Skip to content

Observing the Script 1

8 December 2010

တစ္ဆေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း

နိဒါန်း

၁၉၉၀ပြည့်နှစ်က ထွက်ခဲ့တဲ့ “တစ္ဆေ” (Ghost) ဆိုတဲ့ ဟောလီးဝု(ထ်) ရုပ်ရှင်ကားကို ရုပ်ရှင်ဝါသနာရှင်များ မှတ်မိကြဦးမယ် ထင်ပါတယ်။ တခြားသူတွေ အတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ ဘယ်နှခါ ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ဇာတ်ကားထဲမှာ အဲဒီ့ကားလည်း ပါပါတယ်။

အခုဆို အဲဒီ့ကား ထွက်ခဲ့တာ နှစ်ပေါင်း ၂၀ တောင် ကြာခဲ့ပါပြီ။ သို့ပေမယ့် ဒီဗှီဒီဆိုတဲ့ မီဒီယမ်တစ်ခု ပေါ်ပေါက်လာချိန်မှာလည်း အဲဒီ့ဇာတ်ကားကို အရည်အသွေးကောင်းကောင်းနဲ့ ပြန်ထုတ်ထားတဲ့အပြင် ဒီဗှီဒီမှာကျတော့ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာနဲ့ အဓိက သရုပ်ဆောင်တွေက အဲဒီ့ကား ရိုက်ကူးဖြစ်ပုံ အဖုံဖုံကို ပြောပြထားတာလေးတွေပါ ကြည့်ရကြားရတယ်။
ကျွန်တော့်ဆီမှာ အဲဒီ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို အကြမ်းဖျင်း ခွဲခြမ်း စိတ်ဖြာလေ့လာထားတဲ့ စာတန်းတစ်စောင် ရှိနေတာ ကြာတောင့်ကြာလှပါပြီ။ ရေးမယ်၊ ရေးမယ်နဲ့ စိတ်သာကူးဖြစ်ပြီး မရေးဖြစ်သေးတာပဲပေါ့။

အဲဒါလေးကို အခုတော့ ရေးဖြစ်အောင် ကြိုးစားရေးလိုက်ရပါပြီ။ ဇာတ်ညွှန်းကို ခွဲခြမ်းစိတ်ဖြာမကြည့်ခင် သည်ဇာတ်ကားရဲ့ ပေါက်မြောက်မှုကို အရင် ပြောချင်ပါတယ်။ အဲဒီ့ကားနဲ့ လူမည်းသရုပ်ဆောင် “ဟူပီ ဂိုး(လ်)ဘာ့(ခ်)”က ဇာတ်ပို့ သရုပ်ဆောင်ဆု ရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ့ကားအတွက် ဇာတ်ညွှန်းဟာလည်းပဲ မူရင်းဇာတ်ညွှန်း (ဝါ) ရုပ်ရှင်ရိုက်ဖို့ရေးတဲ့ ဇာတ်ညွှန်းသက်သက်အနေနဲ့ အော်စကာဆု ရရှိခဲ့တာပါပဲ။

အော်စကာဆုပေးတဲ့အခါ ဇာတ်ညွှန်းဆု နှစ်ဆုပေးပါတယ်။ တစ်ဆုက “တစ္ဆေ”ဇာတ်ကားရဲ့ ဇာတ်ညွှန်းလို မူရင်းဇာတ်ညွှန်းအတွက် ပေးတာပါ။ နောက်တစ်ဆုကကျတော့ ပွားဇာတ်ညွှန်း (ဝါ) ပုံနှိပ်ဖော်ပြပြီးသား ဇာတ်လမ်းတစ်ခုကို ဇာတ်ညွှန်းအသွင်ပြောင်းလိုက်တာအတွက် ပေးတာဖြစ်ပါတယ်။

ရုပ်ရှင်ပညာကို လေ့လာလိုက်စားနေသူ လူငယ်များအတွက် တစ်နည်းတစ်ဖုံ အသုံးတည့်တန်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်ပါးပါးလေးနဲ့ အဲဒီ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဖွဲ့ထားပုံနဲ့ သုံးသပ်ချက်များကို တင်ပြလိုက်ချင်ပါတယ်။
တင်ပြရာမှာ ဇာတ်ညွှန်းကို အတိအကျ ပြန်ယူနေရင် တအား ရှည်သွားမှာ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းရဲ့ အဓိကကျတဲ့ အပိုင်းတွေကိုသာ အခန်းစဉ်အလိုက် ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကို စာလုံးစောင်းများနဲ့ ဖော်ပြထားပြီး သုံးသပ်ချက်များကိုတော့ ပုံမှန်စာလုံးနဲ့ အရောင်ခွဲ ဖော်ပြထားပါတယ်။

ဇာတ်ညွှန်းကို သုံးသပ် တင်ပြချက်အဆုံးမှာတော့ အဲဒီ့ကားနဲ့ပတ်သက်ပြီး ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်များရဲ့ ဆွေးနွေးချက်များကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်။

ဒါမှလည်း သည်ဇာတ်ညွှန်းဆရာ သည်ဇာတ်ကို ဘယ်လို စဉ်းစားမိသွားပြီး ဘယ်လို ရေးဖွဲ့ဖြစ်တယ်ဆိုတာကို သိနိုင်အောင်လို့ပါ။

ကဲ… ဆက်လက် ဖတ်ရှုတော်မူကြပါကုန်။

“တစ္ဆေ”ဖွဲ့စည်းတည်ဆောက်ပုံ

အဖွင့်

ဇာတ်ဖွင့်ဖွင့်ချင်းမှာ စာတန်းထိုးပါတယ်။ အဲဒီ့အချိန်မှာ ကင်မရာရိုက်ချက်က ယိမ်းထိုးနေတယ်။ အလင်းပေးထားတာက ဖွယ်နေတယ်။ အရုပ်တွေက ဖုန် အလိမ်းလိမ်းနဲ့။ သစ်သား အကွဲစတွေ ကြားကနေ တောက်ပတဲ့ အလင်းတန်းတွေ ဝင်နေတယ်။ ခြုံပြထားတဲ့ ရိုက်ချက်တွေပါတယ်။ နောက်ဆုံးမှာ မှောင်ကျသွားတယ်။ အဲဒီ့အပြတွေနဲ့အတူ စာတန်းထိုးသွားတယ်။


သည်အဖွင့် စာတန်းထိုးကို ပြရာမှာ အရောင်အားဖြင့် ပယင်းရောင်နဲ့ အပြာ ရောင်ကဲနေတယ်။

အရုပ်တွေက လူရုပ်တွေမဟုတ်ဘူး။ ကင်မရာလှုပ်ရှားပုံက စိတ္တဇဆန်တယ်။ သည်အပြကြောင့် ကြည့်သူမှာ ဘာတွေလဲဆိုတာကို သိချင်လာအောင် နှိုးလိုက်သလို ဖြစ်သွားပါတယ်။

အရောင်ရဲ့ သဘောကကျတော့ ပယင်းရောင်ဟာ သတိထားရမယ်ဆိုတဲ့ အနက်ထွက်နေတယ်။ အပြာရောင်က အလွမ်း။ ဇာတ်ကား စဖွင့်ကတည်းက သည်ကားဟာ သတိထားရမယ့် အလွမ်းကားဆိုတဲ့ နိမိတ်ပုံကို အဲဒီ့အရောင်တွေနဲ့ တစ်ခါတည်း ပြချလိုက်တယ်။
ရုပ်ရှင်ဆိုတာဟာ အရုပ်နဲ့ အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို မှန်အောင် ပစ်ရတဲ့ အနုပညာပါ။ ပန်းချီမှာက အရောင်နဲ့ အရိပ်ကို သုံးတယ်၊ စာပေမှာက ဝေါဟာရ၊ ဝါကျဖွဲ့စည်းပုံ၊ အလင်္ကာ၊ ဥပစာစတာတွေကို သုံးတယ်။ ဂီတမှာက တေးသွားနဲ့ တူရိယာသံများကို သုံးပါတယ်။ ရုပ်ရှင်ကျတော့ အဲဒါတွေ အားလုံးကို ပေါင်းထားတာ။ ပန်းချီသဘောလည်းပါတယ်၊ ဇာတ်ကောင်တွေရဲ့ ပြောစကားမှာက စာပေသဘောလေး အထိုက်အလျောက် ပါတယ်။ နောက်ခံမှာက ဂီတဖွဲ့စည်းမှုပါတယ်။ ဓာတ်ပုံပညာနဲ့ ကားကူးကားဆက်ကလည်း ရုပ်ရှင်ကို ဖွဲ့စည်းတည်ဆောက်ယူရာမှာ အဓိကကျတဲ့ ပညာရပ်တွေဖြစ်လာတယ်။

“တစ္ဆေ”ဇာတ်ကားရဲ့ ဇာတ်အဖွင့် စာတန်းစထိုးချိန်မှာကိုပဲ ဒါရိုက်တာက သည်ရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲ၊ ဘယ်လို ဇာတ်လမ်းမျိုးလဲဆိုတဲ့ နိမိတ်ကို စပေးနေပါပြီ။ ပရိသတ်ကို ဖမ်းစားဖို့ စတင်ကြိုးစားနေပါပြီ။ သို့ပေမယ့် ပရိသတ် ဆိုတာမျိုးက စာတန်းထိုးနေရင် ရုပ်ရှင်ထဲကို သိပ်အာရုံ ဝင်စားသေးတာ မဟုတ်ဘူး။ အခုမှ ရုပ်ရှင်ရုံထဲ ဝင်ထိုင်ခါစ၊ အသားကလည်း တယ်ကျချင်သေးတာ မဟုတ်ဘူး။ အဲတော့ ဒါရိုက်တာက နောက်တစ်ဆင့် ထပ်တက်လိုက်တယ်။

မျက်နှာကျက်ကို ရုတ်တရက် ရိုက်ခွဲလိုက်တယ်။

အပြက အထိတ်တလန့်နိုင်တယ်။ အသံက အုံးခနဲဆိုတော့ ပရိသတ် လှုပ်ရပြီ။ အာရုံကို ပိတ်ကားဆီ မစိုက်ချင်လည်း စိုက်လိုက်ကြရအောင် လုပ်လိုက်ပါပြီ။
အဲတော့မှ ဇာတ်ကို စတည်ပါတယ်။

နေ့အတွင်း – တိုက်ခန်းထဲမှာ

“ဟာ… ကောင်းလိုက်တာ။ အပေါ်မှာ ခုနစ်ပေ၊ ရှစ်ပေလောက်တောင် ရှိသေးတယ်”လို့ မော်လီက ပြောလိုက်တယ်။

ဆယ်(မ်)ကလည်း ပြောလိုက်ပါတယ်။ “ဖုန်ကလည်း နှစ်ပေါင်းရှစ်ဆယ်စာ လောက် ရှိမှာကွဲ့…”

လူငယ်သုံးယောက် အတူတွဲပြီး တူကြီးတွေနဲ့ ထုကာ နံရံတွေကို ဖြိုချနေကြတယ်။ မော်လီက “တစ်၊ နှစ်၊ သုံး…”လို့ တိုင်ပေးလိုက်တဲ့အခါမှာ အားလုံး တစ်ပြိုင်နက်တည်း ထုလိုက်ကြတယ်။

နံရံကို ဖြိုချနေရင်းနဲ့ သုံးယောက်သား ညီညီညာညာ အလုပ်လုပ်နေကြတယ်၊ တစ်ယောက်ကိုတစ်ယောက် ယုံယုံကြည်ကြည်ရှိကြတယ်ဆိုတာကို ဖော်ကျူးတဲ့ အပြပါ။ သည်အပြနဲ့တင် သူတို့သုံးယောက်ကြားက စည်းနှောင်မှုကို ခိုင်မာသွားအောင် လုပ်လိုက်ပါပြီ။

ကြိုးပေးသတ်တဲ့အခါ ကွင်းလျှော လုပ်ထားတဲ့ ကြိုးကွင်းနဲ့ဆင်ဆင် သံကြိုးကွင်းကြီးတစ်ခုဟာ ဆယ့်(မ်)ဆီကို  မထင်မှတ်ဘဲ ရောက်လာတယ်။ ဆယ်(မ်)က ဖမ်းလိုက်တယ်။ ပြီးတော့မှ ထိန်းပြီး အသာလွှတ်ပေးလိုက်တော့ သံကြိုးကြီးက မော်လီ့ဆီကို အသာအယာ လွှဲသွားတယ်။ “သတိထားနော်”လို့ မော်လီ့ကို ဆယ်(မ်)က လှမ်းပြောလိုက်တယ်။

သည်အပြက ဆယ့်(မ်)ကို ရိုက်ခတ်လာတော့မယ့် သေခြင်းတရားကို စပြတာပါပဲ။ တစ်ဖက်ကလည်း ဆယ်(မ်)ဟာ မော်လီ့ကို ကယ်တင်နိုင်အောင် ကြိုးစားသွားမယ့်သူပဲ ဆိုတာကိုပါ တစ်ခါတည်း ပြချလိုက်ပြန်တာပါ။

“မင်းတို့နှစ်ယောက် သည်အခန်းကို မနက်ဖြန်ပြန်ရောင်းလိုက်ပါလား။ နှစ်ဆ ပြန်ရနိုင်တယ်ကွ”လို့ ခါး(လ်)က ပြောလိုက်တယ်။

“ခါး(လ်)ရယ်၊ ရှင်က အရမ်း မက်တာပဲနော်”လို့ မော်လီက ပြန်ပြောတယ်။

သည်ပြကွက်နဲ့ ခါး(လ်)ရဲ့ ငွေမက်တဲ့စရိုက်ကို တစ်ချက်တည်း တန်းဖော်လိုက်ပါတော့တယ်။ နောက်ပိုင်းမှာပြမယ့် ခါး(လ်)ရဲ့ စရိုက်အတွက် ဇာတ် စဖွင့်ကတည်းက ခိုင်အောင် တည်ထားလိုက်တာပါ။ အမှတ်တမဲ့လိုလို ဘာလိုလို နဲ့ သည်စကားပြောခန်းလေး နှစ်ကြောင်းက အများကြီး တာသွားနေပါတယ်။

ဆယ်(မ်)က စားပွဲပေါ်မှာ ရှိနေတဲ့ ခေါင်းဖြတ် ဓားစက်ပုံစံတစ်ခု ရှေ့မှာ ရပ်နေတယ်။

ဒါက သေခြင်းတရားရဲ့ နောက်ထပ် နိမိတ်ပုံအပြပါပဲ။

ဆယ်(မ်)က ဖန်ပုလင်းလွတ်တစ်လုံးထဲက ဒင်္ဂါးတစ်ပြားကို တွေ့သွား တယ်။ “ဒေသခံအင်ဒီယန်းခေါင်းနဲ့ ပဲစေ့ပဲ။ ၁၈၉၈ခုနှစ်တဲ့”လို့ သူပြောလိုက်တယ်။
“နိမိတ်ကောင်းပဲ”လို့ မော်လီက ပြောလိုက်ပြန်တယ်။

သည်ဒင်္ဂါးပြားဟာ နောက်ပိုင်းမှာ အရေးကြီးတဲ့ ဇာတ်ဝင်ပစ္စည်း ဖြစ်လာပါတော့မယ်။ နောက်ပိုင်းမှာ မော်လီ့စိတ်ခံစားမှုအခြေအနေကို ဖော်ကျူးရာမှာ သည်ဒင်္ဂါးကို ပြန်သုံးတော့မှာပါ။

မော်လီနဲ့ ဆယ်(မ်)တို့ ဖက်လိုက်ကြတာကို ခါး(လ်)က နောက်ကနေ တူကြီး ထမ်းပြီး ကြည့်နေတယ်။

ပေးလိုက်ပြန်ပြီ၊ နောက်ထပ် နိမိတ်ပုံတစ်ခု။ ခါး(လ်)ဟာ သည်နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွင်းမယ့်သူအဖြစ် အခုကတည်းက ကြိုပြလိုက်တဲ့ ပြကွက်ပါပဲ။

နေ့အပြင် – ဝေါ(လ်) စထြိ(ထ်)လမ်းမပေါ်

အလုပ်သွားနေကြတဲ့လူတွေနဲ့ အခန်းပြောင်းပြကွက် (establishing shot)ပါ။ ခါး(လ်)နဲ့ ဆယ်(မ်)တို့က မြေအောက်ရထား ဘူတာရုံ ထွက်ပေါက်က တက်လာကြတယ်။ အလုပ်အကြောင်း ပြောလာကြတယ်။ ဆယ်(မ်)က ဂျပန် လုပ်ငန်းရှင်တွေနဲ့ အလုပ် ဖြစ်ဖို့ စိတ်စောနေတယ်။ ခါး(လ်)က အဆင်ပြေမှာပါလို့ ပြောပြီး ဆယ့်(မ်)ကို အားပေးတယ်။ ပြီးတော့ ဆယ့်(မ်)ပခုံးကိုတောင် ဖက်လိုက်သေးတယ်။

ခါး(လ်)က ဆယ့်(မ်)အပေါ် ဖေးဖေးမမနဲ့ ခင်ခင်မင်မင်ရှိတာကိုပြတဲ့ အမူအရာ။

ခါး(လ်)က ဆယ်(မ်) ဝတ်လာတဲ့ ဘောင်းဘီ သိုင်းကြိုးက တင့်တယ်လှတဲ့အကြောင်း ချီးမွမ်းလိုက်တယ်။ ဆယ်(မ်)က  အဲဒီ့သိုင်းကြိုးကို မော်လီ ဝယ်ပေးတာလို့ ပြန်ပြောတယ်။

သည်ပြကွက်နဲ့ ခါး(လ်)ဟာ မိတ်ဆွေကောင်းတစ်ယောက်၊ ယုံကြည်ထိုက်သူတစ်ယောက်လို့ ပရိသတ် စွဲသွားအောင် ပန္နက်ချလိုက်ပြန်ပါတယ်။ တစ်ဖက်ကလည်း ဆယ်(မ်)နဲ့ မော်လီတို့နှစ်ဦးကြားက သံယောဇဉ်အတိုင်းအဆကိုလည်း သိုင်းကြိုးကို မော်လီဝယ်ပေးတာဆိုတဲ့ စကားနဲ့ အမှတ်တမဲ့လိုလို ဖော်ကျူးလိုက်ပြန်တယ်။ အမှန်တော့ တမင်ကို ရွေးချယ်စီရင်ထားတဲ့ စကားတွေပါပဲ။

ခါး(လ်)က လမ်းဘေးမှာ ရပ်ထားတဲ့ အပျံစား ပြိုင်ကလေးတစ်စီးကို မြင်သွားတယ်။ အဲဒီ့ကားကို သွားရည်ကျနေတယ်။ “လှလိုက်တဲ့ကားကွာ”တဲ့။

“အကြွေးနဲ့ ဝယ်ထားတဲ့ မင့်ကားဖိုးပဲ အရင်ကျေအောင် ဆပ်ပါဦးကွာ”လို့ ဆယ်(မ်)က ခါး(လ်)ကို ပြောတယ်။

သည်မှာလည်း ခါး(လ်)ရဲ့ ပိုက်ဆံမက်မှု၊ အဖိုးတန်ပစ္စည်းတွေကို အာသာငမ်းငမ်း ဖြစ်တတ်မှုများကို ထပ်ပြလိုက်ပြန်တယ်။

သည်မှာတော့ လဲ(န်)ခရူဇာလို လမ်းကြမ်းသုံးကားမျိုးကသာ ဈေးခေါင်အခိုက်ဆုံးဖြစ်နေပြီး ငွေရှိသူများ ဂုဏ်တဝင့်ဝင့်စီးနေကြတဲ့ ကျွန်တော်တို့ဆီက ရွှေတွေအတွက် နားလည်ရ နည်းနည်း ခက်နိုင်ပါတယ်။ တကယ့်တကယ် အနောက်နိုင်ငံတွေမှာ တန်ဖိုးကြီးတာက ကျွန်တော်တို့ ရွှေတွေရဲ့နားမှာ မယဉ်ပါးလှတဲ့ နာမည်ကျော် ကားကုမ္ပဏီကြီးများက ထုတ်လုပ်သော ပြိုင်ကားလှလှတွေပဲ ဖြစ်ပါတယ်။ အခု ပြလိုက်တဲ့ကားလေးကလည်းပဲ “ထက်စထာ ရိုဇာ”ဆိုပြီး ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ တန်ဖိုးကြီး ကားလေးတစ်စင်း ဖြစ်နေပါတယ်။

ပြောချင်တာက ရုပ်ရှင်မှာ ပြသမျှ အရာတိုင်းဟာ သူ့အဓိပ္ပာယ်လေးနဲ့သူ ရှိနေတာကိုပါ။ ဘယ်ပစ္စည်း၊ ဘယ်ပြကွက်ကိုမှ အလဟဿ ပြမသွားပါဘူး။

ကြည့်လို့ကောင်းနေလို့၊ လှနေလို့၊ ဆန်းနေလို့ ပြတာမဟုတ်ဘဲ ကိုယ်ရိုက်ပြမယ့် ဇာတ်ကားတစ်ကားလုံးအတွက် အထောက်အပံ့ဖြစ်နေအောင် ပြသွားတာချည်းသာ ဖြစ်ပါတယ်။

နေ့အတွင်း – ဓာတ်လှေခါးထဲမယ်

စီးပွားရေးသမားတွေနဲ့ ပြည့်နေတဲ့ ဓာတ်လှေခါးထဲကို ဆယ်(မ်)နဲ့ ခါး(လ်) တို့ ဝင်လိုက်ကြတယ်။ ဓာတ်လှေခါးထဲက လူတွေကို ခါး(လ်)က ဆယ့်(မ်) အကူအညီနဲ့ နောက်ပါတယ်။ ခါး(လ်)က ချောင်းတဟွတ်ဟွတ် ဆိုးပြီး ဆယ့်(မ်) ကို ပြောတယ်။ သူ့မှာ ကူးစက်ရောဂါတစ်ခုဖြစ်နေတယ်တဲ့။ သူ့ရောဂါက အလွန် ကူးစက်မြန်တဲ့အတွက် အပြင်မထွက်ဖို့တောင် ဆရာဝန်က သူ့ကို မှာထားတယ်၊ ဘယ်သူ့ကိုမှလည်း မထိမိစေနဲ့လို့လည်း မှာထားတယ်လို့ ပြောတယ်။ ပြီးတာနဲ့ သူ့ရှေ့မှာ ရပ်နေသူတစ်ဦးရဲ့ပခုံးကို သူ လှမ်းတို့လိုက်တယ်။ ဆက်ပြောပြန် တာက ခါး(လ်)မှာ ရှိနေတဲ့ အနီဖုတွေနဲ့ အဲဒီ့အဖုတွေက မပြောကောင်းတဲ့နေရာအထိ ပျံ့နေကြောင်းပါ။ ဓာတ်လှေခါးထဲမှာ ရှိသမျှ လူအားလုံး စိုးရိမ်တကြီး ဖြစ်ကုန်ကြတယ်။ သူတို့ဆီ ရောဂါများ ကူးလာလေမလားလို့ ပူနေတဲ့ ပုံပန်းများနဲ့။

သည်လို နောက်တာဟာ လူတိုင်းကို မသက်မသာဖြစ်စေနိုင်တာမျိုးပါ။ သည်ပြကွက်နဲ့တင် ခါး(လ်)ရဲ့ ဟာသဓာတ်ခံသာမက သူဟာ တခြားသူတွေရဲ့ ခံစားချက်ကို နည်းနည်းမှ ထည့်တွက် ငဲ့ကွက်တတ်သူမျိုး မဟုတ်ကြောင်းကို ဖော်ကျူးပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ နောက်ပိုင်းမှာ ခါး(လ်)ဆက်လက် လုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အတွက် ကြိုတင်ပြီး အတိတ်စိမ်း ပေးထားတာပါ။

သည်ပြကွက်မှာလည်း ဆယ်(မ်)က ခါး(လ်) ဗရုတ်ကျနေတာကို အလိုက်သင့် အမူအရာများနဲ့ တုံ့ပြန်ပေးခြင်း၊ စကားထောက်ပေးခြင်းအားဖြင့် သူတို့ နှစ်ယောက်ကြားက ရဲဘော်ရဲဘက်သဖွယ် ကိုယ်ရင့်တတူ ရင်းနှီးမှုကို ပန္နက်ချလိုက်ပြန်ပါတယ်။

နေ့အတွင်း – ရုံးထဲမှာ

ခါး(လ်)နဲ့ ဆယ်(မ်)တို့ ရုံးထဲကို ဝင်လာကြတယ်။ ဆယ်(မ်)က အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဆူဇန်နဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တယ်။ ရုံးခန်းရဲ့ ကြမ်းကို အပြာရောင်ကော်ဇောတွေ ခင်းထားတယ်။ ဆယ့်(မ်)ရဲ့ အတွင်းရေးမှူးက ဆယ့်(မ်)အတွက် ကော်ဖီယူလာပေးရင်းနဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေ ရောက်နှင့်နေတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဆယ့်(မ်)မှာက အဲဒီ့နေ့မနက် ဆယ်နာရီမှာတင်ပဲ တခြားစီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်ဆီကို ဒေါ်လာ ကိုးသိန်းလွှဲဖို့ ရှိနေတယ်။ သည်ဘက်မှာကလည်း ဂျပန်တွေ ရောက်နေတော့ သူ့မှာ အကျပ်ရိုက်နေတာမို့  အဲဒီ့ငွေလွှဲတဲ့ကိစ္စကို သူ့ကိုယ်စား ခါး(လ်)က လုပ်ပေးဖို့ ပြောလိုက်တယ်။ ခါး(လ်)က လုပ်ပေးပါ့မယ်တဲ့။

သို့ပေမယ့် အဲသလို ငွေလွှဲဖို့အတွက် ကွန်ပျူတာက ဝှက်စာတော့ လိုတယ်။ အဲဒီ့ဝှက်စာကို ဆယ်(မ်)က ခါး(လ်) ကို ပေးလိုက်ပါတယ်။ ပြီးတော့ “မင်း တစ်ယောက်ပဲ သိပါစေနော်”လို့ ပြောလိုက်တယ်။ ခါး(လ်)က “စိတ်ချပါ”တဲ့။

တစ်ကွက်တည်းနဲ့ ဆယ်(မ်)နဲ့ ခါး(လ်)တို့ရဲ့ အလုပ်ခွင်၊ သူတို့နှစ်ယောက် တာဝန်ယူနေရတဲ့ အလုပ်သဘာဝစတာများကို ထိထိမိမိ ပြချလိုက်ပါတယ်။

ရှေ့အခန်းမှာက အမေရိကန်ပြည်ထောင်စု၊ နျူးယော့(ခ်)မြို့က အထင်ကရဖြစ်တဲ့ ဝေါ(လ်)စထြိ(ထ်)ဆိုတဲ့ လမ်းပေါ်မှာ သူတို့နှစ်ယောက် လျှောက်လာကြပုံကို ပြထားပါတယ်။ ဝေါ(လ်)စထြိ(ထ်)ဆိုတာက အစုရှယ်ယာ ဈေးကွက်ကြီးအပါအဝင် နိုင်ငံရဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းများ ရုံးစိုက်တဲ့လမ်းပါ။ သည်လမ်းအတိုင်း ရုံးတက်ဖို့ လာကြတာကို ပြလိုက်ခြင်းအားဖြင့် သူတို့နှစ်ဦးရဲ့ အလုပ် သဘာဝကို စပြထားလိုက်ပါတယ်။ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းတွေပဲဆိုတာကို အဲဒီ့လမ်းအတိုင်း လျှောက်လာကြတာနဲ့ ကြိုပြထားခဲ့ပါတယ်။

အခုတစ်ခါ ရုံးအတွင်းပိုင်းကို ပြလိုက်ပြီး သူတို့ အလုပ်ရဲ့အနေအထားကို ခိုင်မာအောင် ထပ်ပြလိုက်ပြန်တယ်။ တစ်ဆက်တည်းမှာ အတွင်းရေးမှူးက ကော်ဖီ ယူလာပေးရတဲ့ ဆယ့်(မ်)ရဲ့ ရာထူးအနေအထားကိုလည်း ပြလိုက်ပြန်တယ်။

အဲဒီ့အပြတွေကြားမှာပဲ ဇာတ်ကို ဆက်ချိတ်လိုက်တယ်။ အတွင်းရေးမှူးက ဂျပန်လုပ်ငန်းရှင်တွေ ရောက်နှင့်နေကြောင်းကို ပြောလိုက်တယ်။ ရှေ့အခန်းမှာ ဆယ်(မ်)က အဲဒီ့ ဂျပန်တွေနဲ့ အလုပ်ဖြစ်အောင် လုပ်ချင်နေတာကို စကားနဲ့ ဖော်ပြီးသား။ တစ်ဆင့်ထပ်တိုးလိုက်တာက အဲဒီ့အချိန်နဲ့ မရှေးမနှောင်းမှာ ငွေ ကိုးသိန်း လွှဲဖို့ အကြောင်းပေါ်နေတာ။ ဒါကို ဆယ်(မ်)က အချိန်မီ မလုပ်နိုင်မှာ စိုးလို့ ခါး(လ်)ကို ခိုင်းရပြီ။ ခိုင်းတဲ့အခါမှာ ငွေအများကြီးနဲ့ လုပ်ရမှာမို့ ဝှက်စာ ဂဏန်းက လိုတယ်။ လိုတော့ ခါး(လ်)ကို ပေးလိုက်တယ်။ ပေးရင်းနဲ့ ဘယ်သူမှ မသိစေနဲ့ဆိုတဲ့စကားကို ပြောလိုက်တယ်။ ဝှက်စာရဲ့ အရေးကြီးပုံကို ထင်ရှားအောင် ပြတဲ့သဘော။

သည်မှာလည်း ခါး(လ်)အပေါ် ဆယ့်(မ်)ရဲ့ ယုံကြည်မှုကို အခိုင်အမာ ပြလိုက်ပြန်တယ်။ ပရိသတ်အနေနဲ့ကလည်း အခုအထိ မြင်ထားရသမျှဆိုရင် သူတို့ နှစ်ယောက်ဟာ ဆိုးတိုင်ပင်ကောင်းတိုင်ပင် သူငယ်ချင်းတွေပဲလို့ ခံစားနေကြရပါပြီ။ ဇာတ်အတွက်အရေးကြီးလှတဲ့ပန္နက်များကို ဆက်ခါ ဆက်ခါချနေတာပါပဲ။

နေ့အပြင် – တိုက်ခန်း

မော်လီနဲ့ ဆယ်(မ်)တို့ရဲ့ တိုက်ခန်းသစ် ပြတင်းဆီကို လမ်းပေါ်ကနေ နတ်သမီးရုပ်တုတစ်ခု မ တင်နေတာပါ။ အရုပ်က ကိုယ်စောင့်နတ်သမီး သစ်သားရုပ် ဖြစ်ပြီး လက်နှစ်ဖက်က ရင်ဘတ်မှာ ယှက်ထားပါတယ်။ နတ်သမီးရဲ့ မျက်နှာကကျတော့ ရင်ကွဲပက်လက်ဖြစ်နေသလို မျက်နှာမျိုးနဲ့။

အလုပ်သမားတွေက အဲဒီ့ရုပ်တုကို ပြတင်းဆီရောက်အောင် မပို့နိုင် ဖြစ်နေတယ်။ ရုပ်တုက ပြတင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ မော်လီက ပြတင်းဘောင်ပေါ် တက်ရပ်လိုက်ပြီး အဲဒီ့ရုပ်တုကို လှမ်းဆွဲဖို့ ကြိုးစားတယ်။ အဲဒီ့အချိန်မှာ ဆယ်(မ်)က ချပ်ထူပုံးတွေ သယ်ပြီး အခန်းထဲကို ဝင်လာပါတယ်။

မော်လီက သူ့ကိုယ်သူ အန္တရာယ်များအောင် လုပ်နေပုံကို ပေါ်လွင်စေတဲ့ ပြကွက်ပါပဲ။ ရုပ်တုကို လှမ်းဆွဲရင်းက အရှိန်လွန်ပြီး အောက်ကို ပြုတ်ကျသွားနိုင်တယ်လေ။ နောက်ပိုင်းမှာ မော်လီ့အပေါ် ကျရောက်လာတော့မယ့် အန္တရာယ်များရဲ့ အငွေ့အသက်ကို ကြိုပြလိုက်ပြန်တာပါ။

ဆယ်(မ်)က မော်လီ့ကို နောက်ကနေ လှမ်းဆွဲလိုက်ပြီး “ကိုယ့်အသက်တော့ ကိုယ်သနားပါဦး မမရယ်”လို့ ပြောလိုက်တယ်။ သူတို့ရဲ့နောက်မှာက နတ်သမီးက သူတို့ကို ငေးကြည့်နေဘိသကဲ့သို့။

သည်မှာလည်းပဲ သေခြင်းရနံ့ရယ်၊ ဆယ်(မ်)က မော်လီ့ကို မဖြစ်မနေ ကယ်တင်လိုစိတ်ရယ်ကို ပြလိုက်ပြန်ပါတယ်။

ဆယ်(မ်)က ပြတင်းဘောင်ပေါ် ခုန်တက်လိုက်ပြီး အပေါ်တန်းကို ကိုင်ကာ သူ့ကိုယ်ကို လွှဲလိုက်ရင်း နတ်သမီးရုပ်ကို ခြေထောက်နဲ့ ကန်လိုက်တယ်။ ရုပ်တုက အရှိန်နဲ့ ပြတင်းဆီ ပြန်လွင့်လာတော့မှ ဖမ်းဆွဲပြီး အခန်းထဲကို သွင်းတယ်။ ခါး(လ်)လည်း အခန်းထဲရောက်လာပြီး ရုပ်တုကို အခန်းထဲ ရောက်အောင် ကူသယ်ပေးပါတယ်။

ဆယ်(မ်)တို့အပေါ်မှာ ကူညီဖေးမတတ်တဲ့ ခါး(လ်)ပဲဆိုတာ ပရိသတ် ပိုယုံလာအောင် ပြလိုက်တာ ဖြစ်ပါတယ်။

ပစ္စည်းသယ်သူတစ်ယောက်က ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်ကို သယ်ပြီး အခန်းထဲကို ဝင်လာပြန်တယ်။ မှန်ထဲမှာတော့ တုန်လှုပ်ခြောက်ခြားနေပုံရတဲ့ နတ်သမီးရုပ်ကို ခါး(လ်)က မော်ကြည့်နေတယ်။ အမှတ်တမဲ့ဆိုရင် နတ်သမီး ကပဲ ခါး(လ်)အတွက် ဆုတောင်းပေးနေသလိုလို။

ခါး(လ်)က တိုက်ခန်းသစ်ကို သဘောတွေကျနေတယ်။ မော်လီက သူ့အနု ပညာလက်ရာတွေ ခါး(လ်)ကို ပြတယ်။ အဲဒီ့ ပုံသဏ္ဍာန်တွေက နတ်သမီးရုပ်တုနဲ့ တခြားစီပါ။

အဲဒီ့ မော်လီ့လက်ရာတွေကြောင့် နတ်သမီးရုပ်နဲ့ သည်ပတ်ဝန်းကျင်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာ ပိုပြီး မြင်သာလာတယ်။

မော်လီက အခန်းထဲကိုရောက်နေတဲ့ သားရေဖုံးနဲ့ လက်တန်းပါ ဇိမ်ခံ ကုလားထိုင်ကို တွေ့သွားတယ်။ ဘာ့ကြောင့် သယ်လာရတာတုံးလို့ သူက ဆယ့်(မ်)ကို မေးလိုက်တယ်။ “ကိုယ်သွားလေရာ ပါရမယ့်ဟာပဲလေ”လို့ ဆယ်(မ်)က ပြန်ဖြေတယ်။

“ဒါဆိုလည်း ဆေးအသစ်သုတ်ရမှာပေါ့”လို့ မော်လီက ပြန်ပြောတယ်။

“ဆေးအသစ်သုတ်ရမယ်၊ ဟုတ်လား”လို့ ဆယ်(မ်)က ပြန်ပြောတယ်။

နှစ်ယောက်သား ကျီစယ်နေကြပုံနဲ့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြပုံကို ဖော်ကျူးလိုက်ပြန်တာ ဖြစ်ပါတယ်။

သည်မှာလည်း ယဉ်ကျေးမှု ဓလေ့ထုံးစံက ရှိနေပြန်ပါတယ်။ မြန်မာရဲ့ ပက်လက်ကုလားထိုင်နဲ့ နီးစပ်မလားပဲ။ ပက်လက်ကုလားထိုင်ဆိုတာ လာသမျှ ဧည့်သည် တက်ထိုင်လေ့ မရှိဘူး။ အိမ်သားတွေလည်း ထိုင်ခဲတယ်။ အိမ်သားထဲမှာမှ တစ်ဦးတစ်ယောက်တည်းက သတ်သတ်မှတ်မှတ် စွဲစွဲမြဲမြဲထိုင်တာ။ တစ်နည်းပြောရရင် အဲဒီ့ပက်လက်ကုလားထိုင်မှာ ပိုင်ရှင်ပုံသေ ရှိတယ်။

သူတို့ယဉ်ကျေးမှုမှာလည်း လက်တန်းပါ ဇိမ်ခံကုလားထိုင်ကို အဲလိုမျိုး သုံးတတ်ကြတယ်။ သားရေဖုံးနဲ့၊ ဆိုဖာအိအိနဲ့ ကျကျနန လုပ်ထားတာ။ ခြေတင်မယ် ဆိုရင်တောင် တင်လို့ရအောင် တစ်နည်းတစ်ဖုံ စီမံထားသေးတာပ။ အဲဒါလည်း ပက်လက်ကုလားထိုင်နည်းတူ တစ်ယောက်တည်းက သတ်သတ်မှတ်မှတ် ထိုင်တယ်။ အိမ်မှာ တခြား အိမ်ထောင်ပရိဘောဂ ရှိချင်မှ ရှိမယ်၊ ဒါပေမယ့် အဲဒါလေးတစ်လုံးကတော့ အိမ်ရှင့်အတွက် သတ်သတ်ထားတတ်ကြပါတယ်။

ဆယ်(မ်)က အရွယ်ရောက်နေပြီ။ သူ့ဟာသူ တစ်ကိုယ်ရေ တကာယ နေတုန်းကလည်း အဲဒါလေးနဲ့ နေခဲ့တယ်။ အခု မော်လီနဲ့ အတူနေတဲ့ဘဝကို ရောက်တော့လည်း အဲဒီ့ကုလားထိုင်က ပါလာတယ်။ မော်လီက အဲဒီ့ ကုလားထိုင်က အိုမင်းဟောင်းနွမ်းနေပြီမို့ ကြည့်လို့က တယ်မရချင်တော့ဘူး။ ဆယ်(မ်) ကကျတော့လည်း သူ့ကုလားထိုင်အိုလေးကို မခွဲနိုင်မခွာရက်။

ဒါလေးကို နှစ်ယောက်သား ကျီစားရင်း ပြောလိုက်တာလေးက အပြန်အလှန်စကားလေး သုံးခွန်းထဲနဲ့။ သူတို့ရဲ့ တစ်ယောက်အကြိုက်တစ်ယောက် လိုက်ပြီး ချစ်နိုင်မှုကို ဖော်ကျူးလိုက်တာ။

ညအတွင်း – အိပ်ခန်း

စပြကတည်းက ပယင်းရောင်နဲ့ အပြာရောင်တွေကို သိပ်သိပ်သည်းသည်းလေး ပြသွားတယ်။

မော်လီနဲ့ ဆယ်(မ်)တို့က နှစ်ယောက်အိပ်ခုတင်တစ်လုံးပေါ်မှာ လဲလျောင်းနေကြတယ်။ ဆယ်(မ်)က စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။

“ဘာဖြစ်နေလဲဟင်…”လို့ မော်လီက မေးလိုက်တယ်။

“ရေပူဖောင်းလေးတွေ ပေါက်သွားမှာစိုးတယ် အချစ်ရယ်။ (ပျော်ရွှင် ကြည်နူးစရာတွေ ရုတ်တရက် ပျောက်ပျက်သွားမှာစိုးတယ်လို့ ပြောတာပါ။ ဒါက အင်္ဂလိပ်ဓလေ့သုံးစကားပါ။ The bubble bursts. လို့ သုံးပါတယ်။) ကိုယ့်ဘဝမှာ အကောင်း တစ်ခုခု ပေါ်လာတိုင်း ပေါ်လာတိုင်း အဲဒီ့ကောင်းတာလေး ဆုံးရှုံးသွားမှာကို ကိုယ်ကြောက်နေမိရတတ်တယ်လေ”
ဆယ်(မ်)က သူ့ရဲ့ စိုးရိမ်ကြောက်လန့်မှုတွေ၊ ရင်တထိတ်ထိတ် ဖြစ်နေရတာတွေကို ဖော်ကျူးလိုက်တာပါ။ သည်အခါမှာ ပရိသတ်က သူ့ကို အလိုလို သနားသွားရပါတော့မယ်။

“ကျမ ရှင့်ကို ချစ်ပါတယ်။ တကယ့်ကို နှစ်နှစ်ကာကာ ချစ်ပါတယ် ဆယ်(မ်)ရယ်”လို့ မော်လီက ပြောလိုက်တယ်။

“ထိုနည်းလည်းကောင်းပါပဲ မော်လီရယ်”လို့ ဆယ်(မ်)က ပြန်ပြောလိုက်ပါတယ်။

မော်လီက ဆယ့်(မ်)ကို နမ်းဖို့ ကိုယ်ကို ကိုင်းလိုက်ချိန်မှာ ရုပ်သံစက်ကို ဖွင့်တဲ့ အဝေးထိန်းခလုတ်ကို မတော်တဆ ဖိမိသွားပြီး ရုပ်သံပွင့်သွားတယ်။ သတင်းမှာတော့ လေယာဉ်ပျက်ကျတဲ့ သတင်းကို ပြနေတယ်။

“ကိုယ် အယ်(လ်)အေကို သွားမယ့် ခရီးစဉ်ကို ဖျက်လိုက်ရင် ကောင်းမယ် ထင်တယ်။ ဒါမျိုးတွေက တစ်ခါနဲ့မပြီးဘူး။ သုံးခါဖြစ်မှ ပြီးတတ်တဲ့ သဘော ရှိတယ်လေ”လို့ ဆယ်(မ်)က ပြောလိုက်တယ်။

“အဲဒီ့သတင်းကို ကြည့်မနေစမ်းပါနဲ့ ဆယ်(မ်)ရယ်။ စိတ်ကောင်းကောင်း ထားစမ်းပါ။ ပြီးတော့ ကို့ဘဝက ပန်းခင်းသော လမ်းဖြစ်နေပြီပဲဟာကို…”လို့ မော်လီက ပြန်ပြောတယ်။

“အင်းပေါ့လေ… သူတို့ဘဝတွေလည်း ပန်းခင်းသောလမ်းပဲ ဖြစ်နေခဲ့မှာပါ။ အံ့ဩစရာပဲနော်။ ဇတ်ဆို လက်ဖျစ်တစ်တီးအတွင်းမှာ ချက်ချင်းကြီး မှောင်ကျသွားတော့တာများ”လို့ ဆယ်(မ်)က လက်ဖျစ်တစ်ချက် တီးရင်း ပြောလိုက်ပါတယ်။

ချစ်သူအိမ်ထောင်ဖက်နှစ်ဦး အေးအေးလူလူ ရှိနေခိုက်မှာတောင်မှ အန္တရာယ် ရနံ့ကို ထည့်သွင်းထားခြင်းအားဖြင့် သည်ဇာတ်လမ်းမှာ စိတ်တထင့်ထင့် ဖြစ်နေရလေအောင် ဖန်တီးယူလိုက်တာပါ။ လေယာဉ် ပျက်ကျတယ်ဆိုတာ လုံးဝ မျှော်လင့်မထားဘဲ ဖြစ်လာတာမျိုး။ ဆယ်(မ်)ပြောလိုက်သလို အေးချမ်းနေတဲ့ ဘဝ ထဲမှာ လက်ဖျစ်တစ်တီးအတွင်း ကောက်ဖြစ်သွားတာမျိုးပေါ့။ နောက်ပိုင်းမှာ ကြုံလာရတော့မယ့် ရုတ်တရက်သေဆုံးမှုအတွက် ကြိုပြီး နိမိတ်ပြလိုက်တာပါ။

ညအတွင်း – တိုက်ခန်းထဲမှာ

မော်လီက အိုးလုပ်တဲ့စက်မှာ အိုးတစ်လုံး လုပ်ဖို့ ပြင်ဆင်နေတယ်။ အဲဒီ့အချိန်မှာ သူတို့အခန်းထဲက ငွေအြွေကထည့်ပြီး လိုရာဓာတ်ပြားကို ဖွင့်လို့ရတဲ့ ဓာတ်စက်ဟောင်းကြီးဆီကနေ “အို… အချစ်ရယ်”ဆိုတဲ့ သီချင်းသံက ပေါ်ထွက်နေပါတယ်။

မော်လီက ပုရိသဘာဝ အသွင်ရှိတဲ့ အရာတစ်ခုကို ပုံဖော်နေခိုက်မှာ ဆယ်(မ်) ဝင်လာတယ်။ သူက မော်လီ့နောက်မှာ ပူးပူးကပ်ကပ် ဝင်ထိုင်လိုက်တယ်။ မော်လီ့ကို ဖက်လိုက်တာမို့ မော်လီလုပ်လက်စ ပန်းပုပုံ ပျက်စီးသွားပါတော့တယ်။ နှစ်ယောက်သား လက်ချင်းဆက်ပြီး ပုရိလိင်္ဂသဏ္ဌာန် ရွှံ့ရုပ်ကို ပြန်ပုံဖော်နေကြတယ်။

အဲဒီ့ကနေ တစ်ယောက်ကို တစ်ယောက် ဖက်လိုက်ကြပြီး ချစ်ခန်းဖွင့်ကြပါတော့တယ်။

သည်နေရာမှာ နောက်ခံသီချင်းက အရမ်း စကားပြောနေပါပြီ။ သီချင်း နာမည်က “နှောင်ကြိုးမဲ့ တေးသွား”တဲ့။ ကျော်ကြားပြီး၊ ရှိပြီးသား သီချင်းဟောင်း တစ်ပုဒ်ကို သည်ဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်သီချင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း ရုပ်ရှင်မှာ အရုပ်ရော၊ အသံပါ ပါတယ်။ ရုပ်ရှင်ကား တစ်ကားမှာ သီချင်းရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးကြီးလှပါတယ်။

နောက်ခံတေးဂီတတွေ၊ အသံ အထူးပြုလုပ်ချက်တွေ အရေးပါလှသလို သီချင်းကလည်း ကားတစ်ကားရဲ့ အသက်ဝင်မှုကို ပံ့ပိုးပေးတတ်ပါတယ်။

သည်ကားမှာ သီချင်းဟောင်းကို ရွေးလိုက်ဖို့အတွက် အဲဒီ့ ၁၉၉၀ ပြည့် မတိုင်ခင် ကာလပတ်ဝန်းကျင်မှာ အသုံးနည်းသွားပြီဖြစ်တဲ့၊ ဂျု(ခ်)ဘော့(ခ်)(စ်)လို့ ခေါ်တဲ့ ငွေအကြွေစေ့ ထည့်ပြီး ကြိုက်ရာဓာတ်ပြား ဖွင့်လို့ရတဲ့ ဓာတ်စက်ဟောင်းကြီးကို ဇာတ်လမ်းထဲမှာ ထည့်ပေးထားလိုက်တယ်။ အနုပညာရှင်ဖြစ်တဲ့ မော်လီ့အတွက်က အဲလို အဟောင်းတွေကို စုတတ်တာလည်း ရှေ့အခန်းက ကိုယ်စောင့်နတ်သမီးရုပ်နဲ့ ပြပြီးသားမို့ ဆီလျော်နေပါတယ်။ အသားလွတ်ကြီး ဇွတ်ထည့်ရာ မရောက်တော့ဘူး။

ပြီးတော့ သီချင်းက ကျော်ကြားပြီးသား သီချင်းဟောင်းတစ်ပုဒ်။ ဇာတ်ကားက အဆိုတော်၊ အကပညာရှင်တွေပါဝင်တဲ့ တေးသံစုံဇာတ်အမျိုးအစား မဟုတ်ဘူး။ အဲတော့ အဲဒီ့ကားအတွက် သီချင်းသတ်သတ် ရေးစပ်ဖို့က  တယ်မလိုအပ်တော့ဘူး။ သည်တော့ သီချင်းဟောင်းကို ရွေးရတော့မယ်။

သီချင်းစာသားတွေက ပျောက်ဆုံးသွားတဲ့အချစ်ကို တမ်းတနေတဲ့ အလွမ်း စစ်စစ်။

လုပ်လိုက်ပါပြီ။ သည်ဇာတ်ကားရဲ့ အဓိက ကျောရိုးကို သီချင်းနဲ့ စတင် မိတ်ဆက်လိုက်ပါပြီ။

တစ်ဖက်က မင်းသားနဲ့ မင်းသမီးရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်လည်း ရှိ၊ အပြလည်း မကြမ်းတဲ့ အချစ်ခန်းလေးနဲ့ ပရိသတ်ကို ဖျားယောင်းလိုက်တယ်။ ပရိသတ်မှာ သိင်္ဂါရရသကို ခံစားရပြီ။ မော်လီနဲ့ဆယ့်(မ်)ကို ပရိသတ်က ချစ်သွားပြီ။ ကိုယ်ချစ်တဲ့ ခင်တဲ့သူနဲ့အတူ မျှဝေခံစားတတ်တဲ့ သဘောက လူတိုင်းမှာ ရှိတယ်။ အဲဒါကို ပရိသတ်ဆီကနေ မရရအောင် သည်အခန်းနဲ့ ချူယူလိုက်တော့တာပါ။

နေ့အပြင် – ဝေါ(လ်)စထြိ(ထ်)

ဒါကတော့ အခန်းပြောင်းပြကွက်အဖြစ် ရိုက်ပြလိုက်တာပါ။ ရှေ့က အချစ်ခန်းကနေ အလုပ်ဘက်ကို ပြောင်းတော့မယ်ပေါ့။

နေ့အတွင်း – ရုံးခန်းထဲမှာ

ဆယ်(မ်)က ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်နေရင်း သူ့ရဲ့ စာရင်းအင်းတွေကို စစ်ဆေးနေတယ်။ စာရင်းမကိုက်နိုင်သေးတဲ့အတွက် သူ မချင့်မရဲ ဖြစ်နေတယ်။ ခါး(လ်) ရုံးခန်းထဲဝင်လာချိန်မှာ ဆယ့်(မ်)မျက်နှာက ဝေခွဲမရသလို မျက်နှာမျိုးနဲ့။

“ကွန်ပျူတာဝှက်စာက သုံးလို့ မရတော့ဘူး”လို့ ခါး(လ်)က စိတ်ပူတဲ့ပုံနဲ့ ပြောလိုက်ပါတယ်။

“ငါ ပြင်လိုက်လို့ပါ”လို့ ဆယ်(မ်)က ပြန်ဖြေတယ်။ ပြီးတော့ ဆက်ပြောလိုက်တယ်။ “မင်း နှုတ်လုံပါတယ်နော်”တဲ့။

“စိတ်ချပါကွာ”လို့ ခါး(လ်)က ပြန်ဖြေတယ်။

“သည်စာရင်းတွေထဲမှာ ပိုက်ဆံတွေက မနိုင်ရင်ကာ များလွန်းနေတယ် မောင်”

“ဟာ… မဖြစ်နိုင်တာ”လို့ ခါး(လ်)က ပြန်ဖြေရင်း သူ ကူလုပ်ပေးမယ်လို့ ဆယ့်(မ်)ကို ပြောလိုက်တယ်။

“ရတယ်၊ မလိုဘူး။ သည်စာရင်းကို ရှင်းရတာကိုက ငါ့အတွက် သွေးကြွေးဆပ်ရသလိုမျိုး ဖြစ်နေတော့ ငါပဲ တွယ်လိုက်မယ်”လို့ ဆယ်(မ်)က ပြန်ပြောတယ်။

ခါး(လ်)စိုးရိမ်သွားတယ်။ “သွေးကြွေးဆပ်”ဆိုတဲ့ စကားလုံးက သူ့ကို လှုပ်ပဲ နှိုးလိုက်သလိုမျိုး။

“ဒါထက် မင်းနဲ့ မော်လီနဲ့ သည်ညနေခင်းမှာ ဘာအစီအစဉ်တွေများ ရှိသလဲ”လို့ ခါး(လ်)က မေးလိုက်ပြန်တယ်။

“ပြဇာတ် သွားကြည့်ကြမလို့။ မော်လီက မက္ခဘက်(သ်) ကြည့်ချင်တယ်တဲ့။ ကြည့်ရတာ သည်မိန်းမက ဘောင်းဘီကျပ်ကျပ်လေးတွေ ဝတ်ထားတဲ့ သရုပ်ဆောင်တွေကို သဘောကျနေ မှတ်တယ်ကွ။ မင်း လိုက်ဦးမလား”

“မလိုက်တော့ပါဘူးကွာ။ ဒါပေမယ့် မနက်ကျရင်တော့ မင်း ငါ့ကို အပြည့်အစုံ ပြန်အစီရင်ခံရမယ်နော်”လို့ ခါး(လ်)က ပြန်ပြောလိုက်ပါတယ်။

အခန်းလေးက တိုတောင်းသလောက် အလုပ်ပေါင်းစုံကို လုပ်သွားတယ်။ ပထမဆုံးက ဆယ်(မ်) တာဝန်ယူထားရတဲ့ အလုပ်နဲ့ ငွေကြေးပမာဏကို ဖော်ပြတာပါ။ ရှေ့က အခန်းမှာလည်း ဒေါ်လာကိုးသိန်းဆိုတဲ့ ပမာဏနဲ့ တစ်ခါ ဖော်ကျူးပြီးသားပဲ။ ဒါကို ထပ်အတည်ပြုတဲ့အခန်း ဖြစ်နေတယ်။

နောက်တစ်ချက်က ဆယ့်(မ်)စေ့စပ်မှု၊ မလွှဲသာလို့ ကွန်ပျူတာဝှက်စာကို သူ့သူငယ်ချင်း၊ သူ့လုပ်ဖော်ကိုင်ဖက် ခါး(လ်)ကို ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီ့ဝှက်စာကို သူပဲ ပြန်ပြောင်းထားလိုက်တဲ့အကြောင်း သည်အခန်းမှာ အပြောနဲ့ ပြလိုက်တယ်။ ဆယ်(မ်)ဟာ သူ့အလုပ်ကို ရိုသေတယ်၊ တာဝန်သိတယ်ဆိုတာ ဒါလေးနဲ့တင် လုံလောက်သွားတယ်။

မဆီမဆိုင် သွေးကြွေးဆပ်ရသလိုပဲဆိုတဲ့ စကားလုံးကို ထည့်သုံးလိုက်တယ်။ ဒါဟာ သည်ဇာတ်ကားရဲ့ ကျောရိုးအတွက် အမှတ်မထင်လိုလိုနဲ့ နိမိတ်ပုံ ထပ်ပေးလိုက်တဲ့ စကားလုံးဖြစ်နေပြန်တယ်။ သည်စကားကို ကြားလိုက်ရတော့ ခါး(လ်) တွန့်သွားတာကိုလည်း မိမိရရ ပြပေးထားပြန်တယ်။ ပရိသတ်ကသာ မရိပ်မိတာ။ ဇာတ်ကွက်ကို အတော်လေး ပေါ်နေအောင် ထောင့်စေ့စေ့ ဖော်ယူနေပါပြီ။

အဲဒီ့ကနေမှ ဆယ်(မ်)တို့ စုံတွဲရဲ့ ညဘက်အစီအစဉ်ကို ခါး(လ်)က မေးချလိုက်တယ်။ ဒါက သူနဲ့ အဲဒီ့စုံတွဲနဲ့ တအားရင်းနှီးတာကို ဖော်ကျူးတဲ့ အချက် ဖြစ်နေသလို နောက်ကူးမယ့် အခန်းအတွက် ကြိုပြင်လိုက်တဲ့အကွက် ဖြစ်နေပါတော့တယ်။

ဆယ်(မ်)က ဘယ်သွားမယ်ဆိုတာ ပြန်ဖြေတယ်။ သည်မှာ မက်(ခ်) ဘက်(သ်)ဆိုတဲ့ ပြဇာတ်ကလည်း အရေးကြီးတယ်။ နာမည်ကျော် အင်္ဂလိပ် ပြဇာတ်ဆရာကြီး ဝစ်လျံ(မ်) ရှိတ်(ခ်)စပီးယားရဲ့ ပရိဒေဝဖွဲ့ ဂန္ထဝင် ဇာတ်လမ်း တစ်ပုဒ်ပဲ။ အဲဒီ့ဇာတ်လမ်းထဲမှာ လူသတ်မှု ပါတယ်။ ပြီးတော့ သတ်ခဲ့သူကို တစ္ဆေက ခြောက်လှန့်နေတဲ့ ဖြစ်ရပ်လည်း ပါတယ်။ မြန်မာတို့အတွက် ဝေသန္တရာ ဇာတ်တော်လို့ ပြောလိုက်တာနဲ့ ပေးကမ်း စွန့်ကျဲမှုကို တန်းမြင်လိုက်သလို၊ ပဋာစာရီလို့ ပြောလိုက်တာနဲ့ သားသေ လင်ဆုံးတဲ့အဖြစ်ကို တန်းသိလိုက်သလိုမျိုး အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် သုံးစွဲနေသူတွေအဖို့မှာလည်းပဲ ရှိတ်(ခ်)စပီးယားရဲ့ ဇာတ်တစ်ပုဒ်ပုဒ်ကို နာမည်ပြောလိုက်တာနဲ့တင် ဇာတ်ကျောရိုးကို တန်းမြင်စေတဲ့ နာမည်ကျော် ပြဇာတ်ကို သုံးလိုက်တာပါ။

သည်မှာလည်း မဆီမဆိုင် မဟုတ်ဘူး။ သူတို့ဇာတ်လမ်းကို အခြေခံထားတာက ဝေါ(လ်)စထြိ(ထ်)ဖြစ်နေတဲ့အတွက် သည်ဇာတ်ကောင်တွေ နေထိုင်တဲ့မြို့က နျူးယော့(ခ်)။ နျူးယော့(ခ်)ရဲ့ အနောက် ၄၁ လမ်းကနေ အနောက် ၅၃ လမ်း အတွင်းမှာက ဘရော့(ထ်)ဝေးလို့ ခေါ်တဲ့ ပြဇာတ်ရုံတွေ ရှိနေခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ အဲဒီ့မှာက ပြဇာတ်တွေကို နှစ်နဲ့ချီပြီး ကနေတာ။ မြို့ခံတွေရော၊ ခရီးသွားတွေပါ ညဘက်ကျရင် ပြဇာတ် သွားကြည့်တဲ့အလေ့က ထွန်းကားတယ်။ မော်လီက အနုပညာရှင်ဆိုတဲ့ ဇာတ်ရုပ်ကို ယူထားတာ။ အဲတော့ သူက ရှိတ်(ခ်)စပီးယားရဲ့ ပြဇာတ်ကို ကြည့်ချင်တယ်ဆိုတာကိုက သဘာဝကျနေတယ်။

ဇွတ်ဖန်တီးယူထားတာ မျိုးဖြစ်မနေတော့ဘူး။

ဆယ်(မ်)က သူ့ချစ်သူဟာ ဘောင်းဘီကျပ်နဲ့ သရုပ်ဆောင်တွေများ ကြည့်ချင်နေလားမသိဘူးဆိုတဲ့ စကားနဲ့ ရယ်ပွဲဖွဲ့လိုက်တယ်။ သည်မှာလည်း သူငယ်ချင်းကို သူ ဘယ်လောက် ယုံတယ်၊ ဘယ်လောက် ခင်တယ်ဆိုတာကို အဲဒီ့စကားနဲ့ ဖော်လိုက်ပြန်တာပါပဲ။ ကိုယ့်ချစ်သူကို သရော်တဲ့စကားကို တော်တော်တန်တန် ခင်တဲ့သူကို မပြောကြဘူးလေ။

တစ်ဆက်တည်းမှာပဲ နောက်တစ်ခန်းကို ကူးဖို့အတွက် သူတို့ ဘယ်သွားကြမယ်ဆိုတဲ့စကားနဲ့ ကြိုပြင်လိုက်ပါတော့တယ်။

ညအပြင် – ဇာတ်ရုံတွေရှိတဲ့ အရပ်

ဆယ်(မ်)နဲ့ မော်လီတို့နှစ်ယောက် လက်တွဲပြီး လမ်းလေးအတိုင်း လျှောက်လာကြတယ်။ ပြဇာတ်ကို သူသဘောကျတဲ့အကြောင်း ဆယ်(မ်)က ပြောလိုက်တယ်။ ပြဇာတ်ကနေခိုက်မှာ ဆယ်(မ်)ဟောက်နေပုံနဲ့တင် ဆယ်(မ်) အဲဒီ့ပြဇာတ်ကို ဘယ်လောက်ကြိုက်တယ်ဆိုတာ သူလည်း သိပါတယ်လို့ မော်လီက ပြန်ပြောတယ်။

မော်လီက အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေတဲ့ အနုပညာရှင်ပါ။ သူ့ရဲ့ ပန်းပုလက်ရာနှစ်ခုကို ပြခန်းတစ်ခန်းမှာ မကြာခင်တင်ဆက်တော့မယ့်အကြောင်း၊ အဲဒါတွေကို အင်မတန်ဩဇာကြီးလှတဲ့ နျူးယော့(ခ်)ထိုင်း(မ်)(စ်) သတင်းစာကြီးက ဝေဖန်ချက် ရေးတော့မှာ ဖြစ်ကြောင်းတွေ ပြောလာကြတယ်။

“ဘယ်သူ ဘာထင်ထင် သိပ်အရေးမကြီးပါဘူးကွာ။ ကိုယ် ဘယ်လို မြင်သလဲဆိုတာကသာ အရေးကြီးတာပါ”လို့ ဆယ်(မ်)က ပြောလိုက်ပြန်တယ်။

“ကိုနဲ့ ကျွန်မ လက်ထပ်ကြရအောင်နော်…”လို့ မော်လီက ပြန်ပြောလိုက်တယ်။

“ကိုယ်လည်း အဲဒါပဲ တစ်ချိန်လုံး စဉ်းစားနေတာပဲ မော်လီရဲ့။ ဟုတ်တယ်၊ ကိုယ်တို့ လက်ထပ်သင့်ပြီကွ။ ဒါပေမယ့် လက်ထပ်ဖို့အကြောင်း မော်လီကမှ စကားအစ မခံခဲ့တာလေ..”

“ကို ကျွန်မကို ချစ်ရဲ့လားဟင်…”

“မင်းက ဘယ်လို ထင်လို့တုံး…”

“ဘာလို့ ကျွန်မကို ချစ်ပါတယ်လို့ တစ်ခါမှ မပြောခဲ့တာလဲဟင်…”

“ဟောဗျာ… ကိုယ် တစ်ချိန်လုံး ပြောနေပါတယ် မော်လီရယ်…”

“ဟင့်အင်း… မပြောပေါင်။ ကို ပြောတာက ထိုနည်းလည်းကောင်း ဆိုတာပဲလေ။ ချစ်ပါတယ်ဆိုတာနဲ့ ထိုနည်းလည်းကောင်းဆိုတာနဲ့က တခြားစီပဲရှင့်…”

“ချစ်တယ်ဆိုတဲ့စကားကို လူတိုင်းက လွယ်လွယ်လေး ပြောနေကြတာပဲ မော်လီရယ်။ စိတ်မပါဘဲ ပြောနေကြတဲ့စကားပဲကွ”

“ဒါပေမယ့် ကိုရယ်၊ တစ်ခါတလေတော့လည်း ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တယ်လို့ ပြောတာလေးတော့ ကြားချင်တာပေါ့။ ကျွန်မလည်း ကြားချင်တာပေါ့ ကိုရာ…”

ချစ်သူနှစ်ဦး နှစ်ကိုယ်ကြား တွတ်ထိုးနေတဲ့ ဆွတ်ပျံ့ဖွယ်အနေအထားမှာ လူစိမ်းတစ်ယောက်က ဖောက်ဝင်လာပါတယ်။

ပရိသတ်က သည်စုံတွဲနဲ့အတူ သာယာစွာမျောပါနေခိုက်မှာ အဲဒီ့ ဇာတ်ရုပ် ပေါ်လာတော့ မနှစ်မြို့နိုင်အောင် ဖြစ်သွားရပါပြီ။

သည်အခန်းအစကတည်းက ဆယ်(မ်)နဲ့ မော်လီတို့ ချစ်သူနှစ်ဦးရဲ့ အခြေအနေကို စကားတွေနဲ့ ပြသွားတယ်။ ဆယ်(မ်)က မော်လီ့ကိုချစ်လို့ အလိုလိုက်ပြီး သူ မခံစားတတ်တဲ့ ပြဇာတ်ကို လိုက်ကြည့်ပေးခဲ့တာပဲဆိုတာ ပြဇာတ် တစ်လျှောက် ဟောက်နေတယ်ဆိုတဲ့ မော်လီ့စကားနဲ့ ပေါ်လွင်သွားစေခဲ့တယ်။

တကယ်တော့ တစ်မိသားနဲ့ တစ်မိသား ချစ်ကြ ခင်ကြ စုံမက်ကြတဲ့အခါမယ် အလုံးစုံ အကြိုက် မတူနိုင်ဘူး။ သူက သူ့ဘာသာ ကြိုက်တာလေးတွေ ရှိမှာ ဖြစ်သလို ကိုယ်လည်း ကိုယ်ကြိုက်တာလေးတွေ ကိုယ်စီနဲ့ ဖြစ်နေမှာပါ။ ဒါပေမယ့် တကယ် မြတ်နိုး စုံမက်ကြသူနှစ်ဦးကြားမှာတော့ အဲဒါက ပြဿနာ မဟုတ်တော့ဘူး။ အလိုက်အထိုက်၊ စလိုက်စလျော နေပေးချင်တဲ့ဆန္ဒက သူသူကိုယ်ကိုယ့် ရင်မှာ ပေါ်လာတတ်စမြဲပါ။ ဒါလေးကို သည်ဝါကျတိုလေး နှစ်ကြောင်းနဲ့တင် ဖော်ကျူးလိုက်ပါတယ်။

နောက်တော့ မော်လီ့အလုပ်ကို စကားနဲ့ ဖော်လိုက်ပြန်တယ်။ အပြနဲ့ ဖော်ထားတာက သူတို့ တိုက်ခန်းက အနုပညာလက်ရာတွေ၊ မော်လီ အိုးလုပ်နေတဲ့ အချစ်ခန်း စတာများနဲ့ ဖြစ်ပါတယ်။ အခုကျတော့ မော်လီ့လက်ရာနှစ်ခုကို ပြခန်း တင်မယ်ဆိုတဲ့စကား၊ သတင်းစာထဲမှာ သုံးသပ်ချက် အရေးခံရတော့မယ်ဆိုတဲ့ စကားနဲ့ မော်လီ့ အနုပညာလုပ်ငန်း အခြေအနေကို ညွှန်းချလိုက်တယ်။

သည်မှာ ဆယ်(မ်)က ဝေဖန်ရေးဆရာတွေက ဘာထင်ထင်၊ သူကသာ မော်လီ့အတွက် အရေးကြီးတယ်ဆိုတဲ့စကားကို ပြောချလိုက်ပြန်တယ်။ ချစ်စကားတွေ ပြောဖို့အတွက် စကားလမ်းကြောင်းကို ဇာတ်ညွှန်းဆရာက ပါးပါးနပ်နပ် ပြောင်းလိုက်တာပါပဲ။ အဲတော့ မော်လီက လက်ထပ်မယ်ဆိုတဲ့ စကားကို ပြောပြီ။  ဒါပေမယ့် မော်လီက အရင်တုန်းကတော့ လက်ထပ်မယ်ဆိုတဲ့ လေသံတောင်မှ ကြားချင်ခဲ့တာ မဟုတ်ဘူးလို့ ဆယ်(မ်)က ပြောလိုက်ပြန်တယ်။ သူတို့ရဲ့ အနေအထားကို ပိုပေါ်လွင်လာစေတဲ့ စကားပြောခန်းပါပဲ။

တစ်စထက်တစ်စ ခိုင်မာလာတဲ့ သံယောဇဉ်ကို သည်စကားတွေနဲ့ ဖော်ကျူးပေးနေတာပါ။ ပြီးတော့ “ထိုနည်းလည်းကောင်း”ဆိုတာကလည်း သည်ဇာတ်ကားရဲ့ အသက် ဖြစ်လာတယ်။

ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားမှာ ပရိသတ် စွဲကျန်ရစ်တဲ့ စကားလုံးတွေ ရှိစမြဲပါပဲ။ တစ်ခေတ်ဆီက ဦးကျောက်လုံးရဲ့“သာဒင်ကို ဘာထင်လဲ”ဆိုတာမျိုးလို၊ ဝင်းဦးရဲ့ ဇာတ်ကားတစ်ကားထဲက “ပုံ-ခင်ရီ”ဆိုတာမျိုးလို၊ ကျော်ဟိန်းရဲ့ “ဆယ်နှစ်၊ ဆယ်နှစ်”ဆိုတာမျိုးလိုဟာ ပရိသတ်ရဲ့ ရင်မှာ ငြိ ကျန်ရစ်တာမျိုးပါ။

အခုဇာတ်ကားမှာလည်း အဲဒီ့ “ထိုနည်းလည်းကောင်း” အင်္ဂလိပ်လို “ditto” က အဲဒီ့ဇာတ်ကား ရုံတင်ပြီးတဲ့နောက် ကမ္ဘာတစ်လွှားက ချစ်သူများကြားမှာ ရေပန်းစားပြီး ကျန်ရစ်ခဲ့ဖူးပါတယ်။ ဒါကို ရှေ့က အချစ်ခန်းမှာ တစ်ခါ ပြောပြီးတဲ့နောက် အခုတစ်ခေါက် ထပ်ကျော့လိုက်ပြန်တယ်။

ကျော့ရင်းကနေ မော်လီက သူ့ချစ်သူက သူ့ကို ချစ်တယ်ဆိုတဲ့ စကားလေးတော့ ကြားချင်သေးတယ်ဆိုတာလေးနဲ့ အချစ်ခန်းကို အရှိန်တင်လိုက်တယ်။

အဲဒီ့အချိန်ကျတော့မှ လူဆိုးကို သည်ဇာတ်ထဲက ဗြုန်းဆို ခေါ်ချလာပါတော့တယ်။

ပရိသတ် ကြည်နူးနေချိန်မှာ ဆန့်ကျင်ဘက် ခံစားမှုကို ပေးထည့်လိုက်တာပါ။ အားရပါးရ ရယ်နေရတဲ့ ဇာတ်လမ်းအဆုံးမှာမှ ကြေကွဲစရာ ဇာတ်ကွက် တစ်ကွက် ထည့်လိုက်မယ်ဆိုရင် ပရိသတ် ရင်ထဲမှာ လှိုက်ခနဲ ပိုဖြစ်၊ ပိုရင်နင့်ရသလိုမျိုး၊ အခုလည်းပဲ ကြည်နူးမှုကို ခံစားနေရခိုက်မှာ ကုန်းရုပ်ကို ရုတ်တရက် မြင်လိုက်ရတော့ ပရိသတ်ရဲ့ရင်က ဘယာနကရသကို အရှိန်တင်ပေးလိုက်ရာ ရောက်သွားပါပြီ။

လမ်းကြားထဲက လူတစ်ယောက်ထွက်လာပြီး ဆယ်(မ်)နဲ့ မော်လီတို့ နှစ်ယောက်နောက်ကို လိုက်လာတယ်။

“ဘာလိုချင်လို့လဲ”လို့ ဆယ်(မ်)က လူစိမ်းကို မေးလိုက်တယ်။

“ပိုက်ဆံအိတ် ပေးစမ်း”လို့ လူစိမ်းက ဆယ့်(မ်)မျက်နှာကို သေနတ်နဲ့ ထိုးချိန်ပြီး ပြောလိုက်တယ်။

“ပေးလိုက်ပါ ဆယ်(မ်)ရယ်”လို့ မော်လီက ခပ်လောလာ ပြောလိုက်တယ်။

ဆယ်(မ်)နဲ့ ဝစ်လီတို့ လုံးထွေးသတ်ပုတ်နေကြပြီ။ မော်လီက ဝင်ကူတယ်။ ဝစ်လီက မော်လီ့ကို ဖြတ်ရိုက်လိုက်တယ်။ ဆယ်(မ်)နဲ့ ဝစ်လီနဲ့ ဆက်လုံးကြတယ်။ သေနတ်သံတစ်ချက် ထွက်လာတယ်။

မော်လီက ငယ်သံပါအောင် အော်လိုက်ပါတော့တယ်။

“ကယ်ကြပါဦးရှင်…”

ဝစ်လီက လမ်းအတိုင်း ထွက်ပြေးသွားတယ်။ ဆယ်(မ်)က ဝစ်လီ့နောက်ကို လိုက်သွားတယ်။

သည်အပြက ပရိသတ်ကို သက်ပြင်းချသွားစေတယ်။ ဆယ်(မ်)ဘာမှ မဖြစ်ဘူးပေါ့။ ပရိသတ် စိတ်သက်သာသွားအောင် လုပ်လိုက်ပြီးတော့မှ ပရိသတ် ရင်ကို ပိုနင့်အောင် ကြို ဖန်တီးလိုက်တာပါပဲ။ ဆယ်(မ်)သေသွားတာကို ပရိသတ် မြင်ရတော့မှာလေ။

ဆယ်(မ်)က မော်လီရှိရာကို ပြန်လျှောက်လာတယ်။ သူ့မျက်နှာက စိုးရိမ်တကြီး ဖြစ်သွားပြီ။

ပရိသတ်က မော်လီများ ဒဏ်ရာ ရသွားလို့လား၊ ဘာလားလို့ ပူပင်သွားအောင် လုပ်လိုက်တဲ့ ပြကွက်ပါ။

ဆယ်(မ်)က မော်လီ့ကို ထူဖို့ လက်လှမ်းလိုက်တယ်။ နောက် သူ ငုံ့ကြည့်လိုက်တော့ မော်လီက သွေးတွေ ရွှဲနေတဲ့ သူ့ကိုပွေ့ထားတာ မြင်လိုက်ရတယ်။ မော်လီ့လက်မှာ သွေးတွေနဲ့ ပွနေတယ်။

“ကယ်ကြပါဦးရှင်၊ ကယ်ကြပါဦး”လို့ မော်လီက အော်လိုက်ပါတယ်။

ဇာတ်ကို လှုပ်နှိုးလိုက်တဲ့ ပြကွက်ပါပဲ။ ဇာတ်ကားမှ မစသေးဘူး၊ မင်းသားက သေသွားပြီ။ ရှေ့ ဘာဆက်ဖြစ်မှာလဲဆိုတာကို ပရိသတ် စိတ်မဝင်စားဘဲ နေလို့ မရတာ့ဘူး။

ဆယ်(မ်)က သွေးတွေ ရွှဲနေတဲ့ သူ့ကိုယ်ခန္ဓာကို ထိကိုင်ကြည့်ဖို့ ကြိုးစားတယ်။ သို့ပေမယ့် သူ့လက်က အဲဒီ့ကိုယ်ကို မထိမိဘဲ ဖြတ်ဝင်သွားတယ်။ ဆယ်(မ်) အကြီးအကျယ် အံ့ဩထိတ်လန့်သွားတယ်။ လူနှစ်ယောက်က မော်လီ့ဆီ ပြေးလာကြတယ်။

ပရိသတ်မြင်နေရတဲ့ ဆယ်(မ်)၊ လှုပ်ရှားနေတဲ့ ဆယ်(မ်)ဟာ ဘာလဲဆိုတာ ပြလိုက်တာပါ။ သေနေတဲ့ဆယ်(မ်)ကို လှုပ်ရှားနေတဲ့ဆယ်(မ်)က ထိလို့ မရဘူး။ သူ့လက်က သေသူ့ကိုယ်ကို ဖောက်ဝင်သွားတယ်ဆိုကတည်းက ဆယ်(မ်)ဟာ ရုပ်မရှိတဲ့ နာမ်ဝိဉာဉ်ပဲဆိုတာ ပရိသတ် မှန်းလို့ရသွားပါပြီ။

ညအတွင်း – အိပ်ခန်း

ဆယ်(မ်) အိပ်ရာက နိုးလာတယ်။ ချွေးပျံနေတယ်။ သူ မော်လီ့ကို အော်ခေါ်လိုက်တယ်။ သူ့ဘေးမှာ လဲလျောင်းနေသူတစ်ယောက်ကို တွေ့တယ်။ အဝတ်တစ်ခုနဲ့ တစ်ကိုယ်လုံးကို ပတ်ထားလို့ မျက်နှာကို မမြင်ရဘူး။ သူက အဝတ်ကို ဆွဲခွာလိုက်တဲ့အခါကျတော့ ကိုယ်စောင့်နတ်သမီးကို တွေ့လိုက်ရတယ်။ ဆယ်(မ်) အထိတ်တလန့် အော်လိုက်တယ်။

အဲဒီ့ နတ်သမီးပုံ သစ်သားရုပ်က တိုက်ခန်းပြတင်းကနေ အောက်ကို ပြုတ်ကျသွားပြီး တစ်စစီဖြစ်သွားတယ်။

နိမိတ်ပုံအပြပါ။ ကိုယ်စောင့်နတ်သမီး ပျက်စီးသွားပြီပေါ့။ ဆယ်(မ်)သည်လည်းပဲ သည်ဇာတ်အဆုံးအထိ မော်လီ့ကို စောင့်ရှောက်ပေးမယ့်သူ၊ သူလည်း ပျက်စီးသွားခဲ့ပြီဆိုတာကို ဒါနဲ့ ပြလိုက်တာဖြစ်ပါတယ်။

ဆယ်(မ်) အိပ်ရာဘက် ပြန်လှည့်လိုက်တော့ မော်လီက သူ့ကို ကြည့်နေတယ်။

“ဘာတွေ ဖြစ်နေတာလဲဟင်…”လို့ ဆယ်(မ်)က မေးတယ်။

“သူ အသက်ရှူနေသေးလားဟင်…”လို့ မော်လီက မေးလိုက်ပါတယ်။

ဆယ်(မ်)လှည့်ကြည့်လိုက်တဲ့အခါ သူ့ပခုံးထက်က တောက်ပတဲ့ အလင်းရောင်ကို တွေ့လိုက်ရတယ်။

အိပ်မက်လို ဖြစ်ပျက်နေတာကို အတိုလေး ခုပြီး ပြရင်းနဲ့ နိမိတ်ပုံ ဖော်ရာက မူလအခန်းကို ပြန်ကူးဖို့အတွက် တောက်ပတဲ့ အလင်းရောင်ကို ထည့်လိုက်တာပါ။ သို့ပေမယ့် အဲဒီ့အလင်းရောင်က သုဂတိသို့ သွားရမယ့် အလင်းရောင်အဖြစ် နောက်ပိုင်းမှာ အသုံးတော်ခံဖို့ စတင် မိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။

ညအပြင် – လမ်းမပေါ်

ဆယ်(မ်)က သူ သေနတ်ပစ် ခံရတဲ့ လမ်းပေါ် ပြန်ရောက်နေတယ်။ ကောင်းကင်ထက်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ သူ့ကိုယ်ခန္ဓာကို ပွေ့ထားတဲ့ မော်လီ့ကို ပြန်ငုံ့ကြည့်တယ်။ မီးခိုးသဖွယ် အပြာရောင် အလင်းတန်းတွေက  ကောင်းကင်ကနေ သူ့ဆီကို ဖြာဆင်းလာနေတယ်။

မော်လီနဲ့ တခြားလူနှစ်ယောက်က ဆယ့်(မ်)ကို သတိရလာအောင် ကြိုးစားနေကြတယ်။ ဆယ်(မ်)က အလင်းတန်းတွေကို ပြန်ကြည့်လိုက်ပြန်တယ်။

“ဆယ်(မ်)… ဆယ်(မ်)… ကျွန်မကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ကိုရယ်…”

ဆယ်(မ်)က မော်လီနဲ့ ဆက်နေမယ်လို့ ဆုံးဖြတ်လိုက်ပုံနဲ့ အလင်းတန်းတွေကို ကျောခိုင်းလိုက်ပြီး မော်လီ့ဆီကို ပြေးလာတယ်။ အလင်းတန်းတွေ ကွယ်ပျောက်သွားတယ်။

ရဲကား ဥဩသံတွေ ကြားလိုက်ရပြီး ရဲကားတစ်စင်း ချိုးဝင်လာတယ်။ ဆယ်(မ်)က မော်လီ့ဆီ ပြန်ပြေးလာနေဆဲ။

သည်အခန်းက အလင်းတန်းတွေကို အနက်ဖွင့်ပေးနေတာဖြစ်သလို ဆယ့်(မ်)ရဲ့ မော်လီ့အပေါ် မခွဲနိုင် မခွာရက် ဖြစ်နေပုံကို ပြတာပါ။ သည်ကားကို မြန်မာတွေ ခံစားလို့ ရသွားတာက မြန်မာမှာလည်း “မကျွတ်ဘူး”ဆိုတဲ့ အသုံး ရှိနေပြီး အဲလို ယုံကြည်စွဲလန်းကြတာကို သည်အခန်းနဲ့ အတည်ပြုထားလိုက်သလိုပါပဲ။

တစ်ဖက်ကလည်း ဇာတ်လမ်းက အခုမှ တကယ်စတော့မှာကို ပရိသတ်က အနည်းအကျဉ်း စတင်ရိပ်စားမိအောင် သည်အခန်းနဲ့ ပြလိုက်တာလည်း ဖြစ်ပါတယ်။

ညအပြင် – လမ်းပေါ်မှာ

လူနာတင်ယာဉ်က လမ်းအတိုင်း အပြင်းမောင်းဝင်လာပါတယ်။

သည်အခန်းက နောက်တစ်ခန်းကူးဖို့အတွက် ခုတဲ့ အပြ (transition scene) ပါ။

(ဒေ၀ီဂျာနယ် အတွဲ ၁ အမှတ် ၅ ကနေ ယနေ့ ၈-၁၂-၂၀၀၀ ရက်စွဲပါ အမှတ်စဉ် ၈ အထိ ဖော်ပြထားသမျှ အားလုံး ပေါင်းစည်း တင်ပြလိုက်တာ ဖြစ်ပါတယ်။)

 

သည်ပို့(စ်)မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို http://movies.yahoo.com/movie/1800147492/ က ကူးယူ ဖော်ပြထားတာ ဖြစ်ပါတယ်။

Advertisements
13 Comments leave one →
  1. 8 December 2010 2:03 pm

    တဝကြီးရေးထားတာကို တဝကြီးဖတ်သွားပါတယ်ဆရာ 🙂

    • lettwebaw permalink
      8 December 2010 2:06 pm

      ဖတ်ကြောင်းပြ အလင်္ကာနဲ့တင် ပြီးရောလားဗျာ… ချိုသည် ခါးသည်လည်း မပြောတော့ တူညားမှာ တိုးလို့ တန်းလန်း… ငရဲကြီးတတ်တယ်နော်… 😦

  2. 8 December 2010 2:10 pm

    အပိုင်း၁ ကနေ ၅ ထိသာဆိုတယ် ဖတ်ရတာ ဆန့်တငံ့ငံ့နိုင်လိုက်တာ ဆရာရယ်။ ကိုယ်လောဘကြီးတာလဲပါ ပါတယ်။ ဆရာသုံးသပ်ပုံတွေ အရမ်းကိုကောင်းပြီး ရုပ်ရှင်ရဲ့အသက် ပိုဝင်လာသလိုပါပဲ။ ကိုယ့်ဘာသာကိုယ် ဆို ဒီလောက် မမြင်နိုင်ဘူးလေ။ အရောင်ရဲ့အဓိပါယ်ကို ပြောပြသွားတာကြောင့် ပညာတိုးပါတယ်။ အဲဒီလို အရောင်ရဲ့အဓိပါယ်တွေသိရအောင် ဘာကိုလေ့လာသင့်ပါသလဲဆရာ။ ပန်းချီသဘောများလား။ နတ်သမီးရုပ်အကြောင်းနဲ့ ဆိုဖာထိုင်ခုံလေးအကြောင်းက ဆရာ့စာ ဖတ်မှသိရတာ။ ကိုယ့်ဘာသာကိုယ်ဆို မချိန်ဆက်တတ်တော့ ဘာမှန်းသိမှာကိုမဟုတ်ဘူး။
    ဘယ်မှာဖတ်မိမှန်းမသိတော့ပေမယ့် စာရဲ့အစမှာ နံရံပေါ်မှာ သေနတ်ချိတ်ထားရင် အဲ့ဒါကို ပစ်တဲ့အခန်း ပါကို ပါရမယ်ဆိုတာလေးကို သွားသတိရမိတယ်။ အဲဒါမျိုးက စာ မှာတင်မဟုတ်ဘဲ ရုပ်ရှင်မှာလဲ လိုတာပါပဲနော်။ အကြွေစေ့လေးကလည်း ဆရာကြောင့်ပိုသဘောပေါက်သွားတာပါ။

    ဒီကားအ စမှာကတည်းက Sam ရဲ့သူငယ်ချင်းကို လုံးဝမကြိုက်ဘူး။ သူ့ မျက်နှာမှာကို ကြောင်သူတော်ကြွက်သူခိုးပုံ ပေါ်နေတယ်။ ဒါရိုက်တာလူရွေးအရမ်းတော်တယ်လို့ခံစားရတယ်။ သူသရုပ်ဆောင်ကောင်းတာလည်း ပါပါတယ်လေ။ အကြိုက်ဆုံး အခန်းက Sam လူဆိုးနောက်ပြေးလိုက်သွားပြီး မော်လီနား ပြန်လာတာရယ်၊ လူမည်း မင်းသမီးက အလှူငွေတွေများလွန်းလို့ ချက် ခ် လက်မှတ်လက်မလွတ်နိုင်ဖြစ်သွားရတာရယ်ပါ။

    ဒီကားကိုနောက်တခါပြန်ကြည့်ရင် ဆရာ့စာကြောင့် ပိုပြီးတော့အသက်ဝင်မှာ သေချာတယ်။ ဒါပေမယ့် ပြန်ကြည့်ဖို့ အားတော့ တော်တော်မွေးရအုန်းမယ်။

    ဒီစာအတွက် ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်။

  3. ၀င်းမင်းဦး permalink
    8 December 2010 7:34 pm

    လက်ရှိ မြန်မာရုပ်ရှင်ကားတွေနဲ့တော့ နှိုင်းယှဉ်လို့ကိုမရပါဘူးဗျ…အခြေအနေ အချိန် ငွေ တွေပေါ်မူတည်ပြီးတော့ လုပ်ပြနိုင်တာကိုး…မြန်မာကားကတော့ ဆူလွယ်နပ်လွယ်ပဲလေ…
    သိပ်ကောင်းဖို့အတွက် ငွေသိပ်ကုန်မယ်…ပြန်ရမရမသေချာဘူးလေ…မြန်မာပြည်ကြီး တကယ်တိုးတက်ပြီးတော့
    အဖက်ဖက်က ပြည့်စုံနေပြီဆိုမှပဲ ဖာတစ်လုံးခေါင်းကြားတို့လို့ ၀လေးလုံးတို့လို ဗိုလ်အောင်ဒင် တို့လိုကားတွေ
    ပြန်ကြည့်ရမယ်ထင်ပါရဲ့ဗျာ…အဲ…ဒါကတော့အပြင်ကိုသုံးသပ်မိတာပါ…ရုပ်ရှင်ပိုင်းကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်ဗျာ…ကြည့်မိတိုင်းခံစားရပါတယ်…မရိုးနိုင်ပါဘူး..
    တိုက်တန်းနစ်ထက် အများကြီးကောင်းပါတယ်…ဘာဆက်တင်မှမပါပဲ ရိုးရိုးကိုကောင်းနေတာပါ…
    ဆရာဘာသာပြန်တာလဲ တကယ့်ကို ကွက်ကွက်ကွင်းကွင်းပါပဲဗျာ…ကျေးဇူးတင်ပါတယ်..ဆရာ..

  4.ွှ့Thitsarte permalink
    8 December 2010 9:19 pm

ှဆရာရယ် အကုန်ဆို..ကျနော်မှာဖတ်ရင်နဲ့မျောသွားတယ်။ ဆရာရယ်နားပူနားဆာလုပ်တယ်တော့မထင်ပါနဲ့။ ဆက်ဖတ်ချင်ပါသေးတယ်ဆရာ။ ဖြစ်နိုင်ရင် ဆရာကြိုက်တဲ့ဇာတ်ကားလေးတွေ ဆက်ရေးပါအုန်းလို့ တောင်းဆိုပါရစေဆရာရယ်။ ဒီဇာတ်ကား (Ghost) ကိုလဲဆက်ရန်ရှိသေးရင် ဆက်ပေးပါအုန်းဆရာ။ ကျနော်ကြိုက်လွန်းလို့ Print ထုတ်လိုက်ပီဆရာ။

    • lettwebaw permalink
      8 December 2010 9:32 pm

      အပင်ပန်းခံပြီး Print ထုတ်မနေပါနဲ့။ မဝေးတဲ့ ကာလမှာ စာအုပ်အဖြစ် ထွက်လာမှာပါ။ Ghost လို ရေးထားတာ မဟုတ်ပေမယ့် နောက်ထပ် ရုပ်ရှင်ဇာတ်လမ်း တချို့အကြောင်းပါ ထည့်ပြီး ထုတ်ဖို့ စိတ်ကူးရှိနေပါတယ်။ ၂၀၁၁ ထဲမှာ ထွက်လာအောင် ကြိုးစားနေပါတယ်။ Ghost ရဲ့ ဆက်ရန်ကိုတော့ စာအုပ်ထွက်မှာပဲ ဖတ်ပေတော့လို့ ပြောရင် ကောင်းမလား စဉ်းစားနေပါတယ်။ 😛

  5. Aung Soe permalink
    8 December 2010 10:27 pm

    အစကတော့ ဆရာက ဒီဇာတ်လမ်းကို ဘလောဂ်မှာတင်ဖို့ ပရိတ်သတ်ကို သဘောထားတောင်းခံတော့ ကျွန်တော်က ရုပ်ရှင်ကိုစိတ်မဝင်စားတာနဲ့ ဘာမှဝင်မပြောဖြစ်ဖူး ။ နောက်ပြီး ဆရာတင်လိုက်တော့လည်းဖတ်ဖြစ်တာပါပဲဗျာ ငယ်ငယ်က ကြည့်ခဲဖူးပေမယ့် ဆရာအခုရေးထားတာလောက် နားမလည်ပါဘူးဗျာ …။
    ဆရာရေးတာဖတ်ရမှ အရောင်ရဲ့ အဓိပ္ပါယ်ကိုပါ နားလည်မိတော့တယ် ကိုယ့်ဖာသာကိုယ် ကြည့်ရင် ၁၀ ခါလောက်ကြည့်ရင်တောင် ဆရာရေးသလောက် အရသာရှိမှာ မဟုတ်ဘူးဗျ ။ ကျေးဇူးတင်ပါတယ်ဆရာ နောက်အခန်းတွေ ဆက်ရေးပါအုံးဟု မ လိုက်ပါသည် ( အချွန်နှင့် ;P ) ။

  6. Moe permalink
    9 December 2010 3:11 am

    ဆရာရေ … စာထဲမျောနေရင်း ဒေဝီဂျာနယ် ဆိုတာကို တွေ့ လိုက်ရတော့ ဖတ်နေတဲ့ အရသာ တော်တော်လေးကို ဖရိုဖရဲဖြစ်သွားတယ်။

  7. Soe Nay Lynn Aung permalink
    9 December 2010 6:35 am

    ဆရာတော့ ငရဲကြီးတော့မယ်ထင်တယ်၊ တိုးလို့ တန်းလန်းကြီး ထားခဲ့လို့  :))) ရေးထားတာ အတော်သဘောကျတယ်ဗျ။ စာအုပ်အဖြစ် အမြန်ထွက်လာပါစေလို့  ဆုတောင်းနေပါတယ် ဆရာ။

  8. 9 December 2010 10:00 am

    ဆြာရယ် ဆန့်တငင်ငင် ဖြစ်သွားပီ ၊ ဒီ ဇာတ်ကား ကိုပြန်ဝယ်ပီး ကြည့်လိုက်အုံးမယ် ၊အရင် ကြည့်ပီးသားပဲ ။ဆြာ့စာကိုဖတ်ပီးမှ ပြန်ကြည့်မှ ဖြစ်မယ်လို့သိလိုက်ရပီ

  9. နွယ် permalink
    9 December 2010 9:00 pm

    ဆရာရေးထားတာတွေ အင်မတန်ကို ကောင်းပါတယ်ဆရာ.. ကျွန်မအတွက်လည်း ဘယ်တော့မှ မမေ့နိုင်မဲ့ ဇတ်လမ်းလေးပါ.. ကျွန်မကို သိပ်ချစ်ခဲ့ဘူးတဲ့ သူတစ်ယောက်ဟာ သူ့ လိုဘဲ အဖြစ်ဆိုးကြုံခဲ့ဘူးပါတယ်။ ဒီဇတ်ကားဟာ သူနဲ့ အတူတူ နောက်ဆုံး အကြိမ် ကြည့် ဖြစ်ခဲ့တာပါ။ အဲ့ဒီ့တုန်းက ပြောခဲ့ဖူးပါတယ်။ တကယ်လို့  နင်နဲ့ ငါ တစ်ယောက်ယောက် မတော်တဆ အရင်သေရင် အဲ့ဒီ့ဇတ်ကားလေး ထဲကအတိုင်းဘဲ နော်လို့ ပြောဖြစ်ခဲ့ကြပြီး ဒီဇတ်ကားလေးကို မမေ့နိုင်စွာ ဇတ်ကြောင်းလေးကိုအတူတူ အမြဲတမ်း တသသ ပြောဖြစ်ကြပါတယ်။ သူသေသွားခဲ့တာတော့ အခုဆိုရင် 15 နှစ်ကျော်ပါပြီ။ အဲ့ဒီ့ကတည်းက သူနဲ့ အတူတူ ကြည့်ပြီးကတည်းက ထပ်မကြည့်ဖြစ်တော့ပါဘူး။ ထပ်ပြီး ခံစားနိုင်တဲ့ နှလုံးသားမရှိတော့လို့ ပါဆရာ…

  10. Thu Htut permalink
    11 December 2010 9:20 pm

    Thanks for aesthetic approach and inspiration on language proficiency, the most weakest skill of Myanmar is listening.
    The rest of reading, writing and speaking skills are not too bad compared with Asean people.
    Your post got remember me once movies reviewers Saya Shin Lone and Nay Oak (St. Paul).

  11. ရည်မွန် permalink
    22 December 2010 2:21 pm

    အသက် ၁၀ နှစ်လောက်က ကြည့်ခဲ့ဖူးပါတယ်။ သေသေချာချာနားမလည်ခဲ့ပါဘူးဆရာ။ အခုပြန်စဉ်းစားကြည့်လိုက်တော့ အလင်းတန်းကလေးတွေကိုပဲ မှတ်မိနေတယ်။ ဆရာရှင်းပြတာကို စိတ်ဝင်စားပြီး ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ စာက ဆုံးသွားတော့ ဟာ မပြီးသေးဘူး ဆိုပြီး ဆက် တငန့်ငန့်ကြီးဖြစ်သွားရော။ ဆရာကစာအုပ်ထွက်မှဆို ဘယ်လောက်ကြာအုံးမလဲဆရာ။ ဆရာ့စာဖတ်ပြီးမှ သူတို့တွေရဲ့ အချိတ်အဆက်ကောင်းတဲ့ အစီစဉ်တကျစီစဉ်မှုကို အားကျမိတယ်။ မှတ်သားမိတယ်ဆရာ။ ရုပ်ရှင် ၊ ပန်းချီ၊ စာပေ၊ ဂီတ ရှင်းလင်းချက်လေတွေကိုလည်း မှတ်သားရပါတယ်။ ဆရာအရေးကောင်းတာကြောင့်လည်းပါတယ်ဆရာ:)
    ဖြစ်နိုင်မယ်ဆိုရင်တော့ ကျန်တဲ့ အပိုင်းတွေကို အရာသာတွေ့နေတဲ့အချိန်လေးမှ ဆက်ဖတ်လိုက်ချင်ပါသေးတယ်ဆရာ။ စာအုပ်ထွက်ရင်လည်း အားပေးအုံးမှာပါဆရာ:P

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: