ရှေ့နောက် ညီညွတ်မှုနှင့် စည်းကမ်း
လပွတ္တာမြို့နယ်၊ ပြင်စလူ တိုက်နယ်အတွင်းရှိ ရွာကလေးတစ်ရွာမှာ ဆယ်ရက်တာ သွားရောက်နေထိုင်ခဲ့စဉ်က ဖြစ်ပါသည်။
ကျွန်တော်တည်းခိုနေထိုင်သော အိမ်၏ မျက်နှာချင်းဆိုင်မှာ ကုန်စုံဆိုင်တစ်ဆိုင် ရှိသည်။ ကုန်စုံဆိုင်ရှင် အမယ်ကြီးကို စကားစမြည် သွားပြောထားဖူးသဖြင့် သူ့မိသားစုအကြောင်းကို သိနှင့်နေသည်။ သူ့မှာက ပညာ အထိုက်အလျောက်တတ်သော သား သမီးတွေနှင့်။ သူ့သားမက်ကိုတော့ နာဂစ်မုန်တိုင်းက ၀ါးမျိုသွားခဲ့သည်။ ထိုတစ်ဦးသာ သူတို့မိသားစုထဲမှ အဖိတ်အစင် ရှိခဲ့သည်ဟု သိထားခဲ့ရပါသည်။ တစ်ညနေမှာ သူတို့အိမ်ရှေ့က ရွာလမ်းလေးပေါ်မှာ ကျွန်တော် ရောက်နေတုန်း ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည်။ ဆိုင်ရှင်အမယ်ကြီး၏ မြေးဖြစ်လေမည့် ငါးနှစ်အရွယ်ခန့် ကလေးမလေးက မအေဟု ယူဆရသူနှင့်အတူ ညနေစာ စားနေကြသည်။ ထိုအခိုက်မှာ ဘာကြောင့်မှန်းတော့ မသိ၊ မအေက ကလေး၏ ခေါင်းကို ခေါက်ရန် လက်ရွယ်လိုက်သည်။ ကလေးမလေးက ဂွဲခနဲ ထအော်ကာ နေရာမှ သုတ်ခနဲ ထပြေးလေသည်။ ထပြေးသည်ဆိုသော်လည်း ဝေးဝေးတော့ မဟုတ်။ မအေ့ကျောဘက် ယွန်းယွန်း၊ လေး-ငါးပေ အကွာလောက်ကိုသာ ဖြစ်သည်။ ထိုနေရာမှာ ကလေးမလေးက အာခေါင် ခြစ်ပြီး အော်ငိုနေသည်။ အော်ငိုသံ ထွက်နေသဖြင့်သာ အော်ငိုနေသည်ဟု ရေးလိုက်ရခြင်း ဖြစ်သည်။ စင်စစ် မျက်ရည်ကား တစ်စက်သော်မျှ ထွက်မလာ။ ”လာ… ထမင်းပြန်လာစား” မအေလုပ်သူ၏ ငေါက်သံကို ထိုနေရာမှာ ရပ်ကြည့်နေမိသူ ကျွန်တော် အတိုင်းသား ကြားရသည်။ ”စားဘူး…” ကလေးက အာခေါင်ခြစ်ပြီး ပြန်အော်လိုက်သည်။ ချက်ချင်းလိုပင် ဖြစ်သည်။ ကလေးစားနေသော ထမင်းအနည်းငယ် ပါရှိသည့် သံမဏိ ပန်းကန်သည် ကျွန်တော့်ရှေ့ လမ်းမပေါ်သို့ လွင့်ပျံလာပါတော့သည်။ ဟင်းနှင့် နယ်ထားသော ထမင်းညိုညိုတွေက ရွာလမ်း ဖုံတောထဲသို့ ဖွားခနဲ ကျဲပက်လိုက်သလို။ သံမဏိ ပန်းကန်လေးက ဘေးမှာ မှောက်လျက်။ ကလေးက မျက်ရည် တစ်စက်မျှ မထွက်ဘဲ အော်ဟစ်ကာ ငိုသံပေးလို့ ကောင်းနေဆဲ။ ထိုအိမ်ဝိုင်းထဲသို့ ရောက်နှင့်နေသူ အမျိုးသမီးတစ်ယောက်က ကလေးကို ချော့မော့ဖို့ ကြိုးစားနေသည်။ ကလေးက ပထမတော့ အမေကို တ၍ အော်နေသေးသည်။ ”မေကြီးရေ… မေကြီးရေ…” မအေကား မျက်ထောင့်နီနှင့်၊ ထမင်းကို ဆက်စားနေသည်။ မကြာပါ။ ကလေးနှုတ်မှ ဖအေကို တသံ ထွက်လာသည်။ ကျွန်တော်သိနှင့်ထားသော ဘွားအေကြီးထံမှ သတင်းစကားအရ ထိုကလေး၏ အဖေမှာ လွန်ခဲ့သော တစ်နှစ်ခွဲဆီက မုန်တိုင်းထဲတွင် အသက်ဆုံးသွားခဲ့လေပြီ။ မအေက ထိုင်ရာမှ မထဘဲ ကလေးကို ကြိမ်းလိုက်သည်။ ”ငါလုပ်ရရင် သေတော့မယ်” အခြေအနေကို ကျွန်တော် မကြိုက်ပါ။ ဘာမှလည်း မတတ်နိုင်ပါ။ ကျွန်တော်နှင့်လည်း ဘာမှ မဆိုင်ပါ။ သို့သော် ကလေးကို တခြားသို့ ခေါ်ထုတ်သွားဖို့ ကလေးအား ချော့မော့နေသူ အမျိုးသမီးကို ပြောလိုက်မိသွားပါသည်။ ထိုအမျိုးသမီးကလည်း သဘောပေါက်သွားပြီး ကလေးကို ကျွန်တော့်ရှေ့မှ ဖြတ်ကာ ရွာလယ်လမ်းအတိုင်း ခေါ်ထုတ်သွားတော့သည်။ သက်ပြင်းတစ်ချက်ကို ချရင်း ကျွန်တော့်တည်းအိမ်သို့ ပြန်ဝင်ခဲ့ရပါတော့သည်။ စိတ်ထဲမှာကား တနုံ့နုံ့။ မျက်ရည်တစ်စက်မှ မထွက်ဘဲ အာခေါင်ခြစ်ကာ ငိုနေပုံကို ထောက်ပြီး သည်ကလေးမှာ အလိုလိုက်ခံ ထားရသောကလေး၊ ပစားပေးခံထားရသော ကလေးမှန်း သိသာပါသည်။ မအေ၏ အပြုအမူများကို ကြည့်ပြန်တော့လည်း အလိုလိုက်ချင်လျှင်လည်း နင်းကန်အလိုလိုက်၊ ကြမ်းချင်လျှင်လည်း အလွှတ်မဲ့ ထကြမ်းတတ်သော ပရမ်းပတာ မိခင်တစ်ဦး၏ စရိုက်ကို အတိုင်းသားမြင်နေရသည်။ အမှတ်တမဲ့ဆိုလျှင်ဖြင့် နာဂစ်မုန်တိုင်းအလွန် စိတ်ဒဏ်ရာ အသက အသက ခံစားနေရသော သားအမိအဖြစ်ဖြင့် ဒါတွေကို သာမန်ကာ လျှံကာသာ တွေးမိပါလိမ့်မည်။ သို့သော် မုန်တိုင်းနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိသော မိသားစုတွေထဲမှာလည်း သည်လိုကလေးမျိုးနှင့် သည်လို မအေမျိုးတွေ အနမတဂ္ဂ ရှိနေသည်မှာ မငြင်းသာချေ။ အဓိကကတော့ စည်းကမ်းကို သွန်းသင်ပေးကြပုံများ ယွင်းမှားနေကြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာမိဘ အတော်များများမှာက မိမိတို့၏ စိတ်ကိုသာ ပဓာနထားဖြစ်နေတတ်ကြသည်။ စိတ်လက် ကြည်သာနေခိုက်တွင် ကလေး ဘာလုပ်နေနေ၊ အဘယ်မျှ စည်းလွတ် ၀ါးလွတ် ဖြစ်နေနေ ချစ်ခင်မြတ်နိုးစိတ်ဖြင့် ပြုံးပြုံးကြီး ကြည့်နေတတ်ကြသည်။ ထင်သလို နေခွင့်ပေးထားတတ်ကြသည်။ အထိန်းအကွပ်မဲ့ လွှတ်ပေးထားတတ်ကြသည်။ အဲ… မိမိတို့မှာ ကိုယ့်အကြောင်းနှင့်ကိုယ် စိတ်ကလေး ကသိကအောင့်ဖြစ်ပြီဆိုသည်နှင့် တစ်ပြိုင်နက် ကလေးကို ရမယ်ရှာဖို့ ၀န်မလေးတတ်ကြတော့သည်မှာလည်း အင်း… မြန်မာမိဘ အတော်များများပင်ဟု ဆိုရတော့မလို ဖြစ်သည်။ သည်အချိန်မှာ ကလေးက ကိုယ့်စိတ်နှင့် အစပ်မတည့်တာ တစ်ခုခုများ လုပ်မိလို့ကတော့ ”ဆုံးမသည်”ဟူသော အကြောင်းပြချက်ကို ရေလဲဖြင့် သုံးကာ ကလေးကို ငေါက်ငမ်းဆူပူခြင်းမှသည် ရိုက်နှက် နှိပ်စက်ကလူပြုခြင်းအထိ နည်းမျိုးစုံဖြင့် အပြစ်ပေးကြလေတော့သည်။ နုနယ်သော ကလေးများမှာ ထိုအခါ ဘာကို ဘယ်လို နားလည်ရမှန်း မသိရှာကြတော့ချေ။ ဆိုကြပါစို့ . . . ခါတိုင်း ထမင်းစားလျင် အကြိမ်ပေါင်း ၅၀ မျှ အဖိတ်ဖိတ် အစင်စင် စားခဲ့သည့်တိုင် ဘာဆို ဘာမျှ အရေးယူ မခံခဲ့ရဖူးပါလျက် ကနေ့ကျမှ ထမင်းဟင်းများ ဘေးဖိတ်ကုန်သည့်အတွက် အခေါက်ခံလိုက်ရသောအခါ ထမင်းစားတာ မသပ်ရပ်သည့်အတွက် အပြစ်ပေးခံရတာကို သိမှတ်ဖို့ ခဲယဉ်းသွားပါလေတော့သည်။ ကလေးငယ်များ သိလိုက်သည်မှာ အသားနာတာ၊ ထမင်းစားပျက်တာ၊ အအော် အငေါက် ခံရတာ သက်သက်ပင် ဖြစ်သည်။ စည်းကမ်းအတွက် သူ့ကို အပြစ်ပေးလိုက်သည်ဟု မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်နည်း။ အဓိကမှာ ရှေ့နောက် မညီညွတ်ခြင်းကြောင့်သာ ဖြစ်ပါသည်။ မိဘများ စိတ်လက် ကြည်သာနေခိုက်တုန်းက အခါ ၅၀ ခွင့်ပြုခဲ့ပြီး စိတ် အခန့်မသင့်ချိန် တစ်ခေါက်လောက်ကျတော့မှ ဒါကို ရမယ်ရှာခြင်းသည် စည်းကမ်းကို သွန်သင်ရာ ဘယ်လိုမှ မရောက်နိုင်တော့ပေ။ အကျိုးဆက်ကား အရှင်းလေးပင်။ အထက်မှာ နမူနာ ပြခဲ့သော ကလေးငယ်ကဲ့သို့ မျက်ရည် မထွက်ဘဲ အာခေါင်ခြစ် ငိုတတ်သည့် အလွန်ဆိုးရွားသော ကလေးများဖြစ်လာမှာက အလွန် သေချာနေပါသည်။ သူမှ စည်းကမ်းကို နားမလည်တော့လည်း သူ့နာကျင်ခံစားရမှုကို သူ့နည်းနှင့်သူ အထုတ်ဖြေသည့်အတွက် ကလေးမှားသည်ဟု မဆိုသာတော့ချေ။ သည်အထဲ ကျွန်တော့်နမူနာထဲက ကလေးလို ပါးနပ်သော ကလေးမျိုးက မအေ့ကို အညှာကိုင်တတ်ပြန်သေးသည်။ မရှိတော့သော ဖအေကို တကာ အော်လိုက်ခြင်းကား မအေ့ကို ကိုင်လှုပ်နည်း တစ်မျိုးပင်ဖြစ်သည်။ သည်အတွက် မအေက သူ့ကို ပြန်သနားသွားမည်။ သူ ထင်ရာလုပ်ခွင့်ရအောင် သူ့နည်းနှင့်သူ အားထုတ်လိုက်ခြင်းသာဖြစ်သည်။ မိဘလုပ်သူတိုင်း သည်အချက်တွေကို မြင်ဖို့လိုသည်။ လိမ္မာရေးခြားရှိသော၊ ချက်ချာသော၊ အကျင့်ကောင်းသော ကလေးများကို မိဘတိုင်း လိုချင်ကြမည်မှာလည်း သေချာပါသည်။ သို့သော် လိုသာ လိုချင်သည်၊ မည်သို့ ပျိုးထောင်ရမည်ကိုကား အလျဉ်းမသိကြလေသည့် မိဘတွေက သည်ဒွန္နယာကြီးမှာ မနိုင်ရင်ကာ ဖြစ်နေသည်ဟုသာ ကျွန်တော်ဖြင့် ခံစားနေရပါသည်။ ဘာ့ကြောင့် မိဘတွေ ထိုသို့ ဖြစ်နေရသနည်းဟု စေ့ငုကြည့်သောအခါ အချက်တစ်ချက်က ငေါငေါကြီး ပေါ်ထွက်လာပါသည်။ မိဘအများစုက ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြခြင်းကြောင့်သာ ဖြစ်လေသည်။ ဘာကြောင့် ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြသနည်းဟု မေးပြန်ကလည်း အဖြေက ရှင်းပါသည်။ မိဘတွေ စာမဖတ်ကြတော့ခြင်းကပင် အဓိက လက်သည် ဖြစ်နေပြန်ပါတော့သည်။ ဘွဲ့ရခြင်း မရခြင်း၊ ဘွဲ့လက်မှတ် ပေါများခြင်း၊ မပေါများခြင်းနှင့် မဆိုင်လှဘဲ စာဖတ်ခြင်း၊ မဖတ်ခြင်းကသာ မိဘတို့၏ ဆင်ခြင်ဉာဏ် အရင့်အနုကို ခြယ်လှယ်နေပါသည်။ ကျွန်တော် ရောက်ခဲ့သော ရွာကလေးတွင် မျက်မြင် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်နှင့် သူ့မိခင်ကို သာမန်မျှသာ ကြည့်မည်ဆိုလျင် ကျေးလက်နေ သားအမိအဖြစ်သာ ခပ်စင်းစင်း မြင်ရပါလိမ့်မည်။ ကလေးမလေး၏ မိခင်မှာလည်း စာမတတ်၊ ပေမတတ်၊ တောသူမ တစ်ယောက်မျှသာဟု ထင်စရာ ရှိပါသည်။ ဟုတ်ကဲ့. . . တစ်ချက်ကို အခုအချိန်အထိ မဖော်သေးဘဲ မြှုပ်ထားခဲ့ပါသည်။ ယင်းမှာ ထိုကလေးမလေး၏ မိခင်မှာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ယောက် ဖြစ်နေကြောင်းပင်။ မူလတန်း ကျောင်းအုပ်ဖြစ်သည့်အတွက် ကလေးငယ်များ သဘောကို နောကျေနေလောက်သည်ဟု တွေးချင်စရာ ဖြစ်သော်လည်း သူ့လက်တွေ့ဘ၀ထဲက သူ့အပြုအမူနှင့် သူ့လုပ်ရပ်ကတော့ စာမဖတ် ပေမဖတ်သော အမည်ခံ ဘွဲ့ရတစ်ယောက်နှင့် ဘာမျှ မခြားလှတော့ပေ။ ဖြစ်နိုင်လျင်တော့ မအေမိဘများ၊ တစ်နေ့တွင် မအေ မိဘ ဖြစ်လာကြမည့် လူငယ်လူရွယ်များ စာအုပ်နှင့် မျက်နှာမခွာတမ်း ဖတ်သည့် အလေ့လေး ထုံလာကြစေချင်လွန်းလှပါသည်။ ထိုအတွက် ကျွန်တော်တို့ ဘာတွေလုပ်ဖို့ လိုနေပါသနည်း။ ကျွန်တော်တို့တွေ ဘာတွေ ပံ့ပိုးပေးဖို့ ကောင်းနေပါသနည်း။ ကျွန်တော့် ခေါင်းကလေး တစ်လုံးတည်းမျှဖြင့်တော့ ထိုအရေးကို တွေးရုံသာ တတ်နိုင်ပါသည်။ စာဖတ်သူ လူကြီးမင်းအပေါင်း၏ ခေါင်းများစွာဖြင့် ပူးပေါင်း ကြံဆကြမည်ဆိုလျင်တော့ အဖြေတစ်ခုခု ရတန်ကောင်းမည်ဟု မရဲတရဲလေး မျှော်လင့်ကြည့်နေမိရပါသတည်း။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။ အတ္တကျော် (၂၀၀၉ ခုနှစ် နာတာလူးပွဲတော်နေ့၊ ခေတ္တ-သပြေချောင်းရွာ၊ လပွတ္တာမြို့နယ်) (၂၀၁၀ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။)
|
ဆရာ ရေ အခုလိုမျိုးထောက်ပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ကျမ မှာလည်း သားနှစ်ယောက်ရှိတာကြောင့် ဆင်ခြင်နိုင်အောင်
လမ်းပြပေးတဲ့အတွက် ထပ်မံ ကျေးဇူးတင် ကြောင်းပြောပါစေ။
ဆရာရေ ပြောရမှာတော့အားနာတယ်။ ဒါပေမယ့် ပြောပါရစေ။ ခုခေတ် ‘ကျောင်းဆရာ’ဆိုတာ ၀ါသနာလည်းပါ၊ စာလည်းတော်ပြီး professional အလုပ်တစ်ခုအဖြစ် ခံယူပြီး ၀င်လုပ်တဲ့ သူ ခပ်ရှားရှားကလား။
ဆရာအတတ်သင်ကျောင်းတွေတောင် ရှိသေးရဲ့လားမသိ။ ကျနော်တို့ခေတ်ကလို (ဆရာ့အမေလို) ဆရာမျိုးတွေ တော်တော်နည်းကုန်ပြီဆိုတာတော့ အသေအချာ ပြောနိုင်တယ်။ ကျနော်ဆရာနဲ့ လူချင်းမသိပေမယ့် သေချာပေါက်ပြောရဲတာ တစ်ခုရှိတယ်။ ဆရာ English တော်တာ ပင်ကိုယ်ပါရမီ အပြင် ဆရာ့အမေရဲ့ ကျေးဇူးကြောင့်မဟုတ်လား။ ဆရာ့အမေတို့လို ကျောင်းဆရာမျိုး ကျနော်တို့ ခေတ်မှာ (ကံကောင်းထောက်မစွာ)မှီလိုက်ပေမယ့် အခုခေတ် ကလေးတွေအတွက် မျှော်လင့်ချက် သိပ်နည်းလွန်းတယ်။ ခေတ်၊စနစ်ေုကာင့် ကျနော်တို့ နိုင်ငံ မြောင်းထဲရောက်နေတာဆရာ။
အေးဗျာ….
တောရွာတွေမှာတော့ ဒါမျိုးတွေ ကြုံရတာ သိပ် မဆန်းတော့ သလိုပဲ။ စာကလည်း ဖတ်တိုင်း သိမ၊ သိတိုင်းလည်း ကျင့်မ ဆိုသလို ဆိုရမှာပေါ့။ စာဖတ်ရင်တော့ ကောင်းပါတယ်။ စာတွေထဲက ဗဟုသုတ တွေရတာတော့ အမှန်ပဲဗျ။ အလိမ္မာ စာမှာရှိ ဆိုတာကတော့ ဟုတ်ပါတယ်။
မူရင်း ဆောင်းပါး ဖော်ပြထားရာ Eleven Media ရဲ့ website (http://www.news-eleven.com/index.php?option=com_content&view=article&id=3628:2010-07-01-07-05-02&catid=78:2009-11-13-06-25-17&Itemid=135) က သည်ဆောင်းပါးအောက်မှာ ဖော်ပြထားတဲ့ မှတ်ချက်များကိုလည်း ကူးယူ ဖော်ပြပေးပါရစေ။ မျတ်ချက် အမှတ်စဉ် ၄ က ဆရာ Kthet ရဲ့ မှတ်ချက်ကတော့ အဲဒီ့မှာ ပါပြီးသား ၏သည်မလွဲဖြစ်နေတာမို့ ထပ်မံ မဖော်ပြတော့ပါဘူး။
#5 thanda 2010-07-04 15:38
In UK, they show series of ” Extreme parents guide”,”nanny 911″, “Super nanny”. I found they are helpful for daily life of families. Media is effective if we can use in good ways.
#3 moechanmyayoo 2010-07-02 14:13
ဆရာ့ဝေဖန်ထောက်ပြမှုကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီထက်ဆိုးတဲ့ သာဓကတွေလဲ ကျွန်တော်ကိုယ်တိုင် အများကြီးတွေ့ဖူးပါတယ်။ ဘာပဲပြောပြော ဆရာရယ်… အရင်း စစ်ကြည့်တော့ ကိုယ်တိုင်အသိဉာဏ်နည်းပါးမှု၊ ဗဟုသုတ အတွေးအမြင် နည်းပါးမှု၊ စာပေဖတ်ရှုမှု အားနည်းမှုတွေကြောင့်ပါပဲ။ ကျွန်တော့်တို့အသက် ၉၀ လောက် ဆိုရင်တော့…
#2 Mr.Liberal 2010-07-02 13:26
ကျွန်တော့်အမြင် ပြောရရင် မြန်မာပြည်ရဲ့ ဦးနှောက်ကောင်းတွေ ပြည်ပကို လွင့်စဉ်သွားရတာရယ်၊ ကျန်ရှိသေးတဲ့ လူကောင်းလူတော်တွေ ပါးစပ်ပိတ်၊ ချောင်ထိုးခံထား ရတာတွေကြောင့်လို့ ထင်ပါတယ်။ ဆရာအတ္တကျော်နဲ့ ခေတ်ပြိုင်(သို့) အနည်းငယ် စောနိုင်တဲ့ မောင်သစ်ဆင်း၊ တင်မောင်သန်း အစရှိတဲ့ ဆရာတစ်ချို့ရဲ့ အဖြစ်တွေက ကျွန်တော် သိသလောက် အထင်ရှားဆုံး ဥပမာတွေပါ။
အရေးအသား ကောင်းကောင်း အချက်အလက် စုံစုံလင်လင်နဲ့ ရေးတတ်ကြသူ၊ ထောက်ပြ ဝေဖန်ပေးကြသူတွေ ဒီမှာ အတော်နည်းသွားပါပြီ။ ကျန်ရှိသူတွေရဲ့ လုပ်နိုင်အားတွေက ကန့်သတ်ခံရပြန်တော့…
အသိပညာရှင်၊ အတတ်ပညာရှင်ဆိုတာ တိုင်းပြည်ရဲ့ အမိ၊ အဖ၊ ဦးလေး၊ ဘဒွေးနဲ့ တူတယ်လို့ ထင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေ မရှိ၊ ရှိတဲ့ လူက မပြောရဲကြတော့ ကျွန်တော်တို့ပြည်က လူတွေက “ရေနည်းငါး“လို ဖြစ်ချင်ရာ ဖြစ်ကျန်ခဲ့ရတော့တာပါပဲဗျာ။
ပြောချင်လျက်နဲ့ မျိုသိပ်ထားရတဲ့ စကားတွေ ဆရာ့ ရင်ထဲမှာ ရှိနေမယ်ဆိုတာ ကျိန်းသေပေါက် ပြောရဲတယ်။
#1 dennis 2010-07-02 11:51
ဆရာရဲ့ ကလေးသူငယ်များပြုစု ပျိုးထောင်ခြင်းအနုပညာဆိုတဲ့ စာအုပ်ဟာ ကျွန်တော်ရဲ့ ဆယ်ကျော်သက်ဘ၀ကို အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်… အိမ်နဲ့ အဆင်မပြေတဲ့ အချိန်တွေမှာ ဆရာ့စာတွေကို ဖတ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းခဲ့ရပါတယ်… ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်… အခု ဆောင်းပါးလေးကို သဘောကျနှစ်သက်မိပါတယ်..
ဟုတ်ကဲ့ပါကိုကြီးကျော်။ အလိမ္မာစာမှာရှိဆိုတဲ့စကားကို မှန်ကန်ကြောင်း လက်တွေ့ကျကျ ထောက်ပြနိုင်သူကတော့ ဆရာမကြီးဒေါက်တာမတင်ဝင်းရဲ့ မိခင်ကြီးပဲဖြစ်မယ်ခင်ဗျ ။ ဆရာမကြီးတို့ခေတ်က ဒေါက်တာဘွဲ့ရဆိုတာ လက်ဆယ်ချောင်းပြည့်အောင်တောင်မနည်းတွက်ယူရမယ့် အချိန်မှာ ပညာမတတ်သော်လည်း စာအင်မတန်ဖတ်သော မိခင်ကြီးက သမီးဖြစ်သူဒေါက်တာမကြီး ကို ကောင်းစွာပြောဆိုဆုံးမတတ်ပုံကို ဆရာမကြီးရဲ့စာတွေထဲမှာဖတ်ရတာ အရသာလည်းရှိ၊ အတုယူစရာလည်းကောင်းလှပါတယ်။