A Point to Ponder

ကြားကြ သိကြစေချင်လွန်းလို့ပါ…

Facebook မှာ ဘူတန်နိုင်ငံရောက် မြန်မာဆရာဝန် ဒေါက်တာစိုးမင်းရေးထားတဲ့ စာတွေအများကြီးထဲက တစ်ပုဒ်က ကျွန်တော့်ရင်ကို လာပြီး ရိုက်ခတ်သွားခဲ့တာမို့ ဆရာ စိုးမင်းဆီက ခွင့်တောင်းကာ မန္တလေး FM ရေဒီယိုရဲ့ ကျွန်တော့်အစီအစဉ်ကတစ်ဆင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒါလေးကို လူအများ ကြားကြ သိကြစေချင်လွန်းတာမို့ သည်ဘလော့(ဂ်)ကနေ ထပ်လောင်း တင်ဆက်ပေးလိုက်ပါတယ်။ အားလုံး တွေးဆ ဆင်ခြင်ကြည့်စေချင်လို့ပဲဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူးခင်ဗျား။

Literary Talks in Moulmein

သာစွ မော်ရွှေမြိုင်

ဓူဝံစာပေမှ ဦးဝင်းချိုက မော်လမြိုင်မြို့တွင် ကျင်းပသော စာပေဟောပြော ပွဲသို့ တက်ရောက် ဟောပြောပေးရန် ဒီဇင်ဘာလဆန်းတွင် အကြောင်းကြားလာပါသည်။ ဘယ်သူခေါ်ခေါ် ငြင်းလေ့မရှိသော ကျွန်တော်က အလွယ်တကူပင် ခေါင်းညိတ်လိုက်ပါသည်။
ဦးဝင်းချိုက ဆက်ပြောသည်။ စာရေးဆရာတွေ အများကြီးပါမှာတဲ့။ ဘယ်သူတွေ၊ ဘယ်သူတွေနဲ့ မတွဲချင်ဘူးလဲတဲ့။ သူများတွေတော့ မသိပါ၊ ကျွန်တော်ကတော့ ဘယ်သူနဲ့မှ တွဲချင်သည်၊ ဘယ်သူနှင့်ဆို မတွဲချင်ဘူးဆိုတာ မရှိပါ။ လူတိုင်းနှင့် တွဲနိုင်ပါသည်ဟုသာ ပြန်ဖြေလိုက်ပါသည်။  ဟုတ်ကဲ့… ချိတ် ချိတ်ချင်းသာ ချိတ်လို့ရပါသည်။ ကျွန်တော်က ချိတ် မဟုတ်ပါ။ (အလွန်ဆုံးမှ ပင်အပ်သာ ဖြစ်ပါလိမ့်မည်။ ဟဲ… ဟဲ…)

သည်တော့ ဦးဝင်းချိုက ဆရာမ မြနှောင်းညိုနှင့်တွဲရန် ပြောပါသည်။ ဆရာမ မြနှောင်းညိုနှင့်အတူ မဟောဖူးသော်လည်း အေးချမ်းသော ဆရာမကို ကျွန်တော် ခင်မင်ရင်းစွဲ ရှိနှင့်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ဆို ရပါတယ် ဦးဝင်းချိုဟု ကျွန်တော် ပြောလိုက်ပါသည်။

ဦးဝင်းချိုက ထိုစာပေဟောပြောပွဲကို အကြီးအကျယ် ကျင်းပမည့်အကြောင်း ပြောသေးသော်လည်း စိတ်ထဲတွင် ခပ်ပေါ့ပေါ့သာပင်။ သွားနေကျ စာပေဟောပြောပွဲတွေထဲက တစ်ပွဲဟုသာ တွေးထားလိုက်မိပါ သည်။ စာအုပ်ဈေးပွဲတော်ပါ တွဲဖက် ကျင်းပမည့်အကြောင်းလည်း ပြောသည်။ ကျွန်တော့်စာအုပ်တိုက်က ထုတ်သော စာအုပ်တွေပါ ဓူဝံစာအုပ်တိုက်က ရောင်းချပေးမည့်အကြောင်း ပြောသည်။ အကျိုးအမြတ် မယူပါဟုလည်း ဆိုသည်။ သည်အထိလည်း ကျွန်တော် မရိပ်မိသေး။

နောက်ကျတော့ ဆရာမဂျူးလည်း ကျွန်တော်နှင့်အတူ ဟောပြော မည်ဖြစ်ကြောင်းပြောလာပြန်ပါသည်။ မူလက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဆရာမဂျူး ဟောပြောရန် စီစဉ်ထားသော်လည်း အကြောင်းကြောင်းကြောင့် ၃၀ ရက်နေ့တွင်မှ ဆရာမက လိုက်ပါနိုင်မည့်အတွက်ဟု ဆိုသည်။ ဒါလည်း ပြဿနာ မရှိပါ။ ဆရာမဂျူးနှင့်လည်း ခင်မင်ရင်းစွဲ ရှိပြီးဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဦးလေးတာ (ဆရာကိုတာ)၏ ဖိတ်ကြားချက်ဖြင့် ဦးလေးတာ၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းမှ ဝန်ထမ်းများအား ချောင်းသာတွင် အတူဟောပြောပေးခဲ့ကြဖူးပြီးလည်းဖြစ်သည်။

သည်လိုနှင့် ကျွန်တော်တို့ကို မော်လမြိုင်အရောက် ပို့ဆောင်ပေးမည့် ကားဆရာကို ကျွန်တော့်အိမ် လိုက်ပြသည်။ ကျွန်တော့်ကို အရင်လာကြိုမည်။ ပြီးလျှင် ဆရာမ မြနှောင်းညိုကို သွားကြိုပြီး မော်လမြိုင်သို့ ထွက်ခွာရန် ဖြစ်သည်။ ဆရာမဂျူးက သူ့မိတ်ဆွေများနှင့်အတူ သတ်သတ် လိုက်လာမည်ဟု သိထားပါသည်။ ကျွန်တော်က ကျွန်တော့်အိမ်သူကိုပါ ခေါ်လို့ ရမလားဆိုသောအခါ ခေါ်နိုင်ပါသတဲ့။ သူလည်း ထုတ်ဝေသူပဲဆိုတော့ စာပေနယ်ထဲမှဟု ကြံဖန် ပြောလျှင် ရနိုင်သည် မဟုတ်တုံလော။ (သို့သော် ထိုရက်ကျမှ သားတော်မောင်က နေပြည်တော်သို့ သွားလိုက်ပြန်သေးရာ အိမ်မှာ အိမ်စောင့် မကျန်သဖြင့် ကျွန်တော့်ဇနီး မလိုက်နိုင်တော့ပါ။)

သည်လိုနှင့် ဒီဇင်ဘာ ၂၉ ရက်သို့ ရောက်လာသည်။ ညနေစောင်းသည့်တိုင် ကျွန်တော့်ကို ဦးဝင်းချို ဖုန်းမဆက်။ ကားဆရာက မနက်ဖြန် မနက် ၅း၃၀ မှာ ကျွန်တော့်အိမ် ရောက်လာတော့မည်။ ဆရာမ မြနှောင်းညို၏ အိမ်ကို ကျွန်တော် မသိ။ ဖုန်းနံပါတ်လည်း မသိ။ ကားဆရာလည်း မသိဟု သိထားသည်။
နေဝင်ချိန်တွင်  ကျွန်တော် မနေနိုင်တော့။ ဦးဝင်းချိုဖုန်းကို ကျွန်တော် ကောက်လှည့်သည်။ ဆက်သွယ်မှုဧရိယာပြင်ပနှင့် တွေ့နေသည်။ သူ့စာအုပ်တိုက်ကို ဆက်သွယ်သည်။ တွေ့သူကို အကျိုးအကြောင်း ပြောပြသည်။ သည်လိုနှင့် ဆရာမ မြနှောင်းညို၏ ဖုန်းနံပါတ်ကို ရသည်။ ကျွန်တော်ပဲ ဆက်လိုက်ပါသည်။

အမျိုးသားတစ်ဦးက ဖုန်းကိုင်သည်။ ဆရာမ မြနှောင်းညို နေမကောင်းသဖြင့် အိပ်နေကြောင်း ပြောသည်။ ကျွန်တော် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စအတွက်ဆက်ကြောင်း ပြောလိုက်သောအခါ ဖုန်းဖြေသူက ဆရာမ နေမကောင်းသဖြင့် မော်လမြိုင်သို့ မလိုက်နိုင်တော့ကြောင်း ဖြေကြားပါသည်။

ကျွန်တော့်မှာ ဖုန်းတွေ ဝီခေါ်အောင် ဆက်ရပြီ။ ဒါဆို ကားတစ်စီးလုံးက ချောင်နေသည်။ ဆရာမဂျူးက အဖော်တွေနှင့်မို့ လိုင်းကားနှင့် လိုက်မည်ဟု သိထားရရာ သူတို့ကို ထိုကားနှင့် တင်ခေါ်သွားဖို့ စိတ်ကူးရပြီး ဆရာမဂျူးထံ ဆက်သွယ်လိုက်သေးသည်။

ဇာတ်ပေါင်းသော် ၃၀ ရက်နေ့ မနက်တွင် ဆရာမဂျူး၊ ကံ့ကော်ဝတ်ရည်စာပေမှ ဒေါ်ဝိုင်းနှင့် ကျွန်တော်တို့ သုံးဦးသား ၁၉၉၀ ပြည့်နှစ်ထုတ် ဆန်နီဆူပါဆလွန်း အငှားကားငယ်လေးဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာခဲ့ကြပါတော့သည်။

ထိုအချိန်အထိလည်း ပေါ့ပေါ့တန်တန်ပင်။

ဖျားစ ပြုလာသည်ကား မော်လမြိုင်မြို့ထဲ အဝင်တွင်ဖြစ်သည်။ မြို့အဝင်မှာတင် ပတ္တူဖျင်ပေါ်တွင် ရောင်စုံ ရိုက်နှိပ်ထားသော စာပေဟောပြောပွဲ ကြော်ငြာများကို တွေ့လိုက်ရသည်မှ အစပြုသည်။ ဟောပြောမည့် ကျွန်တော်တို့တွေ၏ မျက်နှာပြည့် ဓာတ်ပုံများကို တန်းစီပြီး ပြထားသည်။ စုစုပေါင်း တစ်ဆယ်နဲ့မှ ခြောက်ဦး၏ ပုံများ။

၂၈ ရက်နေ့မှာ နေဝင်းမြင့်၊ ခင်ခင်ထူး။ ၂၉ ရက်မှာ လှထွန်း (တွံတေး)၊ ကျော်ရင်မြင့်၊ ဦးဘုန်း(ဓာတု)တို့က ဟောပြီးသွားပြီ။ ဆယ်တန်း ကျောင်းသားများအတွက် ၃၀ ရက်နေ့ မနက်ပိုင်းနှင့် နေ့ခင်းပိုင်းမှာ လှထွန်း (တွံတေး)၊ ဦးဘုန်း (ဓာတု)၊ ဒေါက်တာ မောင်မောင်တင်နှင့် ညွန့်ဝေမိုးတို့က သီးသန့်ဟောပြောသည်ဟု ဆိုသည်။ ပရိသတ်အင်အား မသေးလှဟုလည်း သိရသည်။ (၃၀ ရက်နေ့ညမှာ ဂျူးနှင့် ကျွန်တော်။ ၃၁ ရက်မှာ ကြည်မင်း၊ ကိုတာ၊ မောင်သာချို။ ၁ ရက်နေ့မှာ ချစ်ဦးညို၊ ဖေမြင့်နှင့် အော်ပီကျယ်တို့ဖြစ်သည်။)

ကျွန်တော်တို့ ဟိုတယ်ရောက်သည်။ ဟိုတယ်ကား အသစ်။ အပျံစား။ မော်လမြိုင် ကျော်ကျော်စာပေမှ ဦးကျော်ကျော်နှင့် မော်လမြိုင်မြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ မောင်ဉာဏ် (မော်လမြိုင်)တို့နှင့် တွေ့ရသည်။ ဆရာမ ဂျူးတို့က ကမ်းနားလမ်းမှ ဟိုတယ်မှာ တည်းကြမည်။ ကျွန်တော် တစ်ယောက်တည်းသာ ဦးကျော်ကျော်တို့ စီစဉ်ပေးသည့် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျန်ရစ်သည်။

ညနေ ၆ နာရီလောက်တွင် ဟောပြောပွဲ ကျင်းပရာ မဟာမြိုင် ပရိယတ္တိစာသင်တိုက်သို့ ရောက်သွားသည်။ ဆရာမဂျူးက ရောက်နှင့်ပြီး စာဖတ်ပရိသတ်များအတွက် သူ့စာအုပ်များကို လက်မှတ်ထိုးနေလေပြီ။ ကျွန်တော့်ကိုလည်း ထိုနေရာသို့ ခေါ်သွားရာ ကျွန်တော်လည်း လက်မှတ်ထိုးရသည်။ တဖြည်းဖြည်းနှင့် ပရိသတ်က ကြိတ်ကြိတ်တိုးလာသည်။ တိုးတိုးဝှေ့ဝှေ့လေးတွေ ဖြစ်လာသည်။ ဆရာမဂျူးရော၊ ကျွန်တော်ပါ လက်မလည်အောင် လက်မှတ်တွေ ထိုးနေရသည်။ စာအုပ်လေးတွေ၊ ဘယ်ဘက်က ထိုးလာလိုက်၊ ညာဘက်က ထိုးလာလိုက်၊ ရှေ့က ရောက်လာလိုက်၊ နောက်က ရောက်လာလိုက်။

စာပေဟောပြောပွဲတွင် တချို့စာရေးသူများ ဇာချဲ့တတ်သော ရှေ့နေရေး၊ နောက်နေရေး ပြဿနာ ကျွန်တော့်မှာ မရှိ။ ဆရာမဂျူးကို မေးကြည့်တော့လည်း သူကလည်း ပြဿနာ မရှိချေ။ ကျွန်တော့်သဘောဟု ဆိုသည်။ သည်တော့လည်း အရှင်းကြီးပေါ့။ ဝါအရ သူက ကျွန်တော့်ထက် ကြီးသည်။ ပရိသတ်အင်အားလည်း သူက ကျွန်တော့်ထက် များသည်။ သည်တော့ သူ နောက်မှာ နေတာကပင် သင့်မည်။ ကျွန်တော်ပင် စလိုက်မည်ဟု စီစဉ်သူတွေကို ပြောလိုက်ပါသည်။

သံဃာတော်တွေ အတော်များတာကို သတိထားမိလိုက်သည်။ သည်လိုနှင့် အခမ်းအနား စီစဉ်သူထဲမှ တစ်ဦးက ကျွန်တော့်ကို လာခေါ် လေပြီမို့ ပွဲခင်းထဲသို့ ဝင်လိုက်သည်။

ဟား… ဖျားပြီ။

ပရိသတ်က ကွင်းပြည့်။ ထိုင်ခုံတွေ ခင်းထားသည်။ ထိုင်ခုံအားလုံး လူပြည့်နေသည်။ စုစုပေါင်း ထိုင်ခုံ ၁၈၀ဝ ချထားသည်ဟု သိရသည်။ ဆိုင်တွေမှာလည်း လူတွေ စည်ကားနေဆဲ။ ပေါင်းလိုက်လျင် လူ ၂၀ဝ၀ ကျော်မည်ဟု မှန်းမိသည်။

ကျွန်တော် တုန်သွားသည်။ သည်ပရိသတ်ကို ထိန်းဖို့က တော်တော်တော့ ကြိုးစားရမည်။ တော်ရိလျော်ရိ လုပ်လို့ မရတော့။ ကျွန်တော့်မှာ ရှိနေသမျှ ဉာဏ်နီ၊ ဉာဏ်နက်သာမက ဉာဏ်ခုနစ်ရောင် ထုတ်သုံးရပေတော့မည်။

ထားပါတော့…

အဓိက ပြောချင်သည်မှာ မော်လမြိုင် စာပေဟောပြောပွဲ၏ သိုက်ဝန်း ကြီးကျယ်မှုကို ဖြစ်သည်။ စာပေဟောပြောပွဲကို တစ်နေရာတည်းမှာ ငါးညတိုင်တိုင် ဆက်တိုက် ကျင်းပပြီး စုစုပေါင်း စာရေးဆရာ ၁၃ ဦးက ဟောပြောခဲ့ကြသည်မှာ မြန်မာတစ်ပြည်လုံးတွင် သည်တစ်ကြိမ်မှာ ပထမဆုံးဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ (အကယ်၍ ဆရာမ မြနှောင်းညိုသာ လိုက်ပါနိုင်ခဲ့မည်ဆိုလျှင် စုစုပေါင်း စာရေးဆရာ ၁၄ ဦးပင် ဖြစ်နေပေလိမ့်မည်။)

ကျွန်တော်တို့၏ သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကို စီစဉ်ပေးကြသည်မှာလည်း လိုလေသေး မရှိ။ ဟောပြောအပြီးတွင် မှန်ပေါင်သွင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ ကျွန်တော်တို့ကို ချီးမြှင့်သော “အာပူဇော်ခ”မှာလည်း ခါတိုင်း ရနေကျ နှုန်းထက် နှစ်ဆဖြစ်နေရာ သည် တစ်ကြိမ် အများဆုံးဟု ဆိုနိုင်ပါလိမ့်မည်။

စာအုပ်ဈေးပွဲတော်အတွက် ဆောက်ပေးထားသော ဆိုင်ခန်းများမှာလည်း အသစ်ကျပ်ချွတ်တွေ၊ သားသားနားနားတွေ။ နဖူးစီးတွေကလည်း ညီညီညာညာ။ ထိုဆိုင်များအတွက် အခွန်အခ ဘာတစ်ခုမှ မကောက်ခံဘဲ အလကား ဖွင့်ခွင့်ပေးခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်သဖြင့် စာအုပ်တိုက်တွေ ကလည်း ၁၅ % ဈေးလျှော့ကာ ရောင်းချပေးနိုင်ကြသည်။

ကြည့်လိုက်သောအခါ မတည်ပေးသူများမှာ မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်နေသည်။ မြို့တွင် ဩဇာရှိသော သံဃာတော်များက ကမကထပြုကာ စီစဉ်လိုက်ခြင်းပင်ဖြစ်လေသည်။

အလွန်ပင် မုဒိတာ ပွားစရာကောင်းလှသလို အတုယူစရာလည်း ကောင်းသော ပွဲတစ်ပွဲပင်ဖြစ်သည်။ ဘီလူးကျွန်းနယ် တစ်ဖက်ကမ်းမှ ပရိသတ်များပါ ရောက်ရှိလာအောင် သယ်ယူပို့ဆောင်ပေးကြသလို အခြား ရပ်ကွက်များမှ ပရိသတ်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးခဲ့ကြသေးသည်ဟု ကြားသိရပါသေးသည်။

တစ်ချိန်က မြန်မာနိုင်ငံ၏ တတိယမြို့တော်၊ ယခုသော် စတုတ္ထမြို့တော်ဟု ခေါ်နိုင်မလား မသိ၊ ထိုမြို့ကြီးတစ်မြို့မှ လုပ်ငန်းရှင် စီးပွားရေးသမားတွေ ညီညီညွတ်ညွတ်နှင့် မြို့အတွက် ငွေကုန်ကြေးကျခံကာ အသိ ပညာဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ဆောင်ရွက်ကြသည်မှာ လွန်စွာ ထူးခြားလှပါသည်။ မြန်မာစာပေဟောပြောပွဲ သမိုင်းတွင် အသိုက်မြိုက်ဆုံး အကုန်အကျ အခံဆုံး ပွဲတစ်ပွဲဖြစ်လာခဲ့သည်ဟု ပြောလျှင် လွန်မည် မထင်ပါ။

အထူးသဖြင့် ညီညွတ်ရေးကို ဝေါဟာရတစ်လုံးအဖြစ် ပြောကောင်းရုံသာ မပြောကြဘဲ တကယ်လက်တွေ့ အကောင်အထည်ဖော်လိုက်ကြသည့် ပြယုဂ်တစ်ခုအဖြစ် ခံစားမိရသလို အခြားမြို့တော်ကြီးများ၊ မြို့ကြီး များ၊ မြို့ငယ်များကလည်း မော်လမြိုင်၏ စံနမူနာကို အတုယူကာ သူ့ထက် ငါ ဆောင်ရွက်ကြိုးပမ်းကြမည်ဆိုလျှင်ဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အားရစရာ ကောင်းနေတော့မည်မှာလည်း မလွဲပါတည်း။

မော်လမြိုင်ကတော့ သာသွားလေပြီ။ ထို့ကြောင့်…

“သာစွ မော်ရွှေမြိုင်”ဟု ထောမနာပြုလိုက်ရလေပြီတကား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၂၀၁၁၁)

(ယနေ့ ၁၄-၁၁-၂၀၁၁ ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြပါရှိတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

My 2010 in Blogging

The stats helper monkeys at WordPress.com mulled over how this blog did in 2010, and here’s a high level summary of its overall blog health:

Healthy blog!

The Blog-Health-o-Meter™ reads Wow.

Crunchy numbers

Featured image

About 3 million people visit the Taj Mahal every year. This blog was viewed about 58,000 times in 2010. If it were the Taj Mahal, it would take about 7 days for that many people to see it.

In 2010, there were 107 new posts, growing the total archive of this blog to 190 posts. There were 55 pictures uploaded, taking up a total of 3mb. That’s about 1 pictures per week.

The busiest day of the year was December 15th with 683 views. The most popular post that day was စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၈).

Where did they come from?

The top referring sites in 2010 were myanmardaily.net, facebook.com, khinoomay77.blogspot.com, maynyane.blogspot.com, and pandora-and-pandora.blogspot.com.

Some visitors came searching, mostly for lettwebaw, အတ္တကျော်, sidney poitier, atkbooks.wordpress.com, and .

Attractions in 2010

These are the posts and pages that got the most views in 2010.

1

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၈) December 2010
8 comments

2

ATK’s Previous Books August 2009
7 comments

3

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၂) – အပိုင်း (ခ) August 2010

4

Phone Story (Part 2) January 2010
53 comments

5

ATK’s Biography August 2009
27 comments

A Good Leader Is …

စီမံရေးရာ သင်ခန်းစာ

၂၀ဝ၈ခုနှစ် မတ်လ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဖှစ်လဒဲ(လ်)ဖှစ်ယားမြို့က ဝါတန် (ကျောင်းမှ ကျောင်းသားများ) အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲမှာ အိန္ဒိယ သမ္မတဟောင်း အေပီဂျေ အဗ္ဗဒူ(လ်) ခါလမ်နဲ့ အမေးအဖြေလေးတစ်ခု ကျွန်တော့်ရဲ့ ဓာတ်ချောစာထဲကို ဝင်လာပါတယ်။

“လူကြီးမင်းရဲ့ အတွေ့အကြုံအရ ဦးဆောင်ဦးရွက်ပြုနေကြသူများအနေနဲ့ ဆုံးရှုံးမှုကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ နမူနာလေးတစ်ခုလောက် ပြောပြနိုင်ပါမလားခင်ဗျာ”လို့ ကျောင်းသားတွေဘက်က မေးခဲ့ကြတာပါ။ သည်မေးခွန်းအပေါ်မှာ သူ့အဖြေက အတော့်ကို နှစ်လိုဖွယ် ဖြစ်နေတဲ့အတွက် ပြန်ဆိုတင်ပြလိုက်ချင်ပါတယ်။

“ကျွန်တော့် အတွေ့အကြုံကိုပဲ ပြောပြပါရစေ။ ၁၉၇၃ ခုနှစ်မှာ ကျွန်တော်ဟာ အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်လွှတ်တင်ရေး အစီအစဉ်မှာ စီမံကိန်း ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အိန္ဒိယနိုင်ငံရဲ့ “ရိုဟီနီ” ဂြိုဟ်တုကို ၁၉၈၀ ပြည့်နှစ် နောက်ဆုံးထားပြီး ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ဖို့ပါပဲ။ အဲဒီ့အတွက် ကျွန်တော့်ကို လူအင်အားရော၊ ငွေအင်အားပါ ပေးထားပါတယ်။ ပြီးတော့ ၁၉၈၀ ပြည့်နှစ်ကို နောက်ဆုံးထားပြီး ဂြိုဟ်တုကို မဖြစ်မနေ လွှတ်တင်ရမယ်ဆိုတာကိုလည်း ကျကျနန ညွှန်ကြားထားတယ်။ အဲတော့ သိပ္ပံပညာအဖွဲ့တွေ၊ နည်းပညာအဖွဲ့တွေက လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ အဲဒီ့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်အောင် တွဲလုပ်ကြရပြီပေါ့။

“၁၉၇၉ ခုနှစ် ဩဂုတ်လလောက် ထင်တယ်။ ကျွန်တော်တို့အားလုံး ဂြိုဟ်တုကို လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူဆခဲ့ကြတယ်။ စီမံကိန်း ညွှန်ကြားရေးမှူးအနေနဲ့ ကျွန်တော်လည်း လွှတ်တင်မှု ထိန်းချုပ်ရေး စခန်းကို ရောက်သွားတယ်။ ဂြိုဟ်တု လွှတ်တင်ဖို့ လေးမိနစ်အလိုမှာ ဘာပြီး ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ စာရင်းကို ကွန်ပျူတာက စ စစ်ဆေးပါ တယ်။ တစ်မိနစ်လည်း ကြာရော ကွန်ပျူတာက လွှတ်တင်ခွင့်မပေးဘဲ  ဆိုင်းထားလိုက်တယ်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတာက တချို့ ထိန်းချုပ်ရေး အစိတ်အပိုင်းတွေက နေသားတကျ မရှိသေးဘူးတဲ့။

“ဒါ ပူစရာ မလိုပါဘူးလို့ ကျွန်တော်နဲ့ အတူပါတဲ့ ကျွမ်းကျင်သူတွေက ကျွန်တော့်ကို ပြောကြတယ်။ ကျွမ်းကျင်သူက ကျွန်တော်နဲ့အတူ လေး၊ ငါးယောက် ပါတယ်။ သူတို့ဘက်က သေချာ တွက်ပြီးသားပါတဲ့။ လောင်စာလည်း ပိုပိုလျှံလျှံ လုံလုံလောက်လောက် ဆောင်ထားပါတယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း ကွန်ပျူတာကို ကျော်ပစ်လိုက်တယ်။ ကွန်ပျူတာက စစ်ဆေးပြီး အလိုလို လွှတ်တင်နိုင်အောင် လုပ်ထားတဲ့ ခလုတ်ကို ပိတ်ပြီး ကျွန်တော့်လက်နဲ့ လွှတ်တင်နိုင်တဲ့ ခလုတ်ကို ဖွင့်လိုက်ပြီး ခလုတ်နှိပ်ကာ ဂြိုဟ်တုကို လွှတ်တင်လိုက်ပါတော့တယ်။

“ပထမအဆင့်မှာ အကုန်လုံး အဆင်ပြေနေတယ်။ ဒုတိယအဆင့် ရောက်တော့ ပြဿနာတက်ပြီ။ ဂြိုဟ်တုက ကမ္ဘာပတ်လမ်းကြောင်းထဲ သွားရမယ့်အစား ဂြိုဟ်တုကို တွဲထားတဲ့ ဒုံးပျံစနစ်ကြီးတစ်ခုလုံးက ဘင်္ဂလားပင်လယ်အော်ထဲ ထိုးကျသွားပါလေရော။ တကယ့် ဆုံးရှုံးမှုကြီး ပါပဲဗျာ။

“အဲဒီ့နေ့မှာ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ဥက္ကဌ ပါမောက္ခ ဆာထစ်(ရှ်) ဒါဝန်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ဂြိုဟ်တုကို လွှတ်တင်လိုက်တာက မနက် ၇ နာရီမှာ။ ကမ္ဘာအရပ်ရပ်က စာနယ်ဇင်း ဆရာတွေက [အိန္ဒိယနိုင်ငံ တောင်ပိုင်း အန္ဒြာ ပရာဒက်(ရှ်) ပြည်နယ်မှ] ဆရီဟာရီခိုတာဆိုတဲ့ ဂြိုဟ်တု လွှတ်တင်ရာ ဝန်းကျင်အရပ်ဆီက သတင်းစာ ရှင်းလင်းပွဲကို ၇ နာရီ ၄၅ မိနစ်မှာ ရောက်လာကြပြီ။

“အဲဒီ့ သတင်းစာ ရှင်းလင်းပွဲကို ပါမောက္ခဒါဝန်ကိုယ်တိုင် ဦးဆောင် ပြောဆိုခဲ့ပါတယ်။ အဖွဲ့က ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် မအောင်မြင်ခဲ့ကြောင်း၊ အခုလို ဆုံးရှုံးသွားရတာအတွက် သူ့မှာ တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ နောက်နှစ်ဆိုရင် သည်ဂြိုဟ်တု လွှတ်တင်ရေးအဖွဲ့အနေနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းလည်း စာနယ်ဇင်းဆရာတွေကို ပါမောက္ခက အခိုင်အမာ ပြောခဲ့ပါတယ်။

“ကျွန်တော်က စီမံကိန်း မန်နေဂျာဖြစ်တာမို့ သည်ကိစ္စမှာ တကယ်တမ်း တာဝန်ရှိတာက ကျွန်တော်။ သည်ဆုံးရှုံးမှုအတွက် တာဝန်ရှိတာကလည်း ကျွန်တော်။ ဒါပေမယ့် အဖွဲ့အစည်းရဲ့ ဥက္ကဌအနေနဲ့ သူကပဲ အစအဆုံး တာဝန်ယူသွားတယ်။ သူပဲ ခေါင်းခံသွားတယ်။

“နောက်တစ်နှစ်အကြာ ၁၉၈၀ ပြည့်နှစ် ဇူလိုင်လမှာ အဲဒီ့ဂြိုဟ်တုကို လွှတ်တင်ဖို့ ကျွန်တော်တို့ ကြိုးစားကြပြန်တယ်။ သည်တစ်ချီတော့ အောင်မြင်သွားတယ်ဗျ။ တစ်နိုင်ငံလုံး ဂုဏ်ယူ ဝင့်ကြွားနိုင်သွားတာပေါ့ဗျ။ သည်တစ်ချီမှာလည်း သတင်းစာ ရှင်းလင်းပွဲက ရှိနေပြန်တယ်။ သည်တစ်ခါတော့ ပါမောက္ခ ဒါဝန်က ကျွန်တော့်ကို အနားခေါ်ပြီး “သည်သတင်းစာရှင်းလင်းပွဲမှာ ကိုယ့်လူပဲ ပြောလိုက်ပါ”လို့ ပြောပါတယ်။

“အဲဒီ့နေ့မှာ ကျွန်တော် အင်မတန် အရေးကြီးလှတဲ့ သင်ခန်းစာ တစ်ခုကို ရလိုက်ပါတယ်။ ဆုံးရှုံးမှု ပေါ်ပေါက်လာတဲ့အခါမှာ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုနေသူက ခေါင်းခံရတယ်။ အောင်မြင်မှု ရလာတဲ့ အခါကျရင်တော့ ကိုယ့်အဖွဲ့ကို ခေါင်းခံခိုင်းရတယ်။ အကောင်းဆုံး စီမံခန့်ခွဲမှု သင်ခန်းစာကို ကျွန်တော် စာအုပ် ဖတ်ပြီး ရခဲ့တာ မဟုတ်ဘူးဗျ။  အဲဒီ့အတွေ့အကြုံက ရခဲ့တာ…”

ဒါလေးပါပဲ။

၁၉၉၉ ခုနှစ်က ဩစတြးလျနိုင်ငံမှာ စီမံခန့်ခွဲရေး သင်တန်း သွားတက်စဉ်က ကျွန်တော့် ခေါင်းထဲမှာ စွဲနေတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ စာတန်းလေး တစ်ခုကလည်း အဲဒါပဲ။ “မှားသွားရင်၊ လွဲသွားရင်၊ ချာသွားရင်၊ အဲဒါ ကိုယ် ညံ့လို့။ မှန်သွားရင်၊ တည့်သွားရင်၊ တော်သွားရင် အဲဒါ ခင်ဗျားတို့ တော်လို့”ဆိုတဲ့ စိတ်ဓာတ်ကို ဦးဆောင်ဦးရွက်ပြုနေသူတိုင်း မွေးသင့်ကြောင်း လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်က ကျွန်တော် မှတ်သားလာခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင် စီမံရေးရာ သင်တန်းတွေ ပြန်ပို့ချတဲ့အခါမှာလည်း သည်အချက်ကို အမြဲထည့်ထည့်ပြောခဲ့တယ်။ အလေးအနက် ပြောခဲ့တာချည်းပါပဲ။

အခုတော့ ကျွန်တော့်မှာ ပြစရာ နမူနာကောင်းတစ်ခု ရသွားပြီ။ ပါမောက္ခ ဒါဝန်ဆိုတဲ့ ပုဂ္ဂိုလ်က စံနမူနာတစ်ခုကို ပြနိုင်ခဲ့ပြီပဲလေ။

ဦးဆောင်ဦးရွက်ပြုနေသူများ အားလုံးအတွက် တစ်နည်းတစ်ဖုံ အသုံး တည့်တန်ကောင်းရဲ့လို့ မျှော်လင့်မိရပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၁၉၁၂၁၀)

(၃၁-၁၂-၂၀၁၀ ပြည့်နှစ်ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၃ အမှတ် ၄၀ မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြန်လည် တင်ဆက်လိုက်တာပါ။)