Five Different Kinds of People

ငါးမျိုး ငါးဟူ လူထိုထို

သည်တစ်ပတ် ဆံပင်သွားညှပ်တော့ ဆံပင်ညှပ်ဆိုင်မှာ အသက် ၇၀ ကျော် ဦးလေးကြီးတစ်ယောက်နဲ့ ဆုံတယ်။ သူနဲ့ ကျွန်တော်က ဘေးချင်း ယှဉ်လျက် ထိုင်ညှပ်နေကြတာ။

ဆံသဆရာက မိတ်ဆက်ပေးလို့ ဦးလေးကြီးဟာ ဌာနကြီးတစ်ခုက အငြိမ်းစား အဆင့်မြင့် အရာရှိကြီးတစ်ယောက်မှန်း သိခွင့်ရလိုက်ပါတယ်။  ကျွန်တော့်ကိုလည်း စာရေးသူတစ်ယောက်မှန်း ဦးလေးကြီးက သိသွားတော့ ဘာစာတွေ ရေးသလဲလို့ မေးပါတယ်။

လောလောဆယ်မှာတော့ တွေးမိသမျှလေးတွေ ချရေးဖြစ်နေကြောင်းကို ပြန်ပြောပြလိုက်မိတယ်။ သည်အခါမှာ အဲဒီ့ဦးလေးကြီးက ကျွန်တော့်ကို တွေးစရာလေးတစ်ခု လက်ဆောင်ပေးလိုက်တယ်။

သူပြောတာက လောကမှာ လူငါးမျိုးသာ ရှိတဲ့အကြောင်းပါ။ အဲဒီ့ ငါးမျိုးကို ဦးလေးကြီးက တစ်ခုစီ ရှင်းပြတယ်။
ပထမတစ်မျိုးက အဝတ်အစား ဝတ်ထားတဲ့ တိရစ္ဆာန်သာသာ လူစားတဲ့။ အဲသလိုလူမျိုးတွေက တိရစ္ဆာန်လိုပဲ၊ အိပ်၊ စား၊ ကာမ ထိုသုံးဝနဲ့ပဲ ဘဝကို အချိန်ကုန်နေကြ၊ တိရစ္ဆာန်လိုပဲ စိတ်ကူးထဲပေါ်တာတွေ အကုန်လုံး လျှောက်လုပ်ကြ၊ အာရုံရရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့မို့ တကယ်တမ်းမှာ တိရစ္ဆာန်က အဝတ်အစား ဝတ်ထားတာလောက်ပဲရှိပါတယ်။ ဒါကြောင့် လူငါးမျိုးထဲမှာ အနိမ့်ဆုံး အမျိုးအစားလို့ ဦးလေးကြီးက သရုပ်ခွဲပြပါတယ်။ Mere animals wearing clothes လို့လည်း အင်္ဂလိပ်လို ပြောလိုက်သေးတယ်။

ဒုတိယတစ်မျိုးကတော့ ပထမထက် အနည်းငယ် သာပါသတဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေတဲ့။ သည်အမျိုးအစားကတော့ ဘယ်သူ သေသေ ငတေမာ ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးသူတွေပါတဲ့။ အင်္ဂလိပ်လိုတော့ opportunists လို့ ခေါ်ကြောင်းလည်း ပြောပြတယ်။

တတိယတစ်မျိုးကကျပြန်တော့လည်း ဒုတိယအမျိုးထက် နည်းနည်း သာသွားပြန်ရောတဲ့။ အဲဒီ့တစ်မျိုးကတော့ ဘဝရပ်တည်မှုအတွက် အားထုတ်သူများပါတဲ့။ သူတို့ကတော့ အတတ်ပညာ၊ အသိပညာ၊ ဝါသနာ၊ အစွမ်းအစ တစ်ခုခုကို ထုတ်သုံးပြီး ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ပါသတဲ့။ အင်္ဂလိပ်လိုတော့ careerists လို့ခေါ်သပေါ့။ အဲ… သူတို့တွေကလည်း သူတို့ ရပ်တည်မှုနဲ့ သူတို့ရဲ့ နေရာအတွက် ဘာကိုမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးကြပြန်ဘူးတဲ့။

စတုတ္ထတစ်မျိုးကတော့ စာရိတ္တမဏ္ဍိုင်ကို ခိုင်အောင် ထိန်းသိမ်းသူများ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ men of principle ပေါ့။ လျှာမှာ မြက်ပေါက်ပါစေ၊ သည်လို အလုပ်ကိုဖြင့် မလုပ်ဘူး၊ မိုးပြိုချင်ပြိုပါစေ၊ မတရားတာတော့ မလုပ်ဘူးစသဖြင့် မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကို အပွန်းအပဲ့ မခံသူများဖြစ်ပါသတဲ့။

အဲ… နောက်ဆုံးတစ်မျိုးကတော့ သူတော်စင်များပါတဲ့။ မိမိရဲ့ ကိုယ်ကျိုးကို လုံးဝကို ထည့်သွင်းစဉ်းစားခြင်း မရှိတော့ဘဲ အများအတွက် ဆောင်ရွက်နေတာ၊ အများသူငါအပေါ် မေတ္တာ စေတနာ သန့်စင်စွာ ထားရှိနိုင်တာ၊ အတ္တ အနည်းဆုံး နေနိုင်တာများနဲ့ ပြည့်စုံနေသူ သူတော်စင်များ (saints) ပါတဲ့။

အဲသလို ငါးမျိုးငါးစား ခွဲပြသွားပြီးတဲ့နောက်မှာတော့ ကျွန်တော့်အရင် ဆံပင်ညှပ်လို့ ပြီးသွားတဲ့ ဦးလေးကြီးဟာ ကျွန်တော့်ကို နှုတ်ဆက် ထွက်ခွာသွားပါတော့တယ်။
ကျွန်တော် ငိုင်ပြီး ကျန်ရစ်တယ်။ ဆံပင် ညှပ်ပြီးလို့ အိမ်ပြန်ရောက်တော့လည်း သူ့စကားကို တနုံ့နုံ့ စဉ်းစားနေမိတယ်။

အဆိုးဆုံးက အဲဒီ့ငါးမျိုးထဲမှာ ကျွန်တော် ဘယ်နေရာမှာ ရှိနေသလဲဆိုတဲ့ မေးခွန်းပါ။

အသေချာဆုံးကတော့ ကျွန်တော်ဟာ သူတော်စင် မဟုတ်တာပါပဲ။ အတ္တအပြည့်၊ မာနအတိ၊ ဘဝင် မိုးထိနေတဲ့ ပုထုဇဉ်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ပါတယ်။

ဒါဖြင့် စတုတ္ထအမျိုးအစားရော? ကျွန်တော်ဟာ စာရိတ္တမဏ္ဍိုင်ကို မယိမ်းမယိုင် ထိမ်းနိုင်သူလား။

ဒါလည်း ရဲရဲတော့ မပြောရဲပြန်ဘူး။ ဒါပေမယ့် အဲသလောက်တော့ ဖြစ်ချင်တာ အမှန်ပါပဲ။ မျှတမှုကို အမြဲတစေ ဂရုထားတတ်သူ၊ ဘယ်သူ့အပေါ်မှာမှ နိုင်လိုမင်းထက် မလုပ်ချင်သူ၊ လူအားလုံးကို တလေးတစားနဲ့ ဆက်ဆံချင်သူထဲမှာ ကျွန်တော်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်လိုက်မိသေးတယ်။ ဒါပေမယ့် ရာနှုန်းပြည့် အဲသလို လူလားလို့ မေးရင် ခေါင်းကို ခပ်လေးလေး ရမ်းပြမိဦးမှာလည်း အသေအချာပါပဲ။ အလွန့်အလွန် ပြောနိုင်ပါမှ လေပျော့လေးနဲ့ အဲသလို ဖြစ်အောင် ကြိုးစားဆဲပါပဲခင်ဗျာလို့ ပြောရမယ့် လူစားထဲမှာ ကျွန်တော်ရှိနေပါရဲ့။

ဒါဖြင့် အဖြေက အရှင်းကြီးပဲ။

ကျွန်တော်ဟာ ကျန်တဲ့သုံးမျိုးထဲမှာ လူးလာ ခေါက်တုံ့ ပြေးလွှားနေသူပါကလားဆိုတာကို တွေးမိသွားရပါတယ်။ တစ်ခါတလေကျတော့လည်း တိရစ္ဆာန်စိတ်ကလေး ပေါက်သွားပြီး ထင်ရာစိုင်းတဲ့အခါ စိုင်း၊ တစ်ခါတလေကျတော့လည်း အခွင့်အရေးလေးတစ်ခုအတွက် ဘေးဘီမကြည့်ဘဲ ငါတကော ကောတဲ့အခါ ကော၊ တစ်ခါတလေကျတော့လည်း  ကိုယ့်နေရာ၊ ကိုယ့်ရပ်တည်မှုကို ခိုင်မာအောင် အစဉ်တစိုက် အားထုတ်ရင်း ဟိုငြိ၊ သည်ငြိ နဲ့ မချိတရိဖြစ်တဲ့အခါဖြစ်…

ဟုတ်ပါရဲ့…

ဆံသဆိုင်မှာ အမှတ်မထင်ဆုံခဲ့ရတဲ့ ဦးလေးကြီးခွဲပြတဲ့ လူစား ငါးမျိုးထဲမှာ ကျွန်တော်ဟာ အဖျဉ်းဆုံးတော့ စတုတ္ထအမျိုးအစားလောက် ဖြစ်ချင်ပင် ဖြစ်ချင်ငြားလှသော်လည်း လက်တွေ့မှာ ပထမသုံးမျိုးကြားမှာ ဟိုတစ်မျိုးဖြစ်လိုက်၊ သည်တစ်မျိုးဖြစ်လိုက်နဲ့ ငိုက်စိုက်နစ်နေမိပါကလားဆိုတာကို အလန့်တကြား တွေးလိုက်မိရပါတယ်။

တစ်ချိန်တည်းမှာပဲ၊ ကျွန်တော့်ကို လှုပ်နှိုးလိုက်သလိုဖြစ်အောင် သည်အတွေးစကို ချပြပေးခဲ့တဲ့ ဦးလေးကြီးကို ကျေးဇူးတင်လိုက်မိရပါတယ်။

နောက်တစ်ခါများ အဲဒီ့ဦးလေးကြီးနဲ့ ဆုံခွင့်ရရင် “ဦးလေးကရော၊ သည်ငါးမျိုးထဲက ဘယ်အစားထဲမှာ ပါပါသလဲခင်ဗျာ”လို့ ပြန်မေးစမ်းကြည့်မိသွားမလားပဲ။

 

(၂၀ဝ၃ခုနှစ်က မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲမှာလည်း ပြန်လည်ပုံနှိပ်ဖော်ပြထားတာလေးကို တင်ဆက်လိုက်တာပါ။)

Advertisements

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

5 thoughts on “Five Different Kinds of People”

  1. သိပ်ကောင်းတာပဲ…..
    ကျွန်တော်ကိုယ်တိုင်လည်း ဘယ်အမျိုးအစားထဲမှာ ပါ နေပါလိမ့်…။ သေသေချာချာ တွေးရ ဦးမယ်…။

  2. ကျွန်တော်ကတော့ တတိယအမျိုးအစားထဲ ပါပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

  3. ဆရာကတော့ ကျမတို့ကိုအလုပ်ပေးပြန်ပြီ။ ကျမလည်း ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာသေသေခြာခြာစဉ်းစားလိုက်အုန်းမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s