Skip to content

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၈)

15 December 2010

စင်္ကာပူက ယူနီဗာဆယ်

အထဲကို ဝင်ခါစမှာပဲ သဘောပေါက်လိုက်တယ်။ ပိုက်ဆံတော့ သောက်သောက်လဲ ကုန်တော့မယ်ဆိုတာ။ အမှတ်တရ ပစ္စည်းဆိုင်တွေကို မြင်လိုက်တော့တာကိုး။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ငွေသွားလဲဖို့ ကြံရတယ်။ ဝင်ခွင့်လက်မှတ်က ဖြတ်ပြီးနေပြီ။ အပေါက်ကို ပြောတော့ အပေါက်က ရတယ်တဲ့။ ကျွန်တော့် လက်ဖျံ အတွင်းပိုင်း တံတောင်ဆစ်နားမှာ တံဆိပ်တစ်ခု ရိုက်ပေးလိုက်တယ်။ ဘာမှလည်း မထင်ဘူး။ ဟင်… ထင်လည်း မထင်ဘူးဆိုတော့ မပူပါနဲ့၊ သူတို့ ဓာတ်မီးနဲ့ ထိုးကြည့်ရင် ထင်ပါတယ်ဆိုပြီး ဓာတ်မီးနဲ့ ထိုးပြတော့ ဟုတ်သဗျ၊ ထင်တယ်။ ဂဏန်းနံပါတ်တွေ ပေါ်လာတယ်။

ဒါနဲ့ ကျွန်တော်ရယ်၊ အင်ဒိုးနီးရှားက စာနယ်ဇင်းဆရာလေးရယ် နှစ်ယောက်သား ငွေလဲမယ့် ဘဏ်ခွဲကို သွားရှာရတယ်။ တောင်မေး၊ မြောက်မေး မေးလိုက်တော့မှ ဟိုလူက လမ်းညွှန်၊ သည်လူက လမ်းညွှန်၊ အပေါ်တက်၊ အောက်ဆင်းနဲ့ ဗျာများလိုက်တော့ ငွေလဲမယ့် ဘဏ်ခွဲလေးဆီကို ဒုတ်ဒုတ်ထိ ရောက်ပါတော့တယ်။ ဟိုကျတော့ စာရေးမက ဖုန်းပြောတော်မူနေသေးလို့ စိတ်မရှည်ချင်စရာ ကောင်းစွာ စောင့်နေရသေးတယ်။

ကျွန်တော်က ကျွန်တော့်မှာ ပါလာတဲ့ အမေရိကန် ဒေါ်လာကို လဲပါတယ်။  အဲဒါတော့ ကျွန်တော့်ကိုယ်ပိုင် ပိုက်ဆံပါ။ ကျွန်တော့်လက် ကျွန်တော်သိနေလို့ လိုလိုမယ်မယ် သုံးရာဖိုး လဲပစ်လိုက်တယ်။ အင်ဒိုနီးရှားက သူ့အင်ဒိုနီးရှားနိုင်ငံသုံး ပိုက်ဆံ “ရူပီယာ”ကို လဲတယ်။ ငွေလဲနှုန်းက စင်္ကာပူ ဒေါ်လာ တစ်ဒေါ်လာကို အင်ဒိုနီးရှား “ရူပီယာ” ၆၅၅၀ ရှိသဗျ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ဆိုရင်တော့ဗျာ ရူပီယာ ၉ဝ၀ဝ ခင်ဗျ။ အံမယ်မင်း… ဒေါ်လာ တစ်ရာ လောက်များ လဲထားလိုက်ရင် လက်ထဲမှာ အင်ဒို ပိုက်ဆံ ကိုးသိန်းကြီးများတောင် ကိုင်သုံးရမှာ။

ငွေလဲတာကတော့ ဘာမှ မခက်ပါဘူး။ အဲဒီ့ မယ်မင်းကြီးမ ဖုန်းထဲမှာ အကြောရှည်နေတာ စောင့်ရတာလေး တစ်ခုပါပဲ။ ဘဏ်ဖြစ်နေလေတော့ကာ နိုင်ငံကူး လက်မှတ် စာအုပ်လေး ဘာလေးတော့ ထုတ်ပြရတာပေါ့။ ပြီးတော့ သူပေးတဲ့ ပုံစံစာရွက်မှာ နာမည်နဲ့ နိုင်ငံကူးလက်မှတ် နံပါတ်ဖြည့်၊ လက်မှတ် ထိုးပေးလိုက်တော့ စင်္ကာပူဒေါ်လာတွေ လက်ထဲရောက်လာတယ်။

နှစ်ယောက်သား အထဲ ပြန်ဝင်ကြတယ်။ အပေါက်ဝမှာ လက်ဖျံလေး လှန်ပြ၊ မီးနဲ့ထိုးကြည့်၊ ဝင်စေ။ ဘာမှ မခက်ဘူး။ တယ်နိပ်တာပဲ။ အထဲရောက်တော့ အဖွဲ့က မစုံတော့ဘူး။ တာဝန်ခံပြီး လိုက်ပို့ပေးတဲ့ ကုမ္ပဏီက တရုတ်ကလေးကိုလည်း မတွေ့ဘူး။ အဲဒီ့ တရုတ်ကလေးက “ဘဟာစာ”ဆိုတဲ့ အင်ဒို နီးရှန်းစကား တတ်တယ်။ သူက ကျွန်တော့်ကို မေ့မေ့ပြီး ဘဟာစာ စကားနဲ့ ပြောမိနေတတ်တယ်။ သူ့စိတ်ထဲမှာ ကျွန်တော့်ကို အင်ဒိုနီးရှားနဲ့ ရောရော သွားတာကိုး။ မျက်နှာပေါက်တွေက ခပ်ဆင်ဆင်ဆိုတော့ မှားတဲ့အခါလည်း မှားပေမပေါ့။

အထဲကို ဆက်ဝင်သွားတော့မှ ဓာတ်ပုံရိုက်နေတဲ့ အင်ဒိုနီးရှား လူငယ်လေး နှစ်ယောက်ကို တွေ့တယ်။ ဒါနဲ့ ၁၂ နာရီတိတိမှာ သည်နေရာမှာ ပြန်ဆုံကြမယ်၊ တွေ့တဲ့သူကို ပြောလိုက်လို့ မှာရပါတယ်။

ပြီးတော့ ဟိုလျှောက် သည်လျှောက်နဲ့၊ ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ပေတော့ပေါ့။ အမှန်တော့ စင်္ကာပူမှာ ဟောလီးဝု(ထ်)အတုကလေးတစ်ခု ဖန်တီးထားတာပါပဲ။ အတုပေမယ့် ဘယ်လောက်အထိ အစစ်နဲ့ တူသလဲဆိုရင် အဲဒီ့က ပြန်လာပြီး နောက်တစ်ရက် အင်တာနက်က Facebook ဆိုတဲ့ မိတ်ဆွေများ ဆုံစည်းကြရာ စာမျက်နှာမှာ အဲဒီ့တုန်းက ရိုက်ခဲ့တဲ့ ပုံတွေ တင်လိုက်တော့ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်က “အနောက်ဘက် ကမ်းခြေကို ရောက်လာတာလား”လို့ လှမ်းမေးပါတယ်။ “မဟုတ်ဘူးဗျို့၊ အဲဒါ စင်္ကာပူ”လို့ ပြန်ဖြေလိုက်ရပါတယ်။ [အနောက်ဘက် ကမ်းခြေဆိုတာက ဟောလီးဝု(ထ်)ရှိရာ လော့ဆဲ(န်)ဂျလိ(စ်)မြို့ ပါဝင်တဲ့ ဒေသကို ခေါ်တာပါ။]

မာရီလင် မွန်ရိုးအတုကိုလည်း တွေ့တာနဲ့ ဓာတ်ပုံတွဲရိုက်လိုက်သေးတယ်။  မွန်ရိုးအစစ်က ရှိလည်း မရှိရှာတော့ပါဘူး။ ရှိလည်း ကျွန်တော့်အမေ အရွယ်လောက် နေမှာပါ။ အခု မွန်ရိုးအတုကတော့ ကျွန်တော့်သမီးအရွယ်လေးပဲ။ သူကလည်း ဂိုက်က ခပ်ပေးပေး၊ ကျွန်တော်ကလည်း ဂိုက်ပေး ခပ်ကြမ်းကြမ်း ဆိုတော့ ဟန့်ကို ကျလို့။

တကယ်တော့ ကျွန်တော်လည်း ဓာတ်ပုံတွေ နင်းကန် ရိုက်ခဲ့တာကလား။ အခုခေတ် ကင်မရာဆိုတာ ဖလင်ဖိုးကလည်း မကုန်တော့ အားမနာ လျှာမကျိုး ရိုက်ချင်တိုင်း ရိုက်လို့ ကောင်းနေပေတာကိုး။ ပြီးတော့ သိပ်ရိုက်တတ်စရာလည်း မလိုဘူး။ ကင်မရာက သူ့ဟာနဲ့သူ တော်သလို ကြည့်လုပ်ပေးသွားတာဆိုတော့ နိပ်မှ နိပ်။

သို့သော် ချစ်စွာသော စာဖတ်သူတွေကိုတော့ ကျွန်တော့်ပုံတွေနဲ့ မနှိပ်စက် တော့ပါဘူး။ စာရေးသူတချို့ဆို ခရီးသွားဆောင်းပါးတွေ ရေး၊ ပြီးရင် သူတို့ပုံတွေ နင်းကန်ထည့်ကြ။ အဲဒါကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဟားခဲ့ဖူးတာမို့ ဝဋ်လည်မှာ စိုးလို့ပါခင်ဗျ။ သက်ဆိုင်ရာ နေရာဌာနနဲ့ ပတ်သက်ပြီး ကျွန်တော် အလျဉ်းမပါတဲ့ ပုံများကိုသာ ဖော်ပြပေးလိုက်ပါတယ်။ (သည်စာတွေကို စုပြီး လုံးချင်း ထုတ်ဖြစ်ရင်တော့လည်း ကျွန်တော့်ပုံတွေ ထည့်မှာပေါ့ဗျာ။ အဲဒါကျတော့ ကျွန်တော့်စာအုပ်၊ ကျွန်တော့်ပရိသတ်စစ်စစ်က ဖတ်မယ့်စာအုပ်ဖြစ်တဲ့ အတွက် သိပ်အားနာစရာ မလိုဘူး။ မဂ္ဂဇင်း/ဂျာနယ်မှာကျတော့ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်က ရောနေတာ။ ကိုယ့်ပရိသတ် မဟုတ်သူများ ခမျာမယ် အရေး မကောင်းလှတဲ့ စာကို အောင့်ဖတ်နေရတဲ့ ကြားထဲက ပုံနဲ့ပါ အနှိပ်စက်ခံရမယ်ဆို ဘယ်တော်ပါ့မလဲနော်။) [အဟဲ… သည် ဘလော့(ဂ်)မှာတော့ ကိုယ့်ပရိသတ်နဲ့ ကိုယ်ပဲ အားမနာတော့ပါဘူး။ ကျွန်တော် ဂိုက်ပေးကြမ်းနေတာတွေပါ တင်ပစ်လိုက်စမ်းမယ်။ ကိုးနတ်ရှင်က မျက်နှာသာပေးသလောက်ပေါ့။ 😛 ]

၁၉၉၉ တုန်းက ရောက်ခဲ့တဲ့ ဩစတြေးလျက မြေခွေးစတူဒီယိုက တကယ် ရုပ်ရှင်ရိုက်တဲ့ စတူဒီယိုလုပ်ထားပြီး အဲဒါကိုမှ အပန်းဖြေ လာရောက် ကြည့်ရှုလိုသူများလည်း ကြည့်လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ စင်္ကပူရက ယူနီဗာဆယ် စတူဒီယိုကတော့ အပန်းဖြေသက်သက်ပါ။ ဒစ္စနီဥယျာဉ်ဆန်ဆန်ပေါ့။
နာမည်ကျော် ဝက်ဝက်ကွဲ အောင်မြင်တဲ့ ဇာတ်ကားတွေရဲ့ ဇာတ်ဝင် အခမ်းအနားပေါင်းစုံနဲ့ ဆင်ယင်ထားပါတယ်။ ကျွန်တော်လည်း ဟိုလျှောက် သည်လျှောက် ဟိုကြည့်သည်ကြည့်နဲ့။

မှတ်မှတ်ရရ အသက် ၅၃ နှစ်ထဲ ရောက်မှ “သရီးဒီ”လို့ ခေါ်တဲ့ ရုပ်လုံးကြွ ရုပ်ရှင်ကြည့်ဖူးတော့တာကို မှတ်တမ်းတင်ရပါလိမ့်မယ်။ အမယ်… နိပ်သဗျ။ သရီးဒီမှ ရိုးရိုး မဟုတ်ဘူး။ အထဲက ဇာတ်လိုက်က နှာချေရင် ကျွန်တော်တို့ မျက်နှာကို ရေစက်ကလေးတွေ လာစင်တယ်၊ အထဲက လမ်းကြမ်းမှာ လှည်းစီးသွားရင် ကျွန်တော်တို့ ထိုင်နေတဲ့ ခုန်တွေကပါ တဝုန်းဝုန်း ထလှုပ်တယ်။ ဆယ့်ငါးမိနစ်စာ ကာတွန်း ကားတိုလေးပေမယ့် ကြည့်ရတာ အတော်နိပ်သား။

ဘယ်လို လုပ်ထားတာလဲ သိချင်လို့ “သရီးဒီ”ကြည့် မျက်မှန်ကို ဖယ်ကြည့်တော့ ပိတ်ကားပေါ်က အရုပ်တွေက ဝါးတားတားဖြစ်နေသဗျ။ မျက်မှန်တပ်လိုက်တော့မှ ရုပ်လုံးတွေက ကြွလာတာ။ တော်တော်တော့ ပျော်စရာ ကောင်းပေတာပဲ။

နောက်တစ်ခုက ကဇာတ်ရုံထဲမှာ ကကြိုးကကွက်၊ မီးပေးပုံ ဆန်းဆန်းနဲ့ တင်ဆက်တာ။ အဲဒါတော့ အဲဒီ့ရုံထဲ ဝင်အိပ်တာ သက်သက်ပါ။ မနေ့ညက ကောင်းကောင်း အိပ်မထားရတော့ အဲဒီ့ရုံထဲမှာ ကဇာတ်ကို ကြည့်သလိုလိုနဲ့ အိပ်ပစ်လိုက်တာ။ မိနစ် ၂၀ လောက် ကောင်းကောင်း အိပ်လိုက်ရတော့ လူက တော်တော် လန်းသွားတယ်။

မနက်စာကိုတော့ အဲဒီ့ထဲမှာပဲ အသားညှပ်ပေါင်မုန့်၊ ကိုကာကိုလာတို့နဲ့ ပြီးလိုက်ရတယ်။ ဆေးလိပ်သောက်လို့ရတဲ့ ချောင်ကလေးတွေ လုပ်ပေးထားတာမို့ ဆေးလိပ်လည်း သောက်နိုင်နေပါတယ်။

မိုးက သည်းသည်းမည်းမည်း ထရွာပြန်သေးတယ်။ စင်္ကာပူက အချိန်အခါ မရွေး မိုးရွာတတ်တဲ့ ပုံပဲ။ မုတ်သုံဒေသရဲ့ ပင်လယ်ကမ်းစပ်က မြို့ပေကိုး။ အမှတ်တရ ပစ္စည်းတွေလည်း တော်တော် ဝယ်ဖြစ်ပါတယ်။ အရင့်အရင်က နိုင်ငံခြားရောက်ရင် ပိုက်ဆံတွက်ပြီး သိပ်မဝယ်ဖြစ်သလောက် အခုတစ်ခေါက်မှာတော့ တော်တော်လေး ဝယ်ဖြစ်ပါတော့တယ်။ ကျွန်တော့် ဘဏ္ဍာရေးအခြေ အနေလေးက နည်းနည်းဟုတ်နေတာကိုး။

ဒါတောင်မှ ကပ်စေးနည်းတဲ့ ဉာဉ်က သွေးထဲမှာ ရှိနေသေးတော့ နေရာတကာ ဆတ ဆတ လုပ်နေမိတာချည်းပါပဲ။ ဒါက သမီးအတွက်၊ ဒါက သားအတွက်၊ ဒါက မိန်းမအတွက် စသဖြင့်ပေါ့။ ယူနီဗာဆယ်စတူဒီယို အမှတ်တံဆိပ်လေးတွေနဲ့မို့ တကယ့်အမှတ်တရတွေပါပဲ။ စွပ်ကျယ် (တီရှပ်)၊ သော့တွဲ၊ ဆေးလိပ်ခွက်၊ ကျောပိုးအိတ်၊ ကော်ဖီသောက်တဲ့ မတ်ခွက်စသဖြင့် စုံစီနဖာလျှောက် ဝယ်လိုက်တာ အိတ်ကြီးတစ်အိတ် ရရောပဲ။

ကျွန်တော်တို့ အဖွဲ့ကတော့ ကွဲချင်တိုင်း ကွဲနေကြတာပဲ။ ကျွန်တော်နဲ့ အတူ ရှိနေတာကသည်နေရာကို စရောက်ပြီး ငွေလဲကတည်းက ကျွန်တော်နဲ့ အတူ ပါခဲ့တဲ့ အင်ဒိုနီးရှား လူငယ်လေးပါပဲ။

(ကနေ့ ၁၅-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ် အမှတ်၉ မှာ သည်လောက်အထိ ဖော်ပြထားပါတယ်။ ကိုးနတ်ရှင်ကို စိတ်မချလို့ ဂျာနယ် မထွက်သေးခင် လွန်ခဲ့တဲ ၁၃ နာရီလောက်က တင်လိုက်ပေမယ့် ပရိသတ်က ဖတ်လို့ မရဘူး၊ Page not found ပဲ ပေါ်နေတယ်လို့ အော်နေကြတာမို့ ဒုတိယအကြိမ် ထင်တင်လိုက်တာပါပဲ။ အောင်မြင်ပါစေဟု တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဝ ဆုတောင်းလိုက်ပါ၏။ 😛 )

Advertisements
11 Comments leave one →
  1. 15 December 2010 7:46 pm

    Here, they call 4D for such films 😛

    • lettwebaw permalink
      15 December 2010 7:58 pm

      ဟုတ်ကဲ့ပါ အစ်မ။ Facebook မှာလည်း တစ်ယောက်က လာပြောတယ်။ အဲဒါ ဖိုးဒီတဲ့။ မိုးဒီရဲ့ အစ်ကို ဖြစ်မှာပေါ့။ 😀 အဲတော့မှ ကျွန်ုပ်တောသားက အနည်းငယ် သဘောပေါက်လာတော့၏။ ခုန်တွေ ၀ုန်းဒိုင်းကျဲလှုပ်နေတာ၊ မျက်နှာကို တကယ့် ရေစက်တွေ လာစင်တာများကို ထောက်ရင် Time Dimension ကိုပါ ထည့်ပေးထားတဲ့ သဘောပေါ့ကွယ်။ ကျေးဇူးတင်ပါတယ်။ အဒေါ်လေး နေ့အိပ်မက်ကယ်… 😛

  2. Thar2 permalink
    15 December 2010 10:15 pm

    Sayar, Can i get your phone no , i want to see you

    • lettwebaw permalink
      15 December 2010 10:52 pm

      My number can be found in any book of mine.

      • Thar2 permalink
        16 December 2010 8:27 pm

        I mean s’pore no ,Sayar .

    • lettwebaw permalink
      16 December 2010 8:35 pm

      Whoops! I do not live in S’pore, Ko2 Thar2. I live in my, what you call, the Golden Land. S’pore is one of the last places I want to live, dear.

  3. Moe permalink
    16 December 2010 1:54 am

    The third photo looks funny. Hehe

  4. ခရေညို permalink
    16 December 2010 8:00 am

    ဟုတ်တယ် ဆရာရေ အဲဒါ 4D တဲ့။ ကျမကတော့ အဲဒီထဲမှာ 4Dရုပ်ရှင် ကိုအကြိုက်ဆုံးပဲ။ သူတို့မြင်းစီးရင် ကိုယ်လည်းလိုက်စီးရတယ်လေ ဟဲဟဲ။ တော်တော်ကိုပျော်စရာကောင်းတယ်နော်။ ဆရာက စာရေးကောင်းရုံတင်မကဘူး ဂိုက်ပေးကလည်းအကောင်းသား ။

  5. စုမြတ်လွင် permalink
    8 January 2011 11:15 am

    4D ရှိတယ်ဆိုတာ အခုမှပဲ သိတော့တယ် ဆရာ။ 😀

  6. Iris permalink
    16 January 2011 3:17 pm

    ဘဟာစာ (bahasa) ဆိုတာ အင်ဒိုနီးရှင်း စကားမဟုတ်ပါဘူး။ ဘာသာစကား လို. မလေး/အင်ဒို လို အဓိပ္ပါယ် ရပါတယ်။ ဥပမာ bahasa malayu (မလေးဘာသာစကား)၊ bahasa cina (တရုတ်ဘာသာစကား)

    မေတ္တာဖြင်.

    • lettwebaw permalink*
      16 January 2011 5:03 pm

      ဟုတ်ကဲ့… အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အဲတော့မှ သေချာအောင် Wikipedia ကို သွားကြည့်ပါတယ်။ ဆရာ/ဆရာမ Iris ထောက်ပြတဲ့အတိုင်း Wiki ကလည်း ဆိုထားတယ် ခင်ဗျ။ သို့သော် Indonesian language, sometimes referred to simply as Bahasa by English speakers ဆိုပြီး အောက်ဆုံးမှာ တွေ့ရတော့ ကျွန်တော် ရေးထားတာ အမှားကြီးလို့တော့ အပြတ် မပြောနိုင်ဘူး ထင်ပါရဲ့ဗျာ။

      Ref: http://en.wikipedia.org/wiki/Bahasa

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: