Facebook မှာ ကျွန်တော့်ကို Tag လာတဲ့ Note လေး တစ်ပုဒ်က ကျွန်တော့်ရင်ကို ထိသွားစေခဲ့တာမို့ ကျွန်တော့် ဘလော့(ဂ်) ပရိသတ်များ ဖတ်ရအောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ သည်လို ဆရာဝန်တွေ ပွားများလာပါစေလို့သာ ဆုတောင်းရင်း အဆုံးသတ်မှာ အောက်ပါအတိုင်း ဒေါက်တာ မောင်မောင်မြင့် သိချင်သလို ကျွန်တော်လည်း သိချင်နေမိရပါတယ်။
Service… Sympathy… Humanity…
ပင်ပန်းခံအားထုတ်မှု… ကိုယ်ချင်းစာ သနားကြင်နာမှု… လူသားဆန်မှု၊ နွေးထွေးမှု… အထက်အောက် လက်ဆင့်ကမ်း… ပညာသင်ပေးမှု… တစ်ဦးနဲ့ တစ်ဦး နားလည်မှု… သည်းခံမှု… မာန်မာန ခ၀ါချထားမှု… သေမင်းလက်မှ အစွမ်းကုန် ကြိုးစားလုယူမှု… မှု… မှု… မှု…
လူကြီးမင်းတို့ ခေတ်မီ ဆေးရုံတွေမှာရော ဒါလေးတွေ ရှိနေသလား၊ ကျွန်တော် သိချင်ပါတယ်…
Intensive Care Unit
ဒေါက်တာ မောင်မောင်မြင့်
ရှုပ်ရှက်ခတ်နေသော ၀ိုင်ယာကြိုးများ
Digital ဒိုင်ခွက်များ၊ ခေတ်မှီ ဆန်းပြားသော စက်ကိရိယာများ
ပျားပန်းခတ် လှုပ်ရှားနေသာ ၀တ်ရုံ မျက်နှာဖုံးတပ် ၀န်ထမ်းများ
လေအေးပေးစက်မှ တိုးညှင်းသော အသံများ
ရံဖန်ရံခါမှ ကြားရတတ်သည့် စကားပြောသံများ…
ခေတ်မီ ဆေးရုံတစ်ရုံ Intensive Care Unit ရဲ့ မြင်ကွင်းတစ်ခုကို အားလုံး တွေ့ဖူးမြင်ဖူးကြမှာပါ။
ကျွန်တော်တို့ မြောက်ဥက္ကလာပ ဆေးရုံ Medical Unit မှာလည်း Intensive Care Unit တစ်ခု ရှိခဲ့ပါတယ်။
လွန်စွာ ကွာခြားလှတဲ့ မြင်ကွင်းတစ်ခုပါပဲ၊
ကုတင်လေးလုံး၊ Drip set ချိတ်ဖို့ တိုင်ကလေးများ၊ နံရံမှာ သွယ်တန်းထားတဲ့ oxygen pipeline နဲ့ regulator outlet ၂ ခု။ Suction Machine တစ်ခု၊ Defibrillator တစ်ခု။ မှုန်ပြပြ မီးရောင်မှိန်မှိန်… နာရီစက္ကန့်တံ သွားနှုန်းနဲ့၊ လှည်းဝင်ရိုး ဆီငတ်တဲ့ အသံနဲ့ လည်နေတဲ့ မျက်နှာကျက် ပန်ကာ….
မှတ်မိကြမယ်ထင်ပါရဲ့…
(ကျွန်တော်တို့ Intensive care unit မှာ ခေတ်မှီ ဆန်းပြားတဲ့ Medical Equipment ပြည့်ပြည့်စုံစုံ မရှိခဲ့ပါ။ ဒါပေမယ့်… ပြည့်စုံသင့်တာလေးတွေ တစ်ချို့ ရှိနေခဲ့ပါတယ်….)
အချိန်က ၁၉၈၃ခု နိုဝင်ဘာလ နောက်ဆုံးပတ် တနင်္လာနေ့…
မှတ်မှတ်ရရ ရှိခဲ့ပါတယ်။
ကျွန်တော် အလုပ်သင်ဆရာဝန်အသစ်ကလေး Long Day Duty ကျတဲ့နေ့ပေါ့။ မနက် ၈ နာရီ ဂျူတီဝင်၊ နောက်တစ်နေ့ မနက် Professor round ပြီးမှ ဂျူတီထွက်။ တစ်နေ့တာ ရှိပြီးသား လူနာဟောင်းတွေအတွက် လိုအပ်တာလုပ်။ အသစ်ရောက်လာတဲ့ Admission case တွေကြည့်ပြီး လိုအပ်တဲ့ Treatment ပေး။ ဂျူတီထွက်ရင် နောက်လူကို Over ပေး။ ဒါတွေက Long Day Duty သမားတွေ လုပ်နေကျ တာဝန်။
ဟော.. လာပါပြီ၊ လူနာသစ်တစ်ယောက်။ အမျိုးသားကလေး… အသက်က ၁၃ နှစ်မို့ ကလေးဆောင် တင်မရလို့ Medical Ward ကို တင်လိုက်တာ… ပြဿနာက သတိလစ် အသက်ရှူ ရပ်ရပ်သွားခြင်း။
နေ့ခင်း လူစုံတက်စုံဆိုတော့ လိုတာတွေ ၀ိုင်းလုပ်ပေးကြ။ Treatment ပေးကြနဲ့ ဆိုတော့ မဆိုးပါဘူး။ Stable condition ဖြစ်လာတာပေါ့။
ည ၆ နာရီလောက်မှာတော့ ကိုယ်တော်က စပြီး ဖောက်လာပါလေရော။ အသက်ရှုလိုက် ရပ်သွားလိုက် “Cheyne Strokes Respiration” ရနေပါပြီ။
ကဲ… ကိုယ့်ဂျုတီဆိုတော့ လုပ်ပေရော့။ Respirator ယူ၊ Endotracheal Tube ထည့်ဖို့ မစုံမလင်မို့ Face Mask နဲ့တင် အုပ်ထားပြီး ခေါင်းရင်းက ကိုင်ထား၊ အညောင်းထိုင်ပေရော့… Oxygen concentration and Respiration rate… Tidal Volume ကို စက်မှာ ညှိထားလိုက်တယ်။
ခေါင်းထဲမှာတော့ အသစ်စက်စက် စာတွေကို အပြေးအလွှား စဉ်းစားရတယ်လေ။
PaCO2 level ကျရင် Respiratory Drive က မရှိတော့ ရပ်သွား၊ Carbondioxide Retension ရလာရင် ပြန်ရှူ။ ဟော… Carbondioxide wash out ဖြစ်ပြန်တော့ ပြန်ရပ်သွား… ဘယ်ရမလဲ.. ခေါင်းထဲမှာ ချောင်းချောင်း ပြေးနေတာ။ မာန်အပြည့် ဟန်အပြည့်နဲ့ Newly qualified doctor ဆိုတာပေါ့။
ကိုင်း… CO2 retension ရအောင် ခဏလောက် ရပ်ထားပေးလိုက်မယ်.. ပြန်ရှုလာမလား…
ရပ်ထားလိုက်တော့ ကလေးက နည်းနည်း ပြာလာပြီ။ ကိစ္စမရှိ… ငါအနားမှာ ရှိသားပဲ၊ လိုရင် ပြန်တင်လိုက်မယ်။
အဲဒီအချိန်မှာ မထင်မှတ်တာ ရုတ်တရက် ဖြစ်ပါလေရောဗျို့…
အပေါက်ဝမှာ စောင့်နေတဲ့ ကလေးအဖေက ရုတ်တရက် ၀င်လာပြီး ကုတင်ပေါ်တက်၊ ကလေးကိုခွ၊ Mouth to Mouth လုပ်ပါလေရောဗျို့..
စိတ်ထဲမှာ ဒေါသက ဟုန်းခနဲ၊ မာနက ထောင်းခနဲ၊ မျက်နှာတောင် နေ၀င်ချိန်နေလုံးအရောင်…
သူ့ကလေးကို သေစေချင်နေတယ်၊ ပစ်ထားတယ် ထင်နေသလား။ အသံတိတ် စကားသံများ ရင်ထဲမှာ ပဲ့တင်သံ အထပ်ထပ်။
သူ့ကို ဖယ်ပြီး ကိုယ်လုပ်စရာ ဆက်လုပ်ရတယ်။ ပထမ လက်ထောက် ဆရာဝန်ကြီး မမ ဒေါ်ခင်မေအုန်းထံ စာရေးပြီး report လုပ်ရပါတယ်။ မကြာခင်မှာပဲ မမ ရောက်လာတယ်။ ကိုယ်ကတော့ အဖြစ်အပျက်ကို တိုင်ရပါတယ်။
“သည်ကလေးအဖေကို မမကတော့ ကောင်းကောင်း ဆူတော့မှာပဲ”
ဒါက ကိုယ့်အတွေး…
တကယ့်တကယ်တော့…
“ကလေးလေးအဖေရေ… သည်က ဆရာလေးတွေက အကောင်းဆုံး လုပ်ပေးနေတာ၊ စိတ်မပူနဲ့… သည်အခန်းထဲကို တကယ်တော့ ၀င်ခွင့်ပေးတာ မဟုတ်ဘူး။ ကလေးက စိုးရိမ်ရတော့ အဖေကို အနားမှာ ထားပေးတာ။ အခု စိတ်အေးအေး ထားပြီး အပြင်မှာ ခဏလောက် သွားနားလိုက်ပါဦး”
အင်မတန့်ကို နူးညံ့လှတဲ့ စမ်းရေစီးသံ…
“မမတပည့်… မင်းလည်း တစ်နေ့လုံးဆိုတော့ ပင်ပန်းလှပြီ။ မင်း စိတ်လည်း နည်းနည်းဆိုးနေတယ်လို့ မမထင်တယ်။ သည်တော့ မမ ခဏစောင့်ပေးမယ်။ တပည့် အခန်းထဲမှာ ခဏလောက်သွားနားချေ…”
ဟောဗျာ…. မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား…
အေးလေ.. ခဏလောက်ထွက်ပြီး နားလိုက်ပါဦးမယ်…
ဘယ်အကြာကြီး နားနိုင်မှာလဲဗျာ… ကိုယ့်ဆရာကို စောင့်ခိုင်းလို့ ဘယ်ဖြစ်မလဲ…
သည်လိုနဲ့ စက်ဘေးမှာ လက်ညောင်းခံလိုက်ရတာ ည ၁၂ နာရီကျော်လောက် ရောက်တော့ ကလေးက spontaneous respiration ပြန်ရောက်လာလို့ တော်သေးတာပေါ့။
Staff ဆရာမတစ်ယောက်က လာခေါ်တယ်။
“သည်မှာ… ဆရာ ညစာ မစားရသေးဘူး မဟုတ်လား။ ဆရာတို့ တစ်ညနေလုံး ပင်ပင်ပန်းပန်း လုပ်နေတာ ကြည့်ပြီးတော့ ဘေးခုတင်က လူနာရှင်က Staff တွေ အားလုံးအတွက် ခေါက်ဆွဲကြော်ထုပ်တွေ လာပို့ထားတယ်။ ဆရာ လာစားလှည့်”
သည်အချိန်မှာ အခန်းထောင့်ကို ကျွန်တော် အမှတ်မထင် လှမ်းကြည့်လိုက်မိပါတယ်။ အခန်းက မထွက်ခင် စစ်ကြည့်လိုက်တဲ့ သဘောပါ။
မျက်စိထဲမှာ တစ်သက် စွဲစေခဲ့တဲ့ မြင်ကွင်းတစ်ခုက ကျွန်တော့်ရင်ထဲ စူးစူးနစ်နစ် ထိုးဝင်သွားခဲ့ပါပြီ။ ကလေးငယ်ရဲ့ အသက်ရှုရပ်ခြင်း ကျွန်တော့်ကို ကူးစက်ခံရပါပြီ။ မျက်ရည်များတောင် လည်မိပါရဲ့…
ည၁၂ နာရီကျော်…
အခန်းထောင့်မှာ ကျုံ့ကျုံ့ကလေး ဆောင့်ကြောင့် ထိုင်ရင်း ကလေးအဖေဟာ သူ့ရဲ့ ပိန်လိန်နေတဲ့ သတ္တုချိုင့်ကလေးကိုဖွင့်… အေးစက်စက် ထမင်းကြမ်းခဲတစ်တုံး၊ ဘဲဥကြော်တစ်လုံးဟင်းကို သောက ဟင်းချိုနဲ့ မျိုမကျစွာ၊ စိတ်မချစွာ… ညနေစာ စားနေလေရဲ့။
သူ့ရင်ထဲ ထိုးဖောက်မြင်မိပါရဲ့… ငါ့သားလေး အသက်မှ ရှင်နိုင်ပါတော့မလား???
ကျွန်တော့်ရင်ထဲမှာ စူးစူးရှရှ ပြင်းထန်တဲ့ နာကျင်မှုနဲ့ အသိတစ်ခု စူးနစ် ၀င်သွားခဲ့ရပြီ။
“နှုတ်က မထွက်ခဲ့ပေမယ့် စိတ်ထဲက အသံတိတ် ဗုံးကြဲခဲ့မိတဲ့ စကားလုံးများအတွက်.. နောင်တ…”
“သူ… ကလေးအဖေပဲ။ သူ့သားလေးကို ရှင်စေချင်မှာပေါ့။ သားဇောနဲ့ ငါတို့ စိတ်ဆိုးမှာ… လုပ်သင့် မလုပ်သင့် မစဉ်းစားနိုင် ဂရုမထားနိုင်ဘဲ သူသိ၊ သူတတ်နိုင်တာ သူ လုပ်ရှာတာပဲ။ တကယ်လို့ ငါ တစ်ခွန်းခွန်း ပြောမိရင် ငါအလွန်ဖြစ်ပြီ။ ငါ လူသားချင်း စာနာစိတ် မရှိတဲ့သူ၊ တိရစ္ဆာန် တစ်ကောင်ဖြစ်ပြီ။ ဒါကြောင့် မမက သူ့ကို တစ်ခွန်းမှ မဆူခဲ့တာပဲ။ ငါ ကံကောင်းပေလို့…”
ကျွန်တော်ဘာမှမစားနိုင်တော့ပါ။ ရင်ထည်းမှာ ပြည့်ကြပ်နေပါပြီကော…
“ဆရာမရေ.. ကျွန်တော့် ညစာကို ကလေးအဖေကို ကျွေးလိုက်ပါတော့ သူ့မှာ ဘာဟင်းမှ မရှိဘူးဗျ”
ဆရာမရဲ့ ထူးဆန်းအံ့သြတဲ့ အကြည့်က ညအမှောင်မှာ လက်လက် ထသွားလေရဲ့။
သည်နောက်တော့ အရာရာက တိတ်ဆိတ်စွာပဲ ဖြတ်သန်းသွားတော့တယ်။ ငြိမ်သက်နေတဲ့ Ward တစ်ခုလုံးထဲမှာ ရင်မှာ အတွေးလှိုင်း တစ်လုံးပြီးတစ်လုံး ဖြတ်သန်းသွားနေတဲ့ ကျွန်တော်ကတော့ မငြိမ်သက်နိုင်ခဲ့ပါ၊
နောက်ထပ် ၃ ရက်…
ကလေးကတော့ သတိမရသေး။ သို့သော် အသက်မှန်မှန် ရှူနေဆဲ။ အချိန်ရရင် အားငယ် မျက်လုံးတစ်စုံ (အမိမဲ့သားမို့) ဆီတော့ စကားအားဆေး ပေးဖြစ်ခဲ့မိပါတယ်။
နောက် လေးရက်မြောက်… ကျွန်တော့်ဂျူတီကျရက်
ကံစပ်တဲ့ အကြောင်းတရား ပါလေသလား မသိပါ။ ညနေ ၄ နာရီလောက်ကတည်းက ဖောက်နေပါပြီ။
ကျွန်တော် မမထံ Report မလုပ်တော့ပါ။ ကိုယ်ပဲ အပင်ပန်းခံလိုက်ပါတော့တယ်။
မနက်၈နာရီ… မမ Round လှည့်ဖို့ ICU ကို အရင်ဆုံး ၀င်လာပါတယ်။
“ဟယ်… သည်ကလေး ရှိသေးသလား။ မမတော့ မင်းဆီက ဘာ report မှ မလာတော့ မရှိတော့ဘူး ထင်နေတာ။ ပြပါဦး… မင်း တစ်ညလုံး ဘာတွေ လုပ်ထားလဲ ဆိုတာ…”
တကယ်တော့ တစ်ညလုံး ၁၃ ကြိမ်တိတိ Cardiac Arrest ရလို့ resuscitation ၁၃ ကြိမ် လုပ်ထားခဲ့ပြီးပါပြီ။ မမအလာ မိုးလင်းအောင် စောင့်နေခဲ့တာပါ။ ဘာများ ထပ်လုပ်ပေးနိုင်ဦးမလဲလို့ အားတင်းပြီး ဆွဲဆန့်ထားတာ ရှည်လှပြီ။
“တော်လောက်ပြီ ထင်တယ် တပည့်ရေ။ ဘယ်လိုမှ မရနိုင်တော့ဘူး အားလုံး ရပ်လိုက်ပါတော့ကွယ်”
နှမျောသံ ကျေနပ် ၀မ်းမြောက်သံ ရောနေတဲ့ ညွှန်ကြားချက်..
“ကျွန်တော် ဘယ်လို လုပ်ရမလဲ”
“မင်းကိုယ်တိုင်ပဲ ရှင်းပြပြီး ရပ်လိုက်ပါ”
တိတိကျကျ ပြတ်ပြတ်သားသား ညွှန်ကြားချက်..
အလွန်ခက်ခဲသော၊ နူးညံ့သိမ်မွေ့သော၊ မလုပ်ချင်သော၊ မလုပ်မဖြစ်သော၊ နောင်လုပ်ဆောင်တတ်ရမည်ဖြစ်သော၊ လုပ်ပြီးမှ နောင်တ ရ ရမလို ဇဝေဇ၀ါ ဖြစ်တတ်သော…
“ကဲ… ကလေးအဖေရေ… ကျွန်တော် ပြောပြမယ်… တစ်ညလုံး သည်ကလေးအတွက် လုပ်ပေးခဲ့တာ အဖေအသိပဲ။ သူက စက်အကူအညီနဲ့ အသက်ရှူနေတာ… ကျွန်တော် နောက်ထပ် နာရီဝက် စက်နဲ့ ရှူပေးမယ်… နာရီဝက် ပြည့်ရင် စက်ကို ရပ်လိုက်တော့မယ်… သူ့မှာ ကံတရားရှိလို့ ဆက်ရှူရင် ရှင်မယ်.. မရှူရင်တော့ အတူ နေဖို့ ရေစက် သည်လောက်ပဲ ရှိတယ်လို့ သဘောထားပြီး တရားနဲ့ ဖြေပါ”
နာရီဝက် ကြာပြီးတဲ့နောက် စက်ကို ရပ်လိုက်တဲ့အခါ…
“သူ သေဆုံးသွားပါပြီ…”
တိုတိုတုတ်တုတ်ပဲ ကလေးအဖေကို ကျွန်တော် ဖွင့်ပြောရပါတယ်။
ကလေးအဖေ မျက်လုံးထဲက ဘာမှ ထွက်ကျမလာပါ။ နှုတ်ခမ်းကတော့ ကွဲအက်သံ စကားတစ်ခွန်းပဲ ထွက်လာပါတော့တယ်။
“ကျွန်တော် ကျေနပ်ပါတယ်… ကျေးဇူးလည်း တင်ပါတယ်။ သူ့ကံက သည်လောက်ပဲ ရှိတာကိုး”
ကျွန်တော် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မဆိုတတ်တော့ပါ…။
(ကျွန်တော်တို့ Intensive care unit မှာ ခေတ်မှီ ဆန်းပြားတဲ့ Medical Equipment ပြည့်ပြည့်စုံစုံ မရှိခဲ့ပါ။ ဒါပေမယ့် ပြည့်စုံသင့်တာလေးတွေ တစ်ချို့ ရှိနေခဲ့ပါတယ်။)
ဒါပေမယ့်.. အမှန်တကယ် လိုအပ်တာလေးတွေတော့ ရှိနေခဲ့ပါသည်။
Service… Sympathy… Humanity…
ပင်ပန်းခံအားထုတ်မှု… ကိုယ်ချင်းစာ သနားကြင်နာမှု… လူသားဆန်မှု၊ နွေးထွေးမှု… အထက်အောက် လက်ဆင့်ကမ်း… ပညာသင်ပေးမှု… တစ်ဦးနဲ့ တစ်ဦး နားလည်မှု… သည်းခံမှု… မာန်မာန ခ၀ါချထားမှု… သေမင်းလက်မှ အစွမ်းကုန် ကြိုးစားလုယူမှု… မှု… မှု… မှု…
လူကြီးမင်းတို့ ခေတ်မီ ဆေးရုံတွေမှာရော ဒါလေးတွေ ရှိနေသလား၊ ကျွန်တော် သိချင်ပါတယ်။
(မေလ ၂၁ ရက် ၂၀၁၀)
စိတ်ရှည်လက်ရှည် သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာလည်း တစ်ဦးတည်းသော သားလေးတစ်ယောက် ရှိခဲ့ပါပြီ၊
(ကိုယ့်အကြောင်း ကိုယ်ရေးရတာ ကိုယ်ရည်သွေးရာ ရောက်မလားလို့ ရင်ထဲမှာပဲ ဆွေးဆွေးမြေ့မြေ့ သိမ်းထားခဲ့ပါတယ်။ အခုအချိန်မှာတော့ ရေးသင့်ပြီ ထင်လို့ပါ။
It was a true story of mine and I sincerely believed this lesson made me a “DOCTOR”
Dr. Maung Maung Myint
မျက်ရည်လည်မိပါတယ်။ ဒါဟာ အဖြစ်မှန် ဆိုတာ သိလိုက်ရတော့ ရင်ထဲမှာလည်း တော်တော်ခံစားသွားရတယ်။
I really appreciate doc
ကြေကွဲစရာလေးဖြစ်ပေမယ့်…. ၀မ်းမြောက်စရာလေး လည်း ဖြစ်နေတယ်…။ Humanity… Sympathy… Service… ဒါလေးကို အရမ်းသဘောကျမိတယ်..။
(95/5 %)
I do appreciate Saya Myint as honorable person as included in five percent and thanks much to Saya Kyaw for sharing. We need such kind of stories.
Our society is dominant by self centered people about ninety five percent.
ရှိတော့ရှိတယ်ရှားတယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေးဖတ်မိတော့ ကျနော်လဲ ကိုယ်တိုင် ခံစားတွေ့ကြုံခဲ့ဖူးတယ်။ အဲဒီဆေးရုံမှာပါဘဲ။
ကျနော့်သားအငယ်မွေးတုန်းကပါ။ ခလေးအမေက ကိုယ်ဝန်အဆိပ်တက်နေတော့ (၇) လထဲနဲ့အရေးပေါ်မွေးခဲ့ရတာ။ မွေးပြီး၂ ပတ်လောက်နေတော့ ခလေးက အသားဝါဖြစ်ပီး ဆေးရုံပြန်တင်ရတယ်။
သူနာပြုဆရာမတွေ တကယ်စေတနာပါတယ် ပြုစုတယ်။ ခလေးအထူးကုဆရာဝန်မကြီးကလဲ ဂရုစိုက်တယ်။ အလုပ်သင်ဆရာဝန်လေးတယောက်လဲ ပါတယ်။ ဆေးရုံတင်ပြီးတပတ်လောက်ရှိတော့ သားရဲ့အခြေနေက ဆိုးလာပါတယ်။ နောက်ဆုံးဆရာဝန်မကြီးက မရတော့ဘူးဆိုပြီး သားရယ် သားလိုဘဲအခြေနေဆိုးတဲ့ခလေးနောက်တယောက်ရယ်ကို သီးခြားအခန်းထဲပြောင်းလိုက်ပါတယ်။ ဒီခလေး ၂ယောက်ကြိုကပ်မတ်ကုသဖို့အလုပ်သင်ဆရာဝန်လေးကိုတာဝန်ပေးပါတယ်။ အခန်းပြောင်းပြီးနောက်တညမှာဘဲ တခြားခလေးကဆုံးသွာတယ်။ သားကလဲအခြေနေဆိုးတော့ ခလေးအမေကို သူနာပြုတွေကခလေးနဲ့ပေးမတွေ့ပါဘူး။ ဆရာဝန်လေးက အလုပ်သင်ဆိုပေမဲ့တော်ပါတယ်ကြိုးစားကုတယ်
နောက်ကျနော့်ကိုမေးပါတယ် ခလေးအသက်ရှင်ဖို့ဆို အကို တတ်နိုင်လားကျနော်ကြိုးစားကုမယ်တဲ့ ။သူတကယ့်ကိုစေတနာနဲ့ ကုပေးလို့ သားလေးဒီနေ့အထိအသက်ရှင်နေနိုင်ပါတယ်။ ၁၉၉၇ ကပါ။
http://www.shwewahoo.com/2011/01/blog-post_25.html?zx=bd74ae42528b1e9e
ဆရာ့ဆီမှာ ဖတ်တဲ့သူများတော့ ဒီအကြောင်းလေးကို ရှယ်ပေးချင်လို့ပါ။ တကယ့်ဖြစ်ရပ်မှန်လို့ထင်ပါတယ်။