလေးကျောင်းမှာ နေခဲ့လို့လား မသိဘူး။တက္ကသိုလ်ရောကတော့လည်း မိန်းကလေးများတဲ့နေရာမှာနေခဲ့ရလို့လား မသိဘူး။ စိတ်ပုပ်တဲ့ သူတွေက မိန်းကလေးတွေဖြစ်ဖြစ်နေတာပဲမြင်ဖူးပါတယ်။ ထူးဆန်းတာက နိုင်ငံခြားရောက်တော့လည်း တခြားလူမျိုးတွေက စာမေးရင် သေသေချာချာ ရှင်းပြ ပြောပြတာပါပဲ။ အဲဒီလို စိတ်ပုပ်တာက ကိုယ်နဲ့အနီးကပ်နေတဲ့ သူတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: