စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၂)

အခု စင်္ကာပူက ဟိုတယ်မှာကျတော့ အဲဒါနဲ့ တွေ့နေတယ်။ ကျွန်တော် နေရမယ့် အထပ်က ၁၂ ထပ်မှာပါ။ ဒါနဲ့ ကပ်ပြားကို ထိုးထည့်တယ်။ မရဘူး။ ခလုတ်ကို နှိပ်လို့ကို မရဘူး။ စိတ်တစ်ခြမ်း ညစ်ရပြန်ပြီပေါ့။

အဖန်ဖန် ကြိုးစားနေဆဲမှာ ဓာတ်လှေကားထဲကို မျက်နှာဖြူ နှစ်ယောက် ဝင်လာတယ်။ သူတို့ ကတ်ပြား ထည့်ပြီးတော့ နှိပ်လိုက်တော့လည်း အဆင်ကို ပြေလို့။ ကျွန်တော် ပြန်ထည့်ပြီး ပြန်နှိပ်တော့ မရပြန်ဘူး။

“ကျွန်တော့်ကျ နှိပ်လို့ မရဘူးဗျ”လို့ ကျွန်တော်လည်း သူတို့ကို အရှက်ပြေ ပြောလိုက်မိရတော့တယ်။ အဲတော့လည်း သူတို့က “ဟုတ်တယ်၊ သည် ကတ် ပြားတွေက အဲသလို ဖြစ်နေကျပဲ”လို့ ပြန်ပြောပါတယ်။ ဓာတ်လှေခါးကြီး ငြိမ့်ခနဲ စအတက်မှာ ကျွန်တော်နှိပ်ချင်တဲ့ ခလုတ်ကို နှိပ်လို့ ရသွားတယ်။

ကံကောင်းချင်တော့ ဟိုမျက်နှာဖြူနှစ်ယောက်က အရင်ဆင်းသွားတယ်။ ဓာတ်လှေခါးက ဆက်တက်သွားတယ်။ ကျွန်တော့်အထပ် ရောက်လို့ ဓာတ်လှေကားထဲက ထွက်လိုက်တော့ တူရူက လမ်းညွှန်ဆိုင်းဘုတ်လေးတွေမှာ ကျွန်တော့် အခန်းနံပါတ်ကို မတွေ့ရဘူး။

ဟာ… ဘယ်လိုဖြစ်တာတုံး။

အခန့်သင့်ပါပဲ။ အဲဒီ့အထပ်မှာ သန့်ရှင်းရေးလုပ်နေတဲ့ ဟိုတယ် ဝန်ထမ်း တစ်ယောက်ကို အနားမှာ တွေ့လိုက်တာနဲ့ သူ့ကို မေးကြည့်တော့ ကျွန်တော် နေရမယ့် အခန်းက သည်အဆောက်အအုံ မဟုတ်ဘူးတဲ့။ ဟိုတစ်ဖက်က အဆောက်အအုံတဲ့။ သည်ဓာတ်လှေကားက တက်လာရမှာလည်း မဟုတ်ဘူးတဲ့။ တခြား ဓာတ်လှေကားကို သုံးရမှာတဲ့။

ကဲဗျား… ဇယားက ရှုပ်လှပါဘိ။

ဒါနဲ့ အောက်ကို ပြန်ဆင်းလာလိုက်တယ်။ ကျွန်တော့်မှာ မတော်လိုက်ရတဲ့ တူအရင်းခေါက်ခေါက်လေးကို မျက်နှာပူနေပါတယ်ဆိုမှနော်။

တော်ပါသေးရဲ့။ အောက်ပြန်ရောက်လာတော့ ဧည့်ကြိုဌာနရှေ့က ဧည့်ခန်းဆောင်မှာ သူတို့ကို မတွေ့ရတော့ဘူး။ စင်္ကာပူနိုင်ငံသူလေးပဲ ရှိနေတော့တယ်။ အဲဒီ့ကလေးမလေးကလည်း တခြား ဧည့်သည်များနဲ့ အလုပ်ရှုပ်နေတာမို့ ကျွန်တော့်ကို မမြင်ဘူး။ ဒါနဲ့ ဓာတ်လှေကား ဘယ်မှာ ရှိသလဲ ဆိုတာကို အဲဒီ့ ဧည့်ခန်းဆောင်ထဲမှာ တာဝန်ကျနေတဲ့ ဟိုတယ်ဝန်ထမ်းကို မေးလိုက်ပြီး ကျွန်တော့်အခန်းဆီ တက်လာလိုက်ရပါတော့တယ်။

အခန်းရောက်ပြီး ခဏနေတော့ အခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ထူးလိုက်တော့ သူငယ်ချင်းဖြစ်နေတယ်။

“ကိုယ်တို့ အပြင်ထွက်ပြီး တစ်ခုခု စားကြမလို့။ သူငယ်ချင်း လိုက်ခဲ့ပါလား”

“ကောင်းသားပဲ၊ လိုက်ခဲ့မယ်လေ…”

“ဒါဆို ဆင်းခဲ့တော့။ လော်ဘီ (ဧည့်ခန်း)မှာ စောင့်နေမယ်”

“အိုခေ…”

ကျွန်တော်လည်း အဝတ်တောင် မလဲတော့ပါဘူး။ ရန်ကုန်က ဝတ်လာတဲ့ အဝတ်အစား၊ ကိုယ်ပေါ်မှာ ရှိနေတာ သုံးနာရီ သာသာပဲ ရှိပါသေးတယ်။ အလတ်ကြီးပဲဟာ။

သည်လိုနဲ့ သုံးယောက်သား ဟိုတယ်ထဲက ထွက်လာခဲ့ကြတယ်။ ဟိုတယ် အပြင်က လမ်းကလေးက သာသာယာယာ၊ သန့်သန့်ရှင်းရှင်း။ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်ခွင့်ကို စတေးပြီး နိုင်ငံရဲ့ ကြွယ်ဝမှုနဲ့ သန့်ရှင်းမှုကို ဖန်တီးယူ ထားတဲ့ နိုင်ငံရယ်လို့ စင်္ကာပူနဲ့ ပတ်သက်တဲ့ အချက်အလက်များဆိုင်ရာ ပင့်ကူအိမ် စာမျက်နှာ တစ်ခုမှာ ဖတ်ဖူးတယ်။

ဦးနှောက်ကြီးတဲ့ စင်္ကပူရသားများ

ဟုတ်လောက်တယ်။ လမ်းက ခြောက်နေတယ်။ လူသွားလူလာ ရှင်းနေတယ်။ တိုက်တာ အဆောက်အအုံတွေက သစ်သစ်လွင်လွင်။ လမ်းဘေးမြက်တွေက စိမ်းစိမ်းစိုစို သပ်သပ်ရပ်ရပ်။ သည်လောက်ကြီး စနစ်ကျ သပ်ရပ်လွန်းနေပြန်တော့ နေရတာ ဘယ်လိုကြီးမှန်း မသိဘူး။

သူငယ်ချင်းက ၁၉၈၀ ပြည့်လွန်နှစ်များတုန်းက စင်္ကာပူမှာ နှစ်ရှည်လများ နေခဲ့ဖူးပါတယ်။ သူကလည်း စင်္ကာပူကို မကြိုက်ဘူးတဲ့။ ကျွန်တော်လည်း စင်္ကာပူကို သိပ်ခံစားလို့ မရဘူး။ စင်္ကာပူက သစ်လွင် သန့်ရှင်း သပ်ရပ်သလောက် နွေးထွေးမှု မရှိသလိုကြီးပဲ။

ပိုဆိုးတာက ကျွန်တော်က အီတာလျံ စာနယ်ဇင်းဆရာအကျော်အမော် တစ်ယောက်ရေးထားတဲ့ ခရီးသွား မှတ်တမ်းစာအုပ်ကို သိပ်သဘောကျတဲ့သူ။ သဘောကျလွန်းလို့တောင် မနေနိုင်မထိုင်နိုင်နဲ့ “ဗေဒင်ယုံတဲ့ အီတာလျံ”ဆိုပြီး ဘာသာပြန်ကာ Fashion Image မဂ္ဂဇင်းမှာ ဖော်ပြနေတာ တစ်နှစ်တောင် ကျော်နေပါပြီ။

အဲဒီ့ စာနယ်ဇင်းဆရာက အာရှတစ်ခွင် ပြဲပြဲစင်အောင် ကုန်းလမ်း၊ ရေလမ်းကနေ တစ်နှစ်ပတ်လုံး သွားခဲ့ပြီး သူမြင်တွေ့ခဲ့ရတာတွေ၊ သူ့အတွေးအမြင်တွေကို မှတ်တမ်းတင်ထားတာပါ။ စင်္ကာပူကိုတော့ “လေအေးစက် တပ်ထားတဲ့ ကျွန်း”လို့ အနွတ္ထသညာ ပြုခဲ့ပါတယ်။ စင်္ကာပူဟာ သဘာဝတရားကို ဆန့်ကျင်ကာ ကိုယ့်ဘာသာ ဇွတ်အတင်း ပြုပြင်ပြောင်းလဲယူပြီး သာယာအောင် လုပ်ထားတဲ့ မြို့နိုင်ငံလို့ ဆိုလိုတာပေါ့။

စကားစပ်တုန်း ပြောရရင် စင်္ကာပူဟာ ဟိုးပဝေသဏီ မူလတုန်းက တံငါသည်များနဲ့ ပင်လယ် ဓားပြများ နေထိုင်ရာ ကျွန်းကလေးသာ ဖြစ်ပါတယ်။ မူလ နာမည်က တူမာဆစ်(ခ်)၊ ဒါမှမဟုတ် တီမာ ဆစ်(ခ်)တဲ့။ ဂျာဗှားဘာသာစကားနဲ့ တာဆစ်(ခ်)ဆိုတာ ပင်လယ်ကို ခေါ်တာပါ။ ၁၄ ရာစု အဆုံးမှာတော့ တရုတ်တွေရဲ့ မှတ်တမ်းမှတ်ရာများ ရှိလာပြီမို့ တရုတ်တွေ စင်္ကာပူကို ရောက်နေတာ နှစ်ပေါင်း ၆၀ဝ ကျော် ၇၀ဝ နီးပါး သက်တမ်း ရှိနေပါပြီ။

အဲဒီ့ ၁၄ ရာစုနှစ် ကုန်လုလုမှာ ဘုရင် ရာဟိန္ဒြာက သည်ကျွန်းကို “စင်္ကပူရ”လို့ အမည်ပေးခဲ့ပါတယ်။ ပါဠိလိုဆိုရင်တော့ “သီဟပူရ”လို့ ခေါ်မလား မသိဘူး။ ဘာသာပြန်ရင်တော့ “ခြင်္သေ့ဌာနေ”လို့ အတိအကျ ရနေသပေါ့ဗျာ။ ဒါ့ကြောင့် စင်္ကာပူရဲ့ အမှတ်အသားဟာ ယနေ့ထက်တိုင် ခြင်္သေ့ဖြစ်နေတော့တာပါပဲ။

ရယ်တော့လည်း အရယ်ရသား။ မလေးမှတ်တမ်းတစ်စောင်မှာကျတော့  စင်္ကပူရကို ထူထောင်သူ မင်းသား ရှရီ တြိ ဘွာနာက ကျားတစ်ကောင်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်တာတဲ့။ အဲဒါကို သူက ကျားလို့ မမြင်ဘဲ ခြင်္သေ့လို့ အမြင်မှားသွားတဲ့အတွက် စင်္ကပူရဖြစ်သွားတယ်လို့လည်း ဆိုပြန်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခု ၂၁ ရာစုထဲမှာတော့ အဲဒီ့ ခြင်္သေ့ဌာနေဟာ အာရှ ကျားတစ်ကောင်အဖြစ်နဲ့ တွင်ကျယ်နေတာလည်း အများအသိပါပဲ။ နယ်မြေ အကျယ်အဝန်းအားဖြင့် ကျွန်းသေး ကျွန်းမွှား ၆၀ လောက်ကို ထည့်ပေါင်းရင်တောင် စုစုပေါင်းမှ စတုရန်းမိုင်ပေါင်း ၂၄၀ လောက်သာ ရှိတဲ့ ကျွန်းမြို့ကလေးက နိုင်ငံ ဖြစ်နေရှာတာပါ။

နယ်မြေအကျယ်အဝန်းကို အဆနဲ့ ပြောရင် ကျွန်တော်တို့ ရွှေနိုင်ငံကြီးရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်သာ ရှိတဲ့ နိုင်ငံပိစိညှောက်တောက်လေးပါပဲ။ ဘာသယံဇာတမှလည်း မရှိ၊ ရေတောင်မှ သူများနိုင်ငံက တင်သွင်းပြီးမှ သောက်ရတဲ့ နိုင်ငံ၊ စားသောက်ကုန်ဆိုလည်း ထို့အတူ၊ သမိုင်း အစဉ်အလာဆိုလို့လည်း ဘာမှ လက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူး။ သို့ပေမယ့် သူ့ရဲ့ ပထဝီ အနေအထားအရ ကုန်သင်္ဘောတွေ ဆိုက်ကပ်ရပ်နားလို့ရတဲ့ နေရာဖြစ်နေတယ်။ အဲဒီ့အပေါ်မှာ အမြတ်ထုတ်နိုင်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ မှာ စင်္ကာပူဟာ သီးခြား ကိုလိုနီတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ရွေးချယ်ခံ ကိုယ်စားလှယ်များက စင်္ကာပူ အစိုးရ တာဝန်ကို ရယူခဲ့ပါတယ်။ သို့တိုင်အောင် ဗြိတိသျှကတော့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကိုင်တွယ်ပေးခဲ့ကြသေးတယ်။ အဲဒါက စင်္ကာပူကို မလေးရှားပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုအဖြစ် ပူးပေါင်းလိုက်တဲ့ ၁၉၆၃ ခုနှစ်တိုင်အောင် ဖြစ်ပါတယ်။

သည်နေရာမှာ အာရှသားတွေ ဦးနှောက်ရှိရဲ့လားဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ တခြား အာရှသားတွေထက် စင်္ကပူရသားတွေက ဦးနှောက်ပိုရှိတယ်လို့ သုံးသပ်နိုင်မယ် ထင်ပါတယ်။ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာ ၁၉၅၅ လောက်မှသာ ဖြစ်တယ်။ သို့သော် သူတို့ကိုယ် သူတို့သိတယ်၊ တစ်ကမ္ဘာလုံးနဲ့ ရင်ပေါင်တန်းနိုင်လောက်အောင် သူတို့မှာ အရည်အချင်း မရှိသေးဘူး။ သည်အတွက် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမှာ နိုင်ငံတကာဝါး ကောင်းကောင်း ဝနေတဲ့ ဗြိတိသျှတွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ တစ်နည်းပြောရရင် ဗြိတိသျှတို့ရဲ့ လက်ကိုတွဲပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သင်ခဲ့တာပါ။

သည်နေရာမှာ မလေးရှားနိုင်ငံ သားတွေကလည်း ဦးနှောက်ရှိနေပြန်တယ်။ ၁၉၆၅ ခုနှစ်မှာ စင်္ကာပူကို သူ့ ပြည်ထောင်စုထဲက ခွဲထွက်ဖို့ သူကပဲ စတင် ကမ်းလှမ်းလိုက်တယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ကြားက နိုင်ငံရေး တင်းမာမှုတွေက မနိုင်ရင်ကာ ဖြစ်လာနေတာကိုး။ အဲတော့ မလေးတွေက လူလည်ကျလိုက်တယ်။ စင်္ကာပူကို သူတို့ပြည်ထောင်စုထဲကနေ ထွက်ချင်ထွက်ပေရော့လို့ ကမ်းလှမ်းလိုက်ပါတယ်။ စင်္ကပူရက မောင်တွေကလည်း အခွင့်အရေးကို လက်လွတ်မခံဘူး။ အရအမိ ယူလိုက်တယ်။ ခွဲထွက်လိုက်ပါတော့တယ်။

၁၉၆၈ ခုနှစ် ဇန်နဝါရီလမှာ ဟောင်ကောင်မှတစ်ပါး တခြား အရှေ့နဲ့ အရှေ့တောင်အာရှက ဗြိတိသျှ ကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးကို ၁၉၇၁ ခုနှစ် နောက်ဆုံးထားပြီး ရုတ်သိမ်းတော့မယ်လို့ ဗြိတိသျှ အစိုးရက ကြေညာလိုက်ပါတယ်။ ဧပြီလမှာကျတော့ စင်္ကာပူမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ ဖြစ်ချင်တော့  တကယ် ရွေးကောက်ပွဲ ကျင်းပဖို့ သတ်မှတ်ထားတဲ့ရက်ထက် ခုနစ်လ စောနေတယ်။ သည်မှာတင် အဓိက အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့က ရွေးကောက်ပွဲ ဝင်ဖို့ အသင့်မဖြစ်သေးဘူး။ အဲတော့ သူတို့က သည်ရွေးကောက်ပွဲကို သပိတ်မှောက်ကြပြီး ဝင်မပြိုင်ကြတော့ဘူး။

ဝင်မပြိုင်တော့ လီကွမ်ယုရဲ့ “လူထုလှုပ်ရှားမှု ပါတီ”ကသာ လွှတ်တော်က နေရာအားလုံးကို ရသွားပါတော့တယ်။ သည်ပါတီကလည်း ဦးနှောက်ရှိတယ်။ ဗြိတိသျှ တပ်တွေ ဆုတ်ပြီဆိုတာနဲ့ နိုင်ငံရဲ့ စီးပွားရေးက မလွဲမသွေ ထိခိုက်တော့မယ်။ အဲဒါကို ကြိုပြီး ကန်ထားမှဖြစ်မယ်ဆိုတာကို တွက်ချက်ပြီး ကြိုတင် ပြင်စရာရှိတာတွေကို ပြင်ထားတဲ့ ပါတီကိုး။

၁၉၇၁ ခုနှစ် အောက်တိုဘာလမှာတော့ ဗြိတိသျှတို့ဟာ မူလက ကြေညာ ထားခဲ့တဲ့အတိုင်း စင်္ကာပူက သူ့ရဲ့ တပ်တွေကို အပြီးအပိုင် ဆုတ်ခွာပေးခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ စင်္ကာပူဟာ ပို့ကုန် ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးကို အားပြုပြီး အကြီးအကျယ် လုပ်ပါတော့တယ်။ ဒါ့အပြင် ဒေသတွင်း သံတမန်ရေးရာပိုင်းမှာလည်း တက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အာဆီယံအဖွဲ့ကို စတင် ဖွဲ့စည်းရာမှာလည်း စင်္ကာပူဟာ အဲဒီ့အဖွဲ့ကို တည်ထောင်သူ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။

သည်နေရာမှာ လူသိပ်မသိလှပေမယ့် မှန်ကန်တဲ့ အချက်အလက်တစ်ခုကိုလည်း ပြောပြပါရစေဦး။ အဲဒါကတော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနဲ့ စက်မှုနိုင်ငံအဖြစ် နိုင်ငံတော်က ဦးဆောင်ပြီး ပြောင်းလဲယူရာမှာ စက်မှုလုပ်ငန်း၊ ပညာရေးနဲ့ မြို့ပြစီမံကိန်းများအပေါ် အထူးအလေးထားတဲ့ ခေတ်မီ စီးပွားရေးတစ်ရပ်ကို စင်္ကပူရသားများ ထူထောင်နိုင်ခဲ့ကြပါတယ်။ အဲသလို ထူထောင်ရာမှာ ဒတ်(ခ်ျ) စီးပွားရေးပညာရှင် Albert Winsemius ရေးဆွဲပေးတဲ့ အစီအစဉ်များအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သည်နေရာမှာလည်း သူတို့တွေဟာ နိုင်ငံထူထောင်ဖို့အတွက် ခေတ်မီ စီးပွားရေးပညာ မတတ်ကျွမ်းတာကို ကိုယ့်ဘာသာ အသိအမှတ်ပြုပြီး ကျွမ်းကျင်သူ ပညာရှင်ရဲ့ အကူအညီကို ပေါ်ပေါ်တင်တင်ပဲ ရယူခဲ့ကြပြန်တယ်။

အကျိုးဆက်အဖြစ်တော့ ကနေ့အခါမှာ အဲဒီ့နိုင်ငံပိစိညှောက်တောက်လေးဟာ ကမ္ဘာ့ ပဉ္စမ အချမ်းသာဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ် ဇူလိုင်လမှာဆိုရင် စင်္ကာပူနိုင်ငံရဲ့ တရားဝင် ခြေစောင့် လက်စောင့် ထားတဲ့ ငွေပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ၁၇၀.၃ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ (မြန်မာလိုပြောရင်တော့ အမေရိကန် ဒေါ်လာ ၁၇၀၃ ကုဋေပေါ့။)

သည်အချက်တွေ အားလုံးကို ပြန်သုံးသပ်မယ်ဆိုရင် စင်္ကပူရသားများဟာ တော်တော့်ကို ဦးနှောက်ကြီးတဲ့သူတွေအဖြစ် မြင်နေရပါတယ်။

ကျမ်းကိုး –

(၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ထွက်တဲ့ “ဒေ၀ီဂျာနယ်” အမှတ်စဉ်  ၃ မှာ သည်အထိ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ စာတည်းမင်းများရဲ့ ကောင်းမှုကြောင့် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြစဉ်က ဟိုကျန်သည်ကျန်နဲ့ အချိတ်အဆက် မမိ ဖြစ်ကုန်တာလေးတွေကို သည်မှာတော့ အပြည့်အစုံ ဖတ်နိုင်ကြပါလိမ့်မယ်။)