Skip to content

Impacts of Corporal Punishment

6 July 2010

ရိုက်နှက် ဆုံးမခြင်းရဲ့ အကျိုးအပြစ်

လူတောထဲလည်း တိုး၊ လုပ်ရည်ကိုင်ရည်လည်း ရှိ၊ တာဝန်လည်း ယူတတ်တဲ့ လူကြီးတွေ ဖြစ်လာစေဖို့အလို့ငှာ ကလေးတွေကို ပြုစုပျိုးထောင်ရာနဲ့ သင်ကြားပေးရာမှာ စည်းကမ်းဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။

ပြစ်ဒဏ်ပေးတယ်ဆိုတာဟာ စည်းကမ်း ထိမ်းသိမ်းတဲ့ နည်းပေါင်း များစွာထဲက တစ်နည်းဖြစ်ပြီး ရိုက်နှက် ဆုံးမတယ်ဆိုတာကတော့ ပြစ်ဒဏ် ပေးတဲ့ နည်းပေါင်းများစွာထဲက တစ်နည်းသာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ပေးလိုက်တဲ့အတွက် ကလေးတွေရဲ့ အမူအကျင့်တွေအပေါ်မှာ အကျိုးသက်ရောက်ပုံကို စူးစမ်း လေ့လာကြည့်မယ်ဆိုရင်တော့ တော်တော် အံ့ဩစရာ ကောင်းတဲ့ ရလာဒ်တွေကို တွေ့ရပါလိမ့်မယ်။ လူမှုဗေဒပညာရှင်များနဲ့ စိတ်ပညာရှင်များရဲ့ကျယ်ပြန့်တဲ့ သုတေသနများနဲ့ လေ့လာတွေ့ရှိချက်များအရ ပြစ်ဒဏ်ပေးတဲ့အတွက် သင်ယူမှုကို ဘယ်လိုမှ အထောက်အကူ မပေးတဲ့အပြင် ပြစ်ဒဏ်ပေးသူ လိုချင်တဲ့၊ ဖြစ်စေချင်တဲ့ အမူအကျင့်ရဲ့ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေသာ ရရှိနိုင်ကြောင်း ခိုင်ခိုင်မာမာ တွေ့ထားရပါတယ်။

ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာလဲ

တချို့ မိဘ ဆရာများအတွက်က ကလေးတွေရဲ့တင်ပါးကို ရိုက်တာလို့ ဖြေပါလိမ့်မယ်။ တချို့တွေအတွက်ကျတော့ လက်ဝါး၊ မျက်နှာ အပါအဝင် ကလေးရဲ့တစ်ကိုယ်လုံးကို ရိုက်နှက်တာပါ။ “မာရေးစထရော့စ်” အမည်ရှိ မိသားစုတွင်း အကြမ်းဖက်မှု ကိစ္စကို တစိုက်မတ်မတ် စူးစမ်းနေတဲ့ သုတေသီကတော့ ရိုက်နှက် ဆုံးမတယ်ဆိုတာဟာ တစ်ဖက်သားကို ကိုယ့်သဘောအတိုင်း လိုက်နာလာစေဖို့ဖြစ်စေ၊ အမှားပြင်လာစေဖို့ဖြစ်စေ သွေးထွက် သံယို မဖြစ်စေဘဲ ကိုယ်ခန္ဓာမှာ အနာတရ ဖြစ်အောင် ကာယ အင်အား သုံးပြီး လုပ်ဆောင်ချက်လို့ အနက်ဖွင့်ပါတယ်။ အဲဒီ့ မာရေးစထေရာ့စ်ရဲ့ သုတေသနက အောက်ပါအချက်များကို အတည်ပြုပေးပါတယ်။

  • လင်ယောက်ျားရဲ့ အရိုက်အနှက်ကို ခံနေရတဲ့ မိခင်များ၊ ဆရာမများဟာ မိမိတို့ရဲ့ ရင်သွေးငယ်များ၊ ကျောင်းသားငယ်များကို တခြား မိခင်တွေ၊ ဆရာမတွေထက် ပို အရိုက်သန်တတ်တယ်။
  • ဆယ်ကျော်သက်အရွယ်မှာ ကိုယ်တိုင် အရိုက်ခံခဲ့ရဖူးသူ မိဘများ၊ ဆရာ၊ ဆရာမများဟာလည်း တခြားသူတွေနဲ့ ယှဉ်ရင် ပို အရိုက်သန်နေတတ်တယ်။

မာရေးစထေရာ့စ်တင်မကဘဲ အခြားသော မိသားစုရေးရာ သုတေသီများရဲ့ တွေ့ရှိချက်များအရ ရိုက်နှက်ဆုံးမခြင်းကြောင့် ဖြစ်လာတဲ့ ဘေးပန်း သက်ရောက်မှုတွေကလည်း ကြောက်စရာပါ။ အဲဒါတွေကို ခေါင်းစဉ်ထိုးပြီး ဆွေးနွေးပါရစေ။

ရန်လိုတာ

ရိုက်နှက်ဆုံးမခြင်းကြောင့် လူတစ်ယောက်က တခြားလူတစ်ယောက်ကို အနာတရဖြစ်အောင် ကာယကံမြောက် ကျူးလွန်တာဟာ မှန်တယ်၊ တရားတယ်လို့ သင်ပေးရာ ရောက်ပါတယ်။ တစ်ယောက်ယောက်က အမှားတစ်ခုခုကို ကျူးလွန်နေပြီး အဲလိုကျူးလွန်နေတာလည်း မရပ်ဘူးဆိုရင် သူ့ကို ရိုက်လိုက်တာ တရားတယ်၊ မှန်တယ်လို့ အရိုက်ခံဖူးသူတွေအနေနဲ့ မလွဲမသွေ တွေးတော့မှာပါ။

ကလေးငယ်တစ်ယောက်အနေနဲ့ တခြား ကလေးတစ်ယောက်ကို အလကားနေရင်း ထထိုးဖို့၊ ထရိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူ့အရုပ်ကို လုသွားပြီး ပြန်မပေးတော့လို့၊ သူ့ကို မခံချင်အောင် ဆက်တိုက် ပြောနေလို့စသဖြင့် အကြောင်းတစ်ခုခုကြောင့် တခြားကလေးတစ်ယောက်ကို အနာတရဖြစ်အောင် လုပ်ကြတာပါ။ ကလေးတွေ အမှား ကျူးလွန်တဲ့အခါ မိဘတွေက ရိုက်နှက် ဆုံးမထားတယ်ဆိုရင် ကလေးချင်း ထိုးကြိတ် ကန်ကြောက် ရိုက်နှက်ဖို့ အခွင့်အလမ်း ပိုများလာတာဟာလည်း တကယ်တော့ အံ့ဩစရာမဟုတ်ပါဘူး။ အတုမြင် အတတ်သင်တဲ့ သဘောပါပဲ။

အဲလိုပဲ အံ့ဩစရာ မကောင်းတာတစ်ခုကတော့ အရိုက်ခံရပြီး လူလား မြောက်လာသူများဟာလည်း မိဘဘဝ၊ ဆရာဘဝကို ရောက်တဲ့အခါ ကလေးတွေကို ရိုက်တတ်တာကို သုတေသနပေါင်း အမြောက်အများက အခိုင်အမာ အတည်ပြုပေးနေပါတယ်။ အသက် ၁၃ နှစ်ကျော်တဲ့အထိ အရိုက်ခံခဲ့ရသူများဟာဆိုရင် ပိုပြီးတောင် ကိုယ့်ကလေးကိုယ်၊ ကိုယ့်တပည့်ကိုယ် ရိုက်တတ်ပြန်သေးတယ်လို့လည်း စစ်တမ်းများက ဆိုပါတယ်။ ဒါတင်မကသေးဘဲ၊ ငယ်ငယ်က အရိုက်ခံခဲ့ရသူ ယောက်ျား၊ မိန်းမများဟာ ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ရိုက်တတ် ပုတ်တတ်နေတော့မှာ သေချာနေပြန်တယ်။

သရဖူမဂ္ဂဇင်းကတစ်ဆင့် ကျွန်တော်ပြုလုပ်ခဲ့တဲ့ စစ်တမ်းကလည်း သည်အချက်ကို အပြည့်အဝ အတည်ပြုပေးလို့နေပါတယ်။ အရိုက်ခံဖူးသူများရဲ့ ၉၀.၂၄ (ကိုးဆယ်ဒဿမ နှစ် လေး) ရာခိုင်နှုန်းဟာ တခြားသူတွေကိုလည်း အနာတရ ဖြစ်အောင် ကိုယ်ထိလက်ရောက် လုပ်ခဲ့ဖူးပါကြောင်း အတိအလင်း ဝန်ခံထားတာကိုတွေ့ရပါတယ်။ သည်စစ်တမ်းမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းလှတဲ့ ကိန်းဂဏန်းတစ်ခုကိုလည်း တွေ့ရပါသေးတယ်။ အဲဒါကတော့ ကိုယ်တိုင် အရိုက်ခံဖူးသူများအနက်က ၄၄.၇၂ ရာခိုင်နှုန်းကသာ ရိုက် နှက်ဆုံးမဖို့ မလိုအပ်ဘူးလို့ဆိုကြပြီး ၅၀.၄၁ ရာခိုင်နှုန်းကတော့ ရိုက်နှက် ဆုံးမဖို့လိုတယ်လို့ ဆိုကြပြန်ပါတယ်။ ကျန်တဲ့ ၄.ဝ၇ရာခိုင်နှုန်းကတော့ ရိုက်နှက်ဆုံးမဖို့ လို/မလိုဆိုတဲ့ မေးခွန်းကို လုံးလုံးမဖြေဘဲ နှာစေးနေလိုက်ကြတာကိုလည်း တွေ့ရတယ်။

အဲတော့ အားလုံးသော ကောက်ချက်များအရ ကလေးတွေကို ရိုက်နှက် ဆုံးမခြင်းဟာ ကလေးတွေရဲ့ခန္ဓာထဲကို ရန်ပြုချင်တဲ့ အကျင့်စရိုက် မျိုးစေ့များ ထည့်သွင်းပေးရာ ရောက်ပါတယ်။ လေ့လာချက်များအရ အိမ်မှာ၊ ကျောင်းမှာ များများ အရိုက်ခံရတဲ့ကလေးဟာ တခြားကလေးတွေကိုလည်း ပိုရန်လုပ်တတ်၊ ထိုးတတ်၊ ရိုက်တတ်သွားကြကြောင်းပါ။

ပြောမရ ဆိုမရတွေ ဖြစ်လာတာ

ရိုက်နှက်ခြင်းဟာ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်တို့ကြားက ချစ်ခင် လေးစားခြင်းနဲ့ ဖွဲ့စည်းအပ်တဲ့ စည်းနှောင်မှုကို ဖဲ့ထုတ်သွားပါတယ်။ ကလေးတွေဟာ သူတို့ ချစ်ခင်လေးစားသူ မိဘဆရာများ အလိုကျအောင် ဆောင်ရွက်ပေးချင်စိတ်တွေနဲ့ပါ။ ကြောက်ရသူကိုဆိုရင်တော့ ကြောက်လို့သာ ဆောင်ရွက်ပေးရတယ်၊ အရာရာ အလိုက်တသိနဲ့ စိတ်တိုင်းကျအောင် လုပ်ပေးဖို့တော့ အင်မတန်ဝေးပါတယ်။ စာဖတ်သူလူကြီးမင်း မှတ်မိတဲ့ ဆယ်ကျော်သက်အရွယ် ငယ်ဘဝကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့တွေဟာ ကြောက်ရသူနဲ့ ချစ်ခင်လေးစားသူ နှစ်ဦးကြားမှာ ဘယ်သူ့ကို ပိုစိတ်ချမ်းသာစေချင်ခဲ့သလဲဆိုတာ စေ့စေ့ တွေးကြည့်လိုက်ရင် ရေးရေးမက ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာပါလိမ့်မယ်။

ဘာသာတရားရယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံရယ်၊ အခြေအနေ အကြောင်းတရားတွေရယ်ကြောင့်သာ အောင့်နေခဲ့ရတယ်၊ မိဘက ဖြစ်စေ၊ ဆရာက ဖြစ်စေ၊ ကိုယ့်ကို ရိုက်နှက်လာတဲ့အခါမှာ အဲဒီ့ မိဘဆရာ အပေါ်မှာ (အဖျဉ်းဆုံး အဲဒီ့ အရိုက်ခံလိုက်ရစဉ် တစ်ဒင်္ဂအတွင်းလေး)မှာတော့ မုန်းတီး စက်ဆုပ်စိတ် ပေါ်ခဲ့ကြသူချည်းပါပဲ။ အဲဒီ့အချိန်က ခံစားခဲ့ရပုံ အသေးစိတ်ကို ကိုယ့်ကိုယ်ကိုယ် မညာတမ်း ပြန်ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

သုတေသနများအရ အရိုက်မခံရတဲ့ ကလေးတွေဟာ အမှားအမှန် ခွဲခြားတတ်တာကို တွေ့ရတယ်။ အရိုက်ခံရတဲ့သူတွေကတော့ အမှားအမှန် ခွဲခြားမနေတော့ဘဲ အရိုက်ခံရတာကိုမှ အမှားလို့ မြင်သွားတတ်တဲ့အပြင် အမှား၊ အမှန် ခွဲခြားဖို့က မိဘ ဆရာများရဲ့ တာဝန်ဖြစ်ပြီး သူတို့ကတော့ နေချင်သလို နေမယ်ဆိုတဲ့ တာဝန်မဲ့စိတ်တွေ ဖြည်းဖြည်းချင်း ဝင်လာတတ်ပါတယ်။

သူတို့နဲ့ ပြောင်းပြန်၊ အရိုက်မခံရတဲ့ ကလေးတွေကကျတော့ မိဘတွေရဲ့ စံနမူနာကို အလိုလို ယူချင်စိတ်အပြည့်နဲ့ ဖြစ်နေကြပြီး ကိုယ်လုပ်လိုက်တာ၊ ကိုယ့်အပြုအမူ၊ ကိုယ့်အကျင့်စရိုက်ကို ကိုယ့်ဘာသာ ပြန်လှန် စစ်ဆေးတဲ့ တာဝန်ကိုလည်း အလိုလို ယူသွားတတ်တာကို တွေ့ရပါတယ်။ အဲဒီ့နည်းနဲ့ အရိုက်မခံရတဲ့ကလေးတွေဟာ မိမိကိုယ်ကို တာဝန်ယူပြီး မိမိကိုယ်ကို စောင့်ကြည့် ကြပ်မတ်တတ်တဲ့ အကျင့်ကောင်းသူများ ဖြစ်လာပါတော့တယ်။ မိဘတွေက စောင့်ကြည့် ကြပ်မတ်ပေးနေလိမ့်မယ်၊ မှားရင် ရိုက်နှက်ပြီး ပြင်ပေးလိမ့်မယ်ဆိုတဲ့အသိမျိုး သူတို့မှာ လုံးလုံး မရှိတဲ့အတွက် မိမိကိုယ်ကို ပိုဂရုစိုက်ဖြစ်၊ ကိုယ့်အမှားကို ဆန်းစစ်ဖြစ်သွားတတ်တာလည်း အလွန် ယထာဘူတကျတဲ့ အချက်ပါပဲ။


အဲတော့ကာ မိဘ ဆရာများအနေနဲ့ ရိုက်နှက် ဆုံးမခြင်းကို ရှောင်ကြဉ်ပြီး ကိုယ်ခန္ဓာ အနာတရ မဖြစ်စေတဲ့ နည်းမျိုးကို သုံးလို့ စည်းကမ်းထိန်းပေးနိုင်ကြမယ်ဆိုရင် ပြောလို့ဆိုလို့လည်း လွယ်၊ ပိုလည်း အကျင့်ကောင်းတဲ့ ကလေးတွေ ထွက်လာမယ်ဆိုတဲ့ ကောက်ချက်က မလွဲဧကန် ထွက်လာပါ တော့တယ်။ ဒါပေမယ့် ခက်တာက သည်လူ့ဘောင်မှာ လူအတော်များများက အဲသလို မတွေးဖြစ်ကြဘဲ ရိုက်နှက် ဆုံးမမှ ကောင်းသွားမယ်၊ တော်သွားမယ်လို့ ယုံမှတ်မှားနေကြတာကြီးပါပဲ။

စိတ်ဓာတ်ကျတာ။ မထုံတက်သေး ဖြစ်သွားတတ်တာနဲ့ အစွမ်းအစတွေ ငုပ်ကုန်တာ

ကျွန်တော် လုပ်ခဲ့တဲ့ စစ်တမ်းထက် အများကြီး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံလုံးဆိုင်ရာ မိသားစုတွင်း အကြမ်းဖက်မှု လေ့လာရေး စစ်တမ်းအရဆိုရင် လူတစ်ယောက်ဟာ များများ အရိုက်ခံခဲ့ရဖူးလေလေ၊ စိတ်ဓာတ်ကျနိုင်ချေ ပိုများလေလေဖြစ်တဲ့အပြင် မိမိကိုယ်ကို သတ်သေဖို့အထိ စိတ်ကူးမိတဲ့အနေအထားမျိုးလည်း ပိုကြီးမားလေလေဆိုတဲ့အချက်ကို တွေ့ရှိရပြန်ပါတယ်။

ကျွန်တော့်စစ်တမ်းမှာလည်း စိတ်ဓာတ်ကျဆင်းနေသူတွေအပြင် မိမိကိုယ်ကို သတ်သေဖို့ စိတ်ကူးမိတာ အကြိမ်ကြိမ်ပါလို့ ဖွင့်ဟရေးသားခဲ့သူ ၁.၃၃ရာခိုင်နှုန်း ရှိနေခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ အဖန်ငါးရာ၊ ငါးကမ္ဘာ ဆိုတဲ့ သညာမျိုး ရှိနေသူတွေ များပြားတာမို့ သည်လောက် ရာခိုင်နှုန်းသာ ပေါ်ထွက်လာခဲ့တာလို့ ခန့်မှန်းနိုင်ပါတယ်။


နောက်ထပ် တွေ့ရှိချက် တစ်ခုကတော့ များများ အရိုက်ခံခဲ့ရဖူးသူဟာ မထုံတက်သေးနဲ့ ဘာသိဘာသာ နေသွားတတ်တဲ့အချက်ပါပဲ။ ကျွန်တော့် စစ်တမ်းမှာဆိုရင် အရိုက်ခံဖူးသူများထဲက ၁၆.၂၆ ရာခိုင်နှုန်းဟာ တခြားသူတွေက မိမိကို ချစ်တယ်၊ ခင်တယ်လို့ ပြောလာရင် ယုံတယ်လို့ ဖြေထားကြပြီး အခြေအနေအရ ချင့်ယုံမယ် ဆိုတဲ့သူက ၂၈.၄၆ ရာခိုင်နှုန်း ရှိနေပါတယ်။ လုံးလုံး မယုံဘူးဆိုတဲ့သူက ၅၅.၂၈ရာခိုင်နှုန်းပါ။

လုံးလုံး မယုံဘူးဆိုတဲ့သူ အားလုံးဟာ တော်တော့်ကို ပြင်းပြင်းထန်ထန် အရိုက်နှက်ခံထားရသူများ ဖြစ်နေတာကိုလည်း တွေ့ရပါသေးတယ်။ လူတွေကို မယုံတော့ဘူးဆိုတာနဲ့ အဲဒီ့လူဟာ အထီးတည်းပဲ နေတော့မှာပါ။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ဘဲ ဘာသိဘာသာ နေတဲ့ စရိုက်လေး အလိုလို ဝင်လာမှာလည်း အသေအချာပါပဲ။


ဒါတင်မကသေးပါဘူး၊ အဲသလို စိတ်ဓာတ်ကျတာ၊ ဘယ်သူနဲ့မှ မရောနှောဘဲ ဘာသိဘာသာ နေတတ်လွန်းတာများရဲ့အကျိုးဆက်အဖြစ် ဘဝ တစ်လျှောက်လုံးမှာလည်း အောင်မြင်မှုရရှိဖို့ ခဲယဉ်းလာပြီး အများနဲ့ ပေါင်းရ သင်းရ ခက်တဲ့ အနေအထားမျိုးတွေ ရောက်ကုန်တာတွေကိုလည်း နိုင်ငံလုံး ဆိုင်ရာ စစ်တမ်းက အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။

ရိုက်နှက်ဆုံးမခြင်းရဲ့ တခြားဆိုးကျိုးတွေ

စည်းကမ်းထိန်းသိမ်းဖို့ အားထုတ်တဲ့အနေနဲ့ ရိုက်နှက် ဆုံးမရာက အချိန်မရွေး လက်လွန်သွားတတ်ပြီး ခန္ဓာကိုယ် အနာတရဖြစ်အောင် နှိပ်စက် ညှဉ်းပန်းရာကို ရောက်သွားတတ်ပါတယ်။

ဒါကလည်း သဘာဝကျပါတယ်။ ကျွန်တော် အခါခါ ရေးခဲ့ဖူးသလို ပါပဲ၊ လူရဲ့ စိတ်နဲ့ ရုပ်ခန္ဓာဟာ အပြန်အလှန် အကျိုးသက်ရောက်နေပါတယ်။ ဝမ်းနည်းလို့ ငို၊ ငိုရင်းနဲ့ ပို ဝမ်းနည်းလား၊ ကြောက်လို့ ထွက်ပြေး၊ ပြေးရင်းနဲ့ ပိုကြောက်လာတာဟာ စိတ်ကို ရုပ်က ပြန်လွှမ်းမိုးတတ်တဲ့ သဘောပါပဲ။


ဒေါသဖြစ်ဖြစ်နဲ့ ဖိပြောကြည့်ပါ။ ပြောရင်းနဲ့ ဒေါသက ပိုထွက်လာပါလိမ့်မယ်။ အလားတူပဲ၊ ဒေါသဖြစ်ဖြစ်နဲ့ ရိုက်နှက်တဲ့အခါမှာလည်း ရိုက်ရင်း ပိုဒေါသထွက်လာပြီး ပိုနာအောင် ရိုက်မိသွားတတ်တာလည်း သဘာဝပါပဲ။ လက်လွန်သွားရင်တောင်မှ ကိုယ်က ဖအေ မအေ၊ ဆရာသမားဖြစ်နေတဲ့ အတွက် “ဆုံးမတာ”ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကိုယ် တရားချင်ယောင်ဆောင်လို့ ရနေတော့ လက်လွန်တုန်း ခဏ နောင်တရချင်ဦးတောင် ခွေးမြီးကောက် ကျည်တောက်စွပ်နဲ့ ရိုက်နှက်မှု သံသရာမှာ လည်လို့ကောင်း နေနိုင်ပါတယ်။

နောက်တစ်ချက်က ရိုက်နှက်ခြင်းဟာ စာနာစိတ်၊ နောင်တနဲ့ ကရုဏာတရားများကိုလည်း ချိုးနှိမ်ပေးရာ ရောက်ပါတယ်။ ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့အသား နာတဲ့အပေါ်မှာသာ အပြည့်အဝ အာရုံစိုက်သွားပါတယ်။ အရိုက်ခံဖြစ်စေတဲ့အထိ သူ ကျူးလွန်ဖြစ်ခဲ့တဲ့အမှု၊ ဒါမှမဟုတ် သူ့အမှားကို လုံးလုံးကို သတိမရအားတော့ပါဘူး။ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ လူမှန်သမျှ အသားနာပြီဆိုတာနဲ့ ထောင်းခနဲ ဒေါသထွက်တာနဲ့ ကြောက်သွားတာ နှစ်မျိုးကလွဲရင် စိတ်ထဲမှာ တခြားဘာကိုမှ ခံစား မနေအားပါဘူး။ ဒါ လူ့သဘာဝ အစစ်အမှန်လည်း ဖြစ်ပါတယ်။

ဆိုတော့ ကလေးတစ်ယောက် တစ်ခုခု မှားလိုက်လို့၊ ကျူးလွန်လိုက်လို့ ရိုက်နှက် ဆုံးမပြီဆိုတာနဲ့တစ်ပြိုင်နက် ကလေးမှာ သူ့အသားနာတာကလွဲလို့ နားထောင်နိုင်တဲ့ စွမ်းအား၊ ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဉာဏ်နဲ့ သူ ပြုလိုက်တဲ့ အမှု၊ မှားလိုက်တဲ့အမှားအတွက် နောင်တရချင်တဲ့စိတ်တွေ အားလုံး ကွယ်ပျောက်သွားအောင် တွန်းအားပေးရာ ရောက်သွားတတ်ပါတယ်။

လေးဘက်သွားတဲ့အရွယ် ကလေးငယ်လေးတွေကို ရိုက်နှက်ဆုံးမလို့ကတော့ အဲသည့်ကလေးအနေနဲ့ အသိဉာဏ်ဖွံ့ဖြိုးမှု အလွန့်အလွန် နှေးကွေး လေးလံသွားတတ်ပါတယ်။

အဲ… ဆယ်ကျော်သက်တွေကို ရိုက်နှက် ဆုံးမမယ်ဆိုရင်တော့ ရာဇဝတ်မှု အသေးစားလေးတွေကို စွတ်ကယ် စွတ်ကယ် ကျူးလွန်ဖြစ်အောင် တွန်းပို့ရာ ရောက်ပါတယ်။ လူသတ်မှုလို၊ ဓားပြမှုလို ရာဇဝတ်မှုကြီးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ အလစ်သုတ်တာမျိုးလို၊ ခိုက်ရန်ဖြစ်ပွားတာမျိုးလို၊ တစ်ဖက်သားကို နာကျင်စေတဲ့ အမှုမျိုးလို၊ မူးယစ်ဆေးစွဲတာလို၊ အရက် သေစာ သောက်စားတတ်တာလို အမှုသေးလေးတွေကို ကျူးလွန်ဖြစ်သွားစေတတ်တာပါ။

အမှန်တော့ အရွယ်မရောက်သေးသူများ ရာဇဝတ်မှုကျူးလွန်ဖြစ်စေတဲ့ အကြောင်းရင်းက သုံးချက် ရှိပါတယ်။

ပထမတစ်ချက်က မိဘတွေအနေနဲ့ ကလေးတွေကို ကျိုးကြောင်း ဆီလျော်မှု မရှိတာတွေ ခိုင်းလွန်းတာမျိုးကြောင့်ပါ။ ဆိုကြပါစို့… သုံးနှစ်သားလေးအနေနဲ့ သူ့ဘာသာသူ စားတဲ့သောက်တဲ့အခါ ဖိတ်တာ၊ စင်တာမျိုးက ရှိကိုရှိနေဦးမှာပါ။ ဒါကို မလိုအပ်ဘဲ ဇွတ်ကြီး မောင်းမဲပြီး သင်ပေးတာမျိုး။ ဒါမှမဟုတ်လည်း လေးနှစ်သားလေးကို ဝလုံးလောက် အရေးမခိုင်းဘဲနဲ့ ကကြီးခကွေး ဇွတ်သင်ပေးတာမျိုးကို ကျိုးကြောင်းဆီလျော်မှု မရှိတာတွေကို ခိုင်းတာလို့ ဆိုလိုပါတယ်။

ဒုတိယတစ်ချက်ကတော့ တစ်လျှောက်လုံး ဆွေးနွေးလာခဲ့တဲ့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ထိုးကြိတ် အပြစ်ပေးတာမျိုးကြောင့်ပါ။ ဒါကိုတော့ အသေးစိတ် ရှင်းစရာ မလိုတော့ပါဘူး။

တတိယအချက်ကတော့ ရိုက်နှက်ဆုံးမတာ မပါသည့်တိုင်အောင် ထစ်ခနဲရှိ ဒဏ်ပေးတဲ့နည်းနဲ့ အပြစ်ပေး အရေးယူဖို့ အားသန်နေတတ်တဲ့ မိဘမျိုးတွေနဲ့ တွေ့ရတဲ့ ကလေးတွေဟာ အရွယ်မရောက်ခင်မှာ အထက်က ပြောခဲ့တဲ့ ရာဇဝတ်မှု အသေးစားလေးတွေကို ကျူးလွန်ဖြစ်ဖို့ အလားအလာ ပိုများနေတတ်ပါတယ်။

မရိုက်မနှက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးကျေးဇူး

တိုတိုပဲ ပြောပါရစေ။

မိဘဆရာတွေမှာ ကလေးတွေနဲ့ ပတ်သက်တဲ့အခက်အခဲတွေ၊ ပြဿနာတွေ နည်းသွားပါလိမ့်မယ်။ အကျင့်စာရိတ္တ ကောင်းတဲ့ တပည့် သားသမီးတွေကို ရလာပါလိမ့်မယ်။

ကလေးတွေအတွက် အသားနာခံရတဲ့ ဒုက္ခက မလွဲမသွေ ကင်းဝေးသွားတော့မှာဖြစ်သလို အရွယ်မရောက်သေးသူများ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျဲပါးသွားတော့မှာလည်း အသေအချာပါ။

နောက်လာမယ့်မျိုးဆက်အတွက်ကတော့ လမ်းပေါ်မှာ ရန်ဖြစ်နေတာတွေ နည်းသွားမယ်၊ စိတ်ဓာတ်ကျသူတွေ (စိတ်ကျရောဂါ ခံစားနေရသူတွေ)၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေ နည်းပါးသွားမယ်၊ ကိုယ့်အိမ်ထောင်ဖက်ကို ရိုက်နှက် နှိပ်စက်သူတွေလည်း နည်းသွားမယ်။ ဒါတင်မကသေးဘဲ စီးပွားရေးမှာလည်း ပိုအောင်မြင်လာပါလိမ့်မယ်။

ဒါတွေအားလုံးကို ချုပ်လိုက်မယ်ဆိုရင်တော့ အကြမ်းဖက်မှု နည်းပါးပြီး ကျန်းမာ ချမ်းသာတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်ချင်ကြတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ သွေးထဲသားထဲမှာ ရှိနေတဲ့ သတ္တဝါတို့ရဲ့ အငုံ့စိတ်ကြောင့် ဖြစ်ပေါ်လာတတ်မြဲ ထစ်ခနဲရှိ ရိုက်နှက်ချင်တဲ့စိတ်ကလေးကို ချိုးနှိမ်ကြရပါလိမ့်မယ်။

(သရဖူမဂ္ဂဇင်းကတစ်ဆင့် စစ်တမ်းကောက်ယူပြီး သရဖူမဂ္ဂဇင်းမှာပဲ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂) နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” ဆိုတဲ့ စာအုပ်ရဲ့ “အပိုင်း ၁ – မိဘကောင်းဖြစ်ရန် လိုအပ်သော အရည်အချင်း”ဆိုတဲ့ အပိုင်းမှာ ပြန်လည် ဖော်ပြထားပါတယ်။)

Advertisements
17 Comments leave one →
  1. 6 July 2010 7:10 am

    ကျေးဇူးတင်ပါတယ် ဆရာ။

  2. 6 July 2010 11:21 am

    ကျွန်တော် ထင်တာပေါ့လေ….
    ရိုက်(နှက် ကို မထည့်ချင်ဘူး)ဆုံးမခြင်းကို အခြေ အနေနဲ့ အချိန်အခါ အရ ပြုလုပ်သင့်တယ် လို့ ထင်မိတယ်။ ရိုက်တယ် ဆိုတဲ့ အခါမှာလည်း ကိုယ့်ရဲ့ ဒေါသကို ထွက်ပေါက်ပေးသလို မလုပ်ပဲ ဆုံးမတယ် ဆိုတဲ့ အပြုသဘောမျိုး လုပ်သင့်တယ်။ ဆုံးမခြင်းတွေက အနုနည်း၊ အကြမ်းနည်း နည်းမျိုးစုံ ရှိတဲ့ အထဲမှာ အခြေ အနေ အချိန်အခါအရ သင့်တော်တာကို ပြုလုပ်သင့်တယ်လို့ ထင်မိတယ်။ နောက်…မိဘ ဆိုတာ ကိုယ့် သားသမီး တွေရဲ့ စိတ်တွေကို များသောအားဖြင့် သိကြတဲ့ သူတွေပဲ၊ ကိုယ့် သားသမီးနဲ့ သင့်တော်တဲ့ နည်းနဲ့ ဆုံးမသင့်တယ်။ ရိုက်ဆုံးမခြင်းက မကောင်းဘူးလို့ လုံးလုံး ဆိုလို့ မရဘူးလို့ ထင်မိတယ်။ အားအားရှိ ထစ်ခနဲဆို ရိုက်နှက်ခြင်းကတော့ မကောင်းဘူးလို့ လုံးဝ ဆိုလို့ရလိမ့်မယ် ထင်ပါတယ်။
    ငါးခြောက်ပြားလေးကို လုံခြုံအောင် မထိမ်းသိမ်းနိုင်လို့ အမာရွတ်ထင်အောင် ဆုံးမခံရပေမယ့်လည်း နောက်ဆုံး…ရှင်ဘုရင်ဖြစ်တဲ့ သာဓကတွေလည်းရှိပါတယ်။ နှမ်းတစ်ဆုတ်ကို ခိုးစားလို့ ရိုက်ပြီး အဆုံးမ ခံရတာ၊ နောက်… ဘယ်လိုမ မဆုံးမခဲ့လို့ သူခိုး၊ ဓါးပြ ဖြစ်ပြီး အသတ်ခံရတာ၊ သူတောင်းစားဖြစ်သွားတာ စသည်ဖြင့်ပေါ့ သာဓကတွေ ရှိပါတယ်။
    ကျွန်တော်ထင်တာကတော့ ကိုယ့် သားသမီး၊ တပည့်တွေကို အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ပါ သင့်တော်သလို ဆုံးမ သင့်တယ်လို့ ထင်မိပါတယ်။

    • lettwebaw permalink
      6 July 2010 11:30 am

      ကျွန်တော်က “ထင်တာ”တွေ ရေးထားတာ မဟုတ်ပါဘူး။ သည်စာလေးတစ်ပုဒ်ထွက်ဖို့အတွက် စာအုပ်တွေ အများကြီး ဖတ်ခဲ့ရပါတယ်။ သုတေသနတွေနဲ့ အခိုင်အမာ “အတည်ပြု”ထားတဲ့ အချက်အလက်တွေကို စုစည်း ထားတာဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်တိုင် စစ်တမ်း ကောက်ယူပြီး ကိန်းဂဏန်းနဲ့ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ငါးခြောက်ပြားလေး လုံခြုံအောင် မထိန်းသိမ်းနိုင်လို့ ရိုက်ဆုံးမလိုက်တော့ ရှင်ဘုရင်ဖြစ်လာ၊ ဖြစ်လာတော့ မယားတွေ တစ်သီကြီးယူ၊ ကလေးတွေ တစ်သီကြီးမွေး၊ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ နေလိုက်တော့ မင်းညီမင်းသားကြားမှာ သွေးချောင်းစီး၊ သူက မွေးတဲ့သူလက်ထက်မှာ မြန်မာပြည်ကြီး ဘာဖြစ်သွားတုံး။ ယဉ်ကျေးတဲ့ (တောမကျတဲ့) နိုင်ငံတွေမှာ လူသားကို ရိုက်နှက်ဆုံးမတာ ဝေးစွ၊ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်ကို ရိုက်မိရင်တောင် ရဲက ဖမ်းဆီး အရေးယူနိုင်နေပါပြီ။ အဲဒါ တောမကျတာပါ။ ဖွံ့ဖြိုးတဲ့ နိုင်ငံလို့ မပြောဘူးနော်။ ယဉ်ကျေးတဲ့ (တောမကျတဲ့) နိုင်ငံ civilised nations လို့ ပြောတာပါ။

      • 6 July 2010 4:01 pm

        ဟုတ်ကဲ့ ခင်ဗျာ…
        ကျွန်တော်ကတော့ စာလေးတွေ ဖတ်ပြီး ထင်တာလေးတွေ ရေး Comment ပေးတာပါ။ ဆရာက ထင်တာတွေ ရေးတာ မဟုတ်ဘူးဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ထင်တဲ့ ကျွန်တော့ ခံစားချက်လေးတွေပါ။
        ဟုတ်ကဲ့..အခု ဆရာ့ Comment ဖတ်ပြီး အတွေးပေါက်တာလေးပါ။ “ငါးခြောက်ပြားလေး လုံခြုံအောင် မထိန်းသိမ်းနိုင်လို့ ရိုက်ဆုံးမလိုက်တော့ ရှင်ဘုရင်ဖြစ်လာ၊ ဖြစ်လာတော့ မယားတွေ တစ်သီကြီးယူ၊ ကလေးတွေ တစ်သီကြီးမွေး၊ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ နေလိုက်တော့ မင်းညီမင်းသားကြားမှာ သွေးချောင်းစီး၊ သူက မွေးတဲ့သူလက်ထက်မှာ မြန်မာပြည်ကြီး ဘာဖြစ်သွားတုံး။” သူ့တုန်းက တော့ ဟုတ်တယ်ဗျ။ ဆရာထောက်ပြမ ကျွန်တော်တောင် နိုင်ငံခေါင်းဆောင်တွေရဲ့ ငယ်စဉ်ဘ၀ကို လေ့လာ စူးစမ်းချင်စိတ်တွေ ပေါက်လာတယ်။
        ဆုံးမခြင်းဆိုတာ ကလည်း အနုပညာ တမျိုးပဲဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဆုံးမတဲ့ အခါမှာ အနုနည်းရော၊ အကြမ်းနည်းပါ သင့်တော်သလို သုံးသင့်တယ်လို့ ထင်နေဆဲပဲ။ ဒါပေမယ့် အနုနည်းနဲ့ ပြေငြိမ်းသွားရင်တော့ အကောင်းဆုံးပေါ့ဗျာ။
        အခု များသောအားဖြင့် တွေ့နေရတဲ့ မိဘတွေက သားသမီးတွေကို အတိုင်းအဆ မရှိ ထစ်ခနဲဆို ရိုက်တာက ဆုံးမတာ မဟုတ်ဘူး၊ သူတို့ရဲ့ဒေါသ စိတ်လေးတွေကို ထွက်ပေါက်ပေးလိုက်တာလို့ ထင်မိတယ်။ ဒေါသစိတ် ထွက်ပေါက်ကို သကာရည်ဖုံးပြီး ရိုက်ဆုံမတယ်ဆိုတဲ့ ခေါင်းစဉ်တတ်ကြတယ်။
        ဘယ်အချိန်မှာ အကြမ်းနည်းကို သုံးရမလဲ၊ ဘယ်အချိန်မှာ အနုနည်းကို သုံးရမလဲ လို့ မေးလာရင်တော့ မဖြေတတ်ဘူးဗျာ။ ပြဿနာတစ်ကို ဖြေရှင်းရာမှာ အနုနည်းနဲ့ အေးအေး ဆေးဆေး ပြေငြိမ်းသွားတာကတော့ အကောင်းဆုံးပေါ့။

  3. 6 July 2010 11:58 am

    ကို/ ဦး Nd S ရဲ့ comment ကို ကျွန်မ ပြောခွင့်ပြုပါ။
    စိတ်ပညာရှင်များကတော့ ကလေးများကို ရိုက်နှိက်အပြစ်ပေးခြင်းကို အားမပေးပါဘူး။
    အခုဆိုရင် တချို့ နိုင်ငံတွေမှာဆိုရင် မိဘက သားသမီးကို ရိုက်နှက်အပြစ်ပေးခြင်း၊ စာသင်ကျောင်းများမှာ ဆရာက ကျောင်းသားကို ရိုက်နှက်အပြစ်ပေးခြင်းတွေဟာ ရာဇဝတ်မှုဖြစ်သွားပါပြီ။ တရားစွဲဆိုလို့ရပါတယ်။
    ရိုက်နှက်ဆုံးမခြင်းက ရေတို တခဏသာအတွက်သာပဲ ကောင်းချင်ကောင်းနိုင်ပေမယ့် ရေရှည်မှာ အင်မတန်ဆိုးကျိုးဖြစ်ပါတယ်။
    Steven Breckler, JamesOlson, Elizabeth Wiggins တို့ရေးတဲ့ Social Psychology alive စာအုပ်ရဲ့ စာမျက်နှာ ၄၄၃ မှာ ဖတ်ရှုနိုင်ပါတယ်။

    Wayne Weiten ရဲ့ Psycholgy : Themes and Variations (8th Edition)စာအုပ်ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

  4. 6 July 2010 12:02 pm

    Ellen Pastorino, Susann Doyle Portillo တို့ရေးတဲ့ What is Psychology (2nd Edition)
    စာအုပ်မှာ စာမျက်နှာ ၂၂၃ ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

    • lettwebaw permalink
      6 July 2010 3:48 pm

      ဆရာမ ဟနစံခင်ဗျား… ကျွန်တော့်ဘက်က လိုသွားတာ ကျမ်းကိုးစာရင်းပါ။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီ့စာကို ရေးစဉ်အခါ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သိပ်ပညာရှင် ဆန်သွားမှာ စိုးလို့ ကျမ်းကိုးစာရင်းကို တမင် ချန်လှပ်ထားခဲ့မိပါတယ်။ အခု ပို့(စ်)မှာတင်တော့လည်း ထည့်ဖို့ စိတ်မကူးမိပါဘူး။ ဆရာ Nd S ပြောလာတော့မှ “စာအုပ်တွေ အများကြီးဖတ်ခဲ့ရပါတယ်”ဆိုတဲ့ စကားကို သုံးဖြစ်သွားတာပါ။ ကျမ်းကိုးကို ပြန်ရှာဖို့ တင်ဖို့လည်း စိတ်ကူးမပေါ်ခဲ့မိပါဘူး။ အခုလို ဆရာမက ကြားကနေ တခြား ဖတ်ရှုနိုင်တဲ့ စာအုပ်များကို စာမျက်နှာ နံပါတ်နဲ့တကွ ၀င်ပြောပေးတဲ့အတွက် အလွန့်အလွန် ကျေးဇူးတင်ပါတယ် ခင်ဗျား။

  5. 6 July 2010 12:07 pm

    တိုးတက်အောင်မြင်နေတယ်ဆိုတဲ့ ချင်ကာပူမှာတော့ တရားဝင်ရိုက်နှက်ဆုံးမပေးတဲ့ ကြိမ်ဒဏ် ဆိုတာကြီးရှိတယ်လေ။

    • lettwebaw permalink
      6 July 2010 3:35 pm

      ဆရာမ ပန်ဒိုရာ ခင်ဗျား… ဆရာ Nd S အတွက် ကျွန်တော့် ပြန်ကြားချက်မှာ “ဖွံ့ဖြိုးတဲ့ နိုင်ငံလို့ မပြောဘူးနော်။ ယဉ်ကျေးတဲ့ (တောမကျတဲ့) နိုင်ငံ civilised nations လို့ ပြောတာပါ”လို့ အတိအလင်း ရေးခဲ့ပါတယ်။ ကျွန်တော့်ဘက်က အဲဒီ့ စာသားကို bold လုပ်ဖို့ လိုသွားပါတယ်။ ဆရာမရဲ့ “ချင်ကာပူ”ကို သိနေတဲ့အတွက် အဲဒီ့စာသားကို သေချာ ရေးခဲ့ပါတယ်ခင်ဗျာ။ သူတို့ထက် ဆယ်နှစ်ကျော် စောပြီး လွတ်လပ်ရေး ယူခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာတောင်မှ “လူ့သိက္ခာ သေးသိမ်ညှိုးနွမ်းစေသော ပြစ်ဒဏ်မျိုး မပေးရ”ဆိုတာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ အဆက်ဆက်မှာ အတိအလင်း ပြဋ္ဌာန်းထားခဲ့ပါတယ်။ အဲတော့ ကျွန်တော်တို့ နိုင်ငံဟာ သူတို့လောက် မဖွံ့ဖြိုး မတိုးတက်သေးပေမယ့် ယဉ်ကျေးတဲ့ (တောမကျတဲ့) နေရာမှာ သူတို့ထက် သာတယ်လို့ ဆိုနိုင်ပါလိမ့်မယ် ဆရာမခင်ဗျား။

  6. 6 July 2010 4:29 pm

    ဟုတ်ပါတယ်ဆရာ.။ ဒါကြောင့် တိုးတက်အောင်မြင် လို့ပဲ ပြောလိုက်တာပါ။
    ဆရာ့ရှင်းလင်းချက် မိုက်တယ်ဗျ။ သူတို့ကို စကားနိုင်လုရင် မင်းတို့က ဖွံ့ဖြိုး ပေမယ့် ယဉ်ကျေးမှု နည်းသေးတယ် လို့ပြောရမယ်။ ဒါဆိုရင်တော့ ဖွံ့ဖြိုးခြင်း (development) နဲ့ ယဉ်ကျေးခြင်း (civilization) ဟာ မတူတာနှစ်ခုဖြစ်ပြီး အဲဒီနှစ်ခုအကြား ဆက်စပ်မှု(correlation) နည်းတယ် သို့မဟုတ် မရှိဘူး လို့ ဆိုလိုသွားမယ်နော်။

    • lettwebaw permalink
      6 July 2010 5:44 pm

      ဆရာမ ပန်ဒိုရာတို့ကတော့ ထပ်လုပ်လိုက်ပြန်ပြီ။ ပြောရင် ဆုံးတော့မှာ မဟုတ်ဘူး ထင်တယ်။ ကျွန်တော်က ဖွံ့ဖြိုးတိုးတက်မှု (development)ကို မေးခွန်းထုတ်နေမိတာ ကြာပြီ ဆရာမရေ။ Is development really good? ဆိုတဲ့ မေးခွန်းကို မေးမိတဲ့အခါတိုင်း လူက စိတ်နောက်ချင်သလို ဖြစ်နေခဲ့တာ ကြာပြီ။ အခုအချိန်မှာတော့ No! လို့ ထအော်မိမယ် ထင်တယ်။ (ကျွန်တော်ကပဲ အူကြောင်ကြောင် တွေးတတ်လို့လားတော့ မသိဘူး။) ဒါနဲ့ ပတ်သက်လို့ ကနေ့ပဲ တစ်ပုဒ်ရေးထားပါတယ်။ ဂျာနယ်ကို မပေးရသေးလို့ ဘလော့(ဂ်)မှာ မတင်ဖြစ်သေးတာပါ။ အလွယ်ဆုံး ပြောရရင် ဆရာမရယ်… ကျွန်တော်တို့တွေ ရုပ်မြင်သံကြား ကြည့်နိုင်လာတာ ဖွံ့ဖြိုးတိုးတက်တာပါပဲ။ ဒါပေမယ့် ညတိုင်ကျရင် မိသားစုတွေဟာ ထမင်းပန်းကန်လေးတွေထဲမှာ ဟင်းတွေပုံ၊ ရုပ်မြင်သံကြားရှေ့ကို ပြေး၊ ကိုယ့်ပါးစပ်ထဲလည်း ဘာတွေ ထည့်နေမိလို့ ထည့်နေမိမှန်း မသိ၊ ကိုယ့်အချင်းချင်းလည်း ဘာစကားမှ မပြောဖြစ်ဘဲ ဆပ်ပြာသည်ဇာတ်တွေထဲမှာ နစ်မျောနေကြတာက အများစု ဖြစ်နေပြီ။ အဲဒါကျတော့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးကြီးက မထိတ်သာ မလန့်သာရှိလှတယ်။ ဆက်သွယ်မှုတွေ၊ နွေးထွေးမှုတွေကို ဖွံ့ဖြိုးမှုက တစ်တိတစ်တိနဲ့ လှိုက်စားနေသလိုပါပဲ။

      ဒါပေသည့် ဖွံ့ဖြိုးခြင်းနဲ့ ယဉ်ကျေးခြင်းက ဆက်တော့ ကောင်းကောင်းကြီး ဆက်စပ်သဗျ။ ဖိနပ်မစီးဘဲ လယ်ပတ်ကြားအက်မှာ လျှောက်သွားနေတာဟာ မဖွံ့ဖြိုးလို့။ အရှက် လုံရုံလောက်သာ ကွယ်ကာထားတဲ့ ကျောက်ခေတ် လူသားတွေ ဘ၀ကနေ အ၀တ်အစား ၀တ်တတ်လာ၊ ဖိနပ်စီးတတ်လာတာဟာ လူ့ယဉ်ကျေးမှု civilisation ပေါ့။ သို့သော် မဖွံ့ဖြိုးသေးသူများကတော့ အဲလောက်လေးတောင်မှ မယဉ်ကျေးနိုင်သေးဘူး။ ကျွန်တော် ကိုယ်တိုင်တောင် အိမ်မှာနေရင် ကိုယ်ပေါ်မှာ အင်္ကျီသိပ်ကပ်တာ မဟုတ်ဘူး။ အမေက ငယ်ငယ်တည်းက ဆူတယ်၊ “တောသားအကျင့်”တဲ့။ (အမေ သိပ်မှန်တာပေါ့။)

      စလုံးအကြောင်းတော့ ကျွန်တော် သိပ်မပြောတတ်ဘူး။ ပြောရရင်တော့ စလုံးမှာ ကျွန်တော် မပျော်ဘူး။ နေရတာ မပေါ့ပါးဘူး။ သူ့စာရင် အခုမှ ဖွံ့ဖြိုးဖို့ ဟန်ပြင်စ ကမ္ဘောဒီးယားက Siem Reap ဆိုတဲ့ မြို့သိမ် မြို့ငယ်လေးကမှ အပုံကြီး ပျော်စရာ ကောင်းသေးတယ်။ စလုံးမှာ လူတွေက အကုန်လုံး သန့်လို့၊ ရှင်းလို့၊ ကျော့လို့၊ မော့လို့၊ လတ်ဆတ်လို့။ ဒါပေမယ့် သူတို့ အပြုံးတွေ ဆက်ဆံပုံတွေမှာ အသက် ၀ိဉာဉ် ကင်းမဲ့နေတယ်။ စက်ရုပ်အသစ်ကလေးတွေ လှုပ်နေသလိုပဲ ခံစားရတယ်။ ဆရာမ ပိုသတိထားမိမယ် ထင်ပါတယ်။ စလုံးရဲ့ ပြယုဂ်ကို Clarke’s Quay တို့၊ ယူနီဗာဆယ် စတူဒီယိုတို့မှာ ရှိနေတဲ့ သစ်ပင်တွေက ပြနေတယ်။ တကယ့်လေ၊ တကယ့်မိုးကို မရဘဲ ဇွတ် စိမ်းပြနေရရှာတဲ့ ညိုးလျော်လျော် အပင်တွေ။ အဲဒါဟာ စလုံးသားတွေရဲ့ ဘ၀ကို ထင်ဟပ်နေသလိုပဲ။ စလုံးရဲ့ တိုးတက်အောင်မြင်မှု နောက်ကွယ်မှာ ဖိစီးမှု တစ်ခုက အမှန်ရှိနေတယ် ဆရာမ။ အဲဒါဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ စလုံးရဲ့ ထူးခြားချက်ပါပဲ။ တစ်ကျွန်း၊ တစ်မြို့တည်းက တစ်နိုင်ငံဖြစ်နေ၊ လူဦးရေက ငါးသန်း လောက်ကလေးသာ ရှိနေလျက်ကနဲ့ ရုံးသုံးဘာသာစကား လေးမျိုးဖြစ်နေတာကိုကလည်း စလုံးရဲ့ သူမတူမှုတွေပဲ။ အဲတော့ စလုံးနဲ့ ချိန်ထိုးမယ်ဆိုရင် ဖွံ့ဖြိုးမှုနဲ့ လူ့ယဉ်ကျေးမှု အဆက်အစပ်ကိုလည်း ဘယ်လို ကောက်ချက်ချရမယ်မှန်းတောင် မသိတော့ဘူး ဆရာမရေ။

      • MDW permalink
        6 July 2010 10:01 pm

        ဆရာရေ မူရင်းပို့စ်နဲ့တော့ မဆိုင်ဘူး။ ယဉ်ကျေးမှုက ဖိနပ်တို့ အင်္ကျီတို့နဲ့ ဆိုင်သလားဆိုတာ နည်းနည်း ၀င်လျှာရှည်ပါရစေအုံး။
        အိမ်မှာနေရင်း အင်္ကျီမကပ်တဲ့ ဆရာကို တောသားလို့ပြောရင် အခုရက်ပိုင်း ဘိလပ်နေပူပူမှာ အင်္ကျီမကပ်ဘဲ ကျောပြောင်နဲ့ လမ်းသလားနေတဲ့ ဘိလပ်သား နိုင်ငံကြီးသားတွေကို လူရိုင်းလို့ ဆိုမလား၊ တောကျတယ်ပြောမလား၊ ယဉ်ကျေးမှု မရှိဘူး သတ်မှတ်မလားဆရာ။
        ဒီကလူတွေ တော်တော်များများ မြက်ခင်းပေါ်မှာ အခင်းမပါ ဘာမပါ တုံးလုံးပက်လက်နေကြ အိပ်ကြတယ်၊ ဖိနပ်လဲ မပါဘူး၊ လျှောက်ပြေးနေကြသေးတယ်။ အလှလုပ်ထားတဲ့ ရေပန်းအောက်မှာ ရေ၀င်ချိုးနေတာလဲ ရှိသေးတယ်။
        မြန်မာပြည် ကျေးရွာကလူတယောက် ကျောပြောင်နဲ့နေရင် တောကျတယ်၊ နေပူလို့ ရေအိုင်ထဲ ရေ၀င်စိမ်ရင် ရှုံ့ချချင်မယ်။
        အင်္ဂလန်လို နိုင်ငံမျိုးက မျက်နှာဖြူတယောက် အင်္ကျီဗလာနဲ့ နေရင် အမြင်တင့်တယ်မယ်၊ ရေပန်းအောက် ရေ၀င်ချိုးနေရင် လွတ်လပ်ခြင်းရဲ့ အရသာဆိုပြီး ပြောမယ်ဆိုရင်တော့ discrimination လို့ ကျမကတော့ မြင်တယ်။
        အဲလိုသာဆိုရင် ယဉ်ကျေးမှုဆိုတာ ကြီးက ခွဲခြားဘက်လိုက်သလိုပဲ ပေါ့နော် … ပေါ့နော် .. ပေါ့နော် … 😛

    • lettwebaw permalink
      7 July 2010 11:06 am

      ဆရာမ MDW ရဲ့ comment က နောက် အသစ်တစ်ခု ထပ်ပေါ်လာစေပြန်ပါတယ်။

      အဲဒါကတော့ အခု အနောက်နိုင်ငံတွေမှာ ရောဂါသစ်တစ်မျိုး ထနေတာပါပဲ။ အဲဒါကတော့ Naturist ဆိုတဲ့ ရောဂါပေါ့။ သဘာ၀၀ါဒီလို့ ဘာသာပြန်ရမလား မသိ။ သူတို့က တုံးလုံးချွတ်ချင်တဲ့အခါ အဲဒီ့ ဝေါဟာရနဲ့ လုပ်နေကြသဗျ။ တုံးလုံးချွတ်လိုမှု ရောဂါက အခု အဲဒီ့တိုင်းနိုင်ငံတွေမှာ အလွန်ခေတ်စားနေပါတယ်။ မာရာဒိုနာကလည်း ကမ္ဘာ့ဖလားမှာ သူ့အသင်းနိုင်ရင် တုံးလုံးချွတ်ပြီး လမ်းလျှောက်မယ်လို့ ကြုံးဝါး၊ ပါရာဂွိုင်းက မော်ဒယ်မလေးကလည်း သူ့အသင်းနိုင်ရင် ချွတ်ပြမယ်လို့ ကြုံးဝါးခဲ့ကြတာ မကြာသေးပါဘူး၊ ရက်ပိုင်းပဲ ရှိပါသေးတယ်။

      ဒါက နောက်ထပ် ကာလချာတစ်ခုပေါ့။ တုံးလုံး ကာလချာပါလေ။

  7. နေအေးလှိုင်း permalink
    2 August 2010 12:24 pm

    ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်း ၁ နှစ်ခွဲသာရှိသေးတဲ့ ကျနော့်သားကို ရိုက်နှက်ပြီး ဆုံးမဖြစ်နေတယ်ဗျာ… ရိုက်နှက်မိတိုင်း ရိုက်နှက်ပြီးတိုင်း စိတ်မကောင်းပါဘူး….. ဒါပေမယ့် အခြားနည်းလမ်းနဲ့ဆုံးမဖို့ မကြံစည်တတ်ဖြစ်နေတယ်….. ၁ နှစ်ခွဲသာ ရှိသေးတဲ့ကလေးက ဘယ်လိုအပြစ်တွေများ ကျူးလွန်နေသလဲဆိုတော့ လက်ညှိုးလေးထောင်လို့ ဟင်းးးးးးးးး ဆိုပြီး သတိထားဆိုတဲ့ပုံစံ…. လက်ကလေးနှစ်ဖက်ကို ဆုပ်လို့ လက်သီးဆိုပြီး ပြတာက တစ်မျိုး…. နောက်တစ်နည်းက ကော့ပြတာပါ….. အခြားအပြစ်တွေက…. မီးဖိုချောင်မှာထားတဲ့ ဆားဗူး… အချိုမှုန့်ဗူး… အရောင်တင်မှုန့်ဗူးတွေကို ယူငင်ပြီးဆော့တာပါ။ အဲ့ဒီဗူးတွေထားတဲ့နေရာကလည်း သူလက်လှမ်းမီတဲ့နေရာမှာ ဖြစ်နေတာကိုး…. အခြား လက်လှမ်းမမီတဲ့နေရာမှာထားဖို့ကလည်း လောလောဆယ်မလုပ်ဆောင်ရသေးလို့ပါ…. နောက်လုပ်တဲ့အပြစ်တွေက ဖက်ပြီးကိုက်တာပါ…. အရင်က သူ့အမေကိုပဲ ကိုက်တတ်တာပါ… ဒီနေ့မနက်မှ ကျနော့်ကို ဖက်ကိုက်ပါလေရော သူကတော့ အသဲယားပြီးကိုက်တာ… နောက်ချင်စိတ်နဲ့ကိုက်တာ ဖြစ်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီလို အပြုအမူမျိုးနောက်မလုပ်ဖို့ ကျနော်ရိုက်ပြီး ဆုံးမမိပါတယ်။ ကိုက်တဲ့အတွက် ရိုက်တာက တစ်ချက်ပါပဲ…. ဒါပေမယ့် ရိုက်လို့ ငိုတဲ့အခါမှာ အသံမထွက်နဲ့ဆိုပြီး ထပ်ရိုက်တာကတော့ သူ မတိတ်မချင်းပေါ့…. တချို့အပြစ်တွေက ပတ်ဝန်းကျင်က သင်ပေးလို့တတ်သွားတဲ့အပြစ်တွေပါ…. ဒါကို ဆက်မလုပ်ဖို့ တားမြစ်ရတာပါ…. လက်သီးဆုပ်ပြတာ…. ကော့ပြတာတွေကို သူ့အမေဘက်က သူ့အဖိုး သင်ပေးလိုက်တာပါ….. သူ့အဖိုးနဲ့ ကျနော်နဲ့က အဆင်မပြေပါဘူး… ခပ်တန်းတန်းနေကြပါတယ်…. သူ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုအပြုအမူမျိုးတွေကို သင်ပေးသလဲတော့ ကျနော်မသိပါဘူး….. သူ့ကိုလည်း ကျနော်ပြောလိုစိတ်မရှိပါဘူး…. ဒါပေမယ့် ကျနော့်သားကိုတော့ အဲ့ဒီလိုမလုပ်ဖို့ ပထမ တတ်ခါစတုန်းက သား…. အဲ့ဒီလိုမလုပ်ရဘူးနော်….ဆိုပြီး စကားနဲ့ဆုံးမပါတယ်။ ကိုယ့်ကသာပြောပေမယ့် သူ သေသေချာချာ နားမလည်သေးပါဘူး…. စကားလည်း မပြောတတ်သေးပါဘူး…. အဲ့ဒီလို ပြောလိုမရတဲ့နောက်ပိုင်းမှာ…. ၀ါးခြမ်းပြားလေးနဲ့ ကျနော် ခြိမ်းခြောက်ရပါတော့တယ်။ အခုနောက်ပိုင်း မလုပ်စေချင်တဲ့အရာတိုင်း ၀ါးခြမ်းပြားလေးကိုင် ကြမ်းပြင်ကိုရိုက်လို့ သတိပေး တားမြစ်ရပါတော့တယ်။ သောက်ရေကို မသောက်ပဲ ပလုပ်ကျင်းသလို ထွေးထုတ်တာ…. သောက်ရေခွက်ကို ကိုယ်တိုင်ကိုင်သောက်ချင်တဲ့အခါမျိုးမှာ အဲ့ဒီလို မလုပ်ဖို့….. ဘာဖြစ်လို့ အဲ့ဒီလို မလုပ်ခိုင်းရတာလဲဆိုတော့ ကျနော် အခုငှားနေတဲ့အိမ်က နှစ်ထပ်အိမ်အပေါ်ထပ်အခန်းမှာ မို့လို့ ရေဖိတ်ကျတဲ့အခါ အောက်ကလူတွေအတွက် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ….. နောက်လုပ်တဲ့အပြစ်တွေက ထမင်းစားတဲ့အခါ ဟင်းခွက်တွေကို လိုက်နှိုက်တတ်တာ…. ဘေးနားမှာလာပြီး အိုးနှင်းခွက်နှင်းဖြစ်တာကတစ်မျိုး…. ဒါတွေအတွက် ၀ါးခြမ်းပြားအားကိုးလို့ ရိုက်နှက်နေရပါတယ်ခင်ဗျာ…… အခုလို ရိုက်နှက်ခြင်းကြောင့် ဘယ်လိုအပြစ်တွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ… 😦

  8. 23 August 2010 2:03 pm

    ပင်ကူအိမ်မှတ်တမ်းကို 20.8.10 ကနေ့ဝယ်ယူခဲ့သည်။ဖတ်လို့တော့မပြီးသေးဘူး..ပြီးရင် ပြန်ပြီး
    အကြံပြုမယ်..တစ်ခါတုန်းက စာအုပ်နဲ့အတူ CD ပါထည့်မယ်လို့ သိရှိခဲ့သည်။ အဲ အစီစဉ်ဘယ်တော့လောက် ဖြစ်မလဲ သိချင်လိုက်တာ

    • lettwebaw permalink
      24 August 2010 5:57 pm

      ဆရာအထောက်တော်လှအောင်ရဲ့ စကားကို ငှားသုံးရရင် “အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီးသကာလ” စာအုပ်နဲ့ စီဒီတွဲထုတ်မယ့် အစီအစဉ်ကို ယာယီရွှေ့ဆိုင်းထားပါတယ်။ သို့သော် ၂၀၁၁ ထဲမှာတော့ ထုတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လောလောဆယ် နောက်တစ်အုပ် စီစဉ်နေတာက “ကျွန်းပြန် ပီကင်းပြန် အတ္တကျော်” ဖြစ်ပါတယ်။ နက်ဖြန် သဘက်လောက်မှာ ရုံးတင်ဖြစ်ပါမယ်။ နိုဝင်ဘာလလောက်မှာ ထွက်မယ်လို့ မှန်းဆရပါတယ်ခင်ဗျား။

  9. Kyaw permalink
    19 October 2010 4:05 am

    ဆရာခင်ဗျား…
    ကျွန်တော့်အနေနဲ့ sadist အကြောင်းကို အကျယ်တ၀င့် သိချင်ပါတယ်။ ရှာဖွေဖတ်ကြည့်ဖူးပါတယ်။ လူ့သမိုင်းနဲ့ အမျှရှိခဲ့တာလို့လည်း ထင်ရပါတယ်။ ဒါကို စိတ္တဇတစ်မျိုးလို့ သတ်မှတ်မလားဆရာ။ နောက်ပြီး အဲ့လိုစိတ်ကို ဘယ်လိုကုစားလို့ရနိုင်ပါမလဲ။ ကျွန်တော်ဆိုလိုတာ သားသမီးနဲ မိဘ၊ ဆရာနဲ့ တပည့်ကြားက ရိုက်နှက်မှုတွေထက်၊ လင်မယားကြားမှာဖြစ်တတ်တာတွေကို ဦးစားပေးသိချင်ပါတယ်။ ကျွန်တော်အဲ့လိုဖြစ်နေလို့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်မယ့် စိတ်မျိုးဖြစ်နေတယ်လို့ ယူဆပါတယ်ဆရာ။ လုံးဝမဖြစ်ချင်ပါဘူး။ ကျွန်တော်မဖြစ်ချင်ဘဲ ပြင်ချင်ပေမယ့် အဲ့လိုဖြစ်တာကိုနှစ်သက်သလိုဖြစ်နေတယ်။ တစ်ခါမှ တစ်ယောက်ကိုမှ ကိုယ်တွေ့မလုပ်ခဲ့ဖူးပါဘူးဆရာ။ ဒါပေမယ့် ကိုယ့်အပေါ်အရမ်းကောင်းတဲ့ချစ်သူကိုတော့ သူ အလျော့ပေးတဲ့ကြားက အနိုင်ယူချင်တာတွေနဲ့ အဲ့လိုလုပ်ကြည့်ချင်စိတ်တွေဖြစ်နေတတ်ပါတယ်။ သူကလည်း နားလည်အလျော့ပေးနေလို့ ပိုခက်နေတာပါ။ ဒေါသထွက်မိရင် စဉ်းစားဆင်ခြင်စိတ်နဲ့ ပြေပျောက်လိုက်ချင်ပေမယ့် ချက်ချင်းကိုယ့်ဘက်ကလျော့်လိုက်ရမှာ ခက်ခဲနေတတ်ပါတယ်။ အဲ့ဒါ ကိုယ့်စိတ်ကိုယ်မနိုင်တဲ့ အားနည်းချက်၊ ပျော့ညံ့မှုလို့တော့ ၀န်ခံပါတယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုစိတ်တွေမဖြစ်ချင်တဲ့အပြင် တကယ်ချစ်လို့လက်ထပ်မယ့် အဲ့ဒီမိန်းကလေးအပေါ် အဲ့လို စိတ်ကြောင့် မနစ်နာစေချင်ဘူးဆရာ။
    ကျွန်တော့်မိဘကတော့ ကျွန်တော့်ကို မရိုက်ဘူးလို့ပြောရအောင် အရိုက်နည်းပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်ခွင့်လည်းပေးထားပါတယ်။ သူတို့ကိုယ်တိုင်လည်း ရန်တောင်မဖြစ်ဖူးပါဘူး။ ဒါပေမယ့် လူပျိုဖော်ဝင်စမှာ အပြစ်ပေးတာတွေ အရမ်းကြမ်းတဲ့ ကျောင်းတစ်ကျောင်းကို မိဘရင်ခွင်ကနေပထမဆုံးခွဲပြီး အချိန် အတော်ကြာအောင် ရောက်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အဲ့ဒီကြီးမားတဲ့ ဘ၀အပြောင်းအလဲမှာ ချို့တဲ့ခဲ့တဲ့ဒဏ်နဲ့ပေါင်းပြီး တော်တော်ခံစားခဲ့ရပါတယ်။ အဲ့မှာ လူတွေနဲ့ မရောချင်တဲ့ သီးသန့်နေချင်တဲ့ စိတ်လည်းဝင်ခဲ့ရပါတယ်။ အဲ့ထဲကိုမ၀င်ခင်ကတည်းကလည်း အဲ့လို လူတွေနဲ့မရောဘဲ စာဖတ်ပြီးအိမ်မှာကုတ်နေတတ်တဲ့ အကျင့်တော့ရှိပါတယ်ဆရာ။ ဒါပေမယ့် အဲ့ဒီကိုရောက်မှ ဖြစ်တဲ့စိတ်ဒဏ်ရာက မရောက်ခင်ကနဲ့တော့မတူဘူးဆရာ။ အခုနောက်တော့ နည်းနည်း သက်သာလာပါပြီ။ ဒါပေမယ့် လုံးဝပုံမှန်လူတွေလိုတော့ လူတိုင်းနဲ့ခင်ချင်တဲ့စိတ်မရှိသေးဘူးဆရာ။ ခင်တဲ့သူတွေနဲ့ဆို စကားတွေ အများကြီးပြောဖြစ်သလောက် ကျန်တဲ့လူတွေနဲ့ဆို လုံးဝကိုမခင်ပါဘူး။ လူတွေနဲ့ကင်းကင်းနေဖြစ်နေပါတယ်။ အဲ့ဒါတွေကိုကော စိတ်ဝေဒနာလို့ပြောလို့ရမလားဆရာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က လိင်ဆက်ဆံမှုကို စိတ်ထက်သန်ပါတယ်။ ဒါပေမယ့် လက်တွေ့မဟုတ်ပါဘူး။ တစ်ကိုယ်ရေအာသာဖြေခြင်းမျိုးကို ခဏခဏလုပ်ဖြစ်ပါတယ်။ ကျွန်တော်အဲ့လိုလုပ်ချိန်မှာ လိင်စိတ်ကိုနိုးထစေတဲ့ ဇာတ်ကားတွေကြည့်ဖြစ်ပါတယ်။ အဲ့ဒီမှာ များသောအားဖြင့် သာမန်ဆက်ဆံမှုမဟုတ်တဲ့ ရိုက်နှက်ပြီး သာယာမှုယူကြတဲ့ကားတွေကို ကြည့်ပြီးဖြေဖျောက်တာပိုများပါတယ်။ အဲ့ဒါတွေကြောင့်ပဲ အခုလိုဖြစ်နေတာလားဆိုတာကိုလည်း ကူစဉ်းစားပေးပါဦးဆရာ။ အဲ့ဒါတွေကိုကြည့်ရင် သဘောကျတတ်တာကကော သဘာဝမကျတဲ့ သာယာမှုလားဆရာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ကျွန်တော် sadist တစ်ယောက်တော့ အဖြစ်မခံချင်ပါဘူးဆရာ။ မဖြစ်ချင်ရင် ပြင်ပေါ့ ဘာလို့မေးနေသေးလဲဆိုရင် သိရုံနဲ့ပြင်ဖို့ခက်နေလို့ပါ။ အဲ့လိုလုပ်တဲ့ဇာတ်ကားတွေကိုကြည့်ရရင် စာတွေကိုဖတ်ရရင် sexual feeling တစ်ခုတော့တစ်ခုပဲ အဲ့ဒါကို ရနေတယ်။ အဲ့ဒါကိုလည်း သဘောကျနေတတ်တယ်ဆရာ။ အဲ့ဒါကိုကောဘယ်လိုပြင်လို့ရနိုင်မလဲဆိုတာ ကျွန်တော့်ကိုအကြံပေးပါဦးဆရာ။ နောက်ပြီး အဲ့ဒါဟာတကယ်ပဲ စိတ်ဝေဒနာတစ်ခုဆိုရင် ဘယ်လိုကုစားသင့်သလဲဆိုတာကိုလည်း အကြံပေးပါဦးဆရာ။ ကျွန်တော်ပြင်မှာပါ။ အခုချိန်မှာကျွန်တော်က အခြားတိုင်းပြည်တစ်ခုမှာရောက်နေပါတယ်။ မြန်မာပြည်ပြန်ရင် ချစ်သူနဲ့လက်ထပ်ပြီး သာယာတဲ့မိသားစုဘ၀လေးကို တည်ဆောက်ချင်ပါတယ်။ တရားထိုင်တာမျိုးနဲ့ ပြုပြင်ရင်တော့ ရနိုင်ကောင်းတယ်လို့ထင်ပါတယ်။ ရနိုင်ပါ့မလားဆိုတာကိုလည်းအကြံပေးပါဦးဆရာ။ ဆရာ့အနေနဲ့ စေတနာနဲ့ အခုလိုအချိန်ကုန်ခံပြီး စာတွေရေးပေးနေချိန်မှာ ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက်နဲ့ အချိန်တွေ အများကြီးတောင်းရတာကိုလည်း အားနာမိပါတယ်။ ဒါပေမယ့် လူနည်းစုအနေနဲ့တော့ အခုလိုအခြေအနေနဲ့ ဆရာတို့မဖြစ်စေချင်တဲ့အမှားတွေကို မှားနေတဲ့လူတစ်စုအတွက် ဆရာ ပြန်ရေးပေးဖို့တောင်းပန်ပါတယ်ဆရာ။ ဆရာရဲ့တန်ဖိုးရှိတဲ့ စာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: