Skip to content

Parkway Health

2 August 2010

ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်း မိတ်ဆက်

နိဒါန်း

ကြံစီတိုင်းလည်း မဖြစ်၊ မကြံစီပေမယ့်လည်း ဖြစ်တတ်တဲ့ လူ့လောကတံထွာ ဓမ္မတာကြောင့် ပြီးခဲ့တဲ့လက အနာမယမဂ္ဂဇင်းမှာ ကျွန်တော့်စာမူ ပါမသွားနိုင်ခဲ့ပြန်ပါဘူး။ အမှန်က ကျန်းမာရေးနဲ့ ပတ်သက်လို့ လတ်တလောမှာ ရေးစရာတွေ အတန်အသင့် ရှိနေသည့်တိုင် ဆိုခဲ့သလို မကြံစီဘဲ ဖြစ်လာတဲ့ ဘဝ ဝန်တာ ထွေရာလေးပါးကြောင့် စာမူကို အချိန်မီ ရေးမပေးနိုင်ခဲ့ ဘူး။ သည်အတွက် စာဖတ်သူလူကြီးမင်းများနဲ့တကွ အနာမယ မဂ္ဂဇင်းဝိုင်းတော်သားများကို အားနာစွာပဲ တောင်းပန်လိုက်ပါတယ်။

မကြံစီဘဲ ဖြစ်ရတဲ့အထဲမှာ စင်္ကာပူနိုင်ငံ ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းကနေ ဖိတ်ကြားလို့ သူတို့ ဆေးရုံတွေကို ဖျတ်ခနဲ မြင်ခဲ့ရတာလည်း ပါပါတယ်။ အမှန်က ကျွန်တော့်ကို တိုက်ရိုက်ဖိတ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် စက်ကျနေတဲ့ ဂျာနယ်တစ်စောင်ကို ဖိတ်ကြားတာပါ။ အဲဒီ့ဂျာနယ်က ဘာ စိတ်ကူးရတယ် မသိဘူး၊ ကျွန်တော့်ကို ဆက်သွယ်လာပြီး ကျွန်တော်ပဲ လိုက်သွားလိုက်ပါလို့ ပြောလာပါတယ်။

စင်္ကာပူက ကျွန်တော် မရောက်ဖူးတဲ့ နိုင်ငံပါ။ ခရီးထောက် ကြားစခန်းအနေနဲ့တောင် မရောက်ဖူးဘူး။ သို့ပေမယ့် စင်္ကာပူကို သွားချင်တယ်ဆိုတဲ့ စိတ်ကတော့ ဘယ်တုန်းကမှ သိပ်ရှိလှတာ မဟုတ်ပါဘူး။ အခု သူများ စရိတ်နဲ့ သွားရမယ်ဆိုတော့လည်း သွားပေါ့။

လိုလေသေးမရှိ

စရိတ်တင် မဟုတ်ပါဘူး။ အစစကို လိုလေသေး မရှိအောင် အဲဒီ့ ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းဘက်က  ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်က အိမ်တင် ထိုင်နေရုံပဲ။ သူတို့ဘက်က နိုင်ငံကူးလက်မှတ် လာယူတယ်၊ ပြည်ဝင်ခွင့်ဗီဇာကိစ္စ သူတို့ပဲ လုပ်ပေးတယ်။ ပြည်ပထွက်ခွာပုံစံလည်း သူတို့ပဲ လုပ်ပြီး အိမ်အရောက် ပို့ပေးပါတယ်။ ဒါတင်မက ကျွန်တော့်အိတ်ထဲမှာ ပိုက်ဆံ မပါမှာစိုးလို့ ခြေစောင့်လက်စောင့် ပိုက်ဆံလေး နည်းနည်းလည်း ထည့်ပေးတဲ့အပြင် ဟိုမှာ သုံးနိုင်တဲ့ ပါလေရာ ဖုန်းကတ်ပြားလေးတောင် ထည့်ပေးလိုက်သေးသဗျား။ အမယ်… မေးသေးတယ်။ ဖုန်းရော ရှိရဲ့လားတဲ့။ မရှိရင် ထည့်ပေးဦးမလို့ နေမှာပါ။

ကျွန်တော်ကလည်း ဈေးကြီးတဲ့ “အိုင်ဖုန်း”ကို အလကား အပိုင်ပေးမယ်ဆိုရင်တော့ ပေးလိုက်လေလို့ ပြန်နောက်လိုက်ပါတယ်။ အဲလိုနဲ့ သွားရမယ့် မနက်ကျတော့ အဲဒီ့ပါ့(ခ်)ဝေးရဲ့ မြန်မာပြည် တာဝန်ခံ ဆရာဝန်မချောချောလေးက သူ့ကားနဲ့ လာကြိုပြီး လေယာဉ်ကွင်းကို လိုက်ပို့ပေးပါတယ်။ အဲဒီ့မှာတော့ ကျွန်တော် လွှတ်အားနာသွားတယ်။

ကလေးမလေးက ကျွန်တော့် သမီးအရွယ်လေးပါ။ သူနဲ့အတူ အဖော်မိန်းကလေးတစ်ယောက်လည်း ပါလာပါတယ်။ သူကိုယ်တိုင် မောင်းပြီး လေဆိပ်အရောက် လိုက်ပို့ပေးတာဆိုတော့ တော်တော့်ကို အားနာသွားပါတယ်။ ဒါနဲ့ ပြန်လာရင် လာမကြိုပါနဲ့၊ ကျွန်တော့်ဘာသာ ကားငှားပြီး ပြန်ပါ့မယ်လို့ အထပ်ထပ် မှာလိုက်မိရပါသေးတယ်။ (သို့သော် တကယ်ကျတော့ သူတို့ပဲ လာကြိုပြန်တယ်ဗျ။ လိုလေသေးမရှိဆိုတာ အဲလောက်တောင်ပါ။)

အမှန်တော့ အဲဒီ့ကတည်းက ကျွန်တော် ရိပ်မိခဲ့ဖို့ ကောင်းတယ်။ သူတို့ဘက်က လိုလေသေးမရှိတွေ လုပ်နေတာ ဘာ့ကြောင့်လဲဆိုတာကို ပြောပါတယ်။

သည်လိုနဲ့ ပိုးသားလေကြောင်း လေယာဉ်ကြီးကို စီးနင်းပြီးသကာလ စင်္ကာပူဆိုတဲ့ အရပ်ဒေသတစ်ခုဆီကို သွားရပါတော့တယ်။ ကျွန်တော်တို့များ မအားတဲ့ကြားက ဘယ့်ကလောက် ယားနာရှာနေမိတာလဲဆိုရင် အဲဒီ့ကို အသွား လေယာဉ်ပေါ်မှာ မဂ္ဂဇင်းတစ်စောင်အတွက် စာမူကို ဖုတ်ပူမီးတိုက် ရေးလိုက်ရပါသေးတယ်။ အဲဒီ့တစ်လောက ကျွန်တော့်မှာ ဇယ်ဆက်သလို အလုပ်များနေတာမို့ စာမူရေးဖို့ အချိန်မရလို့ပါ။ တစ်သက်နဲ့ တစ်ကိုယ် သည်တစ်ခါပဲ လေယာဉ်ပေါ်မှာ စာရေးဖူးသွားတာမို့ ဘာမဆိုင် ညာမဆိုင် ထည့်ပြောလိုက်ရတာပါ။

အဲသလို မအားတဲ့ကြားက သည်ခရီးကို ပြောလာတော့လည်း ခေါင်းညိတ်၊ ဖုတ်ဖက်ခါပြီး ထလိုက်လာတဲ့ ကျွန်တော့် စရိုက်ကို မေမေသာ မြင်မယ်ဆိုရင် မင့်ဟာက “မိန်းကလေးသာဆို တောင်းတစ်လုံးနဲ့ လိုက်ကောက်နေရမယ်”လို့ ထောပနာပြုလေမှာ ကြားယောင်မိသေးတော့တယ်။

ဘယ့်နှယ်က  ဘယ့်နှယ် ရေးစရာ ရှိတာ မရေးဘဲ နိဒါန်းမှာတင် လေရှည်နေတာလဲလို့ အပြစ်တင် မစောစေချင်ပါဘူး ခင်ဗျာ။ ကျွန်တော် လေရှည်ရတဲ့ အကြောင်းရင်းကို နောက်ပိုင်းကျရင် ဇာတ်ရည်လည်လာပါလိမ့်မယ်။

ပိန်းကြာဖက်ပေါ် တင်တဲ့ရေ

ဟိုရောက်တော့ အီစလံဝေပါတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ အထွင်းခံရပါတယ်။ အဲဒါကတော့ ပါ့(ခ်)ဝေး ကျန်းမာရေးလုပ်ငန်းနဲ့ မဆိုင်ပါဘူး။ ကျွန်တော့် အပြစ်လည်း ပါပါ တယ်။

သည်လိုပါ။ လေယာဉ်ပေါ်မှာ တရုတ်လိုပြောတဲ့ လူအုပ်ကြီးတစ်အုပ်က မျက်စိနောက်စရာ အင်မတန် ကောင်းသလို ဆူလည်း အင်မတန်ဆူပါတယ်။ ခရီးစဉ် တစ်လျှောက်လုံး သူတို့ ထင်တိုင်း အာကျယ်နေ၊ လမ်းသလားနေတဲ့ ဒဏ်ကို ခံခဲ့ရတယ်။ ဒါ့ကြောင့်မို့လို့ လေယာဉ်ပေါ်က ဆင်းတဲ့အခါ ကျွန်တော်က လူကုန်အောင် စောင်ပြီး အေးအေးဆေးဆေးမှ ဆင်းမိပါတယ်။ ပြီးတော့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့က ရန်ကုန်လေဆိပ်ကျမှ ဆိုက်ဆိုက်မြိုက်မြိုက် ဆုံပါတယ်။ ပြောလိုက်တော့ သူနဲ့ ကျွန်တော်နဲ့က တစ်ဟိုတယ်တည်း တည်းကြမှာ ဖြစ်နေပြန်တယ်။ ဒါနဲ့ နှစ်ယောက်သား ကြုံတုံးလေး သောက်ရအောင်ဆိုပြီး ချိန်းလိုက်တယ်။ သူလည်း တစ်လုံး ဝယ်မယ်၊ ကျွန်တော်လည်း တစ်လုံး ဝယ်မယ်ဆိုပြီး သဘောတူလိုက်ကြပါတော့တယ်။

လေဆိပ်ရောက်တော့ အဲဒီ့ တစ်လုံးဝယ်တာမှာ ရှေ့က ပစ္စည်းတွေ တထောကြီး ဝယ်တဲ့လူ ပြီးအောင် စောင့်နေရတဲ့အတွက် တရားလွန် ကြာသွားပါတော့တယ်။ လေဆိပ်ထဲက ထွက်လာတော့ ကျွန်တော့် နာမည်လေး ကိုင်ပြီး ခြေသလုံးတောင့်အောင် စောင့်နေတဲ့ စင်္ကာပူ တရုတ်ကို တွေ့ပါတယ်။ အမှန်ကတော့ သူက ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းက ကျွန်တော့်ကို လေဆိပ်မှာ ကြိုပေးဖို့ လွှတ်လိုက်တဲ့ အငှားယာဉ်လုပ်ငန်းက ယာဉ်မောင်းပါ။

သို့သော် စလုံး တရုတ်တွေ အင်မတန် ဂျီကျတယ်ဆိုတာကို အဲဒီ့မှာ ကြုံရပါတော့တယ်။ သူ့ခမျာ ကျွန်တော် တော်တော်နဲ့ ထွက်မလာတာမို့ တော်တော် ခြေသလုံး တောင့်နေတာကို အတိုးချပြီး ကျွန်တော့်ကို ဖိကောနေပါတော့တယ်။ ပြောလို့ကို မဆုံးတော့ဘူး။ ကျွန်တော်က ဆောရီးလို့ ပြောတာလည်း သူက မရဘူး။ သူ့ကားပေါ် ရောက်ပြီး နောက်ထပ် ငါးမိနစ်လောက် ကြာတဲ့အထိအောင် တဖျစ်တောက်တောက် လုပ်နေလေရဲ့။ ပါ့(ခ်)ဝေးကိုတောင် သူဖုန်းဆက်နေပြီ ဖြစ်တဲ့အကြောင်း၊ သူပြန်ဖို့ တဲတဲလေးပဲ လိုတဲ့အကြောင်းစသဖြင့် အမျိုးစုံအောင် ပြောနေပါတယ်။

အင်္ဂလိပ်စကား တတ်နေတာ၊ နားလည်နေတာက သည်နေရာမှာတော့ အတော် နားငြီးစရာ ကောင်းနေပါတယ်။ ကျွန်တော်က ဆောရီးနေတဲ့ ကြားက သည်လောက် မပြီးနိုင် မစီးနိုင် မြည်တွန်တောက်တီးနေတော့ စိတ်က သိပ်မရှည်တော့ဘူး။ နောက်ဆုံးမှာတော့  မျက်နှာထားတည်တည်နဲ့ “ဟေ့လူ… ခင်ဗျားကို ကျုပ် တောင်းပန်နေတယ်လေ”လို့ ပြောလိုက်တော့မှ မောင်မင်းကြီးသား ပါးစပ်ပိတ်သွားတယ်။ မျက်နှာကတော့ မှုန်ကုပ်ကုပ်နဲ့။

ဒါကတော့ ရပါတယ်။ မျက်နှာက မကြည့်ဘဲ နေလို့ရတယ်။ ပြီးတော့ သူက ရှေ့က မောင်းနေတာ။ ကျွန်တော်က နောက်ခန်းမှာ ထိုင်နေတာဆိုတော့လည်း အလွန်ဆုံးမှ နောက်ပိုင်း ဘေးတစောင်းသာ မြင်ရတာဆိုတော့ ကုပ်ချင်လည်း ကုပ်ပေတော့ ရွှေတရုတ်ရေလို့ ပြောရင်း စိတ်ထဲက ပြုံးနေမိတယ်။

စင်္ကာပူမှာ နေသားကျနေတဲ့ ရွှေမြန်မာတွေကတော့ ပြောကြတယ်။ အဲဒီ့ စလုံးတရုတ်တွေက သိပ်ကော်(မ်)ပလိန်း တက်တတ်တယ်တဲ့။ ဒါ သူတို့စရိုက် ဖြစ်မှာပါ။ ကျွန်တော်လည်း သူ့လောက်သာ လေမရှည်တယ်၊ အဲဒါမျိုး သိပ်လုပ်တတ်တာမို့  သူ့ကို နားလည်ပါတယ်။ ဒါ့ကြောင့်လည်း ပြုံးမိတာပါပဲ။

သည်လိုနဲ့ ဟိုတယ်ရောက်လာတဲ့အခါမှာတော့ လိုလေသေး မရှိတာကြီးက ပြန်ရောက်လာပါတယ်။ ဟိုတယ်မှာ စင်္ကာပူ တရုတ်မ ငယ်ငယ်ချောချောလေးက စောင့်နေတယ်။ လမ်းမှာ ကြုံခဲ့ရတဲ့ မှုန်ကုပ်ကုပ် ရွှေတရုတ် ယာဉ်မောင်းကြောင့် နောက်ကျိသလို ဖြစ်သွားတဲ့ စိတ်က အဲဒီ့ တရုတ်မချောချောလေးရဲ့ ကြည်စင်တဲ့ အပြုံးကြောင့် ပိန်းကြာဖက်ပေါ် တင်နေတဲ့ ရေစက်လို ထက်ခနဲ ပြုတ်ကျသွားပါတယ်။

အားလုံးကို ချုပ်လိုက်ရင်တော့ စင်္ကာပူမှာ ကျွန်တော် သုံးညအိပ် လေးရက်နေခဲ့ရပါတယ်။ အဲဒီ့ နေသမျှ ရက်များအတွင်းမှာ ဘာဆို ဘာမှ လိုလေသေး မရှိအောင် ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းဘက်က တာဝန်ကျေခဲ့ပါတယ်။ သူတို့ ဆေးရုံလုပ်ငန်းများအပြင် အနောက်နိုင်ငံ ခရီးသွားများ စက်ကျရာ ခလာ့(ခ်) လှေဆိပ်၊ ဆင်ဂပေါ်(ရ်) ဖှလိုင်ယာလို့ ခေါ်တဲ့  စင်္ကာပူကို အပေါ်စီးက ဆီးပြီး မြင်နိုင်တဲ့ ဧရာမ ရဟတ်ကြီး၊ အဲဒီ့နေ့ကမှ အစမ်း စဖွင့်တဲ့ စင်္ကာပူရဲ့ ယူနီဗာဆယ် စတူဒီယို စတာများကိုပါ လိုက်ပို့ပေးပါတယ်။ မနက်စာ၊ နေ့ခင်းစာ၊ ညစာများဆိုလည်း လိုလေသေးမရှိတဲ့အပြင် အလျှံပယ် ဧည့်ခံကျွေးမွေးပါတယ်။

မြန်မာပြည်က ကျွန်တော် တစ်ယောက်သာ ပါတာပါ။ အင်ဒိုနီးရှားတို့၊ မလေးတို့ကဆိုရင်တော့ စာနယ်ဇင်းဆရာ သုံး၊ လေးယောက် ပါလာပါတယ်။ ဗီယက်နမ်ကတောင်မှ နှစ် ယောက်ပါသေးတယ်။ တစ်ယောက်တည်းဖိတ်တာက မြန်မာနဲ့ ဘရူနိုင်းနိုင်ငံတို့ပဲ ဖြစ်တာကို တွေ့ရပါတယ်။
ရောက်ပြီး နောက်တစ်ရက်မှာ ဂလဲနဂေး(လ်)(ဇ်) (Gleneagales)ဆိုတဲ့ ဆေးရုံကို ဗွေဆော်ဦး သွားရပါတယ်။ ဟိုကျတော့ ခန်းမငယ်တစ်ခုထဲမှာ ဆေးရုံက တာဝန်ရှိသူတွေက ဆီးကြိုနေတယ်။ ပြီးတော့ ဈေးကွက် တာဝန်ခံ ပုဂ္ဂိုလ်က သူတို့ လုပ်ငန်းနဲ့ ပတ်သက်တာများကို စတင် ပြောပြပါတော့တယ်။

သည်ပုဂ္ဂိုလ်က လေးဆယ်ကျော် ကုလားလူမျိုးတစ်ဦး ဖြစ်နေပါတယ်။ အင်မတန် ရည်မွန်တယ်။ အပြောကောင်းတယ်၊ ဂိုက်ဆိုက်လည်း အင်မတန်မှ ကောင်းပါတယ်။ သူ့စကား၊ သူ့ ပြောပုံဆိုလက်၊ သူ့ဟန်ပန်များကို ကြည့်ရင်းနဲ့ သူဟာ ဈေးကွက် တာဝန်ခံတစ်ယောက်ရဲ့ ရာထူးကို ထိုက်ထိုက်တန်တန်ရယူထား သူမှန်း သိသာနေတယ်။

ပြောချင်တာက အခုမှ လာပါပြီ။

ကျန်းမာရေးခရီးသွားလုပ်ငန်းနဲ့ ကမ္ဘာ့ထိပ်တန်းဆေးရုံများ

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အာရှရဲ့ နောက်ဆုံးပေါ် စီးပွားရေး လုပ်ငန်း၊ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ကြတဲ့ ဧရာမ စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာခဲ့ပါပြီ။

စီးပွားရေးလုပ်ငန်းများရဲ့ သဘာဝအရ လျင်သူက စားပါလိမ့်မယ်။ ဈေးကွက်စီးပွားရေးမှာ ဈေးကွက်ကို တစ်ဦးတည်းက ချုပ်ကိုင် လွှမ်းမိုးထားလို့ ဘယ်လိုမှ မရပါဘူး။ အဲသလို တစ်ဦးတည်းက ချုပ်ကိုင်ထားမယ်ဆိုရင်လည်း အဲဒါကို ဈေးကွက် စီးပွားရေးလို့ ဘယ်လိုမှ အမည်တပ်လို့ ရမှာမဟုတ်ဘူး။

နောက်တစ်ခုက တကယ်လျင်တဲ့၊ တကယ့်စီးပွားရေးသမားစစ်စစ်ကြီးတွေက ပြည်တွင်းဈေးကွက်လောက်နဲ့တင် မတင်းတိမ်နိုင်ဘူး။ နိုင်ငံတကာ ဈေးကွက်ကိုပါ မျက်စိကျတယ်။ ဟုတ်တယ်လေ၊ အခုကာလမှာ ကမ္ဘာကြီးက သိပ်ကို ကျဉ်းသွားပြီ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို အိမ်ဦးနဲ့ ကြမ်းပြင်လို ဥဒဟို သွားချင်တိုင်း သွားလို့ရတဲ့ ခေတ်ကို ရောက်နေပြီ။ ဆက်သွယ်ရေး နည်းပညာတွေကလည်း တရားလွန် ဖွံ့ဖြိုးတိုးတက်နေပြီဆိုတော့ ဈေးကွက်ကို ချဲ့ချင်တိုင်း ချဲ့လို့ ကောင်းနေပြီပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆိုတာကလည်း လူရှိနေသမျှ ရှိနေမယ့် လုပ်ငန်း။ သည်လုပ်ငန်းကို စီးပွားရေးဆန်ဆန် အသွင်ပြောင်းလိုက်မယ်ဆိုရင် ပိုက်ဆံတွေ သောက်သောက်လဲ ရတော့မယ်ဆိုတာကို မြင်လာကြတယ်။ အရင်ကတော့ အာရှက ဆင်းရဲတယ်။ သူများ လက်ဝေခံဘဝမှာ နောက်တန်းက နေခဲ့ရတာမို့ အဲဒီ့ဘက်ကို ဦးမလှည့်နိုင်ဘူး။ ပြီးတော့ အာရှရဲ့ ပညာရေးကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက် အထိက လောက်လောက်လားလား သိပ်မရှိဘူး။
အခုတော့ အာရှက ကြွယ်ဝလာပြီ။ အာရှသားတွေရဲ့ ပညာရေးကလည်း ထိပ်တန်းကို ရောက်လာပြီ။ အာရှတက္ကသိုလ်ကြီးတွေကလည်း လူလူသူသူ အညွန့်လူလာပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီ့အချိန်မှာ ဆက်သွယ်ရေးတွေကလည်း တရားလွန် ဖွံ့ဖြိုးလာတာမို့ အင်မတန် လျင်တဲ့ စီးပွားရေးသမားတွေက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို စီးပွားရေးအသွင်ယူပြီး အင်တိုက်အားတိုက် လုပ်ကြပါတော့တယ်။

အခုတော့ ကျန်းမာရေး ခရီးသွားလုပ်ငန်း (Health Tourism) ဆိုတာတောင် တွင်ကျယ်လာတဲ့အထိ အာရှသားတွေက ခြေသွက်လက်သွက် ရှိလာကြပါတယ်။ ရှိချင်စရာကောင်းအောင်လည်း ကမ္ဘာအရပ်ရပ်က ကျန်းမာရေးခရီးသွားတွေက အာရှကို ခြေဦးလှည့်လာကြတယ်။ လှည့်ဆို အာရှဆေးရုံတွေမှာ ကုန်ကျမယ့် စရိတ်က အမေရိကန်နိုင်ငံတို့၊ ဗြိတိသျှနိုင်ငံတို့မှာ ကုန်ကျမယ့်စရိတ်ထက် အဖျင်းဆုံး ၂၀% လောက် သက်သာနေပေတာကိုး။

အာရှလို့ ပြောတော့ ဘယ်နိုင်ငံတွေလဲလို့ မေးစရာရှိပါ တယ်။ ဟုတ်ကဲ့…ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်းနဲ့ စင်္ကာပူ နိုင်ငံတွေက ဒါကို အင်တိုက်အားတိုက် လုပ်နေကြပါတယ်။ အဲဒီ့မှာ အပြိုင်အဆိုင်က တအားကို သိသာပါတယ်။

အာရှရဲ့ ထိပ်တန်း ဆေးရုံကြီး ဆယ်ရုံ စာရင်းမှာ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်ရဲ့ ဆေးပညာဌာနက ဖွင့်လှစ်ထားတဲ့  သီရိရာဇ (Siri Raj) ဆေးရုံက ထိပ်ဆုံးက နေရာယူထားတယ်။ အဲဒီ့ဆေးရုံဟာ ကမ္ဘာ့အကောင်းဆုံး ဆေးရုံအဆင့်အနေနဲ့ကျတော့ အမှတ်စဉ် ၂၆ မှာ ရှိပါတယ်။ သူ့အောက်မှာမှ ဂျပန် နိုင်ငံ တိုကျို တက္ကသိုလ် ဆေးသိပ္ပံဌာန ဆေးရုံက ဒုတိယနေရာက လိုက်ရပါတယ်။ အဲဒီ့ တိုကျိုတက္ကသိုလ်ဆေးရုံကတော့ ကမ္ဘာ့ အဆင့်အနေနဲ့ ၂၉ မှာ ရှိတယ်။ တတိယက ထိုင်ပေ စစ်ပြန်များ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပြီး ကမ္ဘာ့အဆင့်က ၃၂ ပါ။ စတုတ္ထကကျတော့ ထိုင်းနိုင်ငံ ဇင်းမယ် ဆေးတက္ကသိုလ်ရဲ့ မဟာ ရာဇ နာကွန် ဆေးရုံ ဖြစ်ပါတယ်။ သူကတော့ ကမ္ဘာ့အဆင့် ၃၅ မှာ ရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင်တော့ သူက ဒုတိယအကောင်းဆုံး ဆေးရုံပါ။

ရွှေအမြုတေစာတည်းချုပ် ဦးဝင်းငြိမ်း သွားသွားနေတဲ့ ဘမ်ရမ်ဂရပ် ဆေးရုံဆိုရင် ထိုင်းနိုင်ငံရဲ့ သတ္တမ အကောင်းဆုံး ဆေးရုံဖြစ်ပြီး ကမ္ဘာ့အဆင့်ကျတော့ ၇၆၄ မှာရှိပါတယ်။ ကမ္ဘာ့ အဆင့် ၇၆၄ ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ စင်္ကာပူရဲ့ ဒုတိယအကောင်းဆုံး ဆေးရုံဖြစ်တဲ့ စင်္ကာပူအထွေထွေ ရောဂါကု ဆေးရုံကြီးဟာ ကမ္ဘာ့အဆင့်မှာ ၃၉၉ ဖြစ်ပြီး တတိယ အကောင်းဆုံး စင်္ကာပူ အမျိုးသားတက္ကသိုလ် ဆေးရုံကြီးဆိုရင် ကမ္ဘာ့အဆင့် ၆၃၅ ဖြစ်တာမို့ ဘမ်ရမ်ဂရပ်ဟာ နှယ်နှယ်တော့ မဟုတ်ပါဘူး။

စင်္ကာပူရဲ့ အကောင်းဆုံး ဆေးရုံးဖြစ်တဲ့ စင်ကျန်းမာရေး (Singhealth) ဟာ ကမ္ဘာ့အဆင့် ၂၅၄ ဖြစ်ပြီး အာရှအဆင့်မှာတော့ ၂၆ နေရာမှာ ယူထားပါတယ်။ ဒါတွေက ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်စာရေးနေချိန် ခြောက်လကျော်အတွင်းမှာ  အပြောင်းအလဲ ရှိမယ်ဆိုရင်တောင် သိပ်ကြီးကြီးမားမား ကွာဟစရာတော့ မရှိပါဘူး။

သည်စာရင်းမှာ ကမ္ဘာ့အဆင့် ၂၀ဝ၀ ကျော်တဲ့ ဆေးရုံတွေ စာရင်း မဝင်တာမို့ ဟောင်ကောင်ဆေးရုံတွေတောင်မှ ပါမလာဘူး။ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊  ဂျပန်၊ ထိုင်းနဲ့ စင်္ကာပူတို့ကသာ အာရှရဲ့ ထိပ်တန်းမှာ နေရာယူထားပြီး ထူးထူးခြားခြား ဗီယက်နမ် ဆေးရုံတစ်ရုံက အာရှရဲ့ အကောင်းဆုံး ဆေးရုံ ၁၀ဝ စာရင်းမှာ အမှတ်စဉ် ၉၆ က လိုက်နေတာ တွေ့ရပါတယ်။ ကမ္ဘာ့အဆင့် ၂၀ဝ၀ အတွင်းဝင်တဲ့ ဆေးရုံကလည်း  ဗီယက်နမ်မှာ သုံးရုံတောင် တွေ့ရပါသေးတယ်။ ဟောင်ကောင်တောင်မှ အဲလို ကမ္ဘာ့အဆင့် ၂၀ဝ၀ အတွင်း ဝင်တဲ့ဆေးရုံဆိုလို့ တစ်ရုံပဲ ရှိတာ ကို ဗီယက်နမ်က သုံးရုံဆိုတော့ မုဒိတာ ပွားမိရပါတယ်။

ဒါတွေက သည်စာတွေ ရေးတော့မယ်ဆိုမှ အင်တာနက်ထဲမှာ ကသောကမျော ရှာဖွေပြီး တင်ပြလိုက်တာပါ။ သာမန် အရပ်သားတစ်ယောက်အနေနဲ့ကတော့ လူပြောသူပြောများတဲ့ ဆေးရုံ ဆေးခန်းကိုပဲဖြစ်ဖြစ်၊ နီးရာကိုပဲ ဖြစ်ဖြစ် ပြေးမှာပေါ့။

အဲတော့ကာ စီးပွားရေးလုပ်ငန်းများရဲ့ သဘာဝအရ ကမ္ဘာ့ အဆင့် ဘယ်လောက်ကြီးဖြစ်နေနေ ကိုယ့်ဆေးရုံက ဟိတ်ဟန် ကောင်းရင် ကောင်းသလို ပိုက်ဆံရနေတော့မှာလည်း ဖြစ်ပါ တယ်။ သည်တော့ အပြိုင်တွေ ကျဲကုန်ကြတော့တာပေါ့ဗျာ။

ပါ့(ခ်)ဝေးကျန်းမာရေး

အဲဒီ့မှာ ပါ့(ခ်)ဝေးကျန်းမာရေးက စင်္ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ အာရပ်စော်ဘွားနိုင်ငံများက ဆေးရုံ စုစုပေါင်း ၁၆ ရုံ (ခုတင်ပေါင်း ၃၄၀ဝ) နဲ့ အာရှ ဈေးကွက်ကို ဦးဆောင်နေပါတယ်။ ဆိုခဲ့တဲ့အတိုင်း ဈေးကွက်ကို ချဲ့တဲ့အခါမှာ သူက လျင်တယ်။ ပါ့(ခ်)ဝေး လူနာ ပံ့ပိုးမှု ဗဟိုဌာန (Parkway Patient Assistance Centre – PPAC) တွေကို ဘင်္ဂလားဒေ့(ရှ်)၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မွန်ဂိုးလီးယား၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှာ၊ ဆော်ဒီအာရေဗျ၊ သီရိလင်္ကာ၊ ယူကရိန်း၊ အာ ရပ်စော်ဘွားနိုင်ငံများနဲ့ ဗီယက်နမ်တို့မှာ ဖွင့်လှစ် ထားရှိပစ်လိုက်တယ်။ ကျွန်တော့်ကို ရန်ကုန်မှာ လိုလေသေး မရှိအောင် လုပ်ကိုင်ပေးလိုက်တဲ့ ဆရာဝန်မလေးက မြန်မာနိုင်ငံ ပီပီအေစီက ရောင်းချရေး မန်နေဂျာဖြစ်ပါတယ်။

ကျွန်တော်တို့ကို ဂလဲန်ဂေး(လ်)(ဇ်)ဆေးရုံမှာ အာပေါင် အာရင်းသန်သန်နဲ့ သည်လုပ်ငန်းအကြောင်း ကျကျနန ပြောပြတဲ့သူကကျပြန်တော့ ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းရဲ့ ရောင်းချရေး အရာရှိချုပ်ပါပဲ။

စင်္ကာပူမှာ လတ်တလော ရှိနေတဲ့ ပါ့(ခ်)ဝေးလုပ်ငန်းရဲ့ ဆေးရုံသုံးရုံမှာ မနှစ်က လူနာပေါင်း ၈၂,ဝ၀ဝ တက်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ အဲဒီ့ လူနာတွေရဲ့ ၃၀ % ဟာ စင်္ကာပူက မဟုတ်ဘဲ တခြားနိုင်ငံများက ဖြစ်ကြပါတယ်။ ဆိုတော့ စုစုပေါင်း နိုင်ငံခြား လူနာ နှစ်သောင်းခွဲလောက်ဟာ သူတို့ဆေးရုံတွေကို မနှစ်က တက်ခဲ့တယ်လို့ အကြမ်းပြောနိုင်တာပေါ့။

သည်ထဲမှာမှ အများဆုံးက အင်ဒိုနီးရှားကဖြစ်ပြီး လူနာပေါင်း တစ်သောင်း နှစ်ထောင်ရှိခဲ့တယ်။ ဒုတိယအများဆုံးက မလေးရှားကဖြစ်ပြီး လူနာ ၂,၂၀ဝ ရှိတယ်။ [ဒါတောင် မလေး မှာ ပါ့(ခ်)ဝေးရဲ့ ဂလဲနဂေး(လ်)(ဇ်)ဆေးရုံတစ်ရုံက မြို့တော် ကွာလာလမ်ပူမှာ ရှိနေသေးလို့ပဲ။] တတိယက ဗီယက်နမ်ဖြစ်ပြီး လူနာပေါင်း ၈၅၀ တက်ရောက်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ စတုတ္ထက မြန်မာနိုင်ငံကဖြစ်ပါတယ်။ လူနာပေါင်း ၄၄၀ တက်ခဲ့ကြပါသတဲ့။ ဒါတောင်မှ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ပီပီအေစီ စဖွင့်တာ တစ်နှစ်ခွဲပဲ ရှိသေးတယ်ဆိုပဲ။

ဈေးကွက်ဆရာက ဝင့်ဝင့်ကြွားကြွားနဲ့ ခိုင်ခိုင်မာမာ ပြောတာကတော့ သူတို့ ဆေးရုံတွေမှာ ခေတ်အမီဆုံးနဲ့ အဆင့်အမြင့်ဆုံး ကိရိယာတွေကို အသုံးပြုတဲ့အကြောင်း၊ လူနာနေရမယ့် နေရာထိုင်ခင်းနဲ့ ပတ်ဝန်းကျင်ကိုလည်း ဆေးရုံကို ရောက်နေတာနဲ့ မတူစေရဘဲ အပျံစား ဟိုတယ်တစ်လုံးထဲမှာ ရောက်နေသလို ခံစားရအောင် စီမံထားတဲ့အကြောင်း၊ [ဒါတော့ ဟုတ်လောက်ပါတယ်၊ ရောက်ခဲ့တဲ့ မောင့် အလစ်ဇဘက်(သ်) ဆေးရုံ ဝင်ဝင်ချင်းမှာ မြင်ရတာက ဟိုတယ် ဧည့်ခန်းဆောင်တွေမှာ ချထားလေ့ရှိတဲ့ ဧရာမ စန္ဒယား ခန့်ခန့်ကြီးနဲ့ပါ။ သည်လောက်ဆိုရင် ဆေးရုံက ဆေးရုံနဲ့ မတူဘူးဆိုတာ အတော်ရှင်းနေလောက်ပါပြီ။] ဝန်ဆောင်မှုကလည်း ပထမတန်းဖြစ်ကြောင်းများပါပဲ။

သူတို့ရဲ့ ဆေးရုံတွေထဲက တစ်ရုံဖြစ်တဲ့ မောင့်အလစ်ဇဘက်(သ်) ဆေးရုံက အထူးကြပ်မတ် ကုသခန်းမှာဆိုရင် ဆရာဝန်အနေနဲ့က သူ သိသင့်သိထိုက်တဲ့ အချက်အလက် အားလုံးကို ရုပ်မြင်သံကြား ဖန်သားပြင်တစ်ခုတည်းမှာ ကြည့်လိုက်ရုံနဲ့ ရအောင် စီမံထားတာမို့လို့ အဲဒီ့ နည်းပညာဟာဆိုရင် အာရှမှာ ပထမဆုံး ဖြစ်တဲ့အကြောင်းတောင် ပါပါသေးတယ်။ အမယ်… လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဖြစ်အောင် သူ ဆက်ပြောပုံက ကောင်းတယ်။ နောက်ဆိုရင် ဆရာဝန်က အိမ် ကနေတောင် သူ့လူနာ အခြေအနေကို ရုပ်မြင်သံကြားနဲ့ လှမ်းကြည့်လို့ရအောင် စီစဉ်နေသေးဆိုပဲ။

ကျွန်တော်တို့ရောက်နေတဲ့ ဂလဲနဂေး(လ်)(ဇ်) ဆေးရုံကတော့ ၂၇၂ ခုတင်ဆန့် ဆေးရုံကြီးတစ်ရုံဖြစ်ပြီး နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အသည်းအစားထိုးတာ၊ သားဖွားနဲ့ မီးယပ်၊ ကင်ဆာ၊ အရိုးအကြောစတာတွေကို အဓိက ထားပြီး ကုသပေးပါသတဲ့။

သူ ပြောမသွားတာတွေကျတော့ ကျွန်တော့်ဘာသာ အင်တာနက်ထဲ ပြန်ရှာကြည့်ပါတယ်။ ဟုတ်ကဲ့… ကုသ စရိတ်မပါဘဲ အခန်းခချည်းပဲ ပြောရင်တောင်မှ မနည်းဘူး ခင်ဗျ။ တစ်ယောက်ခန်းဆိုရင် စင်္ကာပူဒေါ်လာ ၅,ဝ၀ဝ (အမေရိကန် ဒေါ်လာ ၃,၅၇၅)ဆိုတဲ့ အပျံစား ဧည့်ခန်းပါ ပါတဲ့ အခန်းမှသည်  စင်္ကာပူဒေါ်လာ ၅၀ဝ (အမေရိကန်ဒေါ်လာ ၃၅၇) ဒေါ်လာတန် အခန်းအထိ ရှိသဗျ။ အနိမ့်ဆုံး အဆင့်က လေးယောက်ခန်းပါ။ အဲဒီ့လေးယောက်ခန်းတောင်မှ တစ်နေ့ကို စင်္ကာပူ ဒေါ်လာ ၂၁၄ (အမေရိကန်ဒေါ်လာ ၁၅၃) ကျပါသေးတယ် ခင်ဗျ။ ဒါ ကုသစရိတ် မပါသေးပါဘူး။

ခွဲစိတ်ခန်းက ပထမ လေးနာရီအတွက် စင်္ကာပူဒေါ်လာ ၁၁၈ (အမေရိကန် ဒေါ်လာ ၈၄)၊ နောက်တစ်နာရီတိုးတိုင်း စလုံး ၃၃ (အမေရိကန် ၂၄) ဒေါ်လာ ထပ် ထပ် ပေးရပါလိမ့်မယ်။  ဒါက ဆရာဝန်အတွက် ပါသေးပုံမရဘူး။ အတွင်းလူနာအဖြစ် ကုသခံနေမယ်ဆိုရင်တော့ နေ့စဉ်ကုသခက စလုံး ၁၂၈ (အမေ ရိကန် ၉၂) ဒေါ်လာလောက် ပေးရဦးမှာပါ။

တတ်နိုင်သူတွေ လုပ်ကြပေါ့။ အခုလို ကျွန်တော် ရေးပြလိုက်တာကလည်း နောက်ဆို အနာမယ မဂ္ဂဇင်းက စာမူခကို ဒေါ်လာလေးနဲ့များ ချီးမြှင့်လာလေမလားဆိုတဲ့ အမြော်အမြင်လေးနဲ့ပေါ့ခင်ဗျာ။

ကံအားလျော်စွာ အဲဒီ့ဆေးရုံမှာပဲ အသည်းလဲထားပြီး ဆေးပြန်လာစစ်တဲ့ မြန်မာနိုင်ငံသားတစ်ဦး ရောက်နေတယ်ဆိုတာနဲ့ ကျွန်တော်လည်း တွေ့ဆုံ မေးမြန်းခဲ့သေးတယ်။ သူက ၂၀ဝ၇ တုန်းက အသည်း လဲထားတဲ့သူပါ။ အခု ပြန်လာစစ်တာတဲ့။ သူ့ကြည့်ရတာ စိုစိုပြည်ပြည် ကျန်းကျန်းမာမာပါပဲ။ ဒါနဲ့  အသည်းလဲတာ ဘယ်လောက် ကုန်သတုံးလို့ မေးတော့ မြန်မာ ငွေ ကျပ်သိန်းနှစ်ထောင်လောက် ကုန်တယ်လို့ ဖြေပါတယ်။

အင်း… အတော်တော့ ဟုတ်နေပြီ။

ဘာပဲဖြစ်ဖြစ် ဈေးကွက်ဆရာကြီး အဆိုအရ ကျွန်တော်တို့ နိုင်ငံက လူနာ ၄၄၀ တောင် မနှစ်က သည်ဆေးရုံမျိုးတွေမှာ နေသွားနိုင်တယ်၊ မြန်မာနိုင်ငံက သူ့ အာရှဈေးကွက်မှာ စတုတ္ထနေရာမှာ ရှိနေတယ်ဆိုတာများနဲ့ ချိန်ထိုးလိုက်ရင်တော့ ကိုယ်မတတ်နိုင်ပေမယ့် ခပ်တည်တည်နဲ့ ဂုဏ်ယူရမလိုလိုလေးတော့ ဖြစ်သွားရပါသေးတယ်။

ခမျာများ လူပေါင်းမှားရှာတယ်

ပြောစရာတွေကတော့ နည်းနည်း ကျန်ပါသေးတယ်။ သို့သော် ရှေ့မှာ လေရှည်ထားတာက နည်းနည်းများသွားလို့ သည်တစ်လတော့ သည်မျှနဲ့ပဲ ရပ်ရတော့မှာပါ။
ဆိုခဲ့တဲ့အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုဟာ အာရှရဲ့ အညွန့်တလူလူနဲ့ စီးပွားရေးလုပ်ငန်း ဖြစ်နေတာနဲ့အညီ အားလုံးကို စီးပွားရေးဆန်ဆန် လုပ်နေကြတာ အားရစရာ တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော့်ခရီးစဉ်အတွက် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးတာကိုက စီးပွားရေးဆန်တာပါပဲ။ စီးပွားရေးသမားဆိုတာက စာနယ်ဇင်းတွေရဲ့ တန်ဖိုးကို နားလည်တယ်။ အထူးသဖြင့် အခုလို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် စာနယ်ဇင်းသမားတွေကို သတ်သတ်ခတ်ခတ် ဖိတ်ပြီး ခေါ် ကြော်ငြာတဲ့အခါမှာ ကျွန်တော်တို့တွေကို အားနာလာအောင် လုပ်ထားမှ တန်ကာကျမယ်ဆိုတာကို သူတို့ သဘောပေါက်တယ်။

အခုဆို ကျွန်တော့်မှာ အားနာနာနဲ့ သည်အကြောင်းကို ရေးပြနေရပြီပဲလေ။ ဒါပေမယ့် သူတို့ ကံမကောင်းပါဘူး။ သူတို့ ကျွန်တော့်ကို ခေါ်သွားပြီး လေးလကျော် ငါးလကြာခါမှ သူတို့ အကြောင်းကို ကျွန်တော်က ရေးပြနိုင်တော့တာကိုး။ ကျွန်တော်က တကယ့်တကယ်ကျတော့ စာနယ်ဇင်းသမားစစ်စစ် မဟုတ်ဘဲ တွေ့ကရာ စာတွေ လျှောက်ရေးနေတဲ့သူဖြစ်တဲ့အပြင် တခြားအလုပ်ပေါင်းများစွာနဲ့ ဇယားရှုပ်နေတဲ့သူဖြစ်တာကြောင့် အခုလိုတွေ ဖြစ်ကုန်တာပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ဝ၁၀၇၁၀)

ရည်ညွှန်း –

http://hospitals.webometrics.info/
http://www.parkwayhealth.com/

(၂၀၁၀ ပြည့်နှစ် သြဂုတ်လထုတ် Wellness အနာမယ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)
Advertisements
4 Comments leave one →
  1. 2 August 2010 1:24 pm

    ဟုတ်တယ်.. သူတို့ကံမကောင်းရှာဘူး… ဟိ ဟိ

    ဘယ်လောက်တောင် ပေါက်ကွဲနေမလဲမသိဘူးနော် ဆရာ..။

    ခုလို ဖတ်ခွင့်ရတာ ဗဟုသုတအရမ်းရပါတယ်..။ ရယ်လည်း ရယ်ရပါတယ်..။

    ကျေးဇူးတင်ပါတယ်ဆရာ..။
    ဒါနဲ့ ဆရာက Wellness မှာ အမြဲရေးလား မသိဘူးနော်…။

    ရေးမယ်ဆို ၀ယ်ဖတ်မလို့ပါ..။

    • lettwebaw permalink
      2 August 2010 6:06 pm

      ဟုတ်ကဲ့… Wellness ကို ထွက်ကတည်းက လစဉ် ပုံမှန်ရေးခဲ့တာပါ။ အားပေးတဲ့အတွက် ကျေးဖူးတင်လှပါသဗျာ။

  2. smms permalink
    3 August 2010 6:40 pm

    I used to pronounce it as “/Glen Eagles/” but was surprised to learn a different pronunciation from your article.

    • lettwebaw permalink
      3 August 2010 7:19 pm

      Yeah, another person told me the same. Probably it’s Singaporean pronunciation. All staff members including well-educated doctors (one of them is the Fourth Generation of British but a Singaporean) pronounce “Glenagayl.” Probably like, “It’s Okay,” which can be heard “tsokay.”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: