New Blog of Mine About Reproductive Health

မျိုးဆက်ပွား ကျန်မာရေး ကိစ္စ (၀ါ) ဖို-မ ရေးရာတွေနဲ့ ပတ်သက်တဲ့ ဘလော့(ဂ်)တစ်ခု သတ်သတ် ထပ်ဖွင့်ထားပါတယ်။ စိတ်ပါဝင်စားသူများ သွားရောက် ကြည့်ရှုနိုင်ကြပါလိမ့်မယ်။ ပုထုဇဉ်လူသားများ အားလုံးကို ဖိတ်ကြားအပ်ပါတယ် ခင်ဗျား။

http://nookycontent.wordpress.com/

The Other Side of Lies

မုသားရဲ့ တခြားတစ်ဖက်

ထူးခြားတဲ့ သုတေသနတစ်ခုကို ဗှာဂျစ်နစ်ယားတက္ကသိုလ် (University of Virginia)က စိတ်ပညာပါမောက္ခ “ဘယ်လာ ဒ,ပေါ်လို” (Bella DePaulo) ဟာ ကျောင်းသား ၇၇ ယောက်ရယ်၊ တက္ကသိုလ် တည်ရှိရာ မြို့က အရပ်သား ၇၀ ရယ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ့ သုတေသနမှာ ပါဝင်ကြမယ့် အဲဒီ့ လူပုဂ္ဂိုလ်ပေါင်း ၁၄၇ ယောက်က တစ်ပတ်စာအတွက် နေ့စဉ်မှတ်တမ်းရေးခဲ့ကြရပါတယ်။ ပြီးတော့ အဲဒီ့ တစ်ပတ်စာအတွင်း နေ့စဉ် သူတို့ ပြောဖြစ်ခဲ့တဲ့ ညာဝါးဖြီးဖြန်းမှု အကြိမ် အရေအတွက်ရယ်၊ အဲဒီ့ အညာအဝါးတွေရဲ့ အသေးစိတ်တွေရယ်ကို မှတ်တမ်းတင်ထားကြပါတယ်။

သတ်မှတ် ရက်သတ္တပတ် ကုန်ဆုံးတဲ့အခါမှာတော့ ကျောင်းသား တစ်ယောက်နဲ့ မြို့ခံ ခြောက်ယောက်တို့က သူတို့ဟာဖြင့်ရင် အဲဒီ့တစ်ပတ် လုံးလုံးမှာ ဘာမုသားမှ မပြောခဲ့ဘူးလို့ ဆိုကြပါတယ်။ ကျန်တဲ့ လူပေါင်း ၁၄၀ ကတော့ အဲဒီ့တစ်ပတ်အတွင်းမှာ မုသားပေါင်း ၁၅၃၅ ခု ပြောခဲ့ကြပါသတဲ့။

မုသားတွေရဲ့ အသေးစိတ်တွေကို မှတ်တမ်းတင်ထားခဲ့ကြတာမို့ အဲဒီ့ မုသားအများစုကလည်း ကျွန်တော်တို့တွေ အတော်များများအနေနဲ့ သိပ်အရေးမကြီးလှတဲ့၊ သူတစ်ပါးကို ဒုက္ခ မရောက်စေနိုင်လောက်တဲ့ မုသားတွေ ဖြစ်နေပါတယ်။ ကိုယ့်အိမ်ထောင်ဖက်မှာဖြစ်စေ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းမှာ ဖြစ်စေ စိတ်ချမ်းသာ သွားစေချင်တဲ့သဘော၊ စိတ်သက်သာစေချင်တဲ့ သဘောနဲ့ ပြောတာ၊ ဒါမှမဟုတ် တစ်ဖက်သားရဲ့ အယူအဆ၊ အတွေးအမြင်ကို သဘောတူချင်ယောင် ဆောင်တာလေးတွေက များပါတယ်။

အဲဒီ့စိတ်ပညာပါမောက္ခကတော့ အမျိုးသမီးတွေဟာ တစ်ဖက်သားကို စိတ်ချမ်းသာစေချင်လို့ မုသားသုံးတာက များတယ်၊ ယောက်ျားတွေကတော့ သူတို့ကို လူအထင်ကြီးစေချင်လို့ မုသားသုံးတာက များတယ်လို့ ကောက်ချက်ချပါတယ်။

အံ့အားသင့်စရာ အကောင်းဆုံးကတော့ အဲဒီ့ မုသားကို ထောင်နဲ့ချီပြီး ပြောခဲ့ကြသူများက သူတို့ အဲသလို မုသားပြောခဲ့တာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ “စနိုးစနောင့်ရယ်လို့လည်း သိပ်မဖြစ်ဘူး၊ နောင်တလည်း သိပ်မရမိပါဘူး”တဲ့ ခင်ဗျား။ အဲဒီ့စကားကိုကလည်း မုသား ဖြစ်ချင် ဖြစ်နေနိုင်တာတော့လည်း အမှန်ပဲနော်။ သေချာ စဉ်းစားကြည့်တော်မူကြစေလိုပါတယ်။

သို့ပေမယ့် မလိမ့်တပတ် လုပ်တာ၊ ဝေ့လည်လည် လုပ်တာ၊ လှိမ့်တာ၊ ဖြီးဖြန်းတာ၊ ညာဝါးတာကို လူအများက သည်လိုပဲ ပေါ့ပေါ့ပါးပါးလေး လုပ်ဖြစ်နေကြတဲ့ သဘောကတော့ အထောက်အထား အခိုင်အလုံ ရှိပါတယ်။

ဥပမာအားဖြင့် လူ့အကျင့်နဲ့ ပတ်သက်တဲ့ ပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဂျိုဇက်(ဖှ်)ဆင်သိပ္ပံက (Josephson Institute of Ethics) နေ ၁၉၉၉ ခုနှစ်မှာ စစ်တမ်း တစ်ရပ် ကောက်ခဲ့ဖူးတာနဲ့ ပြလို့ ရပါတယ်။ အဲဒီ့စစ်တမ်းမှာ အထက်တန်း ကျောင်းသားပေါင်း ၂၀ဝ၀ ပါဝင်ခဲ့တယ်။

အဲဒီ့စစ်တမ်းအရ ဆယ်ကျော်သက် ကိုးဆယ့်နှစ် ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ သူတို့ မိဘတွေကို လိမ်ညာခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ပြီးတော့ ၇၃ ရာခိုင်နှုန်းကကျတော့ သူတို့ကိုယ်သူတို့ “အထပ်ထပ် လိမ်တတ်သူများ”ရယ်လို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက သူတို့ဟာ အပတ်စဉ် ပုံမှန်ကို လိမ်ညာနေကြပါသတဲ့။

သည်လို ဝန်ခံကြပေမယ့်လည်း အဲဒီ့ လိမ်ပါတယ်လို့ ဝန်ခံထားသူ ၉၁ ရာခိုင်နှုန်းထဲက တစ်ယောက်မကျန်ဟာလည်း “ကျွန်တော် ကျွန်မတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ သော်လည်းကောင်း၊ အကျင့်နှင့် ပတ်သက်၍သော်လည်းကောင်း မကျေနပ်စရာမရှိပါ”လို့ ဆိုကြပါတယ်။ ဆိုလိုတာက အဲသလို လိမ်တယ်လို့ ဝန်ခံထားကြပေမယ့်လည်း သူတို့ကိုယ် သူတို့တော့ ကိုယ်ကျင့်တရားပျက်နေသူ၊ အကျင့်မကောင်းသူလို့ မမြင်မိပါဘူးပေါ့။

စာဖတ်သူလူကြီးမင်းများ တစ်ဆိတ် တွေးကြည့်တော်မူပေးစေချင်ပါ တယ်။ “ဆက်ဆက် လာမှာပါ”တို့၊ “သူ မရှိပါဘူး၊ အခုလေးတင်ပဲ အပြင် ထွက်သွားပါတယ်”တို့၊ “ဟာ… မရသေးဘူးလား၊ ဟိုတစ်နေ့ကပဲ ပိုက်ဆံတွေ လွှဲပေးလိုက်တယ်လေ”တို့လို စကားမျိုးကို လူကြီးမင်းရဲ့ဘဝမှာ ဘယ်နှခါလောက်များ နားနဲ့ ဆတ်ဆတ် ကြားဖူးသလဲဆိုတာကို။

ပြီးတော့ အဲသလို မုသားမျိုးကို ရေလဲ သုံးတတ်ကြသူတွေထဲမှာ မိမိကို အလုပ် လာအပ်ကြသူများအတွက် အမှန်တရားကို ဖော်ဆောင်ပေးနေ၊ မရ အရ ထုတ်ယူပေးနေကြတဲ့ ရှေ့နေတွေ၊ ပညာရှင် ပဏ္ဍိတတွေ၊ လူထု ဆက်ဆံရေး အတိုင်ပင်ခံတွေ ဖြစ်နေတာတောင် တွေ့ရနိုင်ပါသေးတယ်။ ဒါတင်မကသေးဘဲ၊ စာဖတ်သူကို အလင်းရောင် ပေးနေတယ်လို့ အများက မြင်တဲ့ စာရေးသူတွေထဲမှာလည်း အဲသလို မုသားကို ရေလဲသုံးတတ်သူတွေ အံ့ဩစရာ ကောင်းလောက်အောင် အများအပြားရှိနေတာကို တွေ့ရနိုင်ပါတယ်။

အဖြူရောင်မုသားလို့ သိုးဆောင်း ဘာသာစကားနဲ့ တင်စားတဲ့ တစ်ဖက်သားကို သိပ်မထိခိုက်စေသော မုသားများဟာ ခွေးလှေးပျား တောအနှံ့ ဆိုသလိုပဲ နေရာတကာမှာ တွေ့ရသလို အဲသလို ပလီစိချောက်ချက်တွေ လျှောက်ပြောခြင်းအတွက် ပေးကြတဲ့ အကြောင်းပြချက်တွေကလည်း တစ်မျိုးတည်းပါပဲ။

ဆိုကြပါစို့။ ကုမ္ပဏီကြီးတစ်ခုရဲ့ ထိပ်တန်းအမှုဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးဘဆိုတဲ့ လူကို နမူနာပြပါရစေ။ သူဟာ တစ်မြို့တစ်ရွာမှာ နေလေတဲ့ သူ့ယောက္ခမကြီးရဲ့ အိမ်ကို သူ့ဇနီးရယ်၊ သူ့သားလေးရယ်ခေါ်ပြီး နှစ်စဉ် သွားသွားလည်လေ့ရှိတယ်။

တကယ်တော့ ဦးဘဟာ သူ့ယောက္ခမရဲ့ “အထူးလက်ရာ” ကြက်သားနဲ့ အာလူး ဆီပြန်ဟင်းကို တစ်စက်မှ ခံတွင်းမတွေ့ဘူး။ သို့ပေမယ့် ကြက်သားနဲ့ အာလူးကို ချက်တာ အမေ ချက်တာလောက် ဘယ်ဟာမှ မကောင်းဘူး၊ လျှာထဲကို စွဲနေတာပဲလို့ နှစ်စဉ် မပျက်မကွက် ပြောတတ်တာလည်း ဦးဘပဲ။ သူ့ကို စေတနာနဲ့ ချက်ကျွေးရှာလေတဲ့ ယောက္ခမကြီး စိတ်ချမ်းသာအောင် ပြောတာလေ။

“အဲသလို ပြောလိုက်တာ ဘာများ မှားလို့လဲဗျာ”လို့ ဦးဘက ဂျိုဇက်(ဖှ) ဆင် သိပ္ပံရဲ့ ဥက္ကဌဖြစ်တဲ့ မိုက်ကယ်ဂျိုဇက်(ဖှ်)ဆင်ကို ပြန်မေးပါတယ်။ သည်မေးခွန်းဟာ ကျွန်တော်တို့ အားလုံး၊ စာဖတ်သူလူကြီးမင်းများ အားလုံး မေးဖြစ်ကောင်း မေးဖြစ်နိုင်မယ့် မေးခွန်းပါ။

သည်အခါမှာ မိုက်ကယ်က ပြန်ဖြေပါတယ်။ သည်မုသားကို ဦးဘရဲ့ ယောက္ခမနေရာက ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ဆိုကြပါစို့၊ တစ်နေ့မှာ ဦးဘရဲ့ သားလေးက သူ့အဖေဟာ ဘွားအေကြီး ချက်တဲ့ ကြက်သားနဲ့ အာလူးဟင်းကို တစ်စက်မှ ခံတွင်းမတွေ့တဲ့အကြောင်းကိုသာ ကလေးတို့ဘာဝ အမှတ်တမဲ့ ပြောဖြစ်သွားပြီး ယောက္ခမကြီးကလည်း သူ့သမက်က သူ့ကို တစ်လျှောက်လုံး ညာခဲ့မှန်း သိသွားမယ်ဆိုပါစို့။ အဲဒီ့အခါမှာ အဘွားကြီးက “သိပ်တော်တာပဲ ငါ့သားရယ်၊ မင့်မှာ အမေ့ကို စိတ်ချမ်းသာအောင် ထားချင်တဲ့စိတ်ကလေး ရှိတဲ့အတွက် အမေက မင့်ကို သိပ်ကျေးဇူးတင်လှသကွဲ့”လို့များ ပြောမယ် ထင်ပါသလား။

ဒါမှမဟုတ်ရင်လည်း အဘွားကြီးဟာ အရမ်းကို စိတ်ထိခိုက်သွားပြီးသကာလ “မင်း အမေ့ကို တစ်လျှောက်လုံး ညာရက်တယ်နော်။ တခြားရော မင်း ငါ့ကို ညာထားတာ ဘာတွေများ ကျန်သေးသလဲကွဲ့၊ ပြောစမ်းပါဦး”လို့ပဲ ပြောလိုက်မှာလား။

ပြီးတော့ရော ဦးဘလို လူစားက သူ့သမီးအပေါ်မှာရော ဘယ်လိုတွေ လိမ်ညာ ဖြီးဖြန်းထားလေမလဲဆိုတာ မတွေးဘဲ နေပါ့မလား။ ဒါတင်မကသေးဘူး၊ ဦးဘရဲ့ သားလေးကလည်း သူ့မိဘတွေအပေါ်မှာ အဲသလိုပဲ လိမ်ညာရင်းက သူ့ကိုယ်သူလည်း တစ်စက်မှ အပြစ်မမြင်တဲ့ စိတ်အခံလေးပါ ရှိမသွားပေဘူးလား။

ကောင်းပါပြီ။ ဝလို့ လှလို့ပါလားတို့၊ ခင်ဗျား ဝတ်ထားတာလေးနဲ့ ခင်ဗျားနဲ့ သိပ်လိုက်တာပဲတို့၊ ခင်ဗျာ့စိတ်ကူးက သိပ်ကောင်းတာပဲတို့စသဖြင့် တကယ်လည်း စိတ်ထဲက မပါဘဲနဲ့ လူတစ်ဖက်သားကို ကျွန်တော်တို့တွေ ကြိမ်ဖန်များစွာ မြှောက်ပင့်ပြောဆိုခဲ့ကြဖူးပါတယ်။  တကယ်လည်း အဲဒီ့ ဖြီးလုံးတွေဟာ “အဖြီးကောင်း”လေးတွေ ဖြစ်သလို တစ်ဖက်သားအတွက် ဘာအန္တရာယ်မှလည်း မရှိ၊ စိတ်စေတနာကောင်းနဲ့ ပြောတဲ့ ဖြီးလုံးတွေလည်းပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာ လူမှုရေးမှာ အဆင်ပြေ ချောမွေ့စေမယ့် “ချောဆီ”သဘောလည်း  ဆောင်နေပါတယ်။


သို့ပေမယ့် ကျွန်တော်တို့တွေဟာ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး “ဆာ ဝါလထာ စခေါ့(ထ်)” ရေးခဲ့တဲ့ စာလေးကို သတိရသင့်ပါတယ်။ “လှည့်ဖျားမှုလေးကို ကျင့်သုံးလိုက်တဲ့အခါ သပွတ်အူလိုက်နေတဲ့ ပင့်ကူအိမ်ကို   ယက်လုပ်လိုက်သလို ဖြစ်သွားတာ”တဲ့။ သူ့မူရင်းက “What a tangled web we weave, when first we practice to deceive.”ပါတဲ့ ခင်ဗျား။

ဘာမှ အန္တရာယ် မရှိလောက်ဘူးဆိုတာ အတော်ကြီး သိသာနေတဲ့ ညာဝါး ဖြီးဖြန်းမှုများကပင်လျှင် ကြိုတင်မမြင်နိုင်တဲ့ အကျိုးဆက်တွေကို ပေါ်ပေါက်လာစေနိုင်ပါတယ်။ “လိမ်ညာခြင်း – ပုဂ္ဂလိကဘဝနှင့်  အများနဲ့ သက်ဆိုင်သော ဘဝများမှ စာရိတ္တပိုင်းဆိုင်ရာ ရွေးချယ်မှု”ဆိုတဲ့ စာအုပ်ထဲမှာ ဒဿနပညာရှင် ဆစ္စယ်လာ ဘော့(ခ်) (Sissela Bok)က အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

“မုသားကို တစ်ခါ ပြောပြီးတဲ့နောက်မှာတော့ နောက်ထပ် မုသားပြောဖို့ ဆိုတာလည်း ဘာမှ မခက်တော့ပါဘူး”တဲ့။ သည်တော့ ကျွန်တော်တို့တွေဟာ တစ်ဖက်သားကို မထိခိုက်စေမယ့် မုသားအဖြူကို သုံးတာမှန်ပေမယ့် အဲဒီ့မုသားအဖြူကိုသုံးရင်းကနေ မုသားပြောတဲ့ “အထုံ”လေးပါ အလိုလို ပါသွားနိုင်တာလည်း အသေအချာပါပဲ။  “မုသားမပြောသင့်ဘူးလို့ နားလည် သိမှတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အဆီးအတားတွေ ပါးလှပ်ကုန်တယ်။ ညာဝါးဖြီးဖြန်းတာကို လုပ်နိုင်တဲ့ အရည်အသွေးကကျတော့ ပိုပြီး ထူထဲ ကျစ်လစ်လာတယ်။ အလိမ် ပေါ်လောက်တယ်ဆိုတာကို မြင်ထားတဲ့ အမြင်ကလည်း ပျက်ယွင်းလာပါတော့တယ်”လို့ သူက ရေးခဲ့ပါတယ်။

ဦးဘဆီ ပြန်သွားရအောင်လားခင်ဗျာ။ ကြက်သားနဲ့ အာလူးဟင်းကို ကောင်းလှချေရဲလို့ ဟိုး… ပထမဆုံးအကြိမ်မှာ စတင် ချီးမွမ်းခန်း ဖွင့်ခဲ့တာဟာ ယောက္ခမကြီး စိတ်ချမ်းသာစေချင်လို့ဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သူ့ကိုယ်သူ သတိထားမိသည်ဖြစ်စေ၊ သတိ မထားမိသည် ဖြစ်စေ၊ ဦးဘဟာ သူ့ကို ကြည်ဖြူစေချင်တဲ့စိတ်နဲ့ သည်စကားကို ပြောခဲ့တာပါ။ တစ်နည်းအားဖြင့်  ယောက္ခမကြီးက သူ့ကို အထင်ကြီးအောင်၊ သဘောကျအောင် သူ အဲသလို ပြောခဲ့တာပါပဲ။

ပြီးတော့ ပထမဆုံးတစ်ခါ ဖြီးမိသွားပြီးတဲ့နောက်မှာတော့ ဦးဘအနေနဲ့ အဲဒီ့ဖြီးလုံးကို ဖုံးနိုင်အောင် နောက်ထပ် အခါခါ ဆက်ညာရပါတော့တယ်။

တစ်ယောက်ယောက်ဆီ ဖုန်းဆက်တဲ့အခါ “မရှိပါဘူး၊ အပြင်သွားနေပါတယ်”လို့ ပြန်ဖြေသံကြားရင် အဲဒီ့စကားကို ယုံတဲ့သူ ဘယ်နှယောက်များ ရှိပါသလဲ။ သက်သက်မဲ့ ရှောင်နေတာ နေမှာလို့ တွေးတဲ့သူတွေ ရှိလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ အဲသလို မုသားမျိုးဟာ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ဒုက္ခပေးတတ်တဲ့ မုသားမျိုးမဟုတ်ပါဘူး။ သို့ပေမယ့် အဲသလို ပလီစိချောက်ချက်တွေ လုပ်ရင်းလုပ်ရင်းကနေ လိမ်တတ်၊ ညာတတ်၊ ဖြီးတတ်၊ ဖြန်းတတ်တဲ့ အကျင့်ဟာ တကယ့် မဟာ အကျင့်စရိုက်ကြီး ဖြစ်လာတဲ့အထိ တစ်မုဟုတ်ချင်း ကြီးထွားလာတတ်တာလည်း အမှန်ပါပဲ။

လိမ်တာ ညာတာက သိပ်အကျင့်ပါလာပြီး သိပ်တွင်ကျယ်လာတဲ့အခါ မှာတော့ တစ်ဖက်သားကို နာကျင် ထိခိုက်စေလိုရင်းစွဲ နည်းနည်းမှ မရှိတဲ့ မမှန်ကန်မှု အသေးအမွှားလေးတွေကနေ အဆိုးမြင်စရာတွေ၊ ယုံကြည်မှု ပျက်ယွင်းတာတွေကို ဖန်တီးပေးတတ်ပါတယ်။ “ယုံကြည်မှုကို ထိခိုက်လာတဲ့အခါမှာ အသိုင်းအဝိုင်း တစ်ခုလုံး နာပါတယ်၊ ယုံကြည်မှု လုံးလုံးပျက်စီး သွားတဲ့အခါမှာတော့ လူ့ဘောင်တစ်ရပ်လုံး လိမ့်လိမ့်လည်းလည်းဖြစ်ရာက နောက်ဆုံးမှာ ဗုံးဗုံးလဲသွားရစမြဲပါ”လို့ ဆစ္စယ်လာက သတိပေးထားပါတယ်။

သည်လိုဆိုတဲ့အတွက် မုသားအဖြူတွေကို အသက်နဲ့ လဲပြီး မပြောဘဲ နေရတော့မလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ တစ်ဖက်သားကို အမှန်တကယ် စိတ်ချမ်းသာစေချင်တဲ့အတွက်ဆိုရင်တော့ ယုံကြည်မှု ပျက်ယွင်းစေတဲ့ လိမ်ညာမှုမျိုးကို နားလည်ပေးလို့လည်းရ၊ ခွင့်လွှတ်ပေးလို့လည်း ရပါတယ်။  ဥပမာ “ကလေးလေးတွေ ငယ်သွားလဲတဲ့အခါ  ကြွက်ကလေးက သူ့သွားနဲ့ လဲမှာမို့လို့ ကလေးရဲ့သွားကို ယူသွားတာလို့ ပြောတာမျိုး၊ လူတစ်ယောက်အတွက် ဂုဏ်ပြုပွဲ၊ မွေးနေ့ပွဲကို အဲဒီ့လူ မထင်မှတ်တဲ့ အချိန်မှာ အံ့အားတသင့် ဖြစ်သွားစေချင်တဲ့ စေတနာနဲ့ ကျင်းပမှာမို့ လိမ်ညာတာမျိုးတွေပါပဲ”လို့ မိုက်ကယ်က ပြောပါတယ်။

“စဉ်းစားသင့်တာ တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာ ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက်  ကျွန်တော်တို့အပေါ် လိမ်ညာခွင့်၊ ဖြီးဖြန်းခွင့်၊ လှည့်ဖျားခွင့်တွေ ပေးချင်တဲ့စိတ် ရှိပါသလားဆိုတာပါပဲ”လို့ သူက ဆက်ပြောပါတယ်။

မိုက်ကယ်ပေးတဲ့ အကြံက အတော်ကောင်းပါတယ်။ တကယ်လို့များ ကိုယ် ညာထားတာကို တစ်ဖက်သားက သိသွားတဲ့အခါမှာ အဲဒီ့လူဟာ သူ့ကို စိတ်ချမ်းသာစေချင်လို့ သည်လို ညာလိုက်ပေတာပဲဆိုပြီး ကိုယ့်ကို ကျေးဇူးတွေ တင်နေမှာလား၊ ဒါမှမဟုတ် ကိုယ့်အပေါ် သူတစ်သက်လုံး ယုံကြည်လာခဲ့လေသမျှ အလကား ဖြစ်ကုန်တော့မှာလားဆိုတာနဲ့ ချင့်ချိန် ကြည့်ခြင်းအားဖြင့် ကိုယ့်မုသားဟာ တစ်ဖက်သားအပေါ် ထိခိုက်မယ် မထိခိုက်ဘူးဆိုတာကို တိုင်းတာနိုင်ပါသတဲ့။

တကယ်လို့များ မုသား ပြောသင့်သလား၊ မပြောသင့်ဘူးလားဆိုတာ ကိုယ့်ဘာသာ မရေမရာဖြစ်နေတယ်ဆိုရင်တော့ တစ်ဆယ့်ကိုးရာစုက အမေရိကန် စာရေးဆရာကြီး မာ့(ခ်)ထွိန်း(န်)း ပေးခဲ့တဲ့ ဖြတ်လမ်းနည်းကို သတိရသင့်ပါ တယ်။ သူက “မသေချာရင် အမှန်ကိုသာ ပြောချလိုက်ပါ။ အဲဒါဆိုရင် ကိုယ့်ရန်သူတွေ မွှန်ထူပြီး ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်ကြမှာ ဖြစ်သလို ကိုယ့်မိတ်ဆွေတွေလည်း မှင်တက်မိကုန်ကြမှာပါပဲ” (When in doubt, tell the truth.  It will confound your enemies and astound your friends.) တဲ့။

———————-

၂၀ဝ၀ပြည့်နှစ် မတ်လထုတ် ဖတ်သူ့အနှစ်မဂ္ဂဇင်းထဲကRandy Fitzgerald ရေးတဲ့ The Real Truth About Lies ကို ဆီလျော်အောင် ပြန်ဆိုတင်ဆက် လိုက်တာဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်က ညာတာကို သိပ်မုန်းတယ်။ သိပ်ရွံတယ်။ သိပ်စက်ဆုပ်လှပါတယ်။ ကျွန်တော့်သားသမီးတွေကိုလည်း ငယ်ငယ်ကတည်းက တစ်ခုတည်းပဲ ဆုံးမတယ်။ မှားတာကို ကြိုက်သလောက် မှားလာခဲ့၊ အဖေ ခွင့်လွှတ်တယ်။ အေး… ညာတာကိုတော့ လုံးဝ ခွင့်မလွှတ်ဘူးလို့ ကျွန်တော် အထပ်ထပ် ပြောခဲ့ပါတယ်။ အဲဒါ ကျွန်တော့် သံမဏိ စည်းကမ်းပါပဲ။

ကျွန်တော်ကိုယ်တိုင်ကရော…၊ အလုပ်သဘောအရ သိုသိပ်အပ်တဲ့ ကိစ္စတွေဆိုရင် ကျွန်တော့်ကို မေးလာတဲ့အခါ အဲဒီ့မေးခွန်းကို မမေးပါနဲ့၊ ကျွန်တော့်မှာ ကျင့်ဝတ်ပိုင်းအရ ဖြေခွင့်မရှိပါဘူးလို့ပဲ မိသားစုကို ပြောခဲ့ပါတယ်။ ဒါဟာ တကယ့် အမှန်တရားပါ။ ကျွန်တော့်ထံ သူ့ရဲ့လူမှုရေး ပြဿနာကို လာရောက် တိုင်ပင် ဆွေးနွေးသူရဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်သူ့ကိုမှ အသိပေးလို့မရပါဘူး။  ဒါ ကျင့်ဝတ်ပါ။

သို့သော် ကျွန်တော့် ကိုယ်ရေးကိုယ်တာကိုတော့ အမှန်အတိုင်း ပြောခဲ့တာချည်းပါပဲ။ ယုတ်စွအဆုံး၊ ကျွန်တော့် အိမ်ထောင်ရေး ဖောက်ပြန်မှုကိုတောင် ကျွန်တော့် ဇနီးနဲ့ သားသမီးများကို အမှန်အတိုင်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ ကြောင်သူတော် ကြွက်သူခိုး မလုပ်ခဲ့ပါဘူး။

ကျွန်တော့်ကို ချိန်းဆိုတာ၊ ဖိတ်ကြားတာများကိုလည်း အမှန်အတိုင်းချည်း ပြောတာပါပဲ။ လာရင် လာမယ်ပဲ။ မလာရင် မလာဘူးလို့ ယတိပြတ်ပဲ ဖြေတယ်။ အားနာပါးနာနဲ့ လာခဲ့မယ်လို့ ပြောပြီးမှ အပျက်မခံဘူး။ ကျွန်တော့်ဘက်က  နဂိုကတည်းက သွားဖို့ စိတ်ကူး မရှိလှရင် အားနာပါးနာနဲ့ ပြောတဲ့စကားက “ဟုတ်ကဲ့… ကျွန်တော် လာနိုင်အောင် ကြိုးစားပါ့မယ်”ဆိုတဲ့ စကားလောက်ပဲ ပြောပါတယ်။ လာမယ်လို့ ယတိပြတ် ကတိမပေးဘူး။

ကျွန်တော့်ကိုယ် ကျွန်တော် ဖြောင့်မတ်လှချေရဲ့၊ မှန်ကန်လှချေရဲလို့ အသံကောင်းဟစ်နေတာမဟုတ်ပါဘူး။ တစ်ခါက ဘယ်သူ့ဆီက ဖုန်း လာလာ၊ အဖေ မရှိဘူးလို့ ပြောလိုက်ကွာဆိုပြီး သားနဲ့ သမီးကို မှာဖူးတယ်။ ကျွန်တော် အတော့်ကို အလုပ်များနေလို့ပါ။

ဒါပေမယ့် အဲသလို မှာပြီး တစ်နာရီ မပြည့်ခင်အတွင်းမှာ ကျွန်တော့် စိတ်ထဲမှာ ဒိန်းခနဲဖြစ်သွားတယ်။ “ဟာ… အဲဒါ ငါ့သားနဲ့ သမီးကို ငါကိုယ်တိုင် လက်တွေ့နည်းနဲ့ အညာသင်နေတာပါကလား”လို့။ သည်မှာတင် ချက်ချင်း ပြန်လည်ပြင်ဆင်လိုက်ပါတယ်။ “အဖေ မှားသွားတယ်။ အဖေက မင်းတို့ကို မညာနဲ့လို့ မှာသာမှာတယ်၊ လက်တွေ့မှာ အဖေက မင်းတို့ကို အညာခိုင်းနေတဲ့အခါ အဖေ့ ရှေ့စကားနဲ့ နောက်စကားမှာကိုက တွင်တွင်ကြီး ကွဲလွဲနေတယ်။ အဖေ့ကို ခွင့်လွှတ်ပါ။ ဘယ်သူ့ဆီက ဖုန်းလာလာ၊ အဖေ့ကို လာခေါ်ပါ”လို့ ပြောလိုက်ရပါတော့တယ်။

ပြောချင်တာက ကျွန်တော်လည်း နုစဉ်အခါက ကြိမ်ဖန်များစွာ ညာဝါးခဲ့ ဖြီးဖျန်းခဲ့ဖူးပါတယ်။ အထူးသဖြင့် မူရင်းဆောင်းပါးအစမှာ ယောက်ျားတွေက လူအထင်ကြီးခံချင်လို့ ညာကြတယ်ဆိုပြီး “ဘယ်လာ” ကောက်ချက်ချခဲ့တဲ့အတိုင်း ကျွန်တော်နုစဉ်အခါတုန်းက ကျွန်တော့်ကို အထင်ကြီးစေချင်လို့ ကြိမ်ဖန်များစွာ ညာခဲ့ဖူးပါတယ်။

သို့ပေမယ့် ကျွန်တော့်ရဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ပင်ကိုစရိုက်နဲ့ လိမ်ညာခြင်းနဲ့က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ နေတာကို သတိထားမိနေတာတော့ ကြာပါပြီ။ မူရင်းထဲမှာ ပါသလိုပဲ၊ လိမ်ညာတာဟာလည်း အစရှိ အနောင်နောင်ဆိုသလို ပထမအလိမ် မပေါ်အောင် ဖုံးရင်းဖုံးရင်းက ဆက်တိုက် လိမ်ဖြစ်နေတာကြီးကို ဘယ်လိုမှ ခံစားလို့ မရဘူး။ အောင့်ထားလို့လည်း မရဘူး။ အဲသလိုနဲ့ ကျွန်တော် ကြာကြာ မလိမ်နိုင်တော့ဘဲ ကျွန်တော့် အလိမ်အညာကို ကျွန်တော့်ဘာသာပဲ ဝန်ခံ ဖြေရှင်းမိကုန်တော့တယ်။

နောက်ပိုင်းကျတော့ အဲသလို ဝန်ခံနေရတာကြီးကို စိတ်ပျက်လာရပြန်တယ်။ ဒါနဲ့ အစကတည်းက မလိမ်မိအောင် ကြိုးစားခဲ့တာ အတော် ကြာပါပြီ။
သည်ကြားထဲမှာပဲ စောစောက ပြောသလို ကလေးတွေကို မလိမ်ညာရဘူးလို့ တွင်တွင်သင်ရင်းက လိမ်ခိုင်းမိတဲ့ အဖြစ်ကလေးက ကျွန်တော့်ကို လှုပ်နှိုးလိုက်ချိန်မှာတော့ ကျွန်တော် အတော်ကြီး ဆင်ခြင်ဖြစ်ခဲ့ပါတယ်။

တစ်နေ့က ကျွန်တော်တို့ သားအဖနှစ်ယောက် စာရေးနေကြတယ်။ ကျွန်တော်က ပါးစပ်က ခေါ်ပေးတာကို သားက နောက်က လိုက်ရေးပေးတာပါ။ အသက်ကြီးမှ ကလေး ယူသင့်၊ မယူသင့်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်က ဘာသာပြန်နေတယ်။ အဲဒီ့ဆောင်းပါးထဲမှာ မအေလုပ်တဲ့ သူ ၄၇ နှစ်မှာမှ မွေးလာရတဲ့ အမျိုးသမီးက သူ့ငယ်ဘဝကို ပြန်ပြောနေတာပါ။ တစ်နေရာမှာ  ဘာကိုမဆို အမှန်အတိုင်း ပြောလိုက်လို့ အဆူ မခံရ၊ အပြစ်ပေး မခံရဘဲ သူ ကြီးပြင်းခဲ့ရတဲ့အတိုင်း သူ့ကလေး နှစ်ယောက်ကိုလည်း ဘာမဆို အမှန်အတိုင်း ပြောတတ်အောင် သူပျိုးထောင်နေတယ်လို့ ပြောတာလေး ပါလာတယ်။

အဲဒါကို ကျွန်တော်က ခေါ်ပြီး သားတော်မောင်က လိုက်ရေးနေရင်း တန်းလန်းကနေ သားနှုတ်က တစ်ခွန်းထွက်လာပါတယ်။ “မိသားစုတိုင်း အဲဒီ့လို ဖြစ်နေရင် သိပ်ကောင်းမှာပဲနော်”တဲ့။

“ဘာလို့ မင်းက အဲဒီ့စကား ပြောရတာလဲ”

“သူငယ်ချင်းတွေကို သနားလို့ပါ။ သူတို့မှာ မိဘတွေကို နည်းမျိုးစုံနဲ့ လိမ်နေရတာကို ကြည့်ပြီး သားစိတ်ထဲ မကောင်းဘူး။ သားတို့လို မိဘကို ဘာမဆို မပြောရဲ၊ မတိုင်ပင်ရဲတာကြီးက မကောင်းဘူးဗျ”

ကျွန်တော် အဲဒါကို အသိဆုံးပါ။

သို့ပေမယ့် ကျွန်တော်တို့မှာက လွဲနေတယ်။ ပိုဆိုးတာက “မုတမပါ လင်္ကာ မချော” (ခံစားချက် မပါရင် စာတွေ ကဗျာတွေ ဖတ်လို့မကောင်းဟု ဆိုလိုသည်)ကိုပဲ နားစွန်နားဖျားနဲ့ “မုသားမပါ လင်္ကာမချော”ဆိုတာကြီးနဲ့ ဒိုင်းသဖွယ် ကာဆီးလိုက်တဲ့အခါ ကျွန်တော်တို့တွေမှာက လိမ်တာကိုပဲ တရားသယောင်  ထင်မြင်လာမိရတတ်ပါတယ်။

မူရင်းဆောင်းပါးထဲက မိုက်ကယ် ဂျိုဇက်(ဖှ်)ဆင် ပြောတာလေးက ကောင်းပါတယ်။ တစ်ဖက်သားကို စိတ်ချမ်းသာစေချင်လို့ ညာတာကတော့ ဟုတ်ပါပြီ။ အလိမ်ပေါ်တဲ့အခါ သူ့ကို စိတ်ချမ်းသာအောင် ညာခဲ့တဲ့အတွက် အဲဒီ့တစ်ဖက် သားက ကိုယ့်ကို ကျေးဇူးတွေ တင်နေမှာလား၊ ဒါမှမဟုတ် ကိုယ့်အပေါ်မှာ တစ်သက်လုံး ယုံလာခဲ့သမျှ ကျိုးပျက်သွားလေမှာလား ဆိုတာနဲ့ ချိန်ထိုးပါဆိုတဲ့ သူ့စကားက အတော်ကြီး စဉ်းစားစရာ ကောင်းပါတယ်။

စာဖတ်သူလူကြီးမင်းများမှာလည်း ကျွန်တော့်လိုပဲ သားလေးတွေ၊ သမီးလေးတွေ ရှိမှာပါ။ မိဘချင်း ကိုယ်ချင်းစာမိတဲ့စိတ်ကလေးနဲ့ ကျွန်တော် အမှတ်မထင် ဖတ်မိသွားတာလေးကို မျှဝေလိုက်တာပါပဲ။

ကျန်တာကတော့ စာဖတ်သူလူကြီးမင်းရဲ့ သဘောတော်မြတ်အတိုင်းပါပဲလေ။

(အတွေးသစ်ဂျာနယ်မှာ ပထမဆုံး ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၁၉၇၀၂၀၉ နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “မိုးထိအောင် လှေကားထောင်နည်း”စာအုပ်ထဲက စာတစ်ပုဒ်ဖြစ်ပါတယ်။)

Domestic Violence

အိမ်တွင်း ညှဉ်းပန်း နှိပ်စက်မှု

စကားဦး

သရဖူမဂ္ဂဇင်းထဲမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပြီးတဲ့နောက် ကျွန်တော့်ဆီကို လူ အတော်များများ ဆက်သွယ်လာကြပါတယ်။ လူကိုယ်တိုင် လာရောက်သူတွေ ရှိသလို၊ နယ်ကနေ စာနဲ့ ရေးသား ဆွေးနွေးကြသူတွေလည်း ပါပါတယ်။ အများစုကတော့ အိမ်ထောင်ရေး ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရသူ အမျိုးသမီးတွေပါပဲ။ အလွှာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံပါ။ အသက်အရွယ်ပေါင်းစုံ ဆိုရာမှာ ၂၀ ကျော်ကနေ ၆၀ ကျော်အထိ ပါဝင်နေတာပါပဲ။

၆၀ ကျော် အိမ်ထောင်ရှင်တွေတော့ ကျွန်တော်နဲ့ မဆွေးနွေးတန်ကောင်းဘူးလို့ တွေးထားတာ လက်တွေ့မှာ အခု သုံးလလောက်အတွင်းမှာကို ၆၀ ကျော် အိမ်ထောင်ရှင် သုံးဦးနဲ့ တွေ့လိုက်ရပြီးပါပြီ။

အများစုရဲ့ ပြဿနာတွေထဲက ကျွန်တော့်စိတ်ကို အထိခိုက်စေဆုံး ပြဿနာတစ်ရပ်ကို ဆွေးနွေးချင်လာရပါတယ်။ အဲဒါကတော့ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့အတိုင်း “အိမ်တွင်း ညှဉ်းပန်းနှိပ်စက်မှု”ပဲ ဖြစ်ပါတယ်။

လူနဲ့ လူချင်း ညှဉ်းပန်းနှိပ်စက်တဲ့ အမူအကျင့်ကို ကျွန်တော် ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က အသက် ၁၉ နှစ်အထိ ဖအေရဲ့ ကျွဲလိုနွားလို ရိုက်နှက်မှုကို ခံခဲ့ရဖူးသူဖြစ်ပါတယ်။ ကျွန်တော့်အမေခမျာမှာလည်း အသက် ၄၉ နှစ်၊ အဖေ ကွယ်လွန်ချိန်အထိ အဖေ့ရဲ့ ရိုက်နှက် နှိပ်စက်မှုကို ခံခဲ့ရရှာပါတယ်။ အဖေ မရှိတော့တာဟာ ကျွန်တော်တို့ သားအမိအတွက် အညှဉ်းဆဲခံဘဝက လွတ်မြောက်တာပါ။ အဖေ မရှိတာ အခုဆို နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ပေမယ့် သားအမိ နှစ်ယောက်စလုံးက အဖေ့ကို တသသ လွမ်းနေတာမျိုးတွေလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အဲလောက် အထိကို ရက်ရက်စက်စက် အနှိပ်စက်ခံခဲ့ရတဲ့ ဘဝမှာ ကျွန်တော် လူလားမြောက်ခဲ့ရတာပါ။

ကနေ့ ကျွန်တော်ကိုယ်တိုင် လူကြီးတစ်ယောက်၊ ခင်ပွန်းသည် တစ်ယောက်၊ ဖခင်တစ်ယောက်ရဲ့နေရာကို ရောက်လာတဲ့အခါမှာတော့ ဖေဖေ့ရဲ့ ကျူးလွန်မှုတွေရဲ့ အရင်းခံကို သဘောပေါက်လာပြီး နားလည်သွားနိုင်ခဲ့၊ ခွင့်လွှတ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အဖေ့ကို သိပ်မလွမ်းလှတာလည်း အမှန်ပါပဲ။ ရင်ထဲမှာ ဆူးကြီးတစ်ချောင်း စူးသလို နာကျင်ခံစားမှုဟာ လူမှန်း မသိတသိ အချိန်ကတည်းကနေ အသက် ၁၉ နှစ်အထိ ရက်မပြတ်သလောက်ဆိုတော့လည်း ဖေဖေ့ကို လွမ်းလို့ မရ၊ ချစ်လို့ မရနိုင်တဲ့ စိတ်ဟာ သေရာညောင်စောင်းအထိ ပါနေတော့မယ် ထင်ပါရဲ့။

အဲတော့ အိမ်တွင်းညှဉ်းပန်းနှိပ်စက်မှုကို ဘယ်လိုမှ မခံစားနိုင်တာ အင်မတန် သဘာဝကျနေပါတယ်။ ကျွန်တော့်ကို လာရောက် တိုင်ပင် ဆွေးနွေးကြတဲ့ အိမ်ထောင်ရှင်တွေထဲမှာ အိမ်တွင်းညှဉ်းပန်းနှိပ်စက်မှုများရဲ့ သားကောင်တွေ ပါဝင်လာတဲ့အခါ တော်တော့်ကို လှုပ်လှုပ်ခတ်ခတ် ခံစားရပါတယ်။

ဆိုခဲ့တဲ့အတိုင်း လာရောက် တိုင်ပင်ကြတဲ့အထဲမှာ သည်ကိစ္စဟာ ကျွန်တော့်စိတ်ကို အထိခိုက်ဆုံးဖြစ်နေတာမို့ အိမ်တွင်း ညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုအခါမှာ ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများကပါ “အိမ်တွင်းအကြမ်းဖက်မှု” (domestic violence) လို့ အမည်တပ်ထားတဲ့ အိမ်ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုကို ကာကွယ်နိုင်အောင် ကမ္ဘာတစ်ဝှန်းမှာ အင်တိုက်အားတိုက်ဆောင်ရွက်နေတာကို အားရစရာ ကောင်းအောင် တွေ့နေရပါပြီ။ ကျွန်တော်တို့ဆီမှာလည်း မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းနဲ့ တခြား အမျိုးသမီးများဆိုင်ရာ အသင်းအဖွဲ့တွေမှာ သည်ကိစ္စကို အကျယ်တဝင့် ဆွေးနွေးနေပြီမို့ အများကြီး အားရစရာ ကောင်းနေတော့တာလည်း အမှန်ပါ။

ဒါပေမယ့် အိမ်ထောင်သည် အများစုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်တတ်သူ (ဝါ) ညှဉ်းပန်းနှိပ်စက်တတ်သူ ဖြစ်နေမှန်း၊ ဒါမှမဟုတ်လည်း ကိုယ်ဟာ အကြမ်းဖက်ခံ (ဝါ) အနှိပ်စက်ခံဖြစ်နေမှန်း သတိ မထားမိတတ်ကြတာမို့ ကိုယ်ဟာ ဘယ်နေရာကို ရောက်နေသလဲ ဆိုတာ ခန့်မှန်းနိုင်မယ့် အချက်အလက်များကို တင်ပြလိုက်ရပါတယ်။

ကိုယ်ဟာ ညှဉ်းပန်း နှိပ်စက်တတ်တဲ့ အိမ်ထောင်သည်လား

လူအတော်များများဟာ ကိုယ့်ကိုယ်ကိုယ်တော့ အတော် အဟုတ် မှတ်တတ်တဲ့ သဘာဝနဲ့ပါ။ ကိုယ်လုပ်သမျှ တော် တည့် မှန်ကန်နေတယ်၊ တရား မျှတနေတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ်ဟာ အနိုင်ကျင့်တတ်၊ ညှဉ်ပန်းနှိပ်စက်တတ်တဲ့ အိမ်ထောင်သည် တစ်ယောက် ဖြစ်နေတတ်တယ်။

သည်နေရာမှာ ရိုက်မောင်း ပုတ်မောင်း လုပ်တတ်တဲ့ ညှဉ်ပန်းနှိပ်စက်မှုကို ဆိုလိုတာမို့ အများက ယောက်ျားတွေကချည်း ညှဉ်းပန်းနှိပ်စက်သူတွေ၊ မိန်းမတွေက သနားစရာ သားကောင်တွေအနေနဲ့ တွေးမှာပါ။ ယေဘုယျအားဖြင့်တော့ သည်လို တွေးတာလည်း မမှားတော့ မမှားပါဘူး။ ဒါပေမယ့် ကိစ္စများမြောင် လူတို့ဘောင်လို့ ဆိုတဲ့အတိုင်း နည်းနည်း ရှားပေမယ့် အထိုက်အလျောက် ရှိနေတဲ့ အစုတစ်စုကတော့ အညှဉ်းဆဲခံ ယောက်ျားသားများနဲ့ ညှဉ်းပန်းသူ မိန်းမသားများပါပဲ။

ကျားပဲ ဖြစ်ဖြစ်၊ မပဲ ဖြစ်ဖြစ် ညှဉ်းပန်းနှိပ်စက်တာကို ဝါသနာ ထုံရင် ထုံနေတတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လူတစ်ဖက်သားအပေါ် ညှဉ်းပန်း နှိပ်စက်နေမိတယ်လို့ မထင်ဘဲ တရားတယ်လို့ ထင်ချင်ထင်နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ ညှဉ်းပန်းနှိပ်စက်တတ်သူ ဟုတ်/မဟုတ် အောက်ပါ မေးခွန်းတွေနဲ့ စစ်ဆေးကြည့်စေချင်ပါတယ်။

ဘယ်သူ့ကိုမှ သည်အဖြေတွေ ပြရမှာ မဟုတ်တဲ့အတွက် ကိုယ့်စိတ် ကိုယ်မလှည့်ဖျားဘဲ အမှန်အတိုင်း ဖြေကြည့်စေချင်ပါတယ်။

  1. ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို ကြောက်နေရလား။
  2. ကိုယ့်အိမ်ထောင်ဖက်ကို သတ်မယ်လို့ တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကြိမ်းဝါးဖူးပါသလား။
  3. ကိုယ်လုပ်တာမှ၊ ကိုယ်ဖြစ်စေချင်တာမှ အမှန်လို့ ထင်နေလား။
  4. ကိုယ့်အိမ်ထောင်ဖက်ကို ရိုက်ဖူး၊ နားရင်း အုပ်ဖူး၊ ဆံပင် ဆွဲဖူး၊ လည်ပင်း ညှစ်ဖူးပါသလား။
  5. သဝန်တိုတတ်သလား။
  6. ကိုယ့်အိမ်ထောင်ဖက် ဘာလုပ်နေတယ်၊ ဘယ်မှာရှိနေတယ်ဆိုတာကို သိကို သိခွင့်ရှိတယ်လို့ အပြည့်အဝ ယုံကြည်သလား။
  7. ကိုယ့်ကိုယ်ကိုယ် ဦးဆောင်သူ၊ ကြီးကြပ်ကွပ်ကဲသူအဖြစ် ယုံကြည် ယူဆထားသလား။
  8. ကိုယ့်အိမ်ထောင်ဖက် အနာတရဖြစ်နေတာ၊ ငိုနေတာ၊ ဒဏ်ရာရတာတွေကို မြင်ရတဲ့အခါ စိတ်ထဲမှာ ကျေနပ် အားရနေတတ်သလား။
  9. ကိုယ့်အိမ်ထောင်ဖက်ကို ရိုက်နှက်ပေးဖို့လိုတယ်၊ အော်ဟစ်ပေးဖို့ လိုတယ်လို့ ယုံကြည် ယူဆနေသလား။
  10. အရိုက်ခံရအောင်၊ အအော်ခံရအောင် အိမ်ထောင်ဖက်ကိုယ်၌က လုပ်နေတာလို့ ယုံကြည်ယူဆသလား။
  11. ရိုက်နှက်မှု၊ အပြင်းအထန်နာကျင်စေမှုစတာတို့နဲ့ ဖမ်းဆီး စွဲဆိုခံရဖူးသလား။
  12. ကိုယ်ဟာ ဒေါသဖြစ်ရင်  ဘာဆို ဘာမှ မမြင်တတ်တော့တဲ့ လူစားမျိုး ဖြစ်နေသလား။
  13. ကိုယ့်အိမ်ထောင်ရေးပြဿနာကို တစ်ယောက်ယောက်ကို ဖွင့်ပြော တိုင်ပင်ပြီး အကူအညီတောင်းလိုက်မယ်ဆိုရင် လူတွေက ကိုယ် မှားတယ်လို့ ဝိုင်းပြောပြီး ကိုယ့်ကိုပဲ ပြင်ခိုင်းကြမယ်ဆိုရင် ကိုယ့်အတွက် အင်မတန် အရေးကြီးတဲ့ ခံစားချက်တွေ၊ မာနတွေ ချလိုက်ရတော့မှာလို့ မြင်မိတဲ့အတွက် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ ထားမိနေသလား။
  14. ကိုယ့်အိမ်ထောင်ဖက်က ကိုယ်နဲ့ လမ်းခွဲဖို့ ကြိုးစား အားထုတ်ဖူးသလား။

မေးခွန်းတွေက အင်း/ဟင့်အင်းသာ ဖြေစရာလိုတဲ့ မေးခွန်းတွေပါပဲ။ မေးခွန်း လေး၊ ငါးခုကို အင်းလို့ ဖြေမိထားတယ်ဆိုရင် ကိုယ့်မှာ ညှဉ်းပန်း နှိပ်စက်တတ်တဲ့ ဉာဉ်ဆိုး ရှိနေတာ သေချာနေပြီလို့သာ မှတ်ပါတော့။ ယတိပြတ် ပြောကြစတမ်းဆိုရင်တော့ သည်မေးခွန်း၁၅ခုထဲမှာ သုံးခု အထိပဲ “အင်း”လိုက်သင့်ပါတယ်။ သုံးခုထက်ကျော်ရင် ကိုယ်ဟာ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အိမ်ထောင်သည်ဖြစ်နေပါပြီ။

အဲလိုဆိုရင် အကောင်းဆုံးကတော့ မိမိစိတ်ကို နူးညံ့သိမ်မွေ့လာအောင် တရားရှုမှတ်မှုကို အချိန်ပေးတာမျိုး၊ တရားနာတာမျိုးတွေ လုပ်သင့်ပါတယ်။

ကိုယ့်အိမ်ထောင်ဖက်အပေါ် ညှဉ်းပန်းနှိပ်စက်လိုက်ပြီးတဲ့နောက်မှာ “ကိုယ်မှားသွားတယ်ကွာ၊ နောက် ဒါမျိုး မဖြစ်စေရဘူး”လို့ လျှာဖျားလေးနဲ့ ပြောလိုက်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မှားလို့ မှားမှန်းသိမှ ပြင်လို့ရမှာပါ။

ကျွန်တော်ကိုယ်တိုင်ဟာ အိမ်ထောင်သက် ငါးနှစ်အထိ ညှဉ်းပန်းနှိပ် စက်တတ်တဲ့၊ စိတ်တို ဒေါသထွက်ရင် ဇနီးမယားကို ရိုက်နှက်တတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြီးရင် ကျွန်တော့်အိမ်သူကို ကျွန်တော်ကိုယ်တိုင်က အမြဲတောင်းပန်တတ်တယ်။ တကယ်လည်း အူထဲအသည်းထဲကကို လှိုက်လှိုက်လှဲလှဲ တောင်းပန်တာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း အဲသလို လုပ်တတ်နေတဲ့အတွက် အတော့်ကို ရွံရှာ စက်ဆုပ်နေခဲ့မိတယ်။

ဒါပေမယ့် စကားဦးမှာ ရေးခဲ့တဲ့အတိုင်း ဖအေက အင်မတန် အရိုက်သန်တဲ့အဖေ၊ အဲဒီ့အဖေနဲ့ ၁၉ နှစ်လုံးလုံး နေခဲ့ရတော့ အဲဒီ့အကျင့်ဆိုးကို ကျွန်တော်ကိုယ်တိုင်က ပုံတူကူးချ အတုခိုးတာ မဟုတ်ဘဲနဲ့ကို အလိုလို အရိုးထဲမှာ စွဲနေတာမို့ နောင်တသာ ရတယ်၊ အကျင့်က မပျောက်တတ်နိုင်ဘူး။ တစ်ချီမှာတော့ ကျွန်တော့်အိမ်သူကို ကာယကံမြောက် နာကျင်အောင် လုပ်နေမိတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ကျွန်တော့်ကိုယ်နဲ့ အဖေ့ စရိုက်ကြီး တွဲလျက်သားဖြစ်နေသလို မြင်လိုက်ရပါတယ်။ အဲဒီ့အချိန်လောက် ကိုယ့်ကိုယ်ကိုယ် ရွံသွားတာ တစ်ခါမှ မဖြစ်ဖူးဘူး။

ပြောခဲ့တဲ့အတိုင်း ကျွန်တော့်အဖေဟာ ဇနီးမယားနဲ့ သားကျွန်တော့်ကို ရိုက်နှက်တဲ့နေရာမှာ ဧတဒဂ်ပါ။ ဒါကြောင့် အဖေ့ကို ကျွန်တော် အလွန် စက်ဆုပ်ခဲ့ပါတယ်။ အခု ကျွန်တော် အင်မတန် စက်ဆုပ်တဲ့ အမူအကျင့်ကို ကျွန်တော်ကိုယ်တိုင် ကျူးလွန်နေမိတာကို မှန်ထဲ ပြန်ကြည့်သလို ထင်းခနဲ မြင်လိုက်ရတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် ရွံရှာလို့ မဆုံးအောင် ဖြစ်သွားပါတော့တယ်။

သည်မှာတင် နဂိုကတည်းက ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိနေလျက်နဲ့ အကျင့်ပါစွာ ကျူးလွန်ဖြစ်နေတဲ့အမှုကို ဘယ်လောက် စိတ်တိုတို၊ ဒေါသဖြစ်ဖြစ်၊ လုံးဝဥဿုံ မကျူးလွန်ဖြစ်တော့အောင် ထိန်းသိမ်းနိုင်သွားခဲ့တာ အခုဆို ခုနစ်နှစ်ကျော်၊ ရှစ်နှစ်ထဲကို ရောက်လာခဲ့ပါပြီ။ သားသမီးတွေကို ရိုက်နှက်ဆုံးမတဲ့ အလုပ်ကိုလည်း အလျဉ်း မလုပ်ဖြစ်တော့ပါဘူး။

ပြောချင်တာက တစ်ဖက်သားကျေနပ်အောင် “မှားပါတယ်”လို့ ချွေးသိပ်တာမျိုးထက် ကိုယ်ကိုယ်တိုင်က ကိုယ့်အပြုအမူ မှားယွင်းမှန်း သေသေချာချာကြီး သတိထားမိနေဖို့က ပထမအဆင့်ပါ။ မှားမှန်းသိလာပြီဆိုရင် ပြင်ဖို့ နည်းလမ်း ရှာရတာက ဒုတိယအဆင့်ပါ။

ကျွန်တော်ကတော့ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ အားတိုင်း မိမိကိုယ်ကို ဝေဖန်ရေး လုပ်နေတာက တစ်ကြောင်း၊ စိတ်ပညာ၊ လူမှုရေးပညာ စာအုပ်စာတမ်းတွေကို ဖတ်ရှုဖြစ်၊ ဆင်ခြင်ဖြစ်နေတာက တစ်ကြောင်းတို့ကြောင့် သိပ်အချိန်မနှောင်းခင်မှာ ပြင်လိုက်နိုင်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ကိုယ့်အိမ်ထောင်ဖက်က လွယ်လွယ်နဲ့ ခွင့်လွှတ်နိုင်၊ မေ့ဖျောက်ပစ်လိုက်နိုင်မယ်လို့ မျှော်လင့် မထားစေချင်ပါဘူး။ ယုံကြည်မှုတစ်ခု ပျက်ယွင်းသွားရင်ဖြစ်စေ၊ တစ်ခုခု စွဲမြဲယုံကြည်သွားတဲ့အခါမှာဖြစ်စေ အဲဒီ့ယုံကြည်မှုကို ပြန်လည် တည်ဆောက်ဖို့၊ ဒါမှမဟုတ် အစွဲပျောက်ဖို့အတွက် အချိန်ယူရတာကို မမေ့အပ်ပါဘူး။

ဒါကြောင့် ကိုယ်တိုင်က ညှဉ်းပန်းနှိပ်စက်တတ်သူ ဖြစ်နေပြီဆိုရင် တစ်ဖက်သားကို တောင်းပန်ဝန်ချရုံနဲ့ မလုံလောက်တာကို သတိရနေဖို့ လိုသလို ပြုပြင်မယ်ဆိုရင်လည်း အချိန်ယူရမှာ၊ တစ်ဖက်သားက ကိုယ့်အပေါ် ခွင့်လွှတ်ဖို့၊ ကိုယ့်လူမဆန်မှုတွေကို မေ့ဖျောက်ဖို့လည်း  အချိန်ယူရဦးမှာတွေကိုပါ ကြိုတွေးထားဖို့ အကြံပေးလိုက်ပါရစေ။

ကောင်းပါပြီ။

သည်အထိက ကိုယ်ဟာ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အိမ်ထောင်သည်မျိုး ဟုတ်/မဟုတ် ဆန်းစစ်တဲ့အပိုင်းပါ။

အခုဆက်သွားမှာကတော့ ကိုယ်ဟာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အိမ်ထောင်သည်များ ဖြစ်နေသလားလို့ စစ်ချင်ရင် စစ်ကြည့်နိုင်ဖို့ မေးခွန်းလေးတွေပါပဲ။

ကိုယ်ဟာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အိမ်ထောင်သည်လား

အိမ်ထောင်ရေးမှာ တစ်ယောက်ယောက်က လွှမ်းမိုးချင်ပြီဆိုတာနဲ့ အိမ်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေ ပေါ်ပေါက်လာရတတ်စမြဲပါပဲ။ စိတ်ကို ညှဉ်းဆဲတဲ့နည်းနဲ့ဖြစ်ဖြစ်၊ ကိုယ်ကို ညှဉ်းဆဲတဲ့နည်းနဲ့ဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ဖက်မှာ ကိုယ့်သဘောနဲ့ကိုယ် မနေရဲတော့လောက်အောင် လုပ်မိသွားတဲ့ အခြေအနေမျိုးကိုလည်း အိမ်တွင်းညှဉ်းပန်းနှိပ်စက်မှုက ဖန်တီးပေးတတ်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ အညှည်းပန်းခံရသူများ ဖြစ်နေသလားဆိုတာ သိချင်ရင် အောက်ပါ မေးခွန်းတွေကို ဖြေကြည့်စေချင်ပါတယ်။

  1. ကိုယ့်အိမ်ထောင်ဖက်ကို နေရာတကာမှာ ကြောက်နေရသလား။
  2. ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို သတ်မယ်ဖြတ်မယ်လို့များ ကြိမ်းဝါးဖူးသလား။
  3. ကိုယ့်အိမ်ထောင်ဖက် ကျေနပ်အောင် ဘယ်လိုမှ လုပ်ပေးလို့ မရတော့ဘူး၊ မှန်တာတွေ၊ မှားတာတွေလည်း သူနဲ့ ပြောလို့ မရတော့ဘူးလို့ ယူဆနေမိပြီလား။
  4. ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို ရိုက်ဖူး၊ နားရင်းအုပ်ဖူး၊ ဆံပင်ဆွဲဖူး၊ လည်ပင်းညှစ်ဖူးပါသလား။
  5. ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို အော်ဟစ်ဖူးပါသလား။ ဒါမှမဟုတ်ရင်လည်း အသုံးမကျဘူး၊ ဖျင်းတယ်၊ ညံ့တယ်လို့ သူက ပြောဖူးပါသလား။
  6. အိမ်ထဲမှာ ကိုယ့်အိမ်ထောင်ဖက် ရှိနေတဲ့အခါ နားရွက်တောင် မလှုပ်မိအောင် နေနိုင်မှ တန်ကာကျမယ်လို့ တွေးနေမိပြီလား။ မဟုတ်လို့ကတော့ တစ်မျိုးမဟုတ် တစ်မျိုး ရမယ် ရှာပြီး ပွဲကြမ်းတော့မယ်လို့ ခံစားနေရပြီလား။
  7. ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သွားလာ နေထိုင်တဲ့ အချိန်တွေ၊ တယ်လီဖုန်းပြောတဲ့ အချိန်တွေကို ကိုယ့်အိမ်ထောင်ဖက်က လိုက် ကန့်သတ်နေပါသလား။
  8. ကိုယ်မလုပ်ချင်တဲ့အလုပ်တွေကို ကိုယ့်အိမ်ထောင်ဖက်က ဇွတ်အတင်း လုပ်ခိုင်းတတ်သလား။
  9. ဆွေမျိုးမိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက ကိုယ့်အိမ်ထောင်ရေးအတွက် ရတက်မအေးနိုင်အောင် ဖြစ်နေကြပြီလား။
  10. ကလေးတွေကရော ကိုယ့်အိမ်ထောင်ဖက်ကို ကြောက်နေကြသလား။
  11. ကိုယ်ကိုယ်နှိုက်က အသုံးမကျလို့သာ အနှိပ်စက်ခံနေရတာလို့ တွေးမိတဲ့ အခြေအနေကိုရော ရောက်နေပြီလား။
  12. ကိုယ်ဟာ အနှိပ်စက်ခံဘဝကို ရောက်နေပြီ၊ ကယ်မယ့်သူလည်း မရှိတော့ဘူးလို့ တွေးနေမိပြီလား။

သည်မေးခွန်း ၁၂ ခုမှာလည်း သုံးခုထက် ပိုပြီး “အင်း”လိုက်နေမိခဲ့ပြီ ဆိုရင်  စာဖတ်သူဟာ အညှဉ်းပန်းနှိပ်စက်ခံရတဲ့ အိမ်ထောင်သည်တစ်ဦး ဖြစ်နေပါပြီ။

စာဖတ်သူဟာ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်ဆိုရင် နီးစပ်ရာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူတွေဆီမှာ အကျိုးအကြောင်း သွားပြောပြီး အကြံဉာဏ်များ ရယူပါလို့ တိုက်တွန်းပါရစေ။ ကနေ့ကာလ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူများဟာ အမျိုးသမီးတွေ အားကိုးအားထားပြုလို့ အထိုက်အလျောက် ရနေပြီဖြစ်တဲ့ အဖွဲ့အစည်းဖြစ်သလို အိမ်တွင်း ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းများကိုလည်း အထိုက်အလျောက် သိရှိနေကြပြီ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း နီးစပ်ရာ အမျိုးသမီးအသင်းအဖွဲ့ တစ်ခုခုကဖြစ်စေ၊ ဘာသာရေးအသင်းအဖွဲ့ တစ်ခုခုကဖြစ်စေ တာဝန်ရှိသူများကို အကျိုးအကြောင်း ပြောပြပြီး အကူအညီ ရယူသင့်ပါတယ်။

ကိုယ့်အိမ်ထောင်ဖက်က အသက်ကို အန္တရာယ်ပြုတာမျိုး မဟုတ်စေကာမူ ကိုယ့်ကို အကြီးအကျယ် အနာတရ ဖြစ်စေနိုင်တဲ့သူမျိုး ဖြစ်နေတယ်ဆိုရင် အရေးပေါ် အထုပ်တစ်ထုပ် ပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်။ ပိုက်ဆံ၊ နိုင်ငံသားလက်မှတ် (မှတ်ပုံတင်)၊ အိမ်သော့၊ လက်ထပ်စာချုပ်၊ မွေးစာရင်း အစရှိတာတွေပါ အဆင်သင့် ထည့်ထားဖို့ပါပဲ။ လိုအပ်ရင် အချိန်မရွေး လစ်ထွက်နိုင်ဖို့ပါ။

ကိုယ့်အိမ်ထောင်ဖက်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို သည်အတိုင်း ငုံ့ခံမနေကြစေချင်ပါဘူး။ အဲသလို ငြိမ်ခံနေရုံနဲ့ သည်အကျင့်ဆိုးကြီး ပျောက်သွားမှာလည်း မဟုတ်ပါဘူး။ တစ်နေ့တခြား ပိုဆိုးလာဖို့သာ အကြောင်းများပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) အရလည်း အနိုင့်အထက်ပြုမှု၊ အပြင်းအထန် နာကျင်စေမှုတို့မှာ လင်နဲ့ မယားမို့လို့၊ မိဘနဲ့ သားသမီးမို့လို့ ဆိုတဲ့အတွက် ခြွင်းချက်တွေ၊ ကင်းလွတ်ခွင့်တွေ ပေးမထားပါဘူး။ လင်က မယားကိုဖြစ်စေ၊ မယားက လင်ကိုဖြစ်စေ၊ မအေမိဘက သားသမီး တစ်ယောက်ယောက်ကိုဖြစ်စေ အသက်သေသည်အထိ သတ်မိတဲ့အခါ လူသတ်မှု ကျူးလွန်ရာ ရောက်သလိုပဲ အနိုင့်အထက်ပြုရာ၊ ထိခိုက်နာကျင်စေရာမှာလည်း ဘယ်သူက ဘယ်သူ့ကိုမဆို ကျူးလွန် ကျူးလွန် ပြစ်မှုမြောက်တာဟာ ဥပဒေ ပြဋ္ဌာန်းချက်တိုင်းမှာ ပါတဲ့ “မည်သူမဆို” ဆိုတဲ့ စကားရပ်နဲ့တင် လုံလောက်လို့နေပါတယ်။ ဒါကြောင့် ကိုယ့်ကို ကိုယ်ထိလက်ရောက် အပြင်းအထန် ထိခိုက်နာကျင်အောင်၊ ဒဏ်ရာရအောင်၊ သွေးထွက်သံယိုဖြစ်အောင် လုပ်တဲ့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်တန်း အမှုဖွင့်နိုင်ပါတယ်ဆိုတာကိုပါ တစ်ပါတည်း ထည့်သွင်း တင်ပြလိုက်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ဒဏ်ရာကိုတော့ ပြနိုင်ကြဖို့ လိုပါတယ်။ ဒဏ်ရာ မပေါ်အောင် နှိပ်စက်ထားတာမျိုးဆိုရင်လည်း သက်ဆိုင်ရာ ဆရာဝန်ရဲ့ ထောက်ခံချက် (ဆေးလက်မှတ်)ကို ရယူပြီးမှ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းတာမျိုးမှ ဥပဒေအရ အကျုံးဝင်မှာပါ။ ဒဏ်ရာ ပြင်းပြင်းထန်ထန် မပြနိုင်ဘဲနဲ့၊ ပါးနှစ်ချက်လောက် အချခံရတာနဲ့တင် ရဲစခန်း သွားတိုင်မယ် ဆိုရင်လည်း မသင့်တော်လို့ ဖြည့်စွက်ပြောလိုက်ရတာပါခင်ဗျား။

(၂၀ဝ၁ ခုနှစ် ဧပြီလထုတ် သရဖူမဂ္ဂဇင်း အမှတ် ၄၂ မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၇၅/၂၀၀၃ (၂) နဲ့ ၂၀၀၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း” စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။)

 

Right to Expression

ပြောရေးရှိက ပြောပိုင်ကြစေ…

ခုခေတ်ကာလမှာ လူငယ်တွေဟာ မိဘကို ရိုသေသမှု နည်းလာကြတာ အထင်အရှားပါပဲ။ ထို့အတူ မိဘကို ပက်ကော်ကလန် ပြန်ပြောနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ခဲ့ဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း အဲသလို ရိုင်းမိုက်တဲ့ သားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။


ဘာကြောင့် သည်လိုတွေဖြစ်နေရတာလဲ၊ ဘာကြောင့် လူငယ်တွေက အဲသလို ပြောဆိုနေကြတာလဲစသဖြင့် သည်ပြဿနာကို ချဉ်းကပ်ကြည့်ဖို့ လိုလာပါပြီ။ မိဘနဲ့ သားသမီးတို့ အကြားမှာ ရှိနေတဲ့ ပြဿနာအထွေထွေကို အတွင်းနှိုက်ပြီး ထဲထဲဝင်ဝင် စေ့ငုကြည့်ဖို့ကောင်းနေပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်တိုင်ကလည်း ယခုအချိန်ထိ သားတစ်ယောက်ဖြစ်နေသေးသကဲ့သို့ တစ်ချိန်တည်းမှာ မိဘတစ်ပါးလည်း ဖြစ်နေပြန်တဲ့အတွက် သည် ကိစ္စကို အလေးအနက်ထား စဉ်းစားကြည့်မိပါတယ်။

သေသေချာချာ ဆန်းစစ် စေ့ငုကြည့်လိုက်တဲ့အခါ ဘယ်ဟာက အကြောင်းတရား၊ ဘာက အကျိုးတရားဆိုတာတွေကို တိတိပပ မြင်လာရပါတယ်။

ဘယ်အချိန်က စပြီး မိဘကို မခန့်တော့သလဲ

ကလေးတစ်ယောက်မှာ ကိုယ်ပိုင်မာန်လေးတွေ စတင် ပေါ်ပေါက်လာကတည်းက မိဘကို ကလန်ကဆန် လုပ်လေသယောင် အမူအကျင့်တွေကို စတင် တွေ့ရနိုင်ပါပြီ။ ဒါတွေဟာ ကလေးရဲ့ အသိဉာဏ်နဲ့ ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးမှု အတိုင်းအဆပေါ်မှာ မူတည်ပြီး စောတာနဲ့ နောက်ကျတာသာ ကွာပါလိမ့်မယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ သည်လို ကလန်ကဆန် လုပ်သယောင် အမူအရာတွေကို မလွဲမသွေ တွေ့ရမှာပါပဲ။

ကလေးအများစုဟာ အသက် ငါးလ၊ ခြောက်လသားလောက်မှာ သူတို့ ကြိုက်တာ၊ မကြိုက်တာတွေကို တိတိပပ စတင်ဖော်ပြလာကြပြီ။ ခြောက်လသား ကျော်လာတာနဲ့ သူတို့ကိုယ်တိုင် လုပ်ချင်ကိုင်ချင်စိတ်လေးတွေ ပေါက်လာပြီ။ အဲဒီ့အချိန်ကစပြီး မိဘက သူတို့ ကိုယ်တိုင် လုပ်ကြည့်ချင်တာလေးတွေကို တားမြစ်တဲ့အခါတိုင်း မိဘကို ဆန့်ကျင်ပြလာတတ်ကြပါတော့တယ်။ ဆယ်လသားလည်း ကျော်လာရော သူတို့ကိုလည်း လူသားတစ်ယောက်အဖြစ် အသိအမှတ်ပြုစေ့ချင်တဲ့ စိတ်ကလေးက ဖေးဖေးထ လာပါပြီ။ သတိထားကြည့်မယ်ဆိုရင် ဒါကို မြင်သာပါတယ်။

ဒါပေမယ့် အဲဒီ့အချိန်မှာ ကလန်တာက မိဘကို စော်ကားလိုတဲ့ ဆန္ဒသဘောထားကြောင့် မဟုတ်ပါဘူး။ မိဘက သူ့အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ အတိုင်းအဆကို စမ်းသပ်ကြည့်တာရယ်၊ သူ့အတ္တနဲ့ ကိုယ်ရည်ကိုယ်သွေးက ဖွံဖြိုးလာတာရယ်၊ အသိအမှတ်ပြုခံချင်တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မသိတတ်သေးတဲ့ အရွယ်မှာ မသိသား ဆိုးရွားစွာ ကျူးလွန်တဲ့ အမှုသာ ဖြစ်ပါတယ်။

ဒါကို မိဘတွေက ဘယ်လို တုံ့ပြန်တတ်ကြပါသလဲ။

ခြောက်လှန့်နည်းတစ်ခုခုကို သုံးလို့ သူတို့ဩဇာကို အတင်းကို တည်ခိုင်းပါတော့တယ်။ သည်လိုနဲ့ မိဘတွေဟာ သားသမီးတွေကို မိမိတို့ ပြောတဲ့အတိုင်း လိုက်နာစေတဲ့ နည်းစနစ်မျိုးစုံကို စမ်းသပ် ကျင့်သုံးကြပါတော့တယ်။ သည်အခါမှာ အထူးတလည် အောင်မြင်တာကိုလည်း တွေ့ရတယ်။

တစ်နည်းပြောရရင် သူတို့ရဲ့ ဩဇာကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ နာခံခိုင်းပါတော့တယ်။ နည်းကတော့ အဓမ္မနည်းကို အများဆုံး သုံးကြတာပါ။ သားသမီး လုပ်တဲ့ ကလေးများကလည်း အမြင်အရ (အလုံးအဖန်အရ)နဲ့တင် မိဘက မိမိထက် အင်အားကြီးသူများ ဖြစ်နေတော့ အလိုလို ရှိန်နေပြီး ဩဇာခံဖို့အသင့် (မဖြစ်ချင်လည်း) ဖြစ်နေရပါတော့တယ်။

သည်ကြားထဲမှာ မမြင်ရတဲ့ အရာတွေနဲ့ လှန့်လုံးတွေ (ဥပမာ၊ သရဲ၊ တစ္ဆေ၊ ငရဲမင်း၊ ပြိတ္တာ၊) မြင်ရတဲ့ တုတ်နဲ့ ခြောက်လုံးတွေကြားမှာ သားသမီးလုပ်သူများအဖို့ နေစရာ မရှိတော့ပါဘူး။

ဘယ်အချိန်မှာ အတိအလင်း စကလန်သလဲ

မိဘကို စကလန်တဲ့အချိန်ကတော့ ၁၃-၄နှစ်အရွယ်၊ လူပျိုပေါက်စ၊ အပျိုပေါက်စမှာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကို စေ့ငုကြည့်ရင် အဲဒီ့ အပျိုဖော် ဝင်စ၊ လူပျိုဖော် ဝင်စ အရွယ်က စတင်လို့ လူငယ်လေးတွေဟာ သူတို့ ကိုယ်ကို မိဘနဲ့ တစ်တန်းတည်းပါလို့ စပြီး တွေးတောလာနိုင်ပါပြီ။ သူတို့ဟာလည်း မိဘတွေလိုပဲ လူသား တစ်ယောက် ဖြစ်တယ်၊ သူတို့မှာလည်း မိဘတွေလိုပဲ ကိုယ်စွမ်း ကိုယ်စတွေ ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိသိရှိလာပါပြီ။

ယောက်ျားလေး တစ်ယောက်အနေနဲ့ တစ်ချိန်မှာ သူလည်း သူ့ဖခင်လို ယောက်ျားသားတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာကိုသော်လည်းကောင်း၊ မိန်းကလေးကလည်း သူဟာ မိခင်နေရာကို တစ်ချိန်မှာ ရောက်လာမယ်ဆိုတာကိုသော်လည်းကောင်း ကောင်းကောင်းကြီး မှန်းဆ၊ တွေးတောနိုင်လာတဲ့ အရွယ်ပဲ ဖြစ်ပါတယ်။ အဲသလို တွေးတောမိလာတာနဲ့အတူ မိဘကို လုံးဝဥဿုံ မှီခိုနေရတဲ့ဘဝကနေ ငွေကြေးဥစ္စာမှတပါး အခြားနေရာတွေမှာ သိပ် မှီခိုစရာ မလိုတော့တာကိုပါ သတိထားမိလာကြတဲ့အရွယ်ပါ။

သည်အရွယ်မှာ “ပတ်ဝန်းကျင်”ဆိုတာကိုလည်း မြင်တတ်၊ သိတတ်နေပြီ။ ပတ်ဝန်းကျင်က လူတွေ ဘယ်လို နေထိုင်၊ ပြုမူကြတယ်ဆိုတာကိုလည်း စူးစမ်း မှတ်သားရင်း သူတို့ရဲ့စိတ်ထဲမှာ စံထားသူ တစ်ဦးဦးလည်း ပေါ်လာနိုင်ပြီ။ ဘေးအိမ်က အပျိုမလှလှကို စံထားရင် ထားမယ်၊ ဦးလေးတော် တက္ကသိုလ် ကျောင်းသားကို အတုခိုးရင် ခိုးမယ်စသည်ဖြင့် နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံခိုင်းကြည့်လာတတ်ကြပြီ။

တစ်နည်းအားဖြင့် “ကြီးကောင်”ဝင်လာတယ်လို့ ဆိုရမှာပါ။ အရွယ်ကတော့ ၁၃-၄နှစ်၊ အမူအကျင့်က လူပျိုကြီးဖားဖား၊ အပျိုကြီးဖားဖားစတိုင်။ မိဘလုပ်တဲ့သူတွေရဲ့အမြင်မှာတော့ တစ်စက်ကလေးမှ အချိုးမကျတော့ဘူး။

ပြဿနာက မိဘဆိုတာ သားသမီး ဘယ်အရွယ် ရောက်နေနေ၊ သူတို့မျက်စိထဲမှာ ကလေးပေါက်စနလို့ပဲ တစ်ချိန်လုံး ထင်နေတဲ့ကိစ္စ။ သားသမီးရဲ့ ကြီးပြင်းလာတဲ့ အရွယ်သဘောကို သတိပြုရကောင်းမှန်း၊ အရေးစိုက်ရကောင်းမှန်း မသိတတ်ချင်ကြတာ မိဘတိုင်းရဲ့ သဘာဝ။

သည်မှာတင် လူကြီးနဲ့လူငယ် ပဋိပက္ခ စတင်တော့တာပါပဲ။ မိဘတွေက သားသမီးတွေဟာ သူတို့ကို အတိအလင်း စကလန်နေပြီလို့ ခံစားလာရတော့တယ်။
အဲလို ခံစားလာရတာနဲ့ထပ်တူ သည်လူပျိုပေါက်စ၊ အပျိုပေါက်စတွေကို ဘယ်လို နှိပ်ကွပ်ရင် ကောင်းမလဲဆိုတာကိုပါ ထပ်ဆင့်စဉ်းစားလာကြတယ်။ အမှန်ကလည်း အမှန်။ သည်အရွယ်ဆိုတာ ဘဝမှာ တကယ့်ကို အရေးတကြီးနဲ့ အူကြောင်ကြောင်နိုင်လှတဲ့ အရွယ်ပဲ။ ထိန်းနိုင်မှ တန်ကာကျမယ်လို့ မိဘတိုင်းက အစဉ်အလာအရ နားလည်ထားနှင့်ပြီးသား။

ဒါပေမယ့် ထိန်းပုံထိန်းနည်းက တော်တော် စကားပြောတယ်။ ပညာပေး စည်းရုံးတဲ့နည်းထက် ခြိမ်းခြောက်၊ အပြစ်ပေးတဲ့နည်း၊ ဒါမှမဟုတ် ဩဇာပေးတဲ့စနစ်ကို ပိုသုံးမိတတ်ကြတာ ကျွန်တော်တို့ မိဘတွေမှာ အများဆုံး တွေ့ရပါတယ်။

ဒါဟာလည်း မိဘနဲ့ သားသမီးမှာ မိဘ လုပ်သမျှ အကုန်မှန်တယ်ဆိုတဲ့ အစဉ်အလာ အရိုးစွဲ အယူအဆကြောင့်ပါပဲ။ သားသမီးတွေအပေါ် စေတနာနဲ့ ပြုသမျှ အားလုံး တရားတယ်လို့ ယုံကြည်ယူဆရင်း အားလုံးကို အာဏာစက်နဲ့ ခြယ်လှယ်ဖို့ ကြိုးစားတော့တာပဲ။

သည်အခါလည်း အထိုက်အလျောက် အောင်မြင်သယောင် ထင်ရတယ်။ သားသမီးက အားမတန်လို့ မာန်လျှော့နေပါကလားလို့ တစ်စက်ကလေး မစဉ်းစားမိကြဘဲ၊ ထင်သလို ခြယ်လှယ်နိုင်ဖို့ကိုသာ အစွမ်းကုန် ကြိုးပမ်း အားထုတ်နေကြတယ်။

အမှန်က သတိထားရင် မြင်သာတယ်။ သည်အရွယ်မှာ မိဘတွေအပေါ် သားသမီးတွေက အယုံအကြည် နည်းပါးစ ပြုနေပြီ။ အမြင်သာဆုံးက ကျောင်းစာနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာပါပဲ။ သည်အရွယ်မတိုင်ခင်က မိဘပြောတာကိုမှ အမှန်အဖြစ် အလွယ်တကူ လက်ခံလိုက်ဖူးခဲ့ကြပေမယ့်၊ သည်အရွယ်ကိုလည်း ရောက်လာရော မိဘထက် ကျောင်းကဆရာက ပိုတတ်တယ်လို့ ထင်လာကြတယ်။

ပိုလို့ ဆိုးနိုင်တာက မိဘက ပညာနည်းသူ၊ သို့တည်းမဟုတ် သာမန် ဘွဲ့ရတွေသာဖြစ်ပြီး အလေ့အလာ၊ အဖတ်အရှုနည်းကာ ဉာဏ်ရည်နိမ့်သူများ ဖြစ်နေရင်ပါပဲ။ ဒါမှ မဟုတ်ရင်လည်း ငွေကြေးနောက်ကိုပဲ စိုက်လိုက်မတ်တတ် လိုက်နေသူတွေ၊ သို့တည်းမဟုတ် ရာထူးအရှိန်အဝါနောက်ကိုပဲ လိုက်ရင်း တာဝန်တွေနဲ့ အချိန်ပြည့် ဖိစီးနေသူတွေ ဖြစ်နေရင် ပိုဆိုးသွားနိုင်ပါတယ်။

သားသမီးများအတွက် မိဘကို အထင်ကြီးစရာ နည်း နည်း သွားဖို့ အခွင့်အလမ်း ပို ပို များလာနိုင်လို့ပါပဲ။ တစ်ဖက်မှာလည်း အဖေအမေ လုပ်တဲ့သူက ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံမှာ သိပ်ရှေးရိုးဆန်နေပြန်ရင် အရွယ်ရောက်ဖို့ ပြင်နေတဲ့ သားသမီးအနေနဲ့ အဖေအမေက ပညာတတ်တွေ ဖြစ်နေဦးတောင်မှ မိဘကို ခေတ်မမီသူများအဖြစ် အလွယ်တကူ သတ်မှတ်လိုက်နိုင်ပါတယ်။ သည်လို တွေးလိုက်မှလည်း သူတို့နဲ့ မိဘတွေအကြားက ကွာဟမှု၊ ပဋိပက္ခ ကို သူတို့ဘက်က နားလည်ယူလို့ ရတော့မှာကိုး။

သူတို့ လုပ်တာကိုင်တာ၊ နေတာထိုင်တာ၊ ဝတ်တာစားတာ၊ ပြောတာ ဆိုတာအစရှိတဲ့ ကိုယ်၊ နှုတ်၊ အပြုအမူ အားလုံးကြောင့် မိဘနဲ့ သူတို့ကြားမှာ အမြဲတစေ ပြဿနာရှိနေတယ်။ မိဘက တားလိုက်တိုင်း၊ သူတို့လုပ်ချင်တာ မလုပ်ရတိုင်း၊ နားမလည်နိုင်စွာနဲ့ အချုပ်ချယ်ခံရတယ်လို့သာ တစ်ချိန်လုံး တွေးမိနေတယ်။ သည်အတွက်အဖြေကို သူတို့ဉာဏ်မီသလောက် စဉ်းစားကြည့်တဲ့အခါ မိဘတွေကို “ခေတ်ဆွေးတွေ”အဖြစ် သတ်မှတ်လိုက်ခြင်းကသာ သူတို့လေးတွေအတွက် ကြောင်းကျိုး အဆီလျော်ဆုံး အဖြေ ဖြစ်လာတယ်။

သည်မှာတင် သူတို့ကိုယ်သူတို့ ခေတ်အမီဆုံးလူသားတွေလို့ မြင်လာတယ်။ သည်အချိန်မှာ လူငယ်တို့ရဲ့ ပေတေတေ၊ ဂျစ်ကပ်ကပ် စရိုက်လေးတွေ ခိုင်မာလာပါတော့တယ်။

ဆယ်ကျော်သက်တို့ရဲ့ ပြဿနာမျိုးစုံ

ဆယ်ကျော်သက်တွေရဲ့အဓိက ပြဿနာက ဝတ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။ သူတို့ဝတ်ချင်တဲ့ အဝတ်အစား၊ ထားချင်တဲ့ ဆံပင်ပုံစံစတာတွေကို မိဘက တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် တားဆီးပိတ်ပင်တာနဲ့ ပဋိပက္ခ စပါတယ်။

အမှန်က မိဘအနေနဲ့ ကိုယ်ချင်းစာကြည့်လိုက်ရင် ကိစ္စပြတ်တယ်။ ကိုယ့်တုန်းကရော သည်အရွယ်မှာ ဘယ်လို ဝတ်ချင်ခဲ့သလဲ၊ ဘယ်လို ဆံပင်ပုံစံမျိုး ထားချင်ခဲ့သလဲ၊ အဲဒါကို ပြန်တွေးကြည့်လိုက်ပြီး ကိုယ်ချင်းစာ ကြည့်လိုက်ရင် ပြီးတယ်။

ကိုယ့်တုန်းက ဆယ်ကျော်သက်အရွယ်မှာ ဝတ်ခဲ့တဲ့ အဝတ်အစား၊ ထားခဲ့တဲ့ ဆံပင်ပုံကို ကိုယ်ကိုယ်တိုင် ခုချိန်ထိ ဆက်ထားနေသေးလို့လား။ ဒါမျိုးဆိုတာက အချိန်တန်ရင် ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့အလိုလို ပျောက်သွားမယ့်ကိစ္စ၊ ရေးကြီးခွင့်ကျယ် လုပ်နေရမှာကို မဟုတ်ဘူး။ အဝတ်အစား၊ အဆင်အပြင်ကြောင့် စာရိတ္တကို ကြီးကြီးမားမား ထိခိုက်သွားစရာ အကြောင်းကလည်း မရှိလှဘူး။ အဲသလို တွေးကြည့်ပြီး အသာလေး လွှတ် ပေးထားလိုက်ရုံပဲ။

နောက်တစ်ခုက ဆယ်ကျော်သက်အရွယ်မှာ သူများ လုပ်လို့ လိုက်လုပ်ချင်တာလေးတွေလည်း ရှိနေတတ်တယ်။ ဥပမာ – ဆေးလိပ်သောက်တာ၊ ဂစ်တာတီးတာ၊ ရည်းစားထားတာ။

ဒါတွေကိုလည်း အာဏာစက်နဲ့ထက် စာနာစိတ်၊ မေတ္တာ စတာတွေနဲ့ စည်းရုံးသိမ်းသွင်းယူကာ မိဘတို့ လိုချင်တဲ့ အတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးပမ်းသင့်ပါတယ်။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် ဆိုပေမယ့် တားမြစ်ပုံ၊ ညွှန်ပြပုံနည်းစနစ်များမှာ အဓမ္မမဆန်ဖို့ အရေးကြီးပါတယ်။ အဓမ္မဆန်ခဲ့ရင် မိမိတို့ လိုချင်ကြတဲ့ ကောင်းကျိုးထက် ဆိုးကျိုးများကို ရရှိဖို့ အလားအလာ များတယ်။

တစ်နည်းအားဖြင့် ဆယ်ကျော်သက်တို့ ဖြစ်နေကျ ပြဿနာအလုံးစုံကို ကိုင်တွယ် ဖြေရှင်းရာမှာ မိဘတွေအနေနဲ့ ပါးနပ်လိမ်မာဖို့ လိုအပ်တယ်။ တစ်ဖက်ကလည်း သူတို့လေးတွေရဲ့တစ်နေ့တခြားကြီးထွားလာတဲ့ “အရွယ်” ဆိုတာကို သတိထားပြီး ရောက်နေတဲ့အရွယ်ကို အသိအမှတ် ပြုပေးရပါမယ်။ ၁၄ နှစ်သားကို ဆယ်နှစ်သားတုန်းက ကိုင်တွယ်နည်းနဲ့ ကိုင်တွယ်လို့ မရတော့သလို ၁၆ နှစ်သမီးကိုလည်း ငါးနှစ်သမီးလေးလို မြင်မနေမိဖို့ သတိချပ်ရမယ်။

မိဘနဲ့ သားသမီး စတင် ထိပ်တိုက် ရင်ဆိုင်ချိန်

အသက် ၁၈ နှစ်ကျော်ပြီဆိုတာနဲ့ ဥပဒေကြောင်းအရ လူငယ်တစ်ယောက်မှာ လုပ်ပိုင်ခွင့်တွေ အတိအလင်း ရှိလာပြီ။ တစ်နည်းအားဖြင့် ၁၈ နှစ်ကျော်တာနဲ့ အရာရာကို ဆုံးဖြတ် ချင့်ချိန်နိုင်တဲ့ အရွယ်ရောက်ပြီလို့ ဥပဒေက အတိအလင်း သတ်မှတ်တယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာ ၁၈ နှစ်ကျော် အရွယ်ဟာ အတွေ့အကြုံအားဖြင့် နုနယ်ဆဲသာဖြစ်တယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ်တော့ တော်တော် ဟုတ်နေပြီလို့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း စတင် တွေးတော ယုံကြည်နေကြပြီ။

သည်အချိန်မှာ မိဘနဲ့ ကဏ္ဍကောစ ဖြစ်ရတာတွေ ပိုများလာပြီ။ ဘာသာတရားအရ၊ အစဉ်အလာအရ၊ မိမိခြေထောက်ပေါ်မိမိ ခိုင်ခိုင်မာမာ မရပ်နိုင်သေးတဲ့ အခြေအနေအရ မိဘစကားကို နားထောင်ချင်ယောင်ဆောင်နေကြပေမယ့် အတွင်းစိတ်ကတော့ မိဘကို စတင်ဆန့်ကျင်နေပြီ။ သည်အချိန်မှာ မိဘဘက်က တင်းတင်းမာမာ တုံ့ပြန်လိုက်တာနဲ့ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ သားသမီးတွေဘက်က အေးစက်မာကျောလာပါတော့တယ်။ ဆယ်ကျော်သက်အရွယ် မတိုင်ခင်ကတည်းက စတင်သတ်မှတ်ခဲ့တဲ့“မိဘသည် ခေတ်ဆွေး”ဆိုတဲ့ အယူအဆဟာ ပိုမိုခိုင်မာလာတတ်ပြီး ဆယ်ကျော်သက် အရွယ်တုန်းကထက် ပိုမို တိကျတဲ့ စကားလုံးတွေနဲ့ မိဘကို နှုတ်လှန် ထိုးလာတတ်ပြီ။

နှုတ်လှန်ထိုးမှု ပြဿနာ

သည်ပြဿနာမှာ မိဘ တော်တော်များများက သားသမီးတွေ နှုတ်လှန်ထိုးတယ်လို့ချည်း မြင်နေတတ်တာဟာ အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံး အကြောင်းအချက်ပါပဲ။ သားသမီးက အကျိုးသင့် အကြောင်းသင့် ပြောတာကိုပင်လျှင် မိဘကို ခံပြောတယ်၊ နှုတ်လှန်ထိုးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ နှိပ်ကွပ်ဖို့၊ အခြေအနေကို တင်းမာသထက် တင်းမာလာအောင် ဖန်တီးယူဖို့ အားထုတ်ပါတော့တယ်။

ဘာကြောင့်ပါလဲ၊ မိဘဆိုတာတွေဟာလည်း လူထဲက လူတွေ ဖြစ်နေလို့ပါပဲ။ လူဆိုတာက ကိုယ့်အတွက် အမြဲတစ်ကွက် ချန်တတ်တာကိုး၊ လူဆိုတာက ကိုယ့်အမှား ကိုယ်မြင်မိဖို့ထက် သူတစ်ပါး အမှား ထောက်ပြဖို့ကို အထုံ ဝါသနာကြီးမားသူတွေကိုး။ လူမှုဆက်ဆံရေး နယ်ပယ်မှာတောင် ပြဿနာ တစ်စုံတစ်ရာ ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် “ငါ ဘာမှားသွားသလဲ”ဆိုတာ ကို စဉ်းစားကြဖို့ထက် “သင်းကိုက ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာ”စသည်ဖြင့် တစ်ဖက်သားကိုသာ အပြစ်ဖို့ရေး ဦးစွာတွေးတတ်သူတွေကိုး။

သားသမီးနဲ့ ပတ်သက်လာတဲ့အခါမှာ ပိုလို့ ဆိုးသွားပါတယ်။ မိဘ ဖြစ်နေပြီဆိုကတည်းက သားသမီးအပေါ် မေတ္တာ၊ ကရုဏာ၊ စေတနာ ကြွယ်ပြီးသား။ တစ်နည်းအားဖြင့် ချစ်ဇောအဟုန်၊ စေတနာဇောအဟုန်က ပူးနှင့်ပြီးသား။ အဲဒီ့ဇောနဲ့ ယှဉ်လာတဲ့ အရာအားလုံးဟာ မှန်တယ်၊ တရားတယ်လို့ချည်း မိဘ တော်တော်များများက တွေးမိတတ်ကြတယ်။

တစ်နည်းအားဖြင့် မိဘဖြစ်နေတဲ့အတွက် အရာရာမှာ“ငါတို့သာ အမှန်” လို့ သာသာထိုးထိုး တွေးချလိုက်ပြီး၊ သားသမီးတွေဘက်က ဘယ်လောက်ကြီး အကျိုးအကြောင်း ဆီလျော်နေစေကာမူ လက်ခံ လိုက်လျောပေးဖို့ ဝန်လေးတတ်ကြတယ်။ တစ်ခါတလေများမှာ သားသမီးဘက်က တင်ပြချက်တွေဟာ သိပ်ခိုင်လုံနေပြီး၊ သိပ်အကျိုးသင့် အကြောင်းသင့်နေဦးတောင်မှ မိဘဘက်က အလို မလိုက်နိုင်တာ၊ မလိုက်လျောနိုင်တာလေး တစ်ခုနဲ့တင် နှုတ်လှန်ထိုးတယ်ဆိုတဲ့ စွဲချက်နဲ့ သားသမီးကို အပြီးသတ် ပါတောပိတ်ခိုင်းတတ်ကြပါတယ်။ သည်အချိန်ဟာ မိဘနဲ့ သားသမီး ထိပ်တိုက်ရင်ဆိုင်ရတဲ့အချိန် ဖြစ်သွားပါပြီ။

သားသမီးက အတိအလင်း ဆန့်ကျင်ချိန်

ဒါကတော့ ရှင်းပါတယ်။ သားသမီးမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အစွမ်းအစများ ရှိလာချိန်ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဝင်ငွေ ရှိလာတဲ့ သားသမီးတွေဟာ မိဘကို အတိအလင်း ဆန့်ကျင်ကြလေတော့မှာ အသေအချာပါပဲ။ အတိအလင်းမဟုတ်တောင် “ပြန်မပြော၊ နားမထောင်” သော်လည်းကောင်း၊ “ရှေ့တွင် ဟုတ်ကဲ့၊ ကွယ်ရာမဲ့” သော်လည်းကောင်း ဖြစ်သွားပါပြီ။

သည်လိုအချိန်မှာ မိဘတွေဘက်ကလည်း သဘောထား မမှန်နိုင်တော့ဘူး။ သားသမီးတို့ရဲ့ တက်ချိန်ဟာ၊ မိဘတွေရဲ့ ကျချိန်လည်း ဖြစ်ပါတယ်။ အရွယ် သဘော၊ အောင်မြင်မှုရဲ့သဘော၊ စီးပွားရေးအတွက် လှုပ်ရှား ရုန်းကန်နိုင်မှု သဘောစတာတို့အရ ပြောတာပါ။ သားသမီးတွေ စိတ်ဓာတ်တက်ကြွတဲ့ အချိန်ပိုင်းကို ရောက်ချိန်မှာ မိဘဘက်က စိတ်ဓာတ် ယိုယွင်းကျဆင်းချိန်နဲ့ အများဆုံး တိုက်ဆိုင်လာတယ်။ သည်အခါမှာ ဆယ်ကျော်သက်ရွယ်ကတည်းက အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းတဲ့ ဓလေ့လေး ရှိနေတဲ့ သားသမီးများရဲ့ ကျိုးကြောင်းပြ စကားတွေကိုပင် တစ်မျိုးပြောင်း မြင်ကုန်တတ်ကြတယ်။ ခွာရာ တိုင်းတယ်၊ ကိုယ်ပိုင်ဝင်ငွေလေး ရလာလို့ လူဝါးဝတယ်စသည်ဖြင့် သတ်မှတ် စွပ်စွဲလာပြန်တော့တယ်။

သားသမီး အသက်အရွယ် ကြီးလာသလို၊ မိဘလည်း အရွယ်ရလာတာနဲ့အမျှ ပြဿနာတွေဟာ ပိုမိုကြီးထွားလာရပါတော့တယ်။

အဖြေ

ကောင်းပါပြီ။ အခုအထိ ဆွေးနွေးခဲ့တာက သားသမီးနဲ့ မိဘကြားက နှုတ်လှန်ထိုးမှု၊ ကလန်ကဆန် လုပ်မှု၊ မခန့်လေးစား လုပ်မှုစတာတွေကို ယေဘုယျ သုံးသပ်လိုက်တာသာ ဖြစ်ပါတယ်။ သည်ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့အပိုင်းကို အခု ဆက်လက်ဆွေးနွေးလိုပါတယ်။

အထက်မှာ သုံးသပ်ခဲ့တဲ့အတိုင်း ပြောရရင် သည်ပြဿနာမှာ မိဘတွေက ထိပ်ဆုံးမှာ တာဝန်ရှိပါတယ်။ အဓိကအချက်ကတော့ မိမိတို့ သားသမီးများရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ အရွယ်ကို အသိအမှတ် ပြုပေးဖို့ပါ။ တစ်နည်းအားဖြင့် သူတို့တွေဟာလည်း မိဘတွေလိုပဲ သွေးသားနဲ့၊ အရိုးအဆစ်နဲ့၊ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ခံစား ထိရှလွယ်လှသူ လူသားများအဖြစ် မျဉ်းတစ်ပြေးတည်း ရှုမြင်၊ ဆက်ဆံဖို့ပါပဲ။

သူတို့တွေဟာ မိမိတို့ဝမ်းက ပေါက်ဖွားလာတဲ့အတွက် မိမိတို့ရဲ့ရင်သွေးများ ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမယ့် သားသမီး ဖြစ်နေတာနဲ့ သူတို့တွေဟာ “တစ်ဆင့်နိမ့် လူသားများ} (Lesser Human-beings) ဖြစ်မသွားပါဘူး။

သားသမီး ဖြစ်တဲ့အတွက် အားလုံးကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံနေရမယ့် တိရစ္ဆာန်တွေ ဖြစ်မကုန်ကြသလို၊ မိဘတွေ ဖြစ်နေတဲ့အတွက်လည်း အလုံးစုံသော အသိဉာဏ်တွေနဲ့ ကုံလုံ ပြည့်ဝကာ အရာရာကို ခြယ်လှယ်နိုင်သော စေတစ်လုံးပိုင်ရှင် မဟာလူသား (Tyrannic Supermen) တွေ ဖြစ်မနေကြပါဘူး။

သည်အချက်ကို သတိထားလိုက်နိုင်ရင် မိဘနဲ့ သားသမီးများကြားမှာ ရှိနေတဲ့ ပြဿနာ အတော်များများဟာ ညက်ညက်ညောညော ပြေလည်သွားနိုင်ပါတယ်။

အကိုးအကား

သည်နေရာမှာ အနန္တော အနန္တ ငါးပါးထဲမှာ ပါဝင်နေတဲ့ မိဘနဲ့ဆရာကို မရိုသေဖို့၊ ကလန်ကဆန် လုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ မိဘသည် မည်သည့်ဘဝသို့ ရောက်နေစေကာမူ မိဘသာ ဖြစ်သည်ဆိုတဲ့ အဆိုဟာ ခြွင်းချက် မရှိ မှန်ကန်ပါတယ်။ မိဘဆိုတာ သားသမီးအတွက် အဖက်ဖက်က အကောင်းဆုံး ဖြစ်စေချင်သော စေတနာများနဲ့ ပြည့်စုံတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်တာလည်း အငြင်းပွားစရာ အကြောင်းတစ်ရပ် မဟုတ်ပါဘူး။

ဒါပေမယ့် မိဘဆိုတာ အထက်က ပြောခဲ့သလို လူတွေထဲက လူသား စင်စစ်များသာ ဖြစ်နေတဲ့အတွက် အယူမှားခြင်း၊ အမြင်မှားခြင်းတွေ ရှိနိုင်ပါတယ်။ သည်အချက်အတွက် ထင်ရှားတဲ့ သာဓကကို ပြပါဆိုရင် ကျွန်တော်တို့ရဲ့ ရှင်တော် မြတ်ဘုရားနဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးတို့ကို ပြရမှာပဲ ဖြစ်ပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မိဘရဲ့အလိုဆန္ဒကို ပယ်ရှားပြီး အလောင်းတော် ယုံကြည်တဲ့ လမ်းစဉ်အတိုင်း တောထွက်တော်မူခဲ့တာ ဗုဒ္ဓဘာသာဝင် အားလုံး အသိပါ။ သို့တိုင်အောင် ဖခမည်းတော် သုဒ္ဓောဒနမင်းကြီးက ဘုရားရှင်ကို လျှောက်ထားတယ်။ သားတော်ကြီးဖြစ်တဲ့ ဘုရားရှင်တင်မက သားတော်ငယ် ရှင်အာနန္ဒ၊ မြေးတော် ရှင်ရာဟုလာတို့ပါ သာသနာ့ဘောင်ကို ဝင်ရောက်သွားကြတဲ့အတွက် ခမည်းတော်မှာ သူ့ထီးနန်း အရိုက်အရာကို ဆက်ခံမယ့်သူ မရှိဖြစ်နေကြောင်း၊ သည်အတွက် နောင်ကို သာသနာ့ဘောင် ဝင်လိုသူများအား မိဘရဲ့ခွင့်ပြုချက်ပါမှ ဝင်ခွင့်ပြုစေလိုကြောင်း လျှောက်ထားတယ်။

သည်အခါမှာ ဘုရားရှင်က ခမည်းတော် လျှောက်တာ နည်းလမ်းကျနေတဲ့အတွက် သာသနာ့ဘောင် ဝင်ရာမှာ မိဘရဲ့ခွင့်ပြုချက် လိုအပ်ကြောင်းကို သတ်မှတ် ပြဋ္ဌာန်းပေးခဲ့ပါတယ်။

ဒါကို ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက တစ်မျိုး လုပ်တယ်။သူ့မိဘတွေက ဒိဋ္ဌိတွေ ဖြစ်နေတဲ့အတွက် သူ့ညီတော်များ သာသနာ့ဘောင် ဝင်မယ် ဆိုရင် သူသာလျှင် အမိ၊ သူသာလျှင် အဘနေရာမှာ ရှိတယ်။ သူ့ညီတော် ရှင်ရေဝတ ရဟန်းဘောင် ဝင်မယ်ဆိုရင် မိဘတွေဆီက ခွင့်ပြုချက် တောင်းရန်မလို၊ ကိုယ်တော်တိုင်က ခွင့်ပြုပြီး ဖြစ်တယ်လို့ မိန့်ကြားခဲ့ကြောင်း “ဓမ္မပဒ ကထာ”မှာ ပါရှိပါတယ်။

သည်နှစ်ချက်ကို ပြန်ကောက်ရင် ဘုရားရှင် ကိုယ်တော်တိုင်ရော၊ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပါ အရွယ် ကောင်းစွာ ရောက်နေတဲ့ အချိန်မှာ မိဘတို့ရဲ့ အယူအဆများဟာဖြင့် မှားယွင်းနေတယ်၊ သည်အတွက် လိုက်နာရန် မလို ဆိုပြီး ကိုယ်တော်တို့ ယုံကြည်ရာ လမ်းစဉ်ကို တိတိလင်းလင်း ရွေးချယ် ဖော်ဆောင်ခဲ့တာ ထင်ရှားပါတယ်။

သည်အတွက် ကိုယ်တော်တို့ရဲ့ခမည်းတော်၊ မယ်တော်တို့ကို မရိုသေရာ၊ စော်ကားရာ လုံးဝ မရောက်ခဲ့ဘူးဆိုတာကိုလည်း ကျွန်တော်တို့ အားလုံး သိနားလည်ကြပါတယ်။

သည်ကိစ္စနဲ့ တစ်နည်းတစ်ဖုံ ပတ်သက် ဆက်နွယ်လို့ နေတဲ့ လင်္ကာ သံပေါက်လေးတစ်ခုကို ဆက်လက် ကိုးကားလိုက်ချင်ပါသေးတယ်။ မဟာ ဂန္ဓာရုံ စာသင်တိုက်ကို တည်ထောင်သူ ကျေးဇူးတော်ရှင် အမရပူရ (တောင်မြို့) ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ သံပေါက်ပါ။

 

မည်သူ့ကိုမျှ၊ မညှာကြနှင့်
မိဘဆရာ၊ ဆိုစေကာလည်း
သူဟာ ဗာလ၊ ပဏ္ဍိတဟု
ကျနစင်စစ်၊ တွေ့တိုင်းစစ်
စနစ်ကျစေကွဲ့… တဲ့။

မိဘ၊ ဆရာဆိုတဲ့ အနန္တော အနန္တငါးပါး ဂိုဏ်းဝင်ပင် ဖြစ်နေပါစေ၊ အသက်အားဖြင့်သော်လည်းကောင်း၊ ဂုဏ်အားဖြင့်သော်လည်းကောင်း ကြီးသူ ဖြစ်နေပါစေ၊ လူမိုက်လား၊ ပညာရှိလားဆိုတာကို ကျကျနန ဆန်းစစ် သုံးသပ်ထိုက်ကြပေတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ရှောင်ရှားရန် အစွန်းတရားနှစ်ဘက်

သည်နေရာမှာ အစွန်းတရားများကိုတော့ မလွဲမသွေ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အစွန်းတရားဆိုတဲ့နေရာမှာ မိဘဘက်က အစွန်းနဲ့ သားသမီး ဘက်က အစွန်းဆိုတဲ့ အစွန်းနှစ်ဘက် ရှိနေပါတယ်။ သားသမီးတို့အနေနဲ့ မိဘကို ကလန်ခြင်း၊ မခန့်လေးစား လုပ်ခြင်းမျိုးများကတော့ ကံကြီးထိုက်နိုင်တဲ့ စော်ကားခြင်း မည်ပါတယ်။

ရိုသေခြင်း၊ ဂါရဝ ထားခြင်းများကို အစဉ်တစိုက် နှလုံးသွင်းပြီး ပြောရေးရှိလို့ ပြောကြစတမ်းဆိုရင်တောင် သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာနဲ့ အကျိုးသင့် အကြောင်းသင့် တင်ပြနိုင်ကြရပါမယ်။ ဆိုခဲ့တဲ့အတိုင်း မိဘများ ဆိုတာလည်း လူသားများသာဖြစ်တဲ့အတွက် အမှားအယွင်းများ မုချ ရှိမှာပါ။ သို့သော် ထိုအမှားအယွင်းများသည် စေတနာ၊ မေတ္တာ ဇောအဟုန်ကြောင့်၊ စေတနာ၊ မေတ္တာ တိမ်သလ္လာဖုံးမှုကြောင့် အမှတ်မဲ့ မှားယွင်းနေတတ်တာမျိုးဆိုတာကို သားသမီးတို့အနေနဲ့ သတိထားတတ်ကြရပါမယ်။

အရွယ်ရောက်နေတဲ့ သားသမီးတို့အနေနဲ့ (ယေဘုယျအားဖြင့် အသက် ၂၀ကျော်တို့) မိမိတို့ရဲ့ ပိုင်ခွင့် တစ်စုံတစ်ရာကို မိဘရဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး ရယူ တောင်းဆိုကြရာမှာ အကျိုးသင့် အကြောင်းသင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဆိုကြပါစို့၊  မိဘ သဘောမတူသူနဲ့ လက်ထပ်မယ့် ကိစ္စမျိုးမှာ သားသမီးတို့ဘက်က ဘာကြောင့် လက်ထပ်သင့်တယ်ဆိုတာကို အကျိုးအကြောင်းနဲ့တကွ ပြေပြေလည်လည်၊ ချေချေငံငံ ပြောပြနိုင်ရပါမယ်။ ဒါပေမယ့် အရက်သေစာ သောက်စားမူးယစ်မိလို့ မိဘက ဆိုဆုံးမတဲ့အခါမျိုးမှာတော့ မိဘမှာ အဲသလို ဆုံးမပိုင်ခွင့် အပြည့် ရှိတယ်ဆိုတာ သတိမူရမယ်။ တစ်ခါတစ်ရံ သောက်စားတာအတွက် ပြောဆိုတာမျိုးဆိုရင် မိဘကို အကျိုးသင့် အကြောင်းသင့် ရှင်းလင်းပြလို့ ရတတ်နိုင်သေးပေမယ့် အမြဲတစေ သောက်စား၊ မူးယစ်၊ ရမ်းကားနေလို့ မိဘတွေဘက်က ပြောလာရင်တော့ (ကိုယ်တိုင်က မလိုက်နာနိုင်သည့်တိုင်) မိမိတို့ရဲ့ လုပ်ရပ် ကိုယ်၌က မှားယွင်းနေတာမို့ ပြန်လှန်ပြောဆိုဖို့ မသင့်ပေဘူး။

မိဘဘက်က အစွန်းကတော့ မိမိတို့ရဲ့သားတွေ၊ သမီးတွေက အကျိုးသင့် အကြောင်းသင့်နဲ့ ချေချေငံငံ ပြန်လည်တင်ပြတဲ့အခါ “ငါ မိဘ၊ ငါသာအမှန်၊ ငါ့စကား အောင်ကို အောင်ရမယ်”ဆိုတာမျိုးကို ရှောင်ရှားဖို့ပါပဲ။ သားသမီးဘက်က တင်ပြတာကို မိဘဘက်ကလည်း တလေးတစား နားထောင်ပြီး ချင့်ချိန်ရပါမယ်။
သားသမီးတို့ရဲ့ တင်ပြချက်များ ခိုင်လုံနေသော်လည်း မိမိတို့ဘက်က လက်မခံနိုင်သေးလျှင် တစ်ချက်ကို အသေအချာ စဉ်းစားပါ။ အဲဒါကတော့ မိမိတို့ လက်မခံနိုင်ခြင်းသည် မိမိတို့ရဲ့ သားသမီးများကို အလွန့်အလွန် ကောင်းစေချင်သော စေတနာ ဆန္ဒဇောကြောင့်များ လက်မခံနိုင်အောင် ဖြစ်နေရခြင်းလား ဆိုတာကိုပါပဲ။ အဲသလိုကြောင့်သာ ဖြစ်နေရင်တော့ အသာလေးသာ လျှော့လိုက်ပါတော့။ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် ကျွတ်ထိုက်တဲ့ သတ္တဝါတို့ကိုသာ ချွတ်နိုင်ခဲ့ပါတယ်။ သားသမီး အရင်းခေါက်ခေါက် ဖြစ်နေတဲ့အတွက် သဗ္ဗေသတ္တာ ကမ္မသကာ စာရင်းထဲက ပယ်လိုက်လို့မှ မဖြစ်နိုင်တာပဲ။

ဆရာသမား ကိစ္စ

တစ်ဆက်တည်းမှာ ဆရာသမားကိစ္စကိုပါ တစ်လက်စတည်း ဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့မြန်မာတွေဟာ လူတကာကို ဆရာခေါ်ဖို့ အလွန် ဝါသနာ ကြီးကြပါတယ်။ ကျောင်းဆရာကိုလည်း ဆရာ၊ ဆေးဆရာကိုလည်း ဆရာ၊ ဆရာဝန်ကိုလည်း ဆရာ၊ စာရေးဆရာကိုလည်း ဆရာ၊ ကားသမားကိုလည်း ဆရာ၊ ဆိုက်ကားသမား၊ မြင်းလှည်းသမားတို့ကိုလည်း ဆရာ ခေါ်တာဟာ သာမန်အားဖြင့် ယဉ်ကျေးသမှုမို့ ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး။

ဒါပေသည့် အလုပ်ရှင်၊ မိမိထက် ရာထူးကြီးသူများကို ဆရာ ခေါ် ခြင်းအားဖြင့်တော့ အကုန်“ရှုပ်”ကုန်တတ်ပါတယ်။ (တချို့များဆို နိုင်ငံခြားသား မျက်နှာဖြူများကိုပင် ဆရာ၊ ဆရာမ စသည်ဖြင့် မြန်မာလို မြိန်ရည် ယှက်ရည် ခေါ်နေကြတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားဖူးပါတယ်။ ပညာတတ်ကြီးတွေ၊ စာရေးဆရာကြီးတွေရဲ့နှုတ်ကနေ အဲလိုထွက်လာတာကို ကြားရတော့ ယဉ်ကျေးသမှုဆိုတာကို နေရာနဲ့နေရာ အံဝင်ခွင်ကျ မသုံးတတ်ရှာကြတဲ့ အနှီပုဂ္ဂိုလ်များရဲ့အသိနုံနဲ့မှုကို ဩချမိရပါတယ်။ စကားကြုံလို့ ပြောတာပါ။)

ဘာကြောင့် ရှုပ်ကုန်တတ်တယ်လို့ ပြောရသလဲဆိုရင် ဆရာလို့ ဆိုတာနဲ့ အနန္တော အနန္တငါးပါးထဲမှာ ပါတဲ့ ဆရာနဲ့ ရောထွေးကုန်ပြီး အကျိုးသင့်၊ အကြောင်းသင့်မှ မပြောရဲ မဆိုရဲတွေ ဖြစ်ကုန်ကြတာကြောင့်ပါပဲ။ တစ်ဖက် ကလည်း “ဆရာ” အခေါ်ခံရသူများက ဘဝင်လေဟပ်ကာ “ငါပြောတာ အမှန်၊ ငါ လုပ်တာအမှန်”လို့ ထင်ကုန်တတ်ကြပြီး လက်အောက်ငယ်သားအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်တတ်သွားတာတွေကြောင့်လည်း ဖြစ်ပါ တယ်။

တကယ်က အထက်က ဆိုခဲ့သလို အနန္တော အနန္တ ဂိုဏ်းဝင် ဆရာသခင်ပင် ဖြစ်စေဦးတော့ သူဟာ ပုထုဇဉ်မျှသာ ဖြစ်နေသေးတာမို့ သူ့ကိုလည်း ချေချေငံငံ၊ ပြန်လည် ထောက်ပြ ဝေဖန်ခွင့် ရှိပါတယ်။

“ပါစိတျာဒိ အဌကထာ”စာမျက်နှာ ၂၅၉ မှာ ဆရာလုပ်သူက အာပတ် မကင်းတဲ့ စကားမျိုးကိုဆိုနေလျှင် တပည့်အနေနဲ့ “သည်စကားဟာဖြင့် အာပတ်မကင်းတဲ့ စကားမျိုးများ ဖြစ်မနေဘူးလား ဘုရား”လို့ မေးလျှောက်ခြင်းဖြင့် ဟန့်တားရပေမယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်က တိတိလင်းလင်း ပညတ်ခဲ့ပါတယ်။

တစ်ခါ၊ “သီလက္ခန္ဒ ဝဂ္ဂဌကထာ” စာမျက်နှာ ၃၈ နဲ့ ၃၉ မှာ “ဆရာ မစင်ပုံ နင်းသည်နှင့် တပည့်က လိုက်မနင်းရာ၊ ဆရာ မီးပုံနင်းလျှင်လည်း တပည့် မနင်းရာ၊ ဆရာ ဆူးပုံနင်းလျှင်လည်း တပည့်မနင်းရာ၊ ဆရာ အဆိပ် သောက်သော်လည်း တပည့်မသောက်ရာ၊ ဆရာ ချောက်ထဲ ခုန်ဆင်းသော် လည်း တပည့်မဆင်းရာ”လို့ အတိအလင်း ပါရှိပါတယ်။

သည်လောက်ဆိုရင် ဆရာသမားကို ချေချေငံငံနဲ့ အကျိုးသင့် အကြောင်းသင့် ပြန်လည် တင်ပြလိုက်မိရုံမျှနဲ့ ငရဲမှာ သစ်ငုတ်ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ သေချာလောက်ပါပြီ။

အနှစ်ချုပ်

သည်ဆောင်းပါးကို ရေးရခြင်း အကြောင်းရင်းကတော့ ဆရာသမား၊ မိဘဆိုတာနဲ့ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အရာရာကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံနေရမယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆ တစ်ရပ်ကို တည့်မတ်သွားစေချင်လို့ပါ။ တစ်ဖက်ကလည်း လူငယ်တွေဘက်က အကျိုးသင့် အကြောင်းသင့် ပြန်လည်တင်ပြလာရင် “ဂိုဏ်းသင့်မယ်”ဆိုတဲ့ စကားနဲ့ အနိုင်ပိုင်းတတ်ကြတဲ့လူကြီးသူမများ အမြင်မှန်ရလေအောင် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

အဓိကအချက်များအနေနဲ့ကတော့…

  • မိဘဆရာသမားတို့ကို ရိုသေလေးစားကြပါ။
  • သို့သော် ရိုသေလေးစားမှုကြောင့် အရာရာကို ရေငုံနှုတ်ပိတ်နေဖို့ လုံးလုံး မလိုပါ။
  • ပြောရေးရှိတဲ့အခါတိုင်း သားသမီးများ၊ တပည့်များတို့က ချေချေငံငံ၊ ပြေပြေပြစ်ပြစ်နဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းလင်း တင်ပြနိုင်ပါတယ်။
  • မိဘ၊ ဆရာသမားများအနေနဲ့လည်း ဆန္ဒာဂတိ၊ မောဟာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိဆိုတဲ့ အဂတိတရား လေးပါးကို အတတ်နိုင်ဆုံး ပယ်ရှားပြီးမှ တပည့်၊ သားသမီးများရဲ့အရေးကိစ္စများကို အဆုံးအဖြတ်ပေးရပါမယ်။
  • မိဘဆရာသမားတို့အတွက် အရေးကြီးဆုံးအချက်ကတော့ မိမိတို့ရဲ့ သားသမီး၊ တပည့်များရဲ့အရွယ်ကို အသိအမှတ်ပြုတတ်၊ လေးစားတတ်ဖို့ပဲ ဖြစ်ပါတယ်။
၁၉၉၆ ခု ဇန်နဝါရီထုတ် “သရဖူ” မဂ္ဂဇင်းပါ သည် ဆောင်းပါးအတွက် လိုအပ်တဲ့ ဘာသာရေးစာပေ အထောက်အထားများကို မိန့်ကြား လမ်းညွှန်ပေးသူက ပျံလွန်တော်မူသွားခဲ့ပြီးဖြစ်တဲ့ တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလ ဖြစ်ပါတယ်။ ဆရာတော်နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ကြတာက (အခုအခါမှာ မြန်မာပြည်မှ သွားလေသူ) စာရေးဆရာမ မိုးချိုသင်း၊ စာရေးဆရာ မောင်မိုးသူနဲ့ သူ့သား ညီညီမိုးသူတို့ ဖြစ်တာမို့ သည်စာမူ ပါရှိတဲ့ ကျွန်တော့်ရဲ့ “သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” စာအုပ် ပထမအကြိမ်ထုတ်မှာရော၊ ဒုတိယအကြိမ်ထုတ်မှာပါ သူတို့အားလုံးကို လေးစားစွာ ကျေးဇူးစကားဆိုခဲ့ဖူးသလို အခုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်း အစီရင်ခံအပ်ပါတယ်။

For Parents and Teachers to Think Twice

မိဘ ဆရာများ တွေး ဆဆင်ခြင်စရာ

သင်္ကြန်မတိုင်ခင်က မန္တလေးကို ရောက်သွားတော့ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ကို ကြားရတယ်။


ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ သားလေး ပျောက်ဆုံးနေတဲ့ သတင်းပါ။ သားက ၁၅ နှစ်သားပဲ ရှိသေးသတဲ့။ မနက်ပိုင်းမှာ မုန့်စားဖို့ ဆိုပြီး အိမ်က ထွက်သွားရာက လုံးလုံး ပျောက်သွားတာဆိုပဲ။

ကျွန်တော်ကိုယ်တိုင်လည်း သူ့လိုပဲ၊ သမီး တစ်ယောက်၊ သား တစ်ယောက်ရဲ့ဖခင်ဖြစ်နေတဲ့အတွက် မိဘချင်း

စာနာစိတ်နဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ ခက်တာက သူ့ဒုက္ခကို ကူညီ ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းက ကျွန်တော့်မှာ မရှိတာပဲ။ ပြေရာပြေကြောင်းအတွက် တတ်အားသမျှ ပြောဆို ဖေးမရုံပဲ တတ်နိုင်ခဲ့တယ်။

ကျွန်တော့် ရင်ထဲမှာ တနုံ့နုံ့နဲ့။ မန္တလေးမှာ ၁၂ ရက်နေပြီး ပြန်သာ လာခဲ့ရတယ်၊ သူ့သားသတင်းကို အစအနတောင် မကြားရတော့ လိပ်ခဲတင်းလင်းဖြစ်နေတယ်။
ခမျာများမှာ မန္တလေးသတင်းစာတွေ
ထဲလည်း လူပျောက်ကြော်ငြာတွေ ဘာတွေ ထည့်ကြသေးတယ်။ ဂျာနယ်တစ်ခုမှာ မန္တလေးသတင်း ပင်တိုင် ရေးနေသူ ဆရာတစ်ဦးကလည်း သူ့ဂျာနယ်ထဲ သားငယ် ပျောက်ဆုံးနေတဲ့ သတင်းကို စာနာစွာ ဖော်ပြပေးပါသေးတယ်။

သတင်းထူးရင် ကျွန်တော့်ကို ဖုန်းဆက် အကြောင်းကြားပါဗျာလို့ မှာခဲ့ပြီး ကျွန်တော်လည်း ပြန်လာခဲ့ရပါတယ်။ ဒါပေမယ့် သုံးပတ်သာ ကြာသွားတယ်၊ သူ့သား သတင်းကို အစအနတောင် မကြားရဘူး။ ကျွန်တော့်မှာသာ မန္တလေးက ဆွေမျိုးရင်းချာတစ်ဦးရဲ့ နာရေးကြောင့် နောက်သုံးပတ်နေတော့ မန္တလေးကို တစ်ခေါက်ပြန်တက်ရပြန်တယ်။

သည်အခါမှာလည်း မိတ်ဆွေကြီးဆီ ဝင်ပြီး သူ့သားသတင်း စုံစမ်းမိရပြန်တယ်။ ဘာအကြောင်းမှ မထူးသေးဘူးဆိုတာပဲ ကြားရတော့ အားပျက်ချင်သလို ဖြစ်လာတယ်။


အလုပ်က တစ်ဖက်နဲ့မို့ သည်တစ်ခေါက်တော့ မန္တလေးမှာ သုံးညပဲ အိပ်ပြီး ပြန်ပြေးခဲ့ရပြန်ပါတယ်။

ရန်ကုန် ပြန်ရောက်ပြီး သုံးရက်လောက်နေတော့ ဖုန်းဝင်လာတယ်။

ပျောက်ဆုံးနေသူ သားလေးကို ပြန်တွေ့တဲ့အကြောင်း မိတ်ဆွေကြီးက အကြောင်းကြားတာပါ။

ကျွန်တော်လည်း သက်ပြင်းကို ဟင်းခနဲ ချလိုက်တယ်။ ဖြစ်ပုံပျက်ပုံကို မိတ်ဆွေကြီးက ကျွန်တော့်ကို စိတ်မကောင်းခြင်းကြီးစွာ ပြောပြတဲ့အခါမှာတော့ သည်အကြောင်းကို ရေးရပေဦးမယ်လို့ စိတ်ထဲမှာ တေးလိုက်ရပြန်ပါတယ်။

ကလေးက မန္တလေးနဲ့ မနီးမဝေးက မထင်မရှား ရွာလေးတစ်ရွာကို သွားပြီး သင်္ကန်းစီးနေတာတဲ့။ သတင်းအရ ဖအေလုပ်တဲ့သူ လိုက်ခေါ်တဲ့အခါမှာလည်း ကိုရင်ဝတ်နဲ့ပဲ ပြန်လိုက်လာတယ်လို့ သိရပါတယ်။

ဘာဖြစ်တာလဲ၊ ဘယ်လို ဖြစ်တာလဲလို့ စေ့ငုလိုက်တဲ့အခါ ကျွန်တော့်မိတ်ဆွေတင်မက မိဘအများနဲ့ပါ သက်ဆိုင်တဲ့ကိစ္စမို့ သည်အကြောင်းကို ချရေးရတော့တာပါ။

ဖြစ်ပုံက ကလေးက သည်နှစ်မှာ ဆယ်တန်းကို တက်ရတော့မှာပါ။ ကိုးတန်းမှာကတည်းက သူ့ကို မြို့ရဲ့အကျော်အမော် ကျူရှင်ကျောင်းကြီး တစ်ကျောင်းမှာ အပ်ထားပါတယ်။ ကျောင်းအုပ်က ကလေးရဲ့မိဘနဲ့ ခင်မင်နေတော့ ကျူရှင်ခတောင် မယူပါဘူး။

သည်အထိက အင်မတန် ကောင်းနေပါသေးတယ်။

ဆိုးသွားတာက ကလေးက စာသိပ်မလိုက်နိုင်ဘူး။ ကျူရှင်မှာက စာမလိုက်နိုင်တဲ့ ကလေးတွေကို လိုက်နိုင်လာအောင် လုပ်တဲ့နည်းက ရှိနေတယ်။ အဲဒါကတော့ တော်တော်လေး ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့နည်းပါ။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေကို တုတ်နဲ့ ရိုက်တဲ့နည်း၊ အရှက်ခွဲတဲ့နည်းများကို ကျင့်သုံးပြီး ခပ်ပြင်းပြင်း မောင်းပါသတဲ့။

ဒါလည်း ကျူရှင်ဘက်က ကြည့်ရင် မှန်တယ်လို့ ရှေ့နေလိုက်ချင် လိုက်လို့ရပါသေးတယ်။ အဲသလို ပြင်းပြင်းထန်ထန်လေး မောင်းပေးမှ ကလေးတွေရဲ့ ပညာရည် တိုးတက်လာမှာဖြစ်သလို ကျူရှင်ရဲ့ အောင်ချက်လည်း တအားကောင်း၊ နာမည်လည်း ပိုထွက်၊ နောက်နှစ်တွေ၊ နှစ်တွေမှာလည်း ငွေတွေ သောက်သောက်လဲ ဝင်တော့မှာကိုး။ ကျူရှင်ဘက်က ကြည့်ရင် သူ့ဟာနဲ့ သူတော့ တရားနေပါတယ်။

ကျွန်တော့်မိတ်ဆွေရဲ့ စကားများအရ သူ့သားအပါအဝင် ကလေးအတော်များများက အဲဒီ့ ကျူရှင်ရဲ့ ဇွတ်အတင်း မောင်းနှင်မှုကို မခံစားနိုင်လောက်အောင် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မိဘတွေက ကိုယ့်သားသမီးကို ဖြစ်စေချင်၊ ထွန်းပေါက်စေချင်ဇောနဲ့ မတက်မနေရ လုပ်ကြပါသတဲ့။ တစ်ဖက်ကလည်း ကျောင်းအပ်တဲ့အခါမှာ မကျိုးမကန်း ရင်တော်ပါပြီ၊ ဆရာတို့ ကြိုက်သလို ဆုံးမပါဆိုတဲ့ အစဉ်အလာ အရိုးစွဲ အတွေးအခေါ်လေးတွေကလည်း ရှိနေလေသေးတော့ ကလေးတွေခမျာမှာ အလကားနေရင်း သားကောင်လေးတွေ ဖြစ်ကုန်ပါတော့တယ်။

ကျွန်တော့်မိတ်ဆွေရဲ့သားက အင်္ဂလိပ်စာမှာ တော်တော်လေး အားနည်းတဲ့အတွက် အဲဒီ့ကျူရှင်မှာ နေ့တိုင်း အနှိပ်ကွပ်ခံရလေသတဲ့။ ၁၅ နှစ် ဆိုတာ ကြီးကောင်ဝင်စ အရွယ်ပါ။ ကောင်းကောင်းလည်း ရှက်တတ်၊ နာတတ်နေတဲ့ အရွယ်လည်း ဖြစ်ပါတယ်။


သည်အခါ လူပုံအလယ်မှာ နေ့တိုင်း အနှိပ်ကွပ်ခံနေရတော့ သူ့အနေနဲ့ ဘယ်လိုမှ မခံနိုင်တော့ဘူး။ မအေမိဘကို ပြောလို့ကလည်း သဘောပေါက်ကြမှာ မဟုတ်တဲ့ အတူတူ၊ အိမ်က ထွက်ပြေးတာ အကောင်းဆုံးပဲလို့ အောက်မေ့လိုက်ပါတော့တယ်။

ဒါပေမယ့် ကလေးက ကလေးကောင်းလေးဆိုတော့ သူ့အတွက် နားခိုရာ၊ အားကိုးရာကို ရတနာသုံးပါးရဲ့ အရိပ်အာဝါသအောက်မှာ သွားရောက် ရှာဖွေလိုက်တာလေးကြောင့်သာ တော်သွားပါတယ်။ ဖအေနဲ့ ပြန်လိုက်လာခဲ့သော်လည်း လူဝတ်လဲဖို့ ငြင်းဆိုနေခြင်းဟာ လူဘဝကို ပြန်ရောက်ရင် ကျောင်းတက်ရမှာ၊ ကျောင်းတက်ရင် အဲဒီ့ရွှေကျူရှင်နဲ့ ပြန်လည် ရင်ဆိုင်ရမှာကို တအားစိုးရွံ့နေလို့ပဲလို့ တွေးလို့ရပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့်မိတ်ဆွေကို ကျွန်တော့်အယူအဆလေးတစ်ခု ပြောလိုက်မိပါသေးတယ်။

သည်လောကမှာ ရှိရှိသမျှ အမွေများ အားလုံးအနက်မှာ အမြတ်ဆုံး အမွေဟာ လူအဖြစ်ကို ရတုန်းရခိုက်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ လမ်းကြောင်း ပေါ် တင်ပေးလိုက်နိုင်တာသာ ဖြစ်ကြောင်းပါ။ ဒါကြောင့် ကလေးက သာသနာ့ဘောင်မှာ ပျော်မွေ့သွားမယ်ဆိုလည်း အင်မတန် မွန်မြတ်တာမို့ ကလေး စိတ်ချမ်းသာတဲ့ နည်းလမ်းအတိုင်း လိုက်လျောဖို့ အကြံပေးလိုက်မိပါတယ်။

တစ်ဖက်ကလည်း ကလေးရော၊ ကလေးမိဘပါ အင်မတန် ကံကြီးလွန်းလို့သာ သည်လောက်နဲ့ ပြီးသွားတာကို တွေးမိနေပါတယ်။ တကယ်လို့သာ ကလေးက စိတ်ပေါက်ပေါက်နဲ့ တွေ့ကရာတွေ လျှောက်လုပ်လို့၊ မတော်တာတွေ ဖြစ်ကုန်ရင် စေတနာနဲ့ ဆောင်ရွက်ပေးခဲ့ရတဲ့ မိဘတွေပဲ ရင်ကျိုးရမှာပါ။

မိဘဆိုတာကတော့ ကိုယ့်သားသမီးကို ချွန်စေ၊ ထက်စေ၊ တော်စေ၊ ထွန်းပေါက်စေချင်သူချည်းပါပဲ။ အဲသလိုပဲ၊ ကျူရှင်ဆရာအပါအဝင် ဆရာများအားလုံးကလည်း ကိုယ့်တပည့်လေးတွေကို ဖြစ်စေချင်ကြတာချည်းပါပဲ။

ဒါပေမယ့် ကလေးတွေကို ဖြစ်စေချင်ဇောနဲ့ တအားတွန်းတဲ့အခါမှာ လိုက်နိုင်တဲ့ ကလေးရှိသလို မလိုက်နိုင်တဲ့ ကလေးဆိုတာလည်းရှိနေမှာ  သေချာပါတယ်။

လူချင်းတူပေမယ့် အသက်ရှူချင်းကွဲတယ်ဆိုတာလို ခံနိုင်ရည်ချင်းလည်း မတူတာမို့ ပုံသေကားချနည်းတွေ၊ လှေနံဓားထစ် စနစ်တွေနဲ့ ကိုယ်ဖြစ်စေချင်တာကို ဇွတ်အတင်း လုပ်ယူမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တဲ့အကြောင်း  မိဘဆရာများ သတိထားမိနိုင်ကြစေဖို့အလို့ငှာ လတ်တလော ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို အခြေခံတင်ပြလိုက်ရပါတယ်။

(၂၀၀၂ ခုနှစ်က မန္တလေးမြို့မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး အလင်းတန်းဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။  စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂) နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ” စာအုပ်ထဲက စာတစ်ပုဒ်လည်း ဖြစ်ပါတယ်။)

Impacts of Corporal Punishment

ရိုက်နှက် ဆုံးမခြင်းရဲ့ အကျိုးအပြစ်

လူတောထဲလည်း တိုး၊ လုပ်ရည်ကိုင်ရည်လည်း ရှိ၊ တာဝန်လည်း ယူတတ်တဲ့ လူကြီးတွေ ဖြစ်လာစေဖို့အလို့ငှာ ကလေးတွေကို ပြုစုပျိုးထောင်ရာနဲ့ သင်ကြားပေးရာမှာ စည်းကမ်းဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။

ပြစ်ဒဏ်ပေးတယ်ဆိုတာဟာ စည်းကမ်း ထိမ်းသိမ်းတဲ့ နည်းပေါင်း များစွာထဲက တစ်နည်းဖြစ်ပြီး ရိုက်နှက် ဆုံးမတယ်ဆိုတာကတော့ ပြစ်ဒဏ် ပေးတဲ့ နည်းပေါင်းများစွာထဲက တစ်နည်းသာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ပေးလိုက်တဲ့အတွက် ကလေးတွေရဲ့ အမူအကျင့်တွေအပေါ်မှာ အကျိုးသက်ရောက်ပုံကို စူးစမ်း လေ့လာကြည့်မယ်ဆိုရင်တော့ တော်တော် အံ့ဩစရာ ကောင်းတဲ့ ရလာဒ်တွေကို တွေ့ရပါလိမ့်မယ်။ လူမှုဗေဒပညာရှင်များနဲ့ စိတ်ပညာရှင်များရဲ့ကျယ်ပြန့်တဲ့ သုတေသနများနဲ့ လေ့လာတွေ့ရှိချက်များအရ ပြစ်ဒဏ်ပေးတဲ့အတွက် သင်ယူမှုကို ဘယ်လိုမှ အထောက်အကူ မပေးတဲ့အပြင် ပြစ်ဒဏ်ပေးသူ လိုချင်တဲ့၊ ဖြစ်စေချင်တဲ့ အမူအကျင့်ရဲ့ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေသာ ရရှိနိုင်ကြောင်း ခိုင်ခိုင်မာမာ တွေ့ထားရပါတယ်။

ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာလဲ

တချို့ မိဘ ဆရာများအတွက်က ကလေးတွေရဲ့တင်ပါးကို ရိုက်တာလို့ ဖြေပါလိမ့်မယ်။ တချို့တွေအတွက်ကျတော့ လက်ဝါး၊ မျက်နှာ အပါအဝင် ကလေးရဲ့တစ်ကိုယ်လုံးကို ရိုက်နှက်တာပါ။ “မာရေးစထရော့စ်” အမည်ရှိ မိသားစုတွင်း အကြမ်းဖက်မှု ကိစ္စကို တစိုက်မတ်မတ် စူးစမ်းနေတဲ့ သုတေသီကတော့ ရိုက်နှက် ဆုံးမတယ်ဆိုတာဟာ တစ်ဖက်သားကို ကိုယ့်သဘောအတိုင်း လိုက်နာလာစေဖို့ဖြစ်စေ၊ အမှားပြင်လာစေဖို့ဖြစ်စေ သွေးထွက် သံယို မဖြစ်စေဘဲ ကိုယ်ခန္ဓာမှာ အနာတရ ဖြစ်အောင် ကာယ အင်အား သုံးပြီး လုပ်ဆောင်ချက်လို့ အနက်ဖွင့်ပါတယ်။ အဲဒီ့ မာရေးစထေရာ့စ်ရဲ့ သုတေသနက အောက်ပါအချက်များကို အတည်ပြုပေးပါတယ်။

  • လင်ယောက်ျားရဲ့ အရိုက်အနှက်ကို ခံနေရတဲ့ မိခင်များ၊ ဆရာမများဟာ မိမိတို့ရဲ့ ရင်သွေးငယ်များ၊ ကျောင်းသားငယ်များကို တခြား မိခင်တွေ၊ ဆရာမတွေထက် ပို အရိုက်သန်တတ်တယ်။
  • ဆယ်ကျော်သက်အရွယ်မှာ ကိုယ်တိုင် အရိုက်ခံခဲ့ရဖူးသူ မိဘများ၊ ဆရာ၊ ဆရာမများဟာလည်း တခြားသူတွေနဲ့ ယှဉ်ရင် ပို အရိုက်သန်နေတတ်တယ်။

မာရေးစထေရာ့စ်တင်မကဘဲ အခြားသော မိသားစုရေးရာ သုတေသီများရဲ့ တွေ့ရှိချက်များအရ ရိုက်နှက်ဆုံးမခြင်းကြောင့် ဖြစ်လာတဲ့ ဘေးပန်း သက်ရောက်မှုတွေကလည်း ကြောက်စရာပါ။ အဲဒါတွေကို ခေါင်းစဉ်ထိုးပြီး ဆွေးနွေးပါရစေ။

ရန်လိုတာ

ရိုက်နှက်ဆုံးမခြင်းကြောင့် လူတစ်ယောက်က တခြားလူတစ်ယောက်ကို အနာတရဖြစ်အောင် ကာယကံမြောက် ကျူးလွန်တာဟာ မှန်တယ်၊ တရားတယ်လို့ သင်ပေးရာ ရောက်ပါတယ်။ တစ်ယောက်ယောက်က အမှားတစ်ခုခုကို ကျူးလွန်နေပြီး အဲလိုကျူးလွန်နေတာလည်း မရပ်ဘူးဆိုရင် သူ့ကို ရိုက်လိုက်တာ တရားတယ်၊ မှန်တယ်လို့ အရိုက်ခံဖူးသူတွေအနေနဲ့ မလွဲမသွေ တွေးတော့မှာပါ။

ကလေးငယ်တစ်ယောက်အနေနဲ့ တခြား ကလေးတစ်ယောက်ကို အလကားနေရင်း ထထိုးဖို့၊ ထရိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူ့အရုပ်ကို လုသွားပြီး ပြန်မပေးတော့လို့၊ သူ့ကို မခံချင်အောင် ဆက်တိုက် ပြောနေလို့စသဖြင့် အကြောင်းတစ်ခုခုကြောင့် တခြားကလေးတစ်ယောက်ကို အနာတရဖြစ်အောင် လုပ်ကြတာပါ။ ကလေးတွေ အမှား ကျူးလွန်တဲ့အခါ မိဘတွေက ရိုက်နှက် ဆုံးမထားတယ်ဆိုရင် ကလေးချင်း ထိုးကြိတ် ကန်ကြောက် ရိုက်နှက်ဖို့ အခွင့်အလမ်း ပိုများလာတာဟာလည်း တကယ်တော့ အံ့ဩစရာမဟုတ်ပါဘူး။ အတုမြင် အတတ်သင်တဲ့ သဘောပါပဲ။

အဲလိုပဲ အံ့ဩစရာ မကောင်းတာတစ်ခုကတော့ အရိုက်ခံရပြီး လူလား မြောက်လာသူများဟာလည်း မိဘဘဝ၊ ဆရာဘဝကို ရောက်တဲ့အခါ ကလေးတွေကို ရိုက်တတ်တာကို သုတေသနပေါင်း အမြောက်အများက အခိုင်အမာ အတည်ပြုပေးနေပါတယ်။ အသက် ၁၃ နှစ်ကျော်တဲ့အထိ အရိုက်ခံခဲ့ရသူများဟာဆိုရင် ပိုပြီးတောင် ကိုယ့်ကလေးကိုယ်၊ ကိုယ့်တပည့်ကိုယ် ရိုက်တတ်ပြန်သေးတယ်လို့လည်း စစ်တမ်းများက ဆိုပါတယ်။ ဒါတင်မကသေးဘဲ၊ ငယ်ငယ်က အရိုက်ခံခဲ့ရသူ ယောက်ျား၊ မိန်းမများဟာ ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ရိုက်တတ် ပုတ်တတ်နေတော့မှာ သေချာနေပြန်တယ်။

သရဖူမဂ္ဂဇင်းကတစ်ဆင့် ကျွန်တော်ပြုလုပ်ခဲ့တဲ့ စစ်တမ်းကလည်း သည်အချက်ကို အပြည့်အဝ အတည်ပြုပေးလို့နေပါတယ်။ အရိုက်ခံဖူးသူများရဲ့ ၉၀.၂၄ (ကိုးဆယ်ဒဿမ နှစ် လေး) ရာခိုင်နှုန်းဟာ တခြားသူတွေကိုလည်း အနာတရ ဖြစ်အောင် ကိုယ်ထိလက်ရောက် လုပ်ခဲ့ဖူးပါကြောင်း အတိအလင်း ဝန်ခံထားတာကိုတွေ့ရပါတယ်။ သည်စစ်တမ်းမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းလှတဲ့ ကိန်းဂဏန်းတစ်ခုကိုလည်း တွေ့ရပါသေးတယ်။ အဲဒါကတော့ ကိုယ်တိုင် အရိုက်ခံဖူးသူများအနက်က ၄၄.၇၂ ရာခိုင်နှုန်းကသာ ရိုက် နှက်ဆုံးမဖို့ မလိုအပ်ဘူးလို့ဆိုကြပြီး ၅၀.၄၁ ရာခိုင်နှုန်းကတော့ ရိုက်နှက် ဆုံးမဖို့လိုတယ်လို့ ဆိုကြပြန်ပါတယ်။ ကျန်တဲ့ ၄.ဝ၇ရာခိုင်နှုန်းကတော့ ရိုက်နှက်ဆုံးမဖို့ လို/မလိုဆိုတဲ့ မေးခွန်းကို လုံးလုံးမဖြေဘဲ နှာစေးနေလိုက်ကြတာကိုလည်း တွေ့ရတယ်။

အဲတော့ အားလုံးသော ကောက်ချက်များအရ ကလေးတွေကို ရိုက်နှက် ဆုံးမခြင်းဟာ ကလေးတွေရဲ့ခန္ဓာထဲကို ရန်ပြုချင်တဲ့ အကျင့်စရိုက် မျိုးစေ့များ ထည့်သွင်းပေးရာ ရောက်ပါတယ်။ လေ့လာချက်များအရ အိမ်မှာ၊ ကျောင်းမှာ များများ အရိုက်ခံရတဲ့ကလေးဟာ တခြားကလေးတွေကိုလည်း ပိုရန်လုပ်တတ်၊ ထိုးတတ်၊ ရိုက်တတ်သွားကြကြောင်းပါ။

ပြောမရ ဆိုမရတွေ ဖြစ်လာတာ

ရိုက်နှက်ခြင်းဟာ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်တို့ကြားက ချစ်ခင် လေးစားခြင်းနဲ့ ဖွဲ့စည်းအပ်တဲ့ စည်းနှောင်မှုကို ဖဲ့ထုတ်သွားပါတယ်။ ကလေးတွေဟာ သူတို့ ချစ်ခင်လေးစားသူ မိဘဆရာများ အလိုကျအောင် ဆောင်ရွက်ပေးချင်စိတ်တွေနဲ့ပါ။ ကြောက်ရသူကိုဆိုရင်တော့ ကြောက်လို့သာ ဆောင်ရွက်ပေးရတယ်၊ အရာရာ အလိုက်တသိနဲ့ စိတ်တိုင်းကျအောင် လုပ်ပေးဖို့တော့ အင်မတန်ဝေးပါတယ်။ စာဖတ်သူလူကြီးမင်း မှတ်မိတဲ့ ဆယ်ကျော်သက်အရွယ် ငယ်ဘဝကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့တွေဟာ ကြောက်ရသူနဲ့ ချစ်ခင်လေးစားသူ နှစ်ဦးကြားမှာ ဘယ်သူ့ကို ပိုစိတ်ချမ်းသာစေချင်ခဲ့သလဲဆိုတာ စေ့စေ့ တွေးကြည့်လိုက်ရင် ရေးရေးမက ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာပါလိမ့်မယ်။

ဘာသာတရားရယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံရယ်၊ အခြေအနေ အကြောင်းတရားတွေရယ်ကြောင့်သာ အောင့်နေခဲ့ရတယ်၊ မိဘက ဖြစ်စေ၊ ဆရာက ဖြစ်စေ၊ ကိုယ့်ကို ရိုက်နှက်လာတဲ့အခါမှာ အဲဒီ့ မိဘဆရာ အပေါ်မှာ (အဖျဉ်းဆုံး အဲဒီ့ အရိုက်ခံလိုက်ရစဉ် တစ်ဒင်္ဂအတွင်းလေး)မှာတော့ မုန်းတီး စက်ဆုပ်စိတ် ပေါ်ခဲ့ကြသူချည်းပါပဲ။ အဲဒီ့အချိန်က ခံစားခဲ့ရပုံ အသေးစိတ်ကို ကိုယ့်ကိုယ်ကိုယ် မညာတမ်း ပြန်ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

သုတေသနများအရ အရိုက်မခံရတဲ့ ကလေးတွေဟာ အမှားအမှန် ခွဲခြားတတ်တာကို တွေ့ရတယ်။ အရိုက်ခံရတဲ့သူတွေကတော့ အမှားအမှန် ခွဲခြားမနေတော့ဘဲ အရိုက်ခံရတာကိုမှ အမှားလို့ မြင်သွားတတ်တဲ့အပြင် အမှား၊ အမှန် ခွဲခြားဖို့က မိဘ ဆရာများရဲ့ တာဝန်ဖြစ်ပြီး သူတို့ကတော့ နေချင်သလို နေမယ်ဆိုတဲ့ တာဝန်မဲ့စိတ်တွေ ဖြည်းဖြည်းချင်း ဝင်လာတတ်ပါတယ်။

သူတို့နဲ့ ပြောင်းပြန်၊ အရိုက်မခံရတဲ့ ကလေးတွေကကျတော့ မိဘတွေရဲ့ စံနမူနာကို အလိုလို ယူချင်စိတ်အပြည့်နဲ့ ဖြစ်နေကြပြီး ကိုယ်လုပ်လိုက်တာ၊ ကိုယ့်အပြုအမူ၊ ကိုယ့်အကျင့်စရိုက်ကို ကိုယ့်ဘာသာ ပြန်လှန် စစ်ဆေးတဲ့ တာဝန်ကိုလည်း အလိုလို ယူသွားတတ်တာကို တွေ့ရပါတယ်။ အဲဒီ့နည်းနဲ့ အရိုက်မခံရတဲ့ကလေးတွေဟာ မိမိကိုယ်ကို တာဝန်ယူပြီး မိမိကိုယ်ကို စောင့်ကြည့် ကြပ်မတ်တတ်တဲ့ အကျင့်ကောင်းသူများ ဖြစ်လာပါတော့တယ်။ မိဘတွေက စောင့်ကြည့် ကြပ်မတ်ပေးနေလိမ့်မယ်၊ မှားရင် ရိုက်နှက်ပြီး ပြင်ပေးလိမ့်မယ်ဆိုတဲ့အသိမျိုး သူတို့မှာ လုံးလုံး မရှိတဲ့အတွက် မိမိကိုယ်ကို ပိုဂရုစိုက်ဖြစ်၊ ကိုယ့်အမှားကို ဆန်းစစ်ဖြစ်သွားတတ်တာလည်း အလွန် ယထာဘူတကျတဲ့ အချက်ပါပဲ။


အဲတော့ကာ မိဘ ဆရာများအနေနဲ့ ရိုက်နှက် ဆုံးမခြင်းကို ရှောင်ကြဉ်ပြီး ကိုယ်ခန္ဓာ အနာတရ မဖြစ်စေတဲ့ နည်းမျိုးကို သုံးလို့ စည်းကမ်းထိန်းပေးနိုင်ကြမယ်ဆိုရင် ပြောလို့ဆိုလို့လည်း လွယ်၊ ပိုလည်း အကျင့်ကောင်းတဲ့ ကလေးတွေ ထွက်လာမယ်ဆိုတဲ့ ကောက်ချက်က မလွဲဧကန် ထွက်လာပါ တော့တယ်။ ဒါပေမယ့် ခက်တာက သည်လူ့ဘောင်မှာ လူအတော်များများက အဲသလို မတွေးဖြစ်ကြဘဲ ရိုက်နှက် ဆုံးမမှ ကောင်းသွားမယ်၊ တော်သွားမယ်လို့ ယုံမှတ်မှားနေကြတာကြီးပါပဲ။

စိတ်ဓာတ်ကျတာ။ မထုံတက်သေး ဖြစ်သွားတတ်တာနဲ့ အစွမ်းအစတွေ ငုပ်ကုန်တာ

ကျွန်တော် လုပ်ခဲ့တဲ့ စစ်တမ်းထက် အများကြီး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံလုံးဆိုင်ရာ မိသားစုတွင်း အကြမ်းဖက်မှု လေ့လာရေး စစ်တမ်းအရဆိုရင် လူတစ်ယောက်ဟာ များများ အရိုက်ခံခဲ့ရဖူးလေလေ၊ စိတ်ဓာတ်ကျနိုင်ချေ ပိုများလေလေဖြစ်တဲ့အပြင် မိမိကိုယ်ကို သတ်သေဖို့အထိ စိတ်ကူးမိတဲ့အနေအထားမျိုးလည်း ပိုကြီးမားလေလေဆိုတဲ့အချက်ကို တွေ့ရှိရပြန်ပါတယ်။

ကျွန်တော့်စစ်တမ်းမှာလည်း စိတ်ဓာတ်ကျဆင်းနေသူတွေအပြင် မိမိကိုယ်ကို သတ်သေဖို့ စိတ်ကူးမိတာ အကြိမ်ကြိမ်ပါလို့ ဖွင့်ဟရေးသားခဲ့သူ ၁.၃၃ရာခိုင်နှုန်း ရှိနေခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ အဖန်ငါးရာ၊ ငါးကမ္ဘာ ဆိုတဲ့ သညာမျိုး ရှိနေသူတွေ များပြားတာမို့ သည်လောက် ရာခိုင်နှုန်းသာ ပေါ်ထွက်လာခဲ့တာလို့ ခန့်မှန်းနိုင်ပါတယ်။


နောက်ထပ် တွေ့ရှိချက် တစ်ခုကတော့ များများ အရိုက်ခံခဲ့ရဖူးသူဟာ မထုံတက်သေးနဲ့ ဘာသိဘာသာ နေသွားတတ်တဲ့အချက်ပါပဲ။ ကျွန်တော့် စစ်တမ်းမှာဆိုရင် အရိုက်ခံဖူးသူများထဲက ၁၆.၂၆ ရာခိုင်နှုန်းဟာ တခြားသူတွေက မိမိကို ချစ်တယ်၊ ခင်တယ်လို့ ပြောလာရင် ယုံတယ်လို့ ဖြေထားကြပြီး အခြေအနေအရ ချင့်ယုံမယ် ဆိုတဲ့သူက ၂၈.၄၆ ရာခိုင်နှုန်း ရှိနေပါတယ်။ လုံးလုံး မယုံဘူးဆိုတဲ့သူက ၅၅.၂၈ရာခိုင်နှုန်းပါ။

လုံးလုံး မယုံဘူးဆိုတဲ့သူ အားလုံးဟာ တော်တော့်ကို ပြင်းပြင်းထန်ထန် အရိုက်နှက်ခံထားရသူများ ဖြစ်နေတာကိုလည်း တွေ့ရပါသေးတယ်။ လူတွေကို မယုံတော့ဘူးဆိုတာနဲ့ အဲဒီ့လူဟာ အထီးတည်းပဲ နေတော့မှာပါ။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ဘဲ ဘာသိဘာသာ နေတဲ့ စရိုက်လေး အလိုလို ဝင်လာမှာလည်း အသေအချာပါပဲ။


ဒါတင်မကသေးပါဘူး၊ အဲသလို စိတ်ဓာတ်ကျတာ၊ ဘယ်သူနဲ့မှ မရောနှောဘဲ ဘာသိဘာသာ နေတတ်လွန်းတာများရဲ့အကျိုးဆက်အဖြစ် ဘဝ တစ်လျှောက်လုံးမှာလည်း အောင်မြင်မှုရရှိဖို့ ခဲယဉ်းလာပြီး အများနဲ့ ပေါင်းရ သင်းရ ခက်တဲ့ အနေအထားမျိုးတွေ ရောက်ကုန်တာတွေကိုလည်း နိုင်ငံလုံး ဆိုင်ရာ စစ်တမ်းက အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။

ရိုက်နှက်ဆုံးမခြင်းရဲ့ တခြားဆိုးကျိုးတွေ

စည်းကမ်းထိန်းသိမ်းဖို့ အားထုတ်တဲ့အနေနဲ့ ရိုက်နှက် ဆုံးမရာက အချိန်မရွေး လက်လွန်သွားတတ်ပြီး ခန္ဓာကိုယ် အနာတရဖြစ်အောင် နှိပ်စက် ညှဉ်းပန်းရာကို ရောက်သွားတတ်ပါတယ်။

ဒါကလည်း သဘာဝကျပါတယ်။ ကျွန်တော် အခါခါ ရေးခဲ့ဖူးသလို ပါပဲ၊ လူရဲ့ စိတ်နဲ့ ရုပ်ခန္ဓာဟာ အပြန်အလှန် အကျိုးသက်ရောက်နေပါတယ်။ ဝမ်းနည်းလို့ ငို၊ ငိုရင်းနဲ့ ပို ဝမ်းနည်းလား၊ ကြောက်လို့ ထွက်ပြေး၊ ပြေးရင်းနဲ့ ပိုကြောက်လာတာဟာ စိတ်ကို ရုပ်က ပြန်လွှမ်းမိုးတတ်တဲ့ သဘောပါပဲ။


ဒေါသဖြစ်ဖြစ်နဲ့ ဖိပြောကြည့်ပါ။ ပြောရင်းနဲ့ ဒေါသက ပိုထွက်လာပါလိမ့်မယ်။ အလားတူပဲ၊ ဒေါသဖြစ်ဖြစ်နဲ့ ရိုက်နှက်တဲ့အခါမှာလည်း ရိုက်ရင်း ပိုဒေါသထွက်လာပြီး ပိုနာအောင် ရိုက်မိသွားတတ်တာလည်း သဘာဝပါပဲ။ လက်လွန်သွားရင်တောင်မှ ကိုယ်က ဖအေ မအေ၊ ဆရာသမားဖြစ်နေတဲ့ အတွက် “ဆုံးမတာ”ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကိုယ် တရားချင်ယောင်ဆောင်လို့ ရနေတော့ လက်လွန်တုန်း ခဏ နောင်တရချင်ဦးတောင် ခွေးမြီးကောက် ကျည်တောက်စွပ်နဲ့ ရိုက်နှက်မှု သံသရာမှာ လည်လို့ကောင်း နေနိုင်ပါတယ်။

နောက်တစ်ချက်က ရိုက်နှက်ခြင်းဟာ စာနာစိတ်၊ နောင်တနဲ့ ကရုဏာတရားများကိုလည်း ချိုးနှိမ်ပေးရာ ရောက်ပါတယ်။ ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့အသား နာတဲ့အပေါ်မှာသာ အပြည့်အဝ အာရုံစိုက်သွားပါတယ်။ အရိုက်ခံဖြစ်စေတဲ့အထိ သူ ကျူးလွန်ဖြစ်ခဲ့တဲ့အမှု၊ ဒါမှမဟုတ် သူ့အမှားကို လုံးလုံးကို သတိမရအားတော့ပါဘူး။ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ လူမှန်သမျှ အသားနာပြီဆိုတာနဲ့ ထောင်းခနဲ ဒေါသထွက်တာနဲ့ ကြောက်သွားတာ နှစ်မျိုးကလွဲရင် စိတ်ထဲမှာ တခြားဘာကိုမှ ခံစား မနေအားပါဘူး။ ဒါ လူ့သဘာဝ အစစ်အမှန်လည်း ဖြစ်ပါတယ်။

ဆိုတော့ ကလေးတစ်ယောက် တစ်ခုခု မှားလိုက်လို့၊ ကျူးလွန်လိုက်လို့ ရိုက်နှက် ဆုံးမပြီဆိုတာနဲ့တစ်ပြိုင်နက် ကလေးမှာ သူ့အသားနာတာကလွဲလို့ နားထောင်နိုင်တဲ့ စွမ်းအား၊ ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဉာဏ်နဲ့ သူ ပြုလိုက်တဲ့ အမှု၊ မှားလိုက်တဲ့အမှားအတွက် နောင်တရချင်တဲ့စိတ်တွေ အားလုံး ကွယ်ပျောက်သွားအောင် တွန်းအားပေးရာ ရောက်သွားတတ်ပါတယ်။

လေးဘက်သွားတဲ့အရွယ် ကလေးငယ်လေးတွေကို ရိုက်နှက်ဆုံးမလို့ကတော့ အဲသည့်ကလေးအနေနဲ့ အသိဉာဏ်ဖွံ့ဖြိုးမှု အလွန့်အလွန် နှေးကွေး လေးလံသွားတတ်ပါတယ်။

အဲ… ဆယ်ကျော်သက်တွေကို ရိုက်နှက် ဆုံးမမယ်ဆိုရင်တော့ ရာဇဝတ်မှု အသေးစားလေးတွေကို စွတ်ကယ် စွတ်ကယ် ကျူးလွန်ဖြစ်အောင် တွန်းပို့ရာ ရောက်ပါတယ်။ လူသတ်မှုလို၊ ဓားပြမှုလို ရာဇဝတ်မှုကြီးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ အလစ်သုတ်တာမျိုးလို၊ ခိုက်ရန်ဖြစ်ပွားတာမျိုးလို၊ တစ်ဖက်သားကို နာကျင်စေတဲ့ အမှုမျိုးလို၊ မူးယစ်ဆေးစွဲတာလို၊ အရက် သေစာ သောက်စားတတ်တာလို အမှုသေးလေးတွေကို ကျူးလွန်ဖြစ်သွားစေတတ်တာပါ။

အမှန်တော့ အရွယ်မရောက်သေးသူများ ရာဇဝတ်မှုကျူးလွန်ဖြစ်စေတဲ့ အကြောင်းရင်းက သုံးချက် ရှိပါတယ်။

ပထမတစ်ချက်က မိဘတွေအနေနဲ့ ကလေးတွေကို ကျိုးကြောင်း ဆီလျော်မှု မရှိတာတွေ ခိုင်းလွန်းတာမျိုးကြောင့်ပါ။ ဆိုကြပါစို့… သုံးနှစ်သားလေးအနေနဲ့ သူ့ဘာသာသူ စားတဲ့သောက်တဲ့အခါ ဖိတ်တာ၊ စင်တာမျိုးက ရှိကိုရှိနေဦးမှာပါ။ ဒါကို မလိုအပ်ဘဲ ဇွတ်ကြီး မောင်းမဲပြီး သင်ပေးတာမျိုး။ ဒါမှမဟုတ်လည်း လေးနှစ်သားလေးကို ဝလုံးလောက် အရေးမခိုင်းဘဲနဲ့ ကကြီးခကွေး ဇွတ်သင်ပေးတာမျိုးကို ကျိုးကြောင်းဆီလျော်မှု မရှိတာတွေကို ခိုင်းတာလို့ ဆိုလိုပါတယ်။

ဒုတိယတစ်ချက်ကတော့ တစ်လျှောက်လုံး ဆွေးနွေးလာခဲ့တဲ့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ထိုးကြိတ် အပြစ်ပေးတာမျိုးကြောင့်ပါ။ ဒါကိုတော့ အသေးစိတ် ရှင်းစရာ မလိုတော့ပါဘူး။

တတိယအချက်ကတော့ ရိုက်နှက်ဆုံးမတာ မပါသည့်တိုင်အောင် ထစ်ခနဲရှိ ဒဏ်ပေးတဲ့နည်းနဲ့ အပြစ်ပေး အရေးယူဖို့ အားသန်နေတတ်တဲ့ မိဘမျိုးတွေနဲ့ တွေ့ရတဲ့ ကလေးတွေဟာ အရွယ်မရောက်ခင်မှာ အထက်က ပြောခဲ့တဲ့ ရာဇဝတ်မှု အသေးစားလေးတွေကို ကျူးလွန်ဖြစ်ဖို့ အလားအလာ ပိုများနေတတ်ပါတယ်။

မရိုက်မနှက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးကျေးဇူး

တိုတိုပဲ ပြောပါရစေ။

မိဘဆရာတွေမှာ ကလေးတွေနဲ့ ပတ်သက်တဲ့အခက်အခဲတွေ၊ ပြဿနာတွေ နည်းသွားပါလိမ့်မယ်။ အကျင့်စာရိတ္တ ကောင်းတဲ့ တပည့် သားသမီးတွေကို ရလာပါလိမ့်မယ်။

ကလေးတွေအတွက် အသားနာခံရတဲ့ ဒုက္ခက မလွဲမသွေ ကင်းဝေးသွားတော့မှာဖြစ်သလို အရွယ်မရောက်သေးသူများ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျဲပါးသွားတော့မှာလည်း အသေအချာပါ။

နောက်လာမယ့်မျိုးဆက်အတွက်ကတော့ လမ်းပေါ်မှာ ရန်ဖြစ်နေတာတွေ နည်းသွားမယ်၊ စိတ်ဓာတ်ကျသူတွေ (စိတ်ကျရောဂါ ခံစားနေရသူတွေ)၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေ နည်းပါးသွားမယ်၊ ကိုယ့်အိမ်ထောင်ဖက်ကို ရိုက်နှက် နှိပ်စက်သူတွေလည်း နည်းသွားမယ်။ ဒါတင်မကသေးဘဲ စီးပွားရေးမှာလည်း ပိုအောင်မြင်လာပါလိမ့်မယ်။

ဒါတွေအားလုံးကို ချုပ်လိုက်မယ်ဆိုရင်တော့ အကြမ်းဖက်မှု နည်းပါးပြီး ကျန်းမာ ချမ်းသာတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်ချင်ကြတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ သွေးထဲသားထဲမှာ ရှိနေတဲ့ သတ္တဝါတို့ရဲ့ အငုံ့စိတ်ကြောင့် ဖြစ်ပေါ်လာတတ်မြဲ ထစ်ခနဲရှိ ရိုက်နှက်ချင်တဲ့စိတ်ကလေးကို ချိုးနှိမ်ကြရပါလိမ့်မယ်။

(သရဖူမဂ္ဂဇင်းကတစ်ဆင့် စစ်တမ်းကောက်ယူပြီး သရဖူမဂ္ဂဇင်းမှာပဲ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂) နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” ဆိုတဲ့ စာအုပ်ရဲ့ “အပိုင်း ၁ – မိဘကောင်းဖြစ်ရန် လိုအပ်သော အရည်အချင်း”ဆိုတဲ့ အပိုင်းမှာ ပြန်လည် ဖော်ပြထားပါတယ်။)

Consistency and Discipline

ရှေ့နောက် ညီညွတ်မှုနှင့် စည်းကမ်း

လပွတ္တာမြို့နယ်၊ ပြင်စလူ တိုက်နယ်အတွင်းရှိ ရွာကလေးတစ်ရွာမှာ ဆယ်ရက်တာ သွားရောက်နေထိုင်ခဲ့စဉ်က ဖြစ်ပါသည်။ 

ကျွန်တော်တည်းခိုနေထိုင်သော အိမ်၏ မျက်နှာချင်းဆိုင်မှာ ကုန်စုံဆိုင်တစ်ဆိုင် ရှိသည်။ ကုန်စုံဆိုင်ရှင် အမယ်ကြီးကို စကားစမြည် သွားပြောထားဖူးသဖြင့် သူ့မိသားစုအကြောင်းကို သိနှင့်နေသည်။ သူ့မှာက ပညာ အထိုက်အလျောက်တတ်သော သား သမီးတွေနှင့်။ သူ့သားမက်ကိုတော့ နာဂစ်မုန်တိုင်းက ၀ါးမျိုသွားခဲ့သည်။ ထိုတစ်ဦးသာ သူတို့မိသားစုထဲမှ အဖိတ်အစင် ရှိခဲ့သည်ဟု သိထားခဲ့ရပါသည်။

တစ်ညနေမှာ သူတို့အိမ်ရှေ့က ရွာလမ်းလေးပေါ်မှာ ကျွန်တော် ရောက်နေတုန်း ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည်။

ဆိုင်ရှင်အမယ်ကြီး၏ မြေးဖြစ်လေမည့် ငါးနှစ်အရွယ်ခန့် ကလေးမလေးက မအေဟု ယူဆရသူနှင့်အတူ ညနေစာ စားနေကြသည်။ ထိုအခိုက်မှာ ဘာကြောင့်မှန်းတော့ မသိ၊ မအေက ကလေး၏ ခေါင်းကို ခေါက်ရန် လက်ရွယ်လိုက်သည်။ ကလေးမလေးက ဂွဲခနဲ ထအော်ကာ နေရာမှ သုတ်ခနဲ ထပြေးလေသည်။

ထပြေးသည်ဆိုသော်လည်း ဝေးဝေးတော့ မဟုတ်။ မအေ့ကျောဘက် ယွန်းယွန်း၊ လေး-ငါးပေ အကွာလောက်ကိုသာ ဖြစ်သည်။ ထိုနေရာမှာ ကလေးမလေးက အာခေါင် ခြစ်ပြီး အော်ငိုနေသည်။ အော်ငိုသံ ထွက်နေသဖြင့်သာ အော်ငိုနေသည်ဟု ရေးလိုက်ရခြင်း ဖြစ်သည်။ စင်စစ် မျက်ရည်ကား တစ်စက်သော်မျှ ထွက်မလာ။

”လာ… ထမင်းပြန်လာစား”

မအေလုပ်သူ၏ ငေါက်သံကို ထိုနေရာမှာ ရပ်ကြည့်နေမိသူ ကျွန်တော် အတိုင်းသား ကြားရသည်။

”စားဘူး…”

ကလေးက အာခေါင်ခြစ်ပြီး ပြန်အော်လိုက်သည်။

ချက်ချင်းလိုပင် ဖြစ်သည်။ ကလေးစားနေသော ထမင်းအနည်းငယ် ပါရှိသည့် သံမဏိ ပန်းကန်သည် ကျွန်တော့်ရှေ့ လမ်းမပေါ်သို့ လွင့်ပျံလာပါတော့သည်။

ဟင်းနှင့် နယ်ထားသော ထမင်းညိုညိုတွေက ရွာလမ်း ဖုံတောထဲသို့ ဖွားခနဲ ကျဲပက်လိုက်သလို။ သံမဏိ ပန်းကန်လေးက ဘေးမှာ မှောက်လျက်။

ကလေးက မျက်ရည် တစ်စက်မျှ မထွက်ဘဲ အော်ဟစ်ကာ ငိုသံပေးလို့ ကောင်းနေဆဲ။ ထိုအိမ်ဝိုင်းထဲသို့ ရောက်နှင့်နေသူ အမျိုးသမီးတစ်ယောက်က ကလေးကို ချော့မော့ဖို့ ကြိုးစားနေသည်။ ကလေးက ပထမတော့ အမေကို တ၍ အော်နေသေးသည်။

”မေကြီးရေ… မေကြီးရေ…”

မအေကား မျက်ထောင့်နီနှင့်၊ ထမင်းကို ဆက်စားနေသည်။ မကြာပါ။ ကလေးနှုတ်မှ ဖအေကို တသံ ထွက်လာသည်။

ကျွန်တော်သိနှင့်ထားသော ဘွားအေကြီးထံမှ သတင်းစကားအရ ထိုကလေး၏ အဖေမှာ လွန်ခဲ့သော တစ်နှစ်ခွဲဆီက မုန်တိုင်းထဲတွင် အသက်ဆုံးသွားခဲ့လေပြီ။ မအေက ထိုင်ရာမှ မထဘဲ ကလေးကို ကြိမ်းလိုက်သည်။

”ငါလုပ်ရရင် သေတော့မယ်”

အခြေအနေကို ကျွန်တော် မကြိုက်ပါ။ ဘာမှလည်း မတတ်နိုင်ပါ။ ကျွန်တော်နှင့်လည်း ဘာမှ မဆိုင်ပါ။ သို့သော် ကလေးကို တခြားသို့ ခေါ်ထုတ်သွားဖို့ ကလေးအား ချော့မော့နေသူ အမျိုးသမီးကို ပြောလိုက်မိသွားပါသည်။ ထိုအမျိုးသမီးကလည်း သဘောပေါက်သွားပြီး ကလေးကို ကျွန်တော့်ရှေ့မှ ဖြတ်ကာ ရွာလယ်လမ်းအတိုင်း ခေါ်ထုတ်သွားတော့သည်။

သက်ပြင်းတစ်ချက်ကို ချရင်း ကျွန်တော့်တည်းအိမ်သို့ ပြန်ဝင်ခဲ့ရပါတော့သည်။ စိတ်ထဲမှာကား တနုံ့နုံ့။

မျက်ရည်တစ်စက်မှ မထွက်ဘဲ အာခေါင်ခြစ်ကာ ငိုနေပုံကို ထောက်ပြီး သည်ကလေးမှာ အလိုလိုက်ခံ ထားရသောကလေး၊ ပစားပေးခံထားရသော ကလေးမှန်း သိသာပါသည်။ မအေ၏ အပြုအမူများကို ကြည့်ပြန်တော့လည်း အလိုလိုက်ချင်လျှင်လည်း နင်းကန်အလိုလိုက်၊ ကြမ်းချင်လျှင်လည်း အလွှတ်မဲ့ ထကြမ်းတတ်သော ပရမ်းပတာ မိခင်တစ်ဦး၏ စရိုက်ကို အတိုင်းသားမြင်နေရသည်။

အမှတ်တမဲ့ဆိုလျှင်ဖြင့် နာဂစ်မုန်တိုင်းအလွန် စိတ်ဒဏ်ရာ အသက အသက ခံစားနေရသော သားအမိအဖြစ်ဖြင့် ဒါတွေကို သာမန်ကာ လျှံကာသာ တွေးမိပါလိမ့်မည်။ သို့သော် မုန်တိုင်းနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိသော မိသားစုတွေထဲမှာလည်း သည်လိုကလေးမျိုးနှင့် သည်လို မအေမျိုးတွေ အနမတဂ္ဂ ရှိနေသည်မှာ မငြင်းသာချေ။

အဓိကကတော့ စည်းကမ်းကို သွန်းသင်ပေးကြပုံများ ယွင်းမှားနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာမိဘ အတော်များများမှာက မိမိတို့၏ စိတ်ကိုသာ ပဓာနထားဖြစ်နေတတ်ကြသည်။ စိတ်လက် ကြည်သာနေခိုက်တွင် ကလေး ဘာလုပ်နေနေ၊ အဘယ်မျှ စည်းလွတ် ၀ါးလွတ် ဖြစ်နေနေ ချစ်ခင်မြတ်နိုးစိတ်ဖြင့် ပြုံးပြုံးကြီး ကြည့်နေတတ်ကြသည်။ ထင်သလို နေခွင့်ပေးထားတတ်ကြသည်။ အထိန်းအကွပ်မဲ့ လွှတ်ပေးထားတတ်ကြသည်။

အဲ… မိမိတို့မှာ ကိုယ့်အကြောင်းနှင့်ကိုယ် စိတ်ကလေး ကသိကအောင့်ဖြစ်ပြီဆိုသည်နှင့် တစ်ပြိုင်နက် ကလေးကို ရမယ်ရှာဖို့ ၀န်မလေးတတ်ကြတော့သည်မှာလည်း အင်း… မြန်မာမိဘ အတော်များများပင်ဟု ဆိုရတော့မလို ဖြစ်သည်။ သည်အချိန်မှာ ကလေးက ကိုယ့်စိတ်နှင့် အစပ်မတည့်တာ တစ်ခုခုများ လုပ်မိလို့ကတော့ ”ဆုံးမသည်”ဟူသော အကြောင်းပြချက်ကို ရေလဲဖြင့် သုံးကာ ကလေးကို ငေါက်ငမ်းဆူပူခြင်းမှသည် ရိုက်နှက် နှိပ်စက်ကလူပြုခြင်းအထိ နည်းမျိုးစုံဖြင့် အပြစ်ပေးကြလေတော့သည်။

နုနယ်သော ကလေးများမှာ ထိုအခါ ဘာကို ဘယ်လို နားလည်ရမှန်း မသိရှာကြတော့ချေ။ ဆိုကြပါစို့ . . . ခါတိုင်း ထမင်းစားလျင် အကြိမ်ပေါင်း ၅၀ မျှ အဖိတ်ဖိတ် အစင်စင် စားခဲ့သည့်တိုင် ဘာဆို ဘာမျှ အရေးယူ မခံခဲ့ရဖူးပါလျက် ကနေ့ကျမှ ထမင်းဟင်းများ ဘေးဖိတ်ကုန်သည့်အတွက် အခေါက်ခံလိုက်ရသောအခါ ထမင်းစားတာ မသပ်ရပ်သည့်အတွက် အပြစ်ပေးခံရတာကို သိမှတ်ဖို့ ခဲယဉ်းသွားပါလေတော့သည်။ ကလေးငယ်များ သိလိုက်သည်မှာ အသားနာတာ၊ ထမင်းစားပျက်တာ၊ အအော် အငေါက် ခံရတာ သက်သက်ပင် ဖြစ်သည်။ စည်းကမ်းအတွက် သူ့ကို အပြစ်ပေးလိုက်သည်ဟု မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။

အဘယ့်ကြောင့်နည်း။ အဓိကမှာ ရှေ့နောက် မညီညွတ်ခြင်းကြောင့်သာ ဖြစ်ပါသည်။ မိဘများ စိတ်လက် ကြည်သာနေခိုက်တုန်းက အခါ ၅၀ ခွင့်ပြုခဲ့ပြီး စိတ် အခန့်မသင့်ချိန် တစ်ခေါက်လောက်ကျတော့မှ ဒါကို ရမယ်ရှာခြင်းသည် စည်းကမ်းကို သွန်သင်ရာ ဘယ်လိုမှ မရောက်နိုင်တော့ပေ။

အကျိုးဆက်ကား အရှင်းလေးပင်။ အထက်မှာ နမူနာ ပြခဲ့သော ကလေးငယ်ကဲ့သို့ မျက်ရည် မထွက်ဘဲ အာခေါင်ခြစ် ငိုတတ်သည့် အလွန်ဆိုးရွားသော ကလေးများဖြစ်လာမှာက အလွန် သေချာနေပါသည်။ သူမှ စည်းကမ်းကို နားမလည်တော့လည်း သူ့နာကျင်ခံစားရမှုကို သူ့နည်းနှင့်သူ အထုတ်ဖြေသည့်အတွက် ကလေးမှားသည်ဟု မဆိုသာတော့ချေ။

သည်အထဲ ကျွန်တော့်နမူနာထဲက ကလေးလို ပါးနပ်သော ကလေးမျိုးက မအေ့ကို အညှာကိုင်တတ်ပြန်သေးသည်။ မရှိတော့သော ဖအေကို တကာ အော်လိုက်ခြင်းကား မအေ့ကို ကိုင်လှုပ်နည်း တစ်မျိုးပင်ဖြစ်သည်။ သည်အတွက် မအေက သူ့ကို ပြန်သနားသွားမည်။ သူ ထင်ရာလုပ်ခွင့်ရအောင် သူ့နည်းနှင့်သူ အားထုတ်လိုက်ခြင်းသာဖြစ်သည်။

မိဘလုပ်သူတိုင်း သည်အချက်တွေကို မြင်ဖို့လိုသည်။ လိမ္မာရေးခြားရှိသော၊ ချက်ချာသော၊ အကျင့်ကောင်းသော ကလေးများကို မိဘတိုင်း လိုချင်ကြမည်မှာလည်း သေချာပါသည်။ သို့သော် လိုသာ လိုချင်သည်၊ မည်သို့ ပျိုးထောင်ရမည်ကိုကား အလျဉ်းမသိကြလေသည့် မိဘတွေက သည်ဒွန္နယာကြီးမှာ မနိုင်ရင်ကာ ဖြစ်နေသည်ဟုသာ ကျွန်တော်ဖြင့် ခံစားနေရပါသည်။

ဘာ့ကြောင့် မိဘတွေ ထိုသို့ ဖြစ်နေရသနည်းဟု စေ့ငုကြည့်သောအခါ အချက်တစ်ချက်က ငေါငေါကြီး ပေါ်ထွက်လာပါသည်။ မိဘအများစုက ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြခြင်းကြောင့်သာ ဖြစ်လေသည်။ ဘာကြောင့် ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြသနည်းဟု မေးပြန်ကလည်း အဖြေက ရှင်းပါသည်။ မိဘတွေ စာမဖတ်ကြတော့ခြင်းကပင် အဓိက လက်သည် ဖြစ်နေပြန်ပါတော့သည်။

ဘွဲ့ရခြင်း မရခြင်း၊ ဘွဲ့လက်မှတ် ပေါများခြင်း၊ မပေါများခြင်းနှင့် မဆိုင်လှဘဲ စာဖတ်ခြင်း၊ မဖတ်ခြင်းကသာ မိဘတို့၏ ဆင်ခြင်ဉာဏ် အရင့်အနုကို ခြယ်လှယ်နေပါသည်။ ကျွန်တော် ရောက်ခဲ့သော ရွာကလေးတွင် မျက်မြင် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်နှင့် သူ့မိခင်ကို သာမန်မျှသာ ကြည့်မည်ဆိုလျင် ကျေးလက်နေ သားအမိအဖြစ်သာ ခပ်စင်းစင်း မြင်ရပါလိမ့်မည်။ ကလေးမလေး၏ မိခင်မှာလည်း စာမတတ်၊ ပေမတတ်၊ တောသူမ တစ်ယောက်မျှသာဟု ထင်စရာ ရှိပါသည်။

ဟုတ်ကဲ့. . . တစ်ချက်ကို အခုအချိန်အထိ မဖော်သေးဘဲ မြှုပ်ထားခဲ့ပါသည်။ ယင်းမှာ ထိုကလေးမလေး၏ မိခင်မှာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ယောက် ဖြစ်နေကြောင်းပင်။ မူလတန်း ကျောင်းအုပ်ဖြစ်သည့်အတွက် ကလေးငယ်များ သဘောကို နောကျေနေလောက်သည်ဟု တွေးချင်စရာ ဖြစ်သော်လည်း သူ့လက်တွေ့ဘ၀ထဲက သူ့အပြုအမူနှင့် သူ့လုပ်ရပ်ကတော့ စာမဖတ် ပေမဖတ်သော အမည်ခံ ဘွဲ့ရတစ်ယောက်နှင့် ဘာမျှ မခြားလှတော့ပေ။

ဖြစ်နိုင်လျင်တော့ မအေမိဘများ၊ တစ်နေ့တွင် မအေ မိဘ ဖြစ်လာကြမည့် လူငယ်လူရွယ်များ စာအုပ်နှင့် မျက်နှာမခွာတမ်း ဖတ်သည့် အလေ့လေး ထုံလာကြစေချင်လွန်းလှပါသည်။ ထိုအတွက် ကျွန်တော်တို့ ဘာတွေလုပ်ဖို့ လိုနေပါသနည်း။ ကျွန်တော်တို့တွေ ဘာတွေ ပံ့ပိုးပေးဖို့ ကောင်းနေပါသနည်း။

ကျွန်တော့် ခေါင်းကလေး တစ်လုံးတည်းမျှဖြင့်တော့ ထိုအရေးကို တွေးရုံသာ တတ်နိုင်ပါသည်။ စာဖတ်သူ လူကြီးမင်းအပေါင်း၏ ခေါင်းများစွာဖြင့် ပူးပေါင်း ကြံဆကြမည်ဆိုလျင်တော့ အဖြေတစ်ခုခု ရတန်ကောင်းမည်ဟု မရဲတရဲလေး မျှော်လင့်ကြည့်နေမိရပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော်

(၂၀၀၉ ခုနှစ် နာတာလူးပွဲတော်နေ့၊ ခေတ္တ-သပြေချောင်းရွာ၊ လပွတ္တာမြို့နယ်)

(၂၀၁၀ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။)