Skip to content
The Genuine Win Oo
27 December 2010
ဝင်းဦးကိုယ်တိုင်က ပြောပြခဲ့လို့ သိခွင့်ရတဲ့ “ဝင်းဦးအစစ်”အကြောင်း
ဇာတ်လမ်းအစ
စာအုပ်ပြပွဲမှာ ကျွန်တော့်အိမ်သူက မြန်မာစာအုပ်အဟောင်း ရောင်းသည့် ဆိုင်ကြီးတစ်ဆိုင်ထဲသို့ လက်ဆွဲပြီး ခေါ်သွားခဲ့သည်။ “ဇော်စာပေ”ဟု ထင်ပါသည်။
ထိုဆိုင်ထဲတွင် မြန်မာစာရေးဆရာ အတော်စုံစုံ၏ စာအုပ်ဟောင်းတချို့ကို တွေ့သည်။ စာရေးဆရာတစ်ဦးစီကို သူ့အကန့်နှင့်သူထားသဖြင့် စနစ်တကျ မြင်ရသည်။ ကျွန်တော့်အိမ်သူက သူဖတ်ချင်သော ဝတ္ထုရေးဆရာတို့၏စာအုပ်များကို လှန်လှောနေခိုက် ကျွန်တော့်မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ စာအုပ်အနှောင့်မှာ ရေးထားသည်က “ဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”ဆိုပဲ။ ကျွန်တော် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသောစာအုပ်။ ဆွဲယူလှန်လှော ကြည့်လိုက်သောအခါ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်ထုတ် ဖြစ်နေ သည်။ ကျွန်တော် ၁၂ နှစ်မပြည့်သေးခင်က ထုတ်သောစာအုပ်။ ကျွန်တော်တို့ မိသားစု မြို့ရန်ကုန်မှာ စတင်အခြေချစ၊ လုံးလည်လိုက်နေစဉ်ကာလက စာအုပ်။ တန်ဖိုး ၃၇၅ိ တဲ့။ မတန်မှန်းသိသော်လည်း ကျွန်တော့်အတွက် ရှားပါး စာအုပ်မို့ ဝယ်ဖြစ်ခဲ့ပါသည်။ စာအုပ်ခေါင်းစဉ်အပြည့်အစုံမှာ “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”ဖြစ်သည်။
ဝင်းဦးနှင့် ကျွန်တော်
ဝင်းဦးကွယ်လွန်ပြီးစက “သူတို့ပြောပြတဲ့ ဝင်းဦးအကြောင်း”ဟူသော ခေါင်းစဉ်နှင့် မဟေသီမဂ္ဂဇင်းမှာ ဝင်းဦးနှင့် ပတ်သက်ဖူးသူများကို တွေ့ဆုံ မေးမြန်းကာ ကျွန်တော်ရေးခဲ့ဖူးသည်။ မဟေသီနှင့် ကျွန်တော်တို့ သဘောထားချင်း မတိုက်ဆိုင်တော့သဖြင့် လမ်းခွဲလိုက်သောအခါ ကျွန်တော့်မှာ ယင်းဆောင်းပါးကို ဆက်ရေးစရာ မဂ္ဂဇင်း မရှိတော့သောကြောင့် ထိုကိစ္စကို တစ်ဝက်တန်းလန်းနှင့် ရပ်ချလိုက်ရသည်။ တချို့က ဆက်ရေးစေချင်သေးသည်။
ကျွန်တော်ကိုယ်တိုင်ကလည်း ရေးချင်သေးသည်။ အမှန်က ကျွန်တော့်အတွက် “ဝင်းဦးသုတေသန”လည်း ဖြစ်တော့သည်။ ကျွန်တော် လူလားမမြောက်တမြောက်တွင် ဝင်းဦးက လျှမ်းလျှမ်းတောက်နေခဲ့ပြီမို့ သူ့ကို ကျွန်တော်သိပ်သဘောကျခဲ့သည်။ သူ မတူအောင် ဘက်စုံမှာ ချွန်သူမို့လည်း ကျွန်တော့်အတွက် အတုယူစရာတွေ အပြည့်နှင့်ဖြစ်နေသည်။ သူ ကွယ်လွန်သောအခါ ကျွန်တော် နှမျောလှသည်။ ထို့ကြောင့် သူ့ အကြောင်းကို စပ်စုချင်စိတ်နှင့် ထိုတွေ့ဆုံမေးမြန်းခန်းတွေကို သူ့အလွမ်းပြေ လုပ်ကြည့်မိခဲ့ခြင်းလည်းဖြစ်တော့သည်။ ကျွန်တော့်ဆီမှာ သူရေးခဲ့သော ဝတ္ထုတချို့ ရှိသည်။ အစုံတော့ မဟုတ်သေး။
အခုစာအုပ်ပြပွဲက ဆိုင်ကျတော့လည်း ကျွန်တော့်ဆီမှာ မရှိသေးတာထဲက နောက်ထပ်နှစ်အုပ်ကို ဈေးကြီးပေးပြီး ဝယ်ဖြစ်ခဲ့ရသေးသည်။ “ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်”ဆိုလျှင် ဝင်းဦး၏ စကားပြေ နိုင်နင်းပုံကို သက်သေထူသောစာအုပ်ဟုပင် ညွန်းနိုင်သည်။ စကားပြေအရေးအသားတွင် ဝင်းဦး၏အရေးအသားက တစ်မျိုးထူးသည်။ သူသည် ဆရာတင့်တယ်လေနှင့် ရေးတတ်သည်ဟု သိမီသူတချို့က ဆိုသော်လည်း ကျွန်တော်ကမူ သူ့မူနှင့်သူဟု မြင်သည်။ မြန်မာစကားပြေကို နိုင်နိုင်နင်းနင်းရေးရာတွင် သူသည် ခေသူမဟုတ်ခဲ့ပါ။ ထို့အပြင် စာရေးရာတွင် ခပ်သောသော လေကလေးနှင့် အာဝဇ္ဇန်းရွှင်ရွှင်ကလေး ပြောတတ်သလို တစ်ခါတရံ မထိတထိ ကလိချက်လေးများလည်း ပါတတ်နေပြန်သေးသည်။ ဆရာဝင်းဖေ(မြဇင်)နှင့် ဧည့်ခံပွဲတစ်ပွဲတွင် ဆုံခဲ့စဉ်က ထိုအကြောင်းကို ပြောဖြစ်ခဲ့ရာ ဆရာ ဝင်းဖေကလည်း သဘောတူပါသည်။ ဆရာ ဝင်းဖေက ဝင်းဦးစာရေးဟန်မှာ သူ့မူနှင့်သူ သတ်သတ်ကလေး ရှိနေသူ (stylist) ဟု ထိုစဉ်က မှတ်ချက်ပေးခဲ့ဖူးပါသည်။
စာအုပ်ထဲက ဝင်းဦး
ယခုသော် သူ အသက်ရှင်စဉ်အခါက သူနှင့်တစ်ခါမှ မဆုံဖူးခဲ့ဘဲ သူ့အကြောင်းကို အစချီမိခဲ့သူကျွန်တော် တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးသော စာအုပ်လေး တစ်အုပ်ကို ရလိုက်ပါသည်။ ရေးသူအမည်မပါဘဲ (စီစဉ်သူ မောင်ကျော်ယဉ်)ဟု ၁၄ ပွိုင့် (စာလုံးသေး) လက်သည်းကွင်းဖြင့် ရေးထားသည်ကိုပဲ တွေ့ပါသည်။ ဝင်းဦး ကိုယ်တိုင်ရေး ဟုတ်/မဟုတ်ကို ကာယကံရှင်များသာ သိတော့မည် ထင်ပါသည်။ အဖွင့်စာမျက်နှာတွေမှာ ဝင်းဦး၏မူပိုင် ခပ်ညို့ညို့အမူအရာများဖြင့် ဓာတ်ပုံတွေ ဝေဝေဆာဆာပါသည်။ ယခုခေတ်လိုအော့ဖ်ဆက်တွေ၊ ရောင်စုံတွေ မဟုတ်သေးပေမယ့် သူ့ခေတ်နှင့်သူတော့ အတော်လေး မင်ကျ မင်န ကောင်းအောင် ရိုက်ထားသော စာအုပ်ဖြစ်သည်။ အဖွင့်စာမျက်နှာတွင် ဝင်းဦးကိုယ်တိုင် လက်မှတ်ထိုးပြီး ရေးထားသည်ကပင် လှနေပြန်တော့သည်။
“မုန်းလိုလျှင် မုန်းကြစေတော့၊ နှလုံးနာလိုလျှင် နာကြပါစေတော့၊ ခင်မင်သမျှကို ရုတ်သိမ်းလိုက သိမ်းကြပါစေတော့…။ ဘဝမုန်တိုင်းတွင် လုံချည်ဂွင်းသိုင်းခဲ့သူဟူ၍လက်ညိုးထိုးလိုက ထိုးကြပါစေတော့၊ နှပ်ပစ်လိုက ပစ်ကြပါစေတော့…။ ကောင်းကောင်း မကောင်းကောင်း၊ ကျွန်တော့်အကြောင်းကို ကျွန်တော် အသိပေးချင်သည်…” တဲ့။
ထိုစာလေးကို ဖတ်ပြီးသောအခါ ကျွန်တော့်အိမ်သူက ထိုစာအုပ် ကျွန်တော့်လက်ထဲ အရောက်နောက်ကျလေခြင်းဟု စိတ်မကောင်းဖြစ်ရှာသည်။ ကျွန်တော်ကလည်း သရဖူမဂ္ဂဇင်းတွင် “ချစ်သူ့ရင်ခွင် ရှာပုံတော်”ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော့်အဖြစ်သနစ်များကို ပြန်အစဖော်နေမိရာ သက်ဆိုင်သူတချို့က ကျွန်တော့်အပေါ် အတန်ငယ် မကြည်မလင် ဖြစ်နေသည်ဟု ကြားနေရသည်။ ဝင်းဦး၏ ထိုစာကလေးကိုသာ စောစောစီးစီးက ရလိုက်လျှင် ကျွန်တော့် “ချစ်သူ့ရင်ခွင် ရှာပုံတော်” အဖွင့်မှာ ကိုးကားနိုင်လိုက်မိမည်ကို တွေးမိပြီး ကျွန်တော့်အိမ်သူ စိတ်မကောင်းဖြစ်သွားရခြင်းပင်။ သို့သော် စာအုပ်ပါအကြောင်းအရာမှာမူ ဝင်းဦးအကြောင်း သိပ်မပါချေ။ သာမန် ကိုယ်ရေးရာဇဝင် အတိုလေးမျှသာ ဖြစ်သည်။ မိဘအမည်၊ နေခဲ့သော ကျောင်း၊ လုပ်ခဲ့သောအလုပ်၊ ထားခဲ့သော ရည်းစား၊ စရေးစဉ်က ကလောင်အမည်၊ စရိုက်သော ဇာတ်ကားလောက်သာ အပေါ်ယံရေးထားသည်။ ကျွန်တော် မသိသေးတာ တစ်ခုမျှမပါ။
သည်ကြားထဲမှာ ဝင်းဦး၏ သီချင်းစာသားများကို တစ်ပုဒ်စီ ဖော်ပြထားသည်များကလည်း စာမျက်နှာအတော်များများကို နေရာယူထားပြန်သေးသည်။ အဓိကက ဝင်းဦး၏ ဝတ္ထုတို ငါးပုဒ်ဖြစ်သည်။ ထိုငါးပုဒ်ဖြင့် သိုသိပ်သော ဝင်းဦးက သူ့ဘဝကို နိမိတ်ပုံဖော်လိုက်သည်ဟု မှန်းဆနိုင်ပါသည်။ ဝတ္ထုတိုများ၏ အဆုံးတွင်
“ကိုဝင်းဦးဟာ အတွေ့အကြုံများသူတစ်ယောက် ဖြစ်တဲ့အတွက် တကယ့်အဖြစ်အပျက်တွေကို ရေးဖို့ ပိုပြီး အားသန်ပါတယ်။ အဲဒီအတွက် သူ့ဘဝနဲ့ ပတ်သက်တဲ့၊ သူ့အတွေ့အကြုံနဲ့ ရခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့ သူ့ဝတ္ထုတိုများကို ပြန်လည်ဖော်ပြလိုက်ရပါတယ်…။
သူ့ဝတ္ထုတို ငါးပုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်အဆွေတို့က သူ့ရဲ့ ရေးသားဟန် ထူးခြားချက်ကလေးတွေကို တရေးရေး မြင်ယောင်လာပါ လိမ့်မယ်။
အဲဒါကို ဝင်းဦးရဲ့သူ့ဘဝ မပီသေးတဲ့ ပန်းချီကားတစ်ချပ်လို့ ယူဆနိုင်ပါတယ်…”ဟု ရေးထားပြန်သည်။
ဝတ္ထုတိုငါးပုဒ်လုံးကို ဖတ်ကြည့်သောအခါ ထိုသို့ရေးထားသည့်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဝင်းဦးက ပညာသားပါသည်။ ဝတ္ထုတိုငါးပုဒ်တွင် သူ့အကြောင်းအစစ်က တစ်ပုဒ်မျှသာ ဖြစ်ဟန်တူသည်။ ကျန်လေးပုဒ်မှာ တကယ့် ဝတ္ထုတိုတွေ ဖြစ်နေပြီး အစစ်တစ်ပုဒ်အပေါ်မှာ ဇဝေဇဝါဖြစ်အောင် တမင် ထည့်ထားသည်ဟု ယူဆရပါသည်။ သူ သက်ရှိထင်ရှား ရှိစဉ်အခါက လူတို့ အမနာပ အပြောဆုံး၊ သူ့အား မေးခွန်းအထုတ်ဆုံးကိစ္စနှင့် ပတ်သက်ပြီး စတုတ္ထမြောက်ဝတ္ထုဖြစ်သည့် “အနမ်းသံသရာ”မှာ ဝင်းဦးက အမှန်အတိုင်း ပြောထားသည်ကို တွေ့လိုက်ရသည်။ သို့တည်းမဟုတ် နောက်ဆုံးတစ်ပုဒ်မှာလည်း ထိုစဉ်က သူ့နှလုံးသားအကြောင်းကို အရိပ်အမြွက်ကလေးလောက် ထည့်ထားပုံရသည်ဟု ယူဆနိုင်သည်။ ထိုဝတ္ထုအမည်မှာ “တက္ကသိုလ်ဆရာမတစ်ဦး ပြောသော ချစ်ပုံပြင်” ဖြစ်လေသည်။
ကျွန်တော်နှင့် တစ်ဖက်သတ်အကြောင်း
ပထမဆုံးအပုဒ်ကမူ ကျွန်တော့်ကို အလှုပ်ခတ်ဆုံးဖြစ်စေခဲ့သည်။
ကျွန်တော်သည် ပင်ကိုဗီဇအရ လူတစ်ဖက်သားကို အပြစ်မြင်လွယ်တတ်သည်။ လူတွေကို ကျွန်တော့်ပေတံနှင့် တိုင်းကာ မကျေမလည် ဖြစ်လွယ်သည်။ ထို့အပြင် ကျွန်တော့်မှာ အပြစ်ပေးဒဏ်ခတ်လိုသော အထုံဝါသနာကလည်း ထုနှင့် ထည်နှင့် ရှိသည်။ ကျွန်တော် ရေးခဲ့သော စာတချို့တွင် ထိုအချက်တွေကို မြင်သာနိုင်ပါသည်။
ယခုသော် ဆရာတော် ဦးဇောတိက၏ ကျေးဇူးကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော် အတတ်နိုင်ဆုံး ပြုပြင်နေမိရပြီ။ တစ်ဆက်တည်းမှာပင် ကျွန်တော် ဖတ်မိသော စာအုပ်တချို့ကလည်း ကျွန်တော့်ကို များစွာ ပြုပြင်ပေးနေသည်။
တစ်နေ့က ရေးဖော် တစ်ဦးကိုတောင် ပြောဖြစ်ခဲ့သေးသည်။ ကျွန်တော်တို့က ကျွန်တော်တို့ တစ်ဖက်တည်းက ကြည့်မိသည့်အတွက် မှားယွင်းနေတတ်သည့် အကြောင်းပင်။
နမူနာလေး နှစ်ခု သူ့ကို ပြောဖြစ်ခဲ့သည်။ ကျွန်တော်ဖတ်ထားသော “အင်မတန်စွမ်းသူတို့ရဲ့ နည်းလမ်းကောင်း ခုနစ်သွယ်” (The 7 Habits of Highly Effective People) အမည်ရှိ စာအုပ်ထဲကဖြစ်သည်။ ထိုစာအုပ်သည် လောလောဆယ် ကမ္ဘာ့အရောင်းရဆုံး စာရင်း ဝင်နေပြီ။ ထိုစာရေးသှူStephen Covey သည်လည်း သန်းကြွယ်သူဌေးပင် ဖြစ်သွားပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က မဂ္ဂဇင်းတစ်စောင်တွင်  ဆရာဝန် စာရေးဆရာတစ်ဦးက ထိုစာအုပ်ထဲမှ အကြောင်းအရာတချို့ကို တင်ပြခဲ့ပြီးပြီဟု သိရသည်။ ကျွန်တော် မဖတ်ဖူးခဲ့။
လုံးစေ့ပတ်စေ့ ဘာသာပြန်မည့်သူ တစ်ယောက်လောက်တော့ ပေါ်လာစေ့ချင်သေးသည်။ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ ကျွန်တော့်မှာတော့ ထိုမျှထူထဲသော စာအုပ်ကို ဘာသာပြန်နိုင်လောက်အောင် အချိန်ပို မရှိပါ။
မည်သို့ပင်ဆိုစေ၊ မိတ်ဆွေကို ပြောပြဖြစ်သည့် အကြောင်းအရာလေးတွေကိုတော့ ဘာသာပြန်ပြလိုက်ချင်သေးသည်။ “ဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”စာအုပ်တွင် ပါသော ဝင်းဦးဝတ္ထုတိုအဖွင့်ပုဒ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ လေ့ကျင့်ရေးရေတပ်စခန်းက စစ်သင်္ဘောကြီး နှစ်စီးဟာ ရာသီဥတု သိပ်ဆိုးရွားနေခိုက်မှာပဲ၊ ပင်လယ်ပြင်မှာ စစ်ရေး လေ့ကျင့်နေကြပါတယ်။ ကျွန်တော်က သင်္ဘောနှစ်စီးထဲက ခေါင်းဆောင် သင်္ဘော ပေါ်မယ် တာဝန်ကျနေတယ်။ အဲဒီ့ညက မှောင်လာတဲ့အချိန်မှာ ကျွန်တော်က သင်္ဘောဦးခန်းထဲမှာပါ။
ဆီးနှင်းတွေက ပိန်းပိတ်နေတဲ့အတွက် ဘေးဘီကို မြင်ရဖို့ တော်တော့်ကို ခက်တယ်။ ဒါကြောင့် မာလိန်မှူးကြီးကလည်း ဦးခန်းထဲမှာပဲ နေနေရင်း အစစ ဂရုတစိုက် ကြပ်မတ်နေရတယ်။
ညရောက်လို့ အမှောင်ကျသွားပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဦးခန်းရဲ့အပေါ်မှာ စောင့်ကြည့်ဖို့တာဝန်ကျနေတဲ့ ရေတပ်သားလေးဆီက သတင်းတက်လာတယ်။ “သင်္ဘောဦးရဲ့ညာဘက်လောက်မှာ မီးလေးတစ်စ မြင်ရတယ်”တဲ့။
“ငြိမ်နေလား၊ သွားနေလား”လို့ မာလိန်မှူးကြီးက ချက်ချင်း လှမ်းမေးလိုက်တယ်။
တပ်သားလေးက ပြန်ဖြေတယ်၊ “ငြိမ်နေပါတယ်၊ ဦးစီးခင်ဗျား”တဲ့။ ဆိုလိုတာကတော့ ကျွန်တော်တို့သင်္ဘောဟာ အဲဒီ့သင်္ဘောနဲ့ ပြင်းပြင်းထန်ထန် တိုက်မိမယ့် လမ်းကြောင်းပေါ် ရောက်နေတယ်ပေါ့။
သည်မှာတင် မာလိန်မှူးကြီးကလည်း ဆက်သွယ်ရေးတပ်သားကို ပြောတယ်။ “အဲဒီ့သင်္ဘောဆီ လှမ်းပြောစမ်း။ သည်ပုံအတိုင်းဆို တိုက်မိကုန်တော့မှာမို့ သူ့လမ်းကြောင်းကို ဒီဂရီ ၂၀ ပြောင်းပြီး မောင်းဖို့ ပြောလိုက်ကွာ”တဲ့။
မကြာဘူး၊ ဟိုတစ်ဖက်က ပြန်ပြောသံကို အတိုင်းသား ကြားရတယ်။
“ခင်ဗျားတို့ မောင်းနေတဲ့ လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ”လို့ တစ်ဖက်က ပြန်ပြောတယ်။
သည်မှာတင် မာလိန်မှူးကြီးလည်း ဆက်သွယ်ရေးတပ်သားဆီက  စကားပြောခွက်ကိုလှမ်းယူပြီးပြောတယ်။ “ဒါ မာလိန်မှူးကြီးကိုယ်တိုင် ပြောနေတာ။ ခင်ဗျာ့ သင်္ဘောကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ။”
“ကျွန်တော်ကတော့ ဒုတိယတန်းစား သင်္ဘောသားလေးပါခင်ဗျာ”တဲ့၊ တစ်ဖက်က အသံပြန်ပေါ်လာတယ်။ “မာလိန်မှူးကြီးရဲ့သင်္ဘောကိုသာ ၂၀ ဒီဂရီ လမ်းကြောင်း ပြောင်းလိုက်ပါခင်ဗျား”တဲ့။
ပြဿနာပဲ။ မာလိန်မှူးကြီးလည်း ဒေါသတွေ တအား ထွက်သွားပြီ။ ချက်ချင်းပဲ ထအော်တော့တယ်။
“ဟေ့… ဒါ စစ်သင်္ဘောကွ။ မင်း လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်စမ်း”
ဟိုဘက်ကလည်း ပြန်လာတယ်။
“ဒါ မီးပြတိုက်ခင်ဗျ”တဲ့။
အဟဲ… ကျွန်တော်တို့လည်း လမ်းကြောင်းပြောင်းလိုက်ရတော့တာပါပဲ။
သည်အဖြစ်ကလေးကို အမေရိကန် ရေကြောင်းတက္ကသိုလ်မဂ္ဂဇင်းထဲ မှာ Franck Koch က ရေးခဲ့ခြင်း ဖြစ်သည်။ ယင်းကို ကျွန်တော် အထက်တွင် ဖော်ပြခဲ့သော စာအုပ်၏ နိဒါန်းပိုင်းတွင် ပြန်လည် ကောက်နုတ်ထားခြင်းလည်း ဖြစ်သည်။
လောကတွင် အမှန်တရားဆိုသည်များက ရှိနေသည်။ သို့သော် ကျွန်တော်တို့တွေမှာ အစွဲများ ရှိနေတတ်သဖြင့် တစ်ခါတရံ အမှန်များကို မြင်နိုင်စွမ်း ကျဲပါးနေတတ်ပြန်သည်။ မူဆိုသည်ကား အမှန်တရားကို အခြေခံပြီးမှ ပေါ်လာခြင်းဖြစ်သည်။ မူရင်းစာရေးဆရာ“ကိုဗှေး”ကတော့ မူသည် မီးပြတိုက်ဟု ဆိုထားလေသည်။ မူတို့သည် သဘာဝတ္ထတရားများ ဖြစ်သဖြင့် မချိုးဖျက်နိုင်ပါတဲ့။
ထားပါတော့၊ ကျွန်တော့်အတွက်မူ အနှီးဥပမာလေးက တာသွားလွန်းနေလေသည်။ လူတစ်ဖက်သားအပေါ် အင်မတန် အပြစ်မြင်လွယ်လှသော ကျွန်တော်လိုလူအတွက် မီးပြတိုက်နမူနာက တော်တော့်ကို ထိထိရောက်ရောက် ပညာပေးလိုက်နိုင်ခဲ့သည်။
ဆက်ဖတ်သောအခါ စာရေးဆရာ “ကိုဗှေး”ကိုယ်တိုင်ကြုံလိုက်ရသည့် အဖြစ်တစ်ခုကို ဖတ်ရပြန်သည်။ နယူးရော့ခ်မြို့ မြေအောက်ရထားထဲတွင် တစ်မနက်က ကြုံရတာဟု အစချီကာ ကိုဗှေးက အောက်ပါအတိုင်း ရေးထားလေသည်။
လူတွေက အေးအေးဆေးဆေး ထိုင်နေကြတယ်။ တချို့က သတင်းစာ ဖတ်၊ တချို့က အတွေးထဲမှာ မျောနေ၊ တချို့တွေကျတော့ မျက်လုံးကို မှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေးတစ်ခုလိုကို ငြိမ်သက် တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။
အဲဒီ့အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွ လှုပ်ရှားလွန်းနေတာမို့ ရထားတွဲလေးထဲက ဆိတ်ငြိမ်တဲ့ ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။
ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံး စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အော်ကြ ဟစ်ကြလို့၊ တွေ့ကရာတွေ လျှောက်ပစ်တဲ့သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလား ဆွဲရဲ့။
တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။
ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက် ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ ဖအေပဲလို့ အောက်မေ့နေမိတယ်။
တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက် လှည့်ပြီး ပြောလိုက်ရတော့တယ်။
“သည်မယ်နောင်ကြီး၊ နောင်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားခင်ဗျာ”
အဲဒီ့လူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီး တစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေးတွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။
“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ”တဲ့။
စာဖတ်သူအနေနဲ့ အဲဒီ့အချိန်မှာ ကျွန်တော် ဘယ်လို ခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ် ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်း ပြောင်းလဲသွားတယ်။ အမြင် ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။
ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်း ပျောက်သွားတယ်။ သည်လူ့ကို စာနာတဲ့စိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကို အားပေးဖို့ စိုင်းပြင်းလိုက်မိတယ်။ အခြေအနေက ရုတ်ချည်း ပြောင်းသွားတော့တာပါပဲ။
ကျွန်တော်အပါအဝင် လူအတော်များများမှာ အလွန် ပြောလွယ်ဆိုလွယ် ရှိကြသည်။ သူကဖြင့် ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဆိုတာမျိုးကို ကျွန်တော်တို့တွေ နေ့စဉ် ပြောဖြစ်နေကြသည်။
သူ့ဖက်က ကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဖက်က ကြည့်တော့ လက်ဖမိုး ဆိုသောစကားကို စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၏ ဇာတ်ကား ကြော်ငြာတစ်ခုတွင် ဖတ်ဖူးခဲ့သည် ထင်၏။ ကျွန်တော်ကိုယ်တိုင်လည်း ပြောဖူးသည်။ သူများတွေ ပြန်ပြောနေတာလည်း ကြားဖူးသည်။
သို့သော် ယခု ဥပမာနှစ်ခုလောက်တော့ မထိရောက်ခဲ့။ ကျွန်တော် ကိုယ်၌က စိတ်လိုက်မာန်ပါနိုင်လွန်းနေတာလည်း ဖြစ်မည်။ အသက်အရွယ်ကြောင့် ဗဟုသုတ ရှိသည့်တိုင် ဉာဏ်မရှိသေးတာကြောင့်လည်း ဖြစ်မည်။ ဘယ်တော့ဖြစ်ဖြစ်၊ ကျွန်တော့်တစ်ဖက်တည်း အမြင်ဖြင့်သာ ကြည့်ခဲ့၊ မြင်ခဲ့၊ သုံးသပ်ဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့တာက များသည်။
ယခုသော် သူ့ဘက်က တစ်ခြမ်းကို ထည့်သွင်းစဉ်းစားတတ်လာပြီ။
အမှန်တော့ ဤသည်မှာ မကြာလှသေး။
လွန်ခဲ့သော တစ်နှစ်ကျော်က ကျွန်တော့်ကားနောက်မှန်တွင် “လူမှန်လျှင် မလိုအပ်ဘဲ ဟွန်းမတီးပါ”ဟူသော စာတန်းကြီးကို ငွေတစ်ထောင် အကုန်အကျ ခံပြီး အရေးခိုင်းကာ ကပ်ထားခဲ့ဖူးသည်။ နောက်ကားက တကြော်ကြော် ဟွန်းတီးသံကို ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါ။ အလိုလိုလည်း စိတ်တိုလာပါသည်။
သည်လိုနှင့် ထိုစာတန်းကို ကပ်လိုက်ရာ တော်တော် သက်သာသွားပါသည်။ တချို့က ကျွန်တော့်ကို ဩဘာပေးကြသည်။ တချို့ကားတွေက ကျွန်တော့်ကားကို ဟွန်းတီး ကျော်တက်ရင်း လက်မ ထောင်ပြသွားသည်မျိုးကို ကြုံရသလို တချို့ကျတော့ အတင်းကို လိုက်ပြဿနာရှာတာမျိုးတွေလည်း ကြုံရသည်။
ဆရာတော် ဦးဇောတိကထံ ထိုစာတန်းသတင်း ရောက်သွားသောအခါ ဆရာတော်က “ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် ရေးပုံက အပြု သဘောမဆောင်ဘူး”ဟု မိန့်ကြားပါသည်။
မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကား လော်မာဆဲပင် ဖြစ်သည်။ တော်တော် နှင့် ထိုစာတန်းကို မဖြုတ်ဖြစ်ခဲ့။
တစ်ရက်တွင်မူ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းလာရာ ဗဟန်း ၃ လမ်းထိပ် အရောက်တွင် နောက်မှ ဟွန်းတကြော်ကြော် တီးပြန်သဖြင့် နောက်မှန်ကို လှမ်းကြည့်လိုက်သည်။ ကျွန်တော့်ရှေ့မှာက ယဉ်ကြောပိတ်နေသဖြင့် ခပ်ဖြည်းဖြည်းသာ မောင်းနေရသည်မို့ စိတ်မရှည်သော ကားက ကျော်တက်ချင်သော သဘောနှင့် တီးနေတာများလားဟု တွေးလိုက်ရင်း စိတ်က နည်းနည်း တိုသွားသည်။
သို့ရာတွင် ဟွန်းတီးနေသည်မှာ ကျွန်တော့်နောက်က ကားမဟုတ်၊ ကျွန်တော့်နောက် တစ်စီးကျော်က အငှားယာဉ်ဖြစ်သည်။ ထိုကားဆရာအနေဖြင့် ကျွန်တော့်စာတန်းကို မမြင်နိုင်သေး။ သူ့မျက်နှာကိုမူ နောက်ကားကို ကျော်ပြီး နောက်မှန်ထဲမှပင် ကျွန်တော်က လှမ်းမြင်နေရသည်။
သူ့ခေါင်းက လမ်းဘေး လူသွားစင်္ကြံပေါ်သို့ လည်နေသည်။  စင်္ကြံပေါ်မှ လူအုပ်ကို သူ့ကားအားကြောင်း အချက်ပေးသည့်သဘော၊ ခရီးသည် ခေါ်သည့်သဘော (ဈေးခေါ်သည့်သဘော)မျိုးနှင့် တီးနေခြင်းသာ ဖြစ်သည်။
ကျွန်တော် ချက်ချင်း သဘောပေါက်သွားသည်။ သူ့အတွက် ဟွန်းတီးခြင်းက တခြားယာဉ်မောင်းတွေမှာပါ စိတ်အနှောင့်အယှက်ဖြစ်၊ မဖြစ် တွေးဖြစ်လောက်အောင် စိတ်မအားရှာချေ။ တစ်နေ့တာအတွက်  ကားပိုင်ရှင်အား ပေးရမည့်ကားခ၊ ဓာတ်ဆီဖိုး၊ စားစရိတ်အပြင် သူ့မိသားစုအတွက် လိုအပ်သော ငွေစကြေးစလေးတွေကို အငမ်းမရ လိုချင်သည့် လောဘဇောက တစ်ဖက်သားအတွက် တွေးနိုင်စွမ်းကို ပီပီပြင်ပြင် ဆို့ထားလေပြီပဲ။
ထိုနေ့က အိမ်ပြန်အရောက်တွင် ကျွန်တော့်စာတန်းကို ခွာဖြစ်ခဲ့ပါသည်။
ဝင်းဦးနှင့် တစ်ဖက်သတ်အကြောင်း
ဝင်းဦးဆီကို ပြန်သွားပါတော့မည်။
ဝင်းဦးကလည်း သူနှင့်ပတ်သက်ပြီး ဟိုပြောသည်ပြောတွေကို သိပ် ကြေလည်ပုံတော့ မရ။ သို့သော် ဝင်းဦးသည် ဉာဏ်ရှိသူ။ ထို့ကြောင့် သူက ဝတ္ထုတိုလေးတစ်ပုဒ်နှင့် ဆုံးမလိုက်သည်။ သို့သော် ထိုစာကို ရှုမဝ မဂ္ဂဇင်းတွင် သူမင်းသားဖြစ်ခါစ ၁၉၆၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖော်ပြခဲ့ပုံရသည်။
“အောက်ပါစာကို ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ကျွန်တော် ရရှိခဲ့ပါသည်။ ရှုမဝ ဝတ္ထုရှည် ရေးပေးမည်ဆို၍ လာရောက်တောင်းရာ ကိုမြင့်နိုင်၏ စာမူရင်းကိုသာလျှင် မပြီးသေးသည့် ဝတ္ထုတိုအစား ယခုလ ဝတ္ထုရှည်အဖြစ် မဖြတ်မတောက်၊ မချဲ့ထွင်ဘဲ ဖော်ပြရန် ပေးအပ်လိုက်ရပါကြောင်း”ဟု ဝင်းဦးက ဝတ္ထုတို၏ ထိပ်တွင် ဖော်ပြပေးခဲ့သောကြောင့် ဖြစ်ပါသည်။
ကျွန်တော်ကသာ ရှည်ရှည်ဝေးဝေး၊ စတီဖှင်န် ကိုဗှေးဆီအထိ ရွာကျော် ရွက်တိုက်နေသည်၊ အမှန်က ကျွန်တော် စွဲလန်းသော စာရေးဆရာ၊ ဓာတ်ရှင် မင်းသားကြီးက ၁၉၆၂ ခုနှစ်ကတည်းက “စာလေးတစ်စောင်”အမည်ရှိ ဝတ္ထုတိုလေးဖြင့် ကိုဗှေးထက် သာအောင် ပြောပြခဲ့ပြီးပြီပဲ။
အဖွင့်စာတန်းလေးကို ပြန်ကူးပြပါမည်။
“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။
ဝင်းဦးက သူ့ဝတ္ထုကို ထိုသို့ ဖွင့်ထားပါသည်။
ဝတ္ထုကြောင်းမှာ ဝင်းဦး ပြောသည့်အတိုင်း ပေးစာတစ်စောင်ပုံစံ ဖြစ်ပါသည်။ ဝင်းဦးနှင့်တပ်ထဲတွင် အတူနေခဲ့ဖူးသော တပ်ကြပ်ပြီး မြင့်နိုင်ဆိုသူ တပ်မတော်သား တစ်ဦးက ဝင်းဦးထံ လှမ်းရေးပုံဖြင့် ဖွဲ့ထားသည်။
ဝတ္ထုကြောင်းကို အကျဉ်းချုပ်ပြောလိုပါသည်။
မြင့်နိုင်၏ လက်အောက်သို့ တပ်ကြပ်ထွေးကိုဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကိုမှာ လူရည်သန့်ဖြစ်သလို ရည်လည်း ရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင်ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။
ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနှင့် တည့်သူလည်း ဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။
မြင့်နိုင်က တကယ့် စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍ မရသော လူမျိုး ဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်း တွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကိုကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။
သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသောတပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက် ပေါက်ပြီး ဆေးရုံ တက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲအုပ်ချုပ်ရသည်။
ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့် ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။
ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကား ပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းလည်း ဖြစ်သည်။ သူ မည်သူ့ကို ရည်ရွယ်ကြောင်း တပ်စု နှစ်စုစလုံးသိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင် ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲနီလျက်။
ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံ သွားရောက်ပြီး ဆေးရုံ မတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ်ပြောလေတော့သည်။
သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦးအနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်း သိမ်းမိနေစဉ်တွင်ပင် ထွေးကိုသည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။
အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်က ပေးမည့် သက်စွန့်ဆုကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုယ်တိုင် သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာ ဖြစ်သည်။
ကိစ္စဝိစ္စပြီးသောအခါ ထွေးကို ပေးသည့် လိပ်စာအတိုင်း ထွေးကို့ မိခင်ကြီး ရှိရာ ရွာကို မြင့်နိုင် ရောက်သွားသည်။ လိပ်စာမှာ ရွာဦး ဘုန်းကြီးကျောင်းလိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။
“မောင်ထွေးကိုတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘော်ကြီးရယ်။ ဆွေမျိုး မရှိကြဘူး။ မောင်ထွေးကိုဟာ အမေ မျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲ ဝင်သွားတာပဲ။ အားကိုးစရာ သည်သားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲ ခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့တဲ့ ငွေကလေးနဲ့ နေရရှာတာပါ”ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။
သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်းထားလေသည်။
အတော်ထိသော ဝတ္ထုလေးဖြစ်သည်။
သူ့ဘဝဇာတ်လမ်းစုံစာအုပ်တွင် အဖွင့်ဝတ္ထုတိုအဖြစ် ထိုဝတ္ထုတိုလေးကို ပြန်လည်ဖော်ပြထားခြင်းမှာ အဓိပ္ပာယ်ကျယ်ဝန်းနေသည်။ ၁၉၆၂ ခုနှစ်က ရေးခဲ့သော ဝတ္ထု ဖြစ်သော်လည်း ပြန်လည်ဖော်ပြသော ၁၉၆၉ခုနှစ်တွင် ဝင်းဦးတစ်ယောက် လျှမ်းလျှမ်းတောက်နေပြီ။ ဆောင်းအိပ်မက်ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရခဲ့ပြီးပြီ။
ထိုအချိန်တွင် “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”မည်သော စာအုပ်တွင် ထိုဝတ္ထုကို အဖွင့်မှာ ဖော်ပြထားခြင်းသည် အကြောင်းမဲ့တော့ မဟုတ်တန်ရာ။
ကျွန်တော့်ကျေးဇူးရှင် ဝင်းဦး
ကျွန်တော်သည် ဆိုခဲ့သည့်အတိုင်း ဝင်းဦးကို စွဲလန်းလွန်းသူသာ ဖြစ်သည်။ ထိုအကြောင်းကို ဖွင့်ဟမိတိုင်း ကြားနာသူအပေါင်းက အပြုံးတစ်မျိုးဖြင့် ကျွန်တော့်ကို ကြည့်တတ်သည်။ တချို့ကမူ ဝင်းဦး၏ အားနည်းချက်တစ်ခုဖြင့် ကိုင်ပေါက်ကာ ကျွန်တော့်ကို စတတ်ကြပါသေးသည်။
လူသည် လူသာ ဖြစ်သလို ဝင်းဦးသည်လည်း ဘာသားနှင့်မှ ထုမထားလေသော လူစင်စစ်သာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့မှာ တော်တာတွေ ရှိသလို၊ ရှော်တာတွေလည်း ရှိနေမည်မှာ ဧကန်ပင်။ ယင်းမို့ကြောင့် သူ့အားနည်းချက်ကို ကျွန်တော် ဘယ်လိုမှ မမြင်ခဲ့။ လူတစ်ယောက်အနေနှင့် လူလိုနေခြင်းဟုသာ တွေးခဲ့ပါသည်။
ယခုသော် ဝင်းဦးက သူ့“စာကလေးတစ်စောင်”ဝတ္ထုတိုဖြင့် ကျွန်တော်တို့ကို ပညာပေးသွားခဲ့လေပြီ။ အလားတူပင် “အနမ်းသံသရာ”ဝတ္ထုဖြင့်လည်း သူဘာကြောင့် ဘယ်လို ဖြစ်နေသည်ကို ထိုစဉ်ကတည်းက ဖွင့်ဟခဲ့ပြီးပြီ။
ကနေ့ ကျွန်တော်တစ်ယောက် အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျအောင် ပြောတတ်ခြင်း၊ အဝတ်အစားကို တင့်တယ်အောင် ရွေးချယ် ဝတ်ဆင်တတ်ခြင်း၊ စာရေးရာတွင် ဘာသာစကားကို နိုင်နင်းအောင် သုံးတတ်ပြီး အာဝဇ္ဇာန်းရွှင်ရွင်လေး ရေးနိုင်ခြင်း၊ သီချင်းဆိုခြင်း၊ ဂစ်တာကိုင်ခြင်း၊ လူရှေ့ ထွက်ပြီး စကားပြောတတ်ခြင်း၊ လူလုံးပြရတာကို အလွန်အမင်း ဝါသနာပါ ခြင်းတို့အပါအဝင် ကျွန်တော့်ရုပ်ပိုင်းဘဝ ဖြစ်တည်မှု အားလုံးအတွက် ဝင်းဦး၏ ကျေးဇူးက များစွာ ရှိနေပါသည်။
ယုတ်စွအဆုံး၊ “ရွှေအမြုတေ”မဂ္ဂဇင်းတွင် ကျွန်တော့်အမည်ရင်းဖြင့် ရေးသားကာ လပေါင်းများစွာဖော်ပြခဲ့သော “အိပ်မက်အတူမက်ကြစို့ မနက် မလင်းခင်” အခန်းဆက် ဝတ္ထုရှည် ဇာတ်ကြောင်းမှာလည်း ဝင်းဦး၏ ဩဇာ မကင်းလှသည်ကို ဘယ်သူကမှ ရိုက်မစစ်ဘဲ ဝန်ခံလိုက်ချင်ပါသည်။ ထိုဝတ္ထု စခါစက ရွှေစာတည်းချုပ် ဦးဝင်းငြိမ်းကပင် ဝင်းဦး၏ “မိန်းမလှအမုန်း”နှင့် ဆင်လှသည်ဟု မှတ်ချက်ပေးသဖြင့် ကျွန်တော့်မှာ ကျွန်တော့်တွင် ရှိနေသော ထိုစာအုပ်ကို ကမန်းကတန်း ပြန်ဖတ်ခဲ့ရဖူးပါသည်။ ဇာတ်ကြောင်းချင်း မဆင်သော်လည်း ဝတ္ထု တည်ပုံချင်း ဆင်နေသည်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော့်မှာ မပြေးသော် ကန်ရာ ရှိနေသည်ကလည်း အမှန်ပင် ဖြစ်ပါသည်။
ယခုသော် ဝင်းဦးကို အလွှတ်မဲ့ စွဲလန်းဖူးသူတစ်ယောက်အနေနှင့် သူ့ အငွေ့တွေ ကျွန်တော့်စာတွေထဲမှာ ကပ်နေနိုင်လောက်သည်ကို မှန်းဆမိနိုင်လာပြီဖြစ်သည်မို့ ဝန်ခံလိုက်ရခြင်းလည်း ဖြစ်ပါသည်။
ထိုဝင်းဦးမှာ အားနည်းချက်တစ်ခု ရှိခဲ့ခြင်းကတော့ ကျွန်တော့်ကို တော်တော် နှောင့်ခဲ့ပါသေးသည်။
ယခုသော် စာအုပ်ပြပွဲက အမှတ်မထင်ရလိုက်သော စာလေးတစ်အုပ်ကြောင့် ကျွန်တော့်စိတ်ထဲတွင် ရှင်းသွားခဲ့ပါပြီ။
တစ်ဆက်တည်းမှာပင် ကျွန်တော်မည်သော လူတစ်ယောက် ဤလောကတွင် ရှိမှန်းပင် သိမသွားလေသော တမလွန်မှ ဦးဝင်းဦးကိုလည်း ကျွန်တော်ကတော့ ဤစာဖြင့် လေးမြတ်စွာ ဂါရဝပြုလိုက်ချင်လှပါသေးသည်။
ကျေးဇူးအတင်ဆုံးကတော့ “စာလေးတစ်စောင်”ဝတ္ထုတို၏ အဖွင့် စာသားလေးများအတွက်ပင် ဖြစ်နေပါတော့သည်ခင်ဗျား။    ။
(၁၉၉၉ ဩဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲမှာ ပြန်လည်ဖော်ပြာထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ သည်ဘလော့(ဂ်)မှာ ဖော်ပြထားတဲ့ပုံကို http://myanmarmp3album.com/2010/06/25/21139/မှ ရယူထားတာဖြစ်ပါတယ်။ မူရင်းဖြစ်သော ၀င်းဦး၏ “စာလေးတစ်စောင်”ကို ဖတ်လိုပါက http://www.paephuhlwarmagazine.asia/ မှာ ဖတ်ရှုနိုင်ကြပါလိမ့်မယ်။)
Advertisements
17 Comments leave one →
  1. 27 December 2010 9:49 am
    ဒီဆောင်းပါးလေးကို ဖတ်ခွင့်ရတာ အရမ်းကို ကျေးဇူးတင်ပါတယ်။ အမှန်တရား… အမှန်တရားနဲ့ ပြော ပြောနေကြတယ်။ “သူ့ဘက်က ကြည့် လက်ဖ၀ါး၊ ကိုယ့်ဘက်က ကြည့် လက်ဖမိုး”ဆိုတာလည်း ဟုတ်ပါတယ်။ အတွေးတွေ ၀င်လာမိတယ်။ မှန်ကန်တဲ့ “သစ္စာ အမှန်တရား”ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့ သစ္စာတရားကို မြင်နိုင်အောင် ကြိုးစားတာကတော့ အကောင်းဆုံးပေါ့…။
  2. 27 December 2010 3:01 pm
    လူတွေက ကိုယ့်ပြဿနာကိုပဲ ပြဿနာ မှတ်ကြတာ။ သူများပြဿနာကို ထည့်တွက်ဖို့ မေ့နေကြတယ်။ အာဖဂန်မှာ စစ်ဖြစ်နေတာထက် ကိုယ်ခလုတ်တိုက်လို့ ခြေမ နာတာကို ပိုနာတတ်ကြတာ၊ ဒါကြောင့် ဒီဆောင်းပါးလေး ဖတ်ရတော့ ပိုပြီး ဆရာ့ကို ကျေးဇူး ထပ်တင်ပါတယ်။ မသိသေးတာလေးတွေ ထပ်သိသွားရသလို မှတ်စရာတွေလည်း တိုးသွားလို့ပါ။
  3. နှင်း permalink
    28 December 2010 1:12 am
    လတ်တလော မှာ အဖြစ်များလာတာ( သိသိသာသာ) ကိုဆရာက မီးမောင်းထိုးပြလိုက်သလိုပါပဲ…. ကိုယ်ကသာ ပြောထည့်လိုက်မယ်… ကိုယ့်ကိုထိရင်တောင် အသေနာတတ်တဲ့ သူတွေ အရမ်းများလာပါပြီ….
    ကိုယ်ချင်းစာတရား ခေါင်းပါးကုန်ကြလွန်းလို့ပါဆရာရေ…..
    ဒီမှတ်ချက်လေးတွေက ရှင်းရှင်းလင်းလင်း ထိမိလှပါတယ် ကျေးဇူးပါဆရာရေ
  4. 3 January 2011 6:45 pm
    ကျန်တော်က ဆရာ့ရဲ့စာဖတ်ပရိတ်သတ် တစ်ယောက်ပါ။ ဒီဆောင်းပါးလေးကို ဖတ်ခွင့်ရတာ အရမ်းကျေးဇူးတင်ပါတယ်။ ဆရာ့ရဲ့ blog မှာ မကြာမကြာဆိုသလို ၀င်ရောက်ဖတ်ဖြစ်ပေမဲ့ comment တစ်ခါမှမရေးဘူးပါ။ ဆရာ့ကို အစဉ်လေးစားလျှက်ပါ။
  5. ၀င်းမင်းဦး permalink
    4 January 2011 6:36 pm
    ကျွန်တော်လဲ ဆရာကျော်လိုပါပဲ အပြစ်မြင်ရင် ကိုယ့်တစ်ဖက်ပဲကြည့်ပြီးတော့ ကိုယ့်အတွေးနဲ့ စိတ်တို စိတ်ဆိုးတတ်တဲ့လူပါဆရာ… ကျွန်တော်တို့က ကျွန်တော်တို့ဖြတ်သန်းလာရတဲ့ ဘ၀ အခြေအနေ ကိုယ့်စိတ်ခံစားမှု မာန် မာန ဆိုတာတွေနဲ့ လူတိုင်းကို တိုင်းပြီးတော့ကြည့်မိနေကြတယ်… ကိုယ်ကြည့်မိတဲ့လူရဲ့ ဘ၀ကဘယ်လိုဖြတ်ခဲ့ရသလဲ .. လက်ရှိမှာ ဘာပြဿနာတွေရှိနေလဲ ဘာကြောင့် ကိုယ်နဲ့ အတွေးခံစားချက် မတူရတာလဲ မစဉ်းစားပေးခဲ့မိပါဘူး… ကိုယ့်ဘက်ကအမှန်ဆိုပေမယ့် သူု့ဘက်ကလဲ သူ့ပုံစံ သူ့အတွေးနဲ့တော့ အမှန်ပဲဖြစ်နေမှာပါ… နားလည်ပေးနိုင်တဲ့စိတ်မျိုး နည်းတဲ့သဘောပါပဲ …အိမ်ထောင်ကျပြီးတော့ ကိုယ့်မိန်းမက ကိုယ့်ထက်ဆိုးတဲ့သဘောရှိတယ်… သူဖြတ်လာတဲ့ဘ၀အရ Give and Take သဘောကို တိတိကျကျလိုက်နာတဲ့လူမျိုးဗျ…ကိုယ့်အပေါ်မကောင်းရင် ဘာမှကောင်းစရာမလိုဘူးဆိုတဲ့ စိတ်မျိုးဗျ… ကောင်းတဲ့လူဆို ဘာလုပ်ပေးရရဆိုတာမျိုး …ကျွန်တော်ကပဲ အများကြီး ပြောပြရတယ်.. လူတိုင်းကို နားလည်ပေးနိုင်အောင် … သနားတတ်အောင်… တစ်ယောက်ယောက်က တော်တော်မှားနေခဲ့ရင်လဲ သူ့မယ် ဒီလောက်ပဲအတွေးရှိလို့ ဒီလိုဘ၀မှာနေရတာပေါ့ကွာ… အဲတာကို ကိုယ်ကမှ နားလည်ပေးနိုင်တဲ့စိတ်မျိုး မရှိရင် သူနဲ့တူတူပဲနေမပေါ့ကွာ..ဘာညာနဲ့
    စိတ်ကိုဖြေပြောပြောရတယ်… အဲလိုလူမျိုးက ကျွန်တော့အဖေနဲ့တူတူပဲဗျ… အမေက အဖေ့ကို ဇွတ်အတင်းပြောလို့မရဘူး.. ဆန့်ကျင်ဘက်ပြောမိရင် ကိုယ်နဲ့အရင်ရန်ဖြစ်ရမယ့် သဘောဗျား…
    အဲဒီတော့ အရင်ဆုံး သူပြောတာကို ထောက်ခံပြော နောက်တော့မှစိတ်နဲနဲ ပြေလောက်တဲ့ထိစောင့်ပြီး ဖြေးဖြေးခြင်း နားဝင်အောင်ပြောတဲ့ နည်းသုံးရကြောင်း သိထားလို့ တော်သေးဗျား… အသက် ပိုကြီးလာတော့ ဘာမှမဟုတ်ပဲ ရန်ဖြစ် စကားများ စိတ်တိုရတာဟာ ဘာမှအဓိပါယ် မရှိမှန်း ပိုပိုသိလာတယ်.. အဲတာနဲ့ပဲ စိတ်လဲလျော့လာပါတယ်… အရေးကြီးတာက ကိုယ့်မာန်တွေ လျှော့ဖို့ပဲလို့ ပိုနားလည်လာပါတယ်… ခုလဲမာန်ကတော် အရင်ကလောက်မကြီးတော့ပေမယ့် ကျန်ပါသေးတယ်… ဒီလိုနဲ့ပဲမသေခင်တော့ မာန်ကျလောက်မယ် ထင်တာပါပဲဆရာရယ်… ကိုယ်ချင်းစာဖို့ဆိုတာ ပြောတာလွယ်သလောက် တော်တော်ခက်တာကိုး… အရင်ဆုံးကတော့ ကိုယ့်စိတ်နဲ့နှိုင်းမိတာပဲလေ… နောက်ပိုင်း ဦးဖိုးကျားရဲ့ ကျွန်ုပ်အသိပညာတိုးသောနေ့တစ်နေ့ စာအုပ်ကို(ဖတ်ဖူးတာကြာပါပြီ) ပြန်သတိရမိတယ်… အဲတော့ အမှန်ဆိုတာ ဘက်ပေါင်းစုံမှာ ပုံစံမျိုးစုံနဲ့ပါလားလို့ ပိုပိုသိလာတာပါပဲဆရာရယ်… ခုတော့ဖြင့်ကိုယ့်လာဆဲလဲ စိတ်မဆိုးပါဘူး…ကန်လန့်ပြောလဲ အဆင်ပြေအောင်ပဲပြောပါတယ်… မပြောချင်ရင်လဲ ပြောကိုမနေတော့ပါဘူး.. ဘာဖြစ်လာလဲဆိုတော့ အရင်ကထက်စိတ်ချမ်းသာလာတာပါပဲဗျာ…
  6. 10 February 2011 8:47 pm
    အခုခေတ်မှာ စာဖတ်သူကို အသိပညာ ပေးတဲ့သူတွေ တော်တော် ရှားပါးလာပါပြီ။ အခုပိုစ့်ဖတ်ပြီးတော့လည်း သတိထားစရာတွေ တွေးစရာတွေ တော်တော်များများရလိုက်ပါတယ်ဆရာ။ ဘက်စုံထူးချွန်တဲ့ သွားလေသူ“ဝင်းဦး”ကိုရော ဆရာ့ကိုပါ ကျေးဇူးတင်ပါတယ်ရှင်။
  7. Khayaythu permalink
    18 May 2011 8:33 pm
    “တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။
    အဲဒီစကားလေးကို အားလုံးသော လူသားတွေ သိစေ..နားလည်စေချင်ပါတယ်ဆရာ…သမီးအတွက်လဲ စကားတစ်ခွန်းအပေါ်မှာတာဝန်ယူတတ်ဖို့မီးမောင်းထိုးပြသလိုပါပဲ။ဘယ်သူ့မဆို ဘယ်အကြောင်းမဆို သေချာလေ့လာစုံစမ်းမေးမြန်းပြီးမှ အပြစ်တင်ဝေဖန်တာမဟုတ်ပဲ..တကယ်မှားနေခဲ့ရင်..ထောက်ပြပြောပြဆွေးနွေးတာမျိုးပေါ့ဆရာ…ကျေးဇူးတင်ပါတယ်
  8. မိုးခ permalink
    21 June 2012 2:59 pm
    ဒီစာလေးကအဖိုးတန်လှပါတယ်ရှင့်…ကျေးဇူးတင်ပါတယ်ဆရာ
  9. မိုးသောက်ပန်း permalink
    25 July 2013 12:19 pm
    “တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။
    ဆရာကော သူများကို မစွပ်စွဲဖူး ဘူးလားဆိုတာ သိပါရစေခင်ဗျာ။
    ပြီးတော့ ကျွန်တော် နားမလည်တာက ရှင်လျက်နဲ့ သေ တယ်ဆိုတဲ့ အဓိပ္ဗါယ်ပါပဲ။
    ရှင်လျက်နဲ့ သေတယ်ဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။
    ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ်။
  10. မိုးသောက်ပန်း permalink
    25 July 2013 12:31 pm
    ကျွန်တော် ဆရာ့ကို ရွဲ့ တာမဟုတ်ပါဘူးနော်။ဘာဖြစ်လို့ လဲဆိုတော့ လူတိုင်း လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ တစ်ပါးသူကို မိမိ အမြင်နဲ့ စွပ်စွဲကဲ့ရဲ့ ဖူးကြတာချည်းပါပဲ.
    အဲ့ဒီလို စွပ်စွဲ ဖူးတာနဲ့ ကိုယ့်ဘဝ ကို ရှင်လျက် သေပေးလိုက်ရ တော့မှာလား။
    ဒါဆိုရင် လောကမှာ ပါးစပ်ကို ပိတ်ထားပြီး ဘာမှမလုပ်တော့ပဲနဲ့ ငုတ်တုတ်ပဲ ထိုင်နေရမဲ့ ကိန်းဖြစ်နေတယ်လို့ မြင်ပါတယ်။
    တစ်ပါးသူရဲ့ မဟုတ်တာ ပြောနေ. လုပ်နေတာကို မခံနိုင်တောလို့ ပြောမိ စွပ်စွဲ မိခဲ့ရင်ကော . နေရင်းထိုင်ရင်း ကိုယ့်ဘဝ ကို သူ့ အတွက် သေ ပေးလိုက်ရတော့မှာလား.
    ကျွန်တော် အဲ့ဒီ ဝင်းဦး ရဲ့ စကားကို 100% မထောက်ခံဘူးလို့ ပြောချင်ပါတယ်။
    သူပြောတဲ့ ပုံစံက သူတစ်ပါးကို စွပ်စွဲ ဖူးလိုက်တာနဲ့  ကိုယ့်ရဲ့ ဘဝ ကို သေပေးရမလို ဖြစ်နေပါပြီ။
    အဲ့ဒီစကားက ကျွန်တော့်ကို တော်တော် အကြပ်ရိုက် စေပါတယ်။ကျးဇူးပြုပြီး ဆရာ ဖြေကြားပေးပါ။
    • lettwebaw permalink*
      20 October 2013 9:50 pm
      အခုမှ ဖြေဖြစ်တာကို နားလည်း သည်းခံပေးပါ။ ကျွန်တော် အတော် ဇယားရှုပ်နေလို့ပါ။
      (၁) စွပ်စွဲတာနဲ့ ဖြစ်ရပ်ကို ပြောတာ မတူပါဘူး။ ဥပမာ လူတစ်ယောက်က ကိုယ့်ကို ဆဲလိုက်တယ်ဆိုပါစို့။ ခင်ဗျား ကျွန်တော့်ကို ဆဲလိုက်တယ်လို့ ပြောတာဟာ ဖြစ်ရပ်ကို ပြောတာပါ။ အဲသလို မဟုတ်ဘဲ၊ ခင်ဗျားဟာ မိမဆုံးမ ဖမဆုံးမပဲလို့ ပြောလိုက်တာက စွပ်စွဲတာ ဖြစ်သွားပါတယ်။
      (၂) စွပ်စွဲသူဟာ ရှင်လျက်နဲ့ သေတတ်ပါတယ်။ ဖြစ်ရပ်အမှန်ကို သိသွားတဲ့အခါမှာ နောင်တက ဖိစီးလို့ပါ။ အခု ၀တ္ထုဇာတ်လမ်းထဲက ဖြစ်ရပ်က ထိပါတယ်။ သူ စွပ်စွဲမိတာက သူရဲဘောကြောင်သူလို့ တစ်ဖက်သတ် စီရင်ချက် ချခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှာ ဟိုလူဟာ သူရဲဘောင်ကြောင်သူ မဟုတ်ဘဲ မအေအိုကြီးကို လုပ်ကျွေးနေသူလို့ သိခွင့်ရတဲ့အခါ (လူမသိ သူမသိ ကျိတ်စွပ်စွဲထားမိတာ ဖြစ်ဦးတောင်) ရင်ထဲမှာ ချိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကို ဆိုလိုတာ ရှင်းပါလိမ့်မယ်။
      (၃) အမှတ်စဉ် ၁ က ဥပမာမှာ မိမဆုံးမ ဖမဆုံးမပဲဆိုပြီး ကိုယ့်ကို ဆဲသူ တစ်ဖက်သားကို ပြောလိုက်မိတယ် ဆိုပါစို့။ အဲဒီ့လူဟာ လင်ကောင်မပေါ်တဲ့ ဘ၀က လာ၊ သူ့အမေကလည်း သူ လူလားမမြောက်ခင် ကွယ်လွန်ခဲ့။ သူ့ကို ဂြိုဟ်ကောင်လေးဆိုပြီး ပတ်ဝန်းကျင်က အဖက်မလုပ်၊ ၀ိုင်းကြဉ်ထားခံရတဲ့ ဘ၀က လာခဲ့တာမှန်း သိလာခွင့်ရမယ်ဆိုရင် အဲလိုလူမျိုးကို မိမဆုံးမ ဖမဆုံးမလို့ ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုယ် ကြည်ညိုနိုင်ပါဦးမတဲ့လား။
      တစ်ခုတော့ ရှိတယ်ပေါ့လေ။ ငါလုပ်သမျှ ငါပြောသမျှ အကုန်မှန်တယ်၊ ကျန်တဲ့သူတွေ အကုန်လွဲနေတယ် ဆိုတဲ့ စိတ်မျိုးကို မွေးနိုင်မယ်ဆိုရင်တော့ ဘာနော်တမှ မ၀င်နိုင်သလို ရှင်လျက်နဲ့ သေစရာလည်း ဘာအကြောင်းမှ ရှိတော့မှာ မဟုတ်ပါဘူး။
  11. မိုးသောက်ပန်း permalink
    27 August 2013 9:06 pm
    ဆရာရေ ကျွန်တော်မေးထားတာလေး ဖြေပေးဦးလေဗျာ။ ကျွန်တော့်စိတ်ထဲမှာ အဲ့ဒါကတစ်နုံ့ နုံ့ ဖြစ်နေတယ်။ကျေးဇူးပြုပြီး အဲ့ဒါလေးကိုဖြေပေးပါလား။ တကယ်လို့ ရှင်လျက်သေသွားခဲ့ရင်ကော နှစ်ဦးနှစ်ဖက် ဘယ်လိုအသက်ပြန်ရှင်လာအောင်လုပ်ဆောင်ရမလဲဆိုတာလေးပါထည့်ရေးပေးပါဆရာ။
  12. မောင်သောကြာ permalink
    28 August 2013 11:19 pm
    အင်း။အဲ့ဒီကိစ္စကတော်တော် စဉ်းစားစရာပဲ။ ဘာကြောင့်လဲဆိုတော့မိုးသောက်ပန်းရေးထားသလိုလည်း ဖြစ်နိုင်တာပဲ။
    စွပ်စွဲမှုတစ်ခုထဲနဲ့တော့ ရှင်လျက်နဲ့မသေနိုင်ဘူးလို့ ငါတော့ပြောချင်တယ်။
    လောကမှာစွပ်စွဲမှုဆိုတာကရှိနေမှာပဲ။ ဒါဟာဆန်းတဲ့ကိစ္စမှမဟုတ်တာပဲ။
    ဒါပေမဲ့ အလကားနေရင်ဘလိုင်းကြီးလိုက်စွပ်စွဲနေရင်တော့လည်းသူပြောထားသလိုဖြစ်နိုင်တာပဲ။
    အဲ့ဒီစကားက အပြည့်မမှန်နိုင်ပါဘူးလို့ပဲငါပြောချင်ပါတယ်။
  13. ထွန်းသူရ permalink
    25 January 2014 1:31 pm
    ဆရာရေးထားတာကိုဖတ်ရတာတော့သဘောတော့ကျပါတယ်။ဒါပေမဲ့ ဆရာရေ. ရှင်လျက်သေတယ်ဆိုတာ နောင်တရတာကို တင်စားပြောတာမျိုးကိုပြောတာလားခင်ဗျ။
    ဒါမှမဟုတ် တစ်သက်လုံး မအိပ်နိုင်မစားနိုင် အလုပ်မလုပ်နိုင်ဖြစ်ပြီး တစ်ဘဝလုံးနောင်တကြီးပဲရနေတာမျိုးကိုဆိုလိုတာလားမသိဘူး။
    ကျွန်တော်တို့ လည်းသူတစ်ပါးကိုစွပ်စွဲဖူးတာပါပဲ။လူသားတိုင်းဟာ ဘုရားလို အလုံးစုံမသိတဲ့အတွက်ကြောင့် တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့စွပ်စွဲဖူးမယ်လို့ ထင်ပါတယ်ခင်ဗျ။အဲ့ဒါဆိုရင် စွပ်စွဲချက်တွေတိုင်းအတွက် လူသားအားလုံးဟာ ဘာအလုပ်မှ မလုပ်ကြတော့ပဲနဲ့  နေ့ တိုင်းငုတ်တုတ်ထိုင်နောင်တရပြီး ရှင်လျက်ပဲသေနေကြတော့မယ်လို့ ထင်တယ်။
    မြတ်စွာဘုရားရဲ့တရားတော်ထဲမှာတောင် လူမိုက်၊သူမိုက် ကို ပညာရှိတို့ စွပ်စွဲကဲ့ရဲ့ထိုက်ကုန်၏လို့ ပါတာကို ဖတ်ဖူးပါတယ်။
    ဒီ ရှင်လျက်သေ ဆိုတဲ့စကားကို ပေါ့ပေါ့လေးတွက်ပြီးတာ့ မစဉ်းစားပဲနဲ့  မရေးသင့်ဘူးလို့ မြင်ပါတယ်။ အင်မတန် အနက်ကျယ်ဝန်းတဲ့အတွက်ကြောင့် လူငယ်တွေ အတိတ်ကသူတို့ ရဲ့ လုပ်ရပ်မှားတွေအတွက် ပြန်သတိရပြီး နောင်တတွေပဲ ရနေပြီး ဘာအလုပ်မှမလုပ်ပဲနဲ့  ရှင်လျက်သေသွားနိုင်ပါတယ်။
    ဒီတော့ မြတ်စွာဘုရားကမှန်သလား ၊ ဝင်းဦးက မှန်သလားခင်ဗျာ။ ကျေးဇူးပြုပြီး ဆွေးနွေးပေးပါဦး။
    ဆရာ့စာကိုစောင့်မျှော်လျက်ပါခင်ဗျာ။
  14. ထွန်းသူရ permalink
    25 January 2014 1:54 pm
    စာလေးကျန်သွားလို့ ထပ်ထည့်ရေးလိုက်ပါဦးမယ်ခင်ဗျာ။
    အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးကိုယ်တိုင် အနာထပိန် သူဠေးကြီးသေခါနီးမှာ ကျတဲ့မျက်ရည်ကိုကြည့်ပြီးတော့ သူ့ ဟာသူ တစ်ဖက်သက်ကောက်ချက်ချ စွပ်စွဲခဲ့ပါသေးတယ်။
    သူဠေးကြီးသေခါနီးမို့ လို့ သူပိုင်တဲ့ ပစ္စည်းတွေ ၊ သားသမီးတွေကို ထားခဲ့ရမှာမို့ လို့ ဝမ်းနည်းပြီး ငိုတာပဲ. ဆိုပြီး ကောက်ချက်ချစွပ်စွဲခဲ့ဖူးပါတယ်။
    ဒီတော့ အပေါ်က ဦးဝင်းဦးပြောသလိုဆိုရင် အရှင်အာနန္ဒာဟာ လူသတ်သမားစိတ်နဲ့ ပုဂ္ဂိုလ်လို့ ယူဆရမလိုဖြစ်နေပြီထင်ပါတယ်။
    အရှင်အာနန္ဒာဟာ သောတာပန် အရိယာပုဂ္ဂိုလ်ပါ။ ငါးပါးသီလမြဲတဲ့ အရိယာဖြစ်တဲ့အတွက်ကြောင့် လူသတ်သမားစိတ်မရှိတော့တာတော့ သေချာပါတယ်။
    ဒီတော့ စွပ်စွဲချက်ရှိတဲ့လူတိုင်းဟာ သူတစ်ပါးကို ရှင်လျက်သေ စေသလို လူသတ်သမားစိတ်တစ်မျိုးဆိုတဲ့ အချက်ဟာ ကွဲလွဲနေတာကိုတွေ့ ရပါတယ်။ဒီတော့ စွပ်စွဲချက်တိုင်းဟာ ရှင်လျက်သေနိုင်ပါ့မလားဆိုတာ ဆရာကိုယ်တိုင်စဉ်းစားပြီး ဖြေဆိုပေးစေချင်ပါတယ်။
    ကျေးဇူးတင်ပါတယ်ဆရာ။
    • lettwebaw permalink*
      5 February 2014 6:52 pm
      ဖြေထားပြီးသားကို ထပ်မေးတာမို့ မဖြေပါရစေနဲ့တော့ ခင်ဗျာ။ ကျွန်တော် ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ ကျွန်တော် မပြောခဲ့ဖူးပါ။ ကိုယ်ပိုင် ဉာဏ်နဲ့ ချင့်ချိန်ပြီး လက်ခံချင်မှ လက်ခံနိုင်ပါတယ်။ ကွဲလွဲလို့လည်း ဘာမှ မဖြစ်ပါဘူးခင်ဗျာ။ စဉ်းစားကြည့်ဖြစ်ရင်ကိုပဲ ကျွန်တော့် ရည်ရွယ်ချက် အထမြောက်ပါလိမ့်မယ်။
  15. allegra su permalink
    27 March 2014 5:17 pm
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: