မှာပါရစေ၊ ပြောပါရစေ
(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။
မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)
၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ
(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)
ဆရာမိုးဟိန်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီမှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာဝန်ကြီးနဲ့ စကား အေးအေးဆေးဆေး ပြောတယ်။ ပြီးတော့ ဟောလစ်တစ်ခွက်သောက်ပြီး ခဏ မှိန်းနေရင်းက လူ့လောကကြီးထဲက အေးချမ်းစွာ ထွက်ခွာသွားခဲ့ပါသတဲ့။
သည်ကဗျာလေးကို ကျွန်တော့်ဇနီး ဆရာမိုးဟိန်းအိမ်က အပြန်မှာ ယူလာတဲ့ လက်ကမ်းစာလေးမှာ ဖတ်ရတာပါ။ သဘောကျလိုက်တာ။ ပန်းချီရေးတဲ့၊ စာရေးတဲ့ ဆရာမ မသိင်္ဂီက အဖော်ခေါ်လို့ ကျွန်တော့်ဇနီး အဲဒီ့ကို ပါသွားတာ။ ဆရာမိုးဟိန်းရဲ့သား ဦးမိုးသန့်က ဆရာမ မသိင်္ဂီကို ပြောလိုက်သတဲ့။ ဆရာမိုးဟိန်းက သူ့အမေရေးခဲ့တဲ့ သူ့အဖေအကြောင်း “သူလိုလူ”ကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုနေတာ ခရီးအတော်ပေါက်နေလျက်ကနဲ့ ဆရာမ မသိင်္ဂီ ပြန်ဆိုနေမှန်း သိသွားတာနဲ့ “ပြန်ပါစေလေ”ဆိုပြီး အလျှော့ပေးခဲ့ပါသတဲ့။ မြင့်မြတ်လိုက်တဲ့ ဆရာ့ နှလုံးသား။ ဆရာမ မသိင်္ဂီက မချိတင်ကဲ ပြန်ပြောပြတာပါ။ ဆရာမ မသိင်္ဂီက သည်စကားကို ကျွန်တော့်ကို တိုက်ရိုက်ပြောပြပြီး ဆရာမိုးဟိန်းရဲ့ ပြည့်ဝတဲ့ နှလုံးသားကို လူအများသိအောင် လုပ်ပေးဖို့ အကူအညီတောင်းခဲ့လို့ ပြန်လည် လက်ဆင့်ကမ်း တင်ပြလိုက်တာဖြစ်ပါတယ်။
ဆရာ မိုးဟိန်းကို လူချင်း အပြင်မှာ တစ်ခါပဲ ဆုံဖူးတယ်။ စကားတောင် မပြောခဲ့ဖူးပါဘူး။ “သူလိုလူ”ကို ဘာသာပြန်ခဲ့တဲ့ ဆရာမ မသိင်္ဂီကို ဆရာမိုးဟိန်းက ဂုဏ်ပြုတဲ့ ပွဲ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကျွမ်းကျင်တဲ့ ဆရာမိုးဟိန်းကတောင် မသိင်္ဂီရဲ့ ဘာသာပြန်အပေါ် ကျေနပ်ခဲ့တာလေးကို ပြခဲ့တဲ့ ပွဲ) မှာပေါ့။ ဒါပေမယ့် သူ့ကဗျာတွေနဲ့ ရင်းနှီးနေတယ်။ “လူသာ ဆုံးတယ် ကျန်တာ မရှုံးဘူး”လို့ ဆရာက ကျွန်တော်တို့ကို မှာသွားခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်နေ့မှာ ဆုံးရမှာပါ။ သို့သော် ဆရာ့လို ကျန်တာတွေ မရှုံးအောင်တော့ ကျွန်တော်တို့တွေ အများကြီး ကြိုးစားရပါလိမ့်ဦးမယ်။