ခင်မင်မှု သံမှိုများ
ဟိုးရှေးရှေးတုန်းက အင်မတန်ကို စိတ်တို စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။
တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
“မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားသွားရိုက်ချေကွာ”တဲ့။
အဖေက အဲသလို ပြောပြီး သံထုပ် ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းတိတိကို ရိုက်သွင်း ဖြစ်သွားခဲ့ပါတယ်။ အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။
သံရိုက်ချက်တွေကလည်း တစ်နေ့ထက် တစ်နေ့ ကျဲကျဲ လာတော့တာပေါ့လေ။
သည်လိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံ ပြေးပြေး ရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းသိမ်းရတာက ပိုပြီးလွယ်ကူနေမှန်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။
အဆုံးမှာ ကောင်လေးဟာ လုံးလုံး စိတ်မတို၊ ဒေါသ မဖြစ်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။
သည်မှာတင် ကောင်လေးလည်း အပြေးလေးနဲ့ သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။
“အဖေရေ၊ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျာ” ပေါ့။
အဲလိုကျတော့ ဖအေလုပ်သူက နောက်တစ်မျိုး ခိုင်းပြန်ပါတယ်။
“မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲဒီ မင်းရိုက်ထားခဲ့တဲ့ သံတွေကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ ထိန်းချုပ်နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်”လို့ မှာလိုက်သတဲ့။
အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။
“အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီဗျ၊ တစ်ချောင်းမှ မကျန်တော့ဘူး”ပေါ့။
သည်အခါမှာ ဖအေလုပ်သူက သားရဲ့လက်ကိုဆွဲပြီး သား သံရိုက်ခဲ့တဲ့ ၀င်းထရံဆီ ခေါ်သွားတယ်။
“တော်တယ် ငါ့သား” လို့လဲ ဆိုတယ်။ “ဒါပေမယ့် သား သေသေချာချာ ကြည့်စမ်း၊ ၀င်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်၊ ၀င်းထရံတိုင်က အရင်လို မချောမွေ့တော့ဘူးဆိုတာ သား မြင်တယ် မဟုတ်လား။ အေး… သားက စိတ်တို ဒေါသဖြစ်လို့ ပါးစပ်နဲ့ တစ်လုံး ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။ သည်လိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်၊ ပြီးတော့ ဓါးကိုပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ် ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန်၊ တောင်းပန် ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်စမြဲ၊ အမာရွတ် ထင်ကျန်ရစ်စမြဲပဲ ငါ့သား” တဲ့။
တကယ်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာတွေက အဖိုးအနဂ္ထ္ဃ ထိုက်တန်တဲ့ ရတနာတွေပါပဲ။
မိတ်ဆွေ သူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင် ရယ်မောစေနိုင်တယ်၊ ကျွန်တော်တို့ဘ၀မှာ အောင်မြင်၊ ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။
ကျွန်တော်တို့မှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။
ချီးမွမ်းစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလဲ မျှဝေခံစားပေးနိုင်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်တော်တို့အတွက် သူတို့ရဲ့ နှလုံးသားတွေကို အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။
အခု ရက်သတ္တပတ်ဟာ ဆိုရင်ဖြင့် အမျိုးသားရင်းနှီးခင်မင်မှု အထိမ်းအမှတ် ရက်သတ္တပတ်လေး ဖြစ်ပါတယ်။
ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က သူတို့အပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း ပြလိုက်စမ်းပါ။
ဒါတင်မကသေးဘူး၊ “ကိုယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း” လို့ ကိုယ်ကိုယ်တိုင်က မှတ်ယူထားတဲ့သူတွေဆီ သည်စာလေးကို ပွားပြီး ပို့ပေးလိုက်စမ်းပါ။
ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီကို သည်အတိုင်း ပြန်ပို့လိုက် နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ပြီး ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရှိတာကို အလိုလို ခံစားနိုင်ပါလိမ့်မယ်။
မင်္ဂလာရှိတဲ့ ရင်းနှီးခင်မင်မှု ရက်သတ္တပတ် ဖြစ်ပါစေ။ ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။
ခင်ဗျားကို သူငယ်ချင်းတော်ခွင့် ရတဲ့အတွက်လည်း ကျွန်တော် အင်မတန် ဂုဏ်ယူပါတယ်။
ကိုင်း… အခု ချက်ချင်းပဲ သည်စာလေးကို ကူးပြီး ခင်ဗျားမှာ ရှိရှိသမျှ မိတ်ဆွေတွေဆီ ပို့လိုက်ပါတော့။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့ပေးပါဦးနော။
ဒီစာကို အလင်းတန်းမှာ ဖတ်ဖူးတာ မမှတ်မိဘူး။ မောဟပြေပုံတိုပတ်စများဖတ်တော့ “ဟင်း. ဒါငါဖတ်ဖူးပြီးသားကြီး”ဆိုပြီး ဖြစ်သွားသေးတယ်။ ဘယ်မှာ ဖတ်ဖူးတာလဲမသိဘူး။ ခုဒီမှာတွေ့မှာ အလင်းတန်းမှာမှန်း သိတော့တယ် 🙂
ဟုတ်ချင်မှ ဟုတ်လိမ့်မယ်ဗျ။ ကျွန်တော်က ၂၀၀၀ ပြည့်မှာ အလင်းတန်းမှာ ရေး၊ ၂၀၀၂ မှာ စာအုပ်ထုတ်ခဲ့ပေမယ့် ၂၀၀၅-၂၀၀၆ လောက်မှာ ဆရာမ မြနှောင်းညိုက ဒါကိုပဲ Teen (ဖူးငုံ) မဂ္ဂဇင်းမှာ ရေးတယ်။ (အံ့သြစရာကောင်းတာက အလင်းတန်း အယ်ဒီတာအဖွဲ့နဲ့ ဖူးငုံအယ်ဒီတာအဖွဲ့က အတူတူဖြစ်ပါလျက်ကနဲ့ အဲဒါကို မသိလိုက်ဘဲ ပြန်ဖော်ပြသဗျ။) နောက် ၂၀၀၈-၂၀၀၉ လောက်မှာ ဆရာ ကောင်းသန့်ကလည်း ဒါကိုပဲ အတွေးသစ်ဂျာနယ်မှာ ရေးတာ တွေ့လိုက်ရသေးတယ်။ အဲဒါတွေထဲက တစ်ခုခုလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒါ့ကြောင့် ကျွန်တော်လည်း မောဟပြေ ပုံတိုပတ်စတွေ ဆက်ရေးဖို့ လက်တွန့်နေမိရတာ အခုထက်ထိပါပဲ။
ဟုတ်ကဲ့ဆရာ ကျွန်တော် copy လုပ်ထားလိုက်ပါတယ် သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါမယ် …