Skip to content

Parkway Eye Centre

29 August 2010

ပါ့(ခ်)ဝေး မျက်စိကု ဗဟိုဌာန – ဥုံဖွ မြင်ရစေသတည်း

“ကျွန်တော် ဆေးကုလာတာ ၂၁ နှစ် ရှိပါပြီ။ အမှန်တော့ ကျွန်တော်က မလေးနိုင်ငံသားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်တုန်းက စင်္ကာပူကို စာသင်ဖို့ ရောက်လာတာပါပဲ။ ဒါပေမယ့် စင်္ကာပူ အစိုးရက သိပ်နပ်တယ်ဗျ။ ပထမဆုံးက ကျွန်တော့်ကို ပညာသင်ဆု ချီးမြှင့်လိုက်ခြင်းနည်းနဲ့ စင်္ကာပူက မခွာနိုင်အောင် လုပ်လိုက်ပါတယ်။ နောက်ကျတော့ စင်္ကာပူ နိုင်ငံသူ အမျိုးသမီး ချောချောလေးနဲ့ ဖျားယောင်းလိုက်တော့ ကျွန်တော်လည်း စင်္ကာပူမှာ ချောင်ပိတ်မိသွားတော့တာပဲဗျို့”

ပရိသတ်က အုန်းခနဲ ပွဲကျသွားပါတယ်။

“ဒေါက်တာ လီ”လို့ အလွယ်ခေါ်ကြတဲ့ ဒေါက်တာ “လီဟန်မင်း”က ဆင်းဂလစ်(ရှ်)လို့ ခေါ်တဲ့ စင်္ကပူရသားတွေ ပြောနေကျ အင်္ဂလိပ်စကားနဲ့ ပြောလိုက်တာပါ။

စင်္ကပူရသားများရဲ့ ထုံးစံအတိုင်း သန့်ပြန့်တဲ့ အသွင်အပြင်၊ သပ်ရပ်တဲ့ အဝတ်အစားနဲ့ ဆရာဝန်လေးကို ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် အခုမှ ကျောင်းပြီးခါစ ဆရာဝန်ပေါက်စလေး တစ်ယောက်လိုပါပဲ။ သို့ပေမယ့် သူဟာ ပါ့(ခ်)ဝေး ကျန်းမာရေး လုပ်ငန်းရဲ့ လက်အောက်က ဆေးရုံတစ်ရုံဖြစ်လေတဲ့ ဂလယ်နဂေး(လ်)(ဇ်) ဆေးရုံကြီးမှာရှိတဲ့ ပါ့(ခ်)ဝေး မျက်စိ ဗဟိုဌာနရဲ့ ဆေးပညာ ညွှန်ကြားရေးမှူးနဲ့ အကြီးတန်း အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်လို့ နေပါတယ်။

ပညာရပ်ကိုသာ တစိုက်မတ်မတ် လိုက်စားခဲ့၊ ပူပင် ကြောင့်ကြမှု ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်ခဲ့ရသူမို့ ထင်ပါရဲ့၊ သူက အတော် နုနေတယ်။ သူ့စကားက ဟာသသာ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စင်္ကာပူအစိုးရရဲ့ အမြော်အမြင်ကိုလည်း တွေ့ရပါတယ်။
စင်္ကာပူနိုင်ငံသား တစ်ဦးဖြစ်တဲ့ အိန္ဒိယအနွယ်ဝင် မစ္စတာ ခီးရှိုး(ရ်) မာဘူဘာနီဆိုတဲ့ သံတမန်တစ်ယောက် ရေးတဲ့ စာအုပ် တစ်အုပ်ကို ကျွန်တော် ဘာသာပြန် ထုတ်ဝေခဲ့ဖူးပါတယ်။ “အာရှသားများ စဉ်းစားနိုင်စေ”ဆိုတဲ့ စာအုပ်ပါ။ အဲဒီ့စာအုပ်ကို ဘာသာပြန်ခဲ့တဲ့အတွက် အခု ဒေါက်တာလီဟန်မင်း ပြောလိုက် တဲ့ စကားဟာ ပြက်လုံးတစ်ခုသာ မဟုတ်ဘဲ စင်္ကာပူအစိုးရရဲ့ အမြော်အမြင်ဆိုတာကို လှမ်းမြင်လိုက်မိတာပါ။

မစ္စတာ မာဘူဘာနီက အဲဒီ့စာအုပ်မှာ ကျွန်တော့်ကို စကားလုံးတစ်လုံးနဲ့ မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ “မယ်ရစ်ထ,ခရေစီ” (meritocracy) ဆိုတဲ့ စကားလုံးပါ။ အရည်အချင်းအလိုက် မြှောက်စားတဲ့ စနစ်လို့ ဘာသာပြန်နိုင်ပါလိမ့်မယ်။ အရည်အချင်း ရှိတဲ့သူဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ဆင်းရဲ၊ ချမ်းသာမရွေး၊ ဆူကြုံနိမ့်မြင့် မရွေး၊ လူမျိုးဘာသာ ရွေးမနေဘဲ နေရာပေးတဲ့ စနစ်ပေါ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊ စင်္ကာပူနိုင်ငံ လွတ်လပ်ရေး ရကတည်းက အဲဒီ့စနစ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့လေတဲ့ အကျိုးကျေးဇူးက ကနေ့ စင်္ကာပူနိုင်ငံလေး အပြည့်အဝ ခံစား၊ စံစားနေရပါပြီ။ အာရှရဲ့ ပထမဆုံး ကျားတွေထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့တာဟာ အရည်အချင်းရှိသူများကို နေရာပေးခဲ့တဲ့ ရလာဒ်ပါပဲ။

မစ္စတာ မာဘူဘာနီဆိုရင် အိန္ဒိယအနွယ်စစ်စစ်၊ တရုတ်သွေး တစ်စက်မှ မပါဘူး။ လွတ်လပ်တဲ့ စင်္ကာပူနိုင်ငံကို ဦးစီး ပဲ့ကိုင်ခဲ့တာက တရုတ်သွေးအပြည့်နဲ့ မစ္စတာ လီကွမ်ယု။ လူမျိုးချင်းက တခြားစီ။ သို့သော် မာဘူဘာနီဆိုတဲ့ သူငယ်လေးက အလားအလာ ရှိတာမို့ စင်္ကာပူ အစိုးရက မာဘူဘာနီ့ကိုလည်း ပညာသင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆင်းဆင်းရဲရဲ ဘဝကနေ ဆယ်တန်းအောင်ချိန်မှာ အလုပ်လုပ်ဖို့သာ စိုင်းပြင်းနေရတဲ့ မာဘူဘာနီ့အတွက် စင်္ကာပူ အစိုးရက ပေးလာတဲ့ ပညာသင်ဆုဟာ ပညာသင်ရေးအတွက်သာမက မိသားစု စားဝတ်နေရေးအတွက်ပါ အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်သွားတာမို့ ရရာ အလုပ် လုပ်တော့မယ့် မာဘူဘာနီလေးဟာ ပညာ ဆက်သင်ဖြစ်ခဲ့ရင်းက ထိပ်တန်း သံတမန်တစ်ယောက်ဘဝကို ရလာခဲ့ပါ တယ်။

အခု ဒေါက်တာလီဟန်မင်းကကျတော့ လီကွမ်ယုနဲ့ အမျိုးအနွယ် နာမည်ချင်းတောင် တူနေသေးတဲ့ တရုတ်အနွယ်ပါ။ သူကကျတော့ မလေးနိုင်ငံသားဖြစ်နေတယ်။ ဟန်မင်းလေးကို ကြည့်ရတာ အလားအလာ ကောင်းတယ်လို့ စင်္ကာပူ အစိုးရက မြင်တယ်။ အဲတော့ မလေးသော၊ ဘာသော စဉ်းစားမနေတော့ ဘူး။ သူ့ကိုလည်း ပညာသင်ဆု ပေးချလိုက်တယ်။ တစ်နည်းအားဖြင့် အရည်အချင်းရှိတဲ့သူကို ပညာသင်ဆုနဲ့ ညင်ညင်သာသာလေး “ချည်နှောင်”လိုက်တာပါ။

အခုတော့ ဒေါက်တာ လီဟန်မင်းဟာ စင်္ကာပူနိုင်ငံသားကြီးလုံးလုံးဖြစ်ပြီး စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်း မျက်စိအထူးကု ဆရာဝန်တစ်ယောက်နေရာမှာ ရပ်တည်လို့ နေပါပြီ။ “စင်္ကာပူ အစိုးရက နပ်တယ်”လို့ ဒေါက်တာလီ ပြောလိုက်တဲ့ စကားက မှန်သော စကားပါပဲ။

သူက အာရှဒေသတစ်ခွင်က စာနယ်ဇင်းဆရာတွေကို သူ့ မျက်စိကုဌာနအကြောင်း မိတ်ဆက်ပေးဖို့ ရောက်လာတာပါ။

“ပါ့(ခ်)ဝေး မျက်စိကု ဗဟိုဌာနမှာ အားလုံးက အသစ်ပဲဗျ။ လေထုတောင် အသစ်လို့ ပြောမယ်။ ကိရိယာတွေ၊ စက်တွေ အားလုံးလည်း အသစ်ပဲ။ ကျွန်တော့်ကို ပါ့(ခ်)ဝေးမှာ လာပြီး အလုပ်လုပ်ပေးဖို့ ပြောတော့ အဲဒီ့အချိန်က ပါ့(ခ်)ဝေးရဲ့ ဥက္ကဌ ကြီးက ကျွန်တော်လိုချင်တဲ့ ပစ္စည်းကိရိယာအသစ် အားလုံး ဝယ်ပေးဖို့ သဘောတူတာနဲ့ ကျွန်တော်လည်း သည်ကို ရောက်လာတော့တာပဲ။ အရင်ကတော့ ကျွန်တော်က အစိုးရ အမှုထမ်းပေါ့”

ဒေါက်တာလီက ဆက်ရှင်းပြပါတယ်။ ဟုတ်တော့လည်း ဟုတ်လောက်တယ်။ မျက်စိနဲ့ ပတ်သက်လို့ ကုထုံးတွေက တစ်နေ့တခြား ဆန်းသစ်နေတာ အထင်အရှားပဲ။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်တုန်းက မျက်စိမှာ တိမ်စွဲရင် ဘာမှ လုပ်လို့ မရတော့ဘူး။ သည်တိုင်း မျက်စိကွယ်သလို ဘဝမှာ နေလိုက်ကြရတော့တာ။ အခုကျတော့ မျက်စိတိမ်ဆိုတာကို အလွယ်တကူ ခွဲစိတ်ကုသလိုက်နိုင်ကြပြီ။ ဖယ်ရှားရှင်းထုတ်ပြီး မျက်စိအတွက် မှန်ဘီလူး အသစ်တွေ ထည့်လာနိုင်ကြပြီ။

သိပ္ပံပညာရဲ့ တိုးတက်မှုက ကျန်းမာရေး စောင့်ရှောက်မှုပိုင်းကို တအားပံ့ပိုးပေးနေပါတယ်။

“နေရာ အတော်များများမှာ လူ့မျက်လုံးဟာ ကင်မရာတစ်လုံးနဲ့ တစ်ထပ်တည်းပါပဲ။ ရှေ့ပိုင်းမှာ မျက်ကြည်လွှာ၊ အလယ်ပိုင်းမှာ မှန်ဘီလူးနဲ့ နောက်ပိုင်းမှာ မြင်လွှာ ရှိတယ်။ မျက်ကြည်လွှာနဲ့ မှန်ဘီလူးက ကင်မရာတစ်လုံးရဲ့ မှန်ဘီလူးအတိုင်းပဲ။ သူတို့ဆီမှာ ရလာတဲ့ အလင်းတွေကို မြင်လွှာဆီ ပို့ပေးတယ်။ ပုံရိပ်ကို ပို့ပေးတာပေါ့။ သည်အခါမှာ မြင်လွှာကနေ ဦးနှောက်ဆီကို အာရုံကြောတွေကတစ်ဆင့် ဆက်ပို့ပေးတဲ့အခါ မျက်စိက မြင်ရတဲ့အတိုင်း ဦးနှောက်က မြင်လာရတာပါ။ ဒါက မျက်စိနဲ့ ပတ်သက်လို့ အကြမ်းဖျင်း ပြောတာပေါ့”

အမှန်တော့ ဒါတွေက ကိုတန်း၊ ဆယ်တန်းကျောင်းသား ဘဝတုန်းက အနည်းအကျဉ်း သင်ခဲ့ရပြီးသား အခြေခံလေးတွေပေါ့။ ဒေါက်တာလီက ပြန်ပြောပြနေတော့လည်း အရင်က သိထားတာလေးတွေ ပြန်နှူးသလို ဖြစ်သွားတာပ။

“လူ့မျက်လုံးက ကမ္ဘာ့အကောင်းဆုံး အော်တိုဖှိုးခပ်(စ်) ကင်မရာပဲဗျ။ အဝေးကြီးကိုရော အနီးလေးကိုပါ ဖျိုးခနဲ ဖျတ်ခနဲ တန်းမြင်နိုင်စွမ်းရှိတယ်လေ။ အဲဒါကို ဘယ်လို လုပ်လဲဆိုရင်တော့ လူ့မျက်လုံးထဲက မှန်ဘီလူးရဲ့ ပုံသဏ္ဌာန်ကို ပြောင်းတဲ့နည်းနဲ့ လုပ်ယူပါတယ်။ မှန်ဘီလူးကို ထိန်းချုပ်နေတာက ကြွက်သားတွေပါ။ အဝေးကို ကြည့်တဲ့အခါ ကြွက်သားတွေက ပြေလျော့ နေတာမို့ မျက်လုံးမှန်ဘီလူးကလည်း ပါးနေပါတယ်။ စာဖတ်မယ်ဆိုတဲ့အခါမှာကျတော့ အဲဒီ့ကြွက်သားတွေက ချက်ချင်းပဲ ကြုံ့ပစ်လိုက်တယ်။ အဲသလို ကြုံ့သွားတာနဲ့ တစ်ပြိုင်နက် မျက်လုံး မှန်ဘီလူးကလဲ ပုံသဏ္ဌာန်အားဖြင့် ဝိုင်းဝိုင်းခုံးခုံးလေး ဖြစ်သွားပါတော့တယ်။ မှန်ဘီလူး ထူသွားတယ်ပေါ့။ အဲတော့ အဝေးကို ကြည့်တဲ့အခါ မှန်ဘီလူးက ပါးနေပြီး အနီးကို ကြည့်တဲ့အခါကျတော့ မှန်ဘီလူးက ထူသွားပါတယ်။ အဲသလို ပြောင်းတာက တစ်စက္ကန့်ရဲ့ အပုံတစ်သန်းပုံ တစ်ပုံလောက်အတွင်းမှာ ပြောင်းလဲတာပါ”

ဒေါက်တာလီက ဆလိုက် ထိုးပြထားတဲ့ ရုပ်ပုံကားချပ်နဲ့ သွက်သွက်လက်လက်ကြီး ရှင်းပြနေပါတယ်။

“ဒါပေမယ့် အသက်ကြီးလာတဲ့အခါကျတော့ ကြွက်သားတွေက အားပျော့လာသလို မျက်လုံးမှန်ဘီလူးတွေကလည်း မာလာတယ်။ အဲတော့ ကြွက်သားတွေက ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ဘူး။ မျက်လုံးမှန်ဘီလူးကလည်း မာလာတာမို့ ပုံသဏ္ဌာန် မပြောင်းနိုင်တော့ဘူး။ အဲဒါကြောင့် အသက် ၄၀ ကျော်လာတဲ့ လူတွေဟာ စာဖတ်ရင် မမြင်ရတော့ဘူး။

“ငယ်တဲ့အရွယ်မှာတော့ အားလုံးက ကောင်းကောင်း အလုပ်လုပ်နေတာပေါ့။ ကြွက်သားတွေလည်း ကောင်းကောင်း ကြီး အလုပ်လုပ်နေသလို မျက်လုံး မှန်ဘီလူးတွေက နူးညံ့ ပျော့ပြောင်းနေတာမို့ ဘယ်အချိန် ဘယ်နေရာမှာမဆို ပုံသဏ္ဌာန် ပြောင်းဖို့ ဘာမှ မခက်ဘူး”

ဇရာအကြောင်းကို သူက ပြောနေတာပါ။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ တရား။ အိုလာတော့ ချို့ယွင်းလာတာပေါ့။

ဒေါက်တာလီက မျက်လုံးကို ကင်မရာနဲ့ နှိုင်းနေရာက ဘောလုံးသင်းနဲ့ ခိုင်းနှိုင်းလိုက်ပြန်တယ်။ ဘောလုံးကို ဝါသနာ မပါလှတဲ့ ကျွန်တော့်အတွက် သူ့စကားတွေက နားထဲက ဘေးချော်သွားလို့ မနည်း အာရုံပြန်စိုက်ရတယ်။

“ကျွန်တော်က မျက်ကြည်လွှာနဲ့ မှန်ဘီလူးကို အထူးပြု လေ့လာခဲ့တာမို့ လဆစ်(ခ်)ဆိုတဲ့ ခွဲစိတ်မှုနဲ့ တိမ်ခွဲတာတွေ အားလုံးကို လုပ်ပါတယ်။”

လဆစ်(ခ်)ဆိုတာ LASIK (laser-assisted in situ keratomileusis) လေဆာနဲ့ မျက်ကြည်လွှာခွဲတာလို့ ပြောလို့ ရမလား မသိဘူး။

“မျက်စိမှုန်တယ်ဆိုတာက လူတိုင်းမှာ ဖြစ်တာပါ။ ကြီးကြီး ငယ်ငယ်၊ ပညာတတ်တတ်၊ မတတ်တတ်၊ ချမ်းသာသာ၊ ဆင်းရဲရဲ၊  စာဖတ်ဖတ် မဖတ်ဖတ်၊ အသက် ၄၀ ကျော်လာတဲ့အခါ လူတိုင်း ခံစားရတဲ့ ဝေဒနာပါပဲ။ စခါစမှာတော့ မျက်မှန်ပါဝါက တစ်ရာ ဒီဂရီပေါ့။ အဲဒါက တစ်နှစ်ကို ဆယ်ဒီဂရီနှုန်းနဲ့ တိုးနေတယ်။ အသက် ၅၀ ကျရင် ၂၀ဝ ဒီဂရီ တပ်မှ မြင်ရတော့တယ်။ ၆၀ ကျရင် ၃၀ဝ ဒီဂရီအထိ ဖြစ်လာတယ်။ ဒါပေမယ့် ဆန်းတာက ၆၀ ကျော်တဲ့အခါကျတော့ ပါဝါ ထပ်မတိုးတော့ပြန်ဘူး။ ၃၀ဝ မှာပဲ တန်းနေတတ်တယ်”

ဒါတွေကျတော့ ကျွန်တော် မသိတာတွေ ဖြစ်နေတယ်။ ဟုတ်သားပါလား။ အခု ကျွန်တော့် စာကြည့်မျက်မှန် ပါဝါက ၂၀ဝ ဖြစ်နေပြီ။ ၅၃ ထဲရောက်လာတဲ့အခါ အဲဒီ့ ၂၀ဝ နဲ့တောင် ကြည့်ရတာ သိပ်အားမရတော့ဘူး။ သူပြောတဲ့ နှုန်းနဲ့ဆို ၂၃၀ လောက်ဖြစ်နေပြီကိုး။ အင်း… ၅၅ နှစ်ကျရင်တော့ ၂၅၀ ပြောင်းတပ်ရပေဦးမှာပေါ့လို့ တွေးနေမိတယ်။

ဒေါက်တာလီက ဆက်ပြောပါတယ်။

“မျက်စိမှုန်တာကို ကုသတဲ့ ဘယ်ကုသနည်းမဆို အဝေးကို လည်း မြင်နိုင်၊ အနီးကိုလည်း မြင်နိုင်အောင် ကုကြရတာပါ။ ဆိုလိုတာက လူအုပ်ထဲက မျက်နှာတွေကို မှတ်မိနိုင်အောင်၊ အဲသလို မှတ်မိနိုင်ရုံသာမက သတင်းစာပါ စာလုံးတွေကိုလည်း ဖတ်နိုင်အောင် ကုသပေးကြရတာဖြစ်ပါတယ်။ သတင်းစာထဲက စာလုံးကို ဖတ်နိုင်အောင်လို့ ပြောတဲ့အခါ ကျွန်တော်တို့ မျက်စိ ကုသတဲ့သူတွေမှာက စံသတ်မှတ်ချက်ရှိတယ်။ ဂျေ-၁၊ ဂျေ-၂၊ ဂျေ-၃ မှသည် ဂျေ-၁၀ အထိပေါ့။ အဲဒီ့ ဂျေနဲ့ ဂဏန်းနံပါတ်တွေက စာလုံး အရွယ်အစားတွေပါ။ ဆိုတော့ မျက်စိမှုန်တဲ့သူတွေကို ကုတယ်ဆိုတဲ့အခါမှာ အဖျင်းဆုံးတော့ ဂျေ-၃ ဆိုတဲ့ အဆင့်ကို ဖတ်နိုင်အောင် ကုသပေးတာဖြစ်ပါတယ်”

မျက်စိမှုန်တာကို ကုပေးတယ်ဆိုလို့ ကျွန်တော်လည်း အာရုံစိုက်မိသွားရပြန်တယ်။ ကျွန်တော်က ၁၃-၄ နှစ်သား ကတည်းက မျက်မှန်တပ်ရတဲ့ အဝေးမှုန်သမား ဖြစ်ပါတယ်။ ကျွန်တော့်မျက်မှန်က အတော်ထူခဲ့တယ်။ တစ်ဖက်က အနုတ် ၄၅၀၊ တစ်ဖက်က အနုတ် ၄၀ဝ အထိ ရှိခဲ့ဖူးပါတယ်။ အသက် ၄၀ ကျော်လာတဲ့အခါ တဖြည်းဖြည်း လျော့လာတာတောင် တစ်ဖက်က ၃၅၀၊ ကျန်တစ်ဖက်က ၃၀ဝ ကျန်သေးတယ်။

ဒေါက်တာလီ ဆက်ပြောတဲ့ စကားက ကျွန်တော့်မှာ ငိုအားထက် ရယ်အားသန်။

“မျက်စိမှုန်တာကို ကုတဲ့အခါ မျက်မှန်တပ်ဖို့ လိုမှာပေါ့ဗျာ၊ ဘိုင်ဖှိုခယ်(လ်) မျက်မှန်ပဲဖြစ်ဖြစ်၊ ဘိုင်ဖှိုခယ်(လ်)၊ မာလထီဖှို ခယ်(လ်) မျက်ကပ်မှန်ဖြစ်ဖြစ် တပ်ခြင်းအားဖြင့် ဖြေရှင်းကြရ တာပေါ့”

ဒါတော့ ဆရာရယ်၊ ဆရာပြောမှလားလို့ ဒေါက်တာလီ့ကို နောက်ချင်စိတ်တောင် ပေါက်သွားတယ်။ မျက်စိမှုန်တာ ကုတယ်ဆိုလို့ စိတ်ဝင်တစား နားထောင်ပါတယ်။ သူက မျက်မှန်တပ်တဲ့နည်းက စပြောလိုက်တာကိုး။ သေဟဲ့ နန္ဒိယလို့ ညည်းရမလိုတောင် ဖြစ်သွားတယ်။

“နောက်ဆုံးပေါ်နည်းကတော့ ခွဲစိတ်ကုသတဲ့နည်းပါ”

ဒါလည်း ကျွန်တော် ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော့်လိုပဲ အဝေးမှုန်ပြီး မျက်မှန်တပ်ရတဲ့ အမေရိကန်နိုင်ငံသား မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လုပ်ဖူးတယ်။ နောက်ပိုင်းကျတော့ အခြေအနေက ဒုံရင်း ပြန်ရောက်သွားလို့ ဟိုလူ့ခမျာ မျက်ကပ်မှန် ပြန်တပ်၊ နောက်ကျတော့ တစ်ခါ ပြန် ထပ်ခွဲရတာ ကြားလိုက်ရဖူးတယ်။ အမယ်…ခွဲပြီးခါစ သူနဲ့ ကျွန်တော် ပြန်တွေ့တော့ သူက ပျော်လို့။ သူ့တစ်သက်ဖြင့် မျက်မှန်လွတ်ပြီဆိုပြီးတော့ပေါ့။

မျက်မှန်သမားရဲ့ ဒုက္ခကို မျက်မှန် နှစ်ရှည်လများ မချွတ်တမ်း တပ်ဆင်နေရသူတွေမှ သိပါတယ်။ တော်တော့်ကို စိတ်ညစ်စရာကောင်းတာပါ။

အဲတော့ မျက်မှန်လွတ်တဲ့ဘဝဟာ တကယ်ပျော်စရာ ကောင်းတာပါ။ သူ့မပြောနဲ့ မျက်ကပ်မှန် တပ်မိတဲ့ ကျွန်တော်တောင် အတော်ပျော်တယ်။ မျက်မှန်ဒုက္ခက ကင်းဝေးလို့ ပျော်တာပါ။

ဒါပေမယ့် ၄၀ ကျော်လာတော့ မျက်ကပ်မှန်နဲ့ဆို ဒေါက်တာလီ ပြောသလို စာဖတ်လို့ မရတော့ဘူး။ အဲတော့ ကျွန်တော့်အနုတ်ကို အပေါင်းနဲ့ ပြန်ဖြည်ရတယ်။ အထက်မှာ ရေးခဲ့တဲ့ စာကြည့်မျက်မှန် ပါဝါဆိုတာ မျက်ကပ်မှန် တပ်ဆင်ထားတဲ့အချိန်မှာ သုံးတဲ့ မျက်မှန်ပါ။ မျက်ကပ်မှန် ချွတ်ထားတဲ့အချိန်မှာ အဲဒါကို သွားတပ်လိုက်ရင်တော့ ဘာမှ မမြင်ရတော့ဘူး။ မျက်ကပ်မှန် ချွတ်ထားတဲ့အချိန်မှာ အနီးကြည့်က ရှယ်ကောင်း ပဲ။ ဂျေ-၃ သာမက၊ ဂျေ-၁ ဆိုတဲ့ မှုန်မှုန် မွှားမွှားတောင် မြင်တယ်။ အပ်နဖားတောင် ထိုးလို့ရသဗျ။ ဒါပေမယ့် အဲဒီ့အချိန်မှာ ဆယ့်ငါးပေလောက် အကွာအဝေးက လူကို ကျား-မ မကွဲချင်ဘူး။ မျက်နှာကို မှတ်မိဖို့ကတော့ ဝေလာဝေးပေါ့။

မျက်ကပ်မှန်နဲ့ကျ အဝေးကို အကုန်မြင်ရတယ်။ အနီးကြည့်ချင်တော့မှ ဒုက္ခများတာ။ စာကြည့်မျက်မှန် ဘယ်နား ချထားခဲ့မိမှန်း မသိလို့ လိုက်ရှာရတာကိုက အမောသား။ စိတ်က ခပ်ရှည်ရှည် ကျွန်တော်နဲ့တော့ အံကို ကျလို့ပေါ့ခင်ဗျာ။

ဒေါက်တာလီက “အင်ထြာခေါ်”ဆိုတဲ့ နောက်ဆုံးပေါ် မျက်စိမှုန်ခြင်း ကုသနည်းအကြောင်း ပြောမယ်လို့ အစချီလိုက်တဲ့အခါ ကျွန်တော် နားရွက်ထောင်သွားရပြန်တယ်။

“သည်နည်းက အခုမှ မီးဖိုထဲက ထုတ်ခါစ ပူပူနွေးနွေးဗျ။ ဥရောပ ကော်မရှင်က သည်နည်းကို သဘောတူထားတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ အဲတော့ ဥရောပနိုင်ငံတွေမှာ လုပ်နေကြတာ နည်းနည်းတော့ ကြာပြီပေါ့။ ကျွန်တော်လည်း သူတို့ လေ့လာစူးစမ်းတာတွေ၊ သုတေသနတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ အခုတော့ ရလာဒ်တွေ ကောင်းတယ်ဆိုတာ ကျကျနန သိလာရပါပြီ။ ကျွန်တော်တို့ ပါ့(ခ်)ဝေး မျက်စိကု ဗဟိုဌာနမှာလည်း အဲဒီ့နည်းနဲ့ ကုသတဲ့ စက်က ရောက်လာပါပြီ။ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်လုံးတည်းသော စက်ဖြစ်သလို အရှေ့တောင် အာရှတစ်ခွင်လုံးမှာလည်း ပထမဆုံးနဲ့ တစ်လုံးတည်းသော စက်ဖြစ်ပါတယ်။ အာရှမှာဆိုလည်း ဟောင်ကောင်မှာသာ နောက်တစ်လုံး ရှိပါတယ်”

မြတ်စွာဘုရား… တယ်ပြောနိုင်ပါလား။ အပျံစားစက်တွေနဲ့ သူတို့ ဆေးရုံတွေကို တပ်ဆင်ပေးထားပါတယ်ဆိုတဲ့ အရောင်းမြှင့်တင်ရေး အရာရှိချုပ်ရဲ့ စကားကို ပြန်ကြားယောင်သွားရပါသေးတယ်။

“အင်ထြာခေါ်ဆိုတာက ခေါ်နီယာ (မျက်ကြည်လွှာ)နဲ့ အင်ထြာ – အတွင်းပိုင်းမှာဆိုတဲ့ ဝေါဟာရနှစ်ခုကို ဆက်ထားတာပါ။ အင်ထြာခေါ်လို့ ခေါ်တာက မျက်ကြည်လွှာ အတွင်းပိုင်းကို လေဆာကို အသုံးပြုပြီး ကုသတာမို့ပါ။ သိပ် အံအားသင့်စရာ ကောင်းတာက သည်နည်းနဲ့ ကုသတဲ့အခါ စက္ကန့် ၂၀ ပဲ အချိန် ယူရတယ်။ စက္ကန့် ၂၀ နဲ့ မျက်မှန်ကို တာ့တာလို့ ပြောလိုက်လို့ ရတယ်”

ဟား… တယ်ဟုတ်ပါလား။ ဆက်နားစွင့်မှ…

“ဆရာဝန်နဲ့ တွေ့တာ၊ ခွဲစိတ်ခုတင်ပေါ် လှဲချတာမှသည် အဲဒီ့ကုတင်ပေါ်က လူနာ ပြန်ထတဲ့အထိဆိုရင်တော့ စုစုပေါင်း ငါးမိနစ်လောက် ကြာသပေါ့ဗျာ။ ဒါပေမယ့် မျက်လုံးပေါ်ကို တစ်ခုခု ထည့်လိုက်ပြီးတဲ့နောက် လေဆာနဲ့ ကုသချိန်က စက္ကန့် ၂၀ လေးပဲ ကြာတယ်။

“မျက်ကြည်လွှာရဲ့ အထူက ဝ.၅ မီလီမီတာလောက်ပဲ ရှိတယ်။ ပြီးတော့ အဲဒီ့ မျက်ကြည်လွှာထဲမှာ အလွှာလေးတွေ အမျိုးမျိုးရှိတယ်။ အင်ထြာခေါ်နဲ့ကျတော့ ဘာမှ ခွဲစိတ်တာ၊ ဖြတ်တောက်တာ၊ ဒဏ်ရာရတာတွေ မရှိဘူး။ မျက်ကြည်လွှာထဲမှာ အင်မတန် သေးငယ်တဲ့ လေပူဖောင်းလေးတွေ ဖြစ်သွားအောင် လေဆာက အသွင်ပြောင်းလိုက်တယ်။ သိပ်ကို မြန်တာ။ မျက်ကြည်လွှာအဝိုင်းအတိုင်း အထဲကနေ အပြင်ကို ပူဖောင်းကွင်း တစ်ကွင်း၊ နှစ်ကွင်း၊ သုံးကွင်း၊ လေးကွင်း၊ ငါးကွင်းဆိုပြီး လုပ်ပေးလိုက်ရင် ပြီးပြီ။ အဲဒီ့ လေပူဖောင်းလေးတွေက မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်ကို ပြောင်းပစ်လိုက်တယ်။ မျက်ကြည်လွှာလေး မသိမသာ ပိုခုံးလာအောင် လုပ်လိုက်တာပေါ့။

“အဲသလို ခုံးသွားတော့ မျက်လုံးမှန်ဘီလူးရဲ့ ပါဝါက ပြောင်းသွားပြီလေ။ ပြောင်းသွားတော့ အနီးကို လွယ်လွယ်ကူကူ မြင်လာနိုင်တယ်။ ချစ်စရာကောင်းတာက ဒါက တကယ့်ကို အဆင့်မြင့် နည်းပညာဖြစ်နေတာမို့ တိကျတယ်၊ ပြီးတော့ ဘာ ခွဲတာ စိတ်တာမှ မပါတာပဲ။ ဒါ့အပြင် မျက်လုံးထဲကို ဘာ မှန်ဘီလူး၊ ဘာ တခြားပစ္စည်းမှ ထည့်စရာ မလိုတာပဲ။ နာလည်း မနာသလို ပုံမှန်ပြန်ဖြစ်တာလည်း အင်မတန်မြန်တယ်။ သည်နေ့ လုပ်၊ နက်ဖြန်ဆို စာဖတ်နိုင်ပြီ၊ လေ့ကျင့်ခန်းလုပ်နိုင်ပြီ၊ ရေကူး နိုင်ပြီ အမျိုးသမီးတွေဆို မျက်ဝန်းအလှတွေ ဘာတွေတောင် ခြယ်သနိုင်ပါပြီ။ လုပ်နိုင်ဆို ဘာဒဏ်ရာမှမှ မရှိတာကိုး”

တယ်ဟုတ်ပါလား။ ဒေါက်တာလီကလည်း အပြောကောင်း၊ နည်းပညာကလည်း အံ့မခန်း။ အံမယ်မင်း… ကျွန်တော် တော်တော် စိတ်ပါလာတယ်။

“အဲတော့ လူနာက ကျွန်တော့်ဆေးခန်းကို လာ၊ မျက်မှန် လွတ်ချင်ပြီဆရာ၊ လဆစ်(ခ်)လုပ်ရမလား၊ အင်ထြာခေါ်လုပ်ရမလားလို့ လာပြီး ပြမယ်ဆိုရင် ကျွန်တော်တို့က လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရလိမ့်မယ်။ အဲဒါက စုစုပေါင်း နှစ်နာရီ၊ သုံးနာရီလောက်တော့ ကြာတယ်။

“ဆိုတော့ စာပြော ပြောမယ်ဆိုရင်ဗျာ၊ နိုင်ငံခြားသားတွေအနေနဲ့က မနက်ကို လေယာဉ်စီးပြီး စင်္ကာပူကို ရောက်လာ၊ ညနေဆို အင်ထြာခေါ်နဲ့ ကုလို့ရပြီ။ တစ်ခါတလေတော့ ကျွန်တော်က တစ်ရက်လောက် စောင့်ချင်တတ်တယ်။ ကုပြီးပြီဆို နောက်တစ်ရက်၊ တတိယမြောက်နေ့မှာ ကျွန်တော်နဲ့ နောက်တစ်ခါ ထပ်ပြန်တွေ့ပြီး ပြန်စစ်ဆေး၊ စစ်ဆေးပြီးတာနဲ့ ဆေးခန်းကနေ လေယာဉ်ကွင်း တန်းသွားပြီး ကိုယ့်နိုင်ငံ ကိုယ် တန်းပြန်လို့ ရတာပေါ့။ ဘာဒဏ်ရာမှ မရှိတော့ လေယာဉ်ပေါ် တန်းတက်လို့ ရတာပေါ့။

“ခွဲစိတ်ခုတင်ပေါ်က ဆင်းတာနဲ့ ချက်ချင်းတော့ ကြည်ကြည်လင်လင် မမြင်နိုင်သေးဘူး။ မျက်ကြည်လွှာထဲမှာ လေပူဖောင်းလေးတွေ ဖြစ်နေတာကိုး။ ဒါပေမယ့် နှစ်နာရီကနေ သုံးနီရီအတွင်းမှာ မျက်ကြည်လွှာက အဲဒီ့လေပူဖောင်းလေးတွေကို စုပ်ယူလိုက်တော့ လေပူဖောင်းတွေ ပျောက်သွားပြီး မျက်ကြည်လွှာလေးပဲ ခုံးပြီး ကျန်ခဲ့တယ်။ အဲတော့ ကောင်းကောင်း ပြန်မြင်ပြီပေါ့”

ကျွန်တော် သဘောတွေ ကျနေတယ်။ ဒါပေမယ့် ဒေါက် တာလီ ဆက်ပြောတဲ့ ကုန်ကျစရိတ် ကြားရတော့ ကျနေတဲ့ သဘောက ဖုတ်ခနဲ တာဝတိံသံကို ခုန်တက်သွားတယ်။ အဲဒီ့ အင်ထြာခေါ်နဲ့ ကုသမယ်ဆိုရင် မျက်လုံးတစ်ဖက်ကို စင်္ကာပူ ဒေါ်လာ သုံးထောင် (အမေရိကန် ဒေါ်လာ ၂,၁၄၅)တဲ့ ခင်ဗျ။
လေယာဉ်စရိတ်၊ ဟိုမှာ နှစ်ညအိပ် သုံးရက်နေစရိတ်၊ ဘာညာနဲ့ဆိုရင် အံမယ်မင်း… ချွေချွေတာတာ သုံးဦးတောင် မြန်မာငွေ သုံးဆယ့်ငါးသိန်းလောက်တော့ ကုန်မယ်။ မျက်ကပ် မှန်တပ်တာ တစ်သောင်းခွဲ မကုန်ဘူး။ ဒါက မင်းကြိုက်စိုးကြိုက်၊ သူကြွယ်ကြိုက်၊ ကျွန်တော်တို့လို လက်လုပ်လက်စား ကာလသားများနှင့် လားလားမျှ မထိုက်။

နောက်မှ သိရတာက ကျွန်တော်လည်း လုပ်လို့ မရပါဘူး။ ကျွန်တော်က အဝေးမှုန်သမား။ သည်နည်းနဲ့ မရဘူးတဲ့။ သည်နည်းက တစ်သက်လုံး မျက်စိမမှုန်ဘဲ ၄၀ ကျော်မှ စာဖတ်လို့ မရတဲ့သူများအတွက်သာ လုပ်နိုင်တဲ့ နည်းဆိုပဲ။

အဲတော့ ကျွန်တော်နဲ့ ဘာမှ မဆိုင်တော့ဘူး။ ပျော်လိုက်တာ။ ဟေဟေဟေ့ဟေ… ဆိုပြီး သစ်တောက်ငှက်ကာတွန်း ရုပ်လေးလို ဟစ်ကြွေးလိုက်ချင်သွားရတယ်။
သို့သော် အစားကောင်း စားရင် ချစ်သူကို သတိရတယ် ဆိုသလိုပဲ ၄၀ ကျော်မှ မျက်စိမှုန်ရှာတဲ့ အိမ်က ဇနီးသည်ကို လုပ်ပေးရင် ကောင်းမလားလို့ စဉ်းစားတယ်။ ကျွန်တော့်အတွက် ကျွန်တော့်ဇနီးက ၃၅ သိန်းမက တန်ပါတယ်ဗျာ…နော့။

ဒါနဲ့ သူ့ ပြောကြည့်တော့ သူက ခေါင်းတွင်တွင်ရမ်းတယ်။

“တော့်ဟာ လုပ်ပြီး သိပ်မကြာခင် ကျုပ်သေသွားတော့ နှမျောစရာ”တဲ့ဗျား။ အဲဒါလည်း ဟုတ်တာပဲ။ သိန်းသုံးသောင်းလောက် ချမ်းသာနေရင်တော့လည်း သည်လောက်က အရေးလား။ အခုတော့ သိမ်းထားတဲ့ ငွေသုံးသောင်းလောက်ကလေးနဲ့၊ ကျွန်တော်မို့ မတန်မရာ တွေးရဲတယ်။

စပျစ်သီး ချဉ်ချင်စရာ အကွက်ကို ဒေါက်တာလီကပဲ ဖြည့်စွက်ပေးပါတယ်။

“ဥရောပက ရလာတဲ့ ရလာဒ်တွေအရတော့ အင်ထြာခါ် နည်းနဲ့ ကုပြီးတဲ့အခါ ဂျေ-၃ အဆင့်နဲ့ အထက်ကို ရလာတာ ၉၇.၆ % ရှိပါတယ်။ ရာနှုန်းပြည့်တော့ ကျွန်တော်တို့ အာမ မခံနိုင်ဘူး။ လူအမျိုးမျိုးဆိုတော့ ပြန်ကောင်းပုံ၊ ပြန်သက်သာပုံက ကွဲပြားနိုင်သေးတာကိုး။ ဒါပေမယ့် ၉၇ % ဆိုတာတော့ တော်တော့်ကို ကောင်းတယ်လို့ ပြောနိုင်တယ်။ ဆိုလိုတာက ဆယ်ယောက်မှာ ကိုးယောက်ကတော့ ဂျေ-၃ အဆင့်ကို ကောင်းကောင်း ဖတ်နိုင်သွားကြမှာပေါ့”

ကျေးဇူးကြီးလိုက်တာ ဒေါက်တာလီရယ်။ ကိုယ့်ရှိစု မဲ့စုလေးနဲ့ အချစ်ဆုံး မယားလေး မျက်စိတစ်ဖက် ပြန်ကောင်းရေးအတွက် သွားလုပ်၊ ဆယ်ယောက်မှာ ကိုးယောက် စာရင်းထဲ မပါဘဲ တစ်ယောက်စာရင်းထဲ ပါသွားတော့မှ… အံမယ်မင်း လင်ရော မယားရော ရင်ကျိုးပြီး စလုံးမှာ ခေါင်းချလိုက်ရမှ အခက်…

ဒါက စပျစ်ပင်ပေါ် မော့ကြည့်တဲ့ မြေခွေးရဲ့ အတွေးပါ။ စပျစ်ပင်ပေါ် တက်ထိုင်ပြီး အခိုင်လိုက်၊ အပြွတ်လိုက် လွေးနိုင်တဲ့ ရှဥ့်လေးတွေအတွက်ကျတော့လည်း စပျစ်သီးက ချိုမြနေမှာပါလေ။

မည်သို့ပင်ဆိုစေ၊ ကျွန်တော် မတတ်နိုင်သော်ငြား၊ တတ်နိုင်သူများအတွက်တော့ ဒါမျိုးက လုပ်ကောင်းတယ် မှတ်တာပဲ။ ဟုတ်တယ်လေဗျာ၊ ၃၅ သိန်းလောက် အကုန်ခံလိုက်တာနဲ့ စာကြည့်မျက်မှန် တပ်နေစရာမလိုဘဲ သတင်းစာကောင်း ကောင်းဖတ်နိုင်မယ့်ဟာပဲ။

သို့သော် ဒေါက်တာလီ အတိအလင်း ထည့်ပြောမသွားတာ တစ်ကွက် တော့ရှိတယ်။ သို့သော် သူ့စကားထဲမှာတော့ ပါသွားတယ်။ ဥရောပမှာ လုပ်ခဲ့တာ တစ်နှစ်ပဲ ရှိသေးတယ်။ ရလာဒ် ၉၇.၆ % ဆိုတာလည်း မှန်တယ်။ သို့သော် ငါးနှစ်အကြာမှာ အဲဒီ့ အင်ထြာခေါ်နဲ့ ကုသထားသူတွေရဲ့ အခြေအနေက ဘယ်လိုရှိမလဲ။ အဲဒါကို ဒေါက်တာလီ ပြောမသွားဘူး။ မပြောဆို သူလည်း သိသေးပုံ မရဘူး။

အားလုံးက စောင့်ကြည့်အဆင့်ပဲ။

ခွဲစိတ်နည်းနဲ့ မျက်မှန်လွတ်အောင် ကြိုးစားခဲ့တဲ့ အမေရိကန် သူငယ်ချင်းကို ကျွန်တော် ဖျတ်ခနဲ သတိရမိလိုက်ပြန်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ရန်ကုန် – ၂၉၀၇၁၀)

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလထုတ် အနာမယ (Wellness) မဂ္ဂဇင်းမှာ ဖော်ပြထားတာကို ထပ်ဆင့် တင်ဆက်လိုက်တာပါ။

Advertisements
7 Comments leave one →
  1. Ko Lay permalink
    3 September 2010 5:51 am

    Saya, Just a small thing. Not very important.
    I think the usage “စာပြော ပြောမယ်ဆိုရင်ဗျာ …” is not very smooth in Myanmar. Did you mean “literally” ? If so, it may be better to write it with the meaning of “exactly” (“အတိအကျ ပြောမယ်ဆိုရင်ဗျာ”).
    Please excuse me that I am not able to type my entire comment in Myanmar. My Myanmar typing is very slow.

  2. lettwebaw permalink
    3 September 2010 6:02 pm

    Wow, what a great comment! You’re telling me the phrase was not “smooth.” You must be a Burmese professor or any other expert to judge someone’s writing style. If I were you, I wouldn’t make such a blunt remark but simply try to clarify what I was not very clear about. Making judgments can be very detrimental to any kind of relationship, my dear.

    Actually my phrase is not the translation of “literally.” It is just “in theory.” And you might want me to say it in a layman’s term like “သီဝရီအရဆိုရင်” which I shall NEVER EVER use. Sorry for the inconvenience, if there’s some for you.

  3. Ko Lay permalink
    4 September 2010 4:02 am

    Saya, my apologies that my original comment offended you. I would like to withdraw my original comment.
    My speculation went terribly wrong. I happend to write my comment because I have come across with a friend who translated “literally speaking” into “စာလိုပြောရရင်”, and I was wondering whether you did your translation in the same way. I know you are a good author with great fluency in both English and Myanmar. But, even greater authors like Saya Mya Than Tint sometimes committed minor translation mistakes. My intension was just to point out what I thought (wrongfully) to be a minor translation glitch in your article.
    I don’t want to strain our otherwise good writer-reader relationship. I will try to be more polite and tactful in my future comments. I again apologize for my wrong assumption and rudeness in my original comment.

    • lettwebaw permalink
      4 September 2010 10:35 am

      Hi Saya Ko Lay
      Thank you for the comment. I wrote that reply not because I had been offended but because I wanted to highlight the consequences of judgments.

      You’re right — anyone can make mistakes. Einstein once said: “the only sure way to avoid mistakes is to have no new ideas.” And I am and have always been able to accept any kind of comments on me and/or my works. If I make a mistake I am normally ready to admit it and mend my ways.

      I assure you that you’re not at all straining our relationship. I wrote that reply to help you understand how words can become swords, which I’m afraid, I myself still need to be aware of.

      Though you don’t have to make any apologies, they were accepted sincerely. In addition I’m really glad to have a friend like you who is of a gentlemanly manner.

      Cheers
      atk

  4. Ko Lay permalink
    4 September 2010 12:17 pm

    Dear Saya, Thanks for your kind reply and your graciousness. I have that bad habit of “jumping into conclusion”. Again, thanks for reminding me not to judge other people recklessly. In future, I will try myself to seek the other party’s clarification first before jumping into conclusion.

  5. 10 September 2010 7:04 pm

    ဟိုး…
    အားလုံးက ဖတ်ကောင်းပါလား….။ တင်ထားတဲ့ ဆောင်ပါးတွေကို ဖတ်ရတာလည်း ကောင်း…။ Comments လေးတွေကို ဖတ်ရတာလည်း ကောင်း…။ ဒီ Comments လေးတွေဖတ်ရတော့ ဘိတ်သိတ်ပြိုင် ဆိုတဲ့ ဇာတ်လမ်းလေးကို သွားသတိရမိတယ်..။

  6. လွင်ဦး permalink
    8 September 2013 1:59 pm

    ဆရာခင်ဗျာ နားနဲ့မနာ ဖဝါးနဲ့နာရမယ့် စကားဖြစ်လို့ အရင်ဆုံး ကန်တော့ပါတယ်ဆရာ
    ကျွန်တော့်အသက် သုံးဆယ်ပါ။ အိမ်ထောင်သည် ကလေးနှစ်ယောက်အဖေပါ။ တိုက်ကြီးမှာနေပါတယ်။
    ကျွန်တော် လူပျိုပေါက်အရွယ်ထဲက ခံစားချက်ရှိတယ် ဆရာ။ ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ရင် သူ့ကျွန် သူ့အစေခံဘဝနဲ့ လုပ်ကျွေးပြုစုချင်တဲ့ စိတ်ပါဆရာ။
    အခု အိမ်ထောင်သည် ကလေးဘဝမှာလည်း ဒီစိတ်က ရှိနေတုန်းပဲဆရာ။ မိန်းမနဲ့ အိပ်ခါနီး လိင်စိတ် လျော့နည်းနေရင်တောင် ဒီအကြောင်းနဲ့ ပတ်သက်တဲ့ စကားတခွန်းခွန်း ပြောလိုက် ကြားလိုက်တာနဲ့ လိင်စိတ် တက်ကြွလာစမြဲပဲ။
    တခါတလေ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းရအောင် ထားမပေးတဲ့ မိဘတွေကိုတောင် တခါတလေ စိတ်ခုမိတယ်။ကျွန်တော်ဆိုလိုတာက ဆန့်ကျင်ဘက်လိင်ကို သွေးသားဆန္ဒနဲ့ စိတ်ဝင်စားတာမဟုတ်ပဲ အိမ်တော်ပါ ငယ်ကျွန်တယောက်လို အစေခံ အခိုင်းခံ ဝတ်ကြီးဝတ်ငယ် ပြုစုချင်တဲ့ စိတ်ဟာ ဘွဲ့ရ ပညာတတ် လုပ်ငန်းရှင်တယောက်အတွက် ဘယ်လိုမှ normal မဖြစ်နိုင်ဘူးထင်လို့ ဆရာ့ဆီကို ဆက်သွယ်ရတာပါ ဆရာ။ ကျွန်တော် ဘာလုပ်သင့်လဲ ဆရာ။ ကျွန်တော့်လိုမျိုး normal မဖြစ်ပဲ ဒီလို တူညီတဲ့ စိတ်ခံစားမှုရှိတဲ့ လူတွေရော မြန်မာပြည်မှာ ရှိရဲ့လားဆရာ။
    ဖြစ်နိုင်ရင် အနောက်နိုင်ငံမှာ ရှိတဲ့ mistress တွေဆီမှာ slave တစ်ယောက်အဖြစ် အနှိပ်စက်ခံ လုပ်ကျွေးပြုစုချင်တာပါဘဲ ဆရာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: