Skip to content
Flies in the Ointment
11 October 2010
ငါးခုံးမတော့ လိုက်ဖမ်းမနေတော့ပါဘူး
ဆူဒိုနင်
ကျွန်တော့်မှာ ရောဂါဆန်းတစ်ခု ရှိတယ်။ အဲဒါက တယ်လီဖုန်း မုန်းတဲ့ ရောဂါပါ။  အမုန်းဆုံးက ပါလေရာဖုန်းပါပဲ။ မရှိမကောင်း ရှိမကောင်းထဲမှာ သင်းက ထိပ်ဆုံးက ပါတယ်။ အဲတော့ ကျွန်တော်က ပါလေရာဖုန်းကို သိပ်ကိုင်ခဲတယ်။ အတတ်နိုင်ဆုံး မကိုင်ဘူး။ မလွှဲသာတဲ့အခါမှ ကိုင်တယ်။ ဒါ့အပြင် အဲဒီ့ဖုန်းနံပါတ်ကိုလည်း တော်တော်တန်တန်လူကို ပေးခဲတယ်။ ဖုန်းနံပါတ် တောင်းသူတိုင်းလိုလိုကို အိမ်ဖုန်းနံပါတ်သာ ပေးဖြစ်တာချည်းပဲ။ ကျွန်တော့်ကို အလုပ်အပ်မယ့်သူ (ဝါ) ပိုက်ဆံ စို့စို့ပို့ပို့ ပေးမယ့်သူလောက်ပဲ အဲဒီ့ပါလေရာဖုန်းနံပါတ်ကို အသိခံတာ များတယ်။ ကျွန်တော့်အိမ်ကတောင် လွှတ်အရေးမကြီးရင် အဲဒီ့ ဖုန်းကို မဆက်ဘူး။
ဒါကို ပြောနေရတာက အကြောင်းရှိပါတယ်။ တစ်နေ့သောအခါ ကျွန်တော် သင်တန်းတစ်ခု ကိုင်နေရာက ခဏ နားနေချိန်မှာ ဘောင်းဘီအိတ်ထဲက ပါလေရာဖုန်းက ထမြည်တယ်။ ကျွန်တော် မုန်းတာက ဖြစ်ပြီ။ ပိုက်ဆံပေးမယ့်လူဆိုရင်တော့ သည်းခံလိုက်မဟဲ့ဆိုတဲ့ စိတ်နဲ့ ဖုန်းကို ကိုင်လိုက်တဲ့အခါ မဟုတ်ဘူး၊ ပိုက်ဆံပေးမယ့်သူ မဟုတ်ဘူး။ နာမည်ကြီး အပတ်စဉ် ဂျာနယ်တစ်စောင်က သူငယ်မလေးတစ်ယောက် ဖြစ်နေပါတယ်။ သူက သူ့ကိုယ်သူ မိတ်ဆက်လာတာပါ။
စိတ်ချဉ်က စပေါက်ပါပြီ။ ဘယ်လိုက ဘယ်လို ကျွန်တော့် ပါလေရာ ဖုန်းနံပါတ်ကို သိနေရတာလဲလို့ စဉ်းစားလိုက်တော့ သူ့အယ်ဒီတာမင်း၊ ကျွန်တော့် တပည့်ဟောင်းကို အဲဒီ့ဖုန်းနံပါတ် ပေးထားဖူးတာ သတိရသွားတယ်။ သင်းလက်ချက်ပဲ နေမှာပါ။
(အိမ်ပြန်ရောက်လို့ အကြောင်းစုံ သိရတော့ ပိုဆိုးသွားပါတယ်။ အစက အိမ်ကို ဆက်တာတဲ့။ ကျွန်တော် မရှိတော့ ပါလေရာ ဖုန်းနံပါတ် တောင်းသတဲ့။ ကျွန်တော့်အိမ်ကလည်း ကျွန်တော် မအားတဲ့အကြောင်း၊ သင်တန်းတစ်ခု ကိုင်နေလို့ ဖုန်းဆက်လို့ မရကြောင်း၊ ဒါ့ကြောင့် နံပါတ် မပေးနိုင်ကြောင်း ကျကျနန ရှင်းပြလိုက်သေးတယ်ဆိုပဲ။ သည်ကြားထဲကမှ ဖုန်းနံပါတ်ကို မရအရ ရှာဆက်တဲ့သူတို့ရဲ့ “တစ်ဖို့တည်း ကြည့်တတ်တဲ့” စိတ်ဓာတ်ကို ဩချရတော့မှာပါ။)
ကိစ္စက ကျွန်တော့်ကို တွေ့ဆုံ မေးမြန်းချင်လို့တဲ့။ သူတို့ ဂျာနယ်ရဲ့ အထူးထုတ် အချပ်ပိုကဏ္ဍမှာ ထည့်ချင်လို့ဆိုပဲ။ အမယ်… တောင်းတဲ့ အချိန်ကိုလည်း ကြည့်ဦး။ အခုညနေ တွေ့ပါရစေတဲ့။ သူ ဖုန်းဆက်တဲ့ အချိန်က နေ့ခင်း ၃ နာရီ ထိုးခါတောင် နီးနေပြီ။ ညနေ တွေ့ချင်တယ်ဆိုတော့ နောက်ထပ် ၂ နာရီ ၃ နာရီလောက်နေရင် တွေ့ချင်တာ။ တော်တော် လွယ်ပါလား။
ကျွန်တော် ယတိပြတ် ငြင်းလိုက်ပါတယ်။ ပြောလည်း ပြောဖြစ်လိုက်တယ်။ မင်းတို့ ဂျာနယ်က ကျုပ်ကို အိမ်သာလို သဘောထားတာမို့လို့ မတွေ့နိုင်ဘူးလို့။
မှန်ပါတယ်။ အဲဒီ့ဂျာနယ်က ကျွန်တော့်ကို လုပ်ပေါင်းများနေပြီ။ အင်တာလာ ဗျူးတယ်။ ရေးပြီး ပုံမနှိပ်ခင် ကျွန်တော့်ကို လာပြပါ့မယ်၊ ဂျာနယ်ထွက်ရင်လည်း လာပေးပါ့မယ်တို့ ရွှန်းရွှန်းဝေအောင် ပြောတတ်ကြတယ်။ ပြီးရင်တော့ ပေါ်မလာ ဇာတ်ကား ရိုက်စမြဲပဲ။
အဲဒါကိုလည်း ဖုန်းဆက်တဲ့ ကလေးမလေးကို ပြောပြလိုက်တယ်။
“လိုချင်ရင်တော့ ညည်းတို့က ရွှန်းရွှန်းဝေလို့… ပြီးရင်တော့ လှည့်ကို မကြည့်တတ်ကြတာမို့ ညည်းတို့ ဂျာနယ်ဆို ကျုပ် မတွေ့နိုင်ဘူး”လို့ပါပဲ။
ကလေးမလေးက ပြန်ပြောတယ်။
“အဲဒါ သမီးမှ မဟုတ်တာ…”
မှန်တာပေါ့။ သိပ်မှန်တာပေါ့။ အဲဒီ့စကားကြောင့် ကျွန်တော် သည်စာကို ရေးဖြစ်သွားတာပါ။
သူ့ရှေ့က လူတွေ လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို သူ အခု ခံစားနေရတာ ဖြစ်ပါတယ်။ သူ လုပ်တာကတော့ ကျွန်တော့်အိမ်က သေချာ ပြောထားပါလျက်ကနဲ့ ကျွန်တော့် ပါလေရာဖုန်းကို မရမက လှမ်းဆက်တာ၊ အမှန်းကမ်းလမ်း မသိစွာ နာရီပိုင်းပဲ ခြားပြီး တွေ့ခွင့်တောင်းတာရယ်တို့ပါပဲ။ သူ့လုပ်ရပ်ရယ်၊ သူ့ရှေ့က သူ့ဂျာနယ် နာမည်ခံပြီး ဆုံခဲ့ရဖူးသူတွေရဲ့ လုပ်ရပ်ရယ် နှစ်ခု ပေါင်းလိုက်တဲ့အခါမှာ ကျွန်တော် အတော် ခါးသီးသွားပါတယ်။
သူ့ရှေ့က လူတွေဟာ ရိုးရိုး လူ၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ ကျွန်တော့်ဆီ ရောက်လာပြီး ကျွန်တော်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ မဟုတ်ဘူး။ သူတို့ တာဝန် ထမ်းဆောင်ရာ ဂျာနယ် နာမည်တပ်ပြီးတော့ လာတာ ဖြစ်ပါတယ်။ သည်အခါမှာ လူပုဂ္ဂိုလ် ငဖြူ၊ ငမည်းကို ကျွန်တော် မှတ်မနေ အားပါဘူး။ ဂျာနယ်ကိုသာ မှတ်ထားလိုက်ပါတယ်။
လူတိုင်းလည်း ကျွန်တော့်လိုပဲ နေမှာပါ။ ရင်ဘတ်မှာ နာမည် ချိတ်ထားတဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်က ဝန်ထမ်းပင်ဖြစ်စေဦးတော့၊ လူထက် သက်ဆိုင်ရာ ဆိုင်ကိုသာ မှတ်မိနေပြီး အဲဒီ့ဆိုင်က ဝယ်လို့ ကောင်းတယ်၊ မကောင်းဘူး၊ ချေငံတယ်၊ မချေငံဘူးလို့သာ မှတ်ထားကြမှာ သူသူငါငါပါပဲ။
အခုကလေးမလေးလည်း သူ့ရှေ့က အစဉ်အဆက် လုပ်လာကြသမျှရဲ့ ဒဏ်ကို ခံလိုက်ရပါတယ်။ သူ လုပ်တာ မဟုတ်ပေမယ့် သူတာဝန် ထမ်းဆောင်ရာ ဂျာနယ်တိုက်ကို ကိုယ်စားပြုပြီး ကျွန်တော့်ဆီ လာခဲ့ဖူးတဲ့ ဝန်ထမ်း သုံး-လေးယောက်ရဲ့ လုပ်ရပ်ကြောင့် သူ့ဂျာနယ်ဆိုရင် သည်အပေါက်ပဲ လာမှာလို့ ကျွန်တော် တစ်ထစ်ချ တွက်ဆလိုက်ပါပြီ။
ပြောခဲ့တဲ့ အယ်ဒီတာမင်း ကျွန်တော့်တပည့်လည်း အတူတူပါပဲ။ လိုချင်တာ ရှိတဲ့အခါ ရှေးတုန်းက ဆရာတပည့် ဖြစ်ခဲ့ဖူးတာကို ဇာချဲ့ပြီး သွားဖြီးလေးနဲ့ ရောက်လာ၊ ဆရာ့စာတွေကို ဘယ်လိုဖတ်တာ၊ ဆရာ့စာတွေက သူ့ဘဝအတွက် ဘယ်လို အကျိုးရှိတာတွေကို ရွှန်းရွှန်းဝေ ပြောပါတယ်။ လိုချင်တာ ယူပါတယ်။ ပြီးတော့မှ ကျွန်တော့်ဆီကို မာကြောင်း၊ သာကြောင်း ဓာတ်ချောစာလေးတောင် မပို့တော့ပါဘူး။ စုပ်စမြုပ်စ ပျောက်သွားပါတော့တယ်။
ကျွန်တော်ဟာ သတင်းသမားအတုဘဝမှာ ၁၅ နှစ်လောက် နေခဲ့ဖူးပါတယ်။ သတင်းသမားမဟုတ်ပေမယ့် သတင်းအလုပ်တွေ လုပ်ခဲ့ရတာပါ။ သည်အခါမှာ သတင်းရင်းမြစ်တွေကို အမြဲတစေ ဂရုစိုက်ရပါတယ်။ သတင်းရနိုင်တဲ့ အလားအလာ ရှိသူများမို့ အဆက်အသွယ် မပြတ်အောင် ထိန်းသိမ်းမွမ်းမံထားရပါတယ်။
မလိုရင် ပစ်ထားပြီး လိုတော့မှ သွားတောင်းရင် တစ်ခါက နှစ်ခါပဲ ရပါမယ်။ သုံးခါလောက်ကျရင်တော့ မျက်ထောင့်နီလာပါလိမ့်မယ်။ လေးခါ ဆိုရင်တော့ ခေါင်းရမ်းမှာက သေချာသလောက်ပါပဲ။ ဒါ့ကြောင့် သတင်းသမားဟာ အဆက်အသွယ်တွေကို မပြတ် ထိန်းသိမ်းထားရပါတယ်။ ဒါ သတင်းလောကရဲ့ အထာပါ။
ယုတ်စွအဆုံး ယမကာတိုက်ကျွေးတဲ့ ဧည့်ခံပွဲမျိုးဆိုရင်တောင် သတင်းသမားက မူးလို့ မရပါဘူး။ ဧည့်ခံပွဲထဲမှာ သတင်းအရင်းအမြစ်တွေကို ဖွေရှာရတယ်၊ မွန်းမံရတယ်။ အရင်းအမြစ် အသစ်တွေကိုလည်း မုဆိုး ကျားချောင်းသလို အနံ့ခံလိုက်ရပါတယ်။ သတင်းသမားအတွက် အလုပ်ချိန် အကန့်အသတ် မရှိဘူး။ ၂၄ နာရီလုံးဟာ သတင်းသမားရဲ့ အလုပ်ချိန်ပဲ။ ကျွန်တော့်ရဲ့ အဲဒီ့ ၁၅ နှစ်သက်တမ်းအတွင်းမှာ ၃၆ နာရီလောက် မနားတမ်း၊ လုံးလုံး မအိပ်ဘဲ သတင်းနောက် လိုက်ခဲ့ရတာမျိုးတွေ နှစ်ကြိမ်၊ သုံးကြိမ် ရှိဖူးတယ်။
ဒါပေမယ့် သတင်းသမားက အကင်းပါးရတယ်။ အလိုက်ကမ်းဆိုး သိရတယ်။ ကိုယ့်ကို ကြည်ဖြူအောင် နေရတယ်။ သူနဲ့သူ သင့်ရာလေးတွေလည်း ကိုယ်နိုင်သလောက် လုပ်ပေးရတယ်။ လာဘ်ထိုးတာ မဟုတ်ပေမယ့် သိပ်အရေးကြီးတဲ့ အဆက်အသွယ်တွေကိုဆိုရင် သတိတရနဲ့ ဝယ်ခြမ်းသွားတာလေးတွေ လုပ်ပေးရတယ်။ အထူးသဖြင့် သူ့ဆီက ဘာသတင်းမှ ရစရာ မရှိတဲ့ အချိန်မှာ ပိုတောင် လုပ်ထိုက်သေးတယ်။ ကိုယ်လိုချင်မှ သွားပေးရင် ကိုယ့်စေတနာက မူမမှန်ဘူး။ ဘာမှ မလိုအပ်ချိန်မှာ ပေးထားတော့ ကိုယ့်ကို သူမျက်နှာ နာနေပြီ။ ကိုယ်မတောင်းတောင် သူက ပေးချင်နေပြီ။ အဲလိုဖြစ်အောင် အားထုတ်ရတယ်။ ကြိုးစားရပါတယ်။
သတင်းသမား အချင်းချင်းဆိုလည်း အလားတူပဲ ဆက်ဆံရပါတယ်။ ဒါကျတော့ ကိုယ့်ဘက်က သူ့ကို သတင်းဦး သတင်းထူးကို  ပြန်ပေးသင့်တဲ့အခါလည်း ပေးရတာမျိုးပါ။ ကိုယ်က သတင်းထူးတိုင်း သူ့ကို ပေးထားရင် သူကလည်း ကိုယ့်ကို ပြန်ပေးလာမှာ သေချာသလောက်ပါပဲ။ တစ်ခုတော့ ရှိသပေါ့။ ကိုယ်က သတင်းထူး လိုက်ရတဲ့ သတင်းသမားဆိုရင်တော့ ကိုယ့်စာစောင်အတွက် အရင် ရေးစရာရှိတာရေး၊ ပို့စရာ ရှိတာပို့ပြီးမှ ပေးတန်တာ ပေးရတာမျိုးဖြစ်ပါတယ်။
တစ်ခါတလေကျတော့ ကိုယ်ရတဲ့ သတင်း အရင်းအမြစ်က မခိုင်လုံဘူး။ အတည်ပြုဖို့ လိုနေတယ်။ သတင်းသမားချင်း ပလဲနံပသင့်နေရင် အဲဒါ သိပ်အဆင်ပြေတယ်။ သူ့သတင်း ကိုယ့်သတင်း တိုက်ဆိုင်ကြည့်ရင် အဖြေက ထွက်လာနိုင်စရာ အကြောင်းများတယ်။ ဒါပေမယ့် အဲလိုဖြစ်နေဖို့က သတင်းသမားချင်း အဆက်အသွယ်ကိုလည်း ထာဝရ မွမ်းမံနေရတယ်။ ထိန်းသိမ်းနေရပါတယ်။
ကျွန်တော်က သတင်းပညာ တတ်တာ မဟုတ်ဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ နိုင်ငံတကာ သတင်းသမားအဘိုးကြီးတွေနဲ့ သိခွင့်ကြုံရတယ်။ အများစုက သက်ရှိ ထင်ရှားတောင် မရှိတော့ပါဘူး။ သတင်းဘိုးအေကြီးတွေလို့ပဲ ဆိုပါစို့ရဲ့။ သူတို့ဆီက တိုက်ရိုက် သင်ယူရတာလည်း ရှိတယ်၊ သွယ်ဝိုက် သင်ယူရတာတွေလည်း ရှိတယ်။ အဲဒီ့အတွေ့အကြုံတွေက ကျွန်တော့်အတွက် ဝမ်းစာတွေပါပဲ။
အခုကာလမှာ ဂျာနယ်တွေ အပြိုင်းအရိုင်းပေါ်ထွန်းလာတာ အားရစရာကြီးပါ။ ဒါပေမယ့် အဲဒီ့ဂျာနယ်တွေကသတင်းလိုက်သူ၊ သတင်းရေးသူ အများစုကတော့ ချာတူးတွေဖြစ်နေတာ ကိုယ်တိုင် ခဏခဏကြုံရတယ်။ သူတို့က သတင်းအရင်းအမြစ်ကို အိမ်သာလိုပဲ သဘောထားနေကြတယ်။ သူတို့ အသုံးလိုတဲ့အခါ မျက်နှာလိုအားရ လုပ်လိုက်ကြ၊ အသုံးမလိုတဲ့အခါ ကျ လှည့်တောင် မကြည့်ကြနဲ့၊ တော်တော့်ကို အော့နှလုံးနာစရာ ကောင်းနေတယ်။ အထူးသဖြင့် နာမည်ရှိတဲ့၊ စောင်ရေကောင်းတဲ့ ဂျာနယ် မဂ္ဂဇင်းတွေဆို သာဆိုးသေးတယ်။ အဲဒီ့အရှိန်အဝါကို သုံးပြီး ပြောလိုက်ရင် လူတိုင်းက လက်ခံလိမ့်မယ်လို့ တရားသေ မှတ်ထားကြတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်၊ ကိုယ်ပြောလိုက်တဲ့စကားဟာ ကိုယ်ကိုယ်စားပြုရာ စာစောင်ကိုသာ ရောင်ပြန်ဟပ်နေမှန်းလည်း မသိရှာကြဘူး။
သတင်းအရင်းအမြစ်ကို မွမ်းမံ ထိန်းသိမ်းရကောင်းမှန်းလည်း မသိဘူး။ လိုချင်ရင်တော့ ပျာပျာ ပျာပျာနဲ့ ပေါ်လာကြစမြဲ။
အခုတော့ ဖြစ်ပြီ။
ကလေးမလေးက ပြောသေးတယ်။ “ဆရာက တော်တော် ရက်စက်တာပဲ”တဲ့။ ဟား… သူက ကျွန်တော့်ကို တံဆိပ်ကပ်၊ အကဲဖြတ်တဲ့ စကားပြောသွားတာပါပဲ။ သူက စကားလှအောင် ပြောတာဖြစ်ပါလိမ့်မယ်။ အမှန်က “ရှင်တော်တော် ရိုင်းတာပဲ”လို့ ပြောလိုက်တာပါ။
“အေး… ရက်စက်တယ်ကွာ”လို့ ပြောပြီး ကျွန်တော် ဖုန်းပိတ်လိုက်ပါတယ်။
အဲဒီ့နေ့ကစပြီး အဲဒီ့တယ်လီဖုန်းကိုလည်း ကျွန်တော် လုံးဝ မကိုင်တော့ပါဘူး။
ဟုတ်တယ်… ကျွန်တော် လုပ်လို့ရတာဆိုလို့ ဒါ ရှိတော့တာပဲ။ သည် စာနယ်ဇင်းလောကကြီးထဲက ငါးခုံးမတွေကို ကျွန်တော် လိုက်ဖမ်းနေလို့ ရမှာမှ မဟုတ်တာပဲဗျာ… နော…
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ရန်ကုန် – ၁၀ဝ၉၁၀)
(၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်ထားတာပါ။)
Advertisements
6 Comments leave one →
  1. 11 October 2010 4:30 pm
    ဟုတ်တယ်ဗျ….
    လောကမှာ ကိုယ့်ကို အိမ်သာလို သဘော ထားတဲ့ သူတွေ တပုံကြီးပဲ….။ လိုချင်တာလေး ရှိရင် အမြီးလေး တနန့်နန့်နဲ့..။
    ဒါနဲ့…. ပါလေရာဖုန်းက SMS (message) ပို့ မရလို နေမယ်နော်….။ ပထမ အရင် SMS ပို့ ပြီးမ ခေါ် ပြောမယ် ဆိုရင်တော့ အဆင်ပြေ မယ်ထင်ပါရဲ့…။
  2. Mr.Moe permalink
    11 October 2010 7:38 pm
    ဂျာနယ်တွေအများကြိးထွက်လာတော့ ၀မ်းသာစရာပါ…သတင်းထောက်ကောင်းတွေရှားပါးနေတာကတော့ အတော်
  3. မိယု permalink
    11 October 2010 7:39 pm
    သူမလည်း အလုပ်မှာ အထက်လူကြီးက အရမ်းဖိအားပေးလို့ နေမှာပေါ့…။
    ဖုန်းမဆက်ချင်ပါဘူးဆိုမှ အတင်းဆက်ခိုင်းတာမျိုး..။
    လေးစားအပ်သော လူကြီးမင်းများအလယ် ကြားညပ်ခြင်း
    ကိုယ်ချင်းစာမိလိုက်လို့ပါ…။
    သူမ မှန်တယ်လို့တော့ မပြောပါရှင်..။
    • lettwebaw permalink
      11 October 2010 8:30 pm
      ကျေးဇူးတင်ပါတယ် ဒေါ်မိယု။ ဒေါ်မိယု ပြောတာ အလွန်ဖြစ်နိုင်ပါတယ်။ “သူမ”နဲ့ တိုက်ရိုက်ဖြစ်လိုက်ရတာမို့ သူ့ကို ဦးတည်လိုက်ရပေမယ့် တကယ်တော့ အဲဒီ့ ဂျာနယ် ကျွန်တော့်အပေါ်မှာ မချေငံနေတာ အတော်ကြာပါပြီ။ ငါတို့က ဧရာမ ဂျာနယ်ကြီးပဲဆိုတဲ့ အပေါက်မျိုး ချိုးနေတယ်လို့ ခံစားရတာ ဆယ်နှစ်မကတော့ဘူး။ အဓိကက အဲဒီ့ဂျာနယ်ကို ပြောချင်တာပါ။ ဟိုကလေးမက ဓားစာခံဖြစ်သွားရရှာတာပါ။ အဲဒီ့ကလေးမအပေါ်လည်း မငြိုငြင်မိရိုး အမှန်ပါ။ နီးရာဓား ကြောက်ရတဲ့ သူ့အနေအထားကို စာနာလို့ ရပါတယ်။
  4. မိုးကြီး permalink
    11 October 2010 8:43 pm
    အိမ်သာလိုသဘောထားတယ် ဆိုတဲ့အသုံးအနုန်းလေးကို ကြိုက်တယ်ဗျာ….ကျနော်လည်းအိမ်သာလိုမျိုး အသုံးချခံရတာတွေရှိတယ်ဗျာ…ပြောမယ့်စကားလုံးကရှာမတွေ့တာ…ဆရာ့စာဖတ်မှ သိတာ…နောက်ဆိုပြောမယ်ဗျာ….ဆရာ့စာတွေကို အမြဲစောင့်ဖတ်လျက်…….
  5. 12 October 2010 8:50 am
    တစ်ခါတစ်လေကျရင် ဂျာနယ်တွေ မဂ္ဂဇင်းတွေဆိုတာ ဘယ်လိုဘယ်လို အသစ်ထွက်လာမှန်းကို မသိဘူးလို့ ခံစားရတယ်။ များလွန်းလို့။ ပြီးတော့ အယ်ဒီတာကိုယ်တိုင်ကတောင် စာလုံးမှန်အောင်မပေါင်းနိုင်တာမျိုးတွေ့ရင် တချို့တကယ်တော်တဲ့ စာနယ်ဇင်းသမားတွေကို အားနာပေမဲ့ ဘယ်လိုလူတွေများ စာနယ်ဇင်းလုပ်နေကြလဲမသိဘူးလို့ အံ့သြမိပါတယ်။ (ရှင်းရှင်းပြောရရင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မဟုတ်တဲ့ ကျောင်းပြီးထားတဲ့ သူတွေက အလုပ်ရှာမရရင် ဂျာနယ်လစ်ဝင်လုပ်နေလားလို့တောင် တွေးမိတယ်၊ တကယ်လည်း အဲလိုလူတွေ တွေ့ဖူးနေတာကိုး)။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: