Skip to content

You don’t need to beat him!

2 August 2010

တစ်နှစ်ခွဲသားကို ရိုက်နှက်ဆုံးမသူရဲ့ စိတ်အခံ

ကျွန်တော့်ရဲ့ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ် ပို့(စ်)မှာ တစ်ယောက်က  ကွန်မန့်ဝင်ရေးသွားပါတယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတဲ့ ကွန်မန့်လေးပါ။ မိဘအများနဲ့ သက်ဆိုင်နေတာမို့ သူ့ကွန်မန့်ကို ပို့(စ်)တစ်ခုအနေနဲ့ သတ်သတ် ဆွေးနွေးတင်ပြပါရစေခင်ဗျား။

သူ့ကွန်မန့်ကို အရင်ဖတ်ရှုတော်မူပေးကြပါ။

ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်း တစ်နှစ်ခွဲသာ ရှိသေးတဲ့ ကျနော့်သားကို ရိုက်နှက်ပြီး ဆုံးမဖြစ်နေတယ်ဗျာ။ ရိုက်နှက်မိတိုင်း၊ ရိုက်နှက်ပြီးတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခြားနည်းလမ်းနဲ့ဆုံးမဖို့ မကြံစည်တတ်ဖြစ်နေတယ်။

တစ်နှစ်ခွဲသာ ရှိသေးတဲ့ကလေးက ဘယ်လိုအပြစ်တွေများ ကျူးလွန်နေသလဲဆိုတော့ လက်ညှိုးလေးထောင်လို့ ဟင်း… ဆိုပြီး သတိထားဆိုတဲ့ပုံစံ၊ လက်ကလေး နှစ်ဖက်ကို ဆုပ်လို့ လက်သီးဆိုပြီး ပြတာက တစ်မျိုး၊ နောက်တစ်နည်းက ကော့ပြတာပါ။ အခြားအပြစ်တွေက မီးဖိုချောင်မှာထားတဲ့ ဆားဗူး၊ အချိုမှုန့်ဗူး၊ အရောင်တင်မှုန့် ဗူးတွေကို ယူငင်ပြီး ဆော့တာပါ။ အဲ့ဒီဗူးတွေ ထားတဲ့ နေရာကလည်း သူလက်လှမ်းမီတဲ့ နေရာမှာ ဖြစ်နေတာကိုး။ အခြား လက်လှမ်းမမီတဲ့ နေရာမှာထားဖို့ကလည်း လောလောဆယ် မလုပ်ဆောင်ရသေးလို့ပါ။

နောက်လုပ်တဲ့အပြစ်တွေက ဖက်ပြီးကိုက်တာပါ။ အရင်က သူ့အမေကိုပဲ ကိုက်တတ်တာပါ။ သည်နေ့မနက်မှ ကျနော့်ကို ဖက်ကိုက်ပါလေရော သူကတော့ အသဲယားပြီး ကိုက်တာ။ နောက်ချင်စိတ်နဲ့ ကိုက်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သည်လို အပြုအမူမျိုး နောက်မလုပ်ဖို့ ကျနော်ရိုက်ပြီး ဆုံးမမိပါတယ်။

ကိုက်တဲ့အတွက် ရိုက်တာက တစ်ချက်ပါပဲ။ ဒါပေမယ့် ရိုက်လို့ ငိုတဲ့အခါမှာ အသံမထွက်နဲ့ဆိုပြီး ထပ်ရိုက်တာကတော့ သူ မတိတ်မချင်းပေါ့။ တချို့အပြစ်တွေက ပတ်ဝန်းကျင်က သင်ပေးလို့တတ်သွားတဲ့အပြစ်တွေပါ။ ဒါကို ဆက်မလုပ်ဖို့ တားမြစ်ရတာပါ။ လက်သီးဆုပ်ပြတာ၊ ကော့ပြတာတွေကို သူ့အမေဘက်က သူ့အဖိုး သင်ပေးလိုက်တာပါ။ သူ့အဖိုးနဲ့ ကျနော်နဲ့က အဆင်မပြေပါဘူး။ ခပ်တန်းတန်းနေကြပါတယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်လိုအပြုအမူမျိုးတွေကို သင်ပေးသလဲတော့ ကျနော်မသိပါဘူး။ သူ့ကိုလည်း ကျနော် ပြောလိုစိတ်မရှိပါဘူး။

ဒါပေမယ့် ကျနော့်သားကိုတော့ အဲ့ဒီလိုမလုပ်ဖို့ ပထမ တတ်ခါစတုန်းက သား အဲ့ဒီလိုမလုပ်ရဘူးနော်ဆိုပြီး စကားနဲ့ဆုံးမပါတယ်။ ကိုယ့်ကသာ ပြောပေမယ့် သူ သေသေချာချာ နားမလည်သေးပါဘူး။ စကားလည်း မပြောတတ်သေးပါဘူး။ အဲ့ဒီလို ပြောလိုမရတဲ့ နောက်ပိုင်းမှာ ၀ါးခြမ်းပြားလေးနဲ့ ကျနော် ခြိမ်းခြောက်ရပါတော့တယ်။ အခုနောက်ပိုင်း မလုပ်စေချင်တဲ့အရာတိုင်း ၀ါးခြမ်းပြားလေးကိုင် ကြမ်းပြင်ကို ရိုက်လို့ သတိပေး တားမြစ်ရပါတော့တယ်။ သောက်ရေကို မသောက်ပဲ ပလုပ်ကျင်းသလို ထွေးထုတ်တာ၊ သောက်ရေခွက်ကို ကိုယ်တိုင် ကိုင်သောက်ချင်တဲ့အခါမျိုးမှာ အဲ့ဒီလို မလုပ်ဖို့။ ဘာဖြစ်လို့ အဲ့ဒီလို မလုပ်ခိုင်းရတာလဲဆိုတော့ ကျနော် အခုငှားနေတဲ့အိမ်က နှစ်ထပ်အိမ်အပေါ်ထပ်အခန်းမှာ မို့လို့ ရေဖိတ်ကျတဲ့အခါ အောက်က လူတွေအတွက် အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ နောက်လုပ်တဲ့ အပြစ်တွေက ထမင်းစားတဲ့အခါ ဟင်းခွက်တွေကို လိုက်နှိုက်တတ်တာ၊ ဘေးနားမှာ လာပြီး အိုးနင်းခွက်နင်း ဖြစ်တာက တစ်မျိုး။ ဒါတွေအတွက် ၀ါးခြမ်းပြား အားကိုးလို့ ရိုက်နှက်နေရပါတယ်ခင်ဗျာ။

အခုလို ရိုက်နှက်ခြင်းကြောင့် ဘယ်လိုအပြစ်တွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ… :(

တစ်နှစ်ခွဲကလေးကို ရိုက်နှက်တာဟာ တော်တော် သဘာဝမကျတာပါပဲ။ သည်စာမှာ အချက်တစ်ချက်ကို ဘွားဘွားကြီးမြင်နေရပါတယ်။ အဲဒါကတော့ အရှေ့တိုင်းရဲ့ ဒွေးရောယှက်တင် လူ့ဘောင် ပုံစံပါ။ အိမ်ထောင်ကျတဲ့အခါ ကိုယ့်တစ်အိုးတစ်အိမ်ခွဲနေနိုင်သည့်တိုင် နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းက ကပ်ပါနေတယ်။ အဲဒါတွေက ကလေးတွေကို ကျွန်တ်ာတို့ လိုချင်သလို ဖြစ်မလာအောင် ဟန့်တားနေတယ်ဆိုတဲ့ အချက်ပါပဲ။

အမှန်က သည်ကလေးက ဘာအပြစ်မှ မလုပ်သေးပါဘူး။ သူ့အနေနဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြားသိတတ်နိုင်သေးတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး။ အဓိက ပြဿနာက သူ ဘယ်သူ့ကို အတည်ယူရမလဲဆိုတာ မသိတဲ့ ပြဿနာပါ။

သည်စာရေးသူအနေနဲ့ ရိုက်ခြင်းရိုက်ရင် သူ့ယောက္ခထီးကိုဖြစ်စေ၊ ကလေးအမေ သူ့မယားကိုသာဖြစ်စေ လှိမ့်ရိုက်သင့်ပါတယ်။ ကလေးကို လုံးဝ မရိုက်သင့်ပါဘူး။

ကလေးသည်လို ဖြစ်နေတာကို မနှစ်သက်ဘူးဆိုရင် ပထမဆုံးက ကိုယ့်ဇနီးကို ကိုယ် ဖျောင့်ဖျစည်းရုံးပြီး ကလေးနဲ့ သူ့အဘိုးနဲ့ အတွေ့ကျဲအောင် ဖန်တီးသင့်ပါတယ်။ သည့်ထက်ပိုလုပ်သင့်တာက ကိုယ်နဲ့ မပြေမလည်ဖြစ်နေတဲ့ ကိုယ့်ယောက္ခထီးကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးယူဖို့ပါ။ တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေတောင် ဆပ်ကပ်ထဲမှာ ကိုယ်လိုသလို စေခိုင်းနိုင်နေတာဟာ လူဟာ အသိဉာဏ်မြင့်လို့ပါ။ ယောက္ခထီးက ကျား မဟုတ်၊ ဆင်မဟုတ်ပါဘူး။ လူပါ။ ဖျောင့်ဖျစည်းရုံးဖို့ ပိုလွယ်ပါတယ်။ မလွယ်အောင် တားဆီးနေတာက မာနပါ။ ကိုယ့်မာနကြောင့် ကိုယ့်မိန်းမလည်း စိတ်ဆင်းရဲ၊ ကိုယ့်သားလေးလည်း ကြားထဲက ဒဏ်ခံနေရတဲ့ အဖြစ်ကို မြင်လာမယ်ဆိုရင် ဒါကို ဆင်ခြင်နိုင်ပါလိမ့်မယ်။

တစ်ဖက်သားကို ခွေးနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ခြင်သင့်လို့ နမူနာတစ်ခု ပြောပါ့မယ်။ ခွေးတစ်ကောင် ဆိုးနေ၊ ကိုက်နေ၊ လိုက်ဆွဲနေ၊ သောင်းကျန်းနေရင် အဲဒီ့ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်အောင် လုပ်ရတော့မှာပါ။ အဲဒီ့အတွက် အဲဒီ့ခွေးကို မဆိုးနဲ့၊ မဟောင်နဲ့၊ မကိုက်နဲ့၊ မဆွဲနဲ့လို့ လူစကား သွားပြောနေလို့ မရပါဘူး။ အဲဒီ့ခွေး အမြီးနှံ့လောအောင် ထန်းလျက်၊ အမဲရိုး၊ ဘီစကစ်စသဖြင့် ခွေးကြိုက်လောက်တဲ့ အရာတစ်ခုခုကို အရင်ပြရပါမယ်။ ခွေးနဲ့ ရင်းနှီးလာအောင် လုပ်ရပါမယ်။ အဲဒီ့နောက် ဖော်ရွေလာတဲ့ ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်ဖို့အတွက် ခွေးကို ပွတ်သပ်ပေးရမယ်၊ ပြီးရင် ခြင်းစွပ်ရပါမယ်။ အဲဒီ့အတွက် ခွေးအရပ်နဲ့တူအောင် ဒူးထောက်တန်ထောက်၊ ဆောင့်ကြောင့် ထိုင်တန် ထိုင်ရမှာပါ။ အဲဒါဟာ အရှုံးပေးတာ မဟုတ်မှန်း လူတိုင်း သိပါတယ်။

သို့သော် လူလူချင်းကျရင်တော့ ထန်းလျက်သုံးရကောင်းမှန်း မသိသလို ဒူးလည်း မထောက်ဖြစ်တတ်ကြဘူး။ အဲဒါဟာ မာနပါ။ ခွေးနဲ့ကျတော့ ခွေးပဲဆိုပြီး ဒူးထောက်လိုက်ရတာကို မာန ချရတယ်လို့ ဘယ်သူမှ မတွေးကြဘူး။ ဒါပေမယ့် ခွေးနဲ့ဖြစ်ဖြစ်၊ လူနဲ့ဖြစ်ဖြစ် ရည်မှန်းချက်က အတူတူပါပဲ။ ကိုယ်လိုချင်တာ ဖြစ်လာအောင်၊ ကိုယ်ဖြစ်စေချင်တာ ဖြစ်လာအောင် လုပ်ဖို့ပါပဲ။ ဒါကို နှလုံးသွင်းနိုင်မယ်ဆိုရင် လူအားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံတတ်လာပါလိမ့်မယ်။ ဆက်ဆံရေးတိုင်းကို အဆင်မပြေဖြစ်စေတာက ဘာမဟုတ်တဲ့ တလွဲမာနတွေပါဗျာ။

ကလေးနဲ့ ပတ်သက်လို့ ဆက်ပြောရမယ်ဆိုရင်တော့ သည်တစ်နှစ်ခွဲသားလေးဟာ ဘာဆို ဘာမှ အကောင်းအဆိုး အကျိုးအပြစ် မသိသေးတာမို့ သူ့ကို ရိုက်ရုံမက သတ်ပစ်ရင်လည်း သိမှာ မဟုတ်ဘူးဆိုတာကို သိထားဖို့ လိုပါတယ်။ သည်အရွယ်ဟာ အမေ၊ အဖေရဲ့ မျက်နှာကို ကြည့်နေရတဲ့ အရွယ်ပါ။ အမေ အဖေ မကြိုက်ဘူး ဆိုတာ တစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်။ တစ်ခုတော့ ရှိတယ်၊ အနားမှာ အားကိုး မရှိဖို့ လိုပါတယ်။ အမေ မကြည်ရင် အဖေ့ဆီ ပြေးနိုင်၊ အဖေရော၊ အမေပါ မကြည်ဘူးဆိုရင် အဒေါ်တွေ၊ အဘိုးအဘွားတွေဆီ ပြေးကပ်နိုင်တာမျိုး ဖြစ်နေရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။ အဲလိုသာဆိုရင်တော့ ကလေးကို ရိုက်မယ့်အစား အိမ်ထောင်သည် ဖြစ်လာရက်နဲ့ အိမ်မခွဲနိုင်တဲ့ ကိုယ်၊ တစ်အိုးတစ်အိမ်မထူထောင်နိုင်သေးဘဲ အိမ်ထောင်ပြုမိတဲ့ ကိုယ့်ပါးကိုယ်သာ စပ်စပ်ကလေး ရိုက်သင့်ပါတယ်။

တကယ်လို့ သိပ်ရိုက်ချင်တယ်ဆိုရင်လည်း ကလေး သုံးနှစ်က ငါးနှစ်အတွင်းလောက်မှာ ဒေါသ မပါဘဲ ရိုက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမလုပ်နဲ့ နောက်တစ်ခါ လုပ်ရင် ရိုက်မယ်လို့ အရင်ဆုံး မှာကြားရပါမယ်။ ကလေးက လုပ်တဲ့အခါမှာလည်း ကိုယ်ပြောထားတဲ့အတိုင်း ရိုက်နိုင်ပါတယ်။ ရိုက်ပြီးတာနဲ့ သားကို မချစ်လို့ ရိုက်တာ မဟုတ်ဘူး။ သားရဲ့ အပြုအမူကို ပြင်စေချင်လို့ ရိုက်တာလို့ ပြောပြီး အသားနာလို့ ငိုနေတဲ့ ကလေးကို ချော့သင့်ပါတယ်။

ကလေး အငိုမတိတ်လို့ ရိုက်ပြီး တိတ်ခိုင်းသူလောက် လောကမှ လူမဆန်သူ၊ လူစိတ် မရှိသူ မရှိပါဘူး။ အဲဒီ့လူကို တစ်စုံတစ်ယောက်က နာကျင်အောင် လုပ်တဲ့အခါ သူရော မအော်ဘဲ၊ မညည်းဘဲ နေမလားလို့ မေးလိုက်ချင်ပါတယ်။ တခြားဟာ မပြောပါနဲ့၊ နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာတစ်ခုခု ပြင်းပြင်းပြပြ ခံစားရရင်တောင် လူဆိုတာ အော်မိ၊ ညည်းမိတတ်ကြပါတယ်။ (တစ်ယောက်နဲ့ တစ်ယောက် အနာခံနိုင်တဲ့ အတိုင်းအဆချင်း မတူလို့ တချို့အတွက် တောင့်ခံနိုင်တဲ့ အတိုင်းအဆ တစ်ခုတော့ ရှိမှာပါ။ အဲဒီ့လူတွေလည်း အဲဒီ့အတိုင်းအဆ ကျော်ရင် အော်မှာ ညည်းမှာ သေချာပါတယ်။) အဲဒါကို မအော်နဲ့ မညည်းနဲ့လို့ ပြောရင် လူဆန်ပါဦးမလား။ အင်မတန် စဉ်းစားသင့်ပါတယ်။

ကျွန်တော် ငယ်ငယ်တုန်းကလဲ ကျွန်တော့်အဖေက ရိုက်လို့ နာတဲ့အခါ ငိုမိတယ်။ အဲဒါဆိုရင် အဖေက အခု စာရေးလာသူလိုပဲ မတိတ်တိတ်အောင် တုတ်နဲ့ပဲ ဆက်ရိုက်ပြီး နှိပ်စက်ပါတယ်။ နှိပ်စက်တယ်လို့ ကျွန်တော် သုံးပါတယ်။ အဖေ ရိုက်တာ ကျွန်တော် စိတ်သိပ်မနာမိဘူးဆိုရင်တောင် အဲသလို နာလို့ ငိုတာကိုပဲ ကိုယ်ချင်းမစာစွာ ဆင့်ရိုက်ပြီး အတိတ်ခိုင်းတဲ့ အပြုအမူကိုတော့ ကျွန်တော် အင်မတန် စက်ဆုပ်ခဲ့ပါတယ်။ အခုဆို ကျွန်တော့်အဖေ မရှိတော့တာ ၃၄ နှစ် ပြည့်ပါတော့မယ်။ အဖေ့ကိုလည်း နားလည်ခွင့်လွှတ်လို့ ရသွားသလို အဖေ့ကျေးဇူးကိုလည်း အောက်မေ့ သတိရပါတယ်။ သို့ပေမယ့် အဖေ့အပြုအမူကို စက်ဆုပ်ပြီး အဖေ့ကို ချစ်လို့ မရတာကတော့ ယနေ့ထက်တိုင်ပါ။

အခု စာရေးလာသူဟာ အသိခေါက်ခက် အ၀င်နက်နေတယ်လို့ ပြောရမလား မသိပါဘူး။ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်းလို့ သူက စကားခံထားတာကိုး။ အသိတစ်ခုရှိပြီး အဲဒီ့အသိကြောင့် သဘောထား မပြောင်း၊ အပြုအမူလည်း လိုက်ပြောင်းမလာဘူးဆိုရင် အဲဒီ့အသိဟာ ဘာမှ အသုံးမကျပါဘူး။ ဗဟုသုတ အထိုက်အလျောက်ရှိတဲ့ လူ့အန္ဓသာဖြစ်ပါလိမ့်မယ်။ အသိသာရှိပြီး ဉာဏ်မရှိသူသာ ဖြစ်သွားပါလိမ့်မယ်။ အိမ်သာက ဆင်းရင် လက်ဆေးတာ ကျန်းမာရေး အတွက် ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် တကယ် အိမ်သာက ဆင်းလာပေမယ့် လက်မဆေးဘဲနေသူနဲ့ အတူတူပါပဲ။

အားနာနာနဲ့ ပြောရရင် ယောက္ခထီးကို မကျေနပ်တိုင်း ကလေးကို ဖိရိုက်နေတာသာဖြစ်ပါတယ်။ ကာယကံရှင်က သည်အချက်ကို ၀န်ခံချင်မှ ၀န်ခံပါလိမ့်မယ်။ ၀န်မခံဆို ကိုယ်တိုင်လည်း သတိထားမိချင်မှ ထားမိမှာကိုး။ မသိစိတ်ထဲမှာ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သေချာ ပြန်စဉ်းစားရင် အဲဒီ့အတိုင်း ပေါ်လာမှာပါ။

ကလေးအတွက် သင့်တင့်တဲ့ အဖြေကို ထုတ်နိုင်မယ်လို့ ယုံကြည်ယူဆပြီး ဒါကို ရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်သည်လို ရေးလိုက်တဲ့အတွက် ကာယကံရှင် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် တောင်းပန်လိုက်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – 020810)

Advertisements
6 Comments leave one →
  1. Aung permalink
    2 August 2010 7:28 pm

    Only illiterate parents beat small children.
    Parents penalizing kids is fine, beating is
    cruelty.

  2. Aung permalink
    2 August 2010 7:34 pm

    Only illiterate parents beat small children.
    Penalizing kids is fine, beating is cruelty.
    Parents and teachers beat children not
    because of they love them and teach
    them. But they are in fact pouring out
    their resentment and anger towards kid.
    A father who is no one at outside world
    would come back home and act like a king
    in his home. A teacher who cannot get
    a real job outside his chosen job will act
    with cruelty to the children. Take the
    example of the monk who had beaten
    Maung Lwin (future king Ming Tone).
    That old monk was just beating for his
    dried salted fish. But he was bluffing as
    if he did it for the young prince. I am a
    practising Buddhist and I am a Buddhist
    by faith and birth but I’ve never admired
    that monk since I heard that story.

  3. နေအေးလှိုင်း permalink
    2 August 2010 8:52 pm

    ကျနော့် comment ကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ ကျနော့် comment အပေါ် ဝေဖန်မှုတွေရှိနေမယ်ဆိုတာလည်း ကျနော်သိပါတယ်။ သိရဲ့သားနဲ့ မင်းဘာလို့ရေးရတာလဲကွ….. လို့ မေးလာရင်…. ဟုတ်ကဲ့…. ကျနော့်ရဲ့ အဖြစ်အပျက်ကို ပြောပြစေချင်တာပါဆရာ…. ကျနော့်ရဲ့မိုက်မဲမှုတွေနဲ့ထပ်တူမဟုတ်တောင် ဆင်တူလေးတွေ ကျနော့်ဝန်းကျင်မှာရှိနေတာလေးတွေကို ပြောပြချင်မိတာပါဆရာ…. မမိုက်ချင်ပဲ မိုက်မဲဖြစ်နေတဲ့အဖြစ်အပျက်များပေါ့ဆရာ….. နောက်ပြီး…. ဆရာ့ရဲ့ post ကိုဖတ်ပြီး မပြင်နိုင်တဲ့ ကျနော့်အကျင့်ကိုလည်း ၀န်ခံချင်လို့ပါဆရာ…. လူ့အန္ဓပြောလည်း ခံရတော့မှာပဲ ဆရာရေ….. ကျနော့်ယောက္ခထီးကို သွားရိုက်လို့မဖြစ်ဘူးဆရာရဲ့…. ဗလခြင်းမတူသလို…. ဇခြင်းလည်းမတူဘူးဗျ….. သူ့အကြောင်းပြောပြရမယ်ဆိုရင်….. ရဲထွက်တစ်ယောက်ဖြစ်တယ်…. လိမ်ညာမှုတွေကို လုပ်ဖူးတဲ့သူတစ်ယောက်ဖြစ်တယ်။ ထောင်ကျဖူးတယ်။ အရက်သမားတစ်ယောက်ဖြစ်တယ်။ သာမန်လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါတယ်ခင်ဗျာ……. ကျနော့်မိန်းမကိုတော့ ကျနော်ရိုက်ပါတယ်….. ဆုံးမပါတယ်….. ဒါပေမယ့် ဆရာ့စကားနဲ့ပြောရင် သူက ကျနော့်ထက်ဆိုးတဲ့ လူ့အန္ဓလို့ပြောရမလားမသိဘူးဗျ….. ကျနော် ဘယ်လောက်ပြောပြော ဘယ်လောက်ဆိုဆို…. ပြင်နိုင်စွမ်းမရှိတဲ့သူပါ….. သူနဲ့ကျနော်က ၁၁ နှစ်ကွာပါတယ်။ ဆယ်တန်းအထိပဲ ကျောင်းပညာသင်ဖူးတဲ့သူပါ…. စာဖတ်ဖို့ကို စိတ်မ၀င်စားတဲ့သူဖြစ်ပါတယ်။ အခု သူ့အသက်က ၂၁ ပဲရှိပါသေးတယ်….. သူ့မိသားစုရဲ့စရိုက်လက္ခဏာတွေကို သိပြီးတဲ့နောက်ပိုင်းမှာ ကျနော်သူ့ကို ဖျောင့်ဖျစည်းရုံးခဲ့ပါတယ်။ ကျနော့်ရဲ့ စည်းရုံးမှု မအောင်မြင်ပါဘူး။….. ကျနော် သူနဲ့ အိမ်ထောင်ကျကတည်းက တစ်အိုးတစ်အိမ် သပ်သပ်နေပါတယ်ခင်ဗျာ…. ဒါပေမယ့် သူ့အသက်ကငယ်တော့ သူ့အတွက်ကြည့်ပြီး သူ့မိဘတွေနဲ့ နီးတဲ့နေရာမှာ အိမ်ငှားပြီးနေခဲ့ပါတယ်။ ညားကာစကတည်းက သူ့ကို ကလေးမယူဖို့…. အလုပ်တစ်ခုရအောင်လုပ်ဖို့…. ကိုင်ပိုင်အိမ်လေးဖြစ်တဲ့အခါမှ ကလေးယူဖို့ ကျနော့်ရဲ့ plan တွေကို သူ့ကို ပြောဆို တိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ စကားတွေက အရာမရောက်ခဲ့ပါဘူး….. အဲ့ဒီကတည်းက ဟာ… သွားပြီ ငါယူတဲ့မိန်းမက တော်တော်ခေါင်းကြောမာတဲ့မိန်းမပါလား? သူလုပ်ချင်တာ…. သူဖြစ်ချင်တာကို လုပ်တတ်တဲ့မိန်းမပါလားဆိုပြီး နောင်တလည်းရ စိတ်လည်းပျက်မိပါတယ်….. စိတ်ပျက်ပျက်နဲ့ပဲ ခရီးဆက်ခဲ့ရပါတယ်ဆရာ…. ဆရာ့စာထဲက အကြောင်းအရာတွေကို ဆရာသိအောင် ဆက်ပြောရမယ်ဆိုရင်…. ကျနော်အခု သူ့မိဘတွေနဲ့ ဝေးတဲ့နေရာကို ပြောင်းရွေ့ခဲ့ပါပြီ…. နှစ်လပဲရှိပါသေးတယ်ခင်ဗျာ….အဲဒီ နှစ်လအတွင်းမှာပဲ ကျနော့်သားက တော်တော်လူရည်လည်လာပါတယ်။ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် လုပ်ချင်ကိုင်ချင်လာပါတယ်။ ခက်တာက သူလုပ်ချင်တာတွေမလုပ်ဖြစ်အောင် မပြင်ဆင်ထားနိုင်တာကတော့ ကျနော့်ရဲ့အားနည်းချက်ပါပဲဆရာ…. ဆရာသုံးသပ်သလိုပဲ ကျနော်ဟာ မာနကြီးတဲ့သူတစ်ယောက်ပါ…. ဆရာပြောသလို တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်တဲ့အစွမ်းသတ္တိမရှိပါဘူး…. ကျနော့်ရဲ့ ဗျူဟာက ဒီလူနဲ့အဆင်မပြေရင် ကပ်ကင်းကင်းနေမယ်…. ရှောင်ခွာမယ်ဆိုတဲ့ ဗျူဟာပါ…. ကျနော်ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက်လုံး အဲ့ဒီလိုပဲ ကျင့်သုံးခဲ့ပါတယ်။ ကျနော့်ဗျူဟာ မမှန်ဘူးလို့သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ……. အခုလောလောဆယ်အထိ အဲ့ဒီနည်းအတိုင်းပဲ နေထိုင်နေပါတယ်ခင်ဗျာ…… ရှောင်ရင်း ရှောင်ရင်းနဲ့ ဘယ်လောက်အထိရှောင်ဖို့စဉ်းစားမိလာသလဲဆိုတော့ လူ့အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်ဖို့ပါ စဉ်းစားထားတဲ့သူဖြစ်နေပါပြီ….. ဒီလူမကောင်းဘူး…. ဟိုလူမကောင်းဘူး…. ဟာ…. ဒီလူလည်းမကောင်းဘူးပဲ…. ငါရောကောင်းရဲ့လား…. ဟာ…. တစ်ချက်တစ်ချက် ငါလည်းမကောင်းပါလား? တော်ပြီ…. လူတွေနဲ့ ဝေးတဲ့နေရာကိုသွားတာပဲကောင်းတယ်….. အဲ့ဒီတော့ ဆရာပြောသလို….. သူ့ကို ရအောင် သိမ်းသွင်းမယ်ဆိုတဲ့ ဉာဉ်မျိုး ကျနော့်မှာ မရှိဘူးဗျ……. ဒါပေမယ့် လောလောဆယ်မှာ ကျနော့်မိန်းမကိုတော့ ရများရမလားလို့ သိမ်းသွင်းရင်း (အင်တိုက်အားတိုက်တော့မဟုတ်ပါဘူး) တစ်ဖက်ကလည်း ငါ ဝေးရာပြေးရမယ်ဆိုတာလည်းတွေးလျက်ပါပဲခင်ဗျာ…….
    ကလေးအကြောင်းဆက်ပြောရမယ်ဆိုရင်….. ကျနော့်သားက အနည်းငယ်တော့ သိနေပါပြီ…. ဥပမာ.. ထမင်းစားမယ်လို့ မိဘတွေကပြင်ဆင်နေပြီဆိုရင် စားပွဲခုံကို မလာတာမျိုး (စားပွဲခုံက သေးသေးလေးမို့လို့ပါ) မနက် ကျနော့်အတွက် ထမင်းဗူး ထည့်နေပြီဆို…. သူ့ပန်းကန်ကို ယူလာပြီး သူ့အတွက်ထည့်ခိုင်းတာမျိုး….. ရေဆာရင်လည်း သောက်ရေဗူးကို လက်ညှိုးထိုးတတ်တာမျိုး…. သား ဘောလုံးရောဆိုရင် ဘောလုံးရှာတတ်တာမျိုး…. အဲ့ဒီလိုမျိုးအနည်းအကျဉ်းသိနေတော့ ဒီအချိန်ကတည်းက မဆုံးမထားရင် ဒီ့ထက်ကြီးလာရင် ဆုံးမလို့ရနိုင်ပါ့မလားလို့ ကျနော်တွေးမိပါတယ်။ သူ့အမေနဲ့ ကျနော်နဲ့ယှဉ်ရင် သူ့အမေအပေါ် တော်တော်အနိုင်ကျင့်ပါတယ်…. ဆံပင်တွေဆွဲစောင့်တယ်…. မျက်နှာကို ရိုက်တယ်….. ထိုင်နေတဲ့အချိန် အနောက်ဘက်ကနေ ဖက်ပြီး ကိုက်တယ်….. ပြီးတော့မှ ဥုံဖွဆိုပြီးလုပ်တယ်…. သူ့အမေအိပ်နေရင် သူ့အမေဗိုက်ပေါ် တက်ခုန်တယ်…. ကျနော့်အပေါ်တော့ အဲ့ဒါတွေ တစ်ခုမှ မလုပ်ပါဘူး…. မလုပ်ဖြစ်အောင် ခပ်တန်းတန်းနေပါတယ်…. ချော့မြူတယ်…. ပွေ့ဖက်တယ်…. ပါးကိုနမ်းပေးတယ်…… ဒါပေမယ့် အရမ်းကြီးအရောမ၀င်ပါဘူး…. ကျနော်ကြောက်နေမိတာက ကျနော့်သားက ၄ ဂဏန်းသမား…. စနေသားပါ…. ဒီအရွယ်ကတည်းက အညွှန့်မချိုးထားရင် အညွှန့်ကျိုးပါ့မလားလို့ စိတ်ထဲတွေးမိပါတယ်… (အသက်ကြီးတဲ့အထိ ဝေးရာမပြေးနိုင်ခဲ့ရင်ဆိုပြီး တွေးကြည့်တာပါ)

    ကလေးအငိုမတိတ်တာ တိတ်အောင်ရိုက်ပြီးတိတ်ခိုင်းတာကလည်း အကျင့်လုပ်ပေးတာလို့ပဲပြောပါရစေဆရာ…. အခုပဲရိုက် အခုပဲပြန်ချော့တာမျိုးလုပ်ရင် ငိုကြောလည်းရှည်နေမှာစိုးလို့ပါ…. ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ကျနော့်အဖေရဲ့အရိုက်ကိုခံရပြီးတဲ့အခါမှာ မငိုဖို့အတွက် ဖိအားပေးခြင်းခံရပါတယ်….. ကျနော်ကိုယ်တိုင်လည်း စက်ဆုပ်ပါတယ်…. ဒါပေမယ့် အဲ့ဒီလိုမလုပ်ရင် တောက်လျှောက်ငိုနေရောပဲဆရာရေ…… ဘယ်လိုမှ ချော့လို့မရဘူး…. ချော့ရင် သူကတောင် စိတ်ကောက်သေးရဲ့…..

    ယောက္ခထီးကြောင့် ကလေးကို ဖိမရိုက်တာတော့ သေချာပါတယ်။ သူ့ရှေ့မှာ ရိုက်တာလည်းမဟုတ်ပါဘူးခင်ဗျာ…. ကျနော်လိုချင်တဲ့ပုံစံကို သွတ်သွင်းဖို့အတွက်ရိုက်နှက်ရခြင်းပါပဲ…. ကျနော်လိုချင်တာက ကျနော့်ကို အရိုအသေမတန်တဲ့အပြုအမူတွေ မလုပ်ဖို့….. အိမ်ကပစ္စည်းတွေ မဆုံးရှုံးဖို့ မလိုအပ်ပဲ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါပဲခင်ဗျာ……

    ကျနော့်ရဲ့ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတွေကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ

  4. Sint permalink
    3 August 2010 12:15 am

    I am very sad to read it. Normally, babies bite because they are teething!He colud give the baby teething toy or cold wash cloth (small towel ).

    When my baby bites me I flicked her cheek with finger. I don’t have to do more than twice. She stoped biting me.

    Babies are very curious at this age. They learn by touching thing because they couldn’t speak yet. The spices are not expensive items. I put spices in small plastic jars for baby to play.My baby eat by herself. She is learing motor skills. I let her tastes all the adult foods too. Please use small cup and fall small amount of water to help baby learn to drink from a cup. Even if he spill it would not damage the floor.

    One and half year old doesn’t know how to control the emotions yet.He can use time out method after 2 yrs old.

    When my baby cry I make eye ontact with her and ask her why or what she wants? I tell her that if she stop cerying I’ll give it to her or do it for her. I make sure she stop crying then give it to her what she wants and say “thank you”.
    This way she learn that crying couldn’t always get what she wants. She could ask thing in nice way too.

    I hope he read this and will help him in some way.

  5. kyaung permalink
    3 August 2010 12:33 am

    O my god!beat to child is not solve problem,,
    child just pain skin only,,OR child mental will weak..
    You must read a lot of books,,I think,U can ask Mr.Ata Kyaw,,which book,u should read and pls understand,,human esteem..

  6. maung chit sayar permalink
    13 January 2012 3:25 am

    quote: ” ကျနော်ကြောက်နေမိတာက ကျနော့်သားက ၄ ဂဏန်းသမား…. စနေသားပါ…. ဒီအရွယ်ကတည်းက အညွှန့်မချိုးထားရင် အညွှန့်ကျိုးပါ့မလားလို့ စိတ်ထဲတွေးမိပါတယ်… (အသက်ကြီးတဲ့အထိ ဝေးရာမပြေးနိုင်ခဲ့ရင်ဆိုပြီး တွေးကြည့်တာပါ)”

    လူကြီးမင်းခင်ဗျာ…
    ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ဆိုလျှင် ဒါမျိုးအတွေးတွေဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ မသိခဲ့လျှင်လဲ အခုသိအောင် လုပ်ပါ။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ကံ ကံ၏အကျိုးကို ယုံကြည်ပြီး ကိုယ်ကုသိုလ်ပြုလျှင် ကောင်းသောအကျိုးရမည် ၊ အကုသိုလ်ပြုလျှင် မကောင်းသော အကျိုးရပါမည်။ ၄ ဂဏန်းသမား စနေသား မို့လို့ ဆိုပြီး တလွဲအတွေးတွေနဲ့ ကလေးအပေါ် အညွန့်ချိုးခြင်းသည် အင်မတန် ရက်စက်ရာကျပါသည်။ ကလေး၏အနာဂတ်အတွက် သူလိုအပ်တဲ့ မေတ္တာတရား ဆင်ခြင်တုံအသိဥာဏ်တို့ကို အရွယ်နှင့်လိုက်ဖက်အောင်ပေးပြီး သူ့ဘ၀တွင် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိအောင် မြေထောင်မြှောက်ပေး ကောင်းသောရည်မှန်းချက်များရရှိအောင် သွန်သင်ဆုံးမပေးလျှင် သားကောင်းရတနာ မလွှဲဧကန်ဖြစ်လာနိုင်ပါမည်။ မိဘအပေါ်တွင်သာ အများကြီးမူတည်ပါသည်။ သားသမီးမကောင်း မိဘ၀ခေါင်း ဆိုတဲ့ ဆိုရိုးစကားအတိုင်းပေါ့။

    ကိုယ်ချင်းစာတရားလေးလဲ ထားစေချင်ပါတယ်။ ကိုယ့်တုန်းက အငိုတိတ်အောင် ကိုယ့်မိဘက ရိုက်ပြီးတိတ်ခိုင်းတာကို မကြိုက်ခဲ့လျှင် ကိုယ့်သားသမီးကိုလဲ ဒီလိုမလုပ်ပါနှင့်။ ဆက်လုပ်နေရင်တော့ ကိုယ့်ကလေးကြီးလာလျှင်လဲ ဒီအတိုင်းပဲဖြစ်ပြီး ဒီသံသရာက မျိုးမပြုတ်မချင်းဆုံးတော့မှာမဟုတ်တဲ့ အဖြစ်မျိုး မဖြစ်အောင် ဒီသံသရာကို လူကြီးမင်းလက်ထက်တွင် ရပ်နိုင်အောင်ကြိုးစားပါ။ သားစဉ်မြေးဆက် ကောင်းစားလာပါလိမ့်မည်။ 🙂 မေတ္တာဖြင့်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: