Skip to content

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၁)

5 November 2010

နိဒါန်း

ကျွန်တော့် ဇာတာစန်းလဂ်က အတော်တက်နေပုံပဲ။ အလုပ်တွေက မနိုင်ရင်ကာ များနေတယ်။ အလုပ်နဲ့ ပတ်သက်ပြီး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မဝင်ဖူးတဲ့ ငွေတွေက ဝင်နေတယ်။ လူလည်း ဖတ်သီကို လိုက်လို့။

သည်ကြားထဲမှာ စင်္ကာပူ သွားရမယ်ဆိုတာကြီးက ဖြစ်လာပြန်တယ်။ ဒါလည်း အဆန်း။

ကျွန်တော့်ဘဝမှာ နိုင်ငံခြားကို ကိုယ့်စရိတ်နဲ့ကိုယ်ဆိုလို့ တစ်ခါဆို တစ်ခါမှ မသွားဖူးဘူး။ အလုပ်ကိစ္စနဲ့မို့ သူများစရိတ်နဲ့ စတိုင်ကျကျ သွားရတာချည်းပဲ။  သို့သော် စာရေးသူတစ်ယောက်အနေနဲ့တော့ တစ်ခါဆို တစ်ခါမှ မသွားဖူးတာ အမှန်ပါ။

အခုကျတော့ စာရေးသူအနေနဲ့ သွားဖို့ အကြောင်းက ပေါ်လာတယ်။ အဲတော့ ဆန်းနေတာပေါ့။ စာရေးသူတစ်ယောက်အနေနဲ့ တစ်ခါဖူးမှမှ မသွားခဲ့ဖူးတာကိုး။
ဖိတ်ကြားတဲ့အဖွဲ့ကလည်း လိုလေသေးမရှိဘူး။ ကျွန်တော့်ဘက်က ဘာမှ လုပ်စရာ မလိုဘူး။ နိုင်ငံကူး လက်မှတ်ကလေး လာယူသွားတယ်။ လေယာဉ်လက်မှတ်နဲ့၊ ပြည်ဝင်ခွင့် ဗီဇာနဲ့၊ ပြည်ပ ထွက်ခွာခွင့်လက်မှတ်နဲ့က အိမ်ပေါ်ကို ဒုတ်ဒုတ်ထိ ရောက်လာတယ်။ ဘယ်လောက် နိပ်သတုံး။

အမယ်… လက်မှတ်က ကျွန်တော် မမြင်ဖူးတဲ့ လက်မှတ်မျိုးဗျ။ အီး လက်မှတ်ဆိုပဲ။ လေယာဉ်လက်မှတ်နဲ့တောင် မတူဘူး။ သာမန်စက္ကူတစ်ရွက်မှာ  ကွန်ပျူတာ ပုံနှိပ်စာတွေ ရိုက်နှိပ်ထားတာပဲ။ အဲဒါနဲ့ သွားလို့ရလားလို့တောင် မေးယူရတယ်။

အဲဒါကို ကြားတဲ့အခါ သင်္ဘောကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်သမီးက ကျွန်တော့်ကို သိပ်တောကျတာပဲလို့ ထောပနာပြုပါတယ်။

အင်း… အီးခေတ်ပေပဲ။ အရာရာ အလက်ထရောနစ်(ခ်)ဖြစ်နေပြီ။ ထွက်ခွာပုံစံကလည်း အီးထွက်ခွာပုံစံပါ။ အဲဒါဖြစ်နေတာက ကြာပြီ။ အရင်ကလို အဲဒီ့အတွက် အချိန်ကုန် လူပန်းခံနေစရာ မလိုတော့ဘူး။ အခုကျတော့ အီးလက်မှတ်တဲ့။ ကိုယ်ဝယ်တာ မဟုတ်တော့ ဘယ်လို ဝယ်ရမှန်းတော့ မသိဘူး။ ကြည့်ရတာ သူကလည်း လက်မှတ်ကောင်တာ သွားဝယ်နေစရာမလိုဘဲ အိမ်ထဲကနေ ထိုင်ရာမထ ဝယ်လို့ရမယ့် သဘောရှိတယ်။ တစ်ခုတော့ ရှိသပေါ့။ ပိုက်ဆံရှင်းဖို့ နိုင်ငံတကာသုံး ကြွေးဝယ်ကတ်တွေ ဘာတွေတော့ လိုမှာ သေချာတယ်။ အဲဒါက ကျွန်တော့်မှာ မရှိတော့ အင်း… သူ့ဟာသူ အီးချင်အီး၊ ကိုယ်နဲ့ မဆိုင်ဘူးသာ မှတ်ရတော့မှာပ။

အမယ်… ဒါတင် ဘယ်က ဦးမလဲ။ ကျွန်တော့်ကို ဖိတ်တဲ့အဖွဲ့က ဟိုမှာ သုံးဖို့ ဖုန်းကတ်လေးတစ်ခုလည်းပေးလာတယ်။ စင်္ကာပူ ပိုက်ဆံ ၂၀ဝ လည်း ပေးလာတယ်။ အတော် နိပ်ပေတာပဲ။

ကြားထဲက စိတ်မကောင်းစရာ
မသွားခင်တစ်ရက်မှာ ကျွန်တော့်ပါလေရာ ဖုန်းထဲကို သတင်းတစ်ခု ဝင်လာတယ်။ ဆရာမာန်မြင့်ကို ပန်းလှိုင်ဆေးရုံမှာ တင်ထားတဲ့အကြောင်း ဆရာ မာန်မြင့်ရဲ့ သားကြီးက သတင်းပို့တာပါ။ ဒါနဲ့ အဲဒီ့နေ့ညခင်းမှာ ကျွန်တော်တို့ လင်မယားလည်း ဆရာမာန်မြင့်ကို လူမမာ သွားမေးကြပါတယ်။

အခြေအနေ မကောင်းမှန်း မြင်တာနဲ့ သိလိုက်ပါတယ်။ ဆရာ့ ဝမ်းဗိုက်က တအားကို ပူနေပြီ။ ရန်ကုန်ကို ဘယ်လိုရောက်လာမှန်းတောင် မသိဘူးလို့ ဆရာက ခပ်ယဲ့ယဲ့ ပြောရှာတယ်။ ဗိုက်ထဲက ရေတွေကို နှစ်ခါလောက် ထုတ်ပြီး ရင် တစ်ခါတည်း ကြွတော့တာပဲလို့လည်း ဆရာမာန်မြင့်က ပြောနေသေးရဲ့။

ဆရာမာန်မြင့်မှာ အသည်းရောင် အသားဝါ စီပိုး ရှိနေတယ်လို့ သိရတာ နှစ်နှစ်လောက် ရှိပြီမှတ်တယ်။ ဆရာမာန်မြင့် အဲဒီ့သတင်းကို ပြောပြတာ မြေနီကုန်း၊ ပဒုမ္မာကွင်း ဆိုင်တန်းက “ဝိုင်ခေခေအို” ကြေးအိုဆိုင်လေးမှာ။ အဲတုန်းက ကျွန်တော် ဘီယာ သောက်လိုက်ပေမယ့် ဆရာမာန်ကတော့ မသောက်တော့ဘူး။ စီပိုးနဲ့ မတည့်လို့တဲ့။

အဲတုန်းက ကျွန်တော် မပူမိခဲ့ဘူး။ ဆရာမာန်မြင့်ရဲ့သားတွေက စီးပွားရေး အဆင်ပြေနေတယ်။ ဆရာ့ကို နိုင်ငံခြားမှာ ဆေးသွားကုပေးနိုင်တယ်လို့ နားလည်ထားတာကိုး။ ကျွန်တော့် ငယ်သူငယ်ချင်းနှစ်ယောက်မှာလည်း အဲလိုပဲ စီပိုးတွေ ရှိနေခဲ့ကြတာ ဆယ်နှစ်ကျော်နေပြီ။ တစ်ယောက်ကတော့ အလျဉ်းတောင် ပျောက်နေပြီဆိုလားပဲ။ သူက တစ်ခါတရံ ကျွန်တော်နဲ့တောင် အနည်းအကျဉ်း သောက်ဖြစ်သေးတယ်။ နောက်တစ်ယောက်ကတော့ အခုထက်ထိ ဆေးကုနေရတုံးပဲ။ သို့သော် သူ့ကို ကြည့်ရတာတော့ ဝ၀ဖီးဖီး ကျန်းကျန်းမာမာ။ နိုင်ငံခြားကို မကြာမကြာ ဆေးသွားကုတာတော့ သိနေတယ်။

အဲတော့လည်း ဆရာမာန်မြင့် စီပိုးရှိတယ်ဆိုတုံးက မပူမိခဲ့ဘူး။ အခု ဆေးရုံမှာ မြင်ရတော့မှ အတော် စိတ် မကောင်းဖြစ်သွားတယ်။ သူ့သားကြီးရဲ့ အဆိုအရ ဘန်ကောက်ကို သွားသွား ကုတာ ၁၄-၅ ခါတောင် ရှိ ဆိုပဲ။ အဲလို ကုလျက်နဲ့ ဆရာမာန့်အခြေအနေက ဘာပြုလို့ သည်လောက်တောင် ဆိုးသွားရတာလဲလို့ စဉ်းစားနေမိတယ်။

လောကမှာ ကျွန်တော် မသိနိုင်၊ နားမလည်နိုင်တာတွေ အများသားပဲလေ။

ကျွန်တော် စင်္ကာပူသွားမယ့်အကြောင်း ပြောတော့ ဆရာမာန့်သားက ဆရာ့ကိုလည်း နောက်နှစ်ရက်အကြာမှာ စင်္ကာပူပို့ပြီး ကုသမယ့်အကြောင်း ပြောပါတယ်။ ကျွန်တော့် စင်္ကာပူ ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ လိုရင် ခေါ်လိုက်ပါပေါ့။

ဆရာမာန်က စကားတော့ သိပ်မပြောနိုင်ရှာတော့ဘူး။ အောက်စီဂျင်လေး ရှူနေတယ်။ ဒါနဲ့ ဆရာ့ကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတယ်။

အဲဒါ ဆရာမာန်မြင့်ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့တာပဲဆိုတာ စိတ်ထဲက သိနေပါတယ်။

ထွက်တော်မူ နန်းက ခွာတယ်

မတ်လ ၁၆ ရက်မနက် ၈နာရီခွဲတိတိမှာ ကားက လာခေါ်တယ်။

အားပါး… တိုယိုတာ ခရိုလာ လစ်မစ်တက်(ထ်) ရွှေရောင်နဲ့။ မောင်းသူက ကျွန်တော့်သမီးအရွယ် ဆရာဝန်မ ချောချောလေးခင်ဗျ။ သူနဲ့ အဖော်ပါတာ က သူ့ရုံးက ဝန်ထမ်းအမျိုးသမီး ငယ်ငယ်တုတ်တုတ်ကလေး။

ဇာတာစန်းလဂ်ကတော့ တကယ့်ကို အံ့စရာပဲ။ ဆရာဝန်မချောချောလေး ကိုယ်တိုင် ကျွန်တော့်ကို အိမ်ကကြို၊ လေယာဉ်ကွင်းအရောက် မောင်းပို့တာပါ။ ကျွန်တော် လွှတ် အားနာသွားတယ်။ သူတို့ဘက်က တကယ့်ကို လိုလေသေးမရှိ အောင် စီစဉ်ပေးတာဆိုတော့ အင်မတိ အင်မတန်ကို အားနာနေမိရပါတယ်။

ဒါ့ကြောင့် အပြန်ကို လာမကြိုဖို့ တတွတ်တွတ်မှာနေမိရတယ်။ မလုပ်ကြပါနဲ့။ အားနာလွန်းလို့ပါ။

သည်လိုနဲ့ မင်္ဂလာဒုံလေဆိပ်ကိုရောက်တယ်။ တန်းစီတဲ့နေရာမှာ အင်တာနက်က ဝယ်တဲ့သူတွေ စီတဲ့နေရာမှာ စီရတယ်။ တကယ်တမ်းကျတော့ အီး လက်မှတ်သာ ဆိုပေမယ့် ပုံနှိပ်ထားတဲ့ စက္ကူလေးကို ထုတ်ပြရသေးတယ်။ ကျွန်တော့်မှာက ကျောပိုးအိတ်ကတစ်လုံး၊ အဝတ်ထည့်တဲ့ လက်ဆွဲအိတ် ပေါက်စနလေးက တစ်လုံးနဲ့ တိုလီမိုလီထည့်တဲ့ အိတ်ပိစိလေးက တစ်လုံးပဲ ပါတာမို့ ဘာပစ္စည်းမှ အပ်စရာ မလိုပါဘူး။

လူဝင်မှုကြီးကြပ်ရေး ပုံစံကို ဖြည့်ပြီး လူဝင်မှုကို ဖြတ်တော့ ပုံစံပေါ်မှာ မပါတဲ့ အိမ်လိပ်စာနဲ့ အဖေနာမည် ဖြည့်ရေးခိုင်းပြန်သေးတာမို့ ဖြည့်ပေးလိုက်ပါတယ်။ အဲဒါပြီးလို့ ထွက်ခွာဆောင်ဖက် ဆက်အထွက်၊ လမ်းက ကော်ဖီဆိုင်မှာ အမှတ်မထင် မြင်လိုက်တာက ငယ်သူငယ်ချင်းတစ်ယောက်။ သူက မန္တလေး မုန့်တီကို အားရပါးရ လွေးနေတယ်။

ချိန်းထားရင် လွဲချင် လွဲဦးမယ်။ အခုကျတော့ တည့်တည့်တိုးနေတယ်။ သည်သူငယ်ချင်းနဲ့က တစ်နှစ်ကို တစ်ခါ၊ နှစ်ခါလောက် အတူသောက်ဖြစ်တတ်တယ်။ သည်အချိန်မှာ သည်လေယာဉ်တစ်စီးပဲ ရှိတာ သေချာနေတာမို့ သူ့ကို ဘယ်သွားမလို့လဲလို့တော့ မမေးဖြစ်ဘဲ သူတို့စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ သူက တစ်ခုခုစားဖို့ ပြောပေမယ့် မစားတော့ဘူး။ ပြီးမှ ဆေးလိပ်သောက်ရအောင် လို့သာ ပြောလိုက်ပါတယ်။

ဟိုကျ ဘယ်မှာတည်းလို့ သူကမေးတော့ “ယော့(ခ်) ဟိုတယ်”လို့ ကျွန်တော် ဖြေလိုက်ပါတယ်။

“ဟာ… ကိုယ်လည်း ယော့(ခ်)မှာ တည်းမှာ သူငယ်ချင်းရ။ ဒါဆို အတော်ပဲ၊ သောက်လိုက်ကြရဦးစို့…”

ချိန်းထားတာကမှ တကယ် လွဲချင်လွဲနိုင်သေးတယ်။ အခုကျတော့ သူနဲ့ ကျွန်တော်နဲ့က လေယာဉ်တစ်စီးတည်း ဖြစ်ရုံမက စင်္ကာပူကျ တည်းမယ့် ဟိုတယ်ကပါ တစ်ဟိုတယ်တည်း ဖြစ်နေတာက တော်တော့်ကို တိုက်ဆိုင်လွန်းလှပါ တယ်။

အဲလိုနဲ့ သူ စားလို့ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လည်း ဆေးလိပ် သောက်ဖို့ထားတဲ့ သီးသန့်ခန်းထဲမှာ ဆေးလိပ်တစ်လိပ်စီ ဝင်သောက်၊ ပြီးတော့ လေယာဉ်ပေါ်တက်၊ မကြာခင်ပဲ လေယာဉ်ထွက်ပါတော့တယ်။

စာမူအကြွေးက ရှိနေတယ်။ အားနာစရာက လွှတ်ကောင်းနေပြီ။ ဒါနဲ့ လေယာဉ်လည်း သက်ဆိုင်ရာ အမြင့်ပေကို ရောက်လို့ ခါးပတ်ပတ်ဖို့ ဆော်ဩတဲ့ မီးလေး ငြိမ်းသွားတဲ့အခါ ပေါင်တင်ကွန်ပျူတာကို ထုတ်၊ စာရေးရပါတော့တယ်။ အမယ်မင်းတဲ့မှ မင်း… မအားချက်ကတော့ ကမ်းကုန်မို့ လေယာဉ်ပေါ်မှာ အပြေးအလွှား စာရေးရတာ ဒါ ပထမဆုံးပါပဲ။

သရဖူမဂ္ဂဇင်းမှာဆို စာရေးလာတာ ၁၅ နှစ်နား ကပ်လာပြီ။ တစ်လမှ ပျက်ကွက်တယ်လို့ မရှိဖူးဘူး။ အခုလကျတော့မှ တကယ် ပျက်တော့တာ။ ဖူးငုံလည်း အတူတူပဲ၊ စထွက်ကတည်းက တစ်လမှ မပျက်ခဲ့ဘူး။ သည်လ ပျက်ကွက်သွားတယ်။ လူက အတော်မအား၊ သည်ကြားထဲ ကျန်းမာရေးက ဗွေဖောက်တာ ပါသေးတယ်။

ပထမဖြစ်တာက ခါးနာတာ။ ခါးမဟုတ်ဘူး၊ ခါးအောက်၊ တင်ပါးအထက်နဲ့ ညာဘက် ဗိုက်အောက်မှာ ကုန်းလိုက်ရင် တအားနာနေတယ်။ အဲဒါနဲ့ လသာလမ်း သမ ဆေးခန်းမှာ ထိုင်တဲ့ ဆရာဦးဇော်မင်းထက်ဆီကို သွားပြလိုက်တယ်။ ဆရာဦးဇော်မင်းထက်က အနည်းအပါး နှိပ်နှက်ပေးလိုက်တော့ နောက်တစ်ရက်မှာ သက်သာသွားတယ်။ ဆားရေနွေးလေး ကပ်ပေးဖို့လည်း မှာလိုက်ပေမယ့် သက်သာသွားတာနဲ့ မကပ်ဖြစ်တော့ဘူး။

အဲဒါ သက်သာမယ်မှ မကြံသေးဘူး၊ ညာဘက်လက်ကို ဆန့်လိုက်ရင် တတောင်ဆစ် အတွင်းပိုင်း လက်ဖျံအရင်းနားမှာ ဓါးနဲ့ ထိုးလိုက်သလို စူးစူးပြီး နာပြန်ရော။ ညာလက်ကို တစ်ချိန်လုံး ကွေးထားနေရပြန်တယ်။ သိလိုက်တယ်။ အဲဒီ့လက်က ကြွက်ကို ကိုင်တဲ့လက်။ ကွန်ပျူတာသုံးတဲ့အခါ အဲဒီ့ ညာလက်နဲ့ ကြွက်ကို ကိုင်တယ်။ အခုတော့ လက်ကို ကြွက်ကိုက်ပြီပေါ့။

ဆရာ ဦးဇော်မင်းထက်ဆီ ပြေးရပြန်တယ်။ ယူပစ်လိုက်သလို ချက်ချင်း မပျောက်ပေမယ့် သက်သာသွားတယ်။ နောက်နှစ်ရက်လောက်နေတော့ အလျဉ်း ပျောက်သွားတယ်။ သို့ပေမယ့် ကြွက်ကိုတော့ နေရာရွှေ့လိုက်တယ်။ ဘယ်ဘက်နဲ့ ပြောင်းကိုင်မယ်ကွာပေါ့။

အဲသလိုတွေကြောင့် စာတွေ မရေးဖြစ်ခဲ့ဘူး။ သို့ပေမယ့် လစဉ်ပင်တိုင် ရေးနေတာတွေဆိုတော့ အားနာတယ်။ အခု လေယာဉ်ပေါ်မှာ ရေးတဲ့စာမူဆိုရင် စာမူက ဘယ်နားနေမှန်း မသိသေးဘူး၊ စာမူခက ကြိုရပြီးသားဖြစ်နေတာမို့ မဖြစ်မနေ ရေးရတော့တာပါ။

ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်း
နေ့လည်စာ မစားခင် လေယာဉ်ပေါ်မှာ အဖျော်ယမကာ တိုက်တော့ ဘီယာ တစ်ခွက် ယူသောက်လိုက်တယ်။

ဘာရယ်မဟုတ်ပါဘူး။ ရေမသောက်ချင်တာနဲ့ ဘီယာသောက်လိုက်တာပါ။ တစ်ခွက်ဆို တော်ရောပေါ့။ နေ့လည်စာ ကျွေးတဲ့အခါကျတော့ ရေးလက်စကို လက်စသတ်လိုက်ပြီး ကွန်ပျူတာကို ပြန်သိမ်းလိုက်တယ်။ ရေးတာကလည်း ပြီးသလောက် ရှိသွားပြီဆိုတော့ အတော်ပါပဲ။

နေ့လည်စာက ရွေးစရာ မရှိဘူး။ ကြက်သားဟင်းနဲ့ ထမင်းတဲ့။ စားပေါ့။

ထမင်းစားရင်းနဲ့ သောက်ဖို့ကျတော့ ဝိုင်အဖြူ ယူထားလိုက်ပါတယ်။ သောက်ကြည့်လိုက်တော့ ချာတယ်။ ခပ်ညံ့ညံ့ဝိုင်ပဲ။

ခရီးသည်အများစုက တရုတ်တွေ။ ဆူညံနေတာပဲ။ မျက်စိလည်း နောက်စရာ ကောင်းတယ်။ အုပ်စုလိုက် ခရီးထွက်လာကြတဲ့ တရုတ်ကမ္ဘာလှည့်တွေပဲလား။ စလုံးက တရုတ်တွေပဲလားတော့ မသိဘူး။ ထိုင်ခုံမှာ ငြိမ်ငြိမ်ထိုင်တယ် ရယ်လို့ မရှိဘူး။ ဟိုခုံဆီ သွားလိုက်၊ သည်ခုံဆီ သွားလိုက်နဲ့ ဇယားရှုပ်နေကြတယ်။

ဓာတ်ပုံတွေကလည်း တဖျတ်ဖျတ်။ သူတို့ချင်း လှည့်ပတ် ရိုက်နေကြတာ။ အခုမှ လေယာဉ်စီးဖူးကြတာလား မသိလို့တောင် ငေါ့တော့တော့ တွေးမိတဲ့ အထိ လုပ်ပေါက်တွေက မျက်စိနောက်ချင်စရာ ကောင်းနေတယ်။

ဘီယာတစ်ခွက်၊ ရေတစ်ခွက်၊ ဝိုင်ပေါက်စနလေး တစ်လုံးကလည်း အစွမ်းပြလာတာမို့ လေယာဉ်ပဲ့ပိုင်းဆီက သန့်စင်ခန်းကို လှမ်းကြည့်တော့ လူတွေ တန်းစီနေတယ်။ ဘဲအုပ်က တစ်ရာနှစ်ရာ၊ သန့်စင်ခန်းက နှစ်လုံးတည်းဖြစ်နေလေရဲ့။ ဒါနဲ့ လေဆိပ်ရောက်တော့မှ ဇယားရှင်းတော့မယ်ဆိုပြီး စိတ်လျှော့လိုက် ရပါတော့တယ်။

လေယာဉ်ဆင်းတော့ အဲဒီ့ မျက်စိနောက်စရာ စိနတိုင်းသား ရုပ်ရည်များနဲ့ လူတွေ ဆူညံဆူညံလုပ်နေတာ ရှင်းမှ ဆင်းတော့မကွာဆိုပြီး ပေထိုင်နေလိုက်တယ်။ တကယ်လည်း အားလုံးရှင်းမှ ဆင်းခဲ့ပါတယ်။

လေဆိပ်ထဲက ဆိုင်တွေကို မော့ရင်းပေါ့။ သူငယ်ချင်းကို ဆိုင်တစ်ဆိုင်ရှေ့ မှာ တွေ့ရတယ်။ သူက လာကြိုမယ့်သူ ရှိသလား၊ မရှိရင် သူ့ကို လာကြိုသူနဲ့ လိုက်ခဲ့လို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော့်ကို ကြိုမယ့်သူရှိပါကြောင်း ရန်ကုန်က မှာလိုက်ပြီးသားမို့ ကျွန်တော်လည်း အကျိုးအကြောင်း ပြောပြလိုက်တယ်။ သူလည်း အရက်တစ်လုံး ဝယ်မယ်၊ ကျွန်တော်လည်း တစ်လုံးဝယ်ဆိုတာနဲ့ သူနဲ့ တိုင်ပင်ပြီး လမ်းလျှောက်သူဂျော်နီ အနက်ပတ် တစ်လုံး ဝယ်တယ်။ သည်တစ်ခါ ရိုးရိုးအနက်ပတ်ဝယ်တာမဟုတ်ဘူး။

လမ်းလျှောက်သူဂျော်နီ အနက်ပတ်ကလည်း “ကန့်သတ်မူ”ဆိုတာ ထွက်နေတာ နည်းနည်းကြာနေပြီ။ အခုကျတော့ “အနက်နှစ်ထပ်ကွမ်း”ဆိုတာ တွေ့ရတယ်။ ရိုးရိုး မူမှန်အနက်ပတ်က စင်္ကာပူ ဒေါ်လာ ၅၀၊ နှစ်ထပ်ကွမ်းက ၅၆ တဲ့။ အိတ်ထဲမှာ အသင့်ပါတဲ့ စင်္ကာပူဒေါ်လာနဲ့ ဝယ်ချလိုက်တယ်။

သို့ပေမယ့် ကံက သိပ်မကောင်းချင်တော့ ချက်ချင်း ငွေချေလို့ မရဖြစ်နေတယ်။ ကျွန်တော့်ရှေ့မှာ တန်းစီနေသူ တစ်ယောက်နဲ့ ဆိုင်အမှုထမ်းက ဘာတွေ ရစ်နေမှန်း မသိဘူး။ သူငယ်ချင်းက စိတ်မရှည်တာနဲ့ သွားနှင့်တော့မယ်၊ ဟိုတယ်ကျမှ တွေ့ကြတာပေါ့လို့ ပြောပြီး ထွက်သွားတယ်။

ငါးမိနစ်လောက်နေမှ ငွေချေပြီး ထွက်လာခဲ့ပါတယ်။ လေဆိပ်ထဲက ကန့်သတ်နယ်မြေအထွက်မှာ စာရွက်လေးတွေ ထောင်ပြီး စောင့်နေသူ သုံးဦး တွေ့တယ်။ တရုတ်မျက်နှာနဲ့ လူတစ်ယောက်က ကျွန်တော့်နာမည်ကို ကိုင်ထားတာနဲ့ သူ့ဆီ သွားလိုက်တော့ သူက ကျွန်တော့်ကို အခုမှ ထွက်လာရသလားဆိုပြီး ဆီးဟောက်တယ်။ လူကုန်နေပြီ၊ သူတောင် ပြန်တော့မလို့ဆိုတာက ပါသေးတယ်။

ကျွန်တော်က ဆောရီး ပြောပေမယ့် သူက မပြီးနိုင် မစီးနိုင် ဆီမန်းမန်းနေတယ်။ ဟုတ်လည်း ဟုတ်တဲ့သူ။ သူက ယာဉ်မောင်းပဲဆိုတာ ကျွန်တော် သိပါတယ်။ သို့ပေမယ့် ကိုယ်က အေးအေးဆေးဆေးလုပ်နေတာမို့ သူ့မှာ ခြေသလုံး တောင့်အောင် စောင့်လိုက်ရရှာပေလိမ့်မယ်။ လည်ပင်းကလည်း တရှည်ရှည်ဖြစ်နေမှာ သေချာတယ်။ ပိုဆိုးတာက သူကလည်း ကျွန်တော့်ကို မမြင်ဖူး၊ ကျွန်တော် ကလည်း သူ့ကို မမြင်ဖူးတော့ သူ့မှာ ထွက်လာသမျှ လူတိုင်းကို ကျီးကန်းတောင်း မှောက်နေရမှာပေါ့။

ဆောရီး သုံးလေးခွန်းပြောတာတောင် ကိုယ်တော်မြတ်က မရပ်ချင်သေးဘူး။ ကားပေါ်ရောက်တဲ့အထိ ဆီမန်းမန်းလို့ ကောင်းတုံးမို့ ခင်ဗျားကို ကျုပ် တောင်းပန်နေတယ်လေလို့ လေသံ နည်းနည်း တင်းပြီး ထပ်ပြောလိုက်ပါတယ်။ အဲတော့မှ သူလည်း နည်းနည်း ငြိမ်သွားတယ်။

ကားက ပေါင်မုန့်ကားလို့ မြန်မာတွေ အလွယ်ခေါ်ကြတဲ့ ဘတ်(စ်)ကား အငယ်စား၊ တိုယိုတာ အမျိုးအစားပါ။ နောက်ဘက်က ခရီးသည်ထိုင်တဲ့ ဆိုဖာ အိအိစက်စက်မှာ ကျွန်တော် ထိုင်လိုက်တော့ ဘေးတံခါးကို သူက သူ့ ယာဉ်မောင်းနေရာက ခလုတ်နှိပ်ပြီး ပိတ်လိုက်တယ်။ လျှောခနဲပဲ။ အလဲ့ကွဲ့။
လေအေးစက်က အေးစိမ့်နေတယ်။ ကားက တရိပ်ရိပ်။

တိုက်တာ အဆောက်အအုံတွေ၊ လမ်းတွေ၊ လမ်းပေါ်က ကားတွေ၊ အားလုံး သစ်သစ်လွင်လွင် တောက်တောက်ပြောင်ပြောင်။ သန့်သန့်ရှင်းရှင်း။

မင်္ဂလာပါ စင်္ကာပူ။

အဖေ့ကို သတိရတယ်။ အဖေ့တစ်သက်မှာ နိုင်ငံရပ်ခြားဆိုလို့ စင်္ကာပူ တစ်နိုင်ငံတည်းသာ ရောက်ခဲ့ဖူးရှာတယ်။ အမေနဲ့ အိမ်ထောင်မကျခင်၊ ကျွန်တော့်မမွေးခင် ပဝေသဏီ၊ အဲဒီ့ခေတ်က ဘားမားနေဗှီလို့ ခေါ်တဲ့ အခု မြန်မာ့တပ်မတော် (ရေ) မှာ တပ်သားလေးဘဝနဲ့ အဖေနေခဲ့တုန်းကပါ။ အဲတုန်းက စစ်လျော်ကြေး ရထားတဲ့ မေယု စစ်သင်္ဘော စင်္ကာပူမှာ လွန်းတင်နေခိုက် အဖေလည်း ပါသွားတာပဲ။ အိမ်က ဓာတ်ပုံစာအုပ်တွေထဲမှာ အဖေ စင်္ကာပူမှာ ရိုက်ခဲ့တဲ့ အဖြူအမည်း ဓာတ်ပုံတွေ ရှိခဲ့ဖူးတယ်။

သို့သော် အမေက အဖေ့ကို တစ်ခါစိတ်ဆိုးရင် အဖေပါတဲ့ ဓာတ်ပုံတစ်ပုံ ဆုတ်ဖြဲ၊ ကျွန်တော့်ကို တစ်ခါ စိတ်နာရင် ကျွန်တော်ပါတဲ့ ဓာတ်ပုံတစ်ပုံမီးရှို့နဲ့ လုပ်ခဲ့တာမို့ အခုတော့ သူတို့ရဲ့ တစ်ဦးတည်းသားလေး ကျွန်တော့်လက်ထဲမှာ အဖေ အမေတို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ကျွန်တော့် ငယ်ဘဝဓာတ်ပုံတွေ  တစ်ပုံမှ မရှိရှာတော့ပါဘူး။

အဲ… အဖေက သူ့တစ်သက်မှာ တစ်ခါသာ ရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားမို့ တစ်သက်လုံး ပြောလို့ မဆုံးဘူး။ “စင်္ကာပူမှာဆိုရင်…”ဆိုတာကို အဖေနဲ့ အတူနေခွင့်ရတဲ့ ကျွန်တော့်ဘဝသက်တမ်း ၁၉ နှစ် နီးပါးမှာ လူမှန်းသိစကတည်းက နားမဆံ့အောင် ကြားခဲ့ဖူးပါတယ်။

အခု အဲဒီ့ မြေပေါ်မှာ ကျွန်တော် ရောက်နေတော့ အဖေ့ကို သတိရမိတယ်။ တစ်သက်လုံးက အဖေ့အပေါ် မကျေနိုင် မချမ်းနိုင် ဖြစ်နေမိခဲ့သမျှကလည်း အပြီးတိုင် ပြေပျောက်သွားခဲ့လေပြီမို့ အဖေ့ကို စိတ်ထဲက ရည်စူးပြီး ကန်တော့လိုက်သလို မေမေ့ကိုပါ တစ်ပါတည်း ရည်စူးကန်တော့လိုက်ပါတယ်။ အဖေတို့၊ အမေတို့ ပျိုးထောင်ခဲ့တဲ့ ကျေးဇူးကြောင့် အခုအခါမှာ ကျွန်တော်ဟာ တင့်တောင့်တင့်တယ်အနေအထားနဲ့ စင်္ကာပူကို စရိတ်ငြိမ်း ရောက်လာခဲ့ရပြီပဲလေ။

မျက်နှာ ဘယ်မှာ ထားရပံ့

သည်လိုနဲ့ ဟိုတယ်ကို ရောက်ရော ဆိုပါတော့။ ဟိုတယ်အဝင်မှာ မြန်မာ လူငယ်ချောချောလေးတစ်ယောက်နဲ့ မြန်မာ မိန်းကလေး ချောချောလေး တစ်ယောက်တို့နဲ့အတူ စင်္ကာပူနိုင်ငံသူ တရုတ်အမျိုးသမီး ပြုံးပြုံးချိုချိုလေး တစ်ယောက်က ကျွန်တော့်ကို ဆီးကြိုနေပါတယ်။

မြန်မာ သူငယ်မလေးရဲ့ မျက်နှာလေးက ချိုချိုရွှင်ရွှင်ပေမယ့် သူငယ်လေးရဲ့ မျက်နှာက တစ်မျိုးလေးဖြစ်နေတယ်။ သူ့ကိုယ်သူ မိတ်ဆက်တဲ့အခါ ဆရာဝန်လေးမို့လို့ မာန်တွေ စွတ်တင်းနေရှာပေတာများလားလို့တောင် တွေးမိတဲ့အထိ သူ့မျက်နှာလေးက တစ်မျိုးလေးရယ်။

သူတို့နဲ့ တွေ့ရမယ်ဆိုတာကိုတော့ ရန်ကုန်ကတည်းက သိထားပြီးသားပါ။ သို့ပေမယ့် လူငယ်လေးရဲ့ မျက်နှာထားလေးက ကျွန်တော့် မျက်လုံးထဲမှာ သိသာလွန်းနေပါတယ်။

ကျွန်တော့်ငယ်သူငယ်ချင်းနဲ့ သူ့အဖော်တို့ကလည်း ဟိုတယ်ထဲကို ဝင်လာကြတာ တွေ့လိုက်တယ်။ သူတို့က ကျွန်တော့်အရင် လေဆိပ်က ထွက်သွားတာ ဖြစ်ပေမယ့် ဟိုတယ်ကို ဝင်တာတော့ ကျွန်တော့်ထက်နောက်ကျနေတယ်။

“သူငယ်ချင်းကတောင် စောရောက်နေပါလား”လို့ ကျွန်တော့်သူငယ်ချင်းက ပြောပါတယ်။

ကြည့်ရတာ ကျွန်တော့်ကားဆရာ စိတ်ပေါက်ပေါက်နဲ့ နင်းကန်အရှိန်တင် မောင်းလာပုံပဲ။

ကျွန်တော်လည်း ဟိုတယ် အခန်းယူစရာ ရှိတာ ယူရပါတယ်။ သည်အခါ မှာ စင်္ကာပူ အမျိုးသမီးငယ်က ဘေးက ရှိနေပါတယ်။ သူတို့ဘက်က ကြိုတင် မှာကြားပြီးသားမို့ ဘာအခက်အခဲမှ မရှိပါဘူး။

အဲဒါပြီးတော့ အလ္လာပ သလ္လာပ အနည်းအပါး ပြောတော့မှာ ဆရာဝန်လေးက ပြောတယ်။

“ကျွန်တော်က ဒေါ်(…)ရဲ့ တူပါ…”

ကျွန်တော် ခေါင်းနပန်းကြီးသွားရပါပြီ။ ဒါပေမယ့် ဣနြေ္ဒကို အတတ်နိုင်ဆုံး၊ သို့တည်းမဟုတ် ကမန်းကတန်း၊ သို့တည်းမဟုတ် အချီးအနှီး ဆည်ရင်း “ဘယ် ဒေါ်(…)ပါလိမ့်”လို့ အူပြလိုက်မိရပါတော့တယ်။ ဆရာဝန်လေးက အရပ်ဒေသကို ပြောပြပါတယ်။

ဟုတ်ကဲ့ခင်ဗျာ… မှားစရာ မရှိပါဘူး။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်ကျော် အထက်ကာရီက အင်း… ကျွန်တော်နဲ့ အိမ်ထောင်ပြုဖြစ်တော့မယ့်ဆဲဆဲမှာ ကျွန်တော့်ဘက်က ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် နောက်ဆုတ် ထွက်ပြေးခဲ့ဖူးတဲ့ ဇာတ်လမ်းပေါ့ခင်ဗျာ။

စိုင်းစိုင်းခမ်းလှိုင်စကားနဲ့ ပြောရင် “သေပြီ ဆရာ”ပေါ့။ သူက ဆရာလို့ ခေါ်တာကို ခံနေရသူ ကျွန်တော်ဆရာ တကယ် သေတော့တာပါ။ သို့သော် ဟန်ကိုယ့်ဖို့ဆိုပြီး ရုတ်ချည်း ပျက်ပြားသွားတဲ့ ကျွန်တော့် စိတ်ကစင့်ကလျားကို ချက်ချင်း ပြန်စုစည်းပြီး သူ့ကို ဆွေမျိုးစပ်လိုက်ရပါသေးတယ်။ ဘယ်သူက မွေးတာတုံး၊ ဘာတုံး၊ ညာတုံးပေါ့။

အဲဒါအပြင် ကျွန်တော်က ဘာပြောရမှာလဲနော်။ တောင်းပန်ပါတယ် သားရယ်၊ သားကြီးဒေါ်ကိုလည်း ပြောလိုက်ပါ၊ အန်ကယ်က တောင်းပန်လိုက်ပါတယ်လို့ ဘာညာဆိုပြီး လျှောက်ပြောနေလို့ ဖြစ်တာမျိုးမှ မဟုတ်တာလေ။

အင်း… ကမ္ဘာကြီးကလည်း ကျဉ်းပြီဟေ့ဆိုရင် နေစရာကို မရှိအောင် ချက်ချင်းကြီးကို ထကျဉ်းသွားတတ်တာပါကလား အရပ်ကတို့။

စပါးရော ဖွဲရော ပြောပြီးသကာလ ကျွန်တော်လည်း ကျွန်တော့်အခန်း ကျွန်တော် သွားခွင့်တောင်းပြီး ဧည့်ကြိုကောင်တာနဲ့ အနီးဆုံး ဓာတ်လှေကားထဲ ဝင်လိုက်ပါတယ်။ အမယ်… ဓာတ်လှေခါးကလည်း လုံခြုံရေးစနစ် အမြင့်စားနဲ့ ခင်ဗျ။

ကျွန်တော့်ကို အခန်းသော့အဖြစ် ကျွဲကော်ကတ်ပြားလေးတစ်ပြား ပေးလိုက်ပါတယ်။ အဲဒီ့ ကတ်ပြားလေးကို ထည့်ရတဲ့ အံကလေးက ဓာတ်လှေကားထဲမှာလည်း ရှိနေတယ်။

သည်ကိစ္စကို သည်မလာခင်ကတည်းက ကျွန်တော် သိနှင့်နေတာ နည်းနည်း ကံကောင်းတယ်လို့ ဆိုရမယ်။

နောက်ဆုံးပေါ် လုံခြုံရေးစနစ်များ

ကျွန်တော်နဲ့ မင်္ဂလာဒုံလေဆိပ်မှာ ဆုံ၊ အခုလည်း ချိန်းမထားဘဲ တစ်ဟို တယ်တည်းတည်းဖြစ်နေတဲ့ သူငယ်ချင်းက သူကြွယ်။ သူက တစ်သက်လုံး ဝင်းနဲ့ ခြံနဲ့ နေလာတဲ့သူ။ တစ်ခါမှ တိုက်ခန်းမှာ မနေဖူးဘူး။

သို့ပေမယ့် မကြာသေးခင်က ဘာစိတ်ကူးပေါက်တယ် မသိဘူး။ အဆင့်မြင့် တိုက်ခန်းကြီးတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ ပြောင်းနေတယ်။ တိုက်ခန်းဆိုလို့ နှယ်နှယ် မမှတ်ကြပါနဲ့။ တိုက်ခန်းဈေးကိုကပဲ ကျပ်သိန်းပေါင်း သုံးထောင်နဲ့မှ ငါးရာ ပေးရတယ်လို့ ဆိုပါတယ်။ အိပ်ခန်းက လေးခန်းလား မသိဘူးပါတယ်။ အပေါ်ထပ်၊ အောက်ထပ်၊ နှစ်ထပ်ရှိတယ်။ အိမ်ဖော်နေဖို့ နေရာသတ်သတ်ရှိတယ်။ လသာဆောင်ရှိတယ်။ တကယ့် အပျံစား တိုက်ခန်းကျယ်ကြီးပါ။

တကယ့်တကယ်က တိုက်ခန်းလို့သာ ပြောရတယ်၊ အိမ်ကြီးရခိုင်တစ်လုံး နီးပါး ကျယ်လွင့်တယ်။ ဆိတ်ငြိမ်တယ်။ ရှုခင်းရှုကွက်ကောင်းတယ်။ တခြား တိုက်ခန်း အဆောက်အအုံတွေမှာ အပေါ်ဆုံးထပ်က ဈေးချိုတတ်သလောက် အဲသလို ဂေဟာတိုက်ခန်းမျိုးကျရင်တော့ အပေါ်ဆုံးထပ်က ဈေးအကြီးဆုံးပဲ။ အဲဒီ့ သူငယ်ချင်းဆီ သွားလည်တဲ့နေ့က သူငယ်ချင်းက ကျွန်တော့်ကို အောက်ထပ်မှာ ဆင်းစောင့်နေရတယ်။ သူ့လက်ထဲမှာ ကျွဲကော်ပြားလေးတစ်ပြားပါတယ်။ အဲဒီ့အပြားလေးကို ဓာတ်လှေကားထဲက အပေါက်ထဲကို ထိုးထည့်လိုက်ရတယ်။ အဲတော့မှ သူ့အခန်းရှိရာ အထပ်ခလုတ်ကို နှိပ်လို့ရတယ်။ တခြား အထပ်ကို နှိပ်လို့ မရဘူး။ သူနေတာက အပေါ်ဆုံး ၁၄ ထပ်မှာ။ သူ့ကတ်ပြားကို ဓာတ်လှေကားထဲက ကွန်ပျူတာက ၁၄ ထပ်မှာ နေသူရဲ့ ကတ်ပြားအဖြစ်  အသိအမှတ်ပြုတယ်။ ဒါ့ကြောင့် နံပါတ် ၁၄ ကို နှိပ်လို့ရတယ်။ တခြား နံပါတ်တွေကို နှိပ်လို့ မရဘူး။

သူ့တိုက်ခန်းက ပြန်ဆင်းမယ်ဆိုလည်းပဲ ဓာတ်လှေကားက တခြားအထပ်တွေဆီ အဝင်မခံဘူး။ မြေညီထပ်ကိုဖြစ်စေ၊ ကားရပ်နားရာ မြေအောက်ထပ်ကို ဖြစ်စေသာ သွားလို့ရတော့တယ်။ အဲဒါကို သူငယ်ချင်းက ကျွန်တော့်ကို ရှင်းပြထားတာမို့ သည်စနစ်ကို မျက်စိနဲ့ ယဉ်ပါးနေပါတယ်။

(၂၄၀၃၁၀)

(၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ထွက်ရှိတဲ့ ဒေ၀ီဂျာနယ် အမှတ်စဉ် ၁ မှ ၃ အထိ ဖော်ပြခဲ့ပြီး ခရီးသွားမှတ်တမ်းကို ပြန်လည် တင်ဆက်ထားတာ ဖြစ်ပါတယ်။ စာတည်းမင်းများရဲ့ ကောင်းမှုကြောင့် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြစဉ်က ဟိုကျန်သည်ကျန်နဲ့ အချိတ်အဆက် မမိတွေ ဖြစ်ကုန်တာလေးကို သည်မှာတော့ အပြည့်အစုံ ဖတ်နိုင်ကြပါလိမ့်မယ်။)

ဖြည်းဖြည်းချင်း ဆက်လက်ဖော်ပြသွားပါမယ်။ စိတ်ရှည်လက်ရှည် စောင့်မျှော် ဖတ်ရှုပေးတော်မူကြပါခင်ဗျား

Advertisements
3 Comments leave one →
  1. 5 November 2010 3:11 pm

    နောက်ဆက်တွဲ အပိုင်းလေးတွေကို တမ်းတစွာစောင့် မျှော်လျက်ပါ…..

  2. 9 November 2010 3:49 pm

    (အဲဒါအပြင် ကျွန်တော်က ဘာပြောရမှာလဲနော်။ တောင်းပန်ပါတယ် သားရယ်၊ သားကြီးဒေါ်ကိုလည်း ပြောလိုက်ပါ၊ အန်ကယ်က တောင်းပန်လိုက်ပါတယ်လို့ ဘာညာဆိုပြီး လျှောက်ပြောနေလို့ ဖြစ်တာမျိုးမှ မဟုတ်တာလေ။)
    ဒီနေရာမှာ အသံထွက်အောင် ထရယ်မိတာ ဘေးမှာ အလုပ်လုပ်နေတဲ့သူ မျက်စောင်းထိုးတဲ့ အထိ
    😛 😛

  3. 9 November 2010 3:55 pm

    ဆရာရေ မျက်လုံးထဲ ကွင်းကွင်း ကွက် ကွက် ကို မြင်ယောင်နေတယ် ဆရာ ရေးတာ ဖတ်ပီးတော့ ။ အပိုင်း(၂) ဆက်အားပေးလိုက်အုံး မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: