The Genuine Win Oo

ဝင်းဦးကိုယ်တိုင်က ပြောပြခဲ့လို့ သိခွင့်ရတဲ့ “ဝင်းဦးအစစ်”အကြောင်း

ဇာတ်လမ်းအစ

စာအုပ်ပြပွဲမှာ ကျွန်တော့်အိမ်သူက မြန်မာစာအုပ်အဟောင်း ရောင်းသည့် ဆိုင်ကြီးတစ်ဆိုင်ထဲသို့ လက်ဆွဲပြီး ခေါ်သွားခဲ့သည်။ “ဇော်စာပေ”ဟု ထင်ပါသည်။

ထိုဆိုင်ထဲတွင် မြန်မာစာရေးဆရာ အတော်စုံစုံ၏ စာအုပ်ဟောင်းတချို့ကို တွေ့သည်။ စာရေးဆရာတစ်ဦးစီကို သူ့အကန့်နှင့်သူထားသဖြင့် စနစ်တကျ မြင်ရသည်။ ကျွန်တော့်အိမ်သူက သူဖတ်ချင်သော ဝတ္ထုရေးဆရာတို့၏စာအုပ်များကို လှန်လှောနေခိုက် ကျွန်တော့်မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ စာအုပ်အနှောင့်မှာ ရေးထားသည်က “ဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”ဆိုပဲ။ ကျွန်တော် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသောစာအုပ်။ ဆွဲယူလှန်လှော ကြည့်လိုက်သောအခါ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်ထုတ် ဖြစ်နေ သည်။ ကျွန်တော် ၁၂ နှစ်မပြည့်သေးခင်က ထုတ်သောစာအုပ်။ ကျွန်တော်တို့ မိသားစု မြို့ရန်ကုန်မှာ စတင်အခြေချစ၊ လုံးလည်လိုက်နေစဉ်ကာလက စာအုပ်။ တန်ဖိုး ၃၇၅ိ တဲ့။ မတန်မှန်းသိသော်လည်း ကျွန်တော့်အတွက် ရှားပါး စာအုပ်မို့ ဝယ်ဖြစ်ခဲ့ပါသည်။ စာအုပ်ခေါင်းစဉ်အပြည့်အစုံမှာ “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”ဖြစ်သည်။

ဝင်းဦးနှင့် ကျွန်တော်

ဝင်းဦးကွယ်လွန်ပြီးစက “သူတို့ပြောပြတဲ့ ဝင်းဦးအကြောင်း”ဟူသော ခေါင်းစဉ်နှင့် မဟေသီမဂ္ဂဇင်းမှာ ဝင်းဦးနှင့် ပတ်သက်ဖူးသူများကို တွေ့ဆုံ မေးမြန်းကာ ကျွန်တော်ရေးခဲ့ဖူးသည်။ မဟေသီနှင့် ကျွန်တော်တို့ သဘောထားချင်း မတိုက်ဆိုင်တော့သဖြင့် လမ်းခွဲလိုက်သောအခါ ကျွန်တော့်မှာ ယင်းဆောင်းပါးကို ဆက်ရေးစရာ မဂ္ဂဇင်း မရှိတော့သောကြောင့် ထိုကိစ္စကို တစ်ဝက်တန်းလန်းနှင့် ရပ်ချလိုက်ရသည်။ တချို့က ဆက်ရေးစေချင်သေးသည်။

ကျွန်တော်ကိုယ်တိုင်ကလည်း ရေးချင်သေးသည်။ အမှန်က ကျွန်တော့်အတွက် “ဝင်းဦးသုတေသန”လည်း ဖြစ်တော့သည်။ ကျွန်တော် လူလားမမြောက်တမြောက်တွင် ဝင်းဦးက လျှမ်းလျှမ်းတောက်နေခဲ့ပြီမို့ သူ့ကို ကျွန်တော်သိပ်သဘောကျခဲ့သည်။ သူ မတူအောင် ဘက်စုံမှာ ချွန်သူမို့လည်း ကျွန်တော့်အတွက် အတုယူစရာတွေ အပြည့်နှင့်ဖြစ်နေသည်။ သူ ကွယ်လွန်သောအခါ ကျွန်တော် နှမျောလှသည်။ ထို့ကြောင့် သူ့ အကြောင်းကို စပ်စုချင်စိတ်နှင့် ထိုတွေ့ဆုံမေးမြန်းခန်းတွေကို သူ့အလွမ်းပြေ လုပ်ကြည့်မိခဲ့ခြင်းလည်းဖြစ်တော့သည်။ ကျွန်တော့်ဆီမှာ သူရေးခဲ့သော ဝတ္ထုတချို့ ရှိသည်။ အစုံတော့ မဟုတ်သေး။

အခုစာအုပ်ပြပွဲက ဆိုင်ကျတော့လည်း ကျွန်တော့်ဆီမှာ မရှိသေးတာထဲက နောက်ထပ်နှစ်အုပ်ကို ဈေးကြီးပေးပြီး ဝယ်ဖြစ်ခဲ့ရသေးသည်။ “ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်”ဆိုလျှင် ဝင်းဦး၏ စကားပြေ နိုင်နင်းပုံကို သက်သေထူသောစာအုပ်ဟုပင် ညွန်းနိုင်သည်။ စကားပြေအရေးအသားတွင် ဝင်းဦး၏အရေးအသားက တစ်မျိုးထူးသည်။ သူသည် ဆရာတင့်တယ်လေနှင့် ရေးတတ်သည်ဟု သိမီသူတချို့က ဆိုသော်လည်း ကျွန်တော်ကမူ သူ့မူနှင့်သူဟု မြင်သည်။ မြန်မာစကားပြေကို နိုင်နိုင်နင်းနင်းရေးရာတွင် သူသည် ခေသူမဟုတ်ခဲ့ပါ။ ထို့အပြင် စာရေးရာတွင် ခပ်သောသော လေကလေးနှင့် အာဝဇ္ဇန်းရွှင်ရွှင်ကလေး ပြောတတ်သလို တစ်ခါတရံ မထိတထိ ကလိချက်လေးများလည်း ပါတတ်နေပြန်သေးသည်။ ဆရာဝင်းဖေ(မြဇင်)နှင့် ဧည့်ခံပွဲတစ်ပွဲတွင် ဆုံခဲ့စဉ်က ထိုအကြောင်းကို ပြောဖြစ်ခဲ့ရာ ဆရာ ဝင်းဖေကလည်း သဘောတူပါသည်။ ဆရာ ဝင်းဖေက ဝင်းဦးစာရေးဟန်မှာ သူ့မူနှင့်သူ သတ်သတ်ကလေး ရှိနေသူ (stylist) ဟု ထိုစဉ်က မှတ်ချက်ပေးခဲ့ဖူးပါသည်။

စာအုပ်ထဲက ဝင်းဦး

ယခုသော် သူ အသက်ရှင်စဉ်အခါက သူနှင့်တစ်ခါမှ မဆုံဖူးခဲ့ဘဲ သူ့အကြောင်းကို အစချီမိခဲ့သူကျွန်တော် တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးသော စာအုပ်လေး တစ်အုပ်ကို ရလိုက်ပါသည်။ ရေးသူအမည်မပါဘဲ (စီစဉ်သူ မောင်ကျော်ယဉ်)ဟု ၁၄ ပွိုင့် (စာလုံးသေး) လက်သည်းကွင်းဖြင့် ရေးထားသည်ကိုပဲ တွေ့ပါသည်။ ဝင်းဦး ကိုယ်တိုင်ရေး ဟုတ်/မဟုတ်ကို ကာယကံရှင်များသာ သိတော့မည် ထင်ပါသည်။ အဖွင့်စာမျက်နှာတွေမှာ ဝင်းဦး၏မူပိုင် ခပ်ညို့ညို့အမူအရာများဖြင့် ဓာတ်ပုံတွေ ဝေဝေဆာဆာပါသည်။ ယခုခေတ်လိုအော့ဖ်ဆက်တွေ၊ ရောင်စုံတွေ မဟုတ်သေးပေမယ့် သူ့ခေတ်နှင့်သူတော့ အတော်လေး မင်ကျ မင်န ကောင်းအောင် ရိုက်ထားသော စာအုပ်ဖြစ်သည်။ အဖွင့်စာမျက်နှာတွင် ဝင်းဦးကိုယ်တိုင် လက်မှတ်ထိုးပြီး ရေးထားသည်ကပင် လှနေပြန်တော့သည်။

“မုန်းလိုလျှင် မုန်းကြစေတော့၊ နှလုံးနာလိုလျှင် နာကြပါစေတော့၊ ခင်မင်သမျှကို ရုတ်သိမ်းလိုက သိမ်းကြပါစေတော့…။ ဘဝမုန်တိုင်းတွင် လုံချည်ဂွင်းသိုင်းခဲ့သူဟူ၍လက်ညိုးထိုးလိုက ထိုးကြပါစေတော့၊ နှပ်ပစ်လိုက ပစ်ကြပါစေတော့…။ ကောင်းကောင်း မကောင်းကောင်း၊ ကျွန်တော့်အကြောင်းကို ကျွန်တော် အသိပေးချင်သည်…” တဲ့။

ထိုစာလေးကို ဖတ်ပြီးသောအခါ ကျွန်တော့်အိမ်သူက ထိုစာအုပ် ကျွန်တော့်လက်ထဲ အရောက်နောက်ကျလေခြင်းဟု စိတ်မကောင်းဖြစ်ရှာသည်။ ကျွန်တော်ကလည်း သရဖူမဂ္ဂဇင်းတွင် “ချစ်သူ့ရင်ခွင် ရှာပုံတော်”ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော့်အဖြစ်သနစ်များကို ပြန်အစဖော်နေမိရာ သက်ဆိုင်သူတချို့က ကျွန်တော့်အပေါ် အတန်ငယ် မကြည်မလင် ဖြစ်နေသည်ဟု ကြားနေရသည်။ ဝင်းဦး၏ ထိုစာကလေးကိုသာ စောစောစီးစီးက ရလိုက်လျှင် ကျွန်တော့် “ချစ်သူ့ရင်ခွင် ရှာပုံတော်” အဖွင့်မှာ ကိုးကားနိုင်လိုက်မိမည်ကို တွေးမိပြီး ကျွန်တော့်အိမ်သူ စိတ်မကောင်းဖြစ်သွားရခြင်းပင်။ သို့သော် စာအုပ်ပါအကြောင်းအရာမှာမူ ဝင်းဦးအကြောင်း သိပ်မပါချေ။ သာမန် ကိုယ်ရေးရာဇဝင် အတိုလေးမျှသာ ဖြစ်သည်။ မိဘအမည်၊ နေခဲ့သော ကျောင်း၊ လုပ်ခဲ့သောအလုပ်၊ ထားခဲ့သော ရည်းစား၊ စရေးစဉ်က ကလောင်အမည်၊ စရိုက်သော ဇာတ်ကားလောက်သာ အပေါ်ယံရေးထားသည်။ ကျွန်တော် မသိသေးတာ တစ်ခုမျှမပါ။

သည်ကြားထဲမှာ ဝင်းဦး၏ သီချင်းစာသားများကို တစ်ပုဒ်စီ ဖော်ပြထားသည်များကလည်း စာမျက်နှာအတော်များများကို နေရာယူထားပြန်သေးသည်။ အဓိကက ဝင်းဦး၏ ဝတ္ထုတို ငါးပုဒ်ဖြစ်သည်။ ထိုငါးပုဒ်ဖြင့် သိုသိပ်သော ဝင်းဦးက သူ့ဘဝကို နိမိတ်ပုံဖော်လိုက်သည်ဟု မှန်းဆနိုင်ပါသည်။ ဝတ္ထုတိုများ၏ အဆုံးတွင်

“ကိုဝင်းဦးဟာ အတွေ့အကြုံများသူတစ်ယောက် ဖြစ်တဲ့အတွက် တကယ့်အဖြစ်အပျက်တွေကို ရေးဖို့ ပိုပြီး အားသန်ပါတယ်။ အဲဒီအတွက် သူ့ဘဝနဲ့ ပတ်သက်တဲ့၊ သူ့အတွေ့အကြုံနဲ့ ရခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့ သူ့ဝတ္ထုတိုများကို ပြန်လည်ဖော်ပြလိုက်ရပါတယ်…။

သူ့ဝတ္ထုတို ငါးပုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်အဆွေတို့က သူ့ရဲ့ ရေးသားဟန် ထူးခြားချက်ကလေးတွေကို တရေးရေး မြင်ယောင်လာပါ လိမ့်မယ်။

အဲဒါကို ဝင်းဦးရဲ့သူ့ဘဝ မပီသေးတဲ့ ပန်းချီကားတစ်ချပ်လို့ ယူဆနိုင်ပါတယ်…”ဟု ရေးထားပြန်သည်။

ဝတ္ထုတိုငါးပုဒ်လုံးကို ဖတ်ကြည့်သောအခါ ထိုသို့ရေးထားသည့်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဝင်းဦးက ပညာသားပါသည်။ ဝတ္ထုတိုငါးပုဒ်တွင် သူ့အကြောင်းအစစ်က တစ်ပုဒ်မျှသာ ဖြစ်ဟန်တူသည်။ ကျန်လေးပုဒ်မှာ တကယ့် ဝတ္ထုတိုတွေ ဖြစ်နေပြီး အစစ်တစ်ပုဒ်အပေါ်မှာ ဇဝေဇဝါဖြစ်အောင် တမင် ထည့်ထားသည်ဟု ယူဆရပါသည်။ သူ သက်ရှိထင်ရှား ရှိစဉ်အခါက လူတို့ အမနာပ အပြောဆုံး၊ သူ့အား မေးခွန်းအထုတ်ဆုံးကိစ္စနှင့် ပတ်သက်ပြီး စတုတ္ထမြောက်ဝတ္ထုဖြစ်သည့် “အနမ်းသံသရာ”မှာ ဝင်းဦးက အမှန်အတိုင်း ပြောထားသည်ကို တွေ့လိုက်ရသည်။ သို့တည်းမဟုတ် နောက်ဆုံးတစ်ပုဒ်မှာလည်း ထိုစဉ်က သူ့နှလုံးသားအကြောင်းကို အရိပ်အမြွက်ကလေးလောက် ထည့်ထားပုံရသည်ဟု ယူဆနိုင်သည်။ ထိုဝတ္ထုအမည်မှာ “တက္ကသိုလ်ဆရာမတစ်ဦး ပြောသော ချစ်ပုံပြင်” ဖြစ်လေသည်။

ကျွန်တော်နှင့် တစ်ဖက်သတ်အကြောင်း

ပထမဆုံးအပုဒ်ကမူ ကျွန်တော့်ကို အလှုပ်ခတ်ဆုံးဖြစ်စေခဲ့သည်။
ကျွန်တော်သည် ပင်ကိုဗီဇအရ လူတစ်ဖက်သားကို အပြစ်မြင်လွယ်တတ်သည်။ လူတွေကို ကျွန်တော့်ပေတံနှင့် တိုင်းကာ မကျေမလည် ဖြစ်လွယ်သည်။ ထို့အပြင် ကျွန်တော့်မှာ အပြစ်ပေးဒဏ်ခတ်လိုသော အထုံဝါသနာကလည်း ထုနှင့် ထည်နှင့် ရှိသည်။ ကျွန်တော် ရေးခဲ့သော စာတချို့တွင် ထိုအချက်တွေကို မြင်သာနိုင်ပါသည်။

ယခုသော် ဆရာတော် ဦးဇောတိက၏ ကျေးဇူးကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော် အတတ်နိုင်ဆုံး ပြုပြင်နေမိရပြီ။ တစ်ဆက်တည်းမှာပင် ကျွန်တော် ဖတ်မိသော စာအုပ်တချို့ကလည်း ကျွန်တော့်ကို များစွာ ပြုပြင်ပေးနေသည်။

တစ်နေ့က ရေးဖော် တစ်ဦးကိုတောင် ပြောဖြစ်ခဲ့သေးသည်။ ကျွန်တော်တို့က ကျွန်တော်တို့ တစ်ဖက်တည်းက ကြည့်မိသည့်အတွက် မှားယွင်းနေတတ်သည့် အကြောင်းပင်။

နမူနာလေး နှစ်ခု သူ့ကို ပြောဖြစ်ခဲ့သည်။ ကျွန်တော်ဖတ်ထားသော “အင်မတန်စွမ်းသူတို့ရဲ့ နည်းလမ်းကောင်း ခုနစ်သွယ်” (The 7 Habits of Highly Effective People) အမည်ရှိ စာအုပ်ထဲကဖြစ်သည်။ ထိုစာအုပ်သည် လောလောဆယ် ကမ္ဘာ့အရောင်းရဆုံး စာရင်း ဝင်နေပြီ။ ထိုစာရေးသှူStephen Covey သည်လည်း သန်းကြွယ်သူဌေးပင် ဖြစ်သွားပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က မဂ္ဂဇင်းတစ်စောင်တွင်  ဆရာဝန် စာရေးဆရာတစ်ဦးက ထိုစာအုပ်ထဲမှ အကြောင်းအရာတချို့ကို တင်ပြခဲ့ပြီးပြီဟု သိရသည်။ ကျွန်တော် မဖတ်ဖူးခဲ့။

လုံးစေ့ပတ်စေ့ ဘာသာပြန်မည့်သူ တစ်ယောက်လောက်တော့ ပေါ်လာစေ့ချင်သေးသည်။ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ ကျွန်တော့်မှာတော့ ထိုမျှထူထဲသော စာအုပ်ကို ဘာသာပြန်နိုင်လောက်အောင် အချိန်ပို မရှိပါ။

မည်သို့ပင်ဆိုစေ၊ မိတ်ဆွေကို ပြောပြဖြစ်သည့် အကြောင်းအရာလေးတွေကိုတော့ ဘာသာပြန်ပြလိုက်ချင်သေးသည်။ “ဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”စာအုပ်တွင် ပါသော ဝင်းဦးဝတ္ထုတိုအဖွင့်ပုဒ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ လေ့ကျင့်ရေးရေတပ်စခန်းက စစ်သင်္ဘောကြီး နှစ်စီးဟာ ရာသီဥတု သိပ်ဆိုးရွားနေခိုက်မှာပဲ၊ ပင်လယ်ပြင်မှာ စစ်ရေး လေ့ကျင့်နေကြပါတယ်။ ကျွန်တော်က သင်္ဘောနှစ်စီးထဲက ခေါင်းဆောင် သင်္ဘော ပေါ်မယ် တာဝန်ကျနေတယ်။ အဲဒီ့ညက မှောင်လာတဲ့အချိန်မှာ ကျွန်တော်က သင်္ဘောဦးခန်းထဲမှာပါ။
ဆီးနှင်းတွေက ပိန်းပိတ်နေတဲ့အတွက် ဘေးဘီကို မြင်ရဖို့ တော်တော့်ကို ခက်တယ်။ ဒါကြောင့် မာလိန်မှူးကြီးကလည်း ဦးခန်းထဲမှာပဲ နေနေရင်း အစစ ဂရုတစိုက် ကြပ်မတ်နေရတယ်။
ညရောက်လို့ အမှောင်ကျသွားပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဦးခန်းရဲ့အပေါ်မှာ စောင့်ကြည့်ဖို့တာဝန်ကျနေတဲ့ ရေတပ်သားလေးဆီက သတင်းတက်လာတယ်။ “သင်္ဘောဦးရဲ့ညာဘက်လောက်မှာ မီးလေးတစ်စ မြင်ရတယ်”တဲ့။

“ငြိမ်နေလား၊ သွားနေလား”လို့ မာလိန်မှူးကြီးက ချက်ချင်း လှမ်းမေးလိုက်တယ်။

တပ်သားလေးက ပြန်ဖြေတယ်၊ “ငြိမ်နေပါတယ်၊ ဦးစီးခင်ဗျား”တဲ့။ ဆိုလိုတာကတော့ ကျွန်တော်တို့သင်္ဘောဟာ အဲဒီ့သင်္ဘောနဲ့ ပြင်းပြင်းထန်ထန် တိုက်မိမယ့် လမ်းကြောင်းပေါ် ရောက်နေတယ်ပေါ့။

သည်မှာတင် မာလိန်မှူးကြီးကလည်း ဆက်သွယ်ရေးတပ်သားကို ပြောတယ်။ “အဲဒီ့သင်္ဘောဆီ လှမ်းပြောစမ်း။ သည်ပုံအတိုင်းဆို တိုက်မိကုန်တော့မှာမို့ သူ့လမ်းကြောင်းကို ဒီဂရီ ၂၀ ပြောင်းပြီး မောင်းဖို့ ပြောလိုက်ကွာ”တဲ့။

မကြာဘူး၊ ဟိုတစ်ဖက်က ပြန်ပြောသံကို အတိုင်းသား ကြားရတယ်။

“ခင်ဗျားတို့ မောင်းနေတဲ့ လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ”လို့ တစ်ဖက်က ပြန်ပြောတယ်။

သည်မှာတင် မာလိန်မှူးကြီးလည်း ဆက်သွယ်ရေးတပ်သားဆီက  စကားပြောခွက်ကိုလှမ်းယူပြီးပြောတယ်။ “ဒါ မာလိန်မှူးကြီးကိုယ်တိုင် ပြောနေတာ။ ခင်ဗျာ့ သင်္ဘောကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ။”

“ကျွန်တော်ကတော့ ဒုတိယတန်းစား သင်္ဘောသားလေးပါခင်ဗျာ”တဲ့၊ တစ်ဖက်က အသံပြန်ပေါ်လာတယ်။ “မာလိန်မှူးကြီးရဲ့သင်္ဘောကိုသာ ၂၀ ဒီဂရီ လမ်းကြောင်း ပြောင်းလိုက်ပါခင်ဗျား”တဲ့။

ပြဿနာပဲ။ မာလိန်မှူးကြီးလည်း ဒေါသတွေ တအား ထွက်သွားပြီ။ ချက်ချင်းပဲ ထအော်တော့တယ်။

“ဟေ့… ဒါ စစ်သင်္ဘောကွ။ မင်း လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်စမ်း”

ဟိုဘက်ကလည်း ပြန်လာတယ်။

“ဒါ မီးပြတိုက်ခင်ဗျ”တဲ့။

အဟဲ… ကျွန်တော်တို့လည်း လမ်းကြောင်းပြောင်းလိုက်ရတော့တာပါပဲ။

သည်အဖြစ်ကလေးကို အမေရိကန် ရေကြောင်းတက္ကသိုလ်မဂ္ဂဇင်းထဲ မှာ Franck Koch က ရေးခဲ့ခြင်း ဖြစ်သည်။ ယင်းကို ကျွန်တော် အထက်တွင် ဖော်ပြခဲ့သော စာအုပ်၏ နိဒါန်းပိုင်းတွင် ပြန်လည် ကောက်နုတ်ထားခြင်းလည်း ဖြစ်သည်။

လောကတွင် အမှန်တရားဆိုသည်များက ရှိနေသည်။ သို့သော် ကျွန်တော်တို့တွေမှာ အစွဲများ ရှိနေတတ်သဖြင့် တစ်ခါတရံ အမှန်များကို မြင်နိုင်စွမ်း ကျဲပါးနေတတ်ပြန်သည်။ မူဆိုသည်ကား အမှန်တရားကို အခြေခံပြီးမှ ပေါ်လာခြင်းဖြစ်သည်။ မူရင်းစာရေးဆရာ“ကိုဗှေး”ကတော့ မူသည် မီးပြတိုက်ဟု ဆိုထားလေသည်။ မူတို့သည် သဘာဝတ္ထတရားများ ဖြစ်သဖြင့် မချိုးဖျက်နိုင်ပါတဲ့။

ထားပါတော့၊ ကျွန်တော့်အတွက်မူ အနှီးဥပမာလေးက တာသွားလွန်းနေလေသည်။ လူတစ်ဖက်သားအပေါ် အင်မတန် အပြစ်မြင်လွယ်လှသော ကျွန်တော်လိုလူအတွက် မီးပြတိုက်နမူနာက တော်တော့်ကို ထိထိရောက်ရောက် ပညာပေးလိုက်နိုင်ခဲ့သည်။

ဆက်ဖတ်သောအခါ စာရေးဆရာ “ကိုဗှေး”ကိုယ်တိုင်ကြုံလိုက်ရသည့် အဖြစ်တစ်ခုကို ဖတ်ရပြန်သည်။ နယူးရော့ခ်မြို့ မြေအောက်ရထားထဲတွင် တစ်မနက်က ကြုံရတာဟု အစချီကာ ကိုဗှေးက အောက်ပါအတိုင်း ရေးထားလေသည်။

လူတွေက အေးအေးဆေးဆေး ထိုင်နေကြတယ်။ တချို့က သတင်းစာ ဖတ်၊ တချို့က အတွေးထဲမှာ မျောနေ၊ တချို့တွေကျတော့ မျက်လုံးကို မှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေးတစ်ခုလိုကို ငြိမ်သက် တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။

အဲဒီ့အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွ လှုပ်ရှားလွန်းနေတာမို့ ရထားတွဲလေးထဲက ဆိတ်ငြိမ်တဲ့ ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။

ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံး စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အော်ကြ ဟစ်ကြလို့၊ တွေ့ကရာတွေ လျှောက်ပစ်တဲ့သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလား ဆွဲရဲ့။

တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။

ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက် ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ ဖအေပဲလို့ အောက်မေ့နေမိတယ်။

တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက် လှည့်ပြီး ပြောလိုက်ရတော့တယ်။

“သည်မယ်နောင်ကြီး၊ နောင်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားခင်ဗျာ”

အဲဒီ့လူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီး တစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေးတွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။

“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ”တဲ့။

စာဖတ်သူအနေနဲ့ အဲဒီ့အချိန်မှာ ကျွန်တော် ဘယ်လို ခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ် ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်း ပြောင်းလဲသွားတယ်။ အမြင် ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။

ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်း ပျောက်သွားတယ်။ သည်လူ့ကို စာနာတဲ့စိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကို အားပေးဖို့ စိုင်းပြင်းလိုက်မိတယ်။ အခြေအနေက ရုတ်ချည်း ပြောင်းသွားတော့တာပါပဲ။

ကျွန်တော်အပါအဝင် လူအတော်များများမှာ အလွန် ပြောလွယ်ဆိုလွယ် ရှိကြသည်။ သူကဖြင့် ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဆိုတာမျိုးကို ကျွန်တော်တို့တွေ နေ့စဉ် ပြောဖြစ်နေကြသည်။

သူ့ဖက်က ကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဖက်က ကြည့်တော့ လက်ဖမိုး ဆိုသောစကားကို စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၏ ဇာတ်ကား ကြော်ငြာတစ်ခုတွင် ဖတ်ဖူးခဲ့သည် ထင်၏။ ကျွန်တော်ကိုယ်တိုင်လည်း ပြောဖူးသည်။ သူများတွေ ပြန်ပြောနေတာလည်း ကြားဖူးသည်။

သို့သော် ယခု ဥပမာနှစ်ခုလောက်တော့ မထိရောက်ခဲ့။ ကျွန်တော် ကိုယ်၌က စိတ်လိုက်မာန်ပါနိုင်လွန်းနေတာလည်း ဖြစ်မည်။ အသက်အရွယ်ကြောင့် ဗဟုသုတ ရှိသည့်တိုင် ဉာဏ်မရှိသေးတာကြောင့်လည်း ဖြစ်မည်။ ဘယ်တော့ဖြစ်ဖြစ်၊ ကျွန်တော့်တစ်ဖက်တည်း အမြင်ဖြင့်သာ ကြည့်ခဲ့၊ မြင်ခဲ့၊ သုံးသပ်ဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့တာက များသည်။

ယခုသော် သူ့ဘက်က တစ်ခြမ်းကို ထည့်သွင်းစဉ်းစားတတ်လာပြီ။

အမှန်တော့ ဤသည်မှာ မကြာလှသေး။

လွန်ခဲ့သော တစ်နှစ်ကျော်က ကျွန်တော့်ကားနောက်မှန်တွင် “လူမှန်လျှင် မလိုအပ်ဘဲ ဟွန်းမတီးပါ”ဟူသော စာတန်းကြီးကို ငွေတစ်ထောင် အကုန်အကျ ခံပြီး အရေးခိုင်းကာ ကပ်ထားခဲ့ဖူးသည်။ နောက်ကားက တကြော်ကြော် ဟွန်းတီးသံကို ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါ။ အလိုလိုလည်း စိတ်တိုလာပါသည်။
သည်လိုနှင့် ထိုစာတန်းကို ကပ်လိုက်ရာ တော်တော် သက်သာသွားပါသည်။ တချို့က ကျွန်တော့်ကို ဩဘာပေးကြသည်။ တချို့ကားတွေက ကျွန်တော့်ကားကို ဟွန်းတီး ကျော်တက်ရင်း လက်မ ထောင်ပြသွားသည်မျိုးကို ကြုံရသလို တချို့ကျတော့ အတင်းကို လိုက်ပြဿနာရှာတာမျိုးတွေလည်း ကြုံရသည်။

ဆရာတော် ဦးဇောတိကထံ ထိုစာတန်းသတင်း ရောက်သွားသောအခါ ဆရာတော်က “ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် ရေးပုံက အပြု သဘောမဆောင်ဘူး”ဟု မိန့်ကြားပါသည်။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကား လော်မာဆဲပင် ဖြစ်သည်။ တော်တော် နှင့် ထိုစာတန်းကို မဖြုတ်ဖြစ်ခဲ့။

တစ်ရက်တွင်မူ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းလာရာ ဗဟန်း ၃ လမ်းထိပ် အရောက်တွင် နောက်မှ ဟွန်းတကြော်ကြော် တီးပြန်သဖြင့် နောက်မှန်ကို လှမ်းကြည့်လိုက်သည်။ ကျွန်တော့်ရှေ့မှာက ယဉ်ကြောပိတ်နေသဖြင့် ခပ်ဖြည်းဖြည်းသာ မောင်းနေရသည်မို့ စိတ်မရှည်သော ကားက ကျော်တက်ချင်သော သဘောနှင့် တီးနေတာများလားဟု တွေးလိုက်ရင်း စိတ်က နည်းနည်း တိုသွားသည်။

သို့ရာတွင် ဟွန်းတီးနေသည်မှာ ကျွန်တော့်နောက်က ကားမဟုတ်၊ ကျွန်တော့်နောက် တစ်စီးကျော်က အငှားယာဉ်ဖြစ်သည်။ ထိုကားဆရာအနေဖြင့် ကျွန်တော့်စာတန်းကို မမြင်နိုင်သေး။ သူ့မျက်နှာကိုမူ နောက်ကားကို ကျော်ပြီး နောက်မှန်ထဲမှပင် ကျွန်တော်က လှမ်းမြင်နေရသည်။

သူ့ခေါင်းက လမ်းဘေး လူသွားစင်္ကြံပေါ်သို့ လည်နေသည်။  စင်္ကြံပေါ်မှ လူအုပ်ကို သူ့ကားအားကြောင်း အချက်ပေးသည့်သဘော၊ ခရီးသည် ခေါ်သည့်သဘော (ဈေးခေါ်သည့်သဘော)မျိုးနှင့် တီးနေခြင်းသာ ဖြစ်သည်။

ကျွန်တော် ချက်ချင်း သဘောပေါက်သွားသည်။ သူ့အတွက် ဟွန်းတီးခြင်းက တခြားယာဉ်မောင်းတွေမှာပါ စိတ်အနှောင့်အယှက်ဖြစ်၊ မဖြစ် တွေးဖြစ်လောက်အောင် စိတ်မအားရှာချေ။ တစ်နေ့တာအတွက်  ကားပိုင်ရှင်အား ပေးရမည့်ကားခ၊ ဓာတ်ဆီဖိုး၊ စားစရိတ်အပြင် သူ့မိသားစုအတွက် လိုအပ်သော ငွေစကြေးစလေးတွေကို အငမ်းမရ လိုချင်သည့် လောဘဇောက တစ်ဖက်သားအတွက် တွေးနိုင်စွမ်းကို ပီပီပြင်ပြင် ဆို့ထားလေပြီပဲ။

ထိုနေ့က အိမ်ပြန်အရောက်တွင် ကျွန်တော့်စာတန်းကို ခွာဖြစ်ခဲ့ပါသည်။

ဝင်းဦးနှင့် တစ်ဖက်သတ်အကြောင်း

ဝင်းဦးဆီကို ပြန်သွားပါတော့မည်။
ဝင်းဦးကလည်း သူနှင့်ပတ်သက်ပြီး ဟိုပြောသည်ပြောတွေကို သိပ် ကြေလည်ပုံတော့ မရ။ သို့သော် ဝင်းဦးသည် ဉာဏ်ရှိသူ။ ထို့ကြောင့် သူက ဝတ္ထုတိုလေးတစ်ပုဒ်နှင့် ဆုံးမလိုက်သည်။ သို့သော် ထိုစာကို ရှုမဝ မဂ္ဂဇင်းတွင် သူမင်းသားဖြစ်ခါစ ၁၉၆၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖော်ပြခဲ့ပုံရသည်။

“အောက်ပါစာကို ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ကျွန်တော် ရရှိခဲ့ပါသည်။ ရှုမဝ ဝတ္ထုရှည် ရေးပေးမည်ဆို၍ လာရောက်တောင်းရာ ကိုမြင့်နိုင်၏ စာမူရင်းကိုသာလျှင် မပြီးသေးသည့် ဝတ္ထုတိုအစား ယခုလ ဝတ္ထုရှည်အဖြစ် မဖြတ်မတောက်၊ မချဲ့ထွင်ဘဲ ဖော်ပြရန် ပေးအပ်လိုက်ရပါကြောင်း”ဟု ဝင်းဦးက ဝတ္ထုတို၏ ထိပ်တွင် ဖော်ပြပေးခဲ့သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်ကသာ ရှည်ရှည်ဝေးဝေး၊ စတီဖှင်န် ကိုဗှေးဆီအထိ ရွာကျော် ရွက်တိုက်နေသည်၊ အမှန်က ကျွန်တော် စွဲလန်းသော စာရေးဆရာ၊ ဓာတ်ရှင် မင်းသားကြီးက ၁၉၆၂ ခုနှစ်ကတည်းက “စာလေးတစ်စောင်”အမည်ရှိ ဝတ္ထုတိုလေးဖြင့် ကိုဗှေးထက် သာအောင် ပြောပြခဲ့ပြီးပြီပဲ။

အဖွင့်စာတန်းလေးကို ပြန်ကူးပြပါမည်။

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။

ဝင်းဦးက သူ့ဝတ္ထုကို ထိုသို့ ဖွင့်ထားပါသည်။

ဝတ္ထုကြောင်းမှာ ဝင်းဦး ပြောသည့်အတိုင်း ပေးစာတစ်စောင်ပုံစံ ဖြစ်ပါသည်။ ဝင်းဦးနှင့်တပ်ထဲတွင် အတူနေခဲ့ဖူးသော တပ်ကြပ်ပြီး မြင့်နိုင်ဆိုသူ တပ်မတော်သား တစ်ဦးက ဝင်းဦးထံ လှမ်းရေးပုံဖြင့် ဖွဲ့ထားသည်။

ဝတ္ထုကြောင်းကို အကျဉ်းချုပ်ပြောလိုပါသည်။

မြင့်နိုင်၏ လက်အောက်သို့ တပ်ကြပ်ထွေးကိုဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကိုမှာ လူရည်သန့်ဖြစ်သလို ရည်လည်း ရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင်ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။

ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနှင့် တည့်သူလည်း ဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။

မြင့်နိုင်က တကယ့် စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍ မရသော လူမျိုး ဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်း တွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကိုကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။

သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသောတပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက် ပေါက်ပြီး ဆေးရုံ တက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲအုပ်ချုပ်ရသည်။

ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့် ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။

ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကား ပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းလည်း ဖြစ်သည်။ သူ မည်သူ့ကို ရည်ရွယ်ကြောင်း တပ်စု နှစ်စုစလုံးသိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင် ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲနီလျက်။

ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံ သွားရောက်ပြီး ဆေးရုံ မတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ်ပြောလေတော့သည်။

သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦးအနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်း သိမ်းမိနေစဉ်တွင်ပင် ထွေးကိုသည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။

အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်က ပေးမည့် သက်စွန့်ဆုကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုယ်တိုင် သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာ ဖြစ်သည်။

ကိစ္စဝိစ္စပြီးသောအခါ ထွေးကို ပေးသည့် လိပ်စာအတိုင်း ထွေးကို့ မိခင်ကြီး ရှိရာ ရွာကို မြင့်နိုင် ရောက်သွားသည်။ လိပ်စာမှာ ရွာဦး ဘုန်းကြီးကျောင်းလိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။

“မောင်ထွေးကိုတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘော်ကြီးရယ်။ ဆွေမျိုး မရှိကြဘူး။ မောင်ထွေးကိုဟာ အမေ မျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲ ဝင်သွားတာပဲ။ အားကိုးစရာ သည်သားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲ ခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့တဲ့ ငွေကလေးနဲ့ နေရရှာတာပါ”ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။

သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်းထားလေသည်။

အတော်ထိသော ဝတ္ထုလေးဖြစ်သည်။

သူ့ဘဝဇာတ်လမ်းစုံစာအုပ်တွင် အဖွင့်ဝတ္ထုတိုအဖြစ် ထိုဝတ္ထုတိုလေးကို ပြန်လည်ဖော်ပြထားခြင်းမှာ အဓိပ္ပာယ်ကျယ်ဝန်းနေသည်။ ၁၉၆၂ ခုနှစ်က ရေးခဲ့သော ဝတ္ထု ဖြစ်သော်လည်း ပြန်လည်ဖော်ပြသော ၁၉၆၉ခုနှစ်တွင် ဝင်းဦးတစ်ယောက် လျှမ်းလျှမ်းတောက်နေပြီ။ ဆောင်းအိပ်မက်ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရခဲ့ပြီးပြီ။

ထိုအချိန်တွင် “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”မည်သော စာအုပ်တွင် ထိုဝတ္ထုကို အဖွင့်မှာ ဖော်ပြထားခြင်းသည် အကြောင်းမဲ့တော့ မဟုတ်တန်ရာ။

ကျွန်တော့်ကျေးဇူးရှင် ဝင်းဦး

ကျွန်တော်သည် ဆိုခဲ့သည့်အတိုင်း ဝင်းဦးကို စွဲလန်းလွန်းသူသာ ဖြစ်သည်။ ထိုအကြောင်းကို ဖွင့်ဟမိတိုင်း ကြားနာသူအပေါင်းက အပြုံးတစ်မျိုးဖြင့် ကျွန်တော့်ကို ကြည့်တတ်သည်။ တချို့ကမူ ဝင်းဦး၏ အားနည်းချက်တစ်ခုဖြင့် ကိုင်ပေါက်ကာ ကျွန်တော့်ကို စတတ်ကြပါသေးသည်။

လူသည် လူသာ ဖြစ်သလို ဝင်းဦးသည်လည်း ဘာသားနှင့်မှ ထုမထားလေသော လူစင်စစ်သာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့မှာ တော်တာတွေ ရှိသလို၊ ရှော်တာတွေလည်း ရှိနေမည်မှာ ဧကန်ပင်။ ယင်းမို့ကြောင့် သူ့အားနည်းချက်ကို ကျွန်တော် ဘယ်လိုမှ မမြင်ခဲ့။ လူတစ်ယောက်အနေနှင့် လူလိုနေခြင်းဟုသာ တွေးခဲ့ပါသည်။

ယခုသော် ဝင်းဦးက သူ့“စာကလေးတစ်စောင်”ဝတ္ထုတိုဖြင့် ကျွန်တော်တို့ကို ပညာပေးသွားခဲ့လေပြီ။ အလားတူပင် “အနမ်းသံသရာ”ဝတ္ထုဖြင့်လည်း သူဘာကြောင့် ဘယ်လို ဖြစ်နေသည်ကို ထိုစဉ်ကတည်းက ဖွင့်ဟခဲ့ပြီးပြီ။

ကနေ့ ကျွန်တော်တစ်ယောက် အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျအောင် ပြောတတ်ခြင်း၊ အဝတ်အစားကို တင့်တယ်အောင် ရွေးချယ် ဝတ်ဆင်တတ်ခြင်း၊ စာရေးရာတွင် ဘာသာစကားကို နိုင်နင်းအောင် သုံးတတ်ပြီး အာဝဇ္ဇာန်းရွှင်ရွင်လေး ရေးနိုင်ခြင်း၊ သီချင်းဆိုခြင်း၊ ဂစ်တာကိုင်ခြင်း၊ လူရှေ့ ထွက်ပြီး စကားပြောတတ်ခြင်း၊ လူလုံးပြရတာကို အလွန်အမင်း ဝါသနာပါ ခြင်းတို့အပါအဝင် ကျွန်တော့်ရုပ်ပိုင်းဘဝ ဖြစ်တည်မှု အားလုံးအတွက် ဝင်းဦး၏ ကျေးဇူးက များစွာ ရှိနေပါသည်။

ယုတ်စွအဆုံး၊ “ရွှေအမြုတေ”မဂ္ဂဇင်းတွင် ကျွန်တော့်အမည်ရင်းဖြင့် ရေးသားကာ လပေါင်းများစွာဖော်ပြခဲ့သော “အိပ်မက်အတူမက်ကြစို့ မနက် မလင်းခင်” အခန်းဆက် ဝတ္ထုရှည် ဇာတ်ကြောင်းမှာလည်း ဝင်းဦး၏ ဩဇာ မကင်းလှသည်ကို ဘယ်သူကမှ ရိုက်မစစ်ဘဲ ဝန်ခံလိုက်ချင်ပါသည်။ ထိုဝတ္ထု စခါစက ရွှေစာတည်းချုပ် ဦးဝင်းငြိမ်းကပင် ဝင်းဦး၏ “မိန်းမလှအမုန်း”နှင့် ဆင်လှသည်ဟု မှတ်ချက်ပေးသဖြင့် ကျွန်တော့်မှာ ကျွန်တော့်တွင် ရှိနေသော ထိုစာအုပ်ကို ကမန်းကတန်း ပြန်ဖတ်ခဲ့ရဖူးပါသည်။ ဇာတ်ကြောင်းချင်း မဆင်သော်လည်း ဝတ္ထု တည်ပုံချင်း ဆင်နေသည်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော့်မှာ မပြေးသော် ကန်ရာ ရှိနေသည်ကလည်း အမှန်ပင် ဖြစ်ပါသည်။

ယခုသော် ဝင်းဦးကို အလွှတ်မဲ့ စွဲလန်းဖူးသူတစ်ယောက်အနေနှင့် သူ့ အငွေ့တွေ ကျွန်တော့်စာတွေထဲမှာ ကပ်နေနိုင်လောက်သည်ကို မှန်းဆမိနိုင်လာပြီဖြစ်သည်မို့ ဝန်ခံလိုက်ရခြင်းလည်း ဖြစ်ပါသည်။

ထိုဝင်းဦးမှာ အားနည်းချက်တစ်ခု ရှိခဲ့ခြင်းကတော့ ကျွန်တော့်ကို တော်တော် နှောင့်ခဲ့ပါသေးသည်။

ယခုသော် စာအုပ်ပြပွဲက အမှတ်မထင်ရလိုက်သော စာလေးတစ်အုပ်ကြောင့် ကျွန်တော့်စိတ်ထဲတွင် ရှင်းသွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပင် ကျွန်တော်မည်သော လူတစ်ယောက် ဤလောကတွင် ရှိမှန်းပင် သိမသွားလေသော တမလွန်မှ ဦးဝင်းဦးကိုလည်း ကျွန်တော်ကတော့ ဤစာဖြင့် လေးမြတ်စွာ ဂါရဝပြုလိုက်ချင်လှပါသေးသည်။

ကျေးဇူးအတင်ဆုံးကတော့ “စာလေးတစ်စောင်”ဝတ္ထုတို၏ အဖွင့် စာသားလေးများအတွက်ပင် ဖြစ်နေပါတော့သည်ခင်ဗျား။    ။

(၁၉၉၉ ဩဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲမှာ ပြန်လည်ဖော်ပြာထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ သည်ဘလော့(ဂ်)မှာ ဖော်ပြထားတဲ့ပုံကို http://myanmarmp3album.com/2010/06/25/21139/မှ ရယူထားတာဖြစ်ပါတယ်။ မူရင်းဖြစ်သော ၀င်းဦး၏ “စာလေးတစ်စောင်”ကို ဖတ်လိုပါက http://www.paephuhlwarmagazine.asia/ မှာ ဖတ်ရှုနိုင်ကြပါလိမ့်မယ်။)



စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၉)

စီးပွားရေးလုပ်ငန်းနဲ့ အားပေးသူအပေါ် အလေးပေးမှု

ညနေစောင်းစပြုလာတော့ တော်တော်လေး ညောင်းလာပြီမို့ အဝင်ဝနားက ထိုင်ခုံတန်းမှာ ထိုင်ရင်း လူစောင့်ကြပါတယ်။

စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို သည်စတူဒီယိုမှာ ထပ်မြင်လိုက်ရပြန်တာပါပဲ။ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း သူတို့မှာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စရာ ဘာမှ မည်မည်ရရ မရှိတာမို့ ဒါကြီးကိုလည်း ငွေကုန်ကြေးကျခံပြီး ဆောက်လိုက်ပြန်ပေတာပဲဆိုတာ ထင်ရှားနေပါတယ်။
ကျွန်တော်တို့ ထိုင်နေတာ အတော်ကြာတော့ ကလေးမလေးတစ်ယောက် အနားရောက်လာတယ်။ သူက သည်ထဲက ဝန်ထမ်းတွေ ဝတ်ထားတဲ့ တူညီ ဝတ်စုံကလေးနဲ့။ ရေရေမွန်မွန် ယဉ်ယဉ်ကျေးကျေးလေးနဲ့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးပါရစေလို့ ပြောလာပါတယ်။ ဆယ်မိနစ်လောက်တော့ ကြာပါလိမ့်မယ်တဲ့။

အားနေတာပဲ… မေးပါဆိုတော့ ဘယ်ဟုတ်မတုံး၊ သူက စစ်တမ်း ကောက်တာကိုးခင်ဗျ။ သူ့မှာ လက်တစ်ဝါးစာသာသာလောက် ရှိတဲ့ စစ်တမ်းကောက်ရာမှာ သုံးတဲ့ ကွန်ပျူတာပေါက်စလေး ပါလာတယ်။

မေးခွန်းတွေက ကျွန်တော့်စိတ်ထင် ၅၀-၆၀ လောက် ရှိမယ်။ သူတို့ စတူဒီယိုရဲ့ ဝန်ဆောင်မှု၊ လိုအပ်ချက်စတာတွေကို ပိုက်စိပ်တိုက် မေးတော့တာကလား။

ကျွန်တော် သဘောကျနေတယ်။ အလုပ်ဆိုတာ အဲလို လုပ်ကြမှာပေါ့။ ပရိသတ်ဆီက တုံ့ပြန်ချက်ကို ချက်ချင်းရနိုင်တဲ့ နည်းတွေ ရှိနေတာပဲဟာ။

နောက်တစ်ခေါက်လာချင်စိတ် ရှိသေးလားဆိုတဲ့ မေးခွန်းမျိုး၊ မိသားစုကို ခေါ်လာမှာလားဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပါတယ်။ တော်တော် စနစ်တကျ စီစဉ်ထားတဲ့ စစ်တမ်းမေးခွန်းတွေပါပဲ။ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ ကြည်ကြည်ဖြူဖြူ ဖြေပေးလိုက်ပါတယ်။ အမြော်အမြင်နဲ့ လုပ်ရပ်ကို သဘောကျမိလို့ပါ။

အမှန်တော့လည်း သူတို့နိုင်ငံတွေအတွက်က ဒါမျိုးက အဆန်းမဟုတ်ပါဘူး။ စီးပွားရေးပညာ၊ လူမှုရေးပညာတွေကို ဘွဲ့လက်မှတ်စက္ကူဆိုတာထက် လက်တွေ့ဘဝမှာ ပီပီပြင်ပြင် ချသုံးနေကြတဲ့ အလေ့က ထုံလွန်းနေပြီမို့ ဒါတွေကို သူတို့ ကောင်းကောင်း လုပ်တတ်ပါတယ်။

ကျွန်တော့်ဘဝမှာတော့ ၅၃ နှစ်မှ ရုပ်လုံးကြွရုပ်ရှင်ကို အခုကျတော့မှ ပထမဆုံး ကြည့်ဖူးခဲ့ရသလို စီးပွားရေးလုပ်ငန်းကြီးတစ်ခုက စစ်တမ်းကို လူကိုယ်တိုင် ဖြေရတာမျိုးကိုလည်း အခုကျတော့မှပဲ လုပ်လိုက်ရပါတော့တယ်။ မြန်မာတိုင်း(မ်) ဂျာနယ်က အဲသလို စစ်တမ်းမျိုး အခါအားလျော်စွာ လုပ်တတ်သလို ကျွန်တော့်စာအုပ်တိုက်ကလည်း အဲသလို စစ်တမ်းငယ်မျိုး လေးကြိမ်လုပ်ခဲ့ဖူးပါတယ်။ လူကိုယ်တိုင်တော့ ဘယ်သူ့ကိုမှ မမေးဖူးသေးပါဘူး။

မေးလို့ အားရသွားတဲ့အခါ ကျွန်တော်တို့ လက်ထဲကို ရေသန့်ဘူး တစ်ဘူးစီ လာပေးပါတယ်။ ရေသန့်ဘူးဆိုလို့ အထင်မသေးနဲ့ခင်ဗျ။ သောက်ရေကိုတောင်မှ နိုင်ငံခြားက တင်သွင်းရတဲ့ နိုင်ငံမို့လားတော့ မသိဘူး၊ စင်္ကာပူမှာ ရေသန့်ဘူးက အချိုရည်ဘူးထက် နည်းနည်း ပိုဈေးကြီးပါတယ်။

သည်လိုနဲ့ တော်တော်ကြာကြာ စောင့်ပြီးတော့မှ လူစုံတယ်။ အဲဒါနဲ့ အပြင်ကို ပြန်ထွက်ကြတဲ့အခါ ဝင်ပေါက်ကနေ ကျွန်တော်တို့ကို လက်ဆောင်လေးတွေ ပေးလိုက်ပါသေးတယ်။ ဘာမှတော့ သိပ်တန်ဖိုး မရှိပေမယ့် ယူနီဗာဆယ် စတူဒီယိုတံဆိပ်နဲ့ လည်ပင်းမှာဆွဲလို့ ရတဲ့ နာမည်ကတ်ပြားချိတ်တဲ့ ကော်ပြား အိမ်လေး တစ်ခုရယ်၊ နာမည်ကျော် ဇာတ်ကားတစ်ကားထဲက ဇာတ်ဝင်ပစ္စည်း အသေးစား နမူနာပုံစံနဲ့ ရင်ထိုးလေးတစ်ခုပါ။ ဘာပဲဖြစ်ဖြစ်၊ ဘာမှ မဝယ်ဖြစ်ခဲ့ သူဆိုရင်တောင်မှ အမှတ်တရလေးတစ်ခုခုကို အခုလို လက်ဆောင်လေး ထည့်ပေးလိုက်ကြတဲ့ စိတ်ကူးကို သဘောကျနေမိပါတယ်။

သည်နေရာမှာ အားပေးသူအပေါ်ပေးတဲ့ ဝန်ဆောင်မှု (customer service) ကို ကျော်လွန်သွားပြီး အားပေးသူအပေါ် အလေးပေးမှု (customer focus)ဆီကို ရောက်သွားတာ သတိထားမိလိုက်ပါတယ်။ အခုခေတ် နိုင်ငံတကာ လုပ်ငန်းနယ်ပယ်မှာ “ဝန်ဆောင်မှု” ဆိုတာထက် “အလေးပေးမှု”ကို ပို ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။

“ဝန်ဆောင်မှု”မကောင်းရင် အားပေးသူက တန်းသိပါတယ်။ အဲဒါဟာ လုပ်ငန်းတစ်ရပ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်အောင်၊ ခွက်ခွက်လန်သွားအောင် လုပ်ပစ်နိုင်တဲ့ အားနည်းချက်မို့ အပြိုင်အဆိုင်တွေ ပေါများလှတဲ့ ဖွံ့ဖြိုး ပြီးနိုင်ငံများက စီးပွားရေးလုပ်ငန်းတိုင်းဟာ သည်အချက်ကို အသေဂရုစိုက်ကြပါတယ်။

ဖြစ်ချင်တော့ လုပ်ငန်းတိုင်းက အဲဒါကို သိပ်ဂရုစိုက်ကြတဲ့အခါ ဝန်ဆောင်မှုဆိုတာက အားပေးသူအတွက် အလိုလို ရနေတဲ့ အရာတစ်ခုလိုဖြစ်လာပြီး သိပ်အမှု မထားမိတတ်ကြတော့ဘူး။

“ဝန်ဆောင်မှု”က ဘာနဲ့ တူသလဲဆိုတော့ အိမ်မှုကိစ္စနဲ့ ခပ်ဆင်ဆင်ပါပဲ။ အိမ်ရှင်မတစ်ယောက် နိစ္စဓူဝ လုပ်နေရတဲ့ အိမ်အလုပ်က သာမန်ကာလျှံကာ ကြည့်ရင် ဘာမှ အပန်းမကြီးသလိုပါပဲ။ အိမ်ရှင်မတစ်ယောက် အိမ်မှုကိစ္စတွေကို နိုင်နိုင်နင်းနင်းနဲ့ လုပ်ထား ကိုင်ထားရင် ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။ သည်အိမ်ရှင်မနှယ် တော်လိုက်တာလို့လည်း ချီးကျူးဖို့ မေ့နေတတ်ကြတယ်။ အဲ… အဲဒီ့အိမ်ရှင်မခမျာ မနိုင်မနင်းဖြစ်နေလို့ပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စကို မလုပ်တတ်တဲ့ အိမ်ရှင်မ ဖြစ်နေလို့ပဲဖြစ်ဖြစ် အိမ်အလုပ်တွေ လစ်ဟာနေပြီဆို ရင်တော့ ဘယ်သူမဆို တန်းသိတော့တာပဲ။

အားပေးသူအပေါ် ပေးနေတဲ့ ဝန်ဆောင်မှုကလည်း အလားတူပဲ။ ဝန်ဆောင်မှု ကောင်းနေရင် သတိမထားမိတတ်ကြဘူး။ (ကျွန်တော်တို့ ရွှေတွေရဲ့ လုပ်ငန်း အတော်များများမှာကတော့ ဝန်ဆောင်မှုတွေက ချာတူးလန်ကြမြဲဆိုတော့ ကောင်းနေရင် အမှတ်ထင်ထင် သတိထားမိတတ်ကြပါတယ်။) စောစောက ပြောသလို သည်နိုင်ငံတွေမှာက အပြိုင်အဆိုင်တွေ သိပ်များတော့ ဝန်ဆောင်မှုကောင်းအောင် သူ့ထက်ငါ ကြိုးစားကြတဲ့အခါ ဝန်ဆောင်မှုကောင်းတာက သိပ်မသိသာသလို ဖြစ်လာတယ်။


သည်အခါ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ “အားပေးသူအပေါ် အလေးပေးမှု”ဆိုတာကို ရှာဖွေ တွေ့ရှိလာကြပါတယ်။ အဲဒါကို ခွဲခြားတာကတော့ ရှင်းရှင်းလေးပါ။ အားပေးသူအနေနဲ့ ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ဆက်ဆံပုံ၊ မျက်နှာထားများ အပါအဝင် လုပ်ငန်းနဲ့ ပတ်သက်တာများ အားလုံး ရရှိနေသမျှ အဲဒါ ဝန်ဆောင်မှုသာ ဖြစ်ပါတယ်။ ဆိုကြပါစို့၊ ဘာမဟုတ်တဲ့ လမ်းဘေးက မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကိုပဲ နမူနာပြပါ့မယ်။

ပန်းကန်ခွက်ယောက် သန့်ရှင်းမယ်၊ ဈေးသည် မျက်နှာထား ချိုမယ်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ငံပြာရည်၊ သံပရာသီး/ရှောက်သီးစတာတွေလည်း အဆင်သင့် ရှိနေတဲ့အပြင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားမယ်၊ ဟင်းရည် အဆစ်တောင်းတဲ့အခါလည်း ကြည်ကြည်ဖြူဖြူနဲ့ အလောတော်ထည့်ပေးမယ်လို့ အားပေးသူ (သည်နေရာမှာတော့ စားသုံးသူ)က မျှော်လင့်ထားပါလိမ့်မယ်။

အဲဒါတွေထဲက တစ်ခုခု ယုတ်လျော့နေရင် အဲဒါ ဝန်ဆောင်မှု မကောင်းတာပေါ့။ ဈေးသည်က မျက်နှာကြီး ပုပ်လို့၊ ဒါမှမဟုတ် မသန့်ရှင်းလို့၊ ဟင်းရည် အဆစ် တောင်းတော့ ပန်းကန်ဖင်ကပ် ပါလေရုံလေး ထည့်ပေးလို့၊ နံနံပင်နေရာမှာ ပဲသီးတောင့်တွေပဲ ချပေးထားလို့၊ ငံပြာရည်ပုလင်းလေးက ညစ်ပတ်လို့ စသဖြင့် တစ်ခုခုညံ့နေတဲ့အခါ သတိထားမိတတ်ကြပါတယ်။ အဲဒါတွေ အားလုံး ကောင်းနေရင် ဝန်ဆောင်မှုကောင်းတယ်ပေါ့။ သို့သော် တန်ရုံလူက အဲဒါကို သတိ မထားမိတတ်သလို ကနေ့နိုင်ငံတကာ စီးပွားရေး နယ်ပယ်မှာကို ဒါကို စာသိပ်မဖွဲ့ကြတော့ဘူး။

အားပေးသူအပေါ် အာရုံစိုက်မှုကကျတော့ အားပေးသူ မမျှော်လင့်ထားတာကို ရသွားတာဖြစ်ပါတယ်။ အဲဒါက ပိုတန်ဖိုးရှိတယ်လို့ ယနေ့  ၂၁ ရာစု စီမံရေးရာ/ စီးပွားရေးနယ်ပယ်မှာ သတိထားမိလာကြပါပြီ။ စောစောက လမ်းဘေး မုန့်ဟင်းခါးဆိုင်ကိုပဲ နမူနာ ဆက်ပြပါ့မယ်။ အဲဒီ့ဆိုင်လေးက ဝန်ဆောင်မှု တအား ကောင်းတယ်။ ဘာမှ အပြစ်ပြောစရာ မရှိဘူး။ သည်အထိက ဝန်ဆောင်မှုပဲ ရှိသေးတယ်။ အားပေးသူ (စားသုံးသူ)တွေကလည်း သဘောကျတယ်။ သည်ဆိုင်မှာပဲ စားကြတယ်။ ဒါပေမယ့် သူ့လိုပဲ ဝန်ဆောင်မှု ကောင်းတဲ့ နောက်ထပ် လမ်းဘေးဆိုင်တစ်ဆိုင်က မလှမ်းမကမ်းမှာ ပေါ်လာမယ်ဆိုရင် ပြဿနာက နည်းနည်း ရှိလာပါပြီ။

သည်အခါမှာ သူက အားပေးသူအပေါ် အလေးပေးမှုကို စဉ်းစားရပါတော့မယ်။ ဆိုကြပါစို့၊ သူက ဟင်းရည် အဆစ်တောင်းတဲ့အခါမှာ ဟင်းရည်သာမကဘဲ ကြက်သွန်ဖြူ ဆီချက်ကလေး လက်ဖက်ရည် ဇွန်းတစ်ဝက်လောက်ကိုပါ အဆစ်ပေးတဲ့ ဟင်းရည်ပေါ် ဖြူးပေးလိုက်မယ်ဆိုရင် အားပေးသူ မျှော်လင့်မထားတာလေး တစ်ခုကို ရသွားပါပြီ။ အဲဒါကိုကျတော့မှ အားပေးသူအပေါ် အလေးထားမှု ဖြစ်လာပါတော့တယ်။

စီမံရေးရာ/လုပ်ငန်းခန့်ခွဲမှုကို ပို့ချနေတာ မဟုတ်တဲ့အတွက် သည်လောက်နဲ့ပဲ ရပ်ပါ့မယ်။ သို့ပေမယ့် ကျွန်တော့် ဥပမာက အပြိုင်အဆိုင်တွေများလာတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ ဝန်ဆောင်မှုထက် အလေးပေးမှုကို ပိုလို့ ဂရုထားလာကြပြီဆိုတာကို အမြွက်လောက်တော့ မြင်သာလိမ့်မယ် ထင်ပါတယ်။

တစ်နည်းအားဖြင့် အရပ်သုံးစကားနဲ့ ပြောရင် အားပေးသူက သူ့ကို နောက်ထပ် ပုံမှန်အားပေးချင်လာအောင် “ချူဆီ”လေး ထည့်ပေးတာကို အားပေးသူအပေါ် အလေးထားမှုလို့ ဆိုလိုတာပါ။

အခုလည်း စင်္ကာပူက ယူနီဗာဆယ် စတူဒီယိုသစ်ကြီးက ကျွန်တော်တို့ မျှော်လင့်မထားတဲ့ လက်ဆောင်လေးကို ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စီးပွားရေးအရ ပါးနပ်မှုကို ပြလိုက်ပါတယ်။ သည်မောင်တွေက ရွှေကျိုးနည်း ပါးနပ်ကြပေတာပဲ။ တောက်… သင်းတို့နိုင်ငံကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့မှာပဲ။

အဓိကက ဘာလဲလို့ စဉ်းစားလိုက်တဲ့အခါ ပညာရေးက ခေါင်းထဲ ပေါ်လာပါတယ်။ ရှေ့က စင်္ကာပူနိုင်ငံရဲ့ သမိုင်းကို အမြွက်လောက် ဖော်ပြခဲ့စဉ်တုန်းကလည်း ပါပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များ၊ ကိုလိုနီနိုင်ငံအဖြစ်က လွတ်မြောက်ခါစ အချိန် စင်္ကာပူကို ပြန်လည်ထူထောင်မယ်ဆိုတော့ စက်မှုလုပ်ငန်း၊ ပညာရေးနဲ့ မြို့ပြ စီမံကိန်းများကို အခြေခံတဲ့ ဒတ်(ခ်ျ)နိုင်ငံသား စီးပွားရေး ပညာရှင်ရဲ့ အစီအစဉ်တွေအတိုင်း ဖော်ဆောင်ခဲ့တာပါ။ အခု နှစ်ငါးဆယ် အကြာမှာတော့ စင်္ကာပူ ပညာရေးဟာ နိုင်ငံတကာအဆင့်မီ ပညာရေး ဖြစ်နေခဲ့ပြီ။ စင်္ကာပူနိုင်ငံသားတွေဟာလည်းပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကို တတ်ကျွမ်းထားကြသူက အများစု ဖြစ်နေကြပါပြီ။

ဒါကတော့ စင်္ကာပူတစ်ခုတည်း မဟုတ်ပါဘူး။ ကနေ့ အာရှကျားတွေ အကုန်လုံးလည်း သည်လမ်းစဉ်အတိုင်းပဲ သွားကြတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်များမှာ ပညာရေးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အကျိုးကျေးဇူးကို သူတို့တွေ ခံစား၊ စံစားနေကြတာမို့ တစ်ဖက်က တွေးရင် အံ့ဩစရာတော့ သိပ်မကောင်းလှဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။

“ပညာဟာ ပီတိကို ဖြစ်စေတယ်၊ အဆင်တန်ဆာလည်းဖြစ်တယ်၊ အစွမ်းအစလည်းဖြစ်တယ်”ဆိုပြီး ဖရန်ဆစ်(စ်)ဘေခန် ပြောခဲ့ဖူးတာလေးကို သွား သတိရမိပါတော့တယ်။ အကျယ်ရှင်းတော့ တစ်ကိုယ်တည်းနေချိန်၊ အနားယူနေချိန်မှာ ပညာကြောင့် ပီတိဖြစ်ရတယ်၊ ပြောဆိုရေးသားရာမှာလည်း ပညာက အဆင်တန်ဆာ ဖြစ်လာတယ် (မြန်မာလိုတော့ ပညာရဲရင့် ပွဲလယ်တင့်ပေါ့။)  ဆုံးဖြတ်ရာနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာကျတော့ ပညာဟာ အရည်အချင်း အစွမ်းအစ ဖြစ်နေပါတယ်လို့ ၁၅၆၁ ခုနှစ်ဖွား အက်ဆေးဆရာကြီးက ပြောခဲ့တာပါ။ သွေးထွက်အောင် မှန်တဲ့ စကားပဲဆိုတာ အာရှကျားတွေက သက်သေခံနေလေရဲ့။

 

(ကနေ့ ၂၂-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့ အတိုင်းပါ။)

Win Oo, the Ideal Artist

ကွယ် တာ    ကြာ ပေ မယ့်    ဘယ် ခါ    မေ့ နိုင် လိမ့်

“၀င်းဦး” ကျွန်တော့်ဘ၀ထဲ ၀င်လာတာ လူမှန်း သိကတည်းက ဖြစ်သည်။ သူ့သီချင်းသံတွေက အရင်ဝင်လာတာ ဖြစ်လိမ့်မည် ထင်သည်။ အိုး… မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… မမမိုး… ၀ိုးဝို့ဝို ဖြစ်ပါလိမ့်မည်။ သူ့ခေတ်မှာ လူဖြစ်လာတာဟု ဆိုရမလား မသိပေ။ ကလေးဆိုတော့ ၀င်းဦးကား ကြည့်ဖူးသလား၊ မကြည့်ဖူးသလားလည်း မမှတ်မိ။ သီချင်းကတော့ ငယ်ငယ်ကတည်းက ၀ါသနာပါပြီး တကြော်ကြော် ဆိုနေတတ်ပေရာ မမမိုး ၀ိုးဝို့ဝိုကတော့ တော်တော် စွဲခဲ့တာ မှတ်မိနေပါသည်။

နောက်ထပ် မှတ်မိတာ တစ်ခုရှိသေးသည်။ အဲဒါက မေမေ လစဉ် ၀ယ်ဖတ်သော ရှုမ၀ မဂ္ဂဇင်းထဲက ၀င်းဦး၏ ၀ထ္ထုတစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာဖြစ်သည်။ ကျွန်တော် ၆ နှစ်လား၊ ၇ နှစ်လားတော့ မသိ။ သို့သော် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်အဖို့ ၀ထ္ထုကို နားမလည်နိုင် မခံစားတတ်နိုင်သေးချေ။ အဲတော့လည်း ၀င်းဦးသည် ကျွန်တော့်အတွက် ၀ိုးဝို့ဝိုသာ ဖြစ်ခဲ့ပါသည်။ ၀ိုးဝို့ဝိုသာ မကပါ။ “မီးပုံပွဲမှာ စုကာ ဝေးကာ အပေါင်းအဖော်များနဲ့ ပျော်ရွှင်ဖွယ်”တွေရော၊ “မေခင် ကျွန်တော့်အချစ်တော် ဟိုင်း… ဟိုင်…”တွေ အပါအ၀င် သူ့သီချင်းပေါင်းများစွာကို နှုတ်တက်ရွရွ ဆိုတတ်ခဲ့ပါသည်။

မှတ်မှတ်ရရကတော့ ၁၀ နှစ်သားမှာ ဖြစ်သည်။ အဲတော့ ကျွန်တော် မန္တလေးသို့ ရောက်နေလေပြီ။ ၀င်းဦး၏ တိမ်လွှာမို့မို့လွင် ပိုစတာကြီးများက တစ်မြို့လုံးကို မင်းမူထားသည်။ ကျွန်တော်က ကျောင်းကြက်ခြေနီအသင်းနှင့် ဘင်ခရာ အသင်းကို ၀င်သည်။ အဲတုန်းက ကြက်ခြေနီမှာရော ဘင်ခရာမှာပါ ၀တ်စုံအဖြူ အထက်အောက် ဆင်တူ ၀တ်ရသည်။ ဒါကို သဘောကျသဖြင့် အသင်းများသို့ ၀င်လိုက်ခြင်းဖြစ်သည်။ ၀မ်းတွင်းရူးဟု ထိုခေတ်က လူတကာ သရော်လေ့ရှိသော ၀င်းဦးရူး ရောဂါပိုး စ၀င်ခြင်းပင် ဖြစ်တော့သည်။

၁၁ နှစ်သားမှာ ရန်ကုန်ရောက်လာပြီ။ ၁၉၆၈ ခုနှစ်။ ၀င်းဦး အရှိန်တက်လို့ အကောင်းဆုံး အချိန်ပင် ဖြစ်တော့သည်။ သူ့ပုံတွေ ပါသော စာစောင် မဂ္ဂဇင်းတွေ ကြည့်ရတာ အမော၊ သူ့ကားဆိုလည်း ကြည့်ချင်မိရတာ အမော။ သူ့သီချင်းဆိုလည်း လိုက်ဆိုရတာ အမောပင်။

ကျွန်တော် ၁၃ နှစ်သားမှာ သူ အကယ်ဒမီ ရသည်။ မှုန်ရွှေရည်။ မှုန်ရွှေရည်ထဲက သီချင်းတွေ တစ်ပုဒ်မကျန် ကျွန်တော် အကုန်ရသည်။ ကျွန်တော့် ပင်ကိုသံကလည်း သူ့လိုပင် အသံလုံးကြီးသော ဘယ်သံဖြစ်ပေရာ သူ့အသံနှင့် တစ်ထပ်တည်း တူအောင် တုပြီး ဆိုရတာကိုပင် အရသာရှိနေသည်။ အဖေက ကျွန်တော် ၀မ်းတွင်းရူးနေတာကို သိသည်။ သည်တော့ ၀င်းဦး၏ အားကျစရာ တခြား အရည်အချင်းတွေကို ပြောပြသည်။ သူ အင်္ဂလိပ်စာ တတ်တာ၊ သူ ပညာတတ်ပြီးမှ အဆိုတော် မင်းသား လုပ်တာများကိုပင် ဖြစ်သည်။

မှတ်မိနေတာ တစ်ခု ရှိသေးသည်။ accident ကို ၀င်းဦး အသံထွက်တာ။ ၀င်းဦးရူးသော ကျွန်တော်သည် ၀င်းဦး သီချင်းမှန်သမျှ မလွတ်တမ်း နားထောင်တတ်သလို သူ့သီချင်းအတော်များများကိုလည်း (ယနေ့ထက်တိုင်) အလွတ်ရသည်။ သူ့ အသံနှင့် လာသော ရေဒီယို အသံလွှင့်ဇာတ်လမ်းများကိုဆိုလည်း တခုတ်တရ နားဆင်သည်။ ထိုအထဲမှာမှ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာလည်း သူက အသံလွှင့်ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ဖူးသည်။ ယင်းအသံလွှင့်ဇာတ်လမ်းတွင် ၀င်းဦးက “အက်(ခ်)ဆစ်ဒင့်(ထ်)”ဟု ပီပီသသ ထွက်သွားတာကို မှတ်မိနေခြင်းဖြစ်သည်။ တစ်လျှောက်လုံး အက်ဆီးဒယ့်(န်)ဟု ထွက်လာခဲ့သော ကျွန်တော့်အသံထွက်အတွက် သူက အမှန်ကို ပြပေးသော ကြားဆရာ ဖြစ်လေသည်။

ကိုးတန်း ဆယ်တန်းမှာတော့ စာတွေ ကောင်းကောင်း ဖတ်တတ်လေပြီ။ ထိုစဉ်က ကျွန်တော်နေထိုင်ရာနှင့် မဝေးလှသော နေရာမှ စာအုပ်ဆိုင်လေးမှာ စာအုပ်စုံလှသည်။ နာမည်ကျော် စာရေးဆရာတိုင်း၏ စာအုပ်များ တစ်အုပ်မကျန် ရှိနေတတ်သည်။ သည်တော့ ၀င်းဦးကို ကျွန်တော် ဖတ်ပြီ။ သူ့စာအုပ်တွေ တစ်အုပ်မကျန် ဖတ်သည်။ အဲတော့လည်း သူ့အရေးအသား၊ ဇာတ်ဖွဲ့ပုံများကို သဘောကျလို့ မဆုံးနိုင်ပြန်တော့ပေ။

ထိုစဉ်က ၀င်းဦးမှာ တိုက်ခန်းတွေ ရှိသည်။ လွစ္စလမ်းဟု ထိုစဉ်က ခေါ်သော ယခု ဆိပ်ကမ်းသာလမ်းမှာ တစ်ခန်း၊ ဘားလမ်းဟု ခေါ်သော မဟာဗန္ဒုလ ပန်းခြံလမ်းမှာ တစ်ခန်းဖြစ်သည်။ ကျွန်တော်က ရန်ကုန်မြို့ထဲမှာ နေသည်မို့ ထိုလမ်းများမှ ဖြတ်တိုင်း ၀င်းဦးကို တွေ့ရနိုးနှင့် ကြည့်ရတာလည်း အမောသား။ သူ့ အမိုးဖွင့် ပြိုင်ကား နီနီလေးမြင်လျှင်လည်း အူယားဖားယား ကြည့်မိသည်။ ကားနံပါတ်တောင် မှတ်မိနေပါသေးသည်။ စ-၅၆၇၁ ခင်ဗျ။ နှုတ်ခမ်းမွေးနှင့် အသားဖြူဖြူ မင်းသားကြီးကိုကား ရိပ်ခနဲသာ မြင်လိုက်ရသည်ချည်းပင်။

ထိုခေတ်က ကားဟောင်းတွေကို ရုံပြန်ပြန်တင်သည့် အလေ့ ရှိသည်။ ၀င်းဦးကားသာဆိုလျှင် ဘယ်လောက် ဟောင်းဟောင်း၊ ဘယ်နှကြိမ်ဖြစ်ဖြစ် ကျွန်တော် အမိအရ ပြန်ကြည့်နေမိခဲ့စမြဲပင်။

ဝင်းဦး စာအုပ်အဟောင်းတွေဆိုလည်း စာအုပ်ဈေးပွဲတော်တိုင်းမှာ လိုက်ရှာသည်။ တွေ့သမျှ ၀ယ်ထားသည်။ ရှာရှာဖွေဖွေ ပြား-၆၀ တန် ၀င်းဦး အချစ်ဝတ္ထုတစ်အုပ်ပင် ကျွန်တော့်မှာ ရှိနေသည်။ အင်တာနက်ခေတ်မှာလည်း ၀င်းဦး သီချင်းတွေ လိုက်စုနေတာ အပုဒ် ၇၀ နီးပါး ရခဲ့လေပြီ။

အားလုံးချုပ်လိုက်လျှင် ကျွန်တော့် တစ်ဘ၀လုံးကို ၀င်းဦးက အကြီးအကျယ် လွှမ်းမိုးထားခဲ့ပါသည်။ ယုတ်စွအဆုံး အမိုးဖွင့် ပြိုင်ကား စီးချင်သော ရောဂါအထိ ကျွန်တော့်မှာ အကြီးအကျယ် ရှိပါသည်။ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဖိနပ်အဖြူ ၀တ်ချင်သော ရောဂါကလည်း မသေးချေ။ လစ်ရင် လစ်သလို ၀တ်နေမိဆဲဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ် မေလမှာ ကျင်းပသော ရွှေအမြုတေ စာပေဆုပေးပွဲမှာ အခမ်းအနားမှူး လုပ်စဉ်ကတောင် ၀တ်လိုက်သေးသည်။ ကျွန်တော့် ပြောပုံဆိုလက်၊ ကျွန်တော့် ရေးပုံသားပုံ၊ ကျွန်တော့်အ၀တ်အစားတွေမှာ တော်တော် သိသာနေပါသည်။ အထင်ရှားဆုံးကား ကျွန်တော့် တစ်ပုဒ်တည်းသော လုံးချင်း ၀တ္ထုမှာ ၀င်းဦး၏ “မိန်းမလှ အမုန်း”နှင့် မထင်မှတ်ဘဲ သွားဆင်နေခြင်းပင်တည်း။ (သူ့လောက် ကောင်းဖို့နေနေသာသာ သူ့ခြေဖျားပင် မမီဟု ကျွန်တော့်ဝတ္ထုကို ဆရာမောင်ဝဏ္ဏက ထောမနာပြုဖူးပါသည်။)

သို့သော် ထိုဝင်းဦးကို သူ အသက်ရှင်စဉ်အခါက တစ်ခါမျှ လူချင်း မတွေ့ခဲ့ဖူးပါ။ သူ့ စန္ဒာမဂ္ဂဇင်းသို့မူ စာမူလေးတွေ ပို့ခဲ့ဖူးပါသည်။ တစ်ခါမျှ အရွေးမခံခဲ့ရချေ။

စာတည်းစားပွဲ အဆင့်ဆင့်ကို ဖြတ်သန်းလျက် စာပေလမ်းပေါ်သို့ ကျွန်တော် ရောက်ရှိစအချိန်မှာတော့ ၀င်းဦးတစ်ယောက် ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်တော့်မှာ ယူကြုံးမရ။ နေမယ်ဆို ကောင်းကောင်း နေနိုင်သေးသော အရွယ်ဖြစ်သည်။ လုပ်စရာတွေလည်း အများကြီး လုပ်နိုင်သေးသည်။ ထိုအရွယ်မှာ သူ ကွယ်တော့ ကျွန်တော့်မှာ မဆည်နိုင်၊ မဖြေနိုင်။

ထို့ကြောင့် သူ့ကို လွမ်းလွမ်းနှင့် ၀င်းဦးသုတေသန လုပ်ပြီး မဟေသီမှာ ရေးဖြစ်ခဲ့သည်။ ၀င်းဦး၏ မိသားစုဝင် တချို့၊ ၀င်းဦး၏ လုပ်ဖော် ကိုင်ဖက်တချို့ကို တွေ့ဆုံ မေးမြန်းကာ ပြန်လည်တင်ပြခြင်းပင်ဖြစ်သည်။ ခက်တာက အမှန်ကို ပြောရန် လူအတော်များများက ၀န်လေးနေကြခြင်းပင်။ ခပ်ဖွဖွသာ ပြောခဲ့ကြသဖြင့် ခပ်ကြမ်းကြမ်း ကောက်ကြောင်းကိုသာ ရသည်။

သူ့အမေဘက်က အဘိုးက အင်္ဂလိပ်စစ်တပ်က ဆရာဝန်ကြီး ကာနယ်(လ်) ဘခက်၊ သူ့အမေက မင်နီဘခက်၊ စန္ဒယားအတီးကောင်းကာ စီးကရက်ကြိုက်သူ၊ သူ့အမေနှင့် သူ့အဖေတို့ ကွဲတော့ သူတို့ ညီအစ်ကို မောင်နှမတစ်တွေက မအေနဲ့ ကျန်ခဲ့ကြတာ၊ ၀ါးချက်ကို စစ်ပြေးတော့ သူ့အမေ မမာတော့တာ၊ သည်အချိန်မှာ သူ့အဖေနဲ့ သူ့မိထွေးတို့ကလည်း ၀ါးချက်ကိုပဲ ပြေးလာကြရာက ပြန်ဆုံကြတာ၊ သူ့အမေကွယ်တော့ ဖအေနဲ့ ပြန်ပေါင်းစည်းရတာ၊ ချောင်တစ်ချောင်မှာ ကုပ်ပြီး စာအုပ်နဲ့ မျက်နှာ မခွာတမ်းဖတ်တာ၊ ၁၅ နှစ်နဲ့ ဆယ်တန်းအောင်တာ၊ တက္ကသိုလ်တက်ချိန်အထိ လူဗလံလေး၊ ပိန်ညှော်ညှော်နဲ့၊ တက္ကသိုလ်က အလှပဂေးကို ချစ်ရေးဆိုရာမှာ ဟိုက နင့်လို ကနွဲ့ကလျနဲ့ ဗလံလေးကဆိုပြီး ပြောထည့်လိုက်တာမို့ စိတ်နာပြီး စစ်ထဲ ၀င်သွား၊ အလေးမ၊ အားကစားလုပ်ရင်း သူ့ကိုယ်ခန္ဒာကို မွေးမြူခဲ့တာ၊ အဲဒီ့ဘ၀က ဇာတ်လမ်းစုံ၊ သူကြိုက်ခဲ့ဖူးတဲ့ အဆိုတော် တစ်ယောက်၊ သြစတြေးလျမှာ ပညာသင်သွားခဲ့တာ၊ ပြန်လာတော့ မွေးပွ ခွေးလေးတစ်ကောင်ပါလာတာ၊ ၀င်ဒါမီယာ အသံလွှင့်ရုံမှာ သူ သဘောကျတဲ့ အဆိုတော် သီဆိုနေတော့ သွားပြီး ခွေးလက်ဆောင် ပေးခဲ့တာ၊ ရှုမ၀မဂ္ဂဇင်းတိုက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပေါက်ချလာတတ်သော နှုတ်ခမ်းမွှေးနှင့် စာရေးဆရာ ကိုလူချော၊ သူရုပ်ရှင်ထဲ ရောက်လာပုံ၊ လျှမ်းလျှမ်းတောက်လာချိန်မှာ တစ်သက်လုံး အနေအထိုင် စည်းမရှိတဲ့ လူတစ်ယောက်က သူ့ကို ဇာတ်သွင်းခဲ့တာ၊ သူအတိုက်အခိုက်ခံရပုံ မျိုးစုံ၊ သူ ဘာသာပြောင်းခြင်း အကြောင်းရင်း၊ မှုန်ရွှေရည်ထဲက စရိုက်နဲ့ သူ၊ သူက တစ်ဖက်သားတွေကို သူ့နည်းနဲ့သူ ပြန်နှိပ်ကွပ်ခဲ့တာ၊ သူ့ကို စာမျက်နှာပေါ်ကနေ တိုက်ခိုက်သူတွေ သူတိုက်တဲ့ အရက်ကောင်းကို သောက်ကာ သူသေတော့ သူ့ဘုန်းတော်ဘွဲ့တွေ ရေးကုန်ခဲ့ကြတာ…. အို… ခပ်ကြမ်းကြမ်း ကောက်ကြောင်းပေမင့် အများကြီးကို သိခွင့်ရခဲ့ပါသည်။

ထိုအထဲမှာမှ သူ့ အနုပညာ လုပ်ကွက်လှလှလေးတွေ၊ အနုပညာအား ကောင်းပုံတွေ၊ သင်ယူမှတ်သားမှု မြန်ဆန်ပုံတွေကိုလည်း သိခွင့်ရလိုက်တာ တစ်ပုံတစ်မ။

အားလုံးချုပ်လိုက်လျှင်မူ သူမတူအောင် ထူးခြားသော ပါရမီရှင်တစ်ဦးဟုသာ ဆိုရန် ရှိတော့သည်။ သို့သော် မှတ်တမ်းမှတ်ရာကား များများစားစား မကျန်နိုင်တော့ချေ။ ၀မ်းနည်းစရာ ကောင်းသည်မှာ သူ့ရုပ်ရှင်ကား အများအပြားအနက်မှ တချို့တလေသာ ကျန်ရစ်တော့ခြင်း ဖြစ်လေသည်။ မှုန်ရွှေရည်၊ မောင်တို့ ချယ်ရီမြေ၊ ဆောင်းတစ်ည၀ယ်၊ ကျောက်မဲ အကျဉ်းသား၊ သစ္စာတူပြိုင်၊ တိမ်လွှာမို့မို့လွင်၊ ချစ်သူရွေးမယ် ချစ်ဝဲလည်၊ မုန်းပါတယ် မောင့်ကို၊ တစ်ကျော့နှစ်ကျော့ တေးကိုသီတို့လောက်သာ ရှိတော့မည် ထင်သည်။ နှစ်ယောက်ထဲ နေချင်တယ်၊ ချစ်သော မောင်မောင်၊ မောင်မောင်နဲ့ သိင်္ဂီ၊ မုန်းတစ်လှည့် ပြုံးတစ်လှည့်၊ သိကြားစေ သက်သေညွန်း၊ ပိတောက်ရိပ်ဝယ်၊ နှင်းပျောက်တဲ့ နွေ၊ ဆောင်းအိပ်မက်တို့ဆိုရင် ဘယ်တွေ ရောက်သွားရှာလေပြီလဲ မသိ။

ထို့ထက် ၀မ်းနည်းစရာ ကောင်းသည်ကား စာရေး အင်မတန် ကောင်းသော အတုယူထိုက်သော သူ့စာများကို နှောင်းလူတို့ ဖတ်ခွင့်ကြုံရန် ခက်ခဲနေခြင်းပင်ဖြစ်တော့သည်။ ၀င်းဦးကို အတော်များများက ဇာတ်လိုက်မင်းသား၊ အဆိုတော်အဖြစ်သာ သိထားကြပါသည်။ စာရေးဆရာ ၀င်းဦးအဖြစ် လူငယ်တွေဆိုလျှင် မသိကြတော့ပါ။ အမှန်က ၀င်းဦး၏ အနုပညာ ခရီးအစသည် စာရေးဆရာ ဘ၀သာဖြစ်ပါသည်။ မင်းသား ၀င်းဦးဖြစ်ပြီးမှ စာအုပ်ထုတ်စားသည်မျိုး မဟုတ်မူဘဲ စာရေးဆရာအဖြစ် ခိုင်ခိုင်မာမာ အောင်မြင်ပြီးမှ ရုပ်ရှင်နယ်ထဲသို့ ရောက်လာကာ ရုပ်ရှင်မှာ လျှမ်းလျှမ်းတောက်သွားသူသာ ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၀င်းဦးကွယ်လွန်ပြီးစတွင် ဆရာဝင်းဖေ (စာပေနယ်တွင် ဇင်နိုးကြူး ၀ါဒဟု တွင်ကျယ်စေခဲ့ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ဆရာမြဇင်။ ကျန်သူများမှာ ကျွန်တော့် အင်္ဂလိပ်စာဆရာ မောင်သာနိုးနှင့် ဆရာမင်းလှညွန့်ကြူးတို့ ဖြစ်ပါသည်။ ဤကား စကားချပ်)နှင့် ဧည့်ခံပွဲတစ်ပွဲတွင် ဆုံခဲ့ဖူးသည်။ ဆရာ ၀င်းဖေနှင့် ၀င်းဦး၏ စာပေလက်ရာများအကြောင်း ပြောဖြစ်ရာ ဗန်းမော်တင်အောင်၏ သြဇာက တင့်တယ်အပေါ်မှာ သက်၊ တင့်တယ်၏ သြဇာက ၀င်းဦးအပေါ်မှာ သက်ခဲ့သည် မှန်သော်လည်း ၀င်းဦး၏ စကားပြေရေးဟန်မှာ ကိုယ်ပိုင်ဟန်ရှိသဖြင့် stylist ဟု ခေါ်ဆိုနိုင်ကြောင်း ဆရာဝင်းဖေက အလွတ်သဘော ပြောခဲ့ဖူးပါသည်။

ဝင်းဦး၏ စာပေလက်ရာများမှာ နှောင်းလူတို့အတွက် အမှန် တကယ် အတုယူဖွယ်၊ နည်းနာယူဖွယ် စကားပြေလက်ရာများသာ ဖြစ်ပါသည်။ မြန်မာစာကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်ထားသလို နိုင်ငံတကာ စာပေကိုလည်း အထိုက်အလျောက် အဖတ်အရှုများသူ တစ်ဦး ဖြစ်သည့် အားလျော်စွာ သူ့စာလေးတွေမှာ တွေးစရာ တစ်ပုံတစ်ပင် ပါဝင်နေခဲ့ဖူးသည်မှာလည်း ဧကန်ပင်။

သူ့စာတွေကို အများပြည်သူ နှောင်းလူ ခေတ်လူငယ်များ ဖတ်ဖြစ်စေချင်သော စေတနာနှင့် ထုတ်ဝေခွင့်ရရန် ကျွန်တော် ကြိုးပမ်းဖူးပါသည်။ သို့သော် သူ့စာများအပါအ၀င် သူ့အနုပညာအရပ်ရပ်ကို ဆက်ခံသူကမူ ဒါတွေနှင့် ဝေးလွန်းလှသည်။ သူ့ကို အဆိုတော် မင်းသား တစ်ဦးအဖြစ် အရူးအမူး ချစ်ခဲ့သည်က လွဲ၍ သူ့တန်ဖိုးကိုလည်း သတိမမူ၊ သူ့အနုပညာအမွေများကိုလည်း လက်ဆင့်ကမ်းဖို့ စိတ်ကူးမရ ဖြစ်နေပေရာ သူ့စာတွေကို လူအများ ဖတ်ရဖို့ ခဲယဉ်းနေပါလေတော့သည်။

သို့သော်… ယနေ့ကာလ နည်းပညာခေတ်၊ သတင်းအချက်အလက်ခေတ်ကြီးမှာ မျှော်လင့်ချက် ရောင်ခြည်က သန်းလာပါလေပြီ။ သူ့စာတွေကို အင်တာနက်စာမျက်နှာပေါ်မှာ အပင်ပန်းခံ တင်ဖို့သာ လိုသည်။ ပင့်ကူအိမ်မှတ်တမ်းဟု ခေါ်သော နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ မှတ်တမ်းစာမျက်နှာတစ်ခုကို ဖွင့်လှစ်ရန်မှာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်လှချေ။ ထိုစာမျက်နှာပေါ် အပင်ပန်းခံပြီး တင်မည့်သူ တစ်ယောက်မျှ ပေါ်လာလျှင်ပင် ၀င်းဦး၏ လက်ရာမွန်များကို လူငယ် ပရိသတ် ရှာဖွေ ဖတ်ရှုနိုင်တော့မည်မှာ မလွဲပါတည်း။

ထိုနည်းဖြင့်ပင် တစ်နှစ်မျှအတွင်း ၀င်းဦး၏ သီချင်းပေါင်း ၇၀ ကျော်ကို ကျွန်တော် စုနိုင်ခဲ့ပြီဖြစ်ပေရာ မဝေးသောကာလမှာလည်း ကျွန်တော် ချစ်သော၊ လေးစားသော၊ အားကျသော စာရေးဆရာ ၀င်းဦး၏ စာများကို ဖတ်ရှုနိုင်တော့မည်ဟု မမှိတ်မသုံ ယုံကြည်နေမိရပါတော့သတည်း။

(၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ ကွယ်လွန်တိမ်းပါးခဲ့သော အနုပညာရှင် ၀င်းဦး ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် အမှတ်တရ)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

(ရန်ကုန် – ၁၀၁၂၁၀)

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၈)

စင်္ကာပူက ယူနီဗာဆယ်

အထဲကို ဝင်ခါစမှာပဲ သဘောပေါက်လိုက်တယ်။ ပိုက်ဆံတော့ သောက်သောက်လဲ ကုန်တော့မယ်ဆိုတာ။ အမှတ်တရ ပစ္စည်းဆိုင်တွေကို မြင်လိုက်တော့တာကိုး။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ငွေသွားလဲဖို့ ကြံရတယ်။ ဝင်ခွင့်လက်မှတ်က ဖြတ်ပြီးနေပြီ။ အပေါက်ကို ပြောတော့ အပေါက်က ရတယ်တဲ့။ ကျွန်တော့် လက်ဖျံ အတွင်းပိုင်း တံတောင်ဆစ်နားမှာ တံဆိပ်တစ်ခု ရိုက်ပေးလိုက်တယ်။ ဘာမှလည်း မထင်ဘူး။ ဟင်… ထင်လည်း မထင်ဘူးဆိုတော့ မပူပါနဲ့၊ သူတို့ ဓာတ်မီးနဲ့ ထိုးကြည့်ရင် ထင်ပါတယ်ဆိုပြီး ဓာတ်မီးနဲ့ ထိုးပြတော့ ဟုတ်သဗျ၊ ထင်တယ်။ ဂဏန်းနံပါတ်တွေ ပေါ်လာတယ်။

ဒါနဲ့ ကျွန်တော်ရယ်၊ အင်ဒိုးနီးရှားက စာနယ်ဇင်းဆရာလေးရယ် နှစ်ယောက်သား ငွေလဲမယ့် ဘဏ်ခွဲကို သွားရှာရတယ်။ တောင်မေး၊ မြောက်မေး မေးလိုက်တော့မှ ဟိုလူက လမ်းညွှန်၊ သည်လူက လမ်းညွှန်၊ အပေါ်တက်၊ အောက်ဆင်းနဲ့ ဗျာများလိုက်တော့ ငွေလဲမယ့် ဘဏ်ခွဲလေးဆီကို ဒုတ်ဒုတ်ထိ ရောက်ပါတော့တယ်။ ဟိုကျတော့ စာရေးမက ဖုန်းပြောတော်မူနေသေးလို့ စိတ်မရှည်ချင်စရာ ကောင်းစွာ စောင့်နေရသေးတယ်။

ကျွန်တော်က ကျွန်တော့်မှာ ပါလာတဲ့ အမေရိကန် ဒေါ်လာကို လဲပါတယ်။  အဲဒါတော့ ကျွန်တော့်ကိုယ်ပိုင် ပိုက်ဆံပါ။ ကျွန်တော့်လက် ကျွန်တော်သိနေလို့ လိုလိုမယ်မယ် သုံးရာဖိုး လဲပစ်လိုက်တယ်။ အင်ဒိုနီးရှားက သူ့အင်ဒိုနီးရှားနိုင်ငံသုံး ပိုက်ဆံ “ရူပီယာ”ကို လဲတယ်။ ငွေလဲနှုန်းက စင်္ကာပူ ဒေါ်လာ တစ်ဒေါ်လာကို အင်ဒိုနီးရှား “ရူပီယာ” ၆၅၅၀ ရှိသဗျ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ဆိုရင်တော့ဗျာ ရူပီယာ ၉ဝ၀ဝ ခင်ဗျ။ အံမယ်မင်း… ဒေါ်လာ တစ်ရာ လောက်များ လဲထားလိုက်ရင် လက်ထဲမှာ အင်ဒို ပိုက်ဆံ ကိုးသိန်းကြီးများတောင် ကိုင်သုံးရမှာ။

ငွေလဲတာကတော့ ဘာမှ မခက်ပါဘူး။ အဲဒီ့ မယ်မင်းကြီးမ ဖုန်းထဲမှာ အကြောရှည်နေတာ စောင့်ရတာလေး တစ်ခုပါပဲ။ ဘဏ်ဖြစ်နေလေတော့ကာ နိုင်ငံကူး လက်မှတ် စာအုပ်လေး ဘာလေးတော့ ထုတ်ပြရတာပေါ့။ ပြီးတော့ သူပေးတဲ့ ပုံစံစာရွက်မှာ နာမည်နဲ့ နိုင်ငံကူးလက်မှတ် နံပါတ်ဖြည့်၊ လက်မှတ် ထိုးပေးလိုက်တော့ စင်္ကာပူဒေါ်လာတွေ လက်ထဲရောက်လာတယ်။

နှစ်ယောက်သား အထဲ ပြန်ဝင်ကြတယ်။ အပေါက်ဝမှာ လက်ဖျံလေး လှန်ပြ၊ မီးနဲ့ထိုးကြည့်၊ ဝင်စေ။ ဘာမှ မခက်ဘူး။ တယ်နိပ်တာပဲ။ အထဲရောက်တော့ အဖွဲ့က မစုံတော့ဘူး။ တာဝန်ခံပြီး လိုက်ပို့ပေးတဲ့ ကုမ္ပဏီက တရုတ်ကလေးကိုလည်း မတွေ့ဘူး။ အဲဒီ့ တရုတ်ကလေးက “ဘဟာစာ”ဆိုတဲ့ အင်ဒို နီးရှန်းစကား တတ်တယ်။ သူက ကျွန်တော့်ကို မေ့မေ့ပြီး ဘဟာစာ စကားနဲ့ ပြောမိနေတတ်တယ်။ သူ့စိတ်ထဲမှာ ကျွန်တော့်ကို အင်ဒိုနီးရှားနဲ့ ရောရော သွားတာကိုး။ မျက်နှာပေါက်တွေက ခပ်ဆင်ဆင်ဆိုတော့ မှားတဲ့အခါလည်း မှားပေမပေါ့။

အထဲကို ဆက်ဝင်သွားတော့မှ ဓာတ်ပုံရိုက်နေတဲ့ အင်ဒိုနီးရှား လူငယ်လေး နှစ်ယောက်ကို တွေ့တယ်။ ဒါနဲ့ ၁၂ နာရီတိတိမှာ သည်နေရာမှာ ပြန်ဆုံကြမယ်၊ တွေ့တဲ့သူကို ပြောလိုက်လို့ မှာရပါတယ်။

ပြီးတော့ ဟိုလျှောက် သည်လျှောက်နဲ့၊ ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ပေတော့ပေါ့။ အမှန်တော့ စင်္ကာပူမှာ ဟောလီးဝု(ထ်)အတုကလေးတစ်ခု ဖန်တီးထားတာပါပဲ။ အတုပေမယ့် ဘယ်လောက်အထိ အစစ်နဲ့ တူသလဲဆိုရင် အဲဒီ့က ပြန်လာပြီး နောက်တစ်ရက် အင်တာနက်က Facebook ဆိုတဲ့ မိတ်ဆွေများ ဆုံစည်းကြရာ စာမျက်နှာမှာ အဲဒီ့တုန်းက ရိုက်ခဲ့တဲ့ ပုံတွေ တင်လိုက်တော့ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်က “အနောက်ဘက် ကမ်းခြေကို ရောက်လာတာလား”လို့ လှမ်းမေးပါတယ်။ “မဟုတ်ဘူးဗျို့၊ အဲဒါ စင်္ကာပူ”လို့ ပြန်ဖြေလိုက်ရပါတယ်။ [အနောက်ဘက် ကမ်းခြေဆိုတာက ဟောလီးဝု(ထ်)ရှိရာ လော့ဆဲ(န်)ဂျလိ(စ်)မြို့ ပါဝင်တဲ့ ဒေသကို ခေါ်တာပါ။]

မာရီလင် မွန်ရိုးအတုကိုလည်း တွေ့တာနဲ့ ဓာတ်ပုံတွဲရိုက်လိုက်သေးတယ်။  မွန်ရိုးအစစ်က ရှိလည်း မရှိရှာတော့ပါဘူး။ ရှိလည်း ကျွန်တော့်အမေ အရွယ်လောက် နေမှာပါ။ အခု မွန်ရိုးအတုကတော့ ကျွန်တော့်သမီးအရွယ်လေးပဲ။ သူကလည်း ဂိုက်က ခပ်ပေးပေး၊ ကျွန်တော်ကလည်း ဂိုက်ပေး ခပ်ကြမ်းကြမ်း ဆိုတော့ ဟန့်ကို ကျလို့။

တကယ်တော့ ကျွန်တော်လည်း ဓာတ်ပုံတွေ နင်းကန် ရိုက်ခဲ့တာကလား။ အခုခေတ် ကင်မရာဆိုတာ ဖလင်ဖိုးကလည်း မကုန်တော့ အားမနာ လျှာမကျိုး ရိုက်ချင်တိုင်း ရိုက်လို့ ကောင်းနေပေတာကိုး။ ပြီးတော့ သိပ်ရိုက်တတ်စရာလည်း မလိုဘူး။ ကင်မရာက သူ့ဟာနဲ့သူ တော်သလို ကြည့်လုပ်ပေးသွားတာဆိုတော့ နိပ်မှ နိပ်။

သို့သော် ချစ်စွာသော စာဖတ်သူတွေကိုတော့ ကျွန်တော့်ပုံတွေနဲ့ မနှိပ်စက် တော့ပါဘူး။ စာရေးသူတချို့ဆို ခရီးသွားဆောင်းပါးတွေ ရေး၊ ပြီးရင် သူတို့ပုံတွေ နင်းကန်ထည့်ကြ။ အဲဒါကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဟားခဲ့ဖူးတာမို့ ဝဋ်လည်မှာ စိုးလို့ပါခင်ဗျ။ သက်ဆိုင်ရာ နေရာဌာနနဲ့ ပတ်သက်ပြီး ကျွန်တော် အလျဉ်းမပါတဲ့ ပုံများကိုသာ ဖော်ပြပေးလိုက်ပါတယ်။ (သည်စာတွေကို စုပြီး လုံးချင်း ထုတ်ဖြစ်ရင်တော့လည်း ကျွန်တော့်ပုံတွေ ထည့်မှာပေါ့ဗျာ။ အဲဒါကျတော့ ကျွန်တော့်စာအုပ်၊ ကျွန်တော့်ပရိသတ်စစ်စစ်က ဖတ်မယ့်စာအုပ်ဖြစ်တဲ့ အတွက် သိပ်အားနာစရာ မလိုဘူး။ မဂ္ဂဇင်း/ဂျာနယ်မှာကျတော့ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်က ရောနေတာ။ ကိုယ့်ပရိသတ် မဟုတ်သူများ ခမျာမယ် အရေး မကောင်းလှတဲ့ စာကို အောင့်ဖတ်နေရတဲ့ ကြားထဲက ပုံနဲ့ပါ အနှိပ်စက်ခံရမယ်ဆို ဘယ်တော်ပါ့မလဲနော်။) [အဟဲ… သည် ဘလော့(ဂ်)မှာတော့ ကိုယ့်ပရိသတ်နဲ့ ကိုယ်ပဲ အားမနာတော့ပါဘူး။ ကျွန်တော် ဂိုက်ပေးကြမ်းနေတာတွေပါ တင်ပစ်လိုက်စမ်းမယ်။ ကိုးနတ်ရှင်က မျက်နှာသာပေးသလောက်ပေါ့။ 😛 ]

၁၉၉၉ တုန်းက ရောက်ခဲ့တဲ့ ဩစတြေးလျက မြေခွေးစတူဒီယိုက တကယ် ရုပ်ရှင်ရိုက်တဲ့ စတူဒီယိုလုပ်ထားပြီး အဲဒါကိုမှ အပန်းဖြေ လာရောက် ကြည့်ရှုလိုသူများလည်း ကြည့်လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ စင်္ကပူရက ယူနီဗာဆယ် စတူဒီယိုကတော့ အပန်းဖြေသက်သက်ပါ။ ဒစ္စနီဥယျာဉ်ဆန်ဆန်ပေါ့။
နာမည်ကျော် ဝက်ဝက်ကွဲ အောင်မြင်တဲ့ ဇာတ်ကားတွေရဲ့ ဇာတ်ဝင် အခမ်းအနားပေါင်းစုံနဲ့ ဆင်ယင်ထားပါတယ်။ ကျွန်တော်လည်း ဟိုလျှောက် သည်လျှောက် ဟိုကြည့်သည်ကြည့်နဲ့။

မှတ်မှတ်ရရ အသက် ၅၃ နှစ်ထဲ ရောက်မှ “သရီးဒီ”လို့ ခေါ်တဲ့ ရုပ်လုံးကြွ ရုပ်ရှင်ကြည့်ဖူးတော့တာကို မှတ်တမ်းတင်ရပါလိမ့်မယ်။ အမယ်… နိပ်သဗျ။ သရီးဒီမှ ရိုးရိုး မဟုတ်ဘူး။ အထဲက ဇာတ်လိုက်က နှာချေရင် ကျွန်တော်တို့ မျက်နှာကို ရေစက်ကလေးတွေ လာစင်တယ်၊ အထဲက လမ်းကြမ်းမှာ လှည်းစီးသွားရင် ကျွန်တော်တို့ ထိုင်နေတဲ့ ခုန်တွေကပါ တဝုန်းဝုန်း ထလှုပ်တယ်။ ဆယ့်ငါးမိနစ်စာ ကာတွန်း ကားတိုလေးပေမယ့် ကြည့်ရတာ အတော်နိပ်သား။

ဘယ်လို လုပ်ထားတာလဲ သိချင်လို့ “သရီးဒီ”ကြည့် မျက်မှန်ကို ဖယ်ကြည့်တော့ ပိတ်ကားပေါ်က အရုပ်တွေက ဝါးတားတားဖြစ်နေသဗျ။ မျက်မှန်တပ်လိုက်တော့မှ ရုပ်လုံးတွေက ကြွလာတာ။ တော်တော်တော့ ပျော်စရာ ကောင်းပေတာပဲ။

နောက်တစ်ခုက ကဇာတ်ရုံထဲမှာ ကကြိုးကကွက်၊ မီးပေးပုံ ဆန်းဆန်းနဲ့ တင်ဆက်တာ။ အဲဒါတော့ အဲဒီ့ရုံထဲ ဝင်အိပ်တာ သက်သက်ပါ။ မနေ့ညက ကောင်းကောင်း အိပ်မထားရတော့ အဲဒီ့ရုံထဲမှာ ကဇာတ်ကို ကြည့်သလိုလိုနဲ့ အိပ်ပစ်လိုက်တာ။ မိနစ် ၂၀ လောက် ကောင်းကောင်း အိပ်လိုက်ရတော့ လူက တော်တော် လန်းသွားတယ်။

မနက်စာကိုတော့ အဲဒီ့ထဲမှာပဲ အသားညှပ်ပေါင်မုန့်၊ ကိုကာကိုလာတို့နဲ့ ပြီးလိုက်ရတယ်။ ဆေးလိပ်သောက်လို့ရတဲ့ ချောင်ကလေးတွေ လုပ်ပေးထားတာမို့ ဆေးလိပ်လည်း သောက်နိုင်နေပါတယ်။

မိုးက သည်းသည်းမည်းမည်း ထရွာပြန်သေးတယ်။ စင်္ကာပူက အချိန်အခါ မရွေး မိုးရွာတတ်တဲ့ ပုံပဲ။ မုတ်သုံဒေသရဲ့ ပင်လယ်ကမ်းစပ်က မြို့ပေကိုး။ အမှတ်တရ ပစ္စည်းတွေလည်း တော်တော် ဝယ်ဖြစ်ပါတယ်။ အရင့်အရင်က နိုင်ငံခြားရောက်ရင် ပိုက်ဆံတွက်ပြီး သိပ်မဝယ်ဖြစ်သလောက် အခုတစ်ခေါက်မှာတော့ တော်တော်လေး ဝယ်ဖြစ်ပါတော့တယ်။ ကျွန်တော့် ဘဏ္ဍာရေးအခြေ အနေလေးက နည်းနည်းဟုတ်နေတာကိုး။

ဒါတောင်မှ ကပ်စေးနည်းတဲ့ ဉာဉ်က သွေးထဲမှာ ရှိနေသေးတော့ နေရာတကာ ဆတ ဆတ လုပ်နေမိတာချည်းပါပဲ။ ဒါက သမီးအတွက်၊ ဒါက သားအတွက်၊ ဒါက မိန်းမအတွက် စသဖြင့်ပေါ့။ ယူနီဗာဆယ်စတူဒီယို အမှတ်တံဆိပ်လေးတွေနဲ့မို့ တကယ့်အမှတ်တရတွေပါပဲ။ စွပ်ကျယ် (တီရှပ်)၊ သော့တွဲ၊ ဆေးလိပ်ခွက်၊ ကျောပိုးအိတ်၊ ကော်ဖီသောက်တဲ့ မတ်ခွက်စသဖြင့် စုံစီနဖာလျှောက် ဝယ်လိုက်တာ အိတ်ကြီးတစ်အိတ် ရရောပဲ။

ကျွန်တော်တို့ အဖွဲ့ကတော့ ကွဲချင်တိုင်း ကွဲနေကြတာပဲ။ ကျွန်တော်နဲ့ အတူ ရှိနေတာကသည်နေရာကို စရောက်ပြီး ငွေလဲကတည်းက ကျွန်တော်နဲ့ အတူ ပါခဲ့တဲ့ အင်ဒိုနီးရှား လူငယ်လေးပါပဲ။

(ကနေ့ ၁၅-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ် အမှတ်၉ မှာ သည်လောက်အထိ ဖော်ပြထားပါတယ်။ ကိုးနတ်ရှင်ကို စိတ်မချလို့ ဂျာနယ် မထွက်သေးခင် လွန်ခဲ့တဲ ၁၃ နာရီလောက်က တင်လိုက်ပေမယ့် ပရိသတ်က ဖတ်လို့ မရဘူး၊ Page not found ပဲ ပေါ်နေတယ်လို့ အော်နေကြတာမို့ ဒုတိယအကြိမ် ထင်တင်လိုက်တာပါပဲ။ အောင်မြင်ပါစေဟု တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဝ ဆုတောင်းလိုက်ပါ၏။ 😛 )

In Ever Loving Memory of Win Oo

“လွမ်းငွေ့ဝေေ၀”

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စန္ဒာရုပ်ရှင်နဲ့ စန္ဒာမဂ္ဂဇင်းတို့ကို တည်ထောင် ထုတ်လုပ် တည်းဖြတ်ခဲ့သူ၊ သီချင်းရေးဆရာဆိုတဲ့ နယ်ပယ်ပေါင်းစုံမှာ အောင်မြင်ထင်ရှားခဲ့သူ (ဦး)၀င်းဦး ကွယ်လွန်ခဲ့တာမို့ ကနေ့မှာ သူ ကွယ်လွန်တာ ၂၂ နှစ်ပြည့်မြောက်ပါတယ်။

ကျွန်တော့်ဖြစ်တည်မှုအပေါ်မှာ အကြီးအကျယ် လွှမ်းမိုးခဲ့သူ (ဦး)၀င်းဦးကို အောက်မေ့တသစွာ၊ သတိရစွာ၊ လွမ်းဆွတ်စွာ သူ့ရဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်လည် တင်ဆက်ပေးလိုက်ချင်ပါတယ်။

သည်သီချင်းကို အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးတယ်လို့ သီချင်းစာအုပ်တွေထဲမှာ ဖော်ပြထားပါတယ်။ သို့ပေမယ့် ၀င်းဦး မင်းသားမဖြစ်ခင်၊ အဆိုတော် မဖြစ်ခင် ပဝေသဏီက ရေးသားခဲ့တဲ့ ၀တ္ထုတစ်ပုဒ်မှာ သည်စာသားတွေ အားလုံးနီးနီးကို တွေ့ရတာမို့ သည်သီချင်းကို ဆရာရွှေပြည်အေးက အသံထည့်ပေးခဲ့တယ်လို့ ယူဆရပါတယ်။

ဝင်းဦး ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် အမှတ်တရ အနေနဲ့ စာတစ်ပုဒ်ရေးထားတာ ရှိပါတယ်။ ဂျာနယ်မှာ နောက်တစ်ပတ်ကျမှ ပုံနှိပ်ဖော်ပြဖြစ်လိမ့်မယ်လို့ တွက်ဆရပါတယ်။ အဲဒီ့အခါကျတော့မှ ဘလော့(ဂ်)မှာ ပြန်တင်ပေးပါ့မယ်။

လောလောဆယ်မှာတော့ ကျွန်တော့်လိုပဲ ၀င်းဦးကို ချစ်သူများ၊ ၀င်းဦးကို မမေ့နိုင်သေးသူများအတွက် အလွမ်းဖြေဖို့၊ အလွမ်းဝေဖို့ သူ့ “လွမ်းငွေ့ဝေေ၀” သီချင်းလေးကို တင်ဆက်လိုက်ပါတယ်။

ပြောစရာ တစ်ခု ကျန်တာက သည်သီချင်းကို ၀င်းဦးကိုယ်တိုင် သီဆိုထားတာမှာပဲ မူကွဲ နှစ်မျိုး ရှိခဲ့တာပါ။ အခု တင်ဆက်လိုက်တာက ၀င်းဦး ပထမဆုံး သီဆို အသံသွင်းခဲ့တဲ့ မူပါ။ ဆရာ ရွှေပြည်အေး ကွယ်လွန်ပြီးနောက် ဆရာရွှေပြည်အေး အလွမ်းပြေဆိုပြီး ဟင်္သာတေးသံသွင်းက ထုတ်ဝေခဲ့တဲ့ အခွေမှာ သည်သီချင်းကိုပဲ ၀င်းဦးက သီဆိုခဲ့ပါသေးတယ်။ အဲဒါလည်း ကျွန်တော့်ဆီမှာ ရှိပါတယ်။ သို့ပေမယ့် ပထမမူကို ကျွန်တော်ကိုယ်တိုင်က ပိုအားရမိတာမို့ သည်မူကိုပဲ လက်ဆင့်ကမ်း ပေးလိုက်ရပါတယ်ခင်ဗျား။

ကျွန်တော့် မြင်ဆရာ၊ ကြားဆရာ (ဦး) ၀င်းဦး ရောက်ရာဘ၀ကနေ ကြည်နူးနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

လွမ်း ငွေ့ ဝေ ဝေ

ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ခါကွယ် ဟိုတုန်းအခါက မောင်နဲ့မယ်

ပွေ့လျက်သာ မေ့မျက်နှာ မွှေးလို့ကြူတယ် ရွှေစပယ်ငုံ ထုံနံ့ကြွယ်

ချစ်လှစွာ လှစ်ဟကာ ရှစ်ဘ၀ ပန်ရွယ် အို… ဆုံးစေတော့ ပျိုမမုန်းတယ်

မောင့်တစ်ယောက်သာ ရွေးလို့ကွယ် ချစ်မေတ္တာကြွယ် မောင်ယုံကြည်အောင် ခင်ပြောခဲ့တယ်

ရွှေသဉ္ဇာဘွေအလယ် နှစ်ယောက်တည်းပဲ နေဆဲဝယ်

ကြည်ဖြူတယ် မောင်ရယ် စိတ်တိုင်းကျ နှမကို ချစ်ကွယ်… တဲ့

လိုရာကို ယူမယ် နှင်းအပ်ခဲ့တယ်

ဟိုဟိုစဉ်အခါဝယ် နှစ်ဦးကြည်နူးမိဘွယ်

ပျိုပျိုသဇင်ညှာရယ် အခုများတော့ကွယ်

မောင့်တစ်ယောက်တည်း ခွဲလို့ နေတယ် အသည်းလည်း ကြွေလုဘွယ်

(နေညိုညိုချမ်းဝယ် မေပျိုပန်းအလှသဇင်ရယ် ဖေကိုယ် တမ်းတအစဉ်ကွယ် တကယ်ကို လွမ်းစထွင်တယ်)၂

ချစ်သူကို ရူးလုအောင် ဖယ်… လစ်လျူတောင် ထားရက်တဲ့ တစ်ပါးသက်လှယ်

မေတ္တာတော်နည်းပါးလို့ကွယ်… လွဲသွားဖို့ တကယ်… ခွဲထားတဲ့ မေရယ်

ရွှေစပယ် သီတာ ဆုံးဦးတော့ မမုန်းနိုင်တယ် ရွှေကျမ်းရွက်လို့ ကျိန်ပါမယ်

မောင့်မေတ္တာ လွန်စွာ ပိုကဲတယ် တစ်မိုးအောက် ခင့်တစ်ယောက်သာ စွဲလို့ကွယ်

မေရယ် ဘယ်လိုပဲ အချစ်တွေကွယ် သွေဖယ် သနားတဲ့ စိတ်တွေ နွှင်ဖယ်

စောင့်ရသူ ပူပုံတော် ပန်းဖွယ် ရွှင်လန်းတဲ့ စိတ်နဲ့ ဝေးအောင် ပြုရက်တယ်

ဟေမန်ရာသီဝယ်… နှင်းငွေလေး ဖွေးဖြူစွာရယ်

ရွှေစင်ရော် မောင်မယ်… လည်ချင်းတွဲ ကြည့်ရင်းပဲ အသည်းကွဲပေါ့မေရယ်

ဘယ်လိုများ မောင့်ကံနှယ် ဖန်တယ် နှစ်ပါးတွေ့ဖို့ မျှော်သူမယ်

စောင့်ရတာ လွန်စွာ ကြာပေါ့ကွယ် ဘယ်တော့မှ ဖူးပွေ့လို့ တွေ့ပါ့မယ်

လမင်း ပ၀င်း ကောင်းကင်လည် မှာလိုက်ပါပေါ့ ပြောပါကွယ်

မျှော်ရသူ ပန်းရှာပါပြီ မေရယ် အို… တကယ်ပဲ ရက်စက်ကာဖယ် သနားမညှာလေတယ်

ငယ်ကျွမ်းဆွေ ချစ်တဲ့သူရယ်… ဖြေလည်း မပြေဘဲ နေဆဲဝယ်

နေ့တိုင်းပင် ခင့်ရူပါရုံ ထင် မြင် ကာ ကွယ်… စိတ်ထဲ ကြိတ်ခဲကာ လွမ်းတယ်…

အို… ဖူးစာကံနည်း ဆန်း၍ထွေထွေ

ပျိုတစ်ဦးမှာသာပဲ နွမ်းမြေ့ပေစေ….

နှင်းရည်ပက်ဖျန်း ချမ်းတဲ့လတွေ

အခါခါ မြန်းကြွေနေ

လွမ်း… ငွေ့… ဝေ… ဝေ….

———————————————————

ဝင်းဦးဟာ ၁၉၄၉ ခုနှစ်မှာ စာပေနယ်ထဲကို စတင် ၀င်ရောက်လာပါတယ်။ စာရေးဆရာအဖြစ် အခြေခိုင်ခိုင် အောင်မြင်ပြိး ၁၉၆၂ ခုနှစ်မှာမှ မင်းသားဖြစ်လာတာပါ။ ဒါပေမယ့် ရုပ်ရှင်က သူ့ကျော်ကြားမှုက တအားကို လွှမ်းမိုးသွားတာမို့ တချို့က သူက မင်းသားဖြစ်ပြီးမှ စာရေးသူလို့ အမှတ်မှားနေကြတယ်။ တကယ်တော့ ၀င်းဦးရဲ့ စာရေးသူဘ၀က ပိုလို့ ခိုင်မာပါတယ်။

၁၉၆၂ ခုနှစ်မှာ သူ စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက “ချစ်သောသူတစ်ယောက်”ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ ရိုက်ကူးတဲ့ ဇာတ်ကား ”နှစ်ယောက်ထဲ နေချင်တယ်”က အရင် ရုံတင်လိုက်တာမို့ ၀င်းဦးရဲ့ ပွဲဦးထွက် ရုပ်ရှင်က “နှစ်ယောက်ထဲ နေချင်တယ်”ဖြစ်သွားရပါတယ်။ နှုတ်ခမ်းမွှေးနဲ့ ဘောင်းဘီ ဖင်ကြပ်ဝတ်တဲ့သူ၊ ဂစ်တာကိုင်တဲ့သူဆိုပြီး အဲဒီ့ခေတ်က သူ့ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန် ရှုံ့ချနေတဲ့ ကြားကပဲ သူ့ကားက ၀က်ဝက်ကွဲ အောင်မြင်သွားသလို အဲဒီ့ကားထဲမှာ သူသီဆိုခဲ့တဲ့ “မီးပုံပွဲ” သီချင်းကလည်း တစ်ပြည်လုံး ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ဖူးပါတယ်။ သီချင်းရေးသူက ဆရာမြို့မငြိမ်းနဲ့ ခေတ်ပြိုင် မန္တလေးက ဦးဘသိန်း ဖြစ်ပါတယ်။ ၀င်းဦးရဲ့ သီချင်းစာအုပ်မှာတော့ ဦးဘသိန်း(ယုဝ) လို့ ဖော်ပြထားကြောင်းပါ။

အဲဒီ့ သီချင်းလေးကိုလည်း ၀င်းဦးကို အလွမ်းပြေဖို့၊ အလွမ်းဝေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

True Story of an Intern in an ICU by Dr. Maung Maung Myint

Facebook မှာ ကျွန်တော့်ကို Tag လာတဲ့ Note လေး တစ်ပုဒ်က ကျွန်တော့်ရင်ကို ထိသွားစေခဲ့တာမို့ ကျွန်တော့် ဘလော့(ဂ်) ပရိသတ်များ ဖတ်ရအောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ သည်လို ဆရာဝန်တွေ ပွားများလာပါစေလို့သာ ဆုတောင်းရင်း အဆုံးသတ်မှာ အောက်ပါအတိုင်း ဒေါက်တာ မောင်မောင်မြင့် သိချင်သလို ကျွန်တော်လည်း သိချင်နေမိရပါတယ်။

Service… Sympathy… Humanity…

ပင်ပန်းခံအားထုတ်မှု… ကိုယ်ချင်းစာ သနားကြင်နာမှု… လူသားဆန်မှု၊ နွေးထွေးမှု… အထက်အောက် လက်ဆင့်ကမ်း… ပညာသင်ပေးမှု… တစ်ဦးနဲ့ တစ်ဦး နားလည်မှု… သည်းခံမှု… မာန်မာန ခ၀ါချထားမှု… သေမင်းလက်မှ အစွမ်းကုန် ကြိုးစားလုယူမှု… မှု… မှု… မှု…

လူကြီးမင်းတို့ ခေတ်မီ ဆေးရုံတွေမှာရော ဒါလေးတွေ ရှိနေသလား၊ ကျွန်တော် သိချင်ပါတယ်…

Intensive Care Unit

ဒေါက်တာ မောင်မောင်မြင့်

“တီ… တီ… တီ…”အချက်ပေးသံများ

ရှုပ်ရှက်ခတ်နေသော ၀ိုင်ယာကြိုးများ

Digital ဒိုင်ခွက်များ၊ ခေတ်မှီ ဆန်းပြားသော စက်ကိရိယာများ

ပျားပန်းခတ် လှုပ်ရှားနေသာ ၀တ်ရုံ မျက်နှာဖုံးတပ် ၀န်ထမ်းများ

လေအေးပေးစက်မှ တိုးညှင်းသော အသံများ

ရံဖန်ရံခါမှ ကြားရတတ်သည့် စကားပြောသံများ…

ခေတ်မီ ဆေးရုံတစ်ရုံ Intensive Care Unit ရဲ့ မြင်ကွင်းတစ်ခုကို အားလုံး တွေ့ဖူးမြင်ဖူးကြမှာပါ။

ကျွန်တော်တို့ မြောက်ဥက္ကလာပ ဆေးရုံ Medical Unit မှာလည်း Intensive Care Unit တစ်ခု ရှိခဲ့ပါတယ်။

လွန်စွာ ကွာခြားလှတဲ့ မြင်ကွင်းတစ်ခုပါပဲ၊

ကုတင်လေးလုံး၊ Drip set ချိတ်ဖို့ တိုင်ကလေးများ၊ နံရံမှာ သွယ်တန်းထားတဲ့ oxygen pipeline နဲ့ regulator outlet ၂ ခု။ Suction Machine တစ်ခု၊ Defibrillator တစ်ခု။ မှုန်ပြပြ မီးရောင်မှိန်မှိန်… နာရီစက္ကန့်တံ သွားနှုန်းနဲ့၊ လှည်းဝင်ရိုး ဆီငတ်တဲ့ အသံနဲ့ လည်နေတဲ့ မျက်နှာကျက် ပန်ကာ….

မှတ်မိကြမယ်ထင်ပါရဲ့…

(ကျွန်တော်တို့ Intensive care unit မှာ ခေတ်မှီ ဆန်းပြားတဲ့ Medical Equipment ပြည့်ပြည့်စုံစုံ မရှိခဲ့ပါ။ ဒါပေမယ့်… ပြည့်စုံသင့်တာလေးတွေ တစ်ချို့ ရှိနေခဲ့ပါတယ်….)

အချိန်က ၁၉၈၃ခု နိုဝင်ဘာလ နောက်ဆုံးပတ် တနင်္လာနေ့…

မှတ်မှတ်ရရ ရှိခဲ့ပါတယ်။

ကျွန်တော် အလုပ်သင်ဆရာဝန်အသစ်ကလေး Long Day Duty ကျတဲ့နေ့ပေါ့။ မနက် ၈ နာရီ ဂျူတီဝင်၊ နောက်တစ်နေ့ မနက် Professor round ပြီးမှ ဂျူတီထွက်။ တစ်နေ့တာ ရှိပြီးသား လူနာဟောင်းတွေအတွက် လိုအပ်တာလုပ်။ အသစ်ရောက်လာတဲ့ Admission case တွေကြည့်ပြီး လိုအပ်တဲ့ Treatment ပေး။ ဂျူတီထွက်ရင် နောက်လူကို Over ပေး။ ဒါတွေက Long Day Duty သမားတွေ လုပ်နေကျ တာဝန်။

ဟော.. လာပါပြီ၊ လူနာသစ်တစ်ယောက်။ အမျိုးသားကလေး… အသက်က ၁၃ နှစ်မို့ ကလေးဆောင် တင်မရလို့ Medical Ward ကို တင်လိုက်တာ… ပြဿနာက သတိလစ် အသက်ရှူ ရပ်ရပ်သွားခြင်း။

နေ့ခင်း လူစုံတက်စုံဆိုတော့ လိုတာတွေ ၀ိုင်းလုပ်ပေးကြ။ Treatment ပေးကြနဲ့ ဆိုတော့ မဆိုးပါဘူး။ Stable condition ဖြစ်လာတာပေါ့။

ည ၆ နာရီလောက်မှာတော့ ကိုယ်တော်က စပြီး ဖောက်လာပါလေရော။  အသက်ရှုလိုက် ရပ်သွားလိုက် “Cheyne Strokes Respiration” ရနေပါပြီ။

ကဲ… ကိုယ့်ဂျုတီဆိုတော့ လုပ်ပေရော့။ Respirator ယူ၊ Endotracheal Tube ထည့်ဖို့ မစုံမလင်မို့ Face Mask နဲ့တင် အုပ်ထားပြီး ခေါင်းရင်းက ကိုင်ထား၊ အညောင်းထိုင်ပေရော့… Oxygen concentration and Respiration rate… Tidal Volume ကို စက်မှာ ညှိထားလိုက်တယ်။

ခေါင်းထဲမှာတော့ အသစ်စက်စက် စာတွေကို အပြေးအလွှား စဉ်းစားရတယ်လေ။

PaCO2 level ကျရင် Respiratory Drive က မရှိတော့ ရပ်သွား၊ Carbondioxide Retension ရလာရင် ပြန်ရှူ။ ဟော… Carbondioxide wash out ဖြစ်ပြန်တော့ ပြန်ရပ်သွား… ဘယ်ရမလဲ.. ခေါင်းထဲမှာ ချောင်းချောင်း ပြေးနေတာ။ မာန်အပြည့် ဟန်အပြည့်နဲ့ Newly qualified doctor ဆိုတာပေါ့။

ကိုင်း… CO2 retension ရအောင် ခဏလောက် ရပ်ထားပေးလိုက်မယ်.. ပြန်ရှုလာမလား…

ရပ်ထားလိုက်တော့ ကလေးက နည်းနည်း ပြာလာပြီ။ ကိစ္စမရှိ… ငါအနားမှာ ရှိသားပဲ၊ လိုရင် ပြန်တင်လိုက်မယ်။

အဲဒီအချိန်မှာ မထင်မှတ်တာ ရုတ်တရက် ဖြစ်ပါလေရောဗျို့…

အပေါက်ဝမှာ စောင့်နေတဲ့ ကလေးအဖေက ရုတ်တရက် ၀င်လာပြီး ကုတင်ပေါ်တက်၊ ကလေးကိုခွ၊ Mouth to Mouth လုပ်ပါလေရောဗျို့..

စိတ်ထဲမှာ ဒေါသက ဟုန်းခနဲ၊ မာနက ထောင်းခနဲ၊ မျက်နှာတောင် နေ၀င်ချိန်နေလုံးအရောင်…

သူ့ကလေးကို သေစေချင်နေတယ်၊ ပစ်ထားတယ် ထင်နေသလား။ အသံတိတ် စကားသံများ ရင်ထဲမှာ ပဲ့တင်သံ အထပ်ထပ်။

သူ့ကို ဖယ်ပြီး ကိုယ်လုပ်စရာ ဆက်လုပ်ရတယ်။ ပထမ လက်ထောက် ဆရာဝန်ကြီး မမ ဒေါ်ခင်မေအုန်းထံ စာရေးပြီး report လုပ်ရပါတယ်။ မကြာခင်မှာပဲ မမ ရောက်လာတယ်။ ကိုယ်ကတော့ အဖြစ်အပျက်ကို တိုင်ရပါတယ်။

“သည်ကလေးအဖေကို မမကတော့ ကောင်းကောင်း ဆူတော့မှာပဲ”

ဒါက ကိုယ့်အတွေး…

တကယ့်တကယ်တော့…

“ကလေးလေးအဖေရေ… သည်က ဆရာလေးတွေက အကောင်းဆုံး လုပ်ပေးနေတာ၊ စိတ်မပူနဲ့… သည်အခန်းထဲကို တကယ်တော့ ၀င်ခွင့်ပေးတာ မဟုတ်ဘူး။ ကလေးက စိုးရိမ်ရတော့ အဖေကို အနားမှာ ထားပေးတာ။ အခု စိတ်အေးအေး ထားပြီး အပြင်မှာ ခဏလောက် သွားနားလိုက်ပါဦး”

အင်မတန့်ကို နူးညံ့လှတဲ့ စမ်းရေစီးသံ…

“မမတပည့်… မင်းလည်း တစ်နေ့လုံးဆိုတော့ ပင်ပန်းလှပြီ။ မင်း စိတ်လည်း နည်းနည်းဆိုးနေတယ်လို့ မမထင်တယ်။ သည်တော့ မမ ခဏစောင့်ပေးမယ်။ တပည့် အခန်းထဲမှာ ခဏလောက်သွားနားချေ…”

ဟောဗျာ…. မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား…

အေးလေ.. ခဏလောက်ထွက်ပြီး နားလိုက်ပါဦးမယ်…

ဘယ်အကြာကြီး နားနိုင်မှာလဲဗျာ… ကိုယ့်ဆရာကို စောင့်ခိုင်းလို့ ဘယ်ဖြစ်မလဲ…

သည်လိုနဲ့ စက်ဘေးမှာ လက်ညောင်းခံလိုက်ရတာ ည ၁၂ နာရီကျော်လောက် ရောက်တော့ ကလေးက spontaneous respiration ပြန်ရောက်လာလို့ တော်သေးတာပေါ့။

Staff ဆရာမတစ်ယောက်က လာခေါ်တယ်။

“သည်မှာ… ဆရာ ညစာ မစားရသေးဘူး မဟုတ်လား။ ဆရာတို့ တစ်ညနေလုံး ပင်ပင်ပန်းပန်း လုပ်နေတာ ကြည့်ပြီးတော့ ဘေးခုတင်က လူနာရှင်က Staff တွေ အားလုံးအတွက် ခေါက်ဆွဲကြော်ထုပ်တွေ လာပို့ထားတယ်။ ဆရာ လာစားလှည့်”

သည်အချိန်မှာ အခန်းထောင့်ကို ကျွန်တော် အမှတ်မထင် လှမ်းကြည့်လိုက်မိပါတယ်။ အခန်းက မထွက်ခင် စစ်ကြည့်လိုက်တဲ့ သဘောပါ။

မျက်စိထဲမှာ တစ်သက် စွဲစေခဲ့တဲ့ မြင်ကွင်းတစ်ခုက ကျွန်တော့်ရင်ထဲ စူးစူးနစ်နစ် ထိုးဝင်သွားခဲ့ပါပြီ။ ကလေးငယ်ရဲ့ အသက်ရှုရပ်ခြင်း ကျွန်တော့်ကို ကူးစက်ခံရပါပြီ။ မျက်ရည်များတောင် လည်မိပါရဲ့…

ည၁၂ နာရီကျော်…

အခန်းထောင့်မှာ ကျုံ့ကျုံ့ကလေး ဆောင့်ကြောင့် ထိုင်ရင်း ကလေးအဖေဟာ သူ့ရဲ့ ပိန်လိန်နေတဲ့ သတ္တုချိုင့်ကလေးကိုဖွင့်… အေးစက်စက် ထမင်းကြမ်းခဲတစ်တုံး၊ ဘဲဥကြော်တစ်လုံးဟင်းကို သောက ဟင်းချိုနဲ့ မျိုမကျစွာ၊ စိတ်မချစွာ… ညနေစာ စားနေလေရဲ့။

သူ့ရင်ထဲ ထိုးဖောက်မြင်မိပါရဲ့… ငါ့သားလေး အသက်မှ ရှင်နိုင်ပါတော့မလား???

ကျွန်တော့်ရင်ထဲမှာ စူးစူးရှရှ ပြင်းထန်တဲ့ နာကျင်မှုနဲ့ အသိတစ်ခု စူးနစ် ၀င်သွားခဲ့ရပြီ။

“နှုတ်က မထွက်ခဲ့ပေမယ့် စိတ်ထဲက အသံတိတ် ဗုံးကြဲခဲ့မိတဲ့ စကားလုံးများအတွက်.. နောင်တ…”

“သူ… ကလေးအဖေပဲ။ သူ့သားလေးကို ရှင်စေချင်မှာပေါ့။ သားဇောနဲ့ ငါတို့ စိတ်ဆိုးမှာ… လုပ်သင့် မလုပ်သင့် မစဉ်းစားနိုင် ဂရုမထားနိုင်ဘဲ သူသိ၊ သူတတ်နိုင်တာ သူ လုပ်ရှာတာပဲ။ တကယ်လို့ ငါ တစ်ခွန်းခွန်း ပြောမိရင် ငါအလွန်ဖြစ်ပြီ။ ငါ လူသားချင်း စာနာစိတ် မရှိတဲ့သူ၊ တိရစ္ဆာန် တစ်ကောင်ဖြစ်ပြီ။ ဒါကြောင့် မမက သူ့ကို တစ်ခွန်းမှ မဆူခဲ့တာပဲ။ ငါ ကံကောင်းပေလို့…”

ကျွန်တော်ဘာမှမစားနိုင်တော့ပါ။ ရင်ထည်းမှာ ပြည့်ကြပ်နေပါပြီကော…

“ဆရာမရေ.. ကျွန်တော့် ညစာကို ကလေးအဖေကို ကျွေးလိုက်ပါတော့ သူ့မှာ ဘာဟင်းမှ မရှိဘူးဗျ”

ဆရာမရဲ့ ထူးဆန်းအံ့သြတဲ့ အကြည့်က ညအမှောင်မှာ လက်လက် ထသွားလေရဲ့။

သည်နောက်တော့ အရာရာက တိတ်ဆိတ်စွာပဲ ဖြတ်သန်းသွားတော့တယ်။ ငြိမ်သက်နေတဲ့ Ward တစ်ခုလုံးထဲမှာ ရင်မှာ အတွေးလှိုင်း တစ်လုံးပြီးတစ်လုံး ဖြတ်သန်းသွားနေတဲ့ ကျွန်တော်ကတော့ မငြိမ်သက်နိုင်ခဲ့ပါ၊

နောက်ထပ် ၃ ရက်…

ကလေးကတော့ သတိမရသေး။ သို့သော် အသက်မှန်မှန် ရှူနေဆဲ။ အချိန်ရရင် အားငယ် မျက်လုံးတစ်စုံ (အမိမဲ့သားမို့) ဆီတော့ စကားအားဆေး ပေးဖြစ်ခဲ့မိပါတယ်။

နောက် လေးရက်မြောက်… ကျွန်တော့်ဂျူတီကျရက်

ကံစပ်တဲ့ အကြောင်းတရား ပါလေသလား မသိပါ။ ညနေ ၄ နာရီလောက်ကတည်းက ဖောက်နေပါပြီ။

ကျွန်တော် မမထံ Report မလုပ်တော့ပါ။ ကိုယ်ပဲ အပင်ပန်းခံလိုက်ပါတော့တယ်။

မနက်၈နာရီ… မမ Round လှည့်ဖို့ ICU ကို အရင်ဆုံး ၀င်လာပါတယ်။

“ဟယ်… သည်ကလေး ရှိသေးသလား။ မမတော့ မင်းဆီက ဘာ report မှ မလာတော့ မရှိတော့ဘူး ထင်နေတာ။ ပြပါဦး… မင်း တစ်ညလုံး ဘာတွေ လုပ်ထားလဲ ဆိုတာ…”

တကယ်တော့ တစ်ညလုံး ၁၃ ကြိမ်တိတိ Cardiac Arrest ရလို့ resuscitation ၁၃ ကြိမ် လုပ်ထားခဲ့ပြီးပါပြီ။ မမအလာ မိုးလင်းအောင် စောင့်နေခဲ့တာပါ။ ဘာများ ထပ်လုပ်ပေးနိုင်ဦးမလဲလို့ အားတင်းပြီး ဆွဲဆန့်ထားတာ ရှည်လှပြီ။

“တော်လောက်ပြီ ထင်တယ် တပည့်ရေ။ ဘယ်လိုမှ မရနိုင်တော့ဘူး အားလုံး ရပ်လိုက်ပါတော့ကွယ်”

နှမျောသံ ကျေနပ် ၀မ်းမြောက်သံ ရောနေတဲ့ ညွှန်ကြားချက်..

“ကျွန်တော် ဘယ်လို လုပ်ရမလဲ”

“မင်းကိုယ်တိုင်ပဲ ရှင်းပြပြီး ရပ်လိုက်ပါ”

တိတိကျကျ ပြတ်ပြတ်သားသား ညွှန်ကြားချက်..

အလွန်ခက်ခဲသော၊ နူးညံ့သိမ်မွေ့သော၊ မလုပ်ချင်သော၊ မလုပ်မဖြစ်သော၊ နောင်လုပ်ဆောင်တတ်ရမည်ဖြစ်သော၊ လုပ်ပြီးမှ နောင်တ ရ ရမလို ဇဝေဇ၀ါ ဖြစ်တတ်သော…

“ကဲ… ကလေးအဖေရေ… ကျွန်တော် ပြောပြမယ်… တစ်ညလုံး သည်ကလေးအတွက် လုပ်ပေးခဲ့တာ အဖေအသိပဲ။ သူက စက်အကူအညီနဲ့ အသက်ရှူနေတာ… ကျွန်တော် နောက်ထပ် နာရီဝက် စက်နဲ့ ရှူပေးမယ်… နာရီဝက် ပြည့်ရင် စက်ကို ရပ်လိုက်တော့မယ်… သူ့မှာ ကံတရားရှိလို့ ဆက်ရှူရင် ရှင်မယ်.. မရှူရင်တော့ အတူ နေဖို့ ရေစက် သည်လောက်ပဲ ရှိတယ်လို့ သဘောထားပြီး တရားနဲ့ ဖြေပါ”

နာရီဝက် ကြာပြီးတဲ့နောက် စက်ကို ရပ်လိုက်တဲ့အခါ…

“သူ သေဆုံးသွားပါပြီ…”

တိုတိုတုတ်တုတ်ပဲ ကလေးအဖေကို ကျွန်တော် ဖွင့်ပြောရပါတယ်။

ကလေးအဖေ မျက်လုံးထဲက ဘာမှ ထွက်ကျမလာပါ။ နှုတ်ခမ်းကတော့ ကွဲအက်သံ စကားတစ်ခွန်းပဲ ထွက်လာပါတော့တယ်။

“ကျွန်တော် ကျေနပ်ပါတယ်… ကျေးဇူးလည်း တင်ပါတယ်။ သူ့ကံက သည်လောက်ပဲ ရှိတာကိုး”

ကျွန်တော် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မဆိုတတ်တော့ပါ…။

(ကျွန်တော်တို့ Intensive care unit မှာ ခေတ်မှီ ဆန်းပြားတဲ့ Medical Equipment ပြည့်ပြည့်စုံစုံ မရှိခဲ့ပါ။ ဒါပေမယ့် ပြည့်စုံသင့်တာလေးတွေ တစ်ချို့ ရှိနေခဲ့ပါတယ်။)

ဒါပေမယ့်.. အမှန်တကယ် လိုအပ်တာလေးတွေတော့ ရှိနေခဲ့ပါသည်။

Service… Sympathy… Humanity…

ပင်ပန်းခံအားထုတ်မှု… ကိုယ်ချင်းစာ သနားကြင်နာမှု… လူသားဆန်မှု၊ နွေးထွေးမှု… အထက်အောက် လက်ဆင့်ကမ်း… ပညာသင်ပေးမှု… တစ်ဦးနဲ့ တစ်ဦး နားလည်မှု… သည်းခံမှု… မာန်မာန ခ၀ါချထားမှု… သေမင်းလက်မှ အစွမ်းကုန် ကြိုးစားလုယူမှု… မှု… မှု… မှု…

လူကြီးမင်းတို့ ခေတ်မီ ဆေးရုံတွေမှာရော ဒါလေးတွေ ရှိနေသလား၊ ကျွန်တော် သိချင်ပါတယ်။

(မေလ ၂၁ ရက် ၂၀၁၀)

စိတ်ရှည်လက်ရှည် သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာလည်း တစ်ဦးတည်းသော သားလေးတစ်ယောက် ရှိခဲ့ပါပြီ၊

(ကိုယ့်အကြောင်း ကိုယ်ရေးရတာ ကိုယ်ရည်သွေးရာ ရောက်မလားလို့ ရင်ထဲမှာပဲ ဆွေးဆွေးမြေ့မြေ့ သိမ်းထားခဲ့ပါတယ်။ အခုအချိန်မှာတော့ ရေးသင့်ပြီ ထင်လို့ပါ။

It was a true story of mine and I sincerely believed this lesson made me a “DOCTOR”

Dr. Maung Maung Myint

It’s Never Too Late

ဖြစ်ပုံက သည်လို။ Facebook မှာ ဆရာမ “ဟနစံ”က သူ ရှေးတုန်းက ရေးဖူးတဲ့ ဘာသာပြန် စာတစ်ပုဒ်ကို Note အဖြစ် ပြန်တင်လာတယ်။ ခေါင်းစဉ်က It’s Never Too Late တဲ့။ ဖတ်ကြည့်လိုက်တော့ သူ့စာလေးကလည်း အကောင်းသား။ (http://www.lawka-ahla.com/news.php?extend.186.8 မှာ သွားရောက် ဖတ်ရှုနိုင်ကြပါလိမ့်မယ်။) အဲဒီ့ခေါင်းစဉ်နဲ့ပဲ ကျွန်တော်လည်း ရှေးအခါက တစ်ပုဒ်ပြန်ဆိုဖူးတာ အမှတ်ရသွားတယ်။ အကြောင်းအရာချင်း မတူမှန်းတော့ သိတယ်။ ဘာမှန်းတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ ပြန်ရှာကြည့်မိရင်းက ဘလော့(ဂ်) ပရိသတ်များအတွက် ပြန်လည် တင်ဆက်လိုက်မိရပါတယ်။ ဒါလေးကို သွယ်ဝိုက်သောနည်းနဲ့ အမှတ်မထင် ပြန် အစဖော်ပေးတဲ့ ဆရာမ “ဟနစံ”ကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဘယ်တော့မှ နောက်မကျပါဘူးနော်

လွန်ခဲ့တဲ့သုံးလေးနှစ်က လူမှုဆက်ဆံရေး ရက်တို သင်တန်းတစ်ခု တက်ဖြစ်ခဲ့ရင်းနဲ့ ကြုံခဲ့ရတာလေးပါ။

တစ်ရက်မှာ သင်တန်းနည်းပြက ကျွန်တော်တို့ကို အထူးအဆန်းတစ်ခု လုပ်ခိုင်းပါတယ်။ အတိတ်က ကိုယ့်အပြုအမူတစ်ခုခုကြောင့် ကိုယ့်စိတ်ထဲမှာ ရှက်ရွံ့နေရတာ၊ အားနာနေရတာ၊ အပြစ်ရှိတယ်လို့ ခံစားနေရတာ၊ မပြီးပြတ်သေးဘူးလို့ ယူဆရတာ၊ နောင်တရတာတွေကို စာရင်းချကြည့်ကြစမ်းပါတဲ့။
နောက်တစ်ပတ်ကျတော့ အတန်းရှေ့ ထွက်ပြီး ကိုယ်ချထားသမျှ စာရင်းကို အော်ဖတ်ချင်တဲ့သူရှိရင် ထွက်ဖတ်ပေးကြပါလို့ နည်းပြဆရာက ဖိတ်ခေါ်လိုက်ပါတယ်။

တကယ်တော့ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝထဲက အကြောင်းအရာတွေ၊ ကိုယ်ရေးကိုယ်တာတွေပါပဲ။

ဒါပေမယ့်လည်း ကျွန်တော်တို့အတန်းထဲက လူစုထဲမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရဲတဲ့သူတွေ အလျှိုလျှိုပေါ်လာတယ်။ သည်လိုနဲ့ တစ်ယောက်ပြီး တစ်ယောက် အော် အော် ဖတ်သွားနေတုန်းမှာပဲ ကျွန်တော့်ဘာသာ ပြုစုထားတဲ့ “အတိတ်ကြွေး”စာရင်းကလည်း ရှည်သထက်ရှည်လာပါတယ်။ သုံးပတ်တိတိ ကြာသွားချိန်မှာတော့ ကျွန်တော့်ရဲ့ စာရင်းထဲမယ် နှောင်းနောင်တဖြစ်ရပ်စာရင်းက အမှတ်စဉ် ၁၀၁ အထိတောင် ရောက်လို့ လာပါတော့တယ်။

သည်အချိန်ကျတော့ နည်းပြဆရာက ကျွန်တော်တို့ကို အကြံပေးတယ်။ အဲဒီ့ အတိတ်တွေနဲ့ပတ်သက်ပြီး ပြုပြင်သင့် ပြုပြင်ပါ။ တောင်းပန်သင့် တောင်းပန်ပါ။ မှားနေတာဆိုရင်လည်း အမှန်ကိုရောက်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်တည့်မတ်ယူသင့် ယူပါတဲ့။

သူ့နည်းက ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးအစွမ်းအစတွေကို ဘယ်လိုများ တိုးတက်လာစေမှာပါလိမ့်လို့ ကျွန်တော် တနုံ့နုံ့ တွေးနေမိခဲ့တယ်။ အဲသလို တွေးနေရင်းနဲ့ပဲ ကျွန်တော်ဘဝထဲက လူပုဂ္ဂိုလ်အတော်များများနဲ့ ကျွန်တော်နဲ့က စိမ်းနေသလိုကြီး ခံစားလာရတယ်။

နောက်တစ်ပတ်ကျတော့ ကျွန်တော်နဲ့ ဘေးချင်းကပ်လျက် ထိုင်နေသူက သူ့အထုပ်သူ ဖြည်ပါရစေဆိုပြီး အတန်းကို အခုလို ပြောပြပါတော့တယ်။

ကျွန်တော့်စာရင်းကို ပြုစုနေတုန်းမှာပဲ အထက်တန်း ကျောင်းသားဘဝက အဖြစ်အပျက်ကို ပြန်သတိရသွားတယ်ဗျ။ ကျွန်တော်ဟာ အိုင်ဝိုဝါ ပြည်နယ်က မြို့လေးတစ်မြို့မှာ လူလားမြောက်ခဲ့တာပါ။ မြို့မှာက ကျွန်တော်တို့လို လူငယ်လူရွယ်တွေအတွက် အင်မတန်မုန်းစရာ ကောင်းလှတဲ့ ရဲသားကြီးတစ်ယောက် ရှိတယ်။ အဲဒီ့ ရဲကြီးနာမည်က ဦးညိုတဲ့။

တစ်ညကျတော့ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ကြတယ်။ ရဲကြီးဦးညိုကို ဒုက္ခပေးဖို့ပေါ့။ ဒါနဲ့ ဘီယာလေး သုံးလေးခွက် သောက်ပြီး ရဲဆေးတင်၊ ပြီးတော့ ဆေးနီတစ်ဘူး ရှာ၊ ပြီးတော့ မြို့လယ်ကောင်မှာ ရှိတဲ့ ရေစင်အမြင့်ကြီးပေါ်ကို တက်တဲ့ပြီး အနီရောင်တောက်တောက်နဲ့ ရေတိုင်ကီပေါ်မှာ ရေးချလိုက်တယ်။ “ရဲသားလုပ်တဲ့ ဦးညိုဟာ မိန်းမရွှင်က မွေးတာပါ”လို့။

နောက်တစ်ရက် မနက်လည်းကျရော ကျွန်တော်တို့ ရေးထားတာကို တစ်မြို့လုံး မြင်ကြပြီး အုတ်အော်သောင်းတင်း ဖြစ်ကုန်တော့တာပဲပေါ့။

နောက်နှစ်နာရီလောက်နေတော့ ကျွန်တော်တို့သုံးယောက်လည်း ရဲကြီး ဦးညိုရဲ့ ရုံးခန်းထဲ ရောက်သွားတော့တယ်။ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က အဲဒီ့စာတန်းကို သူတို့ ရေးခဲ့ပါတယ်လို့ ဝန်ခံကြပေမယ့် ကျွန်တော်ကတော့ ဖြောင့်ကွယ်ကွယ်လိုက်တယ်။ လိမ်လိုက်တယ်။ သူငယ်ချင်း နှစ်ယောက်က ဝန်ခံနေမှတော့ ကျွန်တော်ကိုလည်း ဘယ်သူမှ မသင်္ကာ မဖြစ်တော့ဘူးပေါ့ဗျာ။

အဲဒီကနေ နှစ်ပေါင်း၂၇ နှစ်ကြာတဲ့ ကနေ့အချိန်အထိ ရဲကြီးဦးညိုရဲ့ နာမည်ဟာ ကျွန်တော့်ရဲ့ စာရင်းထဲမှာ ထင်းထင်းကြီး ရှိနေတုန်းပဲဗျ။ ကျွန်တော်လည်း လူကြီးဖြစ်လာခဲ့ပြီ။ ဦးညိုတစ်ယောက်လည်း ကနေ့ထက်တိုင် သက်ရှိထင်ရှား ရှိမှ ရှိပါ့ဦးမလားမသိလို့ ကျွန်တော် တွေးနေမိတဲ့အခါ စိတ်ထဲမှာ နေလို့ တယ် မကောင်းချင်တော့ဘူးဗျို့။

ဒါနဲ့ စနေနေ့ကတော့ဗျာ ကျွန်တော်လည်း အိုင်ဝိုဝါပြည်နယ်က ဇာတိမြို့ကို ဖုန်းလှမ်းဆက်ပြီး တယ်လီဖုန်းစုံစမ်းရေးဌာနကို လှမ်းမေးမိသွားရပါတယ်။
ကံကောင်းချင်တော့ ဦးညိုရဲ့နာမည်က တယ်လီဖုန်းစာအုပ်ထဲမှာ ရှိနေသဗျို့။ ဒါနဲ့ သူ့ဖုန်းနံပါတ်ကို တောင်းပြီး ချက်ချင်းပဲ ဦးညိုဆီ ဆက်လိုက်ပါတယ်။

လေးငါးချက်မြည်ပြီးတော့“ဟယ်လို”ဆိုတဲ့ ထူးသံ ကြားရတယ်ဗျ။

“ရဲကြီး ဦးညိုပါလားခင်ဗျာ”လို့ ကျွန်တော် မေးလိုက်တော့ တစ်ဖက်က တစ်အောင့်လောက် တိတ်သွားတယ်။ ပြီးတော့မှ“ဟုတ်ပါ့ဗျား”လို့ ပြန်ဖြေတယ်။

“ဪ်… ကျွန်တော် ဂျင်မီကိုကိုပါ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက မြို့လယ်ကောင် ရေစင်ပေါ်က စာကို တက်ရေးခဲ့တဲ့ အထဲမှာ ကျွန်တော် ပါတယ်ဆိုတာ ဝန်ခံချင်လို့ ဖုန်းဆက်တာပါခင်ဗျ”လို့ ပြောလိုက်မိရပါတယ်။

“အဲဒီ့ကတည်းက မင်းပါမှန်း ငါသိတယ်ကွ”လို့ ဦးညိုက ကျွန်တော့်ကို ပြန်အော်ပါတယ်။ သူ့စကားလည်း ဆုံးရော ကျွန်တော်တို့ နှစ်ယောက်စလုံးလည်း အားပါးတရ ရယ်လိုက်မိကြတယ်။ နောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေကို နှစ်ယောက်သား အတော်ကြာကြာ ပြောဖြစ်သွားတယ်ဗျ။

ဖုန်းချခါနီးကျတော့မှ ဦးညိုက ကျွန်တော့်ကို ပြောတယ်။

“ဂျင်မီရေ… မင်းအတွက် ငါ တော်တော် စိတ်မကောင်း ဖြစ်နေခဲ့တာကလားကွ။ မင်းသူငယ်ချင်းတွေကတော့ သူတို့အပြစ်သူတို့ အစောကြီးကတည်းက ဝန်ခံခဲ့ကြတာမို့ သူတို့ ရင်ထဲမှာ ပေါ့နေ၊ ရှင်းနေမှာ သေချာတယ်။ မင်းကျတော့ ဝန်မခံသူဖြစ်နေတော့ကာ မင်းမှာ တစ်သက်လုံး တအုံနွေးနွေးနဲ့ ဖြစ်နေတော့မှာ။ မင်းလိပ်ပြာက မင်းကို တစ်ရံမလပ် ခြောက်လှန့်နေတော့မှာကို တွေးမိပြီး ငါ တော်တော့်ကို စိတ်မကောင်း ဖြစ်နေခဲ့တာဟေ့။ အေး… အခုလို ဖုန်းဆက်ပြီး မင်းအပြစ် မင်းဝန်ခံတာကို ငါတကယ် ကျေးဇူးတင်တယ်ကွ။ ကျေးဇူးတင်တယ်ကွ ဆိုတာကလည်း ငါ့အတွက် မဟုတ်ပါဘူး။ မင်းအတွက်ပါပဲ ဂျင်မီရေ့…”တဲ့။

ဂျင်မီ့အဖြစ်ဟာ ကျွန်တော့်စာရင်းထဲက နောင်တ ၁၀၁ မယ်ကို ရှင်းထုတ်နိုင်အောင် နှိုးဆော်ပေးလိုက်ပါတော့တယ်။ အဲဒီ့ နောင်တ ၁၀၁ မျိုးကို ရှင်းထုတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အခုအခါမှာတော့ အတိတ်ကြွေးတွေ အကုန်ရှင်းပြီးသား ဖြစ်သလို ပဋိပက္ခတွေကို ကြားဝင် ဖြေရှင်းပေးသူကောင်း တစ်ယောက်ဘဝကိုလည်း ကျွန်တော် ရောက်လာခဲ့ပါပြီ။

ပဋိပက္ခတွေ ဘယ်လောက်ပဲ ကြီးကြီး၊ အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး၊ ပြဿနာ ဘယ်လောက်တက်တက်၊ အတိတ်ကို သင်ပုန်းချေပြီး  ကျေအေးတဲ့ အလုပ်ဟာ ဘယ်တော့မှ နောက်မကျဘူးဆိုတဲ့ အချက်ကို ဂျင်မီက ကျွန်တော့်ကို ထောက်ပြနိုင်ခဲ့ပါသော်ကောခင်ဗျား။

(It’s never too late by Marilyn Manning, Ph.D ကို ပြန်ဆိုလိုက်တာပါ။)

(၂၀ဝ၂ နိုဝင်ဘာ ၄ ထုတ် အတွေးသစ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၆ မှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ ဘ၀တူရိယာ စာအုပ်ထဲမှာ ဖော်ပြ ပါရှိပါတယ်။)