Skip to content

After You by U Hpone (Datu)

15 October 2010

သည်တစ်ခါတော့ ကျွန်တော်ရေးတဲ့ စာ မဟုတ်ဘဲ သူများရေးတဲ့ စာလေးကို တင်ဆက်လိုက်ချင်ပါတယ်။ ပထမဆုံးက စာကောင်းလေးတစ်ပုဒ်မို့ ပြန်လည် တင်ဆက်တာပါ။ ဒုတိယကတော့ အဲဒီ့စာကို Facebook မှာ မျှဝေလိုက်တော့ တက်လာတဲ့ comment တချို့ကြောင့် အခု ကျွန်တော့် ဘလော့(ဂ်)မှာ အမှတ်တရ မှတ်တမ်းတင်မိရခြင်းပဲ ဖြစ်ပါတယ်။ မူရင်း စာကို ဦးစွာ ပထမ ဖတ်ကြည့်တော်မူကြပါဦး။ သြော်… Facebook မှာ ဒါကို ကျွန်တော့် ဇနီးက Note အဖြစ်နဲ့ တင်လိုက်တာပါ။ အဲဒါကို ကျွန်တော်က ပြန်မျှတာဖြစ်ပါတယ်။ ကျွန်တော့် post မှာ “မဖြစ်မနေ ဖတ်ကြည့်ကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံပြီး အလေးအနက် တိုက်တွန်းလိုက်ချင်ပါတယ်”ဆိုတဲ့ နိဒါန်းလေးနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့ အာဖတာ – ယူ

ရှက်ရှက်နဲ့ ၀န်ခံပါရစေ။

ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့

တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်း ဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ”လို့ ခံစားရတယ်။

သည်လိုနဲ့ မန္တလေးကို သွားမယ့် လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကို တက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့် ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာ ဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့ တက်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်။ သည်လိုနဲ့ လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်နားအပေါက်က ကျွန်တော်တို့ တက်ရတယ်။ သည်လိုပါပဲ… လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊

ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲ ဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ် တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ် တက်ပြီးလို့ ၁၀ မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာ သုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီး ဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံနားလည်း ရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူး တစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင် ယူရမှာ။ ကျွန်တော်က အတွင်းဖက်က ခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်း ပြောတယ်။

“After you”

အဲ့ဒီစကားကို ကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ… ပြီးနောက်။

you ဆိုတာ… သင်၊ မင်း၊ နင်၊ ရှင်။

သည်တော့… “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်း အရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ  “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့…။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့…။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့…။

ငါအဆင်ပြေဖို့…။

“After me”….

“After me”….

“After me”….

ငါပြီးမှ မင်း…။ ငါအရင်…။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

သည်အကြောင်းကို အိမ်ရောက်တော့ အဖေနဲ့ အမေကို ပြောပြမိတယ်။ အမေ ပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေက ချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ… မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတ

ယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ် အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရ

မှာ။

“အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာ ကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me

” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်”

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”။

ကိုယ်ကလည်း သူ့အပေါ် “After you”။

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you”

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

[ရွှေမန္တလေးဂျာနယ်၊ အမှတ်စဉ် (၂၇၁)၊ ၂၁.၇.၂၀၀၈ မှာ ပထမဆုံး စတင်ဖော်ပြခဲ့ပြီး လင်းလွန်းခင် စာပေမှ စာမူခွင့်ပြုချက်အမှတ်  ၄၀ ၀၉ ၅၄ ၀၈ ၀၉ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့ “တွင်း (အတွေးစာ စကား)” (စာ ၇၉ – ၈၂) မှ ကူးယူဖော်ပြပါသည်။]

သည်စာလေးကို ဆိုခဲ့တဲ့အတိုင်း ကျွန်တော့် Facebook က တစ်ဆင့် ဝေမျှလိုက်တဲ့အခါ လူကြိုက်များတာကို တွေ့ရသလို comment တွေလည်း တက်လာပါတယ်။ တက်လာတဲ့အထဲက comment တစ်ခုကို ကျွန်တော် သိပ် မကျေလည်လှပါဘူး။ ဒါနဲ့ ဆွေးနွေးဖြစ်သွားပါတယ်။ အဲလို ဆွေးနွေးတဲ့အခါ တစ်ဖက်ကလည်း ပုဂ္ဂိုလ်ရေးတွေ မပါဘဲ ချေငံ ဖွယ်ရာစွာ ပြန်ဆွေးနွေးလာတာကို တွေ့ရတော့ သိပ်ကို ကြည်နူးစရာ ကောင်းသွားပါတယ်။ အဲဒီ့ ဆွေးနွေးချက်တွေကိုပါ တစ်လက်စတည်း ဖော်ပြလိုက်ချင်ပါတယ်။

    • Khaing Khaing Nyein ကျေးဇူးပါ ဆရား)
    • Nyein Aye Eain မဖြစ်မနေ ဖတ်ကြည့်ကြပါ ဆိုတဲ့အညွှန်းနဲ့ ထိုက်တန်ပါပေတယ်။
    • Nandar Soe ကောင်းလိုက်တာ….။ ကိုယ့်ကိုယ်ကိုယ် After you လား… After me လားဆိုတာ မညှာမတာ စဉ်းစား ရဦးမယ်….။
    • Khaing Thazin ကျေးဇူးပါပဲ ဆရာရယ်။ တချို့ နေရာတွေမှာ After me ဖြစ်နေသေးတာ ကိုယ့်ကိုယ်ကိုယ် တွေ့လိုက်ရတယ်။
    • Maung Tha ရောဂါကတော့ တော်တော် ရင့်နေပြီ… မျိုးရိုးလိုက်ပြီး အရိုးစွဲနေပြီ…
    • Aung Soe ကျွန်တော်တို့တစ်တွေ ဖြစ်ပျက်နေကြတာကိုကြည့်ပြီး သူက ရွဲ့ပြောလိုက်တာဖြစ်မယ်ထင်ပါတယ် ခင်မျ …
    • Kyaw Thu Yein Lwin နိုင်ငံကြီးသားပီသ ရမှာပေါ့ဗျာ.. အဓိက က အဲဒါ ကွာသွားတာပဲ.. ခပ်ငယ်ငယ် ဘ၀ ကျောင်းသားဘ၀မှာတဲက အဲဒီလို စိတ်မျိုး After you လိုစိတ်မျိုး ၀င်လာအောင် train လုပ်ပေးရမှာ.. ဒါပေမယ့် နိုင်ငံခြားသားတိုင်း ဒီလို စိတ်မျိုးရှိလိမ့်မယ်လို့ ဇွတ် အထင်ကြီးစရာတော့ မလိုဘူးဗျ..
    • Aung Soe ဟုတ်တယ်ဗျ နိုင်ငံခြားသားတိုင်းတော့ အဲလိုမဟုတ်ဘူး … သူတို့က သူများနိင်ငံမှာ လာလည်တာဆိုတော့ ပြဿနာ မဖြစ်အောင် ထိန်းနေတဲ့ သဘောပါ… ဆရာ ပြောသလိုဆိုရင်တော့ ဒီပြဿနာဟာ ကျောင်းဆရာ/ဆရာမတွေဆီ လှည့်သွားပြီ ဟဲဟဲ… 

    • Atta Kyaw ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်လို့ ရှင်းလင်းပေးပါ။ မူရင်း ဦးဘုန်း (ဓာတု) ရဲ့ စာထဲမှာ “နိုင်ငံခြားသားတိုင်း သည်လို စိတ်မျိုးရှိလိမ့်မယ်ဆိုပြီး ဇွတ်အထင်ကြီးထားရာ ရောက်တဲ့ ၀ါကျသော်လည်းကောင်း၊ စကားလုံးသော်လည်းကောင်း” ကျွန်တော်ဖြင့် တစ်လုံးတစ်ပါဒမျှ မတွေ့မိပါ။ သူ့စာက အဲဒါမျိုး ကင်းရှင်းနေတယ်လို့ မြင်မိလို့ သည်စာကို လက်ဆင့်ကမ်းလိုက်တာပါ။ အဲလို အနက်ကောက်စရာ ၀ါကျမျိုး၊ ဝေါဟာရမျိုး တစ်လုံးတစ်လေဖြစ်စေ၊ တစ်ပိုဒ်ကိုဖြစ်စေ ထောက်ပြပေးမယ်ဆိုပါက ကျွန်တော် သည်စာကို ချက်ချင်း ဖြုတ်လိုက်ပါ့မယ်ခင်ဗျား။ နိုင်ငံခြားသားက သည်စကား ပြောလိုက်တယ်၊ စာရေးသူက အတွေးစရသွားတယ်။ ကျန်တာက သူ စဉ်းစားတယ်၊ သူ့အမေက ပြောပြတယ်။ သည်လိုပဲ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် လွဲနေရင် တည့်မတ်တော်မူပေးကြပါခင်ဗျား။
    • Aung Soe ဆရာ့ရဲ့ စာကို ဝေဖန်တာ မဟုတ်ပါဘူးခင်မျ… သူပြောတာကလည်း နိုင်ငံခြားသားတိုင်းမှာလည်း အဲလိုစိတ် ရှိလိမ့်မယ်လို့ အထင်ကြီးစရာ မလိုဘူးလို့ပဲ ရေးထားတာပါ ဆရာ့စာထဲမှာလည်း ပါတယ်လို့ မပြောပါဘူးခင်ဗျ … 

    • Atta Kyaw ဒုက္ခပဲ ဆရာအောင်စိုးရေ… မပါတာကို ပြောလိုက်တော့ အဓိပ္ပာယ်က ဘယ်ရောက်သွားတုံးဗျာ။ ဘုရားတရားအကြောင်း ဆွေးနွေးနေတုန်းမှာ “ခင်ဗျာ့ မိန်းမ နေရောကောင်းရဲ့လား။ ကျွန်တော်က စေတနာနဲ့ မေးတာနော်”ဆို အဓိပ္ပာယ်က ဘာဖြစ်သွားမလဲဟင်င်င်… ထပ် သဘောမပေါက်တော့ဘူး ကိုကို…။
    • Kyaw Thu Yein Lwin မှန်ပါတယ်ဆရာ.. မူရင်းစာထဲမှာ “နိုင်ငံခြားသားတိုင်း သည်လိုစိတ်မျိုး ရှိလိမ့်မယ်” ဆိုပြီး အနက်ရတဲ့ ၀ါကျတွေ၊ စကားလုံးတွေ မပါပါဘူးခင်ဗျာ။ “ဇွတ် အထင်ကြီးထားတယ်” ဆိုတဲ့ စကားလုံးတွေ၊ ၀ါကျတွေလည်း မပါ ပါဘူး ခင်ဗျာ။ မူရင်း စာစုလေးရဲ့ အနှစ်သာရက သတ်သတ်ပါ။ တကယ်လည်း ကောင်းပါတယ် ဆရာ။ ကျွန်တော်လည်း ဆရာ့စာ ဖတ်ရင်းက ခေါင်းထဲ “တို့လူမျိုးများဖြင့် အတော်လိုပါသေးလား..” လို့ ရော၊ နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း After me ဖြစ်ခဲ့တာမျိုးတွေ ပြန်မြင်လာပါတယ် ဆရာ။ ဒါနဲ့ပဲ ခေါင်းထဲ ဆက်ရောက်လာတာက အလေ့အထကနေ အလေ့အကျင့် ဖြစ်သွားရင် ပြင်ဖို့ ခက်တယ် ဆိုတဲ့စကားလေးပါပဲ ခင်ဗျာ။ (ဆရာကျော်ဝင်းရဲ့ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ 7 Habits for Highly Effective Teens” ထဲမှာ ပါတဲ့ စကားလို့ ထင်တာပဲ။ အဲဒီမှာ ငါတို က အပြုအမူတွေကို လုပ်၊ အပြုအမူတွေက ငါတို့ ကိုလုပ်ဆိုတာလဲပါတယ် ခင်ဗျ) ဒါနဲ … ဒီလို အလေ့အထမျိုးတွေ ဖြစ်မလာအောင် ငယ်ငယ်တည်းက သင်ကြားပေးသင့်တယ်လို့ ထင်လို့ ရေးတာပါ ခင်ဗျ။ နောက်တစ်ချက်ကတော့ နိုင်ငံခြားသားတိုင်း ဟောဒီ စာထဲက နိုင်ငံခြားသားလို စိတ်မျိုး မရှိလောက်တဲ့ အကြောင်း၊ ကျွန်တော်တို့ လူမျိုးတွေက နိုင်ငံခြားသားဆို ကြောက်တတ်၊ အထင်ကြီးတဲ့ စိတ်အခံတွေ ရှိနေတတ်တာမို့ “ဇွတ်အထင်ကြီးစရာ မလိုဘူး” ရေးလိုက်တာပါ ခင်ဗျာ.. တကယ်လို့ များ အမှားပါသွားရင် ကျွန်တော့ Comment ကို ပြန် ရုတ်သိမ်းပါတယ် ခင်ဗျာ။ 

      လေးစားလျက်…
    • Kyaw Thu Yein Lwin ဘုရားတရားအကြောင်း ပြောနေရင်း…မိန်းမအကြောင်းတော့ မရောက်သေးပါဘူး ဆရာရဲ့… ဆိုပါစို့… သစ်ကနက်ဘုရား ကောင်းကြောင်းလေး ပြောရင်းက သစ်ကနက် ဘုရားတိုင်း သစ်ကနက်အစစ်တော့မဟုတ်ဘူးဗျလို့ ဝင်ပြောမိတာပါဗျ။ ခက်တာက အစစ်အတု ပြောတဲ့ကိစ္စ မဟုတ်တာ ဖြစ်နေတာကိုးဗျ။ လွန်တာရှိ ၀န္ဒာမိ ပါ ဆရာရေ.. 

    • Aung Soe Sorry ဗျာ ဆရာ့အာဘော်နဲ့ ကျွန်တို့ comment က လိုက်ဖက်မညီ jဖစ်သွားတယ် … စိတ်မရှိပါနဲ့ …လေးစားစွာဖြင့်…
    • Atta Kyaw ဆောရီးပါ ဆရာရို့။ ကျွန်တော် သိပ်စိတ်ထိခိုက်သွားလို့ပါ။ ထစ်ခနဲရှိ အရှေ့တိုင်း၊ အနောက်တိုင်း၊ အရှေ့သား၊ အနောက်သားဆိုပြီး အသားအရောင်၊ အယူဝါဒ၊ ကျား-မ၊ ဇာတိမျိုးနွယ်တွေကိုသာ ကိုင်စွဲ ပြောဆိုလေ့ရှိတဲ့ အရှေ့သားတွေ ကြားမှာ နေရတာ သိပ်ကြာလွန်းမက ကြာလာပါပြီ။ ကျွန်တော် အဓိက ထားပြီး ရေးနေတဲ့ ကလေးသူငယ်စိတ်ပညာ၊ အိမ်ထောင်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ စပ်လျဉ်းတဲ့ အပြုအမူ၊ မိသားစု အကြမ်းဖက်မှု ပြဿနာတွေကို တချို့က အဲဒါ အနောက်တိုင်း အယူအဆတွေ၊ အရှေ့တိုင်းမှာတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပြောတာတွေ နားမဆန့်အောင် ကြားခဲ့ရဖူးတဲ့ အခံက ကျွန်တော့်မှာ ရှိနေတယ်။ ဆရာတို့ ဆေးပညာ၊ ခွဲစိတ်ပညာလည်း အနောက်တိုင်းက လာခဲ့တာပါပဲ။ အဲဒီ့ လူ့ကိုယ် ကျန်းမာရေးကိုကျတော့ လက်ခံပြီး လူ့စိတ်ကျန်းမာရေး၊ လူ့ဘောင် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လူ့အပြုအမူ ကိစ္စကျတော့မှ အနောက်တိုင်း၊ အရှေ့တိုင်း ခွဲခြားစကား ပြောလာရင် ဘယ်လို အူစပ် အသည်းစပ်သွားမှန်းကို မသိတော့ဘူး။ ဒါ့ကြောင့် အဲဒီ့ သဘောမျိုး မရေးမိအောင် သတိထားလည်း ရှောင်တယ်၊ သတိထားတဲ့ကြားက ခွဲခြားစကား ကြားမိရင်လည်း ဆွေ့ဆွေ့ခုန်သွားမိတတ်စမြဲပဲဗျို့။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက စိတ်ချဉ်ပေါက်မှုနဲ့ ခါးသီးမှုကိုလည်း နားလည်သည်းခံပေးပါတော့ ဆရာတို့ရေ။ 

      ကျွန်တော့်ဘက်ကလည်း လွန်တာရှိရင် ၀န္ဒာမိပါခင်ဗျာ။ ဆရာတို့ နှစ်ဦးစလုံးလို ချေငံ ဖွယ်ရာစွာ ဆွေးနွေးငြင်းခုန်မှုမျိုးတွေကို ကျွန်တော် အမြဲတစေ လက်ကမ်း ကြိုဆိုပါတယ် ခင်ဗျား။ (အဲဒီ့ အလေ့အကျင့်နဲ့ အလေ့အထလည်း လိုမယ်တော့ ထင်သဗျို့။)
    • Kyaw Thu Yein Lwin ကျေးဇူးတင်ပါတယ် ဆရာ.. Good Night ပါ ခင်ဗျာ..
    • Atta Kyaw Good night ပါ ဆရာ။ 

    • Than Htun Linn ရှဲသွားပါတယ် ဆရာ ။
    • Phyo Zar Thwin လွတ်လပ်စွာတွေး၊ လွတ်လပ်စွာရေး၊ ချေငံစွာ ဆွေးနွေးကြမှုကို သဘောကျပါ၏။ 

    • Pann Moh Moh Phyu very nice..could i share wth my fris???thks. 

    • Atta Kyaw Of course, everyone can share this since I’m also sharing what I’ve read and appreciated. After all Facebook is a nice ground for all of us to enjoy the pleasure of sharing, isn’t it?
    • Pann Moh Moh Phyu absolutely sayar!!!thks a lot..:)

ထူးတာ တစ်ခုကိုလည်း မဖြစ်မနေ တင်ပြပါရစေဦး။ အထက်က Facebook က ကွန်မန့်တွေမှာ ရေးသွားကြသူ အားလုံးဟာ မိမိတို့ မည်သူမည်ဝါ ဖြစ်ကြောင်း နာမည်မှန်များ ဖော်ပြထားသူများ ဖြစ်သလို သူတို့ရဲ့ ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်များကိုလည်း အမှန်အတိုင်း တင်ထားကြသူများ ဖြစ်နေတာပါပဲ။ တစ်နည်းပြောရရင် မိမိကိုယ်ကို လေးစားသူများဖြစ်ကြတဲ့အတွက် ဆွေးနွေးတဲ့အခါမှာလည်း တစ်ဖက်သားကို လေးလေးစားစားနဲ့ ချောချေငံငံ ဆွေးနွေးသွားကြတာ တွေ့ရပါလိမ့်မယ်။ တစ်နည်းပြောရရင် မိကောင်းဖခင် သားသမီး ပီသစွာ ဆွေးနွေးသွားတယ်လို့ ပြောနိုင်ပါတယ်။

“မိကောင်းဖခင် သားသမီး ပီသ”ဆိုတဲ့ စကားလုံးက မြန်မာဆိုရိုးစကားနဲ့ ဆက်စပ်နေပါတယ်။ “အမိယုတ်တော့ နှုတ်ကြမ်း၊ အဘ ယုတ်တော့ ကိုယ်အမူအရာ ကြမ်း”သတဲ့။ ကျွန်တော်တို့ အားလုံးရဲ့ ချေငံဖွယ်ရာမှု၊ အပြောအဆို ယဉ်ကျေးမှုများနဲ့ ကျွန်တော်တို့ရဲ့ မိခင်များအပေါ်မှာ ချစ်ခင် ရိုသေမှုကို ပြလို့ရပါတယ်။ နေ့စဉ် ပြနိုင်တဲ့ မိခင်ကို ကျေးဇူးဆပ်မှု တစ်မျိုးလို့ ကျွန်တော် ခံယူမိပါတယ်။ အလားတူပဲ၊ ကိုယ့်ရဲ့ နှုတ်မှုကြောင့် ကိုယ့်မိခင်ကို စော်ကားရာ၊ နှိမ့်ချရာလည်း ရောက်စေနိုင်တာကို လူတိုင်း သတိထားမိကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ လူ့ဘောင်ကြီးဟာ နာပျော်တဲ့၊ နားချမ်းသာစရာ ကောင်းလှတဲ့ လူ့ဘောင် ဖြစ်လာတော့မှာပါ။

အခုလို ချေငံဖွယ်ရာတဲ့ မိကောင်း ဖခင် သားသမီးများနဲ့ ဆွေးနွေးပြောဆိုခွင့်ရလိုက်တဲ့အတွက် ကာယကံရှင် ဆရာကျော်သူရိန်လွင်နဲ့ ဆရာအောင်စိုးတို့ကို လေးစားစွာ၊ ကျေးဇူးတင်စွာ မှတ်တမ်းတင်လိုက်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(151010)

Advertisements
4 Comments leave one →
  1. ခရေညို permalink
    15 October 2010 1:49 pm

    ကျမလည်း After you လား? After me လား? ဆိုတာ ပြန်စစ်ဆေးလိုက်အုန်းမယ်ဆရာ ရေ။
    အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးပါရှင်။

  2. 15 October 2010 5:05 pm

    စာကိုတော့ Facebook ထဲမှာ ဖတ်ခဲ့ ပြီး ပါပြီ…။ “ချေငံ ဖွယ်ရာစွာ ဆွေးနွေးငြင်းခုန်မှု” ဆိုတဲ့ စာသားလေး ကို ကြိုက်ပါတယ်…။ တကယ်တော့ ကိုယ့်အမြင် ကိုယ်ခံစားရတာကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကိုး။ ရိုးသား ပွင့်လင်း ခြင်းရဲ့ ရလဒ်တွေ ပဲလို ထင်မိပါတယ်…။

  3. 22 October 2010 1:22 pm

    တကယ်ကောင်းတဲ့၊ အကျိုးရှိတဲ့ စာပါဆရာ၊ မျှဝေတဲ့အတွက် ကျေးဇူးပါဆရာ။ လူ့ အဖွဲ့ အစည်းမှာ After you တွေများများရှိမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော် ဆရာ။ ကျွန်မလည်း တခါတလေ ကိုယ်ဖြစ်ချင်တာဖြစ်ရဖို့  After me ဖြစ်တတ်ပါတယ်။ ဒီစာဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်ဆရာ။

  4. KPS permalink
    30 September 2011 2:32 pm

    အကြောင်းအရာလေးနဲ့ အပြန်အလှန်ပြောထားတဲ့ comment တွေကို ဖတ်လိုက်ရတာ တကယ့်ကိုစိတ်ကျေနပ်မှုရသွားပါတယ် ဆရာအတ္တကျော်ရော commentတွေပေးပြီး အပြန်အလှန်ဆွေးနွေးပေးကြတဲ့ဆရာတွေကိုပါ ကျေးဇူးတင်ပါတယ်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: