Skip to content
Would you really want to mend your ways?
3 August 2010
တကယ် ပြင်ချင်စိတ် ရှိပါရဲ့လား
မနေ့က တင်လိုက်တဲ့ “တစ်နှစ်ခွဲသားကို ရိုက်နှက် ဆုံးမသူရဲ့ စိတ်အခံ”ဆိုတဲ့ ပို့(စ်)မှာ ကာယကံရှင်က comment ထပ်တင်လာပါတယ်။ သူ့ comment ကို ဖတ်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုယ် ကျွန်တော် တော်တော် ရူးမှန်း သိသွားပါတယ်။ လူတွေရဲ့ အသိဉာဏ်အဆင့်ကို မြှင့်တင်နိုင်အောင် ကျွန်တော့်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံ၊ မီဒီယာပေါင်းစုံကနေ အားထုတ်ကြိုးပမ်းနေသမျှဟာ ဘာဆိုဘာမှ အရာမရောက်ပါလားလို့ တွေးဖြစ်စေတဲ့ comment လေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး၊ အလကားကောင်ပါ၊ အရူး ထပြီး တောင်ရေးမြောက်ရေးတွေ လျှောက်ရေးမနေနဲ့၊ တောင်ပြော မြောက်ပြောတွေလည်း ပြောမနေနဲ့တော့လို့ သူ့ comment က ထုတ်မပြောသည့်တိုင် ပြောလိုက်ဘိသကဲ့သို့ ကျွန်တော့်မှာ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ မဖြစ်စလောက် အားလေး တစ်ခုတည်းနဲ့တော့ ထစ်ခနဲရှိ လက်ပါချင်တဲ့ အစဉ်အလာတစ်ခုကို ရိုက်ချိုးဖျက်ဆီးလို့ မရဘူးဆိုတာကိုလည်း သဘောပေါက်လာရတယ်။
ကျွန်တော် အဲလို ခံစားသွားရစေတဲ့ သူ့ comment ကို အရင်ဖတ်ကြည့်တော်မူကြည့်ကြပါဦး။ အဲဒါ အဆုံးမှာမှ ကျွန်တော် ဆက်ဆွေးနွေးပါ့မယ်။
ကျနော့် comment ကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။ ကျနော့် comment အပေါ် ဝေဖန်မှုတွေ ရှိနေမယ်ဆိုတာလည်း ကျနော် သိပါတယ်။ သိရဲ့သားနဲ့ မင်းဘာလို့ရေးရတာလဲကွလို့ မေးလာရင်… ဟုတ်ကဲ့… ကျနော့်ရဲ့ အဖြစ်အပျက်ကို ပြောပြစေချင်တာပါ ဆရာ၊
ကျနော့်ရဲ့မိုက်မဲမှုတွေနဲ့ ထပ်တူမဟုတ်တောင် ဆင်တူလေးတွေ ကျနော့်ဝန်းကျင်မှာ ရှိနေတာလေးတွေကို ပြောပြချင်မိတာပါဆရာ။ မမိုက်ချင်ဘဲ မိုက်မဲဖြစ်နေတဲ့ အဖြစ်အပျက်များပေါ့ဆရာ။ နောက်ပြီး ဆရာ့ရဲ့ post ကိုဖတ်ပြီး မပြင်နိုင်တဲ့ ကျနော့်အကျင့်ကိုလည်း ၀န်ခံချင်လို့ပါဆရာ။
လူ့အန္ဓပြောလည်း ခံရတော့မှာပဲ ဆရာရေ… ကျနော့်ယောက္ခထီးကို သွားရိုက်လို့ မဖြစ်ဘူးဆရာရဲ့။ ဗလခြင်းမတူသလို၊ ဇခြင်းလည်း မတူဘူးဗျ၊ သူ့အကြောင်း ပြောပြရမယ်ဆိုရင် ရဲထွက်တစ်ယောက်ဖြစ်တယ်၊ လိမ်ညာမှုတွေကို လုပ်ဖူးတဲ့သူတစ်ယောက် ဖြစ်တယ်၊ ထောင်ကျဖူးတယ်၊ အရက်သမားတစ်ယောက် ဖြစ်တယ်၊ သာမန်လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါတယ်ခင်ဗျာ။
ကျနော့်မိန်းမကိုတော့ ကျနော်ရိုက်ပါတယ်၊ ဆုံးမပါတယ်၊ ဒါပေမယ့် ဆရာ့စကားနဲ့ ပြောရင် သူက ကျနော့်ထက်ဆိုးတဲ့ လူ့အန္ဓလို့ ပြောရမလား မသိဘူးဗျ။ ကျနော် ဘယ်လောက် ပြောပြော ဘယ်လောက်ဆိုဆို ပြင်နိုင်စွမ်းမရှိတဲ့သူပါ။ သူနဲ့ ကျနော်က ၁၁ နှစ် ကွာပါတယ်။ ဆယ်တန်းအထိပဲ ကျောင်းပညာသင်ဖူးတဲ့သူပါ။ စာဖတ်ဖို့ကို စိတ်မ၀င်စားတဲ့သူ ဖြစ်ပါတယ်။ အခု သူ့အသက်က ၂၁ ပဲ ရှိပါသေးတယ်။ သူ့မိသားစုရဲ့ စရိုက်လက္ခဏာတွေကို သိပြီးတဲ့နောက်ပိုင်းမှာ ကျနော် သူ့ကို ဖျောင့်ဖျ စည်းရုံးခဲ့ပါတယ်။ ကျနော့်ရဲ့ စည်းရုံးမှု မအောင်မြင်ပါဘူး။
ကျနော် သူနဲ့ အိမ်ထောင်ကျကတည်းက တစ်အိုးတစ်အိမ် သပ်သပ်နေပါတယ်ခင်ဗျာ။ ဒါပေမယ့် သူ့အသက်ကငယ်တော့ သူ့အတွက် ကြည့်ပြီး သူ့မိဘတွေနဲ့ နီးတဲ့ နေရာမှာ အိမ်ငှားပြီး နေခဲ့ပါတယ်။ ညားကာစကတည်းက သူ့ကို ကလေးမယူဖို၊ အလုပ်တစ်ခု ရအောင်လုပ်ဖို့၊ ကိုင်ပိုင်အိမ်လေး ဖြစ်တဲ့အခါမှ ကလေးယူဖို့ ကျနော့်ရဲ့ plan တွေကို သူ့ကို ပြောဆို တိုင်ပင်ခဲ့ပါတယ်။
ဒါပေမယ့် ကျနော့်ရဲ့ စကားတွေက အရာမရောက်ခဲ့ပါဘူး။ အဲ့ဒီကတည်းက ဟာ… သွားပြီ ငါယူတဲ့မိန်းမက တော်တော်ခေါင်းကြောမာတဲ့မိန်းမပါလား? သူ လုပ်ချင်တာ၊ သူဖြစ်ချင်တာကို လုပ်တတ်တဲ့ မိန်းမပါလားဆိုပြီး နောင်တလည်းရ၊ စိတ်လည်းပျက်မိပါတယ်။ စိတ်ပျက်ပျက်နဲ့ပဲ ခရီးဆက်ခဲ့ရပါတယ်ဆရာ။
ဆရာ့စာထဲက အကြောင်းအရာတွေကို ဆရာသိအောင် ဆက်ပြောရမယ်ဆိုရင် ကျနော်အခု သူ့မိဘတွေနဲ့ ဝေးတဲ့နေရာကို ပြောင်းရွေ့ခဲ့ပါပြီ။ နှစ်လပဲ ရှိပါသေးတယ်ခင်ဗျာ။ အဲဒီ နှစ်လအတွင်းမှာပဲ ကျနော့်သားက တော်တော် လူရည်လည်လာပါတယ်။ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် လုပ်ချင်ကိုင်ချင်လာပါတယ်။ ခက်တာက သူလုပ်ချင်တာတွေ မလုပ်ဖြစ်အောင် မပြင်ဆင်ထားနိုင်တာကတော့ ကျနော့်ရဲ့အားနည်းချက်ပါပဲဆရာ။
ဆရာသုံးသပ်သလိုပဲ ကျနော်ဟာ မာနကြီးတဲ့သူတစ်ယောက်ပါ။ ဆရာပြောသလို တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်တဲ့အစွမ်းသတ္တိမရှိပါဘူး။ ကျနော့်ရဲ့ ဗျူဟာက ဒီလူနဲ့ အဆင်မပြေရင် ခပ်ကင်းကင်းနေမယ်၊ ရှောင်ခွာမယ်ဆိုတဲ့ ဗျူဟာပါ။ ကျနော်ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်လုံး အဲ့ဒီလိုပဲ ကျင့်သုံးခဲ့ပါတယ်။ ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ။ အခုလောလောဆယ်အထိ အဲ့ဒီနည်းအတိုင်းပဲ နေထိုင်နေပါတယ်ခင်ဗျာ။
ရှောင်ရင်း ရှောင်ရင်းနဲ့ ဘယ်လောက်အထိရှောင်ဖို့စဉ်းစားမိလာသလဲဆိုတော့ လူ့အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်ဖို့ပါ စဉ်းစားထားတဲ့သူ ဖြစ်နေပါပြီ။ သည်လူမကောင်းဘူး၊ ဟိုလူမကောင်းဘူး၊ ဟာ… သည်လူလည်း မကောင်းဘူးပဲ၊ ငါရောကောင်းရဲ့လား၊ ဟာ… တစ်ချက်တစ်ချက် ငါလည်းမကောင်းပါလား? တော်ပြီ… လူတွေနဲ့ ဝေးတဲ့နေရာကို သွားတာပဲ ကောင်းတယ်။ အဲ့ဒီတော့ ဆရာ ပြောသလို သူ့ကို ရအောင် သိမ်းသွင်းမယ်ဆိုတဲ့ ဉာဉ်မျိုး ကျနော့်မှာ မရှိဘူးဗျ။
ဒါပေမယ့် လောလောဆယ်မှာ ကျနော့်မိန်းမကိုတော့ ရများရမလားလို့ သိမ်းသွင်းရင်း (အင်တိုက်အားတိုက်တော့ မဟုတ်ပါဘူး) တစ်ဖက်ကလည်း ငါ ဝေးရာ ပြေးရမယ်ဆိုတာလည်း တွေးလျက်ပါပဲခင်ဗျာ။
ကလေးအကြောင်းဆက်ပြောရမယ်ဆိုရင် ကျနော့်သားက အနည်းငယ်တော့ သိနေပါပြ။ ဥပမာ ထမင်းစားမယ်လို့ မိဘတွေက ပြင်ဆင်နေပြီဆိုရင် စားပွဲခုံကို မလာတာမျိုး (စားပွဲခုံက သေးသေးလေးမို့လို့ပါ)၊ မနက် ကျနော့်အတွက် ထမင်းဗူး ထည့်နေပြီဆို သူ့ပန်းကန်ကို ယူလာပြီး သူ့အတွက်ထည့်ခိုင်းတာမျိုး၊ ရေဆာရင်လည်း သောက်ရေဗူးကို လက်ညှိုးထိုးတတ်တာမျိုး၊ သား ဘောလုံးရောဆိုရင် ဘောလုံးရှာတတ်တာမျိုး။ အဲ့ဒီလိုမျိုး အနည်းအကျဉ်း သိနေတော့ သည်အချိန်ကတည်းက မဆုံးမထားရင် သည့်ထက်ကြီးလာရင် ဆုံးမလို့ရနိုင်ပါ့မလားလို့ ကျနော်တွေးမိပါတယ်။ သူ့အမေနဲ့ ကျနော်နဲ့ ယှဉ်ရင် သူ့အမေအပေါ် တော်တော်အနိုင်ကျင့်ပါတယ်။ ဆံပင်တွေဆွဲစောင့်တယ်၊ မျက်နှာကို ရိုက်တယ်၊ ထိုင်နေတဲ့အချိန် နောက်ဘက်ကနေ ဖက်ပြီး ကိုက်တယ်။ ပြီးတော့မှ ဥုံဖွ ဆိုပြီးလုပ်တယ်။ သူ့အမေအိပ်နေရင် သူ့အမေဗိုက်ပေါ် တက်ခုန်တယ်။ကျနော့်အပေါ်တော့ အဲ့ဒါတွေ တစ်ခုမှ မလုပ်ပါဘူး။ မလုပ်ဖြစ်အောင် ခပ်တန်းတန်း နေပါတယ်။ ချော့မြူတယ်၊ ပွေ့ဖက်တယ်။ ပါးကိုနမ်းပေးတယ်။ ဒါပေမယ့် အရမ်းကြီးအရောမ၀င်ပါဘူး။
ကျနော် ကြောက်နေမိတာက ကျနော့်သားက ၄ ဂဏန်းသမား။ စနေသားပါ။ သည်အရွယ်ကတည်းက အညွှန့် ချိုးမထားရင် အညွှန့်ကျိုးပါ့မလားလို့ စိတ်ထဲတွေးမိပါတယ်။ (အသက်ကြီးတဲ့အထိ ဝေးရာ မပြေးနိုင်ခဲ့ရင်ဆိုပြီး တွေးကြည့်တာပါ။)
ကလေး အငိုမတိတ်တာ တိတ်အောင်ရိုက်ပြီး တိတ်ခိုင်းတာကလည်း အကျင့်လုပ်ပေးတာလို့ပဲ ပြောပါရစေဆရာ။ အခုပဲရိုက် အခုပဲပြန်ချော့တာမျိုး လုပ်ရင် ငိုကြောလည်းရှည်နေမှာစိုးလို့ပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ကျနော့်အဖေရဲ့အရိုက်ကိုခံရပြီးတဲ့အခါမှာ မငိုဖို့အတွက် ဖိအားပေးခြင်းခံရပါတယ်။ ကျနော်ကိုယ်တိုင်လည်း စက်ဆုပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမလုပ်ရင် တောက်လျှောက်ငိုနေရောပဲဆရာရေ၊ ဘယ်လိုမှ ချော့လို့မရဘူး၊ ချော့ရင် သူကတောင် စိတ်ကောက်သေးရဲ့။
ယောက္ခထီးကြောင့် ကလေးကို ဖိမရိုက်တာတော့ သေချာပါတယ်။ သူ့ရှေ့မှာ ရိုက်တာလည်း မဟုတ်ပါဘူး ခင်ဗျာ။ ကျနော်လိုချင်တဲ့ပုံစံကို သွတ်သွင်းဖို့အတွက် ရိုက်နှက်ရခြင်းပါပဲ။ ကျနော် လိုချင်တာက ကျနော့်ကို အရိုအသေမတန်တဲ့ အပြုအမူတွေ မလုပ်ဖို့၊ အိမ်ကပစ္စည်းတွေ မဆုံးရှုံးဖို့ မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါပဲခင်ဗျာ။
ကျနော့်ရဲ့ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတွေကြောင့် ဆရာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ။
ကိုယ့်ဆရာက သည် comment မှာ တစ်နှစ်ခွဲ သားလေးကိုသာမက သူ့ထက် ၁၁ နှစ်ငယ်တဲ့ အသက် ၂၁ နှစ်အရွယ် သူ့ဇနီးကိုပါ ရိုက်နှက် ဆုံးမ တယ်ဆိုတာကြီးကို ထည့်ရေးထားပါတယ်။ သည်ပုဂ္ဂိုလ်ရဲ့ “စိတ်ထဲမှာ ဆုံးမလိုက်ရင် လူတွေ ပြုပြင်လာလိမ့်မယ်”ဆိုတဲ့ အစွဲအလွဲကြီးတစ်ခု စွဲနေပါတယ်။ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ၊ ဓားပြတွေ၊ မူးယစ်ဆေးသမားတွေကို ဥပဒေက ဆုံးမတဲ့အနေနဲ့ ထောင်သွင်းအကျဉ်းချခဲ့တာ ခေတ်အဆက်ဆက်၊ နိုင်ငံတိုင်းလိုလိုမှာပါ။ ဒါပေမယ့် အဲဒီ့သူတွေရဲ့ အကျင့်က ထောင်က ထွက်လာတဲ့အခါ ပြင်ရိုးထိုးစံ ရှိပါသလား။ မခိုး၊ မဆိုး၊ မတိုက်၊ မလုတော့ဘူး၊ မူးယစ်ဆေး မသုံးတော့ဘူးလို့ရော ဘယ်နိုင်ငံ၊ ဘယ်အကျဉ်းထောင်က အာမခံနိုင်ပါသလဲ။
ကျွန်တော်က ဆုံးမတာကို လုံးဝ မယုံကြည်ပါဘူး။ ကလေးလည်း ကလေးအလျောက်၊ ခွေးလည်း ခွေးအလျောက် သူ့အသိဉာဏ်နဲ့ သူ ရှိကြတာချည်းပါပဲ။ အလားတူပဲ အလေးစားခံထိုက်တဲ့ သက်ရှိတွေလို့ ကျွန်တော် ခံယူပါတယ်။
ကျွန်တော့်မှာ အသက် ၂၀ ထဲကို ချင်းနင်း ၀င်ရောက်စ ပြုနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ကျွန်တော့်အဖေက သိပ်ကို ရိုက်တတ်လို့ ကျွန်တော်လည်း အတုမြင် အတတ်သင်ပြီး သူ့ တစ်သက်မှာ သူ့ကို နှစ်ခါ သုံးခါ ရိုက်ခဲ့ဖူးပါတယ်။ ဒေါသနဲ့ ရိုက်တာပါ။ ဒါပေမယ့် ဒေါသပြေတဲ့အခါ ကျွန်တော်မှားသွားမှန်း သိလို့ သားကို တောင်းပန်ခဲ့ပါတယ်။ နောင်ကို ဆင်ခြင်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အဲလိုနဲ့ ကျွန်တော့်သားကို ကျွန်တော် ချစ်ခင်စွာပဲ နေပါတယ်။ အတူနေကြတဲ့အခါ ပြဿနာတွေတော့ ရှိတာပေါ့။ တစ်နေ့ကပဲ သူ လူမှန်း သူမှန်း မသိအောင် အရက်မူးလာတယ်။ သူ့ကို တိုက်တာက ကျွန်တော်ဖြစ်နေတယ်။ မူးပြီးတော့ ဂျီကျနေတဲ့အခါ ကျွန်တော်က ပြေပြေပြစ်ပြစ် ချော့မော့နေတဲ့ကြားက ရမ်းတဲ့အဆင့်ရောက်လာတော့ ကျွန်တော့်ဒေါသက ငယ်ထိပ်ရောက်သွားတယ်။ ကျွန်တော် သူ့ကို ထဆဲတယ်။ အမှန်ကို ၀န်ခံရရင် လက်သီးနဲ့လည်း ဆွဲထိုးချင်သွားပါတယ်။ ဒါပေမယ့် သူ့အမေနဲ့ သူ့အစ်မနဲ့က ကျွန်တော့်ကို တားလိုက်ချိန်မှာ ကျွန်တော် သတိဝင်သွားတယ်။ ဒေါသကတော့ ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် ကျွန်တော် ရှောင်နေလိုက်ပါတယ်။ တစ်ညလုံး ဒေါသဖြစ်နေတာပါ။ တော်တော်နဲ့ မပြေပါဘူး။ ဒါပေမယ့် ကျွန်တော် မမြင်ကွယ်ရာမှာ လုံးလုံးနေနေပြီး အိပ်ချလိုက်ပါတယ်။
နောက်တစ်ရက်မနက်မှာတော့ ကျွန်တော် စိတ်ပြေသွားပါပြီ။ အမှန်ကိုလည်း မြင်နိုင်စွမ်း ရှိသွားပါပြီ။ သား နိုးလာတော့ ကျွန်တော့်ကို လာကန်တော့ပါတယ်။ မနေ့ညက သူမှားခဲ့တာများအတွက် တောင်းပန်ပါတယ်လို့လည်း ပြောပါတယ်။ ကျွန်တော် ပြန်ပြောပါတယ်။ “သား ဘာမှ မမှားပါဘူးကွာ။ တောင်းပန်စရာလည်း မလိုပါဘူး”လို့ပါပဲ။ ဟုတ်တယ်လေ။ သူ သတိလက်လွတ်ဖြစ်နေချိန်မှာ ဖြစ်သွားတာအတွက် ကျွန်တော်က ဗွေယူစရာလား။
ပြောချင်တာက ကျွန်တော့်သားနဲ့ ကျွန်တော့်ကြားမှာ ချစ်ခင်မှုနဲ့ အပြန်အလှန် လေးစားမှုသာ ရှိခဲ့ပါတယ်။ သား ငယ်ငယ်လေးကတည်းက သူ့ကို ကျွန်တော် “လူကလေးလို”ပဲ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ နေရာပေးခဲ့တယ်၊ လုပ်ပိုင်ခွင့်တွေ အများအပြား ပေးခဲ့ပါတယ်။ ကလေးမို့ ကလေးလို မှားနေတဲ့ အမှားတွေ အတွက် ကျွန်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံဖြစ်လာအောင် အချိန်ယူ ပုံသွင်းခဲ့ရပါတယ်။
ဖျောင့်ဖျစည်းရုံးတယ်ဆိုလို့ ပြောချင်ပါသေးတယ်။ ကျွန်တော့်ဇနီးက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်ပါတယ်။ သူ စာဖတ်တယ်ဆိုပေမယ့် ကျွန်တော်နဲ့ အိမ်ထောင်ကျချိန် သူ့အသက် ၂၄ နှစ်အထိ လေးနက်တဲ့စာတွေ မဖတ်ခဲ့ပါဘူး။ အပျော်ဖတ်တွေသာ ဖတ်ခဲ့ဖူးတာပါ။ ရုပ်ရှင်ဆိုလည်း မြန်မာကားနဲ့ ကုလားကားလောက်သာ ကြည့်တတ်တာပါ။ အခုအခါမှာတော့ စာကောင်းတွေကို မက်မက်မောမောဖတ်နေပြီ ဖြစ်သလို The Pianist, The Queen, The Kite Runner တို့လို နိုင်ငံခြားရုပ်ရှင်ကားကောင်းတွေကိုလည်း အရသာခံ ကြည့်တတ်သွားပါပြီ။ အဲဒါကို တစ်ရက် တစ်မနက်နဲ့ စည်းရုံးရတာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး လုပ်ယူခဲ့ရတာပါ။ ပထမပိုင်းမှာ ၀တ္ထုတို ကောင်းလေးတွေကို ဖတ်ခိုင်းပါတယ်။ သူဖတ်ပြီးတဲ့အခါ နှစ်ယောက် ဆွေးနွေးယူပါတယ်။ ဘယ်ဇာတ်ကောင်က ဘယ်လို၊ ဘယ်ဇာတ်ကွက်က ဘယ်လို၊ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ရင်း သူမမြင်တာလေးတွေကို ဆွေးနွေးပြသွားပါတယ်။ တစ်ခါတလေ သူ ဖတ်ရမှာ စိတ်မပါရင် ကိုယ်က သူ့ကို ဇာတ်လမ်း အစအဆုံး ပြောပြတာမျိုးလည်း ရှိပါတယ်။ ပြီးတော့မှ ဆွေးနွေးပါတယ်။ နိုင်ငံခြားကားတွေလည်း ဘေးက ထိုင် ဘာသာပြန်ပေးရင်း ဘာလေးက ဘယ်လို အစရှိသဖြင့် ဖြည့်ဖြည့်ပြောပေးသွားတယ်။
အကြမ်းဖျင်းပြောရင် အခုအခြေအနေကို ရောက်ဖို့အတွှက် ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူခဲ့ရပါတယ်။ အချိန်ပေးခဲ့ရပါတယ်။ ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိက မိန့်ကြားဖူးတယ်။ သူ့ကို လူကြီးတစ်ယောက်က တရားထိုင်ဖို့ စည်းရုံးခဲ့ပုံလေးပါ။ “တရားထိုင်ကွာ”လို့ သူ့ကို အဲဒီ့လူက ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးတဲ့။ “လာ… တို့နှစ်ယောက် တရားထိုင်လိုက်ကြရအောင်”လို့သာ ပြောခဲ့ဖူးတာချည်းပါပဲတဲ့။ ဆိုလိုတာက ကိုယ်ကိုယ်တိုင် ပူးပေါင်းပါဝင်မှု၊ ကိုယ်ကိုယ်တိုင် စံပြလုပ်ဆောင်မှုများနဲ့သာ တစ်ဖက်သား ကိုယ့်ဖက်ပါလာအောင် ဆွဲယူနိုင်တယ်ဆိုတာကို ဆရာတော်က မီးမောင်းထိုးပြခဲ့တာပါ။ သွန်သင်တာ၊ ညွှန်ကြားတာ၊ ဆုံးမတာများဟာ အပေါ်စီးကမို့ ဘယ်လူသားကမှ ခံချင်မှာ မဟုတ်ပါဘူး။ ပဲ့ပြင်တယ်ဆိုကတည်းက ကိုယ်ကိုယ်တိုင် ပါဝင်နေပါပြီ။ ထိန်းကျောင်းတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် လယ်ကွင်းထဲ ဆင်းပြီး ကိုယ်ကိုယ်တိုင် အဲဒီ့သတ္တ၀ါတွေနဲ့ အတူလျှောက်ရပါတယ်။ လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ ပုံစံဝင်လာအောင် လုပ်ယူရာမှာ အချိန်ပေးရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ရပါတယ်။ ပါးစပ်ကလေးနဲ့၊ တုတ်ကလေးနဲ့ မရဘူးလား ဆိုရင်တော့ ရတဲ့အခါ ရပါလိမ့်မယ်။ ဒါပေမယ့် ပါးစပ်မလှုပ်နိုင်၊ တုတ်မကိုင်နိုင်တဲ့အခါ ခေါက်ရိုးက ပြန်ကျိုးသွားမှာပါ။ အချိန်ယူပြီး ကိုယ်တိုင်ပါဝင်ကာ ချစ်ခင်စိတ်နဲ့၊ မေတ္တာနဲ့ ပြောင်းယူရင်တော့ ရေရှည်ခိုင်မြဲတဲ့ အမူအကျင့်တစ်ခုကို ရလာပါလိမ့်မယ်။
စောစောက ကျွန်တော့်သား အသက် ၂၀ ဟာ သိပ်ကို အိမ်မြဲပါတယ်။ ဘယ်အချိန်ကြည့်ကြည့်၊ သူ့ကို အိမ်ထဲမှာသာ တွေ့ရပါတယ်။ ကျောင်းသွားချိန်၊ အားကစားရုံ သွားချိန်၊ ရည်းစားနဲ့ ချိန်းတွေ့ချိန်တွေတော့ ခြွင်းချက်ပေါ့ဗျာ။ ညဉ့်နက်သန်းခေါင် ထွက်လည်တယ်ဆိုတာ အင်မတန်နည်းလှသလို အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာလည်း မရှိသလောက်ပါ။ ရံဖန်ရံခါ နှစ်လ တစ်ခါ၊ သုံးလတစ်ခါလောက် သူ့အပေါင်းအသင်းတွေနဲ့ ဘီယာဆိုင် ထိုင်တာမျိုးတော့ ရှိတယ်။ ကျွန်တော်ကလည်း မတားတတ်ပါဘူး။ ကျွန်တော့်အိမ်မှာက စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ “ကြိုက်တာလုပ်၊ မလိမ်နဲ့”ဆိုတဲ့ စည်းကမ်းပါ။ လိမ်တာတစ်ခုကိုပဲ ပြင်းပြင်းထန်ထန်တားပါတယ်။ (ဒါ ရှေ့က ကျွန်တော့်ပို့(စ်)တွေထဲမှာ အကျယ်ရေးပြီးသားပါ။)
ပြောချင်တာက ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းနေစဉ်တစ်လျှောက်လုံး ကျွန်တော့်သားမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘူး။ နားပေါက် ဖောက်ချင်တယ်၊ ဖောက်။ ဆံပင် ဆိုးချင်တယ်၊ ဆိုး။ ကျွန်တော် မနှစ်သက်တာတွေဖြစ်ပေမယ့် ဘာမှ အရေးမကြီးတာတွေအတွက် ပြဿနာအဖြစ်မခံဘူး။ ဒါတွေက အချိန်တန်ရင် သူ့ဟာနဲ့သူ ပြီးသွားမှာတွေ။ ကျွန်တော်လိုချင်တာက စာနာနာဖတ်တဲ့ လူသား။ အဲဒါဖြစ်အောင် ကျွန်တော် သူတို့တွေ စာမဖတ်တတ်ခင်ကတည်းက ပျိုးထောင်ခဲ့တယ်။ အခု ကျွန်တော့်သားရော၊ သမီးရော စာဖတ်တဲ့ဝါသနာ အပြည့်ရှိနေကြတယ်။ တော်ပြီ၊ သည်လောက်ဆိုရင်။ ကျန်တာက လူငယ်တို့ဘာဝ လုပ်ချင်တာ အကုန်လုပ်။ လုပ်သမျှ မိဘ သိရပါစေ။ ဒါမှ အချိန်မီ ကုလို့ ရမှာ။ ဒါပဲ။
အခု အဲဒီ့အကျင့်ကြောင့် ဘယ်လောက်အထိ ဆိုးလာလဲဆိုတော့ ကျောင်းလခတောင်းရမှာတောင် သားက အဖေနဲ့ အမေကို အားနာတယ်၊ သနားတယ်ဆိုတဲ့ အဆင့်ကို အလိုလို ရောက်လာတယ်။ မုန့်ဖိုးတောင်းဖို့များတော့ တော်တော်ခက်နေရှာတယ်။ ဖအေက နားလည်စွာနဲ့ မပေးမိရင်၊ မေ့နေရင် အိပ်ထဲ တစ်ပြားမှ မရှိဘဲ နေချင်နေတတ်နေတယ်။
ကျွန်တော့်သား တော်ကြောင်း ကြွားနေတာ မဟုတ်ပါဘူး။ တော်လည်း မတော်သေးပါဘူး။ သို့သော် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ရုပ်လုံး ပေါ်အောင် ဖော်ပြလိုက်တာပါ။ ချစ်ခြင်းမေတ္တာနဲ့ သူ့ကို တလေးတစား ပဲ့ပြင်ထိန်းကျောင်းခဲ့တာမို့ သည်အခြေအနေကို ရောက်လာတာပါ။
တစ်ဆက်တည်း ပြောရရင် ကျွန်တော့်သမီးက မိဘအပေါ်မှာ တအားဆိုးပါတယ်။ အထူးသဖြင့် သူ မကျေနပ်တာက ကျွန်တော့်ကိုပါ။ ကျွန်တော်က သူကလေးဘ၀က သူ့မျက်စိအောက်မှာတင် အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်မှုတိတိ ကျူးလွန်ခဲ့တာကိုး။ အဲတော့ သူက ကျွန်တော့်ကို ဆယ်ကျော်သက်အရွယ်မှာ အရမ်းကို ကန့်လန့်တိုက်ခဲ့ဖူးပါတယ်။ ကျွန်တော် သိပ်ရိုက်ချင်ခဲ့မိတယ်၊ နုတ်နုတ်စင်းပစ်ချင်လောက်အောင်ကို သူ ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တာပါ။ ဒါပေမယ့် အဲဒါ သူ့အမှား မဟုတ်ဘူး၊ ကျွန်တော့်အမှားကို သူအခဲမကျေမှန်း ရိပ်မိသိရှိသွားတဲ့အတွက် သူ့ကို ကျွန်တော် သိပ်ရိုက်ချင်နေချိန်မှာ စိတ်ကိုထိန်းပြီး သူ့ကို ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။
ကလေးတွေကို ရိုက်ချင်စရာ အကောင်းဆုံးအချိန်မှာ သူတို့လေးတွေ အချစ်ခံချင်ဆုံး အချိန်ဖြစ်နေတယ် ဆိုတဲ့ ကလေးသူငယ် စိတ်ပညာ အဆိုအမိန့် တစ်ခုကို ကျွန်တော့်ခေါင်းထဲကို အမြဲဆွဲထည့်ခဲ့၊ နှလုံးသွင်းခဲ့ပြီး သူ့ကို ကျွန်တော် ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။ ပိုယုယခဲ့ပါတယ်။ ပိုအလေးပေးခဲ့ပါတယ်။ အဲဒါလည်း အချိန် အကြာကြီး ယူရပါတယ်။ ကျွန်တော့် ပြစ်မှုကြောင့် ကျွန်တော်တည်ဆောက်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုအဆောက်အအုံကြီးဟာ မိနစ်ပိုင်းအတွင်းမှာ ပြိုကျပျက်စီးသွားပါတယ်။ အဲဒီ့အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ကျတော့ မိနစ်ပိုင်းနဲ့ ပြန်တည်လို့ မရပါဘူး။ ဒါကို နားလည်တဲ့အတွက် ကျွန်တော် အရမ်းအချိန်ပေး အရမ်း ၀ါယမစိုက်ခဲ့ရပါတယ်။
အခု ငါးနှစ်လောက် အကြာမှာ ကျွန်တော့်သမီးလည်း အံ့သြစရာ ကောင်းအောင် ပြောင်းလဲသွားပါပြီ။ တစ်ချိန်က ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တဲ့ သမီးမှ ဟုတ်ပါလေစလို့ သံသယဖြစ်လောက်အောင် သူ့ဘက်က လိမ်မာနေပါပြီ။ အပိုးကျိုးနေပါပြီ။ ကျွန်တော် တုတ်တစ်ချက် မကိုင်ခဲ့ပါဘူးခင်ဗျား။
ကျွန်တော့်အဘိဓာန်မှာ ဆုံးမ၊ သွန်သင်၊ ညွှန်ကြားဆိုတာတွေ မရှိသလို ရိုသေဆိုတဲ့ ဝေါဟာရလည်း မရှိပါဘူး။ ကျွန်တော် သိပ်တန်ဖိုးထားတာက လေးစားမှုပါ။ ရိုသေက တစ်လမ်းသွား၊ တစ်ဖက်သတ်ပါ။ လေးစားမှုက အပြန်အလှန် သဘောပါ။ ကျွန်တော်တို့ အာရှသားတွေ ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ အဖြစ်တွေရဲ့ အရင်းခံက ရိုသေမှုကို ရှေ့တန်းတင်ပြီး လေးစားမှုကို မျက်ကွယ်ပြုလိုက်ကြလို့သာ ဖြစ်ပါတယ်။ ဒါကို မြင်တဲ့ အာရှသားတွေ ပြင်နိုင်ခဲ့ကြလို့လည်း အခုအခါမှာ အာရှကျားတွေ ဖြစ်လာနေကြပါတယ်။
ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ ဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ်။ ပြင်ချင်စိတ်ရှိရင် ဘယ်လောက် အသားကျကျ ပြင်လို့ရတယ်ဆိုတာလည်း ဖြည့်စွက်ပြောလိုက်ချင်ပါတယ်။ ကျွန်တော့်စာတွေထဲမှာ ပါပြီးသားပါ။ ကျွန်တော်က မျိုးနဲ့ ရိုးနဲ့ ချီပြီး ရိုက်တတ်သူမို့ဆိုတဲ့ ဆင်ခြေကို ကောင်းကောင်း ပေးလို့ရနိုင်သူမို့ မိန်းမနဲ့ ကလေးရိုက်တာကို အသားကျနေတဲ့သူပါ။ ကနေ့အခါမှာ ကျွန်တော့်ဇနီးကို လက်ဖျားနဲ့တောင် မတို့တော့တာ ၁၆ နှစ်ကျော်ပြီဖြစ်သလို ကျွန်တော့်သားသမီးတွေကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မရှိတာလည်း ၁၀ နှစ်ကျော်ပြီလို့ ခပ်တင်းတင်း ပြောနိုင်နေပါပြီ။ အဲဒါဘာလဲ၊ ကျွန်တော်ကိုယ်တိုင်က ကိုယ့်လုပ်ရပ် မမှန်မှန်း ရင်ထဲ အသည်းထဲက တကယ် သိလို့တကယ်ပြင်ချင်စိတ် အပြည့်နဲ့ ပြင်ခဲ့လို့ပါပဲ။
ဘုရားဟောနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ၀ီရိယရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်၊ ဆန္ဒတကယ်ရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ ဘုရားရှင်က ဟောခဲ့ပါတယ်။ ပါဠိလို ရေးပြတတ်ပေမယ့် အလကား ဇယားရှုပ်မှာမို့ ရေးမပြတော့ပါဘူး။
အဲတော့ ကျွန်တော့်ဆီ စာရေးလာတဲ့ ဆရာနေအေးလှိုင်အပါအ၀င် လူသားအားလုံးအနေနဲ့လည်း တကယ်ဖြစ်ချင်ရင် တကယ်လုပ်လို့ရတယ်ဆိုတာကို ဘုရားက ဟောပြီးသားမို့ ကိုယ် တကယ်ဖြစ်ချင် မဖြစ်ချင်သာ သေချာအောင် လုပ်ကြပါလားဗျာလို့ လေပျော့လေးနဲ့ တိုက်တွန်းလိုက်ချင်ပါသဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် ၀၃၀၈၁၀)
Advertisements
14 Comments leave one →
  1. ခင်မင်းဇော် permalink
    3 August 2010 3:21 pm
    ကော်မန့်ရေးတဲ့ပုဂ္ဂိုလ်ကို တခုတော့ ပြောချင်ပါတယ်။
    ကလေးဆိုးတယ်လို့ပြောတဲ့ ဗိုက်ပေါ်တက်ခုန်တာ၊ နောက်ကနေ လာကိုက်တယ် ဆိုတာ၊ဆံပင်ဆွဲဆောင့်တာ၊ မျက်နှာတွေ ရိုက်တယ် ဆိုတာ..
    အဲဒါတွေ အားလုံး ကလေးတိုင်း လုပ်တဲ့ အလုပ်တွေပါလို့ ပြောချင်ပါတယ်။
    တနှစ်ခွဲဆိုတာ အကျိုးအပြစ်ခွဲခြားနိုင်ဖို့ ဘာသိဦးမှာလဲ။ သူ့ကို ရိုက်ရင်တောင် ဘာ့ကြောင့်ရိုက်တယ် သူ မသိနိုင်သေးဘူး။
    အဲဒီလိုလုပ်ရင် ဘယ်လိုနာသွားတယ် ဆိုတာမျိုးကို သူတို့ သိအောင် သရုပ်ဆောင်ပြပြီး ပြောပြရတာပဲ။ ဘာလို့ ငယ်ငယ်လေးကို ဒီလောက်အပြစ်နဲ့ ဆိုးတယ် ပြောရတယ် ဆိုတာ သိပ်တောင် နားမလည်ဘူး။ ကျမမှာလဲ သားတယောက်ရှိပါတယ်။ မရိုက်ပဲ စကားနဲ့ သေချာ ရှင်းပြတာမျိုးပဲ သုံးပါတယ်။ အခု ၁၂ ကျော်သွားပြီ။ သိပ်ပြီး ဆိုးတဲ့ အခြေအနေကိုတော့ မရောက်လာနိုင်တော့ဘူး ထင်တာပဲ။
    လေးစားစွာဖြင့်
    ခင်မင်းဇော်
    • နေအေးလှိုင်း permalink
      7 August 2010 6:27 pm
      မခင်မင်းဇော်ခင်ဗျာ… ကျနော် အစိုးအရိမ်ကြီးတာလည်းပါလိမ့်မယ်ဗျ… နောက်ပြီး တစ်ခါတလေမှာ သူ့အနေနဲ့ ရန်လိုတဲ့အပြုအမူမျိုးတွေနဲ့လုပ်တတ်တော့…. အဲ့ဒီအကျင့်ကြီးစွဲသွားမှာစိုးလို့ပါ။ တစ်နှစ်ခွဲဆိုတာ အကျိုးအပြစ်မသိသေးပေမယ့် တော်တော်လည်ပါတယ်။ မလုပ်နဲ့လို့ပြောထားတဲ့အရာကို လူကြီးတွေအလစ်မှာ တိတ်တိတ်လေးသွားလုပ်တတ်တာမျိုး…. ဥပမာ…. ဆန်ပုံးက အိမ်ရဲ့အနောက်ဘက်မှာရှိတယ် လူကြီးတွေက အိမ်ရှေ့မှာဆိုရင် ဟိုဆော့ဒီဆော့နဲ့ အိမ်နောက်ဘက်ကိုသွားပြီး တိတ်တိတ်လေး သွားနှိုက်နေတတ်တာမျိုး…. ထမင်းဝိုင်းမှာစားနေရင်လည်း လူကြီးတွေမျက်နှာကို အကဲခတ်နေတယ် အာရုံသူ့ဆီမှာ မရှိဘူးလို့သူထင်ရင် လူကြီးတွေမသိအောင် တိတ်တိတ်လေး လက်ကို ဖြည်းဖြည်းလေးနှိုက်တာမျိုး……. ခိုးကြောင်ခိုးဝှက်လုပ်တတ်တယ်လို့ပြောရမှာပေါ့….. တစ်ခါကဆိုရင် ဘဲဥအခွံခွာပြီး ဟင်းချက်ဖို့ပြင်ဆင်ထားတယ်။ မျက်နှာလေး ဒီဘက်လှည့်ပြီး ဘာလုပ်မိလိုက်သလဲမသိပါဘူး…. သူက ပန်းကန်ကို မပြီးရပ်လိုက်တော့ ဘဲဥပန်းကန် မှောက်သွားပါလေရော….. ပြဿနာတွေက အသေးအမွှားလေးတွေပါ…. မိဘတွေမသိအောင် တိတ်တိတ်လေးလုပ်တတ်တာ…. မိဘတွေကို ရန်မူတဲ့အပြုအမူမျိုးလုပ်တတ်တာမျိုးလေးတွေပါပဲ… ဒီအရွယ်ကတည်း နိုင်အောင်မနှိမ်နင်းထားရင် နည်းနည်းလေးပိုပိုကြီးလာတဲ့အခါ ဖျောက်ဖျက်ရခက်မှာစိုးလို့ပါ….. ကျနော့် comment မှာပြောဖူးသလိုပဲ… ၄ ဂဏန်းသမား၊ သားဦးစနေ ဖြစ်နေတာကြောင့် မီးလိုမွှေမှာစိုးရိမ်လို့ပါ။ ကျနော်က ဗေဒင်ကို အရမ်းကြီးယုံကြည်တဲ့သူတော့မဟုတ်ပါဘူး ကြိုတင်ပြင်ဆင်ထားတော့ မမှားဘူးပေါ့ဗျာ….
      nah
  2. Aung permalink
    3 August 2010 3:31 pm
    I think most of Burmese guys are cowards. Because cowards cow to those who are stronger, who have bigger balls than them and cowards can and will only beat their wives and hapeless children.
    I remembered the event that happened a decade ago. When a thief was caught, those heroes from all walks of life in the Yatkuat (from trishaw master, auxiliary fire brigade, veteran, pensioner to high school teens) will come out and beat the shit out of that poor thief. Those ball-less pussies will not dare to catch that thief by themselves if they think he is armed with a knife or sword. Fresh out from overseas, away from Burma for more than three years since teen years, witnessed the cowardness of own countrymen.
    Earlier, another accident was at the international airport in Saudi Arabia in early 90s. Then rumors were spread
    among Burmese who flied to Saudi Arabia that immigration will not let people of other religious faith to go inside there
    and so was amused to see five out of six Burmese men in the late teens to mid 30s declared in white cars that they
    are co-religionists with citizens of Saudi Arabia. It turned out those guys would treat all foreign workers as same dirt bags no matter what they worship.
    Another accident involved was an ex-Maung Ba Mar who is about 5′ 10″ and 200 lbs was bullied by a 5′ 2″ pygamy sized Indonesian boss. There were good Indonsians but that guy was an another coward but he knows who he can bully and so our big Burmese guy was acting as his bitch, when another Burmese colleague pointed him out then he showed his “Ba Mar Thway” who dares to fight only between Burmese as there were no Burmese officers on those offshore tug boats.
    Quite an experience to learn about own country men. Ah forgot to tell those who are scare of ghosts and men joined army and become majors now.
    I think no wonder Burma is now in gutter because most of Burmese mothers have given birth sons without balls.
  3. နေအေးလှိုင်း permalink
    3 August 2010 9:00 pm
    လူအမျိုးအမျိုး စိတ်အထွေ…. ဗီဇတွေကွာသလို…. ဖြတ်သန်းလာတဲ့ပတ်ဝန်းကျင်တွေလည်းကွာပါတယ်။ လိမ္မာယဉ်ကျေးသူကို ချိုသာစွာဆုံးမ လို့ရပေမယ့် ပင်ကိုဗီဇကတည်းက မလိမ္မာ မယဉ်ကျေးသူတွေကိုတော့ ရိုက်နှက်ဆုံးမဖို့လိုပါလိမ့်မယ်။ ရိုက်နှက်ဆုံးမလို့ တထစ်ချ လိမ္မာသွားမယ်လို့ မဆိုလိုပေမယ့် သူတို့အတွက် အပြစ်ဒဏ်ပေးသင့်ပါတယ်။ ကျနော့်စိတ်ထဲမှာ ဆုံးမလိုက်ရင် လူတွေ တထစ်ချ ပြုပြင်လာမယ်လို့မခံယူထားပါဘူး….. လစ်ရင်လစ်သလို လုပ်ကြဦးမှာပါပဲ….. ကျနော့်မိန်းမအပေါ် ကျနော်ဘာကြောင့်ရိုက်ရတာလဲ? ကျနော် သည်းခံနိုင်စွမ်းထက် ကျော်လွန်လာလို့….. ကျနော်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲ မ၀င်လို့…. ကိုယ်လိုချင်တဲ့ပုံစံအတိုင်း သူပြောင်းလဲလာအောင် ယဉ်ယဉ်ကျေးကျေးပြောနိုင်စွမ်းမရှိတော့လို့ပါ….. ကျနော်ရိုက်နှက်တဲ့အချိန်တိုင်း အရက်မူးပြီးရိုက်နှက်ခြင်းမဟုတ်ပါ…… စိတ်မထိန်းနိုင်တော့လို့ရိုက်နှက်ရခြင်းပါ….. ပေါက်ကွဲခြင်းပါ….. ပြဿနာတစ်ခုဖြစ်တိုင်း မရိုက်နှက်ပါဘူး…. ပြဿနာဖြစ်တိုင်း ကျနော်စဉ်းစားပါတယ်….. အေးအေးဆေးဆေးပြောပါတယ်…. နောက်မလုပ်ဖို့ပြောပါတယ်။ နောက်တစ်ကြိမ်လည်း ဒီအတိုင်း ထပ်ဖြစ်ပါတယ်။ ကျနော့်ပြောစကား နားမ၀င်ပါဘူး…..။ ကျနော်ကိုယ်တိုင်က သူနားဝင်အောင်ပြောနိုင်စွမ်းမရှိပါဘူး….. အဲ့ဒီတော့ နောက်တစ်ကြိမ် ဒါမှမဟုတ် နောက်နှစ်ကြိမ် ဖြစ်တဲ့အခါမှာ ကျနော့်စိတ် မထိန်းနိုင်တော့ပါဘူး….. ကျနော်ပေါက်ကွဲပါပြီ….. ဆရာ့လို အရည်အချင်းမရှိတာ ကျိန်းသေပါတယ်။ ဆရာ့လို ဇွဲမရှိတာလည်း ကျိန်းသေပါတယ်။ ဆရာနဲ့ ကျနော် တော်တော်ကွာပါတယ်…. တော်တော်လေးကို ကွာပါတယ်…. တွေးခေါ်နိုင်စွမ်း၊ အယူအဆ၊ လက်ခံတဲ့သဘောထား (ကျနော်က လက်တော့ခံပေမယ့် ရင်ထဲ အသည်းထဲရောက်တဲ့အထိ လက်မခံနိုင်သေးဘူးဖြစ်နေတယ်) ဆရာ့ဇနီးအပေါ် ဆရာရဲ့ချစ်ခင်မှု…. ကျနော့်ဇနီးအပေါ် ကျနော်ရဲ့ချစ်ခင်မှု…… အဲ့ဒီလို အစစအရာရာကွာတော့ ဆရာ့နည်းနဲ့ ကျနော်အဆင်ပြေပါ့မလား? အဆင်ပြေမယ် မပြေဘူးဆိုတာကို အချိန်တစ်ခုပေးပြီး စောင့်ကြည့်ဖို့တော့လိုပါလိမ့်မယ်။
    ရေးနေရင်း တွေးနေရင်း ကျနော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ ဒီနှစ်ကုန်တဲ့အထိ ကျနော့်သားနဲ့ဇနီးကို လုံးဝမရိုက်မနှက်တော့ပါဘူး….. အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ပါမယ်ဆရာ….
    ဆရာကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ဆရာရေ…….
    • lettwebaw permalink
      3 August 2010 9:34 pm
      ဆရာ နေအေးလှိုင်းရေ…
      လွဲနေတယ်ဗျ။ ကျွန်တော် ကျေနပ်ခြင်း မကျေနပ်ခြင်းက ဘာမှ အရေးမပါပါဘူးဗျာ။ ခင်ဗျား မိသားစုဘ၀လေး သာယာချမ်းမြေ့ဖို့၊ ဘာအပြစ်မှ မသိသေးတဲ့၊ ဘာအပြစ်မှလည်း မရှိသေးတဲ့ ခင်ဗျား သားလေး လူလေးလို ကြီးပြင်းခွင့်ရဖို့က ကျွန်တော်ကျေနပ်ဖို့ထက် အဆပေါင်း သိန်းသန်းကုဋေ ပိုအရေးကြီးတာကို ခင်ဗျား မြင်သင့်သလို ဘယ်လို လုပ်နိုင်မယ်ဆိုတဲ့ နည်းကို ကျွန်တော် ဆွေးနွေးကြည့်တာပါ။
      တကယ်တော့ဗျာ။ သဗ္ဗေသတ္တာ ကမ္မသကာ… သတ္တ၀ါမှန်သမျှ မိမိတို့ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများက စီမံတဲ့အတိုင်း ဖြစ်ကြရမှာပါ။ တစ်ခုတော့ ကျွန်တော် ခင်ဗျားကို ပြောလိုက်ပါ့မယ်။ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပါ။ ကျွန်တော့်ကိုရော၊ ကျွန်တော့်အမေကို ကျွဲလိုနွားလိုရိုက်ခဲ့တဲ့ ကျွန်တော့်အဖေဟာ လူအသတ်ခံရပြီး ရန်ကုန်-မန္တလေးသွား ကားလမ်းနံဘေးက ရေမြောင်းထဲမှာ လူမသိ သူမသိ ခွေးလို နွားလို သေသွားခဲ့ရဖူးပါတယ်။ ၁၉၇၆ ခုနှစ် စက်တင်ဘာလမှာပါ။ ယနေ့ထက်တိုင် သူ့မှာ သေစာရင်းလည်း မရှိ၊ နာရေးကြော်ငြာလည်း မပါခဲ့၊ မိသားစုကလည်း သူသေမှန်း ရှင်မှန်း နောက်တစ်နှစ်ကျော်တဲ့အထိ မသိခဲ့ရလို့ ဆွမ်းလည်း မသွပ်နိုင်ခဲ့ပါဘူး။ ဒါ ကျွန်တော် လုပ်ကြံလီဆယ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အသည်းနှလုံးနဲ့ ရင်းထားရတဲ့ တကယ့်အဖြစ်တွေပါ ဆရာနေအေးလှိုင်း။
      သည်နှစ်ကုန်တဲ့အထိ သားနဲ့ ဇနီးကို မရိုက်တော့ရုံနဲ့တင် အခြေအနေက ထူးခြားလာမှာ မဟုတ်ဘူးဆိုတာလည်း သည်အတွေ့အကြုံတွေ အများကြီး ရှိခဲ့တဲ့ ကျွန်တော့်အနေနဲ့ အတိတ်စိမ်းပေးလိုက်ပါရစေဦး။ မရိုက်တဲ့အပြင် ဆရာနေအေးလှိုင်းဘက်က ချစ်ခြင်းမေတ္တာအစစ်၊ နားလည်မှု အစစ်၊ ညှာတာထောက်ထားမှု အစစ်များနဲ့ သူတို့အတွက် အချိန်ပေးပြီး၊ (ဆိုလိုတာက သူတို့နဲ့အတူ နေတဲ့အချိန် အများကြီး ပေးပြီး) ချစ်ခြင်းကို ပြသသွားဖို့ပါ လိုပါလိမ့်မယ်။ တစ်မိုးတည်းအောက်မှာ အတူရှိနေချိန်က ၄ နာရီ၊ ကလေးကလည်း သူ့ဟာသူ ဆော့နေ၊ ဇနီးကလည်း ရုပ်ရှင်ကြည့်နေ၊ ကိုယ်ကလည်း ကိုယ့်ဘာသာ ဖတ်ချင်ရာ ဖတ်နေတဲ့အချိန်က ၄ နာရီဆိုရင်တော့ အတူနေတာ မခေါ်ပါဘူး။ နာရီဝက်လေးပဲဖြစ်ဖြစ်၊ ချစ်ချစ်ခင်ခင် ယုယုယယ နွေးနွေးထွေးထွေးနဲ့ နေတဲ့အချိန်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်ခင်ဗျား။
      ထပ်ပြောပါရစေ။ ကျွန်တော် မကျေနပ်လို့ ခင်ဗျားစာတွေကို တခုတ်တရ ဆွေးနွေးပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော့် Facebook မှာ ဖခင်လောင်းတစ်ယောက် လာရေးသွားတဲ့အတိုင်း ကျွန်တော်ရေးတာကို ဖတ်လိုက်ရတဲ့ ဖခင်/ဖခင်လောင်း ဆယ်ယောက်လောက်အနက်မှာ တစ်ယောက်နှစ်ယောက်လောက်ပဲ အမြင်ပြောင်းသွားမယ်ဆိုရင် မနည်းဘူးဆိုတဲ့အတွေးနဲ့ အများဖတ်ရအောင် ရေးပြနေတာပါ။
      ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာနေအေးလှိုင်းကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ပေတံတွေကို ပြန်ဆန်းစစ်ဖို့ရယ်၊ ကျွန်တော် ဘာတွေ လိုနေသေးတယ်ဆိုတာရယ်ကို သတိထားမိလာရတဲ့အပြင် အခုလို စာနှစ်ပုဒ် ထွက်လာတဲ့အတွက်ပါ တအား ကျေးဇူးတင်လှပါတယ်ခင်ဗျား။
      ခင်ဗျားရဲ့ မိသားစုဘ၀လေး အဆင်ပြေပါစေ
      atk
      • နေအေးလှိုင်း permalink
        5 August 2010 8:51 pm
        ဆရာ့ရဲ့စေတနာကို ကျနော်နားလည်ပါတယ်ဆရာ…. ဆရာကျေနပ်စရာဖြစ်အောင်တစ်ခုတည်းအတွက်နဲ့ ဒီနှစ်ကုန်တဲ့အထိ မရိုက်မနှက်တော့ဘူးလို့ ပြောဆိုလိုက်ခြင်းမဟုတ်ပါဘူး။ စောင့်ကြည့်ဖို့လိုအပ်မယ်။ စောင့်ကြည့်လိုက်ဦးမယ်…. အပြောင်းအလဲတစ်ခုလုပ်ကြည့်လိုက်မယ်ဆိုတဲ့ အတွေးတွေအပြင် အခြားအကြောင်းအရာတွေနဲ့အတူ စိတ်ခံစားမှုတစ်ခုဖြစ်လာလို့ အဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်ပြီလို့ ဆရာ့ကို ပြောလိုက်တာပါ။
        နောက်တစ်ချက်က အသက် (၂)နှစ်မှ နားလည်တာပါလို့ဆိုတဲ့ တချို့လူတွေပြောထားတာကိုတွေ့တာလည်းပါလို့ပါ….
        ကျနော့်သားကို ရိုက်တယ်ဆိုတာကလည်း ပြင်းပြင်းထန်ထန်ကြီးမဟုတ်ပါဘူး။
        ရိုက်တိုင်းလည်း စိတ်မကောင်းဘူး။ ရိုက်ပြီးတိုင်းလည်း စိတ်မကောင်းဘူးဆိုတာ
        ကျနော်ပြောပြီးသားပါဆရာ။ တစ်ပါးသူကို နှိပ်စက်မှုကြောင့် ၀ဋ်လည်မယ်ဆိုတာကိုလည်း ကျနော်လက်ခံပါတယ်။ ယုံကြည်ပါတယ်။
        ကျနော့်ဇနီးကိုယ်တိုင်ကလည်းပြောပါတယ်…. သူ့ကိုနှိပ်စက်သလို ကျနော့်ကို နှိပ်စက်မဲ့သူ ပေါ်လာမှာပါတဲ့…. သူ့ကိုရိုက်တဲ့အခါတိုင်း သူပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီအမှားလမ်းကို လျှောက်နေမိတာလဲ? လျှောက်နေတာလဲ? မိုက်မဲမှုကြောင့်လား? အသိတရားခေါင်းပါးမှုကြောင့်လား? အတုမြင်အတတ်သင်တာလား? မေးခွန်းတွေများပေမယ့် တိကျတဲ့အဖြေကို
        ကျနော့်အနေနဲ့မပြောနိုင်ပါဘူး….. ကျနော်မဟုတ်တဲ့ အခြားတစ်ယောက်အနေနဲ့ကြည့်ရင် လွယ်လွယ်ကောက်ချက်ချပြီး၊ ဒါမှမဟုတ်သေသေချာချာစဉ်းစားပြီး တစ်ခုခု သူတို့တွေပြောကြပါလိမ့်မယ်။ ဒီလူ အသိပညာနည်းလိုက်တာ…. လူမဆန်လိုက်တာ။ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောကြပါလိမ့်မယ်။ ပြောနေကြပါတယ်။ ဒါတွေကို ဂရုမစိုက်ဘူးလား? ဂရုစိုက်နေလား? ဂရုစိုက်ပါတယ်…. ဂရုစိုက်နေပါတယ်။ အဲ့ဒါတွေကို ကျနော် အတွေးထဲထည့်လို့ စဉ်းစားပါတယ်။
        ဒီနှစ်ကုန်တဲ့အထိ မရိုက်ခြင်းကြောင့် ထူးထူးခြားခြားကြီးမပြောင်းလဲပေမယ့် အထူးသဖြင့် ကျနော့်ဇနီးကတော့ လွတ်ငြိမ်းချမ်းသာခွင့်တော်တော်ရသွားလိမ့်မယ်။
        ချစ်ခြင်းမေတ္တာအစစ်၊ နားလည်မှု အစစ်၊ ညှာတာထောက်ထားမှု အစစ်တွေကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးထင်တယ်။ ဒါ့ကြောင့်လည်း ဒီလိုဖြစ်ကုန်တာပါပဲ….. အချစ်တွေဖုံးလွမ်းနေရင် ဘာပဲလုပ်လုပ်အကောင်းမြင်တော့မှာပဲ….. အချစ်လည်းမရှိရော အပြစ်တွေချည်းပဲဖြစ်ရော….. သူကလည်း ကျနော့်အပေါ် အရမ်းချစ်ပြတာ…. ဘယ်အချိန်ပြန်လာပြန်လာ.. အိပ်ပြီးစောင့်တယ်ဗျာ….. ပြန်ရောက်ရင် ကိုယ့်ထမင်းကိုယ်ဘာသာခူးစားပေတော့ပဲ…. မိန်းမရေ စားပြီးသောက်ပြီးတဲ့ အိုးတွေခွက်တွေ ဆေးထားပါကွာ….ဆိုရင် သိပ်နားထောင်တာ….. အိုးအလွတ်တွေထဲမှာ စားပြီးသောက်ပြီးသားပန်းကန်တွေ ထည့်ထားလေရဲ့…..
        မိန်းမရေ…. အခုတစ်ခေါက်ဝယ်တဲ့ မီးပူလေးတော့ ပေါင်ထားလို့ လိုက်ရွေးရတာလည်း မဖြစ်စေနဲ့ အရင်တစ်ခါလို ငှားလိုက်တာလား? ပေါင်လိုက်တာ ဘာမှန်းမသိပဲ ဆုံးရှုံးသွားရတဲ့ အဖြစ်မျိုးလည်း မဖြစ်စေနဲ့….. ဒီတစ်ခါတော့ မလုပ်ပါနဲ့တော့ကွာဆိုရင် သိပ်နားထောင်ပဲ ပေါင်လည်း မပေါင်ပါဘူး…. သူများလည်း မငှားပါဘူး….. အောက်ခြေပြားမှာ စတေကာတွေကပ်သွားလို့ ဆိုင်ပို့ထားတာပါတဲ့… (ကောင်းရော) ပျက်စီးသွားတဲ့ အင်္ကျီ ပြစမ်းပါဦးဆိုတော့ ပျက်သွားလို့ လွင့်ပစ်လိုက်ပြီတဲ့….. ကဲပြောကွာ…. ဘယ်ဆိုင်မှာ ပို့ထားတာလဲ…. သွားရွေးရအောင်ကွာဆိုတော့….. အခုလောလောဆယ် သူတို့ ဘုရားဖူးသွားနေလို့ပါတဲ့….. (သိပ်ကောင်းလိုက်တဲ့ ဆင်ခြေ)
        ကိုယ်ဝန်ရှိခါစက တိုရှည်ဆိုင်မှာ တိုရှည်စောင့်ရင်းမူးလဲလို့ ပန်ကာပေါင်ပြီးဆေးခန်းသွားတာက တစ်မျိုး….
        အစ်ကိုရေ သမီးပန်းရောင်းချင်လို့ အရင်းအနှီးလေးထုတ်ပေးပါလား? အင်း…. လုပ်မယ်ဆိုရင်တော့ ဖြစ်မြောက်အောင်လုပ်ကွာ…. (စိတ်ချပါအကိုရဲ့ သမီးတကယ်လုပ်မှာပါ)ဆိုပြီး ငွေအရင်းပျောက်သွားတာကတစ်မျိုး နောက်တစ်ကြိမ်လည်း ဒီတစ်ခါတော့ တကယ်လုပ်မှာအစ်ကို တကယ်ပါ…. တကယ်ဖြစ်အောင်လုပ်မှာ….. (တကယ်လုပ်မှာဟုတ်ရဲ့လားကွ) တစ်ကြိမ်အလိမ်ခံရရင် လိမ်တဲ့သူအပြစ် နှစ်ကြိမ်အလိမ်ခံရရင် အလိမ်ခံရတဲ့သူရဲ့အပြစ်လို့ပြောတယ်….. ဒီတစ်ကြိမ် ငါအလိမ်ခံရရင် ငါ့အပြစ်ဖြစ်လိမ့်မယ်။ မလုပ်ပါနဲ့ကွာ…. (တကယ်လုပ်မှာပါ အစ်ကိုရာ) အေး ဒါဆိုလည်း လုပ်ကွာ…..ဆိုပြီး အရင်တစ်ခါလိုပဲ လုံးပါးပါးသွားပြန်ပါတယ်။ ဒါနဲ့ပြီးသွားတယ်မထင်နဲ့ဦးဆရာရေ….. နောက်တစ်ခါ မိုးလည်းကုန်ပြီမို့ အအေးဘူးတွေရောင်းမယ်ဆိုလို့ ရေခဲဘူးတွေဝယ်ပေး အအေးတွေဝယ်ပေးပြီးရောင်းခိုင်းလိုက်ပါတယ်။ မိုးကကုန်မှမကုန်သေးပဲ မိုးတွေရွာလို့ အအေးတွေတင်မဟုတ်ဘူး ရေခဲဗူးပါ အစပျောက်သွားပါလေရော……
        ဒီလိုဒုက္ခပေးရုံပဲလားဆိုတော့ မဟုတ်သေးဘူး…. ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေပါကွာလို့ပြောထားရဲ့နဲ့ ပတ်ဝန်းကျင်နဲ့ပြဿနာတက်လို့ ဇရှိတဲ့ပတ်ဝန်းကျင်ကလူတွေက ၀ိုင်းရိုက်လို့ ဆေးရုံရောက် ရဲစခန်းရောက် တရားရုံးရောက်နဲ့ လိုက်ရှင်းပေးရ….. ကိုယ်က မှန်တဲ့ဘက်ကဖြစ်ပေမယ့်….. ကုန်လိုက်တဲ့ငွေက သောက်သောက်လဲ? ပြီးတော့လည်း နှစ်ဦးနှစ်ဖက်ကျေးအေးပါတယ်ဆိုတာနဲ့ပဲ ပြီးသွားရလေရဲ့ ကိုယ့်ဘက်ကလည်းခံရ ကိုယ့်ဘက်ကလည်း ငွေပိုကုန်ရ…… အဲ့ဒီလို အဲ့ဒီလို အဖြစ်မျိုးတွေဆရာရဲ့……. အခြားအဖြစ်အပျက်တွေလည်း ရှိပါသေးတယ်။ ထားလိုက်ပါတော့ ကျနော့်ဇနီး အတော်လေးရဲ့အကြောင်းတွေမပြောချင်တော့ပါဘူး။ အဲ့ဒါတွေ အဲ့ဒါတွေကြောင့် ကျနော့်ချစ်စိတ်တွေ လုံးလုံးကို ကုန်ခမ်းသွားပါလေရောပဲဗျာ….
        ဒီလိုဒီလိုတွေရှိလို့ ဒီလိုရိုက်နှက်ရပါတယ်ဆိုပြီး ဆင်ခြေပေးသလိုဖြစ်နေပြီနဲ့တူတယ်။ ရိုက်သင့် မရိုက်သင့်သေသေချာချာ မဆုံးဖြတ်နိုင်ခင်မှာ ရိုက်ဖြစ်နေပြီး ရိုက်နေရင်းနဲ့လည်း မှားလား? မှန်လား? လေ့လာစမ်းစစ်နေဆဲပါပဲခင်ဗျာ…. စည်းကမ်းတကျနဲ့နေထိုင်ဖို့ ဆုံးမခံခဲ့ရပြီး စည်းကမ်းတကျနေတာကို နှစ်သက်တတ်တဲ့ကျနော်နဲ့ ကျနော့်ရဲ့ ဆန့်ကျင်ဘက်ဖြစ်သူနဲ့ ပေါင်းသင်းခြင်းကြောင့် ပြဿနာဆိုတာ ထင်းကနဲ ထင်းကနဲ ပေါ်လာပါရောလား? အစကောင်းမှ အနှောင်းသေချာဆိုတဲ့စကားလိုပဲ အစကတည်းက မကောင်းခဲ့တော့ ခံပေါ့…. (ခံလိုက်ရုံပဲပေါ့) အဲ့ဒီလို ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်ချာလည်နေတဲ့သူတစ်ယောက်က လိမ္မာယဉ်ကျေးစွာ ခရီးဆက်ဖို့ဆိုတာ တော်တော်ကြိုးစားဖို့လိုမယ်လို့ထင်ပါတယ်ခင်ဗျာ။
        ဆရာရဲ့ တခုတ်တရ ဆွေးနွေးပေးချက်အပေါ် ကျနော်ကလည်း တကယ်ကျေးဇူးတင်ပါတယ်ဗျာ…. ဆရာဆွေးနွေးပေးလို့ ကျနော်ဘက်က ရင်ဖွင့်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဆရာ။
        ဆရာရဲ့ မိသားစုဘ၀လေးလည်း အဆင်ပြေသည်ထက် ပို၍ပို၍ပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ
        nah
    • lettwebaw permalink
      5 August 2010 9:10 pm
      အေးဗျာ… ဖတ်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ အခြေအနေ အလုံးစုံကိုလည်း အခုလို မခြွင်းမချန်ရေးပြတော့ ပိုနားလည်သွားသလိုပါပဲ။
      ရုတ်တရက်တော့ ဘာပြောရမှန်း မသိဘူး။ ပြောပုံအရဆိုရင်တော့ မရိုက်ဘဲနေရင်လည်း ခင်ဗျား ဇနီးရဲ့ အခြေအနေက တိုးတက်လာမှာ မဟုတ်သလို ရိုက်ပြင်လို့ ရမှာမဟုတ်တာလည်း သေချာသလောက်ပါပဲ။
      အဲတော့ ဆရာနေအေးလှိုင်းအနေနဲ့ လုပ်လို့ရမှာ တစ်ခုတော့ ရှိတယ်။ စာရွက် လေးရွက်ကိုယူ၊ တစ်ရွက်မှာ သည်မိန်းမနဲ့ ဆက်ပေါင်းနေခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေ နံပါတ်စဉ်ထိုးပြီး ရေး၊ နောက်တစ်ရွက်မှာ ဆက်ပေါင်းနေခြင်းကြောင့် ဖြစ်နေမယ့် ဆိုးကျိုးတွေပေါ့။ နောက်တစ်ရွက်မှာ လမ်းခွဲလိုက်ခြင်းကြောင့် ရလာမယ့် ကျေးဇူးတွေ၊ နောက်တစ်ရွက်မှာ လမ်းခွဲလိုက်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ စသဖြင့် လေးရွက်မှာ တန်းစီပြီး ချရေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ အဲလို ရေးတဲ့အခါမှာ စိတ်ကူးယဉ်တာတွေ မပါဘူးပေါ့ဗျာ။ ဥပမာ သူနဲ့ ဆက်ပေါင်းရင် ခွေးဖြစ်မယ်ဆိုတာမျိုး မဟုတ်ဘူးပေါ့။ အဲဒီ့အစား သူနဲ့ ဆက်ပေါင်းရင် နေ့စဉ် တကျက်ကျက် ဖြစ်နေရမယ်၊ ဒေါသဖြစ်ရမယ်ဆိုတာမျိုးလို အမှန်နဲ့ နီးစပ်တာမျိုးပေါ့ဗျာ။
      ရေးပြီး တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နှပ်ထားလိုက်ပါ။ ပြီးရင် ပြန်ကြည့်ပြီး လိုတာ ထပ်ဖြည့်၊ မဟုတ်လောက်ဘူး ထင်တာ ဖျက်ပစ်၊ ပြင်သင့်တယ်လို့ ယူဆတာကို ပြင်ကြည့်လိုက်ပါမယ်။ နောက်ထပ် တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ထပ် နှပ်ထားလိုက်ပါဦး။ ဒုတိယအကြိမ် ပြန်ဖတ်ကြည့်ပြီး ပြင်၊ ဖြည့်၊ ဖျက် လုပ်ကြည့်လိုက်မယ်။ နောက်ထပ် နှပ်ထားမယ်။ တတိယအကြိမ်မှာဆိုရင်တော့ ကိုယ်ဘယ်လမ်းကို ရွေးရမလဲဆိုတာ အလိုလို မြင်လာမယ်လို့ ယူဆပါတယ်။
      ကလေးလေးအတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ ဒေါက်တာ မတင်ဝင်းက ပြောဖူးတယ်။ လူချင်းပေါင်းတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ၀ဋ်ဖက် မဖြစ်စေနဲ့၊ ပါရမီဖြည့်ဖက်သာ ဖြစ်ပါစေတဲ့။ ၀ဋ်ဖက် ဖြစ်နေရမယ့် ဘ၀ကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးပေါ့ ဆရာနေအေးလှိုင်းရေ…
      စိတ်မကောင်းခြင်းကြီးစွာ
      atk
      • နေအေးလှိုင်း permalink
        7 August 2010 6:12 pm
        အကြံပေးတဲ့အတွက် ကျေးဇူးပါဆရာ…. အကြံပေးတဲ့အတိုင်း လုပ်ဖြစ်အောင် လုပ်လိုက်ပါ့မယ်ဆရာ….
        ကျေးဇူးတင်စွာဖြင့်
        nah
  4. moon permalink
    4 August 2010 11:29 am
    Thanks for all of your posts. pls carry on sayar.
  5. 4 August 2010 1:52 pm
    ဆရာ.. သမီးတစ်ခုသိချင်လို့ပါ..
    ဆရာနဲ့ ဆရာ့ဇနီးက တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ကြိုက်လို့. ယူဖြစ်သွားတဲ့ ဇနီးမောင်နှံလား..ဆိုတာ.. သိချင်လို့ပါ..
    • lettwebaw permalink
      4 August 2010 3:27 pm
      ကျွန်တော်က သိပ်ချစ်တတ်၊ သိပ်ကြင်နာတတ်၊ သိပ်ယုယတတ်၊ သိပ်ဂရုစိုက်တတ်သူ တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော့်မှာ အချစ် မရှိပါဘူး။ အိမ်ထောင်ပြုတဲ့အခါမှာ ကျွန်တော့် နှလုံးသားနဲ့ ပြုခဲ့တာ မဟုတ်ပါဘူး။ ဦးနှောက်ကိုသာ ရှေ့တန်းတင်ခဲ့တာပါ။ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော့်မှာ ရည်းစား လေးယောက်တိတိ ရှိနေပါတယ်။ အဲဒီ့ထဲကမှ ကျွန်တော် မချစ်ဆုံးသူကို ရွေးယူခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ အဲဒီ့အတွက် သူဟာ ကျွန်တော် အချစ်ရဆုံး၊ အတွယ်တာ၊ အမြတ်နိုးရဆုံး ဖြစ်လာပါတယ်။ ကျွန်တော်တို့ မိသားစုဘ၀နဲ့ အိမ်ထောင်ရေးဘ၀လေးကလည်း အမြဲတစေ နွေးထွေးနေပါတယ်ဗျား။ အဲဒါဟာ ဦးနှောက်ကို ဦးစားပေးခဲ့တဲ့ အကျိုးကျေးဇူးလို့ ကျွန်တော် မမှိတ်မသုန် ယုံကြည်နေကြောင်းပါ။
  6. Khine Soe Linn permalink
    4 August 2010 2:42 pm
    ကျွန်တော် ထင်တာကတော့ ရေးတဲ့လူမှာ Psycho တခုခုရှိနေမယ်ထင်ပါတယ်။
    သူ့ခလေး ဘဝကတော့ မတွေးရဲစရာပဲ
  7. 4 August 2010 5:02 pm
    ကျေးဇူးတင်ပါတယ်.. ဆရာ..
  8. kohtoon permalink
    19 November 2011 12:36 am
    ဗဟုသုတတွေကော တွေးစရာတွေကော မေးစရာတွေကော အများကြီးပါပဲ ကြိုက်တယ်ဗျာ ဆရာမိသားစုပေါ်ကျင့်သုံးတဲ့ လမ်းစဉ်တွေ ……..ဒီထက်အများကြီးရေးနိုင်ပါစေဗျာ
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: