Skip to content

A couple of Burmese usages

26 November 2010

အန္တေဝါသိကနဲ့ လက်ဦးဆရာ

ပုဂ္ဂိုလ်ရေးအရ ပြောချင်တာ မဟုတ်တဲ့အတွက် ဘယ်သူ၊ ဘယ်နေရာမှာ ပြောလိုက်တယ်ဆိုတာကို အတိအကျ ပြောနိုင်ပေမယ့် ပြောမနေတော့ပါဘူး။

နှုတ်တစ်ရာ၊ စာတစ်လုံးလို့သာ အဆိုရှိပေမယ့် ကနေ့ကာလမှာ စာဖတ်သူ အင်အားက သိသိသာသာကြီးကို လျော့နည်း ကျဆင်းနေတာမို့ စာထဲမှာဆိုရင်တောင် သည်လောက် မထောင်းသာဘူး။ အခုဟာက စာထဲမှာ မဟုတ်ဘဲ စာထက် အများကြီး ပိုမို ထိရောက်တဲ့ မီဒီယမ် တစ်ခုမှာ ပရိသတ် အတန်အသင့် ရှိရုံမက အသက်အရ၊ ဝါအရ အထိုက်အလျောက် ဩဇာရှိသူ၊ ထင်ပေါ်သူတစ်ဦးက အမှတ်မထင် ပြောလိုက်တဲ့ အသုံးအနှုန်းအလွဲမို့ အများပြည်သူ အမှတ်မှားမှာ စိုးလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

အမှန်တော့ သူ တမင်ကလာ မှားလိုက်တာလည်း ဟုတ်ဟန်မတူဘူး။ သူကိုယ်တိုင်က သည်အသုံးအနှုန်းကို ကြားဖူးနားဝနဲ့ မှန်းဆ သုံးနှုန်းလိုက်တာ ဖြစ်နေပါတယ်။
မှားမယ်ဆိုလည်း မှားထိုက်တယ်။ မှားထိုက်ဆို အဲဒီ့ ဝေါဟာရက ပါဠိဝေါဟာရ ဖြစ်နေပေတာကိုး။ ပါဠိ ဝေါဟာရဆိုတာ ကျွန်တော်တို့တွေနဲ့ သိပ်ယဉ်ပါးတာလည်း မဟုတ်ဘူးလေ။ ဘုရားစာထဲမှာသာ ပါဠိကို ရွတ်ဖူးကြတာက ခပ်များများရယ်။ နေ့စဉ်သုံး ဝေါဟာရတွေထဲ ပါတဲ့ ပါဠိဆိုလည်း သည်လိုပဲ အလွဲလွဲ အချော်ချော် ဖြစ်နေတတ်ပါတယ်။  အထင်ရှားဆုံးကတော့ ကျွန်တော် မကြာခဏ ထောက်ပြလေ့ရှိတဲ့ “မုတ မပါ လင်္ကာ မချော”ပဲ ဖြစ်ပါတယ်။ “မုတ”ဆိုတဲ့ ပါဠိဝေါဟာရနဲ့ မယဉ်ပါးတော့ စိတ်ထဲမယ် အဲဒါကို ကိုယ်ကြားနေကျ၊ ပြောနေကျ “မုသား”လို့ ထင်ပြီး “မုသား မပါ လင်္ကာမချော”ဆိုပြီး ကျိတ်နေကြတဲ့ ရွှေမြန်မာတွေ နည်းမှတ်လို့ဗျာ။

အခုလည်း အဲသလိုပါပဲ။ “အန္တေဝါသိက”ဆိုတဲ့ စကားလုံးကို “ဆရာ”နဲ့ တွဲသုံးချလိုက်တဲ့ မဟာအမှားကြီးပါ။ ကျွန်တော်လည်း သိလှ တတ်လှလို့တော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ပါဠိနဲ့လည်း အတော်လေးတော့ ဝေးပါတယ်။ သို့ပေမယ့် ကျွန်တော် ငယ်ငယ်က ဖတ်ဖူးထားခဲ့တဲ့စာအရ သည်အသုံးအနှုန်းက ဆရာ တပည့် ဆက်ဆံရေးကို ပြောတာ မှန်ပေမယ့် ဆရာအတွက် သုံးတဲ့ စကားမဟုတ်ဘဲ တပည့်အတွက် သုံးရတဲ့စကားဆိုတာကိုတော့ ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ ဘယ်သူ ရေးခဲ့တယ် ဆိုတာတော့ မမှတ်မိဘူးပေါ့ခင်ဗျာ။

အခုကျတော့ ကျွန်တော့်ထက် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စာဖတ်ပရိသတ်ထက် များပြားတဲ့ ပရိသတ် အုံနဲ့ကျင်းနဲ့ အားပေးကြတဲ့ မီဒီယမ်တစ်ခုပေါ်မှာ “အန္တေဝါသိက ဆရာ”ဆိုတဲ့ စကားလုံးကြီး သုံးချလိုက်တော့ မျက်လုံးပြူးသွားရပါတယ်။ ဟား… ကိုယ့်ဆရာတော့ အလွဲ ကြီး လွဲပြီပေါ့။

သေချာအောင် သာသနာရေး ဦးစီးဌာနက ထုတ်ဝေထားတဲ့ ဦး ဟုတ်စိန်ရဲ့ “ပဒတ္ထ မဉ္ဇူသာ ပါဠိ-မြန်မာ အဘိဓာန်”ကို လှပ်ကြည့်တော့ စာမျက်နှာ ၈၂ ရဲ့ ပထမကော်လံ အောက်နားလေးမှာ အောက်ပါအတိုင်း အတိအကျ တွေ့ရပါတယ်။

အန္တေ-ဝါသိက (ပ) အတွင်းနေ တပည့်။ နိဿယဉ်းယူ၍ အတွင်း၌ နေသော တပည့်”တဲ့။

အဲဒီ့အောက်က ကပ်လျက် တည်ပုဒ်က ကျပြန်တော့ “အန္တေဝါသီ [အန္တေဝါသိန်] (ပ) တပည့်”လို့ ရေးထားပြန်ပါတယ်။

သည်မှာတင် ရှင်းပါတယ်။ တပည့်အရင်းအချာ၊ လက်ရင်းတပည့်ကို “အန္တေဝါသိက”လို့ ပြောပါတယ်။ ဆရာကို ပြောတာ မဟုတ်ပါဘူး။ အဲဒါကိုမှ “အန္တေဝါသိက ဆရာ”လို့ သုံးလိုက်မယ်ဆိုရင် “လက်ရင်း တပည့်ကနေမှ ဆရာဖြစ်လာတဲ့ အကောင်”ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ တကယ့် အလွဲကြီးပါပဲ။

ဆရာနဲ့ ပတ်သက်လို့ကတော့ မြန်မာစကားမှာ “လက်ဦးဆရာ၊” “ကံ့ကူလက်လှည့်ဆရာ၊” “ငယ်ဆရာ”စသဖြင့် တွေ့ဖူးပါတယ်။ “ဆရာရင်း တပည့်ရင်း”ဆိုတဲ့ အတွဲလိုက် သုံးတာမျိုးလည်း တွေ့ဖူးတယ်။ သို့ပေမယ့် “အန္တေဝါသိက”ဆိုရင်တော့ ဆရာကို ပြောတာ မဟုတ်ဘဲ တပည့်ကိုသာ ပြောတာ ဖြစ်ကြောင်း သတိထားသင့်ကြပါတယ်။ ဆရာနဲ့ ပတ်သက်လို့ “အန္တေဝါသိက”ဆိုတဲ့ စကားကို မဖြစ်မနေ ထည့်ပြောချင်တယ်ဆိုရင်တော့ “အဘယ်မည်သော ဆရာ့ထံမှာ အန္တေဝါသိကအဖြစ် တပည့်ခံခဲ့ဖူးတယ်” ဆိုတာမျိုးသာ သုံးမှ မှန်ပါလိမ့်မယ်ခင်ဗျား။

တစ်ဆက်တည်းမှာပဲ၊ အဲဒီ့ အလွဲကြီးနဲ့ မရှေးမနှောင်းမှာပဲ “လက်ဦးဆရာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပြန်တယ်။ မိဘတွေအကြောင်း ပြောထားတာ မှတ်လို့ တခုတ်တရ ဖတ်လိုက်မိကာမှ ရေးထားတာက “ငယ်ဆရာ”တစ်ယောက်အကြောင်း ဖြစ်နေပါတယ်။

သွားပြန်ပြီ။ မြန်မာစာ အသုံးအနှုန်း လွဲပြန်ပြီလို့ တွေးမိသွားရပြန်တယ်။ တကယ့် မြန်မာအသုံးအနှုန်းမှာ “လက်ဦးဆရာ”ဆိုတာက လူသားတစ်ယောက်ရဲ့ဘဝမှာ အဦးဆုံး၊ အစောဆုံး” သွန်သင်ညွှန်ပြသူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီ့နေရာမှာ မိဘရှိသူများအတွက် အမိနဲ့ အဘကသာ လက်ဦးဆရာ ဖြစ်ပါတယ်။ မွေးကတည်းက မိဘမဲ့ ဖြစ်ရသူ၊ ဒါမှမဟုတ် မွေးကတည်းက သူတစ်ပါး လက်ပေါ်မှာ ကြီးပြင်းရသူများအတွက်ကျရင်တော့ သူတို့ကို မိဘကိုယ်စား ပြုစု စောင့်ရှောက်ပေးခဲ့သူ(များ)ကသာ လက်ဦးဆရာပါ။ ကျန်တဲ့သူတွေက တခြားဆရာတွေ ဖြစ်ကုန်တာကို သတိချပ်သင့်ကြပါတယ်။

“ကံ့ကူလက်လှည့်ဆရာ”ဆိုတာကတော့ စာရေးတတ်အောင် လက်ထပ် သင်ကြားပေးတဲ့ ဆရာကို ဆိုလိုတာပါ။  ဝလုံးလေး ရေးတတ်အောင်၊ ကကြီးလေး ရေးတတ်အောင်၊ အေ၊ ဘီ၊ စီ၊ ဒီလေး ရေးတတ်အောင် ကိုယ့်လက်ကလေးကို သူ့လက်နဲ့ အပေါ်က အုပ်ကိုင်ရင်း လမ်းပြပေးခဲ့တဲ့ ဆရာက “ကံ့ကူ လက်လှည့် ဆရာ”ရဲ့ ဇာစ်မြစ် အနက်ရင်း ဖြစ်ပါတယ်။ အနက်ပွားအနေနဲ့ကတော့ အဲသလို လက်ထပ် သင်ကြားတာ မဟုတ်သည့်တိုင် ငယ်ဆရာ (ဝါ) ငယ်ငယ်တုန်းက ကိုယ့်ကို သင်ကြားပေးခဲ့တဲ့ ဆရာပေါ့ခင်ဗျာ။

ဘာသာစကားတိုင်းဟာ သူ့ဟာနဲ့သူ ကြွယ်ဝတာချည်းပါပဲ။ မြန်မာ စကားက တခြားဘာသာစကားထက်တောင် ပိုကြွယ်ဝပါသေးတယ်။ ဘထွေး၊ ဘကြီး၊ ဦးကြီး၊ ဦးလေး၊ အရီးကြီး၊ အရီးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ နှမ၊ ညီမ၊ မရီး၊ ခယ်မ၊ ခဲအို၊ မတ် စတဲ့ ဝေါဟာရများနဲ့တင်ပဲ မြန်မာစကား ဘယ်လောက် ကြွယ်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒီ့ ကြွယ်တဲ့ ဘာသာစကားကိုသာ နေရာတကျ လှလှပပ သုံးတတ်မယ်ဆိုရင် အင်မတန်မှ ချစ်စရာ ကောင်းပြီး တင့်တယ် ဖွယ်ရာလှပါတယ်။  အဲဒါကိုမှ အလွဲတွေ လျှောက်သုံးတော့လည်း ဘာမှ မဖြစ်ပါဘူး။ နှောင်းလူတွေ အမှတ်မှားပြီး ဘာသာစကား ချွတ်ခြုံကျသထက် ကျလာရုံအပြင် ဘာမှဖြစ်မှာ မဟုတ်ဘူးလို့သာ ပြောရမလိုပါပဲ။

အရေးမကြီးတာ တစ်ခုကို အရေးတကြီးလုပ်ပြီး ပြောလိုက်တာလို့ ယူဆရင်လည်း ရပါတယ်။ ဒါမှမဟုတ်လည်း မြန်မာတစ်ယောက်အနေနဲ့ သိထားသင့်သလို မမှားသင့် မမှားထိုက်တဲ့ အသုံးအနှုန်းတချို့ကို တင်ပြ ဆွေးနွေးလိုက်တာလို့ တွေးမယ်ဆိုလည်း ဖြစ်ပါတယ်။

အစမှာ ရေးခဲ့တဲ့အတိုင်း ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ဘယ်သူကိုမှ သာစေ၊ နာစေလိုတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ အမှားကြာရင် အမှန်ဖြစ်သွားမှာ ပူပင်တဲ့စိတ်နဲ့ ရေးလိုက်တယ်ဆိုတာလေးလောက်ပဲ နားလည်ပေးကြမယ်လို့ မျှော်လင့်မိပါရဲ့။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ဝ၇၁၁၀ဝ)

မနေ့ (၂၅-၁၁-၁၀)က ထွက်တဲ့ Bi Weekly Eleven Journal  အတွဲ ၃ အမှတ် ၃၅ မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

Advertisements
6 Comments leave one →
  1. 26 November 2010 11:36 am

    မိတ်တူ (ပတ်ဆင့်မရသဖြင့်) ကူးပြီးသာ လိုက်ဝေလိုက်ချင်တော့တယ် ဆရာရယ်….

  2. Aung Soe permalink
    26 November 2010 9:59 pm

    ဆရာရေ …မုတ ဆိုတဲ့အဓိပ္ပါယ်လေး ရှင်းပြပါအုံး …

    • lettwebaw permalink
      26 November 2010 10:15 pm

      အင်္ဂလိပ်လို mood ပါပဲ။ ခံစားချက်ပေါ့။ မုတမပါ လင်္ကာမချောဆိုတာ ခံစားချက်မပါဘဲ ရေးသားစပ်ဆိုတဲ့ စာတွေကို ဖတ်ရတာ မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

  3. Sint permalink
    28 November 2010 9:02 am

    Thank you so much for sharing. I use to know “မုသား မပါ လင်္ကာမချော” too. 🙂

  4. chit htwe permalink
    3 December 2010 10:00 pm

    health digest မုာပါတာတွေ ကအမုန်တွေပါလား .

    • lettwebaw permalink
      4 December 2010 8:48 am

      မဖတ်ဖူးပါ။ ဒါပါနဲ့ဆိုရင် ပြောတာ နှစ်ယောက် ရှိပါပြီ။ အဲဒီ့စာကို စာတည်းချုပ်ရဲ့ သဘောတူညီချက် မရဘဲ ထည့်လိုက်တဲ့အတွက် အဲဒီ့စာတည်းချုပ် အဲဒီ့ဂျာနယ်က နှုတ်ထွက်သွားတာလည်း ကြားလိုက်ပါတယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် အပင်မြင့်ရင် လေတိုက်ခံရတယ်လို့ ပြောရင် ဘ၀င်မြင့်လွန်းရာ ကျနေမှာမို့ အဲလိုတော့ မပြောပါဘူး။ ကျွန်တော်က အပင်နိမ့်လေးပါ။ အပင်နိမ့်ဆိုတော့လည်း ခွေးသေးပန်းခံရတာပေါ့ဗျာ။ မဆန်းပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: