စီးပွားရေးလုပ်ငန်းနဲ့ အားပေးသူအပေါ် အလေးပေးမှု
ညနေစောင်းစပြုလာတော့ တော်တော်လေး ညောင်းလာပြီမို့ အဝင်ဝနားက ထိုင်ခုံတန်းမှာ ထိုင်ရင်း လူစောင့်ကြပါတယ်။
စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို သည်စတူဒီယိုမှာ ထပ်မြင်လိုက်ရပြန်တာပါပဲ။ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း သူတို့မှာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စရာ ဘာမှ မည်မည်ရရ မရှိတာမို့ ဒါကြီးကိုလည်း ငွေကုန်ကြေးကျခံပြီး ဆောက်လိုက်ပြန်ပေတာပဲဆိုတာ ထင်ရှားနေပါတယ်။
ကျွန်တော်တို့ ထိုင်နေတာ အတော်ကြာတော့ ကလေးမလေးတစ်ယောက် အနားရောက်လာတယ်။ သူက သည်ထဲက ဝန်ထမ်းတွေ ဝတ်ထားတဲ့ တူညီ ဝတ်စုံကလေးနဲ့။ ရေရေမွန်မွန် ယဉ်ယဉ်ကျေးကျေးလေးနဲ့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးပါရစေလို့ ပြောလာပါတယ်။ ဆယ်မိနစ်လောက်တော့ ကြာပါလိမ့်မယ်တဲ့။
အားနေတာပဲ… မေးပါဆိုတော့ ဘယ်ဟုတ်မတုံး၊ သူက စစ်တမ်း ကောက်တာကိုးခင်ဗျ။ သူ့မှာ လက်တစ်ဝါးစာသာသာလောက် ရှိတဲ့ စစ်တမ်းကောက်ရာမှာ သုံးတဲ့ ကွန်ပျူတာပေါက်စလေး ပါလာတယ်။
မေးခွန်းတွေက ကျွန်တော့်စိတ်ထင် ၅၀-၆၀ လောက် ရှိမယ်။ သူတို့ စတူဒီယိုရဲ့ ဝန်ဆောင်မှု၊ လိုအပ်ချက်စတာတွေကို ပိုက်စိပ်တိုက် မေးတော့တာကလား။
ကျွန်တော် သဘောကျနေတယ်။ အလုပ်ဆိုတာ အဲလို လုပ်ကြမှာပေါ့။ ပရိသတ်ဆီက တုံ့ပြန်ချက်ကို ချက်ချင်းရနိုင်တဲ့ နည်းတွေ ရှိနေတာပဲဟာ။
နောက်တစ်ခေါက်လာချင်စိတ် ရှိသေးလားဆိုတဲ့ မေးခွန်းမျိုး၊ မိသားစုကို ခေါ်လာမှာလားဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပါတယ်။ တော်တော် စနစ်တကျ စီစဉ်ထားတဲ့ စစ်တမ်းမေးခွန်းတွေပါပဲ။ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ ကြည်ကြည်ဖြူဖြူ ဖြေပေးလိုက်ပါတယ်။ အမြော်အမြင်နဲ့ လုပ်ရပ်ကို သဘောကျမိလို့ပါ။
အမှန်တော့လည်း သူတို့နိုင်ငံတွေအတွက်က ဒါမျိုးက အဆန်းမဟုတ်ပါဘူး။ စီးပွားရေးပညာ၊ လူမှုရေးပညာတွေကို ဘွဲ့လက်မှတ်စက္ကူဆိုတာထက် လက်တွေ့ဘဝမှာ ပီပီပြင်ပြင် ချသုံးနေကြတဲ့ အလေ့က ထုံလွန်းနေပြီမို့ ဒါတွေကို သူတို့ ကောင်းကောင်း လုပ်တတ်ပါတယ်။
ကျွန်တော့်ဘဝမှာတော့ ၅၃ နှစ်မှ ရုပ်လုံးကြွရုပ်ရှင်ကို အခုကျတော့မှ ပထမဆုံး ကြည့်ဖူးခဲ့ရသလို စီးပွားရေးလုပ်ငန်းကြီးတစ်ခုက စစ်တမ်းကို လူကိုယ်တိုင် ဖြေရတာမျိုးကိုလည်း အခုကျတော့မှပဲ လုပ်လိုက်ရပါတော့တယ်။ မြန်မာတိုင်း(မ်) ဂျာနယ်က အဲသလို စစ်တမ်းမျိုး အခါအားလျော်စွာ လုပ်တတ်သလို ကျွန်တော့်စာအုပ်တိုက်ကလည်း အဲသလို စစ်တမ်းငယ်မျိုး လေးကြိမ်လုပ်ခဲ့ဖူးပါတယ်။ လူကိုယ်တိုင်တော့ ဘယ်သူ့ကိုမှ မမေးဖူးသေးပါဘူး။
မေးလို့ အားရသွားတဲ့အခါ ကျွန်တော်တို့ လက်ထဲကို ရေသန့်ဘူး တစ်ဘူးစီ လာပေးပါတယ်။ ရေသန့်ဘူးဆိုလို့ အထင်မသေးနဲ့ခင်ဗျ။ သောက်ရေကိုတောင်မှ နိုင်ငံခြားက တင်သွင်းရတဲ့ နိုင်ငံမို့လားတော့ မသိဘူး၊ စင်္ကာပူမှာ ရေသန့်ဘူးက အချိုရည်ဘူးထက် နည်းနည်း ပိုဈေးကြီးပါတယ်။
သည်လိုနဲ့ တော်တော်ကြာကြာ စောင့်ပြီးတော့မှ လူစုံတယ်။ အဲဒါနဲ့ အပြင်ကို ပြန်ထွက်ကြတဲ့အခါ ဝင်ပေါက်ကနေ ကျွန်တော်တို့ကို လက်ဆောင်လေးတွေ ပေးလိုက်ပါသေးတယ်။ ဘာမှတော့ သိပ်တန်ဖိုး မရှိပေမယ့် ယူနီဗာဆယ် စတူဒီယိုတံဆိပ်နဲ့ လည်ပင်းမှာဆွဲလို့ ရတဲ့ နာမည်ကတ်ပြားချိတ်တဲ့ ကော်ပြား အိမ်လေး တစ်ခုရယ်၊ နာမည်ကျော် ဇာတ်ကားတစ်ကားထဲက ဇာတ်ဝင်ပစ္စည်း အသေးစား နမူနာပုံစံနဲ့ ရင်ထိုးလေးတစ်ခုပါ။ ဘာပဲဖြစ်ဖြစ်၊ ဘာမှ မဝယ်ဖြစ်ခဲ့ သူဆိုရင်တောင်မှ အမှတ်တရလေးတစ်ခုခုကို အခုလို လက်ဆောင်လေး ထည့်ပေးလိုက်ကြတဲ့ စိတ်ကူးကို သဘောကျနေမိပါတယ်။
သည်နေရာမှာ အားပေးသူအပေါ်ပေးတဲ့ ဝန်ဆောင်မှု (customer service) ကို ကျော်လွန်သွားပြီး အားပေးသူအပေါ် အလေးပေးမှု (customer focus)ဆီကို ရောက်သွားတာ သတိထားမိလိုက်ပါတယ်။ အခုခေတ် နိုင်ငံတကာ လုပ်ငန်းနယ်ပယ်မှာ “ဝန်ဆောင်မှု” ဆိုတာထက် “အလေးပေးမှု”ကို ပို ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။
“ဝန်ဆောင်မှု”မကောင်းရင် အားပေးသူက တန်းသိပါတယ်။ အဲဒါဟာ လုပ်ငန်းတစ်ရပ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်အောင်၊ ခွက်ခွက်လန်သွားအောင် လုပ်ပစ်နိုင်တဲ့ အားနည်းချက်မို့ အပြိုင်အဆိုင်တွေ ပေါများလှတဲ့ ဖွံ့ဖြိုး ပြီးနိုင်ငံများက စီးပွားရေးလုပ်ငန်းတိုင်းဟာ သည်အချက်ကို အသေဂရုစိုက်ကြပါတယ်။
ဖြစ်ချင်တော့ လုပ်ငန်းတိုင်းက အဲဒါကို သိပ်ဂရုစိုက်ကြတဲ့အခါ ဝန်ဆောင်မှုဆိုတာက အားပေးသူအတွက် အလိုလို ရနေတဲ့ အရာတစ်ခုလိုဖြစ်လာပြီး သိပ်အမှု မထားမိတတ်ကြတော့ဘူး။
“ဝန်ဆောင်မှု”က ဘာနဲ့ တူသလဲဆိုတော့ အိမ်မှုကိစ္စနဲ့ ခပ်ဆင်ဆင်ပါပဲ။ အိမ်ရှင်မတစ်ယောက် နိစ္စဓူဝ လုပ်နေရတဲ့ အိမ်အလုပ်က သာမန်ကာလျှံကာ ကြည့်ရင် ဘာမှ အပန်းမကြီးသလိုပါပဲ။ အိမ်ရှင်မတစ်ယောက် အိမ်မှုကိစ္စတွေကို နိုင်နိုင်နင်းနင်းနဲ့ လုပ်ထား ကိုင်ထားရင် ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။ သည်အိမ်ရှင်မနှယ် တော်လိုက်တာလို့လည်း ချီးကျူးဖို့ မေ့နေတတ်ကြတယ်။ အဲ… အဲဒီ့အိမ်ရှင်မခမျာ မနိုင်မနင်းဖြစ်နေလို့ပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စကို မလုပ်တတ်တဲ့ အိမ်ရှင်မ ဖြစ်နေလို့ပဲဖြစ်ဖြစ် အိမ်အလုပ်တွေ လစ်ဟာနေပြီဆို ရင်တော့ ဘယ်သူမဆို တန်းသိတော့တာပဲ။
အားပေးသူအပေါ် ပေးနေတဲ့ ဝန်ဆောင်မှုကလည်း အလားတူပဲ။ ဝန်ဆောင်မှု ကောင်းနေရင် သတိမထားမိတတ်ကြဘူး။ (ကျွန်တော်တို့ ရွှေတွေရဲ့ လုပ်ငန်း အတော်များများမှာကတော့ ဝန်ဆောင်မှုတွေက ချာတူးလန်ကြမြဲဆိုတော့ ကောင်းနေရင် အမှတ်ထင်ထင် သတိထားမိတတ်ကြပါတယ်။) စောစောက ပြောသလို သည်နိုင်ငံတွေမှာက အပြိုင်အဆိုင်တွေ သိပ်များတော့ ဝန်ဆောင်မှုကောင်းအောင် သူ့ထက်ငါ ကြိုးစားကြတဲ့အခါ ဝန်ဆောင်မှုကောင်းတာက သိပ်မသိသာသလို ဖြစ်လာတယ်။
သည်အခါ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ “အားပေးသူအပေါ် အလေးပေးမှု”ဆိုတာကို ရှာဖွေ တွေ့ရှိလာကြပါတယ်။ အဲဒါကို ခွဲခြားတာကတော့ ရှင်းရှင်းလေးပါ။ အားပေးသူအနေနဲ့ ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ဆက်ဆံပုံ၊ မျက်နှာထားများ အပါအဝင် လုပ်ငန်းနဲ့ ပတ်သက်တာများ အားလုံး ရရှိနေသမျှ အဲဒါ ဝန်ဆောင်မှုသာ ဖြစ်ပါတယ်။ ဆိုကြပါစို့၊ ဘာမဟုတ်တဲ့ လမ်းဘေးက မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကိုပဲ နမူနာပြပါ့မယ်။
ပန်းကန်ခွက်ယောက် သန့်ရှင်းမယ်၊ ဈေးသည် မျက်နှာထား ချိုမယ်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ငံပြာရည်၊ သံပရာသီး/ရှောက်သီးစတာတွေလည်း အဆင်သင့် ရှိနေတဲ့အပြင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားမယ်၊ ဟင်းရည် အဆစ်တောင်းတဲ့အခါလည်း ကြည်ကြည်ဖြူဖြူနဲ့ အလောတော်ထည့်ပေးမယ်လို့ အားပေးသူ (သည်နေရာမှာတော့ စားသုံးသူ)က မျှော်လင့်ထားပါလိမ့်မယ်။
အဲဒါတွေထဲက တစ်ခုခု ယုတ်လျော့နေရင် အဲဒါ ဝန်ဆောင်မှု မကောင်းတာပေါ့။ ဈေးသည်က မျက်နှာကြီး ပုပ်လို့၊ ဒါမှမဟုတ် မသန့်ရှင်းလို့၊ ဟင်းရည် အဆစ် တောင်းတော့ ပန်းကန်ဖင်ကပ် ပါလေရုံလေး ထည့်ပေးလို့၊ နံနံပင်နေရာမှာ ပဲသီးတောင့်တွေပဲ ချပေးထားလို့၊ ငံပြာရည်ပုလင်းလေးက ညစ်ပတ်လို့ စသဖြင့် တစ်ခုခုညံ့နေတဲ့အခါ သတိထားမိတတ်ကြပါတယ်။ အဲဒါတွေ အားလုံး ကောင်းနေရင် ဝန်ဆောင်မှုကောင်းတယ်ပေါ့။ သို့သော် တန်ရုံလူက အဲဒါကို သတိ မထားမိတတ်သလို ကနေ့နိုင်ငံတကာ စီးပွားရေး နယ်ပယ်မှာကို ဒါကို စာသိပ်မဖွဲ့ကြတော့ဘူး။
အားပေးသူအပေါ် အာရုံစိုက်မှုကကျတော့ အားပေးသူ မမျှော်လင့်ထားတာကို ရသွားတာဖြစ်ပါတယ်။ အဲဒါက ပိုတန်ဖိုးရှိတယ်လို့ ယနေ့ ၂၁ ရာစု စီမံရေးရာ/ စီးပွားရေးနယ်ပယ်မှာ သတိထားမိလာကြပါပြီ။ စောစောက လမ်းဘေး မုန့်ဟင်းခါးဆိုင်ကိုပဲ နမူနာ ဆက်ပြပါ့မယ်။ အဲဒီ့ဆိုင်လေးက ဝန်ဆောင်မှု တအား ကောင်းတယ်။ ဘာမှ အပြစ်ပြောစရာ မရှိဘူး။ သည်အထိက ဝန်ဆောင်မှုပဲ ရှိသေးတယ်။ အားပေးသူ (စားသုံးသူ)တွေကလည်း သဘောကျတယ်။ သည်ဆိုင်မှာပဲ စားကြတယ်။ ဒါပေမယ့် သူ့လိုပဲ ဝန်ဆောင်မှု ကောင်းတဲ့ နောက်ထပ် လမ်းဘေးဆိုင်တစ်ဆိုင်က မလှမ်းမကမ်းမှာ ပေါ်လာမယ်ဆိုရင် ပြဿနာက နည်းနည်း ရှိလာပါပြီ။
သည်အခါမှာ သူက အားပေးသူအပေါ် အလေးပေးမှုကို စဉ်းစားရပါတော့မယ်။ ဆိုကြပါစို့၊ သူက ဟင်းရည် အဆစ်တောင်းတဲ့အခါမှာ ဟင်းရည်သာမကဘဲ ကြက်သွန်ဖြူ ဆီချက်ကလေး လက်ဖက်ရည် ဇွန်းတစ်ဝက်လောက်ကိုပါ အဆစ်ပေးတဲ့ ဟင်းရည်ပေါ် ဖြူးပေးလိုက်မယ်ဆိုရင် အားပေးသူ မျှော်လင့်မထားတာလေး တစ်ခုကို ရသွားပါပြီ။ အဲဒါကိုကျတော့မှ အားပေးသူအပေါ် အလေးထားမှု ဖြစ်လာပါတော့တယ်။
စီမံရေးရာ/လုပ်ငန်းခန့်ခွဲမှုကို ပို့ချနေတာ မဟုတ်တဲ့အတွက် သည်လောက်နဲ့ပဲ ရပ်ပါ့မယ်။ သို့ပေမယ့် ကျွန်တော့် ဥပမာက အပြိုင်အဆိုင်တွေများလာတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ ဝန်ဆောင်မှုထက် အလေးပေးမှုကို ပိုလို့ ဂရုထားလာကြပြီဆိုတာကို အမြွက်လောက်တော့ မြင်သာလိမ့်မယ် ထင်ပါတယ်။
တစ်နည်းအားဖြင့် အရပ်သုံးစကားနဲ့ ပြောရင် အားပေးသူက သူ့ကို နောက်ထပ် ပုံမှန်အားပေးချင်လာအောင် “ချူဆီ”လေး ထည့်ပေးတာကို အားပေးသူအပေါ် အလေးထားမှုလို့ ဆိုလိုတာပါ။
အခုလည်း စင်္ကာပူက ယူနီဗာဆယ် စတူဒီယိုသစ်ကြီးက ကျွန်တော်တို့ မျှော်လင့်မထားတဲ့ လက်ဆောင်လေးကို ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စီးပွားရေးအရ ပါးနပ်မှုကို ပြလိုက်ပါတယ်။ သည်မောင်တွေက ရွှေကျိုးနည်း ပါးနပ်ကြပေတာပဲ။ တောက်… သင်းတို့နိုင်ငံကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့မှာပဲ။
အဓိကက ဘာလဲလို့ စဉ်းစားလိုက်တဲ့အခါ ပညာရေးက ခေါင်းထဲ ပေါ်လာပါတယ်။ ရှေ့က စင်္ကာပူနိုင်ငံရဲ့ သမိုင်းကို အမြွက်လောက် ဖော်ပြခဲ့စဉ်တုန်းကလည်း ပါပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များ၊ ကိုလိုနီနိုင်ငံအဖြစ်က လွတ်မြောက်ခါစ အချိန် စင်္ကာပူကို ပြန်လည်ထူထောင်မယ်ဆိုတော့ စက်မှုလုပ်ငန်း၊ ပညာရေးနဲ့ မြို့ပြ စီမံကိန်းများကို အခြေခံတဲ့ ဒတ်(ခ်ျ)နိုင်ငံသား စီးပွားရေး ပညာရှင်ရဲ့ အစီအစဉ်တွေအတိုင်း ဖော်ဆောင်ခဲ့တာပါ။ အခု နှစ်ငါးဆယ် အကြာမှာတော့ စင်္ကာပူ ပညာရေးဟာ နိုင်ငံတကာအဆင့်မီ ပညာရေး ဖြစ်နေခဲ့ပြီ။ စင်္ကာပူနိုင်ငံသားတွေဟာလည်းပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကို တတ်ကျွမ်းထားကြသူက အများစု ဖြစ်နေကြပါပြီ။
ဒါကတော့ စင်္ကာပူတစ်ခုတည်း မဟုတ်ပါဘူး။ ကနေ့ အာရှကျားတွေ အကုန်လုံးလည်း သည်လမ်းစဉ်အတိုင်းပဲ သွားကြတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်များမှာ ပညာရေးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အကျိုးကျေးဇူးကို သူတို့တွေ ခံစား၊ စံစားနေကြတာမို့ တစ်ဖက်က တွေးရင် အံ့ဩစရာတော့ သိပ်မကောင်းလှဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။
“ပညာဟာ ပီတိကို ဖြစ်စေတယ်၊ အဆင်တန်ဆာလည်းဖြစ်တယ်၊ အစွမ်းအစလည်းဖြစ်တယ်”ဆိုပြီး ဖရန်ဆစ်(စ်)ဘေခန် ပြောခဲ့ဖူးတာလေးကို သွား သတိရမိပါတော့တယ်။ အကျယ်ရှင်းတော့ တစ်ကိုယ်တည်းနေချိန်၊ အနားယူနေချိန်မှာ ပညာကြောင့် ပီတိဖြစ်ရတယ်၊ ပြောဆိုရေးသားရာမှာလည်း ပညာက အဆင်တန်ဆာ ဖြစ်လာတယ် (မြန်မာလိုတော့ ပညာရဲရင့် ပွဲလယ်တင့်ပေါ့။) ဆုံးဖြတ်ရာနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာကျတော့ ပညာဟာ အရည်အချင်း အစွမ်းအစ ဖြစ်နေပါတယ်လို့ ၁၅၆၁ ခုနှစ်ဖွား အက်ဆေးဆရာကြီးက ပြောခဲ့တာပါ။ သွေးထွက်အောင် မှန်တဲ့ စကားပဲဆိုတာ အာရှကျားတွေက သက်သေခံနေလေရဲ့။
(ကနေ့ ၂၂-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့ အတိုင်းပါ။)
“စမလုံးချင်ဘု..လုံးလုံးကြီးစိတ်နာ” ဆရာကတော့ ဘာတွေ စိတ်နာလဲ မသိဘူးဗျ။ ကျွန်တော်စိတ်နာတာကတော့ သယံဇာတတွေ ပေါပါတယ်ဆိုတဲ့ ကျွန်တော်တို့နိုင်ငံကြီးက ဘာမှ သယံဇာတ မရှိတဲ့ စင်္ကာပူကို မှီကို မမှီတာ။ အဲဒါ “ပညာ” ကြောင့် များလား။ “စိတ်ဓါတ်” တွေကြောင့်လား အတွေးတွေ ပွားမိပါရဲ့….။
အမူအကျင့် ပြောင်းလဲရေးရဲ့ အစီအစဉ်မှာ knowledge, attitude, practice ဆိုတဲ့ အစီအစဉ်အတိုင်း ရှိပါတယ်။ အသိပညာ၊ သဘောထား၊ အလေ့အထပေါ့။ သည်အစီအစဉ်တိုင်းသာ သွားပါတယ်။ ဖောက်ရိုး မရှိပါဘူး။ အဲတော့ ပညာက ထိပ်ဆုံးက လာတာပါ။ မြန်မာနိုင်ငံ ကျွန်ဘ၀ရောက်ခဲ့ရတယ်ဆိုတာ ပညာမဲ့လို့ဆိုတာ လူတိုင်း လက်ခံနိုင်ပါလိမ့်မယ်။ အဲဒီ့နောက် ဆရာစံသူပုန် အရေးနိမ့်ခဲ့တာရော ဘာထူးသလဲ။ ပညာကိစ္စပဲ မဟုတ်ပါလား။ အဲဒီ့နောက်… အဲဒီ့နောက်… အဲဒီ့နောက် အားလုံးဟာ လူစင်မီ၊ လူတန်းစေ့တဲ့ အသိပညာ မရှိလို့ ဖြစ်ရတာချည်းပါပဲ။
စိတ်ဓာတ်ဆိုတာ “သဘောထား”ပါပဲ။ အဲဒီ့ သဘောထားကို ဦးဆောင်ဦးရွက်ပြုမှာက အသိပညာသာ ဖြစ်ပါတယ်။ အဲဒီ့ ပညာက တိကျတဲ့ သိပ္ပံပညာမဟုတ်ဘူး။ ဖြန့်ထွက်တွေးနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်းကို ပျိုးထောင်ပေးနိုင်တဲ့ ၀ိဇ္ဇာပညာသာ ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်း၊ လူငယ်အပေါင်း မြင်သင့်ကြပါပြီ။
ကျွန်တော် ဘာကို စိတ်နာသလဲဆိုတာလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ ထင်ပါတယ်ဗျာ။ 😦
မြန်မာတွေကို မုန့်ဟင်းခါးဆိုင်နဲ့ ၀န်ဆောင်မှုအကြောင်း၊ စီးပွါးရေးလုပ်ဆောင်မှု နမူနာပေးထားတာ တခါထဲကို ရှင်းသွားတာပဲ။ ကျေးဇူးပါပဲ.. အန်ကယ် အေတီကေ
@Nds yep actually we have natural resources…very rich resources.. but no enough human resources which is the main factor for a nation …. and i think that is called ‘Natural Resources Curse’ as the academic term of HR..just like Africa and .. for the wealth of a nation; first is human, second is human and third is human.
Your comment is a nice one but I think one thing is missing: capacity. If you say human resources, and the word human, people may mistake it for “human-beings,” and not understand why you are stating that despite the fact that our country has more than 55 million people. So I hope you don’t mind if I rephrase the word as “human capacity.”