Ode to Death

သေနည်း ကဗျာ

“ကိုယ်သေရင် မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့…” အစချီတဲ့ ဆရာမိုးဟိန်း (သား ဂျာနယ်ကျော်)ရဲ့ “မှာပါရစေ၊ ပြောပါရစေ” ကဗျာလေးကို ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ မှာ ဖော်ပြခဲ့ပါတယ်။

အဲတုန်းကတော့ အမှတ်တမဲ့ပါပဲ။ ကဗျာလေး ကောင်းတယ်။ သည်လောက်ပါပဲ။

ဆရာမိုးဟိန်းကို လူချင်းတစ်ခါသာ ဆုံဖူးပါတယ်။ ဆုံတယ်ဆိုတာလည်း သူက စင်ပေါ်က ကိုယ်က စင်အောက်က၊ သူပြောတာ နားထောင်၊ လက်ခုပ်တီးခဲ့တဲ့ အနေအထားမျိုးနဲ့သာ ဆုံဖူးတာပါ။ စကားတောင်မှ မပြောခဲ့ဖူးပါဘူး။ သို့ပေမယ့် ငယ်ငယ်ကတည်းက သူ့ကဗျာတွေနဲ့တော့ ရင်းနှီးနေတယ်။ မြန်မာထဲက ရှားရှားပါးပါး အင်္ဂလိပ်လို ကဗျာ အရေး ကောင်းတဲ့ ဆရာတစ်ဦးအဖြစ် စိတ်ထဲမှာ စွဲထင်နေခဲ့ပါတယ်။

ဆရာမိုးဟိန်းနဲ့ ဆုံခွင့်ရခဲ့တာက ဆရာ့ဖခင်ကြီး ဂျာနယ်ကျော်ဦးချစ် မောင်ရဲ့ အကြောင်းကို ဆရာ့မိခင် ဂျာနယ်ကျော်မမလေးက ရေးထားတဲ့ “သူလိုလူ”စာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့တဲ့ ပန်းချီဆရာမ၊ စာရေးဆရာမ မသိင်္ဂီကို ဆရာမိုးဟိန်းက ဂုဏ်ပြုတဲ့ ပွဲမှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဆရာမ မသိင်္ဂီက မောင်နှမ ရင်းချာပမာ ရင်းနှီး ခင်မင်ခဲ့တာ နှစ်ပေါင်း ၂၀ လောက် ရှိပါပြီ။ အဲတော့ ဆရာမက ဖိတ်လို့ အဲဒီ့ပွဲကို တက်ခွင့်ရခဲ့ရာက ဆရာမိုးဟိန်းကို မြင်ဖူးခွင့်ရခဲ့ပါတယ်။

ဆရာမိုးဟိန်းကွယ်လွန်တော့ ဆရာမက ဆရာ့အိမ်က ကျန်ရစ်သူ မိသားစုဆီ သွားတဲ့အခါမှာ ကျွန်တော့်ဇနီးကို အဖော်ခေါ်သွားပါတယ်။ ကျွန်တော့် ဇနီး ပြန်လာတဲ့အခါမှာတော့ အဲဒီ့ကဗျာစာရွက်လေး ပါလာတယ်။ ကျွန်တော့်ရင်ထဲမှာလည်း လူတော်တစ်ယောက် ဆုံးရှုံးသွားတာကို သတိထားမိနေတဲ့ စိတ်အခံက ရှိနှင့်နေတယ်။ အဲဒီ့အချိန်မှာ အဲဒီ့ ကဗျာလေးကို ဖတ်လိုက်တော့ ရင်ထဲကို ထိသွားပါတယ်။

အဲဒီ့ကဗျာထဲမှာ သိပ်ကြည်ညိုဖို့ ကောင်းတဲ့ ပါဒလေးတစ်ခု ပါတယ်။ “သပိတ် မသွတ်နဲ့၊ လွတ်ပြီးသား၊ ကျွတ်ပြီးသား”တဲ့။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ အဲဒီ့စကားကို ပြောနိုင်ဖို့ အင်မတန်မှ ခက်လှပါတယ်။   သပိတ်သွပ်တယ်၊ အမျှအတမ်း ဝေတယ်ဆိုတာ သွားလေသူအနေနဲ့ ရောက်ရာ ဘုံဘဝကနေ သာဓုခေါ်ပြီး ကျွတ်တမ်းဝင်နိုင်အောင် လုပ်ကြရတာပါ။ ဆရာမိုးဟိန်းက သပိတ်မသွတ်နဲ့လို့ “မှာသွားတယ်၊ ပြောသွားပါတယ်။”

အခု ဆရာမိုးဟိန်းရဲ့ ကဗျာထဲက “သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား”ဆိုတာက တကယ်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမထဲမှာ ပါဖူးပါတယ်။ သပိတ်သွတ်တာရဲ့ အနက်ကို ဆရာတော် ဘုရားကြီးက ဟောကြားတော်မူခဲ့ဖူးတယ်။

ဆရာမိုးဟိန်းက သည်စကားကို အလုပ်နဲ့ သက်သေပြခဲ့ဖူးတဲ့သာဓက သေးသေးလေးတစ်ခုကို အဲဒီ့ကဗျာစာရွက်လေး ကျွန်တော့်လက်ထဲ ရောက်လာတဲ့နေ့ကပဲ ကျွန်တော် ကြားလိုက်ရပြီး ကြည်နူးစွာ သာဓု ခေါ်ခဲ့မိရပါသေးတယ်။ အဲဒီ့ စကားလေးက ပုဂ္ဂလိက စကားလေးပေမယ့် အများသိသင့်တာမို့ ဖွင့်ချပါရစေ။

ဆရာကွယ်လွန်ပြီးနောက် ဆရာ့အိမ်ကို ဆရာမ မသိင်္ဂီ ရောက်သွားချိန်မှာ ဆရာ့သား ဦးမိုးသန့်က ဆရာမကို ပြန်ပြောပြလိုက်တဲ့ စကားလေးပါပဲ။ တကယ်တော့ ဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးခဲ့တဲ့ “သူလိုလူ”ကို ဆရာမိုးဟိန်းကိုယ်တိုင်က အင်္ဂလိပ်လို ပြန်ဆိုနေခဲ့တယ်လို့ အဲတော့ကျမှ သိရပါတယ်။ ဆရာမိုးဟိန်း ပြန်ဆိုလို့ ခရီးတော်တော် ရောက်နေချိန်မှာ ဆရာမ မသိင်္ဂီကလည်း အင်္ဂလိပ်ဘာသာကို ပြန်ဆိုနေမှန်း ဆရာ မိုးဟိန်းက တစ်ဆင့်စကားနဲ့ ကြားသိသွားပါတယ်။ သည်အခါမှာ ဆရာမိုးဟိန်းက “ဒါဆိုလည်း ပြန်ပါစေလေ”ဆိုပြီး သူ ပြန်ဆိုနေတာကို ရပ်ထားလိုက်ခဲ့ပါသတဲ့။

ဆရာမ မသိင်္ဂီက အဲဒီ့အကြောင်းကို အဲဒီ့နေ့ကမှ သိရပြီး အတော့်ကို မချိတင်ကဲ ဖြစ်သွားပါတယ်။ တစ်ဆက်တည်းမှာ သဘောထားကြီးလှ၊ မြင့်မြတ်လှတဲ့ ဆရာ့ရဲ့ နှလုံးသားကို ကြည်ညိုမဆုံးအောင်လည်း ဖြစ်သွားရပါသတဲ့။ ဆရာမ မသိင်္ဂီက ကျွန်တော့်ကို တိုက်ရိုက်ပြန်ပြောတဲ့ စကားလေးပါ။

ဆရာမိုးဟိန်းက “အိုးမခွဲနဲ့၊ ဘာကိုမှ ကိုယ်မစွဲဘူး”တဲ့။ ဟုတ်တာပေါ့။ ဒါ ငါ့အမေ ရေးတဲ့စာ၊ ငါ့အဖေအကြောင်း၊ ငါလည်း အင်္ဂလိပ်စာ ကောင်းကောင်း တတ်တာပဲ၊ ငါပဲ ဘာသာပြန်မယ်ဆိုတဲ့ “ငါ”အစွဲတွေ မရှိလို့သာ သူတစ်ပါး ပြန်ဆိုနေမှန်း သိတဲ့အခါ ကိုယ်တိုင် ပြန်ဆိုနေတာ ခရီးပေါက်နေလျက်နဲ့ ကြည်ကြည်ဖြူဖြူ စွန့်လွှတ်ခဲ့ပါတယ်။ စွန့်လွှတ်လိုက်တော့ သူ့မှာ တအား ပေါ့သွားတယ်။ လွတ်လပ်သွားတယ်။ အစွဲကင်းသွားတယ်။ သည်အခါမှာ ဆရာ့အတွက် အိုးခွဲစရာ မလိုတော့ဘူးပေါ့။ သပိတ်လည်း သွတ်စရာ ဘယ်လိုပါတော့မလဲ။ ဆရာ ကျွတ်နေ လွတ်နေတာ သိပ် သေချာနေပြီပေါ့။

ဆရာမိုးဟိန်းက သွားလေသူ၊ ကျွန်တော်တို့က ကျန်ရစ်သူ။

ဆရာမိုးဟိန်းက ကျွန်တော်တို့ကို “မှာသွားတယ်၊ ပြောသွားတယ်။” ဆရာ့ကဗျာလေးက  ကျွန်တော်တို့ကို စကားတွေ အများကြီး ပြောသွားတယ်။ သာမန် ကြည့်ရင်တော့ ဒါဟာ သေခြင်းတရားနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ သဘောထား ကြေညာချက်ပဲ။ သို့သော် ကျွန်တော်တို့ကို ဆရာမိုးဟိန်းက စိန်ခေါ်သွားတယ်လို့လည်း ကျွန်တော်ကဖြင့် ခံစားနေမိတယ်။

“မင်းတို့ ငါ့လို သေရဲသလား၊ ငါ့လို သပိတ်မသွတ်နဲ့လို့ ပြောရဲလား၊  ငါ့လို ဘာမှ မစွဲဘူးလို့ ပြောပြီး သေရဲလား။ ငါ့လို လူသာ ဆုံးတာ၊ ကျန်တာ မရှုံးဘူးလို့ ကြေညာရဲလား”လို့ ဆရာမိုးဟိန်းက ဖွင့်မေးမသွားပေမယ့် မေးနေဘိသယောင် ကျွန်တော် ခံစားမိတယ်။

ဆရာမိုးဟိန်း ကောင်းရာသုဂတိလားပါစေလို့ ကျွန်တော် ဆုတောင်းမနေတော့ပါဘူး။ သေချာတယ်။ ဆရာ့အတွက် ကျွန်တော် ဆုတောင်းစရာ မလိုအောင် ဆရာ့ဘက်က ပြည့်စုံတယ်။

ဆုတောင်းရမှာက ကျွန်တော့်အတွက် ကျွန်တော် ဆုတောင်းရမှာ။ ဆရာ့လို “မရဏမင်းဆီကို ပျော်ပျော်သွား”နိုင်ဖို့ ကျွန်တော့်ဘာသာ အားထုတ်ရတော့မှာ။ “သပိတ်မသွတ်နဲ့”လို့ မိသားစုကို မှာနိုင်ဖို့ ကျွန်တော် ကျင့်ကြံ ပြုမူ နေထိုင်ရတော့မှာသာ ဖြစ်ပါတယ်။

ဆရာမိုးဟိန်းကတော့ ကျွန်တော်တို့ကို လမ်းပြသွားခဲ့ပါပြီ။

သာဓုပါ ဆရာခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၁၁၀၁၀)

(ယနေ့ ၂၈-၁၀-၁၀ ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၃ အမှတ် ၃၁ မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ ဆရာမိုးဟိန်းရဲ့ “မှာပါရစေ ပြောပါရစေ”ကဗျာကို ပြန်ဖတ်ချင်ရင် အခု စာတန်းထဲက ခေါင်းစဉ်လေးကို မြားပြပြီး ကြွက်ကလေးရဲ့ ဘယ်ဘက်ပခုံးကို ဖိလိုက်ရင် ရောက်သွားပါလိမ့်မယ်။)