Skip to content

Labouring under the misapprehension

2 July 2010

လှေနံပေါ်က ဓားရာများ

ကျွန်တော်တို့ ရုံးမှာ အလိုအလျောက် တယ်လီဖုန်း ဖြေတဲ့ စနစ်ကို မသုံးစွဲဖြစ်ခင် ကာလက ဖြစ်ပါတယ်။

နေ့ခင်းစာ စားချိန်ဆိုရင် တယ်လီဖုန်း အော်ပရေတာ မရှိတဲ့အတွက် ပြဿနာ ရှိချင်တယ်။ အော်ပရေတာက ရုံးဆင်းချိန်မှာဆိုရင် ညခလုတ်ကို တင်ထားခဲ့တာမို့ တယ်လီဖုန်းက လုံခြုံရေး တာဝန်ကျတွေဆီကို ဝင်သွားတတ်စမြဲပဲ။ လုံခြုံရေးက ဖြေကြားရတယ်ပေါ့။ နေ့ခင်းစာစားချိန်မှာလည်း အဲလို လုပ်တဲ့အခါကျတော့ ပြဿနာက ရှိနေတယ်။ နေ့ပိုင်းမို့ ကမ္ဘာ အရပ်ရပ်က ဆက်သွယ်သူတွေ ရှိတယ်။ လုံခြုံရေးတွေအနေနဲ့ကျတော့ ဘာသာစကား မကျွမ်းကျင်ဘူး။ သည်အခါမှာ လွဲချော် မှားယွင်းတာတွေ မကြာခဏ ဖြစ်တတ်တယ်။

ဒါကို ကာကွယ်ဖို့အတွက် နေ့ခင်းစာ စားချိန် နာရီဝက်အတွင်း တယ်လီဖုန်း ဖြေတဲ့အလုပ်ကို ဘာသာစကား တတ်ကျွမ်းတဲ့ ကျွန်တော်တို့ ကော်လာဖြူ ဝန်ထမ်းတွေထဲက အလှည့်ကျ တာဝန်ယူပေးကြရပါတယ်။

အဲသလို တာဝန်ယူစ ကာလမှာ ဖြစ်ခဲ့တာလေးတစ်ခုကို ပြောချင်လို့ပါ။ တစ်နေ့ခင်းမှာ ကျွန်တော် အဲဒီ့တာဝန်ယူထားတုန်း ဖုန်းဝင်လာတယ်။ ထုံးစံအတိုင်း နှုတ်ခွန်းဆက်စကားနဲ့ ဖြေကြားရတယ်။ ရုံးတစ်ရုံး၊ စီးပွားရေး လုပ်ငန်းဌာနတစ်ခုအနေနဲ့ “ဟယ်လို”လို့ တုံးတိတိ ဖြေလို့မရဘူး။ မြန်မာလိုဆိုရင်တော့ “မင်္ဂလာပါခင်ဗျာ၊ ဘယ်ဂျာနယ်တိုက်ကပါ”လို့ပဲ ဖြေရမှာပေါ့။ သိုးဆောင်းဘာသာစကားနဲ့ကျတော့ “မင်္ဂလာနံနက်ခင်း/နေ့ခင်းပါ၊ ဘယ် ဌာနကပါ။ ဘာအကူအညီများ ပေးရပါမလဲ ခင်ဗျာ”ပေါ့။

ကျွန်တော်လည်း အဲသလို ဖြေလိုက်တဲ့အခါကျတော့ တစ်ဖက်က သူ ပြောချင်တဲ့သူကို ဆက်သွယ်ပေးဖို့ ပြောလာတယ်။ ကျွန်တော် ပြန်ဖြေရတယ်၊ သူ ပြောချင်တဲ့သူက ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားပါကြောင်း၊ မှာစရာရှိရင် မှာထားခဲ့နိုင်ကြောင်းပေါ့။

သည်အခါမှာ တစ်ဖက်က ကျွန်တော့်ကို အခု ပြောနေတာ ဘယ်သူလဲတဲ့။ ဒါနဲ့ ကျွန်တော့်နာမည်ကို ပြောပြလိုက်ပါတယ်။ သည်အခါမှာ တစ်ဖက်က အသံရှင်က တအံ့တဩ ထ အော်တယ်။ သူ့နာမည်ကိုလည်း ပြောပြတယ်။ အမှန်က တစ်ယောက် တစ်ယောက် အသံချင်း မရင်းနှီးကြလို့သာ၊ လူချင်း ခင်မင်ရင်းနှီးတဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်နေတာကိုး။ ဒါပေမယ့် သူက မြန်မာစကား လုံးဝမတတ်တဲ့ နိုင်ငံခြားသူပါ။

သူက ကျွန်တော့်ကို (လောလောဆယ် သူပြောတဲ့အတိုင်း သိုးဆောင်း ဘာသာနဲ့ပဲ ရေးပြပါမယ်) “You have a very sexy voice.” လို့ ပြောပါတယ်။

ကျွန်တော့်အသံက အလွန် sexy ဖြစ်တယ်လို့ ပြောလိုက်တာပါပဲ။

ကျွန်တော် တော်တော် ပြဿနာတက်သွားပါတယ်။ မြန်မာလို နားလည်လိုက်မယ်ဆိုရင်တော့ ဒါဟာ ကျွန်တော့်ကို နှက်တာပဲလို့ ခံယူစရာ ရှိပါတယ်။ ဒါပေမယ့် သူတို့လူမျိုး၊ သူတို့ဓလေ့နဲ့ ပြောတဲ့ စကားဖြစ်နေတဲ့ အတွက် အဲသလို လှေနံဓားထစ်လို့ကလည်း မဖြစ်ပြန်ဘူး။

ပြဿနာက သည်မှာတင် မပြီးဘူး။ နောက်ပိုင်းမှာ ကျွန်တော့်အသံ အလွန် sexy ဖြစ်ကြောင်း သူက တစ်ရုံးလုံး လည်ပြောပါတော့တယ်။

ကျွန်တော့်အထက်အရာရှိကပါ ပြောလာတယ်၊ “မင့်အသံကို အလွန် sexy ဖြစ်တယ်လို့ Angela က ပြောသကွ}တဲ့။

သည်အခါမှာတော့ မနေနိုင်တော့ဘူး။ ကျွန်တော့်အထက်အရာရှိပေမယ့် သူငယ်ချင်းပေါင်း ပေါင်းနေတာမို့ ပြန်မေးလိုက်ရတယ်။

“အဲဒါ အကောင်းပြောတာလား၊ အဆိုးပြောတာလား”လို့။ သူက ချက်ချင်းပဲ ဖြေပါတယ်။ “ဟ… အကောင်းပေါ့ကွ”တဲ့။

ကျွန်တော် သိလိုက်တယ်။ ကျွန်တော်တော့ တတ်ယောင်ကား အင်္ဂလိပ်စာနဲ့ ဘာသာပြန်လွဲပြီး အခံရခက်နေတာလို့။

Sexy ကို တတ်ယောင်ကား ဘာသာပြန်မယ်ဆိုရင် “လိင်ဆွဲဆောင်မှု ရှိသော” ဒါမှမဟုတ် “လိင်စိတ်ကို လှုံ့ဆော်နှိုးဆွနိုင်စွမ်းသော”လို့  အနက် ထွက်လာနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ sexy ဆိုတဲ့ ဝေါဟာရအတွက် အနက်ရင်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို အနက်ဖွင့်ရာမှာ ပြောပုံဆိုလက် (context) ကို ကြည့်ပြီး ဆီလျော်အောင် ဘာသာပြန်ပါမှ ပပ်ပပ်နပ်နပ် နားလည်နိုင်တာပါ။

အခု sexy ဆိုတဲ့ဝေါဟာရကိုလည်း sex (လိင်) ဆိုတာကြီးနဲ့ တွဲထားတော့ အရှေ့တိုင်း နားရွက်နဲ့ မကြားဝံ့ မနာသာလိုလို၊ ရိုင်းပြသလိုလို ဖြစ်နေပါတယ်။ ဒါပေမယ့် အဲဒီ့ sex ဆိုတဲ့ ဝေါဟာရကိုပဲ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာတန်းတွေမှာ ဖတ်ဖူးထားတယ်။ သည်ဝေါဟာရက နားရိုင်းစရာမရှိလို့သာ ရုံးသုံးစာထဲ ထည့်သုံးလို့ ရနေတဲ့ သဘောပေါ့။ အထင်ရှားဆုံး က  regardless of race, age and sex ဆိုတာမျိုးပါ။ အဲဒီ့မှာကျတော့ “လူမျိုး၊ အသက်အရွယ်၊ ကျားမ မခွဲခြားဘဲ”လို့ ဘာသာပြန်မှ ဟန်ကျသွားပါလိမ့်မယ်။ အဲဒီ့နေရာမှာ “လိင်”ဆိုတာကြီးကို ထည့်ပြန်လို့ မရဘူးလားဆိုရင်တော့ ရတယ်၊ ဒါပေမယ့် စာမချောတော့ဘဲ ထောင့်နေတယ်၊ နားလည်ဖို့လည်း နည်းနည်း ခက်ချင်တယ်။ ဆိုတော့ sex လို့ ပြောတိုင်း ရေးတိုင်း မရိုင်းဘူးဆိုတာကို ရေးတေးတေးလေး သဘောပေါက်လာတယ်။

သည်အခါမှာ sexy ကိုလည်း စဉ်းစားလိုက်မိတယ်။ အပြုသဘောပါအောင် ဘယ်လို ဘာသာပြန်ရင် ကောင်းမလဲလို့။ သွားလေသူ နိုင်ငံကျော် ဇာတ်လိုက် မင်းသား စာရေးဆရာက sexy ကို “ညှို့”လို့ ရေးခဲ့ဖူးတာကို သတိရတယ်။ သိပ်ဟုတ်တာပေါ့။ ဒါဆိုရင် You have a very sexy voice. ဆိုတဲ့ စကားကို ဆီလျော်အောင် ဘာသာပြန်မယ်ဆိုရင် “မင့်အသံက တယ် ညှို့ဓာတ်ပါသကိုး”လို့ ရပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ ကြားစကလို နာသာခံခက် ဖြစ်နေစရာ အကြောင်း မရှိတော့ဘူး။

ကျွန်တော်တို့တွေက တစ်ခုခုဆိုရင် ကိုယ့်ဉာဏ်လေး တစ်မိုက်တစ်ထွာ၊ အသိပညာလေး မတောက်တခေါက်နဲ့ အကောက်အယူ လွဲပြီး တစ်ဖက်သား ပြောတဲ့ စကားကို အကောင်း မမှတ်တတ်ကြဘူး။ တခြားဘာသာ စကားနဲ့ မပြောနဲ့၊ ကိုယ့်ဘာသာစကားနဲ့ “ဟား… နုလို့ လှလို့ပါလား”လို့ အပြောခံရရင်တောင် “ရိတာလား” ဖြစ်ချင် ဖြစ်သွားတတ်တာမျိုး။ ကိုယ့်မိခင်ဘာသာ စကားမဟုတ်တာနဲ့ကျတော့ ပိုဆိုးကုန်တတ်တယ်။

အခု ကျွန်တော် ဝိတ္တာရ ချဲ့နေမိတဲ့ sexy ကိုပဲ ရင်ကို ပူလောင်စေသောတွေရော၊ ဘဝင်ဆူစေသောတွေရော ထည့်သွင်းဘာသာပြန်ရင် မှားတယ်လို့ ယတိပြတ် အပြောရခက်ပေမယ့် အပျက်သဘောနဲ့ ဘာသာပြန်ရာ ရောက်သွားတတ်ပါတယ်။ ဒါလည်း ပြောပုံဆိုလက်ကို တွက်ပြီးမှ ဘာသာ ပြန်ရတာမျိုးပါ။

နောက်တစ်ချက်က တစ်စုံတစ်ဦးရဲ့အသွင်အပြင်၊ ဟန်ပန် အမူအရာ၊ ရုပ်ရည်ရူပကာ၊ အသံစတာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးကြတဲ့အခါမှာ မှတ်ချက်ပေးသူရဲ့သဘောထားပါ။ ကြည့်တတ်ရင် ဘာဝနာလို့ဆိုသလိုပါပဲ၊ အရာတိုင်းကို ရှုမြင် သုံးသပ်သူရဲ့သဘောထား၊ စိတ်အခံနဲ့ နှလုံးအိမ်တို့က ခြယ်လှယ်နေပါတယ်။ တစ်ခေတ်ဆီက စိုင်းခမ်းမလိတ်ရဲ့ မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဝါရင့် စာရေးဆရာကြီးတစ်ဦးက “ခြင်ထောင်သံ”လို့ သတ်မှတ်ခဲ့ဖူးတယ်။ ကျွန်တော်တို့က ချစ်စရာ အချစ်သီချင်းလေး တစ်ပုဒ်ရယ်လို့ ခံစားပြီး လိုက်ဆိုလို့ ကောင်းနေခိုက်မှာ အဲဒီ့ဆရာက မထော်မနန်း ပြောထည့်လိုက်တော့ တော်တော် မအီမလည် ဖြစ်သွားခဲ့ဖူးတယ်။ ဒါပေမယ့် ချက်ချင်းပဲတွေးခဲ့မိဖူးပါတယ်။ လူဆိုတာ ကိုယ်သန်သလို တွေးယူကြစမြဲ ဆိုတာကိုပါ။

တကယ်တော့ ဘာသာစကားဆိုတာ အခြေအနေ အချိန်အခါကို လိုက်ပြီး အနက်မျိုးစုံ ထွက်တဲ့ သဘော ရှိပါတယ်။ “ဟုတ်ကဲ့”လေး တစ်ခွန်းမှာတင်ပဲ၊ အင်းလိုက်တဲ့ အနက်ရင်း ရှိသလို၊ ဘာပြောချင်လို့လဲဆိုတဲ့ မေးခွန်း အနက်မျိုး၊ ဆက်ပြောပါ၊ နားထောင်နေပါတယ်ဆိုတဲ့ စကားထောက် အနက် မျိုးများအပြင် တစ်ဖက်သားကို စေစားတတ်ရန်ကောဆိုပြီး ငေါ့တော့တော့နဲ့ ဟုတ်ကဲ့တဲ့အထိ အနက်ပွားတွေ များစွာ ရှိနေနိုင်ပါတယ်။

ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ တိုင်းတပါး ဘာသာစကားကို မိခင်ဘာသာစကားနဲ့ ပြန်ဆိုကြတဲ့အခါမှာလည်း ပြန်ဆိုသူရဲ့စိတ်ရင်းအခံ၊ စေတနာတို့အပေါ်မှာ လိုက်ပြီး လေယူလေသိမ်းတွေ၊ အယူအဆတွေ ကွဲနေနိုင်တာ သဘာဝပေကပဲလို့ စဉ်းစားမိရင်းက ကျွန်တော် တွေးမိသမျှလေးကို ဖောက်သည်ချလိုက်ရပြန်ပါတယ်။

(၂၀ဝ၂ ခုနှစ်က အလင်းတန်းဂျာနယ်မှာ ဖြော်ပခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉) နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ် ဖြစ်ပါတယ်။ sexy ကို ဘူးလုံးနားမထွင်းနဲ့ “ရင်ကို ပူလောင်စေသော၊ ဘဝင် ဆူစေသော”စတဲ့ စာလုံးများနဲ့ ဘာသာပြန်ကာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရာက သည်စာကို ရေးဖြစ်ခဲ့တာ မှတ်မိသေးတော့တယ်။ နောက်မှ သိရတာက အဲဒီ့စာရေးသူခမျာ အခြေခံပညာ အထက်တန်းတောင် မအောင်ရှာပါဘူး။ သည်တော့လည်း သူ ဘူလုံးနားမထွင်းဖြစ်တာက မဆန်းလှဘူး။ သို့သော် သူက သြဇာအတန်အသင့်ရှိတဲ့ စာရေးသူတစ်ယောက်ဖြစ်နေတာမို့ အဲလို အလွဲအချော်တွေနဲ့ဆိုရင် လူငယ်တွေပါ လိုက်လွဲကုန်မှာစိုးလို့ ရေးဖြစ်သွားတာပါ။ အခုတော့ အဲဒီ့ ဆရာလည်း လူ့လောကမှာ မရှိရှာတော့ပါဘူးလေ။)

 

Advertisements
5 Comments leave one →
  1. MDW permalink
    2 July 2010 5:33 am

    အဲဒီ စက်ဆီအသံကြောင့် ဆရာ့အသံကို ငှားရမ်းသုံးစွဲခဲ့တာပေါ့။
    စက်ဆီအသံဆိုတော့ ချောမွတ်နေတာပဲ။ 😛

    ဆရာပြောတဲ့ “ဘာသာစကားဟာ အခြေအနေနဲ့အချိန်အခါလိုက်ပြီး အနက်မျိုးစုံထွက်တယ် …” ဆိုတာကို အမေတို့ပြောလေ့ရှိတာက “ငါတို့က လေသံနဲ့ သရေသံ ခွဲပြီးသိတယ်ဟေ့” တဲ့။
    သဘောချင်းတူတူပဲ ထင်ပါတယ်။ အကောင်းပြောတာလား၊ ခနဲ့ ပြောရွဲ့ပြောလား၊ အဲဒါမျိုးပေါ့နော်။
    တိုင်းတပါးဘာသာစကားကျတော့ တိုက်ရိုက်မပြောဘဲ beating around the bush နေရင် နားမလည်တော့ဘူး။ ကိုယ်က ညံ့တာလဲ ပါတာပေါ့လေ။ 😀

  2. khayaynyo permalink
    2 July 2010 11:39 am

    ကျမလည်း အစကတော့ အဲဒီအသုံးကို နားမလည်ဘူး
    စလုံးကိုရောက်ပြီး ၃လလောက်နေမှပဲသိတာ
    ရုံးမှာ မန်နာဂျာကကျမကိုဖုန်းခေါ်တယ်
    အဲဒီနေ့က သူကနှာစေးနေတယ် သူကကျမကိုပြောတယ်
    My voice is so sexy right? တဲ့။ ကျမမှာဟိုတွေးဒီတွေးပေါ့ ပိုဆိုးတာက မန်နေဂျာက ယော
    က်ျားကြီးလေ။ ဟားဟား အဲဒီတုံးက တကဲ့ကိုရယ်ရတယ်။ တကယ်ကိုမှတ်သားသင့်တဲ့ဝေါဟာရပါ

  3. Kthet permalink
    3 July 2010 11:18 am

    “တစ်ခေတ်ဆီက စိုင်းခမ်းမလိတ်ရဲ့ မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဝါရင့် စာရေးဆရာကြီးတစ်ဦးက “ခြင်ထောင်သံ”လို့ သတ်မှတ်ခဲ့ဖူးတယ်။ ကျွန်တော်တို့က ချစ်စရာ အချစ်သီချင်းလေး တစ်ပုဒ်ရယ်လို့ ခံစားပြီး လိုက်ဆိုလို့ ကောင်းနေခိုက်မှာ အဲဒီ့ဆရာက မထော်မနန်း ပြောထည့်လိုက်တော့ တော်တော် မအီမလည် ဖြစ်သွားခဲ့ဖူးတယ်။ ဒါပေမယ့် ချက်ချင်းပဲတွေးခဲ့မိဖူးပါတယ်။ လူဆိုတာ ကိုယ်သန်သလို တွေးယူကြစမြဲ ဆိုတာကိုပါ။”
    အသက် ၄၀ ကျော်တန်း၊ သတင်းစာဖတ်ခဲ့သူ မြန်မာလူမျိုးတွေ ကောင်းကောင်း မှတ်မိကြပါတယ်။ ဝါရင့် စာရေးဆရာကြီး ဆိုတာ ဆရာ မောင်သော်ကပါ။ မဆလ ခေတ်မှာ ရေးခဲ့တာလေ။ တော်တော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ အဲဒီဆောင်းပါး ဖတ်ပြီး မကြာဘူး၊ စိုင်းထီးဆိုင်လည်း ဆေးမှုနဲ့  ထောင်ထဲ ရောက်တာပဲ။ ပြောချင်တာက ၁၉၈၈ အရေးအခင်း နောက်ပိုင်း ဆရာ မောင်သော်က NLD မှာပါ၊ ထောင်ကျပြီးနောက် ကွယ်လွန် ပြီးတဲ့အခုအချိန်ထိ ဘယ်သူမှ သူ့နာမည် ပြောပြီး မဝေဖန်ခဲ့ကြဘူး။ ဒီမိုကရေစီသမားဆိုပြီး အားနာနေကြသလား မသိ။ သူကလည်း လူသိရှင်ကြား ပြန်မတောင်းပန်ခဲ့ဘူး။ ဆရာ မောင်သော်က သေတဲ့ အချိန်ထိ ဆရာ စိုင်းခမ်းလိတ်ကို အကြွေး ဆပ်မသွားခဲ့ဘူးလို့ ကျနော် ခံစားမိတယ်။ ဆရာ မောင်သော်က စာတွေကို ကျနော် လေးစားနှစ်သက်ပါတယ်။ ၁၉၇၅-၇၆ လောက်က သူ့အမြင်နဲ့ ၁၉၈၈ နောက်ပိုင်း သူ့အမြင် တူချင်မှ တူနိုင်မှာလို့ ဆင်ခြေပေးနိုင်ပေမယ့် နှုတ်တစ်ရာ စာတစ်လုံး ဆိုသလို လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်။ မြန်မာတွေရဲ့ တလွဲမာန မရှိသင့်ဘူးထင်လို့ ပြောရတာပါ။ ပုဂ္ဂလိက ခံစားချက်မရှိပါ။

    • lettwebaw permalink
      3 July 2010 11:34 am

      မှန်လိုက်လေဗျာ။ ကျွန်တော်ကတော့ အားနာလို့ နာမည်မဖော်ခဲ့တာ မဟုတ်ပါဘူး။ အဲတုန်းက သူ့နာမည်ကို ထည့်ရေးလို့ မရခဲ့လို့ပါ။ သည်လို ရေးခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ့အချိန်က ကျွန်တော် ပြန်ရေးပြီး သတင်းစာကို သွားပို့သေးတယ်။ ကျွန်တော် တော်တော်ပြင်းပြင်းထန်ထန်ရေးခဲ့တာ။ သတင်းစာက ဘယ်ထည့်ပါလိမ့်မလဲဗျာ။ သူ့ရဲ့ “တိုက်ရေယာဉ် ၁၀၃”ကို တအား သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း သူ့အပေါ်မှာ သည်ကိစ္စနဲ့ ပတ်သက်လို့ လုံးလုံး အစာမကျေခဲ့ပါဘူး။ ပြန်တောင်းပန် မသွားတာက သူ့နားထဲမှာ ခြင်ထောင်သံပဲ သေသည်အထိ စွဲနေလို့ နေမှာပါ။ နောက်ဆုံးတော့ သူ့သမိုင်း သူရေးသွားတာပါပဲဗျာ။

  4. 3 July 2010 6:08 pm

    အဟဲ….
    ဆရာ့ ဆောင်းပါးတွေ၊ စာတွေကိုလည်း..Sexy ဆောင်းပါးတွေ၊ စာတွေလို့ ပြောလို့ရမလား မသိဘူး…။ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်ဗျ…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: