Skip to content

Right to Expression

10 July 2010

ပြောရေးရှိက ပြောပိုင်ကြစေ…

ခုခေတ်ကာလမှာ လူငယ်တွေဟာ မိဘကို ရိုသေသမှု နည်းလာကြတာ အထင်အရှားပါပဲ။ ထို့အတူ မိဘကို ပက်ကော်ကလန် ပြန်ပြောနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ခဲ့ဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း အဲသလို ရိုင်းမိုက်တဲ့ သားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။


ဘာကြောင့် သည်လိုတွေဖြစ်နေရတာလဲ၊ ဘာကြောင့် လူငယ်တွေက အဲသလို ပြောဆိုနေကြတာလဲစသဖြင့် သည်ပြဿနာကို ချဉ်းကပ်ကြည့်ဖို့ လိုလာပါပြီ။ မိဘနဲ့ သားသမီးတို့ အကြားမှာ ရှိနေတဲ့ ပြဿနာအထွေထွေကို အတွင်းနှိုက်ပြီး ထဲထဲဝင်ဝင် စေ့ငုကြည့်ဖို့ကောင်းနေပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်တိုင်ကလည်း ယခုအချိန်ထိ သားတစ်ယောက်ဖြစ်နေသေးသကဲ့သို့ တစ်ချိန်တည်းမှာ မိဘတစ်ပါးလည်း ဖြစ်နေပြန်တဲ့အတွက် သည် ကိစ္စကို အလေးအနက်ထား စဉ်းစားကြည့်မိပါတယ်။

သေသေချာချာ ဆန်းစစ် စေ့ငုကြည့်လိုက်တဲ့အခါ ဘယ်ဟာက အကြောင်းတရား၊ ဘာက အကျိုးတရားဆိုတာတွေကို တိတိပပ မြင်လာရပါတယ်။

ဘယ်အချိန်က စပြီး မိဘကို မခန့်တော့သလဲ

ကလေးတစ်ယောက်မှာ ကိုယ်ပိုင်မာန်လေးတွေ စတင် ပေါ်ပေါက်လာကတည်းက မိဘကို ကလန်ကဆန် လုပ်လေသယောင် အမူအကျင့်တွေကို စတင် တွေ့ရနိုင်ပါပြီ။ ဒါတွေဟာ ကလေးရဲ့ အသိဉာဏ်နဲ့ ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးမှု အတိုင်းအဆပေါ်မှာ မူတည်ပြီး စောတာနဲ့ နောက်ကျတာသာ ကွာပါလိမ့်မယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ သည်လို ကလန်ကဆန် လုပ်သယောင် အမူအရာတွေကို မလွဲမသွေ တွေ့ရမှာပါပဲ။

ကလေးအများစုဟာ အသက် ငါးလ၊ ခြောက်လသားလောက်မှာ သူတို့ ကြိုက်တာ၊ မကြိုက်တာတွေကို တိတိပပ စတင်ဖော်ပြလာကြပြီ။ ခြောက်လသား ကျော်လာတာနဲ့ သူတို့ကိုယ်တိုင် လုပ်ချင်ကိုင်ချင်စိတ်လေးတွေ ပေါက်လာပြီ။ အဲဒီ့အချိန်ကစပြီး မိဘက သူတို့ ကိုယ်တိုင် လုပ်ကြည့်ချင်တာလေးတွေကို တားမြစ်တဲ့အခါတိုင်း မိဘကို ဆန့်ကျင်ပြလာတတ်ကြပါတော့တယ်။ ဆယ်လသားလည်း ကျော်လာရော သူတို့ကိုလည်း လူသားတစ်ယောက်အဖြစ် အသိအမှတ်ပြုစေ့ချင်တဲ့ စိတ်ကလေးက ဖေးဖေးထ လာပါပြီ။ သတိထားကြည့်မယ်ဆိုရင် ဒါကို မြင်သာပါတယ်။

ဒါပေမယ့် အဲဒီ့အချိန်မှာ ကလန်တာက မိဘကို စော်ကားလိုတဲ့ ဆန္ဒသဘောထားကြောင့် မဟုတ်ပါဘူး။ မိဘက သူ့အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ အတိုင်းအဆကို စမ်းသပ်ကြည့်တာရယ်၊ သူ့အတ္တနဲ့ ကိုယ်ရည်ကိုယ်သွေးက ဖွံဖြိုးလာတာရယ်၊ အသိအမှတ်ပြုခံချင်တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မသိတတ်သေးတဲ့ အရွယ်မှာ မသိသား ဆိုးရွားစွာ ကျူးလွန်တဲ့ အမှုသာ ဖြစ်ပါတယ်။

ဒါကို မိဘတွေက ဘယ်လို တုံ့ပြန်တတ်ကြပါသလဲ။

ခြောက်လှန့်နည်းတစ်ခုခုကို သုံးလို့ သူတို့ဩဇာကို အတင်းကို တည်ခိုင်းပါတော့တယ်။ သည်လိုနဲ့ မိဘတွေဟာ သားသမီးတွေကို မိမိတို့ ပြောတဲ့အတိုင်း လိုက်နာစေတဲ့ နည်းစနစ်မျိုးစုံကို စမ်းသပ် ကျင့်သုံးကြပါတော့တယ်။ သည်အခါမှာ အထူးတလည် အောင်မြင်တာကိုလည်း တွေ့ရတယ်။

တစ်နည်းပြောရရင် သူတို့ရဲ့ ဩဇာကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ နာခံခိုင်းပါတော့တယ်။ နည်းကတော့ အဓမ္မနည်းကို အများဆုံး သုံးကြတာပါ။ သားသမီး လုပ်တဲ့ ကလေးများကလည်း အမြင်အရ (အလုံးအဖန်အရ)နဲ့တင် မိဘက မိမိထက် အင်အားကြီးသူများ ဖြစ်နေတော့ အလိုလို ရှိန်နေပြီး ဩဇာခံဖို့အသင့် (မဖြစ်ချင်လည်း) ဖြစ်နေရပါတော့တယ်။

သည်ကြားထဲမှာ မမြင်ရတဲ့ အရာတွေနဲ့ လှန့်လုံးတွေ (ဥပမာ၊ သရဲ၊ တစ္ဆေ၊ ငရဲမင်း၊ ပြိတ္တာ၊) မြင်ရတဲ့ တုတ်နဲ့ ခြောက်လုံးတွေကြားမှာ သားသမီးလုပ်သူများအဖို့ နေစရာ မရှိတော့ပါဘူး။

ဘယ်အချိန်မှာ အတိအလင်း စကလန်သလဲ

မိဘကို စကလန်တဲ့အချိန်ကတော့ ၁၃-၄နှစ်အရွယ်၊ လူပျိုပေါက်စ၊ အပျိုပေါက်စမှာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကို စေ့ငုကြည့်ရင် အဲဒီ့ အပျိုဖော် ဝင်စ၊ လူပျိုဖော် ဝင်စ အရွယ်က စတင်လို့ လူငယ်လေးတွေဟာ သူတို့ ကိုယ်ကို မိဘနဲ့ တစ်တန်းတည်းပါလို့ စပြီး တွေးတောလာနိုင်ပါပြီ။ သူတို့ဟာလည်း မိဘတွေလိုပဲ လူသား တစ်ယောက် ဖြစ်တယ်၊ သူတို့မှာလည်း မိဘတွေလိုပဲ ကိုယ်စွမ်း ကိုယ်စတွေ ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိသိရှိလာပါပြီ။

ယောက်ျားလေး တစ်ယောက်အနေနဲ့ တစ်ချိန်မှာ သူလည်း သူ့ဖခင်လို ယောက်ျားသားတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာကိုသော်လည်းကောင်း၊ မိန်းကလေးကလည်း သူဟာ မိခင်နေရာကို တစ်ချိန်မှာ ရောက်လာမယ်ဆိုတာကိုသော်လည်းကောင်း ကောင်းကောင်းကြီး မှန်းဆ၊ တွေးတောနိုင်လာတဲ့ အရွယ်ပဲ ဖြစ်ပါတယ်။ အဲသလို တွေးတောမိလာတာနဲ့အတူ မိဘကို လုံးဝဥဿုံ မှီခိုနေရတဲ့ဘဝကနေ ငွေကြေးဥစ္စာမှတပါး အခြားနေရာတွေမှာ သိပ် မှီခိုစရာ မလိုတော့တာကိုပါ သတိထားမိလာကြတဲ့အရွယ်ပါ။

သည်အရွယ်မှာ “ပတ်ဝန်းကျင်”ဆိုတာကိုလည်း မြင်တတ်၊ သိတတ်နေပြီ။ ပတ်ဝန်းကျင်က လူတွေ ဘယ်လို နေထိုင်၊ ပြုမူကြတယ်ဆိုတာကိုလည်း စူးစမ်း မှတ်သားရင်း သူတို့ရဲ့စိတ်ထဲမှာ စံထားသူ တစ်ဦးဦးလည်း ပေါ်လာနိုင်ပြီ။ ဘေးအိမ်က အပျိုမလှလှကို စံထားရင် ထားမယ်၊ ဦးလေးတော် တက္ကသိုလ် ကျောင်းသားကို အတုခိုးရင် ခိုးမယ်စသည်ဖြင့် နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံခိုင်းကြည့်လာတတ်ကြပြီ။

တစ်နည်းအားဖြင့် “ကြီးကောင်”ဝင်လာတယ်လို့ ဆိုရမှာပါ။ အရွယ်ကတော့ ၁၃-၄နှစ်၊ အမူအကျင့်က လူပျိုကြီးဖားဖား၊ အပျိုကြီးဖားဖားစတိုင်။ မိဘလုပ်တဲ့သူတွေရဲ့အမြင်မှာတော့ တစ်စက်ကလေးမှ အချိုးမကျတော့ဘူး။

ပြဿနာက မိဘဆိုတာ သားသမီး ဘယ်အရွယ် ရောက်နေနေ၊ သူတို့မျက်စိထဲမှာ ကလေးပေါက်စနလို့ပဲ တစ်ချိန်လုံး ထင်နေတဲ့ကိစ္စ။ သားသမီးရဲ့ ကြီးပြင်းလာတဲ့ အရွယ်သဘောကို သတိပြုရကောင်းမှန်း၊ အရေးစိုက်ရကောင်းမှန်း မသိတတ်ချင်ကြတာ မိဘတိုင်းရဲ့ သဘာဝ။

သည်မှာတင် လူကြီးနဲ့လူငယ် ပဋိပက္ခ စတင်တော့တာပါပဲ။ မိဘတွေက သားသမီးတွေဟာ သူတို့ကို အတိအလင်း စကလန်နေပြီလို့ ခံစားလာရတော့တယ်။
အဲလို ခံစားလာရတာနဲ့ထပ်တူ သည်လူပျိုပေါက်စ၊ အပျိုပေါက်စတွေကို ဘယ်လို နှိပ်ကွပ်ရင် ကောင်းမလဲဆိုတာကိုပါ ထပ်ဆင့်စဉ်းစားလာကြတယ်။ အမှန်ကလည်း အမှန်။ သည်အရွယ်ဆိုတာ ဘဝမှာ တကယ့်ကို အရေးတကြီးနဲ့ အူကြောင်ကြောင်နိုင်လှတဲ့ အရွယ်ပဲ။ ထိန်းနိုင်မှ တန်ကာကျမယ်လို့ မိဘတိုင်းက အစဉ်အလာအရ နားလည်ထားနှင့်ပြီးသား။

ဒါပေမယ့် ထိန်းပုံထိန်းနည်းက တော်တော် စကားပြောတယ်။ ပညာပေး စည်းရုံးတဲ့နည်းထက် ခြိမ်းခြောက်၊ အပြစ်ပေးတဲ့နည်း၊ ဒါမှမဟုတ် ဩဇာပေးတဲ့စနစ်ကို ပိုသုံးမိတတ်ကြတာ ကျွန်တော်တို့ မိဘတွေမှာ အများဆုံး တွေ့ရပါတယ်။

ဒါဟာလည်း မိဘနဲ့ သားသမီးမှာ မိဘ လုပ်သမျှ အကုန်မှန်တယ်ဆိုတဲ့ အစဉ်အလာ အရိုးစွဲ အယူအဆကြောင့်ပါပဲ။ သားသမီးတွေအပေါ် စေတနာနဲ့ ပြုသမျှ အားလုံး တရားတယ်လို့ ယုံကြည်ယူဆရင်း အားလုံးကို အာဏာစက်နဲ့ ခြယ်လှယ်ဖို့ ကြိုးစားတော့တာပဲ။

သည်အခါလည်း အထိုက်အလျောက် အောင်မြင်သယောင် ထင်ရတယ်။ သားသမီးက အားမတန်လို့ မာန်လျှော့နေပါကလားလို့ တစ်စက်ကလေး မစဉ်းစားမိကြဘဲ၊ ထင်သလို ခြယ်လှယ်နိုင်ဖို့ကိုသာ အစွမ်းကုန် ကြိုးပမ်း အားထုတ်နေကြတယ်။

အမှန်က သတိထားရင် မြင်သာတယ်။ သည်အရွယ်မှာ မိဘတွေအပေါ် သားသမီးတွေက အယုံအကြည် နည်းပါးစ ပြုနေပြီ။ အမြင်သာဆုံးက ကျောင်းစာနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာပါပဲ။ သည်အရွယ်မတိုင်ခင်က မိဘပြောတာကိုမှ အမှန်အဖြစ် အလွယ်တကူ လက်ခံလိုက်ဖူးခဲ့ကြပေမယ့်၊ သည်အရွယ်ကိုလည်း ရောက်လာရော မိဘထက် ကျောင်းကဆရာက ပိုတတ်တယ်လို့ ထင်လာကြတယ်။

ပိုလို့ ဆိုးနိုင်တာက မိဘက ပညာနည်းသူ၊ သို့တည်းမဟုတ် သာမန် ဘွဲ့ရတွေသာဖြစ်ပြီး အလေ့အလာ၊ အဖတ်အရှုနည်းကာ ဉာဏ်ရည်နိမ့်သူများ ဖြစ်နေရင်ပါပဲ။ ဒါမှ မဟုတ်ရင်လည်း ငွေကြေးနောက်ကိုပဲ စိုက်လိုက်မတ်တတ် လိုက်နေသူတွေ၊ သို့တည်းမဟုတ် ရာထူးအရှိန်အဝါနောက်ကိုပဲ လိုက်ရင်း တာဝန်တွေနဲ့ အချိန်ပြည့် ဖိစီးနေသူတွေ ဖြစ်နေရင် ပိုဆိုးသွားနိုင်ပါတယ်။

သားသမီးများအတွက် မိဘကို အထင်ကြီးစရာ နည်း နည်း သွားဖို့ အခွင့်အလမ်း ပို ပို များလာနိုင်လို့ပါပဲ။ တစ်ဖက်မှာလည်း အဖေအမေ လုပ်တဲ့သူက ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံမှာ သိပ်ရှေးရိုးဆန်နေပြန်ရင် အရွယ်ရောက်ဖို့ ပြင်နေတဲ့ သားသမီးအနေနဲ့ အဖေအမေက ပညာတတ်တွေ ဖြစ်နေဦးတောင်မှ မိဘကို ခေတ်မမီသူများအဖြစ် အလွယ်တကူ သတ်မှတ်လိုက်နိုင်ပါတယ်။ သည်လို တွေးလိုက်မှလည်း သူတို့နဲ့ မိဘတွေအကြားက ကွာဟမှု၊ ပဋိပက္ခ ကို သူတို့ဘက်က နားလည်ယူလို့ ရတော့မှာကိုး။

သူတို့ လုပ်တာကိုင်တာ၊ နေတာထိုင်တာ၊ ဝတ်တာစားတာ၊ ပြောတာ ဆိုတာအစရှိတဲ့ ကိုယ်၊ နှုတ်၊ အပြုအမူ အားလုံးကြောင့် မိဘနဲ့ သူတို့ကြားမှာ အမြဲတစေ ပြဿနာရှိနေတယ်။ မိဘက တားလိုက်တိုင်း၊ သူတို့လုပ်ချင်တာ မလုပ်ရတိုင်း၊ နားမလည်နိုင်စွာနဲ့ အချုပ်ချယ်ခံရတယ်လို့သာ တစ်ချိန်လုံး တွေးမိနေတယ်။ သည်အတွက်အဖြေကို သူတို့ဉာဏ်မီသလောက် စဉ်းစားကြည့်တဲ့အခါ မိဘတွေကို “ခေတ်ဆွေးတွေ”အဖြစ် သတ်မှတ်လိုက်ခြင်းကသာ သူတို့လေးတွေအတွက် ကြောင်းကျိုး အဆီလျော်ဆုံး အဖြေ ဖြစ်လာတယ်။

သည်မှာတင် သူတို့ကိုယ်သူတို့ ခေတ်အမီဆုံးလူသားတွေလို့ မြင်လာတယ်။ သည်အချိန်မှာ လူငယ်တို့ရဲ့ ပေတေတေ၊ ဂျစ်ကပ်ကပ် စရိုက်လေးတွေ ခိုင်မာလာပါတော့တယ်။

ဆယ်ကျော်သက်တို့ရဲ့ ပြဿနာမျိုးစုံ

ဆယ်ကျော်သက်တွေရဲ့အဓိက ပြဿနာက ဝတ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။ သူတို့ဝတ်ချင်တဲ့ အဝတ်အစား၊ ထားချင်တဲ့ ဆံပင်ပုံစံစတာတွေကို မိဘက တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် တားဆီးပိတ်ပင်တာနဲ့ ပဋိပက္ခ စပါတယ်။

အမှန်က မိဘအနေနဲ့ ကိုယ်ချင်းစာကြည့်လိုက်ရင် ကိစ္စပြတ်တယ်။ ကိုယ့်တုန်းကရော သည်အရွယ်မှာ ဘယ်လို ဝတ်ချင်ခဲ့သလဲ၊ ဘယ်လို ဆံပင်ပုံစံမျိုး ထားချင်ခဲ့သလဲ၊ အဲဒါကို ပြန်တွေးကြည့်လိုက်ပြီး ကိုယ်ချင်းစာ ကြည့်လိုက်ရင် ပြီးတယ်။

ကိုယ့်တုန်းက ဆယ်ကျော်သက်အရွယ်မှာ ဝတ်ခဲ့တဲ့ အဝတ်အစား၊ ထားခဲ့တဲ့ ဆံပင်ပုံကို ကိုယ်ကိုယ်တိုင် ခုချိန်ထိ ဆက်ထားနေသေးလို့လား။ ဒါမျိုးဆိုတာက အချိန်တန်ရင် ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့အလိုလို ပျောက်သွားမယ့်ကိစ္စ၊ ရေးကြီးခွင့်ကျယ် လုပ်နေရမှာကို မဟုတ်ဘူး။ အဝတ်အစား၊ အဆင်အပြင်ကြောင့် စာရိတ္တကို ကြီးကြီးမားမား ထိခိုက်သွားစရာ အကြောင်းကလည်း မရှိလှဘူး။ အဲသလို တွေးကြည့်ပြီး အသာလေး လွှတ် ပေးထားလိုက်ရုံပဲ။

နောက်တစ်ခုက ဆယ်ကျော်သက်အရွယ်မှာ သူများ လုပ်လို့ လိုက်လုပ်ချင်တာလေးတွေလည်း ရှိနေတတ်တယ်။ ဥပမာ – ဆေးလိပ်သောက်တာ၊ ဂစ်တာတီးတာ၊ ရည်းစားထားတာ။

ဒါတွေကိုလည်း အာဏာစက်နဲ့ထက် စာနာစိတ်၊ မေတ္တာ စတာတွေနဲ့ စည်းရုံးသိမ်းသွင်းယူကာ မိဘတို့ လိုချင်တဲ့ အတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးပမ်းသင့်ပါတယ်။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် ဆိုပေမယ့် တားမြစ်ပုံ၊ ညွှန်ပြပုံနည်းစနစ်များမှာ အဓမ္မမဆန်ဖို့ အရေးကြီးပါတယ်။ အဓမ္မဆန်ခဲ့ရင် မိမိတို့ လိုချင်ကြတဲ့ ကောင်းကျိုးထက် ဆိုးကျိုးများကို ရရှိဖို့ အလားအလာ များတယ်။

တစ်နည်းအားဖြင့် ဆယ်ကျော်သက်တို့ ဖြစ်နေကျ ပြဿနာအလုံးစုံကို ကိုင်တွယ် ဖြေရှင်းရာမှာ မိဘတွေအနေနဲ့ ပါးနပ်လိမ်မာဖို့ လိုအပ်တယ်။ တစ်ဖက်ကလည်း သူတို့လေးတွေရဲ့တစ်နေ့တခြားကြီးထွားလာတဲ့ “အရွယ်” ဆိုတာကို သတိထားပြီး ရောက်နေတဲ့အရွယ်ကို အသိအမှတ် ပြုပေးရပါမယ်။ ၁၄ နှစ်သားကို ဆယ်နှစ်သားတုန်းက ကိုင်တွယ်နည်းနဲ့ ကိုင်တွယ်လို့ မရတော့သလို ၁၆ နှစ်သမီးကိုလည်း ငါးနှစ်သမီးလေးလို မြင်မနေမိဖို့ သတိချပ်ရမယ်။

မိဘနဲ့ သားသမီး စတင် ထိပ်တိုက် ရင်ဆိုင်ချိန်

အသက် ၁၈ နှစ်ကျော်ပြီဆိုတာနဲ့ ဥပဒေကြောင်းအရ လူငယ်တစ်ယောက်မှာ လုပ်ပိုင်ခွင့်တွေ အတိအလင်း ရှိလာပြီ။ တစ်နည်းအားဖြင့် ၁၈ နှစ်ကျော်တာနဲ့ အရာရာကို ဆုံးဖြတ် ချင့်ချိန်နိုင်တဲ့ အရွယ်ရောက်ပြီလို့ ဥပဒေက အတိအလင်း သတ်မှတ်တယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာ ၁၈ နှစ်ကျော် အရွယ်ဟာ အတွေ့အကြုံအားဖြင့် နုနယ်ဆဲသာဖြစ်တယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ်တော့ တော်တော် ဟုတ်နေပြီလို့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း စတင် တွေးတော ယုံကြည်နေကြပြီ။

သည်အချိန်မှာ မိဘနဲ့ ကဏ္ဍကောစ ဖြစ်ရတာတွေ ပိုများလာပြီ။ ဘာသာတရားအရ၊ အစဉ်အလာအရ၊ မိမိခြေထောက်ပေါ်မိမိ ခိုင်ခိုင်မာမာ မရပ်နိုင်သေးတဲ့ အခြေအနေအရ မိဘစကားကို နားထောင်ချင်ယောင်ဆောင်နေကြပေမယ့် အတွင်းစိတ်ကတော့ မိဘကို စတင်ဆန့်ကျင်နေပြီ။ သည်အချိန်မှာ မိဘဘက်က တင်းတင်းမာမာ တုံ့ပြန်လိုက်တာနဲ့ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ သားသမီးတွေဘက်က အေးစက်မာကျောလာပါတော့တယ်။ ဆယ်ကျော်သက်အရွယ် မတိုင်ခင်ကတည်းက စတင်သတ်မှတ်ခဲ့တဲ့“မိဘသည် ခေတ်ဆွေး”ဆိုတဲ့ အယူအဆဟာ ပိုမိုခိုင်မာလာတတ်ပြီး ဆယ်ကျော်သက် အရွယ်တုန်းကထက် ပိုမို တိကျတဲ့ စကားလုံးတွေနဲ့ မိဘကို နှုတ်လှန် ထိုးလာတတ်ပြီ။

နှုတ်လှန်ထိုးမှု ပြဿနာ

သည်ပြဿနာမှာ မိဘ တော်တော်များများက သားသမီးတွေ နှုတ်လှန်ထိုးတယ်လို့ချည်း မြင်နေတတ်တာဟာ အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံး အကြောင်းအချက်ပါပဲ။ သားသမီးက အကျိုးသင့် အကြောင်းသင့် ပြောတာကိုပင်လျှင် မိဘကို ခံပြောတယ်၊ နှုတ်လှန်ထိုးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ နှိပ်ကွပ်ဖို့၊ အခြေအနေကို တင်းမာသထက် တင်းမာလာအောင် ဖန်တီးယူဖို့ အားထုတ်ပါတော့တယ်။

ဘာကြောင့်ပါလဲ၊ မိဘဆိုတာတွေဟာလည်း လူထဲက လူတွေ ဖြစ်နေလို့ပါပဲ။ လူဆိုတာက ကိုယ့်အတွက် အမြဲတစ်ကွက် ချန်တတ်တာကိုး၊ လူဆိုတာက ကိုယ့်အမှား ကိုယ်မြင်မိဖို့ထက် သူတစ်ပါး အမှား ထောက်ပြဖို့ကို အထုံ ဝါသနာကြီးမားသူတွေကိုး။ လူမှုဆက်ဆံရေး နယ်ပယ်မှာတောင် ပြဿနာ တစ်စုံတစ်ရာ ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် “ငါ ဘာမှားသွားသလဲ”ဆိုတာ ကို စဉ်းစားကြဖို့ထက် “သင်းကိုက ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာ”စသည်ဖြင့် တစ်ဖက်သားကိုသာ အပြစ်ဖို့ရေး ဦးစွာတွေးတတ်သူတွေကိုး။

သားသမီးနဲ့ ပတ်သက်လာတဲ့အခါမှာ ပိုလို့ ဆိုးသွားပါတယ်။ မိဘ ဖြစ်နေပြီဆိုကတည်းက သားသမီးအပေါ် မေတ္တာ၊ ကရုဏာ၊ စေတနာ ကြွယ်ပြီးသား။ တစ်နည်းအားဖြင့် ချစ်ဇောအဟုန်၊ စေတနာဇောအဟုန်က ပူးနှင့်ပြီးသား။ အဲဒီ့ဇောနဲ့ ယှဉ်လာတဲ့ အရာအားလုံးဟာ မှန်တယ်၊ တရားတယ်လို့ချည်း မိဘ တော်တော်များများက တွေးမိတတ်ကြတယ်။

တစ်နည်းအားဖြင့် မိဘဖြစ်နေတဲ့အတွက် အရာရာမှာ“ငါတို့သာ အမှန်” လို့ သာသာထိုးထိုး တွေးချလိုက်ပြီး၊ သားသမီးတွေဘက်က ဘယ်လောက်ကြီး အကျိုးအကြောင်း ဆီလျော်နေစေကာမူ လက်ခံ လိုက်လျောပေးဖို့ ဝန်လေးတတ်ကြတယ်။ တစ်ခါတလေများမှာ သားသမီးဘက်က တင်ပြချက်တွေဟာ သိပ်ခိုင်လုံနေပြီး၊ သိပ်အကျိုးသင့် အကြောင်းသင့်နေဦးတောင်မှ မိဘဘက်က အလို မလိုက်နိုင်တာ၊ မလိုက်လျောနိုင်တာလေး တစ်ခုနဲ့တင် နှုတ်လှန်ထိုးတယ်ဆိုတဲ့ စွဲချက်နဲ့ သားသမီးကို အပြီးသတ် ပါတောပိတ်ခိုင်းတတ်ကြပါတယ်။ သည်အချိန်ဟာ မိဘနဲ့ သားသမီး ထိပ်တိုက်ရင်ဆိုင်ရတဲ့အချိန် ဖြစ်သွားပါပြီ။

သားသမီးက အတိအလင်း ဆန့်ကျင်ချိန်

ဒါကတော့ ရှင်းပါတယ်။ သားသမီးမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အစွမ်းအစများ ရှိလာချိန်ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဝင်ငွေ ရှိလာတဲ့ သားသမီးတွေဟာ မိဘကို အတိအလင်း ဆန့်ကျင်ကြလေတော့မှာ အသေအချာပါပဲ။ အတိအလင်းမဟုတ်တောင် “ပြန်မပြော၊ နားမထောင်” သော်လည်းကောင်း၊ “ရှေ့တွင် ဟုတ်ကဲ့၊ ကွယ်ရာမဲ့” သော်လည်းကောင်း ဖြစ်သွားပါပြီ။

သည်လိုအချိန်မှာ မိဘတွေဘက်ကလည်း သဘောထား မမှန်နိုင်တော့ဘူး။ သားသမီးတို့ရဲ့ တက်ချိန်ဟာ၊ မိဘတွေရဲ့ ကျချိန်လည်း ဖြစ်ပါတယ်။ အရွယ် သဘော၊ အောင်မြင်မှုရဲ့သဘော၊ စီးပွားရေးအတွက် လှုပ်ရှား ရုန်းကန်နိုင်မှု သဘောစတာတို့အရ ပြောတာပါ။ သားသမီးတွေ စိတ်ဓာတ်တက်ကြွတဲ့ အချိန်ပိုင်းကို ရောက်ချိန်မှာ မိဘဘက်က စိတ်ဓာတ် ယိုယွင်းကျဆင်းချိန်နဲ့ အများဆုံး တိုက်ဆိုင်လာတယ်။ သည်အခါမှာ ဆယ်ကျော်သက်ရွယ်ကတည်းက အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းတဲ့ ဓလေ့လေး ရှိနေတဲ့ သားသမီးများရဲ့ ကျိုးကြောင်းပြ စကားတွေကိုပင် တစ်မျိုးပြောင်း မြင်ကုန်တတ်ကြတယ်။ ခွာရာ တိုင်းတယ်၊ ကိုယ်ပိုင်ဝင်ငွေလေး ရလာလို့ လူဝါးဝတယ်စသည်ဖြင့် သတ်မှတ် စွပ်စွဲလာပြန်တော့တယ်။

သားသမီး အသက်အရွယ် ကြီးလာသလို၊ မိဘလည်း အရွယ်ရလာတာနဲ့အမျှ ပြဿနာတွေဟာ ပိုမိုကြီးထွားလာရပါတော့တယ်။

အဖြေ

ကောင်းပါပြီ။ အခုအထိ ဆွေးနွေးခဲ့တာက သားသမီးနဲ့ မိဘကြားက နှုတ်လှန်ထိုးမှု၊ ကလန်ကဆန် လုပ်မှု၊ မခန့်လေးစား လုပ်မှုစတာတွေကို ယေဘုယျ သုံးသပ်လိုက်တာသာ ဖြစ်ပါတယ်။ သည်ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့အပိုင်းကို အခု ဆက်လက်ဆွေးနွေးလိုပါတယ်။

အထက်မှာ သုံးသပ်ခဲ့တဲ့အတိုင်း ပြောရရင် သည်ပြဿနာမှာ မိဘတွေက ထိပ်ဆုံးမှာ တာဝန်ရှိပါတယ်။ အဓိကအချက်ကတော့ မိမိတို့ သားသမီးများရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ အရွယ်ကို အသိအမှတ် ပြုပေးဖို့ပါ။ တစ်နည်းအားဖြင့် သူတို့တွေဟာလည်း မိဘတွေလိုပဲ သွေးသားနဲ့၊ အရိုးအဆစ်နဲ့၊ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ခံစား ထိရှလွယ်လှသူ လူသားများအဖြစ် မျဉ်းတစ်ပြေးတည်း ရှုမြင်၊ ဆက်ဆံဖို့ပါပဲ။

သူတို့တွေဟာ မိမိတို့ဝမ်းက ပေါက်ဖွားလာတဲ့အတွက် မိမိတို့ရဲ့ရင်သွေးများ ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမယ့် သားသမီး ဖြစ်နေတာနဲ့ သူတို့တွေဟာ “တစ်ဆင့်နိမ့် လူသားများ} (Lesser Human-beings) ဖြစ်မသွားပါဘူး။

သားသမီး ဖြစ်တဲ့အတွက် အားလုံးကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံနေရမယ့် တိရစ္ဆာန်တွေ ဖြစ်မကုန်ကြသလို၊ မိဘတွေ ဖြစ်နေတဲ့အတွက်လည်း အလုံးစုံသော အသိဉာဏ်တွေနဲ့ ကုံလုံ ပြည့်ဝကာ အရာရာကို ခြယ်လှယ်နိုင်သော စေတစ်လုံးပိုင်ရှင် မဟာလူသား (Tyrannic Supermen) တွေ ဖြစ်မနေကြပါဘူး။

သည်အချက်ကို သတိထားလိုက်နိုင်ရင် မိဘနဲ့ သားသမီးများကြားမှာ ရှိနေတဲ့ ပြဿနာ အတော်များများဟာ ညက်ညက်ညောညော ပြေလည်သွားနိုင်ပါတယ်။

အကိုးအကား

သည်နေရာမှာ အနန္တော အနန္တ ငါးပါးထဲမှာ ပါဝင်နေတဲ့ မိဘနဲ့ဆရာကို မရိုသေဖို့၊ ကလန်ကဆန် လုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ မိဘသည် မည်သည့်ဘဝသို့ ရောက်နေစေကာမူ မိဘသာ ဖြစ်သည်ဆိုတဲ့ အဆိုဟာ ခြွင်းချက် မရှိ မှန်ကန်ပါတယ်။ မိဘဆိုတာ သားသမီးအတွက် အဖက်ဖက်က အကောင်းဆုံး ဖြစ်စေချင်သော စေတနာများနဲ့ ပြည့်စုံတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်တာလည်း အငြင်းပွားစရာ အကြောင်းတစ်ရပ် မဟုတ်ပါဘူး။

ဒါပေမယ့် မိဘဆိုတာ အထက်က ပြောခဲ့သလို လူတွေထဲက လူသား စင်စစ်များသာ ဖြစ်နေတဲ့အတွက် အယူမှားခြင်း၊ အမြင်မှားခြင်းတွေ ရှိနိုင်ပါတယ်။ သည်အချက်အတွက် ထင်ရှားတဲ့ သာဓကကို ပြပါဆိုရင် ကျွန်တော်တို့ရဲ့ ရှင်တော် မြတ်ဘုရားနဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးတို့ကို ပြရမှာပဲ ဖြစ်ပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မိဘရဲ့အလိုဆန္ဒကို ပယ်ရှားပြီး အလောင်းတော် ယုံကြည်တဲ့ လမ်းစဉ်အတိုင်း တောထွက်တော်မူခဲ့တာ ဗုဒ္ဓဘာသာဝင် အားလုံး အသိပါ။ သို့တိုင်အောင် ဖခမည်းတော် သုဒ္ဓောဒနမင်းကြီးက ဘုရားရှင်ကို လျှောက်ထားတယ်။ သားတော်ကြီးဖြစ်တဲ့ ဘုရားရှင်တင်မက သားတော်ငယ် ရှင်အာနန္ဒ၊ မြေးတော် ရှင်ရာဟုလာတို့ပါ သာသနာ့ဘောင်ကို ဝင်ရောက်သွားကြတဲ့အတွက် ခမည်းတော်မှာ သူ့ထီးနန်း အရိုက်အရာကို ဆက်ခံမယ့်သူ မရှိဖြစ်နေကြောင်း၊ သည်အတွက် နောင်ကို သာသနာ့ဘောင် ဝင်လိုသူများအား မိဘရဲ့ခွင့်ပြုချက်ပါမှ ဝင်ခွင့်ပြုစေလိုကြောင်း လျှောက်ထားတယ်။

သည်အခါမှာ ဘုရားရှင်က ခမည်းတော် လျှောက်တာ နည်းလမ်းကျနေတဲ့အတွက် သာသနာ့ဘောင် ဝင်ရာမှာ မိဘရဲ့ခွင့်ပြုချက် လိုအပ်ကြောင်းကို သတ်မှတ် ပြဋ္ဌာန်းပေးခဲ့ပါတယ်။

ဒါကို ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက တစ်မျိုး လုပ်တယ်။သူ့မိဘတွေက ဒိဋ္ဌိတွေ ဖြစ်နေတဲ့အတွက် သူ့ညီတော်များ သာသနာ့ဘောင် ဝင်မယ် ဆိုရင် သူသာလျှင် အမိ၊ သူသာလျှင် အဘနေရာမှာ ရှိတယ်။ သူ့ညီတော် ရှင်ရေဝတ ရဟန်းဘောင် ဝင်မယ်ဆိုရင် မိဘတွေဆီက ခွင့်ပြုချက် တောင်းရန်မလို၊ ကိုယ်တော်တိုင်က ခွင့်ပြုပြီး ဖြစ်တယ်လို့ မိန့်ကြားခဲ့ကြောင်း “ဓမ္မပဒ ကထာ”မှာ ပါရှိပါတယ်။

သည်နှစ်ချက်ကို ပြန်ကောက်ရင် ဘုရားရှင် ကိုယ်တော်တိုင်ရော၊ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပါ အရွယ် ကောင်းစွာ ရောက်နေတဲ့ အချိန်မှာ မိဘတို့ရဲ့ အယူအဆများဟာဖြင့် မှားယွင်းနေတယ်၊ သည်အတွက် လိုက်နာရန် မလို ဆိုပြီး ကိုယ်တော်တို့ ယုံကြည်ရာ လမ်းစဉ်ကို တိတိလင်းလင်း ရွေးချယ် ဖော်ဆောင်ခဲ့တာ ထင်ရှားပါတယ်။

သည်အတွက် ကိုယ်တော်တို့ရဲ့ခမည်းတော်၊ မယ်တော်တို့ကို မရိုသေရာ၊ စော်ကားရာ လုံးဝ မရောက်ခဲ့ဘူးဆိုတာကိုလည်း ကျွန်တော်တို့ အားလုံး သိနားလည်ကြပါတယ်။

သည်ကိစ္စနဲ့ တစ်နည်းတစ်ဖုံ ပတ်သက် ဆက်နွယ်လို့ နေတဲ့ လင်္ကာ သံပေါက်လေးတစ်ခုကို ဆက်လက် ကိုးကားလိုက်ချင်ပါသေးတယ်။ မဟာ ဂန္ဓာရုံ စာသင်တိုက်ကို တည်ထောင်သူ ကျေးဇူးတော်ရှင် အမရပူရ (တောင်မြို့) ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ သံပေါက်ပါ။

 

မည်သူ့ကိုမျှ၊ မညှာကြနှင့်
မိဘဆရာ၊ ဆိုစေကာလည်း
သူဟာ ဗာလ၊ ပဏ္ဍိတဟု
ကျနစင်စစ်၊ တွေ့တိုင်းစစ်
စနစ်ကျစေကွဲ့… တဲ့။

မိဘ၊ ဆရာဆိုတဲ့ အနန္တော အနန္တငါးပါး ဂိုဏ်းဝင်ပင် ဖြစ်နေပါစေ၊ အသက်အားဖြင့်သော်လည်းကောင်း၊ ဂုဏ်အားဖြင့်သော်လည်းကောင်း ကြီးသူ ဖြစ်နေပါစေ၊ လူမိုက်လား၊ ပညာရှိလားဆိုတာကို ကျကျနန ဆန်းစစ် သုံးသပ်ထိုက်ကြပေတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ရှောင်ရှားရန် အစွန်းတရားနှစ်ဘက်

သည်နေရာမှာ အစွန်းတရားများကိုတော့ မလွဲမသွေ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အစွန်းတရားဆိုတဲ့နေရာမှာ မိဘဘက်က အစွန်းနဲ့ သားသမီး ဘက်က အစွန်းဆိုတဲ့ အစွန်းနှစ်ဘက် ရှိနေပါတယ်။ သားသမီးတို့အနေနဲ့ မိဘကို ကလန်ခြင်း၊ မခန့်လေးစား လုပ်ခြင်းမျိုးများကတော့ ကံကြီးထိုက်နိုင်တဲ့ စော်ကားခြင်း မည်ပါတယ်။

ရိုသေခြင်း၊ ဂါရဝ ထားခြင်းများကို အစဉ်တစိုက် နှလုံးသွင်းပြီး ပြောရေးရှိလို့ ပြောကြစတမ်းဆိုရင်တောင် သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာနဲ့ အကျိုးသင့် အကြောင်းသင့် တင်ပြနိုင်ကြရပါမယ်။ ဆိုခဲ့တဲ့အတိုင်း မိဘများ ဆိုတာလည်း လူသားများသာဖြစ်တဲ့အတွက် အမှားအယွင်းများ မုချ ရှိမှာပါ။ သို့သော် ထိုအမှားအယွင်းများသည် စေတနာ၊ မေတ္တာ ဇောအဟုန်ကြောင့်၊ စေတနာ၊ မေတ္တာ တိမ်သလ္လာဖုံးမှုကြောင့် အမှတ်မဲ့ မှားယွင်းနေတတ်တာမျိုးဆိုတာကို သားသမီးတို့အနေနဲ့ သတိထားတတ်ကြရပါမယ်။

အရွယ်ရောက်နေတဲ့ သားသမီးတို့အနေနဲ့ (ယေဘုယျအားဖြင့် အသက် ၂၀ကျော်တို့) မိမိတို့ရဲ့ ပိုင်ခွင့် တစ်စုံတစ်ရာကို မိဘရဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး ရယူ တောင်းဆိုကြရာမှာ အကျိုးသင့် အကြောင်းသင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဆိုကြပါစို့၊  မိဘ သဘောမတူသူနဲ့ လက်ထပ်မယ့် ကိစ္စမျိုးမှာ သားသမီးတို့ဘက်က ဘာကြောင့် လက်ထပ်သင့်တယ်ဆိုတာကို အကျိုးအကြောင်းနဲ့တကွ ပြေပြေလည်လည်၊ ချေချေငံငံ ပြောပြနိုင်ရပါမယ်။ ဒါပေမယ့် အရက်သေစာ သောက်စားမူးယစ်မိလို့ မိဘက ဆိုဆုံးမတဲ့အခါမျိုးမှာတော့ မိဘမှာ အဲသလို ဆုံးမပိုင်ခွင့် အပြည့် ရှိတယ်ဆိုတာ သတိမူရမယ်။ တစ်ခါတစ်ရံ သောက်စားတာအတွက် ပြောဆိုတာမျိုးဆိုရင် မိဘကို အကျိုးသင့် အကြောင်းသင့် ရှင်းလင်းပြလို့ ရတတ်နိုင်သေးပေမယ့် အမြဲတစေ သောက်စား၊ မူးယစ်၊ ရမ်းကားနေလို့ မိဘတွေဘက်က ပြောလာရင်တော့ (ကိုယ်တိုင်က မလိုက်နာနိုင်သည့်တိုင်) မိမိတို့ရဲ့ လုပ်ရပ် ကိုယ်၌က မှားယွင်းနေတာမို့ ပြန်လှန်ပြောဆိုဖို့ မသင့်ပေဘူး။

မိဘဘက်က အစွန်းကတော့ မိမိတို့ရဲ့သားတွေ၊ သမီးတွေက အကျိုးသင့် အကြောင်းသင့်နဲ့ ချေချေငံငံ ပြန်လည်တင်ပြတဲ့အခါ “ငါ မိဘ၊ ငါသာအမှန်၊ ငါ့စကား အောင်ကို အောင်ရမယ်”ဆိုတာမျိုးကို ရှောင်ရှားဖို့ပါပဲ။ သားသမီးဘက်က တင်ပြတာကို မိဘဘက်ကလည်း တလေးတစား နားထောင်ပြီး ချင့်ချိန်ရပါမယ်။
သားသမီးတို့ရဲ့ တင်ပြချက်များ ခိုင်လုံနေသော်လည်း မိမိတို့ဘက်က လက်မခံနိုင်သေးလျှင် တစ်ချက်ကို အသေအချာ စဉ်းစားပါ။ အဲဒါကတော့ မိမိတို့ လက်မခံနိုင်ခြင်းသည် မိမိတို့ရဲ့ သားသမီးများကို အလွန့်အလွန် ကောင်းစေချင်သော စေတနာ ဆန္ဒဇောကြောင့်များ လက်မခံနိုင်အောင် ဖြစ်နေရခြင်းလား ဆိုတာကိုပါပဲ။ အဲသလိုကြောင့်သာ ဖြစ်နေရင်တော့ အသာလေးသာ လျှော့လိုက်ပါတော့။ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် ကျွတ်ထိုက်တဲ့ သတ္တဝါတို့ကိုသာ ချွတ်နိုင်ခဲ့ပါတယ်။ သားသမီး အရင်းခေါက်ခေါက် ဖြစ်နေတဲ့အတွက် သဗ္ဗေသတ္တာ ကမ္မသကာ စာရင်းထဲက ပယ်လိုက်လို့မှ မဖြစ်နိုင်တာပဲ။

ဆရာသမား ကိစ္စ

တစ်ဆက်တည်းမှာ ဆရာသမားကိစ္စကိုပါ တစ်လက်စတည်း ဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့မြန်မာတွေဟာ လူတကာကို ဆရာခေါ်ဖို့ အလွန် ဝါသနာ ကြီးကြပါတယ်။ ကျောင်းဆရာကိုလည်း ဆရာ၊ ဆေးဆရာကိုလည်း ဆရာ၊ ဆရာဝန်ကိုလည်း ဆရာ၊ စာရေးဆရာကိုလည်း ဆရာ၊ ကားသမားကိုလည်း ဆရာ၊ ဆိုက်ကားသမား၊ မြင်းလှည်းသမားတို့ကိုလည်း ဆရာ ခေါ်တာဟာ သာမန်အားဖြင့် ယဉ်ကျေးသမှုမို့ ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး။

ဒါပေသည့် အလုပ်ရှင်၊ မိမိထက် ရာထူးကြီးသူများကို ဆရာ ခေါ် ခြင်းအားဖြင့်တော့ အကုန်“ရှုပ်”ကုန်တတ်ပါတယ်။ (တချို့များဆို နိုင်ငံခြားသား မျက်နှာဖြူများကိုပင် ဆရာ၊ ဆရာမ စသည်ဖြင့် မြန်မာလို မြိန်ရည် ယှက်ရည် ခေါ်နေကြတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားဖူးပါတယ်။ ပညာတတ်ကြီးတွေ၊ စာရေးဆရာကြီးတွေရဲ့နှုတ်ကနေ အဲလိုထွက်လာတာကို ကြားရတော့ ယဉ်ကျေးသမှုဆိုတာကို နေရာနဲ့နေရာ အံဝင်ခွင်ကျ မသုံးတတ်ရှာကြတဲ့ အနှီပုဂ္ဂိုလ်များရဲ့အသိနုံနဲ့မှုကို ဩချမိရပါတယ်။ စကားကြုံလို့ ပြောတာပါ။)

ဘာကြောင့် ရှုပ်ကုန်တတ်တယ်လို့ ပြောရသလဲဆိုရင် ဆရာလို့ ဆိုတာနဲ့ အနန္တော အနန္တငါးပါးထဲမှာ ပါတဲ့ ဆရာနဲ့ ရောထွေးကုန်ပြီး အကျိုးသင့်၊ အကြောင်းသင့်မှ မပြောရဲ မဆိုရဲတွေ ဖြစ်ကုန်ကြတာကြောင့်ပါပဲ။ တစ်ဖက် ကလည်း “ဆရာ” အခေါ်ခံရသူများက ဘဝင်လေဟပ်ကာ “ငါပြောတာ အမှန်၊ ငါ လုပ်တာအမှန်”လို့ ထင်ကုန်တတ်ကြပြီး လက်အောက်ငယ်သားအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်တတ်သွားတာတွေကြောင့်လည်း ဖြစ်ပါ တယ်။

တကယ်က အထက်က ဆိုခဲ့သလို အနန္တော အနန္တ ဂိုဏ်းဝင် ဆရာသခင်ပင် ဖြစ်စေဦးတော့ သူဟာ ပုထုဇဉ်မျှသာ ဖြစ်နေသေးတာမို့ သူ့ကိုလည်း ချေချေငံငံ၊ ပြန်လည် ထောက်ပြ ဝေဖန်ခွင့် ရှိပါတယ်။

“ပါစိတျာဒိ အဌကထာ”စာမျက်နှာ ၂၅၉ မှာ ဆရာလုပ်သူက အာပတ် မကင်းတဲ့ စကားမျိုးကိုဆိုနေလျှင် တပည့်အနေနဲ့ “သည်စကားဟာဖြင့် အာပတ်မကင်းတဲ့ စကားမျိုးများ ဖြစ်မနေဘူးလား ဘုရား”လို့ မေးလျှောက်ခြင်းဖြင့် ဟန့်တားရပေမယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်က တိတိလင်းလင်း ပညတ်ခဲ့ပါတယ်။

တစ်ခါ၊ “သီလက္ခန္ဒ ဝဂ္ဂဌကထာ” စာမျက်နှာ ၃၈ နဲ့ ၃၉ မှာ “ဆရာ မစင်ပုံ နင်းသည်နှင့် တပည့်က လိုက်မနင်းရာ၊ ဆရာ မီးပုံနင်းလျှင်လည်း တပည့် မနင်းရာ၊ ဆရာ ဆူးပုံနင်းလျှင်လည်း တပည့်မနင်းရာ၊ ဆရာ အဆိပ် သောက်သော်လည်း တပည့်မသောက်ရာ၊ ဆရာ ချောက်ထဲ ခုန်ဆင်းသော် လည်း တပည့်မဆင်းရာ”လို့ အတိအလင်း ပါရှိပါတယ်။

သည်လောက်ဆိုရင် ဆရာသမားကို ချေချေငံငံနဲ့ အကျိုးသင့် အကြောင်းသင့် ပြန်လည် တင်ပြလိုက်မိရုံမျှနဲ့ ငရဲမှာ သစ်ငုတ်ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ သေချာလောက်ပါပြီ။

အနှစ်ချုပ်

သည်ဆောင်းပါးကို ရေးရခြင်း အကြောင်းရင်းကတော့ ဆရာသမား၊ မိဘဆိုတာနဲ့ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အရာရာကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံနေရမယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆ တစ်ရပ်ကို တည့်မတ်သွားစေချင်လို့ပါ။ တစ်ဖက်ကလည်း လူငယ်တွေဘက်က အကျိုးသင့် အကြောင်းသင့် ပြန်လည်တင်ပြလာရင် “ဂိုဏ်းသင့်မယ်”ဆိုတဲ့ စကားနဲ့ အနိုင်ပိုင်းတတ်ကြတဲ့လူကြီးသူမများ အမြင်မှန်ရလေအောင် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

အဓိကအချက်များအနေနဲ့ကတော့…

  • မိဘဆရာသမားတို့ကို ရိုသေလေးစားကြပါ။
  • သို့သော် ရိုသေလေးစားမှုကြောင့် အရာရာကို ရေငုံနှုတ်ပိတ်နေဖို့ လုံးလုံး မလိုပါ။
  • ပြောရေးရှိတဲ့အခါတိုင်း သားသမီးများ၊ တပည့်များတို့က ချေချေငံငံ၊ ပြေပြေပြစ်ပြစ်နဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းလင်း တင်ပြနိုင်ပါတယ်။
  • မိဘ၊ ဆရာသမားများအနေနဲ့လည်း ဆန္ဒာဂတိ၊ မောဟာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိဆိုတဲ့ အဂတိတရား လေးပါးကို အတတ်နိုင်ဆုံး ပယ်ရှားပြီးမှ တပည့်၊ သားသမီးများရဲ့အရေးကိစ္စများကို အဆုံးအဖြတ်ပေးရပါမယ်။
  • မိဘဆရာသမားတို့အတွက် အရေးကြီးဆုံးအချက်ကတော့ မိမိတို့ရဲ့ သားသမီး၊ တပည့်များရဲ့အရွယ်ကို အသိအမှတ်ပြုတတ်၊ လေးစားတတ်ဖို့ပဲ ဖြစ်ပါတယ်။
၁၉၉၆ ခု ဇန်နဝါရီထုတ် “သရဖူ” မဂ္ဂဇင်းပါ သည် ဆောင်းပါးအတွက် လိုအပ်တဲ့ ဘာသာရေးစာပေ အထောက်အထားများကို မိန့်ကြား လမ်းညွှန်ပေးသူက ပျံလွန်တော်မူသွားခဲ့ပြီးဖြစ်တဲ့ တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလ ဖြစ်ပါတယ်။ ဆရာတော်နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ကြတာက (အခုအခါမှာ မြန်မာပြည်မှ သွားလေသူ) စာရေးဆရာမ မိုးချိုသင်း၊ စာရေးဆရာ မောင်မိုးသူနဲ့ သူ့သား ညီညီမိုးသူတို့ ဖြစ်တာမို့ သည်စာမူ ပါရှိတဲ့ ကျွန်တော့်ရဲ့ “သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” စာအုပ် ပထမအကြိမ်ထုတ်မှာရော၊ ဒုတိယအကြိမ်ထုတ်မှာပါ သူတို့အားလုံးကို လေးစားစွာ ကျေးဇူးစကားဆိုခဲ့ဖူးသလို အခုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်း အစီရင်ခံအပ်ပါတယ်။
Advertisements
5 Comments leave one →
  1. ကိုရင်ကောင်းမြတ် permalink
    10 July 2010 11:23 pm

    အရမ်းကြိုက်တယ်… နောက်မှ ကွန်မင့်န်ရှည်ရှည်ရေးဦးမယ်။ ကွန်ပျုတာပျက်နေလို့

  2. 11 July 2010 11:10 pm

    ကြိုက်တယ်ဗျာ…….
    “ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်” ကြားဘူးတဲ့ စာသားလေးပါ။ အဲဗျ… မှန်တာပြောရင်လည်း ရွာပြင် ထုတ်ခံရတယ်တဲ့….သတိထားဦးမပါလေ…။

  3. arrli permalink
    2 August 2010 11:54 am

    sir ka yaw sir’ parent ko lay respect shi ya’ lar?

  4. lettwebaw permalink*
    10 May 2011 10:59 am

    Facebook မှာ ဒါကို ဒုတိယအကြိမ် ပြန်တင်တော့ တက်လာတဲ့ comment တချို့နဲ့ ကျွန်တော့် အဖြေများကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

    Ye Myat Thu: မိဘ က မကောင်းတာ ကောင်းတာ သိ ပြီး တဲ့နောက် သားသမီးစရိုက်နဲ့ အနေအထားကိုပါသိမှ ယုံကြည်မှု့ကို ငယ်စဉ်ကတည်းကဆောက်ထားနိုင်မှ သူတို့ရဲ့ role model တခုခုကို မိအောင်ဖမ်းနိုင်မှ ကိုယ် တည်ဆောက်ချင်တဲ့ ပုံကိုဆောက်နိုင်မယ်လို့တွေးမိပါတယ်။ ဘုရားပင်လျင် တ…မျိုးတည်းသောတရားကို နေရာ အလိုက် ခံယူသူအလိုက် အနေအထားအမျိုးမျိုးမှာ ကျိုးစားခဲ့ရတာပါ။ သတ္တဝါတဦးက အခြားတစ်ဦးကို ပုံသွင်းချင်တယ်ဆိုရင်တော့ အကောင်းထက်အဆိုးဆီဦးတည်တတ်ပါတယ်။ ညွန်ပြ ပဲပြင် သိစေတယ် ဖြစ်စေလိုတယ် ထက် ပိုတင်လို့မလွယ်လောက်ပါဘူး လို့မြင်ပါတယ်။

    Khun Myahlaing: ခဏခဏ ပြန်ပြန် တင်ပေးသင့်တဲ့ စာတပုဒ်ပါပဲ ဆရာရေ… တချို့ အမြင် တိုသူ တွေက ဒီလို စာမျိုးရေးရင် စာရေးသူက မိဘကို မရိုသေနိုင် လို့ ရေးတယ် ထင်တဲ့ လူက ရှိသေးတယ်။ ရိုသေစရာ အချက်တွေ အများကြီး ရှိပေမယ့် မရိုသေနိုင်တဲ့ အချက် တချက်ကို ထောက်ပြတာနဲ့ လုံး…၀ မရိုသေဘူးဆိုတာနဲ့ တခြားစီ ဆိုတာကို၊ ချစ်ခင်လေးစားတာက သပ်သပ် ကိုယ်ပိုင်ခံယူချက် ခံစားချက်ကို တင်ပြတာက သပ်သပ် ဆိုတာကို ခွဲမမြင်တဲ့ သူတွေက များနေသေးတယ် ဆရာ… အထက်အောက် ပေါင်းသင်းဆက်ဆံရေးအပြင် ဘေးတိုက် ပေါင်းသင်းဆက်ဆံရေး လို့ ပြောရမယ့် မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကြား ထားသင့်တဲ့ စိတ်နေသဘောထား တွေအကြောင်း ရေးပေးပါဦးဆရာရေ…

    Atta Kyaw: ကျွန်တော့်ကလေးတွေကို တစ်ခါမှ ရိုသေတာ မသင်ပေးခဲ့ဘူး။ လေးစားတာကိုသာ သင်ပေးခဲ့ပါတယ်။ ရိုသေတာက အောက်က အထက်ကိုပဲ ရှိရတဲ့အလေ့အထ။ အဲဒါကို သင်ရင် အရိုသေခံချင်လာတယ်၊ သည်အခါ ကိုယ့်ထက် ငယ်တဲ့သူ၊ ကိုယ့်ထက် နိမ့်တဲ့သူကို နိုင်လိုမင်းထက် လုပ်ချင် လာတတ်တယ်။ ဒါ့ကြောင့် လေးစားတာကိုပဲ အဓိက ထားပြီး သင်ခဲ့ပါတယ်။

    လေးစားတာကျတော့ အရွယ်သုံးပါး မရွေးသလို သက်ရှိ၊ သက်မဲ့၊ တိရစ္ဆာန်များ သာမက ဒြပ်မဲ့ (ဥပမာ – ကိုယ်လုပ်နေတဲ့ အလုပ်) ပါ ပါဝင်နေပါတယ်။ ကိုယ်က အလေးစားခံချင်ရင်လည်း သူများကို လေးစားမှဆိုတာကို သဘောပေါက်လာစေတယ်။ ဒါ့ကြောင့် ကျွန်တော်က ရိုသေတာကို ကျွန်တော်က တမင်ကလာ မသင်ဘူး။

    ပူဇော်တာနဲ့ မဆိုင်ဘူးနော်။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်၊ ဆရာသမား (အားလုံးကို ခြုံထားသော၊ မိမိရဲ့ သင်ဆရာများသာမက မြင်ဆရာ၊ ကြားဆရာများပါ ပါဝင်တဲ့ ဆရာများရဲ့ ဂုဏ်)၊ မိဘဂုဏ်များကို ပူဇော်တာက သတ်သတ်ပါ။

    ရိုသေ၊ လေးစား၊ ကိုးကွယ်၊ ဆည်းကပ်၊ ပူဇော် ဆိုတာတွေကို ရောနှောသုံးပြီး လိုရာဆွဲလိုက်ရင် အကုန် ရှုပ်ကုန်တတ်လို့ ကွဲအောင် ပြောတာပါ။

    အလျားလိုက် ဆက်ဆံရေးကို ရေးထားတာတွေ ရှိတယ်ဗျ။ ဘယ်ထဲမှာတွေလဲ တောင် မမှတ်မိဘူး။ အားတိုင်း ရေးနေတာပါပဲခင်ဗျာ။

    Maung Maung Myint: ဆရာ့စာတွေကို လိုက်ရှာဖတ်နေတာ ဒီတပုဒ် ဘယ်နေရာက လွတ်သွားမှန်း မသိလိုက်ဘူး.. နောက်တစ်ခုက ကျွန်တော့် chrome က ကျော်ခွဖတ်နေရတော့ တော်ရုံ မရတတ်တာလည်း တစ်ကြောင်းပေါ့.. ကျွန်တော့်ကိုယ်တွေ့ မိဘနဲ့သားသမီးကြားမှာ မှန်ကန်တဲ့ adjustment လုပ်နိုင်ဖို့က အေ…ရးကြီးပါတယ်.. ကျွန်တော့်ကိုယ်တွေ့လေးတစ်ခု Share လုပ်ချင်ပါတယ်.. သားငယ် ၇တန်းလောက်မှာ လစဉ် report card တစ်ကြိမ် မရောက်လာခဲ့ဘူး.. အမေ့လက်မှတ် သူကိုယ်တိုင် ထိုး ပြီး ပြန်ပို့လိုက်တာ နောက်လရောက်တော့ ဒီအမှု ပေါ် ပေါက်လာရော.. မိဘရော သားသမီးပါ ပေါက်ကွဲလွယ်ရင် …. ကျွန်တော်က အေးအေးဆေးဆေး မေးပါတယ်.. သား ဘာဖြစ်လို့ ဒီလို အမေ့လက်မှတ်ထိုးလိုက်ရသလဲ.. သူ အဲဒီလစစ်မှာ အဆင့် (၄၂) ရောက်နေလို့ .. ပါပါးကို ပြောရင် မိုးမီးလောင်မှာမိုလို့ ပြောပါတယ်. အဆင့် (၄၂)ဘာကြောင့်ရသလဲ စုံစမ်းတော့ သူက ကျောင်းမှာ ဘာ tution မှ မယူပါ..အတန်းပိုင်အသစ်က ဒီကလေးနဲ့ မိဘတွေက ဘာကျူရှင်မှမယူ.. ကျွန်တော်တို့လည်းမသင်.. သားဘာသာ ကိုယ့်အသိနဲ စာဖတ်ရတဲ့ စံနစ်ဆိုတာ မသိရှာတော့ သူ့ဆီ ကျူရှင်မယူ တဲ့အတွက စိတ်တိုင်းကျ အမှတ်လျှော့တယ်.. အမှန်အတိုင်းဖြစ်တာတောင် ရအောင်လျှော့ထားတယ်.. ဒါကြောင့် (၄၂) ဖြစ်နေတာလို့ ပြောပါတယ်.. သူ့စကားကို သေသေချာချာ နားထောင်ပေးရပါတယ်.. သူ့ဆရာမ ကို မကျေနပ်.. အဆင့်ကျော်သွားတဲ့ သူငယ်ချင်းတွေ(စာမေးပွဲခန်းမှာ ခိုးချတတ်တဲ့)ရဲ မခိုးမခန့် ရိတာကို မခံနိုင်..အဖေနဲ့ ပြဿနာကိုရင်ဆိုင်ဖို..
    ကျွန်တော်မြင်ပါတယ်.. သူ့ရဲ့ stress နဲ့ conflict တွေကို.. ကျွန်တော်ရှင်းပြပါတယ်…

    ၁။. အဖေက အတန်းစဉ်တွေမှာ ၁ မှာရပ်ခဲ့ တာ အကြိမ်ကြိမ်ပါ.ဒါက သတ်မှတ်ချက် တစ်ခုသက်သက်ပါ.. တတ် ထားတဲ့စာကို သုံးနိုင်မှာမှ အဖိုးတန်တာ.. ၁ ရခြင်းမရခြင်းက အဖေ့ လိုအပ်ချပ်မဟုတ်ပါဘူး.ဒီအတွက်သားစိတ်ပူစရာ မလိုကြောင်း..
    ၂။ Report card ကို အဖေအမေမသိအောင်လက်မှတ်လိမ်ထိုးတာ လုံးဝမလုပ်သင့်ကြောင်း.. ဘဝမှာ သား အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့် သည်ဖြစ်စေ အဖေနဲ့ အမေဆိုတဲံ လူ၂ယောက်က သားကို ထွေးပို့က်ထားဖို့ အမြဲရင်ဖွင့်ထားသူတွေ.. ငါတို့ ဝိုင်းဝန်းဖြေရှင်းကြမယ့်လူတွေ.. ပွင့်ပွင့်လင်းလင်း အခက်အခဲကို ပြော ပြ..ယုံကြည်မှုတည်ဆောက်ပြီး ရှေ့ ခရီးဆက်ရမယ်…
    ၃။ ဆရာမက အမှားလုပ်နေတာမို့ ဒီအချက်ကိုလည်းနားလည်အောင် ပြောရတယ်.. သား ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိအောင်ပြ ပါလို့ ကြိုးစားခိုင်းတယ်..
    ၄။ အဲဒီနှစ် မြို့နယ်ဘက်စုံပြိုင်တော့ ပုဇွန်တောင် အထက(၄) က position 1st ကို ထုတ်မပြိုင်ဘဲ position (42) ကို ထုတ်ပြိုင်ပါတယ်..
    သူ့မခံချင်စိတ်ကို ဖွပေးထားတော့ ဆုအားလုံး သိမ်းကြုံးယူလာနိုင်ခဲ့တယ်..
    သူမျောလင့်ထားတဲ့ အဖေ့ဆီက အပြင်းထန်ဆုံးပြစ်ဒါဏ်အစား အားပေးမှုနဲ့ ဆောင်ရန်ရှောင်ရန် guide line ကို နွေးထွေးတဲ့ မေတ္တာ နဲ့ ရောမွန်းလိုက်တော့..
    ကျွန်တော်တို့ တစ်စုံတစ်ခု တည်ဆောက်နိုင်ခဲ့တယ်..
    သူလည်း ဘယ်ဟာ သူ့ဆုံးဖြတ်ပိုင်ခွင့်.. ဘယ်ဟာတော့ အဖ့ပိုင်ခွင့် ဆိုတဲ့ စည်းကိုလည်း နားလည်သွားမယ် ထင်ပါတယ်.

    နောက်တစ်ခါ ၁၀တန်းစာမေးပွဲဖြေနေတဲ့ည စာမကျက်နိုင်ဘဲ Winbeldon Federrer ပွဲကို ကြည့်ချင်နေတယ်..
    မကြည့်ရရင် စိတ်မကြည် စာမဖတ်မှာအတူတူ.. သား နာရီဝက်လောက်ကြည့်ရရင် ကျေနပ်မှာလား. ကျေနပ်ပါ..သားအလို ကို လိုက်လျှောမယ်.. ဒါပေမယ့် အဖေ့အတွက် နာရီဝက် စာပိုဖတ်ဖို့ လိုရင် ဖတ်ပေးရမယ်.. သဘောတူရင် ကြည့်..
    ကျွန်တော့ Negotiation အောင်မြင်ပါတယ်.. win.. win solution ရခဲ့ပါတယ်..

    သေချာပါတယ်.. သူ့ရင်မှာ ပွင့်လင်းမှုနဲ့ မိဘမေတ္တာရဲ့ နွေးထွေးမှုတွေ ကိုယ်ပိုင် confident ခံစားရမယ်ဆိုတာ..
    (အကြောင်းတိုက်ဆိုင်လို့ ဥပမာလေး တင်ပြ share လုပ်တာပါ.)

    ဆရာကျော်ရေ.. တစ်လက်စတည်း အလျှားလိုက် ဒေါင်လိုက် ဆက်ဆံရေး ရှောင်ရန်ဆောင်ရန်လေးတွေ. တစ်ချို့လည်း ကျွန်တော်တို့ မသိမတတ်လို့ လမ်းညွှန်ပါဦး..

    Atta Kyaw: မသုံးလုံးဆရာ Maung Maung Myint ခင်ဗျား။ အလျားလိုက်/ ထောင်လိုက် ဆက်ဆံရေးက တကယ်တော့ ရိုသေမှုကို အခြေခံတဲ့ အထက်-အောက် ဆက်ဆံရေးကို ထောင်လိုက် ဆက်ဆံရေးလို့ ဆိုလိုတာပါ ဆရာ။ အလျားလိုက်က လေးစားမှုကို အခြေခံတဲ့ လူလူချင်း တန်းတူ ဆက်ဆံရေးပါပဲ ဆရာ။

    ကိုယ်က အသက် ၆၀၊ ကလေးက ၁၀ နှစ်။ သူစိမ်း ကလေးတစ်ယောက်ကို “ဟဲ့ကောင်လေး… နင့်အဖေ ရှိလား”ဆိုတာမျိုးဟာ ထောင်လိုက်သဘော ဖြစ်နေပါလိမ့်မယ်။ အဲလို မဟုတ်ဘဲ၊ သူ့နာမည် သိရင် မောင်ဘယ်သူပေါ့။ မသိရင်လည်း သားတန် သား၊ သမီးတန်သမီး သုံးစွဲပြီး သူ့ကို လေးလေးစားစား ပြောတာမျိုးပေါ့ ဆရာ။ ဒါမှမဟုတ်လည်း ဖုန်းဆက်တဲ့အခါ တစ်ဖက်က ဖုန်းဖြေသူက “အခုပြောနေတာ ဘယ်သူပါလဲရှင်”လို့ မေးတဲ့အခါ ကိုယ်က ခပ်တည်တည်နဲ့ တစ်ဖက်သားကို ဘယ်သူ ဘယ်ဝါမှန်းလည်း မသိဘဲ “ကျုပ် ဦးဘယ်သူပါ”ဆိုတာမျိုးဟာ တစ်ဖက်သားကို မလေးစားတဲ့၊ အလျားလိုက် ဆက်ဆံရေးကို တန်ဖိုးမထားတဲ့ သူရဲ့ ပြောပေါက်ပါ။

    တစ်ဖက်က ဖုန်းဖြေသူဟာ ကလေးလေးပင် ဖြစ်ဦးတော့ ကိုယ်မသိတဲ့ အိမ်က ကလေး ဖြစ်နေမယ်ဆိုရင် “အောင်သိန်းကျော်လို့ ပြောလိုက်ပါ သမီး”လို့ ကျွန်တော် အမြဲပြောပါတယ်။ တစ်ဖက်ကလေး/အိမ်ဖော်က မသိသား ဆိုးရွားစွာနဲ့ သူ့မိဘကို “အောင်သိန်းကျော်တဲ့”လို့ အော်ပြောသံကို ကျွန်တော် အတိုင်းသား ကြားရတာ အကြိမ်ကြိမ်ပါ။ သို့သော် နောက်ပိုင်းကျတော့ မကြားရတော့ဘူး။ ကာယကံရှင်များအနေနဲ့ သက်ဆိုင်တဲ့ ကလေး/အိမ်ဖော်ကို ပြောပြခွင့် ရသွားတယ်လေ။ တကယ်လို့သာ ကျွန်တော့်နာမည်ကို ဦးတပ်ပြောခဲ့ရင် ဟိုက သက်ဆိုင်သူကို ပြောတဲ့အခါ ကျွန်တော် ပြောသလို ပြောလိုက်မှာမို့ ကျွန်တော့်နားထဲမှာတော့ အ၀င်ချောချင် ချောနေမှာပေမယ့် ကာယကံရှင်များ အနေနဲ့ကျတော့ သူတို့အိမ်သားရဲ့ မသိသားဆိုးရွားမှုကို သိခွင့် မရလိုက်နိုင်ဘူးပေါ့ ဆရာ။

    အလွယ်ပြောရရင်တော့ နိုင်လိုမင်းထက်သဘော သက်ရောက်နေတာ၊ အကျောကြီး၊ အတင်စီးကြီးနဲ့ ဆက်ဆံတာ၊ ဒါမှမဟုတ် ခယ၀ပ်တွားပြီး ဆက်ဆံရတာဟာ ထောင်လိုက်ဆက်ဆံရေးသဘော ဖြစ်ပြီး “လူလူချင်း” အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံတာဟာ အလျားလိုက် ဆက်ဆံရေးပါ ဆရာ။ ကျွန်တော့် သားသမီးတွေကို “ဆောရီး… အဖေ မှားသွားတယ်”လို့ ပြောဖို့ ကျွန်တော် ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး။ အဲဒါ အလျားလိုက် ဆက်ဆံရေးမို့ ပြောလို့ ထွက်တာပါ။ ထောင်လိုက်ဆိုရင် ငါက အဖေပဲ၊ ဘာပြုလို့ သားသမီးကို မှားကြောင်း ၀န်ခံရမှာတုံးလို့ တွေးမှာပါ။ အလျားလိုက် ဖြစ်တဲ့အတွက် ကျွန်တော်လည်း လူ၊ သူတို့လည်း လူ၊ မှားမှာပဲ။ မှားတာသည် လူ့ဖြစ်စဉ်၊ သည်တော့ ၀န်ခံခြင်းနဲ့ ကောင်းတဲ့ အကျင့်ကို နမူနာပြပေးမယ် (သွန်သင်တာ မဟုတ်ဘူးနော်) ဆိုတာ ဖြစ်လာပါတယ် ဆရာ။

    ဒါဆို ဆရာ့အတွက် အတွေးစ ရသွားမယ် ထင်ပါတယ်ခင်ဗျား။

    Aung Myo Kyaw: ကြိုက်တယ် ဆရာရေ .. ဒီသဘောတရားတွေကို ကျနော်လဲ တတ်နိုင်သလောက် ပြန်လည်ဖြန့်ဝေပါတယ် … ကျနော်တို့ မြန်မာတွေအနေနဲ့က မိဘနဲ့ သားသမီးကြားမှာ ကျေးဇူးတရားက သပ်သပ် ဆက်ဆံရေးက သပ်သပ် ဆိုတာကို ခွဲခြားသိကြဖို့ လိုပါတယ်။ မိဘရယ်လို့ ဖြစ်လာရင် သားသမီးထက် အလိုလို မြင့်မြတ်သွားပြီး ဘုရားနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားရောက်သွားပြီ ဆိုတဲ့ အတွေးအခ်ါအယူအဆကြီးကိုတော့ ပြင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ်ပဲ ငါတကောကောပြီး ငါပြောသမျှ မှန်၏ သားသမီးဆိုသည်မှာ ငါပြောသမျှ မြေ၀ယ်မကျ နားထောင်ပြီး စောဒက တက်စရာမလိုသော သူငယ်များဟု ယူဆနေမည် ဆိုလျင်တော့ မိဘ ဟူသည် ဘုရားနှင့်တဂိုဏ်းတည်း ဖြစ်မည်မဟုတ်ပဲ အာဏာရှင်နှင့်သာ တဂိုဏ်းထဲ ဖြစ်မည်ဖြစ်သည်။

  5. အောင်လင်းဝေ permalink
    25 September 2011 9:18 pm

    ကျွန်တော်လဲ ကြိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: