စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၆)

တဖြည်းဖြည်း မြင့်လာတဲ့အခါမှာတော့ မလေးရှားက စာနယ်ဇင်းဆရာမ အဘွားကြီးက အလယ်က ခုံလေးမှာ သွားထိုင်နေပါတော့တယ်။ (ပါသမျှ အမျိုးသမီးတွေထဲမှာ သူက အသက်အကြီးဆုံးမို့ အဘွားကြီးလို့သာ ပြောလိုက်ရတာ၊ တကယ်က သူက ကျွန်တော့်ထက် ၁၀ နှစ်လောက် ငယ်မယ် ထင်တယ်။ ဟီး… ဟီး…) ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ သူ့မှာ အမြင့်ကြောက်တဲ့ ရောဂါရှိပုံပဲ။


ကျွန်တော်လည်း အမြင့်ကြောက်ရောဂါရှိတယ်လို့ အတိအကျ မပြောနိုင်ပေမယ့် အမြင့်ကနေ အောက်ကို ငုံ့ကြည့်ရင် ပေါင်တွေ ယားလာတတ်တယ်။ လေးထပ်၊ ငါးထပ်အမြင့်လောက်ကနေ အောက်ငုံ့ကြည့်ရင်တောင် ဖြစ်တတ်တာမျိုး။ အခုကျတော့ ဖြစ်ဘူးဗျ။ အဆန်းပဲ။
ဓာတ်ပုံတွေ တောင်ရိုက် မြောက်ရိုက် ရိုက်ရတာပ။
အဲဒီ့မှာ “ဖော်ယူထားတဲ့ မြေ” (reclaimed land) ဆိုတဲ့စကားကို စ ကြားဖူးတာပဲ။ အခု ကျွန်တော်တို့ စီးနေတဲ့ ဧရာမ ချားရဟတ်ကြီးကလည်း “ဖော်ယူထားတဲ့ မြေ”ပေါ်မှာ ဆောက်ထားတာခင်ဗျ။ ပင်လယ်ပြင်ကိုဖြစ်စေ၊ မြစ်ပြင်ကို ဖြစ်စေ မြေဖို့ယူပြီး ရေကနေ မြေဖြစ်အောင် လုပ်ထားတာကို “ဖော်ယူထားတဲ့မြေ”လို့ ခေါ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အဲသလို ဖော်ယူထားတဲ့ မြေတွေ ရှိပါတယ်။ နယ်သာလန်၊ အမေရိက၊ ဂျပန်၊ ကနေဒါ၊ ဟောင်ကောင်၊ မကာအို၊ ဖိလစ်ပိုင် စတာတွေက နမူနာတွေပေါ့ဗျာ။ သို့ပေမယ့် စင်္ကပူရကတော့ နဂိုကမှ မြေလေးက မဖြစ်ညစ်ကျယ်လေး ရှိရှာတဲ့ မြို့နိုင်ငံလေး ဖြစ်တာမို့ မြေဖော်ယူရာမှာ အလွန် ကျော်ကြားပေသပေါ့။

အဲတော့ ကျွန်တော်တို့ ရဟတ်ကြီးပေါ်က ကြည့်တဲ့အခါ ပင်လယ်ထဲကို ထိုးထွက်နေတဲ့ မြေယာသစ်တွေကို မြင်နေရပါတယ်။ အမှန်တော့ အဲဒီ့ပေါ်က ကြည့်ရင် ဘေးပတ်ဝန်းကျင် ၄၅ ကီလိုမီတာ (၂၈ မိုင်) လောက်အထိ လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက ကျွန်းတွေကိုတောင် လှမ်းမြင်ရဆိုပဲ။ ဒါက အခု သည်စာရေးတော့မှ စာဖတ်ပြီး ပြောတာ။ တကယ်တမ်း အဲဒါကြီးပေါ်တုန်းက မသိခဲ့တော့ ကိုယ်မြင်သလောက်ပဲ လှမ်းကြည့်၊ ဓာတ်ပုံတွေ ရိုက်ပေါ့ဗျာ။
စိတ်ထဲမှာတော့ စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို တွေးပြီး ပြုံးနေမိတယ်။ ပြောခဲ့တဲ့အတိုင်း သူတို့မှာက နိုင်ငံဆိုလို့လည်း တခြား ပြစရာ မရှိဘူး။ သည်မြို့ ကျဉ်းကျဉ်းကလေးက နိုင်ငံဖြစ်နေတာ။ လက်ညိုးထိုးပြစရာ သမိုင်းအမွေအနှစ်တွေ၊ ဘာတွေလည်း မည်မည်ရရက မရှိဘူး။

သည်မောင်တွေက ပါးတယ်၊ နပ်တယ်။ စင်္ကပူရ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးဖြစ်နေတာဆိုတော့ သူတို့က နိုင်ငံခြားသားတွေကို “ငွေတွင်း”တွေအဖြစ်သာ မြင်ထားတယ်။ သူတို့ နိုင်ငံထဲကို နိုင်ငံခြားသား များများဝင်လေ၊ နိုင်ငံခြားငွေ ပိုရနိုင်လေဆိုတဲ့ အကွက်ကိုလည်း ချောင်းတယ်။
နိုင်ငံခြားသား၊ အထူးသဖြင့် အနောက်နိုင်ငံက လူတွေကမှ အားအားယားယား ကမ္ဘာလှည့်ပြီး ခရီးသွား သန်ကြတာ။ ပိုက်ဆံ ရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ဘူး။ ပိုက်ဆံ မရှိတဲ့ အနောက်တိုင်းသားကလည်း ကျောပိုးအိတ် တစ်လုံးလွယ်ပြီး ကစုတ်ကဖတ်နဲ့ ကမ္ဘာပတ်ချင် ပတ်နေတဲ့သူတွေ။ အဲဒီ့လို ကမ္ဘာလှည့်တွေကို မြှူဆွယ်စရာက စင်္ကပူရမှာ ဘာမှ သိပ်ရှိလှတာ မဟုတ်ဘူး။ ဘန်ကောက်တို့၊ ကမ္ဘောဒီးယားတို့၊ မြန်မာတို့မှာက ရှေးဟောင်းအမွေအနှစ်တွေ ရှိသလို သွားကြည့်စရာ တခြား နေရာတွေကလည်း အများသား။ စင်္ကပူရမှာတော့ အဲဒါမျိုး ဘာဆို ဘာတစ်ခုမှ မရှိဘူး။

မရှိ ဘာဖြစ်တုံး။ ကိုယ့်ဟာကိုယ် ဖန်တီးယူမှာပေါ့ဆိုတဲ့ စိတ်နဲ့ သည်မောင်တွေက စင်္ကာပူဒေါ်လာ သန်း ၂၄၀ တန် သည်ချားရဟတ်ကြီးကို ဆောက်ချလိုက်တာပ။ အကြံကတော့ အတော်ကြီးကြပေတာပဲ။

အကြံကြီးတာကတော့ မပြောနဲ့၊ အဲဒီ့ ရဟတ်စီးရင်း ညစာ စားမယ်ဆိုလည်း စားလို့ရသဗျ။ ဈေးကတော့ ခေါင်ကို ခိုက်လို့။ စုံတွဲတစ်တွဲအတွက်ဆို စင်္ကာပူ ဒေါ်လာ ၃၆၀၊ မြန်မာငွေနဲ့ဆို နှစ်သိန်းခွဲကျော်လောက် ကျမှာပါ ခင်ဗျ။ ညစာစားရင်တော့ နာရီဝက်လောက်နဲ့ မပြီးတာမို့ ရဟတ်ကို နှစ်ပတ် စီးရတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ စီးတဲ့အချိန်က နေမဝင်သေးလို့လားတော့ မသိဘူး။ အဲသလို ညစာစားဖို့ ခင်းကျင်းထားတဲ့ အိမ်ကလေးတွေမှာ လူမရှိဘူး။ အလွတ်ဖြစ်နေတာ တွေ့ရတယ်။

ပိုက်ဆံပေါတဲ့ အနောက်တိုင်းသားများဆိုတာကလည်း ညစာစားတဲ့အခါ တတ်နိုင်သမျှ ဇာချဲ့ချင်ကြတာက သဘာဝမို့ သူတို့ အကြံက အတော်လေး အထမြောက်မယ့် သဘောရှိတယ်။ ဘယ့်နှယ့်ကွယ်… ရဟတ်စီးရင်း ရှုခင်း ကောင်းကောင်းကို ခံစားရင်း၊ မြေပြင်က ပေ ၅၀ဝ လောက်အမြင့်မှာ ညစာ စားရတဲ့ အရသာဆိုတာလည်း ဘာပဲပြောပြော၊ ထူးတော့ ထူးမှာ အမှန်ပဲ။

သို့သော်လည်းတဲ့ပေါ့လေ… ဈေးကြီးလို့လားတော့ မသိဘူး။ ကျွန်တော်တို့ကိုသာ ရဟတ်ပေါ် တင်ပေးလိုက်ကြပေမယ့် ညစာကိုတော့ အဲဒီ့ ရဟတ် အဆောက်အအုံ အောက်ခြေ ကမ်းနားက ပင်လယ်စာဆိုင်မှာပဲ အကျအန ကျွေးမွေးပါတယ်။

သူတို့ ထုံးစံအတိုင်း အလျှံပယ် ကျွေးတာပါ။ ပင်လယ်စာဆိုတော့ ကျွန်တော့်မှာ အတော် ကသိကအောင့်ဖြစ်ရပြန်တယ်။ အစားသရဲဆိုတော့ ကျွန်တော့်မှာ ကြိုက်ကလည်း ကြိုက်၊ ကိုယ့်ရောဂါနဲ့ ကိုယ်ဆိုတော့ စားကလည်း မစားရဲနဲ့ အတော် ဆင်းရဲပါတယ်။ အင်း… လူစင်စစ်က ပြိတ္တာဖြစ်နေရတဲ့ ဒုက္ခပါပဲ ချစ်မိတ်ဆွေတို့ရယ်။

စင်္ကပူရအပေါ် စင်္ကာပူသူရဲ့ အမြင်

ထမင်းဝိုင်းမှာ ကျွန်တော့်ကို စင်္ကာပူ စရောက်ကတည်းက ကြိုဆိုပြီး အနားမှာ တစ်ချိန်လုံး နီးပါးရှိနေလေတဲ့ စင်္ကာပူသူလေးနဲ့ စကားလက်ဆုံကျနေပါတယ်။ သူ့အသက်က ၃၀ နားလောက်တော့ ကပ်နေပြီ ထင်တယ်။ စင်္ကာပူသူ တရုတ်အမျိုးသမီးလေးပါ။

သူက မြန်မာနိုင်ငံကို သုံး၊ လေးခေါက် ရောက်ဖူးပြီးသားမို့ သူ့နိုင်ငံ စင်္ကာပူအကြောင်း ပြောတဲ့အခါ အတော်လေး နှိမ့်နှိမ့်ချချ ပြောရှာတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဘယ်လို ကောင်းတာစသဖြင့်လည်း ပြောတတ်တယ်။ အရောင်း မြှင့်တင်ရေး ကျွမ်းကျင်သူပီပီ မိတ္တဗလဋီကာကို ပြာချ၊ ဖနောင့်နဲ့ သက်စေ့ပေါက်၊ အရည်ကျို၊ အသက်အောင့်ပြီး သောက်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်လည်း လျှောက်လဲချက်ပေးတဲ့ (အင်္ဂလိပ်လို plead လုပ်တဲ့) အတတ်ကို တတ်ကျွမ်းတဲ့ လျှောက်လဲချက်ပေးသူ ရှေ့နေ ပလီဒါ (pleader) ဘဝက လာတဲ့သူပဲဗျာ၊ ကောင်းကောင်း ပလီတတ်တာပေါ့။ ကျွန်တော်လည်း စင်္ကပူရနိုင်ငံကြီးကို ချီးမွမ်းခန်းဖွင့်တော့တာပေါ့။ (တကယ်လည်း ချီးမွမ်းစရာတွေ အများကြီး ရှိပါတယ်။ အနေကျပ်လို့ မပျော်တာကတော့ တစ်မျိုးပေါ့။)

အဲဒီ့မှာ သူက လေးလေးနက်နက် ပြန်ပြောတဲ့ စကားလေးက တော်တော်လေး စဉ်းစားစရာ ကောင်းလှပါတယ်။

“အင်း… စင်္ကာပူက ငယ်တုန်း ရွယ်တုန်း လုပ်နိုင်ကိုင်နိုင်တုန်းဆိုရင်တော့ ကောင်းပါတယ်။ အသက်ကြီးလို့ အနားယူတဲ့အခါကျရင်တော့ စင်္ကာပူက မနိပ်လှဘူး။ လူနေမှုစရိတ်က ကြီး၊ အားလုံးက သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ကာ အဲဒီ့အရွယ်ကျရင် နေအပ်တဲ့ အရပ်မဟုတ်တာလည်း အမှန်ပဲ”တဲ့ ခင်ဗျ။

မှန်ပါတယ်။ စင်္ကာပူဟာ အခုဆိုရင် ကမ္ဘာ့စရိတ်အကြီးဆုံး မြို့စာရင်းရဲ့ နံပါတ် ၁၀ မှာ ရှိပါတယ်။ အာရှတိုက်မှာဆိုရင်တော့ နံပါတ် သုံးမှာ ရှိပါတယ်။ သူ့ရှေ့မှာ ဂျပန်နိုင်ငံ တိုကျိုနဲ့ အိုဆာကာမြို့တွေပဲ ရှိတော့တယ်။

လူနေမှုဘဝတွေကလည်း သူ ပြောသလို တကယ့် စားသုတ်သုတ်၊ သွားသုတ်သုတ်နိုင်လွန်းတယ်။

အိမ်ထောင်မရှိသေးတဲ့ မိန်းမရွယ်လေးတစ်ယောက်ပေမယ့် သူ့ဘဝအမြင်၊ သူ့နိုင်ငံအပေါ် သူမြင်ပုံလေးက သူ့မှာ အမြော်အမြင် မသေးလှကြောင်း ပြဆိုနေပါတယ်။ အေးလေ… အမြော်အမြင်ကြီးမားသူများ တည်ဆောက်ထားတဲ့ လူ့ဘောင်မှာ လူဖြစ်လာရသူပေပဲကိုး။

ကျွန်တော် ခေါင်းတညိတ်ညိတ်ဖြစ်သွားရပါတယ်။

စားလို့ သောက်လို့ပြီးတော့ ကမ်းနားကို ဆင်း၊ ဆေးလိပ်ဖွာ။ အင်ဒိုနီးရှားက စာနယ်ဇင်းဆရာလေးက လိုက်လာကာ ဆေးလိပ်သောက်ရင်း ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်။

ပြီးတော့ လိုက်ပို့သူတွေထဲက တချို့က နှုတ်ဆက်ပါတယ်။

ကျွန်တော်နဲ့ လေပေးဖြောင့်နေတဲ့ စင်္ကာပူသူကလည်း အပြီးနှုတ်ဆက်ပါတယ်။ နောက်တစ်ရက်မနက်မှာ သူ ကျွန်တော့်ကို လိုက်ပို့နိုင်မှာ မဟုတ်တော့ပါဘူးတဲ့။ သို့သော် နက်ဖြန်ညမှာ ညစာစားဖို့ အဖော်မရှိရင်တော့ သူ့ဆီ တယ်လီဖုန်းသာ လှမ်းဆက်လိုက်ပါ။ သူနဲ့ အတူ စားတာပေါ့တဲ့။

ဟုတ်ကဲ့၊ လိုအပ်ရင် ဆက်သွယ်လိုက်ပါ့မယ်။ မြန်မာပြည်ကို လာရင်လည်း ကျွန်တော့်ကို အသိပေးပါ၊ ကျွန်တော် နေ့လည်စာ လိုက်ကျွေးပါ့မယ် ဘာညာပေါ့ဗျာ။
သည်လိုနဲ့ ကျွန်တော်တို့လည်း ဟိုတယ် ပြန်ရောက်ပေါ့။ တစ်ညတာ ဇာတ်လမ်းဆုံးလေပြီလို့ အောက်မေ့ရတော့မှာပ။

ကျမ်းကိုး     http://en.wikipedia.org/

(ဓာတ်ပုံတွေက လွဲရင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် [ယနေ့] ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့အတိုင်းလေးပါပဲ။)