စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၄)

သူငယ်ချင်းနဲ့ ရန်ကုန်ကတည်းက အတူပါလာတဲ့ ကတုံးနဲ့ပုဂ္ဂိုလ်က ခပ်လှမ်းလှမ်းက “၇-၁၁ ဆိုင်”ကလေးကို လှမ်းတွေ့တာနဲ့ ဖုန်းကတ် သွားဝယ်ဦးမယ်ဆိုပြီး ထွက်သွားတယ်။
နိုင်ငံရပ်ခြားနဲ့ အလှမ်းဝေးသူများအတွက် “၇-၁၁ ဆိုင်”ဆိုတာကို ရှင်းပြပါရစေလား။ သိပြီးသူများတော့ ကျော်သာ ဖတ်သွားကြပါတော့ဗျာ။ ၇-၁၁ ဆိုတာက ဂျပန်နိုင်ငံ ခုနစ်-တစ်ဆယ့်တစ် ကုမ္ပဏီလီမိတက်ရဲ့ လက်အောက်ခံ   ကုန်စုံဆိုင်လေးတွေပါ။ ကမ္ဘာအရပ်ရပ်က နိုင်ငံအတော်များများမှာ အဲသလို ဆိုင်ပေါင်း သုံးသောင်း ခြောက်ထောင်ကျော် ရှိပါတယ်။ အဓိက ကတော့ သွားရည်စာနဲ့ အဖျော်ယမကာ ပေါင်းစုံကို ရောင်းချတာပါ။ တခြား လူသုံးကုန် တိုလီမိုလီတွေလည်း ရောင်းပါတယ်။ ၂၄ နာရီ ဖွင့်တာမို့ အများအတွက် အတော့်ကို အဆင်ပြေတဲ့ ကုန်စုံဆိုင်လေးတွေပါပဲ။

ကျွန်တော်ဆိုလည်း နိုင်ငံခြားရောက်တဲ့အခါ ဘီယာ၊ စီးကရက်နဲ့ တယ်လီဖုန်းကတ် ဝယ်ရင် အဲဒီ့ဆိုင်တွေမှာ ဝယ်ဖြစ်တာချည်းပဲ။ နိုင်ငံခြားကို ကျွန်တော်က သူများစရိတ်နဲ့ သွားရတာ များတယ်။ အဲတော့ အပျံစား ဟိုတယ်ကြီးတွေမှာ တည်းရတတ်တယ်။ အဲဒီ့ ဟိုတယ်ခန်းတွေထဲက ရေခဲသေတ္တာထဲမှာတော့ ဘီယာ ပေါင်းစုံ ရှိပါတယ်။ ဒါပေမယ့် မတို့ရဲဘူး။ ဈေးက ခေါင်ခိုက်နေတာကိုး။ အဲတော့ ၇-၁၁ က ဘီယာ ခြောက်လုံးတွဲ တစ်တွဲလောက် ဝယ်ထား၊ ကိုယ့်အိပ်ခန်းက ရေခဲသေတ္တာထဲ ထည့်ပြီး တစိမ့်စိမ့် သောက်လေ့ရှိတာကိုး။

အခုတစ်ခေါက်မှာတော့ လိုမယ် မထင်ဘူး။ ကျွန်တော်နေမှာက သုံးညအိပ်ပဲ။ အဲဒီ့ သုံးညအိပ်အတွက် ပေးထားတဲ့ အစီအစဉ်များအရလည်း ကျွန်တော့်မှာ ကိုယ်ပိုင်အချိန် အင်မတန်မှ နည်းမယ်ဆိုတာ သိနေတယ်။ နေ့လည်စာ၊ ညစာတောင်မှ ကိုယ့်ဟာကိုယ် စားစရာ မလိုဘူးလေ။ အဲတော့လည်း ဘီယာတွေ ဘာတွေ ဝယ်မနေတော့ပါဘူး။ ပြီးတော့လည်း သူငယ်ချင်းနဲ့အတူ သောက်ဖို့ ကြံထားတဲ့ “အနက်ပတ် နှစ်ထပ်ကွမ်း” အသစ်စက်စက်ကြီး တစ်ပုလင်းကလည်း ရှိနေတာပဲဟာ။

ခြေသလုံးတောင့်စ ပြုလာချိန်မှာ စားပွဲတစ်ဝိုင်း လွတ်တာနဲ့ ကျွန်တော်တို့လည်း နေရာယူလိုက်ကြပါတယ်။ သူငယ်ချင်းက ကျွန်တော့်ကို ထိုင်ခိုင်းထားပြီး စားစရာနဲ့ သောက်စရာ သွားမှာတယ်။ သည်ဆိုင်က ကိုယ်တိုင် မှာယူတဲ့ စနစ်နဲ့ ဆိုင်ကိုး။

မိုးက အုံ့နေတယ်။ စင်္ကာပူ ရာသီဥတုကတော့ ခပ်ပူပူပါပဲ။ မတ်လ အလယ် တည့်တည့်မှာကိုး။ သို့ပေမယ့် မိုးအုံ့နေတော့လည်း သိပ်အပူကြီးတော့ မဟုတ်ဘူး။ မြန်မာပြည်က လာသူတစ်ယောက်အတွက် သည်လောက်ရာသီဥတုက စာမဖွဲ့လောက်ပါဘူး။

သူငယ်ချင်း ပြန်လာတယ်။ စီးကရက် ထုတ်ဖွာကြတယ်။ စားစရာတွေ ရောက်လာတယ်။ အသားညှပ် ပေါင်မုန့်ကြီးတစ်လုံးကို တစ်ယောက်တစ်ဝက် ခွဲစားကြတယ်။ ဦးကတုံးက ကျွန်တော်တို့ စားစပြုနေမှပဲ ပြန်ရောက်လာတယ်။

၇-၁၁ ဆိုင်လေးက ဝန်ထမ်းက မြန်မာဖြစ်နေတဲ့အကြောင်း၊ သူ လိုချင်တဲ့ ဖုန်းကတ်ကို ကျကျနန ကူညီ ရောင်းချပေးလိုက်ကြောင်း ပြောပါတယ်။ ဟုတ်ပါရဲ့၊ စင်္ကာပူမှာ မြန်မာအရေအတွက်က နည်းမှတ်လို့။ စင်္ကာပူမှာတင် မဟုတ်ပါဘူးလေ၊ အာရှဒေသက နိုင်ငံအတော်များများမှာ မြန်မာတွေ အတော် ရောက်နေကြပြီပဲ။

စားလို့ သောက်လို့ ပြီးတော့ ထလမ်းလျှောက်ကြတယ်။ သူငယ်ချင်းက ပိုက်ဆံ လဲချင်တယ်ဆိုတာနဲ့ လျှောက်လာကြတာ။ ကျွန်တော့်မှာတော့ ဖိတ်ကြားတဲ့ ကုမ္ပဏီက ရန်ကုန်မှာကတည်းက ထည့်ပေးလိုက်တဲ့ စင်္ကာပူပိုက်ဆံ နည်းနည်း ရှိနေသေးတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ သို့ပေမယ့် သုံးရက်စာ ချွေချွေတာတာ သုံးမယ်ဆိုရင် လောက်လောက်ပါတယ်။ ခက်တာက ကျွန်တော်က ချွေတာတတ်သူမှ မဟုတ်တာ။ အခုပဲ အဲဒီ့ ပိုက်ဆံထဲက ၅၆ ဒေါ်လာကို အရက်တစ်လုံး ဝယ်ပြီးနေပြီ။ အိမ်ပြန်လက်ဆောင် တောင်ဝယ်၊ မြောက်ဝယ် လျှောက်ဝယ်မယ်ဆိုရင်တော့ ပိုက်ဆံက မလွဲမသွေ လိုပါလိမ့်မယ်။

အဲဒီ့အခါကျတော့မှပဲ လဲပါတော့မယ်။ သည်နိုင်ငံတွေမှာ ငွေလဲဖို့ဆိုတာ ဘာမှ သိပ်ခက်လှတာမှ မဟုတ်တာလေ။ နေရာအနှံ့မှာ ငွေလဲလှယ်ပေးတဲ့ ဘဏ်ခွဲ  ပိစိလေးတွေ ပွစိထနေတာပဲဟာ။

သူငယ်ချင်း ငွေလဲတော့ သူ့ရဲ့ အမေရိကန် ဒေါ်လာ ၂၀ တန်တစ်ရွက်ကို  ဟိုက လက်မခံဘူး။ ၁၉၃၀ ပြည့်လွန်နှစ်များက ထုတ်ထားတဲ့ ၂၀ တန်ဖြစ်နေလို့တဲ့။ နှစ်ပေါင်း ၈၀ နီးပါးက ငွေစက္ကူပေမယ့် အလတ်ကြီး ရှိနေသေးတယ်။  သို့ပေမယ့် ငွေလဲသူက အဲဒီ့ပိုက်ဆံကို မမြင်ဖူးလို့ လဲမပေးတာပါ။

ကျွန်တော်တို့မှာ ရယ်ရသေးတယ်။ ငွေလဲပြီးတော့ ဆက်လျှောက်လာကြတယ်။ တစ်နေရာမှာ လမ်းဘေး ထီဆိုင်လေးတစ်ဆိုင်တွေ့တော့ သူငယ်ချင်းနဲ့ သူ့အဖော် ဦးကတုံးတို့က ထီထိုးကြပါတယ်။ စင်္ကာပူထီပေါ့။ တိုက်ရင် အင်တာနက်က တစ်ဆင့် တိုက်ရမှာပေါ့။

ကျွန်တော်ကတော့ ဝါသနာ မပါဘူး။ ဝါသနာ မပါဘူးဆိုတာထက် ကိုယ့်အကြောင်း ကိုယ်သိနေတာဆိုရင် ပိုမှန်မယ်ထင်တယ်။ ကျွန်တော့်မှာ ပိုက်ဆံ အလကားရဖို့ ဇာတာ မပါဘူး။ အလုပ်လုပ်မှ ပိုက်ဆံရတတ်စမြဲပဲလို့ ကိုယ့်ဟာ ကိုယ် ခံယူထားပါတယ်။ အလုပ်ဆိုလည်း ၁၉နှစ်သားလောက်ကတည်းက လုပ်လာလိုက်ရတာ အခုဆို ၅၃ နှစ်။ အလုပ် လုပ်ခဲ့ရတဲ့ သက်တမ်းကိုက ၃၄နှစ် ရှိနေပြီ။ တစ်ခါမှ ပိုက်ဆံ အချောင် မရဖူးဘူး။ ဆုသေးလေးတွေတော့ တစ်ခါလား၊ နှစ်ခါလား ပေါက်ဖူးပါတယ်။ သို့သော် ဆုကြီးတော့ တစ်ခါမှ မတစ်ခါဖူးတဲ့အတွက် ထီကို ကျွန်တော် သိပ်စိတ်မဝင်စားဘူး။

ကျွန်တော်တို့လည်း ဟိုမော့ သည်မော့ရင်းနဲ့ နာရီကြည့်တော့ ငါးနာရီ ကျော်နေပြီ။ သူတို့ကလည်း ၆ နာရီမှာ ချိန်းထားတာရှိသလို ကျွန်တော့်မှာလည်း ၆ နာရီမှာ ချိန်းထားတာမို့ ဟိုတယ်ကို ပြန်ပြေးကြရပါတော့တယ်။

သူငယ်ချင်းက ညဘက် ပြန်ရောက်တဲ့အခါ ဖုန်းဆက်လိုက်မယ်၊ ပြီးရင် သွားသောက်ကြမယ်လို့ ပြောပါတယ်။ အိုခေလို့ ပြောရင်း ကိုယ့်အခန်းကိုယ် တက်လာကြတယ်။

“ခလာ့(ခ်) ခီး”က လောင်းရိပ်မိ ဗာဒံပင်

ဟိုတယ် ပြန်ရောက်တော့ ကောင်းကောင်းတောင် မနားလိုက်ရပါဘူး။ သူတို့ ချိန်းထားတဲ့အချိန် ရောက်လာတော့တာမို့ ကျွန်တော်လည်း အောက်ထပ် ဧည့်ခန်းဆီ ပြန်ဆင်းလာခဲ့ပါတယ်။

ကျွန်တော့်မှာ အချိန်နဲ့ ပတ်သက်တဲ့ ရောဂါဆိုးတစ်ခု ရှိတယ်။ အဲဒါကတော့ အင်မတန် တိကျချင်တဲ့ ရောဂါပါပဲ။ ကျွန်တော်နဲ့ ရင်းနှီးသူတွေဆို ကျွန်တော့်ရဲ့ အဲဒီ့အကျင့်ကို သိကြပါတယ်။ အချိန် မတိကျသူတွေကိုဆိုရင်လည်း ဘယ်လို မုန်းမှန်းကို မသိဘူး။ တစ်ခါတလေဆိုရင် ချိန်းထားပြီး နောက်ကျမှ ရောက်လာသူတွေကို ပစ်ပစ်နှစ်နှစ်တောင် ပြောတတ်သေးတယ်။ နည်းနည်းမှ သည်းမခံနိုင်ဘူး။

အခုကျတော့မှ ခံနေရတယ်။ ဧည့်ခန်းဆောင်မှာ နေ့ခင်းက တရုတ်မလေးနဲ့ တခြား အိမ်ခံတွေ ရောက်နေကြပြီဖြစ်ပေမယ့် လူစုံအောင် အတော်စောင့်ရတယ်။ နာရီဝက်ကျော်တော့မှ လူက စုံတယ်။ မလေးက စာနယ်ဇင်းဆရာမ အမျိုးသမီးကြီးတစ်ယောက်ရယ်၊ လူငယ်တစ်ယောက်ရယ်၊ အမျိုးသမီးငယ်လေး တစ်ယောက်ရယ်၊ ဗီယက်နမ်က စာနယ်ဇင်းဆရာမ ငယ်ငယ် နှစ်ယောက်ရယ်၊ အင်ဒိုနီးရှားက စာနယ်ဇင်းဆရာ လူငယ်ရယ်နဲ့ပါပဲ။ အင်း… အမျိုးသမီးတွေ ပါမှတော့ စောင့်ရတယ်ဆိုတာ မဆန်းပါဘူးလေလို့ ပြောရင် ကျား-မ ခွဲခြားသူ ဖြစ်သွားမလားတော့ မပြောတတ်ဘူး။

တိုယိုတာ ပေါင်မုန့်ကားတစ်စီးနဲ့ ကျွန်တော်တို့တွေလည်း ထွက်ချလာကြ တယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြ၊ ရယ်ကြ၊ မောကြနဲ့။ နောက်ဆုံးမှာ “ခလာ့(ခ်) ဆိပ်ခံ” (Clarke Quay) ကို ရောက်လာကြပါတယ်။ (Quay ကို /ခီး/လို့ အသံထွက်ပါတယ်။ /ကွေး/လို့ မထွက်ပါ။)

ကျွန်တော့်နားမှာ ရှိနေတဲ့ စင်္ကာပူသူ တရုတ်မလေးက မြန်မာပြည်ကို ကောင်းကောင်း ရောက်ဖူးတဲ့သူမို့ သူတို့ဆီက မြစ်က မြန်မာပြည်က မြစ်တွေလို ကြီးကြီးမားမား မဟုတ်တာမို့ ကျွန်တော့်အတွက် ပြုံးချင်စရာ ဖြစ်နေမှာပဲနော်လို့  စကားဦးကြိုသန်းနေလေသေးရဲ့။ အဲဒီ့က စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြပါတယ်။

ဘီယာနဲ့ စားသောက်စရာ အလျှံပယ်နဲ့ပါ။ တော်တော် ဧည့်ဝတ်ကျေတဲ့သူတွေပါပဲ။ တစ်ဖက်က ပြောမယ်ဆိုရင်လည်း ဈေးကွက်မြှင့်တင်ရေး တာဝန် ယူထားကြသူများပီပီ သူတို့ ဈေးကွက် မြှင့်တင်ရာမှာ ကောင်းကောင်း အသုံးချနိုင်မယ်လို့ ယူဆထားတဲ့ ကျွန်တော်တို့ကို တအား ပုံအောပြီး ဧည့်ဝတ် ကျေနေကြတာလည်း ဖြစ်နိုင်ပါတယ်။

သူတို့ မသိရှာတာက ကျွန်တော်က ထင်ရာ ရေးတဲ့ စာရေးသူဖြစ်ပြီး သည်ခရီးစဉ်မှာ မျက်စိလည် လမ်းမှားပြီး ပါလာတယ်ဆိုတာပဲ။ ကျွန်တော်က စာနယ်ဇင်းဆရာ စစ်စစ်လည်း မဟုတ်ဘူး။ စာနယ်ဇင်းတွေမှာ စွတ်ကယ် စွတ်ကယ် ရေးချင်တာ ထထ ရေးတတ်တဲ့ ကော်လံစားလိုလို၊ ဆောင်းပါးရှင်လိုလို၊ အူတူတူ နတတရယ်။

မည်သို့ပင်ဆိုစေကာမူ လောလောဆယ်မှာတော့ ခလာ့(ခ်) ဆိပ်ခံက စားသောက်ဆိုင်မှာ ငြိမ့်နေတယ်။ ရယ်စရာ မောစရာတွေ ပြောကြ၊ စားကြသောက်ကြပေါ့။ ကျွန်တော့်ရဲ့ ခရုသင်းနဲ့ မတည့်လှတဲ့ ပင်လယ်စာတွေက အများသားမို့ ကျွန်တော့်မှာ လက်ရှောင်နေရတယ်။ ဆိုင်ကလေးက ဟင်းချက် အတော်ကောင်းပါတယ်။
နေရာဒေသကလည်း သာယာတယ်။ သို့ပေမင့် ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်နားက ဗာဒံပင်လေးတွေကတော့ သနားစရာ၊ ညှိုးညှိုးငယ်ငယ်။

ညှိုးနေမှာပေါ့။ သူတို့ခမျာများမှာ သဘာဝ နေနဲ့ သဘာဝ မိုးကိုမှ မရရှာကြတာလေ။

ဖြစ်ပုံက သည်လို။ ကျွန်တော်တို့ ထိုင်နေတဲ့ စားသောက်ဆိုင်တန်းက အလျား ပေ ၁၅၀၊ အနံပေ ၄၀ လောက်ရှိတယ်။ ဆိုင်တန်း နှစ်တန်း မျက်နှာချင်းဆိုင်က ကွက်လပ်နေရာကို ပြောတာပါ။ အဲဒီ့ကွက်လပ်က ပုံမှန်အားဖြင့် လေဟာပြင်။ အဲဒါကို ဟိုး ခပ်မြင့်မြင့်၊ မြေကြီးက ပေ ၃-၄၀ လောက် အမြင့်မှာ အမိုးကြီး အခိုင်အခန့် မိုးပေးထားတယ်။ အမိုးက ထုတ်ချင်းပေါက် မြင်ရတဲ့ ပလတ်စတစ်အထူ အကြည်ပြားတွေနဲ့ မိုးထားတာ။ ဆိုတော့ကာ ရုတ်တရက် ဆိုရင် လေဟာပြင်ထဲကို ရောက်နေသလိုပေမယ့် အပေါ်က အမိုးကြီးနဲ့ဆိုတော့ လေဟာနယ်ကို ကာကွယ်ထားတယ်။ အမှန်က စင်္ကာပူက ကျွန်းနိုင်ငံလည်း ဖြစ်နေ၊ မုတ်သုန် ဒေသလည်းဖြစ်နေတော့ မိုးက အချိန်မရွေး ရွာနိုင်တယ်။ အဲဒီ့ မိုးဒဏ်ကို ကာကွယ်ဖို့အတွက် အမိုးကြီးတစ်ခုကို အခိုင်အမာ မိုးထားလိုက်တာ။

အဲဒီ့အမိုးအောက်က သစ်ပင်ဆိုတော့ စိမ်းတော့ စိမ်းပါရဲ့၊ အရွက်တွေက လန်းမနေဘူး၊ ညှိုးနေတယ်။

ကျွန်တော့်စိတ်ထဲမှာ အဲဒါ စင်္ကာပူရဲ့ သင်္ကေတဖြစ်သွားပါတယ်။ ခြင်္သေ့ ဌာနေလို့ ခေါ်တဲ့ စင်္ကပူရရဲ့ ကနေ့ခေတ် ရုပ်ပုံလွှာဟာ ညှိုးနေတဲ့ ရွက်စိမ်းများနဲ့ ဗာဒံပင်ဖြစ်နေတယ်။

(ယနေ့ ၁၇-၁၁-၂၀၁၀ ထုတ် “ဒေ၀ီဂျာနယ်” အတွဲ ၁၊ အမှတ် ၅ မှာ ဖော်ပြပါရှိတာလေးကို တင်ဆက်လိုက်တာပါ။ ဂျာနယ်မှာတော့ အပြာရောင်နဲ့ ပြထားတဲ့ စာသားတွေရယ် ပုံတွေရယ် မပါဘူးခင်ဗျ။ :P)

Advertisements

13 thoughts on “စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၄)

  1. “၁၉နှစ်သားလောက်ကတည်းက လုပ်လာလိုက်ရတာ အခုဆို ၅၃ နှစ်။ အလုပ် လုပ်ခဲ့ရတဲ့ သက်တမ်းကိုက ၃၄နှစ် ရှိနေပြီ။ တစ်ခါမှ ပိုက်ဆံ အချောင် မရဖူးဘူး။ ဆုသေးလေးတွေတော့ တစ်ခါလား၊ နှစ်ခါလား ပေါက်ဖူးပါတယ်။ သို့သော် ဆုကြီးတော့ တစ်ခါမှ မတစ်ခါဖူးတဲ့အတွက် ထီကို ကျွန်တော် သိပ်စိတ်မဝင်စားဘူး။”
    ဒါလေးကို အရမ်း သဘောကျတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ထီကို သိပ်စိတ်မ၀င်စားဘူး…။ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါ လောက်တော့ ထိုးဖြစ်ခဲ့ဖူးတယ်..။ ဘာပဲပြောပြော ထီးထိုးပြီးရင်တော့…. ရမယ့် ဆုတွေနဲ့ စိတ်ကူယဉ်လို့တော့ အကောင်းသား… 🙂

    • အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မှန်ပါတယ်။ Clarke quay သာ အမှန်ဖြစ်တဲ့အတွက် ချက်ချင်း ပြင်လိုက်ပါပြီ။

    • ဒါလည်း မှန်ပါတယ်။ သတ်ပုံကျမ်းနဲ့ အဘိဓာန်မှာ အဲလိုပဲ မဲ့ကြပါတယ်။ ကျွန်တော်က အဲဒါတစ်ခုတော့ မမဲ့နိုင်ဘူးဗျာ။ မယ့်ပဲ မယ့်ချင်တဲ့ ရောဂါရှိတယ်။ အကြောင်းရင်းကို မေးရင် အဖြေ မရှိပါဘူး။ အူကြောင်ကြောင် ဖြေရရင်တော့ ပြုံးချင်လို့ မမဲ့တာပဲလို့ ဖြေရပါလိမ့်မယ်။ ဒါကိုတော့ ပြုံးချင်လွန်းလို့ မပြင်ဘဲ ထားလိုက်ပါရစေနော်။ 🙂

      • “ဒီလိုဆိုလည်း မယ့်ပေါ့ဆရာရယ် (ပြုံးမယ့်မယ့်ဖြင့် ရေးသွားပါသည်)” လို့ ထပ်မရေးတော့ပါဘူး ဆရာ။ 😛

  2. အကိုပြောတဲ့ ၇၁၁ သာ seven eleven(711) ဆိုရင် သူက အမေရိကမှာ အခြေစိုက်တဲ့ franchise ပေးတဲ့ convenient chains ပါခင်ဗျာ.singapore တို့ Japan, Thai တို့မှာရှိတဲ့ local company တခုက Franchise fees ပေးပြီး ချုပ်ထားတာပါ..
    http://franchise.7-eleven.com/

    အမေရိကမှာရှိတဲ့ Asian တွေတော်တော်များများ ဝယ်ပြီးဖွင့်တဲ့ chain တခုထဲမှာပါပါတယ်.ဥပမာ subway, MacDonald နဲ့ Burger king တို့လိုပါပဲ..သူတို့ရဲ့Franchisee တွေကို အကျိုးအမြတ်ဝေခွဲမှု့ကတော့ တခုနဲ့တခုမတူပါဘူး..ရင်းနှီးမြှပ်နှံမှု့ကတော့ US$50000 ကနေ US$ 2millions လောက်ထိရှိပါတယ်..နေရာနဲ့ ရောင်းအားပေါ်မှာမူတည်တာပေါ့ခင်မျာ.

    နိုင်ငံရပ်ခြားမှာ Business တခုစတင် ထောင်ချင်တဲ့ သူတွေအဖို့ ကိုယ့် new business ထက် risks နည်းနည်းယူချင်သူများအတွက် အဆင်ပြေတဲ့ business model တခုပါ..
    အမှားထောက်ပြတယ်လို့ မယူဆစေချင်ပါ..
    ကျွန်တော်ကိုယ်တိုင် Franchise ဆိုင်တခုဖွင့်ခဲ့ဖူးလို့ အတွေ့အကြုံဝေမျှတဲ့သဘောပါခင်ဗျာ.

    • ဟုတ်ကဲ့ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က wikipedia ကို ကြည့်ပြီး ရေးလိုက်တာပါ။

      Wiki ထဲမှာတော့…

      7-Eleven is part of an international chain of convenience stores, operating under Seven-Eleven Japan Co. Ltd, which in turn is owned by Seven & I Holdings Co. of Japan. လို့ ရေးထားတာကိုး ခင်ဗျ။

      http://en.wikipedia.org/wiki/7-Eleven မှာ အဲလို တွေ့ရပါတယ်။ သူ့သမိုင်းအရ အမေရိကန်က စတင်ခဲ့တာ မှန်ပေမယ့်လည်း လက်ရှိအချိန်မှာ ဂျပန်ပိုင် ကုမ္ပဏီလက်အောက်ခံပဲလို့ Wiki က အခုလို ဆိုပါတယ်။

      The Japanese company gained a controlling share of 7-Eleven in 1991, during the Japanese asset bubble of the early 1990s. Ito-Yokado formed Seven & I Holdings Co. and 7-Eleven became its subsidiary in 2005. In 2007, Seven & I Holdings announced they would be expanding their American operations, with an additional 1,000 7-Eleven stores in the U.S.

      Wiki က ယုံကြည်ထိုက်တဲ့ အရင်းအမြစ် ဖြစ်ရဲ့လားတော့ မသိဘူးခင်ဗျ။ သို့သော် ကိုရွှေဂျပန်တို့ကတော့ နိုင်ငံတကာ စီးပွားရေးမှာ ဆင်ဖြစ်နေတာ အင်မတန်မှ သေချာနေတာမို့ ကျွန်တော်လည်း ရဲရဲတင်းတင်း ရေးလိုက်တာပါ။ အမေရိကန်တွေ တန်ခိုးထွားခဲ့တဲ့ ကားလုပ်ငန်းကိုတောင်မှ အလဲထိုးနိုင်ခဲ့ကြတာမို့ ကုန်စုံဆိုင် အလုပ်လောက်မှာလည်း အမေရိကန့်စိတ်ကူးကို သူတို့က သိမ်းပိုက်လိုက်တာ ဖြစ်မလားပဲလေ။

      ကျွန်တော်က ဂျပန်မှာ အခြေစိုက်တယ်လို့ မရေးခဲ့ပါဘူး။ ဂျပန်ကုမ္ပဏီရဲ့ လက်အောက်ခံလို့သာ ရေးခဲ့တာပါ ဆရာ Ko ရေ။

      မည်သို့ပင်ဖြစ်စေကာမူ ကျေးဇူးတင်ပါတယ် ခင်ဗျား။

  3. ဆရာကသာ 7-Elevသာအဆိုင်တွေကိုအဆင်ပြေတယ်ပြော်တာ ကျမကတော့ တခြားဆိုင်တွေထက်ဈေးပိုများလို့ မဝယ်ဘူး။ ဖုန်းကဒ်တော့မဝယ်ဖူးဘူး။

  4. 7- Eleven ဆိုင်က စာလုံးပေါင်းမှားသွားတယ် ဆောရီး အဟီး

    • ကျွန်တော်တို့က ဧည့်သွားဧည့်လာလေ၊ အဲတော့လည်း လွယ်တာ လုပ်ရတာပေါ့။ convenient store လို့ ခေါ်တော့ အဆင်ပြေတဲ့ ကုန်စုံဆိုင်ပေါ့ဗျာ။ ဈေးသက်သာတဲ့ ကုန်စုံဆိုင်တော့ ဟုတ်မှာ မဟုတ်ဘူးပေါ့။ အခြေချနေထိုင်သူများ အတွက်ကျတော့လည်း ဒေါ်ခကွေးရေညို ပြောသလို သက်သာတဲ့နေရာကို ဦးစားပေးရမှာပ။ ဖုန်းကတ်ကိုတော့ ကတ်ပေါ် ရေးထားတဲ့ ဈေးနဲ့ပဲ ၀ယ်ရတာပါ။ အပို ထပ်မပေးရပါဘူး။

      ဖုန်းကတ်ဝယ်တဲ့အခါ ကတ်ပေါ်ရေးထားတဲ့ ဈေးနဲ့ ၀ယ်လို့ မရတာက ရွှေနိုင်ငံမှာခင်ဗျ။ Top-up card တွေတော့ မဟုတ်ဘူးပေါ့။ FEC 10, 20, 50 ကတ်တွေမှာ အဲလို ဖြစ်ပါတယ်။ ဈေးရင်းနဲ့ ရောင်းပေးပါတယ်ဆိုတဲ့ ဆိုင်တွေ သွားဝယ်ရင် ဘယ်တော့မှ မရှိဘူး။ အပြင်မှာတော့ အောတိုက်လို့။ ဈေးလည်း ပိုပေးရပါသဗျ။ ၂၀ တန် ကတ်ကို မြန်မာငွေ နှစ်သောင်းခွဲ၊ ၂၆၀၀၀ အထိ ပေါက်ခဲ့ဖူးပါတယ်။ သို့သော် အဲဒီ့ ၁၀ တန်နဲ့ ၂၀ တန်က အခု နိုဝင်ဘာလကုန်ရင် နိဋ္ဌိတံတော့မယ်ဆိုပဲ။ :-/

      • ဆရာက ကတ်ပေါ်က ဈေးဆိုတော့ စလုံးအကြောင်း ပိုသိအောင် ဖောက်သည်ချလိုက်ဦးမယ်။ 7 eleven မဟုတ်တဲ့ တခြားဆိုင်တွေမှာ ဝယ်ရင် (အထူးသဖြင့် ပန်နီဆူလာက မြန်မာဆိုင်တွေပေါ့ ဆရာရယ်၊ ကုလားဆိုင်တွေ၊ တရုတ်ဆိုင်တွေမှာလည်း ရတတ်ပါတယ်) ကတ်ပေါ်က ဈေးထက် လျော့တယ် ဆရာရဲ့။ တစ်ဆယ်တန်ဆို ရှစ်ကျပ်၊ သုံးဆယ်တန်ဆို နှစ့်ဆယ်ခုနစ်ကျပ် အဲလိုမျိုးတွေနဲ့ ဝယ်နေကျ ဖြစ်နေပြီ။ 🙂

        ဒါနဲ့ ဒီမှာတစ်ခါ ထပ်ပြောလိုက်ဦးမယ်ဆရာ။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။ ဇရာရဲ့ သင်္ကေတ ဆိုပေမဲ့လည်း ဆရာ့စာတွေက နုပျိုတုန်းပါပဲ။ 😀

  5. ဆရာရေ ဆရာရဲ့ ခရုသင်းကို ကြိတ်မှန်ရွက် နဲ့ ကုကြည့်ပါလားဆရာ… သွေးလိမ်း အရည်ညှစ်သောက် ဟင်းချက် အစုံရပါတယ်… ကျမမောင်လေး လက်တတောင်ဆစ်က လူကြီး လက်ဖဝါး ၃ ခုစာ အဖြူကွက်ကြီး ပျောက်သွားတဲ့ ကိုယ်တွေ့ရှိလို့ပါ…

    လေးစားစွာဖြင့်

Leave a Reply to Nd S Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s