About In Laws

တည့်အောင်ပေါင်း ကျောင်းကို ထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းပါ

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက Mandalay FM မှာ ကျွန်တော့်အစီအစဉ် စတင် ထုတ်လွှင့်ခါစက တင်ဆက်ခဲ့တဲ့ အသံ file ဖြစ်ပါတယ်။ ယောက္ခမ၊ ယောက္ခထီး၊ ယောက်ဖ၊ ယောက်မနဲ့ မကင်းနိုင်ကြတဲ့ လူသားများအားလုံးအတွက် တွေးစရာ တစ်စုံတစ်ခု ရသွားလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။ နားဆင်တော်မူကြည့်ကြပါဦး။

Please don’t cry when I die

မှာပါရစေ၊ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ…

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)

ဆရာမိုးဟိန်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီမှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာဝန်ကြီးနဲ့ စကား အေးအေးဆေးဆေး ပြောတယ်။ ပြီးတော့ ဟောလစ်တစ်ခွက်သောက်ပြီး ခဏ မှိန်းနေရင်းက လူ့လောကကြီးထဲက အေးချမ်းစွာ ထွက်ခွာသွားခဲ့ပါသတဲ့။

သည်ကဗျာလေးကို ကျွန်တော့်ဇနီး ဆရာမိုးဟိန်းအိမ်က အပြန်မှာ ယူလာတဲ့ လက်ကမ်းစာလေးမှာ ဖတ်ရတာပါ။ သဘောကျလိုက်တာ။ ပန်းချီရေးတဲ့၊ စာရေးတဲ့ ဆရာမ မသိင်္ဂီက အဖော်ခေါ်လို့ ကျွန်တော့်ဇနီး အဲဒီ့ကို ပါသွားတာ။ ဆရာမိုးဟိန်းရဲ့သား ဦးမိုးသန့်က ဆရာမ မသိင်္ဂီကို ပြောလိုက်သတဲ့။ ဆရာမိုးဟိန်းက သူ့အမေရေးခဲ့တဲ့ သူ့အဖေအကြောင်း “သူလိုလူ”ကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုနေတာ ခရီးအတော်ပေါက်နေလျက်ကနဲ့ ဆရာမ မသိင်္ဂီ ပြန်ဆိုနေမှန်း သိသွားတာနဲ့ “ပြန်ပါစေလေ”ဆိုပြီး အလျှော့ပေးခဲ့ပါသတဲ့။ မြင့်မြတ်လိုက်တဲ့ ဆရာ့ နှလုံးသား။ ဆရာမ မသိင်္ဂီက မချိတင်ကဲ ပြန်ပြောပြတာပါ။ ဆရာမ မသိင်္ဂီက သည်စကားကို ကျွန်တော့်ကို တိုက်ရိုက်ပြောပြပြီး ဆရာမိုးဟိန်းရဲ့ ပြည့်ဝတဲ့ နှလုံးသားကို လူအများသိအောင် လုပ်ပေးဖို့ အကူအညီတောင်းခဲ့လို့ ပြန်လည် လက်ဆင့်ကမ်း တင်ပြလိုက်တာဖြစ်ပါတယ်။

ဆရာ မိုးဟိန်းကို လူချင်း အပြင်မှာ တစ်ခါပဲ ဆုံဖူးတယ်။ စကားတောင် မပြောခဲ့ဖူးပါဘူး။ “သူလိုလူ”ကို ဘာသာပြန်ခဲ့တဲ့ ဆရာမ မသိင်္ဂီကို ဆရာမိုးဟိန်းက ဂုဏ်ပြုတဲ့ ပွဲ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကျွမ်းကျင်တဲ့ ဆရာမိုးဟိန်းကတောင် မသိင်္ဂီရဲ့ ဘာသာပြန်အပေါ် ကျေနပ်ခဲ့တာလေးကို ပြခဲ့တဲ့ ပွဲ) မှာပေါ့။  ဒါပေမယ့် သူ့ကဗျာတွေနဲ့ ရင်းနှီးနေတယ်။ “လူသာ ဆုံးတယ် ကျန်တာ မရှုံးဘူး”လို့ ဆရာက ကျွန်တော်တို့ကို မှာသွားခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်နေ့မှာ ဆုံးရမှာပါ။ သို့သော် ဆရာ့လို ကျန်တာတွေ မရှုံးအောင်တော့ ကျွန်တော်တို့တွေ အများကြီး ကြိုးစားရပါလိမ့်ဦးမယ်။

A Post on Facebook

I agree the system must be corrected. The mentality of doctors must also be reoriented. Medicine is for service, not for money or power. Some Burmese take medicine for money. That’s wrong. It’s a humane profession, not a trade. (Dr. Maung Maung Nyo)

11 hours ago · · ·

Caesar Min, Chan Myae Khine, Nay Htut Shwe and 2 others like this.

    •  

      Atta Kyaw 

      ဆရာ Shan Gyi (S Htet Aung) ရဲ့ Facebook Post မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာဝန် စာရေးဆရာကြီး ဒေါက်တာ မောင်မောင်ညို ရေးထားတဲ့ မှတ်ချက်ကို ကူးယူ ဖော်ပြလိုက်တာပါ။ ဆရာ ရှမ်းကြီးက “ဆရာဝန်တွေကို အပြစ် မမြင်သင့်၊ စနစ်ကိုသာ ပြင်”ဆိုပြီး တင်လိုက်တဲ့အခါ ဆရာ မောင်မောင်ညိုက “အဲဒါ တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်။ စနစ်ကို ပြင်ရမယ် ဆိုတာကို လက်ခံပါတယ်။ ဆရာဝန်တွေရဲ့ စိတ်တွေကိုလည်း ပြင်ရမယ်။ ဆေးပညာဟာ ၀န်ဆောင်မှုပေးဖို့ ဖြစ်တယ်၊ ပိုက်ဆံတို့၊ သြဇာတို့ ထူထောင်ဖို့ မဟုတ်ဘူး။ တချို့မြန်မာတွေက ပိုက်ဆံအတွက် ဆေးပညာ သင်ကြတယ်။ အဲဒါမှားတယ်။ ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး”လို့ ဆရာကြီး ဒေါက်တာ မောင်မောင်ညိုက ပြောလိုက်တာပါ။
      11 hours ago · · 10 people
    •  

      Thant Zaw Right ……..  

      7 hours ago · ·
    •  

      Hnin Sandar Admire.. Sayar gyi Dr. Maung Maung Nyo..  

      4 hours ago · ·
    •  

      Nyi Ma Lay ဟာ… တကယ်လေးစားပါတယ် ဒေါက်တာမောင်မောင်ညိုကို ။ ပို့စ်ကို တင်ပေးတဲ့ ဆရာ့ကိုလည်း လေးစားပါတယ် ဆရာ ။ဆရာ တင်ပေးမှ သိရတာပါ။  

      4 hours ago · ·
    •  

      Caesar Min Saya Kyaw, I think service and money is partly related each other 🙂  

      2 hours ago · ·
    •  

      Nyi Aung Chan” ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး” ဒေါက်တာမောင်မောင်ညိုရဲ့ စကားကို ကိုးကားပြီးမေးကြည့်မယ်နော်… private hospital တွေကို ဘယ်လိုမြင်ကြလဲမသိဘူး… အမြင်လေးတွေ သိချင်လို့ပါ….  

      about an hour ago · ·
    •  

      Atta Kyaw 

      ကျန်းမာရေး ခရီးသွားလုပ်ငန်း (health tourism industry)ဆိုတာတောင် အာရှမှာ တအား ထွန်းကားနေပြီမို့ ဆေးပညာနဲ့ စီးပွားရှာတာ မဆန်းပါဘူး။ စီးပွားရေးသမားက စီးပွားရေး အလုပ်လုပ်မှာပေါ့။ သန်း ကုဋေပေါင်းများစွာ ရင်းနှီးပြီး လုပ်နေတဲ့ ဆေးရုံကြီးတွေ အာရှမှာ အများအပြား ရှိပါတယ်။ တစ်ခုပဲ၊ သူတို့က customer care, customer service, customer focus စတာတွေကို ဒိုးလိုမွှေ ရေလိုနှောက်ပြီး ကျိုသောက်ထားကြတယ်။ သန့်ရှင်းရေး ၀န်ထမ်းက အစ ပါရဂူ ဆရာဝန်ကြီး အဆုံး အားလုံးသော ၀န်ထမ်းများရဲ့ မျက်နှာတွေက ချိုကြတယ်။ လာတဲ့ လူနာကို customer အဖြစ် ဆက်ဆံတယ်။ ပေးရတဲ့ ပိုက်ဆံ တန်တယ်ထင်အောင်၊ ပေးချင်အောင် လုပ်ကြတယ်။ service ရဲ့ သဘောကို နားလည်တယ်။ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်နေရတဲ့ အချိန်မှာ ပုဂ္ဂလိက ဆေးရုံများဟာ နာမည်တစ်လုံးကို အသေထိန်းကြတယ်။ နာမည်ပျက် မခံရစေရေးအတွက် အမှားအယွင်း အတိမ်းအစောင်း နည်းနိုင်သမျှ နည်းအောင် လုပ်ကြတယ်။ မှားခဲ့ရင်လည်း customer ကျေနပ်အောင် အင်တိုက်အားတိုက် ဖိဖိစီးစီး လုပ်ပေးကြပါတယ်။ အဲလို ဆေးရုံတွေက ပါရဂူ ဆရာဝန်ကြီးတွေဟာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ hypermedicalisation ကို ရှောင်ကြတယ်။ ဆိုလိုတာက ဓာတ်ခွဲခန်းက ဝေစုပေးမယ့် ပိုက်ဆံကို မျှော်ကိုးပြီး လူနာကို လိုလို မလိုလို အကုန် လျှောက်စစ်ခိုင်းတာမျိုး မလုပ်ကြပါဘူး။ (hypermedicalisation ဆိုတဲ့ ဝေါဟာရကို သတိပြုကြစေလိုပါတယ်။ ဆေးပညာ ဘောင်ဝင်အောင် ပြောကြစတမ်းဆိုရင် အကုန်လုံး ဘောင်ဝင်ပါတယ်။ ယာဉ်ထိန်းရဲလိုပေါ့။ ယဉ်ထိန်းရဲတွေသာ စာအုပ်ကြီးအတိုင်း လုပ်ရင် လမ်းပေါ်မှာ သွားနေသမျှ ကားတွေ အကုန်လုံး အပြစ်တစ်ခုမဟုတ် တစ်ခုနဲ့ ဖမ်းလို့ရပါတယ်။) အာရှရဲ့ ထိပ်တန်း ဆေးရုံ ၁၀၀ စာရင်း (http://hospitals.webometrics.info/top100_continent.asp?cont=asia) မှာ ရွှေအမြုတေ ဦးဝင်းငြိမ်း သွားသွား ကုနေတဲ့ ပုဂ္ဂလိက ဆေးရုံ Bumrungrad Internacional Hospital က အဆင့် ၄၅ မှာ ရှိနေပါတယ်။ ကမ္ဘာ့အဆင့်အနေနဲ့ အဲဒီ့ဆေးရုံဟာ အမှတ်စဉ် ၅၀၁ မှာ ရှိတယ်။ အဲဒီ့စာရင်းမှာ ဗီယက်နမ်က ဆေးရုံတစ်ရုံဟာ အမှတ်စဉ် ၉၅ မှာ ရှိနေတယ်။ အဲဒီ့ site မှာ ကမ္ဘာ့အဆင့် ၂၀၀၀ အထိ တန်းဝင်တဲ့ ဆေးရုံတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အခြေအနေက ဘယ်နားမှာလဲ။ ဘာတွေကို ကျွန်တော်တို့က ရေးကြီးခွင့်ကျယ် လုပ်သင့်သလဲ။ ယနေ့ ဆေးကျောင်းဆင်းတွေရဲ့ အခြေအနေကရော နိုင်ငံတကာ စံနဲ့ဆိုရင် ဘယ် အခြေအနေမှာ ရှိသလဲ။ အားလုံး သိပါတယ်။ 

      သေချာတာတစ်ခုကတော့ ကျွန်တော်တို့ချင်း ရန်ဖြစ်နေ၊ အငြင်းပွားနေ၊ စကားများနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အားလုံး ကိုယ်နိုင်တဲ့ နည်းလမ်းနဲ့ ကိုယ်လုပ်နိုင်တာကို ကြိုးကြိုးကုပ်ကုပ် လုပ်ရမယ့် အချိန်ပါ။ ငါ့ပညာ အဆင့်မမီဘူး၊ အဲဒီ့အတွက် ဟိုဟာ၊ သည်ဟာကို လက်ညှိုးထိုး ဆင်ခြေပေးမယ့်အစား အဆင့်မီလာအောင် ငါ့ဘက်က ဘာလုပ်နိုင်မလဲ ဆိုတာကို တွေးပြီး အလုပ်လုပ်ကြသင့်တယ်လို့သာ မြင်ပါတယ်။

      about an hour ago · · 4 people Chaw Chaw Po, Nyi Ma Lay and 2 others like this. ·
    •  

      Chan Myae Khine triple like!  

      58 minutes ago · ·

Statement on Criticisms

ဝေဖန် ဆွေးနွေးချက်များနဲ့ စပ်လျဉ်းတဲ့ သဘောထား ကြေညာချက်

ကျွန်တော့်စာများအပေါ် တုံ့ပြန် ဝေဖန် ဆွေးနွေးချက်များ အားလုံးကို ကြိုဆိုပါတယ်။ လက်လှမ်းမီသမျှ တလေးတစားလည်း ဖတ်ပါတယ်။

စာရေးသူတစ်ဦးအနေနဲ့ စာဖတ်သူများဆီက တုံ့ပြန်ဝေဖန်ချက်ကို လိုလိုချင်ချင် တောင်းဆိုပြီး မရအရ လုပ်ယူခဲ့တာ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်သာ ရှိသေးတယ်လို့ ယူဆပါတယ်။ ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့၊” “ဟစ်သာငိုတော့ ချစ်တိုင်းပြည်”နဲ့ “မီးငယ်တို့ အသြွိကယ်ဖို့” စာအုပ်များနဲ့ ကျွန်တော့် စာအုပ်တိုက်က ထုတ်တဲ့ ဆရာမောင်ဝဏ္ဏရဲ့ “သူလိုကိုယ်လို မောင်ဝဏ္ဏ” စာအုပ်များရဲ့ အဆုံးမှာ စာဖတ်သူများဆီက တုံ့ပြန်ချက်ကို ဖိတ်ခေါ်ထားတဲ့ ပုံစံစာရွက်ငယ်များ အတိအလင်း ပါရှိခဲ့ပါတယ်။

ကျွန်တော့်စာအုပ် သုံးအုပ်ရဲ့ ပုံစံစာရွက်မှာဆိုရင် အဲသလို တုံ့ပြန် ဝေဖန်ချက် ပြန်ပို့ပေးသူများဆီကို ကျွန်တော့်တိုက်ထုတ် စာအုပ် တစ်အုပ်စီ ပြန်လက်ဆောင် ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ကို တုံ့ပြန်ချက်တွေ များများ ပြန်လာအောင် လှုံ့ဆော်ယူခဲ့တာပါ။

ဒါ့အပြင် ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ဓာတ်ချောလိပ်စာ စတာများကို မဂ္ဂဇင်းတွေက တစ်ဆင့် ဖော်ပြခဲ့တာ ၂၀ဝ၀ ပြည့်နှစ်ကတည်းက ဖြစ်သလို ကျွန်တော့်စာအုပ်တိုက်က ထုတ်သမျှ စာအုပ်တိုင်းမှာလည်း အတိအလင်း ပါရှိပါတယ်။ (အဲသလို မိမိကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကို လူသိရှင်ကြား ထည့်ပေးတဲ့ စာရေးသူဆိုတာဟာလည်း လက်ချိုးရေမယ်ဆိုရင်တောင် လက်တစ်ဖက် မပြည့်ချင်ဘူးဆိုတာ အားလုံး အသိပါ။)

စာဖတ်သူစစ်စစ်များရဲ့ တုံ့ပြန် ဝေဖန်ချက်ကို ကျွန်တော် အမှန် တန်ဖိုးထားလို့၊ လိုချင် မက်မောမိလို့ အခုလို ဆောင်ရွက်ခဲ့တယ်ဆိုတာ အထူးပြောနေဖို့ တောင် မလိုပါဘူး။

အဲသလို တုံ့ပြန်ဝေဖန်ချက်တွေထဲမှာ မှတ်သား နာယူစရာ ပါရင် မှတ်သား နာယူပါတယ်။ ကျွန်တော် မှားနေကြောင်း ထောက်ပြထားတာဟာ အမှန်တကယ် မှားနေပါလားလို့ ကျွန်တော့် သိစိတ်လိပ်ပြာက လက်ခံရင် ကျွန်တော်မှားပါကြောင်း လူသိရှင်ကြား ဝန်ခံဖို့ တစ်စက်မှ ဝန်မလေးပါဘူး။ ဝန်လည်း ဝန်ခံခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ (တစ်ခါတလေများမှာ မလွှဲသာလွန်းလောက်အောင် သက်ဆိုင်ရာ စာစောင်များက အတင်းအကြပ် ဖိအားပေးလာခဲ့လို့ မှားပါတယ်လို့ အခြောက်တိုက် တောင်းပန်ခဲ့ရဖူးတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။)

ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်မှုမျိုးတွေ၊ ကျွန်တော် ဆွေးနွေးတဲ့ ပင်မ အကြောင်းအရာကို မဟုတ်ဘဲ ကျွန်တော့်စာထဲက ဝါကျတစ်ကြောင်း၊ စာတစ်ပိုဒ်ကိုသာ အကျ ကောက်ပြီး ဝေဖန် ဆွေးနွေးတာမျိုးတွေဆိုရင်တော့ ဘာမှ ဖြေရှင်းနေစရာ မလိုဘူးလို့ ယူဆတဲ့အတွက် ဘာကိုမှ ပြန်ပြောမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံများမှာ တချို့သော အချက်အလက်တွေက အခြေအနေ အချိန်အခါနဲ့ အကြောင်းကြောင်းကြောင့် ပြောဖို့ မသင့်လှတာမျိုးတွေ ဖြစ်နေလို့ ရေငုံနေလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။

သေချာတာတစ်ခုကတော့ တုံ့ပြန် ဝေဖန် ဆွေးနွေးချက်များ အားလုံးကို ကြိုဆိုနေတာပါပဲ။ ကျွန်တော် အင်မတန် အရေထူပါတယ်။ ပျဉ်းမနား မဟာမြိုင် တောရဆရာတော်ရဲ့အဆိုအမိန့်တစ်ခုကို မှတ်သားမိပြီးတဲ့ နောက်မှာ ပိုလို့တောင် အရေထူလာပါသေးတယ်။ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

“သူများပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာပဲ နစ်မွမ်းသွားလိမ့်မယ်”တဲ့။

ကျွန်တော့်ဘဝကို ဘယ်သူ့ ပါးစပ်ထဲမှာမှ အနစ်မွမ်းမခံနိုင်ပါဘူး။ ကျွန်တော့်ကြမ္မာကို ကျွန်တော်သာ ဖန်တီးနိုင်ပါတယ်။ သတ္တဝါမှန်သမျှ ကံစီမံတဲ့ လမ်းကြောင်းအတိုင်း သွားကြရတာပါ။ အဲဒီ့ကံဆိုတာက အဲဒီ့ သတ္တဝါ ပြုတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံလို့ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော့် ကာယကံ၊ ကျွန်တော့်ဝစီကံ၊ ကျွန်တော့် မနောကံ မှန်နေအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ မှားသွားရင် ဝန်ချပါမယ်၊ တောင်းပန်ပါမယ်။
ကျွန်တော့်ရဲ့ မြန်မာစာ ကျူရှင်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးလေတဲ့ ဆရာ ဦးမျိုးအောင် (ယနေ့ ဇာတ်ညွှန်းဆရာကျော် ငြိမ်းမင်း) က ၁၉၇၅ ခုနှစ်လောက်ဆီက ရေးခဲ့ဖူးတယ်။ “ဘဝအခင်း၊ လမင်းနေမင်း၊ အဆင်းအတက်၊ အဖျက်အပြု၊ အတု အစစ်၊ အချစ်အမုန်း၊ ကိုယ့်နှလုံးကို၊ စာလုံးလေးတွေ ပြောလိမ့်မယ်”တဲ့။

အမှန်ကတော့ ဆရာငြိမ်းမင်းတင် မဟုတ်ပါဘူး။ လူတိုင်းရဲ့နှလုံးသားထဲမှာ ဘာရှိတယ်ဆိုတာကို သူ့နှုတ်က ထွက်တဲ့စကား၊ သူ ချရေးလိုက်တဲ့ စာတွေက ရောင်ပြန် ဟပ်လို့ နေပါတယ်။ ဖုံးထား၊ ဖိထားလို့ ဘယ်လိုမှကို မရနိုင်ပါဘူး။ တစ်နေရာမဟုတ် တစ်နေရာမှာတော့ ငေါငေါကြီး ပေါ်လာတတ်စမြဲပါပဲ။ “စကားထဲက ဇာတိပြ”ဆိုတဲ့ မြန်မာစကားကြီးလည်း အထင်အရှား ရှိပါတယ်။

သည်တော့ကာ ကျွန်တော် ရေးတဲ့ စာတွေကတစ်ဆင့် ကျွန်တော့် ဇာတိကို သိနိုင်သလို ကျွန်တော့်အပေါ် တုံ့ပြန် ဝေဖန် ဆွေးနွေးကြတဲ့ စာတွေထဲက ပြနေတဲ့ ဇာတိတွေကလည်း သူ့ဟာနဲ့သူ ရှိနေမှာပါ။

ဖန်တရာ တေနေတဲ့ စကားကို အပ်ကြောင်း တစ်ခါ ထပ်ပြရရင်တော့ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြသူချည်းပါပဲ။ သို့သော် ကျွန်တော်ကတော့ အဲဒီ့သမိုင်းကိုတောင် သိပ်စိတ်မဝင်စားပါဘူး။

ကျွန်တော် စိတ်ဝင်စားတာက သေငယ်ဇောနဲ့ မျောနေချိန်၊ နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်လိုက်ချိန်မှာ ကျွန်တော့်လိပ်ပြာလေး ကြည်လင်သန့်စင်နေဖို့သာ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာ စုတေစိတ်ကလေး တည့်မတ်နေအောင် အခု နေရသခိုက်လေးမှာ ဘယ်သူ့အပေါ်မှာမှ အကုသိုလ်စိတ် မထားမိအောင် အတတ်နိုင်ဆုံး ကြိုးစားလျက်ပါ။ သတိထားလျက်ပါ။

သည်အတွက် ကျွန်တော်နဲ့စပ်လျဉ်းပြီး ပုဂ္ဂိုလ်ရေးပဲ တွယ်တွယ်၊ နှစ်ပြားမတန်အောင်ပဲ ပြောပြော၊ ကြိုက်တဲ့သူက ကြိုက်သလို ရေးနိုင်၊ ပြောနိုင်ပါတယ်။

ကျွန်တော့်ကို ဆဲတယ်ဆိုရင်တောင်မှ အဲလို ဆဲဖို့ တစ်ဖက်သားမှာ သူ့အချိန်ထဲက တချို့တဝက်ကို ကျွန်တော့်အတွက်သက်သက် တခုတ်တရ ဖဲ့ပေးလိုက်တာကို တွေးမိတာနဲ့တင် ကျေးဇူးတင်လို့က မဆုံးနိုင်တော့ပါဘူး။

ဒါကြောင့် ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးသမျှကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရေးလာသမျှ အားလုံးကိုလည်း လက်လှမ်းမီသလောက် တလေးတစားဖတ်ရှုလျက်ရှိပါကြောင်း အတိအလင်း မြွက်ဟ ကြေညာအပ်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
(၁၄၀၁၀၇)

ရေးခဲ့တဲ့ နေ့စွဲက ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ပါ။ ဖော်ပြခဲ့တဲ့ ဂျာနယ်က ၂၀၀၇ ခုနှစ် ဇန်န၀ါရီ နောက်ဆုံးပတ်မှာ ထုတ်ဝေတဲ့ လျှပ်တစ်ပြက် ဂျာနယ် ဖြစ်ပါတယ်။  အချိန်ကာလအားဖြင့် သုံးနှစ်ကျော်သွားပါပြီ။ ကျွန်တော်နဲ့ ပတ်သက်လို့ ရေးကြသားကြသမျှအပေါ် ထားရှိတဲ့ ကျွန်တော့်သဘောထားကတော့ မပြောင်းပါဘူးခင်ဗျား။

One Forward Mail

ရောက်လာပြန်တဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာတစ်စောင်

ကျွန်တော့်ဆီကို လက်ဆင့်ကမ်း ဓာတ်ချောစာတစ်စောင် ၀င်လာပါတယ်။  အင်တာနက်ပေါ်မှာ ပျံ့သွားအောင် ကူညီ ဆောင်ရွက်ပါလို့လည်း တောင်းဆိုထားလေရဲ့။ ဟုတ်ကဲ့… ကူညီ ဆောင်ရွက်ပေးလိုက်ပါတယ်ခင်ဗျား။

အရာတိုင်းမှာ ဘက်ပေါင်းစုံဆိုတာ ရှိပါတယ်။ အမြင်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေ အများကြီးလည်း ရှိနိုင်ပါတယ်။

ကြုံဖူးတဲ့ ဖြစ်ရပ်ကလေး နှစ်ခုနဲ့တင် အဲဒါလေးကို နမူနာ ပြလိုက်ချင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုက ကြီးမှူးကျင်းပတဲ့ နှစ်ပတ်တာ ကျန်းမာရေး သင်တန်းတစ်ခုမှာ သက်ပြည့် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးနဲ့ ဆုံပါတယ်။ အဲဒီ့ဆရာဝန်ကြီးက ဆေးမကုဘဲ ရုံးအလုပ်တွေသာ အများဆုံး လုပ်ခဲ့ရတဲ့ ဆရာဝန်ကြီး ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဘယ်သူဘယ်ဝါမှန်း သိသွားချိန်မှာ ယဉ်ကျေးစွာ ရန်တွေ့ပါတယ်။ ကျွန်တော်က ဆရာဝန်တွေကို မကောင်းမြင်နေတာ ဖြစ်ကြောင်း၊ သတိလစ်သွားရင်တောင်မှ အကုမခံတော့ဘဲ အသေခံသွားမယ်လို့အထိ ကျွန်တော် ရေးထားတာကို ဖတ်လိုက်ရကြောင်း၊ တကယ် အနစ်နာခံ၊ ကိုယ်ကျိုးစွန့် စေတနာထားနေသူ ဆရာဝန်တွေလည်း ရှိကြောင်း ပြောပြပါတယ်။

ကျွန်တော်ကလည်း ဆရာပြောတာကို ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါကြောင်း ပြောခဲ့ပါတယ်။ သို့သော် လူတွေနဲ့ ဖွဲ့စည်းထားလေတဲ့ ဘယ်လောကမှာ မဆို လူကောင်းတွေ ရှိသလို လူဆိုးတွေလည်း ရှိတာဟာ သဘာဝဖြစ်တာမို့ ဆရာတို့ လောကမှာလည်း သူတော်ကောင်းတွေချည်း မရှိတာလေးကိုလောက် ဆရာတို့ဘက်က လက်ခံပေးပါလို့ ပြန်ပြောခဲ့ပါတယ်။ ယနေ့ထက်တိုင် အဲဒီ့ဆရာဝန်ကြီးနဲ့ ကျွန်တော်နဲ့ ခင်မင် လေးစားစွာ ဆက်ဆံနေဆဲပါပဲ။

အဲဒီ့ဆရာဝန်ကြီးနဲ့ အဲဒီ့စကားတွေ ပြောစဉ်မှာ ကျွန်တော့်ဘက်က နမူနာတစ်ခုကိုလည်း ထပ်ပြောခဲ့ပါသေးတယ်။ အဲဒါကတော့ ဂျာနယ်တစ်စောင်မှာ ပါတဲ့ ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြုပြီး ဆေးရုံအုပ် ဆရာဝန်ကြီး တစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်ခဲ့ဖူးတဲ့ အကြောင်းပါ။ တိုက်ဆိုင်မှု တစ်ခုကတော့ စောစောက အငြိမ်းစား ဆရာဝန်ကြီးနဲ့ အဲဒီ့ ဆေးရုံအုပ်ကြီးနဲ့က နာမည်ချင်း တစ်လုံးမလွဲ တူနေတာပါပဲ။ အဲဒီ့ ဆေးရုံအုပ်ကြီးက ကျွန်တော်ရေးထားခဲ့တဲ့ ဖြစ်ရပ်ဟာ သူ့ဆေးရုံမှာသာ ဖြစ်ပွားခဲ့တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပေးဖို့အတွက် ကျွန်တော့်ဆီ ဖုန်းဆက်တာ ဖြစ်ပါတယ်။ ကံဆိုးချင်တော့ ဖြစ်ခဲ့တာ သူ့ဆေးရုံမှာ မဟုတ်ဘဲ တခြားဆေးရုံမှာ ဖြစ်နေပါတယ်။ အဲဒီ့မှာ အဲဒီ့ဆေးရုံအုပ်ကြီးနဲ့ ကျွန်တော်နဲ့ စကားတွေ တော်တော် ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော်က သည်ခေတ် ဆေးလောကဟာ အလွန် စိတ်ပျက်စရာကောင်းအောင် ပျက်စီးနေတာမို့ ကျွန်တော့်အိမ်ကိုတောင် မှာထားတဲ့အကြောင်း၊ ကျွန်တော်များ သတိတွေ ဘာတွေ လစ်သွားခဲ့ရင် ဆေးရုံဆေးခန်း ခေါ်မသွားဘဲ အိမ်မှာသာ အသေခံလိုက်ဖို့ မှာထားမိတဲ့အကြောင်း ပြောလိုက်တာပါ။ သည်အခါမှာ အဲဒီ့ ဆေးရုံအုပ်ကြီးက အောက်ပါအတိုင်း ပြန်ပြောခဲ့ဖူးပါတယ်။

“ဆရာ့လို အပြင်လူ မပြောနဲ့ ဆရာရေ့… ကျွန်တော် သည်လောကက လူလည်း အဲဒီ့အတိုင်းပဲ ကျွန်တော့်မိသားစုကို မှာထားရတယ်ဗျ။ အိမ်ကလူတွေ ဖြစ်ရင်တော့ ကျွန်တော် ရှိနေသေးတာမို့ ကျွန်တော့်ဘက်က သူတို့ကို လိုလေသေးမရှိ အမှားအယွင်း မရှိအောင် လုပ်ပေးနိုင်ပေမယ့် ကျွန်တော်ဖြစ်ရင်တော့ ကျွန်တော့်မိသားစုက အရပ်သား အပြင်လူတွေဆိုတော့ ခံရမှာ သေချာနေတယ်။ ဒါ့ကြောင့် ဆရာ့လိုပဲ ကျွန်တော်လည်း ကျွန်တော့် မိသားစုကို မှားထားတယ်ခင်ဗျ”တဲ့။

နှစ်ယောက်စလုံး သက်ရှိ ထင်ရှားရှိနေဆဲပါ။ နှစ်ယောက်စလုံးလည်း ဆရာဝန်ကြီးတွေပါ။ ဆရာဝန်ကြီး နှစ်ယောက်မှာတောင် မြင်ပုံချင်း၊ သုံးသပ်ပုံချင်း မတူညီကြတာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်လို့ ဆုံးဖြတ်နေတာ မဟုတ်ပါဘူး။ နှစ်ယောက်စလုံးဟာ လူသားများသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အမြင်တိုင်းဟာ သူတို့ထောင့်နဲ့ သူတို့ မှန်ကန်နေနိုင်တာကိုသာ ပြောလိုရင်းဖြစ်ပါတယ်။

ကဲ… ကျွန်တော့်ဆီ ရောက်လာတဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာလေးမှာလည်း ကျောင်းဆင်းစ ဆရာဝန်ငယ်များရဲ့ အမြင်တွေ ပါဝင်နေပါတယ်။ ဖတ်ရှုသုံးသပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ သူတို့အမြင်တွေဟာလည်း သူတို့ထောင့်နဲ့ သူတို့ မှန်ကန်နေမှာ မြေကြီး လက်ခတ် မလွဲပါဘူး။

သူတို့စာကို သူတို့ ရေးထားတဲ့ အရင်းအတိုင်း ပြန်လည်ဖော်ပြတာပါ။ ဘာကိုမှ မတည်း မဖြတ် မပြင်မဆင်ထားပါဘူး။ ပုံများ၊ စာလုံး အရောင်များကအစ သူတို့ ပို့လာတဲ့ မေး(လ်)ထဲက အတိုင်းဖြစ်ပါတယ်။

အားလုံးတွေးဆ စာနာပေးနိုင်ရန် ရည်ရွယ်FORWARDပါသည်

ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်..
အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည်  ဆရာဝန်ဖြစ်သည်.. duty ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်ရ်ျု ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။
ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သင်သိပါသလား?????.

သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။  တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်.. သို့သော် ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးကမှ complaint မတက်ပါ..

လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. ဆရာဝန်မှလူနာများကို ဆေးဝယ်ခိုင်းသည်မှာ မှန်ပါသည်.. အဘယ်ကြောင့်ဆိုသော်ဆေးရုံတွင် ဆေးမရှိပါ       မရှိသောဆေးကို ၀ယ်ရန်အတွက် ဆရာဝန်မှာ တာဝန်ရှိပါသလား.. မ၀ယ်လျှင် ဆေးမကုနိုင်ပါ… ထို့အတွက် ၀မ်းနည်းရပါသည်
လူနာများထင်သည်မှာ ဆေးရုံသို့တက်လာသည်နှင့် ဆရာဝန်ကလည်ပင်းညှစ်ကာ ပိုက်ဆံမကုန်ကုန်အောင် ဆေးဝယ်ခိုင်း သွေးစစ်ခိုင်းသည်ဟု ထင်ကြသည်.. ဆေးရုံကိုတက်ရန် ပွဲစားမလိုပါ.. တက်ချင်သည့်အချိန် တက်နိုင်သည်.. မတက်လိုတော့ပါကလည်း DC မရမီ abscond လုပ်နိုင်ပါသည်.. ပွဲစားသည် လူလိမ်သာဖြစ်သည်..
ဆေးရုံတွင် အပေါက်စောင့်က ပိုက်ဆံတောင်းခြင်းသည် ဆရာဝန်နှင့်မဆိုင် ဆရာဝန်သည် လစာမှလွဲလို့ အပိုဝင်ငွေမရှိ။
ဝမ်းစာကို ပြင်ပတွင်ဆေးခန်းဖွင့်ခြင်းဖြင့်သာ.ရှာရပါသည်။ သို့သော် ဆရာဝန်များ ဖုန်းပြောကားစီးနိုင်ခြင်းမှာ ထိုဆေးခန်းမှရသောဝင်ငွေဆိုသည်ထက် မိဘ၀ယ်ပေးထားလို့သာစီးနေကြခြင်းဖြစ်သည်။ 24နာရီ အလုပ်လုပ်ရသောဆရာဝန်သည် လူနာတစ်ယောက်တည်းကို ကြည့်ရတာမဟုတ်သည့်အတွက် စိတ်မရှည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်.. လူသားတစ်ယောက်ဖြစ်သည့်အတွက်ဖြစ်သည်..
ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကို ဘေးဖယ်ပြီး ဆေးရုံတွင် ၂၄ နာရီ တာဝန်ကျနေရသည့် ဆရာဝန်ကဲ့သို့ သင်ရော လုပ်နိုင်ပါမည်လော..
လူအများက ဆရာဝန်ကို ပိုက်ဆံယူပြီး လူသတ်နေသည်ဟု ထင်ကြသေးသည်…. ဆရာဝန် သည် လူသတ်သမားမဟုတ်ပါ…ရှိသေးသည်..house surgeon 90% သည် လူသတ်ဖူးသည်ဆိုသော စကား… ဆင်ခြင်ပြီးမှ ပြော သင့်သည်။ သွေးလွန်တုပ်ကွေးဖြစ်သောကလေးကို မည်သည့် အပြင်ဆေးခန်းတွင်မှ မကယ်နိုင်ပါ.. ကလေးဆေးရုံကြီးတွင်သာ ကုသရနိုင်သည်.. house surgeon များရှိမှသာ hourly monitoring လုပ်ပြီး ကလေးအခြေအနေကို စောင့်ကြည့်ကာ ကြပ်မတ်ကုသနိုင်ခြင်းဖြစ်သည်..မည်သည့်ကလေးအထူးကုကမှ DHF patient ကို hourly BP နှင့် vital sign monitor လုပ်မပေးပါ.Bird eye view ဖြင့်ကြီးကြပ်ကုသပါသည်။ အလုပ်သင်ဆရာဝန် များကြောင့်သာ ကလေးငယ်များ အသက်ရှင်ခြင်းဖြစ်သည်.. ထို့ပြင် house surgeon မှ ဆေးမှားထိုးပြီးလူသေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါသည်.. သို့သော် ၉၀% မဟုတ်ပါ.. ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ပညာကို သေချာမလေ့လာပါက လူသတ်သမားဖြစ်ရန် လုံလောက်သော အရည်အချင်းများနှင့်ပြည့်စုံလာပါမည်.. ATD လုပ်ရန်လိုသော ဆေးကို မလုပ်ဘဲထိုးမိပါက သေနိုင်သည်.. တော်ရုံမှားရုံနှင့်လူမသေပါ.. အလွန်တရာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသုံးမကျရျုသာဖြစ်သည်.. မသိလျှင် AS ကိုမေးနိုင်သည်.. အလုပ်သင်ဆရာဝန်မှ အရာရာကို ဆုံးဖြတ်ခွင့်မရှိသည်ကို မသိခြင်းသည် ထိုသူဧ။် ညံ့ဖျင်းမှုသာဖြစ်သည်.. ထို့အတွက် အခြားသော  ဆရာဝန်များကို မပုတ်ခတ်သင့်ပါ..
ဆရာဝန်တစ်ယောက်ဧ။် ဘ၀ကို နားမလည်ဘဲ ဘေးမှ လက်ခုပ်တီးနေသော သူများကိုလည်း မုန်းမိပါသည်.
ဆေးရုံဧ။် လစ်ဟာချက်များ သူနာပြုများနည်းပါးမှုများကို ဆရာဝန်များလုပ်အားဖြင့် ဖြည့်နေရသည်..တခါတရံအလုပ်သမားပင်မရှိသောကြောင့်  ဆရာဝန်သာအထူးသဖြင့် အလုပ်သင်ဆရာဝန်သာ အားဖြည့်နေရသည်။ လူနာနှင့် ဆရာဝန် အင်အားမမျှ… လူနာများကလည်း ဆိုရှယ်လစ်ခေတ်မှ အကျင့်ဆိုးကို မဖျောက်နိုင် ဆေးရုံရောက်လျှင် အလကားရ ရ မည်ဆိုသော ဆောင်ပုဒ်ကိုသာလက်ကိုင်ထားနေကြသည်.. ယနေ့ခေတ်တွင် ရောဂါ ဆန်းပေါင်းစုံက လူနာများနှင် ဆရာဝန်များကို စိန်ခေါ်နေကြသည်.. ကုသရန်ခက်ခဲသော ရောဂါတို့သည် သာမန်ဆေးဝါးနှင့် မပျောက်ကင်းနိုင်.. အချို့ဆေးများသည် အလွန် ဈေးကြီးသည်.. မတတ်နိုင်သောလူနာများအတွက် ရရာဆေးနှင့်ကုပေးသည်..ရောဂါမပျောက်ကင်းသည့်တိုင် အနည်းဆုံးသက်သာအောင်တော့လုပ်ပေးနိုင်သည်..

ဆရာဝန်သည် နတ်ဆေးဆရာမဟုတ်သည့်အတွက် စမ်းသပ်စရာရှိသည်ကို စမ်းသပ် စစ်ဆေးပြီးမှ ကုသပေးနိုင်မည်ဖြစ်သည်.. ကုသပေးတိုင်းလည်း ပျောက်ကင်းရမည်ဟု အာမ မခံနိုင်ပါ.. ထို့အတွက် ဆရာဝန်များကို အထင်အမြင်လွဲမှားနေကြသည်ကို ပြင်သင့်ပါသည်.. လူနာများဘက်မှ လိုအပ်ချက်များကိုလည်း သေချာ သုံးသပ်သင့်သည်.. မစားနှင့်ဆိုသည့်အရာကိုစားချင်သည်.. complaint အမျိုးမျိုးတက်သည်.. ဆေးရုံရောက်နေသော်လည်း မိမိဧ။် ကျန်းမာရေးကို ဂရုစိုက်ရမည့်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်.. ဆီးချိုရောဂါသည်ကို အချိုရှောင်ရန် မှာထားပါလျက်နှင့် စားချင်ရာစားသည့်လူနာအပေါ် မည်သည့်ဆရာဝန်က စိတ်ရှည်နိုင်ပါမည်နည်း.. တစ်စုံတစ်ခုဖြစ်လာလျှင် ဆရာဝန် အလွန်ဟုပြောဦးမည်.. လူနာများကလည်း ဆရာဝန်ကို ကူညီသင့်ပါသည်.
.                  လူနာစောင့်များစည်းကမ်းမရှိပါ.. ဆရာဝန်ကြီး round နေချိန်တွင် အပြင်သို့ထွက်ရန် မနည်းတောင်းပန်ရသည်.. တစ်ယောက်တစ်ပေါက် ပြောချင်ရာပြောနေသည်.. အမှိုက်များဖွသည်… စရိတ်မျှပေးဆိုင်းဘုတ်ကို သာကြည့်ပြီး မဆူညံရ.. အမှိုက်မပစ်ရ ..ကွမ်းမထွေးရဆိုင်းဘုတ်များကိုတော့ လိုက်နာကြပါရဲ့လား  
မည်သူမှားသည် မှန်သည် မဆိုချင်.. ပြောချင်ရာပြောနေသည့်လူများအနေဖြင့် ကိုသာ ဆင်ခြင်တွေးတောပြီးမှ ပြောဆိုဝေဖန် စေချင်ပါသည်.

အခုနောက်ပိုင်း လူတော်တော်များများက ကျွန်တော်တို့ရဲ့ ဆရာဝန်လောက ကို မကောင်းတဲ့ ဘက်ကနေ ဝေဖန်ပြောဆိုနေတာတွေ တော်တော်များများကြားမိကြမှာပါ။ ဆရာကြီး မောင်မောင်မြင့် ရဲ့ (ကျွန်တော်ရေးခဲ့ဖူးသော ကျေးဇူးတင်စာတစ်စောင် (၁)) နဲ့ အခုတင်ပေးထားတဲ့ မစုမြတ်မို ရဲ့ (အရှိကိုအရှိတိုင်း မြင်စေချင်ပါသည်) စာများကို ပြည်သူတွေအကြား ပြန့်နှံ့ လာပြီ…း ပြည်သူတွေ ဆရာဝန်တွေအပေါ် ထင်မြင်လွဲမှား မှုတွေ လျော့နည်းသွားအောင် ကျွန်တော်တို့က တတ်နိုင်တဲ့ ဘက်ကနေ ကူညီလိုက်ကြရအောင်ဗျာ။ သူငယ်ချင်းတို့ ဖတ်ပြီးသွားရင် အချင်းချင်း share လုပ်ပြီး အင်တာနက်ပေါ်မှာ ပြန့်သွားအောင် လုပ်လိုက်ကြရအောင်လားဗျာ။ ကျွန်တော်ရဲ့လောက ကို အဓိက တိုက်ခိုက်နေတာတွေက ဂျာနယ်တွေ အများစုပါ။ သူတို့က ဟုတ်တာကော် မဟုတ်တာကော် မစူးစမ်းပဲနဲ့ သတင်းတစ်ပုဒ်က ထမင်းတစ်လုပ် ဆိုပြီး ဂျာနယ်ထဲ ထည့်ကြပါတယ်။ အခုနောက်ပိုင်း အင်တာနက်ပေါ် အထိပါ ပြန့် နှံ့လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလဲ တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော်တို့ရဲ့ ဆရာဝန်ဆိုတဲ့ profession ဆိုတာ သူတို့ပြော သလို မဟုတ်ကြောင်း ဒီစာနှစ်ပုဒ်ကနေ သက်သေပြလိုက်ရအောင်လားဗျာ။ ဒီလိုစာလေးတွေကို အင်တာနက်ပေါ်မှာ ပြန့်သွားအောင် ကူညီဆောင်ရွက်ပေးပါလို့ ဒီနေရာကနေပြီး တောင်းဆိုလိုက်ပါတယ်။

.

A letter from a gullible girl

လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ကျွန်တော့်ဆီကို ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။ ဖတ်ပြီးတော့ ခံစားမှု ပေါင်းစုံဖြစ်ပါတယ်။ ကရုဏာလည်း သက်ရတယ်၊ ဒေါသလည်း ဖြစ်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ရွံလည်း ရွံရှာ စက်ဆုပ် အော့နှလုံး နာမိပါတယ်။ ယောက်ျားဆိုတဲ့ သတ္တ၀ါတွေဟာ အသက်ကြီးလေ ပိုယုတ်ကန်းလေလားလို့တောင် တွေးမိလာရတဲ့ အထိပါပဲ။ တစ်ဆက်တည်းမှာ ဆင်ခြင်ဉာဏ်နည်းလွန်းတဲ့ မိန်းမငယ်လေးတွေကိုလည်း ကိုင်ဆောင့်ချင်စိတ် ပေါက်သွားပါတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မတွေးရဲစရာပါ။ ကလေးမလေးဆီကိုတော့ လိုအပ်သလို အကြောင်းပြန်ပြီးပါပြီ။ အယုံလွယ်တတ်တဲ့ မိန်းမငယ်၊ မိန်းမရွယ်တွေ သတိထားနိုင်အောင် သူ့စာကို အောက်က လင့်(ခ်)မှာ ပြန်ဖော်ပြထားပါတယ်။

http://nookycontent.wordpress.com/2010/09/14/012/

Is “sorry” really enough?

ဆောရီးပါ ခင်ဗျား


တစ်ခါက ကျွန်တော် ရေးခဲ့ဖူးပါသည်။ မဖတ်ဖြစ်လိုက်သူများအတွက် တစ်ခါ ပြန်ရေးပြပါရစေ။


၁၉၉၁ခုနှစ် ဇူလိုင်လ ၃ရက်နေ့တွင် ကျွန်တော့်သားငယ်ကို ဖွားမြင်ခဲ့ပါသည်။ သမီးကြီးကို မွေးဖွားစဉ်ကတည်းက ဗိုက်ခွဲပြီး မွေးခဲ့သော အစဉ်အလာ ရှိသဖြင့် သားငယ်ကို မွေးသောအခါတွင်လည်း မအေ့ဝမ်းကြာ တိုက်ကို ခွဲစိတ်ကာ မွေးယူခဲ့ပါသည်။

ထိုသို့ ခွဲစိတ်ရာတွင် ခွဲစိတ်မှုကို ဆောင်ရွက်သူ တာဝန်ကျဆရာဝန်က လက်လွန်ပြီး ဇနီးသည်၏ ဝမ်းကြာတိုက်ကိုတင်မကဘဲ ဆီးအိမ်ကိုပါ ခွဲမိသွားသဖြင့် ကျွန်တော်တို့မှာ နောက်ထပ် သားသမီး ယူလို့ မရတော့သော အခြေအနေကို ရောက်ရှိခဲ့ပါသည်။ အကျိုးအကြောင်းကို တာဝန်ကျ ဆရာဝန်က ဆောရီးတစ်လုံး ခံပြီး ပြောခဲ့ခြင်းလည်း ဖြစ်ပါသည်။

ထိုအဖြစ်ကို ကျွန်တော်ရေးပြခဲ့ဖူးပါသည်။

တစ်လောက မန်းရွှေမြို့သို့ရောက်သောအခါ မိတ်ဆွေတစ်ဦး၏ ဇနီးသည်ကို ကိုယ်ဝန် အရင့်အမာနှင့် တွေ့လိုက်ရပါသည်။ မိတ်ဆွေကြီးမှာလည်း ၄၀ကျော်၊ သူ့ဇနီးမှာလည်း ၄၀ ကျော်၊ သားကြီး သမီးကြီးတွေပင် လူပျိုပေါက်၊ အပျိုပေါက်ချိန်ရောက်မှ “ကံပေါ်”နေသော မိတ်ဆွေကြီးကို ကျွန်တော်က စလိုက် နောက်လိုက်မိသွားပါသည်။

မိတ်ဆွေကြီးက မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောပြသော အဖြစ်အပျက်မှာ ကျွန်တော့်အိမ်သူ့အဖြစ်ထက် ဆိုးနေပါတော့သည်။

သူ့ဇနီးသည်၏ ကျန်းမာရေးအခြေအနေကြောင့် လွန်ခဲ့သောဆယ်နှစ်ခန့်ကတည်းက သက်ဆိုင်ရာ ဆရာဝန်များ၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာအား လျှောက်လွှာ တင်သွင်းလျက် ခွင့်ပြုချက် ရယူကာ သူ့ဇနီးအား တရားဝင် သားကြောဖြတ်ခဲ့ပါသတဲ့။

ယခုကဲ့သို့ ၄၀ ကျော်မှ ကိုယ်ဝန်ပေါ်လာသောအခါ မျက်ကလဲ ဆန်ပြာနှင့် နောက်ကြောင်းကို ပြန်လိုက်ကြည့်သောအခါ ထိုစဉ်က သားကြောဖြတ်ခြင်းကို တာဝန်ယူခဲ့သော ဆရာဝန်များကို သိလာရပါသည်။ ထိုဆရာဝန်များကို အကျိုးအကြောင်း ပြောပြသောအခါ ဆရာဝန်များက ယခုလို ပြန်ပြောပါသတဲ့။

“ဟာ… ဟုတ်တယ်၊ မှတ်မိပြီ။ အဲတုန်းကရှင်၊ ရှင့်မိန်းမ ဗိုက်ကို ဖွင့်ပြီးခါစမှာ အရေးပေါ် အသက်လုရမယ့် လူနာတစ်ယောက် ရောက်လာတာနဲ့ အဲဒီ့လူနာဘက်ကို ကူးပြီး အားလုံး ဝိုင်းဝန်းခဲ့ကြရတယ်ရှင့်။ အဲလို ဝိုင်းဝန်းနိုင်ဖို့အတွက် ရှင့်မိန်းမဗိုက်ကို သည်တိုင်းပဲ ပြန်ပိတ်ခဲ့ရတာ၊ ကျွန်မ မှတ်မိပြီ၊ မှတ်မိပြီ…၊ ဆောရီးပါပဲရှင်…”တဲ့။

သက်ဆိုင်သူပုဂ္ဂိုလ်များ မန်းရွှေမြို့တွင် သက်ရှိ ထင်ရှား ရှိနေပါသည်။ မပြောကောင်းသောကြောင့်သာ အမည်နာမ ထုတ်ဖော်မပြောခြင်း ဖြစ်ပါ သည်။ လိုအပ်လျှင်မူ လမ်းညွှန်ပေးနိုင်ပါသည်။

ဆိုလိုသည်မှာ ကျွန်တော်က လီဆယ် လုပ်ကြံပြီး ရေးပြခြင်းမျိုး မဟုတ်ဘဲ တကယ့်အဖြစ်အပျက် ခိုင်မာကြောင်းပင် ဖြစ်ပါသည်။

ယခုတလော ရေပန်းစားစပြုလာသော မော်ဒယ်လ် သရုပ်ဆောင် လူငယ်လေးတစ်ဦး၏ မိဘနှစ်ပါးစလုံးနှင့် ကျွန်တော်နှင့် ခင်မင် သိကျွမ်းခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။

ထိုသူငယ်လေး၏ ဖခင် ကျွန်တော့်မိတ်ဆွေမှာလည်း အလွန်တရာမှ ရောဂါ ထူပြောသူဟု ဆိုနိုင်ပါသည်။ သူနှင့် ကျွန်တော်မှာ မေ့လောက်မှ တစ်ခါ၊ ဟိုနား သည်နား ဆုံဖြစ်ကြသူများဖြစ်သဖြင့် သူ့ကို တွေ့လိုက်တိုင်း လန်းလန်းလန်းလန်းနှင့် ရွှင်ရွှင်ပြပြချည်းဖြစ်သော်လည်း တွေ့တိုင်း သူ ပြောတတ်သော စကားမှာ သူ ဆေးရုံ တက်ခဲ့ရသော အကြောင်းများချည်းသာ ဖြစ်နေတတ်ပါသည်။

သူနှင့်ရော၊ ကျွန်တော်နှင့်ပါ သိကျွမ်းသူများထံမှ တစ်ဆင့်ကြား စကားဖြင့်လည်း သူဆေးရုံ မကြာခဏ တက်ရတတ်ကြောင်း ကျွန်တော် သတိထားမိနေခဲ့ပါသည်။
တစ်လောက သူနှင့်တွေ့သောအခါ သူ ပြောပြသော အဖြစ်အပျက်မှာလည်း အလွန်တရာ ရင်သပ် အံ့သြဖို့ ကောင်းလှသဖြင့် ပြန်လည်တင်ပြလိုပါသည်။

သူ့ဝမ်းထဲမှ အူ အစိတ်အပိုင်းတစ်ခုက သူ့ကို ကောင်းစွာ ဒုက္ခပေးနေသဖြင့် ဖြတ်ထုတ်ရန် ဆုံးဖြတ်ကြကာ အငြိမ်းစားယူပြီး ခွဲစိတ် ပါရဂူကြီးတစ်ဦးက ခွဲစိတ် ဖြတ်တောက်ပေးခဲ့သည်မှာ ၃နှစ်ခန့် ကြာပါပြီ။

မကြာသေးမီက သူ့မှာ ဗိုက်နာရောဂါ ပြန်ပေါ်လာသဖြင့် ဆေးခန်း အများအပြား၊ ပါရဂူ အထွေထွေနှင့် စမ်းသပ် စစ်ဆေးမိပြန်ရာ သူ ဖြတ်တောက်ပြီးခဲ့သော အူ အစိတ်အပိုင်းကြောင့်ဟု အားလုံးက တစ်ညီတစ်ညာတည်း ပြောကြပြန်ပါသည်။ သူ့ဝမ်းထဲတွင် ထိုအစိတ်အပိုင်း မရှိတော့ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ်ကပင် ခွဲစိတ်ဆရာကြီး ဦးဘယ်သူနှင့် ဖြတ်တောက်ခဲ့ကြောင်း၊ ထို့ကြောင့် ထိုအချက် မဖြစ်နိုင်ကြောင်း သူက ခြေကန် ငြင်းပါသေးသည်။

အာလ်ထရာဆောင်း ရိုက်ကြည့်သောအခါတွင်မူ လွန်ခဲ့သော သုံးနှစ်က ခွဲစိတ်ပါရဂူကြီး ကိုယ်တိုင် ဖြတ်တောက်ခဲ့သည်ဟူသော အူအစိတ်အပိုင်းမှာ သူ့ဝမ်းထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း အသေအချာ သိလိုက်ရပါသည်။

ထို့ကြောင့် နောက်တစ်ခါ ဆေးရုံ ထပ်တက်ပြီး အခြား ခွဲစိတ်ဆရာဝန်ကြီးဖြင့် ဖြတ်ပြီးသားဟု အဆိုရှိသောအပိုင်းကို တကယ် သွားဖြတ်လိုက်ရပါသည်။

ထိုသို့ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း သိရပြီး ဆေးရုံမှ ဆင်းခွင့်ရသောအခါ ယနေ့တိုင် သက်ရှိ ထင်ရှားရှိဆဲ မူလ ခွဲစိတ်ပါရဂူကြီးအား  အကျိုးအကြောင်း သွားမေးသောအခါ “အေးဗျာ…၊ အဲတုန်းက ဘာကိစ္စမှန်းတော့ မမှတ်မိဘူး၊ အရေးပေါ် ကိစ္စတစ်ခု ပေါ်လာတာနဲ့၊ ကျွန်တော်လည်း မဖြတ်ဖြစ်ခဲ့ဘူး ကိုဟဝှာရေ့၊ ဗိုက်ဖွင့်ပြီး သည်တိုင်း ပြန်ပိတ်ပေးလိုက်ရတာ… ဆောရီး…”ဆိုပဲ။

ဒါလည်း မပြောကောင်းသောကြောင့်သာ အမည်နာမ မထုတ်ဖော်ခြင်း ဖြစ်ပါသည်။ လိုအပ်လျှင် လမ်းညွှန်ပေးနိုင်ပါသည်။ သက်ဆိုင်သူအားလုံး သက်ရှိထင်ရှားနှင့် ခြေခြေမြစ်မြစ် ရှိပါသေးသည်။

ယခု ကျွန်တော် တင်ပြလိုက်သော ဖြစ်ရပ်မှန် သုံးရပ်စလုံးတွင် ဆောရီးနှင့် ပြီးခဲ့ရသည်ချည်း ဖြစ်ပါသည်။ အသက်ပါ ပေးခဲ့ရသော လူနာများအတွက်လည်း ထိုသို့သော ဆောရီးပေါင်း မည်မျှ ရှိနေလောက်သည်ကို အားလုံး တွေးဆဆင်ခြင်ကြည့်နိုင်ပါလိမ့်မည်။

သဗ္ဗေသတ္တာ ကမ္မသကာဟု အောက်မေ့ပြီး ကံအပေါ် ပုံချလျှင်ဖြင့် ရတန်ကောင်းသည့်တိုင် အသက်ကို ဉာဏ်စောင့်သည်ဟူသော ဆိုရိုးကလည်း ထိုအတွေးကို မှောင့်နေပြန်ပါသည်။

ထိုဉာဏ်ထဲသို့ ဆောရီးလေးတစ်လုံး ရောက်မလာအောင် လုပ်လို့ မရဘူးလားဟု တွေးမိရပြန်လေသောအခါတွင်မူ…

 

(ဝ၃၊ ဝ၇၊ ဝ၁ နေ့ထုတ် သတင်းစုံဂျာနယ်၊ အတွဲ ၄ အမှတ် ၄၀)


Success and Value

အောင်မြင်မှုနဲ့ လူ့တန်ဖိုး

နိဒါန်း

အခုတစ်ခါ ဖောက်သည်ချပေးချင်တဲ့ သက်ကြီးစကားကတော့ နှိုင်းရအယူအဆကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အဲ(လ်)ဘာ့(ထ်) အိုင်း(န်)စတိုင်း(န်)ရဲ့ စကားဖြစ်ပါတယ်။

သူ့စကားကို မပြောခင် သူ့အကြောင်းလေးကို နည်းနည်းလောက် ပြန်ပြောပြချင်ပါသေးတယ်။

သူ့ကို ၁၈၇၉ ခုနှစ်က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။အသက် ၂၆ နှစ်အရွယ်၊ ၁၉၀၅ ခုနှစ်မှာ Relativity Theory လို့ ခေါ်တဲ့ နှိုင်းရအယူအဆကို သူက ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။ အဲဒီ့အယူအဆကနေ ဒြပ်ထုနဲ့ စွမ်းအင်တို့ရဲ့ အဆက်အစပ် ပုံသေနည်းကို သူက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ့ပုံသေနည်းကြောင့် အဏုမြူစွမ်းအင်ကို လူတို့ သိလာခဲ့ကြတာပါ။

အိုင်းစတိုင်းကိုယ်တိုင်က စစ်ရေးမှာ အဲဒီ့အဏုမြူစွမ်းအင်ကို သုံးနိုင်တာတွေကို ဖော်ထုတ်တင်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အဏုမြူ လက်နက် ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် အသက် ၇၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကနေ့ လူတို့ အသုံးပြုနေကြတဲ့ အလက်ထရောနစ်ပစ္စည်း အတော်များများရဲ့ဖခင်ကြီးလို့တောင် အများက သူ့ကို သတ်မှတ် ကြပါတယ်။ သူသာ မရှိခဲ့ရင် ရုပ်သံလည်း ကြည့်နိုင်မှာမဟုတ်၊ ကွန်ပျူတာလည်း ပေါ်လာမှာမဟုတ်၊ အင်တာနက်လည်း ဖြစ်လာမှာ မဟုတ်ဘူးလို့တောင် ပြောမယ်ဆိုရင် ပြောနိုင်တဲ့အထိ သူ့ရဲ့ စတင် တွေ့ရှိ ဖော်ထုတ်မှုက လူသားတွေအတွက် အကျိုးများစေခဲ့သလို အဏုမြူ လက်နက်တွေ ပေါ်ပေါက်လာတာဟာလည်း သူ့ကြောင့်ပဲလို့ ဆိုနိုင်ပြန်တယ်။

ကဲ… သူပြောခဲ့တဲ့ စကားလေးကို ပြန်ပြောပြမယ်နော်။

စာကိုယ်

အောင်မြင်မှုတစ်ခုရလာအောင် မကြိုးစားပါနဲ့။ အဲသလို ကြိုးစားမယ့်အစား တန်ဖိုးရှိတဲ့လူဖြစ်လာအောင် ကြိုးစားပါ တဲ့။ အိုင်း(န်)စတိုင်း(န်)က အဲသလို ပြောခဲ့ပါတယ်။

သူ့မူရင်းကိုလည်း ရေးပြမယ်နော်။

Try not to become a success, rather try to become a man of value. တဲ့။
ဆက်မဖတ်ခင် သူ ပြောတာလေးကို အရင်ဆုံး စဉ်းစားကြည့်တော်မူကြပါဦးလားခင်ဗျာ။ အောင်မြင်မှုရတဲ့သူနဲ့ တန်ဖိုးရှိတဲ့သူ ကြားမှာ ဘာတွေ ကွာခြားသလဲ၊ ဘယ်လိုတွေ  ကွဲပြားသလဲ၊ ဘာက ကိုယ့်အတွက် ပိုကျေနပ်စရာကောင်းသလဲ စသဖြင့် သေသေချာချာ အလေးအနက် စဉ်းစားကြည့်တော်မူကြစေချင်ပါတယ်။

“အောင်မြင်မှု”ဆိုတာတော့ လူတိုင်းလိုချင်ကြတာပဲ။ ခင်ဗျားလည်း လိုချင်တယ်၊ ကျွန်တော်လည်း လိုချင်တာပဲ၊ မဟုတ်ဘူးလားဗျာ။
ဒါပေသည့် အဲဒီ့အောင်မြင်မှုကို ရဖို့ဆိုတဲ့ ဇောလေးတစ်ခုတည်းကို ရှေ့တန်းတင်၊ ထင်ရာစိုင်းရင်းကနေ ကိုယ်ဟာ တန်ဖိုးမရှိတဲ့သူ ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတာကျတော့  ကိုယ့်ဟာကိုယ် မသိချင်ယောင်ဆောင်နေရတယ်။ အောင်မြင်မှုမှာ သာယာ ယစ်မူးနေဟန်နဲ့ ဖုံးဖိထားရတတ်တယ်။

ပြောကြည့်ရအောင်ဗျာ။

လူတွေဟာ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာလေ့ရှိကြသလဲ။ ကြွယ်ဝမှုနဲ့ တိုင်းတာတဲ့သူရှိတယ်၊ အဆင့်(နေရာ)နဲ့ တိုင်းတာတဲ့သူ ရှိတယ်။ သည်နှစ်မျိုးပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကြွယ်ဝမှုနဲ့ အဆင့်ဆိုရာမှာ ပစ္စည်းဥစ္စာဆိုတဲ့ ရုပ်ဝတ္ထုလည်း ပါဝင်သလို အသိဉာဏ်ပညာလည်း ပါဝင်နေပါတယ်။ အသိကြွယ်တာ၊ အသိဉာဏ် အဆင့်အတန်း ရှိတာကိုလည်း တချို့က အောင်မြင်မှုရယ်လို့ သတ်မှတ် တိုင်းတာတယ်။ ဒါကြောင့် အောင်မြင်မှုကို တိုင်းတာရာမှာ ကြွယ်ဝမှုနဲ့ အဆင့်ဆိုတဲ့ ရေချိန်နှစ်မျိုးသာ ရှိတယ်လို့ ကျွန်တော်က ယူဆလိုက်တာပါ။

ရုပ်ဝတ္ထု (ဝါ) ပစ္စည်းဥစ္စာ ကြွယ်ဝမှုနဲ့ တိုင်းတာတဲ့ အောင်မြင်မှုကို ရယူနေသူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ လူတိုင်းဟာ တန်ဖိုး ရှိတဲ့လူလားဆိုတာ ပြန်စဉ်းစားကြည့်တော် မူလိုက်ပါဦး။

နမူနာလေး ပြောပြမယ်နော်။

ကျွန်တော့်ကား ပြင်နေကျ စက်ဆရာက တကယ့် စက်ပြင်ဆရာကောင်းတစ်ယောက်ပဲ။ သူ့ဆီမှာ လာအပ်တဲ့ ကားထဲမှာ ၁၉၉၀ ပြည့်နှစ်ထုတ် ကျွန်တော့်ကားက အဆင့်အနိမ့်ဆုံး၊ အစုတ် ဆုံး။ တကယ်တမ်း သူ့ဆီအပ်တဲ့ကားတွေဟာ အဖျဉ်းဆုံး ၁၉၉၈ ခုနှစ် ထုတ်ပဲ။ အများစုက ၂၀ဝ၀ ပြည့်နှစ်နဲ့ နောက်ပိုင်းထုတ် အပျံစားကားတွေ။ သိန်းကို ထောင်ချီပြီး တန်တဲ့ကားတွေ။

အဲဒီ့ကားတွေထဲမှာ မြန်မာပြည်ရဲ့ လျှမ်းလျှမ်းတောက် သူကြွယ်ကြီးတစ်ယောက်ရဲ့ မြောက်များလှစွာသော ကားတွေလည်း ပါတယ်။ သူကြွယ်ကြီး ကိုယ်တိုင်ကတော့ အဲဒီ့ စက်ပြင်ဆိုင်ကို ဘယ်လာအပ်ပါ့မလဲ။ သူ့ယာဉ်မောင်းတွေက လာအပ်တာပါ။

အဲဒီ့ ယာဉ်မောင်းတွေဟာ သူကြွယ်ကြီးရဲ့ ယာဉ်မောင်းတွေပီပီ သန့်သန့်ပြန့်ပြန့်၊ သားသားနားနား ဝတ်စားထားကြတယ်။ မျက်နှာထိ၊ မျက်နှာထားကအစ သူတို့ရဲ့ ဟန်ပန်အမူအရာတွေဟာ အသားလွတ်ကို မောက်မာနေကြတယ်။

စက်ပြင်ဆရာဆီက သိလာရတာတစ်ခုက အဲဒီ့ယာဉ်မောင်း တစ်ယောက်စီ တစ်ယောက်စီဟာ သိန်း ၂၀ ကနေ သိန်း ၃၀ အတွင်းမှာ စုမိ၊ ဆောင်းမိဖြစ်နေကြပြီဆိုတဲ့ အကြောင်း။

ဟာ… သည် သူကြွယ်ကြီးက တယ်တော်ပါလား။ ကိုယ့်ယာဉ်မောင်းတွေကိုတောင် အဲသလောက်အထိ မြှောက်စားပါလားလို့ မတွေးလိုက်ကြပါနဲ့။ မဟုတ်ပါဘူး။ သူပေးထားတဲ့ ယာဉ်မောင်းလခက သူလိုငါလို နှစ်သောင်းခွဲ၊ သုံးသောင်းပါပဲ။ နို့… သူတို့က ဘယ်လိုလုပ်ပြီး သိန်းကို ဆယ်ဂဏန်းနဲ့ ချီလို့ ရနေကြတာလဲ။

အဖြေက ရှင်းပါတယ်။ သူတို့ဟာ သူတို့ မောင်းနေရတဲ့ ကားအပေါ်မှာ နည်းမျိုးစုံနဲ့ အမြတ်ထုတ်ပြီး “အောက်ဆိုက်”လို့ ခေါ်တဲ့ အပိုဝင်ငွေ ရှာနေကြတာပါ။ ဓာတ်ဆီကို လိုသည်ထက် ပိုပြီး တောင်းတယ်။ ကားပြင်တဲ့အခါ စက်ပြင်ဆရာကို ကျသင့်ငွေ ပိုရေးခိုင်းတယ်။ ကားပစ္စည်း ဝယ်တဲ့အခါ ကားပစ္စည်းဆိုင်ကို ဈေးပိုတင်ပြီး ပြေစာဖြတ်ခိုင်းတယ်။ နည်းမျိုးစုံနဲ့ သူတို့ဟာ သူတို့ရဲ့အလုပ်ရှင် သူကြွယ်ကြီးဆီက ပိုက်ဆံတွေကို မသမာတဲ့ နည်းနဲ့ ရယူနေကြပါတယ်။

သူ့မိသားစု၊ သူ့ဘဝ၊ သူ့ရပ်ကွက်ထဲမှာတော့ သူဟာ ပိုက်ဆံရှိတဲ့သူအဖြစ်နဲ့ ဝါလို့ ရကောင်းရနေလိမ့်မယ်။ တစ်နည်းအားဖြင့် သူတို့ဟာ အောင်မြင်တဲ့သူတွေလို့ သူတို့ကိုယ် သူတို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ လိပ်ပြာက တကယ် စင်ကြယ်ရဲ့လား၊ တကယ် သန့်ရှင်းရဲ့လား။

သူတို့စိတ်ထဲမှာ အလွယ်တကူ ရှိနေနိုင်တာလေး တစ်ခုကိုတော့ ကျွန်တော် စဉ်းစားမိတယ်။ “ငါ မလုပ်လည်း၊ ငါ့ အလုပ်ရှင်အပေါ် တခြားလူတွေက သည်လိုပဲ လုပ်နေမယ့် အတူတူတော့ ငါလည်း လုပ်လိုက်တာ တရားပါတယ်”ဆိုတဲ့  အတွေးမျိုးပါ။

အိုမင်းဟောင်းနွမ်းနေတဲ့ ကလီရှေး (cliché) ကို သုံးရင်တော့ “မိုးခါးရေ”ပေါ့။ အများသောက်နေတဲ့ အတူတူ ကိုယ် သောက်လို့လည်း ဘာမှ မထူးဘူးဆိုတဲ့ စိတ်ပေါ့။

သည်နည်းနဲ့ သူတို့ရဲ့ ငွေကြေးအောင်မြင်မှုကို ရယူတယ်။ ကြွယ်ဝမှုကို ရယူနေကြတယ်။ ဒါပေမယ့် သူတို့တွေဟာ တန်ဖိုး ရှိတဲ့သူတွေ ဖြစ်လာကြမှာလား။ အတော်လေး စဉ်းစားစရာ ကောင်းပါတယ်။

တခြားမကြည့်နဲ့၊ သူတို့နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူတို့ရဲ့ စက်ပြင်ဆရာကတောင် သူတို့ကို အထင်ကြီး၊ လေးစားမှု မရှိဘူး။ စက်ဆရာက ဟောက်ရင် သူတို့တွေ ငြိမ်ခံနေကြရတယ်။ ဘာလို့လဲ၊ သူတို့ရဲ့ အားနည်းချက်တွေ၊ ဟာကွက်၊ ပျော့ကွက်တွေကို စက်ဆရာက တိတိပပ သိထားပေတာကိုး။ တစ်နည်းပြောရရင် သူတို့ဟာ တန်ဖိုးမဲ့သူတွေလို့ စက်ပြင်ဆရာက သတ်မှတ်ထားတာကိုး။

သည်အထဲမှာမှ နောက် ယာဉ်မောင်းကြီးတစ်ယောက် ရှိသေးတယ်။ သူကကျတော့ စောစောက ပြောတဲ့ သူကြွယ်ကြီးလောက် မချမ်းသာပေမယ့် သူလည်း သူ့ဟာနဲ့သူ  ကြွယ်ဝတဲ့ သူဌေးတစ်ယောက်ရဲ့ ယာဉ်မောင်းပါ။ အဲဒီ့ ယာဉ်မောင်းကြီးကကျတော့ အစစ အရာရာကို မှန်မှန်ကန်ကန် တိတိကျကျ လုပ်တယ်။ သူ့ကို ပေးထားတဲ့ လုပ်ခလစာအပြင် ဘာကိုမှ ပိုမယူဘူး။

စက်ဆရာက ပြောပြဖူးတယ်။ ကားလာပြင်စတုန်းက “အစ်ကိုကြီးအတွက် ပြေစာမှာ ပိုရေးပေးရမလား”လို့ စက်ဆရာက မေးဖူးသတဲ့။ “မလုပ်ပါနဲ့ မောင်ရာ။ အမှန်အတိုင်းပဲ ရေးပါ။ သူများပိုက်ဆံကို အဲဒီ့နည်းနဲ့ မလိုချင်ပါဘူး။ ကျုပ်မှာ မရှိရင် ရိုးရိုးသားသား ပြောပြပြီး လက်ဖြန့် တောင်းချင်တောင်းမယ်၊ မဟုတ်တဲ့နည်းနဲ့တော့ တစ်သက်လုံး မယူပါဘူး။ သူ့ကျွေး ရှိလို့ သူ့ဆီမှာ အခစား လုပ်နေရတာနဲ့တင် လုံလောက်ပါပြီ။ နောက် ဘဝမှာ သူ့မြေ ပါသွားမယ့်အလုပ်တွေ မလုပ်ပါရစေနဲ့”လို့ ယာဉ်မောင်းကြီးက ပြန်ပြောသတဲ့။

စက်ဆရာက အဲဒီ့ နွမ်းနွမ်းပါးပါး ယာဉ်မောင်းကြီးကို အမြဲတန်း လေးလေးစားစား ဆက်ဆံတယ်။ သူ ကားလာပြင်တဲ့အခါ စက်ဆရာကတောင် အဲဒီ့ပုဂ္ဂိုလ်ကို ဇွတ်အတင်း လက်ဖက်ရည်တိုက်တာ၊ ထမင်းကျွေးတာတွေ မြင်ဖူးပါတယ်။

ကျွန်တော် ဆိုလိုချင်တာကို စာဖတ်သူလူကြီးမင်းများ မြင်ကြမယ် ထင်ပါတယ်။

တချို့ရှိသေးတယ်။ အလုပ်ကို တော်တော်နဲ့ မလုပ်ဘဲ ပညာ ပြနေတာ၊ အလုပ် လာအပ်သူဆီက အပိုကြေးလေး ထွက်လာအောင် နည်းမျိုးစုံနဲ့ ညှစ်ထုတ်နေကြတာတွေ ရှိတတ်တယ်။ အညှစ်ခံရမှန်း သိပေမယ့် မလုပ်မဖြစ်တဲ့အခါကျတော့ ပေးလိုက်ကြရတာပဲ။ ဒါပေမယ့် သဒ္ဓါကြည်ဖြူစွာ ပေးတာတော့ မဟုတ်ဘူး။ အဲဒါကို သိသိကြီးနဲ့ မြိန်မြိန့်ကြီး ယူငင်စားသုံးတာဟာ အင်မတန် ကြောက်စရာ ကောင်းတယ်။ လောလောဆယ်မှာတော့ ဟုတ်သလိုလို ရှိနေပေမယ့် ကိုယ့်မှာ အဲသလို ပညာပြဖို့၊ ညှစ်ထုတ်ဖို့ အခွင့်အလမ်း မရှိတော့တဲ့ အချိန်ဆိုတာ အနှေးနဲ့ အမြန်တော့ ရောက်လာတော့မှာပဲ။ အဲဒီ့အခါကျတော့ သူ့ကို ဘယ်သူက သဒ္ဓါတော့မလဲဆိုတာ အင်မတန် စဉ်းစားစရာ ကောင်းလှတယ်။

သူ့နေရာမှာ လာသမျှကို စေတနာအပြည့်နဲ့ လုပ်ပေးခဲ့သူကို ယှဉ်ကြည့်ရအောင်။ စေတနာအပြည့်နဲ့ လုပ်ပေးမှန်းသိတဲ့အခါ အလုပ် လာအပ်သူတွေက ရက်ရက်ရောရော ကူညီ ပေးကမ်းကြတယ်ဆိုပါစို့။ သူကလည်း ရမှန်းတော့ သိသွားတယ်။ ဒါပေမယ့် ဘယ်တော့မှ ရရကောင်းစေ မအောက်မေ့ဘဲ ဘယ်သူ့ကိုမဆို စေတနာ အပြည့်နဲ့သာ လုပ်ကိုင် ဆောင်ရွက်ပေးမြဲ ပေးနေမယ် ဆိုရင် အဲဒီ့လူ ဘယ်ဘဝ ရောက်သွားသွား ပူပင် ကြောင့်ကြစရာ မလိုတော့ဘူး။

အဲဒီ့မှာ အောင်မြင်မှုနဲ့ လူ့တန်ဖိုးရဲ့အလေးအပေါ့ ကွာခြားမှုကို အထင်အရှား တွေ့နိုင်ပါလိမ့်မယ်။

သိပ်ရှည်မှာစိုးလို့ သည်အပိုင်းကို အကျယ်ထပ်မချဲ့တော့ပါဘူး။ ပြမယ်ဆိုရင်တော့ နမူနာတွေ အများကြီးပါပဲ။  စာဖတ်သူ လူကြီးမင်းများ ကိုယ်တိုင် အလေးအနက် တွေးကြည့်နိုင်ကြပါလိမ့်မယ်။

အဆင့်နဲ့ တိုင်းတာတဲ့ အောင်မြင်မှုကိုပဲ ပြောကြည့်ကြပါဦးစို့။

ကိုယ့်အဆင့် တက်လာဖို့အတွက် သူတစ်ပါးကို နင်းသွားတာဟာ အောင်တော့ အောင်မြင်ပါရဲ့၊ ဒါပေမယ့် တန်ဖိုးရှိတဲ့ အောင်မြင်မှု မဟုတ်တာတော့ အမှန်ပါပဲ။

အထင်ရှားဆုံး ဥပမာပြရရင် ကျော်ဆွေ့ကို နင်းပြီး တက်လိုက်လို့ ကောလိပ်ဂျင်နေဝင်း ဖြစ်လာတာ မဟုတ်ဘူး။ ကောလိပ်ဂျင် နေဝင်း ကွယ်လွန်သွားလို့ ကျော်ဟိန်း ဖြစ်လာတာ မဟုတ်ဘူး။

ဒါပေမယ့် နေရာအတော်များများမှာ လူတွေက လွဲနေကြတယ်။ ထိပ်တန်းကို ရောက်နေသူတွေ မရှိတော့မှ ကိုယ် ထိပ်တန်းကို တက်နိုင်မယ် ထင်ပြီး ထိပ်က လူတွေကို ထိုးနှက်ဖို့၊ ဖိနှိပ်ဖို့ ကြိုးစားတတ်ကြတယ်။

အလယ်တန်း၊ အထက်တန်းမှာလဲ ဒါမျိုးတွေ တွေ့ရတာပဲ။ အဆင့်တစ်ကို ပျက်စီးသွားအောင်၊ ကျောင်းစာမှာ လစ်ဟင်းသွားအောင် ချောက်ချရင်လည်း ချတတ်ကြတယ်။ ဒါမှမဟုတ် ကိုယ်တိုင်က တခြား မသမာတဲ့ တနည်းနည်းနဲ့ အဆင့်တစ် နေရာကို လုဖို့ အားထုတ်ရင်လည်း ထုတ်တတ်ကြပြန်တယ်။

တကယ်က လူတစ်ဦးစီမှာ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပါ။ ကိုယ့်ပင်ကိုအစွမ်းအစနဲ့ ကိုယ်ပါ။ အဆင့်တစ် ဖယ်ပေးလိုက်ပေမယ့်၊ အဆင့်တစ် မရှိတော့ပေမယ့် အဆင့်တစ် ဖြစ်လာ/မလာဟာ ကိုယ့်ရဲ့ တစ်ကိုယ်ရေ အစွမ်းပေါ်မှာပဲ တည်ပါတယ်။

သူတစ်ပါးကို နင်းပြီး တက်လာတဲ့သူကို ဘယ်သူမှ အထင်မကြီးဘူး။ ဘယ်သူကမှလည်း တန်ဖိုးရှိတဲ့သူလို့ မသတ်မှတ်ဘူး။ အဆင့်တက်လာခဲ့သည့်တိုင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားလို့ မရ၊ တန်ဖိုးထားလို့ မရ ဖြစ်နေတတ်တယ်။

ဒါကို လူငယ်လေးတွေ သိပ် သတိထားကြစေချင်လှပါ တယ်။

ဘဝကို လိပ်ပြာသန့်သန့်၊ သိက္ခာရှိရှိ၊ တန်ဖိုးပြည့်ပြည့်နဲ့ ထူထောင်ထားပါမှ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင် ရလာတဲ့အခါမှာ အဲဒီ့ အောင်မြင်မှုရဲ့ အရသာကို တင်းပြည့် ကျပ်ပြည့် ခံစားနိုင်ပါလိမ့်မယ်။ မဟုတ်လို့ကတော့ အောင်တော့ အောင်မြင်ပါရဲ့၊ စိတ်ထဲမှာ တစ်ချိန်လုံး စနောင့်စနင်း ဖြစ်နေရပြီး အဲဒီ့အောင်မြင်မှုအပေါ်မှာ မပျော်ပိုက်နိုင်အောင် ဖြစ်နေဖို့က သေချာသလောက်ပါပဲ။

ဒါကြောင့် အိုင်း(န်)စတိုင်း(န်)က ပြောခဲ့တာပါပဲ။ အောင်မြင်မှုတစ်ခု ရလာအောင် မကြိုးစားပါနဲ့။ အဲလို ကြိုးစားမယ့်အစား တန်ဖိုးရှိတဲ့လူ ဖြစ်လာအောင် ကြိုးစားပါတဲ့။

နိဂုံး

သူ့စကားက သိပ်စဉ်းစားစရာကောင်းပါတယ်။ သူ ကိုယ်တိုင်ရဲ့ ဘဝနဲ့ ယှဉ်ရင် သူဟာ သည်စကားကို ခံစားချက်အပြည့်နဲ့ ပြောထားတယ်လို့ ပြောနိုင်ပါတယ်။ သူဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀ရာစုမှာ အထူးချွန်ဆုံး သိပ္ပံပညာရှင်ကြီးပါ။ အောင်မြင်မှုအရာမှာ ရာစု တစ်ခုစာတောင် အောင်မြင်တာမို့ သိပ်ကို ကြီးကျယ်လွန်းတယ်။ ပြီးရင် ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူသား အားလုံးထဲမှာ တစ်ရာစု တစ်ယောက် ပေါ်ထွန်းလာခဲ့ တာမို့ သူ့အောင်မြင်မှုဟာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အောင်မြင်မှုမျိုးပဲ။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်မီးကို အဆုံးသတ်ဖို့အတွက် ဂျပန်နိုင်ငံ ဟီးရိုးရှီးမားနဲ့ နာဂါဆာကီ မြို့ကြီးနှစ်မြို့ကို မိနစ်ပိုင်းအတွင်း ပြာကျသွားအောင် လုပ်နိုင်တဲ့ အဏုမြူ ဗုံးလေး နှစ်လုံးဟာ သူ့ရဲ့အထက်က ဆိုခဲ့တဲ့ အောင်မြင်မှုများရဲ့ အသီးအပွင့်တွေပါ။ ဒါတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အိုင်း(န်)စတိုင်း(န်)ဟာ သူ့အောင်မြင်မှုအတွက် ဝမ်းသာ ဂုဏ်ယူမိပါ့မလား။ သူ့ကိုယ်သူ တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် မြင်လို့မှ ရပါ့မလား။

သိပ်ကို စဉ်းစားစရာကောင်းပါတယ်။

စာဖတ်သူ လူကြီးမင်းများလည်း စဉ်းစားပါ။

အောင်မြင်မှုရအောင် ကြိုးစားမလား။ တန်ဖိုးရှိတဲ့လူ ဖြစ်အောင် ကြိုးစားမလား။ နှစ်သက်ရာကို ရွေးချယ်နိုင်ကြပါလိမ့်မယ်။

(၂၀ဝ၄ခုနှစ် ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Can a Person be Dragooned into Homosexuality?

မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ သည်တစ်ခါတော့ တစ်ဆင့်ကြားစကားကနေ ယုံမှားတဲ့ အတွေးပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယိုနားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ်ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်ခင်ဗျား။

ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ ဝင်ထွက် သွားလာနေတဲ့ ဦးလေးလို လူက စော်ကားလိုက်တာပါ။ ကျွန်တော် ဖြစ်စေချင်တာက အဲဒီလို မိန်းမလျာ ဇာတ်သွင်းသူ မတရား ကြံတတ်တဲ့ လူယုတ်မာတွေရဲ့ ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာပါ ရေးပေးပါဆရာ။ အဲဒီဇာတ်ထဲမှာ ကောင်လေးက နောက်ပိုင်း အေပါ ကိုက်သွားတာ။

ဆရာရေးတဲ့ စာအုပ်တွေထဲမှာ မိန်းမလျာဖြစ်တဲ့ လိင်စိတ်က ပုံမှန် မဟုတ်တဲ့စိတ် မဟုတ်ဘဲ ပုံမှန်စိတ်ဖြစ်လို့ ဘဝကို ရဲရဲရင့်ရင့်နေကြပါလို့ ဆရာ့စာတွေက ညွှန်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့်ဆရာ၊ ယောက်ျားချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စော်ကားခံရရင် ခံရချင်း မိဘကိုသာ အသိပေးမယ်ဆိုရင်၊ ပွင့်လင်းတဲ့ မိဘတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိမယ်ဆိုရင် အများကြီး အဆင်ပြေမှာပါ။

အများစုက အယုံလွယ်တယ်။ အရှက်အကြောက်ကြီးတယ်။ ဦးနှောက်မရှိဘူး။ အများပြောရင် ယုတ္တိ မရှိလည်း ယုံကြတာ များတယ်။ အဓိကကတော့ အတွေးအခေါ်ပါပဲ။ ပိတ်လှောင်ထားတဲ့ လွဲမှားတဲ့ အရှက်တရားတွေအစား ပွင့်လင်းမျှတတဲ့ လောကကြီးကို ရရှိစေဖို့ ဆရာတို့လို ပွင့်ပွင့်လင်းလင်း ရေးသားနေတဲ့သူတွေ၊ ပရိတ်သတ် များနေတဲ့ လူတွေက များများကြီး ရေးပေးစေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကလေးတွေ အုံ့ပုန်းနှိပ်စက်ခံရတဲ့ဘေးက ကင်းဝေးမှာဗျ။

ဆရာရေ ဆရာ့စာတွေက ပြည်သူတွေအတွက် အလင်းဖြစ်စေပါတယ်။ အရေးကြီးတာက အလင်းကို အလင်းလို့ မမြင်ဘဲ အလွဲသုံးစား လုပ်မယ့်သူတွေ မပေါ်ဖို့ပါဘဲ။ ကျေးဇူးအများကြီးတင်ပါတယ်။

အင်း… အများအတွက် ထည့်တွက် ငဲ့ကွက် စဉ်းစားပေးတတ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ အမောပါ။ တစ်နည်း ပြောရင် သူ့အမောထဲမှာ စေတနာလေးပါနေတာမို့ သည်ကလေးမလေးရဲ့ စာလေးက ကျွန်တော့်စိတ်ကို ကြည်နူးစေ၊ ပီတိဖြစ်စေပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ မသက်ဆိုင် မပတ်သက်တဲ့၊ ကိုယ်မြင်တောင်မှ မမြင်ဖူးလေတဲ့ တခြား တစ်ပါးသူများအတွက် ထည့်တွက် စဉ်းစားပေးတဲ့စိတ်ဆိုတာဟာ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတစိတ် ဖြစ်ပါတယ်။ သည်လို စိတ်မျိုးနဲ့ လူငယ်လေးတွေသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များသထက်များလာမယ်ဆိုရင် ကျွန်တော်တို့ လူ့ဘောင်ရဲ့ အနာဂတ်ဟာ သိပ်ကို လှပနေတော့မှာမို့ သူ့စာလေးက ကျွန်တော့်ကို ပီတိဖြစ်သွားစေခဲ့ပါတယ်။

“သားငယ်တို့ နားလည်ဖို့”တို့၊ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”တို့လို ကျွန်တော့် စာအုပ်တွေမှာရော မဂ္ဂဇင်းဂျာနယ် တွေထဲက ကျွန်တော့် စာတွေထဲမှာပါ လိင်တူချင်း တပ်မက်သူများကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြဖို့နဲ့ လိင်တူချင်း တပ်မက်မှုဟာ မူမှန်စိတ်သာ ဖြစ်ကြောင်းများကို ရေးပြခဲ့ဖူးပါတယ်။ စာရေးလာသူ ကလေးမလေးက အဲဒီ့စာတွေနဲ့ ရင်းနှီးနေပုံရတယ်။ အဲဒီ့ အချိန်မှာ HIV နဲ့ ပတ်သက်တဲ့စာတချို့ကို ဖတ်မိရာက အဲဒီ့စာတွေထဲမှာပါတဲ့ အကြောင်းအရာလေးကို ထောက်ပြီး ကျွန်တော့် စာတွေက အဆိပ်အတောက်များ ဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ယဉ်ယဉ်ကျေးကျေး သတိပေးတဲ့စာလေး ကျွန်တော့်ဆီ ပို့ပေးလိုက်တာပါပဲ။

သူ့စာထဲမှာ နှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက သူပြောသလို ဇာတ်သွင်းတယ်ဆိုတဲ့ အပိုင်းပါ။ ဒုတိယတစ်ပိုင်းက မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းကြဖို့နဲ့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကို တစ်စုံတစ်ယောက်က မဖွယ်မရာ လုပ်လာခဲ့ရင် မိဘကို ဖွင့်ဟ အသိပေးတိုင်ပင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းဖြစ်တဲ့ အရွယ်မရောက်သေးသူများကို မဖွယ်မရာလုပ်တာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်ထားတဲ့ ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ်ထဲမှာ “ကလေးသူငယ် မဖွယ်မရာ ပြုကျင့်မှုများနှင့် စပ်လျဉ်း၍”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ရေးသား တင်ပြခဲ့ပြီး ဖြစ်သလို မိန်းကလေးငယ်လေးတွေကို ကာယဗလနဲ့ အနိုင်ကျင့်ပြီး မဖွယ်မရာလုပ်တာတင် မကဘဲ ပါးစပ်နဲ့ ထိကပါး ရိကပါး လုပ်တာ၊ လက်နဲ့ မထိတထိ လုပ်တာများကအစ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို အရေးယူရမယ်ဆိုတာများကိုပါ ဆိုင်တွေပေါ်မှာ မပြတ်သလောက်ရှိနေလေတဲ့ ကျွန်တော့်ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ထဲမှာ ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးတင်ပြထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သည်အပိုင်းကို လောလောဆယ်မှာ အဓိကထားပြီး မဆွေးနွေးတော့ဘဲ ပထမပိုင်းဖြစ်တဲ့ မိန်းမလျာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ အပိုင်းကိုပဲ အလေးထားပြီး ဆွေးနွေးသွားချင်ပါတယ်။

တကယ်တော့ အများက ပြောရင် ယုတ္တိတန်တန် မတန်တန် နင်းကန် ယုံတတ်ကြတော့တာပဲလို့ ကလေးမလေးက ရေးထားသလို အခုစာရေးလာသူ ကလေးမလေးဟာလည်းပဲ ယုတ္တိမတန်တဲ့စကားကိုယုံမှားပြီး ကျွန်တော့်ဆီ စာရေးလာတာပါ။ သူ့ စကားသာ မှန်ကန်မယ်၊ ယုတ္တိတန်မယ်ဆိုရင် အခု သည်စကားတွေ ပြောနေတဲ့ ကျွန်တော်တစ်ယောက် အခြောက်ဖြစ်သွားတာ နှစ်ပေါင်း ကြာလှရောပေါ့ခင်ဗျား။

သူပြောတဲ့ ကလေးကမှ ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ မိန်းမလျာ ဇာတ်အသွင်းခံရတာမို့ အဖျင်းဆုံး အသက်က ၁၆ နှစ်လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတာက အဲဒီ့ထက် များစွာ ငယ်နုလှသေးတဲ့ အသက် ၁၁ နှစ်မပြည့်ခင် ငါးတန်း ကျောင်းသားအရွယ်မှာပါခင်ဗျား။ ဒါတင်မကသေးပါဘူး။ ကလေးဘဝက ကျွန်တော် ကြောက်ရတဲ့၊ ကျွန်တော့်ကို အမြဲတစေ အနိုင်ကျင့်ခဲ့တဲ့ ကစားဖက်ဟာလည်းပဲ ယနေ့အခါမှာ မိန်းမလျာ ရင့်မာကြီးတစ်ယောက် ဖြစ်နေသလို ငယ်ငယ်လေးကတည်းက ဆရာဝန်လုပ်တမ်း ကစားတယ်၊ ဆရာဝန်လုပ်တမ်း ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ရဲ့ လူတကာ မထိအပ်တဲ့ နေရာတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ် ဆော့ကစားခဲ့ဖူးပါတယ်။ အဲတုန်းကတော့ ကလေးမို့လို့ ဒါဟာ မိန်းမလျာတွေရဲ့ အမူအကျင့်မှန်း ဘယ်သိခဲ့ပါ့မလဲဗျာ။

အဲဒါမျိုးကို နဖူးတွေ့ ဒူးတွေ့ သိခွင့်ရတာက စောစောက ပြောတဲ့အတိုင်း အသက် ၁၁ နှစ်မပြည့်တပြည့် ငါးတန်းကျောင်းသား အရွယ်မှာဖြစ်ပါတယ်။

ဖြစ်ပုံက သည်လိုပါ။ ကျွန်တော်က လေးတန်းတစ်နှစ်လုံး ကျောင်းအိပ်ကျောင်းစား နေခဲ့ရသလို ငါးတန်းကျတော့ လည်း မန်းရွှေမြို့တော်ကြီးမှာ ကျောင်းအိပ် ကျောင်းစား ထပ်နေရပြန်ပါတယ်။ နေရတဲ့ ကျောင်းက ယောက်ျားလေးတွေချည်း ထားတဲ့ အထက်တန်းကျောင်းပါ။ အဲတော့ ဘော်ဒါမှာက ကျောင်းသားကြီးတွေ ရှိပါတယ်။ ယောက်ျားလေး တွေချည်းလည်း စုနေတဲ့ နေရာ၊ အဆောင်လည်း အဆောင်ဖြစ်တာမို့ ကျွန်တော်တို့လို ကလေးတွေကို ကျောင်းသားကြီးတွေက အတတ်စုံတွေ သင်ပေးကြပါတယ်။ ကျောင်းသားကြီးတွေလို့သာ ပြောရတာ၊ သူတို့တွေ ကိုယ်တိုင်ကလည်း အထက်တန်းကို မလွန်မြောက်ကြသေးတော့ ဆယ်ကျော်သက် အရွယ်ကို မလွန်မြောက်ကြ သေးပါဘူး။ သည်တော့ကာ သူတို့ကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွန်တော်တို့ ကလေးတွေကို မဟုတ်တာတွေ အကုန်သင်ပါတယ်။ အဲဒီ့အကျိုးကျေးဇူးကြောင့် ကျွန်တော်ဟာ ဖိုမရေးရာတွေကို အရွယ်မတိုင်ခင်ကတည်းက စတင် ကြားဖူးလာရပါတော့တယ်။

တစ်ဖက်ကလည်း သူတို့တွေက လိင်ဆက်ဆံမှု မပါဝင်ဘဲ ယောက်ျားချင်း အာသာဖြေပေးတဲ့ အလုပ်ကို ကျွန်တော်တို့ ကျောင်းသားငယ်လေးတွေကို လုပ်ခိုင်းတတ်ပါတယ်။ သည်အတွက်ကြောင့် ကျွန်တော် ပြောလိုက်ရတာပါ။

ဇာတ်သွင်းလို့ တကယ်ရပြီး လိင်တူချင်းသာ တပ်မက်ကြရစတမ်းဆိုရင် အဲဒီ့အရွယ်ကတည်းက ကျွန်တော့်မှာ လိင်တူချင်း စွဲလန်းသွားစရာ အခွင့်အလမ်းက မတန်တဆကို များလွန်းလှပါတယ်။ ဒါပေမယ့် သူတို့တွေ ကျေးဇူးကြောင့် အရွယ်မတိုင်ခင် အတတ်ကောင်းတွေ တတ်လာရတဲ့ ကျွန်တော့်မှာ အဲဒီ့အရွယ်ကတည်းက လိင်မတူလေတဲ့ မိန်းမသားများအပေါ်မှာ မဖွယ်ရာတဲ့ စိတ်နဲ့သာ ပြင်းပြင်းပြပြ စွဲလန်းတတ်လာခဲ့တော့တာ ဘဝတစ်လျှောက်လုံးပါ။

ဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်တစ်နှစ်မှာ ကျွန်တော် ရန်ကုန် ရောက်လာပါတယ်။ အဲဒီ့ရဲ့ နောက်တစ်နှစ် ကျွန်တော် ခုနစ်တန်းနှစ် အသက် ၁၃ နှစ်မပြည့်ခင်မှာ တကယ် လိင်တူချင်းတပ်မက်သူ အရွယ်ကောင်း အမျိုးသားတစ်ဦးကို ဘဝရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင် ရင်ဆိုင်လိုက်ရပြန်ပါတယ်။ အဲဒီ့အချိန်မှာ သူနဲ့ ရင်ဆိုင်ရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ရွယ်တူ သူငယ်ချင်း ၆ ယောက်လောက်လည်း ပါပါတယ်။

ကျွန်တော်တို့ စတင် ရင်ဆိုင်လိုက်ရတဲ့ အရွယ်ကို သတိထားတော်မူကြစေလိုပါတယ်။ တကယ့်ကို ဆယ်ကျော်သက်ထဲ ချင်းနင်းဝင်ရောက်စ၊ ကြီးကောင်ဝင်စ ၁၃ နှစ်ဆိုတဲ့ အရွယ်ပါခင်ဗျား။

အဲတုန်းက ကျွန်တော်တို့ အားလုံး မကြုံဖူးလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ကြတာက လွဲရင် ရယ်စရာတစ်ခု အဖြစ်သာ သဘောထားခဲ့ကြပါတယ်။ အဲဒါကို ကြုံခဲ့ရတဲ့ ကျွန်တ်ာအပါအဝင် ခုနစ်ယောက်စလုံးလည်း ယနေ့အခါမှာ အသက် ၅၀ ကျော်တန်းကို ရောက်လာခဲ့ကြတယ်၊ အားလုံး သားနဲ့ မယားနဲ့၊ ဘယ်ကောင်မှလည်း မိန်းမလျာ ဖြစ်သွားတယ်၊ ဒါမှမဟုတ်လည်း မိန်းမလျာရဲ့ အဖော်အဖြစ် နေသွားတယ်လို့ မကြားရပါဘူး။

ဆက်ပြောပါရစေဦး။ ကျွန်တော့် အသက် ၁၉၊ ၂၀ ဆယ်တန်းအောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ အဲဒီ့အချိန်က လိင်တူချင်း တပ်မက်သူ ပဂေးကြီးများနဲ့ လုံးလား ထွေးလားနေခဲ့ပါတယ်။ သူတို့စကားနဲ့ ပြောရင် သူတို့ရဲ့ သူငယ်လေးအဖြစ် သူတို့ ဆွဲစားတာကို ကျွန်တော် လိုလိုချင်ချင် ခံခဲ့ပါတယ်။ ဘာရယ် မဟုတ်ပါဘူး၊ အဲဒီ့အရွယ်ကတည်းက ကိုယ့်ကိုယ် ကိုယ် စာရေးဆရာအမှတ်နဲ့ ဘဝင်မြင့်နေတဲ့ ကျွန်တော်ဟာ သူတို့တွေရဲ့ အခြေအနေကို စူးစမ်းကြည့်ချင်တဲ့ စိတ်နဲ့ပါ။ ခက်တာက သူတို့တွေကလည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲသာ ရှိစေချင်တတ်ပါတယ်။ စူးစမ်းချင်တဲ့ ကျွန်တော်ကလည်း လူတကာနဲ့ ရောရောနှောနှော နေပါတယ်။ အားလုံးကို လိုက်လိုက်လျောလျောနေပါတယ်။ အဲဒါကို သူတို့ မကြိုက်ကြပါဘူး။ သည်မှာတင် ကျွန်တော့်ကို သူတို့က သိပ်အရောတဝင် မလုပ်ကြတော့ပါဘူး။

ပြောချင်တာက အဲဒီ့အရွယ်မှာကျတော့ ကျွန်တော်ဟာ လိင်တူချင်းတပ်မက်သူများနဲ့ အတွင်းကျကျ ထဲထဲဝင်ဝင်နေခဲ့ဖူးတယ် ဆိုတဲ့အချက်ပါ။ အဲဒီ့မှာကျတော့ သူတို့က ကျွန်တော့်ကို ဇာတ်မသွင်းကြတာကို အထင်အရှားတွေ့ရပါတယ်။ ကျွန်တော့်ကို ယောက်ျားတစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ပတ်သက်ခဲ့တဲ့ ကာလဟာ စုစုပေါင်း ၃-၄ နှစ်မက ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ သူတို့ကို စာနာမိတာက လွဲလို့ စွဲလန်းစိတ်လည်း မဖြစ်ပေါ်၊ တပ်မက်ဖို့ဆိုတာ ဝေလာဝေးပါ။ ခေတ်စကားနဲ့ ပြောရရင် လိင်တူချင်းတပ်မက်သူတွေကို ကျွန်တော် ဘယ်လိုမှ ဖီလင် မလာပါဘူး။ ကျွန်တော် တကယ်ဖီလင်လာတာက ဆန့်ကျင်ဘက်လိင် မိန်းမသားတွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ၃-၄ နှစ်မက အရောတဝင် နေခဲ့ဖူးပါလျက်ကနဲ့ တစ်စက်မှ သူတို့အပေါ် ဖီလင်မလာဘူး ဆိုကတည်းက ဇာတ်သွင်းဖို့ နေနေသာသာ သူတို့ကို စိတ်လာအောင်တောင် ဇွတ်လုပ်ယူလို့ ရတယ်ဆိုတဲ့အချက်ကို ကျွန်တော် ဘယ်လိုမှ လက်ခံပေးလို့ မရတာကို နားဆင်နေသူ ချစ်မိတ်ဆွေများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါဖြင့် သည်စကား ဘယ်လိုဖြစ်လာတာတုံးလို့ ဆန်းစစ်ဖို့ လိုလာပါတယ်။ အမှန်ကတော့ လူတင်ပါလို့ နွားကျားကိုက် တာပါ။ မူလကတည်းက အဲဒီ့ကာယကံရှင်မှာ လိင်တူချင်း တပ်မက်တဲ့ စိတ်အခံလေးက တစ်ထောင့်တစ်နေရာမှာ ရှိနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း ဒါမျိုးကို လူ့ဘောင်က ဝိုင်းကြဉ်ထားလေတော့ကာ သည်စိတ်ရှိတယ်လို့ ဝန်ခံဖို့ သိပ်ခက်နေတယ်။ သူ့ကိုယ်သူလည်း အားတင်းပြီး သည်စိတ်ကို ဖျောက်ကြည့်နေတယ်။ ခက်တာက ကျွန်တော် ပြောနေကျအတိုင်း သည်စိတ်မျိုးက ဘယ်သန်တဲ့သူက ဘယ်သန်သလို၊ ညာသန်တဲ့သူက ညာသန်သလို သူ့ဟာသူ အလိုလိုဖြစ်နေတဲ့သဘာဝ။ ညာဘက်ကို မနည်းလေ့ကျင့်ထားလို့သာ စာရေးတဲ့အခါ ညာဘက်နဲ့ ရေးပေ မယ့် တကယ့်အရေးကျတော့ ဘယ်လက်က အရင် လှုပ်ရှားမိတတ်တာမျိုးကလား။

သည်စိတ်ကလည်း အလားတူပါပဲ။ ပတ်ဝန်းကျင် လူ့ဘောင်က လက်မခံဘူးလို့ နားလည်ထားလို့သာ မနည်း ကျိတ်မှိတ် မျိုသိပ်၊ သိုဝှက် ဖုံးကွယ်ထားရတယ်၊ စိတ်ထဲမှာ ရှိနေတာကတော့ ရှိနေတာပါပဲ။ ဒါကို တစ်ယောက်ယောက် က ရိပ်စားမိပြီး၊ ကျွန်တော့်ဆီ ရောက် လာတဲ့စာထဲက ဆိုရင် အိမ်ကို ဝင်ထွက်နေတဲ့ ဦးလေးလို လူက ရိပ်စားမိပြီး သူ့ဇာတိရုပ်ကို ဖော်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လို ဟိုလူက ဇွတ်လုပ်တယ်ဆိုရင်တောင်မှ ငြင်းဆန်ပိုင်ခွင့်က သူ့မှာ ရှိပါတယ်။ အားချင်း မယှဉ်သာလို့ ခံလိုက်ရတယ်ဆိုဦးတောင် တစ်ကြိမ်တစ်ခါသာ ခံရမှာပါ။ သူတကယ် လက်မခံရလေအောင် တစ်နည်းနည်းနဲ့ ရှောင်ရှားနိုင်သလို လူကြီးသူမတွေကို ပြောပြ တိုင်တန်းလို့ ရနိုင်နေပါပြီ။ ဆယ်တန်းတောင် အောင်ပြီးသားလို့ ဆိုထားတော့ အသက်အရွယ်နဲ့ အသိဉာဏ်က သိပ်တော့ နိမ့်မှာ မဟုတ်တာ သေချာပါတယ်။

အဲ… သူကိုယ်တိုင်ကလည်း မစွမ်းရင်းက ရှိနေလို့သာ ကန်စွန်းခင်းတွေ ဆက်ငြိနေတာ ဖြစ်နေမှာ အင်မတန် သေချာပါတယ်။ သို့သော် လူမိသွားတဲ့အခါကျတော့ သူ့အပြုအမူ သူရှက်တယ်။ သူ့အဖြစ်သူ လက်မခံချင်ဘူး။ သည်အခါမှာ သူ့စိတ်ကြောင့် ဖြစ်ရတာ၊ သူ့ကြောင့်ဖြစ်ရတာ မဟုတ်ဘူး၊ တစ်ဖက်သားက ဇွတ်လုပ်လို့သာ ဖြစ်ရတာပါဆိုပြီး တစ်ဖက်သားအပေါ်မှာသာ အပြစ်တွေ ပုံချပါတော့တယ်။ အဲဒီ့မှာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ စကားက ထွက်လာရတော့တာပါပဲ။

ကြားရတဲ့သူတွေကလည်း လိင်တူချင်း တပ်မက်တယ်ဆိုတာ ဘာ့ကြောင့်ဖြစ်ရမှန်း ကောင်းကောင်းကန်းကန်း နားမလည်ကြတော့ သူ့စကားကိုပဲ အဟုတ်မှတ်ပြီး စုပ်တသတ်သတ်နဲ့ သည်ဇာတ်လမ်းကို ဇာချဲ့၊ စာဖွဲ့တဲ့သူက အပီအပြင်ကြီး ဖွဲ့ထည့်လိုက်တဲ့အခါ ယုံတဲ့သူတွေကလည်း စွတ်ယုံ၊ အဲသလို ယုံတဲ့သူတွေထဲမှာ ကျွန်တော့်စာတွေ ဖတ်ထားတဲ့သူ တစ်ယောက်ကလည်း ကျွန်တော်ကပါ အဲဒီ့ ဇာတ်သွင်းတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်လွတ် ရုန်းပြီး သူတစ်ပါးအပေါ်ကိုသာ အပြစ် ပုံချတတ်တဲ့ မဟာအမှုကို အားပေး အားမြှောက် ပြုနေဘိသကဲ့သို့ ထင်မြင်လာကာ သည်စာကို ရေးလိုက်တာပါ။

အမှန်တော့ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပဲ သတ္တဝါမှန်သမျှဟာ မိမိတို့ရဲ့ မနောကံ၊ ကာယကံ၊ ဝစီကံဆိုတဲ့ ကံသုံးပါးနဲ့ ပြုသမျှ အားလုံးရဲ့ အကျိုးဆက်ကို မပျက်မကွက်ခံစားကြရတာပါ။

အပေါင်းအသင်းမကောင်းလို့ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ မူးယစ်ဆေးစွဲတယ်ဆိုတာမျိုးတွေလည်း အခု ကလေးမလေး ရေးလာသလို လိင်တူချင်း တပ်မက်သူ ဘဝ မရောက်ရောက်အောင် ဇာတ်သွင်းခံရတယ်ဆိုတာမျိုး နည်းတူ လူအများကြားမှာ အလွယ်တကူ နားယောင်လွယ်ကာ အဟုတ်မှတ်တတ်ကြပါတယ်။ အဲဒီ့အထဲမှာ မိဘတွေတောင် ပါပါသေးတယ်။

ကျွန်တော့်ငယ်သူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့ အရက်သောက်တဲ့အခါတိုင်း အမြဲတမ်းအဖော်လုပ်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ မူးပြီး ရမ်းလေသမျှ အနွံအတာ မျိုးစုံ ခံခဲ့တဲ့အပြင် အန်ဖတ်ပါ ကျုံးပေးခဲ့တဲ့အထိ သည်းခံခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကဖြင့် ယနေ့ အသက် ငါးဆယ်ကျော်တဲ့တိုင် အရက်တစ်စက်ကိုသော်မှ ပါးစပ်ထဲ မထည့်ခဲ့ဖူးသူတွေ ရှိပါတယ်။ အဲဒီ့ကောင်တွေကို ကျွန်တော်တို့က ဘယ်လောက် တိုက်တိုက် မသောက်ပါဘူး။ အဲဒါ ၁၈-၁၉ အရွယ်မှာ ဖြစ်ပါတယ်။ အလားတူပဲ၊ ကျွန်တော် ၁၈-၁၉ အရွယ်မှာ ကျွန်တော်နဲ့ ဟိုးငယ်ငယ်လေးကတည်းက တတွဲတွဲနေတဲ့ ကိုယ်ရင့်တတူ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးစွဲကုန်ကြသူတွေ ရှိပါတယ်။ သည်ကောင်တွေကလည်း ကျွန်တော့်ကို စမ်းကြည့်ပါလားလို့ မြှူဆွယ်ဖူးသူက ခပ်နည်းနည်းပါ။ သည်ကြားထဲမှာပဲ ဆွယ်ဖူးသူတွေ ရှိသော်လည်း ကျွန်တော်ကိုယ်တိုင်က ယတိပြတ် ငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော်လည်း မူးယစ်ဆေးနဲ့ ဝေးဝေးကြီး နေခဲ့တာ ဘဝ တစ်လျှောက်လုံးပါပဲ။

အဲတော့ တချို့က စောဒက တက်လိမ့်မယ်။ ခင်ဗျားတို့က စိတ်ခိုင်တာကိုးဗျ၊ စိတ်မခိုင်တဲ့သူတွေကျတော့ အလွယ်တကူ ပါချင်ပါသွားမှာပေါ့လို့ ပြောပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ စိတ် ခိုင်တာ မခိုင်တာထက် တညင်းသီး၊ ဒူးရင်းသီး ငါးပိရည်စတဲ့ လူတိုင်း မစားနိုင်တဲ့ အစား အသောက်တစ်ခုခုရဲ့ အနံ့ကိုတောင် မခံနိုင်သူဟာ ဘယ်လောက်ပဲ ဆွယ်ဆွယ် သူ မစားချင်ရင် စားကို မစားပါဘူး။ အဲဒါဟာ စိတ်ခိုင်ခြင်း မခိုင်ခြင်းနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အစားစုံ စားလိုမှု၊ မစားလိုမှုနဲ့ ဆိုင်ပါတယ်။ မစားလိုသူကို ဘယ်လောက် ဆွယ်ဆွယ်၊ ဓားမိုးပြီးပဲ ကျွေးကျွေး စားကို စားမှာ မဟုတ်တာကို လက်ခံနိုင်မယ်ဆိုရင် တစ်ခုခုဖြစ်လာတဲ့အခါတိုင်း ဟိုလူ့ပုံချ၊ သည်လူ့လွှဲချကာ ကိုယ်လွတ်ရုန်း ဆင်ခြေပေးကာ သူတို့ကိုယ်သူတို့ကျ သနားစရာ သတ္တဝါလေးများ သဖွယ် အပြောလွယ်ကြသူ ထိုလူတစ်တန်းတစ်စားရဲ့စကားကို မိမိတို့ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်တွက်ပြီး ယုံထိုက်မှ ယုံသင့်ကြောင်း တင်ပြဆွေးနွေးလိုက်ချင်ပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ ရွယ်တူတွေရဲ့ဖိအားပေးမှုဒဏ်ကို ခံရမှာတော့ သေချာပါတယ်။ သည်အခါမှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးလိုဟာမျိုးက တော်တော် စိတ်နုသူ၊ စာဖတ် မနာလို့ အသိအမြင် နည်းသူလေးတွေအတွက် အလွယ်တကူ ပါချင် ပါသွားနိုင်သည့်တိုင် မိမိရဲ့လိင်စိတ်လို မွေးရာပါ သန်ရာ တစ်ခုခုကိုကျတော့ ဘယ်ဖိအားနဲ့မှ မရနိုင်တဲ့အကြောင်း ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့ ချိန်ထိုးပြီး တင်ပြလိုက်ရပါတယ်။

သည်အကြောင်းကို တင်ဆက်ရာမှာ အဓိက ပြောလိုတာ တစ်ခုတည်းရှိပါတယ်။ ကိုယ်ကြားရသမျှ၊ ကိုယ်မြင်ရသမျှ၊ ကိုယ် ဖတ်လိုက်ရသမျှကို သည်အတိုင်း အလွယ်တကူ လက်မခံကြဘဲ မိမိတို့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်များနဲ့ ယုတ္တိတန်၏ မတန်၏ လေးလေးနက်နက် စဉ်းစားချိန်ထိုးတတ်တဲ့အလေ့အထလေးများ ပွားများရင့်သန်လာအောင် ပျိုးထောင်သင့်ကြောင်းပါပဲခင်ဗျား။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့) ညနေ ၆း၄၅ Mandalay FM ရေဒီယို အစီအစဉ်က ထုတ်လွှင့်သွားတဲ့ အတ္တကျော်ရဲ့ “ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက် ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (၀၈-၀၉-၁၀) ည ၇း၃၀ ကျော်ကျော်မှာ နောက်တစ်ကြိမ်ထပ်လွှင့်ပါဦးမယ်။