Sound Files Added

လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၀၉ ခုနှစ် သြဂုတ်လ ၅ ရက် တုန်းက တင်ထားခဲ့တဲ့ City FM နဲ့ အင်တာဗျူးမှာ အသံဖိုင်တွေ အပြည့်အစုံ ထည့်ထားလိုက်ပါပြီ။ အဲတုန်းက ဘလော့(ဂ်)ဆိုတာကို စမ်းလုပ်ခါစ မလည်မ၀ယ်နဲ့မို့ အသံ ဘယ်လို တင်ရမှန်း မသိလို့ မတင်ဖြစ်ခဲ့တာပါ။ အခုတော့ sound cloud ကျေးဇူးနဲ့ တင်လို့ ရသွားပါတယ်။

ကျွန်တော့် လေက ရှည်တာမို့ အဲဒီ့အင်တာဗျူးကို ထုတ်လွှင့်စဉ်က နှစ်ပတ်ခွဲပြီး တင်ဆက်ခဲ့ရသလို တစ်ခါလွှင့်ရင်လည်း နှစ်ပိုင်း ခွဲပြီး တင်ဆက်ရပါတယ်။ အဲဒါကြောင့် အဲဒီ့အတွက် အသံဖိုင်ကလည်း လေးပိုင်းဖြစ်နေပါတယ်။ တစ်ပိုင်းစီကို သက်ဆိုင်ရာ စာများရဲ့ အဆုံးတွေမှာ ထည့်ပေးထားပါတယ်။ ဆိုလိုတာက စကား ဆုံးတဲ့ နေရာမှာ အသံဖိုင်တစ်ခုစီ ထည့်သွင်းပေးထားတာပါပဲ။

မေးတဲ့ ကလေးမလေးရဲ့ နာမည်က “သင်းဝတ်ရည်အောင်”ဖြစ်ပါတယ်။ အဲဒါကို အသံသွင်းတုန်းက အစီအစဉ်တာဝန်ခံက ကိုနိုင်ကျော်ဖြစ်ပါတယ်။ သူ စီစဉ်တာပါ။ ကလေးမလေးကလည်း သွက်လက်ချက်ချာသလို ကိုနိုင်ကျော်တို့ အဖွဲ့ကလည်း ၀ိုင်းဝန်းပံ့ပိုးခဲ့တာမို့ အဲဒီ့ အမေးအဖြေတွေ ရုပ်လုံးကြွနေခဲ့တာပါ။

အခုတော့ ကိုနိုင်ကျော်ကြီးတစ်ယောက် City FM မှာ မရှိရှာတော့ပါဘူး။ အဲဒီ့ကနေ စလုံးကို ရောက်၊ စလုံးကနေ အခု ရန်ကုန်က ရုပ်သံဌာနတစ်ခုမှ လှုပ်ရှားနေတယ်လို့သာ ကြားသိရပါတယ်။ “သင်းဝတ်ရည်အောင်”ရဲ့ အသံကိုတော့ ယနေ့ထက်တိုင် City FM မှာ ကြားနေရဆဲပါပဲ။

ထုတ်လွှင့်တဲ့ ရက်စွဲတွေတော့ မမှတ်မိတော့ပါဘူး။ အသံသွင်းခဲ့တာကတော့ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့က ဖြစ်ပါတယ်။ (ဒါလည်း သိပ်တော့ အထင်မကြီးပါနဲ့၊ အဲတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ ပါနေတဲ့ နေ့စွဲကို ကြည့်ပြီး ပြောတာပါခင်ဗျား။) သည် ပို့(စ်)မှာ အသံသွင်းစဉ်က ကိုနိုင်ကျော်နဲ့ ရိုက်ထားတဲ့ ပုံကို တင်ဆက်ထားသလို အင်တာဗျူးစာမျက်နှာမှာလည်း သင်းဝတ်ရည်အောင်နဲ့ ရိုက်ထားတဲ့ ပုံကိုပါ တင်ထားပါကြောင်း။

သြော်… အဲဒီ့ကို သွားချင်ရင် သည်စာမျက်နှာ ခေါင်းစီးထိပ်က Interview with City FM ကို နှိပ်လိုက်ရင် ရမှာဖြစ်သလို အခု ပို့(စ်)မှာ ပေါ်နေတဲ့ အဲဒီ့စာတန်းလေးကို နှိပ်လိုက်ရင်လည်း သွားလို့ ရပါလိမ့်မယ်ခင်ဗျား။