စီမံရေးရာ သင်ခန်းစာ
၂၀ဝ၈ခုနှစ် မတ်လ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဖှစ်လဒဲ(လ်)ဖှစ်ယားမြို့က ဝါတန် (ကျောင်းမှ ကျောင်းသားများ) အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲမှာ အိန္ဒိယ သမ္မတဟောင်း အေပီဂျေ အဗ္ဗဒူ(လ်) ခါလမ်နဲ့ အမေးအဖြေလေးတစ်ခု ကျွန်တော့်ရဲ့ ဓာတ်ချောစာထဲကို ဝင်လာပါတယ်။
“လူကြီးမင်းရဲ့ အတွေ့အကြုံအရ ဦးဆောင်ဦးရွက်ပြုနေကြသူများအနေနဲ့ ဆုံးရှုံးမှုကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ နမူနာလေးတစ်ခုလောက် ပြောပြနိုင်ပါမလားခင်ဗျာ”လို့ ကျောင်းသားတွေဘက်က မေးခဲ့ကြတာပါ။ သည်မေးခွန်းအပေါ်မှာ သူ့အဖြေက အတော့်ကို နှစ်လိုဖွယ် ဖြစ်နေတဲ့အတွက် ပြန်ဆိုတင်ပြလိုက်ချင်ပါတယ်။
“ကျွန်တော့် အတွေ့အကြုံကိုပဲ ပြောပြပါရစေ။ ၁၉၇၃ ခုနှစ်မှာ ကျွန်တော်ဟာ အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်လွှတ်တင်ရေး အစီအစဉ်မှာ စီမံကိန်း ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အိန္ဒိယနိုင်ငံရဲ့ “ရိုဟီနီ” ဂြိုဟ်တုကို ၁၉၈၀ ပြည့်နှစ် နောက်ဆုံးထားပြီး ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ဖို့ပါပဲ။ အဲဒီ့အတွက် ကျွန်တော့်ကို လူအင်အားရော၊ ငွေအင်အားပါ ပေးထားပါတယ်။ ပြီးတော့ ၁၉၈၀ ပြည့်နှစ်ကို နောက်ဆုံးထားပြီး ဂြိုဟ်တုကို မဖြစ်မနေ လွှတ်တင်ရမယ်ဆိုတာကိုလည်း ကျကျနန ညွှန်ကြားထားတယ်။ အဲတော့ သိပ္ပံပညာအဖွဲ့တွေ၊ နည်းပညာအဖွဲ့တွေက လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ အဲဒီ့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်အောင် တွဲလုပ်ကြရပြီပေါ့။
“၁၉၇၉ ခုနှစ် ဩဂုတ်လလောက် ထင်တယ်။ ကျွန်တော်တို့အားလုံး ဂြိုဟ်တုကို လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူဆခဲ့ကြတယ်။ စီမံကိန်း ညွှန်ကြားရေးမှူးအနေနဲ့ ကျွန်တော်လည်း လွှတ်တင်မှု ထိန်းချုပ်ရေး စခန်းကို ရောက်သွားတယ်။ ဂြိုဟ်တု လွှတ်တင်ဖို့ လေးမိနစ်အလိုမှာ ဘာပြီး ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ စာရင်းကို ကွန်ပျူတာက စ စစ်ဆေးပါ တယ်။ တစ်မိနစ်လည်း ကြာရော ကွန်ပျူတာက လွှတ်တင်ခွင့်မပေးဘဲ ဆိုင်းထားလိုက်တယ်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတာက တချို့ ထိန်းချုပ်ရေး အစိတ်အပိုင်းတွေက နေသားတကျ မရှိသေးဘူးတဲ့။
“ဒါ ပူစရာ မလိုပါဘူးလို့ ကျွန်တော်နဲ့ အတူပါတဲ့ ကျွမ်းကျင်သူတွေက ကျွန်တော့်ကို ပြောကြတယ်။ ကျွမ်းကျင်သူက ကျွန်တော်နဲ့အတူ လေး၊ ငါးယောက် ပါတယ်။ သူတို့ဘက်က သေချာ တွက်ပြီးသားပါတဲ့။ လောင်စာလည်း ပိုပိုလျှံလျှံ လုံလုံလောက်လောက် ဆောင်ထားပါတယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း ကွန်ပျူတာကို ကျော်ပစ်လိုက်တယ်။ ကွန်ပျူတာက စစ်ဆေးပြီး အလိုလို လွှတ်တင်နိုင်အောင် လုပ်ထားတဲ့ ခလုတ်ကို ပိတ်ပြီး ကျွန်တော့်လက်နဲ့ လွှတ်တင်နိုင်တဲ့ ခလုတ်ကို ဖွင့်လိုက်ပြီး ခလုတ်နှိပ်ကာ ဂြိုဟ်တုကို လွှတ်တင်လိုက်ပါတော့တယ်။
“ပထမအဆင့်မှာ အကုန်လုံး အဆင်ပြေနေတယ်။ ဒုတိယအဆင့် ရောက်တော့ ပြဿနာတက်ပြီ။ ဂြိုဟ်တုက ကမ္ဘာပတ်လမ်းကြောင်းထဲ သွားရမယ့်အစား ဂြိုဟ်တုကို တွဲထားတဲ့ ဒုံးပျံစနစ်ကြီးတစ်ခုလုံးက ဘင်္ဂလားပင်လယ်အော်ထဲ ထိုးကျသွားပါလေရော။ တကယ့် ဆုံးရှုံးမှုကြီး ပါပဲဗျာ။
“အဲဒီ့နေ့မှာ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ဥက္ကဌ ပါမောက္ခ ဆာထစ်(ရှ်) ဒါဝန်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ဂြိုဟ်တုကို လွှတ်တင်လိုက်တာက မနက် ၇ နာရီမှာ။ ကမ္ဘာအရပ်ရပ်က စာနယ်ဇင်း ဆရာတွေက [အိန္ဒိယနိုင်ငံ တောင်ပိုင်း အန္ဒြာ ပရာဒက်(ရှ်) ပြည်နယ်မှ] ဆရီဟာရီခိုတာဆိုတဲ့ ဂြိုဟ်တု လွှတ်တင်ရာ ဝန်းကျင်အရပ်ဆီက သတင်းစာ ရှင်းလင်းပွဲကို ၇ နာရီ ၄၅ မိနစ်မှာ ရောက်လာကြပြီ။
“အဲဒီ့ သတင်းစာ ရှင်းလင်းပွဲကို ပါမောက္ခဒါဝန်ကိုယ်တိုင် ဦးဆောင် ပြောဆိုခဲ့ပါတယ်။ အဖွဲ့က ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် မအောင်မြင်ခဲ့ကြောင်း၊ အခုလို ဆုံးရှုံးသွားရတာအတွက် သူ့မှာ တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ နောက်နှစ်ဆိုရင် သည်ဂြိုဟ်တု လွှတ်တင်ရေးအဖွဲ့အနေနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းလည်း စာနယ်ဇင်းဆရာတွေကို ပါမောက္ခက အခိုင်အမာ ပြောခဲ့ပါတယ်။
“ကျွန်တော်က စီမံကိန်း မန်နေဂျာဖြစ်တာမို့ သည်ကိစ္စမှာ တကယ်တမ်း တာဝန်ရှိတာက ကျွန်တော်။ သည်ဆုံးရှုံးမှုအတွက် တာဝန်ရှိတာကလည်း ကျွန်တော်။ ဒါပေမယ့် အဖွဲ့အစည်းရဲ့ ဥက္ကဌအနေနဲ့ သူကပဲ အစအဆုံး တာဝန်ယူသွားတယ်။ သူပဲ ခေါင်းခံသွားတယ်။
“နောက်တစ်နှစ်အကြာ ၁၉၈၀ ပြည့်နှစ် ဇူလိုင်လမှာ အဲဒီ့ဂြိုဟ်တုကို လွှတ်တင်ဖို့ ကျွန်တော်တို့ ကြိုးစားကြပြန်တယ်။ သည်တစ်ချီတော့ အောင်မြင်သွားတယ်ဗျ။ တစ်နိုင်ငံလုံး ဂုဏ်ယူ ဝင့်ကြွားနိုင်သွားတာပေါ့ဗျ။ သည်တစ်ချီမှာလည်း သတင်းစာ ရှင်းလင်းပွဲက ရှိနေပြန်တယ်။ သည်တစ်ခါတော့ ပါမောက္ခ ဒါဝန်က ကျွန်တော့်ကို အနားခေါ်ပြီး “သည်သတင်းစာရှင်းလင်းပွဲမှာ ကိုယ့်လူပဲ ပြောလိုက်ပါ”လို့ ပြောပါတယ်။
“အဲဒီ့နေ့မှာ ကျွန်တော် အင်မတန် အရေးကြီးလှတဲ့ သင်ခန်းစာ တစ်ခုကို ရလိုက်ပါတယ်။ ဆုံးရှုံးမှု ပေါ်ပေါက်လာတဲ့အခါမှာ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုနေသူက ခေါင်းခံရတယ်။ အောင်မြင်မှု ရလာတဲ့ အခါကျရင်တော့ ကိုယ့်အဖွဲ့ကို ခေါင်းခံခိုင်းရတယ်။ အကောင်းဆုံး စီမံခန့်ခွဲမှု သင်ခန်းစာကို ကျွန်တော် စာအုပ် ဖတ်ပြီး ရခဲ့တာ မဟုတ်ဘူးဗျ။ အဲဒီ့အတွေ့အကြုံက ရခဲ့တာ…”
ဒါလေးပါပဲ။
၁၉၉၉ ခုနှစ်က ဩစတြးလျနိုင်ငံမှာ စီမံခန့်ခွဲရေး သင်တန်း သွားတက်စဉ်က ကျွန်တော့် ခေါင်းထဲမှာ စွဲနေတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ စာတန်းလေး တစ်ခုကလည်း အဲဒါပဲ။ “မှားသွားရင်၊ လွဲသွားရင်၊ ချာသွားရင်၊ အဲဒါ ကိုယ် ညံ့လို့။ မှန်သွားရင်၊ တည့်သွားရင်၊ တော်သွားရင် အဲဒါ ခင်ဗျားတို့ တော်လို့”ဆိုတဲ့ စိတ်ဓာတ်ကို ဦးဆောင်ဦးရွက်ပြုနေသူတိုင်း မွေးသင့်ကြောင်း လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်က ကျွန်တော် မှတ်သားလာခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင် စီမံရေးရာ သင်တန်းတွေ ပြန်ပို့ချတဲ့အခါမှာလည်း သည်အချက်ကို အမြဲထည့်ထည့်ပြောခဲ့တယ်။ အလေးအနက် ပြောခဲ့တာချည်းပါပဲ။
အခုတော့ ကျွန်တော့်မှာ ပြစရာ နမူနာကောင်းတစ်ခု ရသွားပြီ။ ပါမောက္ခ ဒါဝန်ဆိုတဲ့ ပုဂ္ဂိုလ်က စံနမူနာတစ်ခုကို ပြနိုင်ခဲ့ပြီပဲလေ။
ဦးဆောင်ဦးရွက်ပြုနေသူများ အားလုံးအတွက် တစ်နည်းတစ်ဖုံ အသုံး တည့်တန်ကောင်းရဲ့လို့ မျှော်လင့်မိရပါတယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် ၁၉၁၂၁၀)
(၃၁-၁၂-၂၀၁၀ ပြည့်နှစ်ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၃ အမှတ် ၄၀ မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြန်လည် တင်ဆက်လိုက်တာပါ။)
နှစ်သစ်မှာ ဒီစာလေးကို ဖတ်ရတာ အရမ်းကို မင်္ဂလာရှိပါတယ်…။
မှတ်သားသွားပါတယ် ဆရာ ရေ …
“မှားသွားရင်၊ လွဲသွားရင်၊ ချာသွားရင်၊ အဲဒါ ကိုယ် ညံ့လို့။ မှန်သွားရင်၊ တည့်သွားရင်၊ တော်သွားရင် အဲဒါ ခင်ဗျားတို့ တော်လို့”
တကယ်ကို အနှစ်သာရရှိတဲ့ စာစုလေးပါပဲ။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ ………. အမြဲအားပေးလျှက်ပါ