Skip to content

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၃)

10 November 2010

ဇာတိမဲ့ စင်္ကပူရ

သည်နေရာမှာ စင်္ကပူရသားတွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်မိရပြန်တယ်။ တကယ်တော့ စင်္ကပူရတိုင်းသား (ဝါ) စင်္ကာပူ လူမျိုးဆိုတာ သီးခြား သတ်သတ် ရှိကို မရှိဘူး။ တရုတ်တွေ၊ ကုလားတွေ၊ မလေးတွေနဲ့ ဖွဲ့စည်းထားလေတဲ့ စင်္ကာပူနိုင်ငံသားတွေသာ ဖြစ်လို့နေတာကို တွေ့ရပါတယ်။ စင်္ကာပူ နိုင်ငံသား အားလုံးရဲ့ လေးပုံ သုံးပုံ ကျော်က တရုတ်တွေ။ (ဒါ့ကြောင့်လည်း စင်္ကာပူနိုင်ငံက သူတို့ကိုယ်သူတို့ တတိယ တရုတ်နိုင်ငံတော်လို့ အောက်မေ့ကြတဲ့အပြင် တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့ကို ရင်ကြားစေ့ပေးရာမှာတောင် အိမ်ရှင်အဖြစ်နဲ့ ဝင်ပါပေးခဲ့ဖူးသေးတယ်။)

ဒုတိယအများဆုံးက မလေးတွေ ဖြစ်ပြီး ကုလားတွေက တတိယအများဆုံး ဖြစ်ပါတယ်။ သည်လိုပြောပေမယ့် တရုတ်ကလည်း တစ်မျိုးတည်း မဟုတ်ပြန်ဘူး။ အများစုက ဖှုကျန့် ပြည်နယ်က၊ တချို့ကကျတော့ ကွမ်းတုံက၊ တချို့က တခြားနေရာတွေက ဖြစ်နေတော့ တရုတ်ချင်း အတူတူပေမယ့် ပြောတဲ့ စကားချင်းက မတူကြပြန်ဘူး။ တစ်မျိုးပြောတာကို ကျန်တဲ့ တစ်မျိုးက လုံးဝ နားမလည်နိုင်ဘူး။ ကုလားမှာကျတော့လည်း တစ်ဝက်ကျော်က တမီ(လ်)တွေ၊ ကျန်တာတွေက မလေးပေါက် ကုလားနဲ့ ဆစ်(ခ်) (မြန်မာအခေါ် ပန်ချာပီ)တွေအပြင် ပါကစ္စတာနီတွေ၊ ဆင်ဟာလိ(စ်)တွေလည်း ပါသေးတယ်။ သူတို့ကျတော့လည်း စကားချင်းက တောင်နဲ့ မြောက်၊ မတူပြန်ဘူး။ မလေးတွေကျတော့လည်း အဲသလိုပဲ၊ ဒေသိယ စကားတွေက ကွဲနေပြန်တယ်။

အဲတော့ စင်္ကာပူမှာ ရုံးသုံးအဖြစ် ဘုံသုံးနိုင်အောင် အင်္ဂလိပ်စာကိုပဲ အဓိကထားကြရတော့တယ်။ တရားဝင်အနေနဲ့တော့ အင်္ဂလိပ်စကားရယ်၊ မယ်(န်) ဒရင်း တရုတ်စကားရယ်၊ မလေးစကားရယ်၊ တမီ(လ်)စကားရယ်ဆိုပြီး လေးခု သတ်မှတ်ထားပေမယ့် တကယ်တကယ် အုပ်ချုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အင်္ဂလိပ်စကားကိုသာ အဓိကထားသလို ကျောင်းတွေမှာလည်း အင်္ဂလိပ်စကားနဲ့သာ သင်ကြားပို့ချပါတယ်။ တစ်ဖက်ကလည်း တရုတ် မယ်(န်)ဒရင်း စကားကိုလည်း စင်္ကာပူကျောင်းတွေရဲ့ သုံးပုံတစ်ပုံမှာ အဓိက ထားပြီး သင်ကြားပေးပြန်တယ်။

ဘာသာရေးအရလည်း အမျိုးမျိုးကွဲနေပြန်တယ်။ တရုတ်အများစုက ကွန်ဖျူးရှပ်ရယ်၊ တာအိုဝါဒရယ်၊ ဗုဒ္ဓဘာသာရယ်ကိုဖြစ်ဖြစ်၊ ဟိုဟာ နည်းနည်း၊ သည်ဟာ နည်းနည်း ရောနေတဲ့ ဘာသာရယ်ကိုဖြစ်ဖြစ် ကိုးကွယ်ကြတယ်။ မလေးတွေနဲ့ ကုလားတချို့ကတော့ အစ္စလာမ်ဘာသာဝင်တွေ။ အဲဒါက လူဦးရေရဲ့ ခြောက်ပုံ တစ်ပုံ ရှိတယ်။ ခရစ်ယာန်အသိုင်းအဝိုင်းကလည်း တစ်မုဟုတ်ချင်း တိုးပွားလာလိုက်တာ အခုဆို လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းကျော်က ခရစ်ယာန်တွေဖြစ်နေကြပြီး ခရစ်ယာန်ဘာသာဝင် အားလုံးလိုလိုကလည်း တရုတ်တွေပဲ ဖြစ်လို့နေပြန်တယ်။ ကျန်တာက ဟိန္ဒူတွေ။

သည်အခါ စင်္ကာပူရရဲ့ လူအများ ဖွဲ့စည်းပုံကလည်း သည်တိုင်းပြည်လေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေလေတဲ့ အချက်ဖြစ်နေနိုင်လားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြောရရင် စင်္ကာပူနိုင်ငံသားတွေမှာ ဇာတိတွေ ကွဲနေတယ်။ အဲတော့ ဇာတိမာန်တက်ဖို့ သူတို့မှာ အားမရှိဘူး။ တစ်ဖက်ကကြည့်ရင် အင်မတန် သနားစရာ ကောင်းလှသလောက် တစ်ဖက်ကကြည့်ပြန်ရင်လည်း သူတို့မှာ အလုပ်မဟုတ်တာတွေကို အဟုတ်လုပ်၊ အရှုပ်တွေ လုပ်ရင်း အလုပ်ရှုပ်စရာ အကြောင်းက နည်းနေပါတယ်။

လက်တွေ့ဘဝမှာကိုက ကိုယ်ပိုင် ဘာသာစကားရယ်လို့ သတ်သတ်မှတ်မှတ် လက်ညှိုး ထိုးပြစရာမရှိတော့ သူတို့ကို နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့သူ အင်္ဂလိပ်များရဲ့ ဘာသာစကားကိုပဲ ယနေ့ ထက်တိုင် ကြည်ကြည်ဖြူဖြူ လက်ခံ သုံးစွဲခဲ့တယ်။ အခုကျတော့ ဆင်းဂလစ်(ရှ်)လို့ တောင်ခေါ်ရတဲ့ စင်္ကာပူနိုင်ငံသားသုံး အင်္ဂလိပ် စကားပျက်တောင် ပေါ်ထွန်းလာခဲ့ပြီ။ တစ်နည်းပြောရရင် ဘုံလူမျိုး၊ ဘုံဘာသာစကား မရှိတဲ့ ကျွန်းကလေး တစ်ကျွန်းပေါ်က မြို့သာသာ နယ်နိမိတ်ကလေး တစ်ခုကနေ နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့အခါ ဘုံလူမျိုး၊ ဘုံဘာသာစကား တစ်ခုကို ကိုယ့်ဘာသာ ဖန်တီးယူလိုက်ကြတဲ့ သဘောပါပဲ။

သည်အခါမှာ နိုင်ငံချစ်စိတ်က ပိုပြီး ပြင်းထန်လာသလားဆိုတာ စဉ်းစားစရာပဲ။ တခြားဟာမှ သီးသီးသန့်သန် ချစ်စရာ၊ မာန်တက်စရာ ရှိမနေတော့တဲ့ အတူတူ၊ ကိုယ် မှီတင်း နေထိုင်တဲ့ နိုင်ငံကိုသာ ပုံအောပြီး ချစ်လိုက်ကြရင်းက ကိုယ့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အားသွန် ခွန်စိုက် ကြိုးပမ်းခဲ့ကြတာရော မဖြစ်နိုင်ဘူးလားလို့ တွေးစရာ ကောင်းလှပါတယ်။

အခုပဲ ကြည့်၊ ကျွန်တော်တို့ နေတဲ့ ယော့(ခ်)ဟိုတယ်(လ်)ဆိုတာ အင်္ဂလိပ် နာမည်၊ ယော့(ခ်)ဟိုတယ်ရှိတဲ့ တောင်ကုန်းက အလစ်ဇဘက်(သ်)ကုန်း၊ အင်္ဂလိပ် နာမည်ပဲ၊ အခု ကျွန်တော်တို့ ရောက်နေတဲ့ လမ်းမက သစ်သီးခြံလမ်းလို့ ကျွန်တော်ကသာ ဘာသာပြန်ပြီး ရေးလိုက်တာ။ သူ့ နာမည်အမှန်က အောချာ့(ထ်)လမ်း ခင်ဗျ။ အင်္ဂလိပ်နာမည်ပဲ။ [မြန်မာပြည်က မြို့များကို အစွဲပြုမှည့် ခေါ်ထားတဲ့ မင်းဘူးလမ်းတွေ၊ မော်လမီး(န်) (မော်လမြိုင်)လမ်းတွေလည်း ရှိသဗျ။ ဆီရန်ဂွန်းကတော့ မြန်မာနဲ့ သက်ဆိုင်ပုံ မရဘူး။ သူက မလေးဘာသာစကားနဲ့ ရန်ဂုန်ဆိုတဲ့ ငှက်ကို အစွဲပြုမှည့်ခေါ်ထားတာလို့ တော်တော်များများက ယူဆကြပါတယ်။ အတတ်တော့ ဘယ်သူကမှ မပြောနိုင်ဘူးပ။]

စင်္ကာပူကိုလည်း အင်္ဂလိပ်က ကိုလိုနီနယ်ပယ်အဖြစ် ကျွန်ပြုခဲ့တာပ။ သို့ပေမယ့် စင်္ကပူရသားတွေအနေနဲ့ အင်္ဂလိပ်အပေါ် အခဲမကျေတဲ့ စိတ်နဲ့ အဲဒီ့ နာမည်တွေကို ပြောင်းပစ်ရအောင်ကလည်း သူတို့မှာ ကိုယ်ပိုင် စင်္ကပူရ ဘာသာ စကားရယ်လို့  သတ်သတ်မှတ်မှတ် မရှိလေတော့ကာ အကုန်လုံး သည်တိုင်း ထားလိုက်ကြတယ်။ တစ်နည်းအားဖြင့် အပယိကတွေအတွက် ဦးနှောက်တွေ အစားခံနေစရာ မလိုတော့ဘူး။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံအပြည့်စိုက်ပြီး လုပ်နိုင်ခဲ့ကြပါတယ်။

အနှစ်သာရပိုင်းမှာလည်း ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဗြိတိသျှတွေက လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် သံမဏိသက် ရှည်စွာနေလာခဲ့တဲ့သူတွေ ဖြစ်တာကို အသိအမှတ်ပြုတယ်။ ကိုယ့်နိုင်ငံနဲ့ကိုယ် ရပ်တည်နိုင်ရုံသာမက သူများနိုင်ငံတွေကိုတောင် အောင်မြင်စွာ သိမ်းပိုက်ပြီး နယ်ချဲ့နိုင်ခဲ့သူတွေဆိုတော့ နှယ်နှယ် မဟုတ်မှန်းလည်း ရိပ်မိတယ်။ သည်မောင်တွေမှာ အုပ်ချုပ်ရေး စွမ်းရည်၊ စစ်ရေးစွမ်းရည်၊ သံတမန်ရေးစွမ်းရည်တွေ အခိုင်အမာ ရှိနေတာကို မြင်တယ်။ သည်တော့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ စင်္ကပူရသားတွေအနေနဲ့ လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်ရေးမှာ  ဝါးလုံးနင်းမိ ဝါးခြမ်းနင်းမိ ဖြစ်နိုင်တာကို ကြိုမြင်တယ်။ အဲဒီ့ အမြော်အမြင်နဲ့ ဗြိတိသျှတို့ရဲ့ အကူအညီကို ယူလိုက်သလို မလေးရှားပြည်ထောင်စုရဲ့ အဆွယ်အပွားပြည်နယ် တစ်ခုအဖြစ်လည်း ရပ်တည်ခဲ့ပြန်တယ်။

ကိုယ့်ဘက်က ခိုင်ပြီ၊ ပိုင်ပြီ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရဲရဲ ရပ်နိုင်ပြီဆိုမှ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံထဲကို ခြေစုံပစ်ဝင်ချလာတယ်။ ဒေသတွင်းမှာ တက် တက်ကြွကြွ အလုပ်လုပ်ကြတယ်။

နှစ်ပေါင်း ၄၀ လောက် အလုပ်ကိုပဲ ဖိလုပ်တဲ့ အကျိုးကျေးဇူးကို ကနေ့ အခါမှာ စင်္ကပူရသားတွေ အပြည့်အဝ ခံစားနေရတာ တွေ့နေရပြီပဲလေ။ သွားလေရာမှာ သစ်သစ်လွင်လွင်၊ လတ်လတ်ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်း။ ခြင်၊ ယင်၊ ပိုးဟတ်၊ ကြွက် မရှိတဲ့ နိုင်ငံ။ ရှိဦးတောင်မှ လူတွေကို ဒုက္ခမပေးနိုင်တဲ့ မရှိသလောက် ပမာဏသာ ဖြစ်ပါတယ်။

တိုက်တာတွေကလည်း အသစ်၊ ကားတွေကလည်း အသစ်၊ လူတွေကလည်း ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် အဝတ်အစားသစ်တွေနဲ့ ကျော့ကျော့မော့မော့။ မျက်နှာတွေကလည်း အဆီပြန်နေတဲ့ မျက်နှာ မရှိဘူး။ ရေမိုးချိုးပြီးခါစတွေလို ကျော့လို့။ ကျော့မှာပေါ့၊ သွားလေရာမှာ လေအေးစက်နဲ့မှ မလွတ်လေတော့ကာ ဘယ်အဆီပြန်အားမှာတုံး။

ရောက်စ လမ်းသလားချက်လေး တစ်ကွက်

ကျွန်တော်လည်း စင်္ကာပူရောက်တော့ အဆီမပြန်တော့ဘူး ထင်ပါတယ်။ သူငယ်ချင်းကတော့ ထုံးစံအတိုင်း ကျော့လို့ရယ်။ သူက သူငယ်ချင်းတကာအနက်မှာ မနာလိုချင်စရာ အကောင်းဆုံး။

အစားလည်း မက်တယ်၊ အအိပ်လည်း မက်တယ်၊ အရက်ကလေးလည်း သောက်တယ်။ သို့ပေမယ့် သူ့ကိုယ်ခန္ဓာက ကျစ်ကျစ်လစ်လစ်၊ သွယ်သွယ်လျလျ။ ငွေကြေးကလည်း တတ်နိုင်တဲ့သူဆိုတော့ သူ့ကြည့်လိုက်ရင် အမြဲကျော့လို့၊ မော့လို့။

မနာလိုတာက ဘယ်လောက်စားစား မဝတဲ့ သူ့ကိုယ်ခန္ဓာကိုပါ။ ကျွန်တော်ဖြင့် ရေသောက်ရင်းတောင် အခြောက်တိုက် ဝ၀လာ မှတ်တယ်။

သုံးယောက်သား သစ်သီးခြံလမ်းပေါ် ရောက်လာကြတယ်။ လမ်းပေါ်မှာ လူတွေ အပြည့်။ အားလုံးက သုတ်သုတ် သုတ်သုတ်။
သူငယ်ချင်းက ၁၉၈၀ ပြည့်လွန်စ နှစ်တွေတုံးက စင်္ကာပူမှာ နှစ်နဲ့ချီပြီး နေခဲ့ဖူးတယ်။ ဘယ်နားမှာ ဘာရှိတာ၊ ဘာကောင်းတာတွေကို သူ သိတယ်။ သူက ခါးပိုက်နှိုက်လည်း သတိထားလို့ ပြောတော့ နည်းနည်း အံ့ဩသွားတယ်။ သည်တိုင်းပြည်မှာ ဒါမျိုးတွေ ရှိသလားလို့ ပေါင်ချိန်ပြောနည်းကား ပြောရမလိုတောင် ဖြစ်သွားတယ်။

သို့ပေမယ့် ပြင်သစ်မှာ သူ့လိုပဲ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ခါးပိုက်နှိုက်ခံခဲ့ရဖူးတာကို အမှတ်ရမိသွားပါတယ်။ လွယ်ရင်တော့ သူကြွယ်တောင် မနေဘူးပေါ့လေ။ ကိုယ် အရင် ကိုယ်ခံပေါ့လို့ တွေးရင်း ပုခုံးမှာ လွယ်ထားတဲ့ အိတ်ကလေးကို စလွယ်သိုင်း ပြောင်းလွယ်လိုက်ရင်း ဗိုက်ဖက် ရွှေ့ထားလိုက်ရ ပါတယ်။

မနှစ်က နတ္တလင်းကို ဆရာမောင်ဝဏ္ဏရယ်၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရယ်၊ ကျွန်တော်ရယ် စာပေဟောပြောပွဲ သွားခဲ့ကြတုန်းက အပြင်ထွက်ကြမယ် လုပ်တော့ ဆရာမောင်စိန်ဝင်းက ဂျင်းအိတ်ဖြူလေးတစ်လုံး လွယ်ပြီး ထွက်လာတာ တွေ့လိုက်တယ်။ စာကြည့်မျက်မှန်၊ ဆေးလိပ်ဘူး၊ မီးခြစ်၊ ပါလေရာဖုန်း၊ ဆေးပေါ့လိပ်၊ မှတ်စုစာအုပ်စသဖြင့် စုံစီနဖာကို သွားလေရာ သယ်တတ်တဲ့ ကျွန်တော့်အတွက်လည်း အဲလို အိတ်လေးတစ်လုံးနဲ့မှ ဖြစ်မယ်လို့ သဘောပေါက်သွားတယ်။ ဆရာမောင်စိန်ဝင်းရဲ့စိတ်ကူးကိုလည်း သဘောကျသွားတယ်။

ဒါနဲ့ ကျွန်တော်လည်း အိတ်ကလေးတစ်လုံး ဝယ်ကိုင်လာတာ။ အတော်တော့ အလုပ်ဖြစ်သဗျ။ အခုဆို အိတ်ထဲမှာ နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံ၊ ပါလေရာဖုန်း၊ မှတ်စုစာအုပ်၊ ဆေးလိပ်ဘူး၊ ဆေးပေါ့လိပ်၊ အသံဖမ်းစက် အကုန်ပါ တယ်။ သူငယ်ချင်းက ခါးပိုက်နှိုက် သတိထားလို့ ပြောတော့မှ ဥစ္စာခြောက်ပြီး ပြောင်းလွယ်လိုက်ရတယ်။

ကော်ဖီဆိုင် တစ်ဆိုင်မှာ ထိုင်ဖို့ ပြင်ကြတယ်။ ကော်ဖီဆိုင်က လမ်းဘေး  လူသွားစင်္ကြံအကျယ်စားမှာလည်း ခင်းထားပေးတဲ့ဆိုင်။ သို့ပေမယ့် လူသွား စင်္ကြံပေါ်မှာ ဖြစ်လင့်ကစား ဆေးလိပ်မသောက်ရတဲ့ အခြမ်းတစ်ခြမ်းနဲ့ ဆေးလိပ် သောက်နိုင်တဲ့ အခြမ်းဆိုပြီး နှစ်ခြမ်းခွဲထားတယ်။ သူငယ်ချင်းနဲ့ ကျွန်တော်က ဆေးလိပ်သမားတွေဆိုတော့ ဆေးလိပ်သောက်လို့ရတဲ့ အခြမ်းကို ရွေးကြပါတယ်။ သို့ပေတည့် အဲဒီ့အခြမ်းမှာ ရှိတဲ့ စားပွဲ ၄-၅-၆ လုံးစလုံးမှာက လူပြည့်နေတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ရပ်စောင့်နေကြရပါတော့တယ်။

(ကနေ့ထွက်တဲ့ “ဒေ၀ီဂျာနယ်” အတွဲ ၁ အမှတ် ၄ မှာ သည်အထိ ဖော်ပြထားပါတယ်။ သည်တစ်ပတ်ဂျာနယ်ကတော့ သည်စာကို ဖော်ပြလာသမျှထဲမှာ အပြည့်စုံဆုံးလို့ ပြောနိုင်ပါတယ်။ အရင်အပတ်တွေကလို ဟိုကျန် သည်ကျန် အတော်နည်းသွားတယ်။ အခု ဖော်ပြထားတဲ့အထဲက အပြာရောင် စာလုံးနဲ့ ပြထားတဲ့ စာသားတွေပဲ ကျကျန်ရစ်ခဲ့တာ။ ရှေ့အပတ်တွေက ဟိုကျန်သည်ကျန်တွေနဲ့ စာရင် အဲလောက်ပမာဏက မဆိုစလောက်လို့ ဆိုနိုင်ပေမယ့်လည်း အဲဒါ မပါတော့ စာက အချိတ်အဆက် အားနည်းသွားပါတော့တယ်။ သို့သော် ဟိုမိန်းမတွေ ပြောသလို သံယောင်လိုက်ပြီး “ရှင်တို့က စာတည်းတွေပဲ… လုပ်ကြပေါ့တော်”လို့သာ ပြောရတော့မယ် ထင်ပါရဲ့ဗျာ။)

Advertisements
8 Comments leave one →
  1. ခရေညို permalink
    10 November 2010 2:05 pm

    ဆရာရေ နေ့တိုင်းလာအားပေးဖြစ်ပါတယ်။
    အသစ်မရှိရင်လည်းအဟောင်းကို ပြန်ဖတ်သွားတတ်ပါတယ်။
    အခုတော့ အသစ်ပဲဖတ်သွားတယ်။
    ဗဟုသုတတွေအတွေ thank you yar ( Singlish နဲ့ပြောသွားသည်)

  2. 10 November 2010 2:07 pm

    နောက်ထပ် ဂျာနယ်မှာ ထပ်ထွက်ပြီးမှ ဆက်ဖတ်၇မှာလား ဆရာ
    မျှော်နေပါမယ်…

    • lettwebaw permalink
      10 November 2010 6:35 pm

      အဲဂလို အကင်းပါးတာကို ချီးကျူးပါသဗျာ။ ဟုတ်တယ်ဗျ။ နောက်တစ်ပတ်လေးပဲ စောင့်ရမှာပါနော်။ တစ်ပတ်တစ်ခါ ပေါ်လို့လာပေါ့။ ကိုရီးယား ဇာတ်လမ်းတွဲတွေ အားကျလို့ပါ ခင်ဗျာ။ 😛

      • smms permalink
        15 November 2010 1:37 pm

        နောက်ထပ် ၂ ရက်ပဲ လိုတော့တာပေါ့နော် 😀

  3. ကို permalink
    10 November 2010 10:32 pm

    ” သည်အခါ စင်္ကာပူရရဲ့ လူအများ ဖွဲ့စည်းပုံကလည်း သည်တိုင်းပြည်လေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေလေတဲ့ အချက်ဖြစ်နေနိုင်လားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။”

    စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါ..အမေရိကရဲ့ ပုံစံကိုသွားမြင်ယောင်ကြည့်ပါတယ်..အမေရိကမှာ ၈၀ခုနောက်ပိုင်း(၆၀ ၇၀ လောက်ကတော့ အဖြူအမဲပြသနာရှိနေသေးတာကိုး) ကစပြီး ပို diverse ဖြစ်လာတာတွေ့ရပါတယ်..တခုအံ့သြဖို့ကောင်းတာက ကမ္ဘာအရပ်ရပ်က migrate လုပ်လာသူတွေက ကိုယ့်ဘာသာလူမျိုးလဲမပျောက်ပဲ ဒီကSociety ထဲကို အံဝင်ခွင်ကျဖြစ်အောင် ရောနှောသွားတာပါပဲ..
    England မှာလို လာတော့လာနေကြတာပဲ..ဒါပေမဲ့ကိုယ့်လူမျိုးအချင်းချင်း ရပ်ကွက်လေးတွေဖြစ်လာပြီး native တွေနဲ့ခွဲခြားနေတာမျိုးတွေက တိုင်းပြည်အတွက် ကောင်းမယ်မထင်ပါ..
    ကျွန်တော်တို့ တိုင်းပြည်မှာလဲ singapore လို america လို ဖြစ်နိုင်တဲ့ အခြေအနေကောင်းတွေရှိနေတယ်လို့ကျွန်တော်ယုံတယ်..

    လွန်ခဲ့တဲ့ ၁၅နှစ် လောက် singapore မှာ ၃ ၄နှစ်လောက် နေခဲ့ဖူးပါတယ်..သူငယ်ချင်းတွေရှိနေတုန်းပါ..သူတို့တိုင်းပြည်ချစ်တာကိုတော့ သိပ်မသေချာပေမဲ့ အရာရာကို business အတွေးနဲ့ကြည့်လေ့ရှိတာက တော့ ကျိန်းသေပါတယ်..အများစုက အခြေအနေပေးရင် Aussie တို့ US တို့ကိုပြောင်းမယ်ဆိုတာမျိုးပြောလေ့ရှိကြတာကို ကြားဖူးခဲ့ပါတယ်..မှတ်မှတ်ရရ..Perth လေဆိပ်က duty free shops တွေမှာ တရုတ်ရုပ်နဲ့လူအများစုက singapore က ပါ..(သူတို့တိုင်းပြည်မှာ မလုပ်တဲ့ အလုပ်မျိုးတွေလုပ်နေကြပါတယ်) စကားပြောကြည့်တော့ သူတို့ အဲဒီ့ လွတ်လပ်မှု့မရှိတဲ့ ကျွန်းသေးသေးလေးမှာမနေချင်ဘူးတဲ့
    အဲဒါကြောင့်လဲ ကျွန်တော်တို့လို ဆင်းရဲတဲ့တိုင်းပြည်တွေက သန်တုန်းမြန်တုန်း အလုပ်လုပ်နိုင်တဲ့လူငယ်တွေကို singapore က လက်ခံနေတာပဲ..ကိုယ်တိုင်းပြည်က ဆုံးရှုံးသွားတာပေါ့လေ..

    ကျွန်တော်တိုကတိုင်းပြည်ကေ၇ခံမြေခံကောင်းရှာပေမဲ့ေ၇လောင်းပေါင်းသင်မလုပ်ပေးနိုင်တော့ (weeds တွေများနေတာလဲပါတာပေါ့.:-))သူများခြံထဲ ဝေဝေဆာဆာပေါက်နေတဲ့ ကိုယ့်မျိုးစေ့ ကလေးတွေကို ကြည့်တိုင်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာ..

  4. SMMS permalink
    11 November 2010 10:19 pm

    Singlish နဲ့လား … ဒါဆိုပြောမယ် .. Thanks hor 😛

  5. 12 November 2010 12:09 pm

    မန်းတလေးလမ်း၊ ဧရာဝတီလမ်းတွေလည်း ရှိသေးတယ်။ ခါးပိုက်နှိုက်တော့ မတွေ့ဖူးသေးဘူး။ ရာဇဝတ်မှု အင်မတန်နည်းတယ်ဆိုတဲ့ နိုင်ငံမှာ ဒီရက်ပိုင်း ဓားခုတ်တာတွေ ခဏခဏကြားနေရတယ်။ ;(

    • Aung Maun permalink
      20 June 2014 5:18 pm

      suicide လုပ်တာလဲ စင်္ကာပေါမှာ အများဆုံးပဲထင်တယ်။ Straits Time ထဲမှာခဏခဏ ဖတ်မိသလားလို့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: