စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၅)

ဆစ်ပစ်လိုက်မယ်

အချိန် အတော်ကြာကြာ ယူပြီး စားလို့ သောက်လို့ ပြီးကြတဲ့အခါမှာတော့ ကျွန်တော်တို့တွေလည်း အနီးအနားဝန်းကျင်ကို လျှောက်ကြည့်ကြပါတယ်။ အင်ဒိုနီးရှားက သတင်းသမားလေးတွေက ဓာတ်ပုံတွေ ရိုက်နေကြတယ်။ ကျွန်တော်လည်း ရိုက်တာပါပဲ။ သူတို့လောက်သာ မများတာ။

တစ်နေရာမှာတော့ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ လမ်းဘေးဆိုင်လေးတစ်ခု တွေ့တယ်။ ငွေရောင် ခေါင်းလောင်းပိစိလေး၊ လက်ကိုင်မှာပါတဲ့ ရွှေရောင် ခြင်္သေ့ရုပ်လေးက လှည့်လို့ ရတယ်။ အသံလေးက ချိုတယ်။ ဒါနဲ့ ဝယ်လိုက်ပါတယ်။ ကျွန်တော့်ဆီမှာ အနောက်နိုင်ငံ (နယ်သာလန်လားမသိ)က လာတဲ့ ခေါင်းလောင်းလေး တစ်ခုလည်း ရှိတော့ အဖော်ရအောင်လို့ပေါ့။ ဈေးတော့ မမှတ်မိတော့ဘူး။ နောက်တစ်ခုက လက်သည်းညှပ်၊ ဇာဂနာ၊ ကပ်ကြေးပေါက်စလေး စတာတွေ ပါဝင်တဲ့ ဘူးကလေးတစ်ခု။ နောက်တစ်ခုက စီးကရက်ဘူး။ စီးကရက်ဆယ်လိပ်ကို ထည့်ထား၊ ခလုတ်ကလေးကို တွန်းလိုက်ရင် စီးကရက် တစ်လိပ်က ထွက်လာတယ်၊ အဲဒီ့ဘူးမှာပဲ ပါတဲ့ ဓာတ်ငွေ့မီးခြစ်နဲ့ ညှိရုံပဲ။ သားတော်မောင်အတွက် လက်ဆောင်ဆိုပြီး ဝယ်လိုက်တယ်။

ဈေးဆစ်တော့ ဈေးသည်က မတင်မကျ။ တစ်နေရာကို သူ့ ပါလေရာဖုန်း နဲ့ လှမ်းဆက်တယ်။ ဟိုတစ်ဖက်က ကျွန်တော်ဆစ်တဲ့ ဈေးနဲ့ ပေးလိုက်ပါလို့ ပြောတော့မှ ဝယ်လို့ ရလာသဗျ။

ကျွန်တော်က ဘာဖြစ်လို့လဲတော့ မသိဘူး။ အင်မတန် ဈေးဆစ်သန်တာ။ ငယ်ငယ်ကတည်းက။ မေမေ့ဆီက ရလိုက်တဲ့ အမွေလားတော့ မသိဘူး။ ဈေးဆစ်လို့ မရရင် အဆစ်က တောင်းတတ်သေးတယ်။ ကွန်ပျူတာသုံး ပြင်ပ သိုလှောင် ဓာတ်ပြားငယ်လေးတစ်ချပ် ဝယ်တုန်းကတောင် ၃၂၀ ဂစ်ဂါဘိုက်ကို ၆ သောင်းခွဲနဲ့ ရတာမို့ အတော် တန်နေမှန်း သိတယ်။ အဆစ်ကို တောင်းဖြစ်အောင် တောင်းတော့ ဟဲ… ဟဲ… တီရှပ် တစ်ထည် ရလာသေးတယ်။ ပေးလိုက်တဲ့ အရောင်းဈေးသည်မလေးကတောင် ပြောသေးတယ်။ အဲဒီ့တီရှပ်က ပေါင်တင် ကွန်ပျူတာ ဝယ်တဲ့သူကိုမှ ပေးတာတဲ့။

အခုလည်း သူပြောတဲ့ ဈေးကို တော်တော် ဖိပြီး ဆစ်ချလိုက်တာ။ သူ့ခမျာ ပိုင်ရှင်ကို ဖုန်းဆက်ပြီး မေးရတဲ့ ဘဝ ရောက်ပါရောလား။

ဝယ်လို့ ခြမ်းလို့ ပြီးတော့ အနားတဝိုက်ကို လျှောက်ကြည့်မိပြန်တယ်။ မြစ်အတွင်း မော်တော်ငယ်လေးတွေနဲ့ လျှောက်ကြည့်တဲ့ ခရီးစဉ်လည်း ရှိတယ်။

ဘာပဲပြောပြော၊ ထိန်ထိန်ညီးနေတဲ့ မီးရောင်အပြည့်နဲ့ သာယာတဲ့ ညခင်းလေး တစ်ခင်းပါပဲ။

စင်္ကာပူရဲ့ တစ်ခတ်ဆီက ဆိုက္ကားနှစ်စီး ရပ်ထားတာကိုလည်း တွေ့ရတယ်။ ဘန်ကောက်မှာ တုတ်တုတ်ကို ကမ္ဘာလှည့်ဆွဲဆောင်ဖို့အတွက် ထားတတ်သလိုပဲ စင်္ကာပူမှာလည်း ရှေးဆိုက္ကားကို ကမ္ဘာလှည့်တွေအတွက် တမင်ချန်ထားပုံပါပဲ။ သူတို့ဆိုက္ကားက ကျွန်တော်တို့လို ကျောချင်းကပ် စီးရတာမျိုး မဟုတ်ဘူး။ ဘေးချင်းယှဉ် စီးရတဲ့ ထိုင်ခုံမျိုးနဲ့။

ညနေ ၆ နာရီခွဲလောက်က အဲဒီ့ကို ရောက်နေလိုက်တာ၊ ပြန်ထွက်လာကြတော့ ၁၁ နာရီကို ကောင်းကောင်း ကျော်နေပြီ။ လမ်းတစ်လျှောက် ရယ်မော ပြောဆိုရင်း ဟိုတယ်ကို ပြန်ရောက်လာကြတယ်။ မင်္ဂလာ ညပါ၊ ဘာညာနဲ့  လူချင်း ခွဲကြတယ်။

ကျွန်တော့်အခန်း ပြန်ရောက်ပြီး တော်တော်လေး ကြာတော့ ဖုန်းဝင်လာတယ်။ သူငယ်ချင်းက ဖုန်းဆက်တာ။ သူတို့ အခုမှ ပြန်ရောက်တယ်။ တစ်ခုခု သွားစားကြမလို့ လိုက်ဦးမလားတဲ့။

မလိုက်တော့ဘူး။ ၁၂ နာရီတောင် ကျော်နေပြီ။ အိပ်တော့မယ်။ မနက်ကျ အစောကြီး ထရဦးမှာ။ ကျွန်တော်နဲ့ မနက်အစောကြီး ထတဲ့အလုပ်နဲ့က သိပ် အံဝင်လှတာ မဟုတ်ဘူး။ ဒါ့ကြောင့် သူငယ်ချင်းကို ငြင်းလိုက်ရပါတော့တယ်။

စင်္ကပူရသားများ အကြံကြီးချက်ကတော့…

နောက်တစ်ရက်လုံးကတော့ ဖိတ်ကြားတဲ့ ကုမ္ပဏီက သူတို့လုပ်ငန်း အသေးစိတ်တွေကို လိုက်ပြတာကြည့်၊ ပြောတာတွေ နားထောင်ပေါ့။ အဲဒါတွေတော့ အသေးစိတ် မသွားတော့ပါဘူး။ သက်ဆိုင်ရာ စာတွေ သတ်သတ် ရေးရတော့မှာပ။ မဆလခေတ်က တာဝန်ကျေစပါး ရောင်းရသလို တာဝန်ကျေအောင် တစ်ပုဒ်မက သုံးပုဒ်တောင် ရေးပြီးပါပြီ။ (သည် ဘလော့(ဂ်)ထဲမှာ ရှိပါတယ်။)

တစ်နေကုန်ကြီးဆိုတော့ အတော် ညည်းငွေ့ပါတယ်။ မူလက နှစ်ရက် စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် တစ်ရက်တည်း ပေါင်းစပ်လိုက်တဲ့အခါ အတော်လေး ကသီသွားပါတယ်။ ညနေ ငါးနာရီထိုးခါနီးမှ ဟိုတယ် ပြန်ရောက်ကြတယ်။ အဲတော့လည်း “စင်္ကာပူမိုးပျံ”ဆိုတာကို သွားရဦးမယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဟိုတယ် ပြန်တယ်။ နောက် နာရီဝက်အတွင်း သွားမှာဆိုလို့ ရေမိုးတောင် မချိုးတော့ဘဲ ပြန်ဆင်းခဲ့တယ်။

သို့ပေမယ့် ထုံးစံအတိုင်း စောင့်ကြရပြန်တယ်။ ကနေ့ လူတွေ ထပ်တိုးလာတယ်။ မနေ့ညနေက မိုးချုပ်မှ ရောက်လာတဲ့သူတွေနဲ့ဆိုတော့ ကနေ့ လူဦးရေက ခပ်များများရယ်။ အဲတော့ ပိုစောင့်ရပြီပေါ့။

စောင့်ရင်းနဲ့ စကားစမြည်ပြောနေခိုက်မှာ မလေးက သုံးယောက်က မလေးလို ပြောပြီး ရယ်ကြတယ်။ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေတာမို့ ကျွန်တော်လည်း ဘာရယ်ကြတာတုံးလို့ မေးတော့ တစ်ယောက်က “ရှင်က အင်္ဂလိပ် စကားကို ဗြိတိသျှလေ အပီကြီးနဲ့ ပြောနေလို့ ရယ်ကြတာပါ”တဲ့။ ဖြစ်ရမယ်။ အဲဒါက နိုင်ငံခြားသားတွေနဲ့ စကားပြောတိုင်း တစ်ဒုက္ခ။

သူတို့ကကျတော့ အင်္ဂလိပ်စကား ပြောပေမယ့် မနည်း နားထောင်ယူရတယ်။ ကောင်းကောင်းလည်း မပြောတတ်ရှာကြပါဘူး။ ထမင်းစား ရေသောက်တောင် အိုးနင်းခွက်နင်း ပြောနေကြရရှာတာ။ သူတို့ထဲက အသက်အကြီးဆုံး အမျိုးသမီးကြီးကပဲ အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောနိုင်တာ။ ဗီယက်နမ်က ဟာမလေး နှစ်ယောက်ကတော့ အင်္ဂလိပ်စကား လုံးလုံးကို မတတ်ရှာတဲ့အတွက် သူတို့အတွက် ကုမ္ပဏီက စကားပြန်ပါ ထည့်ပေးထားရသေးတယ်။

အဲလိုနဲ့ လူစုံတော့ ထွက်လာကြပါတာ့တယ်။

ထွက်ဟဲ့ဆိုလို့သာ ထွက်လိုက်လာခဲ့တာ။ “စင်္ကာပူ မိုးပျံ” (Singapore Flyer) ဆိုတာ ဘာမှန်း မသိဘူး။ စင်္ကာပူကို အစကတည်းက နည်းနည်းလေးမှ စိတ်ဝင်စားခဲ့တာ မဟုတ်တော့ ဘာမှလည်း ကြိုဖတ်ထားတာမျိုး မရှိဘူး။ ကျွန်တော် ဖတ်ထားတဲ့ “ဗေဒင်ယုံတဲ့ အီတာလျံ” စာအုပ်ထဲမှာလည်း မပါဘူး။

အနားရောက်တော့မှ ဧရာမ ချားရဟတ်ကြီး ဖြစ်နေတာ တွေ့ရပါတယ်။ တကယ့် ဧရာမပါပဲ။ သို့ပေမယ့် နှယ်နှယ်တော့ မဟုတ်ဘူးခင်ဗျ။ ကမ္ဘာ့အမြင့်ဆုံး ရဟတ်ကြီးဖြစ်ပါတယ်။ အထပ်ပေါင်း ၄၂ ထပ် ရှိတဲ့ တိုက်လောက်ကို မြင့်ပါတယ်။ ၁၆၅ မီတာ (၅၄၁ ပေ) မြင့်သတဲ့ခင်ဗျ။

အဲဒီ့ရဟတ်ကြီးရဲ့ အချင်းကိုက ၁၅၀ မီတာ (၄၉၂ပေ) ရှိပါတယ်။ အဲလောက်ကြီးတဲ့ ရဟတ်ကြီးကိုမှ သုံးထပ် အဆောက်အအုံကြီးပေါ်မှာ တည်ထားတာပါ။ အဲဒီ့သုံးထပ် အဆောက်အအုံကြီးပေါ်မှာလည်း ဆိုင်တွေ၊ အရက်ဘားတွေ၊ စားသောက်ဆိုင်တွေ အပြည့်နဲ့ပါ။

၂၀ဝ၈ ခုနှစ် မတ်လ ၁ ရက်နေ့ကမှ တရားဝင် စဖွင့်ခဲ့တာဖြစ်ပြီး တကယ့် အခမ်းအနားနဲ့ ဖွင့်ခဲ့တာကကျတော့ ၂၀ဝ၈ ဧပြီလ ၁၅ ရက်နေ့မှာမှ ဖြစ်ပါတယ်။ အဲဒီ့ ရဟတ်ကြီးမှာ လူလိုက်စီးဖို့အတွက် ဖန်လုံအိမ်ကလေးတွေ ပါပါတယ်။ အိမ်ကလေးတွေ ဆိုလို့လည်း ပေါ့သေးသေးတော့ မမှတ်ပါနဲ့ဦး။ တစ်အိမ်ကို လူ ၂၈ ယောက် စီးလို့ ရပါသဗျား။ ပြီးတော့ အလုံပိတ်၊ လေအေးစက်လည်း တပ်ဆင်ထားပါသေးတယ်။

အဲဒါကြီး တစ်ပတ်ပြည့်အောင်လည်ဖို့က သုံးဆယ်နဲ့မှ ခုနစ်မိနစ်နီးပါး ကြာပါတယ်။ စလည်တုံးကတော့ စင်္ကာပူ မြေဘက်က ကြည့်ရင် နာရီလက်တံ ပြောင်းပြန်လည်တဲ့ ဦးတည်ရာနဲ့ လည်ခဲ့တာ ဖြစ်ပေမယ့် ၂၀ဝ၈ ခုနှစ် ဩဂုတ်လ  ၄ ရက်နေ့က စပြီး ဖုန်းရွှေဆရာများရဲ့ ညွှန်ကြားချက်အရ နာရီလက်တံအတိုင်းပဲ လှည့်ပေးပါသတဲ့။

အဲဒါကြီးကို တည်ဆောက်ဖို့အတွက် ကုန်ကျခဲ့တဲ့ စရိတ်ကတော့ စင်္ကာပူ ဒေါ်လာ သန်းပေါင်း ၂၄၀ (အမေ ရိကန် ဒေါ်လာ သန်းပေါင်း ၁၈၀) ပါတဲ့ ခင်ဗျား။

အံမယ်မင်းတဲ့မှမင်း… နှယ်နှယ်မှ မဟုတ်တာ။ စီးခကလည်း သေးမယ်တော့ မထင်ဘူး။ ကိုယ်စီးတုန်းကတော့ သူများ ပိုက်ဆံနဲ့ ခပ်တည်တည် တက်စီးခဲ့တာမို့ ဘယ်လောက်ပေးရမှန်း မသိဘူး။ အခု သည်စာရေးမယ်ဆိုတော့မှ အင်တာနက်ထဲမှာ ရှာကြည့်လိုက်တာ စင်္ကာပူဒေါ်လာ ၂၉.၅၀ လို့ ဆိုထား သဗျ။ မြန်မာငွေ နှစ်သောင်းကျော်လောက် ကျမှာပ။

လိုက်ပို့ပေးကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေက ကျွန်တော်တို့ချည်းပဲ တင်လွှတ်လိုက်တယ်။ သူတို့က အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ စောင့်နေမယ်တဲ့။

တင်တော့လည်း တက်ပေါ့။ အားလုံး ကျွန်တော်အပါအဝင် ၁၁ ယောက် တက်လိုက်ကြပါတယ်။ ၂၈ ယောက်စီးဆိုပေမယ့် ကျွန်တော်တို့ ၁၁ ယောက်နဲ့ပဲ အဲဒီ့ ဆလင်ဒါပုံ အိမ်လေးကို ပိတ်လိုက်တယ်။

အိမ်ကလေးက တအိအိ ရွေ့နေတာပါ။ ရွေ့တယ်ဆိုရုံလေး ရွေ့နေတာမို့ လူအတက်အဆင်း လုပ်လို့ ကောင်းနေသပေါ့။ ကျွန်တော်တို့ တစ်အုပ်စုလုံး လည်းပဲ တောင်ကြည့်မြောက်ကြည့်ပေါ့။

ကျမ်းကိုး http://en.wikipedia.org/wiki/Singapore_Flyer

ယနေ့ (၂၄-၁၁-၂၀၁၀) ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့အတိုင်း ဖြစ်ပါတယ်။